Friday, December 04, 2009

ကိုရီးယားခရီးစဉ် Day 2 Part 2 / ကိုရီးယား ရိုးရာ ကျေးရွာသို့ တစ်ခေါက်...

ကျန်းမာတော် မူကြပါစရှင်...

တစ်ခါတစ်လေမှ ပေါ်လာလိုက် ပျောက်လိုက်ဖြစ်နေသော ကျမရဲ့ ကိုရီးယား ခရီးသွားမှတ်တမ်းလေး ပြန်ပေါ်လာပြန်ပါပြီ... ဒီတစ်ခေါက်လဲ ဒုတိယနေ့ကို အပြီးသတ်မယ်စိတ်ကူးသော်လည်း ဗွီဒီယို သိပ်ရှည်သွားမည် တစ်ကြောင်း... ဒိထက်ဆက်ပြီး ရှည်ရှည်လုပ်မယ်ဆိုရင် ဒီပိုစ့်က ပိုကြာသွားမှာက တစ်ကြောင်းကြောင့် ကိုရီးယား ရိုးရာ ကျေးရွာလည်ပတ်မှုကိုပဲ တင်ဆက်လိုက်ပါတယ်...

ရှေ့က အပိုင်းမှာ ကျမတို့ နေ့လည်စာစားပြီးတဲ့ အချိန်မှာ အဆုံးသတ်ထားပါတယ်... ပထမပိုစ့်ကို ကိုရီးယားခရီးစဉ် Day 2 မှာ သွားရောက်ဖတ်ရှုရင်း ဗွီဒီယိုလဲ ကြည့်နိုင်ပါတယ်... အရင်ပိုစ့်ဖတ်ပြီးသား စာဖတ်သူများအတွက် အတိုချုံးပြန်လည်မှတ်မိစေရန် အဓိကအချက်လေးများထုတ်ပေးလိုက်ပါတယ်... (အရင်ပိုစ့်က လွန်ခဲ့တဲ့ ၄လကရေးခဲ့တော့ အရမ်းအဆက်ပြတ်နေလို့... အဆက်အစပ် မသိမှာ စိုး၍ဖြစ်ပါတယ်...)
၁) မနက်စာစား
၂) Songsan Sunrise Peak မှာ တောင်တက်
၃) Seop Ji Ko Ji Coast (All In Drama Place) ကိုသွား
၎) နေ့လည်စာ ကိုရီးယားစတိုင် ၀က်သားဟင်းနဲ့စား...

ခုဒီပိုစ့်မှာတော့ နေ့လည်စာစားပြီး သွားခဲ့တဲ့ ကိုရီးယားရိုးရာ ကျေးရွာအကြောင်းရေးမှာဖြစ်ပါတယ်... ဗွီဒီယိုလေးကို အရင် ရှုစားကြပါ...



ကျမတို့ရဲ့ ဂိုက်ဟာ နေ့လည်စာစားဖို့ စားသောက်ဆိုင်ကို နောက်သွားမဲ့ နေရာနဲ့ နီးတဲ့နေရာမှာ အစတည်းက ပြင်ဆင်ခဲ့တဲ့အတွက် နေ့လည်စာစားသောက်ဆိုင်ကနေ ကားသိပ်ကြာကြာမစီးလိုက်ရပဲ အဲဒိ ကိုရီးယား ရိုးရာ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်...

ဟိုရောက်တော့ ဖော်ရွေတဲ့ အဲဒိရွာခံ ကိုရီးယားမိန်းမကြီး တစ်ယောက်ကိုထပ်တွေ့ပါတယ်... သူက သူတို့ရွာဓလေ့ကို ကိုရီးယားလိုပြောပြီး ကျမတို့ ဂိုက်က အင်္ဂလိပ်လို ဘာသာပြန်ပေးပါတယ်... ကိုယ်မြန်မာပြည်မှာ ခရီးသွားရင်လဲရွာဆိုတာတွေ မြင်ဖူးတွေ့ဖူးနေကျဆိုတော့ ကျမတို့အတွက် သိပ်တော့ အထူးအဆန်းမဟုတ်လှပါဘူး... အဓိက ကတော့ သူတို့လူမျိုးရဲ့ ရိုးရာ ယဉ်ကျေးမှု နေထိုင်မှုပုံစံကိုတော့ လေ့လာနှိုင်းယှဉ်ကြည့်ဖို့ရလို့ ဗဟုသုတတော့ရပါတယ်... ရွာမရှိတဲ့ နိုင်ငံကလာတဲ့ စလုံးတွေအတွက်တော့ ဆန်းတန် ဆန်းမှာပေါ့နော်...
 

ဂျဲဂျူးက စကားပြောသော ဂိတ်များ...

တွေ့တွေ့ချင်း ကိုရီးယားလို့ တရုတ်လို နှုတ်ဆက်ကြပြီး ရွာအ၀င်ဝမှာရှိတဲ့ သူတို့ရဲ့ ခြံဂိတ်ပေါက်မှာ သူတို့အချင်းချင်း ပြသတဲ့ သင်္ကေတလေးကို ရှင်းပြပါတယ်... ဗွီဒီယိုထဲမှာ ပါတဲ့အတိုင်းပါပဲ... သူတို့ရဲ့ ခြံဂိတ်ပေါက်ဟာ ဘေးက အပေါက်ဖောက်ထားတဲ့ ကျောက်တုံး ၂တုံး တစ်ဖက်တစ်ချက်စီထဲကို ၀ါးလုံးလေးတွေထိုးပြီး ကာထားတာပါ...
ဝါးလုံး ၁ချောင်းတည်း တန်းပြီးကာထားရင်... အိမ်ရှင် အပြင်ခဏသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၂ချောင်း တန်းပြီး ကာထားရင်... အိမ်ရှင် တစ်နေကုန် အိမ်တွင်မရှိဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၃ချောင်း တန်းပြီး ကာထားရင်... အိမ်ရှင် ၃ရက်အိမ်တွင်မရှိပါဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၄ချောင်း တန်းပြီး ကာထားရင်တော့... အဲဒိအိမ်ဟာ မုဆိုးမ(ယောကျာင်္းဆုံးထားသော အိမ်ရှင်မ) နေတဲ့အိမ်ပါတဲ့...
အဲဒိ အိမ်ထဲကို ခွင့်ပြုချက်မရပဲ ကျော်ဝင်တဲ့ ယောကျာင်္းက အဲဒိ အိမ်မှာ အမြဲနေရန် ရည်ရွယ်တယ်လို့ သတ်မှတ်ပါတယ်တဲ့...
ဝါးလုံးချောင်းတွေကို အပေါက်ထဲထည့်ပြီး တန်းမထားပဲ ချထားတယ်ဆိုရင်တော့ အိမ်ရှင်အိမ်မှာရှိတဲ့အတွက် ၀င်ထွက်နိုင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ...

ကျေးရွာကို မရောက်ခင် ကားပေါ်မှာ ဂိုက်ပြောပြချက်အရ ဂျဲဂျူးကျွန်း အရင်ကလူဦးရေမှာ မိန်းမအရေအတွက်ဟာ ယောကျာင်္းထက်ပိုများတဲ့လို့ သိရှိရပါတယ်... ဘာလို့လဲဆိုတော့ အရင်က ဂျဲဂျူးကျွန်းရဲ့ စီးပွားရေးဟာ တံငါအလုပ်ပါ... ယောကျာင်္းတွေဟာ ပင်လယ်ထဲကို ငါးဖမ်းထွက်ရတဲ့အတွက် အသေစောကြတယ်လို့ သိရပါတယ်... အဲဒိအတွက် ဂျဲဂျူးကျွန်းဟာ မုဆိုးမအရေအတွက်လဲ များတယ်လို့သိရပါတယ်... (ဒါက ဗွီဒီယိုထဲမှာ မပါလိုက်လို့ ဒီမှာ ဗဟုသုတအနေနဲ့ ရေးပေးလိုက်ပါတယ်...)

အဲဒိ ဂိတ်ပေါက်က ၀ါးလုံးတန်းတွေက အိမ်ရှင်ရှိမရှိကို အချက်ပြနေတယ်ဆိုတော့... ကျမခေါင်းထဲကို အတွေးတစ်ခုရောက်လာပါတယ်... အားလုံးလဲ အဲလိုတွေးမိမယ်ဆိုတာ သေချာပါတယ်... အဲဒါကတော့ သူခိုးကို အချက်ပြနေသလိုဖြစ်မနေပေဘူးလားပေါ့... အဲဒိအတွက်ကိုလဲ ဂိုက်က ကားပေါ်မှာတည်းက စကားခံထားခဲ့ပါတယ်... သူတို့ ဂျဲဂျူးကျွန်းပေါ်မှာ မရှိတာ ၃မျိုးရှိပါတယ်တဲ့...
၁) သူတောင်းစား မရှိပါဘူး
၂) သူခိုးမရှိပါဘူး
၃) အဲဒါက မေ့သွားပြီ... အဟီး... အဲဒါပြောတုန်းက ဗွီဒီယို မရိုက်လိုက်မိတော့ ခု ပြန်ကြည့်စရာမရှိတော့ဘူး... (ဒါက စာဖတ်သူသိချင်ရင် ကိုရီးယားသွားပြီး လေ့လာဖို့ အကွက်ချန်ထားတာလို့မှတ်... ဟိဟိ)

ဒါပေမဲ့ သူမကိုယ်တိုင်နောက်တော့ စကားထပ်ခံပါသေးတယ်... အဲဒါတွေ မရှိဘူးဆိုပြီး ကိုယ့်ပစ္စည်းကိုယ်တော့ လက်လွှတ်စပါယ်မနေနဲ့ပေါ့တဲ့... အရင်ကမရှိတာကိုပြောတာတဲ့... ခု ရှိမရှိဆိုတာတော့ အာမ မခံနိုင်ဘူးတဲ့... (ဒါပေမဲ့ သူပြောမှ ကျမသတိထားကြည့်မိတော့... တကယ်ပါ ဂျဲဂျူးကျွန်းပေါ်မှာ ကျမ သူတောင်းစားတစ်ယောက်မှ မတွေ့မိပါဘူး... အဲ... အဲဒိ သူတောင်းစားရှိတဲ့ ဒုက္ခကို ရှန်ဟိုင်းရောက်တော့ အတော်ခံခဲ့ရသေး... နောက်မှပြောမယ် မျှော်...)
 

ဂျဲဂျူးရိုးရာ အိမ်သာ

နောက်အတွင်းထဲဆက်ဝင်သွားတော့ အနံ့ခက်ဆိုးဆိုးနေရာတစ်ခုမှာ ဂိုက်က ဒါကတော့ ဂျဲဂျူးရိုးရာအိမ်သာပါတဲ့... ၀က်ခြံစည်းရိုးကို ကျောက်ခဲကြီးတွေနဲ့ဆောက်ထားပြီး အမိုးအကာမရှိပါဘူး... အဲဒိအိမ်သာကျင်းကတော့ ၀က်စားကျင်းပါပဲ... ရွာခံမိန်းမကြီးက အဲဒိ အိမ်သာပေါ်တက်ပြီး သရုပ်ဖော်ပြပါတယ်...

ထိုအိမ်သာအသုံးပြုတဲ့အခါမှာ အသုံးပြုသူဟာ ဒုတ်တစ်ချောင်းကိုင်ထားရပါတယ်... ဘာလို့လဲဆိုတော့ ၀က်က အောက်ကနေလာပြီး ကိုက်တတ်လို့ပါတဲ့... ဒီတော့ ၀က်ကို အနားကပ်မလာအောင် ဒုတ်နဲ့ရိုက်ပြီး မောင်းထုတ်ဖို့ပါတဲ့... ကျမလဲ ရှည်ရှည်ဝေးဝေးအသေးစိတ်တွေမေးမနေတော့ပါဘူး... ကိစ္စပြီးရင် ဘယ်လိုသန့်စင်လဲတို့ အမိုးအကာမရှိတော့ တခြားသူတွေ မြင်ကုန်မှာပေါ့တို့ တွေးမိပင်မဲ့ အနံ့အသက်ကလဲဆိုးတာတစ်ကြောင်း မေးလဲ ဘာမှ အကြောင်းမထူးပါဘူး သူတို့ဘာသာ ကြည့်ကြပ်ဖြေရှင်းကြမှာပေါ့လို့ပဲ မှတ်ယူလိုက်ပါတယ်... နောက်တစ်ခုတွေးမိတာက ခုထက်ထိအဲဒိအိမ်သာက အနံ့နံနေတယ်ဆိုတော့ သူတို့တွေဒီအိမ်သာကို ပြသရုံသက်သက်မဟုတ်ပဲ တကယ်ပဲသုံးနေကြလို့ပေါ့ဆိုတော့ စိတ်ထဲမတော့ တမျိုးဖြစ်သွားပါသေးတယ်...

လူရဲ့ မစင်ကို ၀က်စာအဖြစ်ပြန်လည်အသုံးပြုတယ်ဆိုတဲ့ အကြောင်းကို စလုံးတွေသိတော့ မျက်နှာတွေ ရှုံ့မဲ့နေကြတာပါပဲ... (စောစောက နေ့လည်စာ ၀က်သားနဲ့စားတုံးကတော့ သူတို့ဝိုင်းရှိတာ ငါတို့ဝိုင်းမှာဘာလို့မရှိတာလဲဆိုပြီး ဟိုဝိုင်းစပ်စု ဒီဝိုင်းစပ်စုနဲ့ အပိုလေး Free လေး လိုချင်လှတဲ့ စလုံးတွေ ခုတော့ အစာတောင်ကြေပါ့မလားသိဘူး... ) ကျမကတော့ ၀က်ဆိုတာ အစုံစားသတ္တ၀ါ မစင်လဲစားတယ်ဆိုတာသိပင်မဲ့ ယခုလို လူတွေကိုယ်တိုင်က မစင်ကျွေးပြီးမွေးတယ်ဆိုတာတော့ မကြုံခဲ့ဖူးပါဘူး... ဒါပေမဲ့လဲ ဘယ်ပိုးမဆိုတော့ အပူချိန်ပြင်းပြင်းနဲ့တွေ့ရင် သေတယ်လို့ကြားဖူးတာပဲ... ပြီးတော့ ၀က်ကို မချက်ခင်လဲ ဆေးကြောထားတာပဲ... နောက်ဆုံးကုန်ကုန်စဉ်းစားရင် ဘယ်အရာမဆိုတော့ ဓာတ်လေးပါးပါပဲ... စားခဲ့တဲ့ ၀က်သား ထပ်စားအုံးမလားဆိုရင်တော့ EVER YES ပါပဲ... (ခုတောင် စားချင်လာပြီ)

ဟို စလုံး ပေါင်တိုတို့အတွဲက (တစ်ဦးချင်းစီ Nickname များအကြောင်းကို ကျမနဲ့ ခရီးသွားဖော်များ တွင်ဖတ်ပါ) ယောကျာင်္းက ရွံရွံရှာရှာဖြင့် စကားလုံးတောင် ဖြောင့်ဖြောင့်မထွက်ပဲ အမှန်ကို လက်မခံနိုင်သေးသည့်ပုံဖြင့် သေချာအောင် ထပ်မေးရှာသည်... (စိတ်ထဲမတော့ ငါထင်တာ မဟုတ်ပါစေနဲ့ပေါ့) ဒါပေမဲ့ ဂိုက်မိန်းမက Natural Fertilizer လို့ပြန်ဖြေလို့ပြန်ဖြေလိုက်တော့ အတော်လေးကို အောင့်သက်သက်နဲ့ဖြစ်သွားပုံရပါတယ်... ဗွီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲ ဘာမှတောင် ပြန်မပြောနိုင်ခဲ့ပါဘူး... (သူက သိပ်ပြီး High Class style ဖမ်းတာဆိုတော့ ခုတော့ အစောက ၀က်သားဘယ်ကလာဆိုတာ သိသွားရှာပြီလေ... ၀က်သားဟင်းစားတုန်းက သူတို့အတွဲ ကျမဘေးမှာထိုင်တာလေ... အဲ့လူလဲ တီးသလားမမေးနဲ့... ခွိ... ခွိ... အဲ့ လူနဲ့များ မတော်တဆ သိတဲ့သူများ ဖတ်မိမယ်ဆိုရင် ပြန်မပြောနဲ့နော်...)

ကိုရီးယားလို ရေခပ်ဆင်းရင်း ကလေးထိမ်းမယ်...

နောက်တစ်နေရာမှာတော့ သူတို့ ကိုရီးယားတွေ ကလေးထည့်ပြီး သိပ်တဲ့တောင်းရယ်... ရေခပ်ဆင်းရင်သုံးတဲ့ အိုးရယ်ပြပါတယ်... ရွာခံမိန်းမကြီးက သရုပ်ဖော်ပြပါတယ်... သိပ်တော့ ထူးထူးဆန်းဆန်းမရှိလှဘူးလို့တော့ ကျမထင်တာပဲ... အဲဒိရေအိုးကြီးထမ်းပြီး ကိုယ်လက်လှုပ်ရှားမှုရှိတော့ အမျိုးသမီးကိုယ်ဝန်သည်တွေအတွက် ကလေးမွေးဖွားမှုလွယ်ကူတယ်လို့ ပြောပါတယ်... အဲဒိရေအိုးကြီးကို ပုတ်ပုတ်ပြီး ကိုရီးယားကျေးလက်တေးလေးတွေလဲ ဆိုလို့ရတယ်ပြောလို့ စလုံးဖွားဖွားတို့ တောင်းဆိုချက်အရ သီချင်းဆိုပြပါသေးတယ်...

နှစ်နဲ့ချည်နှပ်တဲ့ Tea

နောက်တစ်နေရာမှာတော့ သူတို့ကိုယ်တိုင် ပျားရည်ရယ် တခြားအရာတွေရယ် Tea ရယ် နှစ်နဲ့ချည်နှပ်ထားတဲ့ စဉ်းအိုးကြီးတွေဆီကို ခေါ်သွားပါတယ်... စဉ့်အိုးတွေက မြေကြီးထဲမြုပ်ထားပါတယ်... ရောစပ်မှု ပစ္စည်းတွေပေါ်မူတည်ပြီး အနံ့အရသာကွဲလွဲအောင် စီမံထားတယ်လို့ သိရပါတယ်... စဉ့်အိုးထဲကို ရောမွှေပြီးထည့်ထားတာမဟုတ်ပဲ အလွှာလိုက် အထပ်ထပ်ထည့်ထားတယ်လို့ပြောပါတယ်... (ဘာရည်ရွယ်ချက်နဲ့ ဘာကွာလဲတော့ မသိပါ) အဲဒိ Tea တွေကို အဲဒိ စဉ့်အိုးထဲမှာ ၃ နှစ်က ၅ နှစ် နှပ်ထားတယ်လို့သိရှိရပါတယ်...

ဘယ်လို အနံ့ရှိလဲ ကျမ နမ်းကြည့်တော့ အနံ့က အတော်လေးပြင်းပါတယ်... အစတည်းက အနံ့ကို Sensitive ဖြစ်တဲ့ ကျမအတွက်တော့ အတော်မခံနိုင်ပါဘူး... ပြီးတော့ ကျမက ပျားရည်လဲမကြိုက်သလို ပျားရည်နံ့ကိုလဲ မကြိုက်ပါဘူး... အဲဒါကြောင့်ဖြစ်ပါလိမ့်မယ်...

ကျေးလက်အိမ်နေ လူတန်းစားနဲ့ ကိုရီးယား အစိုးရ

နောက်တစ်နေရာကတော့ ကိုရီးယား ကျေးလက်အိမ်ဖြစ်ပါတယ်... ပျဉ်ထောင်အိမ်လေးပါ... မြန်မာပြည်က ကျေးလက်အိမ်လေးတွေလိုပါပဲ... သက်တောင့်သက်သာနဲ့ စိတ်ပေါ့ပါးစေတဲ့ ပုံစံမျိုးလေးပါ... အိမ်ရှေ့မှာ အဖီကြမ်းခင်းလေးနဲ့ ညဘက် ၀ိုင်းဖွဲ့ လက်ဖက်သုတ်စားကောင်းမဲ့ပုံလေးလို့ ကျမကတော့ တွေးမိတာပဲ... ကျမတို့ကို လိုက်ရှင်းပြနေတဲ့ ရွာခံမိန်းမကြီးရဲ့ အိမ်ပဲဖြစ်ပါတယ်... သူက ရွာသူကြီးမိန်းမလဲဖြစ်ပါတယ်...

အမှန်တော့ ဒီလိုကျေးလက်ရိုးရာနဲ့ ကျေးလက်အိမ်မှာနေပြီး ရိုးရာထိမ်းသိမ်းရုံဖြင့် ကိုရီးယားအစိုးရက သူတို့ကို လခပေးထောက်ပံ့ထားပါတယ်... (အိမ်မှာနေရုံနဲ့ ပိုက်ပိုက်ရတယ်... နိပ်ဟ...) ကိုယ့်ရိုးရာကို ပျောက်ပျက်မသွားအောင် ယခုလို ၂ဦး၂ဖက် အကျိုးရှိတဲ့ နည်းနဲ့ထိမ်းသိမ်းတဲ့အတွက် ဒီစနစ်ကိုတော့ သဘောကျမိပါတယ်... မိန်းမကြီးရဲ့ ကလေးတွေကတော့ မြို့တွေပေါ်မှာ သွားရောက် ပညာသင်ကြားနေကြပါတယ်...

ဆက်လက်ပြီးတော့ ကျမတို့ကို ပြသတာကတော့ ဆောင်းတွင်းမှာ အိမ်ကို ဘယ်လိုအပူပေးတယ်ဆိုတာပါ... အဲဒါက ကိုရီးယားကားတွေထဲမှာ မြင်ဘူးတာကတစ်ကြောင်း... စလုံးက အတ္တပုံဆောင်ခဲဖွားဖွားများက သူ့ထက်ငါ လုယက်ကာ ကြည့်ရှုနေကြတော့ မတိုးချင်တော့တာက တစ်ကြောင်း... လူလဲ အနည်းငယ်ပင်ပန်းလာတဲ့အတွက် စိတ်ဝင်စားမှုသိပ်မရှိတော့တာက တစ်ကြောင်းကြောင့် အသေးစိတ်တော့ နားမထောင်ဖြစ်ခဲ့ပါဘူး...

နောက်တော့ ကိုရီးယားရိုးရာ နောက်ဖေးမီးဖိုချောင် ထင်းနဲ့ပဲ ချက်ပြုတ်တုန်းပါ... မြေကြီးမီးဖိုထဲကို အိုးအကြီးကြီးတွေ မြုပ်ပြီး ထင်းနဲ့ချက်တာပါ... အိုးကြီးချက်ဆိုတော့ အတော်တော့ စားကောင်းမဲ့ပုံပဲ... အဲလို နောက်ဖေးတွေကိုလဲ ကိုရီးယားကားတွေထဲမှာ တွေ့ဖူးမှာပါ... (ဥပမာ... မြန်မာပြည်မှာပြသွားတဲ့ နန်းတွင်းရတနာလား ဘာလား... Dae Jang Geum ကိုပြောတာ)

နောက်ဆုံးနေရာကတော့ ပိုက်ဆံလေးတွေ မျက်ခုံးလှုပ်တဲ့နေရာပေါ့... သူတို့ကျေးရွာထုတ် ပစ္စည်းတွေပေါ့... သဘာဝပစ္စည်းစစ်စစ်လို့တော့ ပြောတာပါပဲ... ပျားရည်တို့... ဆေးတို့... အရိုးရောဂါအတွက် မြင်းရိုးစစ်စစ်နဲ့ လုပ်တဲ့ ဆေးလို့ပြောတာလဲရောင်းပါတယ်... အမြဲမရဘူး ရှားပါးလို့ပြောတာပါပဲ... ဒါပေမဲ့ မေမေကပြောပါတယ်... မြင်းနဲ့ ပတ်သတ်တာတစ်ခုခုကို စားရင် မိန်းကလေးတွေအတွက် နောင်တစ်ချိန် ကိုယ်ဝန်ဆောင်ရင် မကောင်းဘူးလို့ပြောတာပါပဲ... ပျားရည်ကလဲ မြန်မာပြည်မှာလဲ စစ်စစ်ရနိုင်ပါတယ်... ဒိထက်တောင် ဈေးပေါပါအုံးမယ်... ပြီးတော့ အိမ်မှာလဲ ပျားရည်ကြိုက်တဲ့သူ ဒီလောက်မရှိပါဘူး... Tea ကလဲ ဈေးကြီးလွန်းပါတယ်... စကာင်္ပူလို ၁ဒေါ်လာ ၂ဒေါ်လာ သုံးတဲ့ နိုင်ငံကနေလာပြီး ကိုရီးယားရောက်တော့ နောက်က သုညပေါင်းများစွာကို မရင်းနှီးဘူးဖြစ်နေတော့ တစ်ခါတစ်ခါဈေးပြောရင် နည်းနည်း စဉ်းစားရပါတယ်... ပြီးတော့မှ စကာင်္ပူနဲ့ ပြန်တွက်ပြီး ကြည့်ရပါသေးတယ်...

အဲဒိနောက်တော့ အားလုံးနှုတ်ဆက်ပြီး နောက်တစ်နေရာကို ခရီးဆက်ခဲ့ကြပါတော့တယ်...

ဗွီဒီယိုနှင့် ပတ်သတ်၍...

ဒီဗွီဒီယိုကို ကြာရတဲ့ အကြောင်းရင်းကတော့ အရင် ဗွီဒီယိုတွေမှာ မပါဖူးခဲ့တဲ့ နောက်ခံစကားပြောကို စမ်းကြည့်ချင်ခဲ့လို့ပဲဖြစ်ပါတယ်... ဒါပေမဲ့ တကယ်တမ်းပြောဆိုတော့ ထင်သလောက်မလွယ်ခဲ့ပါဘူး... အထူးသဖြင့် အစပိုင်းက လျှော့တွက်ပြီး လက်တမ်းပြောတော့မှ စကားလုံးတွေ ထစ်အပြီး ပြောချင်တာ ပျောက်ပျောက်သွားလို့ လက်လျော့ပြီး မလုပ်ဖြစ်ပဲ ချောင်ထိုးထားလိုက်နဲ့ ၄ လကြာသွားတာပါပဲ... ဒါပေမဲ့လဲ အရင် ဗွီဒီယိုတွေလိုပဲ သီချင်းထည့်ပြီးလုပ်လိုက်ဖို့ကျတော့လဲ ကိုယ့်ကိုကိုယ် ဘ၀င်မကျပါဘူး... ငါ နောက်ခံစကားပြောကို ရအောင် ကြိုးစားမယ် ဖြစ်အောင်လုပ်မယ် မရရင် မလုပ်သေးဘူးဟာလို့ စိတ်ကဖြစ်နေတော့ မလုပ်ဖြစ်တာပါ...

အဲလို နောက်ခံပြောကြည့်တော့လဲ ကိုယ့်အသံက အူကြောင်ကြောင်နိုင်နေသလို ခံစားရတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုက မရှိဖြစ်နေပါတယ်... ဒီကြားထဲ ကိုယ့်ကွန်ပြူတာက ပျက်တော့ မလုပ်ဖြစ်ပြန်ပါဘူး... ခုတော့ ကျမအစ်မရဲ့ Desktop မှာငှားပြီး လုပ်ရတဲ့ ဘ၀ပါ... သူ့စက်က ကျမစက်လောက်မမြန်တော့ စိတ်ကမရှည်လို့ မလုပ်မလုပ်နဲ့ ခုတော့ ကျမခရီးမသွားခင်လေး Day 2 လေး အပြီးလုပ်ချင်တဲ့ ဆန္ဒတော့ရှိပါတယ်...

သီချင်းရွေးချယ်မှုမှာတော့ ကျမနှစ်သက်တဲ့တီးလုံးလေးဖြစ်တဲ့ Alexander The Great (အဲဒိ နာမည်မှန်မမှန်တော့ မသိဘူး ကျမ mp3 ထဲမှာတော့ အဲလိုပဲ မှတ်ထားတယ်...) အဲဒိတီးလုံးလေးဟာ ကျေးလက်တောရွာအသံမျိုးလေးပါသလို စိတ်ကိုရွှင်ပြစေတဲ့လို့ ခံစားရလို့ ကျမနှစ်သက်တာပါ... နောက်ဆုံးမှာတော့ Mission Impossible ဇာတ်ကားတီးလုံးနဲ့ အဆုံးသတ်ထားပါတယ်... အဲဒိ တီးလုံးလေးကလဲ ဘယ်အချိန်နားထောင်ထောင် မြူးတဲ့ တီးလုံးလေးပါ...

ဗွီဒီယို ပြီးခါနီးမှာ ကျမပျားရည်ရေနွေးချမ်းသောက်ပြီး ပြောလိုက်တဲ့စကားမှာတော့ Formal မသုံးနှုန်းပဲ "ငါ" လို့သုံးနှုန်းထားပါတယ်... အမှန်တော့ အဲဒိဗွီဒီယိုကို အစက ယခုလို နေ့စဉ်သွားထားတာကို အက်ဒစ်လုပ်ပြီး ဘလော့ပေါ်တင်ဖို့ မရည်ရွယ်ခဲ့ပါဘူး... မိသားစုကြည့်မယ် သူငယ်ချင်းတွေပြရုံသက်သက်ပါ... ဒီတော့ ကျမအစ်မတွေ ကျမသူငယ်ချင်းတွေကို စကားပြောတဲ့ အတိုင်း "ငါ" လို့သုံးနှုန်းထားခြင်းဖြစ်ပါတယ်...

ကျမ ဒီဗွီဒီယိုကို ပြုလုပ်ပြီးတာ ၂ ရက်ရှိပါပြီ... ပထမ Youtube ပေါ်တင်ပြီး ဘလော့ပိုစ့်ရေးပြီးရင် ဘလော့မှာတင်မလို့ပါ... နောက်တော့ ကျမအစ်မနဲ့ သူငယ်ချင်းတစ်ချို့ဆီက အကြံပေးချက်နဲ့ ဝေဖန်ချက်တွေအရ ပြင်သင့်တာလေးတွေ ပြန်ပြင်ပြီး Youtube မှာ ထပ်တင် အရင်ဟာ ပြန်ဖျက်နဲ့ ခုလို နောက်ကျသွားတာပါ...
သူတို့ရဲ့ ဝေဖန်ချက်တွေကတော့ စာတမ်းထိုး အရောင်ကို အရင်က တချို့နေရာတွေ အစိမ်းလုပ်ထားတော့ ကောင်းကောင်းမမြင်ရပါဘူးတဲ့... ခုတော့ ကျမ အဖြူရောင်ကို ပြန်ပြောင်းလိုက်တော့ မြင်ရမယ်ထင်ပါတယ်...

နောက်ပြီး စာတမ်းက အင်္ဂလိပ်လိုထိုးလိုက် မြန်မာလိုထိုးလိုက်နဲ့တဲ့... အဲဒါကတော့ အကြောင်းပြချက်ရှိပါတယ်...
ကျမတို့ ဂိုက်က အင်္ဂလိပ်လိုပြောတဲ့ အချိန်မှာ မြန်မာစာတမ်းထိုးချင်းဖြင့်... Internationally ရော... မြန်မာတိုင်းရော နားလည်နိုင်ပါတယ်... တချို့နေရာတွေမှာတော့ တီးလုံးပဲထည့်ထားတဲနေရာတွေမှာတော့ အားလုံးနားလည်အောင် အင်္ဂလိပ်လိုရေးလိုက်တာပါ...

Tea လုပ်တဲ့နေရာမှာတော့ ပထမတစ်ကြောင်းကိုပဲ အကျဉ်းချုံး အင်္ဂလိပ်လိုရှင်းပြလိုက်ပြီး... နောက်ပိုင်းမှာ မြန်မာလိုပဲရေးထားတာကတော့ အဓိက ကျမပြချင်တာက မြန်မာတွေဖြစ်ပြီး... (ကိုယ့်ကိုကိုယ်သိပ်တော်တယ်လို့ မပြောပါ) သို့သော် တချို့သော အင်္ဂလိပ်စာ အားနည်းသူများအတွက် မြန်မာလိုရှင်းပြတာ ပိုအဆင်ပြေမည်ထင်သောကြောင့် မြန်မာလိုရေးထားခြင်းဖြစ်ပါတယ်...

သီချင်းကြိုက်ပြီး တီးလုံးကိုမကြိုက်တဲ့ သူများအတွက်တော့ ဒီဗွီဒီယိုက အနည်းငယ် ပျင်းစရာကောင်းချင် ကောင်းနေပါလိမ့်မယ်... ဒါပေမဲ့ ကျမ ဒီတစ်ခေါက်လုပ်ချင်တဲ့ ဗွီဒီယိုက Travel Documentary လိုပုံစံမျိုးပိုဆန်တဲ့အတွက် ယခုလို ဗဟုသုတရမဲ့ စကားပြောခန်းများများထည့်ပြီး သီချင်းကို လျှော့ထားခြင်းဖြစ်ပါတယ်... Travel Documentary စစ်စစ် အဆင့်ကို မမှီသေးပင်မဲ့ အကောင်းဆုံးကြိုးစားထားပါတယ်...

အားလုံးပဲ သဘောကျမယ်လို့ မျှော်လင့်ပါတယ်... ကျေးဇူးတင်ပါတယ်ရှင်...

Sunday, November 29, 2009

စကာင်္ပူရောက် အလွဲများ ၉ (သို့) ရင်ခုန်ရ လွန်းလို့


တစ်ခါတစ်လေ အလုပ်မသွားချင်တဲ့ ရက်တွေ ဒါမှမဟုတ် တခြားလုပ်စရာရှိတဲ့ ရက်တွေ... ဒါပေမဲ့ ကိုယ့် ခွင့်ရက်ကလဲ မလောက်ဖြစ်နေရင် MC (medical Certificate so called Sick leave) ယူလေ့ရှိကြမှာပါ... မဗေဒါအတွက်တော့ MC ယူလို့ ကိုယ့်ခွင့်ရက်တွေ မရော့သွားတာကို ကြိုက်ပင်မဲ့ တစ်ခါတစ်ခါ ယူလို့ ဆရာဝန်ရှေ့မှာ မရှိတဲ့ရောဂါကို အရှိလုပ်ပြီး လိမ်ရမှာကတော့ အတော်ခက်ခဲတဲ့ကိစ္စပါ... ခေါင်းကိုက်တယ်.. ခေါင်းမူးတယ်... ဗိုက်အောင့်တယ်... ၀မ်းလျှောတယ်ဆိုတာတွေက MC ရောဂါလို့ပြောရလောက်အောင် ရေပမ်းစားတဲ့ ရောဂါတွေပါ... အဲဒါတွေပြောရင်လဲ ဆရာဝန်တွေက နေကောင်းရက်နဲ့ MC လိုချင်လို့ လာမှန်း သိနေကြတော့ ကျောမလုံးပါဘူး... MC သွားယူတိုင်း အဲဒိ လိမ်ရမှာကို စဉ်းစားပြီး စိတ်လှုပ်ရှားတာလဲ MC ယူတဲ့ အခေါက်တိုင်းဖြစ်ပါတယ်... ဆေးခန်းမှာ တန်းစီပြီး ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေတဲ့ အချိန်ထိ "ငါဘာရောဂါပြောရင်ကောင်းမလဲ... ခေါင်းကိုက်တာက ဟိုတစ်ခေါက်က ပြောပြီးလို့ ထပ်မပြောတော့ဘူး... ၀မ်းလျှောတယ်ပြောရင်ကောင်းမလား... ဘယ်နှခေါက်ဝမ်းသွားလဲ မေးရင် ဘယ်လိုဖြေရင်ကောင်းမလဲ... ရောဂါက သိပ်မပြင်းရင်လဲ MC မပေးမှာ စိုးရသေးတယ်... ရောဂါတွေ အများကြီးပြောလိုက်တော့လဲ ပိုက်ဆံအများကြီးကျမှာ စိုးရသေးတယ်..." အဲဒါတွေစဉ်းစားရတာ အတော်လေး စိတ်ဖိစီးပါတယ်... အထူးသဖြင့် ကိုယ်က ကပ်စီးနည်းတော့ ကုမ္ပဏီဆေးခန်းမှာပဲ သွားပြလေ့ရှိပါတယ် (ကုမ္ပဏီဆေးခန်းက ပိုက်ဆံပေးစရာမလိုဘူးလေ)... အဲလိုဆေးခန်းဆိုရင် ဆရာဝန်ကနည်းနည်းရစ်ချင်ပါတယ်... ပေးလဲ ၁ရက်အလွန်ဆုံးပါပဲ...

အဲလို အဲလို စိတ်လှုပ်ရှားမှုတွေနဲ့ ဟိုးတစ်လောက MC သွားယူတော့ ဖြစ်ပုံက... ကိုယ့်အလှည့်ရောက်ခါနီးထိ ဘာရောဂါပြောရမှန်းကမသိဘူး... ပြီးတော့ နှစ်ကုန်ခါနီးပြီဆိုတော့ ကိုယ်ကလဲ ကျန်နေသေးသော များပြားလှတဲ့ MC ရက်ကလေးတွေ အလဟသတ်မဖြစ်အောင် မကြာသေးခင်ကမှ MC ယူထားသေးတော့ ဆရာဝန်က ကိုယ့်ကို မှတ်မိကောင်းမှတ်မိနေမှာ... မမှတ်မိရင်တောင် ကိုယ့်ရဲ့ Medical မှတ်တမ်းစာအုပ်ထဲမှာ မှတ်တမ်းက ရှိနေတာ... ဒီကောင်မလေး အပျင်းကြီးပြီး ဆေးခွင့်ပဲလာလာယူနေတယ် ဆိုပြီး အမြင်ကပ်ပြီး မပေးမှာလဲ ကြောက်ရသေးတယ်...

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်တော့ ဆရာဝန်ခန်းထဲဝင် ကိုယ့်ကိုကိုယ်လဲ သိပ်ပြီး အားနည်းပျော့ချိနေတဲ့ ပုံစံလေးနဲ့ပေါ့... (အဲဒိအချိန်မှာ ကိုယ့်ကိုကိုယ် ရုပ်ရှင် သရုပ်ဆောင်နေတယ်လို့ သဘောထားလိုက်တယ်... နောက်မို့ဆို လိမ်ရတာ စိတ်မလုံဘူး... ဟတ် ဟတ်...)
ဆရာဝန်ရှေ့ရောက်တော့ စိတ်ကလဲ နည်းနည်းတော့ မလုံမလဲပါဘဲ... သိပ်ပြီး အားနည်းချင်ယောင်ဆောင်ပြီး ပြောလိုက်မိတာက...

" I am having a HEARTACHE " (ကျမ နှလုံးသားတွေ နာကျင်နေတယ်)

အမှန်တော့ ပြောချင်တာက " I am having a HEAD Ache" (ကျမ ခေါင်းကိုက်နေတယ်)

အိုက်တင်ပိုသွားတာ တစ်ခါတည်း အဓိပ္ပါယ်ပါလွဲရော (သရုပ်ဆောင်လုပ်စားရင် ရုပ်ရှင်ကားမထွက်ခင် အကယ်ဒမီရမဲ့ လူစားမျိုး ခစ်... ခစ်).. ဆရာဝန်ကလဲ သိပ်အသက်မကြီးသေးတော့ မျက်လုံးပြူးပြီး...
" HEARTACHE??? " ဆိုပြီး သူ့ ရင်ဘတ်နားကို ကိုင်ပြလိုက်တယ်...
ပါးစပ်က ထွက်သွားတည်းက မှားသွားမှန်းသိပါတယ်... ဒါပေမဲ့ ဆရာဝန်ကများ မသိချင်ယောင်ဆောင်ပေးမလားလို့ Heartache မှတော့ ဆေးရုံပဲသွားတော့မှာပေါ့... ပိန်းလိုက်တာ...
သူကအဲလိုပြောတော့မှ ကျမလဲ ရှက်လိုက်တာပြောမနေပါနဲ့... 


" No!! No !!... I mean Head Ache" လို့ ပြန်ဖြေလိုက်တာများ စောစောက ဟန်ဆောင်နေတာတွေ ပျောက်ပြီး ဒေါင် ဒေါင်ကို မြည်နေတာ ပေါ်သွားရော... (သေသာ သေလိုက်ချင်တယ်... ရှက်လိုက်တာ လွန်ရော)

မသိရင် ဆရာဝန်ကို လာပြီး ရှိတ်နေတာ ကျနေတာပဲ... သူ့ကို မြင်တော့မှ Heartache ဆို မှားထွက်ရတယ်လို့... တကယ်ပါ သူ့မြင်ရင်တော့ လိမ်ရမှာရော MC မရမှာကိုရော စိတ်ပူပြီး ရင်ခုန်တာတော့ အမှန်...

ဒီတော့ ဆရာဝန်က ပြုံးပြီး... ကိုယ့်ရဲ့ Batch ကို ကြည့်ပြီး အလုပ်အဆင်ပြေရဲ့လားတဲ့... ဟိုတစ်လောက မင်းတို့အလုပ်မှာ လူတွေ ဖြုတ်တယ်ဆိုတဲ့...

ဒါနဲ့ ကျမလဲ မထူးတော့ပါဆိုပြီး ဟန်မဆောင်တော့ပဲ ပုံမှန်ပဲ ပြောတော့တယ်...
" ဟုတ်ကဲ့... အဲဒိ လူတွေဖြုတ်လိုက်လို့ ခု ကျန်တဲ့သူတွေက အလုပ်တွေ အများကြီးလုပ်နေရတယ်... ဇာတ်တိုက်လုပ်နေရလို့ ခုလို့ ခေါင်းကိုက်သွားတာ... " လို့...

သူက " အလုပ်မှာ ပင်ပန်းလို့လား " တဲ့...

ကျမလဲ နဲနဲတော့ ပိုပြောရတာပေါ့... အရမ်းပင်ပန်းတာပေါ့... အဲဒါကြောင့် တစ်ရက်တစ်လေ နားချင်လို့လို့... ခေါင်းကလဲ နည်းနည်းကိုက်တယ်ပေါ့...

ဒီတော့ ဆရာဝန်က ပြုံးစိစိနဲ့ ဘာမှတောင် မစမ်းဘူး... MC တစ်ရက်ကောက်ပေးလိုက်တယ်... ခါတိုင်းဆို ကိုယ်လိမ်နေမှန်းသိပင်မဲ့ အာသီးလေးကြည့်... နားကျပ်လေးနဲ့ ဟိုစမ်းဒီစမ်းလုပ်သေးတယ်... ဒီနေ့တော့ Heartache ဆိုတဲ့ ရောဂါကို အတော်သဘောကျသွားတယ်ထင်တယ်... MC တန်းပေးလိုက်တယ်... အမြဲတမ်း Heartache ဆိုရင်တော့ ပေးမယ်မထင်ဘူး...

ဒါပေမဲ့ အဲနေ့ကစပြီး ဆရာဝန်ကို မျက်နှာပူလို့ ဟိုနေ့က MC ယူတာတောင် တခြားဆေးခန်းမှာ ပိုက်ဆံပေးပြီးပဲ သွားပြလိုက်တယ်... အင်း... နောက်တစ်ခါ ယူမယ်ဆိုရင်တော့ သူ့ဆီပြန်သွားလို့ ရတန်ကောင်းပါရဲ့... မေ့လောက်ရောပေါ့နော်... နောက်တစ်ခါ ဘာရောဂါပြောရင်ကောင်းပါ့... အကြံဥာဏ်လေးများပေးကြပါအုံး... MC ၂ရက်ရမဲ့ ရောဂါမျိုးဆို ပိုကောင်း... ဟတ် .. ဟတ်... ဒီဇင်ဘာဆိုရင် လူက Holiday mood ဖြစ်ပြီး အလုပ်လုပ်ချင်စိတ်ကို မရှိဖြစ်နေတာ... ခရီးသွားဖို့ပဲ စိတ်ရောက်နေတယ်...

Tuesday, November 24, 2009

SITEX 2009 IT show at EXPO

"ရှိပူရသေး... မရှိကုန်မှအေး" ဆိုတာ မဗေဒါ ပိုက်ဆံကုန်ဖို့ အကြောင်း ဇာတ်တိုက်ဖန်လာရင် စိတ်တိုတိုနဲ့ မြည်တွန်တောက်တီးတတ်တဲ့ စကားတစ်ခွန်းပါ... ပိုက်ဆံများ ကုန်မယ်ဆိုရင် အစုလိုက် အပြုံလိုက် ဇာတ်တိုက်ကို ကုန်တာပါ...
ဘာလီထဲက ပြုတ်ကျသွားလို့ Touch screen အလုပ်မလုပ်တော့တဲ့ ကျမရဲ့ ဗွီဒီယိုကင်မရာကို အပျင်းကြီးတာရော... အလုပ်ရှုပ်နေတာရောကြောင့် ပြင်ဆိုင် မပို့ဖြစ် မပို့ဖြစ်နဲ့ ဖြစ်နေတာ... ခု နောက်လထဲ ခရီးသွားစရာတစ်ခုရှိလာလို့ ဗွီဒီယိုကင်မရာလေး သွားပြင်မယ်ဆိုတော့ Service Center က ကိုယ်သွားတဲ့နေ့ကျမှ နေရာပြောင်းသွားတယ်... သူငယ်ချင်းတွေကပြောတော့လဲ အဲဒါပြင်တာက အသစ်ဝယ်တဲ့ ဈေးရဲ့ တစ်ဝက်လောက်ကျမှာတဲ့... အဲဒါတော့ သိပါတယ်... ဒါပေမဲ့ ကျန်တာအကောင်းပဲရှိသေးတော့ ကိုယ့်ကင်မရာလေး မပြစ်ရက်ဘူးလေ... ဒါပေမဲ့ အဲဒါပြင်ရင် ၁လက နေ ၃လလောက် ထိကြာမယ်ဆိုတော့ ခရီးသွားမဲ့ အချိန်ကို မမှီဘူး... မဗေဒါတို့ကလဲ ခရီးသွားလို့ ဗွီဒီယိုကင်မရာ မပါရင် ပျော်ကို မပျော်တာ... ဘာလီမှာလဲ ကင်မရာ ပျက်သွားပြီးထဲက စိတ်ထဲမှာ အောင့်သက်သက်နဲ့ လွှတ်မပျော်နိုင်ခဲ့ဘူး... ဒီလိုနဲ့ပဲ ကင်မရာ ခပ်သေးသေး အသစ်တစ်လုံး ထပ်ဝယ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်... အဟောင်းကိုလဲ ပြင်မယ်ပေါ့...

IT show လေးရှိရင်ကောင်းမှာပဲလို့ တွေးနေတုံး ကံကောင်းချင်တော့ လာမဲ့ စနေနေ့ ရှိတယ်တဲ့ဗျား... ဒီလိုနဲ့ ၀ယ်တော့မယ်ပေါ့... ခုတစ်လောလဲ ရန်ကုန် ပိုက်ဆံလွှဲမယ်ကြံလိုက်ရင် ဒေါ်လာဈေးတွေက အဝေစိကျနေတော့ အတော်ညစ်တယ်... မြန်မာပြည်က မိဘမဲ့ကလေးကျောင်းဖြစ်ဖြစ်... Disable ကျောင်းဖြစ်ဖြစ် တစ်ခုခုကို လှူမလို့ဟာ... ငွေဈေးကျတော့ များများမရဘူး... ကိုယ့်စေတနာမှန်ရင် ငွေဈေးပြန်တက်ပါစေလို့တော့ ဆုတောင်းတာပဲ... (ခုတော့ နဲနဲပြန်တက်လာပြီ)...

ဒီလိုနဲ့ ပိုက်ဆံများကုန်ချင်တော့... ပျက်ဖို့ မျှော်လင့်နေတဲ့ အချိန်တော့ မပျက်ပဲနဲ့... ခု ပိုက်ပိုက်လိုနေတဲ့ အချိန်ကျမှပဲ... ဟိုနေ့က ရုပ်ရှင်ကြည့်နေတုံး ရုတ်တရက်ကြီး ကျမ ကွန်ပြူတာကြီးပိတ်သွားရော... ပြီးလဲပြီးရော ၀ါယာညှော်နံ့တွေထွက်လာပြီး နေ့ချင်းညချင်း ကွန်ပြူတာကလဲပျက်... ဒီတော့ အဲဒါကလဲ ထပ်ဝယ်ရအုံးမယ်... ကွန်ပြူတာသာ သုံးတာ ကွန်ပြူတာအကြောင်းလဲ ကိုယ်က ဒီလောက်သိတာမဟုတ်... ပြင်ရင်တော့ ရကောင်းရနိုင်ပါတယ်... IT show ရှိတယ်ဆိုတော့ အသစ်ဝယ်ဖြစ်မလားတော့ မသိဘူး... Laptop ၀ယ်ရင် ကောင်းမလား... Desktop ၀ယ်ရင်ကောင်းမလား စဉ်းစားမရဖြစ်နေတယ်... မရှိကုန်မှအေးပဲ... ၀ယ်ပြစ်မယ်... ညစ်တယ်... လိုချင်တာကတော့ Mac Book... ဒါပေမဲ့ Mac Book နဲ့ ပတ်သတ်တာလဲ ဘာမှမသိဘူး... သုံးလဲ မသုံးတတ်ဘူး... ဘာလို့လိုချင်လဲဆိုတော့ Mac Book က ဗွီဒီယိုအက်ဒစ်တင်းတို့ Graphic တို့ ကောင်းတယ်လို့ပြောကြတာပဲ... Laptop ၀ယ်လိုက်ရင် အိမ်က ရှိတဲ့ LCD monitor က အလကား အပိုဖြစ်သွားမှာလဲ စိုးတယ်... ဂီးးးးးးး.... ဘာလုပ်ရမှန်းသိတော့ဘူး...

ဒါတွေထားလိုက်ပါတော့.... IT show အကြောင်း စကားစပ်မိတော့ အားလုံးကို Info လေး ဝေမျှလိုက်ပါအုံးမယ်... လာဝယ်ကြနော်... မဗေဒါတော့ အဲကို သွားဖြစ်မှာ သေချာတယ်...

SITEX 2009
26 November 2009 - 29 November 2009

Event type : IT & Electronics
Venue : Expo Hall 5 ,6 & Foyer 2 Level 1
Admission : Public - Free Admission
Event Schedules : Time: 11am to 9pm

ရောင်းချမဲ့ လူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေက....

MP3/4/5, Digital Music Technology, Digital Art Technology, Automobile Electronics, Sports Electronics, IT/New Media Education, Smart Home, Animation, Camera and Camcorder, Computer and Hardware, Gaming, Home Entertainment, Mobile Communications.

Friday, November 13, 2009

Haeundae Tsunami (K-Movie)

ဒီနေ့ အပြင်သွားရင်း VCD ဆိုင်တစ်ခုမှာ ဆူနာမီအကြောင်းရိုက်ထားတဲ့ ကိုရီးယားကားပြနေတာ လူတွေအုံနေတာပဲ... ကျမလဲ ၀င်ကြည့်ဖြစ်ခဲ့တယ်... ကြည့်လိုက်တော့မှ ရုံတင်တုန်းက ကြည့်မယ်စိတ်ကူးပြီး မကြည့်ဖြစ်လိုက်တာ နာသွားတယ်... မင်းသားတွေထဲမှာ ကျမ အကြိုက်ထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Lee Min Ki ပါနေလေရဲ့... မင်းသမီးထဲမှာတော့ Ha Ji Won ပါတယ်... သူ့ကိုလဲ ကြိုက်တယ်... သူလဲ နာမည်ရ မင်းသမီးတစ်ယောက်ပဲ... နောက်မင်းသမီးက Uhm Jung-hwa (Get Karl, Oh song Joo) ထဲက မင်းသမီးလေ... သူ့ကိုလဲ ကြိုက်တယ်... မင်းသားထဲမှာတော့ လီမင်ကီးပဲ ချောချောမောမောပါတယ်... ကျန်တဲ့မင်းသားတွေက ရုပ်ဆိုးတယ်... ဒါနဲ့ အိမ်ပြန်ရောက်တော့ အဲဒိကားကို ရှာရင် Youtube မှာ အင်္ဂလိပ်စာတမ်းထိုးနဲ့ သွားတွေ့တယ်... ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်...

ဒါပေမဲ့ ဇာတ်လမ်းက အစပိုင်းမှာ နဲနဲနှေးတယ်... အိပ်တောင် အိပ်ငိုက်သွားသေးတယ်... နောက် ဆူနာမီလာတော့ တချို့ effect တွေက အရမ်းသိသာလွန်းတယ်... အနောက်တိုင်း Action ကားတွေလောက်တော့ မပီပြင်ဘူး... ဒါပေမဲ့ Over All ကို ပြန်ကြည့်မယ်ဆိုရင်တော့ Entertaining တော့ဖြစ်ပါတယ်... ဘာပဲပြောပြော Asian ထဲက အဲလိုကားမျိုး ရိုက်လာတာ ဂျပန်နဲ့ ကိုရီးယားပဲရှိသေးတယ်လေ... နောက်ထပ် တိုးတက်လာမယ်လို့မျှော်လင့်ပါတယ်... Youtube က Video ကို ဒီမှာ တင်လိုက်ပါတယ်...

Spoiler... Pls select below words to read

တောက်... လီမင်ကီးသေသွားတာတော့ လုံးဝမကျေနပ်ဘူး...























Thursday, November 12, 2009

Shining Inheritance မင်းသားလေးနဲ့ Swine Flu


Shining Inheritance က မင်းသား Lee Seung-gi ကို ကြိုက်တဲ့ ပရိတ်သတ်များအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုပြောစရာရှိပါတယ်...

အဆိုတော် ရုပ်ရှင်သရုပ်ဆောင် Lee Seung-gi ဟာ Swine flu (၀က်တုတ်ကွေး) ကြောင့် သူ့ရဲ့ Activities တွေ အကုန်လုံးကို ဖျက်သိမ်းပြစ်လိုက်ရတယ်လို့ ကြားသိရပါတယ်...

နိုဝင်ဘာ ၁၁ရက်နေ့ သတင်းဋ္ဌာနများအရ မင်းသား Lee Seung-gi ဟာ 1 night 2days ဆိုတဲ့ Variety Show ကို ရိုက်အပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ခေါင်းကိုက် ချောင်းဆိုးကာ အဖျားကြီးစွာတတ်ခဲ့ပါတယ်... သူ့ကို Seoul Hospital ရဲ့ အရေးပေါ်ကို တင်အပြီး နိုဝင်ဘာ ၁၀ရက်နေ့မှာ Swine flu Positive ဆိုတဲ့ အဖြေကို ရရှိခဲ့ပါတယ်...

သူပါဝင်နေတဲ့ အစီအစဉ်က ပရိုဂျူဆာတွေအားလုံးကို မင်းသားရဲ့သတင်းကို အသိပေးခဲ့ပါတယ်... 1 Night 2 Days ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက "ဒီ အစဉ်အစီဟာ ၂ပတ်မှ ၁ခါရိုက်တာဖြစ်တဲ့အတွက်ကြောင့် နောက် ၂ပတ်ကျရင် မင်းသား ပြန်လည်နေကောင်းနိုင်မနိုင်ဆိုတာကို သေချာမသိရသေးပါဘူး" လို့ ပြောခဲ့ပါတယ်...

Lee ဟာ လတ်တလောမှာ SBS ရဲ့ Variety Program ဖြစ်တဲ့ Strong Heart ဆိုတာမှာ Co-Host အဖြစ်ပါဝင်ထားပါတယ်... ထိုရှိုး တာဝန်ခံ ဒါရိုက်တာက ဒီအပတ်အတွင်းမှာ ရိုက်ကွင်းမရှိသေးတာကြောင့် ပြဿနာကြီးကြီးမားမား မရှိလောက် ဟု ပြောကြားခဲ့ပါတယ်...

သို့သော် Lee ရဲ့ November 14 ရက်နေ့ LA, Hollywood Bowl မှာ Sohn Dam-bi နဲ့ အတူပြုလုပ်မဲ့ စတိတ်ရှိုးကို ဖျက်ပစ်လိုက်ရကြောင်း သိရှိရပါတယ်... ထို ရှိုးအတွက် Lee ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ LA ကို သွားရန် စီစဉ်ထားပြီးမှ ဖျက်သိမ်းလိုက်ရကြောင်း စိတ်မကောင်းစွာသိရှိရပါတယ်... သူ့ရဲ့ Management ဆုံးဖြတ်ချက်အရ လတ်တလော အခြေအနေမှာ သူ့ကို လူအများနဲ့ ပတ်သတ်တွေ့ကြုံရမဲ့ နေရာတွေကနေ ဝေးဝေးထားခြင်းသည် အကောင်းဆုံးဖြစ်သဖြင့် ဘယ်ခရီးစဉ်မှကို သွားမည်မဟုတ်ကြောင်း ကြေငြာခဲ့ပါသည်...

News Source and Photo From
: http://www.dramabeans.com/

စာကြွင်း : Shining Inheritance က မင်းသားလေးကို ကြိုက်တယ်လို့ ပြောသွားတဲ့ :) သူ့အတွက် သတင်းကို တွေ့လို ပြန်လည်ဝေမျှလိုက်တာပါ... စိတ်မကောင်းစရာပါပဲ...

Monday, November 09, 2009

Tokyo Disney Sea 3 (သို့) ဂျပန်ခရီးစဉ် Day 4

ဂျပန်သွားခဲ့တာလဲ ခုဆို တစ်နှစ်ကျော်နေပြီ ခုထက်ထိ ဒီ ဒုတိယမြောက်နေ့ ဒစ်စနေစီးက မတက်သေးဘူး... အရင်ပိုစ့်မှာတုန်းက အရမ်းကို သတိရစရာတွေများပြီး ရေးလိုက်တာ အသေးစိတ်ဖြစ်ပြီး လက်လွန်သွားတယ်... ခု ဒီပိုစ့်မှာတော့ အမြန်ရေးလိုက်ပြီး ဒစ်စနေစီးကို အပြီးသတ်ချင်နေပြီ... ဒါမှ နောက်ရက်တွေ အကြောင်းကို မြန်မြန်ရေးလို့ရမည်...

ဒစ်စနေစီး အကြောင်း အပိုင်း ၁ (ဗွီဒီယိုနှင့်တကွ) နှင့် အပိုင်း ၂ ကို စိတ်ဝင်စားလျှင် ကလစ်နှိပ်ပြီး သွားဖတ်ကြည့်နိုင်သည်...

Journey to the center of the Earth ကို စီးအပြီး ကျမတို့ သူငယ်ချင်း ၂ယောက် ဒစ်စနေစီး အနောက်ဘက်ပိုင်းရှိ Indiana Jone နဲ့ Lost River delta ဆိုတဲ့ ရှေးခေတ် ပစ်ရမစ်ပုံဆောက်ထားတဲ့နေရာကို ဆက်သွားစီးကြတယ်... Indiana Jone မှာ တန်းစီလိုက်ရတာနဲ့ စီးပြီး အပြင်ပြန်ထွက်လာတော့ ညမှောင်နေပြီ... ဂျပန်က မိုးချုပ်တာ အရမ်းမြန်တာပဲ... မဗေဒါသွားတဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလောက်က ညနေ ၅နာရီခွဲလောက်ဆို စကာင်္ပူရဲ့ ၇နာရီလောက်ရှိတယ် မှောင်တာ... Indiana Jone က ရုပ်ရှင်ထဲက ကားပုံစံကြီးအတိုင်းစီးရတယ်... အထဲမှာ ပြင်ထားတာတွေရော စီးရင်းနဲ့ ရတဲ့ ခံစားမှုရော... တီးလုံးတွေရောကတော့ ဘေးမှာ ဟယ်ရစင် ဖို့စ် ရောက်နေတဲ့အတိုင်းပဲ.. ဟဲ.. ဟဲ...




အပြင်ပြန်ထွက်လာတော့ သူများတွေစားတဲ့ ဘာမုန့်မှန်းတော့မသိဘူး.. လှည်းလေးနဲ့ရောင်းတယ်... စားကောင်းမဲ့ပုံပဲ ဗိုက်လဲဆာနေတာနဲ့ ၀ယ်စားလိုက်တယ်.. hot dog လိုပုံမျိုးကို အပြင်က ပေါင်မုန့်မဟုတ်ပဲ မုန့်နှစ်တစ်မျိုးနဲ့ လိပ်ထားတာ... အဲဒါကလဲ ဈေးအတော်ကြီးသဗျိုး... ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး... ဈေးကြီးတာပဲ မှတ်မိတယ်.... နောက်ပြီး ဘေးက ပစ်ရမစ်ပုံဟောင်းကြီးလိုမျိုး ဆောက်ထားတဲ့ နေရာ လူရိုင်းတွေ ကျေးရွာလိုပဲ မီးတွေလဲတောက်နေတယ်... အဲဒိမှာ ဘာမှန်းမသိပင်မဲ့ သွားတန်းစီလိုက်တယ်... အဲဒါကတော့ ရိုးရိုး roller coaster ပါပဲ... အရမ်းတော့ မထူးဆန်းဘူး... ဒါပေမဲ့ စိတ်လှုပ်ရှားဖို့တော့ ကောင်းပါတယ်...

ဒီလိုနဲ့ လာလမ်းအတိုင်း ဖြည်းဖြည်းချင်းပြန်လျှောက်ပြီး လမ်းမှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေကို ဟိုငေးဒီငေးပေါ့... ဈေးတွေကတော့ လန်ထွက်နေတယ်... ဟန်းဖုန်းချိတ်တာမျိုးလေးကိုတောင် ဂျပန် ယန်း ၃၀၀၀ လောက်ရှိတယ်... စကာင်္ပူ ၄၅ ဒေါ်လာလောက်သွားကျတယ်... သူငယ်ချင်း ၂ယောက်လုံးကလဲ ကပ်စေးနဲဆိုတော့ ဘာမှကို မ၀ယ်ဘူး... ဒီလိုနဲ့ မစီးဖြစ်ခဲ့လိုက်တဲ့... Port discovery ဆိုတဲ့ နေရာ သိပ္ပံစခန်းလိုဆောက်ထားတဲ့ နေရာကို ပြန်သွားပြီး တန်းစီလိုက်တယ်... အဲဒါ စီးဖို့ကံမပါတော့ တန်းစီနေတုန်းပဲ ရှိသေးတယ် မိုးကရွာပါလေရော... အစကတော့ ဖွဲဖွဲလေးမို့လို့ ၂ယောက်သား ပေပြီး ရပ်နေသေးတယ်... နောက်တော့ နဲနဲသဲလာတော့ ပလပ်စတစ်တွေ ခေါင်းစွတ်ပြီးရပ်တယ်... ဒါပေမဲ့ ရာသီဥတုကအေးပြီး မိုးက ပိုသဲလာတော့ မနေနိုင်တော့ပဲ တန်းစီရာက ထွက်ပြီး အမိုးအောက်မှာ ဖုန်းရုံလေးနားမှာ မိုးသွားခိုရင် စကားအေးဆေးထိုင်ပြောဖြစ်ကြတယ်... မိုးကတော်တော်နဲ့ တိတ်မဲ့ပုံမပေါက်တာနဲ့ နဲနဲ စဲလာတော့... အနားမှာရှိတဲ့ လက်ဆောင်ပစ္စည်းဆိုင်ကို ပြေးပြီး ထီးဝယ်ဖြစ်ခဲ့တယ်... လက်ဆောင်ပစ္စည်း ၀ယ်ဖို့ကံပါချင်တော့ အဲလိုဖန်လာတာ... ထီးကို ရိုးရိုး ခေါက်ထီးလှလှလေးတွေမ၀ယ်ပဲ အမှတ်တရအနေနဲ့ ဒစ်စနေလမ်း တံဆိပ်ပါတဲ့ ထီးခေါက်ကြီးတွေပဲ ၀ယ်လိုက်တယ်... အဲဒါက ယမ်း ၁၀၀၀ လား ၁၅၀၀ လားမသိဘူး ကျတယ်... စကာင်္ပူ ဒေါ်လာ ၁၅ကျပ်လောက်ရှိတယ်... ထီးခေါက်ကို အဲလောက်ပေးရတာတော့ ဈေးကြီးတယ်ထင်တာပဲ... ဒါပေမဲ့လဲ ဒစ်စနေလမ်းတံဆိပ်ဆိုတော့ အမှတ်တရပေါ့လေဆိုပြီး ကပ်စီးနဲသူငယ်ချင်း ၂ယောက် ၁ယောက်တစ်ချောင်း လက်ဆောင်ပစ္စည်းဝယ်ရင်း ဆိုင်ထဲမှာ ဟိုကြည့်ဒီကြည့်လုပ်ပြီး အားရတော့ ဆိုင်ပြင်လဲထွက်လိုက်ရော မိုးကတိတ်နေပြီ... စီးတဲ့ စက်တွေကလဲ ရပ်နေပြီ... ဒီလိုနဲ့ ပန်းခြံအ၀င်ဝဘက်ကိုပဲ ပြန်လျှောက်လာကြတယ်...

ဘာမှ စီးစရာမကျန်တော့ပင်မဲ့ ပန်းခြံထဲက မြစ်ကိုပတ်တဲ့ လှေရှိသေးတာနဲ့ ၀င်စီးပြီး ပန်းခြံတစ်ပတ်ပတ်လိုက်သေးတယ်... ဟဲ... ဟဲ... ပြီးတော့ Columbia သဘောင်္ကြီးပေါ်တက်ကြည့်ပြီး ဓာတ်ပုံရိုက် ဟိုကြည့်ဒီကြည့်ပေါ့... အဲပေါ်မှာတော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး.. တကယ့်သဘောင်္ပုံစံအတိုင်းဆောက်ထားပြီးတော့ နေ့ဘက်ဆိုရင်တော့ ဓာတ်ပုံရိုက်ကောင်းမယ်ထင်တယ်... နောက်ပြီး စားသောက်ဆိုင်တွေများတယ်...

အဲဒိ သဘောင်္ပေါ်က ပြန်ဆင်းလာတော့ မထင်မှတ်ထားပဲ... မီးရှူးမီးပန်းတွေဖောက်တာကို သူငယ်ချင်း ၂ယောက် အတူတူ ခံစားခဲ့သေးတယ်... ကောင်းကင်ပေါ်မှာ လှသလားမမေးနဲ့ လူကလဲ ရှင်းစပြုနေပြီလေ... အကြာကြီးပဲ... နောက်ပြီး ပြန်ခါနီးလေးမှာမှ သရဲအိမ်က ဖွင့်သေးတယ်ဆိုလို့ နောက်တစ်ကြိမ်ထပ်စီးလိုက်သေးတယ်... ဟဲ... ဟဲ...

ဘယ်လိုပဲဖြစ်ဖြစ် အဲဒိ နေ့လေးဟာ ကျမနဲ့ သူမ သူငယ်ချင်းသက်တမ်းတစ်လျှောက် ရှိခဲ့ဖူးသမျှ အမှတ်တရတွေထဲမှာ လွတ်လပ်မှု စည်းလုံးမှု စိတ်တူကိုယ်တူရှိခဲ့တဲ့ အထင်ကရ နေ့လေး အနေနဲ့ ကျမရော သူမပါ အမှတ်ရနေမှာ အမှန်ပါပဲ...

Sunday, November 08, 2009

သက်ဆိုင်သူသို့

တိုးတိုးအာလူးကြော် ထုတ်လုပ် ဖြန့်ချိမှုနှင့် သက်ဆိုင်သူများရှင့်/

အကြောင်းအရာ။ ။ တိုးတိုးအာလူးကြော် အရည်အသွေးနှင့် အရည်အတွက်များ ကျဆင်းမှုကို ပြုပြင်စေလို...

ကျမဟာ တိုးတိုးအားလူးကြော်ကို တစ်ထုတ်လျှင် မြန်မာငွေ ၇ ကျပ်ပေးရတဲ့ အချိန်ထဲက... တစ်ရက်လျှင် မုန့်ဖိုး ၅ ကျပ်သာ ရခဲ့သော်လည်း... ၁ရက်ကို တခြားဘာမုန့်မှ မစားပဲ ၂ရက်စာမုန့်ဖိုးနဲ့ စုပြီး အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ဦးပါ... ထိုအချိန်က တိုးတိုးအားလူးကြော်ဟာဆိုရင် ပလတ်စတစ် အကြည်ထုတ်လေးထဲမှာ ပြည့်ကျပ်နေအောင်ထည့်ထားပြီး တစ်ထုတ်စားလိုက်လျှင်ပဲ ကျမအတွက် လိုချင်တဲ့ အရသာထိမိပြီး အာသာပြေလှပါတဲ့အတွက် ၂ရက်မှ ၁ခါ စားရကျိုးနပ်ပါပေတယ်... အိမ်မှ ထမင်းဟင်းမကောင်းဘူးဆိုရင်လဲ တစ်ခြားဟင်းဆိုရင်သာ ဂျီးများခဲ့ပင်မဲ့ မေမေက လမ်းထိပ်က ကုလားပဲဟင်းနဲ့ တိုးတိုးအာလူးကြော်ဝယ်ပေးလိုက်ရင် ကျမအတွက် ထမင်းမိန်စေခဲ့တာ အမှန်ပါပဲ...

မုန့်ဆိုင်ရောက်ရင် တခြားဟာဝယ်ဖို့တွေဝေပင်မဲ့ တိုးတိုးအာလူးကြော်မပါတဲ့ အခေါက်တော့ မရှိပါဘူး... ဒီလိုအားပေးလာခဲ့တာ တိုးတိုးအာလူးကြော်ဟာ ၇ကျပ်ကနေ ၁၀ကျပ်... ၁၀ ကျပ်က နေ ၁၅ကျပ်... ၁၅ ကျပ်ကနေ ၂၅ကျပ်... (ယခု မြန်မာပြည်တွင် တိုးတိုးအာလူးကြော် တစ်ထုတ် ဘယ်လောက်လဲမသိတော့ပါ... နောက်ဆုံး ရန်ကုန်ပြန်တုန်းကတော့ ၁၀၀ လား ၁၅၀လားရှိပါတယ်) ကျမအသက်ကြီးလာတာနဲ့ အမျှ တိုးလာတဲ့ ကျမရဲ့ မုန့်ဖိုးတွေကလဲ တိုးတိုးအာလူးကြော်ရဲ့ တိုးလာတဲ့ ဈေးနှုန်းကြောင့် ကုန်နေခဲ့တာ အမှန်ပါ... သို့သော် ကျမတစ်စက်လေးမှ မညဉ်းမငြူ ဖြတ်တောက်မပြစ်ပဲ စားသုံးခဲ့ပါတယ်...

ယခင်က တိုးတိုးအာလူးကြော်ဟာဆိုလျှင် လတ်ဆတ်ပြီးအနာအဆာကင်းတဲ့ အာလူး ကြွတ်ရွရွရယ်... တစ်ထုတ်မှာ ၁ခုပဲ အမြဲပါတတ်တဲ့ ကြက်သွန်ကြော်မွှေးမွှေးလေးရယ်... ၁ထုတ်ဆိုလျှင်ဆိုသလို အာသာပြေလောက်တဲ့ အရည်အတွက်ပါရှိတဲ့အတွက် ဒီအာလူးကြော်ကို ထုတ်လုပ်တဲ့ လူကြီးမင်းတို့ရဲ့ စေတနာကို စားသုံးသူတစ်ယောက်အနေနဲ့ အာလူးကြော် အဖတ်တိုင်း.. ငရုတ်သီးအဖတ်တိုင်း... ကြက်သွန်ကြော်မွှေးလေး တစ်ဥတိုင်းမှာ ခံစားလို့ရပါတယ်...
စားသောက်ကုန်ထုတ်လုပ်သူများဟာ တစ်ခြားအရာထုတ်လုပ်သူတွေထက် တစ်ချက်သာတာက စားသုံးသူအပေါ်ထားရှိတဲ့ စေတနာပါ... စေတနာအပြည့်နဲ့ချက်တဲ့ မိခင်လက်ရာကို ဘယ်ကမ္ဘာကြော်စားဖိုမှူးမှ အံမတုနိုင်တာဟာ အစားအသောက်ချက်တဲ့သူရဲ့ စေတနာဟာ စားသုံးသူအပေါ် ဘယ်လောက်သက်ရောက်တယ်ဆိုတဲ့ အကောင်းဆုံးဥပမာပါပဲ...

သို့သော် ယခုအခါမှာ တိုးတိုးအာလူးကြော်ဟာ ယခင်နဲ့မတူပဲ အရည်အသွေးရော အရေအတွက်ပါ လျော့ကျလာတာတွေ့ရပါတယ်... အရေအတွက်ဆိုရာမှာ ထုတ်လုပ်မှု အရေအတွက်မဟုတ်ပဲ အထုတ်တစ်ထုတ်မှာ ပါဝင်မှုအရည်အတွက်ကို ဆိုလိုပါတယ်... အာလူးကြော်တစ်ထုတ် ၂၅ကျပ်ဖြစ်တဲ့အချိန် (ကျမစိတ်ထင် ၂၀၀၀ခုနှစ်နောက်ပိုင်း) မှာ အားလူကြော်ထုတ်ပိုးမှုကို နိုင်ငံခြားအဆင့်မှီအောင် ယခုကဲ့သို့စတင်ထုတ်ပိုးခဲ့တာကို သတိထားမိခဲ့ပါတယ်... ကိုယ်စားနေကျ အာလူးကြော်တံဆိပ်လေး အဆင့်မှီထုတ်ပိုးလာတဲ့အတွက် ကျမ ထိုအချိန်က ၀မ်းသာပီတိဖြစ်ခဲ့ပါတယ်... ထို့အတွက်ကြောင့် ၂၅ကျပ်ဖြစ်သွားတာကိုလဲ မညဉ်းငြူခဲ့ပါဘူး... သို့သော် ထို ထုတ်ပိုးမှုပုံစံကို ပြောင်းပြီးနောက်ပိုင်းမှာတော့ အတွင်းပိုင်းကို မမြင်ရတာတစ်ကြောင်း လေထိုးပြီး အထုတ်ကြီးဖောင်းနေတဲ့အတွက် တစ်ကြောင်း အတွင်းပိုင်းမှ အာလူးကြော် ပါဝင်မှု အရည်အတွက်ကို ခိုသထက်ခိုလာပါတယ်... ဒီလိုဖြစ်လာတာကို ကျမလို အစဉ်အမြဲ စားသုံးသူတစ်ယောက် အနေနဲ့ ချက်ချင်း သတိထားမိသော်ညား ဆက်လက် သည်းခံကာ စားသုံးခဲ့ပါသေးတယ်...

သို့သော် ယခုအခါမှာတော့ တိုးတိုးအာလူးကြော်ထုတ်လုပ်သူရဲ့ စေတနာကို လုံးဝ လုံးဝ ခံစားလို့မရတော့တဲ့အပြင်... စားသုံးသူတွေကို တဖြည်းဖြည်းနဲ့ စော်ကားလာတယ်ဆိုတာ သတိပြုမိလာပါတယ်... စကာင်္ပူကို ရောက်တော့ ယခင် မြန်မာပလာဇာမှာ မရောင်းခင်တုန်းက အိမ်ကို အမြဲ လူကြုံနဲ့ ထည့်ခိုင်းပြီးစားပါတယ်... ယခု ပင်နီဇူလာပလာဇာမှာ ၁ထုတ်ကို စကာင်္ပူ ပြား ၅၀ (မြန်မာငွေ ၃၆၅ကျပ် တန်ဖိုးရှိ) နဲ့ ၀ယ်စားပါတယ်... လေယာဉ်ပျံတွေ သဘောင်္တွေစီးလာတဲ့ အာလူးကြော်မို့ ပြား ၅၀ဆိုတာကို လက်ခံနိုင်ပါတယ်... (ဟိုတစ်လောက ဆိုင်၁ဆိုင်မှာ ၁ကျပ်နဲ့ ရောင်းလို့ ၀ယ်မစားခဲ့ပါဘူး...)

ယခုတိုးတိုးအာလူးကြော်ရဲ့ အရည်အသွေးဟာ မကောင်း မလတ်ဆတ် အနာအဆာပါသော အာလူးများကို အသုံးပြု၍လားမသိ အာလူးတွေဟာ ပဲ့ရွဲ့နေတာပါပဲ... ဒါကလဲ အာလူးအကြေကြော်မို့ လက်ခံလို့ရတယ်ထားအုံး... မဲတူးပြီး အာလူးကြော်အတူးတွေ ဖြစ်လာတာကတော့ သည်းခံနိုင်တဲ့ အတိုင်းအတာကို လွန်လာပါတယ်... ယခင်က ကျမအကြိုက်ဆုံး ၁ထုတ်လုံးမှာ ၁ဥပဲပါတတ်တဲ့ ကြက်သွန်ကြော်လေးဟာလဲ ဘယ်ဘ၀ ဘယ်ဋ္ဌာနီကိုပြောင်းပြီး တိုးတိုးအာလူးကြော်မှာ အရင်က ကြက်သွန်ကြော်ပါပါတယ်ဆိုတာ ကျိမ်ပြောရင်တောင် ယုံကြမှာမဟုတ်တော့ပါဘူး...

အဆိုးဆုံးကတော့ အထုတ်တစ်ထုတ်မှာ ပါဝင်တဲ့ ပမာဏက ယခင်ရဲ့ ၃ပုံ ၁ပုံနီးပါးလောက်လေးသာရှိတော့တာပါ... ယခင်က ၁ထုတ်စားလိုက်ရင် တင်းတိမ်သွားပင်မဲ့... ခုမှတော့ အာလူးကြော် ၁ထုတ်စားပြီးတာတောင် ဘယ်လိုကုန်သွားမှန်းမသိလို့ အထုတ်များပေါက်နေသလားလို့ ပြန်ကြည့်ရတဲ့ အဖြစ်ကိုရောက်နေပါတယ်... အထုတ်ကြီး ကြီးနေလို့ စားသုံးသူက သတိမပြုနိုင်လောက်ဖူးမထင်ပါနဲ့... စားသုံးသူတွေက ငတုံးမဟုတ်ပါဘူး...

ထို့အတွက် အကြံပေးလိုတာက ယခင်လိုသာ စေတနာရှေ့ထားပြီးထုတ်လုပ်ပေးမယ်ဆိုရင် ကိုယ့်စေတနာ အကျိုးပေးပြီး ဒိထက်အောင်မြင် ချမ်းသာမှာပါ... သို့သော် ယခုအတိုင်းဆက်လက်ထုတ်လုပ်နေမည် ဆိုပါက ကျမကဲ့သို့ အစဉ်အမြဲအားပေးနေသော ပရိတ်သတ်များကို မျက်လုံးထဲမထား စော်ကားသည်ဟု ခံစားရသဖြင့်... တိုးတိုးအာလူးကြော် သုံးစွဲမှုကို ဖြတ်တောက်သင့် ဖြတ်တောက်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်...

လူ ၁ ယောက်မစားလို့ သင်တို့ စီးပွားရေ မထိခိုက်နိုင်ပါဘူးဆိုပြီး မထိမဲ့ပြုံး မပြုံးပါနဲ့... ကျမပြောခဲ့ သလို စားသောက်ကုန်ဟာ စေတနာပေါ်အဓိက အရင်းတည်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် စေတနာအကျိုးပေးပါလိမ့်မယ်... ကျမ မစားတော့ဘူးဟု ဆုံးဖြတ်သော်ငြား သင်တို့ စီးပွားရေးကို ထောက်ငံ့သောအားဖြင့် ကျမသူငယ်ချင်းများထဲတွင် စားသုံးသူရှိပါက တားမြစ်မည်တော့ မဟုတ်ကြောင်းကို စိတ်အေးစေလိုပါတယ်... သို့သော် ထိုစားသုံးသူများလည်း သင်တို့၏ စေတနာမပါရှိပဲ အမြတ်သက်သက်သာ ထုတ်လုပ်နေသော ဟန်သာရှိပြီး အဆန်မရှိတဲ့ တိုးတိုးအာလူးကြော်ကို ကျမပြောစရာမလိုပဲ သူ့တို့ဘာသာလျှင် ဆက်လက်သုံးစွဲတော့မည် မဟုတ်ကြောင်းကို သေချာတပ်အပ် သိနှင့်ပြီးသားဖြစ်ပါတယ်... အဘယ့်ကြောင့်ဆိုသော် ကျမပတ်ဝန်းကျင်တွင် တိုးတိုးအာလူးကြော် အရည်အသွေးကျမှုကို ကျမလောက် သည်းခံပြီး စားသုံးနေသူ တစ်ဦးမှ မရှိတော့ပါ... ကျမသာလျှင် ငယ်ငယ်ထဲက စားခဲ့သော... ကျမအတွက် အာလူးကြော်သက်သက်တင်မဟုတ်ပဲ အမှတ်တရ အဖြစ်အပျက်လေးတွေပါ ရှိခဲ့ဖူးသော တိုးတိုးအာလူးကြော်ကို ယခုထိစားသုံးခဲ့တာပါ...

ယခုလို စားသုံးမှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခြင်းဟာ အနှစ်နှစ်အလလ ချစ်ရတဲ့ ချစ်သူက အရောင်ပြောင်းသွားလို့ မသင့်တော်တော့ဟု ဆုံးဖြတ်လိုက်ရတဲ့ နာနာကျင်ကျင် ဆုံးဖြတ်မှုဖြစ်ပါတယ်... အကယ်၍ တိုးတိုးအာလူးကြော် အရည်အသွေးနဲ့ အရည်အတွက်ကို ပြန်လည် ပြင်ဆင်နိုင်မယ်ဆိုရင်ဖြင့် ကျမဘက်ကလဲ မှားခဲ့တာတွေကို ခွင့်လွှတ်ကာ ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဖြစ်ပါတယ်... တိုးတိုးအာလူးကြော် အရည်အတွက် တိုးမတိုးကို ပင်နီဇူလာပလာဇာရောက်တိုင်း ဆိုင်ပေါ်က အထုတ်တွေကို လက်နဲ့ ချိန်ဆကြည့်ပြီး စောင့်ကြည့်နေမည်ဖြစ်ပါတယ်...

ပုံ/
တိုးတိုးအာလူးကြော်ကို စားသုံးခဲ့ဖူးသူ တစ်ဖြစ်လဲ မဗေဒါ

(PS... ဒီနေ့ တိုးတိုးအာလူးကြော်ဝယ်စားရင်း မခံရပ်နိုင်လွန်း၍ ဒီပေါ်မှာ ပေါက်ကွဲလိုက်ပါတယ် (နောက်ဝယ်မစားတော့ပါ)... အကယ်၍များ ဒီပိုစ့်ကို မတော်တဆ တမင်တကာ တိုးတိုးအာလူးကြော်ပိုင်ရှင် မြင်၍ အရည်အသွေး အရေအတွက်ကို ပြုပြင်မည်ဆိုလျှင် အတိုင်းထက်အလွန် ၀မ်းသာမိမည်ဖြစ်ကြောင်း)


Thursday, October 29, 2009

လီမင်ဟိုနဲ့ ကျမ..

၂၄ ရက် အောက်တိုဘာ ၂၀၀၉ မှာ Boy over flower နဲ့ လူကြိုက်များခဲ့တဲ့ မင်းသားချော လီမင်ဟိုတစ်ယောက် ETUDE မိတ်ကပ်ဆိုင် ပရိုမိုးရှင်းအတွက် စကာင်္ပူကိုလာမယ်ဆိုတာကို သူငယ်ချင်းတစ်ယောက်ပြောလို့ သတင်းရခဲ့တယ်... အဲဒိဆိုင်က ၂၀၀ကျော်ဖိုးဝယ်ရင် ပထမဆုံး အယောက် ၁၀၀ ကို လီမင်ဟိုနဲ့အတူ St. Jame မှာ close door Club ကို သွားဖို့ လက်မှတ်ရမယ်လို့လဲပြောတယ်... အစက သွားဝယ်မလို့ စိတ်ကူးမိသေးတယ်.. နောက်တော့ သတင်းပေးတဲ့ သူငယ်ချင်းကိုယ်တိုင်က သူသွားစုံစမ်းပြီးပြီ အဲဒိ အယောက် ၁၀၀ က ပြည့်သွားတာ ကြာပေါ့တဲ့...

နောက်ပြီး ပလာဇာ စကာင်္ပူရားမှာ လီမင်ဟိုရဲ့ တွေ့ဆုံပွဲရှိတယ်တဲ့လေ... ဒါနဲ့ လေယာဉ်ကွင်းသွားစောင့်ရင်ကောင်းနိုး... ပလာဇာ စကာင်္ပူရားမှာ သွားကြည့်ရင်ကောင်းနိုးဖြစ်နေမိတယ်... မကြီးမငယ်နဲ့ ကလေးတွေကြားတိုးရမှာလဲ ရှက်စရာလေ...

အမှန်တော့ လီမင်ဟိုကို အရမ်းအကြိုက်ကြီး မဟုတ်ပေမဲ့... မဗေဒါရဲ့ စကာင်္ပူလာရတဲ့ ရည်ရွယ်ချက်လေး တစ်ခုက မပြည့်သေးလို့ လုပ်ချင်တာတစ်ခုပါပဲ... ၁၀ တန်းအောင်ပြီးတော့ မိဘတွေက စကာင်္ပူလာဖို့ အတင်းစာမေးပွဲဖြေခိုင်းတော့ လုံးဝမလာချင်ခဲ့ဘူးလေ... အဲဒိအချိန်တုန်းက စကာင်္ပူလို့များ အသံကြားရင် သောကမျက်ရည် ဘူးသီးလုံးလောက်ထွက်တာပေါ့... ဒါပေမဲ့ အဲဒိအချိန်တုန်းက Boy over flower ရဲ့ ထိုင်ဝမ် version "Meteor Garden" ကို အရမ်းကြိုက်နေတဲ့အချိန်... အဲဒိထဲက မင်းသားတွေအကြောင်းလိုက်ဖတ်နေတဲ့ အချိန်ဆိုတော့... သူတို့တွေ စကာင်္ပူမှာ စတိတ်ရှိုးလာလုပ်တာတို့ စကာင်္ပူကို လာတာတို့တွေ သွားတွေ့တော့... ဒီလိုစဉ်းစားမိတယ်...
" ငါ မြန်မာပြည်မှာနေရင်တော့ ဒီလို International Stars တွေနဲ့ တွေ့ဖို့ အခွင့်အရေးမရှိဘူး... စကာင်္ပူသွားရင်တော့ အခွင့်အရေးရှိသေးတယ်" ဆိုပြီး အဲဒိအချိန်ကနေစပြီး စိတ်ဒုန်းဒုန်းချပြီး လာဖို့ ဆုံးဖြတ်ခဲ့တာ...

ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး... ဒီရောက်တော့ ကျောင်းသွားရ... Part Time အလုပ်ပြေးရ... Project လုပ်ရနဲ့... ထိုင်ဝမ် F4 စကာင်္ပူလာတာလဲ သိလိုက်ပါတယ်.... Part Time အလုပ်နဲ့ အချိန်ကိုက်နေလို့ အလုပ်ပဲ သွားလိုက်တယ်... သူတို့ ရှိုးပွဲကြည့်ဖို့ကလဲ အဲဒိတုန်းက အနိမ့်ဆုံအတန်းတောင် ဒေါ်လာ ၁၀၀ ကျော်တယ်ဆိုတော့ မကြည့်နိုင်ခဲ့ဘူး... ဒီလိုနဲ့ပဲ သူတို့ပြောသမျှလဲ ငါနားလည်တာမဟုတ်ပါဘူး ဆိုပြီး စိတ်ဖြေခဲ့ရတယ်... တီဗွီထဲကနေကြည့်ရင် ပိုတောင် ကြည်ကြည်လင်လင်မြင်ရသေးတယ်ပေါ့...

ခုလဲ လီမင်ဟိုကလာတယ်ဆိုတော့ အကြိုက်ကြီးမဟုတ်ပင်မဲ့... ခုလို International Stars ကို အပြင်မှာ မြင်ဖူးချင်တဲ့ စိတ်ကလေးတော့ ရှိတယ်လေ... ပိုက်ဆံလဲ ခုအတော်အတန် သုံးနိုင်ပြီဆိုတော့... ကိုယ့်ထက်ဆိုးတဲ့သူတွေက များနေတယ်... အဲဒိနေ့က လေဆိပ်မှာ သွားကြိုမလို့ပဲ... သိနေပါတယ်... သူ့ကို ကြိုက်တဲ့ စလုံးက Fun တွေနဲ့ တိုးဝှေ့နေရမယ်ဆိုတာ... နောက်ပြီး လူကလဲ နေသိပ်မကောင်းတာရော... တက်လက်စ သင်တန်းကလဲ ရှိနေတာရောဆိုတော့... သင်တန်းပဲ သွားလိုက်ပါတယ်... ဒါပဲ မှန်သွားတယ်ပြောရမလားမသိဘူး... အောက်က ဗွီဒီယိုတွေသာ ကြည့်ကြည့်ပေတော့... ကိုယ်သွားရင် အသက်တောင် ပြန်ပါလာပါ့မလားမသိဘူး...
ဟင်း... ဟင်း.... Paris Hilton လောက်ချမ်းသာလို့ကတော့ လီမင်ဟိုကို အိမ်ဖိတ်ပြီး ကိုယ့်တစ်ယောက်ထည်းကို ဖျော်ဖြေခိုင်းမယ်...


လီမင်ဟို ချိုင်ကီလေဆိပ်ရောက်ပုံ



OMG! he is soooo tall. Did u guys see he alone is stunning in the middle of everyone. Can see him clearly cos he is tall. So let's continues next place.....


လီမင္ဟို ပလာဇာ စကာၤပူရာ Etude House မွာ...



ဒါကေတာ့ လီမင္ဟိုကို အင္တာဗ်ဴး..



Friday, October 23, 2009

The Island - Movie

ကြည့်ပြီးတာတော့ ကြာပါပြီ... တော်တော်များများတောင် ကြည့်ပြီးလောက်ပြီ... 2005 လောက်ထဲက ထွက်တဲ့ ကားပါ... ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ ဇာတ်ကားလေးပါ... ဒါပေမဲ့ ကြိုက်လို့ ရေးအုံးမယ်... သိပ္ပံဇာတ်လမ်း သည်းထိပ်ရင်ဖို Action ကားလေးပါ...Ewan McGregor နဲ့ Scarlett Johansson တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ The Island ဆိုတဲ့ ဇာတ်ကားပါ... ဇာတ်လမ်းက ရှင်းပြရမယ်ဆိုရင်တော့ နည်းနည်းတော့ ရှည်မယ်... ဒါပေမဲ့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်...

ဇာတ်လမ်းအကျဉ်း...

အချိန်ကား ၂၀၁၉ ခုနှစ်ပါ... လင်ကွန် ဆစ် အဲကို (Lincoln Six Echo) နဲ့ ဂျော်ဒန် တူး ဒယ်လ်တာ (Jordan Two Delta) တို့ဟာ ညစ်ညမ်းမှုကင်းတဲ့ လူသားအသိုင်းအ၀ိုင်းထဲက လူသား၂ဦးပါ... သူတို့ နေထိုင်တဲ့ အဖွဲ့အစည်းကို အုပ်ချုပ်သူကတော့ Dr. Merrick ဆိုတဲ့ သိပ္ပံပညာရှင် ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်... သူတို့ ဟာ စတင် မွေးလာတည်းက တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နေရပြီး သူတို့ကို ထားတဲ့ အဆောက်အအုံကြီးရဲ့ အပြင်ကိုလဲ တစ်ခါမှ မထွက်ဖူးပါဘူး... အပြင်ထွက်ရင် ညစ်ညမ်းသွားမယ်လို့ သူတို့ရဲ့ အုပ်ချုပ်သူက ခြောက်ထားတဲ့ အတိုင်းပဲ သူတို့စိတ်ထဲမှာ စွဲနေခဲ့ပါတယ်... သူတို့ဟာ သတ်မှတ်ထားတဲ့ ဟင်းပမာဏပဲစားရတယ်... အားကစားတွေပုံမှန်လုပ်ရတယ်... အဖြူရောင် ၀တ်စုံဆင်တူကို ၀တ်ရတယ်... ဘာမှန်းမသိတဲ့ ပိုက်လိုင်းတွေကို ဆေးထိုးတဲ့ အလုပ်ကိုလုပ်ရတယ်... ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးနဲ့ အပြုအမူကို အမြဲ စောင့်ကြည့်နေခြင်းခံရတယ်... သူတို့အတွက် ကြီးမားတဲ့ မျှော်လင့်ချက်ကတော့ ညစ်ညမ်းမှုတွေကင်းပြီးနေထိုင်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့ ဘယ်နေရာမှန်းလဲ သေချာမသိတဲ့ The Island ဆိုတဲ့ နေရာကို သွားရဖို့ ပေါက်မဲကိုပဲ အမြဲမျှော်လင့်နေကြရတယ်... The Island ကို သွားရဖို့ မဲပေါက်တဲ့ သူက သူတို့ထဲမှာ ကံကောင်းတဲ့လူဆိုပြီး အမြဲအားကျခံရတယ်...

လင်ကွန်ဟာ တခြားသူတွေနဲ့ အတူအလုပ်လုပ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့ သူ့အတွေးအခေါ်တွေက တခြားသူတွေအလယ်မှာ တမျိုးဖြစ်နေတတ်တယ်... သူ့မှာ မေးခွန်းတွေအများကြီးရှိတယ်... သူ့မှာ သူတို့လို the Island ကိုသွားဖို့ စောင့်နေတဲ့သူမဟုတ်ပဲ ကွန်စရက်ရှင်ပိုင်းမှာ အလုပ်လုပ်တဲ့ အပြင်က သူငယ်ချင်းတစ်ယောက်ရှိတယ်... လင်ကွန်က တခြားသူတွေထက် အသိဥာဏ်ပိုရှိပြီး အမြဲစဉ်းစားနေတတ်တယ်... ဥပမာ.. ဘာကြောင့် ငါတို့က အဖြူချည်းပဲ ၀တ်ရတာလဲ... ငါတို့ တစ်နေ့တစ်နေ့ဆေးထိုနေတဲ့ ပိုက်လိုင်းတွေက ဘယ်ကိုသွားတာလဲ... ပြီးတော့ သူ့မှာ ထူးဆန်းတဲ့ အိပ်မက်တွေလဲ ခဏခဏမက်တယ်...

တစ်နေ့ သူခိုးသွားနေကျ ကွန်စရက်ရှင် ဧရိယာကနေ ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားရာကနေ... The Island ဆိုတာကို သဘောပေါက်သွားတယ်... The Island သွားဖို့ မဲပေါက်တဲ့ သူတို့ထဲက လူ၂ယောက်ကို ရက်စက်ကြမ်းကြုတ်စွာ သတ်ပြီး Organ Harvesting လုပ်တာကို သူတွေ့သွားတဲ့အခါမှာ... သူ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ The Island သွားဖို့ လတ်တလောမှာမှ မဲပေါက်ထားတဲ့ Jordan Two Delta ကို အရမ်း စိုးရိမ်သွားခဲ့ပြီးနောက် သူတို့ ၂ယောက် ဒီအဖွဲ့အစည်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်...

သူတို့ အပြင်လောကကိုရောက်သွားချိန်ကျတော့မှ... အပြင်လောကဟာ သူတို့ကို ခြောက်ထားသလို ညစ်ညမ်းမှုမရှိပဲ အသက်ရှင်သန်နိုင်တယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်... ကွန်စရက်ရှင် အလုပ်သမား သူငယ်ချင်းရဲ့ ကူညီ ရှင်းပြချက်နဲ့ သူတို့ဟာ ငွေကြေးချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူတွေရဲ့ Clone တွေဆိုတာကို သိရှိခဲ့ရတယ်... Dr. Merrick ဟာ ငွေကြေးချမ်းသာတဲ့ သူဋ္ဌေးတွေကို Clone လုပ်တယ်လို့ မပြောပဲ Organ တွေကို အပင်စိုက်သလို တစ်ခုချင်းစိုက်တယ်... သူတို့မှာ ဘာခံစားချက်မှ မရှိဘူးလို့ ညာခဲ့တယ်... အဲဒိအတွက်ကြောင့် သူတို့ ဒီလိုဒုက္ခကလွတ်အောင် သူတို့ရဲ့ Clone ပိုင်ရှင် သူဋ္ဌေးတွေကို သွားရောက် အကြောင်းကြားဖို့ ဆုံးဖြတ်လိုက်တယ်...

သို့သော် သူတို့ Clone ပိုင်ရှင်တွေဟာ သူတို့ထင်ခဲ့သလို သူတို့ကို မကူညီခဲ့ပဲ ဖမ်းချုပ်ပြီး Dr. Merrick ထံ အကြောင်းကြားဖို့ ကြိုးစားတဲ့အခါ.........

သူတို့၂ယောက်လွတ်မြောက်အောင် ဘယ်လို ရုံးကန်ခဲ့ကြသလဲ... ကိုယ့်ပိုင်ရှင် Clone ပိုင်ရှင်ကလဲ သူတို့ဘက်မပါ... Dr.Merrick ကလဲ စစ်တပ်လို ရှာဖွေရေးတပ်ကြီးနဲ့ သူတို့ကို ပိုက်စိတ်တိုက်ရှာနေတဲ့ကြားမှာ သူတို့ဘယ်လို လွတ်မြောက်ခဲ့ကြသလဲ... လူတွေဟာ ကိုယ်အသက်ရှင်ဖို့အတွက် ဘယ်လိုရုံးကန်ခဲ့ကြသလဲ... ကျန်နေတဲ့ Clone ပေါင်းမြောက်များစွာကို သူတို့ဘယ်လို ကယ်တင်ခဲ့ကြသလဲ... ဆိုတာကို တစ်ကွက်မှ ပျင်းစရာမကောင်းအောင် ရိုက်ပြခဲ့ပါတယ်... ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှူစားပါ... (ရှုစားပြီးသော သူများလဲ ထပ်ရှုစားပါ... လင့်တော့မမေးပါနဲ့.. ကိုယ်တောင် သူများဒေါင်းလုပ်လုပ်လာတာကို အလကား ၀င်ကြည့်တာပါ... ဟတ်... ဟတ်)



သုံးသပ်ချက်...
(ခုချိန်ကစပြီး Spoiler တွေစပါတော့မယ်... Spoiler မကြိုက်သူများ ဆက်မဖတ်ကြပါရန်...)

ဒီကားကို ကြည့်ပြီး သဘာဝကို လွန်ဆန်ပြီး Clone လုပ်တာဟာ မကောင်းဘူး လို့ မြင်မိတယ်...
အသက်တစ်ချောင်းကို အသက်လို့ မသတ်မှတ်ပဲ Clone လုပ်လို့ ဖြစ်လာရတဲ့ သွေးသားနဲ့ လူတွေကို Product တွေလို့ သဘောထားပြီး သုံးနှုန်းထားတာကိုကြည့်ပြီး အတော်လေး ဂရုဏာသက်မိတယ်...
လူကနေ မွေးထားတဲ့ တကယ့်လူအစစ်ပဲဖြစ်ဖြစ်... Clone ကနေ ဖြစ်လာတဲ့ လူပဲဖြစ်ဖြစ်.. ခံစားတတ်တဲ့ သွေးသားနဲ့မို့ သူတို့ဟာလဲ လူတွေပဲ... အဲဒိအတွက် အားလုံးဟာ ကိုယ် အသက်ရှင်နေထိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားကြတယ်...
လူ့လောကအကြောင်း ဘာမှ မသိသေးတဲ့ Clone က အားကိုးတကြီး သူ့ Clone ပိုင်ရှင်ဆီသွားတော့ သူထင်သလို ဖြစ်မလာပဲ အလိမ်ခံရပုံ... ပြီးတော့ သူတို့ ၂ယောက်ကို ဘယ်သူ အတုအစစ်မှန်းခွဲမရတဲ့ အချိန်မှာ ၂ယောက်လုံးက အသက်ရှင်ဖို့ကို ရုံးကန်ကြပုံက သင်ခန်းစာရစရာကောင်းတယ်... ဘယ်သူပဲဖြစ်ဖြစ် ရှင်သန်ချင်ကြတာပဲလေ...
နောက်ပြီး နောက်ဆုံးခန်းနားမှာ သူတို့ကို လိုက်ဖမ်းနေတဲ့ တပ်ထဲက ကပ္ပလီကြီးက မင်းသမီးလက်က အပူနဲ့ကပ်ပြီး အမှတ်အသားလုပ်ထားတဲ့ အမာရွတ်ကိုတွေ့တော့ သူ့ငယ်ဘ၀တုန်းကလို လူကို လူလို့သတ်မှတ်မခံခဲ့ရပဲ အမှတ်အသားလုပ်ခံခဲ့ရတာနဲ့ သွားကိုယ်ချင်းစာမိပြီး သူတို့ဘက်ပါသွားခဲ့တယ်... ဒါကိုကြည့်ပြီး လောကမှာ လူဆန်ခြင်းဆိုတဲ့ ခံစာချက် ကိုယ်ချင်းစာစိတ်ဆိုတာ ရှိသင့်တယ်လို့ထင်တယ်...

အဲဒိကားမှာ ကြိုက်တဲ့ Dialog တွေရှိတယ်...
မင်းသားက သူ့ရဲ့ ၁ဦးတည်းသော လူသူငယ်ချင်း Mac နဲ့ စကားပြောတဲ့အခန်းမှာ...
Mac က god ဆိုတဲ့ စာလုံးကို စကားမှာပြောရင်းပါသွားတော့..
မင်းသားက "what's God?" လို့မေးတယ်...
Mac ပြန်ဖြေပုံက ရီရတယ်... " Well, you know when u want something really bad and u close your eyes and wish for it? God's the guy that ignores you." ဟား.. ဟား...

သူတို့ ၂ယောက်ထွက်ပြေးလွတ်လာပြီး Mac ဆီရောက်လာကြတယ်...
အဲဒိလူက သူတို့ဟာ clone တွေဖြစ်ကြောင်းပြောတော့...
မင်းသမီးက သူ့ ငယ်ဘ၀ကို သူသိကြောင်း ပြန်ငြင်းတဲ့အခါမှာ... မင်းတို့ဟာ Memory Imprint လုပ်ခံထားရကြောင်း Mac က ပြန်ရှင်းပြလိုက်တော့ သူ့ကို မင်းသားနဲ့ မင်းသမီး Clone ၂ယောက်က စိတ်ပျက်တဲ့ အကြည့်နဲ့ကြည့်ကြတယ်... အဲဒိအခါ သူပြောလိုက်ပုံက...
"Don't look at me like that... At least U have bike.. Wanna trade your rosy memory implants for my shity Childhood, Be my guest"

နောက်ပြီး... မင်းသမီးကမေးတယ်..
"Why doesn't Merrick want our owners to know that we are alive?" ဆိုတော့...
Mac ရဲ့ အဖြေက ထိထိမိမိနဲ့ ရှင်းတယ်... "Just because people wanna eat burger,doesn't mean they wanna meet the cow" .... ဟား.. ဟား.. ရှင်းတယ်နော်..

ဒီကားဟာ ဟိုးအရင်က ရုပ်ရှင် the Clonus Horror ဆိုတာနဲ့ ဇာတ်လမ်းဆင်ပုံချင်း တစ်ပုံစံတည်းတူနေတဲ့အတွက် Copy Right နဲ့ ညိပြီး တရားစွဲခြင်းခံခဲ့ရသေးတယ်... ၁ million doller လျှော်လိုက်ရတယ်ကြားတယ်... ကုန်ကျစားရိတ် $126 million ဖြစ်ခဲ့ပြီး.. United State Box office မှာ $36 million ပဲရခဲ့တယ်...ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာပြသခဲ့တော့ $163 Million ရရှိခဲ့တယ်လို့သိရတယ်... (source from Wiki)




Monday, October 19, 2009

သူငယ်ချင်းသည် လေပြေ




မြစ်လို့သာခေါ်တယ် ရေငံတွေနဲ့ ပြည့်နေတဲ့ ရေသေမြစ်ကြီးကို ငေးမောရင်း မရည်ရွယ်ပဲ သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်မိတယ်... သြော် စဉ်းစားကြည့်တော့လဲ... ဒီကိုရောက်လာကတည်းက အချိန်အခါမရှိပဲ ရွာတတ်တဲ့ ကွက်ကြားမိုးရယ်... ကမ္ဘာစစ်ဖြစ်နေသလားလို့ ထင်ရလောက်တဲ့ မိုးခြိမ်းသံတွေရယ်... အနှစ်သာရမရှိတဲ့ မြှောက်ပင့်စကားတွေရယ်... မျက်နှာဖုံးပေါ်က ခပ်ပေါ့ပေါ့အပြုံးတွေရယ်... သူဘယ်သူလဲဆိုတာထက် သူဘာကောင်လဲ သူ့ဆီကဘာအကျိုးအမြတ်ရနိုင်လဲ ဆိုတဲ့ အကြည့်တွေရယ်... အို.. နောက်ဆုံး သစ္စာရှိပါတယ်ဆိုတဲ့ ပိတောက်တွေတောင် မိုးရွာပြီးတိုင်း တစ်နှစ်ပတ်လုံး ပွင့်နေကြလေရဲ့... ဒီလိုနဲ့ ကိုယ့်ကိုကိုယ်တောင် ပျောက်ဆုံးနေခဲ့တာ အတော်ကြာပြီပေါ့... ဟန်ဆောင်မျက်နှာဖုံးတွေ တတ်ထားတဲ့ အပေါင်းအသင်းတွေဟာ အကောင်းဆုံး သရုပ်ဆောင်ဆုရသွားတဲ့ မင်းသမီးထက်တောင် သရုပ်ဆောင်ပိုကောင်းလွန်းနေတော့ ကျမဝေခွဲရခက်ခဲ့တယ်... ဘယ်သူအစစ်လဲ ဘယ်သူအတုလဲလို့ ဝေခွဲရအောင် ကျမကိုယ်တိုင်ရော စစ်သေးရဲ့လား...

~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~

"ကျန်းမာရွှင်လန်းပါစေ ဆရာမ"

ဘယ်ကျောင်းနဲ့မှ မတူတဲ့ နှုတ်ခွန်းဆက်သံဟာ ကျမတို့ ကျောင်းသားချင်းတွေအတွက်တော့ စကားဝှက်လေးတစ်ခုလို ကွဲပြားနေစေခဲ့ပါတယ်... ဒီနှုတ်ဆက်သံလေးကို ကြားတာနဲ့ ဒါငါတို့ကျောင်းက ကျောင်းသားပဲလို့ သိသာထင်ရှားစေပါတယ်... နောက်ပြီး တခြားကျောင်းတွေလို အတော် အညံ့မခွဲပဲ နှစ်စဉ်နှစ်တိုင်း ဒီအတိုင်း ဒီသူငယ်ချင်းတွေနဲ့ သူငယ်တန်းက ၁၀ တန်းထိ ၁၁ နှစ်လုံးလုံးပြန်တွေ့ခွင့်ရတာလဲ ကျမတို့ကျောင်းပဲရှိမယ်ထင်ပါတယ်... ရည်ရွယ်ချက်ကတော့ စာပေမှာ အားနည်းတဲ့လူနဲ့ အားကောင်းတဲ့ သူကို ခွဲထားလိုက်ရင် အားနည်းသူက နည်းသထက်နည်းလာမှာ စိုးတဲ့အတွက်ပါ... ဒါကြောင့် တော်တဲ့သူက ညံ့တဲ့သူကို တပါတည်းဆွဲခေါ်နိုင်စေရန်အတွက် ရောထားခြင်းဖြစ်မယ်လို့ ကျမထင်ပါတယ်...

ယောကျာင်္းလေး မိန်းကလေးရောတဲ့ တစ်နေကုန်ကျောင်းဖြစ်တာကြောင့် နှစ်တွေ ကြာလာတာနဲ့ အမျှ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး တကယ်ကို မောင်နှမတွေလိုပဲ ရင်းနှီးမှုတွေလဲ ပိုခဲ့ကြပါတယ်... မနက် ကိုးနာရီ ၁၅ ကျောင်းခေါင်းလောင်းထိုးချိန်မှာ တူတူဘုရားရှိခိုးခဲ့ကြတယ်... စာသင်ချိန်မှာ တူတူ စာသင်ခဲ့ကြတယ်... စာမေးချိန်မှာ တူတူရင်ခုန်ခဲ့ကြတယ်... ထမင်းစားချိန်မှာ တူတူထမင်းစားခဲ့ကြတယ်... ညနေ ကျောင်းဆင်းချိန် ၃နာရီ ၁၅ မှာ တူတူ အိမ်ပြန်ခဲ့ကြတယ်.. (ဒီနေရာမှာ တူတူဆိုတာ သတ်မှတ်ထားတဲ့ အချိန်မှာ လုပ်ဆောင်ချက်တူတာကို ပြောတာဖြစ်ပြီး... တစ်စားပွဲတည်း ထမင်းစားတယ်... တစ်စားပွဲတည်းစာကျက်တယ်... တစ်လမ်းတည်း အိမ်ပြန်တယ်ကို ဆိုလိုခြင်းမဟုတ်ပါ...)

လူပေါင်း ၈၀ ကျော်ရှိတဲ့ ကျမတို့ အတန်းထဲမှာ လူတိုင်းနဲ့ ရင်းနှီးပေါင်းသင်းမနေဖြစ်ခဲ့ပင်မဲ့ ဘယ်သူဟာ ဘယ်လိုအကျင့်ရှိလဲ ဆိုတာ ငယ်ငယ်ထဲက တူတူကြီးပြင်းလာတဲ့အတွက် ဘယ်သူနဲ့မှ စိမ်းတယ်ရယ်လို့မရှိခဲ့ပါဘူး... ကျမတို့ စာသင်နှစ်မှာ ကျမတို့က ထိပ်ဆုံးတန်း အေခန်းဆိုပေမဲ့... တခြားအတန်းတွေနဲ့ ယှဉ်လိုက်ရင် အမြဲ ဘိတ်ရလို့ ဆရာမတိုင်းအော့ကျောလန်အတန်းလဲ ဖြစ်ခဲ့ပါတယ်... ရန်ဖြစ်ပြီလားဟေ့ဆိုလဲ ကျမတို့အတန်းပဲ... စာမေးပွဲအမှတ်ထွက်လို့ အမှတ်ပေါင်းတွေ ယှဉ်လိုက်လဲ ကျမတို့အတန်းက အနည်းဆုံးပဲ... ညနေသူများအတန်းတွေ ကျောင်းဆင်းလို့ တစ်တန်းလုံး ခုံပေါ်တက်လက်မြှောက်နေရတယ်ဆိုလဲ ကျမတို့အတန်းပါပဲ... ဒါပေမဲ့လေ ပြန်စဉ်းစားလိုက်တိုင်း ဒီအတန်းထဲမှာနေခဲ့ရလို့ ကျမဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး... ဒီသူငယ်ချင်းတွေနဲ့ ဆုံခဲ့ရတဲ့ ဒီကျောင်းခန်းဟာ ကျမအတွက်တော့ အမှတ်ရစရာတွေ အများကြီးပဲပေါ့...

ဘာပဲပြောပြော ဒီအတန်းထဲမှာ မျက်နှာဖုံးပေါ်က အပြုံးတွေမရှိခဲ့ဘူး... မုသားတွေနဲ့ တန်ဆာဆင်ထားတဲ့ မြှောက်ပင့်စကားတွေ မရှိခဲ့ဘူး... ပကတိရိုးသားတဲ့ ခင်မင်မှုတွေပဲ ရှိခဲ့တယ်... အော်... လွန်ခဲ့တဲ့ ၈နှစ်ကာလ တုန်းကအထိပေါ့...................

~~~~~~~~~~~~~ ။ ~~~~~~~~~~~~

Facebook က inbox ထဲမှာ message ရောက်နေတာတွေ့တော့ နည်းနည်းအံ့သြသွားတယ်... ဒါနဲ့ အမြန်ဖွင့်ဖတ်ကြည့်မိတယ်... ငယ်ငယ်က အတန်းထဲက သူငယ်ချင်း xxxxxx ဖြစ်နေတယ်... သူက ကိုယ်ပိုင် website ရှိလို့ ရှားရှားပါးပါး အဆက်သွယ်ပြန်ရထားတဲ့ ငယ်ငယ်က သူငယ်ချင်းပေါ့... ရန်ကုန်က ဆေးကျောင်းရသွားတဲ့ သူငယ်ချင်းတချို့နဲ့တော့ အွန်လိုင်းမှာ ပြန်တွေ့ပင်မဲ့ ကိုယ့်အလုပ်နဲ့ကိုယ်မအားကြတာနဲ့ အွန်လိုင်းရှိတယ်သာ ကြည့်ပြီး မချက်ဖြစ်ကြပါဘူး...
ဒီတစ်ခါတော့ Message ထဲမှာ သူငယ်ချင်းက သူ အင်္ဂလန်ကိုအပြန်မှာ စကာင်္ပူကို ၀င်ပြီး အေ ခန်းက စကာင်္ပူရောက်နေတဲ့ သူငယ်ချင်းအားလုံးကို စုပြီး Gathering လေးလုပ်မယ်လို့ပြောထားတယ်... ကျမအပြင် သူနဲ့ အဆက်အသွယ်ရနေတဲ့ တခြား အေ ခန်းက ယောကျာင်္းလေးတွေရှိတယ်တဲ့... ကျမလဲ သိတဲ့သူရှိရင် ခေါ်ခဲ့ပါတဲ့... ဒါဟာ ၈နှစ်အတွင်းမှာ ပထမဆုံး ကျမတို့ ပြန်ဆုံရခြင်းပေါ့....

အဲဒိနေ့က ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရမှာမို့ အတိုင်းမသိဝမ်းသာနေမိတယ်... ငယ်ငယ်က အတန်းထဲမှာ စကားလေးလုံးကွဲအောင်တောင် မပြောဖူးပေမဲ့ ဘယ်သူက ဘာအကျင့်ရှိတယ်... ဘယ်လိုဆိုတာတော့ မေ့လို့မရခဲ့ပါဘူး... ပြန်တွေ့ရင် မှတ်မိပါ့မလားလို့လဲ စိုးရိမ်စိတ်ပိုခဲ့မိပါတယ်... ဖုန်းစကားပြောကြည့်တော့ ဖုန်းထဲက အသံတွေကတော့ ဟန်ဆောင်မှုကင်းပြီး ရင်းရင်းနှီးနှီးရှိလှပါတယ်... အေ ခန်းက မိန်းကလေး ၂ယောက်ဖြစ်တဲ့ ကျမနဲ့ ကျမရဲ့သူငယ်ချင်း ချိန်းပြီး သူတို့နဲ့ ချိန်းထားတဲ့ Raffle city က Starbuck ကော်ဖီဆိုင်ကို ရောက်တော့ ထင်မထားတဲ့ အတန်းဖော်တွေကိုပါ တွေ့လိုက်ရပါတယ်... တချို့လဲ ၀လာတယ်... တချို့လဲ အရပ်တွေရှည်လာတယ်... ဘယ်လိုပဲဖြစ်ဖြစ် မပြောင်းလဲတာကတော့ အားလုံးရဲ့ ပကတိရိုးသားတဲ့ အပြုံးတွေပါပဲ...

အဲဒိနေ့က ထူးထူးခြားခြား စကာင်္ပူမှာ နေတာသာ ကြာတယ် ကျမတစ်ခါမှ မလုပ်ဖြစ်ခဲ့တာတွေ လုပ်ဖြစ်ခဲ့တယ်... ပထမဆုံး ကျမတို့နေ့လည်စာစားရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကြတယ်... လတ်တလော အခြေအနေတွေကို မေးကြတယ်... ငယ်ငယ်ကလို ဘာစာတွေရပြီလဲဆိုတဲ့ topic ကနေ ခုတော့ ဘာအလုပ်လုပ်နေလဲ... ဘယ်သူတွေကတော့ အိမ်ထောင်ကျသွားပြီလဲ ဆိုတဲ့ Topic တွေဖြစ်လာလို့ ကိုယ့်ကိုကိုယ် အသက်ကြီးလာပြီဆိုတာတော့ သတိထားလိုက်မိသေးတယ်... နောက်တော့ explanade ဘက်သွားမယ်ဆိုပြီး တိုက်စီပေါ်ရောက်မှ အင်္ဂလန်သားက Singapore Flyer ကြီး စီးရအောင်ဆိုလို့ အားလုံး စိတ်တူကိုယ်တူ စီးဖြစ်ခဲ့ကြတယ်... စကာင်္ပူမှာ နေနေတဲ့ ကျမတို့အားလုံးကိုမေးကြည့်တော့ ကျမအပါအ၀င် တစ်ယောက်မှ မစီးဖူးကြဘူး... ဒီလိုနဲ့ Singpore flyer ရဲ့ ပထမဆုံး အတွေ့အကြုံကို ၈နှစ်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ဖန်တီးဖြစ်ခဲ့တယ်...

နောက်... explanade ဘက်ကို လမ်းလျှောက်ရင်း တခါမှ ထိုင်မကြည့်ဖူးတဲ့ အဲဒိက evening Free show ကိုလဲ သူတို့နဲ့ ထိုင်ကြည့်ဖြစ်ခဲ့တယ်... အမှတ်အရဆုံးကတော့ တစ်ခါမှ မစီးဖူးတဲ့... စီးဖို့လဲ စိတ်ကူးမရှိခဲ့ဖူးတဲ့... Singapore River ထဲက မော်တော်ဘုတ်ကို အင်္ဂလန်သားရဲ့ ဆန္ဒကို ဖြည့်စည်းရင်း အားလုံး တပျော်တပါးစည်းဖြစ်ခဲ့ကြတယ်... စီးကြည့်တော့လဲ မဆိုးပါဘူး... မော်တော်ထဲက အမြင်ကတော့ ခါတိုင်း မြင်နေကျထက် တစ်မျိုးတော့ ဆန်းပါတယ်... ဘာပဲပြောပြော ကျမ ဒီအရာတွေကို တစ်ခါမှမလုပ်ဖူးတာ သူတို့နဲ့ အမှတ်တရဖြစ်ဖို့ တမင်ချန်ထားသလိုဖြစ်နေတဲ့အတွက် ကျမရဲ့ မှတ်ဥာဏ်ထဲမှာ မှတ်မှတ်ရရ ထင်ကျန်နေအုံးတော့မှာပါ...

အချိန်မလောက်တဲ့အတွက် ဆန်တိုဇာ East Coast လိုက်ပို့ပေးချင်ပင်မဲ့ ဒီမှာတင်ရပ်ပြီး အားလုံး စီးတီးဟော ပင်နီဇူလာပလာဇာရှေ့မှာ လမ်းခွဲခဲ့ကြတယ်... ထမင်းဘယ်မှာစားမလဲ တိုင်ပင်နေတာနဲ့တင် အင်္ဂလန်က သူငယ်ချင်းကိုတောင် ကောင်းကောင်းမွန်မွန် goodbye မပြောနိုင်ခဲ့ဘူး... ဒါလဲကောင်းပါတယ်... Goodbye ဆိုပြီး နှုတ်ဆက်လိုက်လို့ နောက်ပြန်မတွေ့မဲ့သူတွေမှ မဟုတ်တာ... ဒီလိုပဲ ယုံကြည်ထားတယ်... ကျမတို့ အမှတ်ရနေသ၍ အမြဲနီးစပ်နေမဲ့ ပတ်သတ်မှုတစ်ခုပဲမဟုတ်လား...

ဒီလိုနဲ့ နောက်ရက်တွေမှာ ကိုယ့်အလုပ်ကိုယ်လုပ်... ကိုယ့်ဆိုင်ရာ ကိုယ်ပြန်သွားကြပင်မဲ့... လွန်ခဲ့တဲ့ ၈နှစ်ကလို အဆက်သွယ် မပြတ်ရလေအောင် Facebook မှာ ကျမတို့ အတန်းအတွက် သီးသန့် Group လေးတစ်ခုဖွဲ့ပြီး နိုင်ငံပေါင်းစုံမှာရောက်နေတဲ့ အေခန်းက သူငယ်ချင်းတွေအတွက် စုံစည်းရာလေးတစ်ခုကို ဖန်တီးခဲ့တယ်... Facebook ကျေးဇူးကြောင့်ပဲ နောက်ထပ် နောက်ထပ် အဆက်သွယ်ပြတ်နေခဲ့တဲ့ ငယ်သူငယ်ချင်းတွေအများကြီးနဲ့ အဆက်သွယ်ပြန်ရခဲ့တယ်... ခုဆို မန်ဘာ ၃၄ ယောက်ရှိတဲ့ ကျမတို့ အဖွဲ့လေးဟာ အတော်လေးစိုပြေနေလေရဲ့... ဘယ်သူမှ မသိအောင် ဖွင့်ထားတဲ့ ကျမရဲ့ မဗေဒါဘလော့လေးကိုလဲ ခုဆို အားလုံးသိကုန်ကြလေရဲ့... စကာင်္ပူရောက် အေတန်းသူငယ်ချင်းတွေနဲ့ တော့ ခဏခဏတွေ့ဖြစ်သေးလေရဲ့...

~~~~~~~~~~~ ။ ~~~~~~~~~

ရေငံတွေပြည့်နေတဲ့ ရေသေစကာင်္ပူမြစ်ကြီးကို ငေးကြည့်ရင်း ကျမမျက်နှာပေါ် အပြုံး တစ်ချက်ပွင့်သွားခဲ့တယ်... ဘေးလူတွေ မမြင်အောင် အမြန်ပြန်သိမ်းလိုက်ပင်မဲ့ စိတ်ထဲမှာတော့ ပေါ့ပါးလန်းဆန်းနေတယ်... သရုပ်ဆောင်ကောင်းတဲ့ အသိုင်းအ၀ိုင်းကြား လူမှုရေးဆိုတာအတွက် ကျမလဲ လိုက်သရုပ်ဆောင်နေရပင်မဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်... အရင်က ငါများတစ်ခုခုမှားနေလို့ လူတွေကငါ့ကို အစစ်အမှန်မဆက်ဆံကြတာလားဆိုပြီး လောကကြီးနဲ့ အံချော်နေခဲ့ပင်မဲ့... ဒီငယ်သူငယ်ချင်းတွေနဲ့ တွေ့တိုင်းတော့ ကျမအစစ်ကို ကျမရှာတွေ့ခဲ့တယ်...
၈နှစ်ကျော်ကြာခဲ့ပင်မဲ့ ကျမကို မှတ်မိပေးနေတဲ့ အတွက် သူငယ်ချင်းတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်ချင်တယ်...

တကယ်တော့ သူငယ်ချင်းဆိုတာ လေပြေလိုပါပဲ... လေကို အမြဲရှူသွင်းနေချိန်မှာ သတိမထားမိခဲ့ပင်မဲ့ လေမရှိတော့တဲ့အခါမှ အသက်ဆက်ရှင်သန်နိုင်စွမ်းမရှိသလိုပါပဲ... ငယ်ငယ်က သူတို့နဲ့ တူတူရှိခဲ့တဲ့ အချိန်မှာ တန်ဖိုးမထားမိပင်မဲ့ သူတို့နဲ့ ဝေးခဲ့ပြီး ဘ၀လမ်းကို တစ်ယောက်ထဲ လျှောက်နေချိန်မှာတော့ သူတို့ရဲ့ တည်ရှိမှုဟာ အဖိုးမဖြတ်နိုင်ဘူးဆိုတာကို ကျမ စတင် သဘောပေါက်သွားတဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ဟာ အမှတ်ရစရာနေ့လေးတစ်ခုဖြစ်ခဲ့ပါတယ်...

(Friends are like the air. You didn't notice when they are around but you can't live without them. So Value every moment and enjoy when you are with your friends. Grab every chances to meet with them)

P.S မမယ်ကိုး အကြံပေးချက်အရ သူငယ်ချင်းသည်လေပြေ လို့ ပိုစ့်လေးကို နာမည်တတ်ပေးလိုက်ပါတယ်...

Wednesday, October 07, 2009

ချစ်တယ် မီးရယ်...

ခုတစ်လော ဘာဖြစ်လို့မှန်းတော့မသိဘူး ဒီ "(လျှပ်စစ်)မီး" နဲ့ပတ်သတ်ပြီးတော့ ခဏ ခဏကြုံရတဲ့ အဖြစ်လေးတွေရှိတယ်... ဒီလိုကြုံရကြားရတော့ ရီလဲရီချင်တယ်... သေချာပြန်စဉ်းစားမိတော့လဲ ဂရုဏာသက်မိတယ်... အားတုံ့ အားနာဖြစ်မိတယ်... ပြောပြရအုံးမယ်... အကြောင်းက ဒီလို...

ဒီနေ့ အိမ်ကို ရန်ကုန်က ဧည့်သည်လင်မယား ၂ယောက် ရောက်လာတယ်... အိမ်မှာ တည်းမှာဆိုတော့ လေယာဉ်ကွင်းက ဆင်းတာနဲ့ အိမ်ကို ရောက်လာတာပေါ့... မိန်းမကတော့ စကာင်္ပူကို တစ်ခါမှ မရောက်ဖူးဘူး... ယောကျာင်္းကတော့ ဒီမှာအလုပ်လုပ်ဖူးတယ်တဲ့... သူတို့ရောက်တဲ့အချိန် ကိုယ်ကလဲ ညဘက်အလုပ်လုပ်ရတော့ နေ့ဘက်အိပ်ရတယ်လေ... နေ့ဘက်အိပ်တော့ အခန်းတွေကို နေရောင်မ၀င်အောင် ပြတင်းပေါက်တွေပိတ် လိုက်ကာတွေချပြီးအိပ်နေတာပေါ့... ဒါနဲ့ သူတို့လာတော့ တံခါးဖွင့်ပေး နေရာထိုင်ခင်းပေးပြီး စကားပြောနေတုန်းရှိသေးတယ်...
အဲဒိ အမျိုးသမီးက ရုတ်တရက် တစ်ခုထမေးလိုက်တာ ကျမအတော်ကြောင်သွားတယ်...
"သမီး... မီးလာလား?" တဲ့...
ကျမ အခုလိုမေးခံလိုက်ရတော့ ဘာတောင် ပြန်ဖြေရမှန်းမသိဖြစ်သွားတယ်... ဘာကို မေးတာမှန်းလဲ ကျမ ချက်ချင်းမသိဘူး...
ဒါနဲ့ ကျမလဲ.. "ရှင်???... ဒီအိမ်??... စကာင်္ပူကို ပြောတာလား?" လို့ ပြောတော့ ...
ဟုတ်တယ်တဲ့... ကျမလဲ တအံ့တသြဖြစ်နေတဲ့ပုံနဲ့ပဲ ကြောင်စီစီပြန်ပြောလိုက်ပါတယ်... တကယ်ပါ အဲလိုမျိုး တစ်ခါမှ အမေးမခံခဲ့ရဖူးတော့ ခဏတာမျှ ကြောင်သွားတာပါ... "ဟုတ်ကဲ့.. မီးလာပါတယ်" လို့ပြောပြီး.. ပန်ကာတွေဖွင့်.. ပြတင်းပေါက်တွေဖွင့် ချက်ချင်းလုပ်ပေးလိုက်ရတယ်.... ကဲ... ကြည့်ရတာ.. မြန်မာပြည်သူတွေ စိတ်ထဲမှာ မီးဆိုတာ လာစရာမဟုတ်ဘူးလို့ အရိုးစွဲနေပုံရပါတယ်...

ဒီ မီး နဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ အပတ်လောက်ကလဲ အလုပ်ထဲက မိတ်ဆွေတစ်ယောက်နဲ့ စကားပြောကြတော့... သူ့မိတ်ဆွေတစ်ယောက်က မြန်မာပြည်မှာ ကလေးပြန်မွေးတယ်တဲ့... ကလေးက သူတို့ကို အကျိုးပေးတယ်တဲ့... ကလေးမွေးတဲ့ အချိန်မှာ ၁ပတ်လုံး မီးလာတယ်တဲ့... ရော.......... ဒွတ်ခ...
ဒါဆိုရင် ကျမကို မွေးခဲ့တုန်းကလဲ ကျမမိဘတွေတင်မကဘူး တစ်နိုင်ငံလုံးကို အတော်အကျိုးပေးခဲ့တာပဲနော် (အဲဒိခေတ်တုန်းက ရေမှန် မီးမှန်သေးတယ်လေ)... အဟတ်ဟတ်...
အရင်က ကလေးမွေးတဲ့အချိန် ထီပေါက်တာတို့ လုပ်ငန်းတွေအဆင်ပြေပြီး ငွေရွှင်တာတို့ဆိုမှ ဒီကလေးက အကျိုးပေးလိုက်တာလို့ ပြောကြလေ့ရှိတာပါ... ခုတော့ မီး ၁ပတ်လာတာ ကလေးအကျိုးပေးတယ်ဆိုတာနဲ့ ခိုင်းနှိုင်းပြောနေရတယ်ဆိုတော့ မီးလာတယ်ဆိုတာ မြန်မာပြည်မှာ miracle ဖြစ်သလိုဖြစ်နေပြီထင်တယ်....

ဒီလိုနဲ့ ဒီနေ့ အိမ်မှာအတူနေတဲ့ အခန်းဖော်နဲ့ အဲဒိ မီးအကြောင်းပြောဖြစ်ကြတော့ သူကလဲ သူ့အဖြစ်လေးတစ်ခုကို ပြောပြတယ်... သူစကာင်္ပူရောက်စက အခန်းထဲမှာ မီးဖွင့်ဖို့မေ့ပြီး အမှောင်ထဲမှာနေနေမိတယ်... မှောင်လိုက်တာလို့ စိတ်ထဲမှာထင်တော့လဲ ဦးနှောက်က သူ့အလိုလို အသိပေးတာက... မီးပျက်နေတာ ဖြစ်မှာပေါ့တဲ့... ဒီလိုနဲ့ အမှောင်ထဲမှာ အတန်ကြာနေလိုက်သေးတယ်ဆိုပဲ... နောက်မှ စကာင်္ပူမှာ မီးမှ မပျက်တာဆိုပြီး သတိရသွားတော့မှပဲ မီးဖွင့်ကြည့်မိတော့တယ်တဲ့... အဟုတ်... ဖြစ်ရပ်မှန်နော်... မထူးဆန်းဘူးလား...

အမှန်တော့ ကျမတို့တွေ အခွန်အခတွေပေးနေသ၍ မီးဆိုတာ ဒီခေတ်ကြီးထဲမှာ ၂၄နာရီ လာနေသင့်တာပါ... ခုတော့ အားလုံးရဲ့အတွေးထဲမှာ တဖြည်းဖြည်းနဲ့ မီး ၂၄ နာရီမလာတာကို အရင်လိုတောင် ညီးငြူစရာလို့မထင်တော့ပဲ တစ်ရက်မှာ ၆ နာရီပြည့်အောင်လာရင်ကိုပဲ ကျေနပ်ပြီး ကျေးဇူးတွေတင်လို့... တစ်ခါတစ်ခါ စဉ်းစားမိတယ်... ဘုရားဟောတဲ့ ရောင့်ရဲတင်းတိန် မင်္ဂလာဆိုတာ ဒါမျိုးအတွက်ထားသင့်သလားလို့...

မြန်မာပြည်သားတွေရဲ့ စိတ်ထဲမှာ မီးမလာတာကို အဆန်းမဟုတ်တော့သလို... မီးဆိုတာ လာစရာမဟုတ်တော့သလိုတောင် အရိုးစွဲနေတာလဲ မပြောနဲ့... ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် Youtube ကနေ ဟိုးအရင်က နာမည်ကြီးခဲ့တဲ့ "သရဲလေးကောင်နှင့် ကျွန်တော်" ဆိုတဲ့ ပြဇာတ်လေးကို သွားကြည့်မိတော့... အဲဒိတုန်းကတည်းက မီးမလာ ရေမရတာကို ဟာသတွေထဲမှာ ထည့်ပြောထားတယ်... အဲဒိပြဇာတ်က ဘယ်နှခုနှစ်က ဟာလဲတော့ မမှတ်မိတော့ဘူး... ဒါပေသိ လွင်မိုးဆိုတာလဲ ငယ်ငယ်လေး... မေသဉ္ဖာဦးဆို ခု အမေခန်းတွေပဲရိုက်နေရပြီ... အရိုင်း ကင်းကောင် ငှက်ပျော်ကြော် ဖိုးဖြူ ကုသိုလ် အားလုံ အခုနဲ့ ယှဉ်ရင် အတော်ငယ်သေးတယ်... ဦးသန်းဖေလေးကြီးဆိုရင် ဆုံးသွားတာတောင် အတော်ကြာပေါ့... သင်္ခါရသဘောတရားကြီးက မီးမလာခြင်းဆိုတဲ့ အကြောင်းတရားကြီးကိုတော့ အန်မတုနိုင်ဘူးထင်ပါ့...

ဟို လွန်ခဲ့တဲ့ ဘယ်နှနှစ်ကလဲတော့မသိဘူး... စင်္ကာပူမှာ ပြည်သူတွေကို အသိပေးမကြေငြာထားပဲ ၅မိနစ်လောက် ညလယ်လောက်မှာ မီးပျက်တောက်သွားခဲ့ဖူးသေးတယ်... အဲဒိတုန်းက နောက်နေ့ မနက်ကျ ရောက်လာတဲ့ ကွန်ပလိမ်းတွေကို စကာင်္ပူ အစိုးရ အတော်ဖြေရှင်းလိုက်ရတယ်ဆိုပဲ... မီးပျက်တောက်မှုကြောင့် ၂၄နာရီအလုပ်လုပ်တဲ့ စက်ရုံတွေက စက်တွေလဲ ပိတ်သွားပြီး ဘယ်စက်ရုံကတော့ ဘယ်လောက် အရှုံးပေါ်သွားပါတယ်... ထွက်ကုန်တွေ နောက်ကျကုန်ပါတယ်ဆိုပြီး နောက်နေ့ သတင်းစာတွေထဲပါလာပြီး အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားသေး...

ခုလဲ ဒီပိုစ့်ကိုရေးတာ ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး... ခုတစ်လော အဲဒိ မီးနဲ့ ပတ်သတ်တာလေးတွေက ကြုံကြိုက်နေတော့ ခံစားရတာလေးကို အချဉ်ထဖောက်လိုက်တာပါ...

တစ်ခါတစ်ခါ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတာလေးတွေက တန်ဖိုးထားစရာပါလားလို့ မေ့လျော့နေခဲ့မိတယ်... ကျမလဲ လျှပ်စစ်မီးရဲ့ တန်ဖိုးတွေကို မေ့လျော့နေခဲ့တာကြာပါပြီ... အင်တာနက် နှေးရင် service provider တွေကို ကြိမ်ဆဲရတာနဲ့... ဖုန်းဘေလ် ကိုယ့်ဘာသာကို ဆောင်တာနောက်ကျလို့ outgoing လေး ဖြတ်ခံရရင်ပဲ ချက်ချင်းဘေလ်ဆောင်ပြီး ၅ မိနစ်အတွင်း ဖုန်းပြန်မရရင် customer service ကို ခေါ်ပြီးကောရတာနဲ့... တကယ်တော့ စကာင်္ပူနိုင်ငံလေး သေးတာ... အလုပ်ပင်ပန်းတာ... မနက်ဆိုရင် အသုတ်မစားရတာ... ရွှေတိဂုံဘုရားကြီး မရှိတာကို ငြီးတွားနေမဲ့အစား... ရှိတာလေးတွေကိုပဲ တန်ဖိုးထားတတ်ပြီး ရောင့်ရဲတင်းတိမ်တတ်နေရင် ကျမရဲ့ဘ၀ဟာ ကျေနပ်စရာပါပဲလား...

ချစ်တယ် မီးရယ်...

photo credits to http://exploreankit.files.wordpress.com/2007/05/lightbulb1.jpg

Tuesday, September 22, 2009

Koko ni iru yo / I'll be right here/ ငါဒီမှာ ရှိနေမယ်...

(ကောင်မလေး)
ကောင်လေးရေ… ငါဒီမှာရှိနေမယ်…
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်မယ်..
ငါနင့်ကိုချစ်တာ နင်သိတယ်မှတ်လား…
အဲဒါကြောင့် နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘာလို့လဲဆိုတော့ နင်ဘယ်လောက်ပဲ ဝေးတဲ့နေရာကိုပဲ ရောက်နေနေ… ငါ့ နှလုံးသားက ပြောင်းလဲမှာ မဟုတ်လို့ပဲ…
ငါပြောချင်တာကို နင် သဘောပေါက်တယ်မှတ်လား…
ငါ နင့်ကို (အမြဲ) စောင့်နေမယ်…

(ကောင်လေး)
ငါက ငတုံးတစ်ယောက်ဖြစ်ခဲ့တယ်… ခုတော့ နင်နဲ့ အဝေးကြီးမှာ ရောက်နေပြီ…
ငါ့ရင်ထဲက ခံစားချက်တွေ မပြောင်းလဲဘူးဆိုတာကို ငါပြောချင်ခဲ့ပင်မဲ့… (အဲဒိအချိန်တုန်းက)နင် ထွက်သွားခဲ့တယ်…
ခုတော့ Album စာအုပ်ထဲက နင့်ပုံလေးတွေပဲ ငါ့မှာရှိတော့တယ်…
ခုဆိုရင်.. နင်နဲ့ ငါ ရေဒီယိုလှိုင်းတွေနဲ့ပဲ တွေ့ဆုံနိုင်တယ်နော်…
ဒါပေမဲ့ ဒီနည်းနဲ့က နင့် အပြုံးတွေကို ငါမမြင်ရဘူးလေ…
နင်ရဲ့ နွေးထွေးမှု… နင့်ဆံပင်လေးတွေရဲ့ သင်းရနံ့လေးတွေ(ကို မခံစားရတော့)…
ငါ့စိတ်ထဲက နင့်ကို တောင့်တနေတဲ့ ခံစားချက်ကို မဖြေသိမ့်နိုင်ပါဘူးဟာ..


နေ့တွေ ဖြတ်သန်းလာတာနဲ့ အမျှ… နင့် အရိပ်တွေကို ငါ မက်မက်မောမော ရှာဖွေနေမိတယ်…
ခုဆိုရင် နင်နဲ့ လျှောက်နေကျ လမ်းလေးမှာလဲ.. ငါ့ခြေသံလေးတွေရဲ့ ပဲ့တင်သံလေးတွေပဲ ကျန်တော့မှာပေါ့နော်…
ဒါနဲ့ နေပါအုံး… နင်ရော နေကောင်းရဲ့လား… ထမင်းမှ မှန်မှန်စားရဲ့လား…
အာ… Damn.. ခုထက်ထိ ငါဘာပြောရင် ကောင်းမယ်ဆိုတာ ခေါင်းထဲပေါ်မလာသေးဘူးဟာ…
ကြည့်ရတာ… ဒီစာကို ငါ နောက်မှပဲ ပို့ဖြစ်တော့မယ်ထင်ပါတယ်…



(ကောင်မလေး)
ကောင်လေးရေ… ငါဒီမှာရှိနေမယ်…
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်မယ်..
ငါနင့်ကိုချစ်တာ နင်သိတယ်မှတ်လား…
အဲဒါကြောင့် နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘာလို့လဲဆိုတော့ နင်ဘယ်လောက်ပဲ ဝေးတဲ့နေရာကိုပဲ ရောက်နေနေ… ငါ့ နှလုံးသားက ပြောင်းလဲမှာ မဟုတ်လို့ပဲ…
ငါပြောချင်တာကို နင် သဘောပေါက်တယ်မှတ်လား…
ငါ နင့်ကို (အမြဲ) စောင့်နေမယ်…

(ကောင်လေး)
ကမကုရာမှာ ကမ်းခြေကို နင်လှမ်းကြည့်နေတုံးက…
အဲဒိလှိုင်းလုံးတွေက ငါပြောချင်ခဲ့တဲ့ စကားတွေကို ၀ါးမြိုသွားခဲ့တယ် ဆိုတာ နင်သိရဲ့လား…
ငါအရမ်း ခံစားရတယ်…
ငါက ယောကျာင်္းတစ်ယောက်ပါ… ဒါပေမဲ့ ဘာလို့ ဒီ စကားလုံးတွေ ငါ့ပါးစပ်က ပြောမထွက်ခဲ့တာလဲ…

နင်မှတ်မိသေးလား… ငါတို့တွေ အတူတူ ကာရာအိုကေ သွားဆိုတုန်းကလေ…
တီဗွီ(မော်နီတာ) ပေါ်မှာ ပေါ်လာတဲ့ ငါရွေးခဲ့တဲ့ သီချင်းစာသားတွေက…
တကယ်တော့… ငါနင့်ကို အရိုးသားဆုံး ၀န်ခံချင်ခဲ့တဲ့ စကားတွေပေါ့ဟာ…

ငါတို့ ၂ယောက်ထဲ ပထမဦးဆုံးတွေ့တဲ့နေ့ကလေ…
ငါတို့ တနေကုန်ပျော်ခဲ့ကြတယ်… မသိရင်တော့ မတော်တဆ နင်နဲ့ ဆုံခဲ့ သလိုလို ငါဖန်တီးခဲ့တာ…
အဲဒိနေ့က နင့်အပြုံးတွေကို ငါဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး…
ကဲပါလေ… ငါလဲ မဆိုင်တာတွေ ပြောနေမိပြန်ပြီ…
ဒါပေမဲ့ ငါဘာပြောဖို့ကြိုးစားနေတယ်ဆိုတာ နင်သိတယ်မှတ်လား….

Shit… (စာရေးနေရင်းနဲ့…) ရေးစရာ နေရာတောင် မကျန်တော့ဘူး…
ဆော်ရီးဟာ… နောက်တစ်ခေါက်ကျရင်တော့ ငါဒီစာကို ဆက်ဆက် ပို့ပါ့မယ်…

(ကောင်မလေး)
ကောင်လေးရေ… ငါဒီမှာရှိနေမယ်…
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်မယ်..
ငါနင့်ကိုချစ်တာ နင်သိတယ်မှတ်လား…
နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘာလို့လဲဆိုတော့ နင်ဘယ်လောက်ပဲ ဝေးတဲ့နေရာကိုပဲ ရောက်နေနေ…

ငါ့ နှလုံးသားက ပြောင်းလဲမှာ မဟုတ်လို့ပဲ…
ငါပြောချင်တာကို နင် သဘောပေါက်တယ်မှတ်လား…
ငါ နင့်ကို (အမြဲ) စောင့်နေမယ်…


(ကောင်လေး)
ငါ နင့်အတွက် အရာရာတိုင်းကို စွန့်လွှတ်ရပါစေ… ငါလုပ်နိုင်ပါတယ်…
တကယ်လို့ ငါ့မှာသာ ဒီထက် ပိုက်ဆံပိုရှိခဲ့ရင်… ငါ့မှာသာ အလုပ် အတည်တကျရှိခဲ့ရင်ကွာ…
အဲဒါကြောင့် ငါ့ကို နင်အထင်မလွဲပါနဲ့… နင် အထီးကျန်အောင် လုပ်မိတဲ့ ငါ့ကိုယ်ငါလဲ မုန်းမိပါတယ်… ဒါပေမဲ့ဟာ….
ငါအခု အလုပ်တွေ များနေတော့ နင်နဲ့ စကားကြာကြာ မပြောနိုင်ဘူး..
ဒါတွေ အားလုံးကလဲ ငါတို့ ၂ယောက် အနာဂတ်ကောင်းဖို့လုပ်နေတယ် ဆိုတာကိုတော့ ယုံပေးပါနော်…

ငါအမှန်အတိုင်း ၀န်ခံရရင်… ခု ချက်ချင်းပဲ နင့်ကို တွေ့ချင်နေတယ်… ငါ့ရင်ခွင်ထဲမှာ နင့်ကို တင်းကျပ်နေအောင် ဖက်ထားချင်တယ်…
နင်ထိုင်နေကျ ငါ့ဘေးကထိုင်ခုံလေးက ခုထက်ထိ လစ်လပ်နေဆဲပါဟာ…


ကဲပါလေ… ဒါတွေက အရေးမကြီးပါဘူး…
ငါပြောချင်နေတာလဲ အဲဒါမဟုတ်ပါဘူး…
ခုချိန်မှ ပြောလဲ နောက်ကျကောင်း နောက်ကျနေလိမ့်မယ်ဆိုပေမဲ့…
ငါတစ်ချိန်လုံး ပြောချင်နေခဲ့တဲ့ စကားတွေပါတဲ့ ငါ့ရဲ့ မပို့ဖြစ်ခဲ့တဲ့ စာကို ဒီတစ်ခေါက်တော့ ပို့လိုက်ပါ့မယ်….

ကောင်မလေးရေ… ငါ ဒီမှာရှိနေတယ်နော်….
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်နေတယ်နော်…
ငါနင့်ကို ချစ်တာ နင်သိပါတယ်…
အဲဒါကြောင့် နင်ဘာမှ စိတ်မပူနဲ့…
ဘယ်လောက်ပဲ ဝေးကွာနေပေမဲ့… ငါ့နှလုံးသားက ပြောင်းလဲမှာ မဟုတ်ပါဘူး…
ငါဘာဆိုလိုတယ်ဆိုတာ နင်သိတယ်ဟုတ်?...
ငါနင့်ကို စောင့်နေမယ်...

(စုံတွဲ)
အချစ်ရေ… ငါ ဒီမှာ ရှိနေတယ်နော်…ငါလဲ နင့်ကို ဘယ်မှ မသွားပဲ စောင့်နေတယ်…
ငါချစ်တယ်ဆိုတာ နင်သိတယ်မှတ်လား…
ဒါကြောင့် နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘယ်လောက်ပဲ ဝေးဝေး ငါ့နှလုံးသားက မပြောင်းလဲသွားပါဘူး..

(ကောင်လေး)
ခုတော့ ငါပြောချင်တာတွေ နင့်ကို ငါပြောနိုင်ပြီ...
I don't ever wanna let you go...
(ငါနင့်ကို ဘယ်တော့မှ မခွဲချင်တော့ဘူးဟာ...)




အပေါ်မှာ ရေးသွားတဲ့ စာသားပုံစံတွေကို ဖတ်ကြည့်တာနဲ့ ဒီဟာက ကဗျာမဟုတ်ဘူး... ၀တ္တုတိုလဲမဟုတ်ဘူး... သီချင်းစာသားဆိုတာ ခန့်မှန်းလို့ရမှာပါ... ဂျပန်သီချင်း KoKo Ni Iru Yo (ကိုကိုနီအီရူယို) အင်္ဂလိပ်လိုဆိုရင် (I'll be right here)လို့ အဓိပ္ပါယ်ရတဲ့ သီချင်းက စာသားလေးတွေကို အတတ်နိုင်ဆုံး အနီးစပ်ဆုံးနဲ့ ဖတ်ရအဆင်ပြေအောင် ဘာသာပြန်ထားတာပါ... (အင်္ဂလိပ်လိုဆိုရင်တော့ ပိုဖတ်ရ အဆင်ပြေပါတယ်... မြန်မာလို တတ်နိုင်သလောက်ဘာသာပြန်လိုက်လို့ သီချင်းအဓိပ္ပါယ်ပေါ့သွားခဲ့ရင် စိတ်မကောင်းပါဘူး... ဒါပေမဲ့ အားလုံးအတွက် အဆင်ပြေအောင် ပြန်ပေးလိုက်တာပါ...)
စာသားလေးတွေက အရမ်းကို romantic ဆန်သလို သံစဉ်နဲ့ သရုပ်ဆောင် MTV လေးကလဲ အလွန်မှ ကောင်းပါတယ်... Rap အဆိုတော် Soulja ရဲ့ သီချင်းပါ... အောက်က Youtube ဗွီဒီယိုမှာ ခံစားကြည့်ပါ...



MTVအပေါ် ကျမအမြင်

ဒီ MTV လေးကို စကြည့်ချိန်က အစပ်ဆက်မရှိဘူးလို့ခံစားရတယ်... ကောင်မလေးက လုပ်ချင်တာတွေလုပ်နေတယ်... အဖွားကြီးကို ပြုစုတယ်... စားပွဲထိုးတယ်... တစ်ယောက်ထဲ ဘတ်စ်ကားစီးတယ်... ကောင်လေးကကျတော့ စတီဒီယိုထဲမှာ သီချင်းဆိုနေတယ်... နောက်ဆုံးလေးကျမှ ကောင်လေးစာကို ကောင်မလေးဖတ်ရပြီး ဖုန်းပြောတဲ့အခန်းမှ ၂ယောက်ဆက်သွားတယ်လို့ ထင်နေတာ... ဒါပေမဲ့ ဒီ MTV လေးကိုကြည့်နေတဲ့ အချိန်မှာ တမျိုးလေးခံစားရတယ်... သီချင်းစာသားလေးတွေနဲ့ ပေါင်းလိုက်တဲ့အချိန်မှာ စို့စို့နစ်နစ် ခံစားရတယ်... အဲဒါဘာကြောင့်လဲ... သူတို့ရဲ့ တင်ပြပုံက ဘာလို့ ပရိတ်သတ်ကို ခံစားချက်တစ်ခုပေးနေတာလဲလို့ သေချာစဉ်းစားလေ့လာကြည့်မိတယ်... တကယ်တော့...

သီချင်းရဲ့အစပိုင်းမှာ ဖုန်းလေးစမြည်နေတဲ့ အချိန်မှာ ကောင်လေးက စတီဒီယိုအခန်းထဲ ၀င်သွားလို့ မသိလိုက်ဘူး... အဲဒိအခါမှာ ကောင်မလေးက စိတ်ပျက်သွားတယ်... ဒါပေမဲ့ သူမလုပ်နေကျ နေ့စဉ်အလုပ်လေးတွေကို ဆက်လုပ်နေခဲ့တယ်... ကောင်လေးကို သတိရနေတယ်... တစ်ခါတစ်ခါ သူမအားရင် ကြိုးစားပြီးဖုန်းခေါ်ကြည့်တယ်... ဒါပေမဲ့ ကောင်လေးက စတီဒီယိုထဲမှာပဲ ရှိလို့ မကိုင်ဖြစ်ဘူး... ကောင်မလေးက စိတ်မကောင်းဖြစ်နေတယ်... နောက်ဆုံးခန်းကျမှ ကောင်လေးက စတီဒီယိုထဲက ထွက်လာပြီး ကောင်မလေးကိုဖုန်းခေါ်လိုက်တယ်... တချိန်တည်းမှာပဲ ကောင်မလေးကလဲ ကောင်လေးစာကို ဖောက်ဖတ်နေတဲ့ အချိန်ဖြစ်နေတယ်... နောက်ဆုံးကောင်မလေးက ကြည်နူးပြီး ငိုတယ်... ဒီကြားထဲမှာလဲ ကောင်လေး Rap ဆိုနေတဲ့ အချိန်မှာလဲ သူတို့ ၂ယောက်ရဲ့ အတိတ်က အရိပ်လေးတွေနဲ့ ဖြည့်စွက်ထားတယ်...

တချို့ ဗွီစီဒီတွေလို သီချင်းနဲ့ သရုပ်ဆောင် စပ်ဆက်မှုမရှိပဲ... သရုပ်ဆောင်မင်းသမီးတွေ လျှောက်ပြေးပြ... လှုပ်ပြ.. မင်းသားနဲ့ လမ်းလျှောက်ပြနေတာမဟုတ်ပဲ... သီချင်းနဲ့ စပ်ဆက်မှုရှိအောင် သူတို့ တင်ပြခဲ့တယ်... ဥပမာ... နောက်ဆုံးမှာ ကောင်မလေးရတဲ့စာက သီချင်းစာသားထဲက ကောင်လေးရဲ့ မပို့ဖြစ်ခဲ့တဲ့ သူ့ခံစားချက်တွေပါတဲ့ အချစ်ဝန်ခံစာလေးဖြစ်နေတယ်... ကောင်မလေးက တစ်ချိန်လုံးကြီး ပိုသဲကဲလွမ်းပြဆွေးပြနေစရာမလိုပဲ ပုံမှန် ဘ၀ယန္တယားထဲမှာ ကောင်လေးကို ဆွေးမြေ့မြေ့လေး စောင့်နေတယ်ဆိုတာကိုလဲ အနုညံ့ဆုံး ဖော်ပြသွားတယ်... ဒီသီချင်းတိုတိုလေးထဲမှာပဲ ကောင်မလေးရဲ့ စရိုက်ကို ကြိုးစားပြီး လူကြီးသူမ ရိုသေတတ်တဲ့ မိန်းမကောင်းလေးဆိုတာကို ပေါ်လွင်အောင်... အဖွားကြီးကို ပြုစုတာကို ပြတယ်... စားပွဲထိုးလုပ်တာကို ပြတယ်...

သူတို့ ၂ယောက်တူတူရှိနေတဲ့ အချိန်မှာလဲ တစ်ချိန်လုံးကြီး ဖက်ပြနေစရာဘာညာမလိုပဲ... အိမ်မှာတူတူ တီဗွီကြည့်တာ... ဈေးတူတူသွားဝယ်တာ... ရထားဘူတာရုံလေးမှာ တူတူထိုင်နေတာ... ထမင်းတူတူစားတာ... အိမ်နားပတ်ဝန်းကျင်က လမ်းလေးတွေ ကုန်းကျော်တံတားလေးတွေပေါ်မှာ လမ်းလျှောက်နေတာလေးတွေကို အဖြူစင်ဆုံးပြထားတယ်... ဒီမှာ အတုယူသင့်တာက... စုံတွဲတစ်တွဲ ချစ်တယ်ဆိုတာကို ဖော်ပြတဲ့နေရာမှာ... ပန်းခြံထဲမှာ ဖက်လိုက်.. ကလူအိသို့ မြူအိသို့လုပ်လိုက်... လက်တွဲပြီး ပြေးကြ... အအေးသောက်ရင်း ကြာကြည့်နဲ့ကြည့်ကြ... အတင်းကို ပြုံးဖြီးပြီး ရီပြကြ... အဲလိုမျိုးတွေ ရိုက်ပြနေမှ မဟုတ်ပါဘူး... (ဘယ်အတွဲမှလဲ အပြင်မှာ ဒီအရွယ်ကြီးတွေရောက်မှ လက်တွဲပြီး ပန်းခြံထဲမှာ မပြေးတော့ပါဘူး... ရုပ်ရှင်သဘောအရ တခါတရံလိုအပ်လို့ ရိုက်တာကိုတော့ နားလည်လို့ရပါတယ်... )

သရုပ်ဆောင်တွေရဲ့ အပိုင်းကိုကြည့်မယ်ဆိုရင်လဲ... ကောင်မလေးရဲ့ ၀တ်ပုံစားပုံကလိုတာထက်မပိုဘူး... မိတ်ကပ်အပြင်အဆင်ကလဲ ဘာမှမရှိတဲ့အတိုင်းပဲ... ဒါကလဲ သူတို့ နိုင်ငံရဲ့ မိတ်ကပ်အဆင့်အတန်းနဲ့ ရိုက်တဲ့ စက်ပစ္စည်းကြီးတွေ... အက်ဒီတာရဲ့ Effect တွေနဲ့ ဆိုင်မယ်ထင်ပါတယ်...
ကောင်လေးကလဲ စွတ်ကျယ်အနက်ရောင်နဲ့ Rapper ပုံစံလေးဝတ်ထားပါတယ်... သူက အဲဒိသီချင်းရဲ့ တကယ့်အဆိုတော် အစစ်ပါ... အဆိုတော်ဆိုတော့ သိပ်ပြီး သရုပ်ဆောင်ပြနေစရာတော့ မလိုအပ်ပါဘူး... သာမာန်လေးပဲ သီချင်းဆိုပြနေပါတယ်... ဒါပေမဲ့ သူသီချင်းဆိုနေတဲ့ပုံလေးက မာန်ပါတယ်... ဈာန်ဝင်နေတဲ့အတွက်ကြောင့်... ၂ယောက်ကို ဆက်စပ်ပြလိုက်တော့... ကောင်လေးကလဲ ကောင်မလေးကို တကယ်ပဲလွမ်းနေတယ်ဆိုတဲ့ ခံစားချက်မျိုးလေးပေးပါတယ်...
နောက်ဆုံးခန်းလေးမှာ ဖုန်းပြောတဲ့ အခန်းလေးတစ်ကွက်ပြလိုက်တဲ့အချိန်မှာ နံရံလေးကိုမှီပြီးပြောနေတဲ့ပုံက Cool ဖြစ်ပါတယ်... Cool ဖြစ်အောင်လဲ သရုပ်ဆောင်ထားတာပါ... လူကမလှရင်တော့ ဘယ် Cool ဖြစ်မလဲနော်... Body ကလဲ မိုက်... အရပ်ကလဲမိုက်ဆိုတော့ Cool ဖြစ်တာပေါ့... ဆိုလိုတာက အဆိုတော်ဆိုပြီး ခန္ဒာကိုယ်နဲ့ ရုပ်ရည်ကို ဂရုမစိုက်လို့ မရပါဘူး... အဆိုတော်လဲ Celebrity ပါပဲ... ကိုယ့်လုပ်ငန်းပိုပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ထိန်းလို့ရတဲ့ body ကိုထိန်းသင့်ပါတယ်...

ကင်မရာ အယူအဆလေးတစ်ခုကို သဘောကျတာကတော့... ကောင်လေးသီချင်းဆိုနေတဲ့အချိန်မှာ ဘေးတိုက်လေးတွေပဲ ရိုက်ထားပါတယ်... အတော်ကြည့်ကောင်းပါတယ်... ဒါနဲ့ အဲဒိ အဆိုတော်ရဲ့ တကယ့်ရှေ့က မျက်နှာကို သိချင်လွန်းလို့ တခြား MTV တွေမှာရှာကြည့်တော့... သူက ဘေးတိုက်ကြည့်လေ ပိုကြည့်ကောင်းလေပါပဲ... တည့်တည့်ကြည့်တော့ ဘေးတိုက်မြင်ထားတုန်းကလောက် ကြည့်မကောင်းပါဘူး... ကင်မရာမန်းရဲ့ သရုပ်ဆောင်အပေါ် ဘယ်ကရိုက်ရင် လှတယ်ဆိုတဲ့ ပညာပါ...

အက်ဒီတင်းပိုင်းမှာတော့ သီချင်းလေးက အေးအေးလေးဆိုတော့... ကောင်မလေးအခန်းလေးတွေပြရင် Slow Motion လေး နည်းနည်းထည့်ထားတဲ့အတွက် စိတ်ထဲမှာ ညိမ့်ညိမ့်လေးလို့ ခံစားရပါတယ်... Youtube ကပဲ Quality မကောင်းလို့လား... သူတို့ပဲ Effect ထည့်ထားလို့လားတော့ မသိပါဘူး... ခပ်မှုန်မှုန်လေးဖြစ်နေပါတယ်... ကောင်လေးကို ပြရင် ဒီလောက်မမှုန်ဘူးလို့ ခံစားရပါတယ်... ဒါကတော့ ကျမရဲ့ အထင်ပါ.. မသေချာပါဘူး... သုံးတဲ့ ဖလင် Quality နဲ့ ဆိုင်မလားတော့ မသိပါဘူး... ကျမကလဲ အဲဒိလောက်ထိတော့ Technology မှာ Knowledge မရှိတော့ မသေချာပါဘူး... ဘာပဲပြောပြော ဒီ MTV လေးက အတုယူသင့်တဲ့ တင်ဆက်မှုလေးတစ်ခုလို့ ကျမတော့ ထင်မြင်မိပါတယ်...


Thursday, September 10, 2009

The Proposal - Movie Review


ပြီးခဲ့တဲ့အပတ်က ကြည့်ဖြစ်ခဲ့တဲ့ Sandra Bullock နဲ့ Ryan Reynold ရဲ့ The Proposal ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ဖောက်သည်ချချင်ပါတယ်...

ဇာတ်လမ်းအကျဉ်း

အလွန်မှ စည်းကမ်းကြီးပြီး အလုပ်နဲ့ ပတ်သတ်ရင် အမှားလုံးဝမခံတတ်တဲ့ မာဂရက်(Margaret)ဆိုတဲ့ Boss အက်ဒီတာကို ရုံးကအလုပ်သမားတွေအလွန်ကြောက်ရ ပါတယ်... မာဂရက်မှာ သူမရဲ့ အနွံအတာကိုခံ၊ ကျန်တဲ့သူတွေ အနည်းအကျဉ်းလွဲချော်တာလေးတွေကို ညှိယူပေး၊ အလုပ်ပိတ်ရက်များကိုလဲ အလုပ်လုပ်ပေးရ၊ မိသားစု တွေ့ဆုံပွဲတွေလဲ မပြန်ရသော်လည်း အက်ဒီတာဖြစ်ချင်တဲ့ ရည်မှန်းချက်ကြောင့် ၃နှစ်လုံးလုံး သူမကို သည်းခံပြီးနေရတဲ့ အန်ဒရူး (Andrew) ဆိုတဲ့ သူမရဲ့ Personal Assistant လေးတစ်ယောက်ရှိပါတယ်...

သို့သော် မာဂရက်ဟာ ကနေဒီယန် တစ်ယောက်ဖြစ်ပြီး အလုပ်ထဲမှာသာ စိတ်နှစ်ထားခဲ့တဲ့အတွက် သူမရဲ့ ဗီဇာကို ထပ်မံတိုးဖို့မေ့လျော့ခဲ့ပါတယ်... အဲဒိအတွက် သူမဟာ ကနေဒါကို ၁နှစ်ခန့် ပြန်ရမည်ဖြစ်ပြီး အလုပ်ကနေပါ ရပ်ဆိုင်းဖို့ ဖန်လာပါတယ်... ဒီအခါမှာ အမေရိကန်ဖြစ်တဲ့ သူမရဲ့ လက်ထောက် အန်ဒရူးကို သူမကို ဟန်ဆောင်လက်ထပ်ဖို့ အကျပ်ကိုင်ခဲ့ပါတော့တယ်... ပထမတော့ အန်ဒရူးလဲ သဘောမတူခဲ့သော်ညား... သူတောင်းဆိုတဲ့ အချက် ၃ချက်ကို မာဂရက်ကလိုက်လျောလျှင် သဘောတူမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်...

အဲဒါတွေကတော့... ၁။ သူ့ရဲ့စာမူကို ထုတ်ဝေခွင့်ပေးဖို့... ၂။ သူ့ကို မကြာမီအချိန်အတွင်း အက်ဒီတာအဖြစ် ရာထူးတိုးမြှင့်ပေးဖို့နဲ့ ၃။ သူ့ကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းဖို့ တို့ဖြစ်ပါတယ်... ထိုသုံးချက်လုံးကို မာဂရက်က သဘောတူပြီးနောက်မှာတော့ အင်မီဂရေးရှင်းအရာရှိကို သူတို့ပြောခဲ့မိတဲ့အတိုင်း အန်ဒရူးရဲ့ဇာတိဖြစ်တဲ့ အလက်စကားပြည်နယ် (Alaska) .. စစ်ကာ(Sitka)မြို့လေးကို ၂ယောက်သား အလုပ်ပိတ်ရက်မှာ ခရီးနှင်ခဲ့ကြရပါတော့တယ်...

ဒီခရီးစဉ်လေးဟာ... အင်မီဂရေးရှင် အရာရှိရဲ့ မေးခွန်းတွေကို မှန်ကန်စွာဖြေနိုင်စေရန် သူတို့ ၂ယောက်ကြားက Personal Details လေးတွေကို ဖလှယ်ဖို့... တယောက်အကြောင်းတစ်ယောက် ပိုသိဖို့ အစကရည်ရွယ်ခဲ့ပင်မဲ့ တကယ်တန်းကျတော့ အေးခဲနေတဲ့ မာဂရက်ရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ်... အန်ဒရူးမိသားစုရဲ့ ချမ်းသာသော်လည်း မမောက်မာတဲ့စရိုက်၊ နွေးထွေးစွာကြိုဆိုပုံ၊ အန်ဒရူးနဲ့ သူ့အဖေကြားက ပဋိပက္ခ တွေကို မာဂရက်သိခွင့်ရလိုက်သလို... မာဂရက်ရဲ့ Bossy မဟုတ်တဲ့ အပြုအမူ၊ သာမာန်ဆိုသူမရဲ့ အကျင့်မဟုတ်ပင်မဲ့ သူ့မိသားစုနဲ့ လိုက်လျောညီထွေစွာ နေထိုင်ပုံ တွေကြောင့် အရင်ကစုန်းမတစ်ယောက်လို့မြင်ထားပင်မဲ့ တဖြည်းဖြည်း မိန်းမတစ်ယောက်အနေနဲ့ ပြောင်းလဲမြင်လာခဲ့ပါတယ်...
ဟန်ဆောင်လက်ထပ်ဖို့ သွားခဲ့တဲ့ခရီးစဉ်လေးမှာ သူတို့ ၂ယောက်ဘယ်လို သံယောဇဉ်တွယ်ခဲ့ကြသလဲ... သူတို့ ဇာတ်လမ်း ဘယ်လိုအဆုံးသတ်မလဲ... ဆိုတာလေးကို အချစ်ဟာသ ကားလေးအဖြစ် ကောင်းမွန်စွာတင်ဆက်ပြသသွားနိုင်ပါတယ်...



မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် သွားကြည့်ဖို့ တိုက်တွန်းလိုပါတယ်... ဘယ်တော့မှ မျှော်လင့်ချက်ကို မပျက်စီးစေတဲ့ Sandra Bullock ရဲ့ တင်ဆက်မှုတွေရယ်၊ Super handsome and cute မင်းသား Ryan Reynolds ရယ်ပေါင်းလိုက်တော့ ဒီကားလေးဟာ အတော်လေးကို ကြည့်လို့ကောင်းခဲ့ပါတယ်...
အိမ်ရောက်တော့ အဲဒိကားအကြောင်းကို research ရှာကြည့်တော့ မင်းသားကမှ တကယ် ကနေဒီယန်ဆိုတာ သိခဲ့ရပါတယ်... နောက်ပြီး မင်းသမီးက မင်းသားထက် ၁၀ နှစ်ကျော်တောင် အသက်ပိုကြီးပါတယ်... ဒါပေမဲ့ Sandra Bullock ကတော့ လှမြဲပါပဲ... ရုပ်ရှင်တကားကြည့်ပြီး ကိုယ်ကြိုက်တဲ့ကားဆိုရင် အိမ်ပြန်ရောက်ရင် အမျှင်အတန်းမပြတ်ပဲ ဟိုရှာဒီရှာ... Youtube က ဗွီဒီယိုတွေ ရှာကြည့်ရတာလဲ အရသာတစ်မျိုးပါပဲ.... ကဲ... အားလုံးပဲ... ဒီနေ့တော့ ဂလောက်ပါပဲ....


Sunday, August 30, 2009

ကိုရီးယားခရီးစဉ် Day 2


ဟိုတယ်ကို Morning Call ၆နာရီခွဲပေးဖို့ ကျမတို့ ဂိုက်က ပြောထားပေမဲ့ အဲဒိနေ့က ဘာဖုန်းမှ မမြည်ပါဘူး... ကံကောင်းလို့ ကျမတို့ဘာသာ နာရီသံပတ်ပေးထားလို့ နောက်မကျတာပါ... ဒါတောင် ဟိုတယ်ကဖုန်းမခေါ်သေးတော့ စောသေးတယ်ပဲ မှတ်နေတာပါ... အဖွဲ့တိုင်း အတူတူပါပဲ... ဒါနဲ့ ၇နာရီကျတော့ ဟိုတယ် Lobby မှာ ကတ်သီနဲ့ ဆုံကြတော့ စလုံးအဖွဲ့တွေက ဘယ်အချိန်ထဲက ကွန်ပလိမ်းပြီးနေမှန်းတောင်မသိပါဘူး... ကတ်သီလဲ ဟိုတယ်ကို သွားပြီး ကွန်ပလိမ်းလိုက်ပုံရတယ်... အပြင်သွားဖို့ ကားပေါ်ရောက်နေမှ ဟိုတယ် မန်နေဂျာ(လို့ပြောတာပါပဲ)... အဲဒိလူတစ်ယောက်နဲ့ ကတ်သီနဲ့ ကားပေါ်ကိုလာပြီးတောင်းပန်တယ်...

ဟိုတယ်မန်နေဂျာဆိုတဲ့လူကြီးကလဲ သားသားနားနား လည်ပင်းမှာ ကြောင်လျှာသီးကြီးဆွဲထားပင်မဲ့ ကိုယ်တွေကို တလေးတစား ခါးတွေကုန်းပြီး လာတောင်းပန်တော့ စလုံးတွေရော ကျမတို့ရောက အားတွေနာလို့... ကိုယ်တို့နိုင်ငံမှာ အဲလိုတောင်းပန်တဲ့ ပုံစံမျိုးမှ မရှိတာ... ရုပ်ရှင်ထဲက အတိုင်းပဲ... အဟိ... ပြီးတော့ သူက တောင်းပန်တဲ့အနေနဲ့ ကျမတို့ရဲ့ အခန်းတိုင်းမှာ ရေသန့်ဗူး ၁ဗူးစီ အပိုလက်ဆောင်ပေးပါ့မယ်တဲ့... ကဲ... ဘယ်လောက် ၀န်ဆောင်မှုကောင်းသလဲ...

ဒီလိုနဲ့ စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ခရီးစခဲ့ကြတာပေါ့... အစီအစဉ် စာရွက်ထဲမှာ ပါတဲ့အတိုင်း မနက်စာကို Local Korean Restaurant မှာ လိုက်ကျွေးပါတယ်... ဆိုင်လေးက ကိုရီးယား အမြင့်ဆုံး တောင် ဟာလာတောင်နဲ့ နီးပါတယ်... အဲဒိကနေ မြင်နေရတယ်... အဲဒိတောင်ကိုတော့ မတက်တော့ပါဘူးလို့ ကတ်သီက ပြောပါတယ်... အတက် ၄ နာရီ အဆင်း ၄ နာရီကြာတယ်လို့ပြောပါတယ်...

မနက်စာကတော့ ဘူဖေးပါ... ဗွီဒီယိုထဲက ဆိုင်လေးပေါ့... လူအတော်များပါတယ်... ကိုရီးယားတွေလဲ အတော်လာစားကြပါတယ်... သူတို့က မနက်စာကိုလဲ ထမင်းပဲ စားတတ်တော့ ထမင်းဟင်းပိုများပါတယ်... ပေါင်မုန့်တို့ ဆန်ပြုတ်တို့လဲရှိပါတယ်... Seaweed ဆန်ပြုတ်ကတော့ အတော်ကောင်းတယ်လို့ပြောကြပါတယ်... ကျမကတော့ ဆန်ပြုတ်မကြိုက်တော့ မသောက်ဖြစ်ခဲ့ပါဘူး... ပေါင်မုန့်ကလဲ မစားချင်ပြန်ပါဘူး... ဒီတော့ ထမင်းနဲ့ ဟင်းပဲစားရတော့တာပေါ့... ဒါပေမဲ့ ဟင်းတွေကလဲ ချဉ်ဖတ်ပေါင်းမျိုးစုံက များပါတယ်... ဂေါ်ဖီထုပ်ချဉ်ဖတ်၊ မုန်လာဥ ချဉ်ဖတ်၊ သခွားသီးချဉ်ဖတ်၊ ပဲပင်ပေါက် ချဉ်ဖတ် စုံနေတာပဲ... ကျမက ချဉ်ဖတ်လဲ မကြိုက်တော့ အတော် အခက်တွေ့ရပါတယ်... တော်သေးတာက ၀က်သားဟင်းရှိပါတယ်... သူတို့ ကိုရီးယားချက်လေးပါ... ပုံကြည့်တော့ စပ်မလိုလိုနဲ့ တကယ်တန်းကျတော့ ချိုတိုတိုလေးတွေလေ... ပြီးတော့ ကြက်ဥမွှေကြော်လဲရှိတယ်... ချဉ်ဖတ်ကိုတော့ သူတို့နိုင်ငံရောက်တုန်း သူတို့ အစားအစာ မြည်းကြည့်သင့်တယ်ထင်လို့ စားကြည့်တော့... မုန်လာဥ ချဉ်ဖတ်(Kimchi) လေးတော့ စားလို့ရပါတယ်... သခွားသီးချဉ်ဖတ်(Kimchi) လဲ စားလို့ရပါတယ်... သူတို့ရဲ့ အဓိက မုန့်ညင်းလိုလို ဂေါ်ဖီထုပ်လိုလို ချဉ်ဖတ်ကတော့ အနံ့တောင် မခံနိုင်ပါဘူး...

Songsan Sunrise Peak

စားသောက်ပြီးတော့ ဆိုင်အောက်ဆင်းပြီး ဟိုကြည့်ဒီကြည့်လုပ်ဖြစ်ပါသေးတယ်... အနီးအနားမှာ ရေဗ၀ဲဖမ်းဖို့ ကွန်ယက်နေတဲ့ ကိုရီးယားကျေးလက် အဖိုးကြီးတွေကိုတွေ့ပါတယ်... ဒီလိုနဲ့ ခရီးဆက်ဖြစ်ကြပါတယ်... နောက်တစ်နေရာကတော့ Songsan Sunrise Peak ကိုသွားမှာဖြစ်ပါတယ်... နေမပူခင် အမြန်သွားမှ တောင်တက်ရင် သက်သာမှာပါ... အတော်လေး ကားပြန်စီးရပါတယ်... လမ်းမှာ ၁ရေးလောက်တောင်ရပါတယ်... ကျမအထင် ၂ နာရီလောက်တောင် ပြန်စီးရတယ်ထင်ပါတယ် (မသေချာပါ)...

တောင်အောက်ကိုရောက်တော့ ဂိုက်က တောင်ပေါ်ကို တက်ချင်ရင် အသွားအပြန်ကို နာရီဝက်လား ၄၅ မိနစ်လားမသိဘူးပေးပါတယ်... ကတ်သီက ပြောပါတယ် ဒေါက်ဖိနပ်နဲ့ ဖြစ်ရဲ့လားတဲ့... မရနိုင်လောက်ဘူးလို့ ပြောပါတယ်... မနက်က ဟိုတယ်မှာတည်းက သူပြောပါတယ်... ဒီနေ့ သွားရမယ့်နေရာတွေက ပင်ပန်းမယ်တဲ့ ဒေါက်ဖိနပ်နဲ့ ဖြစ်ရဲ့လားတဲ့... ဒါပေမဲ့လဲ လည်ရှည်ဖိနပ်ဆိုတာကလဲ စကာင်္ပူမှာ ၀တ်ဖို့ အခွင့်အရေးမရှိတဲ့ ဖိနပ်လေ... ဒီနေ့သွားမယ့်နေရာများတော့ ဓာတ်ပုံရိုက်လို့ကောင်းအောင် အဲဒိ ဖိနပ်လေးဝတ်လာတာပေါ့... ဂိုက်က တောင်ပေါ်မတက်ရင်လဲ မတက်ဖို့ပြောပါတယ်... ကျမကတော့ ရောက်နေမှတော့ တက်ကြည့်ချင်ပါတယ်... နောက်မှ နောင်တမရချင်ပါဘူး... ဂိုက်စိုးရိမ်တာက အချိန်မှီပြန်မရောက်မှာကိုပါ... ကျမလဲ ရတယ်... တက်မယ်ဆိုပြီး တက်ဖြစ်ခဲ့ပါတယ်... ကားပေါ်က လူကြီးတွေ မဗေဒါ့ မေမေအပါအ၀င်ကတော့ မတက်ကြပါဘူး... အစကတော့ ကလေးအမေတို့ သားအမိတွေ လိုက်တက်လာပါသေးတယ်... ၃ပုံ၁ပုံလောက်ရောက်တော့ သူတို့ နောက်ကြောင်းပြန်လှည့်သွားပါတယ်... ကျမတို့ သူငယ်ချင်း ၂ယောက်ရယ်... နုထွားတို့အတွဲရယ်ပဲ ဆက်တက်ဖြစ်ပါတယ်...

အနည်းငယ်ကြာတော့ နုထွားတို့အတွဲလဲ ပြတ်ကျန်ခဲ့ပါတယ်... စကာင်္ပူမှာ တောတောင်သိပ်မရှိတော့ ဒီလောက်တောင်ကို သိပ်မတက်နိုင်ကြဘူးထင်ပါတယ်... အဲဒိတောင်က လှေကားမတ်မတ်တွေပါ... ပုပ္ပါးတောင်လှေကားတွေလောက်တော့ မမတ်ပါဘူး... ကျိုက်ထီးရိုးက ဖိုးပြန်တောင်လောက်တောင် မပင်ပန်းပါဘူး... လူနဲနဲရှုပ်တာကလွဲလို့ ကျန်တာ တက်ရတာ မပင်ပန်းပါဘူး... ကျမက ဓာတ်ပုံရိုက်လိုက်... ဗွီဒီယိုကင်မရာ ရိုက်ရင်းတက်တော့ နဲနဲလေး ပိုပင်ပန်းတာပဲရှိပါတယ်... ထိပ်နားနဲနဲရောက်လာတော့ ခြေထောက်က နာချင်လာပါတယ်... ဒါပေမဲ့လဲ မပြောပလောက်ပါဘူး... ခံနိုင်ပါတယ်... ဂျပန်က ဒစ်စနေလမ်းတုန်းကလောက် အထိမခံနိုင်တဲ့အထိ မနာပါဘူး... အေးဆေးပါပဲ... ဒါပေမဲ့ ဒေါက်ဖိနပ်နဲ့ တောင်တက် နေတဲ့အထဲ ကိုယ့်ကိုကိုယ်လဲ ကင်မရာပြန်ရိုက်နေတော့ လူတော့ အကြည့်ခံရပါတယ်... (ရှက်လိုက်တဲ့ဖြစ်ခြင်း... ကိုယ့်ဝါသနာဆိုတော့လဲ မတတ်နိုင်ဘူး... ဒါတောင် အိုက်တင်လွှတ်မလုပ်ရဲဘူး... ဟဲ.. ဟဲ..)

အပေါ်ရောက်လာလေ လေကအေးလာလေပါပဲ... အောက်က တိုက်အိမ်လေးတွေကို သေးသေးလေးပဲမြင်ရပါတယ်... ရေကန်ကြီးတွေ... မြက်ခင်းစိမ်းတွေ အတော်လေး စိတ်ကြည်နူးစရာကောင်းပါတယ်... တောင်ထိပ်ကိုရောက်တော့ ကိုရီယား ကျောင်းသားလေးတွေ လေ့လာရေးခရီးထွက်လာကြတယ်ထင်ပါတယ်... တပြုံလိုက်ကြီး လမ်းပိတ်ပြီး ဓာတ်ပုံရိုက်နေကြသေးတယ်... ကျမတို့လဲ လေတ၀ကြီးရှု... ဓာတ်ပုံရိုက်... ဟိုကြည့်ဒီကြည့်လုပ်ပြီး ပြန်ဆင်းပါတော့တယ်... ကျမတို့ ပြန်ဆင်းတော့မှ နုထွားအတွဲ တောင်ထိပ်ကို ရောက်လာတာနဲ့ ဆုံလိုက်ပါတယ်... အစက သူတို့လဲ တပ်ခေါက်သွားပြီထင်ပြီး... ကျမတို့ ၂ယောက်ကို တစ်ကားလုံး စောင့်နေရမှာ စိုးနေတာ... ခုတော့ သူတို့ ၂ယောက်ခုမှ လာတာတွေ့တော့ အတော်လေး စိတ်အေးသွားပါတယ်... သိပ်လောစရာမလိုတော့ပါဘူး... အေးဆေးဆင်းပြီး တောင်ခြေရောက်တော့ ဟိုဘက် ဒီဘက်လျှောက်ကြည့်နေလိုက်ပါသေးတယ်... ဟိုးဘက်တောင်အောက်မှာ Speed Boat စီးလို့ရပါတယ်... အချိန်မရှိတာရော အတော်လေး လှမ်းနေတာရောကြောင့် မြင်သာမြင်ပြီး မကြင်ခဲ့ရပါဘူး... ဗွီဒီယိုလေးနဲ့ပဲ လှမ်းရိုက်ဖြစ်ခဲ့ပါတယ်...

ကျမတို့ ၂ယောက် တောင်ခြေမှာ အလေလိုက်တာ နဲနဲကြာသွားတယ်ထင်တယ်... ကားဆီပြန်ရောက်ပြီး အိမ်သာခဏ၀င်နေတုန်းရှိသေးတယ်... အိမ်သာကထွက်တော့ ကတ်သီ ကမန်းကတန်းလိုက်ရှာပြီးခေါ်တာတွေ့ပါတယ်... ဟိုနုထွားအတွဲက ကျမတို့ အိမ်သာဝင်နေတဲ့အချိန်ပြန်ရောက်လာလို့ပါ... နောက်ကျနေပြီးဆိုပြီး ဂိုက်က လိုက်လောနေတော့တာပါပဲ... တိုးနဲ့ သွားရခြင်းရဲ့ မကောင်းတဲ့အချက်က အဲဒါပါပဲ... ကိုယ့်စိတ်ကိုယ့်ကိုယ် မရှိရဘူးလေ... ဒါပေမဲ့ သူတို့ကိုလဲ နားလည်ပါတယ်... သူတို့သာ မလောရင်လဲ ပေးထားတဲ့ အချိန်စာရင်းအတိုင်း နေရာစုံဘယ်ရောက်ပါတော့မလဲ...

Seop Ji Ko Ji Coast (All In Drama Place)


နောက်ထပ် ၄၅မိနစ် ၁နာရီလောက် ကားထပ်စီးပြီးတော့ ALL IN ရုပ်ရှင်ကားထဲမှာ အွန်စော(ဆောင်းဟေကို) နေတဲ့ Church ရှိတဲ့ ကမ်းပါးကိုရောက်ပါတယ်... အဲဒိနေရာကို ရုပ်ရှင်ထဲမှာထဲက အတော်လှတယ်ဆိုတာ သိပါတယ်... အရမ်းကိုလဲ သွားချင်ခဲ့ပါတယ်... လေကလဲ အတော်တိုက်ပါတယ်... ဂိုက် ပြောပုံအရ ဒီနေရာက ဘာမှ ထွေထွေထူးထူးမရှိပါဘူးတဲ့... မီးပြတိုက် (Light House) ရှိတယ်... ဘုရားကျောင်းရှိတယ်... ရှုခင်းလှတယ်... အဲဒါပါပဲတဲ့... ဒါပေမဲ့ ရှုခင်းလှတာ တစ်ခုတည်းနဲ့တင် ကျမကို ဆွဲဆောင်နိုင်နေပါပြီ... ရုပ်ရှင်ထဲက နေရာမို့လို့လဲနာမည်ကြီးတာပါ... ဂိုက်ပြောပုံအရ အဲဒိနေရာက All In ရုပ်ရှင်ကားမရိုက်ခင်က လူသိပ်မသိပါဘူးတဲ့... အဲဒိ ရုပ်ရှင်ရိုက်ပြီးမှ နာမည်ကြီးပြီး Tourist Attraction နေရာဖြစ်လာတာတဲ့... ကဲ သူများနိုင်ငံတွေများ အနုပညာ ထွန်းကားတော့ တခြား စီးပွားရေးဖြစ်တဲ့ Tourism လုပ်ငန်းပါ မြင့်တက်လာတာလေ... ဘယ်လောက် အားကျဖို့ကောင်းလဲ... လူတွေက ဒီဇာတ်လမ်းတွေကို ဘယ်လောက်ရူးသွပ်ကြသလဲဆိုတာလေ... အတုယူစရာပဲ...

တကယ်တမ်းကျတော့ Church ကလဲ အစစ်မဟုတ်ဘူးထင်ပါတယ်... ဂိတ်ပေါက်မှာ ၀င်ကြေးကောက်တယ်... ဟဲ.. ဟဲ... မဗေဒါတော့ မ၀င်ခဲ့ဘူး... သေးသေးလေး... အထဲမှာလဲ ဘာမှရှိမှာမဟုတ်ဘူး... ရှုခင်းတွေတ၀ကြည့်... ဗွီဒီယိုရိုက်... ဓာတ်ပုံရိုက်လို့ဝတော့ ဘေးက လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို ၀င်ကြည့်ပြီး လိမ္မော်သီးကို ခေါက်မုန့်ပုံစံမျိုးလုပ်ထားတဲ မုန့်တစ်ထုပ် ထူးဆန်းလို့ဝယ်တယ်... နောက်တော့ ကိုရီးယားက ခရမ်းဆွဲပေါတယ်လေ... ခရမ်းဆွဲ နားကပ်လေးတစ်ရံလှလို့ ၀ယ်ဖြစ်တယ်... ကိုယ့်စိတ်နဲ့ ကိုယ် တစ်ယောက်ထဲသွားရင်တော့ ကပ်စီးနဲပြီး ၀ယ်ဖြစ်မှာ မဟုတ်ဘူး... ခုတော့ ဘေးမှာ မေမေပါနေတော့ မေမေက မဆိုးပါဘူး လှတယ်... တန်တယ်ပြောတာနဲ့ ၀ယ်ဖြစ်လိုက်တာ... ၀ယ်ပြီးတော့လဲ ပျော်ပါတယ်...

အဲဒိနေရာကနေပြီးတော့ အတော်လေးကားပြန်စီးရပြန်ရော... နေ့လည် ၁၂နာရီကျော်လို့ ၁ နာရီတောင် ထိုးခါနီးပြီထင်တာပဲ... နေ့လည်စာစားဖို့နေရာကို သွားဖြစ်ပါတယ်... အဲဒိနေရာက အစီအစဉ်စာရွက်ထဲမှာပါတဲ့ Korea Folk Village နဲ့ နီးပါတယ်... ဒါကြောင့်လဲ ဂိုက်က အဲဒိနေရာကို စီစဉ်ထားတာပါ... အဲဒိနေ့က နေ့လည်စာကတော့ ကိုရီးယားခရီးစဉ်မှာ ကျမ အကြိုက်ဆုံးထဲမှာ ဒုတိယလိုက်ပါတယ်... အတော်လည်း စားဖြစ်ခဲ့ပါတယ်... သူတို့ ရုပ်ရှင်ထဲမှာ စားနေကျလိုမျိုးပါ... ၀က်သား အစပ်အဟပ်နယ်ပြီးသားကို ဒယ်အိုးထဲထည့်ထားပြီး စားသူက မီးဖွင့် ကြော်ပြီး အရွက်တွေနဲ့ အားရပါးရစားရတာပါ... ကိုရီယားကားတွေထဲမှာ သူတို့ဘယ်လိုစားလဲဆိုတာမြင်ဖူးတော့ လိုက်လုပ်ကြည့်ချင်စိတ်ဖြစ်ပါတယ်... ဒီတိုင်း ထမင်းသပ်သပ် အသားသပ်သပ်မစားပဲ... ဆလပ်ရွက်ထဲ ၀က်သားတွေ ကြည်သွန်ဖြူတွေထည့်... အစာပလာပေါင်းစုံထည့်ပြီး အကုန်လုံးပါးစပ်ထဲသွင်းလိုက်တာပါ... အဲလိုလိုက်စားကြည့်တော့ အတော် စားကောင်းသဗျ... သူတို့ ရိုးရာ အစားအစာကို သူတို့လိုလိုက်စားတာ တကယ်အရသာရှိမှရှိ... တခြားလူအမြင်တော့ နဲနဲရုပ်ဆိုးမလားမသိ... ဒါပေမဲ့ အဲဒိမှာ လူတိုင်းအဲလိုပဲ စားနေကြတာပါ... ကိုရီးယားတွေက အဲလိုစားနေတော့ ကျမတို့အဖွဲ့က ကျမတို့နဲ့ ထမင်းအတူထိုင်စားတဲ့ အတွဲ ၂တွဲပါ အဲလိုလိုက်စားပါတယ်... အဖွားကြီးတွေကတော့ ကျောပေးထိုင်နေလို့ မမြင်ပါဘူး...

မဗေဒါ့မေမေက ၀က်သားမစားတော့ အတော်လေးတော့ အခက်တွေ့ရပါတယ်... ဒါပေမဲ့ ကိုရီးယားမှာက ဘေးထွက်ဟင်း (side dish)တွေက အတော်များတယ်လေ... ချဉ်ဖတ်မျိုးစုံတို့... ရေညှိတို့ပေါ့... Seaweed soup လဲပေးပါတယ်... ကျမကတော့ မကြိုက်လို့ မသောက်ဖြစ်ပါဘူး... (စကားချပ်-ကိုရီးယားကားတွေကြည့်ပြီး သိလာတာလေးကတော့ Seaweed soup ကို မွေးနေ့ရောက်ရင် မွေးနေ့ပိုင်ရှင်ကို တိုက်ကြပါတယ်... သူတို့ထုံးစံပါ... သာမာန်အချိန်လဲ စားချင်စားမှာပေါ့နော်... ဒါပေမဲ့ မွေးနေ့ရှင်ဆိုရင်တော့ မှတ်မှတ်ရရ ချက်ကျွေးတတ်ကြပါတယ်...)
တော်သေးတာက ကိုရီးယားက ထမင်းဆိုင်တွေက စကာင်္ပူကလို အပြင်စာမစားရလို့တော့ ကန့်သတ်မထားပါဘူး... ဒီတော့ အကြောင်းသိလို့ အိမ်ကယူလာတဲ့ ပုဇွန်ခြောက်ကြော်လေးနဲ့ ဆိုင်က ဘေးထွက်ဟင်းနဲ့ပဲ မေမေက ၂ပါးသွားရပါတယ်... အပြင်စာစားလို့လဲ ဆိုင်ရှင်လာပြောလို့မရဘူးထင်ပါတယ်... ဘာလို့လဲဆိုတော့ ကျမတို့ ဂိုက်က ၁၉ ယောက်လုံးဖိုးရှင်းပြီးနေမှတော့ စားစားမစားစား ဆိုင်ကို မထိခိုက်ဖူးဖြစ်မယ်ထင်ပါတယ်...

ကိုရီးယားကို သွားမယ်ဆိုရင်တော့ ၀က်သားမစားတဲ့သူ အတော်လေး ဒုက္ခရောက်မယ်ထင်ပါတယ်... Tourist တွေအတွက် သူတို့ပြင်ဆင်ပေးတာက ၀က်သားများပါတယ်... ၀က်မစားလို့ အရွက်ကြော်တို့ဘာတို့ စီစဉ်ပေးလဲ မဆွံပါဘူး... အဲဒိအကြောင်းနောက်မှပဲ ပြောပါအုံးမယ်...
စားနေတုံးတော့ ဖေဖေသာပါရင်ဆိုပြီး အတော်သတိရပါတယ်... ဖေဖေနဲ့သာဆို ကိုရီးယားက ကိုက်မှာ ချဉ်ဖတ်လဲကြိုက်တယ်... ၀က်သားလဲကြိုက်တယ်... နောက်တစ်ခေါက် မိသားစုထပ်လာချင်ပါသေးတယ်... တစ်ယောက်ကျန် တစ်ယောက်ကျန်ဆို စိတ်ထဲ အပြည့်အ၀မပျော်ဘူး...

စားသောက်ပြီး ဆိုင်ပြင်ထွက် အမှတ်တရ ဆိုင်းဘုတ်လေးနဲ့ ဓာတ်ပုံရိုက်ပြီးတော့ ဆိုင်ရှေ့မှာ လှည်းလေးနဲ့ အသီးတွေရောင်းနေတာတွေ့ပါတယ်... တော်တော်လေးကြီးပြီး လတ်လတ်ဆတ်ဆတ်ရှိပါတယ်... တိုးဝှေ့ဝယ်နေတဲ့ လူတွေလဲတော်တော်များပါတယ်... ဆိုင်သမားကလဲ ဓားကြီးနဲ့ အခွံပါခွာပေးပါတယ်... ဒါနဲ့ ကျမတို့လဲ တိုးပြီး သစ်တော်သီး အကြီးကြီးတစ်လုံး အချိုတည်းရအောင် ၀ယ်ပါတယ်... ၁ လုံး ၃၀၀၀ ၀မ်ပေးရပါတယ်... စကာင်္ပူ ၄ ကျပ်နီးပါးလောက်ရှိပါတယ်... ကိုယ့်အသီးကို အခွံနွှာပေးဖို့ စောင့်အနေမှာပဲ ဂိုက်ကလာလောပြန်ပါတယ်... ကျမတို့က ပိုက်ဆံပေးပြီးပြီ အခွံနွှာဖို့စောင့်နေတာလို့ပြောတော့ ဂိုက်ရော ကျမတို့ရဲ့ Driver အာဂျီရှီကရော သစ်သီးရောင်းတဲ့သူကို လောပါတော့တယ်...

သစ်သီးရောင်းတဲ့သူက ဗလကောင်းကောင်း လက်မှာလဲ ချွန်ထက်နေတဲ့ဓာကြီးနဲ့... သူတို့ စကားပြောတဲ့ လေသံကလဲ ရုပ်ရှင်ထဲမှာ ကြားဖူးပြီးသားပင်မဲ့... အပြင်မှာကျတော့ နောက်နေတာလား ရန်တွေ့နေတာလား ဝေခွဲရ အတော်ခက်ပါတယ်...
ဂိုက်မိန်းမကလဲ "ပိုက်လိ.... ပိုက်လိ" ဆိုပြီး လောလိုက်တာ... အဲဒါတော့ ကျမသိတယ်.... မြန်မြန်လို့ပြောတာ... အဟီး... ကျမကတော့ ဈေးသည်လက်ထဲက ဓားကြီးကြည့်ပြီးကြောက်နေတာ... တော်သေးတယ် ကျမတို့ အသီးကို အမြန်နွှာပြီး စိပ်ပေးလိုက်လို့... ရတာနဲ့ တချိုးထည်း ကားပေါ်လစ်ပြေးတော့တာ... ဂျဲဂျူးက အသီးတွေကတော့ လတ်တယ်ဝေ့... အရည်ကလဲ ရွှမ်းတယ်... ဒါပေမဲ့ ဈေးကတော့ မချိုပါဘူး... ဒီလိုနဲ့ နောက်တစ်နေရာကို ဆက်ခဲ့ကြတယ်... ဗွီဒီယိုလဲ ဒီလောက်ထိပဲဆိုတော့... ပိုစ့်လဲ ဒီလောက်ပဲပေါ့နော်... To Be Continues...

ဗွီဒီယိုနဲ့ ပတ်သတ်၍...

ခုထက်ထိလဲ တခြား software သုံးရတာ အဆင်မပြေလို့ ကိုယ်ကျွမ်းကျင်တဲ့ WMM ကိုပဲ သုံးဖြစ်တယ်... ဒီဗွီဒီယိုကို ပိုစ့်တင်ချင်လွန်းလို့ အမြန်ပဲ အက်ဒစ်လုပ်ထားတော့ သိပ်တော့ စိတ်တိုင်းမကျလှဘူး... ကိုယ်ဘယ်နေရာတွေ အခြောင်ခိုထားတယ်ဆိုတာ ကိုယ်ပဲသိတယ်... ပြီးတော့ ကိုယ့်ကိုကိုယ်လဲ အားမရဘူး... တခါတလေ တီးလုံးသံကြားရင် မျက်လုံးထဲပေါ်လာတတ်တဲ့ အကွက်မျိုးက တကယ်တမ်းလိုက်လုပ်ဖို့ မလွယ်ဘူး... မတတ်ဘူး... ဒီတော့ ကိုယ့်ကိုကိုယ် တော်တော်လေး အားမရဘူး...

သီချင်းကလဲ ဘာထည့်ရမှန်းမသိဘူး... အင်္ဂလိပ်သီချင်းသုံးတော့လဲ Youtube တို့ Facebook တို့နဲ့ copyright ပြဿနာရှိတယ်... သူတို့က အားလုံးကိုတော့ Delete မလုပ်ပါဘူး... ဟိုဘက် ပိုင်ရှင်ဘက်က Copyright claim လာရင် ဖြတ်ပစ်တယ်... ၁ခါလဲ Warning mail ရပြီးပြီ... ဂျပန်သီချင်းနဲ့ ပတ်သတ်ပြီး... ဒီတော့ သိပ်ပြီး မလုပ်ချင်ဘူး... နောက်ထပ် ဒုတိယနေ့ အပိုင်း၂ကိုတော့ ခုထိ လောလောဆယ် ခေါင်းထဲမှာ စဉ်းစားထားတာမရှိသေးဘူး... ဒီတော့ ဗွီဒီယို နဲနဲကြာရင် ဗွေမယူကြပါနဲ့နော်... ဟဲ... ဟဲ...

ပိုမိုကောင်းမွန်တဲ့ ဗွီဒီယို အရည်အသွေးအတွက် Youtube မှာ HQ ဆိုတာလေးကို နှိပ်ပြီး ကြည်ကြည်လင်လင်ကြည့်ရှုနိုင်ပါတယ်...