Thursday, October 02, 2008

ဘလောဂါနေ့ တို့မမေ့

နောက်ကျနေပေမဲ့ ဗွီဒီယိုပြီးမှ အဲဒိနေ့အကြောင်းကိုရေးမယ်ဆိုပြီး ကိုယ့်ကိုကိုယ် ချုပ်တီးပြီး ဖိစီးထားလိုက်တာ.. ဒီနေ့တော့ အားလုံးစောင့်စားနေတဲ့ မဗေဒါရဲ့ စကာင်္ပူမှမြန်မာဘလော့ဂါများ စုံဆည်းပွဲမှတ်တမ်းတင် ဗွီဒီယိုလေးကို အဖျက်အစီး အခက်အခဲပေါင်းများစွာထဲက အောင်မြင်စွာပြီးဆုံးသွားလို့ ဒီနေ့မှ gatheringနေ့(06/09/08) လေးက မဗေဒါတွေ့ကြုံခဲ့ရတဲ့ အမှတ်တရအကြောင်းလေးတွေကို စားမြုပ်ပြန် (အဲလေ...) အရသာခံပြန်ပြောင်းအောင့်မေ့ပြီးပြောပြခွင့်ရပါပြီ...

အဲဒိနေ့မတိုင်ခင်အထိ မဗေဒါကိုယ်တိုင်လဲ BBQ pit ကို အွန်လိုင်းကနေ book လိုက်တာဆိုတော့ လိပ်စာကိုသာသိပြီး ဘယ်လိုသွားရမယ်.. ဘာကားစီးရမယ်သေချာမသိခဲ့ပါဘူး.. ခါတိုင်း သွားနေကျ fisherman village နားထင်လို့ ဘတ်စ်ကားနံပါတ် ၄၀၃စီးလို့အားလုံးကိုပြောထားမိပါတယ်.. တကယ့်နေ့ကျတော့ မဗေဒါလဲအရင်သွားပြီးနေရာရှာမယ်ဆိုပြီးရည်ရွယ်ထားပေမဲ့ အကြောင်းကြောင်းကြောင့် နောက်ကျပြီးနောက်ဆုံးတော့ တိုက်စီနဲ့ပဲဒိုးခဲ့ရပါတော့တယ်.. တိုက်စီသမားကို area A လို့ပြောတာ မသိလို့.. ဟိုမောင်းဒီမောင်းနဲ့တောင် နဲနဲကြာသွားပါသေးတယ်.. နောက်ဆုံးရှာတွေ့တော့ အဲဒိနေရာက ဘတ်စ်ကားဂိတ်နဲ့လဲ နဲနဲလှမ်းပါတယ်.. မဗေဒါပြောတဲ့ ၄၀၃ ကတော့ ရောက်ကိုမရောက်တာပါ.. ၄၀၃က beach ရဲ့ fisherman village ဘက်ကိုပဲရောက်တာပါ.. ကမ်းရိုးတန်းတစ်လျှောက် လျှောက်လာလို့တော့ရပါတယ်.. နဲနဲတော့ဝေးတာပေါ့နော်..
ဒါနဲ့ ဖုန်းနံပါတ်သိတဲ့ မမယ်လိုဒီမောင်ရော.. ဘိုဘိုရော.. TommyGirlရောကို.. msg လှမ်းပို့လိုက်ပါတယ်.. ၄၀၃မရောက်ကြောင်း.. ဖြစ်နိုင်ရင် တိုက်စီကိုစုပြီးငှားလာပါက တစ်ယောက်ကို ၁ကျပ်နှုန်းလောက်သာကျနိုင်ကြောင်း ပြောပြလိုက်ပါတယ်..

နာရီဝက်လောက်စောင့်ပြီးတော့ အရင်ဆုံးရောက်လာတာ ဘိုဘိုနဲ့တော်မီ.. နောက်တော့ မ(စ်)သွန်းသွန်း.. စက်တင်ဘာဒရင်းမ်.. StevenWang.. မမယ်လိုဒီမောင်.. ဖြိုးမင်းထွန်းတို့နဲ့အတူ Catering service ကပစ္စည်းတွေပါရောက်လာကြတယ်.. ခဏနေတော့ Mr.DBAတို့ ကိုဂျွန်မိုးတို့မိသားစုတို့နဲ့ ပုလုကွေး တောင်ပေါ်သား ကိုနေ နဲ့ကိုမိုးကြယ် တော်တော်များများရောက်လာကြတယ်.. သူတို့က မဗေဒါပြောထားတဲ့ ၄၀၃ ကိုစီးသွားလို့ လမ်းလျှောက်လိုက်ရတယ်ဆိုတာသိတော့.. မဗေဒါကျိတ်ပြီး အားနာခဲ့မိတယ်.. ခုထိလဲအားနာမိပါတယ်..
နောက် မြတ်မင်းဟန်တို့.. ဝေယံလင်းတို့.. မောင်သန့်ဇင်တို့ အားလုံးပါပဲ..ရောက်လာကြတယ်.
နောက်ကျတဲ့သူတွေကတော့ ကိုကျော်ဇေယျာတို့ ကိုဇင်ကိုလတ်တို့ဖြစ်မယ်ထင်တယ်..ဟဲဟဲ..
အားလုံးနီးပါးစုံတော့ အကင်ဆရာက ကိုဇေယျာနဲ့ ကိုစိုးမင်းထိုက်(တောင်ပေါ်သား)... ဘလော့ကိုတစ်ထိုင်တည်း update လုပ်နေတာက မောင်သန့်ဇင်... မဗေဒါကတော့ တစ်ခါတစ်လေ ကင်မရာရိုက်လိုက်..တစ်ခါတစ်လေတော့ ဖေဖေကရိုက်ပေးလိုက်နဲ့ ဗျာများနေတာပေါ့..

ကိုနေနဲ့ကိုမိုးကြယ်က bookmarkလေးတွေလိုက်ဝေတယ်.. မမယ်လိုဒီမောင်က စပွန်စာ ၇၅% ပြီးကျန်ရှိတဲ့ ၂၅%ကို စက္ကူအိတ်လေးနဲ့ လိုက်ကောက်တော့ မဗေဒါက BBQ Pit ဖိုးကို Sponsor ပေးခဲ့တယ်... အလှူငွေတွေကများနေပြီး စပွန်ဆာတွေကလဲပြန်မယူတော့ မမယ်လိုဒီမောင်က အလှူလုပ်ပေးမယ်တဲ့.. ဖြစ်နိုင်ရင် ဘုန်းကြီးကျောင်းတစ်ခုခုမှာပဲဖြစ်ဖြစ် စတုဒီသာကျွေးရင်း ဘလော့ဂါတွေထပ်ဆုံချင်သေးတယ်.. လိုအပ်ရင် အလှူငွေထပ်ထည့်ပေးအုံးမယ်.. လုပ်ဖြစ်မယ့်နေ့လေးကို စောင့်မျှော်နေတယ်နော်..

လူစုံတော့ တစ်ယောက်ချင်းစီမိတ်ဆက်ကြတယ်... ပြီးတော့ ကိုနေဖုန်းလတ်အတွက် ၃၀စက္ကန့်ညိမ်ပြီးစုတောင်းပေးကြတယ်.. နောက်ပြီး ပါလာတဲ့လက်ဆောင်လေးတွေကို နာမည်စာရင်း ထိပ်နဲ့ဘိတ်နဲ့ စပြီး အစဉ်တိုင်းလဲကြတယ်.. အလယ်မှာကိုနေနဲ့မိုးကြယ်နဲ့အတူတူပြန်ကျနေပြီး လဲမဲ့သူမရှိတော့လို့ ကိုဂျွန်မိုးကိုပဲလက်ဆောင်ပေးလိုက်တယ်.. ဘာကြီးလဲတော့မသိဘူး.. ရှည်ရှည်ကြီး.. ကျန်ကျောင်းဓားကြီးထင်တယ်.. ကလေးတွေကစားလို့ရတာပေါ့.. ဟီး..ဟီး...(စတာ)ခဏနေတော့ ကျက်နေတာလေးတွေနဲနဲပါးစားကြရင်း မမယ်လိုဒီမောင်ဆွေးနွေးတင်ပြတဲ့ Socialization on Net ဆိုတာကိုနားထောင်ကြတယ်.. ကိုဂျွန်မိုးက ထပ်စောင်းဆွေးနွေးတယ်.. ပြီးတော့ ဗိုက်လဲစာစာနဲ့စားကြတယ်.. အားလုံးကအပျော်လွန်နေတော့ စကားတွေပြောပြီး ဘယ်သူမှလဲ မယ်မယ်ရရစားလိုက်ရမယ်မထင်ဘူး.. (နောက်ဆုံး မိုးက အများဆုံးစားသွားတယ်ထင်တယ်)..
ပြီးတော့ အချိန်ရှိခိုက်လုံ့လစိုက်ပြီး အားရပါးရ မျောက်ရှုံးအောင်ဆော့ကြတာပေါ့.. ကိုဇင်ကိုလတ်က ကလေးဗိုလ်ပေါ့နော်.. ဆော့နေတဲ့အချိန်မှာ အသက်အရွယ် အဆင့်အတန်း အပိုင်းအခြားလုံးဝမရှိပဲ ပျော်ပျော်ရွှင်ရွှင်ဆော့ခဲ့ကြတာ မမေ့နိုင်စရာပါပဲ.. ဆော့တဲ့ကစားနည်လေးကတော့ Pit pat bone တဲ့ ၃ယောက်တစ်ဖွဲ့.. အရင်ဆုံးဈေးဦးပေါက်ပြီး "ခါးလေးလှုပ်ကာ"သီချင်းနဲ့ လမ်းလျှောက်လိုက်ရတာက bone 1 ကိုဂျွန်မိုး.. ကိုငယ်(မန္တလေး)နဲ့ အိဝေဖြိုးတို့အဖွဲ့ပေါ့..
နောက်အပြိုင်အဆိုင် အုပ်စုတိုင်းက ဒူးတွေထောက်ကြ.. လက်တွေမြှောက်ကြပေါ့.. ခေတ်မီသွားအောင် နောက်ထပ် ဒုတိယလိုက်ပြီးထွက်သွားရတဲ့အဖွဲ့က ဘိုဘို.. မ(စ်)သွန်းသွန်းနဲ့ စက်တင်ဘာဒရင်းမ်တို့အဖွဲ့.. ပထမတော့ "အိုးလေးလှုပ်ပါအုံး"နဲ့ပေါ့.. စက်တင်ဘာဒရင်းမ်ကတော့ အပီလှုပ်လိုက်ပေမဲ့ ကျန်၂ယောက်မလှုပ်တလှုပ်ဖြစ်နေလို့.. ထပ်ခိုင်းခံလိုက်ရတယ်.. ကိုဘိုဘိုကြီးကို ကောင်မလေး၂ယောက်ချစ်ရေးဆိုပြီး ဘယ်တစ်ယောက်ကိုဘာကြောင့်ရွေးတယ်ဆိုတာပြောခိုင်းခဲ့တယ်.. သူ့အချစ်က ပန်းသီးဖြစ်ရင် ခွဲခြမ်းပြီးပေးလိုက်ချင်တယ်ဆိုတဲ့ အချစ်မျိုးကို.. ၂ယောက်လုံးပဲတဲ့.. (ကြောက်စရာ).. :P

ပြီးလဲပြီးရော.. ပွဲဖျက်တဲ့ မိုးကရွာပါလေရော... မြန်မာဘလော့ဂါတွေကို ဒီလိုလာစမ်းလို့ဘယ်ရမလဲနော်.. အမိုးအောက်သွားပြီး ရွံ့ထဲလေထဲမှာ ဆက်ဆော့ကြတာပေါ့..စုံလို့ပဲ.. ပုံပြောတမ်း.. တီတီတူတူ.. နာမည်ခေါ်တဲ့ကစားနည်း.. ကိုပွတ်မှားသွားလို့ "ပဲပြုတ်သည် မထား" သီချင်းနဲ့ ကိုငယ်ကကူညီပြီး ကပြရတယ်.. ကျန်တဲ့သူတွေလဲမှားသေးတယ်.. မဗေဒါမှားတော့ "ငယ်ကျွမ်းဆွေ"သီချင်းနဲ့ ကိုဇင်ကိုလတ်နဲ့တွဲကရသေးတယ်.. လတ်စသတ်တော့ ကိုဇင်ကိုလတ်..ကိုငယ်တို့က မဗေဒါ..တော်မီတို့ရဲ့ကျောင်းက senior ကြီးတွေကိုး..ီဘလော့ရေးမှန်းမသိတာပဲရှိတယ်.. အရင်ထဲက အပြင်မှာမျက်မှန်းတန်းသိပြီးသားတွေ..

မိုးလဲစဲ.. ည ၁၀နာရီခွဲတော့ အားလုံးအိမ်ပြန်သင့်ပြီပေါ့.. နောက်နေ့တွေမှာ လည်ပတ်နေကျ ဘ၀စက်ဝန်းကြီးထဲမှာ.. လုပ်နေကျ.. လုပ်ချင်တာထက် လုပ်သင့်တာတွေကိုဦးစားပေးရတဲ့ ဘ၀ကိုပြန်ရောက်ရတော့မယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ်.. အဲဒိနေ့..အဲဒိလူ..အဲဒိအဖြစ်အပျက်လေးကတော့ ကျွန်မတို့အားလုံးရဲ့ ဘ၀နဂ္ဂတစ်တွေထဲမှာ ပျော်စရာ memory လေးအနေနဲ့ တည်ရှိသွားမှာပါလေ....


စားကြွင်း။ ။ အကြောင်းကြောင်းကြောင့် ဗွီဒီယိုထွက်ရှိရေး နှောင့်နှေးခဲ့ရတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်..
အောက်ကဗွီဒီယိုရဲ့ high quality file နဲ့ ပထမပိုင်းရော ဒုတိယပိုင်းရော ၂ခုပေါင်းကို file hosting တစ်ခုခုမှာတင်ပြီး ပါဝင်သူများကို လင်ခ့်ပို့ပေးပါမယ်..
Youtube ရဲ့ ကန့်သတ်ချက်ကြောင့် ဗွီဒီယိုကို နောက်ဆုံးအချိန်မှ ၂ခြမ်းထပ်ခွဲနေရလို့ ၂ရက်ပိုနောက်ကျသွားတာပါ..


Myanmar Blogger Gathering in SG EP 1



Myanmar Blogger Gathering in SG EP 2


Wednesday, October 01, 2008

လက်ငင်း

ဘ၀တစ်လျှောက် အသက်ရှင်ရပ်တည်လာရာဝယ် လူတစ်ယောက်အနေဖြင့် မိမိအတွက် ဘာတွေ ဘယ်လောက်လုပ်ကိုင်ပြီးသလဲ... အများအကျိုးစီးပွားအတွက် ဘယ်လောက်လုပ်ဖူးပြီလဲလို့ ပြန်စဉ်းစားကြည့်ဖူးကြပါသလား.. စဉ်းစားဖူးကြသူများလဲ ရှိမယ်.. မစဉ်းစားမိသေးသူများလဲ ရှိမယ်ထင်ပါတယ်.. ဒီနေရာမှာ မိမိအကျိုးဆိုကတော့ရှင်းပါတယ်... ပညာရေး စီးပွားရေး ကုသိုလ်ရေးတွေ ရနိုင်သလောက်လုပ်ကြတာပါ... အများအကျိုးဆိုတာကတော့ လူမှုရေး အသင်းအဖွဲ့တွေမှာ ၀င်ရောက်လုပ်ကိုင်မှု ရပ်ရွာအရေးတွေမှာ ပြုမူဆောင်ရွက်မှု လူသားမျိုးနွယ်အတွက် တီထွင်ဖန်တီးမှု စသည်တို့ဖြစ်ပါတယ်...

အများအကျိုးစီးပွားအတွက် လုပ်ဆောင်ရာမှာ ကြီးကြီးကျယ်ကျယ်မြို့ရွာသိ နိုင်ငံသိ ကမ္ဘာသိလုပ်နိုင်ကြသူများရှိကြသလို တစ်နိုင်တပိုင်အများသိစရာမလိုဘဲ လုပ်ကြသူများလဲရှိကြပါတယ်...
ဥပမာ ရထား ကားပေါ်မှာ သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်မိခင်များအတွက်နေရာ ဖယ်ပေးတာတို့၊ မနိုင်မနင်းဖြစ်လာသူကို ၀ိုင်းကူသယ်ပေးတာတို့ ငွေကြေး အဆင်အပြေ၍ အကူအညီတောင်းလာသူကို ကိုယ်နိုင်သလောက်ပေးကမ်းကူညီတာတို့ ပြုလုပ်ခြင်း စသည်ဖြင့်ပါ....

ဤသို့ပြုလုပ်ရာဝယ် ထိုသူများ၏ ကျေးဇူးတုံ့ပြန်မှုကို မျှော်လင့်လို့မရပါဘူး... အဘယ်ကြောင့်ဆိုသော် ထိုသူများထဲတွင် ကျေးဇူးပြန်ဆပ်သူများရှိသလို မဆပ်သူများလဲရှိပါတယ်.. မိမိအခက်အခဲရှိ၍ ပြန်လည်အကူအညီ တောင်းခံရာတွင် ပြန်ပေးနိုင်သော အခြေအနေရှိနေပါရက်နှင့် အဆင်မပြေသေးလို့ပါ.. မလွယ်သေးလို့ပါဆိုသော စကားများဖြင့် ကျေးဆွတ်မှုများလဲရှိတတ်ပါတယ်.. ပြန်ရရန် မသေချာပါ.. ထို့ကြောင့် အများအကျိုး အတွက် ဒုက္ခရောက်နေသူများအတွက် ကူညီလုပ်ဆောင်ရာတွင် ပြန်လည်တုံ့ပြန်မှုကို မမျှော်လင့်အပ်ပါ.. နောင်တစ်ချိန်မှပြန်ရမည့် အကျိုးကို မျှော်လင့်တာထက် ယခုချက်ခြင်းလက်ငင်းအကျိုးရမှုကိုသာ လက်မလွတ်အောင် ယူထိုက်ပါသည်... ရခဲ့ရင်တော့ မိမိအတွက်ပေါ့..

လက်ငင်းအကျိုး ဆိုရာဝယ်.. ဘယ်လိုရမှာလဲ၊ ဘယ်လိုယူရမှာလဲ..... ဒီနေရာမှာ ကျွန်တော်ကြုံခဲ့ဖူးတဲ့ အကြောင်းလေးတစ်ခုကို ဥပမာပေးတင်ပြချင်ပါတယ်..
ကျွန်တော့်အိမ်နီးချင်း အရက်သမားတစ်ယောက်နှင့် စကားပြောခဲ့ကြစဉ်ကပါ....
ထိုသူမှာ တိရိစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ပြီး ဘာသာမဲ့တစ်ယောက်လဲဖြစ်ပါတယ်.. ၎င်း၏ဇနီးသည်က ဘုရားစင်တွင် ပန်းကပ်လှူခြင်း ဆွမ်းတော်တင်ခြင်းပြုလုပ်သည်ကို ကုန်တယ်.. ခမ်းတယ်.. အလကား အလုပ်ရှုပ်တယ်ဆိုပြီး အိမ်ဘုရားစင်တွင် ဘုရားဆင်းတုတော်ထီးထီးကြီးသားလျှင်ရှိပါတယ်.. တစ်နေ့ ၎င်းနှင့်စကားပြောဆိုနေစဉ် ....

ထိုသူမှ ကျွန်တော့်အား " ဒီမှာဗျ.. ခင်ဗျားတို့ဘုရားရှိခိုးနေတာ ကုသိုလ်ရဖို့ မဟုတ်လား.. တကယ်လို့ ကုသိုလ်ရတယ်ဆိုရင် ကုသိုလ် ဘယ်လိုရသလဲ" ဟု ကျွန်တော့်ကို မေးပါတယ်...

ထိုသူမျိုးကဲ့သို့ အမေးကို ဖြေဖို့ရာလက်ငင်းအကျိုးပြနိုင်မှလက်ခံလိမ့်မယ်လို့ယူဆမိသည့် အတွက် လက်ငင်း အကျိုးတရားကိုသာလျှင်ပြန်လည်ဖြေကြားခဲ့ပါသည်...

" ဦး...... အနေနှင့် ဒေါသဖြစ်နေလျှင် ဘုရားရှိခိုးနိုင်ပါသလား.. သောကဗျားပါဒတောက်လောင်နေချိန်မှာ ဘုရားရှိခိုးနိုင်ပါသလား... " ဟုမေးသောအခါ.. မည်သို့မျှပြန်မဖြေပါ...
ကျွန်တော်က ဆက်၍ " အေးအေးချမ်းချမ်းဖြင့် ဘုရားရှိခိုးနေသူ၏ နှလုံးစိတ်ဝမ်းသည် ငြိမ်းအေးချမ်းသာမှုကိုဆောင်သော အကျိုးကို လက်ငင်းခံစားရမည်.. ကိလေသာမီး လောင်မြိုက်၍ လောဘ၊ ဒေါသဖြစ်နေသူသည် ပူလောင်မှုကိုသာခံစားရမည်.. ကုသိုလ်ရသည် မရသည်မှာ မိမိ အလုပ်မဟုတ်.. ကုသိုလ်အလုပ်သာဖြစ်ပါတယ်.. " ဟု ဖြေဆိုခဲ့ပါသည်..

ထိုကဲ့သို့ပင် မည်သည့်အလုပ်ကိုပြုသည်ဖြစ်စေ နောင်အကျိုးကို မျှော်လင့်ခြင်းထက် ယခုချက်ခြင်းရမည့်အကျိုးကို လက်မလွှတ်မိစေဖို့လိုပါသည်.. သူတပါးကို ကူညီလိုက်၍ စိတ်၏ပျော်ရွှင်မှု၊ ပီတိ၊ အေးငြိမ်းချမ်းသာမှုတို့ကို လက်ငင်းခံစား၍ မိမိအကျိုးကို အရယူနိုင်ကြပါစေ....

Friday, September 26, 2008

တမ်းတမိသော ကျိုက်ထီးရိုး...



ကျွန်မတို့မိသားစုက ခရီးထွက်တာ အရမ်းဝါသနာပါပါတယ်.. ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် ခဏခဏခရီးထွက်ဖြစ်ပါတယ်.. အထူးသဖြင့်တော့ ကျိုက်ထီးရိုးကို စိတ်ပေါက်ရင်ပေါက်သလို ထထသွားတတ်ပါတယ်.. ကျိုက်ထီးရိုးကို ငယ်ငယ်ကဆိုရင် ၁နှစ်မှာ အနည်းဆုံး ၂ကြိမ် ၃ကြိမ်လောက်ရောက်ပါတယ်.. ၂ညအိပ်၃ရက်ခရီးကိုပြောတာပါ..



အရင်က ကျိုက်ထီးရိုး


ကျွန်မတို့ငယ်ငယ်တုန်းကကျိုက်ထီးရိုးနဲ့ ခုကျိုက်ထီးရိုးနဲ့မတူပါဘူး.. တကယ်ကို တောနေတောသဘာဝလေးပါ.. ကားလမ်းလဲမရှိသေးတော့ ပျော်ပျော်ပါးပါး နားနားနေနေ အားလုံးလမ်းလျှောက်တတ်ကြရပါတယ်.. အဲလိုလမ်းလျှောက်တက်ရင်း ခရီးသွားချင်း ခင်ခင်မင်မင် စကြနောက်ကြတာလေးကလဲ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပါပဲ.. တစ်လမ်းလုံးလဲ ဒီလူတွေနဲ့ချည်းတွေ့နေရတာဆိုတော့ မိတ်ဆွေလိုတောင်ဖြစ်သွားတတ်ကြပါတယ်... ကျွန်မကလေးဘ၀တုန်းကဆိုရင်တော့.. ကလေးတွေကို ထမ်းတဲ့ ပလိုင်းလေးကိုစီးပြီးတက်ပါတယ်.. ပလိုင်းလေးကိုစီးပြီး အောက်ကနေ မေမေတို့ဖေဖေတို့ပစ်ပေးတဲ့ မုန့်တွေ ပလိုင်းထဲမှာအပြည့်နဲ့ပေါ့.. ပလိုင်းထမ်းပေးတဲ့ ဦးလေးကြီးတွေကလဲ တကယ်ကိုရိုးသားတဲ့ တောင်သားကြီးတွေပါ..

ဗိုက်စာရင် လမ်းကအကြော်ဆိုင်လေးတွေမှာ ဗူးသီးကြော်ဝင်စားရင်းနားလိုက်.. အုန်းစိမ်းရည်သောက်ရင်းလဲ ၀ါးရုံပင်လေးတွေကို လေတိုးတဲ့အသံ.. တောင်ကြားလေးတွေကနေဖြတ်တိုက်လာတဲ့ ချမ်းစိမ့်စိမ့်လေနုအေးနဲ့ တောတောင်သဘာဝတွေကို အပြည့်အ၀ခံစားလို့ရပါတယ်.. အကြော်မစားလဲ အမောပြေရေသောက်ပြီး နားလို့ရပါတယ်... မြို့ပြမှာမွန်းကြပ်ခဲ့သမျှအမောအပန်းတွေကို စားရိတ်စားခသိပ်မကုန်ပဲ ဘုရားလဲဖူးရင်းစိတ်ဖြေလျော့လို့ရလို့ ကျွန်မတို့မိသားစုရဲ့ အကြိုက်ဆုံးနေရာတစ်နေရာဖြစ်ခဲ့တာပါပဲ...

ခရီးတ၀က်ကျိုးလို့ရှိရင်တော့ ရေမြှောင်ကြီးကိုရောက်ပါတယ်.. ရေမြှောင်ကြီးမှာ စိမ့်စမ်းရေအေးအေးလေးနဲ့ချိုးရတဲ့ ရေချိုးဆိပ်ရှိပါတယ်.. စိမ့်စမ်းရေအေးလေးနဲ့ရေချိုးလိုက်တယ်ဆိုရင်ပဲ ခရီးတ၀က်က အမောအပန်းတွေလုံးဝပြေလျော့ပြီး လန်းဆန်းသွားပါတယ်..ပြီးရင်ထမင်းဆိုင်တွေမှာ နားပြီးထမင်းစားကြ.. အရင်တုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတုန်းက တောင်ခြေရောက်တာနောက်ကျတော့ တခါတလေ အေးဆေးတောင်တက်မယ်ဆိုရင် ရေမြှောင်ကြီးလောက်ရောက်ရင် မှောင်နေတတ်ပါပြီ.. အဲဒိအခါကျရင် ရေမြှောင်ကြီးမှာညအိပ်ရတဲ့အခါတွေရှိပါတယ်.. တခါတလေမှပါ.. ကျွန်မတို့မိသားစုကတော့ ကလေးတွေနဲ့ဆိုတော့ တောင်တက်နှေးတော့ အိပ်လေ့ရှိပါတယ်.. ရေမြှောင်ကြီးက တောင်ကျစမ်းရေရှိတော့ ရေချိုးရတာတောင်ပေါ်နဲ့ ယှဉ်ရင်တော်တော်လေးသက်သာပါတယ်.. တစ်ခါပေးပြီးရင် ရေအ၀ချိုးပါ.. တောင်ပေါ်မှာတော့ ရေပုံးတစ်ပုံးကိုဘယ်လောက်ဆိုပြီး ပုံးလိုက်ရောင်းတာပါ.. ရေနွေးဆိုဈေးတစ်မျိုးပါ.. ရေဈေးကြီးလို့ ချွေတာပြီးချိုးရပါတယ်..
ဈေးဆိုင်တွေကလဲ ခုလိုမဟုတ်ပဲ.. စည်စည်ကားကားရှိလှပါတယ်..

ရေမြှောင်ကြီးကို ဖြတ်ပြီးရင်တော့ လမ်းကသိပ်မကြမ်းတော့ပါဘူး.. ဒါပေမဲ့ မတ်တော့ပိုမတ်လာပါတယ်.. ကင်ပွန်းစခန်းကတက်စ "ရွှေရင်ဆို့" စခန်းတို့ဘာတို့ဆို ကျောက်တုံးကျောက်ဆောင်တော်တော်များပါတယ်.. ရေမြှောင်ကြီးကျော်သွားပြီးတော့ "စိုင်တမော့" စခန်း.. "ဖိုးပြန်တောင်".. "နဂါးပတ်"တောင်.. "မြေဖြူတောင်"စသည်ဖြင့် ပေါ့.. ပေးထားတဲ့တောင်နာမည်လေးတွေကလဲ အဲဒိတောင်တွေရဲ့သဘာဝနဲ့လိုက်ဖက်လှပါပေတယ်.. စိုင်တမော့ဆိုရင် မတ်လို့မော့တောင်ကြည့်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ.. ဖိုးပြန်တောင်ဆိုရင်လှေကားတွေနဲ့ အတက်ချည်းပဲမို့.. အဖိုးကြီးတွေမတက်ပဲ ပြန်သွားတယ်ဆိုပြီး တင်စားထားတယ်လို့ထင်ပါတယ်. နဂါးပတ်တောင်ဆိုရင် လူသွားလမ်းက တောင်ကြီးကို ပတ်ပြီး နဂါးပတ်ပုံစံဖောက်ထားလို့ပါ.. မြေဖြူတောင်ရောက်ရင်လဲ မြေကြီးရဲ့အရောင်ကတခြားတောင်တွေနဲ့မတူပဲ.. ကျောက်မှုန်လေးတွေရောပြီး ဖြူဖျော့ဖျော့လေးတွေပါ.. အဲဒိလိုမျိုးတောတောင်အလှကို ခံစားပြီးသွားရတာမှ တကယ်ကို ပိုက်ဆံကုန်ရကျိုးလဲနပ်.. စိတ်လဲအပန်းပြေ ဗဟုသုတလဲရတယ်လို့ထင်လို့ ကျွန်မကတော့ နှစ်သက်မိတာအမှန်ပဲ..

တောင်ပေါ်ရောက်ပြီဆိုရင်ဖြင့် အရင်ခေတ်က ကျောက်ပြားလေးတွေမှာ ရုပ်ကြွပုံလေးတွေနဲ့ နေပူခံကျောက်ပြားလေးတွေက တကယ်ကိုပဲလှပပြီး အပူအအေးသင့်တင့်တဲ့ အကောင်းစားကျောက်ပြားလေးတွေကို စတင်တွေ့ရပါပြီ.. ဘုရားကို ဦးတိုက်ရှိခိုးပြီးရင်တော့.. နေဖို့အတွက် ထမင်းဆိုင်တန်းကို ဆင်းရပါပြီ.. အရင်က ဟိုတယ်မရှိသေးပါဘူး.. တိဿဆောင်တို့ သီဟဆောင်တို့ကလဲ သိတဲ့အတိုင်း VIP မှရတာပါ.. ခုမှ တိဿဆောင်ကပိုက်ဆံပေးတည်းလို့ရတာပါ.. အရင်ကထမင်းဆိုင်တန်းမှာပဲလူတိုင်းတည်းကြပါတယ်.. အဲဒိမှာတည်းရင် ပိုက်ဆံမပေးရပါဘူး.. ဒါပေမဲ့သူတို့ဆိုင်မှာ ထမင်းစားရပါတယ်.. ဘုရားဆွမ်းတော်တို့ဘာတို့လဲ သူတို့ဆီကပဲဝယ်ကပ်ရပါတယ်.. မ၀ယ်မနေရတော့မဟုတ်ပေမဲ့..နားလည်မှုပေါ့..သူတို့ကကိုယ့်ကို အလကားအိပ်ခွင့်ပေးတယ်ဆိုတာ ဒါရောင်းချင်တာကိုး.. တရားမျှတတယ်လို့ထင်ပါတယ်..

အရင်က ထမင်းဆိုင်လေးတွေက အခုလိုတိုက်အိမ်တွေမဟုတ်ပါဘူး.. ဓနိတွေ..ပျဉ်တွေ..၀ါးတွေနဲ့ဆောက်ထားတာပါ.. အိပ်ခန်းလေးတွေက ကျဉ်းပြီးတိုးဝှေ့အိပ်ရလို့ အပြစ်မတင်လိုက်နဲ့နော်.. ညညဆို တောင်ပေါ်မှာတိုက်တဲ့လေက အဲဒိ ၀ါးကြမ်းခင်းလေးကြားက တိုးဝင်လိုက်ရင်ဖြင့် ချမ်းကနဲစိမ့်ကနဲနဲ့ ဘေးကလူကို ပြေးကပ်ရတော့တာပါပဲ.. မိုးလင်းခါနီးလို့အာရုံဆွမ်းကပ်ချိန်ရောက်ရင်တော့ဖြင့်ကျွန်မတို့ကလေးတွေမနိုးခင်.. တခြားအခန်းတွေကလူတွေနိုးတော့ လမ်းလျှောက်သံစကားပြောသံ.. မနက်စာစားတဲ့အသံလေးတွေကို ကြားရပါပြီ.. အခန်းပြင်က ပျဉ်ခင်းပေါ်ကို နင်းလျှောက်သွားတဲ့ခြေသံတွေကြောင့် အိပ်မရတော့လို့ ထပြီးစောစောစီးစီးနိုးရတာကလဲ အရသာတစ်မျိုးကောင်းလှပါတယ်..
စားစရာဆိုလဲ ကားလမ်းမပေါက်သေးတော့ ရှိတာလေးကို တစ်ပွဲတစ်ပွဲနဲနဲပဲပေးပေမဲ့.. အရသာရှိရှိနဲ့ စေတနာပါပါတယ်..
တခြားတောင်တွေကို အလည်အပတ်သွားမယ်ဆိုရင်လဲ အလှူခံသိပ်မရှိပါဘူး.. ၁ခု၂ခုလောက်ပါပဲ.. မထည့်သွားလဲ ဘာမှမပြောပါဘူး... အဲဒိတုန်းက(လွန်ခဲ့သော အနှစ် ၂၀တုန်းက) ဘုရားကို ရွှေသင်္ကန်းကပ်.. ကြေးခေါင်းလောင်းလေးတွေလှူတုန်းက ဂေါပကကို အာလဘ သလဘပြောရင်း ...

ကျွန်မဖေဖေမေးခဲ့ဖူးပါတယ်.. "ဒီခေါင်းလောင်းလေးတွေအများကြီးကို လှူပြီးတော့များလာရင် ဂေါပကကဘာလုပ်မှာလဲ"လို့မေးတော့...

ဂေါပကက "ကျွန်တော်တို့သိမ်းထားပြီးတော့.. အားလုံးစုပြီး.. မင်းကွန်းခေါင်းလောင်းကြီးလိုလုပ်ပြီး.. ပြန်လှူပေးမယ်"

လို့ပြန်ဖြေခဲ့ဖူးတာ မှတ်မိနေပါသေးတယ်..
ခုတော့ ဘယ်တော့များ ကျိုက်ထီးရိုးပေါ်ကို ခေါင်းလောင်းကြီးရောက်လာမလဲလို့ သံသယ၀င်မိပါတယ်...
အဲဒိတုန်းက စိတ်ညစ်စရာကောင်းတာဆိုလို့.. အိမ်သာတက်ရတာပဲရှိပါတယ်.. အဲဒါတော့ ညစ်ပတ်တယ်လို့ခံစားရတယ်.. တောင်ပေါ်သူတောင်ပေါ်သားတွေက လောဘနည်းပြီး ဖော်ရွေကြပါတယ်..


ယနေ့ခေတ် ကျိုက်ထီးရိုး...


ယနေ့ခေတ်ကျိုက်ထီးရိုးကို ခုလိုမြင်တော့ ဟိုးတုန်းကကျိုက်ထီးရိုးလေးကို အောက်မေ့မိပါတယ်.. တချို့တချို့နေရာတွေမှာ ပိုမို အဆင်ပြေလာပေမဲ့.. အများစု အထူးသဖြင့် လူတွေရဲ့စိတ်ဓာတ်တွေက ဆိုးလာတယ်လို့ထင်မိပါတယ်.. (ဒါကကျွန်မအမြင်ပါ)..


၁) တောင်တက်ကား...

ကားလမ်းဖောက်လိုက်လို့ သက်ကြီးရွယ်အိုတွေနဲ့ အမောမခံနိုင်သူတွေ အချိန်မရှိသူတွေ ကျန်းမာရေးမကောင်းသူတွေကအစ ဘုရားကို လွယ်လွယ်ကူကူလာဖူးလို့ရတယ်ဆိုပေမဲ့.. ကျိုက်ထီးရိုးပသာဓ တောလမ်းလေးကတော့ ခြောက်ကပ်ခဲ့ရပါပြီ..
ကားစီးတဲ့သူတွေကို ငါးပိသိပ် ငါးချဉ်သိပ်တင်.. နေပူထဲကားထိုးပြီး နောက်လူစောင့်.. တစ်တန်းကို လူငါးယောက်ဆိုပေမဲ့..၀တဲ့သူပါရင် အတိုးအလျော့လုပ်ပေးသင့်တာကိုလဲနားမလည်.. ထိုင်ရတဲ့ခုန်လေးတွေက ဒူးလေးတွေထောင်ပြီး.. ကားများစပြီးတောင်ပေါ်တက်တာနဲ့ ဖင်က ခုံပေါ်မှာတင်လို့မရတော့ဘူး.. နောက်လူရဲ့ဒူးကခါးကိုထိုး... ရှေ့လူကလဲ ကိုယ့်ကိုဖိ.. အလယ်မှာထိုင်ရင်ဖြင့်.. ကိုင်စရာကမရှိ.. တကယ်ကိုပဲ ခိုးကိုးရာမဲ့နေတဲ့ ခံစားချက်မျိုးပါ.. ခုဆိုနောက်တစ်ခုပိုဆိုးလာသေး.. ကားပေါ်လူတွေ အကျအနထိုင်ပြီးမှ နေပူထဲကားရပ်ပြီး.. အလှူခံတာ.. ၁ယောက်၂ယောက် မထည့်မချင်းလူတွေကို ငါးခြောက်ဖုတ်လို နေလှန်းထားတာ.. ဓားပြတိုက်နေတဲ့အတိုင်းပါပဲ.. စေတနာမပါပဲလှူတော့ရော ကုသိုလ်ရမယ်ထင်လား... ကြည့်နေတယ်.. တောင်တက်ကားစီးတိုင်း ရန်မဖြစ်တဲ့အခေါက်မရှိဘူး.. ကိုယ်နဲ့မဖြစ်ရင်.. တခြားအုပ်စုနဲ့အဲဒိကားသမားနဲ့ဖြစ်ရတော့တာပါပဲ.. ရန်မဖြစ်ရင်တောင်..ခရီးသည်တွေရဲ့ စောင်းမြောင်းလှောင်ပြောင်သံလေးတွေ..ကွန်မလိန်းလေးတွေကိုကြားရတာပါပဲ..




နောက်ပိုင်းကျိုက်ထီးရိုးရောက်တိုင်း.. တောင်တက်ကားမစီးချင်ဘူးပြောတိုင်း ဖေဖေမေမေနဲ့စကားများရတာလဲ စိတ်ညစ်စရာပါ.. ဖေဖေမေမေက လူကြီးဖြစ်လာတော့ လမ်းမလျှောက်နိုင်တော့..ကျွန်မတို့ကိုလဲ ခြေကျင်လမ်းကို စိတ်မချ..ဒီတော့အားလုံးကားနဲ့ပဲတက်ရပါတယ်.. ကားနဲ့တက်လို့ ရှိရင်တော့ မဗေဒါ စကားတစ်လုံးမှလဲမပြောတော့ပါဘူး.. ကွန်ပလိန်းလဲ ကားသမားကို မတက်တော့ပါဘူး.. ကားပေါ်ရောက်ရင် သူတို့လက်ခုပ်ထဲကရေဘ၀ရောက်ရပြီဆိုပြီး စိတ်ကို လျော့ထားလိုက်ပါတော့တယ်.. တစ်ခါတစ်လေကံကောင်းရင်တော့ ကားရှေ့မှာ မတ်တပ်ရပ်ပြီးစီးပါတယ်.. အဲဒါကမှ ထိုင်ရတာထက်စာရင်သက်သာပါသေးတယ်.. အဲလိုစီးရဖို့ကလဲ ကိုယ့်အုပ်စုမှာ ယောင်္ကျားလေးပါရင်ပါ(အစ်ကိုတ၀မ်းကွဲလိုမျိုး)ကျမှ ကျမဖေဖေကစီးခွင့်ပြုတာပါ.. ဒါပေမဲ့မျက်နှာကို လေစားလို့ မျက်နှာတွေမဲပါတယ်... လမ်းလျှောက်တက်ရင် အေးအေးဆေးဆေး တောတောင်သဘာဝခံစားရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဘယ်သူနဲ့မှလဲ ရန်ဖြစ်စရာမလိုပါဘူး..
အချုပ်ပြောရရင်..ကျိုက်ထီးရိုးကို ဘာကြောင့်လာကြပါသလဲ... ဘုရားဖူးဖို့ရယ် တောတောင်သဘာဝခံစားဖို့ရယ်ပါ.. ရင်ပြင်တော်ပေါ်စောစောရောက်တော့ရော ဘာထူးခြားသွားပါသလဲ.. ဘုရားကို အချိန်ပိုကြာကြာရှိခိုးရလို့လား.. တခြားနေရာတွေလျှောက်သွားချင်လို့ စောစောရောက်ချင်တာလား.. တခြားနေရာတွေတောင် လျှောက်သွားချင်သေးတာ တောင်တက်တောလမ်းနဲ့ အခြားနေရာကတောလမ်းနဲ့ ဘယ်လောက်များကွာခြားနေလို့လဲ.. ဒီတော့ ကျွန်မအနေနဲ့ကတော့ ကုန်ကျစရိတ်လဲသက်သာ..စိတ်အနှောင့်အယှက်လဲသက်သာ.. တောတောင်သဘာဝခံစားရင်း လူငယ်ပီပီ ပျော်ပျော်ပါးပါးလမ်းလျှောက်ပဲတက်သင့်ပါတယ်.. တောင်ပေါ်ရောက်တော့ ပင်ပင်ပန်းပန်းနဲ့ ထမင်းဆိုင်တွေက သိပ်မကောင်းတဲ့ အစားအစာတွေကို ခပ်များများလေးလွေးလိုက်.. ပြီးတော့ ရင်ပြင်တော်မှာနေပူနေတုန်း တောင်လေလေးအခန်းထဲတိုးဝင်ပြီးအေးတုန်း ပင်ပင်ပန်းပန်းတောင်တက်လာရတဲ့ အမောတွေကို အပြည့်အ၀အိပ်ပြီးဖြေလိုက်.. အိပ်လို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း...
လူဆိုတာတော့ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ကားနဲ့ပိုအဆင်ပြေတယ်ဆိုတဲ့သူများကတော့ ကားနဲ့ပဲတက်ပေါ့နော်..လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲလေ..


၂) ယခုခေတ် ထမင်းဆိုင်

နောက်တစ်ခုပြောချင်တာကတော့ ထမင်းဆိုင်တွေပါ.. မီးလောင်မှုမဖြစ်ခင်ထိ ပျဉ်နဲ့ဝါးခင်းလေးတွေနဲ့ဆောက်ခဲ့ပင်မဲ့.. မီးလောင်ပီးနောက်ပိုင်း လုံခြုံရေးအတွက် တိုက်အိမ်တွေပြောင်းဆောက်လိုက်တာကို ဘာမှမပြောလိုပေမဲ့.. တိုက်အိမ်တွေထဲမှာနေရမှတော့ မဗေဒါအတွက်မြို့ပြနဲ့သိပ်မထူးပါဘူး.. အဆိုးဆုံးက လေမ၀င်ပါဘူး..



စားသောက်ဆိုင်တွေကလဲ တည်းခိုရင်ပိုက်ဆံယူပါတယ်... တည်းခပိုက်ဆံယူမှတော့ သူတို့ဆိုင်မှာ ထမင်းစားတာမစားတာက အဓိကမကျတော့ဘူးကျွန်မထင်ပါတယ်.. ကြိုက်တဲ့နေရာမှာ ကြိုက်တာစားမှာပေါ့..ဒါကျပြန်တော့ ထမင်းဆိုင်ကလူတွေက ငြူစူပြန်ပါရော.. ခရီးသည်နဲ့ ဒေသခံကြားမှာပြဿနာတွေပိုလာပါတယ်.. ဒီတော့သူတို့အမြတ်ရအောင် အစားအသောက်မှာ ခိုလာပါတယ်.. ထမင်းပေါင်းဆိုရင် ဂေါ်ပီရိုးပဲပါပါတယ်(စင်္ကာပူက အင်းလေးအတိုင်းပဲ).. အရင်က လမ်းပန်းမကောင်းလို့ ရှိတာလေးကို တောင်ပေါ်ဈေးပေးပြီးစားရတာ ကိစ္စမရှိပေမဲ့.. ယခုခေတ် ကားလမ်းပေါက်ပြီး ပို့ဆောင်ရေးလွယ်ကူနေတဲ့အထိ တောင်ပေါ်ဈေးပေးပြီး အစားသောက်မကောင်းတာတော့ နဲနဲလွန်တယ်ထင်ပါတယ်.. ပိုက်ဆံပေးရတာကိုထားပါတော့.. service တော့ ကုန်တာနဲ့တန်အောင်ရသင့်တယ်ထင်ပါတယ်... အရင်က ဒေသခံနဲ့ ခရီးသွားကြား ရိုင်းပင်း စေတနာထားတတ်တဲ့ ယဉ်ကျေးမှုလေးပျောက်ကွယ်နေပါပြီ.. လောဘနဲ့ ရိတ်မယ်ဝါးမယ်ဆိုတာချည်းပါပဲ.. ဘုရားဖူးခရီးထွက်လာတုန်းခဏမို့ ခရီးသွားတွေက ပြဿနာမရှာပဲပေးနေပင်မဲ့ အားလုံးကမသိပဲတော့မနေဘူးလို့ထင်ပါတယ်..



၃) ကန်ထရိုက် အလှူခံမဏ္ဍပ်များ



နောက်အဆိုးဝါးဆုံးကိစ္စကြီးကတော့ အလှူခံမဏ္ဍပ်တွေပါ.. အရင်ကဒီလောက်မများပါဘူး.. ခုတော့ ကန်ထရိုက်တွေနဲ့လုပ်စားနေတာပါ.. ကျွန်မသိသလောက် တစ်နှစ်တစ်နှစ် တာဝန်ရှိသူတွေက နေရာတွေကို လေလံပစ်ပါတယ်.. ပြီးရင် ပုတ်ဖြတ်ပေးပြီး အလှူခံစား.. မြတ်ရင်မြတ်သလိုပေါ့.. အဲဒိမှာတင် လောဘတွေစတင်ပါလာပါတော့တယ်.. ခရီးသွားတွေကို လမ်းပိတ်ပြီး အလှူခံမဏ္ဍပ်ဆောက်...
ပြီးရင်.. "ဘုရားလေးတော့ ၀င်ကန်တော့သွားပါအုံး.. ရေချမ်းစင်က ရေလေးသောက်သွားပါအုံး" လို့မြူဆွယ်.. ဘုရားဖူးတွေက ၀င်ကန်တော့ရင် "ရွှေသင်္ကန်းလေး.. ကျောက်ပြားလေး..ရေအိုးစင်လေး.."စသည်ဖြင့် များရာကနေ နည်းရာ မလှူမချင်း ထလို့မရအောင် ဇွတ်အလှူခံ.. မလှူရင်ပဲ ငရဲလားတော့မဲ့ပုံမျိုးပြော.. ကျွန်မနှစ်တိုင်းသွားတိုင်း ငယ်ငယ်ထဲကလှူတာတွေပေါင်းရင် အဲဒိကစေတီတွေ ရွှေအတိပြီးနေပါပြီ..
သူတို့အကြောင်းသိလို့ ၀င်မကန်တော့ပဲသွားရင်လဲ.. "ဘုရားလာပြီး ဘုရားတောင်ဝင်မကန်တော့ဘူး.. ဘာဖြစ်ပါစေ..ညာဖြစ်ပါစေ" ဆိုပြီး လှမ်းကြိမ်ဆဲတဲ့အသံခပ်သဲ့သဲ့ကိုလဲ ကြားခဲ့ဖူးတဲ့ကြိမ်ရေမနဲတော့ပါဘူး.. ဒီလိုမျိုးတွေဖြစ်လာတော့ ကျိုက်ထီးရိုးရဲ့ လှပတဲ့ဓလေ့လေးတွေ အကျဉ်းတန်ခဲ့ရပါတယ်..




၎) ရင်ပြင်တော်ပေါ်က ကျောက်ပြားများ



ပြောချင်တာတွေရှိပါသေးတယ်.. ရင်ပြင်တော်ပေါ်ကကျောက်ပြားတွေကို လဲတာ.. အရင်ကကျောက်ပြားလေးတွေက ပန်းပုံဖောင်းကြွလေးတွေ (အောက်ကခရီးသွားဗွီဒီယို ဆီမီးပူဇော်နေတဲ့ပုံတွေက ကျောက်ပြားမျိုးပါ)ဟာ အလွန်မှ နေပူခံပြီး လှလဲလှပါတယ်.. တချို့ဆိုဘယ်သူကစလိုက်လဲတော့မသိ ပုံလေးတွေကို အစဉ်တိုင်းလိုက်နင်းပြီး အောင်မြေနင်းတဲ့ ဓလေ့လေးတောင်ရှိပါတယ်.. တချို့နေရာလေးတွေကတော့ နှစ်တွေကြာပြီး ကြွတက်နေပါတယ်.. အဲဒါကို ပြင်သင့်တဲ့နေရာပဲမပြင်ပဲ ယဉ်ပြင်တော်တစ်ခုလုံးက ကျောက်ပြားတွေကို လဲပြစ်တာပါ..


ယနေ့ခေတ် ကျောက်ပြားများဖြင့် ရင်ပြင်တော်


စိတ်ကောင်းစေတနာနဲ့လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်ဆိုပေမဲ့.. နှစ်စဉ်နှစ်တိုင်း ကျိုက်ထီးရိုးကို အိမ်ဦးနဲ့ကြမ်းပြင်သွားနေတဲ့ ကျွန်မအဖို့တော့ သိသိသာသာကွဲလွဲတာကို မြင်ပါတယ်.. အဲဒါဘာလဲဆိုတော့.. ခုလဲလိုက်ပြီးနောက်ပိုင်းမှ နေ့လည်ဘက်ဆိုရင် ယဉ်ပြင်တော်ပေါ်မှာ ခရီးသွားတွေ ပြေးနေရတာပါ.. ခြေထောက်ပူလွန်းလို့ပါ.. အရင်ကဒါမျိုးမရှိခဲ့ပါဘူး.. ကျွန်မကိုယ်တိုင် ပြေးရတိုင်း ကျောက်ပြားလဲလိုက်တဲ့သူကို အပြစ်တင်မိပါတယ်.. ပျက်နေရင် ပျက်တဲ့နေရာကိုပြင်ပါ.. ပျက်တာကလဲ ကြွတက်နေတာပါ..ပြန်အင်္ဂတေကိုင်လိုက်ရင်ပြီးနေတာကို.. အကောင်းစားကျောက်ပြားတွေနေရာမှာ.. အပေါစားကျောက်ပြားတွေနဲ့ အစားထိုးလိုက်တာကတော့ ခရီးသွားဘုရားဖူးတွေ အတွက်ဒုက္ခပိုစေပါတယ်... (စစချင်းပြောင်းတုန်းက အားလုံးကျောက်ပြားအပူတွေပါ.. ခုတော့ လူတွေဒုက္ခများလွန်းလို့ စေတနာထက်သန်စွာနဲ့ အပူခံကျောက်ပြားနဲ့ ပူတဲ့ကျောက်ပြားနဲ့ကို ရောပေးပြီးပြောင်းပေးထားကြောင်းသိရ.. အရင်ခေတ်ကျောက်ပြားလောက်တော့မကောင်းကြောင်း)..


၅) မတရားကောက်တဲ့ ကင်မရာခွန်


နောက်ပြီး.. အပန်းမကြီးပင်မဲ့..စိတ်ထဲဘ၀င်မကျတာလေးကတော့ ရင်ပြင်တော်ပေါ် ဓာတ်ပုံရိုက်တဲ့ကိစ္စပါ.. မြန်မာပြည်ရဲ့နေရာတိုင်းလိုလိုမှာ ဓလေ့ကြီးလိုဖြစ်နေတဲ့ ကင်မရာခွန်ဆိုတာကြီးကို ကျွန်မသူတို့နဲ့ပြိုင်ပြီး ကွန်ပလိန်းတက်မနေချင်တော့ပဲ မရှိတဲ့သူတွေမို့ သနားတယ်ဆိုတဲ့သဘောနဲ့ ပေးလေ့ရှိပါတယ်.. ဘယ်နိုင်ငံမှာမှ မရှိပဲ ကျွန်မတို့ရဲ့ဖော်ရွေလှပါတယ်ဆိုတဲ့ ရွှေနိုင်ငံကြီးမှာ အရာရာ ငွေမျက်နှာလိုက်ပြီး.. ကင်မရာကြေးဆောင်ရတာ အလွန်မှရှက်ဖို့ကောင်းပါတယ်.. ဓာတ်ပုံရိုက်တာ ဂေါပကဘာနစ်နာသွားပါသလဲ.. တခြားခရီးသွား ဘယ်သူ့ကိုထိခိုက်သွားပါသလဲ.. လေထုညစ်ညမ်းသွားသလား.. ဘာမှအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲ သဘာဝရှိနေတဲ့ရှုခင်းလေးတွေကို မှတ်တမ်းတင်တာကို ကင်မရာခွန်ဆိုတာကြီးကောက်တာ လွန်လွန်းတယ်လို့ထင်ပါတယ်.. ထိခိုက်မယ်ဆိုရင်တောင် ရင်ပြင်တော်ပေါ်လုပ်စားနေတဲ့ ကင်မရာဆရာတွေပဲထိခိုက်တာပါ.. ခုခေတ်မှာတော့ ဟန်းဖုန်းနဲ့လဲ ဓာတ်ပုံရိုက်လို့ရနေပါပြီ.. ကဲသူတို့ဘယ်လို ကွန်ထရိုးလုပ်မလဲ စောင့်ကြည့်ချင်သေးပါတယ်..


၆) တောင်ပေါ်က ရေ (အလှူရှင်အတွက် စိတ်မကောင်းစရာ)

အရင်ကတောင်ပေါ်ကို ရေထမ်းပဲရှိလို့ ရေဈေးတွေကြီးနေပင်မဲ့..ခုဆို သီတဂူရေလှူအသင်းက တောင်ပေါ်အရောက်ရေပိုက်လှူဒါန်းပြီး တာတောင်.. ဂေါပကက တစ်နှစ်တစ်ခါလေလံဆွဲပြီး ကန်ထရိုက်ရောင်းစားနေတော့.. ဘုရားဖူးခရီးသည်တွေအတွက် ရေဈေးကကြီးမြဲကြီးနေတာပါပဲ...


နိဂုံး
ပြောရမယ်ဆိုရင်တော့ ပြောချင်တာတွေကျန်ပါသေးတယ်...ရွှေသင်္ကန်းကို ၄၈၀ကျပ်ရေးထားပြီး.. ၅၀၀တန်ပေးရင်ပြန်မအမ်းတာ.. မိန်းကလေးတွေကို သရုပ်ပျက်အ၀တ်အစားဆိုပြီး ဘောင်းဘီပေးမ၀တ်တာ..(လုံလုံချုံချုံရှိပြီးသပ်သပ်ရပ်ရပ်ရှိရင် ဘောင်းဘီဝတ်တာသရုပ်မပျက်ဘူးလို့ထင်ပါတယ်)သူတို့စည်းကမ်းထုတ်မှ ဘောင်းဘီပေါ် လုံချည်ထပ်ပြီး ပိုသရုပ်ပျက်တာ.. အသေးစိတ်တွေပြောရင် ပိုစ့်လဲတအားရှည်နေပြီဖြစ်လို့ ဒီလောက်နဲ့နားပါရစေ..

မဗေဒါအနေနဲ့တိုက်တွန်းချင်တာကတော့ လူငယ်တွေအတွက် လူငယ်ပီပီ အခြေအနေပေးမယ်ဆိုရင် တောတောင်သဘာဝခံစားရင်း ပျော်ပျော်ပါးပါး လမ်းလျှောက်တက်ကြဖို့... တက်ကြည့်ရင်အရသာသိသွားမှာပါ.. အရင်ခေတ်လို ခြေကျင်တက်တဲ့သူသိပ်မရှိတော့ ဆိုင်တွေတော့သိပ်မရှိတော့လို့ အရသာကတော့ တထပ်ထဲကျမှာမဟုတ်ပေမဲ့ ကားနဲ့တက်တာထက်စာရင် စိတ်ချမ်းသာပါသေးတယ်..
ယခုလို တိုးတက်လာတဲ့ခေတ်ကြီးမှာ.. လူတွေရဲ့လောဘလေးတွေကို ရှိသင့်သလောက်သာထားပြီး.. ဆင်ဖြူတော်မှီပြီး ကြံစုတ်တဲ့ အလုပ်မျိုးမလုပ်သင့်ပါဘူး.. ခရီးသွားတွေပိုက်ဆံကုန်ပြီး တန်ရာတန်ကြေးဝန်ဆောင်မှုလေးတွေပြန်ရမယ်ဆိုရင်.. ကောင်းတဲ့ဘက်က မှန်မှန်ကန်ကန် ပြုပြင်မွမ်းမံ ထိန်းသိမ်းမယ်ဆိုရင်ဖြင့်... ကျွန်မတို့ ယုံကြည်မြတ်နိုးပြီး လှပတဲ့ ကျိုက်ထီးရိုးစေတီဟာ ဒိထက်မက နာမည်ကြီးလူသိများကာ ကမ္ဘာကအံ့သြရှုမောလောက်ပြီး.. ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်တဲ့နေရာလေးဖြစ်သွားမှာပါ..

အမှန်တော့လဲ ဒီလိုစနစ်တွေဖြစ်နေတာရဲ့ အဓိကတရားခံဟာ... စိုင်းထီးဆိုင်သီချင်းထဲကလို.. "လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်" ဆိုတဲ့ လူတစ်စုကြောင့်လို့ ထင်မိပါတော့တယ်... မဗေဒါဖြစ်စေချင်သော ကျိုက်ထီးရိုးစေတီနဲ့ ယခင်က ကြည်နူးဖို့ကောင်းတဲ့ ဓလေ့လေးကို တမ်းတရင်း ဤပိုစ့်လေးနဲ့ ဂါရ၀ပြုလိုက်ပါတယ်..

စာကြွင်း။ ။ ဤပိုစ့်ကို မဗေဒါ၏တစ်ဦးတစ်ယောက်ထဲ ထင်မြင်ချက်ဖြင့်ရေးသားခြင်းဖြစ်၍ ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်..

ဤပိုစ့်မှ ယနေ့ခေတ် ကျိုက်ထီးရိုးဘုရား ဓာတ်ပုံများကို ကိုပီကေ၏ ကျိုက်ထီးရိုးသွားတောလား ဆိုသည့်ပိုစ့်မှ ကိုပီကေခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်..



အောက်က ဗွီဒီယိုလေးကတော့ ကျွန်မတို့မိသားစုနှစ်စဉ်နှစ်တိုင်း ကျိုက်ထီးရိုးသွားပြီးရိုက်ဖြစ်တဲ့ ဓာတ်ပုံစုဆောင်းမှုပါ.. မဗေဒါမမွေးခင်ထဲကပုံလေးတွေလဲပါပါတယ်.. ခန့်မှန်းခြေ ၁၉၈၃ မှ ၁၉၉၅ ထိကပုံတွေပါ.. ပုံထဲမှာပါတဲ့ အသေးဆုံးလေးက မဗေဒါပေါ့နော်.. ဟဲဟဲ...

Tuesday, September 23, 2008

ကိုယ်တိုင်လုပ် fan made mv (သို့) Last Friends (J-drama)


ကြွားစရာတွေထဲက တစ်ခုကို ကြွားလိုက်ပါအုံးမယ်.. ဘာရယ်တော့မဟုတ်ပါဘူး.. ကျွန်မ ပထမဆုံးလုပ်ထားတဲ့ fan made mv ပါ...
ဝါသနာမပါ.. စိတ်မဝင်စားတဲ့သူအတွက်ကတော့ ဘာမှကြွားစရာလဲ မဟုတ်ဘူးလို့ထင်ချင်ထင်မှာပါ..

ထားပါတော့.. ဒီ Music ဗွီဒီယိုလေးကို လုပ်ဖို့.. ပထမဆုံး ကျွန်မ ထည့်ချင်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ Episode တွေကို ပြန်လိုက်ရှာရပါတယ်..
ဆိုလိုတာကတော့ အပိုင်း ၁၁ပိုင်းလုံး အကုန်ပြန်ကြည့်ရပါတယ်.. ပြီးမှ ကိုယ်ကြိုက်တဲ့အခန်းအများဆုံးပါတဲ့ အပိုင်းကို ဒေါင်းလုပ်ဆွဲရပါတယ်...
စုစုပေါင်း ၅ ပိုင်းလောက် ကျွန်မဒေါင်းလုပ် လုပ်ခဲ့ရပါတယ်.. ဒါတောင်တချို့ အခန်းတွေ ထည့်ချင်ရက်နဲ့ ဒေါင်းလုပ် လုပ်ရမှာ မတန်လို့ မထည့်ဖြစ်ခဲ့ဘူး..
နောက်ပြီး ကိုယ်လိုချင်တဲ့ အခန်းလေးတွေရအောင်.. မူလရုပ်ရှင်ထဲက ဖြတ်ထုတ်ရပါတယ်... ဒါလဲတော်တော် ခေါင်းစားပါတယ်.. အချိန်ကုန်ပါတယ်
ပြီးတော့ သီချင်းနဲ့လိုက်ဖက်အောင်.. ဘယ်အခန်းကို ဘယ်မှာထည့်မယ်.. ထည့်ချင်တဲ့ အခန်းကများပြီး သီချင်းက ၆ မိနစ်ပဲရှိလို့ ထပ်တလဲလဲ ကြည့်ပြီး ပြန်စီစစ်ရပါတယ်..
ဒါတောင် သီချင်းကို အဆုံးမှာ ၂ကြော့ပြန်ထားရပါတယ်...
သူများတွေရော ဘယ်လိုလုပ်ကြလဲဆိုပြီး.. Youtube မှာ ကျွန်မလို ဝါသနာအရလုပ်ထားတဲ့ ဗွီဒီယိုတွေကို လိုက်ကြည့်ပါတယ်...
တကယ်လုပ်ကြည့်မှ မလွယ်မှန်းသိပါတယ်... တော်တော်လေး ဆုံးဖြတ်ရခက်တဲ့ အပိုင်းတွေလဲရှိပါတယ်..

Window Movie maker တချို့ effect တွေကို ကောင်းကောင်းမသုံးတတ်သေးတော့... အလုပ်ရောက်ရင် အဲဒိ ဆော့ဝဲလ်နဲ့ ပတ်သတ်ပြီး..
ကိုယ်လိုချင်တဲ့ သင်ကြားမှုတွေကို research လိုက်ရှာပြီးဖတ်ရပါတယ်... ဥပမာ.. နောက်ခံတေးပဲပါပြီး.. မူလ အသံတွေကို ဖျောက်ချင်တာမျိုး..
နောက်ခံတေးကကျယ်ပြီး.. မူလအသံသဲ့သဲ့လဲ ပါချင်တာမျိုးပါ.. ဒါကဒီဗွီဒီယိုလုပ်မှ မဗေဒါသိသွားတဲ့ function ပါ.. မသိခင်တော့ တော်တော်ရှာရပေမဲ့..
သိပြီးသွားတော့လဲ လွယ်လွယ်လေးပါလားဖြစ်ခဲ့ရပါတယ်..
သီချင်းကိုအလည်မှာ ခဏရပ်ပြီး.. စကားပြောခန်းထည့်တာ.. နောက်အဲဒိသီချင်းကို ပြန်ဆက်ရတာ.. ဖြတ်ညှပ်ကပ်လုပ်ရတာ.. ကြည့်ရင်မသိသာပင်မဲ့..
လုပ်ရတဲ့သူအတွက် စိုက်ထုတ်ရတဲ့ အားနဲ့.. ပေးရတဲ့ အချိန်မနည်းပါဘူး..

ဒီရုပ်ရှင်ကိုမှလုပ်ဖြစ်သွားတာကတော့.. အဲဒိထဲက ဇာတ်ဝင်သီချင်းကို မထင်မှတ်ပဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီက ရလိုက်လို့ပါ..
နောက်ပြီး.. ဒီ ရုပ်ရှင်မှာပါတဲ့... လူဆိုးမင်းသား Sousuke အဖြစ်သရုပ်ဆောင်သွားတဲ့ Nishikido Ryo ကို ကြိုက်လို့ပါ..
သူ့ကို ကျွန်မ အရင်ကပိုစ့်တင်ဖူးတဲ့... One liter of Tear ရုပ်ရှင်ကားမှာ အလွန်စိတ်ထားကောင်းတဲ့ မင်းသားတစ်ယောက်အနေနဲ့ သဘောကျခဲ့ပါတယ်..
ခုဒီကားကြည့်ပြီးတော့ သူဟာ လူဆိုးလုပ်လုပ် လူကောင်းလုပ်လုပ် သူလုပ်ရတဲ့ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တယ်ဆိုတာ သတိထားမိသွားလို့ပါ..
နောက်တစ်ခုအနေနဲ့ကတော့ အဲဒိကားထဲက သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင် စရိုက်ကို တော်တော်မျာများကမုန်းကြပါတယ်...
ဒါပေမဲ့ မဗေဒါကတော့ သူ့ကို အနည်းနဲ့အများနားလည်ပေးလို့ရပါတယ်.. သနားစရာလဲကောင်းပါတယ်..
သူ့ကို သူ့ဘက်ကနေ ပရိတ်သတ်ကြီးကို နားလည်ပေးစေချင်လို့ ဒီ ဗွီဒီယိုလေးကိုလုပ်လိုက်တာပါ... ရုပ်ရှင်ကားနာမည်က Last Friends ပါ...

သူဟာ Child Welfare Division အစိုးရအလုပ်မှာ အလုပ်လုပ်နေတဲ့ စိတ်ထားကောင်းကောင်းလူတစ်ယောက်ပါ..
သာမာန်အချိန်မှာ စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့... သူ့ချစ်သူ Michiru နဲ့ ပတ်သတ်ရင်တော့ အလွန်တရာမှ အူတိုတတ်တဲ့သူမျိုးပါ..
ဘယ်လောက်တောင်လဲဆိုရင် သူ့ချစ်သူကိုလဲဒေါသအလျှောက် ရိုက်နှက်တတ်သလို.. သူ့ကိုသူလဲ အပြစ်ပေးတတ်ပါတယ်..
ဥပမာ.. သူ့ချစ်သူက ပြန်ရောက်သင့်တဲ့အချိန်မရောက်လို့ နောက်ကျရင် အိမ်ထဲပေးမဝင်ပဲ အိမ်ပြင်မှာ ၃နာရီလောက်နေခိုင်းပြီး.. သူကိုယ်တိုင်လဲ သူ့ကိုယ်သူ ၁နာရီတစ်ခါ
ဆေးလိပ်မီးနဲ့ထိုးပြီး အပြစ်ပေးတတ်ပါတယ်...
သူ့ချစ်သူမှာ ငယ်ငယ်ထဲက ခင်တဲ့ TomBoy သူငယ်ချင်းတစ်ယောက် ရှိပါတယ်.. အဲဒိ TomBoy ကို သူ့ချစ်သူက မိန်းကလေးအချင်းချင်းပဲ ဆိုပြီး ရိုးရိုးခင်ပေမဲ့..
Sousuke တစ်ယောက်ကတော့ သဝန်တိုမြဲပါပဲ.. သူသဝန်တိုမယ်ဆိုလဲ တိုလောက်ပါတယ်.. တကယ်လဲ အဲဒိ TomBoy ကမိန်းကလေးစိတ်လုံးဝမရှိပဲ.. သူ့ချစ်သူ Michiru ကို တိတ်တခိုးချစ်နေတာပါ...
ဒီဘဝမှာ သူသည်မိန်းကလေးဖြစ်နေလို့ Michiru ကသူ့ကိုလုံးဝလက်ခံမှာမဟုတ်ဘူးဆိုတာသိလို့ ဖွင့်မပြောပဲ.. ကျိတ်ခံစားနေရတဲ့သူပေါ့..
သူက အဲ လိုသဝန်တိုတိုင်း သူ့ချစ်သူကို ရိုက်နှက်နှိပ်စက်တော့ ကြာတော့ Michiru လဲ သူ့ဆီကထွက်ပြေးတော့တာပေါ့..
သူ့သူငယ်ချင်း TomBoy ကခေါ်ယူစောင့်ရှောက်ထားပါတယ်..
အဲလိုကျပြန်တော့လဲ သူက အတင်း ပြန်လိုက်ခေါ်ပါတယ်... ပြန်ရောက်လာရင် ပြန်နှိပ်စက်ပါတယ်..
နောက်ဆုံးတော့ သူ့ချစ်သူကို အကြီးအကျယ်စိတ်ထိခိုက်နာကျည်းအောင်လုပ်မိသွားတဲ့ အချိန်မှာတော့..
နောင်တရပြီး.. သူ့ချစ်သူအတွက် အကောင်းဆုံးဖြစ်မဲ့လမ်းကို သူရွေးချယ်သွားပါတော့တယ်..
ဒီလိုနဲ့ပဲ သူက ဒီဇာတ်လမ်းမှာ Psycho ချစ်သူတစ်ယောက်အနေနဲ့ အဓိကနေရာက ပါဝင်ခဲ့ရပါတယ်..
အမှန်တော့ ဒီကားက Friendship, love and relationship, Life, Personality disorder, Attitude to the happy life စတဲ့ အချက်လေးတွေကိုလဲ..ထိထိမိမိ ပညာပေးသဘောမျိုးရိုက်သွားတဲ့အတွက်.. ယူတတ်ရင်ရပါတယ်...

ကျွန်မအနေနဲ့ကတော့ သူ့ချစ်သူကို ကိစ္စသေးသေးလေးတွေက အစလိုက်သဝန်တိုပြီး ရိုက်တာ နှက်တာမကောင်းဘူးဆိုပေမဲ့...
သူ့ကောင်းကွက်လေးတစ်ခုကို ကျွန်မရေရေလည်လည်သဘောကျတာကတော့... အချစ်ကြီးတာပါ...
တစ်ယောက်ထဲကိုပဲ စွဲစွဲမြဲမြဲ သစ္စာရှိတာပါ... ချစ်သူဘာလုပ်လဲဆိုတာကို အချိန်တိုင်းစောင့်ကြည့်နေပြီး ဂရုစိုက်နေတာပါ..
ဂရုစိုက်ကြည့်လေ စိတ်တိုင်းမကျတာတွေ တွေ့လေပါပဲ..
ဒါပေမဲ့ အလွန်အကျွံဆိုတော့လဲ ခံရတဲ့သူက စိတ်ကျဉ်းကျပ်လာတာပေါ့နော်.. တချို့ကိစ္စလေးတွေကျတော့လဲ မသိချင်ယောင်ဆောင်ပြီး နားလည်ပေးသင့်တာပေါ့လေ..
မဗေဒါလဲ သူ့လိုပါပဲ.. သူ့လိုတော့ မရိုက်နှက်ပါဘူး.. ကိုယ်ချစ်တဲ့သူကို အမြဲဂရုစိုက်ပြီးကြည့်နေတတ်တယ်.. ကြည့်လေ အမှားတွေ့လေပါပဲ...
အမှားတွေ့တော့ ပြော.. ပြောတော့ ကိုယ့်ဆီက နောက်ဆုံးထွက်ပြေးတာပေါ့... သူတို့အနေမှန်နေရင် ဒါကဘာပြဿနာမှ ဖြစ်လာစရာမရှိပါဘူး..
ဒီကားကြည့်ပြီးတော့လဲ အဲလိုဖြစ်စဉ်ကိုသတိထားပြီး သင်ခန်းစာတော်တော်ရပါတယ်..
Sousuke ရဲ့ခံစားချက်ကိုလဲနားလည်ပြီး သူ့ကို အရမ်းသနားမိတယ်..
သရုပ်ဆောင်တဲ့သူက Nishikido Ryo ဖြစ်လို့လဲ ပါမှာပေါ့နော်...

အောက်ကမဗေဒါလုပ်ထားတဲ့ ဗွီဒီယိုလေးကိုကြည့်ပြီးမြည်းစမ်းကြည့်ကြပါ... ဇာတ်လမ်းကိုပဲကြည့်ကြည့်.. မဗေဒါကြိုးစားထားတဲ့ မဗေဒါရဲ့ Effort ကိုပဲကြည့်ကြည့်..
ခံစားပေးသွားကြပါ... အော်.. ဒါပေမဲ့.. ဒီဗွီဒီယိုမှာ ဇာတ်သိမ်းပိုင်းအခန်းကို ထည့်ထားတဲ့အတွက်.. Spoiler လိုဖြစ်နေပါတယ်..
အဲဒိအတွက် Spoiler မကြိုက်တဲ့သူတွေကို စိတ်မကောင်းပါဘူးလို့ပြောရင်း................................



Sousuke ရဲ့ ခံစားချက်လေးကို ထိထိမိမိလေး လုပ်ထားတဲ့ သီချင်းလေးနဲ့ ဗွီဒီယိုလေးတစ်ခုလဲ တွေ့လို့ ဝေငှလိုက်ပါတယ်..
အဲဒိသီချင်းလေးရဲ့ အဓိပ္ပါယ်ကလဲ မဗေဒါ ခံစားချက်နဲ့တူလို့ နားထောင်တိုင်း မျက်ရည်ကျရပါတယ်... ခံစားကြည့်ပါ..

Monday, September 22, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၂)

အင်တာနက်နှင့်မိတ်ဆက်ခြင်း.... 


စကာင်္ပူမှာကျောင်းတက်ပြီဆိုတော့ ရှောင်လွှဲလို့မရတာ ကွန်ပြူတာနဲ့ အင်တာနက်ပေါ့... သူတို့တွေနဲ့ မရင်းနှီးခဲ့ခင် သူတို့ကို အသုံးချရာမှာ မဗေဒါတွေ့ခဲ့ရတဲ့ ဒုက္ခတွေ.. မလိုအပ်ပဲ ဖြစ်ခဲ့ရတဲ့ ရန်ပွဲလေးတွေကို ဒီတစ်ခါပြောပြချင်တယ်.. ခုပြန်ပြောပြရင်တောင် အဲဒိတုန်းက တက်ကနော်လောဂျီနဲ့ပတ်သတ်ပြီး အသိနည်းပါးခဲ့တဲ့ မဗေဒါ့အဖြစ်က တော်တော်ရီစရာကောင်းမယ်ထင်ပါတယ်... မဗေဒါ၁ဝတန်းအောင်ပြီးတော့ ကွန်ပြူတာသင်တန်း ဝင်းဒိုးလေး.. ဘာလေး.. စီပရိုဂန်းမင်း(တစ်လုံးမှမသိခဲ့ပါ).. အဲဒိသင်တန်းလေးတွေတော့ တက်ဖြစ်လိုက်ပါသေးတယ်.. တက်ပြီးတော့လဲ အလေ့အကျင့်မရှိတော့ ကြက်ပျောက်ငှက်ပျောက်ပါပဲ... အဲဒိတုန်းက အင်တာနက်ဆိုတာမြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ်သိပ်မရှိသေးဘူး ထင်ပါတယ်... အင်တာနက်ကဖေးဆိုလုံးဝမရှိသလောက်ပဲထင်ပါတယ် (နည်းနည်းပါပါးရှိရင်တော့လဲရှိမယ်... စိတ်မဝင်စားလို့ သတိမထားမိတာလဲဖြစ်နိုင်ပါတယ်).. ရှောင်နေလို့လဲရတာကိုး.... 

မဗေဒါ စကာင်္ပူရောက်စက ကွန်ပြူတာ အင်တာနက် အသိဉာဏ်ဘယ်လောက်နည်းလဲဆိုရင်.. ကွန်ပြူတာအသိကိုပြောရရင်.. Hardware နဲ့ Software ဘာကွာမှန်းမသိ... အင်တာနက်ဆိုတာ "အင်တာနက်စက်ကြီး" သက်သက်တလုံးရှိတယ်လို့တောင်ထင်ထားတာပါ... ကွန်ပြူတာကနေသုံးရမှန်းမသိပါဘူး.. Uploading ဆိုတာဘာမှန်းမသိ.. Downloading ဆိုတာ အဘိဓာန်လှန်ရှာရမလောက်ထိပါပဲ.. 

ဒီလိုနဲ့ မဗေဒါရဲ့ ရွှေမဟာ ပိုလီကျောင်းကြီးနဲ့ မိတ်ဆက်ပြီးသကာလ.. စတင်ပြီး ဦးနှောက်မှာ မှတ်စရာတွေ တမဟုတ်ချင်းတိုးလာတာကတော့... Password လို့ခေါ်တဲ့ လျှို့ဝှက်စာလေးတွေပါ.. ဒါတောင် မဗေဒါ အစ်မကသူကျွန်မအတွက်လုပ်ပေးပြီးသားလေးတွေကို မှတ်ခိုင်းတာပါ.. စာကြည့်တိုက်မှာသုံးဖို့အတွက် User name and password, ကျောင်း facility မှာသုံးဖို့ User name and password, နောက်ပြီး Yahoo Mail account တစ်ခုလဲဖွင့်ပေးပါတယ်.. User name and password ဆိုတာဘာအတွက် သုံးရမှန်းတောင် ကျွန်မ မသိပေမဲ့ မှတ်ဆိုတော့လဲ မှတ်ထားလိုက်တာပေါ့နော်... 

ကျောင်းတက်ပြီး ၁ပတ်လောက်ထိတော့ ရှောင်လို့ရပါသေးတယ်.. နဲနဲပါးပါးဆို ကိုယ့်အစ်မကို လုပ်ခိုင်းလိုက်လို့ရသေးတယ်.. ဒါပေမဲ့ နောက်ပိုင်းသူလဲ သူ့ ပရောဂျက်နဲ့သူဖြစ်တာရော.. ကျမရဲ့ ကွန်ပြူတာနဲ့မထိတွေ့မနေရကိစ္စတွေကလဲ များသထက်များလာပါတယ်.. ကျောင်းမှာ ပရောဂျက်တွေလုပ်လို့ မသိတာရှိရင် Yahoo နဲ့Google ကိုရှာလိုက်လို့ပြောတော့... မဗေဒါအတွက်တော့ Yahoo နဲဲ့ Google ဆိုတဲ့ ဆရာတရုတ်ကြီး ၂ယောက်ကို လိုက်ရှာမေးရမယ်ထင်နေတာပေါ့.. Lecture note တွေကို Ole မှာသွားထုတ်(Download)ရမယ်ဆိုလဲ.. Ole ဆိုတဲ့ Department ကဘယ်နားမှာလဲလို့ ပြန်မေးမိမှာပါ.. ဒီလိုနဲ့ပဲ Lecture note ကို သူများဆီကပဲ ကော်ပီအမြဲစွဲပြီးယူခဲ့ရတယ်.. အတန်းသားတွေကတော့ ကိုယ့်အကောင့်နဲ့ကိုယ်ကြိုက်သလောက်ထုတ်လို့ရနေတာ.. ဘာလို့သူတို့ဆီကယူပြီး ကော်ပီလဲဆိုတာနားမလည်တဲ့ပုံစံနဲ့ကြည့်ကြတာပေါ့နော်... ကိုယ်ကလဲ ကိုယ့်ဒုက္ခနဲ့ကိုယ်လေ... 

အဲ..ဒီလိုနဲ့ မဗေဒါလဲ User name and password ဆိုတာဘာမှန်းသိလာတဲ့အချိန်.. ကွန်ပြူတာမှာလဲ Microsoftword မှာ စာရိုက်တတ်လာတဲ့အချိန်ပေါ့နော် (မရိုက်တတ်လို့လဲမရဘူးလေ.. ပရောဂျက်အကုန်လုံးက လက်ရေးနဲ့မှတင်လို့မရတာ).. Group Project တစ်ခုတင်ခါနီးအချိန်မှာ.. သိတဲ့အတိုင်း မဗေဒါအခန်းထဲမှာ မြန်မာ မဗေဒါတစ်ယောက်ထဲဆိုတော့ Project ကိုလဲ စလုံးတွေ ပြည်ကြီးတရုတ်တွေနဲ့ပဲတွဲရတော့တာပေါ့.. အဲဒိမှာ Project Dead line နီးနေတဲ့တနေ့မှာ.. မဗေဒါကတော့ ကိုယ့်အပိုင်းကိုယ်ပြီးပါပြီ.. Print ထုတ်ဖို့ကို နောက်မှ ကိုယ့်အစ်မကို ခိုင်းမယ်ပေါ့... အုပ်စုထဲက ပြည်ကြီးတရုတ်မဆီက သူ့အပိုင်းကို တောင်းတော့ သူက ချက်ချင်းပဲဖြစ်သလိုရေးပြီး.. သူသွားစရာရှိလို့ နင် Print ထုတ်လိုက်တဲ့.. ဒစ်ကပ် (disk)ကိုလာပေးပါတယ်.. ကျွန်မပြန်ငြင်းလို့မရလိုက်ခင်မှာပဲ.. သူမထွက်သွားပါတယ်.. ကျွန်မလဲ ဟိုကြည့်ဒီကြည့်သူများတွေလုပ်တာ မြင်ဘူးသလောက် Print ဆိုတဲ့ ခလုတ်လေးကို နှိပ်တာတွေ့တော့ လိုက်လုပ်ကြည့်ပါတယ်.. သိတဲ့အတိုင်းပဲ Print ပြီးရင် Print Option တို့ Printer selection တို့ (Printer တွေက အများကြီးရှိလို့ရွေးရတာပါ)... အဲဒိ Box တွေပေါ်လာတော့ ကျွန်မဆက်မလုပ်တက်တော့ပါဘူး.. ဒါနဲ့ အစ်မကိုပဲ ထုတ်ခိုင်းတော့မယ်ဆိုပြီး.. အိမ်ယူလာလိုက်ပါတယ်.. 

အိမ်ရောက်တော့ အစ်မကကျွန်မအပိုင်းကို Print ထုတ်ပြီးပါပြီ.. သူ့အပိုင်းပါထုတ်ပေးပါဆိုတော့.. ကျွန်မအစ်မက သူ့အပိုင်းကိုသူအပြီးထိတာဝန်မယူပဲ ထွက်သွားတာ နင့်ကို အနိုင်ကျင့်တာတဲ့.. မလုပ်ပေးနို်င်ဘူးပြောလိုက်တဲ့.. ဒီလိုနဲ့ပဲ.. ကျွန်မလဲ ပရောဂျက် ရေးတုန်းကတောင် ဒီလောက် စိတ်မဖိစီးခဲ့ပဲ Print ထုတ်ဖို့ကျမှ တော်တော်လေးစိတ်ဖိစီးခဲ့ရတယ်.. တရုတ်မကို နင့်ဘာနင် Print ထုတ်လို့ဖုန်းဆက်ပြီးပြောတော့ သူကလဲ ကျွန်မကို တွက်ကပ်လိုက်တာပေါ့.. ကျွန်မဖက်က အခက်အခဲကို သူကမှနားမလည်ပေးနိုင်တာ.. ဒါနဲ့ မဗေဒါလဲ စိတ်ထဲ မွန်းကြပ်လာပြီး.. ဒေါသကလဲ စကားပြောရင်းထွက်လာပါတယ်.. ဖုန်းထဲကဆိုတော့.. သူကလဲ အင်္ဂလိပ်လိုကောင်းကောင်းမပြောတတ်လေတော့.. စကားပြောရတာ လက်ပေါက်ကပ်လာပါတယ်.. ဒါနဲ့ စိတ်တိုပြီး.. ကျွန်မလဲ.. အင်္ဂလိပ်လို ရွှတ်ရွှတ်ရွှွှတ် မှုတ်ပြီး သူ့ကို ကောထဲ့လိုက်ပါတယ်.. ဖုန်းချပြီးတော့ ကျွန်မအစ်မက "ငါ့ညီမ အင်္ဂလိပ်စာကောင်းသားပဲ"လို့ မဆူတဲ့အပြင်အားတောင်ပေးလိုက်ပါသေးတယ်.. (အဲလို ချစ်ဖို့ကောင်းတာပါ)... 

ဒါက တော့ မဗေဒါရဲ့ ကျောင်းသူဘဝ ပထမဆုံး ပရောဂျက်ရန်ပွဲပါ... အဲဒိ ရန်ပွဲလေးပြီးတော့ မဗေဒါ မှတ်မှတ်ရရ သူငယ်ချင်းကောင်း ၂ ယောက်ရလိုက်ပါတယ်.. တစ်ယောက်က မဗေဒါကို တော်တော်လေးနားလည်ပါတယ်.. မဗေဒါ ခုလို မသုံးတတ်မစွဲတတ်ဖြစ်နေလို့ ဒုက္ခရောက်တယ်ဆိုတာ သူမသိပါတယ်.. မဗေဒါ မျက်ရည်တရွှဲရွှဲနဲ့ ညည်းတိုင်းသူမနားထောင်ခဲ့တာကိုး... သူမကလဲ ပြည်ကြီးတရုတ်မပါပဲ.. အသက်က ၃ဝ လောက်ဆိုတော့ မဗေဒါထက် ၁ဝနှစ်ကျော်ကြီးပါတယ်.. သူမလဲ မဗေဒါကို နားလည်တော့ ဟိုပရောဂျက်လုပ်တဲ့ တရုတ်မကို တရုတ်မချင်း တရုတ်လိုသွားပြောပါတယ်.. ကိုယ့်တာဝန်ကိုယ်ယူသင့်ကြောင်း.. အငယ်ကို အနို်င်မကျင့်သင့်ကြောင်း.. (အဲဒိတုန်းက တစ်တန်းလုံးမှာ ကျွန်မအငယ်ဆုံးပါ.. သက်တူရွယ်တူတော့ ၃ယောက်လောက်ရှိပါတယ်) သွားပြောတော့.. ဟို ပရောဂျက်တရုတ်မကလဲ.. Print လေးထုတ်ခိုင်းတာ သူ့ကို လူဆိုးမကြီးလိုဖြစ်အောင်လာပြောနေတယ်ဆိုပြီး ၂ယောက်စကားများကြတာ ပိုလီသုံးနှစ်လုံး တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြတော့ပါဘူး... ကျွန်မလဲ ပရောဂျက်တရုတ်မနဲ့ ပထမနှစ်တစ်နှစ်လုံး စကားမပြောပဲနေခဲ့ပါတယ်.. 

အဲ.. ဒုတိယနှစ်ရောက်တော့ ကိုယ်ကြိုက်တဲ့ specialization လိုင်းရွေးတော့ ကျွန်မသူငယ်ချင်းတရုတ်မနဲ့ ကျွန်မနဲ့ ယူတဲ့လိုင်းမတူပါဘူး.. ကျွန်မယူတဲ့လိုင်းကို အတန်းထဲက မိန်းကလေး ၂ယောက်ပဲရွေးပါတယ်.. အဲဒါက ကျွန်မနဲ့ ပရောဂျက်တရုတ်မပါ.. ဒုတိယနှစ်စစချင်း အခန်းထဲမှာ အသိဆိုလို့ ကျွန်မတို့၂ယောက်ပဲရှိတော့ သူနဲ့ သည်းခံပြီးပေါင်းခဲ့ပါတယ်.. သူကလဲ အဲဒိအချိန်မှာ ကျွန်မကို တော်တော်လေးနားလည်နေပါပြီ... ကျွန်မကလဲ ရောက်စကလို ငတုံးတော့မဟုတ်တော့ပါဘူး.. သူ့အကြောင်းကိုလဲ ကျွန်မတဖြည်းဖြည်းသိလာပါတယ်.. 

ကျွန်မအပေါ်အမြဲကောင်းတဲ့ တရုတ်မနဲ့ သူနဲ့ကလုံးဝ စရိုက် (Type)မတူပါဘူး.. ကျွန်မကလဲ ကိုယ့်ပုံစံနဲ့ကိုယ်နေတတ်တဲ့သူ.. ဒါပေမဲ့ သူများပုံစံကိုလဲ ငါနဲ့တူရမယ်ဆိုပြီး မလုပ်တတ်တော့.. ၂ယောက်လုံးနဲ့အဆင်ပြေပါတယ်.. Final Year Project ကိုလဲ အဲဒိ ပရောဂျက်တရုတ်မနဲ့ပဲ လုပ်ဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ ဒီတစ်ခါတော့ agreement လေးနဲ့ပါ.. "ပရောဂျက်ကိစ္စနဲ့ ရန်ဖြစ်ပြီးတိုင်း ပြန်ခေါ်ဖို့ဝန်မလေးရဘူး.. တစ်ယောက်ကပြန်ခေါ်ရင်လဲ နောက်တစ်ယောက်က စကားပြန်ပြောရမယ်" ဆိုပြီး စည်းကမ်းထုတ်ထားခဲ့လို့ အားလုံးအဆင်ပြေခဲ့ပါတယ်.. ရန်ပွဲတွေက တော့ မနဲပဲပေါ့.. ဟား.. ဟား... 

နောက်အင်တာနက်နဲ့ ပတ်သတ်ပြီး မဗေဒါအရှက်ကွဲခဲ့တာလေးကို ပြောပြချင်ပါတယ်.. အရမ်းတော့မရီကျပါနဲ့နော်.. ရှက်လို့ပါ... ပထမနှစ် ဒုတိယနှစ်ဝက်( 1st year, 2nd sem) မှာ.. Elective subject ရွေးရတော့ ကျွန်မနဲ့ ကျွန်မအပေါ်ကောင်းတဲ့ တရုတ်မနဲ့ တူတူ ဂျပန်ဘာသာစကားကို ရွေးခဲ့ပါတယ်.. ဒီလိုနဲ့ ဂျပန်အတန်းကလဲ ပရောဂျက်ခေါင်းစဉ်တွေရွေးရပါတယ်.. Individual project ပါ.. ကျွန်မကလဲ အချက်အလက်ရှာရလွယ်ကူမဲ့ ထင်တဲ့ "Japanese student lifestyle" ဆိုတာကို ရွေးလိုက်ပါတယ်.. အဲဒိအချိန်ထိ မဗေဒါ internet နဲ့ research ရှာတာကို နဲနဲပါးပါးပဲလုပ်ဖူးပါသေးတယ်.. email လေး Print out လေးတော့ လုပ်တတ်နေပါပြီ.. ဒါနဲ့ ကိုယ်ကလဲ အဲလို Language တွေ Culture တွေစိတ်ဝင်စားတဲ့သူဆိုတော့ ကိုယ်တိုင် research ရှာမယ်ပေါ့.. အစ်မကို အားကိုးရတာလဲ အားနာလှပြီလေ.. ဒါလဲ မဖြစ်သင့်တော့ဘူးထင်တာပေါ့...

 ဒါနဲ့.. ကျောင်းက ကျောင်းသားတွေ computer သုံးတဲ့ Lab ကို သွား... အကျအနထိုင်.. ငါက စာလုပ်မှာပေါ့.. သူများတွေလို Lab လာပြီး Game ဆော့မှာမဟုတ်ဘူးပေါ့.. ကိုယ့်ကိုကိုယ်တောင် ပြန်မြှောက်လိုက်ပါသေးတယ်.. ပြီးတော့ အင်တာနက်ကိုဖွင့်.. Google ကိုသွား... "Japanese student lifestyle" လို့ရိုက်ထည့်လိုက်ပါတယ်.. ပြီးတော့ ပထမဆုံးတွေ့တဲ့လင့်ခ်လေးကို နှိပ်လိုက်ပါတယ်... အဲဒိမှာပြဿနာစပါတော့တယ်.... ဘယ်က Porn တွေတက်လာလဲမသိပါဘူး...အင်တာနက်မှာအဲဒါမျိုးတွေရှိလိမ့်မယ်လို့ မဗေဒါ သိတောင်မသိပါဘူး.. ဘာတွေမှန်းတောင်သေချာမသိပါဘူး.. လူလဲ ထူပူပြီး ဘာလုပ်ရမှန်းကိုမသိပါဘူး.. 

အင်တာနက် Page ကို လှမ်းပိတ်ပါတယ်.. ဒါပေမဲ့ သိတဲ့အတို်င်းပဲ.. တစ်ခုပိတ်ရင် နောက်ထပ် ၃ခုလောက်က pop up တွေထပ်တက်လာပါတယ်.. 

အဲဒါဘာလို့ဖြစ်မှန်းလဲ မဗေဒါမသိခဲ့ပါဘူး... 

ဘယ်လိုမှပိတ်လို့မရတဲ့အဆုံး.. ကွန်ပြူတာ မော်နီတာကြီးကို လက်နဲ့ပြေးကာပါတော့တယ်... သူများတွေမမြင်အောင် ကိုယ်နဲ့ပါကာပြီး ဖက်ထားလိုက်ပါတယ်.. ဘေးဘီကိုလဲ ရှက်လဲရှက်.. ဘယ်သူများမြင်သွားသေးလဲဆိုပြီး.. လှည့်ကြည့်ရပါတယ်.. တစ်ယောက်ထဲ ဝုန်းဆိုမတ်တပ်ထရပ်ပြီး.. မော်နီတာကို ပြေးဖတ်တာဆိုတော့.. လူတွေကလှည့်တော့ကြည့်ကျပါတယ်.. နောက်တော့လဲ သူတို့အလုပ်သူတို့ဆက်လုပ်ကြပါတယ်.. မဗေဒါလဲ အရူးလို့ထင်ချင်ထင်.. အဲဒိမော်နီတာပေါ်ကဟာတွေကို မမြင်ဖို့အရေးကြီးတော့.. မော်နီတာကြီးကို ကျစ်ကျစ်ပါအောင်ဖက်ထားပါတယ်.. ဘာဆက်လုပ်ရမှန်းလဲမသိပါဘူး.. ဘေးကလူတွေမြင်ရင် ဒီကောင်မလေးကျောင်းလာပြီး ဘာတွေကြည့်နေလဲလို့ထင်မှာပေါ့... လက်တွေလဲ တုန် ဒူးတွေလဲတုန်.. ဇောချွေးတွေတောင်ပြန်ပါတယ်... နောက်ဆုံးအောက်က ပါဝါကို ခြေထောက်နဲ့ လှမ်းပိတ်လိုက်ရပါတယ်.. ပြီးတော့ မဗေဒါလဲ ကိုယ့်လွယ်အိတ်ယူပြီး lab ထဲကပြေးပါတော့တယ်.. ပထမဆုံး အင်တာနက်မှာ research ရှာပြီး တွေ့ကြုံခဲ့ရတဲ့ အတွေ့ကြုံက ခါးသီးလွန်းလို့.. မဗေဒါ အင်တာနက်ကို အဲဒီ တစ် semester လုံး မထိရဲတော့ပါဘူး.. နောက်ဆုံး ကျွန်မအစ်မကိုပဲ အကူအညီတောင်းပြီ အဲဒိပရောဂျက်ကို ပြီးအောင်လုပ်ခဲ့ရပါတယ်... အဲလိုဖြစ်ပြီး.. ၁ပတ်လောက် ကျောင်းကများ warning letter လာမလား.. ကျောင်းများအထုတ်ခံရတော့မလား.. ခေါ်မေးရင်ဘယ်လိုဖြေရမလဲ.. ငါ့ကို ယုံပါ့မလား.. ဆိုပြီး.. မဆိုင်တာတွေကို အကြောက်ပိုခဲ့ရတဲ့ဘဝလေးကို လဲ ခုပြန်စဉ်းစားတိုင်း အားမလိုအားမရဖြစ်ရပါတော့တယ်... အော်.. နည်းပညာမှာ ခေတ်နောက်ကျခဲ့တော့ အပိုတွေ စိတ်ဖိစီးရပြီပေါ့.. တွေးမိတိုင်း အပြစ်တင်ချင်တာ ၁ဦးပဲရှိပါတယ်.. ကျွန်မတို့နိုင်ငံကို နည်းပညာနောက်ကျပြီး.. မျက်စိပိတ်နားပိတ်လုပ်ထားတဲ့သူပေါ့...

Wednesday, September 17, 2008

မဗေဒါ ဆိုရာဝယ်....

မဗေဒါလို့ ကြားလိုက်တာနဲ့ လူတွေက... ရေခပ်မဆင်းဘူးလား.... ဘဲအုပ်ကတစ်ရာနှစ်ရာနဲ့ မဗေဒါတစ်ပင်ထဲလား ဆိုပြီး.. ရီကျဲကျဲပြောရင် ကျွန်မစိတ်ထဲ သိပ်ဘဝင်မကျလှပါဘူး..
ခင်လို့မင်လို့ တစ်ခါတစ်ရံ စတာနောက်တာကို မဗေဒါ စိတ်ထဲမထားပေမဲ့... တချို့က မဗေဒါနဲ့ စတွေ့လို့ နာမည်ပြောလိုက်တာနဲ့ စပ်ဖြီးဖြီးလေသံနဲ့ အဲလိုပြောတာကို သဘောမကျလှတာပါ...
မဗေဒါ အဓိပ္ပါယ်ရှိရှိ ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးထားတဲ့ ဒီနာမည်လေးကို ပျက်ရယ်ပြုတဲ့သဘောမျိုးကို မဗေဒါ မလိုလားပါဘူး..
ဒီတော့ မဗေဒါနာမည်ကို ဘာကြောင့်ရွေးတယ် ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ပေးထားတယ်ဆိုတာလေးကို ပြောပြသင့်လာပြီလို့ထင်ပါတယ်..

ပထမဆုံး ပြောပြချင်တာကတော့ ကျွန်မရွေးထားတဲ့ မဗေဒါဆိုတာ ရေဗူးပေါက်သေးသေးလေးနဲ့ ရေခပ်ဆင်းတဲ့ ခပ်တုံးတုံး မဘေဒါကိုရည်ညွန်းတာမဟုတ်ပါဘူး...
"ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါကတစ်ပင်တည်း" ဆိုတဲ့ ဆရာဇော်ဂျီရေးတဲ့ ဗေဒါလမ်းကဗျာထဲက မဗေဒါပါ...
ဒါကြောင့် "မဗေဒါရေ တစ်ပင်ထဲလား..ဘဲအုပ်တစ်ရာနှစ်ရာနဲ့လား" လို့မေးရင်.. "ဟုတ်ပါတယ်"လို့ပဲ ပြန်ပြောမှာပါ...
ဒီတော့ တချို့လူတွေက ဘဲအုပ်တစ်ရာနှစ်ရာဆိုပြီး တစ်လွဲတွေးကြပြန်ပါတယ်...
သူတို့တွေးတဲ့ ဘဲက ဘမ်းစကား.. ရည်းစားဆိုတာမျိုးကိုပါ.. လေသံတွေကို နားထောင်ပြီးခံစားရတာကိုပြောတာပါ..
(လူကို ထိကပါးရိကပါး စချင်နောက်ချင်တဲ့လေသံမျိုးနဲ့ပြောတာကို မခံချင်တာပါ)

ဒီတော့ မဗေဒါရဲ့ ဘဲအုပ်ဆိုတာဘာကို ဆိုလိုတာလဲ နားလည်သည်ပဲ ဖြစ်စေ..
နားမလည်သေးဘူးပဲ ဖြစ်စေ.. မဗေဒါကတော့ ရှင်းပြဖို့တာဝန်ရှိလာပါပြီ...
မရှင်းပြခင် ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာလေးကို အရင် ဖော်ပြပေးချင်ပါတယ်...

ဗေဒါလမ်း

ရေးသူ-ဆရာဇော်ဂျီ
မူရင်းအဆိုရှင်- ဒေါ်ကြည်ကြည်ဌေး


ညိုပြာပြာ လတာပြင်ခြေရင်း...
လှိုင်းတက်ရာ ဗေဒါတက်...
လှိုင်းသက်ရာ ဆင်း...

အဆင်းနဲ့အလာ...
ဗေဒါမှ အထွေး...
အုန်းလက်ကြွေ ရေပေါ်လော...
မျောစုန်လို့လာ...

အဆင်းနဲ့ အလာ...
ဗေဒါမှ အထွေး...
အုန်းလကကြွေ သူ့နံဘေး...
ဆောင့်ခဲ့ပြန်သေး..

ဆောင့်ခဲ့လဲ မသက်သာ...
နောက်တချီ ဒီတလုံးက..
ဖုန်းလိုက်ပြန်ပါ...
မြုပ်လေပေါ့ ပေါ်မလာ...
မဗေဒါအလှ တစ်လံကွာလှိုင်းအကြွ
ပေါ်လိုက်ပြန်ရ...

ပေါ်ပြန်လဲ မသက်သာ...
ချောင်းအဆွယ် မြောင်းငယ်ထဲက...
ဘဲထွက်လို့လာ...
ဘဲအုပ်က တစ်ရာနှစ်ရာ...
မဗေဒါက တစ်ပင်ထဲ...
အယက်အကန်ခံလို့...

ဗေဒါပြန်အံကိုခဲ...
ပန်းပန်လျက်ပဲ...


ရွှံ့ညွန်တွေနဲ့ တူတဲ့ ဘဝအမောတွေကြား အုန်းလက်တွေ၊ ဒီလှိုင်းတွေ၊ ဘဲကောင်တွေနဲ့တူတဲ့ လောကဓံတရားတွေရဲ့ အထုအထောင်းတွေကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဇွဲနဲ့ အလျော့မပေးပဲ ဘဝကိုအောင်မြင်အောင် အံကိုခဲပြီး ကြိုးစားလျှောက်လှမ်းသွားမယ်ဆိုတဲ့အကြောင်း...
ဒီကဗျာလေးကို မဗေဒါ ရုပ်ရှင်ဇာတ်ကားမှာတော့ ဒေါ်ကြည်ကြည်ဌေးက သူမကိုသစ္စာဖောက်ကာ ငွေနောက်လိုက်ပြီး ချမ်းသာတဲ့မိန်းမနဲ့လက်ထက်သွားတဲ့ သူမချစ်သူ ကောလိပ်ဂျင်နေဝင်းကို ပေးတဲ့စာအဖြစ်နဲ့ ဇာတ်ဝင်တေးအဖြစ်အသုံးပြုခဲ့ပါတယ်..
ဒေါ်ကြည်ကြည်ဌေးရဲ့သီချင်းဆိုတဲ့ ဟန်တွေမာန်တွေကိုကြည့်ပြီး ဒီကဗျာနဲ့ပတ်သတ်ပြီး မဗေဒါခံစားရတာနောက်တစ်ခုက ပြိုင်ဘက်ကို စိန်ခေါ်တဲ့ ခံစားချက်မျိုးပါ..
အားမတန်လို့ အလျော့ပေးရပင်မဲ့ သူမဘဝအတွက် ကောင်းရာကောင်းကြောင်းတွေကိုပဲ လက်မလျော့ပဲဆက်လုပ်သွားမည်ဖြစ်ကြောင်း...
မခံချင်စိတ်.. ခပ်ရွဲ့ရွဲ့နဲ့ လောကမှာ ထင်ထားတာတွေဖြစ်မလာလဲ .. ဘဝတိုက်ပွဲကို ဘယ်သူမှအားမကိုးပဲ ကိုယ်တစ်ယောက်ထဲ အားမာန်အပြည့်နဲ့ဆက်တိုက်ပွဲဝင်သွားမယ် ဆိုတဲ့အကြောင်း..

"အံကိုခဲ" ဆိုတဲ့စကားလုံးက သူမဘဝအမော အတိုက်အခိုက်တွေရှိတယ်ဆိုတာကိုဖော်ပြပြီး...
"ပန်းပန်လျက်ပဲ" ဆိုတဲ့စကားလုံးလေးက သူမအရှုံးမပေး ဂရုမစိုက်ပဲ အေးအေးဆေးဆေးကျော်ဖြတ်သွားမယ်ဆိုတဲ့ ခံစာချက်လေးကိုပေးပါတယ်...
ကဗျာတစ်ပုဒ်လုံးမှာ အဲဒိနေရာလေးကို အကြိုက်ဆုံးပဲ..
မဗေဒါစိတ်ဓာတ်ကျအားငယ်နေချိန်တွေမှာ အဲဒိကဗျာလေးကို သတိရလိုက်ရင်.. ရှေ့ဆက်လျှောက်ဖို့ ခွန်အားပေးသလိုခံစားလို့..
ဒီနာမည်လေးကို Nick name အဖြစ် ကိုယ့်ကိုကိုယ်ပေးခဲ့တာပါ..

မဗေဒါမှာ အလကားနေအားငယ်တတ်.. စိတ်ဓာတ်ကျတတ်တဲ့အကျင့်ရှိပါတယ်..
အဲဒိလိုခံစားရချိန်တွေမှာ လောကကြီးကို အရှုံးပေးချင်စိတ်.. တခါတလေ အသက်တောင်ဆက်မရှင်ချင်လောက်အောင်ဖြစ်တဲ့အချိန်..
ဘဝကို ဆက်တိုက်ချင်စိတ်မရှိတော့တဲ့ အချိန်တိုင်းမှာ...
အဲဒိနာမည်လေးကိုကြားတာနဲ့ ကဗျာတစ်ပုဒ်လုံးကို သတိပေးလိုက်သလိုမျိုးမို့ ကြိုးစားချင်စိတ် ဘဝနဲ့ဆက်ပြီးပြိုင်ပွဲဝင်ဖို့ မခံချင်စိတ်တွေနဲ့ အားမာန်အပြည့်ပေးလို့..
ဒီနာမည်လေးရဲ့ အဓိပ္ပါယ်ကို မြတ်မြတ်နိုးနိုးပေးခဲ့တာပါ..

ဘဝကို အံခဲပြီး ကျော်ဖြတ်တယ်ဆိုမှ.. Bill Gate ပြောခဲ့တဲ့စကားလေးတစ်ခွန်း သွားသတိရမိလို့ဝေငှချင်ပါသေးတယ်..
သင်လူဆင်းရဲ လူမွဲဘဝဖြင့် မွေးဖွားလာခြင်းသည် သင်ညံ့၍မဟုတ်...
သင်လူဆင်းရဲ လူမွဲဘဝဖြင့် သေဆုံးသွားလျှင်သာ သင်ညံ့၍ဖြစ်သည်.. ဆိုတဲ့အတိုင်း..
လောက အပြိုင်အဆိုင် အတိုက်အခိုက်တွေကြားမှာ အံခဲပြီး အောင်မြင်မှုကိုရယူနိုင်ရမည်ဆိုတဲ့ အကြောင်း...

ကဲ.. ဒီလောက်ဆို မဗေဒါရဲ့ နာမည်အဓိပ္ပါယ်လေးကို သဘောပေါက်လောက်ပြီထင်ပါတယ်...
နောင်တစ်ချိန် မဗေဒါဆိုတဲ့ နာမည်ကို ပေါ့ပျက်ပျက်နဲ့ ပျက်ရယ်ပြုတဲ့ သူကို ဒီပိုစ့်လင့်ပေးပြီးသာ ဖတ်ခိုင်းလိုက်ပါတော့မယ်..
ဒါမှ နားမလည်သေးဘူးဆိုရင်တော့.. ထိုသူသည် မဗေဒါစကားမပြောအပ်သော ဥပေက္ခာပြုစာရင်းတွင် ရာသက်ပန် ရက်ဂျစ်စတာလုပ်ပြီးသာပင်တည်း..

အားလုံးလဲ ဘဝခရီးလမ်း အတိုက်အခိုက်တွေကြားမှ အောင်မြင်မှုကို ရယူနိုင်ကြပါစေ...

Tuesday, September 16, 2008

ဘလော့ဒေးဗွီဒီယိုနှောင့်နှေးမှု နှင့်ပတ်သတ်၍ အသိပေး ကြေငြာချက်...

ကျန်းမာတော်မူကြပါစရှင်....
ယနေ့ ညနေပိုင်း/မနက်ပိုင်း/၂၄နာရီ (အိုဘယ်အချိန်ဖြစ်ဖြစ်) သတင်းများကို မဗေဒါကကြေငြာပါတော့မယ်...

သတင်းခေါင်းစဉ်... ဘလော့ဒေးဗွီဒီယို ထွက်ရှိရေး နှောင့်နှေး





သတင်းအစုံအလင်မှာ...................
မဗေဒါ၏ အင်တာနက်ကွန်နက်ရှင်မှာ လိုင်းအသစ်ပြောင်းလဲလျှောက်ထားနေသောကြောင့် လွန်ခဲ့သော အပတ်က ပြတ်တောက်နေခဲ့ကြောင်း ဘလော့ဂါ မောင်နှမသူငယ်ချင်းတို့ အသိပင်ဖြစ်ပေမည်...
ထိုအတောအတွင်း စကာင်္ပူရှိမြန်မာဘလော့ဂါများတွေ့ဆုံပွဲ၌ ဗွီဒီယို မှတ်တမ်းတင် ရိုက်ကူးပေးခဲ့သော မဗေဒါသည် အင်တာနက်မရှိငြားလဲ ကြိုးစားပမ်းစား မစုတ်မနှင့်သောဇွဲနှင့် အချိန်ရှိခိုက်လုံ့လစိုက်၍ အင်တာနက်ရတာနှင့် တင်နိုင်ရန် တည်းဖြတ်ခြင်းအမှုကို ပြုနေခဲ့၏...
ဗွီဒီယို၏အချို့သောနေရာများ၌ ရိုက်ကူးထားသော ဓာတ်ပုံလေးများကို ထည့်သွင်းဖော်ပြခဲ့ချင်သောကြောင့် ဗွီဒီယိုချည်းသက်သက် အကြမ်းမျှသာ တည်းဖြတ်ကာ အင်တာနက်ရမှ ဓာတ်ပုံများ ဒေါင်းလုပ်ဆွဲ၍ ထည့်ကာ အချောပြန်သက်မည်ဟု တွက်ဆထားခဲ့၏...

သို့သော်.......
အင်တာနက်ပြန်ရပြီးနောက် မဗေဒါ၏ မှန်းချက်မျှော်လင့်ချက်များ တစ်ခါမှ ဖြစ်မလာခဲ့ဘူးသည့် ကံအတိုင်း...
ကွန်ပြူတာ ပျက်သွားပါသည်...စစ်စတန်ပုံးကို ပါဝါဖွင့်လျှင်ပုံမှန်းအတိုင်းပွင့်နေသော်လည်း.. မော်နီတာတွင်ဘာမှပေါ်မလာပါ...
မော်နီတာပျက်နေခြင်းလဲမဟုတ်ပါ... ကျိုးလွတ်နေခြင်းလဲမရှိပါ..
မဗေဒါသည်လဲ ကားမောင်းတတ်ပြီး ကားမပြင်တတ်သောသူကဲ့သို့ လည်းကောင်း..
မိဘပေးစားသော မရင်းနှီးမကျွမ်းဝင်သောသူကို ခင်ပွန်းတော်ရသည့် သတို့သမီးကဲ့သို့လည်းကောင်း..
ကွန်ပြူတာနှင့် အမြဲမျက်နှာချင်းဆိုင်အသုံးပြုနေပါသော်ငြား... သူမရှိလျှင် နေမထိထိုင်မသာ ဖြစ်တတ်သော်ငြား..
သူ့အကြောင်းကိုလေ့လားဖို့ကြိုးစားတိုင်း ဘယ်တော့မှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့သည့် မဗေဒါ၏ ဥာဏ်ရည်ကိုသာအပြစ်တင်ရတော့မည်ဖြစ်သည်...
မဗေဒါ၏ ချစ်လှစွာသော အစ်မပြောပြချက်အရ ဝင်းဒိုးမကောင်းဆိုလား.. ဂရပ်ဖစ်ကပ်က ကွန်မြူနီကိတ်မလုပ်၍ဆိုလား..
ဟတ်ဒစ်(စ်)က သွားခံနီးပြီဆိုလား...(မဗေဒါနားလည်သလောက် ဟတ်ဒစ်(စ်)သွားလျှင် သိမ်းထားသမျှ ဒေတာများအားလုံးပါသွားမည်ဖြစ်ကြောင်းသတိထားမိ)
ထို့ကြောင့် စာဖတ်သူများလဲယခုလောက်ဆိုသဘောပေါက်လောက်ပြီထင်ပါသည်...
မဗေဒါ၏ စကာင်္ပူဘလော့ဂါတွေ့ဆုံပွဲ ဗွီဒီယို ထွက်ရှိမည့်ရက်ကို ခေတ္တမျှ ရက်အကန့်အသက်မရှိရပ်ဆိုင်းထားပါသည်...
ကွန်ပြူတာပြင်၍ ဒေတာများမပျက်စီးပါက အမြန်ဆုံးထွက်ရှိမည်ဖြစ်ပြီး..
ဒေတာများပျက်စီးပါက အစအဆုံး (အဟင့်.. ဟင့်).. ပြန်လည်.... (ဟင့်.....ဟီး..ရွှတ်) တည်းဖြတ်ရမည်ဖြစ်၍ စိတ်ရှည်စွာစောင့်ဆိုင်းကြပါရန်
မေတ္တာအကျိုးမျှော်၍ နှိုးဆော်...(အဲလေ)... မေတ္တာရပ်ခံအပ်ပါသည်...




ဤတွင်မဗေဒါ၏ ဘလော့ဂါဒေးဗွီဒီယိုနှင့်ပတ်သတ်၍ သတင်းများကို ကြေငြာလို့ပြီးပါပြီ...
ကိုယ်စိတ်နှဖြာ ကျန်းမာ... ချမ်းသာစွာ စောင့်နိုင်ကြပါစေ ရှင်....

သတင်းပေးပို့သူ...
ပရော်ဖက်ဆာ မဗေဒါ..

Wednesday, September 10, 2008

TeTeTuTu Game

ပြီးခဲ့တဲ့လ မဗေဒါ့အိမ်မှာ အလှူလုပ်တုန်းက သူငယ်ချင်းတွေရယ် အစ်မတွေရယ်နဲ့ ကစားဖြစ်တဲ့ ကစားနည်းလေးပါ..
အစ်မရဲ့ သူငယ်ချင်း ထွင်ထားတဲ့ ကစားနည်းလေးပါ...
ဒီလူတွေစုမိပြီဆိုရင် လောကကြီးကို မေ့ပြီး ကစားကြတော့တာပါပဲ.. ကလေးစိတ်မကုန်သေးဘူးပဲပြောပြော..
မဗေဒါကတော့ အဲလိုကစားရတာကြိုက်တယ်...
မဗေဒါမွေးနေ့တုန်းကလဲ ရည်းစား(မှတ်ချက် ယခုမရှိတော့.. ဟီး..) ကြောင့်စိတ်ညစ်ရမဲ့အစား..
မဗေဒါမိသားစုနဲ့ အဲဒိသူငယ်ချင်းတွေနဲ့ပဲ စုပြီး East Coast Beach မှာ မုန့်တွေထည့် လူကြီးတွေအိပ်ဖို့ ယာယီတဲထိုးပေးပြီး..
ကျွန်မတို့တတွေ ညလုံးပေါက် ခုန်ပေါက်ကစားနေခဲ့တဲ့အတွက် ကျွန်မမွေးနေ့လေးမှာ ပျော်ခဲ့ရပါတယ်..
မဗေဒါမွေးနေ့မှာ suprise လိုချင်တယ်ဆိုပြီး နှစ်တိုင်းမရခဲ့ပါဘူး.. ကိုယ့်မွေးနေ့မှာ အိမ်မှာချက်ကျွေးပြီး ဖိတ်ခဲ့ရတာချည့်ပါပဲ..
ဒါပေမဲ့ ဒီနှစ်တော့ စိတ်ကလဲ ညစ်နေခဲ့တာနဲ့.. ကိုယ့်ဘာသာကိုယ် ပေပေတေတေမွေးနေ့ကို ကျော်ဖြတ်မယ်ဆုံးဖြတ်ထားကာမှ...
မထင်မှတ်ပဲ အစ်မတွေဆီက မွေးနေ့ကိတ်နဲ့ ညလုံးပေါက် ကစားမဲ့ အစီအစဉ်ကို ဖြစ်မြောက်သွားတော့ တော်တော်ဝမ်းသာမိပါတယ်..
ညီအစ်မတွေကတော့ ဒီလိုပါပဲ.. ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ..

ကဲ.. ဒါတွေထားပါတော့.. ခုပြောချင်တာက ကစားနည်းအကြောင်း.. ဒီကစားနည်းလေးကို ၆ရက်နေ့က ဘလော့ဂါဆုံပွဲမှာ
မဗေဒါ ဝေငှခဲ့ပါသေးတယ်.. အဲဒိတုန်းက မိုးကသဲကြီးမဲကြီးနဲ့ မှောင်နက်မဲမဲဖြစ်တာကတစ်ကြောင်း..
လူများတော့ မှောင်ထဲမှာ ဘယ်သူ့ကို ပစ်လိုက်လဲ သဲသဲကွဲကွဲ မမြင်ရတော့.. ကစားနည်းလေးက ပျော်သင့်သလောက်မပျော်ခဲ့ရပါဘူး..
ခု အောက်က ဗွီဒီယို လေးကို ကြည့်ပြီး ဘယ်လိုကစားရတယ်ဆိုတာ သဘောပေါက်မပေါက်.. ကွန်မန့်မှာ ဖြေသွားကြပါအုံး...
စာဖတ်သူတို့သူငယ်ချင်းတွေနဲ့ ဆုံရင်လဲ စမ်းကြည့်ကြပေါ့နော်... ပျော်စရာကောင်းမှာပါ...

လတ်တလော ခံယူချက်တွေ

တစ်ခါမှနာမည်တပ်ပြီး Tag တာ မခံရဖူးဘူး.. ဒီတစ်ခါတော့ zeRoTraSh Tag တာ ရော.. ဟိုကောင် ဘိုဘို(Emotion of mind/Goat) နားပူနားဆာလာလာလုပ်နေတာရော ကြောင့် မြန်မြန်ရေးမှ နားအေးတော့မှာမို့.(၂ရက်လဲကျော်ပြီဆိုတော့) ရေးလိုက်ပါပြီ...

ကိုယ့်နာမည် --- မဗေဒါ
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် --- မဗေဒါ.. ဗေဒါမ... ဗေဒါ
ကိုယ်ဒီမှာနေတယ် --- အိမ်မှာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် --- အိပ်နေတဲ့အချိန်တော့မဆက်နဲ့.. အပေါက်ဆိုးတယ်နော်..
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် --- အစိမ်း... အနက်... အဖြူ
အ၀တ်အစားဆိုရင် --- လိုက်မယ်ထင်တာ အကုန်ဝတ်တယ်
အစားအစာဆိုရင် --- မြန်မာထမင်း ဟင်း (ငပိမပါ)
ပစ္စည်းဆိုရင် --- လက်ဆောင်ပေးမယ်ဆိုရင်တော့ အကုန်ယူတယ်
သီချင်းဆိုရင် --- အခြေအနေ အချိန်အခါနဲ့ မဗေဒါရဲ့ ခံစားချက်ပေါ်မူတည်ပြီးကြိုက်တယ်.. များသောအားဖြင့် ရော့ခ်...
စာရေးဆရာ --- စာဖတ်ပျင်းပါတယ်ဆို... အစအဆုံးဖတ်ဖူးတဲ့ စာရေးဆရာကတော့ ဖေမြင့်
စာအုပ် --- ကာတွန်း၊ စုံထောက်ဝတ္တု၊ နှလုံးသားအဟာရ...
Life style --- ပျော်စရာကောင်းပြီး ဂရုစိုက်တတ်တဲ့ မိသားစုရှိတယ်...
ကိုယ့်ရဲ့ဝါသနာ --- အရင်ကတော့ ရုပ်ရှင်ကြည့်တာပဲ.. ခုတော့ ရုပ်ရှင် ဖန်တီးတာပါ ဝါသနာပါလာပြီ...
အလိုချင်ဆုံးလက်ဆောင် --- အလကားရတဲ့လက်ဆောင်တောင် အလိုချင်ဆုံး မလိုချင်ဆုံးရှိသေးလား...
ကိုယ့်ရဲ့ အချစ်ဆုံးသူက --- အဖေ၊ အမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက --- ဗုဒ္ဓ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက --- ဝေးနေနေ နီးနေနေ သူတို့အကြောင်းစဉ်းစားမိရင် အထီးကျန်မဆန်အောင် ဖန်တီးပေးတဲ့သူ.. လိုအပ်ချိန်တိုင်းမှာ ကိုယ့်ဘက်ကရပ်တည်ပေးသူ...
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - - - အမ (အကြီးဆုံး ထင်တာပဲ)
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- သစ္စာမရှိတဲ့သူ... တာဝန်မယူတတ်တဲ့သူ.. ကတိဖြတ်တဲ့သူ.. ချိန်းပြီးနောက်ကျတတ်တဲ့သူ... နောက်ကျောဓားနဲ့ထိုးတဲ့သူ...
ရင်အခုန်ဆုံးအချိန် --- ပေါင်ချိန်စက်ပေါ်တက်တဲ့အချိန်
အကြောက်ဆုံးအချိန် --- ဖေဖေ နဲ့ မေမေ မရှိတော့မဲ့ အချိန်
အပျော်ဆုံးအချိန် --- UFL တက်တုန်းက အချိန်...
အမှတ်တရနေ့ --- ပျော်ခဲ့ရတဲ့နေ့တွေတိုင်းကို အမှတ်ရချင်တယ်.. တချို့နေ့တွေကျတော့လဲ မှတ်မထားချင်ပေမဲ့ နေ့စွဲကအစမှတ်မိနေသေးတယ်...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု --- ဆုတောင်းလိုက်တိုင်း ပြည့်ရပါလို၏
အချစ်ဆိုတာ --- နီးစပ်မှု၊ ပူလောင်မှု၊
အမုန်းဆိုတာ --- တစ်ခါမှတော့ လူတစ်ယောက်ကိုစွဲစွဲလမ်းလမ်းမမုန်းဖူးဘူး.. မဗေဒါအတွက်တော့ အမုန်းဆိုတာ ဥပက္ခာပဲ...
အလွမ်းဆိုတာ --- ကိုယ့်ကိုကိုယ်သနားတဲ့အခါ တစ်စုံတစ်ရာကို မှန်းပြီးစိတ်ဓာတ်ကျခြင်း
သံယောဇဉ်ဆိုတာ --- အေးချမ်းတယ်.. အချစ်ထက်ပို ခိုင်မြဲတယ်
ဘ၀ဆိုတာ --- ဆိုးဆိုးကောင်းကောင်း ဆက်လျှောက်နေရအုံးမဲ့ လမ်း...
သူငယ်ချင်းဆိုတာ --- ရန်ဖြစ်ပြီးလဲ ကြာကြာစိတ်ဆိုးလို့မရဘူး.. သူတို့နဲ့နေရင် ဟန်ဆောင်မှုကင်းပြီး.. အရှိအရှိတိုင်းဆက်ဆံလို့ရနေတာ... ပါးစပ်နဲ့မပြောပေမဲ့ ကိုယ့်အပေါ်အမြဲနားလည်မှုရှိနေတာ... စိတ်ဓာတ်ကျနေချိန်ကိုယ့်အနားမှာ သူတို့မရှိပေမဲ့ သူတို့အကြောင်း စဉ်းစားမိလိုက်တာနဲ့ အားရှိစေတဲ့သူ... ချစ်သူဆိုတာ --- ဘဝမှာ အမြဲဟန်ဆောင်လိမ်ညာပြီး ဆက်ဆံနေရမဲ့လူ... (အရှိအရှိအတိုင်းဆက်ဆံခဲ့လို့.. အားလုံးထက်သာအောင် ဦးစားပေးခဲ့လို့.. အလိမ်ခံခဲ့ရတယ်)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် --- စကားပြောရင့်တယ်လို့.. (တမင်လုပ်ခြင်းမဟုတ်.. အကျင့်ဖြစ်နေခြင်းသား)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --- လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးနေတာ... မိမိကိုယ်သာကိုးကွယ်ရာ...
အပြောချင်ဆုံးစကားတစ်ခွန်း --- မဗေဒါဘလော့ကို နေ့တိုင်းလာလည်နော်... နောက်တစ်ခုရှိသေးတယ်.. ရုပ်ရှင်ကြည့်ရင် လေးလေးစားစားကြည့်ကြပါ.. စိတ်မပါရင် မကြည့်နဲ့...

ကဲ မဗေဒါလဲ ထပ် tag လိုက်မယ်နော်.... တော်တော်များများက ရေးပြီးနေကြပြီဆိုတော့ tag ရမဲ့လူတောင်သိပ်မကျန်တော့ဘူး.. အင်္ဂလိပ်လိုရေးတဲ့ ဘော်ဘော်ဘလော့ဂါလေးတွေကိုပါ tag လိုက်မယ်.. စိတ်ရှိရင်လဲ ရေးပေးကြ.......... စိတ်မရှိရင်လဲ နွားမွေးပြီးရေးပေးကြကုန်လော့....
၁) မ(စ်)သွန်းသွန်း
၂) ကိုကျော်ဇေယျ
၃) အိပ်မက်ဒိုင်ယာရီက ပိုင်
၎) FFOX
5) ကိုဟန်လင်းကျော်
၆) ပုလုကွေး
၇) TommyGirl

Monday, September 08, 2008

ရောက်တတ်ရာရာ

မဗေဒါမှာ ခုတလော ရေးစရာတွေများပါတယ်.. ကြွားစရာလဲရှိတယ်.. ရောင်းစရာလဲရှိတယ်... ပြစရာတွေလဲရှိတယ်...
ဖောက်သည်ချစရာအကြောင်းတွေလဲရှိတယ်..
ဒါပေမဲ့တစ်ခုမှကို အလုပ်မဖြစ်ဘူး... အိမ်မှာအင်တာနက်မရသေးလို့.. ဟိုနေ့က အိုင်တီရှိုးမှာထဲက အင်တာနက်လျှောက်လာတာ..
ခုထိမရသေးဘူး.. ၁၁ရက်နေ့ ကြာသပတေးနေ့မှရမယ်တဲ့.. ကဲ.. ဒီလောက်ကြာသင့်သလားပြော... ဟွန်း...
အလုပ်မှာရေးလို့ရပေမဲ့.. မဗေဒါက ဓာတ်ပုံလေးတွေပါထည့်ချင်တော့.. မဖြစ်ဘူးဖြစ်နေတယ်.. နောက်မှကြွားတော့မယ်.. ဟဲ. ဟဲ..

အင်တာနက်မရှိတာ.. အိမ်မှာ ဘယ်ဟောင်ဟောင်နဲ့ ယောင်ချာချာအရူးတစ်ပိုင်းဖြစ်နေပြီ..
မနေ့ကတော့... ဘလော့ဂါ တွေ့ဆုံပွဲလေးမှာတော့ မဗေဒါက ဝါသနာမနေသာတော့... ဗွီဒီယိုမှတ်တမ်းလေးတင်ပေးခဲ့လေတော့..
အဲဒါလေး အက်ဒစ်လုပ်ဖို့တော့ ရှိတယ်.. ဘာသီချင်းနောက်ခံထည့်ရမှန်းမသိလို့... အိုင်ဒီယာရှိရင်ပေးကြပါအုံး...
ဘလောဂါ ဆုံပွဲလေးအကြောင်းကိုတော့ ဗွီဒီယိုပြီးမှ တစ်ခါတဲ ရေးပြီးပြောပြတော့မယ်နော်..
ဒီလကုန်လောက်မဗေဒါ ဂျပန်အလည်ခရီးသွားမလို့ရှိတယ်... အဲဒိအကြောင်းလေးလဲရေးချင်သေးတယ်..

ခုတစ်လောလဲ အလုပ်ကနေ့တိုင်းသွားနေရသလို ခံစားနေရတယ်..
အင်တာနက်လေရှိတယ်လေဆိုပြီး မရှိရှိတာလေး ရှာကျန်ပြီး အလုပ်သွားချင်စိတ်မွေးနေရတယ်...
လူလဲ အပျင်းပိုးကပ်နေလားမသိပါဘူး... အလုပ်ကိုလုပ်ချင်စိတ်မရှိတော့ဘူး... (တိုးတက်အုံးမယ်..)
အဲ.. အလုပ်သာလုပ်ချင်စိတ်မရှိတာ.. တခြားလုပ်ချင်တာတွေကတော့ များမှများ....

ွဗွီဒီယို အက်ဒစ်သင်တန်းတက်ချင်တယ်...
ဗွီဒီယိုရိုက်ရင်သုံးတဲ့ မီးစလိုက်သွားဝယ်ချင်တယ်...
ကားမောင်းသင်ချင်တယ်..
ဂစ်တာတီးသင်ချင်တယ်..
အကသင်ချင်တယ်..
ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဝယ်ချင်တယ်...
အိမ်မှာ အရင်ကရိုက်ထားတဲ့ home video တွေကို သီချင်းလေးတွေနဲ့ အက်ဒစ်လုပ်ချင်တယ်..
ဘလော့ကိုလဲ နေ့တိုင်း update လုပ်ချင်တယ်...
စာအရေးအသားတိုးတက်အောင် စာတွေလဲ ဖတ်ချင်တယ်...
သူငယ်ချင်းနဲ့တွေ့ဖို့ ဂျပန်သွားချင်တယ်...
ဆံပင်ပါးပြီး ကျွတ်လွန်းလို့.. hair treatment ၇ခါ package ဝယ်လုပ်တာလဲ မထူးလို့... နောက်တစ်ဆိုင်ပြောင်းလုပ်ချင်တယ်...
ပိန်ချင်တယ်...
တက္ကသိုလ်ဆက်တက်ချင်တယ်...
စကိတ်စီးတတ်ချင်တယ်...
... ချင်တယ်...
...ချင်တယ်....
... ချင်တယ်.....

အားးးးးးးးးးးးးးးးးးးး... နောက်ဆုံး နိဂုံးချုပ်လိုက်တော့ လုပ်ချင်တာအားလုံးက ပိုက်ဆံရှိမှဖြစ်မယ်...
ပိုက်ဆံရဖို့ အလုပ်ကို ခွေးလို နွားလို ရုန်းလုပ်ရအုံးမယ်...
အချိန်ပိုမသွားချင်လဲ သွားရအုံးမယ်....
အိပ်ရေးပျက်လဲ ငုတ်တုတ်ထိုင်ပြီး ဇွန်ဘီတစ်ကောင်လိုဖြစ်နေပြီ..
အိမ်ပြန်ရောက်တော့ ပင်ပန်းပြီး အိပ်တယ်.. လုပ်ချင်တာတွေ လုပ်စရာရှိတာတွေဘာမှ မလုပ်ဖြစ်ဘူး..
ညပိုင်းဆိုတော့ နေ့နဲ့ညကိုယ်ဗြောင်းပြန်ဖြစ်နေတော့ ၁ရက်နားတဲ့ ၁နေ့လုံးအိပ်တယ်..
ကိုယ်တကယ်နိုးတော့ ဘာမှလုပ်လို့မရတဲ့ အားလုံးအိပ်နေတဲ့ ညဘက်..
ကွန်ပြူတာတောင် ခပ်ပြင်းပြင်းရိုက်လို့မရဘူး.. အိပ်နေကြတော့...
ဒီလိုနဲ့ လည်ပတ်နေတာ..... ဟင်း... ဘဝ.. ဘဝ...
ဘဂုံးနဲ့ ဝလုံးနဲ့ပေါင်းထားပေလို့ပဲ...
ဒါပေမဲ့ မဗေဒါ စိတ်ညစ်နေတယ်.. စိတ်ဓာတ်ကျနေတယ်လို့တော့မထင်နဲ့နော်..
ခုလို ညည်းလိုက်ရတာ.. စိတ်ထဲကို ပေါ့သွားတာပဲ.. ပြောတော့ဘူး..
နောက်မှပဲဆက်ရေးတော့မယ်...... ဘိုင်ဘိုင်....

Monday, September 01, 2008

မေတ္တာရပ်ခံချက် (For SG blogger Gathering)...

MBS(Myanmar Blogger Society) မှာ စကာင်္ပူဘလော့ဂါတွေ တွေ့ဆုံပွဲနဲ့ ပတ်သတ်ပြီး မမီ(မယ်လိုဒီမောင်)က တော့ပစ်အသစ်ဖွင့်ပြီး ဆွေးနွေးရာမှာ
မဗေဒါက East coast မှာ BBQ pit ငှားပြီးလုပ်ဖို့ လွန်ခဲ့တဲ့ အပတ်လောက်က အကြံပေးခဲ့ပါတယ်.. အဲ ဒိနောက်ပိုင်း မဗေဒါအိမ်မှာ အင်တာနက်ခေတ္တ ပြတ်တောက်နေပါတယ်...
အလုပ်ကနေ အင်တာနက်သုံးလို့ရလို့ ဘလော့ကို update လုပ်ဖြစ်တယ်ဆိုပေမဲ့... MBS website ကိုတော့ အလုပ်ကနေကြည့်လို့မရခဲ့ပါဘူး.. ကျမအလုပ်က ပိတ်ထားပါတယ်...
လွန်ခဲ့တဲ့ ၃ရက်လောက်ကမှ ဘိုဘို(Emotion of Mind)နဲ့ အွန်လိုင်းတွေ့တော့မှ မဗေဒါနဲ့ သူ့ကို East coast မှာ BBQ pit ငှားဖို့ တာဝန်ပေးထားမှန်းသိရပါတယ်..
အဲဒိနေ့ထိ မဗေဒါလဲ သေသေချာချာမသိရသေးတာက တစ်ကြောင်း... ဘိုဘိုနဲ့လဲ နောက်ရက်မှတိုင်ပင်ပြီး booking တင်မယ်ပြောဖြစ်တာနဲ့ ..
အဲဒိနေ့ကမတင်ဖြစ်ခဲ့ပါဘူး.. အဲဒိနေ့က အွန်လိုင်းမှာ ကြည့်တော့ East coast BBQ pit ၃ခုကျန်ပါသေးတယ်..
ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ရက်မဗေဒါက အလုပ်ပိတ်ပါတယ်.. အလုပ်ပိတ်တော့ အင်တာနက်လဲသုံးလို့မရခဲ့ပါဘူး...
နောက် တစ်ရက်ကျော်ကျတော့မှ မမီကလဲ မဗေဒါကို ဖုန်းဆက်ပြီး သေချာကြောင်းပြောပါတယ်.. ဘိုဘိုကလဲ ပြောပါတယ်..
မဗေဒါကလဲ အလုပ်က ညတာဝန်ဆိုတော့ အင်တာနက်သုံးပြီး နေရာငှားဖို့က ညမှလုပ်လို့ရမှာဆိုတော့...
အလုပ်ရောက်ရောက်ချင်းပဲ book ဖို့ကြည့်လိုက်တော့... ဟိုရက်က East coast မှာတွေ့လိုက်တဲ့ BBQ pit တွေမကျန်တော့ပါဘူး...
အဲဒိအချိန် MBS မှာ နေရာကို East Coast မှာလို့ ကြေငြာပြီးဖြစ်နေပါပြီ...
ဒါနဲ့ တိုင်ပင်ပြီး နေရာကို East coast Beach အစား Pasir Ris Beach ကိုပြောင်းလဲ တင်လိုက်ပါတယ်...
နေရာအပြောင်းအလဲ အတွက် မဗေဒါကိုယ်တိုင် အဆင်မပြေမှုများကို ရှင်းပြချင်ပေမဲ့ MBS ဝင်လို့မရတဲ့အတွက်
မဗေဒါဘလော့မှာပဲ မေတ္တာရပ်ခံအပ်ပါတယ်...
အောက်မှာ ပြောင်းသွားတဲ့ နေရာကိုရေးထားပါတယ်.. အသေးစိတ်ကိုတော့ MBS SG blogger Group Forum မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်...
လိုက်ချင်သေးသူများရှိလျှင် မမီသို့ စာရင်းပေးသွင်းနိုင်ကြောင်း...

နေရာ.... Pasir Ris Beach, Area 1, Pit no. 8
စုရပ်......Pasir Ris Bus Interchange (near bus 403)
အချိန်.... Pls refer to MBS forum (i think should be around 4:30pm)
Bus no. ...... 403

Sunday, August 31, 2008

ကောင်မလေးကို ပိုးကြမယ်....

အောက်မှာရှိတဲ့ Flash game လေးက Piano တီးပြီး ကောင်မလေးကို ပိုးတဲ့ ဂိမ်းလေးပါ..
မဗေဒါကတော့ ခုလောလောဆယ်ထိ Easy အဆင့်၊ အလယ်အလတ် scale နဲ့ ဆော့တာတောင် သီချင်း ၆ ပုဒ်မြောက် "Amazing Grace" ထိရောက်ပြီး
easy game, middle scale ကိုအောင်ပါတယ်.. scale မြှင့်ပြီးတော့ ဆော့ကြည့်ပါအုံးမယ်.. Normal game တော့ ကြိုးစားကြည့်တာ ရှုံးပါတယ်..
လာလည်တဲ့ သူငယ်ချင်းတွေလဲ ကောင်မလေးကို သီချင်းဘယ်နှပုဒ်မြောက်မှာပြန်သွားလဲ လက်ရည်စမ်းကြည့်ကြရအောင်..
ကောင်မလေးကို ဘယ်သူအဆွဲဆောင်နိုင်ဆုံးဖြစ်မလဲဆိုတဲ့ အဖြေလေးတွေကို ကွန်မန့်လေးမှာရေးသွားပေးကြနော်...

Pano Bar



Click here to play this game

Friday, August 29, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ(၁)...

စကာင်္ပူကိုစရောက်ပြီး ကိုယ်တက်ရမဲ့ကျောင်းတော်ကြီးနဲ့မရင်းနှီးခင် မှာပဲ မဗေဒါရဲ့ ပထမဦးဆုံး ကျောင်းတက်ရက်မှာရင်ဆိုင်ခဲ့ရတဲ့ ရီစရာလေးပြောပြချင်ပါတယ်.. ရီစရာသာပြောပါတယ်.. အဲဒီတုန်းကတော့ ငိုချင်စိတ်တောင်ပေါက်ခဲ့တာပါ.. မဗေဒါက ကျောင်းဖွင့်ခါနီးကပ်မှ စကာင်္ပူကိုရောက်လို့ ကျောင်းအပ်တာလဲနောက်ကျ.. နောက်ပြီး သိပ်မကြာဘူး ကျောင်းသားသစ်ကြိုဆိုပွဲလို orientation သွားရပါတယ်.. ကျောင်းအပ်တာနောက်ကျတော့ မဗေဒါတို့အချိန်တုန်းက ဒီလောက် ကျောင်းမှာမြန်မာများတာတောင် မြန်မာတစ်ယောက်မှနဲ့အခန်းမတူခဲ့ပါဘူး.. တစ်တန်းလုံးမှာ မဗေဒါတစ်ယောက်ပဲ မြန်မာရှိပါတယ်..အတန်းရဲ့ ၄ပုံ၃ပုံလောက်က ပြည်ကြီးကတရုတ်တွေပါ.. သိတဲ့အတိုင်းပဲ ပြည်ကြီးတရုတ်တော်တော်များများကလဲ အင်္ဂလိပ်စာအတော်လေးညံ့ပါတယ်.. ကိုယ်က သူငယ်ချင်းလုပ်ချင်လို့ မနဲအားမွေးပြီး "How are you?" လောက်လေးသွားပြောရင်တောင်.. ရှောင်ထွက်သွားကြတဲ့လူမျိုးတွေပါ.. ကိုယ်ကတော့ငါများဘာအမှားပြောလိုက်မိဘာလိမ့်.. သူတို့ တရုတ်တွေမှာ "how are you" ပြောတာများရိုင်းလို့လား.. အတွေးပေါင်းစုံနဲ့ စိတ်ဓာတ်အတော်ကျခဲ့ရပါတယ်.. (နောက်ပိုင်းမှ သူတို့ အင်္ဂလိပ်ညံ့၍ ကိုယ့်ကိုစကားပြောရမှာကြောက်ခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့ရသည်).. ဒီလိုနဲ့ တစ်နေကုန်ခဲ့ပြီး.. အတန်းကြီး ကျောင်းသား တွေက ကျမတို့ အတန်းအချိန်စာရင်းနဲ့ အတန်းနေရာတွေပါတဲ့စာရွက်လေးတွေပေးပါတယ်.. (အတန်းကတစ်ချိန်နဲ့တစ်ချိန်တက်ရတဲ့ နေရာမတူပါ).. ပြီးတော့ မနက်ဖြန် အတန်းကို တိုက်ရိုက်မသွားတတ်တဲ့သူတွေကို ယခုနေရာမှာပဲ စုဖို့မှာလိုက်ပါတယ်.. အဲဒီလိုပြောတော့ မဗေဒါလဲ အတန်းကို မသွားတတ်တာကသေချာတယ်လေ.. ဒီနေ့နေရာကိုဆ ိုပြန်လာတတ်တယ်လေ.. ဒီနီးနားပတ်ဝန်းကျင်က အဆောက်အဦးပုံဖြစ်ဖြစ်.. တစ်ခုကိုမှတ်ထားလိုက်ရင် မနက်ဖြန်ပြန်လာလို့ရပြီဆိုပြီး.. အဲဒီအခန်းနဲ့ ရှေ့တည့်တည့် ဟိုဘက်ကားလမ်းက လူနေတိုက်အနီတစ်လုံးကို လှမ်းမှတ်ထားလိုက်ပါတယ်.. မနက်ဖြန် ဒီတိုက်နဲ့တည့်တည့်က အခန်းကိုငါပြန်လာမယ်ပေါ့... မနက်ဖြန်မနက်လဲကျရော... ကိုယ့်အတွေးနဲ့ကိုယ် အိမ်ကလဲ ကျောင်းနဲ့နီးတော့ ခပ်အေးအေးပဲထွက်လာခဲ့ပါတယ်.. နောက် ကျောင်းဘက်ကားလမ်းကူးလိုက်ပြီး... မနေ့ကတွေ့ခဲ့တဲ့ ပုံစံတိုက်အနီကို လှမ်းရှာပါတယ်.. အဲဒီတော့မှ ကျမမှားပြီဆိုတာ သိပါတော့တယ်.. 

စကာင်္ပူက HDB တိုက်တွေသည် တစ်ပုံစံတည်း တစ်ရောင်ထဲမှန်းအဲဒိ ရက်ကကောင်းကောင်းသဘောပေါက်သွားပါသည်.. မေးစရာဘေးဘီကို ကြည့်တော့လဲ ကျမက level 1 မှာဖြစ်၍လူမရှိ.. ကျမ မနေ့က "အခန်းပုံစံကို ငါမှတ်မိပါတယ်.. ဒေါင့်နားလေးမှာရှိတာ..." ဆိုပြီး ပုံစံတူအခမ်းတွေ့တော့ အားရပါးရပြေးဖွင့်တာ.. မနေ့ကလို ဗလာခမ်းကြီးမဟုတ်ပဲ.. စက်ပစ္စည်းတွေထားထားတဲ့ အခန်းကြီးဖြစ်နေပြန်တယ်.. ကိုယ်ဘာသာကိုယ်တစ်ယောက်ထဲကို လည်ပြီး.. အရှက်တွေကွဲနေပါတယ်.. လူတွေ့လို့မေးရမှာကျတော့လဲ.. ရောက်စဖြစ်တာရော အဲဒီတုန်းက အသက်အရွယ်ရောကြောင့် စကားပြောရမှာကြောက်သလိုလို.. ရှက်သလိုလို.. နောက်ဆုံးမှာ မရတော့တဲ့အဆုံး ကောင်မလေးတစ်ယောက်တွေ့တော့ မနေ့ကပေးလိုက်တဲ့ စာရွက်လေးပြပြီး အဲဒီအခန်းဘယ်မှာလဲလို့မေးတော့.. လူကို အူကြောင်ကြောင်နဲ့ပြန်ကြည့်ပြီး.. ဒီဘလော့က IT school ဘက်မှာမရှိဘူးတဲ့... Engineering school ဘက်မှာထင်တယ်တဲ့.. သေလိုက်ပါတော့ ဗေဒါရယ်.. တက်တက်ဆင်အောင်လွဲနေတာကိုး.. ကျမတို့ကျောင်းမှာ IT school, Engineering School, Design School နဲ့ Bussiness School ဆိုပြီး အဓိကမေဂျာကို မူတည်ပြီး အဆောင် ၄ဆောင်ရှိပါတယ်.. အဲဒီအဆောင်(ကျောင်း)အောက်မှာမှ အဓိကကိုယ်ယူတဲ မေဂျာကို ထပ်ခွဲတာပါ.. ဥပမာ အင်ဂျင်နယာရင်းအောက်မှာ Electronic, Computer Engineering စသည်ဖြင့်ပါ.. မဗေဒါလဲ သိတာနဲ့ ချက်ချင်းသုတ်ခြေတင်ပြေးပြီး Engineering school ဘက်ရောက်တော့မှ ထက်မေးမြန်းပြီး အတန်းကို တော်တော်လေးနောက်ကျမှ ချွေးသံတရဲရဲနဲ့ရောက်သွားပါတယ်... ကျောင်းပထမဦးဆုံးနေ့မှာ ဒီလိုနဲ့ စလိုက်လို့လားတော့မသိပါဘူး.. ပိုလီ၃နှစ်လုံးလုံး မဗေဒါလောက်ကျောင်းနဲ့အိမ်နီးသလောက် မဗေဒါလောက် အတန်းထဲမှာကျောင်းနောက်ကျသူမရှိတော့ပါ.. (နောက်ပိုင်းကတော့ အရည်ထူသွားလို့.. အတန်းနောက်ကျလဲ မကြောက်တော့တာ.. အတန်းတောင်လစ်သေး.. ဟား.. ဟား).... နားမယ်ကွယ်..... 

Lesson Learn(သင်ခန်းစာ) (၁) ပတ်ဝန်းကျင်မှလူများစရိုက်ကို ကောင်းကောင်းမသိခင် ကိုယ်မှားသည်ဟူ၍ စိတ်ဓာတ်မကျသင့် (၂)မသိလျှင် မတတ်လျှင် မေးမြန်းရခြင်းကို မရှက်သင့် မကြောက်သင့် (၃) အမှားပါလျှင် အရှက်ကွဲမည်စိုး၍ အင်္ဂလိပ်စကား ပြောရမှာကို မရှက်သင့် (ကျမတို့အတွက် အင်္ဂလိပ်စကားသည် ကိုယ်ပိုင်ဘာသာမဟုတ် အပြင်လောက၌ လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်နားလည်ရန်သည်သာ အဓိကဖြစ်သည်) (၄) စကာင်္ပူ၌ နေရာရှာမည်ဆိုလျှင် မကျွမ်းကျင်ပါက လိပ်စာ အတိအကျသိပြီး စနစ်တကျ (systematically) ရှာမှသာလွယ်ကူမည်..

Wednesday, August 27, 2008

iljimae (K-drama) Review

ဒီတစ်ခါတော့ မဗေဒါ မိတ်ဆက်ပေးချင်တဲ့ ကိုရီယားရှေးကားလေးတစ်ကားရှိပါတယ်.. တော်တော်ကောင်းတဲ့ကားလေးပါ..
မဗေဒါလို အရင်က သိုင်းကား ရှေးခေတ်ကားဆိုသိပ်မကြိုက်တဲ့သူတောင်တော်တော်လေးကြိုက်သွားပါတယ်...
မဗေဒါမပြောနဲ့ ဖေဖေနဲ့မေမေတောင်စွဲသွားတဲ့ကားလေးပါ...အီလ်ဂျီမန်(iljimae) လို့အမည်ရပါတယ်..
မြန်မာပြည်က ငတက်ပြားလိုဇာတ်ကောင်မျိုးပါ.. ဇာတ်လမ်းအကျဉ်းလေးကို အောက်မှာ dramawiki ကို မှီးပြီးရေးထားပါတယ်...



ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းလေးကို Joseon ဘုရင်လက်ထက်မှာတည်ထားပါတယ်..



Yong ဟာနေ့ဘက်မှာ ဈေးသည်တွေကို အစိုးရအတွက်
ဈေးကောက်လိုက်ကောက်တဲ့ လူမိုက်အဖွဲ့ထဲက အသုံးမကျတဲ့ လူမိုက်ယောင် ဟန်ဆောင်နေပေမဲ့..
ညဘက်မှာတော့ မတရားလာဘ်စားတဲ့ အစိုးရ အရာရှိတွေ အိမ်ကို ဝင်ခိုးပြီး ဆင်းရဲနွမ်းပါးသူတွေကို ပြန်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ...
သူခိုးပြီးတိုင်း မက်မန်းပန်းခိုင်ပုံလေးကို သူ့အမှတ်တံဆိပ်အနေနဲ့ ချန်ခဲ့လေ့ရှိပါတယ်...
သူ့ကို အများပြည်သူတွေကတော့ မက်မန်းပန်ခိုင်သူရဲကောင်း (ကိုရီးယားလို အီလ်ဂျီမန်) iljimae လို့ခေါ်ကြပါတယ်..
အမှန်တော့ ဒီသူရဲကောင်းလေးရဲ့ အတိတ်မှာ နာကျည်းဆွေးမြေ့ဖွယ် အဖြစ်အပျက်တွေနဲ့
တော်ဝင်သွေးတွေစီးဆင်းနေတယ်ဆိုတာကို ဘယ်သူမှသတိမထားမိခဲ့ကြပါဘူး...




Bong Soon (ဘုံစွန်း) ဆိုတာက သူမမွေးစားအဖေ ဘုန်းကြီးယောင်ဆောင် ဓားသမားကြီးနဲ့ မြို့တကာလှည့်ပြီး ပစ္စည်းလိမ်ရောင်းနေတဲ့ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ...
သိုင်းပညာကို သူမမွေးစားအဖေမသိအောင် ခိုးပြီးသင်ထားလို့ မတောက်တစ်ခေါက်တတ်တဲ့မိန်းကလေးပါ..
သူမကလဲ့စားခြေရမဲ့သူဟာ သူမသိပ်ချစ်တဲ့ မွေးစား အဖေဆိုတာတော့ သူမမမှတ်မိခဲ့ပါဘူး..
သူမဟာ Yong ကိုချစ်လွန်းလို့ သူမဘဝတစ်ခုလုံးကို စွန့်လွှတ်ပြီး Yong ကို ကာကွယ်ပေးခဲ့သူပါ...



Eun Chae (အွန်ချွဲ) ဟာ လာဘ်စားတတ်ပြီး မမှန်ကန်တဲ့ အစိုးရအရာရှိတစ်ယောက်ရဲ့ သမီးပါ..
သူမမှာ ရမ်းကားတတ်တဲ့ အစ်ကိုအရင်းတစ်ယောက်နဲ့ မောက်မာတဲ့ အမေရှိပါတယ်...
အမြဲအနှိမ်ခံရတဲ့ အဖေတူ အမေကွဲ အစ်ကိုတစ်ယောက်လဲရှိပါတယ်...
ဒါပေမဲ့ သူမကတော့ တစ်အိမ်လုံးနဲ့မတူပဲ အလွန်မှ စိတ်ထားဖြူစင်ပြီး ဆင်းရဲနွမ်းပါးသူတွေကို သနားကြင်နာတတ်တဲ့ သူတစ်ယောက်ပါ..
သူမနဲ့ iljimae ဆုံတွေ့ပြီး မေတ္တာမျှခဲ့ကြပါတယ်..
ဒါပေမဲ့ သူမတို့ ချစ်ချင်းဟာ iljimae အတွက် အလွန်အန္တရာယ်များတဲ့ အခြေအနေကို ဖန်တီးခဲ့ပါတယ်...



Shi hoo(ရှီဟို) ဟာ Eun Chae နဲ့ အဖေတူအမေကွဲ အစ်ကိုပါ.. တကယ်တမ်းတော့ shi hoo အမေဟာသူ့သားအသက်ဘေးလွတ်အောင်
ညာပြောလိုက်ခြင်းဖြစ်ပြီး.. Shi hoo ဟာ အမှန်စင်စစ် Eun Chae နှင့်ဘာမှမတော်ပါ..
အထက်တမ်းစားအိမ်တွင် ငယ်စဉ်ထဲက တိတ်တိတ်ပုန်းရခဲ့သောကလေးဆိုပြီး အနှိမ်ခံခဲ့ရသောကြောင့် အထက်ကို အရမ်းရောက်ချင်သူ.. အလွန်ကြိုးစားသူတစ်ယောက်လဲဖြစ်ပါတယ်..
သို့သော် တိတ်တိတ်ပုန်းကလေးများကို ရာထူးကြီးမပေးဟူသော စည်းမျဉ်းအရ တက်လမ်းများပိတ်နေရသူဖြစ်သည်..
iljimae အားဖမ်းနိုင်သူမည်သူမဆို ရာထူးကြီးပေးမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်းတွင်တော့..
iljimae ကို မရမနေလိုက်ဖမ်းနေသော သူတစ်ယောက်လဲဖြစ်သည်..
တကယ်တော့ iljimae မှ သူနဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်သည်ဆိုတာကိုတော့ မသိရှာပေ..

Iljimae Review

ဒီကားဟာ အပိုင်း ၂ဝ ရှိပေမဲ့ ပျင်းစရာအကွက်တစ်ကွက်မှမပါပါဘူး...
အာဏာရှင်ဘုရင်တွေရဲ့ အာဏာမက်မောမှု.. ညှင်းပန်းနှိပ်စက်မှု.. မတရားမှု(အထက်ဖား အောက်ဖိ)တွေကိုလဲ ဒီကားမှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်...
ဇာတ်လမ်းရဲ့ အစကိုသေချာအာရုံစိုက်ပြီးကြည့်စေချင်ပါတယ်.. ဘာလို့လဲဆိုတော့... ဇာတ်လမ်းအစနေရာနဲ့ အဆုံးနေရာကအတူတူပါပဲ..
ဇာတ်လမ်းအစကို သေချာကြည့်ထားမှ အဆုံးဘာဖြစ်လဲသေချာဝေခွဲလို့ရမှာပါ..

ဇာတ်လမ်းအပိုင်း(၂)ကလဲ iljimae ဇာတ်ကားတစ်တွဲလုံးရဲ့ ပျိုးတဲ့နေရာပါ.. iljimae ရဲ့ငယ်ဘဝမှာ သူ့မိသားစုဘယ်လိုခြောက်ချခံခဲ့ရတယ်ဆိုတာရယ်..
အပေါ်မှာပြောခဲ့သမျှဇာတ်ကောင်တွေနဲ့ iljimaeနဲ့ ငယ်ငယ်ထဲက ဘယ်လို ပတ်သတ်ခဲ့တယ်ဆိုတာရယ်..
ဇာတ်လမ်းထဲမှာပါသမျှဇာတ်ကောင်တွေရဲ့ ပတ်သတ်မှုကို အပိုင်း၂ကြည့်မှ နားလည်မှာပါ..
အရမ်းကိုပဲ သနားဖို့ကောင်းတဲ့အပိုင်းဖြစ်လို့ လက်ကိုင်ပဝါလေးတွေဆောင်ထားဖို့အထူးမှာချင်ပါတယ်...
iljimae တစ်တွဲလုံးမှာ မဗေဒါ အကြိုက်ဆုံးက အပိုင်း (၂) ပါပဲ..

နောက်ပြီး မဗေဒါ မှတ်မှတ်ရရ ပြောဖို့သတိထားမိတဲ့အပိုင်းကတော့ အပိုင်း (၁၃) ပါ.. အဲဒီမှာ.. တရုတ်သံအမတ်ရဲ့သား မူးရမ်းကားပြီး ဈေးထဲမှာမြင်းလျှောက်စီးလို့
ဈေးသည်ကလေးတစ်ဦးကို မြင်းကန်မိပြီးသေဆုံးမှုနဲ့ပတ်သတ်ပြီး.. ရွာသားတွေ တရုတ်သံရုံးရှေ့မှာဆန္ဒပြတဲ့ အခန်းပါ..
အများပြည်သူဘာဖြစ်ဖြစ် သူတို့အကြိုးစီးပွားထိခိုက်မှာစိုးရိမ်၍ မတရားသူဘက်ကရပ်တည်သော အာဏာရှင်အစိုးရရဲ့ ပြည်သူတွေအပေါ်ကိုင်တွယ်ပုံပါ..
အဲဒိမှာ လက်ဗလာနဲ့ပြည်သူတွေကတဘက် စစ်သည်တွေက ဒိုင်းတွေ ဒုတ်တွေနဲ့တဘက် မြင်ကွင်းက ဆူးလေဘုရားလမ်းမှာ မြင်ဖူးသလိုပါပဲ
(ဘယ်လိုမှမရည်ရွယ်ပါဘူး.. အိမ်မက်ထဲမှာ မြင်ဘူးတာထင်ပါတယ်... ဘွာတေး .. iljimae ပဲဆက်တော့မယ်.. လိုင်းလွဲသွားပြီ)
နောက်ပြီး ပြည်သူတွေကို ရိုက်ဖို့ ရွာကလူမိုက်အုပ်စုတွေကို ထပ်ခေါ်ပါတယ်.. ဒါလဲ မြန်မာပြည်က အဖြူအစိမ်းဝတ်တဲ့ အဖွဲ့ကလူတွေကို သွားတွေးမိတယ်..
(အဲလေ... ပါလာပြန်ပြီ... ကိုယ့်ဘာသာကိုယ် ရုပ်ရှင်ကြည့်ရင်း ကျောင်းတုန်းကဘဝလေးပြန်သတိရသွားလို့ပါ..)
ဒါပေမဲ့ ပြဿနာတွေအားလုံး iljimae ရောက်.. အားလုံငြိမ်းသွားပါတယ်... (မြန်မာပြည်မှာဆိုရင်တော့ iljimaeတစ်ယောက်... ဟင်း.. ဟင်း.. နော်)
နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့... ဒီကားဟာ.. အချစ်.. အကြမ်း.. အလွမ်း.. မိဘနဲ့သားသမီးမေတ္တာ.. အာဏာရှင်စနစ်.. စတဲ့ ရသတွေနဲ့စုံလင်လှပြီး..
နောက်ခံသီချင်း ဂီတ.. သရုပ်ဆောင်.. အခမ်းအနားပြင်ဆင်မှု.. အဝတ်အစား.. အားလုံး ပြောစရာမရှိနီးပါးလောက်ကောင်းမွန်တယ်လို့ထင်မိပါတယ်..
အားလုံးကို မဗေဒါက ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်..

အဓိက ပါဝင်သရုပ်ဆောင်သူများ...

Lee Joon Ki as Iljimae / Yong / Lee Geom
Han Hyo Joo as Eun Chae
Lee Young Ah as Bong Soon
Park Shi Hoo as Shi Hoo / Ja Dol

Tuesday, August 19, 2008

ကျေးဇူးတင်လွှာ...

မင်္ဂလာပါရှင်...
မတွေ့တာတောင်ကြာပေါ့... မတွေ့ဆို မဗေဒါကိုယ်တိုင်လဲ ကိုယ့်ဘလော့ကိုယ်တောင်ပြန်မကြည့်ဖြစ်ဖူးဖြစ်နေတာကိုး...
ဒီတော့ ဘလော့ကိုလာလည်တဲ့ ဧည့်သည်တွေကို မဗေဒါဘာလုပ်နေလဲဆိုတာ ရှင်းပြဖို့တော့သင့်တယ်ထင်တာပေါ့နော်...

ဒီလိုပါ... မဗေဒါစိတ်ထဲမှာရေးချင်တာတွေ တော်တော်များများရှိပါတယ်..
ဒါပေမဲ့ ခုတလောကိုယ်ရေးတာတွေကို စိတ်တိုင်းမကျဖြစ်နေပါတယ်... အမှန်အတိုင်းဝန်ခံရရင်.. မဗေဒါ စာဖတ်ပျင်းပါတယ်..
ခုပြဿနာကလဲ စာဖတ်အားနည်းလို့ဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ်လဲသိပါတယ်... ဒီတော့မဗေဒါစာဖတ်ဖို့ အချိန်ပေးရပါမယ်..
စာဖတ်ပျင်းတယ်ဆိုပေမဲ့ မဗေဒါစိတ်ဝင်စားတယ်ဆိုရင်တော့ ဖတ်ရတာမပျင်းပါဘူး.. စာဖတ်ရင်လဲ အပေါ်ယံရှက်မဖတ်တတ်ပါဘူး...
စာကြောင်းတစ်ကြောင်းကို သေချာနားလည်ပြီး ခံစားပြီးမှဖတ်တတ်ပါတယ်.. ဒီတော့ စာဖတ်နှေးပါတယ်...

စာဖတ်နှေးရတဲ့အထဲ.. အချိန်မလောက်တဲ့ပြဿနာကလဲတမှောက်ပါ...
အလုပ်က shift နဲ့ဆိုတော့ ၁ရက်မှာ ၁၂နာရီ.. ပိုက်ဆံပိုရှာချင်တော့ အချိန်ပိုပြန်ပြန်သွားတော့...
၁ ပတ်မှာ ၁ရက်လောက်ပဲနားပါတယ်.. တခါတလေမှ ၂ရက်နားပါတယ်..
ဒီတော့အားတဲ့အချိန်လေး ကိုယ်ဝါသနာပါတဲ့... ရုပ်ရှင်ကြည့်တာလေးကိုတောင် မနဲအချိန်လုကြည့်ရပါတယ်...
ဇာတ်လမ်းတွဲ.. ရှပ်ရှင်.. ဇာတ်လမ်းတို... youtube ဗွီဒီယို.. အကုန်ကြည့်နေတာနဲ့တင် တခြားဟာလုပ်ဖို့ အချိန်မကျန်သလောက်ပါပဲ..

ရုပ်ရှင်ကြည့်တာအပြင် မဗေဒါဝါသနာပါတဲ့..ဗွီဒီယို အက်ဒီတင်းကိုလဲ self learning လုပ်ပြီး.. စမ်းပြီးသုံးကြည့်နေပါတယ်..
မဗေဒါလုပ်ထားတဲ့ ဗွီဒီယိုလေးတွေကို youtube မှာလဲတင်ထားပါတယ်... နောက်မှဘလော့မှာတင်ပါအုံးမယ်...
ဗေဒါကြိုက်တဲ့ ဂျပန်ကားတစ်ကားကို fan made movie အစမ်းလုပ်ချင်တာနဲ့ အဲဒီ ဒရမ်မာကား ၁၁ပိုင်းကို download ချနေရတာကလဲ တော်တော် အချိန်စားပါတယ်..
ဒါတောင် ၁၁ပိုင်းလုံး download မလုပ်ပဲ.. မဗေဒါကြိုက်တဲ့ အခန်းတွေပါတဲ့ အပိုင်းလောက်ပဲ လုပ်တာပါ...
ပြီးတော့ edit လုပ်ရ youtube မှာ upload လုပ်ရနဲ့အလုပ်ကိုများနေတော့တာပါပဲ...
နောက်မဗေဒါတို့ မိသားစု မလေးရှား ကန်မရွန်ကိုခရီးထွက်တုံးက ရိုက်လာတာကို edit လုပ်ဖြစ်ပါတယ်...
တနေ့မှာ ၂၄နာရီဟာ မဗေဒါအတွက် မလောက်ဖြစ်နေပါတယ်...

အိမ်မှာဆိုရင်တော့ မဗေဒါလုပ်ဖြစ်တာ.. ရုပ်ရှင်ကြည့်တာရယ်... ဗွီဒီယို editing ရယ်ပါ...
အရင်ထဲကလဲ မဗေဒါပိုစ့်တွေရေးရင် အလုပ်ကနေပဲ ရေးဖြစ်တာများပါတယ်...
အိမ်မှာဆိုတခြားလုပ်ချင်တာတွေကများနေပါတယ်.. နောက်တစ်ခုက အိမ်မှာရေးရင် မိသားစုနဲ့စကားပြောလိုက် ရေးလိုက်ဆိုတော့..
mood သိတ်မပါတော့ပါဘူး.. မဗေဒါ စာရေးနေတုံးလာကြည့်ရင်လဲ မရေးတတ်တော့ပါဘူး..
အလုပ်မှာကျတော့.. အလုပ်လုပ်လိုက်ရေးလိုက်ဆိုပေမဲ့... စကားလာပြောတဲ့သူမရှိပါဘူး...
လာကြည့်လဲ.. တခြားနိုင်ငံသားတွေဆိုတော့ မဖတ်တတ်မှန်းသိတော့ စိတ်ထဲကဘာမှမဖြစ်ပါဘူး..
တချို့အလုပ်က မြန်မာသူငယ်ချင်းတွေကျတော့လဲ.. ရေးပြီးမှ ဘလော့မှာဖတ်ပါဆိုရင်.. သူတို့နားလည်ပါတယ်..
ခုတလောမရေးဖြစ်တာလဲ.. အလုပ်မှာ အရင်လောက်မအားလို့ပါ. မဗေဒါလဲ အလုပ်များတဲ့အခါလဲရှိတာပေါ့နော်... ဟဲ ဟဲ..

ခုဒီပိုစ့်ကိုရေးရတာလဲ... ဟိုတလောက MBS (Myanmar Blogger Society)မှာ ရက်ဂျစ်စတာလုပ်ဖို့ မေးလ်ထဲကို invitation ရောက်လို့ ...
အိမ်ကနေ register လုပ်လိုက်ပါတယ်.. ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒိ website ကို အလုပ်ကနေ surf လို့မရပါဘူး.. ကျမအလုပ်က ဘန်းထားပါတယ်...
ဘာလို့လဲတော့မသိပါ... ဒီလိုနဲ့ မဝင်ဖြစ်ဘူးဆိုပါတော့.. ဘယ်လိုသုံးရမယ်မှန်းလဲ သေချာမသိပါဘူး... နောက်တော့ မေးလ်ချက်ရင် အဲဒိကနေ..
မဗေဒါနဲ့ဘလော့လောကမှာ ခင်တဲ့သူငယ်ချင်းတွေရဲ့ friend request တွေ comments တွေရှိတယ်ဆိုတာသိရပါတယ်..
ဒါပေမဲ့.. မဗေဒါရဲ့ အချိန်တော်တော်များများက အလုပ်မှာဆိုတော့ စစ်လို့မရခဲ့ပါဘူး..
နောက်တော့ မေးလ်ထဲမှာ.. ဘလော့ဂါဟုတ်မဟုတ် profile မှာ blog address ဖြည့်ဖို့မေးလ်ရောက်ပါတယ်..
မဖြည့်တဲ့သူကို MBS ကထုတ်မယ်ဆိုပြီးတွေ့တော့စိုးရိမ်မိပါတယ်.. မဗေဒါကလဲ အိမ်ပြန်ရောက်ရင် breakfast စားပြီးတန်းအိပ်တာနဲ့..
မေ့မေ့ပြီးမဖြည့်ဖြစ်ခဲ့ပါဘူး.. ဒါပေမဲ့ MBS မှာ မဗေဒါဘလော့ရှိမှန်း သူတို့တွေသိတယ်ဆိုတာ သိရတော့ အရမ်းကို ဝမ်းသာမိပါတယ်..
မဗေဒါလို ဘာမဟုတ်တဲ့ ဘလော့ဂါကို ဘလော့သူငယ်ချင်းတွေက အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်...

ဘလော့ကို update မှန်မှန်မလုပ်ဖြစ်တဲ့အတွက်ရော.. ဘလော့တွေမှန်မှန်လိုက်မလည်ဖြစ်တဲ့အတွက်ရော..
ဒီပိုစ့်နဲ့အတူ.. အနူးအညွတ်တောင်းပန်ပါတယ်... ခုထက်ထိတော့ မဗေဒါ စာကို ကောင်းကောင်းမဖတ်ဖြစ်သေးပါဘူး...
ရုပ်ရှင်ပဲကြည့်ဖြစ်ပါတယ်... ဒီတော့.. အနည်းဆုံး ဘလော့လာလည်တဲ့သူတွေကို မဗေဒါကြည့်ဖြစ်တဲ့ ရုပ်ရှင်ကောင်းကောင်းလေးတွေကို
recommend ပေးပြီး drama/movie review လေးတွေတော့ တတ်နိုင်သလောက်မှန်မှန်ရေးသွားပါ့မယ်..

မဗေဒါ အသစ်တွေမတင်ဖြစ်ပင်မဲ့ လာရောက်လည်ပတ်ဖတ်ရှုကြတဲ့ ဧည့်သည် သူငယ်ချင်းတွေကို မဗေဒါ ရှင်းပြတောင်းပန်ဖို့တာဝန်ရှိတယ်ထင်လို့..
ဒီပိုစ့်လေးကို ရေးလိုက်တာပါ...
မဗေဒါဘလော့ကို အစဉ်တစိုက်အားပေးတတ်တဲ့... ဘလော့ဂါသူငယ်ချင်းတွေရော.. ဘလော့ဂါမဟုတ်တဲ့ သူငယ်ချင်းတွေရော..
မဗေဒါရဲ့ဘလော့ကိုဖတ်တဲ့.. အပြင်သူငယ်ချင်းတွေရော..
အထူးသဖြင့် မဗေဒါကို ဟိုဟာဒီဟာလျှောက်မရေးဖို့ ပြောပေမဲ့တကယ်တမ်းကျတော့ ဘလော့ရေးဖို့အမြဲအားပေးနေတဲ့ မေမေရော..
ဒိထက်ပိုကောင်း ပိုလေးနက်ပြီး အသုံးဝင်တဲ့စာတွေရေးဖို့တိုက်တွန်းတတ်တဲ့ ဖေဖေရော..
မဗေဒါ တစ်ခါတစ်လေ ဘလော့နဲ့ပတ်သတ်ပြီး တိုင်ပင်လို့ရတဲ့ အစ်မတွေရော...
ွှအားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်..

Wednesday, July 23, 2008

အချစ်အကျဉ်းသား

လူတစ်ယောက်အသက်ရှင်ဖို့ နှလုံးသားတစ်ခု အလုပ်လုပ်နေဖို့ အဓိကကျတယ်လေ...
အဲဒိနေ့က ငါ့နှလုံးသားကို ဖြည်းဖြည်းခြင်း သေစေနိုင်တဲ့ အချစ်ဆိုတဲ့အဆိပ်တစ်ခွက် ကိုယ်တိုင်တိုက်ကျွေးခဲ့တယ်...
အဲဒိတုန်းကတော့ အဆိပ်တွေက သူ့အပြုံးနောက်ကွယ်မှာ ချိုမြိန်နေတယ်လို့ ထင်မှားခဲ့တယ်..
အဲဒီနေ့ပေါ့.. ငါ.. အပြုံးတစ်ချက်နဲ့ သူ့ရင်ခွင်ထဲမှာခိုဝင်ခဲ့တုန်းက ပုဒ်မ ၁၅ဝဝ နဲ့ငြိစွန်းတဲ့ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့မှန်းမသိလိုက်ခဲ့ဘူး....

တကယ်တော့ ငါရထားတဲ့သူ့အချစ်ဆိုတာက china made ပစ္စည်းတွေလို အပေါစားချစ်တုတွေလေ...
သူ့အပြုံးတွေ ငါ့အတွက် expire ဖြစ်တဲ့နေ့........ ငါ့ရဲ့အချစ်ဆိပ်ဆေးပတ်လည်တဲ့နေ့မှာ ငါ့နှလုံးသားအဆိပ်သင့်ခဲ့တယ်...

ငါ့နှလုံးသားအဆိပ်သင့်မှုကို ခုံရုံးတင်စစ်ဆေးတော့.. သံသယဝင်စရာ တရားခံ၂ယောက်ရှိတယ်.... တစ်ယောက်က သူ...
နောက်တစ်ယောက်က ငါကိုယ်တိုင်ဖြစ်နေတာ ခြောက်ခြားစွာသိလိုက်ရတယ်...

ခုံရုံးတက်နေရတဲ့တစ်လျှောက် ဒီအမှုကို အပြန်ပြန်အလှန်လှန် ပြောဖြစ်တယ်.. တွေးဖြစ်တယ်...
နောက်ဆုံး ငါဆိုတဲ့ တရားသူကြီးက... နှလုံးသားသေဆုံးမှုမှာ သူ့အချစ်တုရဲ့အပြစ်မဟုတ်..
အဲဒိအချစ်တုကိုယုံစားခဲ့တဲ့ ငါ့အချစ်တွေကြောင့်သာ ငါ့နှလုံးသားအဆိပ်သင့်သေဆုံးခြင်းဖြစ်တယ်.... ငါ့ရဲ့ပြစ်မှု သိသားထင်ရှားတဲ့အတွက်...
ပုဒ်မ ၁၅ဝဝ နဲ့အညီ... ငါ့ရဲ့စိတ်ကိုထောင်ဒဏ်ချမှတ်ခဲ့တယ်... ဒါပေမဲ့ အချိန်အတိုင်းအတာမရှိ.. ဘယ်တော့ လွတ်မြောက်မယ်ဆိုတာမသိ..
လွတ်မြောက်ရက်ကတော့ ငါ့ရဲ့ပြစ်ဒဏ်ခံနေတုန်းကြိုးစားမှုပေါ်မှာ မူတည်တယ်တဲ့လေ....
မိမိကိုယ်ကိုမွမ်းမံရမယ်တဲ့...

ငါငိုနေတယ်.... ပြက္ခဒိန် ၂ရွက်၃ရွက်လှန်ပြီးတဲ့အထိ... ငါငိုနေခဲ့တယ်... ငါ့မှာဆက်သောက်စရာအဆိပ်မရှိတော့လို့...
ဒီအဆိပ်ကို ငါတမ်းတနေမိတယ်... ဒီအဆိပ်ကို ဆက်သောက်နေရင် ငါ့နှလုံးသား ဆက်ရှင်သန်ကောင်းရှင်သန်လိမ့်မယ်လို့ တွေးမိတယ်...

အကျဉ်းထောင်ထဲမှာ.. ငါ့လိုပဲ.. နှလုံးသားခမ်းခြောက်အောင် အဆိပ်သောက်ခဲ့ကျတဲ့ အကျဉ်းသားတစ်ချို့နဲ့လဲတွေ့တယ်...
သူတို့ရဲ့ပြစ်မှုကျူးလွန်ခဲ့ပုံ ဇာတ်လမ်းမျိုးစုံ ငါကြားရတယ်... အော်... ငါတစ်ယောက်ထဲမဟုတ်ပါလား.....

အဲ... သတိထားမိတာတစ်ခုက.. ဒီအကျဉ်းထောင်မှာ... မိန်းကလေးအကျဉ်းသားက ပိုများတယ်... ပိုသက်တမ်းကြာတယ်..
ယောင်္ကျားလေး အကျဉ်းသားက လာလဲခဏပဲ... သူတို့က ပြန်လည်ထူထောင်တဲ့ အချိန်မြန်တယ်...
ငါ့အထင်တော့ သူတို့ရဲ့အချစ်ဆိပ်က မိန်းကလေးတွေလောက် မပြင်းဘူးထင်ပါတယ်...
သူတို့နှလုံးသားကမသေဘူး.. အစားထိုးစရာ တစ်ခုခုနဲ့ချက်ချင်း ကုစားလိုက်တော့. ထောင်ကချက်ချင်းလွတ်ကြတာပေါ့...
တော်တော်များမျာက တတိယလူကိုအသုံးချတဲ့ အောက်တန်းကျတဲ့နည်းလမ်းနဲ့ စိတ်အကျဉ်းထောင်ကထွက်ပြေးတတ်ကြတယ်...
ဒါပေမဲ့ အဲလိုလူတွေက မကြာမကြာ ဒီထောင်ထဲကိုပဲ ပြန်ပြန်ရောက်လာတတ်တယ်....

ငါတဖြည်းဖြည်းသိလာတယ်.. ငါဒီအကျဉ်းသားဘဝက လွတ်မြောက်ချင် လွတ်မြောက်လို့ရတယ်..
တရားနည်းလမ်းကျကျ ငါလွတ်မြောက်ချင်တယ်.. ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ လွတ်မြောက်ချင်တယ်...
ဘယ်သူ့အကူအညီမှ မလိုပဲ ငါ့ကိုငါမွမ်းမံချင်တယ်...

ငါစဉ်းစားကြည့်တယ်.. ငါဘာလို့ငိုတာလဲ....
သူ့ကိုပြန်လိုချင်လို့လား?... သူ့ကိုပြန်ရမယ်ဆိုရင် ဘာကောင်းကြိုးဆိုးကြိုးတွေရှိလဲ?...
ငါပျော်ရမှာလား?....ငါမပျော်ပါဘူး...
ဒါ့အပြင် ငါဒီအဆိပ်သံသရာက ဘယ်တော့ကလွတ်မှာ မဟုတ်ဘူး..
ရှေ့လျှောက် ပျော်စရာဆိုတာ မျှော်လင့်ချက်မရှိဘူး...

ငါ့ဘာသာငါပြန်မွမ်းမံမယ်ဆိုရင်... အချိန်တော့ကြာမယ်..
ခံစားရမယ်.. ဒါပေမဲ့ ပျော်ရွှင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်... ဒီအတွေးနဲ့ပဲ.. ငါ့မျက်ရည်တွေခမ်းခြောက်သွားတယ်...
နောက်မှငါသိလိုက်ရတာက.. ငါငိုနေခဲ့တာဟာ... ငါ့ကိုယ်ငါသနားစရာကောင်းလှချည့်ရဲ့....
လောကမှာ အချစ်ကံအခေဆုံးလူသားလို့ ထင်လို့..
ကျတဲ့ အတ္တမျက်ရည်တွေဆိုတာ အချိန်ကြာလာတာနဲ့အမျှ သဲသဲကွဲကွဲသိလာရတယ်...
ကဲ.......... ဒါဆိုကိုယ့်ကိုကိုယ်သနားခြင်းတွေရပ်သင့်ပြီ....

ခု ငါ ဒီစိတ်အကျဉ်းထောင်ထဲက လွတ်မဲ့ရက်ကို ဖြည်းဖြည်းခြင်းစောင့်နေတယ်...
ငါ့ယုံကြည်တယ်... ငါတစ်နေ့ လွတ်မြောက်လိမ့်မယ်လို့...
အဲဒိအတွက် သူနဲ့ပတ်သတ်တဲ့ပစ္စည်းအချို့ကို ငါကိုယ်တိုင်မလွှတ်ပြစ်ရက်ပေမဲ့....
တနည်းနည်းနဲ့ဖျောက်ဖျက်ခဲ့တယ်... မေ့ဖို့ကြိုးစားနေတဲ့ကာလမှာ အဲဒိပစ္စည်းတွေကို မမြင်တာ အကောင်းဆုံးပဲ...
စိတ်ထဲက ဖျောက်ဖျက်ဖို့ကအဓိကကျပေမဲ့... မျက်စိရှေ့မှာ ပြန်မြင်မြင်နေသ၍တော့.. အဆိပ်ပြန်တက်နေမှာပဲမှတ်လား...
ဒါဆိုသံသရာပြတ်တော့မှာမဟုတ်...

ဖျောက်ဖျက်ရခက်တဲ့ ပစ္စည်းမျိုးကိုတော့.. ဒီတိုင်းပဲထားလိုက်တယ်..
ငါ့စိတ် ဘယ်လောက်ခိုင်နေပြီလဲဆိုတာကိုသိဖို့.. ဒီပစ္စည်းတွေကိုအသုံးချရမယ်...

ဒီကြားထဲ ငါ့ကိုထောင်ဝင်စာလာတွေ့ပြီး.. မကြည့်ရက်တဲ့သူငယ်ချင်းတွေကပြောတယ်...
တတိယပါတီနည်းကိုသုံးကြည့်ဖို့... ဒါပေမဲ့... ဒီတစ်ခါတော့လျှော့ချစ်ဖို့..
ငါ့အတွက်အချစ်ဆိုတာ... သုညရာခိုင်နှုန်းမဟုတ်ရင်... ၁ဝဝရာခိုင်နှုန်းပဲရှိတယ်..
ကိုယ်ပျော်ရွှင်ဖို့အတွက်နဲ့.. သူများကိုစိတ်ဒုက္ခရောက်အောင် လုပ်တတ်တဲ့ ပျော့ညံ့တဲ့စိတ်ဓာတ်ရှိတဲ့ သူတွေကို ငါအထင်အသေးဆုံးပဲ...
သူတို့ကပြောတယ်.. ဒါဆိုရင် နင်ဒီအကျဉ်းသား ဘဝကိုခဏခဏ ပြန်ရောက်နေလိမ့်မယ်တဲ့...

တချို့ကကျတော့ပြောတယ်.. သူ့ကိုတကယ်ချစ်ရင် ခွင့်လွှတ်လက်ခံပေးလိုက်ပါတဲ့...
ဝေးနေလို့ဖြစ်မှာပါ.. နီးနေရင်ဖြစ်မှာမဟုတ်ပါဘူး... ယောင်္ကျားလေးဆိုတော့လဲ.. ဒီလိုပဲပေါ့....
ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ဘယ်လိုနည်းနဲ့မဆို လက်မလျှော့ အဆုံးရှုံးမခံဘဲ ချစ်ပြနိုင်တာမှအချစ်တဲ့..
အဲလို မလုပ်နိုင်တာ နင်သိပ်မချစ်လို့တဲ့...
ဒါတော့ငါငြင်းတယ်.... ငါကတော့ အချစ်ကို... လောကမှာကိုယ့်အတွက် အရေးပါဆုံးလူတစ်ယောက်အတွက်...
တခြားဘယ်သူနဲ့မှအစားမထိုးဘဲ စောင့်ထိန်းနိုင်စွမ်း... သစ္စာ..ဆိုတာ နဲ့တိုင်းတာတယ်...
အကွာအဝေးနဲ့မဆိုင်.... ယောင်္ကျားမိန်းမဆိုတာ အပေါ်မမူတည်....
သူကယောင်္ကျားလေးပဲဆိုတဲ့ ဆင်ခြေက လောကမှာအဓိပ္ပါယ်မရှိဆုံးပဲ...
ဘာကြောင့် တစ်ချို့မိန်းကလေးတွေက ဒီဆင်ခြေကိုလက်ခံနေကြတာလဲ....
အဲလိုနည်းက စိတ်အကျဉ်းထောင်က လွတ်နည်းမဟုတ်....

ဝင်ခံပါတယ်.. အဲဒိတုန်းက ငါဇဝေဇဝါဖြစ်ခဲ့တယ်... သူတို့ပြောတာအမှန်လား... ငါ့အတွက် အကောင်းဆုံးလားလို့ တွေးခဲ့တယ်...
သူတို့အတွက်တော့ အကောင်းဆုံးဖြစ်ချင်ဖြစ်မယ်.. ငါ့အတွက်တော့ အမှောင်ထုထဲကို ပြန်ဝင်တဲ့လမ်းပဲဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်..
အဲဒိဆုံးဖြတ်ချက် အတွက်ငါခုထိ နောင်တမရဘူး.. နောင်လဲရမှာမဟုတ်ဘူးဆိုတာငါသိနေတယ်လေ...

ကြာလာတော့.. ငါ့စိတ်ကိုငါသွန်သင်မှုကြောင့်... ငါ့မှာ သူ့အကြောင်းထက် ပိုစိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေစဉ်းစားတတ်လာတယ်..
သူဟာ... ငါဝယ်ပြီးမပေါက်လို့ လွှတ်ပြစ်ခဲ့တဲ့ ထီလက်မှတ်တစ်စောင်လိုပဲ... ငါ့အတိတ်တနေရာမှာ ကျန်ခဲ့ပြီလို့သိလာတယ်...
ဒါပေမဲ့... ငါ့မသိစိတ်တနေရာမှာတော့ သူရှိနေတုန်းပဲဆိုတာ... တစ်ခါတစ်လေ.. သူ့ကိုအိပ်မက်တဲ့ အခါငါသတိထားမိတယ်...
ဒါတွေလဲ... အချိန်ဆိုတဲ့သူနဲ့လက်တွဲပြီး ကုစားသွားလို့ရမှာပါ... ဒါလဲဒီအဆိပ်ရဲ့လက္ခဏာ တစ်ခုပဲမဟုတ်ပါလား....

ခုငါအချိန်ဆိုတာကို အဖော်ပြုပြီးနေလိုက်တာ... ငါပျော်တတ်လာပြီ... ငါသိတယ်.. ငါလွတ်ရက်နည်းလာပြီ...
ဒါပေမဲ့ ငါဒီအကျဉ်းထောင်ထဲမှာပဲ ငါပျော်နေတယ်...
ဒီနေရာမှာ... ငါ့အချစ်တွေက သုညရာခိုင်နှုန်းပဲရှိတော့ ငါ့စိတ်တွေက အေးချမ်းပေါ့ပါးနေတယ်..
နောက်ထပ်အချစ်ဆိုတဲ့ အဆိပ်ကြီးကို ထပ်သောက်မိမှာကြောက်တယ်...

ကြောက်တယ်?????????........... နောက်ထပ်ချစ်ဖို့ကိုငါကြောက်နေတယ်???
အရင်က ငါ့မှာရှိတဲ့ သုည (သို့) ၁ဝဝ ရာခိုင်နှုန်းဆိုတဲ့ အချစ်တွေက သုညမှာပဲ ရပ်တန့်နေတော့မယ်ဆိုတာ ငါသဘောပေါက်သွားတယ်...
အဲလိုငါမဖြစ်ချင်ဘူး... အရင်ကငါလို... သာမာန်လူတစ်ယောက် ပြန်ဖြစ်မှ ဒီအကျဉ်းထောင်ကငါလွတ်မှာ...
အရင်ကမိမိကိုယ်ကိုမွမ်းမံတယ်ဆိုတာ...သူ့ကိုမေ့နိုင်ရင်ရပြီထင်နေတာ...
အော်...ငါ အချစ်အကျဉ်းသား ဘဝကလွတ်မြောက်ဖို့ နှစ်တွေဘယ်လောက်ကြာအုံးမှာလဲ.....
တစ်သက်လုံးရော ငါလွတ်မြောက်ပါတော့မလား...

Monday, July 07, 2008

Guiter Hero commercial with Sexy, Hottie & Cutie



I found these Commercials of Guitar Hero in Youtube. Three different celebrities perform with same song, same posts & same clothing. They are David Cook (American
Idol Season 7 Winner), David Archuleta(American Idol Season 7 runner up), & Tom Cruise.

It was really enjoyable and I can’t stop laughing whenever I watch these video
clips.


Of course ...... Tom Cruise was hotttttttttttttt … & Sexyyyyyy … look so confident &
professional.


Yo …man ….David cook was as hot as TC & pretty cool…….. Since the song is Rock, It really suits him. He did a great job … hooray ……. David Cook (***Applause***).

Last but not least David Archuleta…. He is really really
cute kid. And he looks so shy. Although he tried his best to act, it is obvious
that he is so shy. But it makes him adorable.


No offend to David Archuleta’s fans. Personally I prefer that David Cook was the best in my eyes … ha ha ha ha :P …….. He is a greatsinger … He deserved to win American Idol & he did. He was really awesome ….I do like Archuleta. His voice is pretty clear & he has nice personalities but he still need to go long way to adapt the celebrities’ life.

Since I love Rock Genre …. David Cook is Always Be My Idol ….Enjoy below video clips & have fun.




Absolute Boyfriend (J-drama)


ခုတလော မဗေဒါလဲ ရုပ်ရှင်ကြည့်တာကလွဲလို့ ဘာမှကိုသိပ်မလုပ်ဖြစ်ပါဘူး.. ရုပ်ရှင်တောင် အားတဲ့အချိန်လေး မနဲလုကြည့်နေရတော့...ကျန်တာအတွက် အချိန်ကမလောက်ဖြစ်နေလေရဲ့.. အဲ.. ခုတော့ကြည့်ဖြစ်တဲ့၁ဝကားလောက်ထဲက ရင်ထဲစွဲပြီးကျန်တဲ့ စိတ်ကူးယဉ်ကားလေးတစ်ကားအကြောင်း ပြောပြမယ်နော်...

အဲဒိကားနာမည်က "ABSOLUTE BOYFRIEND" Japan လိုတော့ "Zettai Kareshi" လို့ခေါ်တယ်.. ဇာတ်လမ်း အကျဉ်းချုပ်လေးကတော့..စက်ရုပ်တီထွင်တဲ့ Kronos Heaven ဆိုတဲ့အဖွဲ့က "01" လို့ခေါ်တဲ့.. ပြိုင်စံရှားချစ်သူစက်ရုပ်ကို ထုတ်လုပ်ဖို့အစမ်းသပ်၅ရက်သုံးစွဲခွင့်အနေနဲ့... "Riika" ဆိုတဲ့ကောင်မလေးကို ရွေးချယ်ခဲ့ပါတယ်.. Riika ဆိုတာက ကိတ်မုန့်ကုမ္ဗဏီတစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့ သာမန်ရုပ်ရည်ရှိတဲ့ ကောင်မလေးတစ်ယောက်ပေါ့.. သူမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုတိတ်တိတ်လေးချစ်နေလေရဲ့.... ဒါပေမဲ့ထိုသူကသူမကို ကစားနေခြင်းသာဖြစ်ခဲ့တယ်.. နောက်ပိုင်းစက်ရုံကုမ္ဗဏီက သူမကို 01 ကိုပို့လိုက်တဲ့အချိန်ကစပြီး သူမဘဝပြောင်းလဲသွားခဲ့တယ်.. ထိုစက်ရုပ်က သူမရဲ့ချစ်သူပုံစံကိုစစ်တမ်းကောက်ချိန်က သူမဖြေခဲ့တဲ့အတိုင်း..ရုပ်ရည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရပ်မောင်း သွင်ပြင်တိုင်းလုပ်ထားပြီး.. စိတ်နေစိတ်ထားကိုကျတော့ သူမအကြိုက်အတိုင်း program ရေးထားတယ်လေ.. သူမကစက်ရုပ်လေးကို "Night" လို့နာမည်ပေးခဲ့တယ်.. ဒါပေမဲ့ သူမစိတ်ထဲမှာတော့ စက်ရုပ်ကိုစက်ရုပ်လို့ ပဲမြင်ခဲ့ပြီး ဘယ်လိုမှချစ်သူလို သဘောထားပေးလို့မရခဲ့ပါဘူး..
နောက်ပြီး သူမအလုပ်မှာ သူမရဲ့မန်နေဂျာ သူဌေးသားလေး Soshi ဆိုသူက သူမကိုသဘောကျနေခဲ့တယ်.. သူမကလဲ Soshi ကိုသဘောကျခဲ့တယ်... ဒါပေမဲ့သူမ မသိလိုက်ချိန်မှာပဲ ..သူမကို စက်ရုပ်တစ်ယောက်ထက်ပိုတဲ့ လူဆန်တဲ့ခံစားချက်တွေနဲ့ အမြဲသူမနားမှာရှိနေတဲ့ စက်ရုပ်ချစ်သူလေးကိုလဲ သံယောဇဉ်ခိုင်မြဲပြီးချစ်နေမိလေရဲ့.. စက်ရုပ်လေးကအစကတော့ program ရေးထားတဲ့အတိုင်းသာပြုမူပြောဆိုပေမဲ့...နောက်ပိုင်းမှာ program ထက်ပိုတဲ့အပြုအမူမျိုးတွေနဲ့ Riika ကိုနက်နက်ရှိုင်းရှိုင်း ချစ်လာတာကို တီထွင်သူသိပ္ပံပညာရှင်ကိုယ်တိုင်တောင် နားမလည်ဖြစ်ခဲ့ရတယ်... ဒီစက်ရုပ်... လူယောက်ျားနဲ့...ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဟာ... အဆုံးပိုင်းမှာ ဝမ်းနည်းဝမ်းသာ ချိုခါးအရသာ အစုံနဲ့..ရင်ထဲမှာစွဲနစ်ပြီး ပရိတ်သတ်ကို ဘယ်လှိုဆွဲဆောင်သွားတယ်ဆိုတာ.. မကြည့်ရသေးရင်.. ကြည့်ဖြစ်အောင် သွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်...

Cast
Hayami Mokomichi - Tenjo Night (Tsuchiya Hikaru from Gokusen 2)
Aibu Saki - Izawa Riko (Don't know other drama of hers)
Mizushima Hiro - Asamoto Soshi (Minami senpai from Hana Kimi JP)


ခုချိန်ကစပြီး..မဗေဒါရဲ့ခံစားချက်တွေစတင်ပေါက်ကွဲပါတော့မယ်...ဟီး....
night Night NIGHT!!!!!!! အရမ်းအရမ်းကြိုက်......
ပြောမယ်ဆိုမှ ဘယ်ကဘယ်လိုစပြောရမှန်းတောင် မသိတော့ဘူး.. ပြောချင်တာတွေများလွန်းလို့.. မှတ်မှတ်ရရရှိတာတစ်ခုကတော့.. အဲဒိဇာတ်လမ်းတွဲကို အလုပ်မှာ အလုပ်လုပ်ရင်းကြည့်တာ... ဘေးကလုပ်ဖော်ကိုင်ဘက်ကပါ စိတ်ဝင်စားပြီးလာကြည့်ကြတာ.. သူပါစွဲသွားပြီး.. နောက်ဆုံးအပိုင်းမှာ ၂ယောက်သားငိုလိုက်ရတာ.. မဗေဒါကလဲ PC ဘက်မျက်နှာပေးပြီး ခိုးပြီးငိုနေတာပေါ့... သူများတွေမြင်သွားရင် ရှက်စရာကြီးကိုး... ခဏနေတော့.. သူကနောက်ကနေ.. နှပ်ရှုံ့သံတွေကြားရပါလေရော.. ကျမသိတယ်..အဲဒိလူလဲနောက်မှာ ငိုနေပြီဆိုတာ.. ရုပ်ရှင်ပြီးတော့တစ်ယောက်နဲ့တစ်ယောက် စပြီးရီလိုက်ရတာမပြောနဲ့.... အဲဒိထဲက နိုက် နေရာကသရုပ်ဆောင်သွားတဲ့ မင်းသားကိုတော့မဗေဒါတစ်ယောက်.. ၁ပတ်လောက်တော့ fall in love ဖြစ်လိုက်အုံးမယ်.. ပြီးရင်တော့သူ့ရဲ့ forever fan လုပ်မယ်.. သူ့ကို Gokusen 2 မှာတုံးက ကြည့်ဖူးတယ်.. ဒါပေမဲ့ဒီလောက်မကြိုက်ဘူး..ဒီကားမှာတော့ အသက်ကြီးလာတော့ လူကြီးဆန်ဆန်နဲ့.. တကယ့်ကိုအားကိုးလောက်တဲ့ ယောက်ျားပီပီသသပုံစံမျိုးရယ်.. ပြီးတော့သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ရော..ဆိုတော့လုံးဝကိုစွဲလမ်းသွားတော့တာ... မဗေဒါလဲ Riiko လိုအခွင့်အရေးမျိုးရမယ်ဆိုရင်.. အဲလိုပုံစံမျိုးနဲ့ စက်ရုပ်တစ်ရုပ်မှာပြီးပဲနေတော့မယ်.. ကိုယ့်အပေါ်လဲသစ္စာရှိတယ်.. အားလဲကိုးရတယ်...သူကခုကားထဲကဆံပင်ပုံစံနဲ့ တော်တော်လိုက်တယ်လို့ထင်တယ်... ဆံပင်ပုံစံကြောင့်ပိုကြည့်ကောင်းသွားတယ်။

နောက် လူမင်းသားကိုတော့... အရင်တုန်းကပိုစ့်တစ်ခုမှာ မဗေဒါရေးခဲ့ဖူးတဲ့ Hana kimi japan version drama မှာသိတယ်... သူ့ကိုစစတွေ့ချင်းတုံးကတော့.. Matsumoto Jun ဆိုတဲ့မင်းသားနဲ့တောင်မှားနေတာ.. နောက်မှသူကသတ်သတ်ဆိုတာသိတယ်..တော်တော်တော့တူတယ်.. သူလဲဆွဲဆောင်မှုရှိတဲ့ မင်းသားတစ်ယောက်ပဲ...ဇာတ်ကောင်စရိုက် ကောင်းကောင်းလေးတွေရိုက်ရင်နာမည်ကြီးမှာသေချာတယ်...
ဒီကားထဲမှာလဲသူ့ကိုကြိုက်ပါတယ်.. ဒါပေမဲ့စက်ရုပ်မင်းသားကို ကြိုက်တာကပိုများနေတော့...ဟဲ..ဟဲ...

အဲဒိထဲက ဇာတ်ကွက်လေးတွေကိုတော့ ပြောပြချင်ပေမဲ့လဲရှည်နေမှာစိုးလို့ ပြောတော့ပါဘူး... အောက်မှာပြထားတဲ့ youtube ကဗွီဒီယိုလေးကိုပဲ အကျဉ်းချုံး ခံစားကြည့်ကြပါ.. အဲဒိထဲကဇာတ်ဝင်တေးနဲ့ပဲ လုပ်ထားတဲ့ဗွီဒီယို အတိုချုံးလေးပါ... ခုလိုမဗေဒါရဲ့ အရေမရအဖတ်မရတွေကို အချိန်ကုန်ခံလာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်... အဲဒိကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်ပါ..နောင်တရမှာမဟုတ်ပါဘူး....