Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Friday, May 29, 2009

ဝါသနာ

ဝါသနာ?? အင်း.. ကိုကိုမောင်က tag ထားတာကတော့ ခရီးမသွားခင်ထဲကပါပဲ.. ခက်တာက ၀ါသနာပါတာတွေက များနေတော့ မယ်မယ်ရရ ဘာကိုဝါသနာပါရမှန်းမသိဖြစ်နေလို့ မရေးဖြစ်တာ…
ငယ်ငယ်ကဆိုရင်တော့ ဆော့ရတာဝါသနာပါတယ်… အစားထက် အဆော့ကိုမက်တယ်… ညနေရောက်ပြီဆို အောက်ဆင်းဆော့ရမှ ကျေနပ်တယ်.. မဟုတ်ရင် အိမ်ထဲမှာ တစ်ချိန်လုံးဂျီကျနေရော… လမ်းထဲမှာလဲ ဆော့ဖော်ဆော့ဖတ် ဘော်ဒါတွေကလဲ များကြီး ယောကျာင်္းလေး မိန်းကလေး ကျောသားရင်သားမခွဲခြားပဲဆော့တယ်… ဒါပေမဲ့ ပြဿနာတော့ လာမရှာနဲ့ ဘယ်တော့မှ ခံမနေတတ်ဘူး… အဖေကလဲ အောက်ဆင်းဆော့မယ်ဆိုတိုင်း ကတိတောင်းတယ်.. ပြဿနာမဖြစ်အောင်ဆော့. ရန်ဖြစ်မလာနဲ့တဲ့.. အမေနဲ့ အမတွေကတော့ ဆက်ဆုံးမတယ်.. ရန်ဖြစ်ခဲ့ရင်လဲ ခံမလာနဲ့တဲ့… ဒီတော့ ဆော့ပါတယ်ဆိုမှ အငြင်းအခုံလေးတော့ နဲနဲရှိတာပေါ့… ဒါပေမဲ့ မဗေဒါက ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါပါဘူး… အဟဲ… ရန်လေးများဖြစ်လာရင် နောက် ၃ ၄ရက်လောက် အောက်ဆင်းဆော့ဖို့ အခွင့်ရေး ပိတ်သွားတတ်တယ်… ဒီလိုကျတော့လဲ ကိုယ်မဆင်းတော့ ပွဲမစည်ဘူးလေ… နောက်ဆုံးတော့ ရန်ဘယ်လောက်ပဲဖြစ်ဖြစ် သူကလဲ ကိုယ့်ကို ဆော့ဖို့လာခေါ်တယ်.. ကိုယ်ကလဲ ဆော့ရမယ်ဆိုတော့ ပြန်ခေါ်လိုက်တယ်… အင်း. ကလေးဘ၀များ စဉ်းစားရင်းနဲ့ စိတ်ထဲတောင်ပျော်လာပြီ…
ကဲ.. ပြောရင်းနဲ့ topic ကလွဲသွားပြီ… ၀ါသနာကိုပြောတာ.. ငယ်ငယ်က ၀ါသနာက ဆော့တာ.. ရန်ဖြစ်တာဟုတ်ဘူးနော်.. အဟဲ.. အထင်တွေ မှားကုန်အုံးမယ်…

နောက် ၉ တန်း ၁၀တန်းရောက်တော့ ဆော့ချင်သေးပင်မဲ့လဲ စာက များလာတော့ အိမ်က ပေးမဆော့တာက တစ်ကြောင်း… ကိုယ်နဲ့ ဆော့ဖော်ဆော့ဖက်များကလဲ အလွန်တရာမှ ပဲများသွားကြသောကြောင့်တစ်ကြောင်းတို့ကြောင့် မဆော့ဖြစ်တော့ပါဘူး.. အဲဒိအခါမှာတော့ ကိုရီးယားကား တရုတ်ကား တီဗွီက လာသမျှကားမှန်သမျှကို မလွတ်တမ်းထိုင်ကြည့်ပါတယ်… အဟဲ.. ဟဲ…
အဲ ဇာတ်လမ်းကြား ကြော်ငြာဖြတ်လာရင်တောင် နောက်ကျောပေးပြီး တီးလုံးကြားတာနဲ့ ဘာကြော်ငြာလဲဆိုတာကို အမြန်ဆုံး ဘယ်သူပြောနိုင်လဲဆိုပြီး အမတွေနဲ့ ဆက်ကစားပါတယ်… ဟဲ.. ဟဲ.. သူတို့မကစားလဲ ကိုယ်တစ်ယောက်ပဲ ကစားပါတယ်… အဟီး… တစ်ခါတစ်လေ ဘယ်ကြော်ငြာပြီးရင် ဇာတ်လမ်းပြန်လာတော့မယ်ဆိုတာတောင် မှန်းနိုင်တဲ့အတွက် မဗေဒါကို တီဗွီမှော်အောင်တယ်လို့တောင် ရွဲ့ခေါ်ကြပါတယ်..

စာများ ကျက်ရမယ်ဆိုလို့ကတော့ သတင်းတောင် ကြည့်လို့ကောင်းပါတယ်… အဟတ်.. ဟတ်… တီဗွီအစီအစဉ်က “ဒုံ…. မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များ ဒီတင်ပြီးဆုံးပါပြီ” ဆိုတဲ့ စာတမ်းပေါ်တဲ့ အထိကြည့်ပါတယ်… အဲ.. အိမ်က တီဗွီပဲကြည့်နေတယ် စာမကျက်ဘူးဆိုပြီး တီဗွီပေးမကြည့်ရင် လုံးဝကို အရွဲ့တိုက်ပြီး စာမကျက်တော့ပါဘူး..
၁၀တန်းတုံးကတော့ အပေးအယူနဲ့ စာကြည့်ပါတယ်… အဟီး… ဇာတ်လမ်းတွဲ ၇နာရီကနေ ၈နာရီတစ်ချိန်… ၉နာရီခွဲလောက်ကနေ ၁၀နာရီခွဲလောက်ထိတစ်ချိန် ၂နာရီပေးကြည့်ရင် ကျန်တဲ့အချိန် စာကောင်းကောင်းကျက်ပါတယ်… ဒါပေမဲ့ ၁၀တန်းစာမေးပွဲဖြေနေတဲ့အချိန်.. မှတ်မှတ်ရရ သချာင်္ဖြေရမဲ့နေ့မှာ “ပိုးမင်းသားရဲ့ သိုင်းဝိဥာဉ် အပိုင်း၂” ဇာတ်သိမ်းပိုင်း ပြပါတယ်… ကျမကကြည့်ချင်တာကို အဖေက ပေးမကြည့်ပါဘူး.. စာမေးပွဲတွင်းကိုတောင် ဇာတ်လမ်းတွဲကြည့်ချင်သေးလားဆိုပြီး နောက်ဖေးမီးဖိုချောင်မှာ စာအုပ်တွေနဲ့ ပိတ်ထားလိုက်ပါတယ်… ကျမစိတ်ထဲမှာတော့ အဖေက သဘောတူညီချက်ကိုဖြတ်တယ်လို့ထင်မိပါတယ်… သူ့ကို စာမေးပွဲတွင်းမို့ လိုက်လျောပြီး ၇နာရီကားတောင်မကြည့်ပါဘူး… ဒီကားလေး ဇာတ်သိမ်းမို့ ကြည့်ချင်တာကိုပေးမကြည့်ဘူး.. ပြီးတော့ သချာင်္က တီဗွီကြည့်ရင်းလဲ တွက်လို့ရတာပဲဟာ.. ဒါပေမဲ့ ကျမအဖေကလဲ ကျမလိုပဲ ခေါင်းမာတယ်… လုံးဝဆို လုံးဝပဲ.. သူကလဲ နင်မကျက်ရင် နင်စာမေးပွဲကျမှာတဲ့… ကျရင် နောက်နှစ်ကျောင်းမထားဘူး ဘာညာ ခြိမ်းခြောက်တာပေါ့နော်… တကယ်ကျရင်လဲ ထားမှာပါပဲ… (သိနေသော်လည်းကိုယ်လဲ နည်းနည်းတော့ ကြောက်တာပေါ့နော်…) သူလာကြည့်ရင် တမင်စာမကျက်ပဲနေပြတယ်… သူထွက်သွားမှ ကိုယ့်ဟာကိုယ် စာကြည့်တယ်… လာမကြည့်တာ ကြာလာတာပဲဖြစ်ဖြစ် အိမ်ရှေ့က တရုတ်ကားသံကြားရင်ပဲဖြစ်ဖြစ်.. စိတ်တိုလာရင် နောက်ဖေးက ပန်းကန်တွေတင်ထားတဲ့စားပွဲကို ပိတ်ကန်တယ်… ကွဲမှာလဲ ကြောက်ရသေးတယ်.. အသံကျယ်ရုံလောက်အားနဲ့ ကန်ရတာပေါ့နော်… နောက်ဆုံး အဖေနဲ့ ကျမရဲ့ တင်းမာမှုကြောင့် အစ်မ အကြီးဆုံးကပဲ ကျမကိုလာပြောတယ်.. သူ ကူးပေးထားပါ့မယ်.. စာမေးပွဲပြီးရင် ကြည့်ပါတဲ့… တကယ်တော့ အဲဒါဟာလဲ ကျမကို ညာခဲ့တာပါပဲ.. တကယ်တမ်းတော့ မကူးပေးခဲ့တာ စာမေးပွဲပြီးမှ သိပါတယ်… အသဲကွဲတယ်ဆိုတဲ့ ခံစားချက်ကို အဲဒိတုန်းက ရည်းစားမထားဖူးပင်မဲ့ ခံစားဖူးသွားတယ်… သစ္စာဖောက်ခံရတယ်.. အညာခံရတယ်.. စိတ်ထဲမှာတော့ စွတ်စွဲချက်မျိုးကို စုံလို့ပေါ့…

ကျမအဖေက ကျမကို သချာင်္ကို စိုးရိမ်တာက နောက်မှသိတယ်.. သချာင်္ကျူရှင်ဆရာက သချာင်္အခြေအနေမကောင်းဘူးလေး ဘာလေး အဖေကို တိုင်ထားတော့ စိတ်ပူတာပါ.. အမှန်တော့ ကျမသချာင်္အခြေအနေမကောင်းတာမဟုတ်ပါဘူး… ကျမက သချာင်္သင်ရင် ခရေစိတွင်းကျ ပေါက်ပေါက်ရှာရှာလိုက်မေးတတ်ပါတယ်.. အဲဒါကိုပဲ ဆရာက ကျမကို သချာင်္ညံ့တယ်များ ထင်သွားသလားသိပါဘူး… ဇာတ်သိမ်းမှာတော့ ကျမ ရဲ့ ဂုဏ်ထူးရဘာသာတွေထဲမှာ သချာင်္လဲပါပါတယ်… အိမ်ကလူတွေကတော့ ဗေဒါတို့ တရုတ်ကားတွေသာ မကြည့်ရင် All D ထွက်မှာ ဆိုပြီး ငြူစူကြပါတယ်… ကျမစိတ်ထဲမှာတော့ ကျမကို စာမေးပွဲတွင်းပါ တရုတ်ကားပေးကြည့်ရင် All D ထွက်မှာလို့ ကျိတ်ပြီး ပြောမိပါသေးတယ်… ကြည့်ပြီးတာနဲ့ ကိုယ့်ဘာသာကိုယ် ကြောက်ပြီး စာကို အသေဖိလုပ်ဖြစ်မယ်ထင်တာပဲ…

ဇာတ်လမ်းတွဲတွေကြည့်တဲ့ ၀ါသနာကတော့ ခုချိန်ထိကို ပါနေတုန်းပဲ… ငွေကုန်သက်သာတယ်.. လူ မပင်ပန်းဘူး… အချိန်ကုန်မြန်တယ်… ကြည့်နေတဲ့အချိန် အပြင်က စိတ်ညစ်စရာတွေ မေ့နေတယ်… ဘယ်လောက်ကောင်းလဲ… အဲ.. မဗေဒါကို ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ဘေးက စကားလာပြောတာ သိပ်မကြိုက်ဘူး… ပြောမယ်ဆိုရင်လဲ ရုပ်ရှင်ကို ခဏရပ်ပြီးမှ ပြောစရာရှိတာကို ပြောတယ်.. တချို့ကရှိတယ်… အစကတော့လာမကြည့်ပဲနဲ့.. ဘေးကနေ.. ဇာတ်လမ်း အလည်လောက်ရောက်မှ အဲဒါဘယ်သူလဲ.. ဘာကားလဲ.. ဘယ်လိုဇာတ်လမ်းလဲ.. တစ်ခုပြီးတစ်ခုလာမမေးနဲ့ မကြိုက်ဘူး… ကိုယ်ကြိုက်တဲ့ကားတွေကို သူများတွေနဲ့ ဝေမျှရတာကို ၀ါသနာပါပါတယ်.. သိချင်တယ်ဆိုရင် ကြည့်ပြီးသလောက်ထိ သေသေချာချာ Pause လုပ်ပြီးရှင်းပြမယ်… ပြီးရင် အေးအေးဆေးဆေးဘေးမှာကြည့်.. ဘေးကနေ လာကြည့်လိုက်.. ထသွားလိုက်.. ပြီးမှ လာမေးလိုက်လုပ်နေတာ မကြိုက်ပါဘူး.. အပြင်လူဆိုရင်တော့ မဗေဒါ ဘာမှမပြောပါဘူး… ကိုယ်တိုင်လဲ မကြည့်တော့ပဲ ထထွက်သွားတတ်ပါတယ်… ဒါမှမဟုတ် အစကနေ နောက်တစ်ခေါက်ထပ်ကြည့်ပါတယ်… အိမ်သားတွေဆိုရင်တော့ ပြန်ပြောနေကျ တစ်ခွန်းရှိတယ်… “ရုပ်ရှင်ကို လေးလေးစားစားကြည့်ပါ” လို့… ဟဲ…. ဟဲ….

၂၀၀၄ခုနှစ်လောက်မှာ ပထမဆုံး အိမ်သုံး ဗွီဒီယိုကင်မရာလေးကို ကျမအစ်မက၀ယ်လိုက်တယ်… အဲဒိ ကင်မရာနဲ့ပဲ ဟိုရိုက်ဒီရိုက်ပဲ… အဲဒိအချိန်တုန်းက တိတ်ကင်မရာပဲ.. ကွန်ပြူတာထဲ တိုက်ရိုက်ထည့်လို့မရဘူး… ကိုယ်ကလဲ သိပ်မလုပ်တတ်တော့ ဆိုင်မှာပဲ စီဒီသွားသွားဘန်းရတယ်… ဒါပေမဲ့ Home video တွေက ပြန်ကြည့်ရင် ၁ ခေါက် ၂ခေါက်အပြင် ပျင်းဖို့ကောင်းလာရောလေ… လက်ကမငြိမ် ကင်မရာကတုန်.. ဇာတ်လမ်းဇာတ်ကွက်မရှိပဲ ရိုက်ချင်ရာတွေ လျှောက်ရိုက်ထားတာ ကြည့်လို့မကောင်းမှန်းသိလာတယ်.. ကြည့်လို့ကောင်းတဲ့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေလုပ်ချင်လာတယ်…

ပြောရမယ်ဆိုရင်တော့ ရုပ်ရှင်လုပ်တာကို အရမ်းအားကျခဲ့တဲ့ အဖြစ်တစ်ခုရှိတယ်… ၂၀၀၁ခုနှစ်လောက်တုန်းက “Time Travelers” ဆိုပြီး သိပ္ပံကားဆန်ဆန် ဇာတ်လမ်းလေးကို MRTV 3 မှာပြတယ်.. အဲဒိဇာတ်လမ်းလေးကို ဖန်တီးတဲ့သူတွေက ကျမအထက်တန်းကျောင်းက တစ်တန်းထဲတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ.. သူတို့တွေက ငယ်ငယ်ထဲက ကွန်ပြူတာနဲ့ လက်ပွန်းတတီးနေခဲ့တော့ ကျောင်းမှာထဲက ကွန်ပြူတာနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေဆို ၀င်ပြိုင်ခဲ့တယ်… အဲဒိဇာတ်လမ်းထဲမှာပါသမျှ စက်ရုပ်တွေ… အာကာသ ယဉ်တွေအားလုံးကို သူတို့ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး.. ဂရက်ဖစ်နဲ့ ဆွဲခဲ့တယ်... အ၀တ်အစားဒီဇိုင်း… ဇာတ်လမ်း.. သရုပ်ဆောင် အကုန်လုံးက သူတို့စိတ်ကူးနဲ့ ဖန်တီးပြီး ဖြစ်မြောက်အောင်လုပ်ခဲ့ကြတယ်… သူငယ်တန်းထဲက ၁၀တန်းထိ အတန်းထဲမှာ မမြင်ချင်မှ အဆုံး မြင်ဖူးခဲ့ပင်မဲ့.. အဲဒိဇာတ်လမ်းထဲမှာတော့ သူတို့ကို တကယ်အထင်ကြီးခဲ့တယ်… အားလဲကျတယ်… ခုထက်ထိလဲ ချီးကျူးတယ်… ၁၀တန်းအောင် အရွယ်လေးတွေနဲ့ ဒီလောက်လုပ်နိုင်တာ မြန်မာနိုင်ငံမှာ သူတို့က ပထမဆုံးပါပဲ… အဲဒိအတွက် သူတို့ကို နိုင်ငံတော်ကလဲ ထူးချွန်ဆု ချီးမြှင့်ခဲ့တယ်… ဇာတ်လမ်းက အဆုံးထိ မပြီးပါဘူး… နောက်ပိုင်းတော့ အဲဒိထဲကခေါင်းဆောင် ဒါရိုက်တာလုပ်တဲ့ ကောင်လေးက အင်္ဂလန်ကိုထွက်သွားတော့ ဆက်မလုပ်ဖြစ်တော့ဘူး… သူ့ဝက်ဆိုဒ်မှာတော့ သူတို့လုပ်ထားတဲ့ Project လေးတွေ တင်ထားပါတယ်.. ဒီမှာ သွားကြည့်လိုက်ပါ… ဘေးက ဆိုဒ်ဘားက Project > Motion Graphics > time travellers ဆိုပြီးသွားပါ..

အပေါ်ကပြောသွားတာကတော့ အရင်က အားကျခဲ့ရတာပါ.. ကိုယ်လိုက်လုပ်နိုင်မဲ့ အခြေအနေမျိုးလဲမရှိသလို အခွင့်အရေးမရခဲ့ပါဘူး… ကျမ ပထမဆုံးရတဲ့ကင်မရာကလဲ တိတ်ခွေနဲ့ဆိုတော့ ဘာမှ မယ်မယ်ရရမလုပ်တတ်ပါဘူး… ဒါပေမဲ့ နောက်ပိုင်း ရုပ်ရှင်တွေကို ကြည့်တဲ့အခါမှာ.. ဇာတ်လမ်းကိုလဲကြည့်တဲ့အပြင်… သူတို့ ဘယ်လို ရိုက်လဲဆိုတာကိုပါ စိတ်ဝင်တစားကြည့်လာတတ်တယ်… မင်းသမီးဘာဝတ်လဲဆိုတာထက်… သူဘယ်လိုသရုပ်ဆောင်လဲ… ဒီလိုအခန်းမျိုးမှာ ကင်မရာကဘယ်နေရာကထားပြီးရိုက်လဲ… ဘယ်လိုနေရာမျိုးမှာ နောက်ခံတီးလုံးထည့်လိုက်ရင် ဘယ်လိုခံစားရလဲ… ဘယ်လိုနေရာမျိုးတွေမှာတော့ ရုပ်ရှင်သဘောအရရိုက်လဲ… အဲဒါတွေကို လိုက်ကြည့်ရတာ ကျမအတွက် ပျင်းစရာမကောင်းဘူး… သီချင်းရိုက်ပုံရိုက်နည်းနဲ့ ရုပ်ရှင်စာတန်းထိုး ဒီဇိုင်းတွေ ဘာကွာလဲ… ဥပမာ.. ကိုရီးယားကားရှေ့တွေမှာ စာတန်းထိုးရင် များသောအားဖြင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကိုပဲ ပြန်ယူပြီးသီချင်းနဲ့ သရုပ်ဆောင်အမည်နဲ့ ထိုးတတ်ပင်မဲ့.. ဂျပန်နဲ့ ထိုင်ဝမ်ကားတွေမှာတော့ စာတန်းထိုးအတွက် သီးသန့်ရိုက်တတ်ကြတယ်…

ငယ်ငယ်ကတည်းက Jackie Chan ကားတွေကြည့်လို့ နောက်ဆုံးမှာ ဘယ်လိုရိုက်လဲပြန်ပြတာကို အရမ်းသဘောကျတယ်…
ခုတိုးတက်လာတဲ့ နောက်ပိုင်းမှာတော့ youtube တို့ဘာတို့မှာ ရုပ်ရှင်ကားတွေ ရိုက်တာတွေ ပြန်ပြတဲ့ ဗွီဒီယိုလေးတွေရှာလို့ရတယ်… ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွဲတွေကြည့်ပြီးရင် youtube မှာ Making of movie တွေနဲ့ NG တွေကို ပြန်လိုက်ကြည့်ရတာလဲ ၀ါသနာပဲ…

နောက်ကျောင်းပြီးလို့ အလုပ်လုပ်တော့မှပဲ IT Show ပွဲတစ်ခုမှာ ကိုယ့်အကြိုက် Hard disk ကင်မရာတစ်လုံးကို ထပ်ဝယ်လိုက်တယ်… အဲဒါက အဆင်ပြေတယ်.. ရိုက်ပြီးတာနဲ့ ကွန်ပြူတာထဲထည့်လို့ရတော့.. ကိုယ့်စိတ်ကြိုက် ပြန်ပြီး အက်ဒစ်လုပ်လို့ရတယ်… လုပ်ကြည့်တော့လဲပျော်တယ်.. အက်ဒစ်တင်းကို အရမ်းဝါသနာမပါပင်မဲ့ ကိုယ်က ကောင်းကောင်းကြည့်ချင်တော့ လုပ်ရတာပဲ… အက်ဒစ်တင်းကလဲ self learning လုပ်ပြီးနဲနဲပါးပါးတတ်တယ်… adobe primier pro ကတော့ ခုထက်ထိကိုမတတ်သေးဘူး… window movie maker တော့ တော်တော်လေးသုံးတတ်နေပြီ…
ဒါပေမဲ့ ပန်းချီတို့ ဒီဇိုင်းတို့တော့ မရဘူး.. ပန်းချီဆိုလုံးဝမဆွဲတတ်ဘူး… Graphic design တို့ animation တို့ စိတ်ဝင်စားပေမဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘူး… Making Movie လဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိပါဘူး… ၀ါသနာဆိုလို့သာ ၀ါသနာပေါ့နော်…

ဝါသနာပါတာနဲ့ လုပ်စားဖို့ကျတော့ Passion ရှိဖို့လိုလာပြီ.. အတော်လေး စိတ်ထဲမှာ ခိုင်မာမှ ဖြစ်မှာ… ခုလက်ရှိ ရှိနေတဲ့ လမ်းပေါ်ကနေ မဆိုင်တဲ့လမ်းပေါ်ကို ခုန်ကူးပြစ်လိုက်ဖို့ကျတော့ ချီတုန်ချတုန်ဖြစ်နေတယ်… တခါမှလဲ ကိုယ်က အဲဒိလိုင်းနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်ဖူးတော့ ကိုယ့်ကိုကိုယ်လဲ ပါရမီမှ ရှိရဲ့လားလို့ သံသယဖြစ်မိတယ်… ဒွိဟဖြစ်တယ်ဆိုကတည်းက ကိုယ်ကိုတိုင်က စိတ်ထဲက မခိုင်မာလို့လားလို့ တွေးမိတယ်… ကိုယ်လုပ်ချင်တာကို လုပ်လိုက်လို့ မအောင်မြင်လာရင် အိမ်က ကိုယ့်အပေါ်ရင်းနှီးထားသမျှတွေ အလကားဖြစ်သွားမှာစိုးရိမ်တယ်…

တစ်ခါတစ်လေ စဉ်းစားမိတယ်… လောကမှာ ဘယ်နှစ်ယောက် ကိုယ့် Dream ကိုယ့်ဝါသနာနောက်ကို ရဲရဲလိုက်ရဲခဲ့သလဲလို့… ကိုယ်ရောက်နေတဲ့နေရာနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို နှစ်ခြိုက် စိတ်ဝင်စားပြီး ပျော်နေတဲ့သူတွေနဲ့ အခြေအနေပေးတာာကိုပဲ ဘာခံစားချက်မှမထားပဲ ရောက်တဲ့နေရာမှာပဲ အလုပ်လုပ်နေကြတဲ့သူတွေ ဘယ်အရေအတွက်က ပိုများသလဲလို့ တွေးမိတယ်… သေချာတာကတော့ ကိုယ်ဝါသနာပါတာကို အဆိုးရော အကောင်းရောလက်ခံ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီး ရည်ရွယ်ချက်နောက် ရဲရဲလိုက်နေတဲ့သူတွေတွေ့ရင်တော့ အရမ်းအားကျတယ်..

ခုတော့ အဲဒိအတွေးတွေကြားမှာပဲ… ၀ါသနာကနေ Passion ဖြစ်အောင်၊ ၀ါသနာနဲ့ ဘ၀၊ ဘ၀နဲ့ အမှန်တရား၊ အားလုံး တစ်ထပ်တည်းကျအောင် ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရင်း ခုထက်ထိ ရှေ့လျှောက်ဘာဆက်လုပ်ရမလဲဆိုတာ မသိသေးပဲ… မဗေဒါတစ်ယောက် လမ်းဆုံမှာ ထိုင်ပြီးတော့သာ ရေစုံမျောရင်း ဒီပိုစ့်လေးနဲ့အတူ Tag ကြွေးဆပ်လိုက်ပါတယ်…
PS.. ခုမှ Tag ကြွေးဆပ်လိုက်လို့ အတိုးရော အရင်းပါပေါင်းပြီး ရေးလိုက်တာ ရှည်သွားတယ်ကွယ်…

Friday, February 06, 2009

အခမဲ့ စိတ်ကူးယဉ်နိုင်သည်

မင်းယွန်းသစ် မနှစ်ကတည်းက စိတ်ကူးယဉ်ခိုင်းထားတဲ့ ကိစ္စကို ဒီနေ့ ပိုစ့်တစ်ပုဒ်အနေနဲ့ ယဉ်လိုက်ပါပြီ...
ဒီနေ့ မဗေဒါမွေးနေ့ဆိုတော့ မွေးနေ့အကြောင်းကိုပဲ စိတ်ကူးယဉ်လိုက်တော့မယ်
စိတ်ကူးယဉ်တာလဲ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်.. ဒါပေမဲ့ ယဉ်ဆိုတော့လဲ ရှေ့နောက်ညီစရာမလို.. အဓိပ္ပါယ်ရှိစရာမလိုနော်..
ဒါပေမဲ့ အခမဲ့တော့ စိတ်ကူးယဉ်ခွင့်ရှိပါတယ်.. သိပ်လေကြွားလွန်းနေရင်လဲ ခွေးလွှတ်ပေးကြပါ.. အဲလေ.. ခွင့်လွှတ်ပေးကြပါလို့..

~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~

မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကျမတွေ့လိုက်ရတာက အရမ်းလှတဲ့ ဇာဂါဝန် မိုးပြာရောင်လေးရယ် ဖိနပ်လှလှလေးရယ်.. ကျမ၀တ်လို့အပြီးမှာပဲ အလှအပပြင်ပေးသူတွေ ရောက်လာပြီး အလှဆုံးဖြစ်အောင် ပြင်ပေးကြတယ်.. ပြီးပါပြီ... လှလိုက်တာ... ကျမကိုယ်ကျမတောင် မမှတ်မိနိုင်ဘူး.....

နောက် ခပ်ဖြောင့်ဖြောင့် ကိုယ်ရံတော်တစ်ယောက် လမ်းပြတဲ့အတိုင်း လျှောက်လိုက်လာလိုက်တာ.. မှောင်နေတဲ့ Ball Room ထဲကို ရောက်သွားတယ်.. မှောင်မဲနေတာမှ ဘာမှ မမြင်ရဘူး.. ဒိန်းကနဲ ဆလိုက်တစ်ခု ကိုယ့်အပေါ်ကျလာလို့မျက်စိကို ကြိမ်းသွားတာပဲ... ဘာတွေ ဖြစ်နေမှန်းမသိဘူး... ခဏနေ အလင်းထဲမှာကြည့်ဖို့ မျက်လုံး အသားကျလာတော့မှ... ဖယောင်းတိုင်တွေထွန်းထားတဲ့ မွေးနေ့ကိတ် သုံးဆင့်သုံးဆင့်ကို တင်ထားတဲ့ လှည်းကို တွန်းလာတဲ့ ချစ်သူ.... သူ့ ဂျန်းဒေါင်ဂန်းလို လက်လေးတွေ သွယ်ပြီး.. ဟရွန်ဘင်းလို ပချိုင့်လေးနဲ့.... အီကူတာ တိုမာလို ရွင်ပြပြမျက်နှာလေးနဲ့.. ဂျိုအင်းစွန်းလို အရပ်မြင့်မြင့် ခန္ဒာကိုယ်မိုက်မိုက်နဲ့.. အိုပြောရင်ကုန်မှာမဟုတ်ဘူး.. (မဗေဒါကြိုက်တဲ့ မင်းသားတွေရဲ့ Characteristic တွေနဲ့ အားလုံးပြည့်စုံတဲ့ ချစ်သူပေါ့).. ဘာမှ လာမပြောနဲ့ သူက perfect ပဲနော်..

နောက်တော့ ချစ်သူက မွေးနေ့ကိတ်တင်ထားတဲ့ လှည်းလေးကိုတွန်းပြီး Ball room ထဲက မိသားစုနဲ့ သူငယ်ချင်း တွေရဲ့ "Happy Birthday" သီချင်းဆိုပြီး လာကြတယ်.. အတော်လေး အံ့အော်သွားတယ်.. သူတို့တွေ စီစဉ်ထားတာ မဗေဒါတစ်ခုမှ မသိခဲ့ရပါလား.. နောက်တော့ ဆုတောင်းခိုင်းပြီး ဖယောင်းတိုင်မှုတ်လိုက်တယ်..

Ball Room မီးတွေ ပြန်ပွင့်တော့မှ လာတဲ့ ဧည့်သည်တွေကို သေချာမြင်ရတယ်..
ကျမ မိသားစုနဲ့ သူနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာလေ.. ကျမ အခင်ရဆုံး ငယ်သူငယ်ချင်းတွေကိုလဲ ရောက်နေတဲ့ နိုင်ငံတွေကိုယ်စီကနေ ခေါ်ထားလေရဲ့... ဂျပန်က ကျမအချစ်ရဆုံးသူငယ်ချင်းရယ်.. အမေရိကားက သူငယ်ချင်း ၂ယောက်ရယ်.. စင်ကာပူမှာရှိတဲ့ တစ်ယောက်လဲလာတယ်.. သူတို့က ကျမငယ်ငယ်ထဲက တူတူ တွဲခဲ့တဲ့သူငယ်ချင်းတွေလေ.. အခင်ဆုံးကတော့ ဂျပန်က သူငယ်ချင်းပဲပေါ့..

နောက်ပြီး ကျမ UFL တက်တုန်းက သူငယ်ချင်းတွေလေ.. ကျမ အပါအ၀င် ၅ယောက်ရှိတာ.. ၄ယောက်က စလုံးမှာဆိုတော့.. မြန်မာပြည်ကတစ်ယောက်ကိုလဲ ဘယ်အချိန်ထဲက ခေါ်ထားလဲမသိ.. စုံလင်နေလေရဲ့...

ဟော.. နောက်ပြီး ဘလော့ဂါ သူငယ်ချင်းတွေလဲ စုံလို့.. မင်းယွန်းသစ်ဆို ဘူဖေးလိုင်းနားကကို မခွာဘူး.. ဟား.. ဟား.. (စတာ)...

ဖျော်ဖြေရေးတွေကတော့ စုံလို့... စင်ပေါ်မှာ.. Westlife က ကျမအတွက် Birthday နဲ့ ပတ်သတ်တဲ့ သီချင်းတွေ ဆိုပေးတယ်.. နောက်ပြီး ဆုံလို့ပဲ.. Rihanna တို့ Carry Underwood တို့.. Chris Daughtry တို့.. စုံလို့ပါပဲ... အဟီး... သြော်.. မနှစ်က American Idol က David အသေးရော.. အကြီးရောလဲ ပါတယ်..

မဗေဒါ့ မိသားစုက မဗေဒါကို အကြမ်းသုံးဖို့.. Volvo ကားတစ်စီး မွေးနေ့လက်ဆောင်ပေးတယ်.. ဟဲ.. ဟဲ.. (လိုင်စင်တော့ မရှိသေးလို့ ခု မမောင်းသေးဘူး..) ..
ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. တိုမာ.. ဂျိုအင်စွန်း.. ရာမာပီ.. နဲ့ ခပ်ဆင်ဆင်တူတဲ့ ချစ်သူကတော့ ဘာလုပ်ချင်လဲတဲ့.. တောင်းချင်တာတောင်း သူပေးမယ်တဲ့..
ဒါနဲ့ မဗေဒါတို့ မိသားစုလိုက် မွေးနေ့မှာ ရွှေတိဂုံဘုရား.. ကျိုက်ထီးရိုးဘုရား.. မဟာမြတ်မုနိဘုရား ဖူးချင်တယ်ဆိုတော့.. ဖြစ်ရမယ်တဲ့လေ..
ခဏနေတော့ သူ့ ပရိုက်ဗိတ်ဂျက် အဆင်သင့်ဖြစ်ပြီတဲ့.. ဒါနဲ့ မဗေဒါလဲ အ၀တ်အစားလဲပြီး မိသားစုလိုက်ထွက်လာကြတာပေါ့..

ထွက်ပေါက်မှာတော့ နွမ်းနွမ်းပါးပါး ယောကျာင်္းတစ်ယောက်.. မြင်ဖူးသလိုပါပဲဆိုတော့.. ရည်းစားဟောင်းဖြစ်နေလေရဲ့..
ကိုယ်မှားပါပြီကွာ.. ကိုယ်တောင်းပန်ပါတယ်.. ကိုယ့်ဆီပြန်လာပါတဲ့...
မဗေဒါလဲ.... တစ်ခွန်းပဲပြန်ပြောလိုက်ပါတယ်... ဒီကမ္ဘာမှာ ငါ့ကိုရတဲ့ယောကျာင်္းက ကံကောင်းတယ်ဆိုရင်.. အဲဒိကံကောင်းဖို့ အခွင့်အရေး ယောကျာင်္းတိုင်းမှာရှိချင်ရှိမယ်.. နင့်မှာတော့ မရှိတော့ဘူးလို့.. (အဟဲ.. ဟဲ... စတာပါ.. အပြင်မှာဆိုရင်တော့ ဘာမှ တောင် ပြန်ပြောဖြစ်မှာမဟုတ်ပါဘူး..)
ဒါနဲ့ အလွန်တရာမှ ချောမော ချမ်းသာ ယောကျာင်္းပီသပြီး ကျမတစ်ယောက်ထဲကိုပဲ စွဲစွဲမြဲမြဲချစ်တဲ့.. ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. စသည်ဖြင့်ပေါ့လေ.. အဲဒိ မဗေဒါ ချစ်သူက လှမ်းခေါ်တာနဲ့ အပြေးလေး.. ပရိုက်ဗိတ်ဂျက်ပေါ်ကို တက်ဖို့ သွားလိုက်တာပေါ့..
မဗေဒါရဲ့ ချစ်ကမေးတယ်... ဘယ်သူနဲ့ စကားပြောနေတာလဲတဲ့....
တစ်ခွန်းပဲ ဖြေလိုက်တယ်.. အလှူခံပါလို့......... မဗေဒါနဲ့ မသိပါဘူးလို့...
ချစ်သူကတော့ သာယာကြည်ရွှင်သော အပြုံးနဲ့ ခေါင်းညိတ်ပြလိုက်တယ်... သူ့ အပြုံးမှာ မဗေဒါကို အပြည့်အ၀ ယုံကြည်နားလည်နေတဲ့ အဓိပ္ပါယ်တွေ အပြည့်ပေါ့................

~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~

စိတ်ကူးယဉ်ပါလို့ မင်းယွန်းသစ်က မနှစ်ထဲက ခိုင်းထားတာပါ.. ယဉ်တာတွေများလွန်းလို့ ဘာကို ရေးရမှန်းမသိပဲ .. မရေးဖြစ်ဖြစ်နေတာပါ..
ခုတော့ မွေးနေ့မို့လို့ တစ်ခါတည်းရေးလိုက်ပါပြီ....

တကယ့်အပြင်မှာတော့.. မဗေဒါရဲ့ ချစ်လှစွာသော ငယ်သူငယ်ချင်းများနဲ့ UFL မှ သူငယ်ချင်းများ တစ်ယောက်မှ Happy Birthday လေးတောင် မပြောကြပါ.... မေ့နေကြတယ်ထင်ပါ့.. ကိစ္စတော့မရှိပါ.. အပြစ်လဲ မတင်ပါ.. မဗေဒါလဲ သူတို့မွေးနေ့ကို မမှတ်မိပါ... အဟီး.. ဒါပေမဲ့ ဂျီတော့ မှာတော့ လွန်ခဲ့တဲ့ ၃ရက်လောက်ကစပြီး သဲလွန်စလေးတွေ ပေးခဲ့ပါတယ်.. ထားလိုက်ပါတော့....

ထူးဆန်းစွာပဲ တချို့သော ဘလော့ဂါသူငယ်ချင်းများကတော့ မဗေဒါမပြောပဲသိနေကြပါတယ်.. ဘိုဘိုကတော့ ဘလော့မှာ ပထမဆုံးလာဆုတောင်းပေးပါတယ်.. သူဘယ်ကသိလဲတော့ မသိပါ.. နောက်ပြီး အိဝေဖြိုးကလဲ ဂျီတော့မှာ မတင်ခင်ထဲက သိတယ်ဆိုပဲ..
လာဆုတောင်းပေးကြတဲ့ Mr.DBA , ကိုလင်းထက်, TommyGirl နဲ့ ဂျစ်ပစီလေးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်... ယခုထိ ဆုတောင်းပေးပြီးဖြစ်သော သူငယ်ချင်းများနှင့် နောင်ဆုလာတောင်းပေးမည်ဖြစ်သောသူငယ်ချင်းများ အားလုံးကိုပါ တစ်ပါတည်း ကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်...

မနှစ်ကလို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မကျွေးမွေးနိုင်တဲ့ အတွက် အနုအညွတ်တောင်းပန်ပါတယ်... မွေးနေ့ရှင်ကိုယ်တိုင်လဲ ဒီနေ့.. ကန်စွန်းရွက်နဲ့ မှိုကြော်နဲ့ ထမင်းစားလိုက်ပါတယ်...

ထူးထူးခြားခြား.. ဒီနေ့မှာ အလုပ်က အလုပ်တွေဖြုတ်ပါတယ်.. ကံကောင်းစွာပဲ မဗေဒါမပါလိုက်ပါ... ပါသွားသောသူများအတွက်လဲ မတည့်သည်ဖြစ်စေ.. တည့်သည်ဖြစ်စေ.. စိတ်မကောင်းဖြစ်ရပါတယ်... ဟိုနေ့ဖြုတ်မယ်.. ဒီနေ့ဖြုတ်မယ်နဲ့.. ဖြုတ်မဲ့ ဖြုတ်တော့ သူများမွေးနေ့မှာမှ လာဖြုတ်ရတယ်လို့.....

ဒီနှစ် မဗေဒါ မကျွေးလိုက်နိုင်ပေမဲ့.. အပေါ်မှာ မွေးနေ့ကိတ် မီးမှုတ်တုန်းက ဆုတောင်းပေးလိုက်တာကတော့..
ခု ဒီပိုစ့်ကို ဖတ်နေတဲ့ စာဖတ်သူ သူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာစွာနဲ့ စီးပွားဥစ္စာများ အဆင်ပြေ ပေါကြွယ်ကြပါစေလို့ ဆုတောင်းပေးလိုက်တာပါ.......

Yahoo ကနေရှာပြီး မွေးနေ့ထုံးစံ ကိတ်မုန့်တော့ ကျွေးလိုက်ပါအုံးမည်..
သုံးဆောင်သွားပါလေ...

ချောကလက်ကိတ် မကြိုက်သူများအတွက်..


Tuesday, October 21, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၃) (သို့) ဗရုတ်သုတ်ခနေ့

အဟမ်း... အဟမ်း.. ကျန်းမာတော်မူကြပါစရှင်... အလွဲများနှင့်အမြဲတစေမိတ်ဖွဲ့နေခဲ့သူ မဗေဒါကိုမှ.. ကိုပုလုကွေးက ဗရုတ်သုတ်ခနဲ့ပါ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ... တကယ်တမ်းစဉ်းစားကြည့်တော့လဲ ဗရုတ်သုတ်ခတွေကျနေလို့.. အလွဲတွေဖြစ်နေရတာပါ... ဗရုတ်သုတ်ခတွေဖြစ်နေကျမို့ ဘယ်ဗရုတ်သုတ်ခကိုပြောပြရမလဲလို့ စဉ်းစားနေတာနဲ့ tag ကြွေးတောင်တော်တော်ကြာသွားတယ်.. အတိုးတွေတက်နေပြီလားသိဘူး.. ဘော်ဒါအချင်းချင်းမို့လား.. မဗေဒါရဲ့ဘလော့ကိုပဲ လာမလည်လို့လားတော့မသိဘူး.. ဘာမှလာအော်သံတော့မကြားဘူး.. ကိုင်း...ကိုင်း... (ခါးမဟုတ်ဘူး.. ဘုရင်ကြီးလေသံနဲ့ပြောတာ).. မဗေဒါလဲ နောက်ရက်အနည်းငယ်ဆိုရင် ဂျပန်ပြည်တော်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာစားဖို့သွားရအုံးမယ်ဆိုတော့.. ဒီ အကြွေးတွေကိုရှင်းလိုက်အုံးမှ.. (စကာင်္ပူမှာဖြစ်တဲ့ ဗရုတ်သုတ်ခမို့ မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများ အောက်မှာလဲ အကြုံးဝင်မယ်ထင်ပါတယ်) ဖြစ်ပုံကဒီလို...................... 

~~~~~~~~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~~~~~~~~~~ 

ဗရုတ်သုတ်ခနေ့ 

တီ...တီ.. တီ.. တီ... သံပတ်သံမြည်ပြီဆိုရင် ပြန်ပိတ်ပြီး ၅မိနစ်လောက် ထပ်နှပ်တပ်တဲ့အထဲမှာ ကျမလဲအပါအဝင်ပါ.. အဲဒါကြောင့်လဲ သံပတ်ကို တကယ်ထရမဲ့အချိန်ထက် ၁ဝမိနစ်လောက်စောပြီးပေးထားတတ်ပါတယ်.. (အလုပ်မဟုတ်တာအဲလိုလုပ်တာ.. ဟတ်..) ခုလဲ.. မဗေဒါ အတန်း ၈နာရီရှိလို့.. ရနာရီ၄ဝမိနစ်လောက်သံပတ်က ထမြည်နေတာပေါ့... အဲဒါကို ထုံးစံအတိုင်း ပြန်ပိတ်ပြီးအိပ်လိုက်တာပေါ့... ဒီလိုနဲ့ ပြန်နိုးလာတော့ နာရီကြည့်လိုက်တာပေါ့.. မိနစ်လက်တံက ၁၂ကိုရောက်နေပြီ.. မိနစ်၂ဝလောက်ပိုအိပ်လိုက်ရတာ ခါတိုင်း၅မိနစ်လောက်အိပ်ရတာနဲ့များကွာပါ့.. တော်တော်လေးလန်းလန်းဆန်းဆန်းရှိနေတာပေါ့.. ဒါပေမဲ့... အတန်းတက်ဖို့ ခေါင်းထဲရောက်လာတော့........ 

  "သေပြီ... ငါအတန်းနောက်ကျပြန်ပြီ".. အင်္ကျီကမန်းကတန်းလဲ.. ကျောင်းသွားတဲ့လွယ်အိတ်ကောက်ဆွဲပြီး.. ပြေးလာလိုက်တာပေါ့.. ကျောင်းနဲ့အိမ်က မျက်နှာချင်းဆိုင်ပဲလေ.. နောက်တော့ အတန်းက ၇ထပ်မှာဆိုတော့ ဓာတ်လှေကားစောင့်ပြီး.. ဓာတ်လှေကားနဲ့တတ်လာလိုက်တာပေါ့.. နာရီမိနစ်လက်တံကိုလှမ်းကြည့်လိုက်တော့.. ၁ဝမိနစ်.. 


"ဟူး.. တော်ပါသေးရဲ့.. ပျက်ကွက်မဖြစ်သေးဘူး..." (၁ဝမိနစ်ထက်ကျော်ရင် ပျက်ကွက်လို့သတ်မှတ်ပြီး.. အတန်းစပြီး ၁ဝမိနစ်အတွင်းရောက်ရင် နောက်ကျလို့ပဲမှတ်ပါတယ်.. ၃ခါနောက်ကျက ၁ခါပျက်ကွက်နဲ့ညီမျှပါတယ်.. မှတ်ချက်.. မဗေဒါက ၃ခါနောက်ကျမိရင် ဆရာမကို အတင်းလိုက်တောင်းပန်ပြီ ညီးပြလိုက်ရင် ရပါတယ်) ဒါနဲ့ ဓာတ်လှေကား တံခါးလဲဖွင့်ရော.. ထွက်မယ်ကြည့်လိုက်တော့.. ဓာတ်လှေကားကို ဝင်ဖို့လုပ်နေတာက ကျမခုလာတက်တဲ့ အချိန်ကို သင်ရမဲ့ ဆရာမပါ... ဒါနဲ့ ဆရာမကိုတွေ့တော့.. ကျမတော်တော်စိတ်အေးသွားရတာပေါ့.. တီချယ်လဲ နောက်ကျတယ်ပေါ့.. နောက်စဉ်းစားမိတာက.. ဆရာမက အတန်းဘက်မသွားပဲ.. ဘာလို့ အောက်ပြန်ဆင်းသွားတာလဲမသိဘူးပေါ့.. သူပစ္စည်းတစ်ခုခုကျန်ခဲ့လို့သွားယူမလို့ဖြစ်မယ်ဆိုပြီးတွေးလိုက်တယ်.. ငါတော့ ဒီနေ့အေးဆေးပဲလို့ ကျိတ်ပြီး ဟင်းလုံးချနေတာပေါ့.. ဆရာမကိုတောင် နှုတ်ဆက်တဲ့အနေနဲ့.. 

"Teacher, Where are you going?" လို့လှမ်းမေးလိုက်တော့.. 
ဆရာမက... "Class is over, Why don't u come today?" လို့ ပြုံးပြီးလှမ်းမေးလိုက်ပါတယ်... 
သူက ပြုံးနေတော့ ကျမလဲ.. ဆရာမဒီနေ စိတ်ကြည်နေတယ်ပေါ့.. ငါ့ကိုတောင်လာနောက်နေတယ်ဆိုပြီး.. ပြုံးပြီး.. 
" I'm sorry i'm late, I am going to class now" လို့ပြောအပြီးမှာပဲ ဓာတ်လှေကားတံခါးက ပိတ်သွားပါတော့တယ်.. ဒါနဲ့ ကျမလဲ.. ဆရာမဒီနေ့ တော်တော်ပျော်နေပုံရတယ်.. ငါ့ကိုလဲ ရီကျဲရီကျဲနဲ့.. ပြီးတော့ အတန်းပြီးသွားပြီလေးဘာလေးနဲ့ နောက်နေတယ်ဆိုပြီး... အတန်းဘက်လျှောက်လာခဲ့ပါတယ်.. အတန်းရှေ့လဲရောက်ရော.. အတန်းတံခါးကြီးကပိတ်.. မီးတွေလဲမှောင်လို့.. ဘယ်လိုဖြစ်တာလဲဟ... ဒီနေ့အတန်းနေရာများပြောင်းသင်လားမသိဘူး ဆိုပြီး... သူငယ်ချင်းတရုတ်မဆီကို ဖုန်းလှမ်းဆက်ပြီးမေးတော့..

 ငါတို့ ____ ဘာသာအတန်းကိုရောက်နေပြီ.. မနက်ကနင်ဘာလို့မလာတာလဲ.. ခုဒီအတန်းကိုရောလာမှာလားတဲ့.. ကျမစဉ်းစားရတော်တော်ကျပ်သွားတယ်.. ဘာလို့လူတိုင်းက ငါ့ကို အတန်းလာမတက်ဘူးပဲပြောနေကျတာလဲ.. ငါ၁ဝမိနစ်လောက်လေးနောက်ကျတာနဲ့ဘာတွေဖြစ်ကုန်ကြပြီလဲ.. ဆရာမနဲ့သူငယ်ချင်းပေါင်းနောက်နေရအောင်လဲ.. ငါဒီလောက်အရေးပါဘူး.. ငါနာရီသေချာကြည့်ခဲ့တာ ၈နာရီ ထိုးပဲရှိသေးတာပါ... ရုပ်ရှင်တွေထဲကလို့... ကျမတစ်ယောက်ထဲကိုပဲ အလင်းတန်းရိုက်ပြီး အချိန် ၁နာရီနောက်ကျသွားသလိုခံစားနေရပြီး ခေါင်းတွေလဲတော်တော်ရှုပ်လာပါတယ်.. ဘာပဲဖြစ်ဖြစ် နောက်အတန်းကို ကျမသွားတက်ခဲ့ပါတယ်.. ပြီးတော့ သူငယ်ချင်းကို ဘာတွေဖြစ်နေတာလဲ.. မနက်ကအတန်းအစား ဒီအတန်းဘာလို့ဖြစ်သွားတာလဲ ဘာညာမေးတော့.. အားလုံးကနားမလည်သလိုလို ကျမကိုပြန်ကြည့်ပါတယ်.. နောက်ဆုံး ကျမက.. နာရီကိုထုတ်.. ဒီမှာ ၈နာရီ၁၅မိနစ်.. ဘာလို့ ဒီအတန်းကိုလာတက်နေတာလဲလို့ပြောတော့မှ... သူတို့က နင်နေကောင်းရဲ့လား.. ခု ကိုးနာရီ ၁၅မိနစ်လေလို့ပြောလိုက်တော့... ကျမနာရီကိုပြန်ကြည့်လိုက်တော့လဲ.. ၉နာရီ ၁၅မိနစ်ဟုတ်နေပါတယ်....

 အဲဒိတော့မှ ကျမ အိမ်မှာ ၁၅မိနစ်ပိုအိပ်လိုက်တာမဟုတ်ပဲ ၁နာရီ ၁၅မိနစ်ပိုအိပ်လိုက်မိတယ်ဆိုတာ သဘောပေါက်သွားပါတော့တယ်.. 

နိုးလာတော့လဲ ခါတိုင်းလိုပဲ မိနစ်လက်တံကိုပဲ ကြည့်ပြီး နာရီလက်တံကိုမကြည့်ပဲ ထွက်လာခဲ့လို့.. ခုလို အလင်းတန်းရိုက်ခံရတဲ့ ဘဝရောက်သွားခဲ့ရတာပါပဲ.. ခုတော့လဲ သတိမေ့နေတဲ့သူကို ရေနဲ့ပတ်ပြီး နှိုးလိုက်သလို ကောင်းကောင်းကြီး ဇာတ်ရည်လည်သွားပါတော့တယ်.. ဆရာမက ကျမအချိန်မှားကြည့်မှန်း အစထဲကသိလို့ ပြုံးတုန်းတုန်းလုပ်သွားတယ်ဆိုတာလဲ သဘောပေါက်သွားပါတော့တယ်... ဒီလိုနဲ့ သက်ဆိုင်ရာအတန်းတက်ပြီး ကျောင်းဆင်းချိန်ရောက်တော့ မဗေဒါက ပိုက်ဆံချွေတာတာရော.. အိမ်ထမင်းအိမ်ဟင်းပိုကြိုက်တာရော.. အိမ်နီးတာရောကြောင့်.. အိမ်မှာပဲထမင်းပြန်ချက်စားတတ်ပါတယ်.. 

ရန်ကုန်မှာနေတုန်းက ဟင်းမချက်ဖူးတဲ့ ကျမ စကာင်္ပူရောက်တော့ အနည်းအကျဉ်းစမ်းချက်ရင်း သာမန် ဆီပြန်ဟင်းတချို့နဲ့ သာမန် အကြော်အလှော်လောက်တော့ ချက်တက်ပါတယ်.. အဲဒိနေ့မတိုင်ခင်က အစ်မက နောက်နေ့ ပဲကြီးနှပ်ချက်စားမယ်လို့ပြောထားတာကြားတော့.. စေတနာနဲ့.. ငါချက်ထားလိုက်မယ်ပေါ့ဆိုပြီး.. ဒါနဲ့ သူ့ဆီကို ဖုန်းဆက်ပြီး ပဲကြီးနှပ်ဟင်းဘယ်လိုချက်ရလဲလို့မေးလိုက်တာပေါ့.. ဒီတော့ သူက ဖုန်းထဲကနေ ပဲကြီးနှပ်နည်းကိုပြောပြပါတယ်.... ပြောတဲ့အထဲမှာပါတာကတော့ ဒီလိုပါ... ".... ထည့်စရာရှိတာတွေ ထည့်ပြီးရင်.. ပဲကြီးမျက်နှာပြင်ကို ရေမြုပ်ရုံထည့်ပြီး မီးဖိုပေါ်တင်ထားလိုက် ........ " လို့ဆိုပါတယ်.. 

ဒါနဲ့ မဗေဒါလဲ... ဒီလောက်ကတော့ လွယ်လွယ်လေးပါ.. ဆီပြန်ဟင်းလောက်တောင်မခက်ပါဘူးဆိုပြီး.. သူပြောတဲ့အတိုင်း စိတ်ရှည်လက်ရှည်လိုက်လုပ်ပါတယ်.. ပြင်ဆင်စရာရှိတာပြင်ဆင်.. ထည့်စရာရှိတဲ့တန်ဆာပလာတွေ ထည့်.. ပြီးတော့ ရေထည့်ပါတယ်.. အဲဒိမှာ.. ရေက တော်တော်ကြာကြာလေးထည့်တဲ့ အထိတောင် ပဲကြီးမျက်နှာပြင်ကို မမြုပ်သေးပါဘူး.. ကျမလဲ ပဲမနူးမှာစိုးလို့ နဲနဲ... နဲနဲ ဆိုပြီး ထည့်လိုက်မိတာ.. နောက်ဆုံး မသင်ကာလို့.. ပဲကြီးကို လက်နဲ့ထိုးပြီးကြည့်လိုက်တော့မှ.. ရေပေါ်မှာပေါလောပေါ်နေတာသိပါတော့တယ်.. ရေပြန်သွန်ဖို့ကလဲ.. ဆီတွေ ဆားတွေ အားလုံးထည့်ပြီးသားဖြစ်နေလို့.. သွန်လိုက်ရင် အရသာအားလုံးပျောက်သွားမှာပါ.. ဒီတိုင်းချက်ရင်လဲ ပဲကြီးနှပ်ကနေ ပဲကြီးဟင်းခါးဖြစ်သွားမှာပါ.. ကျမလဲဘာလုပ်ရမှန်းမသိတော့ပါဘူး.. ဒါနဲ့ အကြံလေးဘာလေးရမလားဆိုပြီး.. ရန်ကုန်ကနေ ကျောင်းလျှောက်ဖို့ရောက်နေတဲ့ သူငယ်ချင်းကို ဖုန်းဆက်မေးပါတယ်.. သူလဲ နဲနဲပါးပါးချက်တတ်ပါတယ်.. 

သူကဟိုလိုလုပ်ကြည့် ဒီလိုလုပ်ကြည့်.. ဘယ်လိုပြောပြော ဒီပဲကြီးအိုးကို ကယ်လို့မရတော့ပါဘူး.. ဒါနဲ့ နောက်ဆုံးသူက.. အရသာမပျက်အောင်တော့ ငံပြာရည်.. အချိုမှုန့်.. ဆား.. ဘာညာသာရကာပေါ့နော်.. ထပ်ထည့်ပြိး ပုံမှန်အတိုင်းချက်လိုက်.. ကျက်တော့မှ ပဲကြီးရည်တွေကို တက်နိုင်သလောက်ပြန်သောက်ထားလိုက်တဲ့.. ကျမက ကပ်စေးနဲတော့ သွန်လဲမပြစ်ချင်ဘူးလေ.. ဒီတော့ သောက်မှရမှာပဲ.. ဒီလိုလုပ်မယ်ဆို အဆူခံရတာနဲနဲသက်သာမယ်ပေါ့.. သူ့ကိုလဲ လာကူသောက်ပေးဖို့ပြောတော့.. သောက်ပေးမယ်တဲ့.. သူ့အိမ်ကနီးတော့ လာလို့ရပါတယ်.. ဒီလိုနဲ့ ၂ယောက်သား ထမင်းကိုလဲ ပဲကြီးဟင်းခါးပေါလောနဲ့ လွေးလိုက်ကြပါတယ်.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပဲကြီးဟင်းခါး က ဘယ်လိုမှ ပဲကြီးနှပ်အရသာတော့ ပြန်မရနိုင်ပါဘူး.. ဒီလောက်သောက်တာတောင်.. အိုးတစ်ဝက်လောက်ထိရေတွေကျန်နေပါသေးတယ်.. 

ညနေ အစ်မပြန်ရောက်လာတော့.. ဒီလိုပဲလို့ပြောတော့.. သူသေချာပြောရဲ့သားနဲ့ ကျမက တမင်းများရွဲ့ ပြီးလုပ်သလားဆိုပြီးတောင်ပြောခံရပါတယ်.. ကျမလဲ.. သူပြောတဲ့အတိုင်း ပဲကြီးမျက်နှာပြင်ရေအမြုပ်ကိုစောင့်နေမိခဲ့တာကိုး... သူက မှတ်ချက်.. ပဲကြီးသည် ရေပေါ်တွင်ဘောလောပေါ်တတ်သည် ဆိုရင်တော့ ကျမက သတိထားမှာပေါ့.. ဒီတော့ ကျမလဲ သူက သေချာမှမပြောတာဆိုတဲ့ အချက်လေးနဲ့ပဲကိုင်ပေါက်တာပေါ့နော်.. ရန်ကုန်မှာ ကိုယ့်ညီမဟင်းမချက်ဖူးတာလဲ သိသားနဲ့ သေချာပြောပါလားနော်... ဟီး.. ဟီး.. သူကတော့ ဒီလို အခြေခံအချက်က လူတိုင်းသိထားတာပဲတဲ့.. ပြောစရာကို မလိုဘူးတဲ့.. ကဲ ခုပဲ ကျမ မသိလို့.. သူပဲကြီး ဟင်းခါးနဲ့ ၂ပါးသွားရပြီ.. ဟတ်.. ဟတ်... တစ်ခါမှားတိုင်း တစ်ခါအသိဉာဏ်တိုးတယ်.. တစ်ခါမှတ်တယ်ဆိုတဲ့အတိုင်း.. ကျမလဲ အမှားတွေကနေပဲ အတွေ့အကြုံတွေ.. ရီစရာ memory လေးတွေရခဲ့ပါတယ်.. ကဲ... ဒီလိုနဲ့ပဲ.. ကိုယ်ပေါင်းကိုယ်လှန်ထောင်းရင်း ဗရုတ်သုတ်ခနေ့ကို မချွင်းမချန် ရေးလိုက်ပါပြီ.. ကိုပုလုကွေးရေ... ပဲကြီးဟင်းခါးစားချင်ကြရင်တော့.. ပြောနော်.. ဟဲ.. ဟဲ...

Wednesday, October 15, 2008

မဗေဒါရဲ့ ပထမဆုံးများ....

ဘိုဘိုက မရေးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပြောနေပင်မဲ့.. ရေးပြီဆိုရင်လဲ ကိုယ့်ကိုကိုယ်သိတယ်.. ကိုယ့်အကြောင်းတွေကို အားမနာလျှာမကျိုး ရေးမိတော့မယ်ဆိုတာ... ဒါပေမဲ့လဲ Friendship ကပိုအရေးကြီးလေတော့... လာလေရော့ဟဲ့....

ပထမဆုံး နေခဲ့တဲ့မြို့ — ရန်ကုန်သူ စစ်စစ်..

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အူဝဲဆိုတာနဲ့ ဘ၀ကျောင်းမှာစတက်ခဲ့ရတယ်.. ဘယ်လိုထမင်းစားတယ်. ဘယ်လိုလမ်းလျှောက်ရတယ်.. ဘယ်လိုစကားပြောတတ်လာတယ်ဆိုတဲ့ ဘ၀သင်ခန်းစာတွေ တစ်ပုံကြီးပဲပေါ့.

ပထမဆုံး အတန်း — အတန်းအနေနဲ့ဆိုရင်တော့ မူကြိုပေါ့.. "ရောင်စုံဘောလုံး.. ရောင်စုံဘောလုံး.. တစ်လုံးငါးပြား" အဲဒါတွေဆိုခဲ့ရတယ်..

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — ငယ်ငယ်မူကြိုထဲကနေ ၈တန်းထိတူတဲ့သူငယ်ချင်းကောင်လေးတစ်ယောက်တော့ရှိတယ်.. သူကတော့ ပထမဆုံးသူငယ်ချင်းလို့ပြောလို့ရတယ်ဆိုပေမဲ့.. နီးနီးကပ်ကပ်နဲ့ အမြဲတွဲအမြဲသွား သူငယ်ချင်းကတော့ သူငယ်တန်းမှာ ရှေ့နောက်ထိုင်ဖြစ်တဲ့ကောင်မလေး.. ခုတော့ သူက US မှာ.. ခုထိ အဆက်အသွယ်လဲရှိတယ်.. အခင်ဆုံးသူငယ်ချင်းစာရင်းထဲလဲပါတယ်.. စိတ်ထဲ အသဲထဲကနေ အရမ်းခင်တဲ့သူငယ်ချင်း.. သူကိုယ့်ကိုခင်မခင်တော့ သေချာမသိဘူး.. သိလဲမသိချင်ဘူး.. ကိုယ်ခင်နေရရင်ပြီးတာပဲ ဆိုတဲ့ သူငယ်ချင်းလဲရှိတယ်.. သူက ခုဂျပန်ကိုသွားလည်နေတယ်.. မဗေဒါလဲ သူ့ကိုတွေ့ချင်လို့ ဂျပန်လိုက်သွားလည်မလို့ စီစဉ်ဖြစ်သွားတာ.. စကာင်္ပူရောက်နေပင်မဲ့ တစ်နှစ်တစ်ခါ မြန်မာပြည်ပြန်တိုင်းသူနဲ့တွေ့ဖြစ်တယ်.. ဒီနှစ်တော့ ရည်းစားနဲ့ပြတ်လို့ ရန်ကုန်မပြန်ချင်တာနဲ့ သူနဲ့မတွေ့ရဘူး.. ခုတော့ တွေ့ရတော့မယ်.. သူနဲ့က အဲလိုကို ကံပါတာ. ငယ်ငယ်ထဲက..

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — သူငယ်တန်း သင်ပုန်းကြီး... အဲဒါအရင်မဖတ်ပဲ တခြားဘယ်စာအုပ်ကိုဖတ်တတ်အုံးမှာလဲ..

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — "ဘုံဘေဘားမား ကုမ္ဗဏီမှ သစ်ခိုးသည်ကို မြန်မာမင်းက ဒဏ်ရိုက်သည်တွင် မကျေမနပ်ဖြစ်ကာ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့ပါသည်.." (က၊ခ တောင် တော်တော်အလွတ်ကျက်ခဲ့ရတယ်.. အဲဒိအပေါ်ကစာကြောင်းလေးက မဗေဒါငယ်ငယ်က အစ်မတွေ သမိုင်းကျက်ထဲက လိုက်ဆိုလို့လဲကောင်းတယ်.. လိုက်ကလို့လဲကောင်းလို့ အလွတ်ကိုရနေတော့တဲ့ ကျောင်းစာပဲ)

ပထမဆုံး အရိုက်ခံရခြင်း — သိပ်အရိုက်မခံရဘူးဘူး.. တစ်တန်းလုံးကို ခုံပေါ်တက်ပြီးရိုက်ရင်တော့ ရိုက်ခံရတာပေါ့နော်... မှတ်မှတ်ရရတော့မရှိဘူး..

ပထမဆုံး ရတဲ့ဆု — ငယ်ငယ်ထဲက လွတ်လပ်ရေးပြိုင်ပွဲတွေမှာ ပထမ ဒါမှမဟုတ် ဒုတိယ အမြဲရတယ်.. တချို့အမေတွေဆိုရင် မဗေဒါကိုမြင်တာနဲ့ သူတို့သမီးတွေကို မပါခိုင်းတော့ဘူး.. မရမှာ သေချာလို့.. ဒါတော့မတတ်နိုင်ဘူးလေ.. သမုဒ္ဒရာရေပဲ နော်... မှတ်မှတ်ရရ.. ရဖူးတာလေးကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ထုတ်ဆီးတိုးတမ်းကစားတော့ တစ်ဖက်အုပ်စုထဲမှာ ဒိုင်လူကြီးရဲ့ တူမတွေ ညီမတွေပါတော့.. မဗေဒါတို့နိုင်တာသေချာရက်နဲ့ ၅မှတ်ဖျောက်ပြီး သူတို့ ပထမရသွားတယ်.. ထုတ်ဆီးတိုးက ပထမဆုတစ်ခုပဲပေးတာလေ.. ဒီတော့ မဗေဒါမေမေက ထုတ်ဆီးတိုးဒုတိယဆုကို စပွန်ဆာပေးပြီး စလင်းဘက်အိတ်အကောင်းစားတွေကို ပေးလိုက်တာ.. ပထမဆုထက်တောင်ပြန်လန်နေတာပဲ.. အဓိကက ကျမဘက်က အမြဲရက်တည်ပေးတဲ့ ကျမမိသားစုကို ကျမအရမ်းကျေးဇူးတင်တယ်...

ပထမဆုံး သွားဖူးတဲ့ခရီး — ဘ၀ခရီး... အူဝဲဆိုထဲက ခုထိပဲ...

ပထမဆုံး စီးဖူးတဲ့ကား — ဖေဖေမောင်းတဲ့ကားနေမှာပေါ့.. မှတ်မိတော့ဘူး...

ပထမဆုံး ဆိုတဲ့သီချင်း — ငယ်ငယ်တုန်းကတော့ လူကြီးတွေဆိုရင် ပုခက်ထဲက ၀ူးဝူးဝါးဝါးလိုက်အော်ဖူးမှာပေါ့... စင်ပေါ်မှာတီးဝိုင်းနဲ့ပထမဆုံးဆိုဖူးတဲ့သီချင်းကတော့ သျှီရဲ့ "ဂန္ဓာရီ" ဘယ်မှာဆိုဘူးလဲတော့မမေးနဲ့နော်.. အသေသာသတ်လိုက်..

ပထမဆုံးရေးတဲ့ ကဗျာ — ဘန်နာမှာရေးထားတယ်.. "လှိုင်းတန်ပိုးထန် လေကိုဆန်လဲ အပြုံးမပျက် ပန်းပန်လျက်" ဆိုတာ.. ကဗျာလို့ ခေါ်လို့ရလားတော့ မသိ...

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရည်းစားစာတော့ တစ်ခါမှမရေးဘူးပါ.. ရဘူးတာတော့ ရှိတယ်.. ၁၀တန်းအောင်ပြီးခါစ သင်တန်းတွေတက်တုန်းက ၁သက်လုံးမှာမှ တစ်ဆောင်ပဲရဘူးတယ်.. .. ကျန်တဲ့သူတွေက ပါးစပ်ကပဲပြောကြတယ်.. နောက်ကလိုက်ကြတယ်.. ဒါတောင် မယူဘူးနော်.. အတင်းလိုက်ပေးနေလို့.. မဖတ်ဖူး တာရော.. ပြီးတော့ ဒီစာယူပြီးရင် နောက်ကမလိုက်လာနဲ့တော့ဆိုပြီး ယူလိုက်တာ.. စာလေးရှားရှားပါးပါးတစ်စောင်ရလို့ သူငယ်ချင်းတွေကိုသွားကြွားတာ.. နင်ကကြိုက်လို့လားလို့မေးတော့.. မကြိုက်ပါဘူး.. စာရလို့ကြွားတာဆိုတော့.. နင်မကြိုက်ရင် အဲဒိစာသိမ်းမထားနဲ့ပေါ့တဲ့ ဆိုပြီး လွှတ်ပြစ်လိုက်တယ်... မဗေဒါလဲ သိမ်းထားရင် ကြိုက်လို့သိမ်းတယ်ပြောခံရမှာစိုးလို့ မတားလိုက်ဘူး.. လွှတ်ပြစ်ပေါ့လို့ပဲပြောလိုက်တယ်.. ဒါပေမဲ့ နှမြောသား... ကိုယ့်အကြောင်းတွေကို မင်းသမီးလေးတစ်ပါးလို ညွှန်းရေးထားတာလေ.. ဟိ.. ဟိ... (မှတ်ချက် ခုတော့ ရင့်ကျက်သွားပြီဖြစ်လို့ ရည်းစားစာပေးပြီး မရင့်ကျက်သောအလုပ်မျိုးကို ရင်မခုန်တော့ပါ.. ငှဲ ငှဲ..)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ဘယ်ပြောမလဲ... အသေသတ်...

ပထမဆုံး ချစ်သူ — ဂျန်းဒေါင်ဂန်းပေါ့... သူ့ကိုကိုယ်ထားခဲ့လို့ ခုထက်ထိလူပျိုကြီးလုပ်နေတာ.. ကြည့်ပါလား.. ဟတ်.. ဟတ်...

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — စဉ်းစားစရာပဲ.... သေချာစဉ်းစားကြည့်လိုက်တော့ မဗေဒါဝယ်ဖူးတဲ့စာအုပ်ရှားသား.. အလကားရတာပဲလိုက်ဖတ်တယ်.. ဒါတောင် ဖတ်လို့မကုန်ဘူး.. ငယ်ငယ်က ပုံပြင်စာအုပ်တွေတော့ ၀ယ်ဖူးတယ်..

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ငယ်ငယ်က ကျောင်းသူဘ၀တုန်းကတော့ အစ်မအကြီးက သီချင်းခွေဝယ်တာဝါသနာပါတယ်.. သူ့မုန့်ဖိုးနဲ့လဲ မလောက်တော့ မဗေဒါတို့ အငယ်၂ယောက်ကို မြူဆွယ်ပြီး ရှယ်ဝယ်ဖူးတဲ့ အခွေတွေတော့ရှိတယ်.. နောက်ပိုင်းတော့ သူကဒိုင်ခံဝယ်နေတော့ ကိုယ်က ဒိုင်ခံ အလကားနားထောင်ပေးတယ်.. ၁၀တန်းအောင်တော့ တရုတ်ဘန်း F4ကို ရူးရူးမူးမူး အိပ်မက်ထဲထိကြိုက်တုန်းက သူတို့ VCD ခွေတွေတော့ ၀ယ်ဖြစ်တယ်.. မဗေဒါက သီချင်းခွေထက် ဗွီဒီယိုခွေ.. ပုံပါမြင်ရတဲ့ခွေကိုပိုကြိုက်တယ်.. VCD ပဲဖြစ်ဖြစ်.. ရုပ်ရှင်ပဲဖြစ်ဖြစ်..

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — နေ့မမှတ်မိတော့ဘူး.. မိုးဖွဲဖွဲလေးတွေရွာနေတဲ့နေ့တနေ့ပဲ.. ၂၀၀၁ ရဲ့မိုးရာသီနေ့လေးတစ်နေ့ဖြစ်မယ်ထင်တယ်.. မမေ့နိုင်စရာ အပျော်ဆုံးနေ့တွေရဲ့ နိဒါန်းနေ့တစ်နေ့ပေါ့..

ပထမဆုံး ရဖူးတဲ့လက်ဆောင် — ဒီမိသားစုမှာ လူဖြစ်ခွင့်ရခဲ့တဲ့ ကံကပေးတဲ့လက်ဆောင်

ပထမဆုံး အလုပ် — ဆယ်တန်းအောင်ပြီးတော့ ကလေးတွေ စာလိုက်ပြတယ်.. ကျူရှင်ဆရာမပေါ့နော်..

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ၂၀၀၆ခုနှစ်ရန်ကုန်ကို တစ်ယောက်ထဲပြန်တုန်းက သူငယ်ချင်းတွေကို မဗေဒါဆရာကြီးလုပ်ဦးဆောင်ပြီး ကျိုက်ထီးရိုးသွားဖူးတယ်.. ပထမဆုံးလူကြီးမပါပဲ.. ကိုယ်ဦးဆောင်ပြီးသွားဖူးခြင်းပဲ.. တစ်ကယ်တစ်ယောက်ထဲ သွားရမဲ့ခရီးက နောက်တစ်ပတ်ကျရင် ဂျပန်ကို ဒိုးမယ်.. ခုအရမ်းရင်တွေခုန်ပြီး ပျော်သလိုလို ကြောက်သလိုလို ဖြစ်နေတယ်.. (လေယာဉ်ပေါ်မှာ RAIN နဲ့ ဘေးချင်းကပ်ကျရင် ဒုက္ခ.. ဟတ်.. ဟတ်)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ဆေးလိပ်.. အရက်လုံးဝမသောက်ဖူးပါ.. ထန်းရည်တောင်မသောက်ဖူးပါ.. အဲ.. ဒါပေမဲ့ မဗေဒါ ဟိုးငယ်ငယ်တုန်းကတော့ .. ဖေဖေစားပွဲပေါ်မှာ တင်ထားတဲ့ ရေလေးတွေသီးပြီးအေးခဲနေတဲ့ အရက်ဖြူခွက်လေးကို.. ရေမှတ်ပြီး တစ်ခြိုက်ထဲမော့သောက်လိုက်မိဘူးတယ်.. ပြီးတော့ ကိုယ့်ကိုကိုယ်သေတော့မယ်ထင်ပြီး ငိုပါလေရော.. ပြီးတော့ မူးပြီးချက်ချင်းအိပ်ပျော်သွားတယ်ထင်တယ်..

ပထမဆုံး တက်ဖူးသော ဆေးရုံ — ဗဟိုအမျိုးသမီးဆေးရုံ... တစ်မျိုးမထင်လိုက်နဲ့... မဗေဒါကို အဲဒိမှာမွေးတာ..

ပထမဆုံး ဘလော့ပို့စ် — သိချင်ရင် Archive ထဲမှာ ရှာလိုက်လို့ရတာကို မေးနေသေးတယ်..

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာဘလော့ စလုပ်တော့ မလုပ်တက်တော့ ကိုရန်အောင်ဆီမှာသွားသွားမေးတယ်.. ဒီတော့ ကိုရန်အောင်ကလဲ အရင်ကတော့ လာလာလည်တယ်.. ဒါပေမဲ့ မိတ်ဆွေဆိုတာထက် ဆရာလိုဖြစ်နေတာပေါ့နော်... သူငယ်ချင်းလိုစပြီး ခင်ခင်မင်မင်ရှိလာတာကတော့.. ဒူရှိရမလဲ.. အိပ်မက်နက် BlackDream ပေါ့... မဗေဒါဖို့ သူငယ်ချင်းအတွက် ဆိုတဲ့ မွေးနေ့ပိုစ့်လေးတင်ပေးခဲ့လို့.. ခုထိကြည်နူးမိပါ၏

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — ဆရာမလုပ်တုန်းက ရတဲ့ပိုက်ဆံပဲ.. ဘယ်လိုသုံးလိုက်မိလဲတော့ သိဘူး...

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ရန်ကတော့ ခဏခဏကိုဖြစ်တာ.. မဗေဒါကိုဆို လူတိုင်းက ခပ်စွာစွာကောင်မလေးလို့ပြောလိုက်ရင်သိတယ်.. အိမ်မှာ စည်ကနဲဆို မဗေဒါပဲမှတ်... မှတ်မှတ်ရရ ရန်ပွဲကတော့ ၇တန်းတုန်းက လမ်းထဲက ခပ်နွဲ့နွဲ့နေတတ်တဲ့ ကောင်တစ်ကောင်က(အဲဒိကောင်က ၉တန်း) မဗေဒါရဲ့သူငယ်ချင်းကို သူ့သူငယ်ချင်းကောင်နဲ့လာအောင်သွယ်နေလို့ ကိုယ့်သူငယ်ချင်းကို ဆုံးမရင်းနဲ့.. အဲဒိအခြောက်ပြောတဲ့ စကားမယုံနဲ့လို့ပြောလိုက်မိတာ.. သူငယ်ချင်းက ရည်းစားထားချင်နေတဲ့ သူဆိုတော့ သူ့ကိုပြန်ပြောလိုက်တော့.. ဟိုက ကိုယ့်ကို မိုက်မိုက်ရိုင်းရိုင်းပြန်ပြောတော့ အိမ်က အစ်မတွေကပါမခံနိုင်ပဲ ရန်ဖြစ်ကြတာ.. (အဲမတိုင်ခင် လမ်းထဲမှာ အေးတယ်.. တခါမှလဲရန်မဖြစ်ဘူးတဲ့ ကိုယ့်အစ်မတွေလဲ ကိုယ့်ကြောင့်ရန်ဖြစ်ရတယ်.. အဲလိုအားကိုးရတာ.. အစ်ကိုရှိမှ အားကိုးရတာမဟုတ်ဘူးနော်) ရပ်ကွက်ရုံးရောက်တော့မလို့... ညကျတော့ လမ်းထဲမှာရန်ဖြစ်ထားတာ ဖေဖေဆူမှာကြောက်လို့ အစောကြီးဝင်ပြီးအိပ်ချင်ယောင်ဆောင်နေရင်း.. မေမေကအေးဆေး ဖေ့ဖေ့ကို ကိုယ့်သမီးဘက်က ကာပြီး ဟိုအခြောက်ဖက်ကို သာသာထိုးထိုးလေးတိုင်လိုက်တော့.. ဖေဖေပါဒေါသတွေထွက်ပြီး အမျိုးသမီးရေးရာတွေ ဘာတွေတိုင်မယ်လုပ်နေတာ.. နောက်ဆုံးတော့ အဲဒိအခြောက်အဖေကိုပဲ တိုင်လိုက်တယ်.. ရိုက်လိုက်တယ်လို့တော့ပြောတာပဲ.. မထင်ပါဘူး.. မှတ်မှတ်ရရ အဲဒိနေ့က ကျမအစ်မအလတ် ၁၀တန်း အင်္ဂလိပ်စာမဖြေခင်ညပေါ့.. သူ့ကို စာပဲကျက် အကြီးဆုံးနဲ့ အငယ်ဆုံးပဲ သွားချဲမယ်ဆိုပြီးထားခဲ့တာ.. နောက်တော့ သူလဲ ကိုယ့် ညီအစ်မတွေခံရမှာစိုးလို့ မနေနိုင်ပဲလိုက်လာတယ်.. အိမ်အောက်မှာရန်ဖြစ်တာ.. ဟီး.. ဟီး......... အဲဒိအကြောင်းပြန်တွေးကြည့်တော့လဲ ကိုယ့်အစ်မတွေက အားကိုးရသားပဲနော့်......

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — မဗေဒါဘ၀မှာ ကိုယ်တိုင်မလုပ်ပဲ ကံစမ်းရတဲ့အရာတွေက အကျိုးမပေးဆုံးပဲ.. ထီထိုးခြင်းနဲ့ အချစ်ရေးပဲ.. ဘာမှကို ကံမကောင်းဘူး..

ပထမဆုံး ရင်ခုန်ဖူးခြင်း — ရုပ်ရှင်ကြည့်တိုင်း ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးခန်းလာရင် ရင်ခုန်တာပဲ..

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — တီးတော့ မတီးဘူးဘူး.. တတ်မှမတတ်တာ.. ဆော့တော့ ဆော့ဖူးတယ်.. ငယ်ငယ်တုန်းက ဦးလေးဂစ်တာ.. နောက်တော့ အစ်မဂစ်တာ..

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — စကာင်္ပူပဲပြောရမှာပေါ့.. အိပ်မက်ထဲမှာတော့ အစုံပဲ..

ကဲ.. ဒါပဲမှတ်လား.. မေးထားတာတွေကလဲ အစုံပဲ.. မဗေဒါရဲ့ အပုတ်တွေလဲ ပေါ်ကုန်ပြီး.. ရှက်လိုက်တာ...

အဲဒါကြောင့်မရေးပဲ ရှောင်နေတာ.. နောက်အပတ် ဂျပန်ခရီးထွက်ရမှာမို့... အကြွေးတွေရှင်းရင်း မရှောင်နိုင်တော့လို့ရေလိုက်တာ... ဘိုဘိုရေ.. ကျေနပ်တော့နော်....... နင်ရေးဆိုလို့ရေးလိုက်ပြီ...

Wednesday, October 08, 2008

မဗေဒါရဲ့ ဖြစ်သလိုစားသောက်စရာ...

အဟဲ... မယ်ဂုမိရဲ့ ပြောရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ။ ပိုစ့်လေးကိုသွားပြီး ကွန်မန့်ပေးမိတော့ အကြိုက်ချင်းတူနေလို့ဆိုပြီး TAG တာခံလိုက်ရပြီ.. အိန်း... ဒီတော့လဲရေးရတော့မပေါ့...

ဒီနေရာမှာတစ်ခုပြောချင်တာက.. မဗေဒါက ထမင်းပဲကြိုက်တယ်.. ၁နေ့မှာ ထမင်းမစားရရင် ရင်တွေပူပြီးစိတ်တွေတိုနေတတ်တယ်.. ခေါင်းကလဲမူးသလိုလိုနဲ့ပေါ့.. အိမ်မှာ မုန့်ဟင်းခါး.. အုန့်နို့ခေါက်ဆွဲပဲချက်တဲ့နေ့ဆိုသူများတွေက ထမင်းလွတ်နေနိုင်ပေမဲ့.. မဗေဒါအတွက်တော့ ထမင်းချက်ပေးရတာပဲ.. ထမင်းစားရင်လဲ များသောအားဖြင့် ပုံမှန် ၂ပန်းကန်စားတယ်.. (ဟီး..ရှက်).. စားမကောင်းတဲ့နေ့ဆို ၁ပန်းကန်.. ဘယ်လောက်စိတ်ညစ်ညစ်. ဘယ်လောက်ဟင်းမကောင်းကောင်း ထမင်းတော့ဝင်တယ်.. ငယ်ငယ်တုန်းကတော့ ငါးကို အနံ့တောင်မခံနိုင်ဘူး.. ငါးနဲ့လုပ်တဲ့ မုန့်တော်တော်များများမကြိုက်ဘူး.. ဥပမာ.. ငါးမုန့်ကြော်.. မုန့်ဟင်းခါး..ရခိုင်မုန့်တီ.. နဲနဲကြီးလာတော့ အဲဒါတွေတော့စားလို့ရလာတယ်.. ငါးဟင်းတော့မကြိုက်သေးဘူး..ငါးနံ့ပျောက်တဲ့အထိ ကြွတ်နေအောင်ကျော်ထားတဲ့ငါးကြော်တော့စားလာတယ်.. အဲ..စကာင်္ပူလဲရောက်ရော ဂျီးများလို့မရဘူး..ရှိတာအကုန် ဓာတ်လေးပါးပဲဆိုပြီးတွယ်တာပဲ.. ဒီမှာ ငါးဈေးကြီးတော့ ငါးစားစရာတော့သိပ်မလိုဘူးပေါ့...မစားမနေရစားရမယ်ဆိုလဲ ၁ပန်းကန်ဝင်အောင်တော့တီးမှာပဲ..
မြန်မာပြည်မှာမဗေဒါရဲ့ ဖြစ်သလိုဆိုရင်တော့.. လမ်းထိပ်က ကုလားပဲဟင်းရယ်(နာမည်ကြီးတယ် အဲဒိချစ်တီးပဲဟင်းဆိုင်က)တိုးတိုးအာလူကြော်ရယ်နဲ့ဆိုရပြီ.. ထမင်းမိန်ပါ့.. ဒါမျိုးကျတော့ ဖြစ်သလိုဆိုပေမဲ့ ၂ပန်းကန်ဝင်တာပဲ..
စကာင်္ပူလဲရောက်ရော.. ပဲဟင်းနဲ့လဲဝေး.. အိမ်ထမင်းဟင်းနဲ့ဝေး.. သူတို့က ခေါက်ဆွဲတွေကို lunch လိုလဲစားတာပဲ.. မဗေဒါက နေ့လည်စာတို့ ညစာတို့ကို ထမင်းစားရမှာတင်းတိမ်တယ်.. ခေါက်ဆွဲက သားရေစာလို့ပဲသတ်မှတ်တယ်.. ဒီတော့ မဗေဒါအတွက် ဒီတရုတ်ထမင်းဆိုင်နဲ့ပဲ ၂ပါးသွားနေရတာပေါ့.. တနေ့လာလဲ ဒီဟင်း.. ဒီဟင်း.. အရည်သောက်မပါ..ဘာမပါ.. ကြာတော့ဝမ်းပါချုပ်လာရော..(ဘွာတေး.. ပြောပြတာ..စားတာရေးတာ ၀မ်းချုပ်တာပါပါလာပြီ).. မဗေဒါမှာ အကျင့်တစ်မျိုးရှိတယ်.. ကြိုက်တဲ့ဟာကို ဘယ်လောက်စားရစားရ..စားနိုင်တယ်.. မကြိုက်တဲ့ဟာကို အကြောင်းကြောင်းကြောင့်စားရရင်တောင်များများမစားနိုင်ဘူး.. တခါတလေလုံးဝမစားပဲနေတယ်..
အဲဒီတရုတ်ထမင်းဆိုင်က ဟင်းတွေကို ကြာတော့ စားရင်းနဲ့အန်တောင်အန်ချင်လာတယ်.. ထမင်းဆိုင်သွားရမယ်ဆိုရင်တောင် ဘာစားရမှန်းမသိလို့စိတ်ဖိစီးရတယ်...

စကာင်္ပူရောက်စ အချိန်ပိုင်းအလုပ်လုပ်တဲ့အချိန်ကဆိုရင်တော့.. ပိုက်ဆံကလဲ အပိုမသုံးနိုင်ဆိုတော့.. ၃လုံး ၂ကျပ်ဆိုတဲ့ ပေါင်မုန့်နဲ့ပဲနေ့တိုင်း ၂ပါးသွားပြီး ညစာကို ဖြစ်သလိုစားတယ်.. ဗိုက်လဲပြည့်တယ်.. ဈေးလဲပေါတယ်.. တင်းတော့မတင်းတိမ်ဘူးပေါ့.. ထမင်းမှမဟုတ်တာ.. ကပ်စေးကနဲတာ ကိုယ့်ကိုကိုယ်တောင်မသဓာဘူး..
ခုတော့ ကျောင်းလဲပြီး အလုပ်လုပ်နေပြိဆိုတော့.. တစ်ခါတစ်လေတော့ အပြင်မှာပဲ ကောင်းကောင်းဝယ်စားတယ်.. အမြဲတော့ မပြင်မှာမစားနိုင်ဘူး.. ဖေဖေမေမေ ဒီရောက်နေတဲ့အချိန်ဆိုရင်တော့ နေ့တိုင်း အလုပ်ကိုထမင်းဘူးယူတယ်.. အိမ်ထမင်းအိမ်ဟင်းနေ့တိုင်းစားရတော့ ဗိုက်ခွေးနမ်းတာပဲ... သူတို့ပြန်သွားတဲ့အချိန်တွေဆိုရင်တော့ အပျင်းပိုးက၀င်.. ၃လုံး ၂ကျပ်တန်ပေါင်မုန့်လဲ မစားနိုင်တော့ဘူး..သွေးကြီးသွားပြီဆိုတော့ (ချမ်းသာတာလူတွေမခံနိုင်ဘူးဆိုတာ ဒါကိုပြောတာ)..
အိမ်မှာ သူတို့မပြန်ခင်ချက်ပေးသွားတဲ့ ချဉ်ပေါင်တွေ..ငါးပိဆီကြော်တွေ မကုန်သေးရင်... အဲဒါတွေပဲ နေ့တိုင်းနွေးစားတယ်..
ချဉ်ပေါင်ဟင်းက မဗေဒါအကြိုက်လေ.. ဘယ်တော့မှမရိုးဘူး..
အဲဒါတွေမရှိရင်.. ဈေးကနေ မုန့်ညှင်းရွက်ဖြစ်ဖြစ်.. ကန်စွန်းရွက်ဖြစ်ဖြစ်.. ကြော်ရလွယ်တဲ့အရွက်တစ်မျိုးမျိုးကိုစားခါနီးမှ ဖြစ်သလိုကြော်စားလိုက်တယ်.. ကုန်သွားလို့ဗိုက်မ၀သေးလဲ ရေနဲ့ပဲဖြည့်လိုက်တော့တယ်.. ဖြစ်သလို ထမင်းစားရင် ကွန်ပြူတာရှေ့ထိုင်.. ရုပ်ရှင်ကြည့်ရင်းစားတယ်.. ဘာအရသာမှန်းမသိလိုက်ဘူး.. ပါးစပ်ထဲရောက်တာ ၀ါးပြီးမျိုချလိုက်တာပဲ.. ရုပ်ရှင်ထဲစိတ်ရောက်နေတော့လဲ သိပ်တော့ အခက်ခဲမရှိဘူး.. ဖေဖေမေမေရှိရင်တော့.. စားပြီး အချိုတည်းဖို့ အသီးကအဆင်သင့်.. ၁ယောက်ထဲကျန်ခဲ့ရင်တော့.. စားပြီး ပါးစပ်ကဟိုယောင်ယောင် ဒီယောင်ယောင်.. ဈေးသွားလဲ ဘာသီးဝယ်ရမှန်းကိုမသိဘူး.. စဉ်းစားရတာခေါင်းရှုပ်လို့.. မစားဖြစ်တာများတယ်.. ထမင်းစားချိန်လဲမမှန်ဘူး..
အလုပ်မရှိတဲ့ရက်ဆို နေ့လည်လောက်မှနိုးတယ်.. ဗိုက်မဆာမချင်း ဈေးဆင်းရမှာပျင်းလို့ မသွားဘူး.. ဗိုက်ဆာမှဆင်းဝယ်ပြီး.. ချက်တယ်.. အရမ်း အရမ်း double ပျင်းတဲ့နေ့ဆိုရင်တော့ ကြက်ဥ၂လုံးလောက်ကြော်ပြီး ရှိတဲ့ ငါးပိဆီကြော်နဲ့လွေးတယ်..
အိမ်မှာက ချဉ်ပေါင်ကြော်.. ငါးပိဆီကြော်က အမြဲရှိတယ်... မေမေဖေဖေတို့က မပြန်ခင်အားလုံးစီစဉ်ပေးသွားတတ်တယ်လေ..
အဲဒါတွေကုန်ခါနီးပြီဆိုရင်တော့.. ဖုန်းဖိုးကုန်ပြီမှတ်.. နေ့တိုင်းရန်ကုန်ဖုန်းဆက်ပြီး ဘယ်တော့ ပြန်လာမှာလဲမေးတတ်တယ်..
အိမ်မှာ မဗေဒါပဲအဲလိုလုပ်တာ.. အပျင်းကျတော့ကြီးတယ်.. ဟင်းကျတော့ ဂျီးများတယ်လေ.. အစ်မ၂ယောက်လုံးကအဲလိုမရှိဘူး.. သူတို့ဘယ်မှာ ဘယ်လိုစားမှန်းတောင်မသိဘူး.. သူတို့ကအပြင်မှာနေ့တိုင်းစားလဲ ကိစ္စရှိပုံမရဘူး.. အစ်မအကြီးကဟင်းချက်ကောင်းတော့..တစ်ခါတစ်လေလေးများ သူစိတ်ကောင်းဝင်တဲ့နေ့ဆို ချက်နေရင်တော့ ပွတာပဲပေါ့.. ဒါမျိုးဆို အပြင်ကစားလာပြီးရင်တောင် ထပ်စားချင်စားအုံးမှာ.. ဟဲ..ဟဲ..

မဗေဒါက ခေါက်ဆွဲခြောက်ထုပ်လဲမကြိုက်တော့ အခက်တွေ့တာပေါ့.. အဲဒါတော့ လုံးဝမစားနိုင်ဘူး.. တစ်ခါတစ်လေသူများစားတာ စားချင်စရာကောင်းရင်တော့ ၁လုပ်၂လုပ်ဝင်ဝင်ရှုပ်တတ်တယ်.. ၁ယောက်ထဲစားဆိုရင် မကုန်ဘူး.. အဲ... မဗေဒါစိတ်ရှိလက်ရှိစိတ်ကောင်းဝင်တဲ့နေ့ဆိုရင်တော့.. လက်ဘက်သုတ်နဲ့စားတယ်.. လက်ဘက်သုတ်ကို အဆင်သင့်ရောပြီး ထောင်းပြီးသားဆိုလုံးဝမကြိုက်ဘူး.. လက်ဘက်အသားအခါးကို ကိုယ့်ဘာကိုယ်ထောင်းပြီး အကြော်သက်သက်နဲ့သုတ်တာပဲကြိုက်တယ်.. အကြော်မှာလဲ ပဲခြမ်းကြော်တွေဘာတွေအများကြီးနဲမကြိုက်ဘူး.. ကြက်သွန်ကြော်..နှမ်း..ပုဇွန်ခြောက်ပဲ.. အဲဒီ၃ခုထဲက တစ်ခုခုလိုနေရင် မစားတော့ဘူး.. အထူးသဖြင့် ပုဇွန်ခြောက်.. မဗေဒါသုတ်တာနဲ့ မေမေသုတ်တာဘာကွာလဲတော့မသိဘူး..ကိုယ်သုတ်ပြီးရင် ဟာတာတာနဲ့တစ်ခုလိုအပ်နေတတ်တယ်.. ဟဲ.. နောက်တော့လဲသုတ်ပါများရင်တိုးတက်လာမှာပါ.. စိုးရိမ်နဲ့..

ခုတော့ အသက်ကလေးကလဲ ရလာပြီဆိုတော့.. ငယ်ငယ်ကထက်စာရင်တော့ တော်တော်များများစားလာတယ်.. ငယ်ငယ်ကမစားတဲ့..ရှမ်းခေါက်ဆွဲ.. ကြာဇံဟင်းခါး.. ကပ်ကြေးကိုက်..အဲလိုမျိုးတွေပေါ့..ခုတော့ကြိုက်လာတယ်.. ထူးစမ်းတယ်နော်.. ရှမ်းခေါက်ဆွဲကတော့ စကာင်္ပူရောက်စက အစ်မချက်တာကိုပဲကပ်စားနေရတော့ သူကရှမ်းခေါက်ဆွဲချက်ရင် ထမင်းထပ်ချက်ခိုင်းလို့မရဘူးလေ.. သူကဖေဖေမေမေလိုမဟုတ်တော့ ပြောလို့မရဘူး..(အဲလိုအနိုင်ကျင့်တာ..အဟင့်)..ဒီတော့ မဗေဒါကလဲ စိတ်ဘယ်လောက်ညစ်ညစ် အစားမပျက်တတ်ဘူးဆိုတော့.. စမ်းစားကြည့်ရင်နဲ့ ကြိုက်သွားတာ..သူချက်တာကလဲ ရှယ်နော်.. my sis က အချက်ကောင်းဗျ... ကြက်သားက နမ်းချင်းပါတယ်.. အမိုက်စား..ပြောရင်းစားချင်လာပြီ.. အဲဒိအကျင့်က ခုဆို ဆိုင်မှာရှမ်းခေါက်ဆွဲစားလို့ ကြက်သားကုန်တာနဲ့ ကျန်တာဆက်မစားတော့ဘူး..ထားခဲ့တာပဲ.. ဟီး....

my sis ချက်တဲ့ ဖြစ်သလိုဟင်းတွေထဲမှာ.. recommend ပေးချင်တာကတော့ ကန်စွန်းရွက်သုတ်တော့.. မဗေဒါလဲ တစ်ခါမှမကြားဘူးဘူး.. အရင်က အတူနေတဲ့အစ်မကြီးတွေသင်ပေးတာပဲ.. မဗေဒါ အစ်မက ကိုယ့်အကြိုက်နဲ့လိုက်ပြီး စပ်စပ်လေးသုတ်လေ့ရှိတော့.. အာသွက်လျှာသွက်ပဲ.. ကောင်းပါ့.. ခုမဗေဒါအစ်မက အသက်ကြီးတဲ့သူတွေလို ပင်စင်ယူသွားပြီ.. ဟင်းမချက်တော့ဘူး.. ဘာလို့လဲသိလား.. ဖေဖေမေမေရောက်လာတော့ သူလဲချက်တော့ဘူး.. ညာခိုင်းချော့ခိုင်း..ချောက်ခိုင်း..ယောင်အောင် ကလိထိုးခိုင်းလဲချက်တော့ဘူး.. ဟီး..ဟီး... (ဘာမှမဟုတ်ဘူး..သူဒီပိုစ့်ကိုဖတ်မယ်မှန်းသိလို့ ပိုစ့်နဲ့လှမ်းပူဆာတာ.. ပိုင်တယ်ဟုတ်.. မချက်ကြွေးရင် ဘလော့မှာပြန်ပြောပြမယ်... ကွိကွိ).. မဗေဒါသူငယ်ချင်းတွေဆိုချစ်ဖို့အရမ်းကောင်းတာ.. မဗေဒါထက် မဗေဒါအစ်မကိုဖားနေကြတာလေ.. ပြောပြောချင်ဘူး.. ဟီး.. ဟီး.. (ပြီးရင် ကွန်မန့်မှာအဆော်ခံရတော့မယ်ထင်တယ်)..
(ဒါတွေသိလို့.. မဗေဒါရဲ့လျှို့ဝှက်ချက်ဆိုပြီး ဘယ်သူ့ကိုမှမပြောပဲ ဘလော့လုပ်ထားတာ.. ခုတော့ သူတို့အားလုံးသိကုန်ကြတော့ သူတို့အတင်း ဒီလောက်ပဲခုတ်တော့မယ်.. ဟဲ.ဟဲ.. peace !!)..

အော်.. အရည်ဆိုရင်တော့ မဗေဒါ မကြိုက်တာတော်တော်များတယ်. အထူးသဖြင့်မဗေဒါက gas ပါတဲ့ အအေးတွေမကြိုက်ဘူး.. coke, 7up, sprite စသည်ဖြင့်ပေါ့.. ပြီးတော့ Tea တွေလဲမကြိုက်ဘူး.. green tea, Jasmine Tea အဲလိုမျိုးတွေပေါ့.. ဒီတော့ များသောအားဖြင့် can drink တွေမသောက်ဘူး.. အသီးဖျော်ရည်တော့သောက်တယ်.. မဗေဒါ အသောက်များဆုံးကတော့ ကျွဲရိုင်း.. ဟဲ..ဟဲ (ရွှေမြန်မာပီသတာလေ)..
ကော်ဖီ လက်ဘက်ရည် mood ပေါ်မူတည်ပြီးသောက်တယ်.. အစာမစားပဲတော့မသောက်ဘူး.. ရင်တုန်လို့..
ခုပြောသွားတဲ့ သောက်တဲ့ အရည်တွေထဲမှာတောင်.. ကုန်အောင်မသောက်နိုင်တာကများတယ်.. ကျွဲရိုင်းဆိုလဲမကုန်ဘူး.. အရည်ကို ရေငတ်ပြေရုံ တစ်ငုံ၂ငုံလောက်သောက်ပြီးရင် ဆက်မသောက်ချင်တော့ဘူး.. ရေတောင် မလွှဲသာလို့သောက်နေရတာ.. ရေသောက်ပြီး ရှူးရှူးပေါက်ရတာ အလုပ်ရှုပ်လို့.. ခရီးသွားရင် ကားပေါ်မှာ ဘာမှမစား..ဘာမှမသောက်ဘူး.. emergency က ဖြစ်တတ်လွန်းလို့..
တစ်ခါတစ်လေ.. ရေကငတ်နေပေမဲ့ လူက ရေမသောက်ချင်တဲ့ အခါမျိုးတောင်ရှိသေးတယ်... ကျန်းမာရေးထိခိုက်မှာစိုးလို့.. ခုတော့ သတိထားပြီးသောက်ပေးနေရတယ်..

ကဲ.. ဖြစ်သလိုစားသောက်ခြင်းကို ပြောလိုက်တာ.. မဆိုင်တာတွေပါ.. အကုန်အစုံပါသွားပြီ... ဆော်ရီးနော်... ဘာရေးရမှန်းမသိလို့.. ရေးရင်း စိတ်ထဲအာရုံလာတာတွေ ရေးချလိုက်တာ...

အစ်မတွေ သူငယ်ချင်းတွေအဆူမခံရအောင် ဒီပိုစ့်ရေးပြီးရင် ဘုရားရှေ့သွားပြီး မေတ္တာပို့ထားမှ.... ဘိုင်ဘိုင်..

Wednesday, September 10, 2008

လတ်တလော ခံယူချက်တွေ

တစ်ခါမှနာမည်တပ်ပြီး Tag တာ မခံရဖူးဘူး.. ဒီတစ်ခါတော့ zeRoTraSh Tag တာ ရော.. ဟိုကောင် ဘိုဘို(Emotion of mind/Goat) နားပူနားဆာလာလာလုပ်နေတာရော ကြောင့် မြန်မြန်ရေးမှ နားအေးတော့မှာမို့.(၂ရက်လဲကျော်ပြီဆိုတော့) ရေးလိုက်ပါပြီ...

ကိုယ့်နာမည် --- မဗေဒါ
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် --- မဗေဒါ.. ဗေဒါမ... ဗေဒါ
ကိုယ်ဒီမှာနေတယ် --- အိမ်မှာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် --- အိပ်နေတဲ့အချိန်တော့မဆက်နဲ့.. အပေါက်ဆိုးတယ်နော်..
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် --- အစိမ်း... အနက်... အဖြူ
အ၀တ်အစားဆိုရင် --- လိုက်မယ်ထင်တာ အကုန်ဝတ်တယ်
အစားအစာဆိုရင် --- မြန်မာထမင်း ဟင်း (ငပိမပါ)
ပစ္စည်းဆိုရင် --- လက်ဆောင်ပေးမယ်ဆိုရင်တော့ အကုန်ယူတယ်
သီချင်းဆိုရင် --- အခြေအနေ အချိန်အခါနဲ့ မဗေဒါရဲ့ ခံစားချက်ပေါ်မူတည်ပြီးကြိုက်တယ်.. များသောအားဖြင့် ရော့ခ်...
စာရေးဆရာ --- စာဖတ်ပျင်းပါတယ်ဆို... အစအဆုံးဖတ်ဖူးတဲ့ စာရေးဆရာကတော့ ဖေမြင့်
စာအုပ် --- ကာတွန်း၊ စုံထောက်ဝတ္တု၊ နှလုံးသားအဟာရ...
Life style --- ပျော်စရာကောင်းပြီး ဂရုစိုက်တတ်တဲ့ မိသားစုရှိတယ်...
ကိုယ့်ရဲ့ဝါသနာ --- အရင်ကတော့ ရုပ်ရှင်ကြည့်တာပဲ.. ခုတော့ ရုပ်ရှင် ဖန်တီးတာပါ ဝါသနာပါလာပြီ...
အလိုချင်ဆုံးလက်ဆောင် --- အလကားရတဲ့လက်ဆောင်တောင် အလိုချင်ဆုံး မလိုချင်ဆုံးရှိသေးလား...
ကိုယ့်ရဲ့ အချစ်ဆုံးသူက --- အဖေ၊ အမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက --- ဗုဒ္ဓ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက --- ဝေးနေနေ နီးနေနေ သူတို့အကြောင်းစဉ်းစားမိရင် အထီးကျန်မဆန်အောင် ဖန်တီးပေးတဲ့သူ.. လိုအပ်ချိန်တိုင်းမှာ ကိုယ့်ဘက်ကရပ်တည်ပေးသူ...
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - - - အမ (အကြီးဆုံး ထင်တာပဲ)
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- သစ္စာမရှိတဲ့သူ... တာဝန်မယူတတ်တဲ့သူ.. ကတိဖြတ်တဲ့သူ.. ချိန်းပြီးနောက်ကျတတ်တဲ့သူ... နောက်ကျောဓားနဲ့ထိုးတဲ့သူ...
ရင်အခုန်ဆုံးအချိန် --- ပေါင်ချိန်စက်ပေါ်တက်တဲ့အချိန်
အကြောက်ဆုံးအချိန် --- ဖေဖေ နဲ့ မေမေ မရှိတော့မဲ့ အချိန်
အပျော်ဆုံးအချိန် --- UFL တက်တုန်းက အချိန်...
အမှတ်တရနေ့ --- ပျော်ခဲ့ရတဲ့နေ့တွေတိုင်းကို အမှတ်ရချင်တယ်.. တချို့နေ့တွေကျတော့လဲ မှတ်မထားချင်ပေမဲ့ နေ့စွဲကအစမှတ်မိနေသေးတယ်...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု --- ဆုတောင်းလိုက်တိုင်း ပြည့်ရပါလို၏
အချစ်ဆိုတာ --- နီးစပ်မှု၊ ပူလောင်မှု၊
အမုန်းဆိုတာ --- တစ်ခါမှတော့ လူတစ်ယောက်ကိုစွဲစွဲလမ်းလမ်းမမုန်းဖူးဘူး.. မဗေဒါအတွက်တော့ အမုန်းဆိုတာ ဥပက္ခာပဲ...
အလွမ်းဆိုတာ --- ကိုယ့်ကိုကိုယ်သနားတဲ့အခါ တစ်စုံတစ်ရာကို မှန်းပြီးစိတ်ဓာတ်ကျခြင်း
သံယောဇဉ်ဆိုတာ --- အေးချမ်းတယ်.. အချစ်ထက်ပို ခိုင်မြဲတယ်
ဘ၀ဆိုတာ --- ဆိုးဆိုးကောင်းကောင်း ဆက်လျှောက်နေရအုံးမဲ့ လမ်း...
သူငယ်ချင်းဆိုတာ --- ရန်ဖြစ်ပြီးလဲ ကြာကြာစိတ်ဆိုးလို့မရဘူး.. သူတို့နဲ့နေရင် ဟန်ဆောင်မှုကင်းပြီး.. အရှိအရှိတိုင်းဆက်ဆံလို့ရနေတာ... ပါးစပ်နဲ့မပြောပေမဲ့ ကိုယ့်အပေါ်အမြဲနားလည်မှုရှိနေတာ... စိတ်ဓာတ်ကျနေချိန်ကိုယ့်အနားမှာ သူတို့မရှိပေမဲ့ သူတို့အကြောင်း စဉ်းစားမိလိုက်တာနဲ့ အားရှိစေတဲ့သူ... ချစ်သူဆိုတာ --- ဘဝမှာ အမြဲဟန်ဆောင်လိမ်ညာပြီး ဆက်ဆံနေရမဲ့လူ... (အရှိအရှိအတိုင်းဆက်ဆံခဲ့လို့.. အားလုံးထက်သာအောင် ဦးစားပေးခဲ့လို့.. အလိမ်ခံခဲ့ရတယ်)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် --- စကားပြောရင့်တယ်လို့.. (တမင်လုပ်ခြင်းမဟုတ်.. အကျင့်ဖြစ်နေခြင်းသား)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --- လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးနေတာ... မိမိကိုယ်သာကိုးကွယ်ရာ...
အပြောချင်ဆုံးစကားတစ်ခွန်း --- မဗေဒါဘလော့ကို နေ့တိုင်းလာလည်နော်... နောက်တစ်ခုရှိသေးတယ်.. ရုပ်ရှင်ကြည့်ရင် လေးလေးစားစားကြည့်ကြပါ.. စိတ်မပါရင် မကြည့်နဲ့...

ကဲ မဗေဒါလဲ ထပ် tag လိုက်မယ်နော်.... တော်တော်များများက ရေးပြီးနေကြပြီဆိုတော့ tag ရမဲ့လူတောင်သိပ်မကျန်တော့ဘူး.. အင်္ဂလိပ်လိုရေးတဲ့ ဘော်ဘော်ဘလော့ဂါလေးတွေကိုပါ tag လိုက်မယ်.. စိတ်ရှိရင်လဲ ရေးပေးကြ.......... စိတ်မရှိရင်လဲ နွားမွေးပြီးရေးပေးကြကုန်လော့....
၁) မ(စ်)သွန်းသွန်း
၂) ကိုကျော်ဇေယျ
၃) အိပ်မက်ဒိုင်ယာရီက ပိုင်
၎) FFOX
5) ကိုဟန်လင်းကျော်
၆) ပုလုကွေး
၇) TommyGirl