Friday, May 07, 2010

အချစ်ဆုံး သူငယ်ချင်း...

>
အကောင်ဆုံး သူငယ်ချင်း ဆိုတာကို သင်တို့ ဘယ်လိုသတ်မှတ်ကြလဲ... ကျွန်မအတွက်တော့ အကောင်းဆုံးသူငယ်ချင်းဆိုတာကို သတ်မှတ်ပါဆိုရင် သူမကိုပဲလက်ညှိုးထိုးပြလိုက်မယ်... သူမနဲ့ ကျွန်မ စတင်ခင်မင်ခဲ့တာ ခုဆိုရင် ၁၈ နှစ်ရှိပြီ... မွေးကာစ ကလေးတစ်ယောက်တောင် လူကြီးတန်းဝင်တဲ့ အချိန်အတိုင်းအတာ အတောအတွင်း ကျွန်မတို့ ၂ယောက်ရဲ့ ခင်မင်မှု အချိန်အတိုင်းအတာ တလျှောက်မှာ ကြုံခဲ့ရ ဖြတ်သန်းခဲ့ရတာတွေလဲ မနည်းပါဘူး... သူမနဲ့ ကျွန်မက အခင်ဆုံးသူငယ်ချင်းသာဖြစ်တာ ပင်ကိုယ်စရိုက်ချင်းတော့ သိပ်မတူဘူး...

သူမက စကားတောင် လေးလုံးကွဲအောင်မပြောသူ... ကျွန်မက စကားအရမ်းများတဲ့သူ... သူမက ဘယ်အရာမဆို အေးတိအေးဆက်နေတတ်သူ... ကျွန်မက ဝုန်းဒိုင်းကျဲတတ်သူ... သူမက နှေးတုံ့နှေးတုံ့လုပ်တတ်သူ... ကျွန်မက စိတ်မြန်လက်မြန်ရှိသူ... သူမက စာတစ်ပုဒ်သင်ပြီးတိုင်း မှန်မှန်ကျက်ရမှ ကျေနပ်သူ... ကျွန်မက အကြွေးတွေထားပြီ အနီးကပ်မှ တစ်ပွဲထိုးကျက်တတ်သူ... စာမေးပွဲပြီးလို့ ဖြေလွှာစာရွက်ရလာလျှင် သူမက အမှားကို ကြည့်လိုက် တခြားလူနဲ့တိုက်လိုက် တနု့ံနုံ့နဲ့ ဖြစ်နေတတ်သူ... ကျွန်မကတော့ ကိုယ်ရတာ ကိုယ်ဖြေသလောက်ပဲပေါ့ ပြန်ပြင်လို့လဲ မရတော့တဲ့အရာတစ်ခုအတွက် ဘာမှ စိတ်ထဲ မထားတတ်တဲ့ အပြင် တနုံ့နုံ့နဲ့ အဖြစ်သဲနေတတ်သော သူမနဲ့ တကွ အုပ်စုတွင်းမှ တခြားသူငယ်ချင်းများကို စိတ်မရှည်တတ်သူ... ထမင်းစားချိန်ဆင်းလျှင် သူမက ကိုယ့်စားပွဲကိုယ်ထိုင် စားပြီးတာနဲ့ စာအုပ်ထုတ်ကျက်တတ်သူ... ကျွန်မကတော့ သူထမင်းကုန်လို့ စာအုပ်ထုတ်ပြီးဆိုတာနဲ့ အတန်းတွင်းလှည့်လည်ကာ တစ်ခြားသူငယ်ချင်းအုပ်စုများနဲ့ ဟင်းလဲစားတတ်သူ... သူငယ်ချင်း အချင်းချင်းစကားများလျှင်လဲ ကျွန်မက ဒေါသထွက်လို့ အော်ငေါက်တတ်သူ... သူမကတော့ ဘာမှ ပြန်မပြော နားမထောင် သူလုပ်ချင်ရာလုပ်သူ... ရန်ဖြစ်လို့ မခေါ်မပြောလဲ အဆုံးမှာတော့ ကျွန်မကပဲ မသိလိုက် မသိဖာသာ စပြီး စကားပြောရသူ... ကျွန်မစကားပြောရင်တော့ သူက စတယ်ကြီးနဲ့ မနေပဲ ဘာမှ မဖြစ်ခဲ့သလိုပုံစံမျိုးနဲ့ ကျွန်မကို ပြန်လက်ခံစကားပြောပြီး ခင်မင်မှု မပျက်ခဲ့သူ...

ကျွန်မက သူမကို အခင်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ခဲ့ပင်မဲ့... ထိုအချိန်က "ငါ့မှာ အခင်ဆုံးသူငယ်ချင်းမရှိဘူး" လို့ သူမက သတ်မှတ်ခဲ့ဖူးသူ... အဲဒိအချိန်တုန်းကတော့ ကျွန်မအတော်လေး ဒေါသထွက် စိတ်ဆိုးခဲ့ပြီး သူမကို ကျွန်မ လအတန်ကြာ ခပ်တန်းတန်းဆက်ဆံခဲ့တယ်... အဲဒိအချိန်ကတော့ သူမက သူမနဲ့ စရိုက်တူတဲ့ အုပ်စုထဲက တခြားသူငယ်ချင်းတွေနဲ့ နေပျော်နေတာပေါ့... ဒါပေမဲ့လဲ လူဆိုတာ ရေစက်ဆုံချင်တော့ သူမနဲ့ ကျွန်မက အိမ်ပြန် ကျောင်းကားချင်းလဲတူတယ်... ကျွန်မ သူမကို ကျောင်းခန်းထဲမှာ တခြားသူငယ်ချင်းတွေနဲ့ ပေါင်းလို့ ကြည့်မရပင်မဲ့... မနက်ကျောင်းလာချိန်နဲ့ ညနေကျောင်းပြန်ချိန်ကတော့ ကျွန်မတစ်ယောက်ထည်း သူမဘေးရှိနိုင်လို့ ကျောင်းကားစီးချိန်ဆို ပျော်ခဲ့ရသူ... သူငယ်ချင်းအုပ်စုထဲမှာ သူမ မောင်နှမတွေနဲ့ လဲ ကျွန်မကသိသူ... သူမအစ်ကိုနဲ့ ကျွန်မအစ်မနဲ့ ကမ္ဘာရန်သူလို မုန်းကြပင်မဲ့ (သူတို့ ရန်ဖြစ်ရခြင်းအကြောင်းရင်းကလဲ ကျွန်မတို့ ၂ယောက်နဲ့ ပတ်သတ်ပြီး အကြီး ၂ယောက် ရန်ဖြစ်ကြတာပါ)... ကျွန်မရယ် သူမရယ် သူမမောင်လေးရယ်ကတော့ အမြဲ ခင်မင်နေတတ်မြဲ... ဒီလောက် စရိုက်ချင်းမတူတဲ့ သူမနဲ့ ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို သူငယ်ချင်းဖြစ်လာလဲဆိုတာ ကျွန်မ မိသားစုက နားမလည်နိုင်သလို... ကျွန်မကိုယ်တိုင်လဲ သိပ်တော့ နားမလည်နိုင်... ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူမနဲ့ ရှိနေတဲ့ အချိန်မှာ ကျွန်မဟာ ကျွန်မအတိုင်းပဲရှိနေစရာလိုပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်...

ဒီလိုနဲ့ မူလတန်း... အလယ်တန်း... အထက်တန်း အတူတူ... ဒါပေမဲ့ အထက်တန်းပြီးတဲ့ အချိန်မှာတော့ ဘယ်သူဟာ သူမကို တကယ်စိတ်ရင်းနဲ့ ခင်လဲ... ဘယ်သူဟာ သူမကို သူငယ်ချင်းစိတ်မရှိပဲ ကိုယ့်ထက်သာ မနာလိုရှိလဲ ဆိုတာကို သူမ ကောင်းကောင်းသဘောပေါက်သွားခဲ့တယ်... ၁ဝတန်းပြီး သင်တန်းတွေ တက်တော့လဲ အိမ်က သူမနဲ့ဆို စိတ်ချတယ်... ဘာလို့လဲဆိုတော့ ကျွန်မက တစ်ခါတစ်လေ အိမ်ကို ညာပြီး သင်တန်းက တခြား သူငယ်ချင်းတွေနဲ့ အပြင်သွားရင် အိမ်က သူမဆီကို ဖုန်းဆက်လိုက်တာနဲ့ အမှန်အားလုံးကို အစ်မေးစရာတောင် မလိုသူ... နောက်ပိုင်း တက္ကသိုလ်တွေဖွင့်တော့ သူမက ဆေးကျောင်းတက်... ကျွန်မကတော့ စကာင်္ပူမှာ ကျောင်းတက်ဖို့ ရွေးချယ်ခဲ့တော့ တခါတလေ ကျွန်မသူ့အိမ်သွားမှသာ တွေ့ဖြစ်တော့သည်... သူလဲ သူ့ဆေးကျောင်းက သူငယ်ချင်း အသစ်တွေရ... ကျွန်မလဲ ကျွန်မ သင်တန်းက သူငယ်ချင်း အသစ်တွေရ... ဘယ်လိုပဲဖြစ်ဖြစ်... မတွေ့ဖြစ်တာသာရှိမယ်... ကျွန်မတို့ ၂ယောက်ရဲ့ ခင်မင်မှုက ပြန်တွေ့ရင် စိမ်းနေတာတို့... ပြောစရာစကားမရှိတာတို့ ဘယ်တော့မှ မဖြစ်ပါဘူး...

သူမနဲ့ တွေ့ရင် ကျွန်မ မိသားစုနဲ့ တွေ့သလိုပဲ ဘာမှ ထွေထွေထူးထူးပြောနေစရာမလိုလဲ သက်တောင့်သက်သာရှိနေတာပါပဲ... များသောအားဖြင့် သူမအိမ်မှာ အိမ်မကပ်တဲ့ ယောကျာင်္းသားတွေချည်းပဲမို့ အိမ်မှာ သူမ တစ်ယောက်ထဲ ရှိနေတတ်လို့ ကျွန်မက သူမအိမ်ကို သွားလည်တာ ပိုများပါတယ်... အဲလို သူမအိမ်ရောက်လို့ ဘာလုပ်နေလဲဆို... သူမကလဲ ဧည့်ထောက်ခံနေစရာမလိုသလို... ကျွန်မနဲ့ လဲ အချိန်ပြည့်စကားလာပြောနေစရာမလိုပါဘူး... ကျွန်မကလဲ သူမအိမ် သွားလည်တယ်... သူမရေခဲသေတ္တာဖွင့် စားချင်တာရှိရင် စားချင်တာစား... အိပ်ချင်ရင် သူမအိပ်ယာပေါ်အိပ်... ကိုယ့်အိမ်လိုပဲ လုပ်ချင်ရာ လုပ်ခွင့်ရထားပါတယ်... ကိုယ်မလုပ်တတ်ရင် "ငါ ကော်ဖီသောက်ချင်တယ်... ငါ ဗိုက်ဆာတယ် ထမင်းစားချင်တယ်" ဆိုပြီး သူမကို ခိုင်းတာပါပဲ... များသောအားဖြင့်တော့ ယောကျာင်္လေးတွေ များတော့ သူမအိမ်မှာ ချက်မစားကြဘူး... ညနေစောင်းလောက်ဆိုမှ သူ့မောင်လေးက သူ့အစ်မစားဖို့ ကြေးအိုးဆီချက်တို့ ထမင်းပေါင်းတို့ အထုပ်ကလေးဆွဲလာပြီး ကျွေးပါတယ်...

သူမအကြောင်းပြောရင် သူ့မောင်လေးအကြောင်းပါ နည်းနည်းပြောချင်လာတယ်... သူ့မောင်လေးနဲ့လဲ ငယ်ငယ်ကတည်းက ကျောင်းကားတူတော့ ခင်ခဲ့ရတဲ့ ကလေးပါ... သူတို့ မောင်နှမ ၂ယောက်က အရမ်းချစ်ကြတယ်... သူ့မောင်ကလဲ သူ့အစ်မကို ဂရုစိုက်တယ်... အိမ်မှာ ယောကျာင်္းလေးတွေနဲ့ ချည်းနေပင်မဲ့ ကျွန်မသူငယ်ချင်းက ဘာ အိမ်မှုကိစ္စမှ သိပ်လုပ်စရာမလိုဘူး... သူ့မောင်နဲ့ အဖေနဲ့က လုပ်တာများတယ်... ဒါပေမဲ့ သူ့မောင်နဲ့ သူနဲ့ကကျတော့ အကြိုက်ချင်း စရိုက်ချင်း သိပ်မတူဘူး... သူ့မောင်နဲ့ ကျွန်မနဲ့ က အကြိုက်ချင်း စရိုက်ချင်းတူတယ်... ဥပမာ... စကားများတာ... ဝေဖန်လေကန်ရေးလုပ်တာ.. ရုပ်ရှင်ကြိုက်တာ... အဆုံးစွန်ဆုံး ကျွန်မတို့ ၃ယောက်ကို စာစီစာကုံး ခေါင်းစဉ် ၃ပုဒ်ပေးရင် သူ့မောင်နဲ့ ကျွန်မနဲ့ ဖြေမယ့် ခေါင်းစဉ်က အတူတူပဲ... (အဲဒါကို စမ်းကြည့်ပြီးပြီ)... သူနဲ့ ခင်ရတာ ကျွန်မအတွက် မောင်တစ်ယောက်ပါ ထပ်ဆောင်းတိုးရသေးတယ်... သူကလဲ ပြောတယ်... နင်တို့ ၂ယောက်က မောင်နှမဖြစ်ရမှာတဲ့...

သူမအိမ်သွားလည်လို့ သူမက ဆေးကျောင်းက စာကုန်းကျက်နေတဲ့အချိန်... သူ့မောင်နဲ့ ကျွန်မက တီဗွီရှေ့ထိုင်ပြီး ကြည့်နေတဲ့ ဗွီစီဒီတွေ ဘာတွေကို ဝေဖန်လေကန်ရေးလုပ်နေတတ်ကြတယ်... တခါတလေ ဂိမ်းတွေ ဘာတွေဆော့ရင်လဲ ကျွန်မတို့ အငြင်းသန် ၂ယောက် ပြောသမျှကို သူမက ကြားကနေ ရီနေတတ်သေးတယ်...

လွန်ခဲ့တဲ့ ၄နှစ်လောက် တုန်းက စကာင်္ပူကနေ ကျွန်မ တစ်ယောက်တည်း မြန်မာပြည် ပြန်တုန်းက (ကျွန်မ တစ်မိသားစုလုံး စကာင်္ပူမှာ ကျန်ခဲ့တယ်) သူတို့ မောင်နှမ ၂ယောက်က ကျွန်မလုပ်ချင်တာ စားချင်တာ မှန်သမျှကို ဖြည့်စည်းပေးခဲ့တယ်... ကျွန်မ သူတို့ နဲ့ ကျိုက်ထီးရိုးသွားခဲ့တယ်... ကျွန်မဘဝမှာ ပထမဆုံးလူကြီးမပါပဲ.. ကျွန်မခေါင်းဆောင်လုပ်ပြီး သွားခဲ့တဲ့ ခရီးက သူတို့နဲ့ အကောင်အထည်ပေါ်ခဲ့တယ်... အဲဒိတုန်းက ကျွန်မက မြန်မာအမဲနှပ်ဟင်းစားချင်တယ်ဆိုလို့ သူတို့ တော့ ချက်မစားတတ်လို့.. ကျွန်မကို မြန်မာအမဲနှပ်စစ်စစ်ရတဲ့ ၁၅လမ်းထိပ်က ညဘက်မှဖွင့်တဲ့ လမ်းဘေးဆိုင်ကို ခေါ်သွားပြီး ကျွေးခဲ့တယ်... ဆိုင်အကောင်းစားကြီးမဟုတ်ပင်မဲ့ ကျွန်မစားချင်တဲ့ အရသာနဲ့ တစ်ထပ်တည်းကျပြီး စားကောင်းခဲ့လို့ သူတို့ မောင်နှမ ၂ယောက်လုံးကို ကျေးဇူးတင်တယ်...

ကျွန်မ သူမကို ခင်တယ်ဆိုပင်မဲ့ ငယ်ငယ်က "ငါ့မှာ အခင်ဆုံးသူငယ်ချင်းမရှိဘူး" လို့ သူပြောခဲ့တဲ့ အချိန်က စပြီး ကျွန်မ ပါးစပ်က ဘယ်တော့မှ မပြောတော့ဘူး... ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ သူမကို ခင်တယ်... ဘာအကျိုးအမြတ်မှ မလိုချင်ပဲ ခင်တယ်... သူမ ဆရာဝန်မကြီး မဟုတ်လဲ ခင်တယ်... သူမ သူဋ္ဌေးသမီးမဟုတ်လဲ ခင်တယ်... သူမ ဘာကောင် ဖြစ်လာမလဲ မသိခင်ကတည်းက ကျွန်မခင်ခဲ့တယ်... အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့ အမျှ ကျွန်မရဲ့ ခင်မင်မှုက တန်ပြန်မှု ရှိတယ်ဆိုတာ ကျွန်မ သတိထားမိလာတယ်... သူမ ကျွန်မကို ခင်တယ် မခင်ဘူးဆိုတာကို ပါးစပ်ကနေလဲ စကားချိုချိုတွေနဲ့ ထုပ်ပြောနေစရာမလိုဘူး...ကျွန်မ ခံစားလို့ရတယ်...

ကျွန်မ စိတ်ညစ်နေတဲ့ အချိန်တွေမှာ လောကွတ်ချော်ပြီး ဘာတွေ စိတ်ညစ်နေတာလဲလို့ မမေးဘူး... ကျွန်မ စိတ်ညစ်တာတွေကို မေ့သွားအောင် တခြား အကြောင်းအရာတွေကို မသိချင်ယောင်ဆောင်ပြီး ပြောတယ်... ကျွန်မစိတ်ကြိုက်လိုက်လုပ်ပေးတတ်တယ်... ကျွန်မမြန်မာပြည်တစ်ယောက်တည်းပြန်လာတုန်းက အထီးကျန်ဆန်ပြီး ပျင်းနေမှာစိုးလို့ (သူမပါးစပ်ကတော့ မပြောပါ... ဒါပေမဲ့ ကျွန်မသိနေတာ) သူမ ဆေးကျောင်းက သူငယ်ချင်းတွေနဲ့ အိမ်ခေါ်ပြီး မုန့်လုပ်စားဖို့ စီစဉ်ခဲ့သူ... သူမ ဟောက်စ်ဆင်းနေတဲ့ ဆေးရုံကို သူမနဲ့ ရောပြီး ဆရာဝန်ယောင်ဆောင်ပြီး ဆရာဝန်များနားနေခန်းမှာ တခြား ဆရာဝန်သူငယ်ချင်းတွေ (ငယ်ငယ်က အတန်းထဲက ဆေးကျောင်းဝင်တဲ့ သူတွေလဲရှိတော့ ကျွန်မနဲ့ သိပြီးသား သူငယ်ချင်းဟောင်းတွေ )နဲ့ လဲ ပြန်တွေ့ခွင့်ရခဲ့တယ်... သူမ မှာ ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးလိုက်လို့ မဗေဒါကတော့ ကျော်ခင်သွားတော့မှာပဲလို့ တွက်ချက်မနေတတ်ဘူး... (ဒါမှမဟုတ် ကျွန်မက သူမကို ကျော်ပြီး ဘယ်သူ့ကိုမှ ပိုမခင်ဘူးဆိုတာ သိနေလို့များလား... ဒါမှမဟုတ် ကျွန်မ ကျော်ခင်ချင်လဲ ခင် သူက ဂရုမစိုက်ဘူးဆိုတာများလား)... ကျွန်မရဲ့ တခြားသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလဲ ခုထက်ထိတော့ သူမက ကျွန်မကို ကျော်ပြီး ခင်တာ မရှိခဲ့ဘူး... ကျွန်မစိတ်ထဲမှာလဲ အဲဒါတော့ သူ့ကို ယုံနေတယ်... နောက်ပြီး ကျွန်မ ကြည့်မရတဲ့သူကိုလဲ သူကြည့်မရဘူး (ကြည့်မရဘူးလို့ ပါးစပ်က ထုတ်မပြောပင်မဲ့ သူ့စိတ်ထဲမှာ ကျွန်မဘက်က လုံးဝရပ်တည်တယ်ဆိုတာ အကြွင်းမဲ့ ယုံလို့ရတယ်)... ကျွန်မရန်သူဆိုရင်လဲ သူက မိတ်ဆွေမဖွဲ့မှာသေချာတယ်... သူ့မောင်လေးပါ အဲလိုပဲ... ကျွန်မ မကျေနပ်တဲ့သူတစ်ယောက်အကြောင်းပြောရင် သူက ကျွန်မဘက်ကနေ အဲလူကို ဝေဖန်ပေးနေတာ အားရစရာ... ဟိုလူကို ဘာမှ မထိခိုက်ပင်မဲ့ ကျွန်မစိတ်ထဲတော့ "အော်... သူတို့ ငါ့ဘက်မှာ ရှိပါလား " ဆိုပြီး အားတက်သွားတယ်လေ...

ဂျပန်မှာလဲ သူမက ၁လလဲ စောရောက်တယ် လူခံလဲရှိတယ်ဆိုပင်မဲ့... သူမ မေမေကလဲ အလုပ်နဲ့ဆိုတော့ အချိန်ပြည့်လိုက်မပို့နိုင်ဘူး.. သူမကလဲ အိမ်ထဲက အိမ်ပြင်တစ်ယောက်တည်း ထွက်တာမဟုတ်တော့ ဘာမှ လည်လည်ဝယ်ဝယ်မသိတာရော.. အဓိကနေရာတွေကိုလဲ ကျွန်မနဲ့ ကျမှ သွားမယ်ဆိုပြီး ချန်ထားတော့ သူလဲ ဘယ်မှ မရောက်ဖြစ်ဘူး.. ကျွန်မရောက်တော့ ကျွန်မက အင်တာနက်က ရှာလာတဲ့ ဒေတာတွေနဲ့ လည်တော့တာပေါ့... လေဆိပ်ကတောင်းလာတဲ့ မြေပုံရှိရင် ခြေစကြာင်္တပ်ထားတဲ့ အတိုင်းပဲ...

 အပြင်သွားရင် ကျွန်မကပဲ ဒီနေ့ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ရတာများတယ်... ကျွန်မတို့ ၂ယောက်တည်းပင်မဲ့ ပျော်နေကြတာပဲ... လူတွေ အများကြီးသွားတာထက်ပိုပျော်တယ်... စိတ်လွတ်လက်လွတ်နဲ့ ညှိစရာလဲ ၂ယောက်ပဲ ရှိတယ်... ဒါတောင် သူမက ကျွန်မလုပ်ချင်တာကို လိုက်လျောတာ များတယ်.. ကျွန်မက ၁ဝရက်ပဲ လာလည်တာကိုး... ကျွန်မ yakinuku စားချင်တယ်ဆိုလဲ သူမသိပင်မဲ့ ဖြစ်အောင် ဆိုင်ကို ခေါ်သွားပြီး ကျွေးတယ်... သူနဲ့ ကျွန်မနဲ့ Harajuku က ဦးထုတ်ဆိုင်မှာ အကြိုက်ချင်းတူနေလို့ မထူးပါဘူးဆိုပြီး ဆင်တူဝယ်ဖြစ်တဲ့ ပန်းရောင် ကပ်ဦးထုတ်လေးလဲ ရှိတယ်...

ဒါတောင် ဖူဂျီတောင်ကို တစ်ညအိပ်သွားမယ်ဆိုတော့ သူမက လက်မခံဘူး... သူက ယိုကိုဟားမားက Sea paradise သွားချင်တယ်တဲ့... ကျွန်မက စကာင်္ပူက underwarter world ကို မြင်ဖူးနေတော့ မသွားချင်ဘူး... ဒီလိုနဲ့ သဘောထားမတိုက်ဆိုင်ဖြစ်သေးတယ်... တစ်လျှောက်လုံး သူမက ကျွန်မလုပ်ချင်တာကို လိုက်လျောခဲ့တယ်ဆိုပေမဲ့... သူမ လုပ်ချင်တာ တစ်ခုရှိလာရင်တော့ သိတဲ့အတိုင်း ပြန်မပြောနားမထောင် အလွန်ခေါင်းမာတာ... နောက်ဆုံးတော့လဲ ထုံးစံအတိုင်း ကျွန်မပဲ အရင် လျော့လိုက်ရတယ်လေ... မလျော့ရင်လဲ ဒီခရီးက ဘယ်ပျော်ဖို့ကောင်းတော့မလဲ... ဖူဂျီတောင်ကို တစ်ညမအိပ်တော့ပင်မဲ့ ကျွန်မစီစဉ်တဲ့ Tour အဖွဲ့နဲ့ ၁ရက်စာ Package ဝယ်ပြီး သွားဖို့တော့ သူမ သဘောတူလိုက်ရတယ်... ကျွန်မကလဲ သူမနဲ့ တူတူ သူသွားချင်တဲ့ Sea Paradise သွားဖို့ ကို သဘောတူလိုက်တယ်... အဲဒိနေ့က Sea Paradise သူမကြောင့် ရောက်သွားတာ မှန်သွားတယ်... စကာင်္ပူကဟာနဲ့ မတူဘူး... သူက အကြီးကြီး ပြီးတော့လဲ လင်းပိုင်ရှိုး.. ဖျံ... ပင်ဂွင်းရှိုးလေးတွေက အစ ၁၀၀ သာတယ်.. သေချာ train ထားတာ... ပြီးတော့ လင်းပိုင်တွေ ဖျံတွေကိုလဲ ကိုင်လို့ရတယ်.. ဓာတ်ပုံ တူတူရိုက်လို့ရတယ်... နောက်ပြီး ကျွန်မအတွက် အတန်ဆုံးလို့ ထင်တာကတော့... ဂျပန်ကားတော်တော်များများက အဲဒိမှာ ရိုက်ဖူးတာ ရောက်တော့မှ သိနေတယ်.. ( Absolute Boyfriend, One Liter of tear, Brother beat , and many more) မင်းသမီး မင်းသား လျှောက်လည်တဲ့ အခန်းတွေဆို အဲဒိမှာရိုက်တာများတယ်...

တကယ်တော့ ကျွန်မအတွက် သူငယ်ချင်းဆိုတာ ထွေထွေထူးထူးတွေ ဘာမှ လုပ်ပြနေစရာမလို... ပါးစပ်က သကာလူးထားတဲ့ စကားချိုချိုတွေနဲ့ လောကွတ်လုပ်နေစရာမလို... အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ သူ့ရှေ့မှာ ဟန်လုပ်နေစရာမလိုသူ... ကိုယ်နဲ့နေ့တိုင်း သွားအတူ လာအတူမရှိနိုင်ပေမဲ့ လိုအပ်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာကအစ အထောက်အပံ့ပေးနိုင်သူ... သူပျော်နေတာကို ကြည့်ပြီး ကိုယ်လဲ လိုက်ပျော်နေအောင် လုပ်ပေးနိုင်တဲ့သူ လို့ပဲ အဓိပ္ပါယ်ဖွင့်ချင်ပါတော့တယ်...

စကာင်္ပူမှာ သကာလူးထားတဲ့ စကားလုံးတွေနဲ့ အဆိပ်အတောက်တွေ ပေးတတ်တဲ့ သူငယ်ချင်းတွေကြောင့် စိတ်ညစ်ရတိုင်း ငါ့မှာ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရှိသေးပါလားဆိုပြီး တွေးတိုင်း အားပြည့်ခဲ့ရတယ်.... ကိုယ့်ဆီက တချိန်မှာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုပေါင်းနေတဲ့ ပတ်ဝန်းကျင်က အပေါင်းအသင်း အယောက် ၁၀၀ ထက် ကျွန်မ ရဲ့ အချစ်ဆုံး သူငယ်ချင်း ဒေါက်တာ နှင်း နဲ့ လုံးဝ မလဲနိုင်ပါဘူး....

အောက်က ဗွီဒီယိုလေးကတော့ ကျွန်မနဲ့ သူမရဲ့ သူငယ်ချင်း သက်တမ်း ၁၈ နှစ်ပြည့်အတွက် ဂျပန်တုန်းက လျှောက်သွားခဲ့တာလေးကို အက်ဒစ်လုပ်ထားတာပါ... သူမကို ခင်မင်တဲ့ စိတ်ကြောင့် မိုင်ပေါင်းထောင်ချီဝေးလဲ ကျွန်မ သူမနဲ့ တွေ့ချင်ခဲ့ပါတယ်... သီချင်းလေးကတော့ A Thousand Mile တဲ့.... 

6 comments :

Anonymous said...

မဗေဒါသူငယ်ချင်းလိုပဲ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်...သူနဲ့ကိုယ်နဲ့ တစ်ယောက်တည်းလို့ ထင်ရလောက်အောင် .ချစ်တဲ့သူရှိတဲ့အတွက် ဒီပိုစ့်ကို ထပ်တူခံစားလို့ရပါတယ်... ကိုယ့်သူငယ်ချင်းက အခုကိုယ်နဲ့တူတူရှိနေတဲ့အတွက် အမြဲတမ်း ကံကောင်းတယ်လို့ခံစားရတယ်...ဒီပို့စ်အတွက် ကျေးဇူးပါ...

Anonymous said...

beautiful!both of you are so lucky to have each other .

Zay Tar Yar said...

ဘာဖြစ်လို့လဲမသိဘူး မမဗေဒါရဲ့ လွမ်းသလိုလိုဘဲ
စာလေးတွေဖက်ရတာ..........။

Anonymous said...

Love the way you describe your feeling!!! Keep it up ... you're quite talented.

Anonymous said...

love this video.

သင်းနွယ်နီစိုး said...

မမ ရဲ့ စာလေးကို ဖတ်ရတာ အဝေးရောက်နေတဲ့ သမီး သူငယ်ချင်းနှစ်ယောက်ကိုသတိရတယ်