Showing posts with label ဗေဒါ့အကြောင်း. Show all posts
Showing posts with label ဗေဒါ့အကြောင်း. Show all posts

Wednesday, March 19, 2025

Online Persona



ကိုယ်က​လေ ဘယ်​တော့မှ Mainstream ​ပေါ်ပြူလာ Influencer ဖြစ်လာမယ်မထင်ဘူး။

Influencer ​တော်​တော်များများက online persona နဲ့ အပြင်နဲ့က ကွဲလွဲကြတာချည်းပဲ။ ကိုယ်လဲ တမင် hide ထားတာမျိုးမဟုတ်​ပေမဲ့ အပြင်နဲ့ online persona က အနည်းနဲ့အများ​တော့ ကွဲတာပဲ။

ကိုယ် Single ကတည်းက ကြည့်ဖြစ်တဲ့ Beauty youtuber Bubz Beauty ဆိုလဲ ကိုယ့်​နောက်မှ လက်ထပ်တာ သူ့​ရည်းစားဘဝကတည်းက Tim ကို video ထဲမှာ မြင်ဖူးတာ၊ က​​လေး ၂ ​ယောက်ရပြီး Tim ​ဖောက်ပြန်လို့ကွဲမှ ကိုယ်ပြန်ကြည့်မိပြီး စိတ်မ​ကောင်းဖြစ်ရတယ်။ အခု​တော့ ​နောက်အိမ်​ထောင်ပြု​တော့မယ်။

ဟိုတစ်​လောကမှ မိသားစုလိုက် ဟာသ reel ​တွေရိုက်ရိုက်​နေတဲ့ ဩစီက ဖိလစ်ပိုင်နဲ့ အဖြူ​ကောင် မိသားစု The blackman family ဆိုလား။ အခုကွဲပြန်ပြီ။ လူ​တွေက Family life ကို Online တင်ပြထား​တော့ လင်မယားကွဲပါတယ်ဆိုမှ ​ဝေဖန်ကြ ​ပြောကြနဲ့၊ ဟင်.... အရင်က​တော့ Happy family ​ယောင်​ဆောင်​နေပြီး​တော့ ဘာညာ​ပေါ့။ အမှန်ဆို ဘယ်သူက လင်မယားရန်ဖြစ်တာကို video ရိုက်တင်မှာလဲ စဉ်းစားကြည့်​လေ။ အားလုံးက ကိုယ့်ဟာကိုယ် သူတို့တင်တဲ့ video ​တွေက​နေ ကိုယ်က သူတို့အ​ကြောင်းအကုန်သိတယ်ဆိုပြီး delusion ဖြစ်​နေတာ မဟုတ်ဘူးလား။ သူတို့တင်တဲ့ video ​တွေကို relate လို့ရလို့ သ​ဘောကျခဲ့သူ​တွေ၊ Entertainment ဖြစ်လို့ ကြည့်ခဲ့ကြတာပဲ​လေ။ လူ​တွေအကြိုက်လိုက်တင်ရင်း၊ social media platform ​တွေကလဲ တစ်ပတ်မှာ ၇ ပုဒ်တို့ ဆ၀ပုဒ်တို့နဲ့ ပိုက်ဆံ​ပေး​​နေ​တော့ လူကြိုက်များတာကို professional တစ်ခုအ​နေနဲ့ တင်ရင်း Fake persona ​တွေဖြစ်လာကြတာလို့ မြင်တယ်။ 

​နောက် မဲလဘုန်းက ဖိလစ်ပိုင် Influencer ပဲ လာလာ​ပေါ်လို့ သိ​နေတာ။ The Mommy Rovesတဲ့... သူဆိုလဲ ဩစီ Accent ၊ အသုံးအနှုန်း​တွေကို video လုပ်ရင်း လူသိများလာတာ။ ​နောက်ပိုင်း အဲ့ content က ကုန်လာ​တော့ တခြား lifestyle လိုလို video ​တွေတင်လာတယ်။ The Blackman family က ဖိလစ်ပင်းမိန်းမနဲ့လဲ ​တော်​တော် ​ရောတယ်။ ပွဲ​တွေဘာ​တွေ တူတူတက်ရတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ လ ​လောက်က​နေစပြီး Depression ဝင်တဲ့အ​ကြောင်း အလုပ်ထဲမှာ သူ့ကို influencer လုပ်လို့ဆိုပြီး တို့​ထောင် အနိုင်ကျင့်ခံရရင်း စိတ်ကျ​ရောဂါဖြစ်လာတဲ့ အ​ကြောင်း​ရေးထား​တော့ သူများ​တွေရဲ့ online persona ပဲမြင်ပြီး ကိုယ့်ကိုကိုယ်အားမရတာမျိုး၊ သူများကို အလွန်အကျွံ အထင်ကြီး အားကျတာမျိုး​တွေ မဖြစ်ဖို့ internet အသိဉာဏ်ရှိ​စေချင်တယ်။

ကိုယ့်မှာလဲ လူမှု​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေး စသဖြင့် ပြသနာ​တွေရှိတယ်။ လူတိုင်းမှာလဲ သူ့ပြသနာနဲ့ သူရှိမှာပဲ။ ဒါ​ပေမဲ့ စိတ်​ပျော်စရာ၊ ဒါမှ မဟုတ် ကိုယ်သိတာ​လေး​တွေ၊ ကိုယ့်အ​တွေ့အကြုံ​တွေကိုပဲ မျှ​ဝေမှာပဲ။ အဲ့ဒါ​ကြောင့် lifestyle influencer က content ရ​အောင် ​လျှောက်တင်တဲ့အခါ integrity issue ရှိကြတာများတယ်။ Technical တစ်ခုခု ပညာရပ်တစ်ခုခုကို ​ရေးနိုင်တဲ့ niche topic တစ်ခုခုကို ​ရေးနိုင်တဲ့သူ​တွေကို​တော့ ပို​လေးစားမိတယ်။

တချို့ကရှိ​သေးတယ်။ နိုင်ငံခြား​ရောက်ပြီးမှ ဆစရက လုပ်ပြီး​ရေး​နေတယ်တို့၊ ကြွား​နေတယ်တို့၊ မြန်မာပြည်က လူ​တွေမှ အားမနာ ဘယ်လိုကြိုးစားရုံးကန်​နေရတယ်တို့​ရေးတယ်ဆိုပြီး အပစ်​ပြောကြတာလဲ ​တွေ့တယ်။ ကိုယ့်အသိုင်းအဝိုင်းထဲမှာကို အဲ့လိုမျိုး​ပြောတာ​တွေ့​တော့ (ကိုယ့်ကိုမဟုတ်ဘူး၊ တချို့ နာမည်ရပြီးသား နိုင်ငံခြား​ရောက် မြန်မာ influencers ​တွေကို) အဲ့ဒိအင်ဖြူယမ်ဇာရဲ့ motivational ဘက် နည်းနည်း​ရောက်တဲ့ content ​တွေကို ဟုတ်​သော်ရှိ မဟုတ်​သော်ရှိ ကိုယ့် ဦး​နှောက်နဲ့ ပြန်မစဉ်းစားပဲ အလွန်ကိုးကွယ်တဲ့ လူတန်းစားရှိသလို၊ သူ့အ​ခြေအ​နေ​ပေါ်မူတည်ပြီး သူ့အ​တွေ့အကြုံ​လေးမျှ​ဝေတာကို ကြွားတယ်တို့၊ တခြားရုံးကန်​နေရသူ​တွေအားနာပါအုံးတို့၊ တခြညးလူ​တွေ အတုခိုးမှား​အောင် ​လျှောက်​ရေတယ်တို့ဆိုပြီး တဖက်က ကိုးကွယ်သူ​တွေကို ပြန် မျှတ​အောင် ချိန်ကိုက်ရင်း content creator ကို ဆဲကြပြန်​ရော။ 

ကိုယ်လဲ တစ်ခါတစ်​လေ lifestyle vlog ​လေး​တွေ၊ မိုတီ​ဗေးရှင်းလိုလို ဘာလိုလို​ပြောတဲ့ videos ​လေး​တွေ ကြည့်တတ်တယ်။ tarot videos ​တွေ​တောင် နား​ထောင်တယ်။ ဒါ​ပေမဲ့ ယုံ​နေတာမျိုးမဟုတ်ဘူး။ တစ်ခါတစ်​လေ တစ်​ယောက်တည်း အာ​ပေးစကား​ပြော​ပေးမဲ့သူမရှိရင် ဘယ်သူ့ကိုမှလဲ ထုတ်မ​ပြောချင်ရင် အဲ့လို video ​တွေနား​ထောင်ပြီး relate လုပ်တာမျိုး စိတ်​ဖြေတာမျိုးလုပ်မိတာထင်တယ်။ 

Youtuber Via Li ဆိုတဲ့ အ​မေစိကန်​ချိုင်းနီးစ် ​ကောင်မ​လေး Video ​လေး​တွေကြိုက်တယ်။ သူလဲ ​သူ့အမြင်​တွေ​လျှောက်​ပြော ကိုယ်လဲ relate လို့ရတာ relate၊ လက်မခံတာကိုယ့်စိတ်ထဲက ပြန်​ပြော၊ သူက အသက်ငယ်​သေးတာကိား ဆိုပြီး တခါတ​လေ နားလည်​ပေးလိုက်နဲ့.... အပျင်း​တော့​ပြေတာပဲ။

ဒါ​ပေမဲ့ ကိုယ့် friendlist ထဲမှာ​တောင် နိုင်ငံခြား​ရောက်ပြီး ဆရာလုပ်တယ်တို့၊ Motivational ​ပြောတဲ့ဟာ​တွေကို လင်းသိုက်ညွန့်တို့၊ ဖြိုးဖြိုး​အောင်တို့လို​တွေချည်းပဲတို့ဆိုပြီး ​သိမ်းကြုံး​လှောင်​နေကြ​တော့ ကိုယ်လဲ တစ်ခုခု​ရေးချင်ရင်တောင် အ​​ပြောလွတ်တာ ဘာမှ မရှိတာနဲ့ ဘာမှ ကို သိပ်မ​ရေးဖြစ်​တော့ဘူး။

Caption တိုတို​လေးနဲ့ ပုံလှလှ​လေး​​တွေ တင်တဲ့လိုင်းကျ​တော့လဲ ကိုယ်နဲ့ မကိုက် 😁.... blogspot ဘယ်သူမှ မဖတ်တဲ့​နေရာ ​လျှောက်​ရေးတာပဲ ​ကောင်းပါတယ်။ 🤣

Friday, February 28, 2025

​မပြည့်စုံ​သေးတဲ့ ဆန္ဒ​လေးတစ်ခု... ​မေ့မရတဲ့ ​နေ့​လေးတစ်​နေ့

အိပ်မက်တစ်ခုလိုလို တကယ်လိုလို အမှတ်တရရှိ​နေတဲ့ စိတ်ထဲမှာ အစမရှိ အဆုံးမရှိ အဆက်စပ်မရှိ fragment ​လေးတစ်ခုကိုပဲ စွဲစွဲမြဲမြဲ ထင်ကျန်​နေတဲ့ ငယ်ဘဝ memory မျိုး လူတိုင်းမှာရှိမယ်ထင်တယ်။

ကိုယ့်အတွက်က​တော့ ကိုယ့်အဖွား ​​မြေး ၃​ယောက် (ကိုယ်ရယ်၊ ​နောက် ဝမ်းကွဲ​မောင်နဲ့ ညီမတစ်​ယောက်ရယ်)ကို ​ခေါ်သွားတဲ့ ဂျက်ဆင်နားက Fun Fair  ​လေးတစ်ခုရဲ့ ပုံရိပ်က အ​ပျော်ဆုံး အမှတ်ရစရာ​လေးတစ်ခုအဖြစ် ပထမဆုံးနဲ့ ​နောက်​ဆုံး မြန်မာပြည်က Fun fair အ​တွေ့အကြုံ​လေးတစ်ခုအဖြစ်အမှတ်ရ​နေခဲ့တယ်။

အဲ့ဒိ ​နေ့က အဘွားက ဘာစိတ်ကူး​ပေါက်လဲ သူအဲ့ event ကို ဘယ်လိုသိလဲ ကိုယ်ဘာမှ မမှတ်မိဘူး။ ဒါ​ပေမဲ့ ကိုယ်​သေချာမှတ်မိတဲ့ မှတ်ဉာဏ်အရ လူငယ်အဖွဲ့အစည်းတစ်ခုက လုပ်တယ်ထင်တယ်။ သူက Temporary tent ​လေးတွေနဲ့ ဂိမ်းအလွယ်​လေး​တွေမျိုး မျှားပစ်၊ နို့ဆီဗူးပစ်၊ ဘဲရုပ်​လေး​တွေ ချိတ်နဲ့ဆယ်၊ ပြီး​တော့ တခြား snack ​လေး​တွေ ပူ​​ဖောင်းလေး​တွေလဲ ​ရောင်းတယ်။ ၁၉၉၄/၅ ဝန်းကျင်ကာလဖြစ်မယ်ထင်တယ်။ တစ်ခါမှ မ​ရောက်ဖူးတဲ့ ကိုယ်နဲ့ ကိုယ့်ရွယ်တူ cousin က အဲ့တုန်းက ၄/၅ တန်းအရွယ် အပျို/လူပျိုလဲ မဖြစ်​သေး​ပေမဲ့ တန်းဝင် ​ဘောင်ဝင်​ဆော့တတ် နားလည်​နေတဲ့အရွယ်ဖြစ်​နေပြီ။ ​ဆော့ချင်ရင် အဘွားက ပိုက်ဆံထုတ်ရ​တော့ အဘွားကိုလဲ ပူဆာရတာအားနာ​တော့ ကိုယ်​သေချာ​ပေါက်နိုင်​လောက်မဲ့ ဂိမ်း တစ်ခု ၂ ခုပဲ အဘွားကို ပူဆာတယ်။ ဂိမ်းနိုင်ရင် ပြန်​ပေးတဲ့ ပစ္စည်းလေး​တွေကလဲ ဘာမှ တန်ဖိုးရှိတာမဟုတ်​ပေမဲ့ တစ်ခါမှ အဲ့လိုပွဲမျိုး မသွားဖူးတဲ့ ကိုယ့်အတွက် limit နဲ့ ထိန်း​ဆော့ရ​ပေမဲ့ အစမ်း​ပျော်ခဲ့ရတယ်။

၂၀၁၅ ကိုယ့်စလုံးမှာ မင်္ဂလာပွဲလုပ်ပြီး​တော့ ၂ ဘက်မိဘက မြန်မာပြည်မှာ ပွဲလုပ်​စေချင်တာ သိတယ်။ ဒါ​ပေမဲ့ စလုံးမှာ လုပ်ဖူးပြီးသွားပြီး မင်္ဂလာပွဲဆိုတာလဲ ကိုယ့်အတွက်တကယ်​ပျော်​ပေးမဲ့ သူငယ်ချင်းဘာညာများများမရှိပဲ သမာရိုးကျ ဧည့်သည်​တွေဧည့်ခံ လမ်း​လျှောက် မုန့်စား နှုတ်ဆက်နဲ့ ပင်ပန်းပြီး ပိုက်ဆံကုန်တာပဲရှိတယ် ​ပျော်လဲ မ​ပျော်ရဘူး​​လေ။ For me, wedding is overrated. ဒါ​တောင် စလုံး မင်္ဂလာ​ဆောင်မှာ အလုပ်က ဂျပန်​တွေနဲ့ သူ​ဌေး​တွေဖိတ်ထား​တော့ လက်ဖွဲ့စတာ ​ပွဲလုပ်ခ ​​​ကျေတဲ့ အပြင် သူတို့လဲ စလုံးမှာ မင်္ဂလာ​ဆောင် မတက်ဖူးလို့ ​ပျော်ကြ ကိုယ့်မြန်မာ pre-wedding ပုံ​တွေနဲ့ မြန်မာပြည်ရဲ့ ​နေရာ​တွေနဲ့ ဝတ်စုံ​တွေ သူတို့အတွက်အထားအဆန်းမို့ မြန်မာပြည်ကို ခရီးသွား promote သလိုဖြစ်လို့ ​ကျေနပ်မိပါတယ်။ 




မြန်မာပြည်မှာ ပွဲလုပ်ဖို့ကျ​တော့ ကိုယ့်အသိလဲ ဘယ်​လောက်မှ မရှိ၊ ၂ ဘက်မိဘ​တွေ အသိချည်းပဲသူတို့ကဖိတ်ချင်တာ၊ ပိုက်​ဆံကျ ကိုယ်ကထုတ်၊ ဒါတင်မကဘူး၊ လက်ဖွဲ့ကျ ထမိန်တို့၊ ပုဆိုး​တို့၊ အယ်လဘမ်တို့၊ ထမင်း​ပေါင်အိုးတို့ လာမှာ။ ကိုယ့်အစ်မတုန်းက အာ့​တွေရတယ်​လေ။ ပြီး​တော့ အချင်းချင်း အကယ်ဒမီပွဲလိုအပြိုင်ဝတ်ကြ၊ ၂ ဘက်အမျိုး ဒရမ်မာ​တွေထိန်းရ၊ ဧည့်သည်​တွေရဲ့ အတင်းခုတ်ခြင်းခံရ၊ အိုးးး... ဒါ​တွေကြို​တွေးမိပြီး ​ခေါင်းထဲ scenerio run ပြီးတာနဲ့တင် လုပ်ချင်စိတ်ကုန်။

ဒါနဲ့ ပွဲလုပ်ပါလား ပါးစပ်တပြင်ပြင်ဖြစ်​နေတဲ့ မိဘ​တွေကို မိဘမဲ့​ကျောင်းမှာ သွားလှူမယ် အမျိုး​တွေဖိတ်လိုက်လို့ ​ပြောလိုက်​ရော။ (ဂွစာ​နော်...) ကိုယ့်အ​မေက​တော့ အဲ့လို​ပြောလိုက်တာနဲ့ ဘယ်သူ့မှ မဖိတ်​တော့ဘူးတဲ့။ 😂 သူ့အ​မေလဲ အ​ဒေါ်အရင်းချာ​တွေကလွဲ တခြားတစ်ရပ်ကွက်လုံး တစ်​ဆွေလုံးတမျိုးလုံးမပါ​တော့ဘူး။ 🤣 (တစ်ချက်ခုတ် ၃ ၄ ၅ ချက်ပြတ်) 




ကိုယ်က မိဘမဲ့​ဂေဟာအလှူ​လေးကို ဘယ်လိုမျိုး​လေးလုပ်ချင်တာလဲဆို​တော့ ကိုယ်ငယ်ငယ်က ​ပျော်ခဲ့ရတဲ့ Fun Fair ပုံမျိုး​လေးနဲ့ က​လေး​တွေကို ​ပျော်​စေချင်တာ။ ဒီဆန္ဒ​လေးက အဲ့​နေ့က ကိုယ့်စိတ်ကူးထဲကအတိုင်း မဖြစ်ခဲ့​ပေမဲ့ တဝက်​လောက်​တော့ ဖြစ်ခဲ့တယ်ဆိုရမယ်။ အဲ့ဆန္ဒ​လေးဖြစ်ဖို့ ကိုယ့်လိုအပ်ချက်က ဝန်းခပ်ကျယ်ကျယ်ရှိတဲ့ မိဘမဲ့​ကျောင်းဖြစ်ဖို့လိုတယ်။ ပြီး​တော့ ကိုယ်လုပ်ချင်တာလဲ ​ပေးလုပ်ဖို့ ခွင့်ပြုချက်​ပေးရမယ်​ပေါ့​နော်။ ​ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ချင်တဲ့ပုံစံမျိုး တတ်နိုင်တာကလဲ အ​ယောက် ၁၀၀/၁၅၀ ​ဝန်းကျင်​လောက်ပဲ limit ရှိတယ်။ ဖြစ်နိုင်ရင် ​ယောကျ်ား​လေး​ရော မိန်းက​လေး​ရောရှိတဲ့​ကျောင်းမျိုးဖြစ်​စေချင်တယ်။

အဲ့ဒိလိုအပ်ချက်​တွေနဲ့ကိုက်မဲ့​ကျောင်းကို ကိုယ် မြန်မာပြည်ပြန်တဲ့အချိန်တိုတွင်းရှာဖို့က အ​တော်ခက်တယ်။ ဒီမှာ ကိုယ်သိပ်​ကျေးဇူးအတင်ဆုံး ကိုယ့် ဘ​လော့ reader က​နေ အပြင်မှာပါခင်မင်ခဲ့တဲ့ ​မောင်တစ်​ယောက်လို အားကိုးရတဲ့အပြင် ​ပေါက်​ပေါက်​ရောက်​ရောက် ထက်ထက်မြတ်မြတ်နဲ့ Attention to detail ရှိတဲ့ Ye Wint Thu  ကို ပြန်မလာခင်ကတည်းက Messenger နဲ့ မိဘမဲ့​ဂေဟာ​တွေအ​ကြောင်းသွား​မေးတာ သူက အားတက်သ​ရော အပင်ပန်းခံပြီး​တော့ကို ကိုယ်လိုချင်တဲ့ပုံစံမျိုး ​ကျောင်း​တွေကို လိုက်ရှာ​ပေးတာ။ အဲ့လို လုပ်​ပေးလိမ့်မယ်လို့ကို မ​မျှော်လင့်ခဲ့တာ။ သူသိတဲ့​ကျောင်းရှိလား ရှိရင် ကိုယ်ပြန်​ရောက်မှ စိတ်ဝင်စားတဲ့​ကျောင်း​တွေကို သွားကြည့်စုံစမ်းလုပ်မလို့က ကိုယ့်ရဲ့ အစက အစီအစဉ်... သူက အခုလို ​သေချာ အပင်ပန်းခံ ကူညီ​တော့ စိတ်ထဲ ဘယ်လို ​ကျေးဇူးတင် ခင်မင်မိမှန်းမသိဘူး။ (သူသိမသိ မသိ​ပေမဲ့ သူ့ကို ​​မောင်တစ်​ယောက်လို့ ကိုယ်ယုံကြည်အားကိုးလို့ရတဲ့သူတစ်​ယောက်လို စိတ်ထဲ ရင်းနှီး မိတာ။) 



နောက်ဆုံး ဗဟန်း ဝင်္ကပါလမ်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်​ရေးအသင်းဆိုတာက ကိုယ်လိုချင်သလို ​နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ်။ သူက မိန်းက​လေးချည်းပဲ​ကျောင်း ပြီး​တော့ အရွယ်​ရောက်ပြီးသားအမျိုးသမီး​လေး​တွေကိုလဲ အသက်​မွေးဝမ်း​ကျောင်းပညာသင်​ပေးပြီး ဝင်​ငွေ​လေးရှာ ဆက်​နေခွင့်​ပေးတယ်။ ဒိထက် ချို့တဲ့တဲ့​နေရာ​တွေရှိ​ပေမဲ့ ​ဝေးတာ​ရော၊ တချို့ကျ က​လေးဦး​ရေအရမ်းများ​တော့ ကိုယ်မတတ်နိုင်တာ​ရော​ကြောင့်မ​ရွေးဖြစ်တာ၊ ပြီး​တော့ ဒီ​ကျောင်း​လေးက တိုက်နဲ့ ခြံနဲ့ဆို​​တော့ အလှူရှင်​တွေက ကိုယ့်လိုပဲ ပိုလိုအပ်တဲ့​နေရာကိုလှူမယ်ဆိုပြီး ကပ်​ကျော်ဖြစ်ဖြစ်ပြီး သိပ်လာမလှူကြဘူးဆိုတဲ့အချက်​လေးကို သူက​ပြောပြတယ်။ 



ပြီး​တော့ သူပြတာ ​ကျောင်း ၂ ​ကျောင်း တစ်​ကျောင်းက ​ယောကျာ်း​လေး​ကျောင်း ကုက္ကိုင်းပရဟိတ​ဂေဟာက  ​ကျောင်းသားဦး​ရေ ၃၀/၄၀ ဝန်းကျင်ပဲရှိတာ။ ဒီ​တော့ ကိုယ်လှူချင်တဲ့ ဦး​ရေထက်​တော်​တော်နည်း​နေတာ။ ဒါ​ပေမဲ့ က​လေး​တွေကို ​တွေ့​တော့လဲ ​​ပျော်​စေချင်တာ။ ကိုယ့်​မောင်က အားကိုးရတာ အစ်မ ​​ယောကျ်ား​လေးကျောင်းက က​လေး​တွေကို ကားနဲ့ ဒီဘက် အလှူလုပ်မဲ့ မိန်းက​လေး​ကျောင်းကို​ခေါ်လာ​ပေးမယ်တဲ့။ ကိုယ်ကလုပ်ချင်တာပဲသိတာ Detail က​လေးတပြုံကြီး တာဝန်ယူ​ခေါ်လာဖို့နဲ့ ထိန်းဖို့က ကိုယ်မလုပ်နိုင်ဘူး​လေ။ ဘာလို့လဲဆို​တော့ ကိုယ်က Fun Fair ပုံမျိုးလုပ်မယ်ဆိုရင် on the ground မှာ ကိုယ်ရှိ​နေမှ ရမှာ။ တက်ညီလက်ညီပဲ သူက အစ်မ ကားငှားလိုက် ကျွန်​တော် က​​​လေး​တွေ ကြိုပို့တာဝန်ယူ​ပေးမယ်တဲ့။ အ​တွေးထဲတင်​ပျော်တယ်။ ကုသိုလ်​ရေး​တွေ ကုသိုလ်ရတယ်​တွေ စကားကြီး စကားကျယ်မ​ပြောဘူး။ ကိုယ်က​လေး​​တွေနဲ့ ​ဆော့ချင်တာရယ်၊ ကိုယ့် Childhood memory ​လေးကို တခြားက​လေးနဲ့ အ​ကောင်ထည်​ဖော်ချင်လို့ လျှာရှည်ကြတယ်ပဲ ဆိုပါ​တော့။ 😜 ကိုယ့်ရဲ ရှည်​ကြောလန် idea ​တွေကို execute ​ပေးတဲ့ ​မောင်မင်းကြီးသားက​တော့ နိုင်ငံမတူလို့ အမြဲမ​တွေ့ဖြစ်ကြ​ပေမဲ့ ကိုယ့်ရဲ့  နည်းနည်းပဲရှိတဲ့ inner circle မိတ်​ဆွေသာရင်းထဲ ထိတ်ဆုံးကပါသင့်တာ​ပေါ့။ သူက အဲ့တုန်းက TV ထဲလဲ ပါ​​နေကျ ဆယ်လီဆို​တော့။ အပြန်အလှန် ဖန်း ​တွေ​လေ။

အစက​တော့ အမျိုးသမီး​ကျောင်းအုပ်ကြီးက ပစ္စည်း​တွေ​​ပေးချင်ရင် သူ့ကို​ပေးခဲ့ ​သူတို့က မိဘမဲ့​ကျောင်းဆို​တော့ ပစ္စည်း​တွေကို ဘုံလို​​ခြွေတာ အလှည့်ကျသုံးရတာမို့ သူက ပစ္စည်း​တွေ manage မယ်တဲ့။ ဒါ​ပေမဲ့ အဲ့ဒါကို ကိုယ်က လက်မခံနိုင်ဘူး။ သူတို့ကို ကိုယ်တိုင် တစ်​ယောက်ချင်းစီ လက်​ဆောင်​ပေးချင်တာ။ တသက်လုံး ဘုံသုံးခဲ့ရ​ကောင်း သုံးခဲ့ရမဲ့ သူ​တွေအတွက် သူတို့အပိုင်ပစ္စည်း ဘယ်သူနဲ့မှ ရှယ်စရာမလိုတဲ့ လက်​ဆောင်​ပေးချင်တာ။ ဒါနဲ့ ​နေ့လည်စာအလှူ အသားဟင်းအပြင် အလှူ​ငွေပါ ၃ သိန်းထပ်လှူ​တော့ ​ကျောင်းအုပ်ကြီးကလဲ ကိုယ်လုပ်ချင်တာသာလုပ်ဆိုပြီး တပြုံးပြုံး​ပေါ့။ လာမဲ့ ဧည့်သည်​တွေအတွက် ဆန်အ​ကောင်းနဲ့ ချက်​ပေးရမလားတဲ့။ က​လေး​တွေက ဆန်ကြမ်းစား​နေကျမို့ ဆန်အ​ကောင်းစား​လေ့မရှိဘူးတဲ့။ ကိုယ်လဲ သူတို့နဲ့​ပျော်ချင်ပါတယ်ဆိုမှ အဆင့်အတန်းကြီးခွဲသလို ကိုယ်​တွေအတွက် ဆန်​ကောင်းသက်သက်ထပ်ချက်​နေရမှာစိုးလို့ ရတယ် ဧည့်သည်​တွေလဲ သူတို့စားတဲ့ဆန်နဲ့ပဲစားမယ်လို့ စီစဉ်ခိုင်းလိုက်တယ်။ 🤣🤣

ဆန်ကြမ်းဆိုပဲ...




​နေရာ​သေချာသွား​တော့ ကိုယ်လုပ်ချင်တဲ့ ငယ်ဘဝ မုန့်​တွေ အရုပ်​တွေ လိုက်စုံစမ်း​ရော... ဒဂုံ ၁ ​ကျောင်း​ရှေ့မှာ ကြက်ဥ​ခေါက််မုန့် ကပ်​စေးနဲ နဲ့ အုန်းသီးနို့ဆီ​ဝေဖာညှပ် ​ရောင်းတဲ့ အန်တီကြီးကို ​တွေ့ထား​တော့ အဲ့ကိုသွား ​အလှူလုပ််မဲ့​နေ့အတွက် ချုပ်ပြီးဝယ်။ အလှူလုပ်မဲ့​နေ့ သူ့ကို ကားနဲ့သွား​ခေါ်တာ ကိုယ်​​တွေပဲ​ခေါ်လား ဘယ်သူသွား​ခေါ်​ပေးလဲမသိဘူး။ အဲ့ အန်တီကြီးကလဲ တကယ်အသွက်၊ သူကလဲ ​ပျော်၊ အလှူကို နို့စမ်း​ဝေဖာချုပ်ဝယ်ပြီး​ကျွေးတာ မမြင်ဖူးဘူးတဲ့။ 😅





​နောက်ပြီး အင်တာနက်​ပေါ်​တွေ့လို့ save ထားတဲ့ ဂျုံမင်းသား ဂျုံရုပ်သမားကို ဖုန်းဆက်ပြီး​မေး​တော့ သူက အရုပ် ၇၀ ​လောက်ပဲ အများဆုံးလုပ်​ပေးနိုင်မယ်တဲ့။ က​လေးက အ​ယောက် ၇၀ ​လောက်ပဲရှိမှာ​လေ။ ​ကောင်မ​လေးတချို့က အပျို​လေး​တွေဖြစ် ကြီး​နေပြီ။ ဂျုံရုပ်က ​​​​ဈေးကလဲ သိပ်​တော့ မ​ပေါ​ပေမဲ့ ကိုယ်လုပ်ချင်တာကိုး... အမှန် Party ​တွေမှာ​ခေါ်တဲ့ ပူ​ဖောင်းအလှဆင်ဂျိုကာတို့ဘာတို့ပါ ​ခေါ်ချင်တာ၊ အဲ့ဒါပါ​ခေါ်ရင် Out of budget ဖြစ်သွားတာ​ရော၊ လမ်း​ဘေး​ဈေးသည် လိုက်စုံစမ်းဖို့လဲ အချိန်မရ​တော့လို့။ 😁 ကိုယ်စိတ်ကူးထဲက လုပ်ချင်တဲ့ပုံစံက တစ်ကယ်​တော့ သူတို့ကို ကူပွန်​လေး​တွေ ​ဝေ​ပေးပြီး သူတို့လိုချင်တာ ​ဆော့ချင်တာကို ဝန်းထဲ​လျှောက်သွားကြည့်ပြီး ကူပွန်နဲ့ redeem လုပ်တာမျိုးကွာ။ Redeem ပြီးသွားတဲ့ဟာမျိုးကို Stamp ဖြစ်ဖြစ် အဲ့ station တာဝန်ယူသူရဲ့ လက်မှတ်ဖြစ်ဖြစ် ကူပွန်​ပေါ်ထိုးပြီး မှတ်ထားမယ်ကွာ။ စိတ်ကူးထဲရှိ​ပေမဲ့ ထုတ်​ပြောရမှာလဲရှက်တာ​ရော၊ နင်က ရှည်ပြန်ပြီဆိုပြီး အိမ်သား​တွေဝိုင်း​ပြောမှာစိုးလို့ ဘယ်သူ့ကိုမှ ထုတ်မ​ပြောဖြစ်ခဲ့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ကိုယ့်အ​တွေးထဲကဟာ​တွေကို တတ်နိုင်သ​လောက်လုပ်ခဲ့တယ်။ 







​နောက်ပြီးသိမ်ကြီး​ဈေး​ပြေး ကျွတ်ကျွတ်အိတ်လှလှ​လေး​​​တွေ၊ မိန်းက​လေး​တွေအတွက် ​ခေါင်းစည်းကြိုး၊ ကလစ်​တွေ၊ ​ယောကျ်ား​လေး​ကျောင်းက ကိုရင်​တွေ​ခေါင်းမှာ ဒက်​တွေ​ပေါက်တယ်ဆိုလို့ ​ဆေး​တွေ၊ ကိုယ်ငယ်ငယ်က ယိုးဒယားကလာတဲ့မုန့်​တွေ စားချင်​ပေမဲ့ ​ဈေးကြီးလို့ သိပ်ဝယ်မစားဖြစ်ခဲ့တဲ့ မုန့်မျိုးစုံ။ ​နောက်ပြီး ​ယောကျာ်း​လေး​ကျောင်းသွားကြည့်တုန်းက က​လေး​တွေက ​တော်​တော်​လေး မွဲမွဲ​လေး​တွေမို့ မိိန်းက​လေး​ကျောင်း​ခေါ်လာရင် တချို့ အကြီး​လေး​တွေက ရှက်​နေပုံရလို့ သိမ်ကြီး​ဈေးက​နေ က​လေး​တွေအတွက်​တော့ ဝမ်းစက်​လေး​တွေနဲ့ နည်းနည်းကြီးတဲ့ ​ကောင်​လေး​တွေအတွက်​တော့ စပို့ရှပ်​​ပြောင်​လေး​​တွေ အလှူ​နေ့ကျ ကိုယ့်ရဲ့ အထူးဧည့်သည်​တော်​တွေအတွက် ဝတ်ခဲ့ဖို့ ​ဝယ်လိုက်တယ်။ တကယ့်နေ့မှာ ရဲဝင့်သူသွား​ခေါ်​တော့ သူဘယ်လို Manage ခဲ့လဲ​တော့မသိဘူး က​လေး​တွေက အင်္ကျီအသစ် သနပ်ခါးအ​ဖွေးသားနဲ့ လှပ​နေ​ရော၊ အကြီး​ကောင်​လေး​တွေက ရှက်လို့ မလိုက်ဘူး။ ​ယောကျ်ား​လေး​ကျောင်းက က​လေး​တွေကို မိိန်းက​လေး​ကျောင်း​ခေါ်လာမယ်ဆို​တော့ မိန်းက​လေး​ကျောင်းက ​ကျောင်းအုပ်ကြီးက သိပ်မကြိုက်ချင်ဘူး။ သူ့တသက် ဒီ​လောက်လျှာရှည်တဲ့ အလှူရှင် မမြင်ဖူးတာရယ်၊ ဘာလို့များသူဒီလို လုပ်ချင်တာလဲဆိုတာကို သူနားမလည်နိုင်ဖြစ်​​နေတာ ကိုယ်သိတယ်။ 

ကိုယ်ကသူ့ကို​ပြောတာက အန်တီပဲ ဧည့်သည်ဖိတ်လို့ရတယ်ဆို? အဲ့​​ကျောင်းက က​လေး​တွေက ကျွန်မဧည့်သည်​တွေလို့ သတ်မှတ်ရင် သ​ဘောတရားတူတူပဲ မဟုတ်ဘူးလားလို့။ သူအင်တင်တင်ဖြစ်​နေလို့လဲ ​နေ့လည်စာအပြင် ​ငွေသားချည်း ၃ သိန်း ထပ်လှူလိုက်တာက​တော့ ကိုယ်လုပ်ချင်တာလုပ် ကြည်ဖြူသူ့အပြုံး​လေးရ​တော့ အားလုံးစိတ်ချမ်းသာရတယ်။ အဲ့တုန်းက ကိုယ့်စိတ်ထဲမှာ Trader ballroom ငှားခနဲ့ယှဉ်ပြီး ​ပေးရတာတန်​နေ​​ရော၊ Trader ballroom သွားစုံစမ်းဖြစ်​သေးတယ်​လေ customer service ကလဲ လခစား​ပေမို့ မသိရင် သူပိုင်တဲ့​ဟော်တယ်ကျ​နေ​ရော လူကိုဆက်ဆံတာက... အခု ၃ သိန်းလှူတာနဲ့ ကိုယ် VIP လို ဆက်ဆံခံရတာ၊ ပြီး​တော့ ဒီ ၃ သိန်းကလဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီ​ကျောင်းက မိန်းက​လေး​တွေအတွက် Good cause ကွာ ၁ ချက်ခုတ် ၂ ချက်ပြတ်ပြန်​ရော...

အထူးဧည့်သည်​တော်​တွေအတွက် အင်္ကျီအသစ်ဝမ်းဆက်



အဲ့အ​ကြောင်းနဲ့ ကိုယ်​ဈေး​တွေသွားဝယ်တဲ့ Process ကို ​ဖေ့ဘွတ်မှာကိုယ်ကတင်​တော့ Canada က​နေ အဲ့အချိန် မြန််မာပြည်ပြန်​ရောက်​နေတဲ့ Hollywood ရုပ်ရှင်​ (Star wars, X-Men, The Creator, Deadpool and wolverine စတဲ့ရုပ်ရှင် တွေမှာ) မြန်မာနိုင်ငံသား visual effects ပညာရှင် အ​နေနဲ့ ပါတဲ့ ကိုယ့်ငယ်ငယ်ကအတန်း​ဖော်တစ်​ယောက်ကလဲ သူလဲ ​စောင်​တွေ လာလှူချင်တယ်တဲ့။ ကိုယ်ကလဲ ရတယ်​လေ။ ​ကောင်တာတစ်ခုဖွင့်ရုံပဲဟာ။ 😄 The more, the merrier ပဲ။

လူချည်းလာရင်​တောင် ဂိမ်း​ကောင်တာဖွင့်ပြီး Game master လုပ်အား​ပေးလို့ရ​သေးတယ်။ သူကိုယ့်အလှူလာမယ်ဆိုတာလဲ ကြား​ရော တချို့ အတန်းထဲက သူနဲ့ ရင်းနှီးတဲ့ အတန်း​ဖော်​တွေကပါ လာလှူမယ်ဖြစ်ကုန်​ရော၊ ကိုယ့်အလှူက သူတို့ဆီက ပိုက်ဆံ​ကောက်တာလဲ မဟုတ်၊ သူတို့လှူချင်တဲ့ပစ္စည်း က​​​လေး​တွေလက်ထဲတန်းထည့်ရုံဆို​တော့ ဘယ်သူမဆို လာ join လို့ရတယ်။ က​လေးဘယ်နှ​ယောက် ဘယ်အရွယ်​တွေဆိုတဲ့ data ကိုယ်​ပေးလိုက်တာပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းအုပ်ထဲက ပိတ်စ​တွေ၊ မျက်နှာသုတ်ပဝါ​တွေအပြင် အဲ့​နေ့ကျမှ Dagon center မှာ Fashion ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းက သူ့ဆိုင်ရှင်းရင်း ရှူးဖိနပ်အသစ်​တွေအိတ်လိုက်ကြီး ဘယ်နှရံလဲ မသိ ဆိုဒ်စုံဆို​တော့ အဲ့ဒိ ဖိနပ်အသစ်အိတ်ကြီးက​တော့ ​ကျောင်းအုပ်ကြီးပဲ ကြည့်စီစဉ်ပြီး ဘုံသုံးဖို့ ​​ပေးခဲ့လိုက်တယ်။





​နောက်ပြီး ကိုယ့် ဘ​လော့ Reader ထဲက​နေ အပြင်မှာ ခင်​နေတဲ့ အစ််မ​တွေက အမျိုးသမီး လစဉ်သုံးဂွမ်းထုတ်​တွေ၊ ​ဖေ့ဘွတ်က​နေ သိတဲ့ မြန်မာအမျိုးသမီးနဲ့ အိမ်​ထောင်ကျ​နေတဲ့ အ​မေရိကန် (အဲ့​နေ့မှ ပထမဆုံး​တွေ့ဖူးတာ) ကလဲ စာ​အုပ်နဲ့ စာ​ရေးကိရိယာ​တွေ၊ ​​နောက် ​ဖေ့ဘွတ်သူငယ်ချင်းတစ်​ယောက်က ကိုင်စားလို့ရတဲ့ ​ဝေဖာနဲ့ ​ရေခဲမုန့် ​တွေ​ရော၊ ဘာ​တွေပါမှန်းကိုယ်​တောင် မမှတ်မိ​တော့ဘူး။ 

ဒါ​ပေမဲ့ ကိုယ့်စိတ်ကူးထဲကလို က​လေး​တွေ roaming around လုပ် လိုချင်တာ Redeem ဖို့ ကူပွန် system လုပ်ဖို့ အချိန်မရ​တော့ ​နောက်ဆုံး အလွယ်ပဲ ​ယောကျ်ား​လေး​တွေက ပြန်ပို့ရမှာဆို​တော့ စားပြီးတာနဲ့ တန်းစီပြီး လက်​​ဆောင်​တွေလိုက်​ကောက်တာ။ သူတို့က ဆွမ်းဆန်စိမ်း​လောင်းတာနဲ့ တူတယ်ဖြစ်​ရော။ 🤣🤣 တစ်ခုရှိတာက မြန်မာပြည်က က​လေး​တွေက အရှက်အ​​ကြောက်ကြီး​တော့ ကူပွန်စနစ်လုပ်လဲ သူတို့က လုပ်ရဲ မရဲ နားလည် မလည် မ​သေချာဘူး။ သူတို့ကို Encourage ဖို့က ပစ္စည်း​ကောင်တာက လူ​တွေအပြင် on the ground မှာ urshers ​တွေလိုမယ်။ ကိုယ့်အစီအစဉ်က ပစ္စည်း အလှူရှင်များပြီး လုပ်အားလှူသူနည်း​တော့ ကိုယ့်စိတ်ကူးထဲကလို လုပ်လို့မရဘူး။ အဲ့ဒါ​ကြောင့် ကိုယ့်ပွဲက တဝက်ပဲ အထ​​မြောက်တယ်လို့ ယူဆတာ။ မ​ကျေပွဲ နွှဲချင်​သေးတာ။ 😁






အဲ့​နေ့က က​လေး​တွေ ​ပျော်မ​ပျော်​တော့မသိဘူး။ ကိုယ့်ပွဲလာတဲ့ သူတိုင်း​တော့ ​ပျော်ကြတယ်။ ​ကျွေးတဲ့ ထမင်း​တောင် မစားပဲ နို့ဆမ်း​ဝေဖာ ကပ်​စေးနဲချည်း ဝိုင်းစားကြတာ။ 😅 ဂျုံရုပ်က ​ကျောင်းက က​လေး​တွေအတွက်ပဲ​နော်လို့ အမုန်းခံ​ပြောထားတာ​တောင် တချို့ ဧည့်သည်ကပါလာတဲ့ က​လေးတစ်​ယောက်တည်းကို ၂ ​ချောင်း ၃ ​ချောင်း ယူ​ပေးထားတာ​တွေ့​ပေမဲ့ မမြင်ချင်​ယောင်ပဲ ​ဆောင်​​​ပေးလိုက်​ပါတယ်။အော်.... လူဂုဏ်တန်အသိုင်းအဝိုင်းဆိုသူ​တွေရဲ့ အခွင့်ထူးခံလုပ်ပြချင်တဲ့ စရိုက်​​လေးပါလားဆိုပြီး အထင်ကို မကြီး​တော့တာ။ ကိုယ်​ပြောတာကကွာ က​လေးမို့ ကိုယ့်ကိုယ်တာနဲ့ကိုယ် ၁ ခု​လောက် ယူ​ပေါ့... အရုပ်သမားက ​ရွှေထွက်​တောင် အခု ၇၀ ထက် ပိုမလုပ်​ပေးဖူး​​ပြောထားတာ။ မ​ဆော့ဖူးတဲ့က​လေး​တွေ ​ပျော်ပါ​စေလား။ ​နောက်ရက် ၁၀ ခုလိုချင် လဲ သူ့မိဘ​တွေတတ်နိုင်​နေတာပဲ။ ဒါ​ပေမဲ့ တတ်နိုင်တာ မတတ်နိုင်တာထက် ငါတို့က အလှူရှင်နဲ့ အသိ​တွေ ငါတို့​တောင်းပိုင်ခွင့်ရှိတယ်ဆိုတာမျိုး လူကြီး​တွေကအစ လုပ်ပြချင်တာ။ 


က​လေးများဖြင့် အလုပ်ရှုပ်​နေ​သော ဂျာကြီး





ဆန်ကြမ်းလို့ မစားနိုင်ဘူးဆိုတဲ့ တချို့ ဧည့်သည်​တွေရဲ့ feedback လဲ ပြန်ကြားပါတယ်။ 🤣🤣 ​ဟော်တယ်မှာပွဲလုပ်ရင် မုန့်မ​ကောင်းဘူးအပြင် သတို့သမီးက လှလဲမလှဘူးတို့ ဘာတို့ပါပါမှာ။ အခုကျ ဆန်မ​ကောင်းတာအပြင် တခြားဟာ သူတို့အကုန်ကြိုက်။ လာသမျှ ဧည့်သည်အကုန်လဲ လုပ်အား​​ပေးရင်း​ပျော်ရ။ ကိုယ့်မင်္ဂလာပွဲ အထိန်းအမှတ်လုပ်တယ်လို့​တော့ ၂ဘက်မိဘ​တွေကိုကလွဲ ကျန်တဲ့သူ​တွေ မသိပါဘူး။ မြန်မာပြည်မှာ မင်္ဂလာပွဲ လုပ်​​စေချင်လွန်းတဲ့ မိဘ​တွေကလဲ ပွဲလုပ်​ပေး​တော့လဲ မင်္ဂလာပွဲဆိုပြီး နာမည်တပ်မဖိတ်ကြဘူး​လေ။ အစက​တော့ ဖိတ်ချင်သူ​တွေ list လိုက်ကြီးရှိကြတာကို... 😝

ဒီအလှူလုပ်တုန်းက ကိုယ်က ဟို​ပြေးဒီ​ပြေးဆို​တော့ ပုံသိပ်မရိုက်ဖြစ်ဘူး။ လာတဲ့ သူငယ်ချင်း​တွေရိုက်ထားတဲ့ပုံ​လေး​တွေပဲ ရှယ်ခိုင်းထားတာ။ facebook ပေါ် နဲ့ ဘ​လော့​ပေါ်အကျယ်တဝင့်စာမ​ရေးဖြစ်ခဲ့တာက အဲ့တုန်းက ပရဟိတဆိုပြီး က​လေးပုံ​တွေပြ အရမ်းလုပ်စားကြတယ်ကွာ။ အဲ့​တော့ လက်ယာသမား​တွေက က​လေး​တွေပုံရိုက်တာ မဖြစ်သင့်ဘူးတို့။ လူ​ကောင်း ဆိုတဲ့ နာမည်လိုချင်လို့ အားနည်းသူကို ခုတုံးလုပ်တယ်တို့ မျိုးစုံ ဒရမ်မာခင်း​ရေးသူ​တွေရှိ​တော့ ကိုယ်လဲ ​ရေးရမှာ ရှိန်ခဲ့တာ​ပေါ့။ page မှာက ကိုယ်မှန်းသိတဲ့ အမျိုး​ပေါင်းမျိုးစုံဘယ်သူဖတ်​နေမှန်းမသိလို့ မ​ရေးဖြစ်ခဲ့တာလဲပါတယ်။ အခု​တော့ နှစ်​တွေလဲ ကြာ​နေတာ​ရော၊ ဒါက အလှူဆိုတာထက် ကိုယ့်မင်္ဂလာပွဲကို တက်​ရောက်ကြတဲ့ ဧည့်သည်​တွေနဲ့ Door gifts ပြန်​ပေးတဲ့ Sponsors ​တွေလို့ သ​ဘောထားလိုက်ရင် ok တယ်ဟုတ်? 

​ပျော်​နေတဲ့ ဧည့်သည်​တွေ ပြန်ချိန်



ဘာရယ်မဟုတ်ဘူး ဖုန်းအသစ်​ပြောင်းလိုက်​တော့ ပုံ​တွေ Back up လုပ်ရင်း ဒီပုံ​​​လေးတွေပြန်​တွေ့​တော့ ပြန်​ပျော်ရတာ​ရော၊ ပြီး​တော့ ကိုယ့်ရဲ့ အပြည့်အဝ မလုပ်ရ​သေးတဲ့ Fun fair ​လေး​ရော မြန်မာပြည်ပြန်လို့ရတဲ့ တစ်ချိန် အားလုံးနဲ့တူတူ လုပ်ချင်ပါ​သေးတယ်လို့.....

စားချင်ထှာ... ကိုယ့်သားကို ​ကျွေးချင်မိ


Thursday, June 20, 2024

အက်ဒလေးမြို့ရဲ့ Minty အလှ

အက်ဒလေးမြို့ရဲ့ Minty အလှ
 ➖➖➖➖➖➖➖➖➖


 📨 2023 ၃ လပိုင်းလောက်မှာ ကျောင်းက ဆရာဆီကနေ စိတ်ဝင်စားတဲ့ ကျောင်းသားတွေ ဝင်ပြိုင်လို့ရတယ်ဆိုပြီး အီးမေလ်းရတယ်။ ပြိုင်ပွဲဝင်ထဲက Winner 12 ယောက်ကို Adelaide ရဲ့ Leading Creative Advertising Company ကြီး ၆ ခုကို သွားရောက်လေ့လာခွင့်ရမှာဖြစ်ပြီး နေ့လည်စာနဲ့လဲ တည်ခင်းဧည့်ခံမဲ့အပြင် ရွေးချယ်ခံရတဲ့သူတွေကို Next Round အနေနဲ့ Cancer Council အတွက် Billboard design တစ်ခု လုပ်ပေးရမယ်။ ကိုယ့် Design ကို presentation လုပ်ပြီးရင် ရွေးချယ်ခံရသူများရဲ့ Design ကို Adelaide မြို့လည်ခေါင် လူအစည်ကားဆုံး Shopping district က အကြီးဆုံး Billboard မှာ Display ခံရမယ်။ ဒါဟာ ကိုယ့်လို (အဲ့အချိန်က local experience မရှိခင်) လူအတွက် နောက်ပိုင်း အလုပ်အကိုင်အခွင့်အလန်းတွေ အလုပ်လျှောက်လွှာတွေမှာ Local Achievement အနေနဲ့ ထည့်လို့ရတယ်။ ကိုယ်လဲ အဲ့အချိန်က အားနေတော့ ဘယ်လိုပြိုင်ရမလဲ မသိပေမဲ့ အဲ့ပြိုင်ပွဲကို "ရလဲ အမြတ်၊ မရလဲ အရင်း" ဆိုပြီး Register လိုက်တယ်။

 🌿 ဝင်ခွင့်ပြိုင်ပွဲအနေနဲ့ entry က Adelaide မြို့လေးသာ Flavour တစ်ခုဆိုရင် ဘယ်လို Flavour ​မျိုးဖြစ်မလဲတဲ့။ Entry ကို ပန်းချီဖြစ်စေ၊ Design နဲ့ဖြစ်စေ၊ စာရေးပြီးဖြစ်စေ၊ ကဗျာနဲ့ဖြစ်စေ တင်လို့ရတယ်။ ကိုယ်က ပန်းချီလဲ မဆွဲတတ်ဘူး။ စာရေးဖို့ကလဲ Adelaide ပြောင်းလာပြီးကတည်းက အိမ်ရှင်မလုပ်နေတာ၊ အခုကျောင်းစတက်မှ ဆရာတွေ တခြားကျောင်းသားတွေနဲ့ တစ်ပတ် ၁ ရက်လောက် English လိုပြောဖြစ်တာ။ အဓိကကတော့ စာရေးဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာပေါ့။ 

 🌿 ဒါပေမဲ့ Idea ကတော့ ရှိတယ်။ အက်ဒလေးမြို့လေးက ပူရှိန်းအရသာလေးလိုလတ်ဆတ်တယ်။ ပူစီနံရွက်လေးလို လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်တယ်။ သြစတေးလျရဲ့ တခြားမြို့တွေနဲ့ယှဉ်ရင် သေးတယ်ထင်ရပေမဲ့။ လိုအပ်တာမှန်သမျှ အကုန်ရှိတယ်။ ကိုယ့်အတွက် ပို သာတာက တခြားမြို့တွေလို လူမရှုပ်တာ။
🛬 အခုဒီနှစ်ထဲ Adelaide ကို ပြောင်းရွေ့နေထိုင်သူတော်တော်များလာလို့ သိသိသာသာ လူ၊ ကား ပိုရှုပ်လာပေမဲ့ တခြားမြို့ကြီးတွေလောက်ထိ မဆိုးသေးဘူး။ နေရာတိုင်း စိမ်းစိမ်းစိုစိုနဲ့ အဆောက်အဦး အမြင့်ကြီးတွေဆိုတာ မြို့ထဲလောက်ရှိတာဆိုတော့ နေရာတိုင်း လေကောင်းလေသန့်ရတယ်။ 
 🌿 ယဉ်ကျေးမှု လူမျိုးပေါင်းစုံရှိတယ်။ တရုတ်တန်းအကြီးကြီးရှိတယ်။ အန္ဒိယတို့ အရှေ့အလည်ပိုင်းတို့ အစားအစာတွေလဲ ပေါတယ်။ ကိုရီးယား၊ ဂျပန်၊ အရှေ့တောင်အာရှ အစားအစာတွေလဲရတယ်။ Culture စုံတယ်။ ပူစီနံရွက်လေးကို ရေနွေးကြမ်းလုပ်သောက်သောက် အစားအစာထဲ ထည့်ဖြူးဖြူး၊ အချဉ်ပဲ လုပ်လုပ် အားလုံးသင့်တော်သလို၊ ပူရှိန်းသကြားလုံးလေးလို လန်းဆန်းတဲ့ breath ကိုလဲ ပေးတယ်။ 

 😇 ကိုယ်ရေးချင်တာတွေအကုန်လုံးကို ချရေးပြီး AI ကု ကဗျာစပ်ခိုင်းလိုက်တယ်။ ၂ ခေါက် ၃ ခေါက်တော့ လိူချင်တာရအောင် ပြန်ပြင်ခိုင်းရတာပေါ့။ ပြီးတော့မှ ကဗျာလေးကို အလှ design ဆင် ပိုစတာပုံလေးလုပ်ပြီး entry ဝင်လိုက်တယ်။ ရချင်လဲ ရ၊ မရလဲနေပေါ့။ မျှော်လင့်ချက်တော့ သိပ်မထားခဲ့ဘူး။ ဒါပေမဲ့ အရွေးခံရတဲ့ ၁၂ ယောက်မှာ ကိုယ်ပါခဲ့တယ်။ 

 💡 ဒီလိုနဲ့ နောက် တစ် round အတွက် briefing သွားရတော့ ကျန်တဲ့သူတွေအကုန်က Design သမား လူငယ် ကျောင်းသား/သူတွေ၊ ကိုယ်တစ်ယောက်တည်း ၃၀ ကျော် စာရေးပြီး ဝင်ပြိုင်တဲ့သူ။ 😁 တော်သေးတာပေါ့ ပုပြီး (အာရှသူ ဆိုတော့) သူတို့နဲ့ယှဉ်ရင် နုနေတော့ ကိုယ့်ကို သူတို့နဲ့ ရွယ်တူပဲ ထင်ကြမှာ။ ( Asian don't raisin ဆိုပြီးတောင် စကားရှိတယ်။)
အဲ့နေ့မှာပဲ Creative Agency ၆ ခု လိုက်ပို့ပြီး Industry တွေနဲ့ ကုမ္ဗဏီတွေအကြောင်းလိုက်နားထောင်။ ကုမ္ဗဏီတွေက ကျွေးတဲ့မုန့်စား၊ ပေးတဲ့ လက်ဆောင်ယူ။ တချို့ကုမ္ဗဏီတွေက သူဌေးကိုယ်တိုင် presentation လုပ်ပေးတော့ သူများတွေက linkedin မှာ အဲ့သူဌေးကိုဝိုင်း အက်တာတွေ့တော့ ကိုယ်လဲ မဝင်တာကြာတဲ့ linkedin ဖုန်ခါဝင်ပြီး လိုက်အက်... 🤣 နောက်သူဌေးတွေတော့ ပျင်းလို့ မအက်တော့ဘူး။ ကိုယ်က အထက်ဖားအောက်ဖိလုပ်တတ်တဲ့သူမျိုးလဲမဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ် အချိန်တန်အိမ်ပြန်တဲ့သူမျိုး။ သူဌေး သတိမထားမိလေ ကြိုက်လေ လူစား။ (မကောင်းဘူးနော်... တက်လမ်းကိုမရှိတာ။ 😌)
နောက်တစ် round အတွက် briefing ကို Cancer council head office မှာ လုပ်တယ်။ သူ ကမှ Billboard မှာ ပြမဲ့ design. သူက ၂ ယောက်တစ်တွဲ သူတို့ တွဲပေးသူနဲ့ အတူတူ Design လုပ်ရမှာ။ ကိုယ်ကျတာက Design major နဲ့ တက္ကသိုလ်တက်နေတဲ့ကျောင်းသူလေးတစ်ယောက်။ ကိုယ်က Design softwear တွေနဲ့ ပုံဆွဲတာမှာ သူ့လောက်တော့ အားမသာဘူးလေ။ ဒီတော့ ကိုယ့် အိုင်ဒီယာပဲ contribute ရတာပေါ့။ လုပ်ရမဲ့ခေါင်းစဉ်က Skin cancer awareness အတွက် လူတွေကို Sun smart လုပ်ဖို့ တိုက်တွန်းရမှာ။ သြစီမှာ 90s လောက်က TV မှာ Sun smart campaign တစ်ခုအောင်မြင်ခဲ့တာရှိတယ်။ အဲ့ဒါက Sid လို့ အမည်ရတဲ့ Seagull ငှက် mascot လေးက သီချင်းဆိုတာ Slip, slap, slop, seek and slide ဆိုပြီးတော့။ ကိုယ်ကတော့ မသိဘူးပေါ့။ ဒါပေမဲ့ အဲ့အကြောင်းကိုပြောတော့ သြစီအားလုံးက သိတယ်။ သူတို့ရဲ့ childhood သီချင်းလိုတောင်ဖြစ်နေတယ်။ ကိုယ်တွေ မြန်မာပြည်မှာ ထက်ထက်မိုးဦးရဲ့ ပန်... ပန်... ပန် ပန်... ပန် ရွှေစင်ကြော်ငြာလိုပေါ့။ သူတို့ကို အကဲခတ်တာနဲ့ အားလုံးက အဲ့ mascot နဲ့သီချင်းအပြင် သူတို့ရဲ့ ငယ်ဘဝကိုပါ feeling attached တွဲပါတယ်ဆိုတာ ကိုယ်ခံစားလို့ရတယ်။ ဒါနဲ့ ကိုယ့် Team partner ကို အဲ့ mascot ကိုပဲ ပြန်သုံးပြီး nostalgic theme အနေနဲ့ လုပ်မယ်ဆိုရင် လူတွေက ကိုယ်ငယ်ငယ်က ရင်းနှီးတဲ့အရာကိုဆို ပိုသတိထားမိကြတယ်လေ။ Billboard ဆိုတော့ စာလုံးကြီးလေ လူပိုမြင်လေပဲ။ တခြားစာတွေမထည့်ပဲ အဲ့ slogon ကိုပဲ အကြီးကြီးထည့်မယ်ပေါ့။ Designer partner ကတော့ Designer တို့ထုံးစံအတိုင်း font ရွေးတာနဲ့ Seagull ကို လိုချင်တဲ့ ကိုယ်နေဟန်ထား အင်တာနက်က မယူပဲ သူကိုယ်တိုင် အစအဆုံးထိုင်ဆွဲ၊ လိုအပ်တဲ့ organizations logo တွေထည့်ပြီး Presentation နေ့ကျတော့ သူက အဖြူမ ဖြစ်ပြီး လူရှေ့ စကားမပြောရဲဘူး။ ကိုယ်က Presentation လုပ်ရတာ ကြိုက်တယ်။ (ရတာသာပျင်းတာ၊ လက်တန်းပြောဆိုလို့ကတော့ ပြောတာပဲ။) ကိုယ်ပဲ Present လုပ်။ နောက်တော့ Rundel Mall က Billboard ကြီးမှာ ကိုယ့် ဒီဇိုင်းကြီး ပေါ်လာတာကို စောင့်ကြည့်... ဘာရယ်မဟူတ်ဘူး ပျော်တာပေါ့။
🔎 အဲ့ဒိအချိန်တုန်းက အိမ်ရှင်မဆိုပြီး တချို့အသိုင်းအဝိုင်းလူတွေက အထင်သေးသလိုလို၊ တစ်ခုခုဆို ကိုယ့်ယောကျ်ားကိုပဲ အလေးထား ပြောချင်တာမျိုး၊ ကလေးမွေးနေ့ဖိတ်တာတောင် ကိုယ့်ယောကျ်ားကိုပဲ လှမ်းဖိတ်တာမျိုး (ကိုယ်သွားမယ်ဆိုမှ လာမှာ မသိဘူးလား၊ မသွားပါဘူး။) အခုလို ကိုယ့်အရည်အချင်းနဲ့ကိုယ် Accomplishment လေးရတော့ self confident လေး မြင့်တာပေါ့နော်။ အခုလို Confidence ရှိသွားတော့လဲ တခြားလူတွေက တမင်လုပ်တာဟုတ်ချင်မှလဲ ဟုတ်မယ်၊ ကိုယ်တိုင်က Self-esteem ကျနေလို့အဲလိုခံစားရတာလဲ ဖြစ်နိုင်တယ်လို့တွေးမိတယ်။ တမင်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကိုယ့်စိတ်တွင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည့်မှုရှိနေရင် အပြင်ကလူတွေ ဘာလုပ်လုပ်က အဓိကမကျတော့ဘူး။ ဘယ်သူ့ကိုမှလဲ ကိုယ်တန်ဖိုးကို အသိမှတ်ပြုခိုင်းနေစရာမလိုဘူး။ ကိုယ့်တန်ဖိုးကိုယ်သိနေရင် ကိုယ့်ကိုအလေးထားတဲ့မိတ်ဆွေတွေ ကိုယ်နဲ့ type တူတဲ့ မိတ်ဆွေတွေဆိုတာ အလိုလို တွေ့ရှိလာမှာပဲဆိုပြီး ကိုယ့်ကိုကိုယ်ငြိမ်းချမ်းရေးပြန်ရသွားတယ်။ 

 🎊 သေချာအောင်လို့ Organiser ကိုတောင် မေးလိုက်သေးတယ်။ ပြိုင်ပွဲဝင် entry က ၁၂ ယောက်ထက်တော့ ပိုပါတယ်နော်ဆိုတော့၊ Definitely more than 12. You are here because you deserved it. တဲ့။ 

 😇 တစ်ခါတစ်လေ တစ်ချို့အရာတွေက လုပ်ကြည့်လိုက်ဖို့ပဲလိုတယ်။ ကိုယ်ထင်တာထက် ကိုယ်ပိုလုပ်နိုင်တယ်။ ပြီးတော့ ကိုယ့်အတွက် မခက်ခဲပဲ အလွယ်တကူလုပ်လို့ရနေတိုင်း ဒီအရာက လူတိုင်းလုပ်တတ်မှာပါလို့ ကိုယ့်ကိုကိုယ်အထက်မသေးသင့်ဘူး။ တချို့အရာတွေက ကိုယ့်မှာ ပါရမီပါလာတာတွေလဲ ဖြစ်တတ်တယ်။ 

 🙏 တကယ်လို့များ မိမိကိုယ်ကိုယ် ငါလုပ်နိုင်ပါ့မလား သံသယဝင်ပြီး ရှေ့ဆက်ဖို့ ခွန်အားလိုနေတဲ့သူတွေရှိရင် မဗေဒါပြောချင်တာက လုပ်ကြည့်လိုက်ပါ။ လုပ်နိုင်တာကများပါတယ်။ မအောင်မြင်ခဲ့ရင်တောင် အနည်းဆုံးတော့ လုပ်နိုင် မနိုင် ကိုယ့်အတွက် သိသွားနိုင်သလို၊ နောက်တစ်ခါကျ ငါ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အတွေ့အကြုံကပေးတဲ့ သင်ခန်းစာတွေရနိုင်လို့ အရှုံးမရှိပါဘူး။ #achievement #believeinyourself #AdelaideLifestyle #Adcrawl2023

Friday, December 09, 2022

Greiving is a process that has no ending

I planned to write it on my page but I decided to post it here. So only my true blog readers will get to read. (Nothing special, I am just thinking that probably writing it out would makes me feels better.) I try my best to be ok since my Dad passed away not too long ago but it seems I am still not completely ok yet. Greiving is a process that has no ending. There are only ups and downs. I know it and I fully accepted it. But I still couldn't look at his photos or I am avoiding the thoughts about him. I don't want to forget him and I will not. But I am still running away from all the memories about him. I know he wants me to be happy, thriving and moving on. So I am just trying to do that but if I think about him, I started to cry. I know it is ok to cry but I don't want to cry. I have many things to rant about relatives and their insensitive remarks for the last journey of my Dad, friends who are only helping on facebook and not showing up actually. Those who I'd like to thanks as well. I want to write it on my blogspot. Not here. (So it'll auto filter out most of toxic comments). But still I am not ok to write about it. It is a circle. Regardless, one thing I feel difference now is I can let things/people go easily. I even had to let go of my dad, I can now let go of people who are not willing to keep me, those fake friends, those who hate me and those who leaves me. I can let everything go to an extent. I feel a little bit better for letting people go. Trying to forgive people to an extent and find peace within myself. Letting go is not forgetting about them or ignoring somebody. Just feeling light and have nothing to feel about them but still accept they were in part of memories of my life. I was born alone and will die alone one day. I will just live my life peacefully and doing things that I enjoy doing. Saying things that I enjoy saying without caring how people would think of me. Or not saying things to explain myself to worthless people in my life. So if you nikpick what I say or what I do because it bother you or threaten your position, it's your problem and not mine.

Monday, August 31, 2015

Who is she? (သူဘယ်သူလဲ?)

စင်္ကာပူရဲ့ တရုတ် တစ္ဆေကြီးပွဲလ အတွက် ကိုယ်တွေ့စိတ်နယ်လွန် ဖြစ်ရပ်ဆန်းလေးအကြောင်းရေးချင်မိပါတယ်။
စာဖတ်သူတွေထဲက သရဲကြောက်တတ်တဲ့ သူတွေကို မေးချင်ပါတယ်။

ဘာလို့ သရဲကြောက်တာလဲ?

သရဲဆိုတာ ရုပ်ရှင်တွေထဲကလို အကောင်လိုက်ကြီးလို့ထင်သလား?

ဒါမှမဟုတ် သရဲဆိုတာ ကျွန်မတို့ကို တနည်းနည်းနဲ့ ထိခိုက်နာကျင်အောင် လုပ်နိုင်တယ်လို့ လက်ခံသလား?

မြင်ဖူးလို့ကြောက်တာလား?

တော်ရုံတန်ရုံ အကျိုးကြောင်းမသင့်ဘူး သိပ္ပံနည်းမကျရင် သိပ်မယုံချင်တတ်တဲ့ ကျွန်မဟာ သရဲတော့ ကြောက်တတ်ပါတယ်။ (အဲ… မလုပ်မဖြစ်လုပ်ရတော့မယ် မနေမဖြစ် နေရတော့မဲ့ အချိန်တွေဆိုရင်တော့ ကိုယ့်ဘာကိုယ် ကျိုးကြောင်းဖြေသိမ့် အားမွေးပြီး မကြောက်အောင် နေတတ်ပါတယ်။) ကြောက်ဆို ကျွန်မဘဝမှာ သေသေချာချာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်နှစ်ခု ရှိခဲ့ဖူးပါတယ်။ အဲ့ဒိထဲက တစ်ခုအကြောင်း ဒီပိုစ့်လေးနဲ့ ရေးပေးပါမယ်။



မလေးရှားနိုင်ငံ၊ Genting Highland ဆိုတာ ခေတ်မီကစားကွင်းတွေနဲ့ လောင်းကစားဝိုင်းတွေရှိတဲ့ တောင်ပေါ်နေရာလေးတစ်ခုပါ။ အလည်အပတ်လာရောက်သူတွေလဲ များပါတယ်။ ကျွန်မတို့ မိသားစုလဲ ထိုနေရာလေးကို ရာသီဥတုအေးတာကို သဘောကျတာတစ်ကြောင်း ခေတ်မီကစားကွင်းမှာ ရဟတ်ကြီးတွေ၊ ရထားကြီးတွေ စီးရတာကို ကြိုက်တာတစ်ကြောင်း၊ အရင်က စင်္ကာပူမှာ Universal Studio မဖွင့်ခင်က ခဏခဏသွားဖြစ်တဲ့ နေရာလေးပါ။ အဲဒိလို ပျော်စရာကောင်းတဲ့နေရာလေးမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံမှု၊ လောင်းကစားရင်း အဝေမတည့်ခြင်း မကျေနပ်ခြင်းတွေကြောင့် လူသတ်မှုစတာတွေဆိုတာလဲ မဖြစ်ဖူးတဲ့ ဟော်တယ်တောင် ခပ်ရှားရှားနေမယ်ထင်ပါတယ်။ Genting က ဟော်တယ်တွေ သရဲခြောက်တယ်ဆိုတာလဲ အင်တာနက်မှာ “Haunted Genting Hotel” ဘာညာဆိုပြီး ရိုက်ရှာလိုက်ရင် ထွက်လာမှာပါပဲ။

ကျွန်မတို့ကတော့ သွားရင် First World Hotel မှာ တည်းလေ့ရှိပါတယ်။ သူက ဈေးလဲချိုတယ်။ ဆိုင်တွေ ကစားကွင်းတွေနဲ့လဲ နီးတယ်လေ။ ဟော်တယ်က အတော်လေးကြီးပြီး တာဝါ ၂ခုရှိပါတယ်။ အဲဒိတုန်းက ကျွန်မတို့ မိသားစုနဲ့အတူ ကျွန်မ သူငယ်ချင်း ၂ယောက်လဲပါပါတယ်။ ယောက်ျားဆိုလို့ ဖေဖေတစ်ယောက်တည်းပါပါတယ်။ အဲ့ဒိတုန်းက မေမေနဲ့ ဖေဖေက တစ်ခန်း။ ကျွန်မတို့ ညီအစ်မ ၃ယောက်ခန်းနဲ့ သူငယ်ချင်း ၂ယောက်ခန်းက အလယ်မှာ တံခါးပါတဲ့အခန်းပါ။ အလည်က တံခါးကို ဖွင့်လိုက်ရင် အခန်း ၂ခန်းက ဆက်နေတဲ့ သဘောပါ။ တစ်ဖွဲ့တည်းမို့ ခုလို ဆက်နေတဲ့အခန်းပေးတော့ ကိုယ်တွေက ပိုကြိုက်တာပေါ့။ မအိပ်ခင်အထိ စကားတွေထိုင်ပြောနေလို့ရသလို သူငယ်ချင်း ၂ယောက် ကြောက်မှာစိုးလို့ ညကျတော့လဲ အဲဒိ အလည်တံခါးကို ဖွင့်ပြီး ၂ခန်းဆက်ထားတဲ့သဘောမျိုးအိပ်ပါတယ်။ ကျွန်မတို့ညီအစ်မ ၃ယောက်မှာ ၂ယောက်အိပ်ကတင် ပုတင်းပေါက်ဖက်မှာ ကျွန်မ အစ်မ၂ယောက်အိပ်ပြီး ရေချိုးခန်းဘက် တစ်ယောက်အိပ်ကုတင်မှာ ကျွန်မအိပ်ပါတယ်။ ကျွန်မရဲ့ ခြေရင်းကတော့ ဟိုဘက်သူငယ်ချင်းတွေအခန်းနဲ့ ဆက်တဲ့ တံခါးပေါက်ပေါ့နော်။

ဒီပုံကတော့ First World Hotel အခန်းတွင်းပုံပါ။ အင်တာနက်ကယူထားတာပါ။ ကျွန်မတို့ရတဲ့ ၂ခန်းဆက်ဆိုရင်တော့ အတွင်းဘက် ကုတင်ခြေရင်းမှာ ဟိုဘက်ခန်းနဲ့ ဆက်တဲ့ တံခါးပေါက်ရှိပါမယ်။

သူငယ်ချင်းတွေဘက်အခန်းကတော့ မီးဖွင့်အိပ်ပါတယ်။ ကျွန်မတို့အခန်းကတော့ ညအိပ်မီးနဲ့ ရေချိုးခန်းရှေ့က မီးကို ဖွင့်ထားတော့ အခန်းတွေက လင်းပါတယ်။ ကျွန်မက ညဘက်အိပ်ခါနီးရေလေးများ နည်းနည်းသောက်မိရင် မနက်မိုးလင်းခါနီးဆို အပေါ့သွားချင်တာ ပုံမှန်ပါပဲ။ (အဲ့ဒါကြောင့် ပုံမှန်ဆို အိပ်ခါနီးရေကို သောက်မအိပ်ပါဘူး။)

ခုလဲ မိုးလင်းခါနီး (အချိန်ကိုတော့ ကျွန်မ နာရီမကြည့်မိတော့ မသိပေမဲ့ မိုးလင်းခါနီးဆိုတာတော့ သေချာပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒိအဖြစ်အပျက်ပြီး နောက် ၁နာရီ ၂နာရီလောက်နေတော့ ကျွန်မ အစ်မတွေနိုးပြီး အားလုံး နိုးလာလို့ပါပဲ။) ဒီတော့ ခန့်မှန်းခြေ မနက် ၅နာရီ ၆နာရီလောက်ဖြစ်မယ်ထင်ပါတယ်။ ကျွန်မ အပေါ့သွားချင်လို့ နိုးလာခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ ကိုယ့်စိတ်ကပဲကြောက်လို့လား။ ကျွန်မတို့ မသိနိုင်တဲ့ ဆဌမအာရုံကြောင့်ပဲလားတော့မသိ တစ်မျိုးကြီးဖြစ်နေတယ်။ အိမ်သာကို ထမသွားရဲသေးလို့ မနည်းကိုယ့်ကိုကိုယ် စိတ်ဖြေ အားပေးနေတဲ့အချိန်။ ကိုယ်အားယူပြီး ထမယ်လုပ်လိုက်တဲ့အချိန်မှာ ကျွန်မသူငယ်ချင်းဘက် အခန်းကနေ ကျွန်မတို့အခန်းဘက်ကို ဝင်လာပြီး ကျွန်မတို့ အိမ်သာထဲဝင်သွားတဲ့ အမျိုးသမီးတစ်ယောက်ကို ဖတ်ကနဲ့ ကျွန်မတွေ့လိုက်ပါတယ်။ (သူက ပုံမှန် လမ်းလျှောက်သွားတာပါ။ ဒါပေမဲ့ ကျွန်မသူ့ကို နောက်ကျောပဲမြင်လိုက်ပါတယ်။ ဟိုဘက်ခန်းကနေ အဲဒိ အလယ်တံခါးကို ဖြတ်လာပြီး ကျွန်မတို့ဘက်ခြမ်းက အိမ်သာကို အေးဆေးဝင်သွားတာပါ) အဲဒိအချိန်မှာတော့ ကျွန်မစိတ်ထဲ ကျွန်မသူငယ်ချင်းတစ်ယောက်ယောက်လဲ အပေါ့သွားချင်လို့ သူတို့အခန်းမှာ မသွားရဲလို့ ကျွန်မတို့ အခန်းဘက်ခြမ်းကူးလာတယ်လို့ထင်လိုက်ပါတယ်။ အဲ့ဒါကြောင့်တောင် ကျွန်မက စကားလှမ်းပြောလိုက်ပါသေးတယ်။ ဂိုက်စိုက်က ကျွန်မသူငယ်ချင်း အသည်းကွဲလာတဲ့တစ်ယောက်နဲ့ တူလို့တောင် သူလို့ထင်ပြီး ပြောလိုက်တာပါ။

“အော်… ခိုင်… နင် အိမ်သာသွားမလို့လား။ အေးသွားသွား။ နင်ပြီးမှပဲ ငါသွားတော့မယ်” ။ သူကတော့ ကျွန်မကို ဘာမှ ပြန်မဖြေပါဘူး။

ကျွန်မ စိတ်ထဲမလဲ သရဲကြောက်နေတာ ခုတော့ သူငယ်ချင်းလဲ နိုးနေတယ်ဆိုတော့ သိပ်မကြောက်ရတော့ဘူးပေါ့လို့ပဲ မှတ်လိုက်ပါတယ်။ သူပြန်ထွက်လာတဲ့အချိန်ကျ ကိုယ်ဝင်ရင် သူလဲ သူ့အိပ်ယာပေါ်မှာ ချက်ချင်းအိပ်ပျော်အုံးမှာ မဟုတ်ဘူးဆိုပြီး အတော်ပဲဆိုတွေးပျော်နေတာ။ (တော်သေးတယ်… ကြောက်ပြီး သူငယ်ချင်းရေ တူတူ အိမ်သာဝင်ရအောင်ဆိုပြီး အတင်းလိုက်မဝင်ဖြစ်လို့။ ခိခိ။)
ဒါပေမဲ့ အိမ်သာဝင်သွားတဲ့သူငယ်ချင်းက တော်တော်နဲ့ ပြန်ထွက်မလာပါဘူး။ ကျွန်မလဲ သူထွက်အလာကို အိပ်ယာပေါ် လှဲပြီး စောင့်ရင်းစောင့်ရင်း နောက် ၁နာရီ လောက်နေမှ ကျွန်မ အိပ်တစ်ဝက်နိုးတစ်ဝက်လောက် ဖြစ်နေတဲ့အချိန် ကျွန်မ အစ်မ သံပတ်မြည်ပြီး သူတို့ ပြင်ဆင်ဖို့ ထတာ ကျွန်မသိလိုက်ပါတယ်။ ကျွန်မ အစ်မ မျက်နှာသစ်ဖို့ ရေချိုးခန်းဘက်သွားတော့ အိမ်သာထဲမှာ ကျွန်မသူငယ်ချင်း ထွက်မလာသေးဘူးလို့ သူ့ကို လှမ်းပြော သတိပေးဖို့ နောက်ကျသွားပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ ကျွန်မ အစ်မ ရေချိုးခန်းထဲ ဝင်သွားတဲ့ အချိန်မှာ ဘယ်သူမှ မရှိပါဘူး။ အားလုံးဟာ ပုံမှန်ပါပဲ။ နောက်တော့ ကျွန်မသူငယ်ချင်းတွေ အခန်းဘက်က နိုးလာသံကြားတော့မှ ကျွန်မထပြီး သူတို့အခန်းသွားကြည့်တော့ ၂ယောက်လုံး ခုမှ နိုးလာတဲ့ပုံစံတွေ့လိုက်ရပါတယ်။

ဒါနဲ့ ကျွန်မများ သူပြန်ထွက်သွားတာကို မတွေ့လိုက်လို့လားဆိုပြီး စောစောက တွေ့လိုက်တယ်လို ထင်တဲ့ သူငယ်ချင်းကို လှမ်းပြီး “နင်စောစောက ငါတို့အခန်းဘက် အိမ်သာလာတက်သေးလား” လို့မေးတော့။ “မတက်ပါဘူး၊ ခုမှ နိုးလာတာ” လို့ပြောပါတယ်။ သေချာတာက အသည်းကွဲလာတဲ့သူက ကျွန်မကို နောက်ဖို့ စိတ်ရှိမှာမဟုတ်ပါဘူး။ သူက အဲလို နောက်တတ်တဲ့ type လဲ မဟုတ်ပါဘူး။ ကျွန်မ အပေါ့သွားချင်နေတဲ့အချိန် ကိုယ့်ရှေ့တင် အိမ်သာထဲ လူဝင်သွားတာ မှတ်မှတ်ရရ သေသေချာချာ တွေ့လိုက်လို့ စောင့်နေခဲ့တာပါ။ ကျွန်မ မျက်စိမှားတာ၊ အမှတ်မှားတာ၊ အိပ်ချင်မူးတူးဖြစ်တာ လုံးဝမဟုတ်ပါဘူး။

ဒါဆို မနက်က ကျွန်မ တွေ့လိုက်တာ ဘယ်သူလဲ? ခုထက်ထိ ကျွန်မ အဖြေရှာမရသေးပါဘူး။ အိမ်သားတွေက ကျွန်မ အိပ်ချင်မူးတူးနဲ့ မျက်စိမှားတာဖြစ်မှာပါလို့ ဝိုင်းပြောကြပေမဲ့။ မှတ်မှတ်ရရ ကျွန်မ စကားလှမ်းပြောလိုက်တာနဲ့ သူပြန်ထွက်လာရင် ကိုယ်ဝင်မယ်ဆိုပြီး စောင့်နေခဲ့တာက ကျွန်မ အိပ်ချင်မူးတူးမဟုတ်ဘူးဆိုတဲ့ သက်သေလို့ ထင်တာပါပဲ။

ဒါပေမဲ့လဲ အမှန်တကယ်သာ နာနာဘာဝ ဆိုရင်လဲ သူဟာ ကျွန်မကို နာကျင်စေလိုတဲ့ စိတ်မရှိလောက်ဘူးထင်တာပါပဲ။ တမင်တကာပဲ ခြောက်လှန့်ချင်လို့လား။ သူ့ဟာသူ နေနေတာကို ကျွန်မက မတော်တဆတွေ့သွားခဲ့သလားတော့ မသိပါ။ ကျွန်မ သရဲကြောက်တယ်လို့ ပြောလို့ အိမ်ကလူတွေက သရဲတောင် မြင်ဖူးလို့ကြောက်တာလားဆိုရင် “ဟုတ်… အဲ့ဒိတုန်းက မြင်ခဲ့တာ သရဲဆိုရင်တော့ ကျွန်မ သရဲ မြင်ဖူးလိုက်ပါတယ်။” ဒါပေမဲ့ ကြောက်စရာတော့ မကောင်းပါဘူး။ ကြောက်တယ်ဆိုတာက ကိုယ့်ဟာကိုယ် အတွေးနယ်ချဲ့မိလို့ ကြောက်တာပါ။ သူကတော့ ကိုယ့်ကို ဘာမှ မလုပ်ပါဘူး။ ကိုယ့်ကိုကိုယ်လဲ သရဲဘာလို့ကြောက်တာလဲဆိုတဲ့ အဖြေကို ရှာမတွေ့သေးပါဘူး။ ဘာလို့လဲဆိုရင် သေသေချာချာ ကျိုးကြောင်းပြတွေးလိုက်ရင်ကျတော့ သရဲဆိုတော့ ကြောက်စရာ မကောင်းတော့ပြန်ဘူး။ ကိုယ့်စိတ်ကသာ ကိုယ့်ကို ပြန်ခြောက်နေတယ်လို့ ယူဆတာပါပဲ။

Thursday, April 09, 2015

What's in my Bag?

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို သူ့အခန်းကြည့်ပြီး လေ့လာနိုင်တယ်ဆိုသလိုပဲ။ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့်နဲ့ အကြိုက်ကို သူ့လက်ကိုင်အိတ်ကနေ အများကြီး သိနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီပိုစ့်ဖတ်ပြီး မဗေဒါအကြောင်းတွေ တော်တော် မှန်းလို့ရလောက်ပြီမို့ နည်းနည်းတော့ ကြောက်ပေမဲ့လဲ ဒီပိုစ့်ကို မဗေဒါဘလော့ကို အမြဲအားပေးတဲ့ စာဖတ်သူစစ်စစ် “ဝိုင်း” က တောင်းဆိုလို့ ရေးဖြစ်လိုက်ပါတယ်။ (My readers must have known about me before anyway)
သူများအထင်ကြီးအောင် ဘာဘာညာညာတွေ အစပျိုးနေပေမဲ့ ကိုယ့်အိတ်ထဲကြည့်လိုက်တော့လဲ လူရှိန်မဲ့အရာ ဘာဘာညာညာ သိပ်မရှိပေါင်။ စက္ကူစုတ်တွေ အမှိုက်တွေက ခပ်များများ (အဲ့ကတည်းက ဘယ်လောက် စည်းကမ်းရှိလဲ သိလိုက်တော့)။ ကဲ စမယ်နော်…

၁။ လက်ကိုင်အိတ်


ဒီလက်ကိုင်အိတ်လေးက မဗေဒါကို မင်္ဂလာလက်ဆောင်အဖြစ် မဇာခြည်လွင်က ဇန်နဝါရီ မင်္ဂလာဦးဆွမ်းကြွေးမှာပေးတာ။ Facebook ပေါ် သူငယ်ချင်းဖြစ်တာ ကြာပေမဲ့ အဲ့နေ့ကမှ အပြင်မှာ စတွေ့ဖူးတာ။ ဒါပေမဲ့ အပြင်သူငယ်ချင်းတွေလိုပါပဲ ရင်းရင်းနှီးနှီးရှိတယ်။ အစက ဒီအိတ်ကို ဘယ်သူပေးမှန်းမသိဘူး။ ဟိုနေ့က ဖေ့ဘွတ်ပေါ်မှာ ဒီပိုစ့်ရေးမယ်တင်လိုက်တော့မှ အဲ့အစ်မပေးမှန်းသိတာ။ Charles & Keith က အိတ်လေး။ ပုံမှန်အားဖြင့်တော့ မဗေဒါက အိတ်ဆိုဒ် ခပ်ကြီးကြီးတွေကိုင်တယ်။ အိတ်ထဲ အကုန်အစုံ ပစ်ထည့်ထားလို့ရလို့။ ဒီအိတ်ဆိုဒ်လောက်လေးက ပထမဆုံးကိုင်တာ။ ဒါပေမဲ့ ဒီအိတ်ဆိုဒ်လောက်လေးကလဲ လွယ်ရပြုရလွယ်ကူပြီး လိုအပ်တဲ့အရာတွေအားလုံးလဲ ဆံ့လို့ သဘောတွေကျနေတာ။ အရင်အိတ်ကြီးတွေတုန်းက ရှိသမျှ အကုန်ပစ်ထည့်ပြီး မရှင်းဖြစ်တော့ အိတ်က လေးပြီး ကြီးနေတာပဲရှိတယ်။ ခုကျတော့ အိတ်ပြည့်ပြီဆို မလိုတာတွေ ရှင်းရှင်းထုတ်ရတော့ လိုတာလေးတွေပဲ ထည့်ဖြစ်တော့တယ်။ ပြီးတော့ လွယ်ရတာလဲ Bulky မဖြစ်တော့ပဲ ကိုယ်နဲ့ ချက်ချက်ကပ်ကပ်ဖြစ်နေတယ်။ စတိုင်လဲပိုကျတယ်။ အိတ်လေးပေးတဲ့အတွက် ကျေးဇူးပါ။
ကဲ အိတ်ကို အဝလေးဟပြီး စပ်စုကြမယ်


၂။ Money, Money, Money


လက်ကိုင်အိတ်ထဲက ပိုက်ဆံနဲ့ ပတ်သတ်တဲ့ အသုတ်ကို အရင်ပြမယ်နော်။ လက်ကိုင်အိတ်ထဲမှာ မိန်းကလေးတိုင်းတော့ ပိုက်ဆံအိတ်ထပ်ရှိမှာပေါ့နော်။ မဗေဒါမှာလဲ ရှိတယ်။ ညာဘက် အစွန်းဆုံးက အပြာနုလေး ပေါ့။ မဗေဒါက Wallet ဆို ယောင်္ကျား လေး ပိုက်ဆံအိတ်လို အသေးခေါက်ထားတာထက် အရှည်ကို ပိုကြိုက်တယ်။ ဒီပိုက်ဆံအိတ်အရှည်ကတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေတာ။ ဘာလို့ အရှည်ကို ကြိုက်တာလဲဆိုတော့ ပိုက်ဆံ တွေ မခေါက်ပဲ ထည့်လို့ရလို့။ (ပြောသာပြောတာ ပြီးကျတော့လဲ အလွယ် ထိုးထည့်တာပါပဲ) ပြီးတော့ ကဒ်ထည့်ထဲ အကန့်လေးတွေ အများကြီးပါတာကိုကြိုက်တယ်။ မဗေဒါက ဘတ်စ်ကားစီးတဲ့ ကဒ်တို့၊ Gym ကဒ်တို့၊ ဘဏ်ကဒ်တို့ ခဏခဏ ထုတ်ရတဲ့ ကဒ်တွေ ခဏခဏပျောက်တတ်တယ်။ ဟိုးတစ်လောကပဲ IC ပျောက်သွားလို့ ဒဏ်ငွေဆောင်ပြီး ပြန်လုပ်နေရလို့ ခုမှ Honeymoon သွားဖို့ visa လျှောက်ရတယ်။ အဲ့ အိတ်ထဲမှာ အားလုံးထည့်ထားရင်တော့ မပျောက်ပါဘူး။ ခဏခဏ ထုတ်ပြီးသုံးရတာမျိုးတွေက ပျောက်တတ်တာ။ စောစာက ပုံ ၂ မှာ ဖြတ်ပိုင်းတွေ ထိုးထိုးထောင်ထောင် မြင်တဲ့အတိုင်းပဲ အဲ့ အိတ်ထဲမှာ ပိုက်ဆံတွေရယ် ကဒ်တွေရယ် အပြင် ဘဏ်စက်က ထွက်တဲ့ ပြေစာဖြတ်ပိုင်းတွေလဲ တချိန်ချိန် အသုံးဝင်နိုး နဲ့ သိမ်းထားသေးတယ်။ ပြီးတော့ တစ်ခါတစ်လေ ပတ်စပိုစ့်ဓာတ်ပုံတွေ၊ ရွှေရောင် ကျီချိတ်အိတ် နဲ့ ဟို membership ဒီ member ကဒ်တွေရှိတယ်၊ (အထင်မကြီးနဲ့ တချို့ကဒ်တွေက Expired ဖြစ်နေပြီထင်တယ်၊ မရှင်းပဲ အိတ်ထဲရောက်နေတာ)။ Wallet အလယ်ခေါင်က အကြွေအိတ်ထဲမှာလဲ စင်္ကာပူ အကြွေတွေအပြင် တစ်ခါတစ်လေ မလေးရှား အကြွေတွေနဲ့ သြစီ အကြွေတွေ ထွက်ထွက်လာသေးတယ်။ ဘယ်နှပြားရှိပြီး ဘယ်တုန်းက ဘယ်သူ့ကို မှားပေးခံလိုက်ရမလဲတော့ မသိဘူး။ အဲ့ အကြွေအိတ်ရဲ့ ဘေးအကန့်မှာကျ ဖုန်း SIM Card မျိုးစုံရှိတယ်။ MPT, Oredoo, Vodafone (သြစီသွားတုန်းက)။ မဗေဒါရဲ့ ပိုက်ဆံအိတ်လေးက သေးသာသေးတာ မလိုအပ်တာတွေနဲ့ ပြည့်နေတာပဲ။

အဲ… လိုအပ်တဲ့ ပိုက်ဆံကျတော့ သိပ်များများစားစားမရှိ… ခွိ… (အလှူခံပါတယ်)။ မဗေဒါက ဘဏ်ထဲကနေ ပိုက်ဆံ Withdraw လုပ်ရင် ကိုယ်သုံးဖို့ အများဆုံး ထုတ်မှ ၄၊ ၅ ဆယ်ပဲ။ ထုတ်ထားပြီးလဲ အလုပ်ရှိတဲ့ရက်တွေဆို ဒီလောက်လဲ မသုံးဖြစ်တော့ တော်တော်နဲ့ မကုန်ပါဘူး။ ပိုက်ဆံကုန်တာက အပြင်လျှောက်သွားမှ ကုန်တာလေ။ အပြင်လျှောက်သွားရင်လဲ ကိုယ်လိုမယ်ထင်သလောက်ကိုပဲ ထုတ်ဖြစ်တယ်။ လူ့သဘောက ထုတ်ရင် ထုတ်သလောက် ကုန်တာပဲလေ။ အထူးသဖြင့် အပြင်လျှောက်သွားရင် ကိုယ်လိုချင်တာ တွေ့တယ် ဒါပေမဲ့ အဲ့ဆိုင်က cash ပဲပေးလို့ရတဲ့ ဆိုင်သေးဖြစ်နေရင် မသုံးဖြစ်တော့ဘူးလေ။ အဲ့နေရာမှာ လက်ထဲ ပိုက်ဆံရှိနေရင် ဝယ်ပြီး ချောင်ထိုးမဲ့ ပစ္စည်းဖြစ်ရင် ဖြစ်သွားမှာ။ (ကိုယ့်အကြောင်း ကိုယ်သိတယ်။ အသုံးဝင်မှာထက် တိုလီမိုလီတွေ့ရင် ဆော့ချင်တာ၊ ဒါတောင် အိမ်မှာ အာ့မျိုးတွေ အများကြီး)။ ဒိတော့ မဗေဒါကို ခါးပိုက်နှိုက်မယ်ဆိုရင်တော့ သိပ်အကြိုးမရှိလှပါဘူး။ Wallet ကလဲ Branded မဟုတ် ပိုက်ဆံကလဲ များများစားစားမပါ။ Credit Card ကလဲ သုံးတာနဲ့ မိရင်မိ၊ မဗေဒါက ပိတ်လိုက်ရင်လဲ သုံးမရပြန်။ ၂ ဦး ၂ဖက် အကျိုးမရှိဘူး။

ညာဘက်ကရေရင် ဒုတိယမြောက် အနက်ရောင် အိတ်ကလေးကတော့ မင်္ဂလာဆောင်တုန်းက လက်ဖွဲ့ထည့်ထားပြီး ရတဲ့အိတ်ကလေး။ အဲ့ အိတ်လေးထဲမှာတော့ ရောက်ဖူးတဲ့ နိုင်ငံတကာ ပိုက်ဆံ ရှင်းမထုတ်ရသေးတာတွေရှိတယ်။ ဒီပိုစ့်ရေးမယ်ဆိုပြီးဓာတ်ပုံရိုက်နေတုန်း ကိုရီးယားပိုက်ဆံတွေတွေ့တာနဲ့ ဟိုနေ့ကပဲ သွားလဲလိုက်တာ စင်္ကာပူ ၃၀၀ လောက် ထွက်လာတယ်။ စိတ်ထဲမှာ အဲ့ ပိုက်ဆံတွေ မလဲချင်ဘူး။ ငါထပ်သွားရင် သုံးလို့ရတယ်ဆိုတာမျိုး မသိစိတ်က နည်းနည်းတွေးနေမိတယ်ထင်ပါတယ်။ တကယ်တမ်း ထပ်သွားမှာလားဆိုတော့ အစီအစဉ်တော့ မရှိသေးဘူး။ ပြီးတော့ မြန်မာပိုက်ဆံတွေ၊ မလေးရှားပိုက်ဆံတွေ၊ US doller နည်းနည်းနဲ့ Malacca သွားတုန်းက စားထားသမျှကို blog post ရေးဖြစ်ရင် ပြန်ကြည့်မယ်ဆိုပြီး သိမ်းထားတဲ့ receipt တွေရှိတယ်။ (ဒါပေမဲ့ မနှစ်က Malacca သွားထားတဲ့ပိုစ့်ရေးပြီးပြီဆိုတော့ ဒီနှစ်သွားတာကို ထပ်မရေးတော့ပါဘူး။ ဘာမှလဲ ထူးထူးခြားခြားမရှိပါဘူး)။ မဗေဒါ နေ့လည်ဘက် အလုပ်ကနေ ထမင်းထွက်စားရင် wallet ထက် အဲ့အိတ်နဲ့ ထွက်တာများတယ်။ အာ့ကြောင့် အဲ့အိတ်ထဲမှာ စလုံးပိုက်ဆံ ၁၀လောက်တော့ ပါတယ်။ ခုတော့ အကြွေတွေတောင် တိုးနေပြီ။ နောက်ပြီး Kopitium card ပါတယ်။ Kopitium ဆိုတာက food court ပါပဲ။ ကုမ္ဗဏီက ဟိုးနှစ် D&D တုန်းက Door gift အဖြစ် အဲ့ကဒ်တွေ လက်ဆောင်ပေးတုန်းက ရထားတာ။ Member ဆို ၁၀ရာခိုင်နှုန်းလျော့ပေးတယ်လေ။ မဗေဒါက Kopitium မှာ စားရတာကြိုက်တယ်။ ဒါပေမဲ့ အလုပ်က ကိုယ်နဲ့ lunch သွားတဲ့သူတွေက အဲ့ကိုသိပ်မသွားချင်ကြဘူး။ I don’t know why.

ညာဘက်က ရေရင် ၃ခုမြောက် ရွှေရောင် အံပေါင်းအိတ်ပါးပါးလေးက ကုမ္ဗဏီက တရုတ်နှစ်ကူးမို့ အံပေါင်းပေးတာ။ သူတို့အယူအရတော့ အဲ့ပိုက်ဆံက လာဘ်ကောင်းလို့ ထီထိုးရမယ်တဲ့။ မဗေဒါလဲ ထိုးမယ်ဆိုပြီး ထည့်ထားတာ။ တကယ်တန်းထိုးဆိုတော့ ၁ မီလီယံပုံမှာမှ ၁ပုံပဲ ရှိတဲ့ Probability မို့ ထိုးလိုက်ရမှာ နှမြောမိပြန်ရော။ ငါ့ပိုက်ဆံနဲ့ပဲ ငါထိုးတော့မယ်။ ဒီပိုက်ဆံကတော့ ကုမ္ဗဏီက ပေးတဲ့ ရတောင့်ရခဲ မုန့်ဖိုးမို့ ကွကိုယ်ပဲ သုံးမယ်ဆိုပြီး သုံးလိုက်တယ်။ ခု ရှိတော့ဘူး။

အဲ့ အဝါအိတ်လေးရဲ့ဘေးက 92 လို့ရေးထားတဲ့ စာအိတ် အဝါလေးက ဒီနှစ် D&D ကံစမ်းမဲပေါက်တာ။ Takashimaya shopping mall voucher ပေါက်တယ်။ မဗေဒါ ဒီကုမ္ဗဏီကို စပြီး ဝင်ကတည်းက D&D ၄ ခုစလုံးမှာ ကံစမ်းမဲ့ မပေါက်တဲ့ နှစ် တစ်နှစ်မှ မရှိဘူး။ စစဝင်ချင်းနှစ်ကဆို စတုတ္ထဆု Ipad ပေါက်တာ။ ပြန်ရောင်းစားလိုက်တာ ပွချက်။ နောက်ပိုင်းတော့ ကံက သိပ်မလိုက်တော့ဘူး တစ်နှစ်ထက် တစ်နှစ် ဆုရတဲ့ Rank က နိမ့်လာတယ်။ ဒါတောင် ဆု ၃၀၀ လောက်ထဲမှာ ၁၀၀ ထဲတော့ ဝင်သေးတယ်ဆိုတော့ တော်တော်များများထက်တော့ ကံကောင်းသေးတာပေါ့နော်။ ဘာပေါက်ပေါက် အနည်းဆုံး ကိုယ်ကံကောင်းသားပဲလို့ ခံစားရတဲ့ စိတ်လေးနဲ့တင် ကျေနပ်တယ်။ ပြီးခဲ့တဲ့ နှစ်က ဆု Docking system စင်္ကာပူ ၅၀၀ ကျော်တန်ကြီးတော့ အိမ်မှာလဲ docking system တစ်ခုရှိပြီးသားမို့ ပြန်ရောင်းရင်လဲ ဈေးနှိမ်ဘာနှိမ် အလုပ်ရှုပ်တာနဲ့ ရန်ကုန်က ငယ်သူငယ်ချင်းကို မင်္ဂလာ လက်ဖွဲ့လိုက်တယ်။ ဒီနှစ် Takashima voucher ကတော့ ဘာသွားဝယ်ရမှန်းမသိဘူး။ သိတဲ့ အတိုင်း voucher သုံးချင်လို့သွားပါတယ် ကိုယ်က နောက်ထပ် ၁၀၀ ကျော်လောက် ထပ်ဆိုက်ရမဲ့ကိန်း။

နောက်ဆုံးက စာအုပ်အပြာလေးကတော့ မဗေဒါ ချွေးနည်းစာပေါ့။ အဲ့ထဲမှာ အဝင်က ၁လ၁ခါ ပြီးတာနဲ့ အထွက်တွေချည်းပဲ။ ဘယ်တော့များမှ စီးပွားရေး လုပ်ငန်းရှင်ဖြစ်မလဲ မသိဘူး။ အင်တာနက် Banking token က ခဏခဏပျောက်လွန်းလို့ အင်တာနက် ဘဏ်ကင်းကို သိပ်မသုံးဖြစ်ပဲ တရုတ်အဖိုးကြီး အဖွားကြီးတွေနည်းအတိုင်း ဘဏ်စာအုပ်လေးပဲ သုံးပြီး ကိုယ့်ပိုက်ဆံလေးတွေ အခြေအနေကို စောင့်ကြည့်တာများတယ်။ နောက်ပြီး ဘဏ်စာအုပ်က Visa လျှောက်တဲ့အခါမှာလဲ အသုံးဝင်တယ်။ တချို့သံရုံးတွေက အင်တာနက်က Print ရင် လက်မခံတာတွေရှိတယ်။ ဘဏ်စာအုပ် ကျတော့ အစစ်ပြရင် ပြီးပြီလေ။

၃။ လှလှပြင်ကြမယ်


ခုတစ်ခေါက်ကျတော့ အလှကုန်အလှည့်ပေါ့။ ခုမြင်ခဲ့ရတဲ့ အရာတွေထဲမှာ မဗေဒါ ဘာတစ်ခုမှ မယ်မယ်ရရ နေ့စဉ်မသုံးဖြစ်ပါဘူး။ အင်မာဂျန်စီ အရေးကြုံမှ သုံးဖြစ်တာများတယ်။ အလုပ်ကို ဘယ်လောက်ချစ်လဲဆို အလုပ်သွားတိုင်း မျက်နှာပြောင်ပဲ။ တစ်ခါတစ်လေ ရုပ်ကတော်တော်လေးစုတ်ပြတ်နေရင်တော့ အလုပ်ရောက်မှ နှုတ်ခမ်းနီကောက်ဆိုးလိုက်တယ်။ နှုတ်ခမ်းနီမဆိုးထားရင် လူတိုင်းက နင်နေမကောင်းဘူးလား လာလာမေးကြလို့။ ခု ယောင်္ကျားယူပြီးတော့ ပိုဆိုးတယ်။ ဗိုက်ကြီးနေလားပါ မေးခံရတယ်။ ကတောက် … ဒါ ဗိုက်ကို သက်သက်စော်ကားတာ…

မိတ်ကပ် ၂ခုလုံးကအိတ်ထဲမှာသာရှိတာ သိပ်လဲ မသုံးဖြစ်ပါဘူး။ အလုပ်ကနေ မထင်မှတ်ပဲ business meeting တွေဘာတွေ သွားရမယ်ဆိုမှ အိမ်သာထဲ အမြန်ပြေးပြီး အဆီတွေပျောက်အောင်လုပ်၊ ကရင်ဖတ်ရိုက် နှုတ်ခမ်းနီဆိုးလုပ်တာ။ အဖြူရောင်ဗူးသေးလေးက ကိုရီးယားသွားတုန်းက Etude House က ဝယ်လာတာ Oil control pad တဲ့။ ကိုယ်က အဆီပြန်တတ်တဲ့သူဆိုတော့ အာ့လေးကို သဘောကျတယ်။ သူက ကရင်ဖက်လိုပဲ ဒါပေမဲ့ ဂျက်ခဲကြီးမဖြစ်ဘူး။ အဆီတွေပဲ ပျောက်သွားတာ။ အာ့နဲ့ အဆီပြန်တဲ့နေရာတွေ ရိုက်လိုက်ရင် အဆီတွေတကယ်ပျောက်သွားတယ်။ ကရင်ဖက်ဆိုရင် အဆီတွေပေါ် ဂျက်ခဲကြီးဖြစ်သွားတယ်လေ။ သိလား။ အာ့လေးကို အရင်ရိုက်ပြီး အဆီတွေပျောက်မှ ဘေးက Faceshop က Phytogenic Infinite Power Foundation SPF 20 အရောင်က NB25 ကို ဖို့တယ်။


နှုတ်ခမ်းနီ ၂တောင့်ရှိတယ်။ (အဲ ပိုစ့်ရေးရင်းနဲ့မှ ထပ်မွှေလိုက်တော့ တကယ်တမ်းတော့ ၃တောင့်ရှိတာဗျ)။ ရွှေရောင်က Loreal Color Riche၊ အရောင်က BP401 Biege Sienna… မဗေဒါက အသားညိုတော့ အဲ့အရောင်က Nude လိုဖြစ်သလို အရောင်လေးလဲ နည်းနည်းရှိသလိုခံစားရတယ်။ သူ့ထက် Nude ဖြစ်တဲ့အရောင် Faceshop က ဝယ်ထားတာရှိတယ်၊ အာ့က အိမ်မှာ (ဘယ်ရောက်နေလဲတော့ မသိ)။ ဒါပေမဲ့ ဒီ Loreal အရောင်က အလုပ်မှာမစိုးဖြစ်ဘူး။ သူက မျက်လုံးတွေဘာတွေ အသေအချာချယ်ထားမှ လှတာ။ ဒီတိုင်းဆိုးရင် ပိုပြီးလူနာရုပ်ပေါက်သွားလိမ့်မယ်။ အဲ့နှုတ်ခမ်းနီက ကိုယ်အကျအန မျက်လုံးခြယ်တဲ့နေ့ အပြင်သွားရင် Backup အနေနဲ့ဆိုးတာ။ သုံးခဲလို့ သူက အရှည်ဆုံးကျန်နေတာသာကြည့်။

ညာဘက်အစွန်ဆုံးကတော့ Shiseido နှုတ်ခမ်းနီ RS711 Perfect Rouge လို့ခေါ်တယ်။ အဲ့ဒါလေးက ဟောင်ကောင်တုန်းက တွေ့ဖူးခဲ့တဲ့ စာရေးကောင်းတဲ့ ဘလော့ဂါအစ်မ မဆွေလေးမွန် စင်္ကာပူလာလည်တုန်းက လက်ဆောင်ပေးတာ။ သူ့ကိုတော့ အလုပ်မှာသုံးဖြစ်တယ်။ နှုတ်ခမ်းပေါ် ဆွဲရတာ တော်တော်ကောင်းတယ်။ နှုတ်ခမ်းခြောက်တတ်တဲ့သူတွေနဲ့ဆို အဆင်ပြေမယ်ထင်တယ်။

ဘယ်ဘက်အစွန်ဆုံးက အတိုဆုံး NYX နှုတ်ခမ်းနီလေးကိုလဲ တော်တော်သုံးဖြစ်တယ်။ အဲ့အရောင်ကို ကြိုက်လို့။ သူက မျက်နှာ လိမ်းချယ်ထားရင်လဲ ဆိုးလို့ရတယ်။ ဘာမှ မလိမ်းထားလဲ လူနာရုပ်မပေါက်အောင် အဲ့ဒါချည်းပဲ ဆိုးထားလဲ အဆင်ပြေတယ်။ NYX ရဲ့ Matte Lipstick.. အရောင်က MLS11 Tea Rose။

အပေါ်က ဘီး ၂ချောင်းက အဖြူရောင် တစ်ခါသုံးဘီးလေးက ဇန်နဝါရီ မြန်မာပြည်ပြန်တုန်းက ချောင်းသာဟိုတယ်က တစ်ခါသုံးဘီးလေး။ အဲ့တုန်းက ဘီးယူလာဖို့ မေ့ကျန်ခဲ့လို့ ဟိုတယ်က တစ်ခါသုံးဘီးပေးတော့ အတော်ပဲဖြစ်ပြီး အိတ်ထဲထည့်ထားတာ ခုထက်ထိ အိတ်ထဲမှာပဲ။ ချောင်းသာပြန် အမှတ်တရ လက်ဆောင်လိုဖြစ်နေလို့ မလွှတ်ပစ်ချင်ဘူး။ အပေါ်က သစ်သားဘီးလေးကတော့ ဟိုနေ့ကမှ ဝယ်လိုက်တာ။ ဆံပင်တိုညှပ်ပြီး ပြန်ရှည်လာတော့ ဂုတ်ထောက်ပြီး ဆံပင်တွေ ကော့လန်နေလို့ အရေးရယ် အကြောင်းရယ်ဆို ဖီးရအောင်လို့။ ဒီ ၂ခုလဲ နေ့စဉ်အလုပ်မှာတော့ မသုံးဖြစ်ပါဘူး။ အင်မာဂျန်စီ လူရုပ်သူရုပ်မပေါက်မှ အမြန်သုံးရတယ်။ ဟိုးတစ်လောက သူဌေးက တခြားကုမ္ဗဏီကလူတွေနဲ့ Meeting တက်ဖို့ ကိုယ့်ပါ ခေါ်တော့ အဲ့နေ့ကျမှ ကိုယ်က ခါတိုင်းထက် ဘိုသီဘတ်သီအလုပ်လာတော့ ဒီရုပ်ကို မယုံနိုင်ဖြစ်ပြီး သူဌေးကို ပြန်မေးမိတယ် “Do I look messy?” ဆိုပြီး ။ သိဘူးလေး သူဌေးက သူ့မျက်လုံးထဲများ ကိုယ့်ပုံ သပ်သပ်ရပ်ရပ်မြင်နေလို့ Meeting ခေါ်တာလားလို့ပေါ့။ ဒီတော့ သူဌေးကလဲ အားမနာပကို ပြန်ပြောတာ “Yes! You are!” တဲ့… ခွိ… အာ့နဲ့ပဲ သူဌေးကို ခဏလေးစောင့်ပါ အိမ်သာလေးသွားပရစေ ဆိုပြီး အမြန်ပြေးရတယ်။ ခွိ…

၄။ IT, electronic, Security ပစ္စည်းများ


ကိုယ်အလုပ်သွားတိုင်း မပါမဖြစ်က Hard disk ပဲ အားရင်အားသလို blog ရေးဖြစ်ရင် ရေးဖြစ်မယ်လေဆိုပြီး ထည့်လာဖြစ်တာ။ ဓာတ်ပုံတွေပါတယ်လေ။ 1TB ရှိတယ်။ အဲ့ Hard disk ထဲမှာလဲ ဖိုင်တွေကို နာမည်ပေါင်းစုံပေးချင်တာပေးပြီး ကိုယ့်ဟာကိုယ် မေ့တာပါပဲ။ အဲလို အထားအသို သေသပ်တာ။

အလည်ကဟာက အိမ်သော့နဲ့ ibanking token အာ့က ဟိုးတစ်လောက ပျောက်နေတာ ခု ယောင်္ကျားယူပြီး အခန်းပြောင်းတော့မှ ကုတင်နဲ့ မွှေ့ယာကြားက ပြန်တွေ့တာ။ ibanking စက်လေးက ပျောက်သွားပြီဆိုပြီး အသစ်တောင် လုပ်ထားတယ်။ ဒါလေးက သုံးလို့မရတော့ဘူး။ ဟိုနေ့က အာ့နဲ့ ibanking ဝင်ပြီး ဝင်လို့မရလို့ ဘဏ်ဖုန်းဆက်ပြီး ကွန်ပလိမ်းမိသေး။ နောက်မှ ကိုယ်မှားတာဖြစ်နေတယ်။ ဟိ။ သော့ချိတ် ကြောင်ဖြူလေးက ဂျပန်သွားတုန်းက Asakusa ဘုရားကျောင်းကနေ ချစ်ချစ်ကုတ်ကုတ် ဝယ်လာတာ။ သူက Made in Japan လို့ ရေးထားတဲ့အထဲမှာ ဈေးအသက်သာဆုံးမို့။ ကျန်တဲ့ ပစ္စည်းတွေက Made in china ဆိုတာတွေချည်းပဲလေ။ အဲ့သော့တွဲလေးပျောက်သွားတုန်းက နှမြောဆုံးက အဲ့ သော့ချိတ်လေးပေါ့။

ဘယ်ဘက်စွန်းကတော့ အားလုံးတွေ့တဲ့အတိုင်းပဲ နားကျပ်။ ဖုန်းဝယ်တုန်းကပါတာ။ ဒါပေမဲ့ တစ်ခါတစ်လေ အလုပ်က Laptop မှာလဲ တပ်ပြီးသုံးတယ်။ အရင်ကတော့ Dramania App က ကိုရီးယားကားတွေ ဒေါင်းလို့ရတဲ့အချိန်က ကိုယ်သိပ်မကြိုက်တဲ့ကားတွေကို အလုပ်အားတယ်ဆို အိမ်သာထဲသွားသွားကြည့်ဖြစ်တယ်။ ခုတော့ ဒေါင်းလို့မရတော့ဘူးဆိုတော့ သိပ်တောင် မသုံးဖြစ်တော့ဘူး။ သီချင်းလဲ နားထောင်ခဲတယ်။ မကြိုက်လို့တော့မဟုတ်ဘူး ဘာနားထောင်ရမှန်းမသိလို့။

၅။ အမှိုက်များနှင့် မလိုချင်သောအရာများ


အိတ်ထဲမျာ နောက် random တွေကတော့ ပြေစာဖြတ်ပိုင်းတွေ Bill ဆောင်ဖို့ reminder တွေနဲ့ ဝင်ငွေခွန် filing လုပ်ထားတဲ့ စာရွက်ကို အိမ်က ဖိုင်ထဲ သိမ်းမယ်ဆိုပြီး မလုပ်ဖြစ်သေးတာတွေ။ အပေါ်ထောင့်မှာ ဟိုးတစ်လောက သူငယ်ချင်းတွေနဲ့ Room xcape သွားထားတဲ့ အွန်လိုင်း ဘွတ်ကင်စာရွက်။ အာ့ကို ခုတော့ လွှတ်ပစ်လိုက်ပြီ။


အိတ်ကလေးထဲက ပစ္စည်းတွေ ထုတ်လိုက်တော့ ကျန်နေတာက Wallet ထဲလဲ မထည့်ဖြစ်၊ ဟို အိတ်အမဲလေးထဲလဲ မထည့်ဖြစ်ပဲ ဘယ်လိုက ဘယ်လို အိတ်ထဲ ဒီတိုင်း ပစ်ထည့်ထားတဲ့ ပိုက်ဆံနဲ့ အကြွေအနည်းငယ်ကိုတွေ့လိမ့်မယ်။ အိတ်ရဲ့ အတွင်းဘက် နံရံကပ်အိတ်လေးထဲမှာတော့ အလုပ်က လိပ်စာကဒ်ရယ် (My Business Cards) ဘတ်စ်ကားစီးတဲ့ကဒ်ရယ်ရှိတယ်။ ဒါပါပဲ။

ကဲ မဗေဒါ ဘယ်လို စည်းမရှိကမ်းမရှိလဲ ပေါ်ကုန်ပြီထင်တယ်။ ဒါမှမဟုတ် မိန်းကလေးတိုင်း ဒီလိုပဲလား?
သူငယ်ချင်းတို့ရဲ့ အိတ်ထဲမှာရော မရှိမဖြစ် အလိုအပ်ဆုံးအရာတွေက ဘာတွေလဲ ပြောပြပေးသွားအုံးနော်…

Tuesday, March 17, 2015

စိတ်လှုပ်ရှားဖွယ် ကစားနည်း


စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ များများစားစားလုပ်စရာဆိုလို့ ပင်လယ်နား ဘာဘီကျူး၊ ကာရာအိုကေဆို၊ Steamboat ဘူဖေးစုစား စသည်ဖြင့် လောက်ပဲရှိပါတယ်။ တခြား activities တွေလုပ်မယ် လျှောက်သွားမယ်ဆိုရင် ရှိပေမဲ့ လူအရမ်းပင်ပန်းအချိန်ကုန်ပြီး ပိုက်ဆံကုန်ပါတယ်။ ဥပမာ ဆန်တိုဆာသွားတာတို့၊ Universal studio သွားတာတို့လိုမျိုးပေါ့။ ဒါပေမဲ့ ဟိုနေ့က မဗေဒါ သူငယ်ချင်းတွေနဲ့ သွားဖြစ်ပြီး ဆော့ဖြစ်တဲ့ နေရာလေးကတော့ ပိုက်ဆံလဲ ဒီလောက်ဈေးမကြီးသလို၊ စိတ်ဝင်စားဖို့လဲကောင်း၊ ပျော်စရာလဲကောင်း၊ ဉာဏ်စမ်းလဲဖြစ်၊ အချိန်ကလဲ ၁နာရီပဲ၊ ဘာမှလဲ ပြင်ဆင်စရာမလိုဘူး၊ နေရာကလဲ မြို့လယ်ခေါင် Bugis မှာပါ။ အဲ့ဒိ game ဆော့ပြီး သူငယ်ချင်းတွေအားလုံး အေးအေးဆေးဆေး ကြိုက်တဲ့ စားသောက်ဆိုင်သွားပြီး စကားပြောတာပဲဖြစ်ဖြစ်၊ ရှော့ပင်းပတ်တာပဲဖြစ်ဖြစ် လုပ်ချင် လုပ်လို့ရပါသေးတယ်။ စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ ဘယ်သွားရမှန်းမသိရင် xcape room ကို recommend ပေးချင်ပါတယ်။


အသက်ကြီးလာလေ သရဲအိမ်လို့ကြားရင် အလကားနေ လန့်နေတတ်တော့ အစက ဖေ့ဘွတ်မှာ သူငယ်ချင်းတစ်ယောက်က လင်ခ့်ပေးပြီး Xcape Room သွားချင်တယ်ပြောတုန်းက ၀က်ဆိုဒ်က ပုံတွေကြည့်ပြီး လန့်ပြီး မသွားချင်ခဲ့မိပါဘူး။ ဒါပေမဲ့ လူ့စိတ်ဆိုတာကလဲ မျောက်စိတ်လိုပဲ ပြောင်းလဲတတ်တဲ့သဘောရှိတာက တစ်ကြောင်း၊ တိုက်တိုက်ဆိုင်ဆိုင် Mr. Right က သူ့အလုပ်ကလူတွေနဲ့ အဲ့ဒိကို သွားဖြစ်ခဲ့တဲ့အကြောင်းပြောတော့ သရဲအိမ်ရယ်လို့လဲ အတိအကျသဘော မဆောင်ပါဘူး။ သူက ဘယ်လိုပြောမလဲ ဉာဏ်စမ်းပေဟဠိ စုံထောက် စွန့်စားခန်းလို့ပဲပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ရှုံးရမှာ ကြောက်တဲ့ကျွန်မကတော့ ရှုံးမှာ ထပ်ကြောက်ပြန်ရော။ ဒါပေမဲ့လဲ သေချာပြန်စဉ်းစားကြည့်တော့ ရှုံးတာ နိုင်တာက အဓိကမကျပါဘူး။ အဲဒိအခန်းထဲမှာ ကစားနေတဲ့အချိန် ခံစားချက်က အမှတ်တရဖြစ်မယ်လို့ တွေးမိခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒိမှာ လူတွေကို ထိခိုက်စေမဲ့ ပစ္စည်းမျိုး ဘာမှ မရှိပါဘူးလို့ သူတို့ ဝက်ဆိုဒ်မှာ ရေးထားပြီးသားပဲ။ (ကိုယ့်ရဲ့ အလွန်တရာမှ ကောင်းလွန်းတဲ့စိတ်ကူးက တကယ်လို့များ စိတ်တဇလူသတ်သမားတစ်ယောက်ယောက် စိတ်မနှံ့ပဲ အခန်းထဲကျန်နေရင်တော့ ဒုက္ခဆိုပြီး တွေးကြောက်ပြန်ပါသေးတယ်။ ဒါပေမဲ့လဲ ဒါဟာ တကယ်လို့များဆိုတဲ့ အတွေးဆိုတော့ တကယ်မှ မဟုတ်တာ)

နည်းနည်း သတ္တိရှိလာတော့ ဝက်ဆိုဒ်(http://www.xcape.sg/) ကို ထပ်သွားကြည့်တော့ ပရိုမိုးရှင်းရှိနေပါတယ်။ ၇ယောက်စာပေးရင် တစ်ခန်းလုံး သူများနဲ့ မရောပဲ ဝင်လို့ရမယ်တဲ့။ ဒါနဲ့ အရင်က ပြောဖူးတဲ့ သူငယ်ချင်းနဲ့ မဗေဒါရဲ့ မင်္ဂလာဦးဆွမ်းကျွေးမှာ တွေ့ဖူးခဲ့တဲ့ မဗေဒါရဲ့ စာဖတ်သူ သူငယ်ချင်းတွေထဲက စိတ်ဝင်စားလောက်မယ်ထင်တဲ့ သူတွေကို Tagged ပြီး မေးလိုက်တော့ Response က ကောင်းပါတယ်။ (ဖေ့ဘွတ်မှာ လာအက်ထားတဲ့ ကိုယ့်ရဲ့ စင်္ကာပူက ပုံမှန်စာဖတ်သူတွေ ကို ကိုယ့် မင်္ဂလာဦးဆွမ်းကျွေးကို အကြောင်းပြပြီး အပြင်မှာ တွေ့ဖူးစကားပြောဖူးခဲ့တော့ သူငယ်ချင်းတွေထပ်တိုးတယ်လေ။ ) တစ်ခန်းကို ၁၀ယောက်က အများဆုံးပဲ ဝင်လို့ရလို့ တချို့ မလိုက်လိုက်ရတဲ့ Kpopper သူငယ်ချင်းတွေကို နောက်တစ်ခါ နောက်Theme တစ်မျိုး Try ရင် လိုက်ဖို့ပဲပြောနိုင်ခဲ့ လို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဂိမ်းရဲ့အဓိက ရည်ရွယ်ချက်က အဲ့ဒိ အမှောင်ခန်းထဲမှာ ကိုယ်တွေအုပ်စုဝင်သွားရပြီး ပြန်ထွက်ဖို့ လမ်းရှာရမှာဖြစ်ပါတယ်။ ပြန်ထွက်ဖို့ လမ်းရှာတဲ့အခါမှာ ပုံမှန်မဟုတ်ပဲ အဲ့အခန်းထဲမှာ ပေးထားတဲ့ သဲလွန်စတွေကနေ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ အခန်းက ကြည့်ရင် ဘာပစ္စည်းမှာ သိပ်မရှိသလိုထင်ရပေမဲ့ ပေးထားတဲ့ ပစ္စည်းတွေကနေ သေချာသဲလွန်စရှာရင် နောက်ထပ် လျှို့ဝှက်ခန်းတွေကို ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်။ Theme ပေါ်မူတည်ပြီး လျှို့ဝှက်ခန်း အရေအတွက်က ကွာမယ်ထင်ပါတယ်။

ကျွန်မတို့အုပ်စုက ၁၀ယောက်ဆိုတော့ Theme ရွေးတဲ့အခါမှာ ၁၀ယောက်လက်ခံတဲ့ Theme ပဲ ရွေးလို့ရပါတယ်။ အဲ့ဒိထဲကမှ Tomb Raider က Fear factor အမြင့်ဆုံးမို့ အားလုံး သဘောတူညီချက်နဲ့ မရွေးခဲ့ပါဘူး။ Vampire Diary က ဘယ်သူမှ မဲမပေးလို့ မရွေးဖြစ်ပါဘူး။ Resident Evil က Zombie မုန်းတဲ့ ကျွန်မနဲ့ တခြားကောင်မလေးတစ်ယောက် မကြိုက်လို့ မရွေးဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ ကျန်တာ Chamber of Secret ပဲကျန်ပါတော့တယ်။ Fear Factor က ၁ ဆိုတော့ မဆိုးဘူးလေ။ လုံးဝကြောက်ဖို့မကောင်းရင်လဲ မသွားချင်ပြန်ဘူးကိုး။ အဲဒိ Theme ရွေးရင် အောက်မှာ လိုအပ်တဲ့ အရည်အချင်းအချက်အလက်လေးတွေ ပေးထားပါတယ်။ ဒါပေမဲ့လဲ သိပ်တော့လဲ stress စရာမလိုပါဘူး။ ဟိုရောက်တော့လဲ သူ့ဟာသူဖြစ်သွားတာပါပဲ။
Chief ရဲ့ ဗျူဟာတွေနားထောင်နေတာ...
၂ပတ်လောက် ကြိုတင် Book လုပ်ထားဖြစ်ပါတယ်။ Booking လုပ်တဲ့အချိန်မှာ ပိုက်ဆံရှင်းစရာမလိုပါဘူး။ ကိုယ်ဘွတ်ထားတဲ့ အချိန်ထက် ၁၅မိနစ်စောလာဖို့ ပြောပါတယ်။ မိန်းကလေးတွေဆိုရင် ဘောင်းဘီ၀တ်ခဲ့ဖို့နဲ့ ဒေါက်ချွန်ဖိနပ်တွေ မစီးခဲ့ဖို့တော့ မှာထားပါတယ်။ တကယ့်နေ့ရောက်တော့ အားလုံး Bugis MRT မှာပဲ စုံကြပြီး ထွက်ခဲ့ကြပါတယ်။ ဆိုင်က Bugis Street ဘေးက Mac donald ဆိုင်တိုက်ပါပဲ။ ဆိုင်ခန်းနံပါတ်နဲ့ရှာရတာ လွယ်ပါတယ်။ အပေါ်ထပ်ကို လှေကားကနေ တက်သွားရပါတယ်။ ဟိုရောက်တော့ ကိုယ်ရောက်ကြောင်းသတင်းပို့ပြီးတာနဲ့ သူက ၁၀မိနစ်လောက်စောပြီး အခန်းထဲ ဝင်ခွင့်ပေးပါတယ်။ ဒါပေမဲ့ ကိုယ်တွေထင်တာက လျှို့ဝှက်ခန်းတွေ တစ်ခန်းပြီး တစ်ခန်းဝင်သွားရင် နောက်ကျမှ လာတဲ့သူ ၂ယောက် ပျက်ကျန်ခဲ့မှာ စိုးတာပါ။ ကိုယ်ကမှ အထဲမှာ ဘယ်လိုဖြစ်မလဲ မသိတာလေ။ သူငယ်ချင်းကို စောင့်မယ်လို့ပြောပြီး ၅ မိနစ်ထပ်စောင့်ပါတယ်။ ဒါပေမဲ့ ဆိုင်က ကောင်မလေးက အထဲဝင်နှင့် နောက်မှလာတဲ့သူက ထည့်ပေးမယ်တဲ့။ သူက အထဲမှာ လိုအပ်တာတွေ အကျဉ်းချုံး ကျွန်မတို့ကို ရှင်းပြရအုံးမှာတဲ့။ ပါသမျှ အိတ်တွေနဲ့ ဟန်းဖုန်းတွေအားလုံး အပြင်က ဘီဒိုထဲ သော့ခတ်ထားခဲ့ရတယ်။

အခန်းကတော့ အလင်းထဲကနေ အမှောင်ထဲဝင်လိုက်တော့ မှောင်မဲနေတယ်ထင်ရပေမဲ့ မျက်လုံးအသားကျသွားတော့ သိပ်မကြောက်တော့ပါဘူး။ ကျွန်မတို့ ၁၀ယောက်အဖွဲ့အတွက် လက်နှိပ်ဓာတ်မီး အသေးလေး ၅လုံးလောက်တော့ ပေးပါတယ်။ အဲဒိ မီးအလင်းရောင်ကလွဲလို့ တခြားအလင်းရောင်ဘာမှမရှိပေမဲ့ နောက်မျက်လုံးအသားကျသွားတော့ အဲ့ဒိအလင်းရောင်းထဲမှာပဲ ခန့်မှန်းပြီးနေတတ်သွားပါတယ်။ (အထူးသဖြင့် မြန်မာပြည်က မီးပျက်ညတွေမှာတောင် နေခဲ့တဲ့ မြန်မာနိုင်ငံသားတွေချည်းပဲမို့ အမှောင်သိပ်မကြောက်ကြတာလားတော့ မသိပါ။ တစ်ဖွဲ့လုံး ကြောက်တဲ့သူတစ်ယောက်မှကို မရှိတာ)။

အခန်းတွင်းမှာတော့ လူသတ်မှုပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပြီး ဆိုင်ကကောင်မလေးပြောပြချက်အရ၊ ကျွန်မတို့ဟာ Dr. Hachi က လွှတ်လိုက်တဲ့ အလွတ်စုံထောက်အဖွဲ့ဖြစ်ပြီး FBI ယောင်ဟန်ဆောင်ကာ လူသတ်မှုကို လာစုံစမ်းတာဖြစ်တယ်။ တကယ့် FBI တွေမလာခင်မှာ ဒီအခန်းထဲက ရအောင် ပြန်ထွက်ရမယ်။ တကယ့် FBIတွေက ၁နာရီကြာရင်လာမယ်လို့ပြောပါတယ်။ အကူအညီလိုရင် အခန်းထဲက xcape လို့ရေးထားတဲ့ ကဒ်လေးကို ကင်မရာဘက်လှည့် ထောင်ပြလို့ရပါတယ်။ သဲလွန်စထဲက ကြိုက်ရာ ၂ခုကို ပညာသားပါပါမေးလို့ရပါတယ်။ သူတို့ကတော့ ကျွန်မတို့တွေ ရူးပေါပေါ ဟိုဟာဒီဟာ စမ်းတဝါးဝါး လျှောက်လုပ်တာတွေကို အပြင်ကနေ ကင်မရာနဲ့ ကြည့်ပြီးများ ရီနေမလား မသိပါဘူး။

စစချင်းတော့ တကယ်ကိုပဲ ဘာလုပ်လို့ ဘာရှာရမှန်းကို မသိပါဘူး။ သူက ဘာကိုရှာပါလို့လဲ တစ်ခုမှ ပြောမသွားပါဘူး။ အခန်းထဲမှာလဲ ရှာစရာ ပစ္စည်းတောင် များများစားစားမရှိပါဘူး။ ဒါပေမဲ့ ရှာဆိုတော့လဲ ရှာရမှာပေါ့ တစ်ခုခုတော့ထွက်လာမှာပေါ့ဟုတ်? အခန်းထဲမှာ ဘာတွေရှိတယ် ဘာတွေတွေ့တယ် ဘယ်လိုရှာရတယ်ဆိုတာတော့ မဆော့ရသေးသူတွေ အရသာပျက်မှာမို့ မပြောပြတော့ဘူးနော်။

အနည်းဆုံးပြောပြနိုင်တာ နည်းနည်းကတော့ အဲ့ဂိမ်းဆော့တဲ့အခါမှာ…
၁) ရှိသမျှနေရာ အနှံ့ကို ချောင်ဂျို ချောင်ကြားမကျန်ရှာပါ။
၂) တစ်နေရာတည်းမှာပဲ အားလုံး စုမနေပဲ လူစုခွဲ ဖြန့်ရှာပါ။
၃) ပေးထားတဲ့ Clue တွေက သင်္ချာအခြေခံ၊ ဓာတုဗေဒ အခြေခံ ဘာမှ သိစရာမလိုတဲ့အတွက် ဝေးဝေးလံလံ သိပ်မစဉ်းစားပဲ တစ်ခုနဲ့တစ်ခု ကိုသာ ပေးထားတဲ့အတိုင်း သေချာစဉ်းစားပါ။
၄) တစ်ချို့ သဲလွန်စတွေကတော့ တစ်ခုထဲနဲ့ မရပဲ ဆက်စပ်နေတာလေးတွေရှိတဲ့အတွက် တူညီနေတဲ့ အချက်တွေရှိရင် အသေးစိတ် ဆက်စပ်ကြည့်သင့်တယ်။
၅) သူတို့က သဲလွန်စမဟုတ်ဘူးလို့ သေချာရေးထားရင် အဲ့နေရာကို ရှာစရာမလိုဘူး။
၆) တစ်ချို့ အရင် ရှာတွေ့တဲ့ သဲလွန်စတွေက လတ်တလော သုံးလို့မရသေးပေမဲ့ အဲ့ဒိကရတဲ့ အဖြေကို နောက်သုံးဖို့ မှတ်ထားသင့်တယ်။ (တစ်နေရာမှာ သုံးပြီးသွားပြီဆိုရင်တော့ နောက်ထပ် ထပ်သုံးစရာမလိုတော့တဲ့အတွက် မှတ်စရာမလိုတော့ဘူး)
၇) တစ်ယောက်ယောက်က တစ်ခုခုရှာတွေ့ပြီဆိုရင် ကျန်တဲ့အဖွဲ့သားတွေအားလုံးကို အသိပေးပါ။ လျှိုထားတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါဟာ အဖွဲ့လိုက်ကစားတဲ့ ဉာဏ်စမ်းပါ။


Special team

လောလောဆယ် စဉ်းစားမိသလောက်ကတော့ ဒီလောက်ပါပဲ။ ကျွန်မတို့လဲ အကူအညီ ၂ခါလုံး ကုန်အောင်တောင်းရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုတည်းမှာပဲ Stuck နေပြီတာ ကြာပြီဆိုရင်တော့ တောင်းကိုတောင်းရတော့မှာပါ။ မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ သူလာပြောပြသွားတဲ့ ပထမ အကူအညီဆိုရင် ကျွန်မတို့ ဘယ်လိုမှ သိနိုင်မဲ့အရာမျိုးမဟုတ်ပါဘူး။
ကျွန်မတို့ အဖွဲ့က လူညီကြပါတယ်။ ၃ယောက် တစ်အုပ်စုလောက်သူ့အလိုလိုဖြစ်သွားပြီး ခွဲရှာကြပါတယ်။ အဲ့ဒိမှာ လူ့သဘောတစ်ခု သွားသတိထားမိပါတယ်။ တော်ရုံတန်ရုံ လူတစ်ယောက်ဟာ တစ်ခုတည်းမှာ အာရုံကြာကြာမစိုက်နိုင်ပါဘူး။ နည်းနည်းစဉ်းစားပြီးလို့ အဖြေမထွက်တော့ရင် အဲ့မှာ မနေချင်တော့ပါဘူး။ ဒါပေမဲ့ အဲ့ဒါကလဲ လုံးလုံးတော့ ဆိုးတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မရနိုင်တဲ့ အဖြေတစ်ခုကို အဲ့မှာပဲ ပေကပ်နေရင် ကိုယ်ရနိုင်တဲ့ အဖြေတွေအတွက် အချိန်ကုန်နိုင်လို့ပါပဲ။ ကိုယ်အစွမ်းကုန် စဉ်းစားလို့ မရရင် တခြားတစ်ယောက်ယောက်ကို စဉ်းစားကြည့်ခိုင်းပါ။ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ စဉ်းစားနိုင်ပါတယ်။

နောက်ပြီး တစ်ခုခုကို စဉ်းစားနေတုန်း ဟိုဖက်က တွေ့ပြီတွေ့ပြီဆိုရင် အာရုံလွဲသွားပြီး အဲ့ဒိမှာ ဝိုင်းအုံသွားကြတော့တာပါပဲ။ ဒါကလဲ လူ့သဘာဝ ကိုယ်လွတ်သွားမှာကြောက်တာကိုး။ အုံပြီးရင် မြန်မြန်လေး လူစုပြန်ခွဲ လုပ်စရာဆက်လုပ်ပါ။ အဲ့ဒိအခန်းထဲမှာ ၁နာရီဆိုတာ တကယ်ကို ခဏလေးပါပဲ။ ကိုယ်ထင်တာကို ပြောဖို့ ဝန်မလေးပါနဲ့။ ဘယ်သူ့ အတွေးမှ ပေါတောတောအတွေးမရှိပါဘူး။ အားလုံးဟာ စမ်းတဝါးဝါးလုပ်နေကြတာဆိုတော့ ကိုယ့်အတွေးကို ထုတ်ပြောဖို့ စမ်းဖို့ ဝန်မလေးပါနဲ့။ (မှတ်ချက်။ တစ်ချို့ပစ္စည်းတွေကတော့ limited ပဲရှိတာမျိုးမို့ ကိုယ်ထင်တာ မလုပ်ခင် အဖွဲ့သားတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်)


Really win or not is mystery... But we all are WINNERS!

ဂိမ်းလေးပြီးသွားတော့ ကျွန်မတို့ အားလုံးကို သူတို့ ဓာတ်ပုံရိုက်ပေးပါတယ်။ ဒီဂိမ်းလေးဆော့ပြီး ကျွန်မတို့ အားလုံး သိသွားတာက Fear Factor level 1 က မီးပျက်တဲ့နိုင်ငံကလာတဲ့ ကျွန်မတို့အတွက် သိပ်ကြောက်ဖို့မကောင်းပါဘူး။ ပြီးတော့ CSI ထဲက စုံထောက်တွေ မကြောက်သလိုပဲထင်တယ်။ နေတာကြာသွားတော့ လူသတ်မှုဖြစ်တဲ့ အခန်းပုံလုပ်ထားပေမဲ့ မကြောက်တော့ပါဘူး။ နောက်တစ်ခါဆိုရင်တော့ ကြောက်စရာ အကောင်းဆုံးဆိုတဲ့ Tomb Rider ကို စမ်းကြည့်ဖို့ အားလုံး တက်ကြွနေကြပါတယ်။ (ကိုယ့် ကြောက်စိတ်ကို အောင်နိုင်ဖို့ Resident Evil ပါ Try ချင်ပါသေးတယ်) တစ်ယောက်ကို ပုံမှန် Weekend တွေမျာ စင်္ကာပူဒေါ်လာ ၂၈ကျပ်ကျပါတယ်။ ဒါပေမဲ့ ၁၀ယောက်ဝင်တာ ၇ ယောက်စာပဲပေးရတဲ့ ပရိုမိုးရှင်းရှိတာကြောင့် တစ်ယောက်ကို ဒေါ်လာ ၂၀ လောက်ပဲသွားကျပါတယ်။
အဲ့ဒါပြီးတော့ စကားလဲပြောလို့ရ၊ ဗိုက်မဆာတဲ့သူတွေကလဲ ကော်ဖီလောက်သောက်၊ ဗိုက်ဆာတဲ့ သူတွေကလဲ ညစာစားလို့ရမဲ့နေရာ Bugis က TCC မှာ တစ်ဖွဲ့လုံး သွားစားကြပြီး ကိုယ့်ကိုကိုယ် ဂုဏ်ပြုကြပါတယ်။ ပျော်စရာကောင်းတဲ့ သူငယ်ချင်းတွေတွေ့ဆုံပွဲလေးတစ်ခုဖြစ်ခဲ့လို့ xcape room Singapore ကိုသွားခဲ့ရတာဟာ အမှတ်ရစရာ ကြည်နူးစရာနေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။

ရေဗူးကြီး ဘာလို့ ကိုင်ထားမိပါလိမ့်

Friday, January 30, 2015

To be with My Mr.Right (2) - The Surprised Proposal


The Surprised Proposal with Deadline



၂၀၁၃ ရဲ့ နေ့တစ်နေ့...

ငါအသက်
၃၀ မပြည့်ခင် မင်္ဂလာဆောင်ချင်တယ်။ ပြည့်ဖို့ ၂နှစ်ပဲ လိုတော့တယ်။ မင်္ဂလာဆောင်အတွက် ပြင်ဆင်ဖို့ ၁နှစ်အချိန်လိုတယ်ဆိုတော့ ငါ့ကို ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်တယ်ဆိုရင်၂၀၁၃ ဒီဇင်ဘာ နောက်ဆုံးထားပြီး Surprised Proposal လုပ်ပါ။ အဲ့ဒါပြီးမှ ၂ဘက်မိဘတွေ လူကြီးချင်း Formally ပေးတွေ့မယ်"


~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

မမျှော်လင့်ဆုံးအချိန်မှာ ဖူးစာရှင်နဲ့တွေ့တယ်ဆိုတာ မှန်တယ်ပဲ လက်ခံရမလားပါပဲ။ သူနဲ့ ချစ်သူတွေဖြစ်ခဲ့ပေမဲ့ ကျွန်မအတွက်တော့ ယောကျာင်္းတစ်ယောက်ရဲ့ချစ်ပါတယ် ပြောတဲ့စကားကို အာမခံချက် မယူရဲပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအပေါ် စိတ်ရှည်လက်ရှည် သည်းခံပြီး ရေရှည်ချစ်နိုင်မဲ့ သူ ဒီကမ္ဘာမှာ ရှိပါ့မလားလို့ သံသယဝင်နေလို့ပါပဲ။ အဲ့ဒိအတွက်ကြောင့် ချစ်သူဖြစ်ပြီးခါစ သူရဲ့ ခပ်သေးသေး လိမ်ညာမှုလေးတွေကို ကိုယ်မိခဲ့ရင်တောင်မှ သိပ်တော့ မအံ့သြခဲ့ပါဘူး။

"သြော်... နင်လဲ ယောကျာင်္းထဲက ယောကျာင်္းတစ်ယောက်ပဲ... နင်လိမ်လဲ ငါဘာမှ မတတ်နိုင်ဘူး။ မပေါ်အောင် လိမ်နိုင်ရင်တော့ နင့်ကိုရွေးမိတဲ့ ငါ့ထိုက်ငါ့ကံဖြစ်လို့ ခံယုံပေါ့။ လက်မခံနိုင်အောင် လိမ်တဲ့တစ်နေ့တော့ ငါဘာလုပ်မလဲ မသိသေးဘူး"။

အဲဒိလိုပြောခဲ့ပေမဲ့ ခွင့်လွှတ်ပြီးချစ်နေနိုင်တဲ့အထဲတော့ ကျွန်မ မပါပြန်ဘူး။ စိတ်ထဲက အောင့်သက်သက်ကြီးဆိုတော့ ချစ်သော်ညားလဲ စကားပြောရတာ အဆင်မပြေဘူးလေ။ ဒီတော့ စည်းကမ်းထုတ်ထားတယ်။ လိမ်တာမိရင် ဒဏ်ငွေဆောင်ရမယ်ပေါ့။ ထပ်လိမ်တာမိရင် အရင် ဒဏ်ငွေရဲ့ ၂ဆ တိုးတိုးပြီးဆောင်ရမယ်။ ကျွန်မလိမ်လဲ ပေးမှာပေါ့။ (တော်ရုံတန်ရုံ ကျွန်မက လိမ်မပြောဘူး။ ပေါ်တင်ပဲလုပ်တာ။ ပေါ်တင်ပြောလွန်းလို့ ကိုယ့်ကိုဘယ်သူမှ သည်းမခံနိုင်တာ။ သူလိမ်တာမိတိုင်း ကိုယ်ပိုက်ဆံရမယ်ဆိုတော့ မဆိုးဘူးဟုတ်? အချိန်အခါ အခြေအနေအရတောင့် ဒီ Rule ပြောင်းတန်ပြောင်းရမှာပေါ့)။ အဲဒါ ပထမနဲ့ နောက်ဆုံးအကြိမ် သူလိမ်တာကို ကျွန်မ မိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သူ့အချစ်တွေကို အာမခံချက်ယူပြီး မနေဖြစ်အောင် ကိုယ့်စိတ်ကိုယ်ကို ထိန်းထားတယ်။



"ကတိတွေလာမပေးပါနဲ့... ကတိပေးတယ်ဆိုတာ နောင်ဖျက်ဖို့။ တကယ်ချစ်ရင် အလုပ်နဲ့ သက်သေပြပါ" ဟုတ်တယ် ကျွန်မကို ကတိပေးတာမကြိုက်ဘူး။ ကတိကို လွယ်လွယ်ပေးတဲ့သူတွေ လွယ်လွယ်ဖျက်ခဲ့ကြတာချည်းပဲ။ တကယ်ချစ်တဲ့သူက ကတိပေးစရာမလိုလောက်အောင် ပြီးပြည့်စုံပြီးသားလို့ ယုံတယ်။

ဒါပေမဲ့ ကျွန်မရဲ့ သူ့အချစ်တွေကို အာမခံချက် မယူချင်တဲ့စိတ်တံတိုင်းကို သူ့ဂရုစိုက်မှု၊ သူ့သည်းခံနိုင်စွမ်း၊ သူ့ ဖြည့်စည်းပေးမှုတွေနဲ့ ဖြည်းဖြည်းခြင်း ဖြိုဖျက်ခဲ့တယ်။ တစ်ခါတစ်လေ သူ့ဘက်က တစ်ခုခုပျက်ကွက်လို့ ကိုယ်စိတ်တိုမိတာတို့ (အပြင်မှာသာ စိတ်တိုနေတဲ့ပုံဆိုပေမဲ့၊ စိတ်ထဲမှာတော့ ဝမ်းနည်းအားငယ် စိတ်မကောင်းဖြစ်နေမိတာပေါ့) ဘာတို့ဆို ကိုယ့်ကိုကိုယ် သတိထားမိတယ် သူ့အချစ်ကို အာမခံချက် ယူမိနေပါလားလို့လေ။ ဟုတ်တယ်လေ ဥပမာ ရည်းစားမရခင် ကိုယ့်ဟာကိုယ်တစ်ယောက်တည်း ကျောင်းသွားနေကျ၊ သူနဲ့ ချစ်ပြီး အမြဲ ကျောင်းကြိုပေးနေတော့ တစ်ရက်တစ်လေ မအားလို့ မလာနိုင်ဘူးဆိုရင် ကိုယ်တစ်ယောက်တည်း ပြန်ရတာကို အားငယ်သလိုလို။ သတိထားမိလိုက်တဲ့အချိန်ဆိုရင် တကယ်တော့ သူ ကိုယ့်ကို တော်တော်လွှမ်းမိုးနေပါလားလို့ ထင်မိတယ်။ ဟုတ်ပါတယ်။ သူကျွန်မ မကြိုက်တဲ့ ကတိတွေ မပေးတော့ဘူး။ သူအလုပ်နဲ့ပဲ သက်သေပြခဲ့တယ်လေ။ ခုတော့ ကျွန်မ မသိစိတ်က သူ့အချစ်ကို အာမခံချက် ယူမိနေပြီ ထင်ပါရဲ့...

~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မက ကောင်းတဲ့ Surprised တွေကို ကြိုက်တယ်။ ကျွန်မအတွက် အရေးပါသူတွေအတွက်လဲ Surprised လုပ်ပေးရတာ သဘောကျတယ်။ Youtube မှာ surprised proposal တွေကြည့်ရင်လဲ သဘောကျတယ်။ ဒါပေမဲ့ အရမ်းကြီး ကြီးကျယ်ခမ်းနားပြီး ပိုက်ဆံအကုန်အကျများမဲ့ ဟာမျိုးတော့ မလုပ်စေချင်ပါဘူး။ ပိုက်ဆံအကုန်အကျလဲနည်းမယ်။ စိတ်ကျေနပ်စရာ Surprised လေးလဲဖြစ်မဲ့ အိုင်ဒီယာကောင်းကောင်း Surprised proposal လုပ်ဖို့က သူ့အတွက်ထုတ်လိုက်တဲ့ ကျွန်မရဲ့ မေးခွန်းပေါ့။ အဲ့ဒိအတွက် သဲလွန်စလေးအနေနဲ့ ကျွန်မ မိသားစုတွေနဲ့ သူငယ်ချင်းတွေ အကူအညီတောင်းချင် တောင်းလို့ရအောင် ဖေ့ဘွတ်တွေမှာလဲ အက်ထားကြတယ်။ သူတို့ အကူအညီမလိုအပ်တဲ့ အိုင်ဒီယာကောင်းကောင်းလေးဆိုလဲ ရတယ်။

လူတွေကမေးကြမယ်။ Surprised လိုချင်တယ်လဲပြောသေးတယ်။ Deadline ကြီးနဲ့ဆိုတော့ ဘယ် Feel လာမလဲတဲ့။ ဘယ်အချိန် ဘယ်အခါမှ Proposed မယ်မှန်းမသိပဲ ငုတ်တုတ်ထိုင်စောင့်ပြီး ကိုယ့်ရဲ့ အရေးကြီးတဲ့ အသက်အရွယ်ပိုင်းကို အကုန်မခံနိုင်ပါဘူး။ Deadline ပေးထားပေမဲ့ အဲ့ဒိအတောအတွင်း သူဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုလုပ်မယ်ဆိုတာ ကိုယ်မသိဘူးလေ။ ၂၀၁၃ ကျော်လို့မှ Proposed မလုပ်ရင် ကိုယ့်ကို ရိုးမြေကျပေါင်းဖို့ စိတ်ကူးမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲလေ။ ကိုယ့်ကို တကယ်ချစ်တဲ့သူက ကိုယ့်အတွက် စဉ်းစားပေးရမှာပေါ့။

အိမ်က ကျွန်မ မိသားစုတွေကတော့ သူ့ဘက်က ကာစီးပြီး ကျွန်မကိုပြောကြပါတယ်။ စကားတောင် လေးလုံးကွဲအောင်မပြောတဲ့သူကို Surprised Proposal လုပ်ခိုင်းတာ သိပ်တော့ မမျှော်မှန်းပါနဲ့တဲ့။ ဖြစ်မလာရင်လဲ စိတ်တိုပြီး မအော်နဲ့အုံးတဲ့။ အဲ့လို အားပေးကြတာ။ ကျွန်မစိတ်ထဲမလဲ သူ Proposed မလုပ်ခဲ့ရင်ရော ငါပြောထားမိတဲ့ စကားကို ဘယ်လို ဆင်ခြေပေးပြီး Deadline လေး နည်းနည်းတိုးပေးရမလဲ စဉ်းစားနေရတာပေါ့။ သူက ၂၀၁၃ ဒီဇင်ဘာရောက်နေပြီ ဘာမှာမှ မလုပ်တာ။

~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၈ရက္ ဒီဇင္ဘာ ၂၀၁၃




Frozen သွားကြည့်မလား သူ ဘွတ်လိုက်မယ်တဲ့။ ကိုယ်ကတော့ ခါတိုင်းလဲ ရုပ်ရှင်ကြည့်နေကျဆိုတော့ ဘွတ်လိုက်လို့ပြောလိုက်တာပေါ့။ ခါတိုင်းဆို အွန်လိုင်း ဘွတ်ကင်းက ကျွန်မကပဲ လုပ်နေကျ အဲ့နေ့ကတော့ သူလုပ်လိုက်မယ်ဆိုတာကို ကျွန်မ သံသယ မဝင်ခဲ့မိဘူး။ သူသိပ်ကြည့်ချင်လို့ဖြစ်မှာပေါ့ပဲ ထင်ခဲ့တာပေါ့။

ဒါပေမဲ့ တကယ်ကြည့်မယ်ဆိုတော့ အိမ်နားက ကြည့်နေကျ ရုပ်ရှင်ရုံမဟုတ်ပဲ Vivo City က Golden Village ရုံမှာဘွတ်လိုက်တာတဲ့။ တစ်ခုခုဝယ်ခဲ့ဖို့ မှာလိုက်တိုင်း တစ်ခုမဟုတ်တစ်ခု မှားအောင် ဝယ်လာနေကျ ကိုယ့်ချစ်သူရဲ့ အကျင့်ကြောင့် ဒါလဲ ကျွန်မ သံသယမဝင်ခဲ့မိပြန်ဘူး။ "နင် ရုပ်ရှင်ရုံမှားပြီး ဘွတ်ကင်းတင်ပြန်ပြီ" ဆိုပြီး နည်းနည်းတော့ ပွစိပွစိလုပ်မိတာပေါ့။

Vivo City ရောက်တော့ သူ့ရဲ့ မှားနေကျ အကျင့်အတိုင်းပါပဲ။ လက်မှတ်ကောင်တာကို ဝင်တန်းစီတော့ Gold Class ဆိုရင် သာမာန်ကောင်တာမှာ မဟုတ်ဘူးတဲ့။ ဟိုဘက်ကောင်တာမှာဆိုတာ ကျွန်မပါကြားလိုက်တော့ "ဟင်... Gold Class?" (အမှန်တော့ ကျွန်မနဲ့ မလာခင်ကို အဲ့လက်မှတ်ကို သူကြိုထုတ်ထားခဲ့ရမှာ။ ခုတော့ ကောင်တာကြီးမှာ ကျွန်မက သိသွားရတော့ သူ့ရဲ့ arrangement တွေ နည်းနည်းတော့ လွဲတာပေါ့။ ဘာလို့ Gold Class ဝယ်တာလဲဆိုတော့ "ငါကြည့်ချင်လို့" တဲ့။ ကာတွန်းကားကို Gold Class မှာကြည့်ချင်တာ။ နည်းနည်းတော့ ကျွန်မ မှန်းလို့ရနေပြီး စိတ်လဲ နည်းနည်းတော့ လှုပ်ရှားတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ "ဘုရားရေ... ရုပ်ရှင်ရုံ တစ်ရုံလုံး Book ပြီး လူလည်ကောင် လက်ထပ်ခွင့်တောင်းတာ မဖြစ်ပါစေနဲ့"လို့။ (အဲလိုမလုပ်လောက်ဘူးဆိုတာတော့ သိနေပေမဲ့ လုပ်နေမှာ စိုးတာ။) အဲဒိအချိန်မှာ အဲလိုလုပ်ရင်တော့ ရှက်စရာကြီးဆိုတာပဲ တွေးမိတယ်။ အရင်က Youtube မှာ သူများတွေ ခမ်းခမ်းနားနားတွေ Surprised Proposal လုပ်တုန်းက အားကျသလိုဖြစ်ခဲ့ပေမဲ့ တကယ်တန်းကျတော့ ကျွန်မရှက်တယ်။ တကယ်တမ်းကျတော့ လူ ၂ဦးသာ အဓိကပါ။ သူကိုယ့်အတွက် ကြိုးစားပေးပါလားဆိုတဲ့ အတွေးက ရင်ကို နွေးထွေးစေတာပါ။ Gold Class မှာ ထိုင်စောင့်နေတုန်းတော့ ကျွန်မ စိတ်လှုပ်ရှားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ မြန်မာဓလေ့တော်တော်များများမှာ Surprised Proposal ဆိုတာ မရှိဘူးလေ။ ချစ်သူသက်တမ်းကြာလာရင် ဒီလိုပဲ တိုင်တိုင်ပင်ပင်နဲ့ မင်္ဂလာပွဲကို စစီစဉ်ကြတာပဲ။ ကိုယ်ကတော့ သူသာ Surprised Proposal မလုပ်ခဲ့ရင် သမရိုးကျအတိုင်းပဲ စီစဉ်ရတော့မှာပဲလို့ စိတ်ပြင်ဆင်ထားပေမဲ့ သူ့ဆီက ခုလို တရားဝင် အားစိုက်ထုတ် စီစဉ်ပြီး လက်ထပ်ခွင့်တောင်းတာကို လိုချင်တာ။

ရုံထဲမဝင်ခင် ဆိုဖာတွေပေါ်ထိုင်နေတဲ့အချိန်မှာပဲ ရုံရှင်ရုံထဲ Delivery လုပ်ဖို့ စားသောက်ဆိုင်က မုန့်တွေဘာတွေသူမှာနေတော့လဲ သိသိကြီးနဲ့ကို ကျွန်မ ဒူးတွေတုန်နေမိတယ်။ စိတ်ထဲလဲ ငိုချင်သလိုလို။ အော်... အဲ့ဒါကြောင့် Youtube ပေါ်က ကောင်မလေးတွေ ငိုကြတာကိုး။ ကိုယ်ငိုချင်တာကတော့ ခံစားချက်တွေ ရောထွေးနေတာပဲ။ ရှက်တာရော၊ ဝမ်းသာတာရော၊ သူ့အားစိုက်ထုတ်မှုအတွက် သူ့ကို ကျေးဇူးတင်တာရောပေါ့။ ဘယ်သူပြောလဲ Deadline နဲ့ Proposal က feel မလာဘူးလို့?



မုန့်မှာပြီး ထိုင်နေတဲ့ အချိန်မှာပဲ သူဘောင်းဘီအိတ်ထဲက လက်စွပ်လေးကို ထုတ်ပြီး proposed လုပ်တယ်။ အမှန်တော့ ၂၀၁၃ ဒီဇင်ဘာပြန်ရင် သူ Proposed လုပ်လုပ် မလုပ်လုပ် မိဘတွေချင်း ပေးတွေ့ပြီး ၂၀၁၄ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ပြီးသား။ အဲ့ဒိအတွက် မင်္ဂလာလက်စွပ်လဲ ဝယ်ပြီးသား။ အဲ့ဒိ မင်္ဂလာလက်စွပ်နဲ့ပဲ Proposed လုပ်ဖို့ ကျွန်မက ပြောထားပေမဲ့ လက်စွပ်ကို ကျွန်မက သိမ်းထားတော့ Proposal အတွက် နောက်လက်စွပ်တစ်ကွင်း သူထပ်ဝယ်လိုက်ရရော။ သူလက်စွပ်ထုတ်ပြီး ပြောတော့လဲ ကိုယ်လဲ ကြောင်တောင်တောင် သူလဲ ကြောင်တောင်တောင်ပါပဲ။ လုပ်ကြည့်တော့ အတော် ရှက်ဖို့ကောင်းသား။ ခွီး.... (လူတွေအများကြီးရှေ့ Attention Seeker မလုပ်ပဲ အေးအေးလူလူ Proposed လုပ်ခဲ့တဲ့အတွက် ကျေးဇူးပါ ချစ်သူ)...

Frozen ရုံထဲရောက်တော့ Romantic Movie လေးများကြည့်ရမလားလို့ ဘေး အလည်ခုံက အဖြူမိသားစုက ကလေးတွေက အော်ဟစ်ပြေးလွှားနေကြလို့ ...
"ဟာ... ကလေးတွေကလဲ ရှုပ်လိုက်တာ။ အော်... ငါ ဘွတ်မိတာ ကာတွန်းကားဖြစ်နေတာကိုး... " ဆိုပြီး သူ မကျေမချမ်းပြောတော့မှ ကျွန်မ ရီလိုက်ရတာ....

အရင်က လက်ထပ်သွားတဲ့ သူငယ်ချင်းတွေကို ကျွန်မ မေးဖူးတယ်။ "ယောကျာင်္းတွေအများကြီးရှိတဲ့အထဲကမှ သူ့ကို ဘဝလက်တွဲဖော်အစစ်ဆိုတာ သေချာဘယ်လိုသိလဲ" လို့။
အားလုံး ပြန်ဖြေကြတာတော့ "ကိုယ့်လက်ထပ်ချင်တဲ့သူ ကိုယ့်ဘဝလက်တွဲဖော်အဖြစ် အဆင်ပြေမဲ့သူဆိုတာ သူပဲလို့ စိတ်ထဲကကို အလိုလိုသိနေတာ" တဲ့။

အဲ့ဒိအဖြေက သိပ်တော့ convinced မဖြစ်ခဲ့ပေမဲ့ ကျွန်မလဲ သူ့အချစ်တွေကြောင့် သူပဲ ဆိုတာ သေချာတယ်လို့ စိတ်ထဲဖြစ်မိတယ်။