Showing posts with label Game. Show all posts
Showing posts with label Game. Show all posts

Tuesday, March 17, 2015

စိတ်လှုပ်ရှားဖွယ် ကစားနည်း


စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ များများစားစားလုပ်စရာဆိုလို့ ပင်လယ်နား ဘာဘီကျူး၊ ကာရာအိုကေဆို၊ Steamboat ဘူဖေးစုစား စသည်ဖြင့် လောက်ပဲရှိပါတယ်။ တခြား activities တွေလုပ်မယ် လျှောက်သွားမယ်ဆိုရင် ရှိပေမဲ့ လူအရမ်းပင်ပန်းအချိန်ကုန်ပြီး ပိုက်ဆံကုန်ပါတယ်။ ဥပမာ ဆန်တိုဆာသွားတာတို့၊ Universal studio သွားတာတို့လိုမျိုးပေါ့။ ဒါပေမဲ့ ဟိုနေ့က မဗေဒါ သူငယ်ချင်းတွေနဲ့ သွားဖြစ်ပြီး ဆော့ဖြစ်တဲ့ နေရာလေးကတော့ ပိုက်ဆံလဲ ဒီလောက်ဈေးမကြီးသလို၊ စိတ်ဝင်စားဖို့လဲကောင်း၊ ပျော်စရာလဲကောင်း၊ ဉာဏ်စမ်းလဲဖြစ်၊ အချိန်ကလဲ ၁နာရီပဲ၊ ဘာမှလဲ ပြင်ဆင်စရာမလိုဘူး၊ နေရာကလဲ မြို့လယ်ခေါင် Bugis မှာပါ။ အဲ့ဒိ game ဆော့ပြီး သူငယ်ချင်းတွေအားလုံး အေးအေးဆေးဆေး ကြိုက်တဲ့ စားသောက်ဆိုင်သွားပြီး စကားပြောတာပဲဖြစ်ဖြစ်၊ ရှော့ပင်းပတ်တာပဲဖြစ်ဖြစ် လုပ်ချင် လုပ်လို့ရပါသေးတယ်။ စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ ဘယ်သွားရမှန်းမသိရင် xcape room ကို recommend ပေးချင်ပါတယ်။


အသက်ကြီးလာလေ သရဲအိမ်လို့ကြားရင် အလကားနေ လန့်နေတတ်တော့ အစက ဖေ့ဘွတ်မှာ သူငယ်ချင်းတစ်ယောက်က လင်ခ့်ပေးပြီး Xcape Room သွားချင်တယ်ပြောတုန်းက ၀က်ဆိုဒ်က ပုံတွေကြည့်ပြီး လန့်ပြီး မသွားချင်ခဲ့မိပါဘူး။ ဒါပေမဲ့ လူ့စိတ်ဆိုတာကလဲ မျောက်စိတ်လိုပဲ ပြောင်းလဲတတ်တဲ့သဘောရှိတာက တစ်ကြောင်း၊ တိုက်တိုက်ဆိုင်ဆိုင် Mr. Right က သူ့အလုပ်ကလူတွေနဲ့ အဲ့ဒိကို သွားဖြစ်ခဲ့တဲ့အကြောင်းပြောတော့ သရဲအိမ်ရယ်လို့လဲ အတိအကျသဘော မဆောင်ပါဘူး။ သူက ဘယ်လိုပြောမလဲ ဉာဏ်စမ်းပေဟဠိ စုံထောက် စွန့်စားခန်းလို့ပဲပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ရှုံးရမှာ ကြောက်တဲ့ကျွန်မကတော့ ရှုံးမှာ ထပ်ကြောက်ပြန်ရော။ ဒါပေမဲ့လဲ သေချာပြန်စဉ်းစားကြည့်တော့ ရှုံးတာ နိုင်တာက အဓိကမကျပါဘူး။ အဲဒိအခန်းထဲမှာ ကစားနေတဲ့အချိန် ခံစားချက်က အမှတ်တရဖြစ်မယ်လို့ တွေးမိခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒိမှာ လူတွေကို ထိခိုက်စေမဲ့ ပစ္စည်းမျိုး ဘာမှ မရှိပါဘူးလို့ သူတို့ ဝက်ဆိုဒ်မှာ ရေးထားပြီးသားပဲ။ (ကိုယ့်ရဲ့ အလွန်တရာမှ ကောင်းလွန်းတဲ့စိတ်ကူးက တကယ်လို့များ စိတ်တဇလူသတ်သမားတစ်ယောက်ယောက် စိတ်မနှံ့ပဲ အခန်းထဲကျန်နေရင်တော့ ဒုက္ခဆိုပြီး တွေးကြောက်ပြန်ပါသေးတယ်။ ဒါပေမဲ့လဲ ဒါဟာ တကယ်လို့များဆိုတဲ့ အတွေးဆိုတော့ တကယ်မှ မဟုတ်တာ)

နည်းနည်း သတ္တိရှိလာတော့ ဝက်ဆိုဒ်(http://www.xcape.sg/) ကို ထပ်သွားကြည့်တော့ ပရိုမိုးရှင်းရှိနေပါတယ်။ ၇ယောက်စာပေးရင် တစ်ခန်းလုံး သူများနဲ့ မရောပဲ ဝင်လို့ရမယ်တဲ့။ ဒါနဲ့ အရင်က ပြောဖူးတဲ့ သူငယ်ချင်းနဲ့ မဗေဒါရဲ့ မင်္ဂလာဦးဆွမ်းကျွေးမှာ တွေ့ဖူးခဲ့တဲ့ မဗေဒါရဲ့ စာဖတ်သူ သူငယ်ချင်းတွေထဲက စိတ်ဝင်စားလောက်မယ်ထင်တဲ့ သူတွေကို Tagged ပြီး မေးလိုက်တော့ Response က ကောင်းပါတယ်။ (ဖေ့ဘွတ်မှာ လာအက်ထားတဲ့ ကိုယ့်ရဲ့ စင်္ကာပူက ပုံမှန်စာဖတ်သူတွေ ကို ကိုယ့် မင်္ဂလာဦးဆွမ်းကျွေးကို အကြောင်းပြပြီး အပြင်မှာ တွေ့ဖူးစကားပြောဖူးခဲ့တော့ သူငယ်ချင်းတွေထပ်တိုးတယ်လေ။ ) တစ်ခန်းကို ၁၀ယောက်က အများဆုံးပဲ ဝင်လို့ရလို့ တချို့ မလိုက်လိုက်ရတဲ့ Kpopper သူငယ်ချင်းတွေကို နောက်တစ်ခါ နောက်Theme တစ်မျိုး Try ရင် လိုက်ဖို့ပဲပြောနိုင်ခဲ့ လို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဂိမ်းရဲ့အဓိက ရည်ရွယ်ချက်က အဲ့ဒိ အမှောင်ခန်းထဲမှာ ကိုယ်တွေအုပ်စုဝင်သွားရပြီး ပြန်ထွက်ဖို့ လမ်းရှာရမှာဖြစ်ပါတယ်။ ပြန်ထွက်ဖို့ လမ်းရှာတဲ့အခါမှာ ပုံမှန်မဟုတ်ပဲ အဲ့အခန်းထဲမှာ ပေးထားတဲ့ သဲလွန်စတွေကနေ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ အခန်းက ကြည့်ရင် ဘာပစ္စည်းမှာ သိပ်မရှိသလိုထင်ရပေမဲ့ ပေးထားတဲ့ ပစ္စည်းတွေကနေ သေချာသဲလွန်စရှာရင် နောက်ထပ် လျှို့ဝှက်ခန်းတွေကို ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်။ Theme ပေါ်မူတည်ပြီး လျှို့ဝှက်ခန်း အရေအတွက်က ကွာမယ်ထင်ပါတယ်။

ကျွန်မတို့အုပ်စုက ၁၀ယောက်ဆိုတော့ Theme ရွေးတဲ့အခါမှာ ၁၀ယောက်လက်ခံတဲ့ Theme ပဲ ရွေးလို့ရပါတယ်။ အဲ့ဒိထဲကမှ Tomb Raider က Fear factor အမြင့်ဆုံးမို့ အားလုံး သဘောတူညီချက်နဲ့ မရွေးခဲ့ပါဘူး။ Vampire Diary က ဘယ်သူမှ မဲမပေးလို့ မရွေးဖြစ်ပါဘူး။ Resident Evil က Zombie မုန်းတဲ့ ကျွန်မနဲ့ တခြားကောင်မလေးတစ်ယောက် မကြိုက်လို့ မရွေးဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ ကျန်တာ Chamber of Secret ပဲကျန်ပါတော့တယ်။ Fear Factor က ၁ ဆိုတော့ မဆိုးဘူးလေ။ လုံးဝကြောက်ဖို့မကောင်းရင်လဲ မသွားချင်ပြန်ဘူးကိုး။ အဲဒိ Theme ရွေးရင် အောက်မှာ လိုအပ်တဲ့ အရည်အချင်းအချက်အလက်လေးတွေ ပေးထားပါတယ်။ ဒါပေမဲ့လဲ သိပ်တော့လဲ stress စရာမလိုပါဘူး။ ဟိုရောက်တော့လဲ သူ့ဟာသူဖြစ်သွားတာပါပဲ။
Chief ရဲ့ ဗျူဟာတွေနားထောင်နေတာ...
၂ပတ်လောက် ကြိုတင် Book လုပ်ထားဖြစ်ပါတယ်။ Booking လုပ်တဲ့အချိန်မှာ ပိုက်ဆံရှင်းစရာမလိုပါဘူး။ ကိုယ်ဘွတ်ထားတဲ့ အချိန်ထက် ၁၅မိနစ်စောလာဖို့ ပြောပါတယ်။ မိန်းကလေးတွေဆိုရင် ဘောင်းဘီ၀တ်ခဲ့ဖို့နဲ့ ဒေါက်ချွန်ဖိနပ်တွေ မစီးခဲ့ဖို့တော့ မှာထားပါတယ်။ တကယ့်နေ့ရောက်တော့ အားလုံး Bugis MRT မှာပဲ စုံကြပြီး ထွက်ခဲ့ကြပါတယ်။ ဆိုင်က Bugis Street ဘေးက Mac donald ဆိုင်တိုက်ပါပဲ။ ဆိုင်ခန်းနံပါတ်နဲ့ရှာရတာ လွယ်ပါတယ်။ အပေါ်ထပ်ကို လှေကားကနေ တက်သွားရပါတယ်။ ဟိုရောက်တော့ ကိုယ်ရောက်ကြောင်းသတင်းပို့ပြီးတာနဲ့ သူက ၁၀မိနစ်လောက်စောပြီး အခန်းထဲ ဝင်ခွင့်ပေးပါတယ်။ ဒါပေမဲ့ ကိုယ်တွေထင်တာက လျှို့ဝှက်ခန်းတွေ တစ်ခန်းပြီး တစ်ခန်းဝင်သွားရင် နောက်ကျမှ လာတဲ့သူ ၂ယောက် ပျက်ကျန်ခဲ့မှာ စိုးတာပါ။ ကိုယ်ကမှ အထဲမှာ ဘယ်လိုဖြစ်မလဲ မသိတာလေ။ သူငယ်ချင်းကို စောင့်မယ်လို့ပြောပြီး ၅ မိနစ်ထပ်စောင့်ပါတယ်။ ဒါပေမဲ့ ဆိုင်က ကောင်မလေးက အထဲဝင်နှင့် နောက်မှလာတဲ့သူက ထည့်ပေးမယ်တဲ့။ သူက အထဲမှာ လိုအပ်တာတွေ အကျဉ်းချုံး ကျွန်မတို့ကို ရှင်းပြရအုံးမှာတဲ့။ ပါသမျှ အိတ်တွေနဲ့ ဟန်းဖုန်းတွေအားလုံး အပြင်က ဘီဒိုထဲ သော့ခတ်ထားခဲ့ရတယ်။

အခန်းကတော့ အလင်းထဲကနေ အမှောင်ထဲဝင်လိုက်တော့ မှောင်မဲနေတယ်ထင်ရပေမဲ့ မျက်လုံးအသားကျသွားတော့ သိပ်မကြောက်တော့ပါဘူး။ ကျွန်မတို့ ၁၀ယောက်အဖွဲ့အတွက် လက်နှိပ်ဓာတ်မီး အသေးလေး ၅လုံးလောက်တော့ ပေးပါတယ်။ အဲဒိ မီးအလင်းရောင်ကလွဲလို့ တခြားအလင်းရောင်ဘာမှမရှိပေမဲ့ နောက်မျက်လုံးအသားကျသွားတော့ အဲ့ဒိအလင်းရောင်းထဲမှာပဲ ခန့်မှန်းပြီးနေတတ်သွားပါတယ်။ (အထူးသဖြင့် မြန်မာပြည်က မီးပျက်ညတွေမှာတောင် နေခဲ့တဲ့ မြန်မာနိုင်ငံသားတွေချည်းပဲမို့ အမှောင်သိပ်မကြောက်ကြတာလားတော့ မသိပါ။ တစ်ဖွဲ့လုံး ကြောက်တဲ့သူတစ်ယောက်မှကို မရှိတာ)။

အခန်းတွင်းမှာတော့ လူသတ်မှုပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပြီး ဆိုင်ကကောင်မလေးပြောပြချက်အရ၊ ကျွန်မတို့ဟာ Dr. Hachi က လွှတ်လိုက်တဲ့ အလွတ်စုံထောက်အဖွဲ့ဖြစ်ပြီး FBI ယောင်ဟန်ဆောင်ကာ လူသတ်မှုကို လာစုံစမ်းတာဖြစ်တယ်။ တကယ့် FBI တွေမလာခင်မှာ ဒီအခန်းထဲက ရအောင် ပြန်ထွက်ရမယ်။ တကယ့် FBIတွေက ၁နာရီကြာရင်လာမယ်လို့ပြောပါတယ်။ အကူအညီလိုရင် အခန်းထဲက xcape လို့ရေးထားတဲ့ ကဒ်လေးကို ကင်မရာဘက်လှည့် ထောင်ပြလို့ရပါတယ်။ သဲလွန်စထဲက ကြိုက်ရာ ၂ခုကို ပညာသားပါပါမေးလို့ရပါတယ်။ သူတို့ကတော့ ကျွန်မတို့တွေ ရူးပေါပေါ ဟိုဟာဒီဟာ စမ်းတဝါးဝါး လျှောက်လုပ်တာတွေကို အပြင်ကနေ ကင်မရာနဲ့ ကြည့်ပြီးများ ရီနေမလား မသိပါဘူး။

စစချင်းတော့ တကယ်ကိုပဲ ဘာလုပ်လို့ ဘာရှာရမှန်းကို မသိပါဘူး။ သူက ဘာကိုရှာပါလို့လဲ တစ်ခုမှ ပြောမသွားပါဘူး။ အခန်းထဲမှာလဲ ရှာစရာ ပစ္စည်းတောင် များများစားစားမရှိပါဘူး။ ဒါပေမဲ့ ရှာဆိုတော့လဲ ရှာရမှာပေါ့ တစ်ခုခုတော့ထွက်လာမှာပေါ့ဟုတ်? အခန်းထဲမှာ ဘာတွေရှိတယ် ဘာတွေတွေ့တယ် ဘယ်လိုရှာရတယ်ဆိုတာတော့ မဆော့ရသေးသူတွေ အရသာပျက်မှာမို့ မပြောပြတော့ဘူးနော်။

အနည်းဆုံးပြောပြနိုင်တာ နည်းနည်းကတော့ အဲ့ဂိမ်းဆော့တဲ့အခါမှာ…
၁) ရှိသမျှနေရာ အနှံ့ကို ချောင်ဂျို ချောင်ကြားမကျန်ရှာပါ။
၂) တစ်နေရာတည်းမှာပဲ အားလုံး စုမနေပဲ လူစုခွဲ ဖြန့်ရှာပါ။
၃) ပေးထားတဲ့ Clue တွေက သင်္ချာအခြေခံ၊ ဓာတုဗေဒ အခြေခံ ဘာမှ သိစရာမလိုတဲ့အတွက် ဝေးဝေးလံလံ သိပ်မစဉ်းစားပဲ တစ်ခုနဲ့တစ်ခု ကိုသာ ပေးထားတဲ့အတိုင်း သေချာစဉ်းစားပါ။
၄) တစ်ချို့ သဲလွန်စတွေကတော့ တစ်ခုထဲနဲ့ မရပဲ ဆက်စပ်နေတာလေးတွေရှိတဲ့အတွက် တူညီနေတဲ့ အချက်တွေရှိရင် အသေးစိတ် ဆက်စပ်ကြည့်သင့်တယ်။
၅) သူတို့က သဲလွန်စမဟုတ်ဘူးလို့ သေချာရေးထားရင် အဲ့နေရာကို ရှာစရာမလိုဘူး။
၆) တစ်ချို့ အရင် ရှာတွေ့တဲ့ သဲလွန်စတွေက လတ်တလော သုံးလို့မရသေးပေမဲ့ အဲ့ဒိကရတဲ့ အဖြေကို နောက်သုံးဖို့ မှတ်ထားသင့်တယ်။ (တစ်နေရာမှာ သုံးပြီးသွားပြီဆိုရင်တော့ နောက်ထပ် ထပ်သုံးစရာမလိုတော့တဲ့အတွက် မှတ်စရာမလိုတော့ဘူး)
၇) တစ်ယောက်ယောက်က တစ်ခုခုရှာတွေ့ပြီဆိုရင် ကျန်တဲ့အဖွဲ့သားတွေအားလုံးကို အသိပေးပါ။ လျှိုထားတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါဟာ အဖွဲ့လိုက်ကစားတဲ့ ဉာဏ်စမ်းပါ။


Special team

လောလောဆယ် စဉ်းစားမိသလောက်ကတော့ ဒီလောက်ပါပဲ။ ကျွန်မတို့လဲ အကူအညီ ၂ခါလုံး ကုန်အောင်တောင်းရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုတည်းမှာပဲ Stuck နေပြီတာ ကြာပြီဆိုရင်တော့ တောင်းကိုတောင်းရတော့မှာပါ။ မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ သူလာပြောပြသွားတဲ့ ပထမ အကူအညီဆိုရင် ကျွန်မတို့ ဘယ်လိုမှ သိနိုင်မဲ့အရာမျိုးမဟုတ်ပါဘူး။
ကျွန်မတို့ အဖွဲ့က လူညီကြပါတယ်။ ၃ယောက် တစ်အုပ်စုလောက်သူ့အလိုလိုဖြစ်သွားပြီး ခွဲရှာကြပါတယ်။ အဲ့ဒိမှာ လူ့သဘောတစ်ခု သွားသတိထားမိပါတယ်။ တော်ရုံတန်ရုံ လူတစ်ယောက်ဟာ တစ်ခုတည်းမှာ အာရုံကြာကြာမစိုက်နိုင်ပါဘူး။ နည်းနည်းစဉ်းစားပြီးလို့ အဖြေမထွက်တော့ရင် အဲ့မှာ မနေချင်တော့ပါဘူး။ ဒါပေမဲ့ အဲ့ဒါကလဲ လုံးလုံးတော့ ဆိုးတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မရနိုင်တဲ့ အဖြေတစ်ခုကို အဲ့မှာပဲ ပေကပ်နေရင် ကိုယ်ရနိုင်တဲ့ အဖြေတွေအတွက် အချိန်ကုန်နိုင်လို့ပါပဲ။ ကိုယ်အစွမ်းကုန် စဉ်းစားလို့ မရရင် တခြားတစ်ယောက်ယောက်ကို စဉ်းစားကြည့်ခိုင်းပါ။ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ စဉ်းစားနိုင်ပါတယ်။

နောက်ပြီး တစ်ခုခုကို စဉ်းစားနေတုန်း ဟိုဖက်က တွေ့ပြီတွေ့ပြီဆိုရင် အာရုံလွဲသွားပြီး အဲ့ဒိမှာ ဝိုင်းအုံသွားကြတော့တာပါပဲ။ ဒါကလဲ လူ့သဘာဝ ကိုယ်လွတ်သွားမှာကြောက်တာကိုး။ အုံပြီးရင် မြန်မြန်လေး လူစုပြန်ခွဲ လုပ်စရာဆက်လုပ်ပါ။ အဲ့ဒိအခန်းထဲမှာ ၁နာရီဆိုတာ တကယ်ကို ခဏလေးပါပဲ။ ကိုယ်ထင်တာကို ပြောဖို့ ဝန်မလေးပါနဲ့။ ဘယ်သူ့ အတွေးမှ ပေါတောတောအတွေးမရှိပါဘူး။ အားလုံးဟာ စမ်းတဝါးဝါးလုပ်နေကြတာဆိုတော့ ကိုယ့်အတွေးကို ထုတ်ပြောဖို့ စမ်းဖို့ ဝန်မလေးပါနဲ့။ (မှတ်ချက်။ တစ်ချို့ပစ္စည်းတွေကတော့ limited ပဲရှိတာမျိုးမို့ ကိုယ်ထင်တာ မလုပ်ခင် အဖွဲ့သားတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်)


Really win or not is mystery... But we all are WINNERS!

ဂိမ်းလေးပြီးသွားတော့ ကျွန်မတို့ အားလုံးကို သူတို့ ဓာတ်ပုံရိုက်ပေးပါတယ်။ ဒီဂိမ်းလေးဆော့ပြီး ကျွန်မတို့ အားလုံး သိသွားတာက Fear Factor level 1 က မီးပျက်တဲ့နိုင်ငံကလာတဲ့ ကျွန်မတို့အတွက် သိပ်ကြောက်ဖို့မကောင်းပါဘူး။ ပြီးတော့ CSI ထဲက စုံထောက်တွေ မကြောက်သလိုပဲထင်တယ်။ နေတာကြာသွားတော့ လူသတ်မှုဖြစ်တဲ့ အခန်းပုံလုပ်ထားပေမဲ့ မကြောက်တော့ပါဘူး။ နောက်တစ်ခါဆိုရင်တော့ ကြောက်စရာ အကောင်းဆုံးဆိုတဲ့ Tomb Rider ကို စမ်းကြည့်ဖို့ အားလုံး တက်ကြွနေကြပါတယ်။ (ကိုယ့် ကြောက်စိတ်ကို အောင်နိုင်ဖို့ Resident Evil ပါ Try ချင်ပါသေးတယ်) တစ်ယောက်ကို ပုံမှန် Weekend တွေမျာ စင်္ကာပူဒေါ်လာ ၂၈ကျပ်ကျပါတယ်။ ဒါပေမဲ့ ၁၀ယောက်ဝင်တာ ၇ ယောက်စာပဲပေးရတဲ့ ပရိုမိုးရှင်းရှိတာကြောင့် တစ်ယောက်ကို ဒေါ်လာ ၂၀ လောက်ပဲသွားကျပါတယ်။
အဲ့ဒါပြီးတော့ စကားလဲပြောလို့ရ၊ ဗိုက်မဆာတဲ့သူတွေကလဲ ကော်ဖီလောက်သောက်၊ ဗိုက်ဆာတဲ့ သူတွေကလဲ ညစာစားလို့ရမဲ့နေရာ Bugis က TCC မှာ တစ်ဖွဲ့လုံး သွားစားကြပြီး ကိုယ့်ကိုကိုယ် ဂုဏ်ပြုကြပါတယ်။ ပျော်စရာကောင်းတဲ့ သူငယ်ချင်းတွေတွေ့ဆုံပွဲလေးတစ်ခုဖြစ်ခဲ့လို့ xcape room Singapore ကိုသွားခဲ့ရတာဟာ အမှတ်ရစရာ ကြည်နူးစရာနေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။

ရေဗူးကြီး ဘာလို့ ကိုင်ထားမိပါလိမ့်

Friday, November 18, 2011

Work like in the game


အလုပ်လုပ်နေတဲ့ လူတွေအားလုံ နေ့စဉ်နဲ့အမျှ အလုပ်ကိုသွားပြီး တွေ့ကြုံနေရတဲ့ လုပ်ငန်းခွင်အခက်အခဲတွေ လူမှုရေးအခက်အခဲတွေ စသည်ဖြင့်ရှိကြမှာပါ… ဒီပိုစ့်လေးနဲ့အတူ နေ့စဉ်အလုပ်သွားရမှာ ပျင်းနေတဲ့အချိန် လုပ်ငန်းခွင် အဆင်မပြေမှုဖြစ်တဲ့အချိန် သူဋ္ဌေးကရော လုပ်ဖော်ကိုင်ဖက်တွေကရော ခိုင်းတာတွေတန်းစီပြီ စိတ်တိုလာတဲ့အခါမျိုးတွေမှာ မဗေဒါ စိတ်ထဲမှာ ခံယူတတ်တဲ့ စိတ်လေးတစ်ခုရှိတယ်… ဒါက ခုစာဖတ်သူတွေအတွက် အသုံးဝင်ချင်မှလဲဝင်မယ်… မဗေဒါအတွက်တော့ အဲလိုလေးစိတ်ထဲထားလိုက်ရင် အလုပ်တွေများလာလို့ စိတ်ရှုပ်စိတ်တိုပြီး လူမှုရေးပါတစ်ခါတစ်လေထိခိုက်တတ်တဲ့ အကျင့်ဆိုးကိုထိမ်းဖို့ တော်တော်လေးတိုးတက်လာတယ်…

ဒါကတော့ ဖေ့ဘွတ်ပေါ်က ဂိမ်းတွေကစားရင်းနဲ့ စရလာတဲ့ အတွေးလေးပေါ့…. (အလုပ်တွေများရင် ဖေ့ဘွတ်ပေါ်တက် ဂိမ်းကစားခိုင်းတာမဟုတ်ဘူးနော်)… ဖေ့ဘွတ်ဂိမ်းတွေကစားရင်တောင် Farmville တို့ Cityville တို့ Restaurant City တို့မှာ ကိုယ်က ကြိုးစားပမ်းစား စိုက်ထားတဲ့ အပင်တွေမပုတ်အောင် ကိုယ့်မြို့လေး စည်ပင်ဝပြောနေအောင် စသည်ဖြင့် ကျားကုတ်ကျားခဲ ဆော့တတ်ကြသေးပါတယ်…
ဒီလိုပါပဲ… အလုပ်တွေများလာရင် လာခိုင်းတာတွေများလို့ ပိနေရင်လဲ ဂိမ်းထဲက ဂိုလ်း(Goal) တွေလာပေးသလိုပဲမှတ်လိုက်ပါတယ်… ဂိမ်းထဲမှာ ဂိုလ်းတွေကုန်သွားရင်တောင် ဆော့ရတာနည်းနည်းပျင်းဖို့ကောင်းသွားတာ… ခုလဲ သူတို့ကို ဂိုလ်းတွေလာလုပ်ခိုင်းတာကိုလဲ ဒီလိုပဲသတ်မှတ်ပါတယ်… အဲဒိအခါမှာ ကိုယ့်ကို လာခိုင်းတဲ့သူကို ကိုယ်က မျက်နှာရိတ်နဲ့ မကြေနပ်တာပြမိတာတို့… အလုပ်ရှုပ်ရတဲ့အထဲ လာပြန်ပြီဆိုတဲ့ ကိုယ့်အတွင်းစိတ်လေးပေါ်သွားတာတို့ မဖြစ်တော့ပါဘူး… ဂိမ်းထဲက ဂိုလ်းလိုပဲ အပြုံးမပျက်လက်ခံလိုက်နိုင်ပါတယ်… ကိုယ်လုပ်ပေးရမှာ သေချာရင်ပေါ့လေ… ကိုယ်ငြင်းလို့ရရင်လဲ ဂိမ်းထဲက ပိုက်ဆံနဲ့လိုက်ဝယ်ခိုင်းနေတဲ့ ကြော်ငြာတွေကို အမှားလေးနှိပ်ပိတ်လိုက်သလိုပဲ အေးဆေးကောင်းမွန်စွာ ငြင်းလိုက်ပေါ့… ကိုယ်ငြင်းလို့မရမဲ့ အလုပ်မျိုးကို ကိုယ်က သွားညူစူပြလိုက်ရင် ကိုယ်က အလုပ်မကြိုးစားသူလို့ အမြင်ခံရမဲ့အပြင် ထိုသူကလဲ ကိုယ့်ကို စိတ်ကွက်သွားနိုင်တယ် (အထူးသဖြင့် အထက်အရာရှိတွေ)… လုပ်ပေးရမဲ့အတူတူ ကျေးဇူးတင်ခံလိုက်ပါ…

ဂိမ်းထဲက အကောင်လေး မမောနိုင် မပန်းနိုင် အပင်တွေစိုက်သလို… စားပွဲတွေထိုးသလိုပေါ့… ကိုယ့်ကိုကိုယ် အဲဂိမ်းထဲက အကောင်လေးလို သဘောထားလိုက်ပေါ့…
အလုပ်တွေပုံလာရင်လဲ အရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေးပြီး တစ်ခုပြီးတစ်ခုကိုလုပ်ပေး… အထူးသဖြင့် နေ့အကန့်အသတ်နဲ့ ပြီးရမယ်ဆိုတာမျိုးတွေကို Cityville က ခုနောက်ပိုင်းလာနေကျ Goal တွေလို အချိန်အကန့်အသတ်နဲ့လုပ်ရသလိုပေါ့… အဲလိုမှမဟုတ်ပဲ အားလုံးက ဒီအချိန်ပြီးရမယ်ဆိုပြီးလာရင်တော့ ကိုယ်တတ်နိုင်သလောက်အဆင်ပြေတာကို မခိုမကပ်ပဲ လုပ်ပေးလိုက်… မပြီးတော့လဲ ကိုယ်လုပ်နေတာပဲ ဘာကြောင့်မပြီးတာလဲ ပြနိုင်ရင်ရပြီ… ဂိမ်းတွေထဲက တစ်ချို့ ဂိုလ်းတွေ မပြီးသလိုပဲပေါ့… ကိုယ့်စိတ်ထဲမှာ ဆင်းရဲပြီး ကိုယ့်ကိုကိုယ် Stress ဖြစ်မနေသင့်ဘူး… “ကိုယ့်ကို Stress ပေးနိုင်တာ ကိုယ့်စိတ်ကလွဲလို့ ဘယ်သူဋ္ဌေးမှ မလုပ်နိုင်ဘူး”… ကိုယ့်ဘက်က အစွမ်းကုန်လုပ်ပေးထားတာကို အကောင်းမပြောလဲ သူတို့အပြစ်ပဲ… ကိုယ့်ကြိုးစားသလောက် သူတို့အသိအမှတ်မပြုလဲ ဒီလိုပဲနေလိုက်… ကိုယ်ပေးသလောက်မရရင် အလုပ်ပြောင်းဖို့ပဲရှိတယ်… ဒီကုပ္မဏီကိုယ်ပိုင်တာလဲမဟုတ်ဘူး… ကိုယ်မတတ်နိုင်တော့လို့ ဒီအလုပ်မပြီးလဲ အချိန်တန်ကိုယ်လခရမှာပဲ… Bonus matter တော့ရှိတာပေါ့လေ…

တစ်ကယ်လို့ ကိုယ်က Customer တို့ ဘာတို့နဲ့ ပတ်သတ်တဲ့အလုပ်မျိုးဖြစ်စေ… ဒီလူကူညီမှ ကိုယ့်အလုပ် အဆင်ပြေမယ်ဖြစ်စေ ဆိုရင်တော့ သူတို့ကျေနပ်အောင် ကိုယ့်ဘက်က ပေါင်းသင်းဆက်ဆံပြောဆိုရမယ်ဆိုရင်တော့ Pet society ကစားနေတယ်လို့ သဘောထားလို့ရပါတယ်… Pet Society ကစားတဲ့အခါမှာလဲ အထဲက အကောင်လေး ပျော်အောင် သန့်ရှင်းအောင် ကျန်းမာအောင် မျိုးစုံပြုစုပျိုးထောင်ပေးရတယ်မှတ်လား… ကိုယ်လုပ်ပေးနေတာတောင် မကျေနပ်နိုင်တဲ့သူဆိုတော့လဲ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မေတ္တာပို့ချင်သလောက်ပို့ပေါ့ သူမကြားစေနဲ့.. Pet Society ထဲက အကောင်လေးတွေကိုလဲ ကျွန်မစိတ်တိုလာရင် အပြင်မှာ အော်ဟစ်ဆူမိတာပဲ အမြင်ကပ်ရင် ပြစ်ထားလိုက်တာ ကိုယ်ဘယ်လောက်အော်အော်ဆူဆူ အဲဒိထဲက အကောင်လေးမကြားနိုင် နားမလည်နိုင် သလိုပေါ့… အဲဒိလူတွေကိုလဲ Pet Society ထဲက အကောင်လေးတွေလိုပဲ သဘောထားလိုက်ရင် ကိုယ့်စိတ်ထဲမှာ ဒေါသဖြစ်နေတာတွေပျောက်ပြီး သူတို့ကို တွေ့တာနဲ့တင် ကိုယ့်စိတ်ထဲမှာ ပြုံးချင်လာလိမ့်မယ်… ကိုယ့်စိတ်ရွှင်တော့ သူတို့နဲ့ ဆက်ဆံရ အဆင်ပြေတာပေါ့… အရမ်းကိုမှ ဆက်ဆံရခက်ခဲတဲ့ လူမျိုးဆိုရင်တော့ တစ်ချို့ဂိမ်းတွေမှာ အခန်း၁ခန်းအောင်တော့မယ်ဆိုရင် ဆရာကြီးနဲ့ ချရတယ်မှတ်လား… အဲဒိတုန်းကတောင် ကျားကုတ်ကျားခဲ မနိုင်မချင်း အကြိမ်ကြိမ် ချကြသေးတာ… အဲဒိလူမျိုးကိုလဲ ငါ့ဘဝရဲ့ Stage တစ်ခုကို အောင်ဖို့ ချနေတဲ့ အကောင်ကြီးပါလားလို့သတ်မှတ်လိုက်ရင် သူ့ကိုလဲ သိပ်မမုန်းတော့ပဲ ကိုယ့်ကိစ္စအောင်မြင်ဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်ကိုပဲ ဦးတည်ဖြစ်တော့မှာဖြစ်တယ်…

ဟိုနေ့က အလုပ်ပြန်ခါနီးမှ ကိုယ့်အမှားကြောင့်မဟုတ်ပဲ သူ့အမှားကြောင့် အားလုံးပြန်ပြင်ရမှာကို ၁၅မိနစ်ပဲ အချိန်ပေးပြီးလာခိုင်းတဲ့ အရာရှိကို စိတ်ထဲတော်တော်လေး စိတ်တိုသွားတယ်… ဒါပေမဲ့ “အော်… ဒါ CityVille ထဲကလိုပဲ ငါ့ကို ဂိုလ်းလာပေးတာ ပြီးပြီးမပြီးပြီး ကွန်ပလိမ်းမများပဲ လုပ်ပေးလိုက်မယ်… မပြီးတော့လဲ မပြီးဘူးပေါ့ ဘာဖြစ်လဲ “ ဆိုပြီး လုပ်ပေးလိုက်တော့ ပျော်စရာတောင်ကောင်းသွားတယ်… သူပြောတဲ့အချိန်အတွင်းလဲ ပြီးသွားလို့ ကိုယ့်ကိုကိုယ်တောင် အံ့သြသွားတယ်… ဒါတောင်သူစစချင်လာခိုင်းတုန်းက ဒေါသတစ်ချက်ထွက်သွားတာ နည်းနည်းပေါ်သွားတယ်… တော်သေးတယ်ဘာမှ မပြောလိုက်လို့… ဒါပေမဲ့ သူ့ကို အလုပ်ပြီးလို့ပြန်ပေးတော့ ကိုယ်က ရီရီပြုံးပြုံးပဲ ဂိမ်းတစ်ခုအောင်သွားတယ်သဘောထားပြီး ဆော့လိုက် (လုပ်လိုက်တော့) သူကတောင် ကျေးဇူးတွေတင်လို့… မဟုတ်ရင် လုပ်လဲပေးရအုံးမယ်… အမြင်လဲကပ်ခံရမယ်… ဒီတော့ ဆော့နေတယ်သဘောထားလိုက် (ဆော့ဖို့ဆို မဗေဒါက ဒီအရွယ်ထိ ထိပ်ဆုံးကပဲ)

ဒီနည်းလမ်းက ၁၀၀% ကောင်းပါတယ် အောင်မြင်ပါတယ်လို့တော့ မဗေဒါအာမ မခံပါဘူး.. ဒါပေမဲ့ စိတ်တိုတတ် ဆွာတတ်လွန်းတဲ့ ကျွန်မအတွက်တော့ ရန်သူနည်းသွားသလို လုပ်ငန်းခွင်မှာလဲ သာသာယာယာရှိလာပါတယ်… အထူးသဖြင့် အလုပ်မသွားချင်လောက်အောင် ပျင်းတဲ့နေ့တွေမှာဆိုရင် “အော်… ငါ ဂိမ်းတွေ နေ့တိုင်းကစားပြီး ဂိမ်းထဲမှာနေ့တိုင်းအလုပ်လုပ်နေသလိုပဲ… ခုလဲ ငါဘဝဂိမ်းကို ကိုယ်တိုင်ဝင်ကစားရမှာ ပျော်စရာကြီးပဲ” လို့တွေးပြီး အလုပ်သွားဖို့ ခြေလှမ်းတွေ ပြန်သွက်ခဲ့ပါတယ်…

အရင်က ကိုယ့်ကို အလုပ်ပိုတွေလာခိုင်းမှာလဲ ကြောက်တတ်တဲ့ကျွန်မ… ခုတော့ သူတို့လာခိုင်းတာကို ပြီးရင်လဲ လုပ်ပေးလိုက်တယ်… မပြီးတော့လဲ အရင်လို Stress ကြီးဖြစ်ပြီး ကိုယ့်တာဝန်ကြီးလို စိတ်လေးမနေတော့ပဲ ဘာလုပ်နေလို့ မပြီးဘူးလဲဆိုတာ သေချာရှင်းပြလိုက်တော့လဲ လူတွေက နားလည်ကြပါတယ်…

အလုပ်မှမဟုတ်ဘူး ဘဝရဲ့ အခက်အခဲတွေ အဆင်မပြေမှုလေးတွေကြုံလာရင်လဲ Level မတူတာပဲရှိမယ် သဘောတရားတူတူပဲ သဘောထားပြီး တဖြည်းဖြည်း ရင်ဆိုင်ကျော်လွှားနိုင်ရင်တော့ အကောင်းဆုံးပေါ့... ဒါပေမဲ့ မဗေဒါကိုယ်တိုင်တောင် ဒီလောက်ထိ ရင့်ကျက်လှနေတယ်မဟုတ်တော့လဲ ခပ်မြင့်မြင့်ကြီးတွေနဲ့ လေမကျယ်ချင်ပါဘူး... ကိုယ်လဲ ကြိုးစားဆဲပဲ... ဒါပေမဲ့ ဒီနည်းက မဗေဒါနဲ့တော့ ခုချိန်ထိကိုက်နေတုန်းပဲ... ဖေ့ဘွတ်က ဂိမ်းတွေကစားရင်းလဲ အကြိုးအမြတ်လေးတွေရှာလို့ရပါတယ်... (အဟိ)

ကဲ အားလုံးပဲ ဘဝဂိမ်းမှာ Stage တွေ အဆင့်ဆင်ကို ကျော်လွှားပြီး ထိပ်ဆုံးကို ရောက်နိုင်ကြပါတယ်… စိတ်ညစ်လို့ ကိုယ့်အသက်ကိုယ်အရှုံးပေးရင်တော့ Game Over ဆိုပြီး နောက်တစ်ခေါက်ကြိုးစားခွင့်တော့ မရှိဘူးကွယ်… ဒီဘဝဂိမ်းက တစ်သက်မှာ တစ်ခါပဲ မသေမချင်းတော့ ကစားလို့ရတယ်…

Monday, May 24, 2010

Haunted Hotel

ဒီဂိမ်းကို သိခဲ့တာတော့ လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက် ကတည်းကပါ... သိပြီးသားလူတွေလဲ ရှိမှာပါ... ဒီနေ့တော့ အလုပ်မှာ အရမ်းအိပ်ငိုက်နေတာနဲ့ google ကနေ ဟိုရိုက်ဒီရိုက် လျှောက်ရှာရင်း ပြန်သတိရသွားလို့ပါ...

သရဲခြောက်တဲ့ ဟိုတယ်မှာ သင်တို့ တစ်ညလောက်သွားနေကြည့်ပါလား... ကျွန်မကတော့ နေပြီးပြီ... ၅ခါ ၆ခါလောက် ကြိုးစားပြီးတော့ ဟိုတယ်ထဲက ထွက်ပြီး ကားပေါ်ကို ကျွန်မတက်နိုင်ခဲ့ပါတယ်... ဒီဂိမ်းကို ကစားမယ်ဆိုရင် Speaker ကိုလဲ အသံဖွင့်ထားမှ ပိုအရသာ ရှိမှာပါ... level 3 နဲ့ 5 ရောက်ရင် အသံကို နားထောင်ပြီး ဖြေရှင်းရတဲ့ အခါတွေပါပါတယ်... Graphic တွေက အရမ်းကောင်းပြီး အသံတွေနဲ့ ပေါင်းလိုက်တော့ ကိုယ်တစ်ကယ် အဲဒိထဲရောက်နေသလိုခံစားရပါတယ်.. ပြီးတော့ အာရုံစိုက်ပြီးမှ ကစားလို့ရတဲ့အတွက်လဲ... တစ်ချက်တစ်ချက် လန့်လန့်သွားတတ်ပါတယ်... စစ ကစားချင်းကဆိုရင် ကြောက်လွန်းလို့ နှုတ်ခမ်းတွေတောင် တုန်ပါတယ်... နောက်မှ ဘေးက လူတစ်ယောက်နဲ့ တူတူကစားရတယ်... အဟီး... မကြောက်တတ်ရှာတော့ သရဲဂိမ်းကစားတယ်လေ...

အဲဒိ ဟိုတယ်က ညနေ၆နာရီကနေ မနက်၆နာရီအတွင်းပဲဖွင့်ပါတယ်... အော်... မှာလိုက်ပါရဲ့ ကြောက်တတ်ရင်တော့ မကစားနဲ့နော်... တာဝန်မယူဘူး... ဒါမှမဟုတ် ညဘက်မကစားရဲတဲ့ သူတွေအတွက် ကိုယ့် ကွန်ပြူတာက နာရီကို ညဘက်အချိန်ပြောင်းပြီး ညာဆော့လို့ရပါတယ်... အဟိ...

တကယ်လို့ မကစားတတ်ဘူးဆိုရင်တော့ ပြောပါ.. မဗေဒါ ပြောပြပါ့မယ်... ဒါပေမဲ့ ကစားတတ်မယ်ထင်ပါတယ်...

ကစားချင်တယ်ဆိုရင်တော့ www.hotel626.com မှာ သွားရောက် Check in ၀င်၍ ကစားနိုင်ပါတယ်...

ဟိုတယ်၆၂၆ မှာ သရဲနဲ့အတူ ကောင်းစွာ ပျော်မြူးနိုင်ကြပါစေ...

Wednesday, September 10, 2008

TeTeTuTu Game

ပြီးခဲ့တဲ့လ မဗေဒါ့အိမ်မှာ အလှူလုပ်တုန်းက သူငယ်ချင်းတွေရယ် အစ်မတွေရယ်နဲ့ ကစားဖြစ်တဲ့ ကစားနည်းလေးပါ..
အစ်မရဲ့ သူငယ်ချင်း ထွင်ထားတဲ့ ကစားနည်းလေးပါ...
ဒီလူတွေစုမိပြီဆိုရင် လောကကြီးကို မေ့ပြီး ကစားကြတော့တာပါပဲ.. ကလေးစိတ်မကုန်သေးဘူးပဲပြောပြော..
မဗေဒါကတော့ အဲလိုကစားရတာကြိုက်တယ်...
မဗေဒါမွေးနေ့တုန်းကလဲ ရည်းစား(မှတ်ချက် ယခုမရှိတော့.. ဟီး..) ကြောင့်စိတ်ညစ်ရမဲ့အစား..
မဗေဒါမိသားစုနဲ့ အဲဒိသူငယ်ချင်းတွေနဲ့ပဲ စုပြီး East Coast Beach မှာ မုန့်တွေထည့် လူကြီးတွေအိပ်ဖို့ ယာယီတဲထိုးပေးပြီး..
ကျွန်မတို့တတွေ ညလုံးပေါက် ခုန်ပေါက်ကစားနေခဲ့တဲ့အတွက် ကျွန်မမွေးနေ့လေးမှာ ပျော်ခဲ့ရပါတယ်..
မဗေဒါမွေးနေ့မှာ suprise လိုချင်တယ်ဆိုပြီး နှစ်တိုင်းမရခဲ့ပါဘူး.. ကိုယ့်မွေးနေ့မှာ အိမ်မှာချက်ကျွေးပြီး ဖိတ်ခဲ့ရတာချည့်ပါပဲ..
ဒါပေမဲ့ ဒီနှစ်တော့ စိတ်ကလဲ ညစ်နေခဲ့တာနဲ့.. ကိုယ့်ဘာသာကိုယ် ပေပေတေတေမွေးနေ့ကို ကျော်ဖြတ်မယ်ဆုံးဖြတ်ထားကာမှ...
မထင်မှတ်ပဲ အစ်မတွေဆီက မွေးနေ့ကိတ်နဲ့ ညလုံးပေါက် ကစားမဲ့ အစီအစဉ်ကို ဖြစ်မြောက်သွားတော့ တော်တော်ဝမ်းသာမိပါတယ်..
ညီအစ်မတွေကတော့ ဒီလိုပါပဲ.. ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ..

ကဲ.. ဒါတွေထားပါတော့.. ခုပြောချင်တာက ကစားနည်းအကြောင်း.. ဒီကစားနည်းလေးကို ၆ရက်နေ့က ဘလော့ဂါဆုံပွဲမှာ
မဗေဒါ ဝေငှခဲ့ပါသေးတယ်.. အဲဒိတုန်းက မိုးကသဲကြီးမဲကြီးနဲ့ မှောင်နက်မဲမဲဖြစ်တာကတစ်ကြောင်း..
လူများတော့ မှောင်ထဲမှာ ဘယ်သူ့ကို ပစ်လိုက်လဲ သဲသဲကွဲကွဲ မမြင်ရတော့.. ကစားနည်းလေးက ပျော်သင့်သလောက်မပျော်ခဲ့ရပါဘူး..
ခု အောက်က ဗွီဒီယို လေးကို ကြည့်ပြီး ဘယ်လိုကစားရတယ်ဆိုတာ သဘောပေါက်မပေါက်.. ကွန်မန့်မှာ ဖြေသွားကြပါအုံး...
စာဖတ်သူတို့သူငယ်ချင်းတွေနဲ့ ဆုံရင်လဲ စမ်းကြည့်ကြပေါ့နော်... ပျော်စရာကောင်းမှာပါ...

Sunday, August 31, 2008

ကောင်မလေးကို ပိုးကြမယ်....

အောက်မှာရှိတဲ့ Flash game လေးက Piano တီးပြီး ကောင်မလေးကို ပိုးတဲ့ ဂိမ်းလေးပါ..
မဗေဒါကတော့ ခုလောလောဆယ်ထိ Easy အဆင့်၊ အလယ်အလတ် scale နဲ့ ဆော့တာတောင် သီချင်း ၆ ပုဒ်မြောက် "Amazing Grace" ထိရောက်ပြီး
easy game, middle scale ကိုအောင်ပါတယ်.. scale မြှင့်ပြီးတော့ ဆော့ကြည့်ပါအုံးမယ်.. Normal game တော့ ကြိုးစားကြည့်တာ ရှုံးပါတယ်..
လာလည်တဲ့ သူငယ်ချင်းတွေလဲ ကောင်မလေးကို သီချင်းဘယ်နှပုဒ်မြောက်မှာပြန်သွားလဲ လက်ရည်စမ်းကြည့်ကြရအောင်..
ကောင်မလေးကို ဘယ်သူအဆွဲဆောင်နိုင်ဆုံးဖြစ်မလဲဆိုတဲ့ အဖြေလေးတွေကို ကွန်မန့်လေးမှာရေးသွားပေးကြနော်...

Pano Bar



Click here to play this game