Showing posts with label Drama. Show all posts
Showing posts with label Drama. Show all posts

Friday, October 24, 2025

You and Everything Else - Kdrama review

Name: You and Everything Else 

Language: Korean 

 Episode: 15 

Casting: Kim Go-eun, Park Ji-hyun 

Genre: Romance, Friendship, coming-of-age 

 Airing: Sep 2025 

 Date I watched: 20 Oct-23 Oct 2025 

 My rating: 4.5/5

 ဇာတ်လမ်းအကျဉ်း
 မတူညီတဲ့ မိသားစုနောက်ခံတွေနဲ့ ကြီးပြင်းလားတဲ့ မိန်းကလေး ၂ ယောက် ရန်သူကနေ သူငယ်ချင်းတွေဖြစ်သွားကြပြီး မထင်မှတ်တဲ့ ဘဝအပြောင်းအလဲတွေကြောင့် မခေါ်မပြောတော့တဲ့ သူတွေဖြစ်သွားခဲ့ပေမဲ့ တစ်နေ့မှာတော့ သူ့ဘဝရဲ့နောက်ဆုံးခရီးစဉ်ကို အဖော်ပြုပေးဖို့ တောင်းဆိုချက်နဲ့ ပြန်လည်တွေ့ဆုံကြပြန်တယ်။ 

 ဝေဖန်ရေး

 ကိုရီးယားကားတွေ ကိုယ့်ကို မစွဲဆောင်နိုင်တာ အတော်ကြာပြီ။ ဒီကားလေးတော့ ကိုယ့်ကို တွေးစရာတွေရော၊ ဇာတ်ကောင်တစ်ယောက်ချင်းစီကို ဘာကြောင့်သူတို့ ဒီလိုဖြစ်သလဲ၊ Eun Jung (မင်းသမီးဇာတ်ကောင်) ကရော ဘာလို့ အဲ့လိုဆုံးဖြတ်သလဲ၊ ပြီးတော့ လူတိုင်းမှာ မကောင်းတဲ့ စိတ်ခံစားချက်လေးတွေ၊ သူတပါးကို အားကျအထင်ကြီးတာ၊ မနာလိုတာ၊ ကိုယ့်ကိုကိုယ်အားမရတာ စတဲ့ စိတ်ထားလေးတွေရှိကြပေမဲ့ စိတ်ကောင်းရှိတဲ့သူက အဲ့ စိတ်တွေကို သတိမူမိပြီး ခဏလေးနဲ့ပျောက်သွားတယ်။ သူ့ဟာသူ Move on တယ်။ တကယ့်အတွင်းထဲက အငုံစိတ်ရှိနေသူကျတော့ ကိုယ်တိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတောင် သတိမမူမိတော့ပဲ ကိုယ့်ကိုကိုယ်ပဲ ပိုပြီး ပျက်စီးအောင်လုပ်တယ်။ အငုံစိတ်က ဘယ်လောက်ဆိုးလဲဆိုရင် ထုတ်တောင်မပြောပြနိုင်လောက်အောင်ဆိုးတယ်ဆိုတာ သူတို့ကိုယ်တိုင်လဲသိတော့ အဲ့လိုလူတွေက မြုံစေ့စေ့တွေဖြစ်လာတယ်။ တစ်ဦတည်းသော သူငယ်ချင်းဘဝကို အားကျရာက မနာလိုဖြစ်ပြီး သူ့ကိုကျ ဘယ်သူမှမချစ်ကြဘူးထင်ပြီး သူ့ကိုချစ်တဲ့ သူငယ်ချင်းရဲ့ဘဝကိုဖျက်စီးတာ ကိုယ်တိုင်ကတကယ်တော့ မသိစိတ်က သူ့ကိုယ်သူအပစ်ပေးနေတာလို့ ထင်တယ်။ ကိုယ်ကတော့ နောက်ဆုံးပိုင်း တရွှဲရွှဲငိုလိုက်ရတယ်။ ဇာတ်ကောင်တစ်ဦးတစ်ယောက်ကို သနားလို့ငိုတာမျိုးမဟုတ်ပဲ၊ ဖြစ်နေတဲ့ အခြေအနေကြီးအတွက် ဇာတ်ကောင်တွေအားလုံးကို သူတို့ဘာလို့ဒီလို ပြုမူဆုံးဖြတ်လဲဆိုတာကို နားလည်ပြီး ကိုယ်ချင်းစာလို့ ငိုမိတာ။ 

 Cinematography တွေ၊ ဇာတ်ဝင်တေးတွေရယ်၊ ဇာတ်လမ်း Pace သွားပုံကလဲ draggy သိပ်မဖြစ်ဘူး၊ မင်းသားတော့ သိပ်မကြိုက်ဘူး၊ ဒါပေမဲ့ သူကလဲ အဓိကမဟုတ်တော့ ထားလိုက်ပါတော့။ ကလေးသရုပ်ဆောင်တွေအားလုံးကောင်းကြတယ်။ အသေးစိတ်မျက်နှာအမူအရာလေးတွေရော၊ ထည့်ထားတဲ့ ဇာတ်ကောင်နေရာက ကလေးတွေနဲ့ လိုက်ဖက်နေတာရော။ ခေါင်းဆောင် မင်းသမီး ၂ ယောက်လုံးလဲတော်ကြတယ်။ Kim Go-eun သရုပ်ဆောင်ကောင်းတာက သိပြီးသားဆိုတော့ စိတ်ထဲမှာ Park Ji Hyun သရုပ်ဆောင်ကောင်းတာကို ချီးကျူးမိတယ်။ ခပ်ပါးပါးလေး၊ ပျော့ပျော့လေး နူးနူးညံ့ညံ့လေး အပြင်မှာတွေ့ဖူးနေကျ အတွင်းပုတ် အမြုံသူငယ်ချင်းပုံစံမျိုး။ 

 လုပ်ငန်းခွင်ဝင်တဲ့အရွယ်မှာ သူ့ဇာတ်ကောင်ကို မဟုတ်တာလုပ်တယ်ဆိုပြီး ကိုယ့်အနေနဲ့ စပြီး ယူဆဖြစ်တယ်။ တက္ကသိုလ်တက်တုန်းက သူများရည်းစားကြားဝင်တာ မင်းသမီးဘဲနဲ့ ပြတ်တာတွေကိုတောင် သူ့ကို သိပ်အပစ်မမြင်သေးဘူး။ 

မင်းသမီးပြောသလိုပဲ အပြင်လူကြောင့်ပြတ်တာမဟုတ်ဘူး။ သူ့ဘဲကြောင့်ပြတ်တာ၊ သူ့ဘဲကို ဆက်တွဲနေရင် ဖြစ်လာမဲ့ Insecure အမျိုးသမီး၊ သံသယတွေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု လေးစားမှု မရှိတော့မဲ့ အမျိုးသမီးဖြစ်လာအောင် ခံစာချက်ပေးလို့ ပြတ်တာ။ ဟုတ်တယ်လေ... ကိုယ့်အပေါ် သစ္စာမရှိတဲ့လူကို ဖက်တွယ်ထားဖို့အတွက် ကိုယ့် Self-esteen ကို ပစ်ပယ်သင့်လား? အဲ့လောက်အထိ Eun Jung ဇာတ်ကောင်ရဲ့ စိတ်ထားက ခိုင်မာတယ်၊ Sang Yeon က အဲ့ဘဲကို ရသွားရင်တောင် Eun Jung က move on နိုင်တယ်ဆိုတဲ့ စိတ်ဓါတ်ကွာဟမှုကြီးကို ပြထားတာ Sang Yeon ဇာတ်ကောင်က တကယ်တော့ ပွဲတိုင်းရှုံးပဲ။ 

 ☠️Spoiler Alert☠️

 မင်းသမီး (Eun Jung) ဇာတ်ကောင်က နောက်ဆုံးမှာ Sang Yeon ဇာတ်ကောင်ကို ဘာလို့ ခွင့်လွှတ်တာလဲဆိုတာကို တချို့က ဘဝင်မကျပေမဲ့ ကိုယ်ကတော့ နားလည်ပေးလို့ရတယ်။ ဒါဟာ Sang Yeon အားကျ မနာလိုရဖြစ်ရတဲ့အထိကောင်းတဲ့ Eun Jung ရဲ့ ကိုယ်ရည်ကိုယ်သွေးလို့ယူဆတယ်။ Eun Jung ဆီက Project ကို ခိုးခံလိုက်ရလို့ သူနာမည်ကြီးမဖြစ်သွားလဲ သူ့ကိုယ်သူ ဘယ်လောက် Secure ဖြစ်ပြီး ဘဝမှာ စိတ်သန့်သန့်နဲ့ နေနိုင်လဲ။ Project ကို မနာလိုစိတ်နဲ့ ခိုးယူသွားပြီး အများအမြင်မှာ အောင်မြင်ပြီး အားလုံးပြည့်စုံနေတယ်လို့ ထင်ခံရတဲ့ Sang Yeon ကတော့ Eun Jung ရဲ့ 'နင့်အတွက် ဘဝမှာ ဘယ်သူမှရှိမှာ မဟုတ်ဘူး၊ နင်အမြဲ အထီးကျန်နေမှာ' လို့ ပြောသွားတဲ့ စကားထဲမှာပဲ နစ်ပြီး မဟုတ်ကြောင်းသက်သေပြချင်တာနဲ့ ပြည့်စုံတဲ့ဘဝကြီးမှာ အပေါ်ယံဘယ်လောက်နေပြပြ တစ်ဘဝလုံး သူစိတ်သန့်သန့်နဲ့ မရှင်သန်ခဲ့ရဘူး။ 

 'I don't hate her. I just dislike her' ဆိုတာကို Eun Jung က သူ့အမေကိုရှင်းပြတာလေး ကိုယ်နဲ့ အယူအဆချင်းတူလို့ တော်တော်လေး သဘောကျမိတယ်။ ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်မှုဆိုတာ ကိုယ့်အတွင်းထဲကလာတာ၊ ကိုယ့်ရွေးချယ်မှုတိုင်းအတွက် ကိုယ့်အပေါ် အကျိုးသက်ရောက်မှုရှိလို့ မျက်ကွယ်ရာမှာပင် မကောင်းမှု မပြုခြင်းဆိုတဲ့ အရည်အသွေးက တန်ဖိုးကြီးတာ။

 Eun Jung က နောက်ဆုံးမှာ ခွင့်လွှတ်ပေးတာ ဇွတ်ကြီး ရုပ်ရှင်ဆန်တယ်လို့ Reddit မှာ တစ်ယောက်ရေးထားတာတွေ့တယ်။ ကိုယ်ကတော့ Eun Jung ဘာကြောင့်ခွင့်လွှတ်နိုင်လဲဆိုတာကို နောက်ဆုံး ၂ ပိုင်းမှာ သေသေချာချာလေး တင်ဆက်ထားတယ်လို့ထင်တယ်။ သတိမူရမှာက ကိုယ်တွေကသာ ၁ရက် ၂ ရက်နဲ့ တစ်ကားလုံးကြည့်လို့ Sang Yeon လုပ်ထားတာကို ပူပူနွေးနွေး စိတ်ဆိုးမပြေသေးတာ။ ရုပ်ရှင်ထဲမှာလို ဆယ်စုနှစ်တစ်ခုခြားသွားပြီး၊ Eun Jung ဘဝကလဲ ဟန်ဟန်ပန်ပန်ဖြစ်နေသေးတယ်ဆိုတာကို ထည့်စဉ်းစားပေးရမယ်။ 

 ကိုယ်တွေဘဝမှာလဲ အခုလို နောက်ကျော Dah နဲ့ထိုးတဲ့ သူငယ်ချင်းမျိုး၊ ကိုယ်က တကယ်ခင်ပေမဲ့ ကိုယ့်ကို အပေါ်ယံ လိုသုံးခင်တာကို နောက်မှ သိလိုက်ရတဲ့ သူငယ်ချင်းမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ တစ်ယောက်စီတိုင်းသာ လိုက်မုန်းနေရရင် ကိုယ့်ဘဝကြီးတော်တော်ဆိုးနေမှာ။

 သူသာ terminal illness မရှိရင် တောင်းပန်မှာ မဟုတ်ဘူးဆိုတဲ့ ဆွေးနွေးမှုမျိုးလဲ reddit မှာတွေ့တယ်။ အဲ့စကားအတိုင်း Eun Jung လဲ Sang Yeon ကို ဒဲ့ရှင်းပြီးမေးခဲ့တယ်လေ။ Sang Yeon လောက် Eun Jung ကို ဘဝမှာ အနိုင်ယူချင်ခဲ့ပေမဲ့ သူဘာလို့မနိုင်ခဲ့လဲ၊ သေခါနီးမှ နောင်တရပြီး တောင်းပန်ရတာလဲဆိုတာ ၂ ယောက်ရဲ့ ဘဝခံယူချက် အတွင်းစိတ်တွေနဲ့ဆိုင်တယ်။ ကိုယ့်အနေနဲ့ကတော့ မျိုးရိုးလိုက်တာရော သူ့ရဲ့အတွင်းစိတ်တွေကြောင့်ရော ဒီလိုမျိုး Terminal illness ဖြစ်ပြီး စောစောထ့က်ခွာရတာ၊ နေခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး အငုံစိတ်နဲ့ သူများစကားကို မဟုတ်ကြောင်းပြချင်တာနဲ့ မချစ်တဲ့သူနဲ့ လက်ထပ်၊ တဖက်က သူ့ကိုချစ်တာတောင် သူကအိမ်ထောင်သက်တန်းတစ်လျှောက် perfect wife၊ ချစ်ဟန်ဆောင်ပြရတာ ဘယ်လောက် စိတ်ပင်ပန်းလိုက်တဲ့ ဘဝလဲ? အလုပ်ထဲတင် Stress များမှာ မဟုတ်ဘူး၊ သူ့ဘဝက အိမ်ပြန်ရောက်လဲ အလုပ်ထဲကလို စိတ်ပဲ ဖြစ်နေမှာ၊ အပြင်လူကတော့ မသိနိုင်ဘူးပေါ့၊ ဒါပေမဲ့ ထဲထဲဝင်ဝင်စဉ်းစားကြည့်ရင် သူရသင့်တဲ့ အပစ်ဒဏ် တသက်လုံး သူခံနေရပြီးသား။

 တကယ်တော့ လောကကြီးမှာ အဖိုးတန်ဆုံးလက်ဆောင်ဟာ ကြင်နာမှုပါပဲ။ ဒါပေမယ့် ဒီကြင်နာမှုကို အပြည့်အဝပေးနိုင်ဖို့ဆိုတာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ပျော်ရွှင်နေမှ၊ စိတ်ထဲမှာ လုံခြုံငြိမ်းချမ်းနေမှသာ ဖြစ်နိုင်တယ်။ 

 လူတစ်ယောက် စိတ်နှလုံးပြည့်ဝနေမှသာ... တစ်ပါးသူကိုစာနာထောက်ထားနိုင်မယ်။ ကြင်နာစွာလက်လှမ်းပေးနိုင်မယ်။ သူ့အပေါ်မကောင်းကြံခဲ့သူကိုတောင် ခွင့်လွှတ်နိုင်မယ်။ 

 ဒီလို ခွင့်လွှတ်နိုင်တာဟာ... တစ်ဖက်လူရဲ့လုပ်ရပ်တွေကြောင့် ကိုယ့်စိတ်နှလုံးပျက်စီးမသွားတော့ဘူးဆိုတဲ့ စိတ်ဓာတ်ရဲ့ကြံ့ခိုင်မှုကြောင့်ပါပဲ။ ဒီတော့ ကြင်နာမှုဆိုတာ စိတ်ချမ်းသာမှုကနေပေါက်ဖွားလာတဲ့ စိတ်ဓာတ်ကြီးမျိုး။ ပစ္စည်းဥစ္စာနဲ့ ဝယ်ယူလို့မရဘဲ၊ ကိုယ့်အတွင်းစိတ်ရဲ့ ပြည့်ဝမှုကနေသာ ရရှိနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Eun Jung ရဲ့ ခွင့်လွှတ်နိုင်မှုက Sang Yeon အပေါ် အကြီးမားဆုံး အနိုင်ရမှုလို့ ကိုယ်က ယူဆတယ်။ 

 တော်သေးပြီ... သဘောထားကွဲလွဲမှုတွေကို Personal attack မပါပဲ ရေးသားနိုင်မဲ့သူမျိုးတွေသာ အဖတ်လုပ်ပါမယ်။ အပြင်ဘဝတွေဆိုးတိုင်း အင်တာနက်ပေါ်လိုက်အပစ်ရှာနေသူများအတွက်လဲ ဘဝအမောတွေပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ #2025KoreanDrama #KdramaReview #YouandEverythingElse

Wednesday, February 12, 2025

၂၀၂၄ My Recommended K-dramas list

2024 မှာ ကိုယ့်စာရင်းရှိ ကြည့်ဖြစ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲ စုစုပေါင်း ၃၂ ကားရှိတယ်။ အရင်တစ်ခေါက်က ကိုယ်သိပ်မကြိုက်လို့ မပြီးတဲ့ကားတွေအကြောင်း​ရေးပြီးပြီဆိုတော့ ဒီတစ်ခေါက် ကိုယ်ကြည့်ဖြစ်တဲ့ကား ၃၂ ကားထဲက ကိုယ် recommend ပေးချင်တဲ့ ကား ၁၂ ကားကို ကိုယ်အကြိုက်ဆုံးကနေ စပြီး ranking လုပ်ထားတယ်။ ဒီ list ထဲမှာ မပါတဲ့ ကားကောင်းတွေရှိကောင်းရှိမယ်။ ဒါက ကိုယ်ကြည့်ခဲ့တဲ့ ကားတွေထဲကပဲ personal list မို့လို့။



1. A shop for Killers 

ဦးလေး Lee Dong Wook က အရမ်း cool. ဇာတ်လမ်းက ဟုတ်သော်ရှိ မဟုတ်သော်ရှိ Action full pack. ကောင်မလေးကလဲ သရုပ်ဆောင်ကောင်းချစ်ဖို့ကောင်း။ ၁၉၉၀ ခုနှစ်တွေက အက်ရှင်ကားတွေ ကြည့်ရသလိုခံစားချက်မျိုးရတယ်။ အပိုင်းအကုန် တထိုင်တည်းကြည့်ခဲ့တယ်။ Season 2 လာမဲ့ပုံရှိလို့ မျှော်နေပြီ။

2.  Blackout

တစ်ရွာလုံးနဲ့တစ်ယောက် ကိုယ်မှန်နေရင် ဆက်သာလျှောက်ပဲ။ အနာဂတ်အတွက် အညွန့်တလူလူတက်နေတဲ့ အထက်တန်းကျောင်းသားအရွယ်မှာတင် လူ Tတ်မှုနဲ့ မတရားစွပ်စွဲခံပြီး မိသားစုပျက် ထောင်ကျခဲ့တဲ့ Jung Woo တစ်ယောက် ထောင်ကလွတ်လာတဲ့အခါ အမှန်တရားကို ပြန်လည်ဖော်ထုတ်စဉ် ဝမ်းနည်းရင်နင့်ဖွယ် သစ္စာဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ။ Byun Yo Han ရဲ့ မပ်ုမလို သဘာဝကျကျသရုပ်ဆောင်ချက်တွေ၊ စုံထောက်လုပ်တဲ့မင်းသားနဲ့ Bromance တွေက ပရိတ်သတ်ကြား BL fantasy တွေ ဖြစ်စေခဲ့သေးတယ်။ စလယ်ဆုံး ကောင်းတဲ့ကားလေး။

3. Highschool return of Gangster

ဒီကားကို ဘာလို့ လူပြောသိပ်မများလဲ မသိဘူး။ သူက ၂၀၂၄ ဖေဖော်ဝါရီလကထွက်တာ။ 47 နှစ်အရွယ် Gangster က သူ့ဘဝရဲ့ဆန္ဒဖြစ်တဲ့ တက္ကသိုလ်ကို ပြန်တက်ဖို့လုပ်နေချိန်မှာ မထင်မှတ်ပဲ အနိုင်ကျင့်ခံရတဲ့ အထက်တန်းကျောင်းသားလေး တံတားပေါ်က ခုန်ချ တာကို ကယ်တင်ရင်း သူ့ဝိဉာဏ်က အဲ့ကလေးကိုယ်ထဲဝင်သွားရော။ သူက BL ဝတ္ထုကို ပြန်ရိုက်တာလို့ကြားတယ်။ ဒီကားမှာတော့ friendship and bromance ပြောင်းလိုက်တာပေါ့နော်။ All of us are dead ကားထဲကမင်းသား Yoon Chan Yong နဲ့ နောက်မင်းသားငယ်ချောလေး Bong Jae Hyun တို့ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားတယ်။ ဇာတ်လမ်း flow က ဘယ်လိုသွားမယ်မှန်းလို့ရပေမဲ့ Yoon Chan Yong သရုပ်ဆောင်ကောင်းတာကို ဒီကားမှာ တော်တော်သိသိသာသာ မြင်ရတယ်။ 

4. My Dearest 2

ဒီကားကို ၂၀၂၃ နိုဝင်ဘာမှ လွှင့်ခဲ့ပေမဲ့ ကိုယ်ကြည့်ဖြစ်တာ ၂၀၂၄ နှစ်စပိုင်းထဲမှာမို့ ၂၀၂၄ ထဲ ထည့်လိုက်တာ။ ငယ်ငယ်က အဆွေးကားတွေ စိတ်ညစ်လို့ မကြိုက်သလောက် အခုနောက်ပိုင်းဆို စို့စို့နစ်နစ် တမ်းတမက်မော ခက်ခက်ခဲခဲ ခံစားရတဲ့ကားတွေက ရင်ထဲမှာကြည့်ပြီး ၂ ရက် ၃ ရက် တစ်ချို့ဆို ၁ ပတ်လောက် စွဲကျန်နေလို့ ကြည့်ရတာတန်တယ်ကွာ။ ဒီကားက part 1 ရော part 2 ရော အဲ့လိုခံစားချက်ကိုပေးတယ်။ 2024 Beaksang award မှာ Best drama ဆုရခဲ့တဲ့ကားလေးပါ။

5. No Gain No love

ကိုယ်ဒီကားကို စကြည့်တုန်းက ဘာမျှော်လင့်ချက်မှ မရှိပဲ ဒီတိုင်းဖွင့်ကြည့်လိုက်တာ။ အဲ့အချိန် ကိုယ်မျှော်လင့်ထားတဲ့ Love next door က disappointed ဖြစ်သွားတော့ ဘာမှတောင် ကြည့်ချင်စိတ်မရှိဖြစ်နေတာ ဒီကားကြည့်ပြီး မု ပြန်ဝင်လာတာ။ ဒီကားမှာ ကိုယ့်ကို မျက်ရည်ကျစေတဲ့ connection dynamic လေးက မင်းသား၊မင်းသမီးဇာတ်လမ်း မဟုတ်ဘူး၊ ဒုတိယအတွဲဇာတ်လမ်းလဲ မဟုတ်ဘူး။ မင်းသမီးနဲ့ ဒုတိယမင်းသမီးကြားက connection လေး... မိဘမဲ့ကလေးတွေရဲ့ ခံစားချက်နဲ့ မိဘမဲ့ကလေးတွေကို စောင့်လျှောက်နေတဲ့ မိခင်အရင်းရဲ့မေတ္တာငတ်ခဲ့ရတဲ့ မင်းသမီးရဲ့ ခံစားချက်လေးကို ပြတာ မျက်နှာရိပ်မျက်နှာကဲ၊ သိမ်ငယ်မှု၊ စသဖြင့် သူတို့အခန်းဆို ကိုယ်က ၂ ယောက်လုံးအတွက် Empathy ဖြစ်မိပြီး ငိုမိတယ်။ မင်းသားနဲ့ မင်းသမီးမှာလဲ အဲ့လို connection မျိုးရှိပေမဲ့ အနည်းဆုံး မင်းသားရဲ့ Guilt က ဟိုကောင်မလေးလောက် မကြီးဘူးလေ။ It's a beautiful connection. That's why I like it.

6. The Trunk

ဒီကားက ကြိုက်တဲ့သူနဲ့ ဘာကြီးမှန်းမသိဘူးဆိုပြီးလုံးဝ မကြိုက်တဲ့ သူ ၂မျိုးပဲရှိတယ်။ ကြားနေသိပ်မရှိဘူး။ ကိုယ်က ကြိုက်တဲ့အထဲပါတယ်။ အသေးစိတ်မရေးတော့ဘူး ကြည့်ကြည့်လိုက်ပြီး အမြင်လေးလာပြော။

7. What comes after Love

ဂျပန်ကြီးရဲ့ အပြုံးတွေမှာ ရှုမော၊ ပါးချိုင့်ကြီးထဲ လက်ပစ်ကူးပြီး ပထမ ၂ ပိုင်းမှာ အပျိုဘော်ဝင်စ မိန်ူကလေးလို့ သွားကြီးဖြဲပြီး ကြည်နူးမှုတွေပေးပြီး နောက်ပိုင်းတွေကျ ဆွေးကွာဆိုပြီး မျက်လုံးရွဲကြီးတွေနဲ့ မခို့မရို့ကြည့်တတ်သူကြီး။ အဲ့ကားပြီးတော့ ကိုယ်တွေတော်တော်များများ နီဟွန်းပြည်ကြီးဘက် ခဏလောက် ဟန်းနီးမွန်းတွေထွက်ဖြစ်ကြသေးတာ။ အချစ်ကားကွာ။ ဆက်မပြောတော့ဘူး။ မင်းသားနဲ့တင် တန်ပါတယ်။

8. Squid Game 2

ဒါကတော့ ထွေထူးပြောမနေတော့ဘူး တစ်ကမ္ဘာလုံးပြောနေကြတာဆိုတော့... ကောင်းတယ်ကွာ။ ထုံးစံအတိုင်း Brutal တော့ဖြစ်တာပေါ့။ Season 3 က ချန်သေးတာ။ တန်းလန်းကြီးနော်...

9. Good Partner

ကိုယ်က အဆုံးထိ မကြည့်ရသေးပေမဲ့ ကောင်းမှန်ူသိတယ်ကွာ။ အချိန်မရတာနဲ့ ကြည့်လက်စကားတွေ ဖြတ်ပြီးမှ ဆက်ကြည့်မယ်နဲ့ မကြည့်ဖြစ်လို့။

10. When the phone Ring

သူက အဆုံးပိုင်း ၂ပိုင်းလောက်မှာ နည်းနည်း ပျင်းလာသလိုခံစားရပေမဲ့ Overall တော့ မဆိုးပါဘူး။ အစ၊ အလယ်၊ အဆုံး စောင့်ကြည့်တာတောင် အပြီးထိကြည့်ဖြစ်ခဲ့တယ်ဆိုတော့။

11. Marry My Husband

သူက ၂၀၂၄ ဖေဖော်ဝါရီကထွက်တာ။ သူ့ဟာနဲ့သူကြည့်လို့ကောင်းတယ်။ အဆုံးမှာ စိတ်ပုတ်မဇာတ်ကောင်က ထောင်ထဲရောက်တဲ့အထိတောင် ပန်းနုသွေးပြီးမပြောင်းမလဲ သူ့ဇာတ်ကောင်အတိုင်း Delulu ဖြစ်နေသေးတာကိုပြသွားတာကို သဘောကျမိလို့ အခုလို top 11 ထဲ ထည့်လိုက်တာ။

12. My Happy Ending

တစ်ကားလုံး Jang Na Ra လို အသက်ရှုတွေကျပ် ဟိုလူ့လိုက် သံသယဖြစ် ဒီလူ့လိုက်သံသယဖြစ်၊ ရင်တွေကွဲ၊ မျက်ရည်တွေပေါက်ပေါက်ကျ ဒါပေမဲ့ Happy Ending လေးကြည့်ချင်ရင် ဒီကားကြည့်နော်။ ကိုယ်ဆို ဒီလိုကားမျိုး PMS ဖြစ်နေတဲ့အချိန်ကြည့်ပြီး သူနဲ့အတူ လိုက်ငိုပြီး stress ပြေသွားလို့ အိမ်ကလူတွေလိုက် ပြဿနာမရှာဖြစ်တော့ဘူး။ 🤣... ဒီကားကိုတော့ တခြားလူတွေ မကြိုက်ရင်လဲ မကြိုက်ကြလောက်ဘူး။ မဗေဒါရဲ့ recommended list ထဲပါလို့ agree မလုပ်တဲ့သူတွေလဲ ရှိမယ်။ ဒါပေမဲ့ ကိုယ့်အတွက်ကျတော့ ဇာတ်ကောင်တစ်ယောက်ချင်းစီကို ပရိသတ်တွေက အပစ်ရှိမရှိ Judge ကြတာ မတူကြဘူး။ ကွန်မန့်တွေမှာ ဆွေးနွေးကြတာတွေ ဖတ်ရတာ အရမ်းပျော်ဖို့ကောင်း။ ကိုယ်သဘောတူတာရှိသလို သဘောမတူတာလဲရှိ။ ကိုယ်လဲ ကိုယ့်အမြင်ရေးချင်အောင် လှုံ့ဆော်နိုင်တယ်။ ဘာလို့မရေးလဲဆိုတော့ ပွဲမဖြစ်ချင်လို့။ ပြီးတော့ တချို့ တောသူမ/သား တွေကို ကိုယ့်အမြင်ကို သဘောမတူရင်တောင် နားလည်အောင် ထောင့်စုံအောင်ရေးရရင် ၁၀၀၁ညပုံပြင်လိုရေးနေရမှာစိုးလို့ မရေးတော့တာ။ အခုတော့ မေ့သွားပြီ။ ပြောရရင်တော့ ဒီကားကို ဘာလို့ကြိုက်လဲဆိုရင် သူ့ယောကျ်ားလုပ်ရက်က မှန်၏ မမှန်၏ သနား၏ မသနား၏ ဆိုတာကို မတူတဲ့ ဆွေးနွေးမှုတွေပေးလို့ ကြိုက်တယ်။

2024 မှာ တခြား ကားကောင်းတွေလဲ ထွက်ပါတယ်။ ကိုယ်လွတ်သွားတာတွေလဲ ရှိတဲ့အထဲက ကြည့်ဖို့မှတ်ထားသေးတဲ့ ကားတွေလဲ ရှိတယ်။ Born to be star တို့၊ lightshop၊ Brewing Love တို့ဆို ကြည့်ဖို့ အိမ်စာတွေမှတ်ထားတယ်။ Judge from Hell လဲ ကြည့်ပျော်ပါတယ်။ ကြည့်နေတာ တန်းလန်းဖြစ်နေလို့။ 

ဤတွင် ၂၀၂၄ k dramas recommendation list ပြီးပါပြီ။

#ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်
#2024RecommendedKdramas

Friday, September 27, 2024

Nagatan To Aoto:Ichika no Ryourijou (Aka) Kitchen Knife and Green Chilli Pepper (Review)

ဟိုတစ်လောက ကိုရီးယားကားရော၊ တရုတ်ကားရော ကိုယ်သိပ်စိတ်ဝင်စားတာမတွေ့လို့ ဂျပန်ကားနဲ့ တမျိုးလေးအရသာ အာရုံပြောင်းကြည့်ဖြစ်ခဲ့တယ်။
တစ်နိုင်ငံနဲ့တစ်နိုင်ငံက တင်ဆက်ပုံ၊ ရိုက်ချက်၊ စာတန်းထိုးတဲ့စတိုင်နဲ့ cultural တွေပါမတူတော့ အဲ့လို အပြောင်းအလဲလုပ်ကြည့်ရင် refreshing ပြန်ဖြစ်တယ်။
ဒီကာလေးကို ကြည့်ပြီးပြီးချင်းရေးမလို့ပဲ၊ ရေးနေရင်း ပိုစ့်က ​ပျက်သွားလို့ မရေးဖြစ်တော့တာ။

Name: Nagatan To Aoto:Ichika no Ryourijou
Name in English: Kitchen Knife and Green Chilli Pepper
Airing year: 2023
Number of episode: 10

ဇာတ်လမ်းအကျဉ်း

ဒီဇာတ်လေးက ဂျပန်စစ်ပြီးခေတ် ၁၉၅၁ ခုနှစ်ကို အခြေခံထားတဲ့ ကားလေးတစ်ကားပေါ့။ စစ်ပြီးကာလ ကျိုတိုက စီးပွားပျက်လုနီးပါးဖြစ်နေတဲ့ မိသားစုပိုင် ဂျပန်ရိုးရာစားသောက်ဆိုင်လေး ဆက်လက်တည်တံ့ဖို့အတွက် Ichika ဟာ Amane ဆိုတဲ့ သူ့ထက် ၁၆နှစ်ငယ်တဲ့ Osaka က ကျောင်းသားလေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် လူကြီးချင်းပေးစားလို့ လက်ထပ်လိုက်ရတယ်။

စာရေးသူအမြင်

Age gap ကြီးက တော်တော်ကွာလို့ အစကဟုတ်ပါ့မလားဆိုတဲ့ စိတ်နဲ့ ကြည့်ဖြစ်ပေမဲ့ ဒီကားတင်ဆက်ပုံလေးက အေးအေးချမ်းချမ်းလေးနဲ့ ကိုယ်ပါ Amane ကို အားကိုးချင်သွားတယ်။ သူက စစ်ပြီးခေတ်အခြေအနေမှာ အမျိုးသမီးတွေကို နှိမ်ချဆက်ဆံတာမျိုးတွေကိုလဲ ဖော်ပြထားတယ်။ အဲ့လို နှိမ်ချခံရတဲ့ကြားက အမြင်ကျယ်တဲ့ အိုဆာကာသား လူငယ် (next generation) ယောကျ်ားရထားတော့ မိန်းမကို သူက လုံးဝ support ပေးတာလေးက ရင်ထဲနွေးထွေးစေတယ်။

အဲ့ကားကြည့်တုန်းက comment တွေလဲ ဖတ်မိတော့ အခုချိန်ထိ ကျိုတိုက conservative နည်းနည်းဖြစ်ပြီး ယဉ်ကျေးမှုကို တအားထိန်းသိမ်းထားတဲ့မြို့ဖြစ်ပြီး Osaka ကလူတွေက ပိုပြီး mordern အတွေးအခေါ်မျိုးရှိကြတယ်လို့ တွေ့ရတယ်။ (ဟုတ်မဟုတ်တော့ မသိဘူးနော်။ သူများရေးထားတာတွေ့လို့။ ဗဟုသုတပေါ့။ ဟုတ်မဟုတ် တနေ့တော့ ဂျပန်သွားလည်ပြီး ခံစားကြည့်ချင်သေးတယ်။)

မင်းသား မင်းသမီးရဲ့ Chemistry က ဇာတ်ကားတစ်ကားမှာ အရမ်းအရေးကြီးတယ်။ ဒီကားမှာဆို Skinship ဆိုတာ မပါသလောက်ရှားတယ်။ မင်းသမီးက တစိချိန်လုံး ဟင်းချက်၊ မင်းသားက သူချက်သမျှ ထိုင်စားနေတာ။ 🤣 စစချင်း လက်ထပ်ကာစမှာ မင်းသမီးက မင်းသားကို ကလေးလိုပဲ ဆက်ဆံတာ၊ သူ့မောင်လေးလိုပေါ့။ လက်မထပ်ခင် ၂ ယောက်သား စကားပြောကြကတည်းက တစ်ယောက်နဲ့တစ်ယောက် မချစ်ဘူးလို့ ပြောခဲ့ကြလို့ လက်ထပ်ခဲ့ပေမဲ့ ဟန်ဆောင်လက်ထပ်ကြတာတော့မဟုတ်ဘူး။ မင်္ဂလာဦးညမှာ သတို့သားက သူ့တာဝန်သူလုပ်ဖို့ offer ရှာပါတယ်။ မင်းသမီးက ကလေးနဲ့ ဘယ်လိုမှ feel မလာလို့ လက်မခံပဲ အခန်းခွဲအိပ်ကြတာ။

ဇာတ်လမ်းအရ မင်းသားက အသက်ငယ်ပေမဲ့ စီးပွားရေးအမြင်ကျယ်တယ်၊ အစားအသောက် မြည်းစမ်းတာမှာတော်တယ်။ လူမှုဆက်ဆံရေးလဲ ရင့်ရင့်ကျက်ကျက်ရှိတယ်။ (သူ့သူငယ်ချင်းရွယ်တူတွေနဲ့ တွေ့တဲ့အချိန်ဆိုလဲ လူငယ် vibe လေးပဲ။) ပြီးတော့ အဲ့ခေတ်က အဲ့လိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးချင်း ပေးစားလို့အိမ်ထောင်ကျတာမျိုးက မဆန်းသလိုတော့ ပြတယ်။

အပိတ်စာတန်းထိုးလေးတွေဆိုလဲ သူတို့ဟင်းချက်နေတာလေးကို ပြပေမဲ့ တစ်ပိုင်းနဲ့တစ်ပိုင်း သူတို့ relationship လေး တိုးတက်လာတာကို အစမှာ မင်းသမီးတစ်ယောက်ပဲ ချက်တယ်။ နောက်ပိုင်းကျ မင်းသားစားဖို့ချက်နေတာလေး။ နောက်အပိုင်းတွေကျ မင်းသားကပါ မင်းသမီးကို ကူလုပ်ပေးတာမျိုး။ နောက်အပိုင်းတွေမှာ မင်းသားတစ်ယောက်ပဲ မင်းသမီးဖျားတုန်း နောက်ဖေးဝင်ပြီး ချက်နေတာမျိုးလေးကို တီးလုံးအေးအေးလေးနဲ့ပြတော့ ဇာတ်လမ်းက ဘာ skinship မှ သိပ်မရှိတာတောင် ကြည့်တဲ့သူရင်ထဲ သူတို့ ၂ ယောက်ရဲ့ relationship တိုးတက်လာတယ်ဆိုတဲ့ အတွေးက နှောင်တွယ်လာတယ်။

တစ်ချိန်လုံး ဘယ်တော့ နမ်းကြမလဲ စောင့်နေမိတဲ့အထိပဲ။ ၁၀ ပိုင်းမှာ နမ်းတာ ၁ ခန်းလားပဲပါတယ်။ အဆုံးခန်းမှာ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် ပြေးဖက်စေချင်တာ။ လုံးဝပဲတော့... တကယ့် ရှေးရိုးဂျပန်တွေလိုပဲ ယောကျ်ားက ရှေ့ကလျှောက် မိန်းမက ဘေးနောက်လေးက တူတူလျှောက်ပြီးပြီးသွားတယ်။ လက်တောင်မကိုင်ဘူး။ ဂျပန်ကားတွေက skinship ပါတဲ့ကားမျိုးတွေဆို စလာကတည်းက မင်းသား or မင်းသမီးက လူတကာနဲ့ လိုက်အိပ်နေတာမျိုးနဲ့ စရင်စ။ အခုလို လုံးဝ ရိုတာမျိုးဆိုလဲ skinship သိပ်မပါလို့ ပရိတ်သတ်က မထိတထိဖြစ်ရတယ်။

ပြီးတော့ ဒီကားလေးကို သဘောကျတဲ့အချက်က ဒီထဲက ဟင်းချက်နည်းတွေက အတိအကျ မပြောပေမဲ့ ဟင်းချက်နေကျလူဆိုရင်တော့ တကယ်လိုက်ချက်လို့ရတဲ့ recipe လေးတွေလိုပဲ။ ကိုယ်ဆို မင်းသမီးချက်ပြီဆိုရင် အဲ့ဒါကြည့်ရတာပါ စိတ်ဝင်စားဖို့ကောင်းတာ။

၂၀၂၄ ထဲက ကိုယ့်အချိန်ပေးလိုက်ရတဲ့ ကားလေးတစ်ကား မှတ်တမ်းလာတင်တာ။

Tuesday, March 15, 2022

Our Beloved Summer - Kdrama Review


ဇာတ်ကားအမည် -  Our Beloved Summer

Genre - Romantic Comedy, Drama

Written by - Lee Na-eun

Directed by - Kim Yoon-jin     

Starring 

#ChoiWooShik

#KimDaMi

Kim Sung- cheol

Roh Jeong-eui

Country of origin -  South Korea

Original language -  Korean

No. of episodes -  16

Distributor -  SBS, Netflix

Original release - 6 Dec 21 to 25 Jan 2022

The time I finished this drama: Jan 2022

My Rating: 4/5


ဇာတ်လမ်းအကျဉ်း

Choi Ung ဆိုတဲ့ အတန်းထဲမှာ စာအညံ့ဆုံး ခပ်အေးအေး ခပ်ပေါ့ပေါ့နေတတ်တဲ့ကောင်လေးနဲ့ Kook Yeon-soo ဆိုတဲ့ အတန်းထဲမှာ စာအတော်ဆုံး ထူးချွန်ထက်မြတ်တဲ့ ကောင်မလေး တို့ ၂ယောက်ကို ထိပ်နဲ့ဘိတ်ကို အတူတူထားပြီး လေ့လာပြသတဲ့ Reality TV show တစ်ခုမှာ ပါဝင်ခဲ့ရာကစတယ်။ အဲ့ဒိ show အပြီး ငယ်ချစ်တွေဖြစ်ခဲ့ကြတဲ့ သူတို့ ၂ယောက်ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ လမ်းခွဲခဲ့ကြတယ်။

 Yeon Soo အတွက် သူ့အကြောင်းနဲ့သူရှိပေမဲ့ ဘာလို့လမ်းခွဲမှန်းတောင် မသိလိုက်ရတဲ့ Choi Ung အတွက်ကတော့ အတော်လေးပိုခံစားခဲ့ရတယ်။ ၁၀နှစ်ကြာပြီးမှ သူတို့ရဲ့ Documentary အဟောင်းထဲက video clip လေးတွေက အင်တာနက်မှာ ပြန်ခေတ်စားလာသလို သူတို့ ၂ယောက်ဘယ်လိုပြောင်းလဲသွားပြီလဲဆိုတာကို လူထုက စိတ်ဝင်စားမှုရှိလာတဲ့အတွက် နောက်ထပ် Documentary လေးတစ်ခု တူတူထပ်ရိုက်ဖို့အကြောင်းဖန်လာတယ်။ လူငယ်ဘဝကနေ working adult တွေအနေနဲ့ ဖြစ်ပျက်ပြောင်းလဲလာတဲ့ ဘဝ အဆစ်ချိုးတွေမှာ စိတ်ဒဏ်ရာတွေ၊ ဘဝအခြေအနေတွေ၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ခံယူချက်နဲ့ နားလည်မှု၊ အသက်အပိုင်းအခြားအလိုက် ပြောင်းလဲလာတဲ့ ခံယူချက်အတွေးအခေါ်နဲ့ တုံ့ပြန်မှုတွေ စတာတွေကို ကျော်ဖြတ်ရင်း ချစ်တာက ချစ်လို့ရတယ်၊ အတူတူဘဝလက်တွဲဖို့ဆိုတာက ချစ်တာထက်ကို ပိုနားလည်ရတယ်ဆိုတဲ့ အတွေးလေးဝင်စေတဲ့ကားလေးပါ။

ဝေဖန်ရေး

ဒီကားလေးက အေးအေးညိမ့်ညိမ့် vibe လေးနဲ့သွားတယ်။ ပြောရရင် ဇာတ်ကား vibe လေးက Choi Ung ရဲ့ personality လေးနဲ့ ဖြည်းဖြည်းလေးညှိပြီးသွားနေသလိုခံစားရတယ်။ များသောအားဖြင့် Choi Ung ရဲ့ POV ကို ပရိတ်သတ်က မြင်တာများတယ်။ တဆက်တည်းမှာပဲ ပရိတ်သတ်မသိတဲ့ အကြောင်းလေးတွေကို ကြက်သွန်ဥလို တလွှာချင်း ဖြည်းဖြည်းချင်းဖြည် ပြတာ။ နောက်ခံ ost လေးတွေကအစ အေးအေးညိမ့်ညိမ့်လေးပေါ့။ 

တချို့ကတော့ အဲ့ကားကို ပျင်းဖို့ကောင်းတယ်ပြောတာလဲတွေ့တယ်။ mood မပါတဲ့အချိန်ကြည့်လို့ဖြစ်မယ်ထင်တယ်။ Feel ချင်နေတဲ့အချိန် Sad ending လဲ မဟုတ်တဲ့ ကားမျိုးကြည့်ချင်နေတယ်ဆိုရင် ဒီကားလေးက နင့် နေအောင် ဖီလ်းလို့ကောင်းမဲ့ ကားလေးလို့ မြင်တယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ် ဘာမှ သိပ်မဖီလ်းချင်လို့ ပေါ့ပေါ့ပါးပါးကားလေးဖြစ်မယ်ထင်လို့ ဖွင့်ကြည့်ဖြစ်ပေမဲ့ သူက ပေါ့ပေါ့ပါးပါးလေးလို စခဲ့ပေမဲ့ ရင်ထဲမှာ ရစ်ပတ်ပြီး ဇာတ်ကောင်ဖွံဖြိုးမှုမှာ ကိုယ်ပါ လိုက်ခံစားမိတာမျိုး။ ရေစီးနေတဲ့ ရေကူးကန်လိုမျိုးက ဘောကွင်းပေါ် ညိမ့်ညိမ့်လေးလိုက်စီးနေသလိုပေါ့။ ဇာတ်လမ်း overall လေးအရ ဇာတ်သိမ်းကို မှန်းထားခဲ့ရင်တောင် ဇာတ်သိမ်းလေးက မှန်းထားတာထက် ပိုပြီး ကျေနပ်စရာကောင်းအောင် သိမ်းသွားပေးတယ်လို့မြင်တယ်။ အောက်မှာ ဇာတ်ကားအဆုံး ဇာတ်ကောင်တွေရဲ့ character development တွေ​ကျရင် အကျယ်ရေးပေးမယ်။ အခုက မကြည့်ရသေးသူတွေ spoiler မမိအောင်လို့။

Choi Ung ပန်းချီထိုင်ဆွဲနေတာကြည့်ပြီး ကိုယ်ပါ စိတ်ညိမ်လာသလိုလိုခံစားရတယ်။ ကိုရီးယားနဲ့ ဂျပန်ကားတွေမှာ ခေါင်းဆောင်ဇာတ်ကောင်တွေရဲ့ အလုပ်အကိုင်ကို cool ဖြစ်အောင် ရိုက်ပြတတ်တာလဲ ပညာပဲနော်။ 

အမှန်ပြောရရင်စိတ်ထဲမှာ Choi Woo Shik မျက်နှာကို ပထမ မင်းသားဖြစ်လာနိုင်တယ်လို့ မထင်ခဲ့ဘူး။ ကလေးရုပ်လေးနဲ့လေ။ သူကံကောင်းလို့ အကပ်ကောင်းလို့ နည်းနည်းလဲ သရုပ်ဆောင်တတ်လို့ ကမ္ဘာ့ နာမည်ကြီးရုပ်ရှင် Train to busan တို့၊ Parasite တို့မှာ ပါတယ်ထင်တာ။ ကိုယ့်မှန်းချက်က သူနဲ့ကျမှ မှားသွားပြီ။ သူသရုပ်ဆောင်လို့ ရိုက်ရတာ။ ကံချည်းကောင်းရုံနဲ့တော့ အဲ့လောက်ရမှာ မဟုတ်ဘူး။ သူ့ကို ကျောင်းသားကားလောက်ရိုက်လို့ရမှာ working adult ဇာတ်ကောင်ဆို ကလေးရုပ်နဲ့ မဖြစ်လောက်ဘူးပေါ့။ မ cool လောက်ဖူးထင်တာ။ ဒီကားမှာ သူ့ဇာတ်ကောင်ကို သူသရုပ်ဖော်တာက သူနဲ့ ဇာတ်ကောင်ကို တထပ်တည်းကျတယ်။ သူ့ရဲ့ ငယ်ငယ်က သိမ်ငယ်စိတ်၊ အငုံစိတ်၊ ဘာကိုမှ သိသိသာသာ react မလုပ်သူက သူ့ပြိုင်ဘက်ကို ဖွင့်ပွဲနေ့ဖိတ်တာဟာ သူ့ချစ်သူဟောင်းလားဆိုတာ သိတော့ ပြဿနာလုပ်ထွက်သွားတဲ့အချိန်မှာ ပြိုင်ဘက်ကို စိတ်ဆိုးတာထက် ချစ်သူဟောင်းကို သူချစ်နေသေးလို့ အခုလို တုန့်ပြန်တာ၊ အပြင်ပန်းက ဘယ်လောက် ညင်းညင်း သူ ချစ်နေသေးတယ်ဆိုတာကို ပရိတ်သတ်ကတောင် သူ့မျက်လုံးတွေကနေ တဆင့် ခံစားလို့ရအောင် သရုပ်ဆောင်နိုင်တာ ရင်ထဲကို ထိနေတာပဲ။

မင်းသမီး Kim Da mi ကိုလဲ Itaewon class မှာ ပထမဆုံး စကြည့်ဖူးကတည်းက သရုပ်ဆောင်ကောင်းတာသတိထားမိပေမဲ့ သူ့မျက်နှာမျိုးက ဇာတ်လမ်းရွေးမယ်ထင်ခဲ့တာ။ အရမ်းချောတဲ့အထဲ မပါဘူးလေ။ ဒါပေမဲ့ ရုပ်ရှင် မင်းသား မင်းသမီးဆိုတာ တကယ်သရုပ်ဆောင်ကောင်းရင် အရမ်းချောနေစရာမလိုဘူးဆိုတာ ဥပမာပြဆို ကိုယ့်ကသူ့ကိုပြမိမလားပဲ။ အမှန်တော့ မှုန်နေအောင်မချောတာ ပိုပြီးတောင် ဇာတ်ကောင်တွေ versatile ဖြစ်သေးတယ်။ တကယ် သရုပ်ဆောင်ထူးချွန်ဖို့တော့လိုတာပေါ့နော်။ ဒီခေတ်မှာ တကယ်တော့ မိတ်ကပ်အပြင်အဆင်တတ်ရင် မချောတဲ့သူဆိုတာ မရှိသလောက်ပဲ။ (netflix က english ကားတွေမှာ ခေါင်းဆောင်မင်းသမီးတင်တဲ့ အာရှ မင်းသမီးတွေဆို  အာရှ standard နဲ့ သိပ်မချောတာတွေ တမင်ရွေးထားသလားထင်ရတယ်။)

Spoiler alert from now on...

.

.

.

ဇာတ်ကားထဲက ဇာတ်ရုပ်တွေမှာ အငုံစိတ်ကိုယ်စီရှိကြတယ်။ မင်းသမီးက သူ့ရဲ့ ဘဝကို မပြည့်စုံဘူး၊ ကြမ်းတမ်းတယ်၊ တစ်ယောက်တည်းရုန်းကန်နေ ရတယ်လို့ထင်တဲ့ အငုံစိတ်ကို သူ့ရဲ့ မာန နဲ့ ဘယ်သူ့အကူညီမှ မလိုဘူးဆိုတဲ့ပုံစံဖမ်း ထက်မြတ်ကြိုးစားတဲ့ သူအနေနဲ့ ဖုံးထားတယ်။ မင်းသားက သူ့မှာရှိနေတဲ့ စွန့်ပစ်ခံရဖူးတဲ့ ကလေးတစ်ယောက်ရဲ့ အငုံစိတ်ကို ဘာမှ မလိုချင် မဖြစ်ချင် easy going ပုံစံနဲ့ ဖုံးထားတယ်။ မင်းသား သူငယ်ချင်း ဒုမင်းသားဆိုလဲ သူအမေက ဂရုမစိုက်ပဲ တစ်ယောက်တည်းကြီးပြင်းလာရတဲ့အငုံစိတ် Choi Ung ကို အားကျတဲ့စိတ်နဲ့ သိမ်ငယ်တဲစိတ်ကို သူ့ကိုယ်သူဘေးကနေ လေ့လာသူလိုလိုနဲ့ သူ့ပြဿနာတွေကျ မရင်ဆိုင်ပဲ ရှောင်ရင်း ဖုံးတယ်၊ ဒုမင်းသမီး ဆယ်လီဆိုရင်လဲ နာမည်ကြီးမို့ fan service မကောင်းမှာကြောက်ရ၊ image ထိခိုက်မှာစိုးရနဲ့ သူအစစ်အမှန်ကိုပြဖို့ ချုပ်တီးထားရတဲ့ဘဝ စသဖြင့်ပေါ့နော်။

အဲ့ဒါတွေအားလုံးကို ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်းမှာ တစ်ယောက်ချင်းစီအတွက် သေချာလေး closure လေးပေးသွားသလို ဇာတ်ကောင်ဖွံ့ဖြိုးမှု၊ သူတို့ရဲ့ ဘဝအပေါ် အတွေးအမြင်ပြောင်းလဲမှု၊ သူတို့စိတ်ထဲက မကျေနိုင်တဲ့ အစိုင်အခဲတွေကို လက်ခံရင်ဆိုင်တာတွေကို ခပ်အေးအေးလေးပဲပြသွားတယ်။ ဒီတိုင်းကြည့်မယ်ဆိုရင်တော့ သာမန်စကားပြောခန်းလေးတွေလို့ ထင်ရပြီး ဇာတ်ကို wrap up လုပ်နေတာပဲဆိုပြီး ပေါ့ပေါ့ကြည့်လို့ရပေမဲ့။ တကယ် တစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်နဲ့ သူတို့ဘဝကို သူတို့ကိုယ်တိုင် သေချာနားလည်သွားတာမျိုးကို ကိုယ်က သူတို့နေရာဝင် ကိုယ်ချင်းစာကြည့်ပြီး ခံစားရင် အရမ်း deep တာပေါ့နော်။ 

Choi Ung ဆိုရင် သူ့အဖေပစ်ခံသွားရလို့ စွန့်ပစ်ခံရတာကို trauma ရှိတယ်။ Yeon Soo က အဲ့ဒါတွေကိုမသိခဲ့ပဲ သူ့ မာနနဲ့သူ့ဘက်က အမြင်နဲ့ပဲ ဖြတ်ခဲ့တုန်းက အိပ်မပျော်တဲ့ ရောဂါဖြစ်တဲ့အထိခံစားရတယ်။ ရည်းစားဖြတ်သွားလို့ အသည်းကွဲ အိပ်မပျော်တာက ထားပါတော့ အလွန်ဆုံး ၁နှစ်လောက်ဆိုရင်တောင် ခုလိုရောဂါကြီးတစ်ခုလိုဖြစ်ရတာက သူငယ်ငယ်က စွန့်ပစ်ခံရတဲ့ အခံကြီးကြောင့်ဖြစ်ရတာ။ မွေးစားမိဘတွေက သူ့ကိုမွေးစားပြီး ချစ်ပေမဲ့ သူ့စိတ်ထဲမှာက သူတို့ရဲ့ ဆုံးသွားတဲ့သားအရင်းကို အစားထိုးခံထားရတာဆိုတဲ့ အငုံစိတ်ကို တသက်လုံးသိမ်းထားပြီး ငါဟာ လောဘမကြီးသင့်ဘူး။ ငါဟာ သူတို့သားအစားထိုးဆိုပြီး သူ့ကိုယ်သူ မလုံခြုံတဲ့ စိတ်ကို မြိုသိပ်ထားရင်းနဲ့ ဘာကိုမှ စိတ်ထဲမှာ မလိုချင်ဘူးလို့ သူ့ကိုသူဖိအားပေးရင်းနဲ့ ဘာမှကို မဖြစ်ချင်တော့တာ။ 

တကယ်တော့ သူလိုအပ်ခဲ့တာ နောက်ဆုံးအပိုင်းမှာ ပြသွားသလို သူ့အမေနဲ့ သာမန်ထမင်းစားရင်း ပြောတဲ့ ရိုးသားပြီး ပွင့်လင်းတဲ့ စကားဝိုင်းလေးပဲ။ သူပွင့်ပွင့်လင်းလင်း မေးခဲ့ရင် ရနိုင်ခဲ့မဲ့ အဖြေလေးတစ်ခုအတွက် တစ်ဘဝလုံး ခံစားခဲ့ရတာ။ ဟုတ်တယ် အဲ့လိုမေးဖို့မလွယ်ကူဘူးဆိုတာ နားလည်တယ်။ ဒါပေမဲ့ ကိုယ်က အပြင်လူ viewer တစ်ယောက်အနေနဲ့ သံဝေဂ ရတာက ကိုယ့်ဘဝမှာရော အဲ့လို ခြေတုံချတုံ စိတ်ထဲက အစိုင်အခဲတွေရှိခဲ့ရင် တစ်ခါတစ်လေ သက်ဆိုင်သူတွေနဲ့ သေချာလေး ပြောထုတ်လိုက်တာ ထင်သလောက်မဆိုးဘူးလို့ တွေးမိတာ။ 

အဆုံးခန်းသူ ပြင်သစ်ကိုမထွက်ခင် သူ့အဖေအရင်းအလုပ်ကိုသွားကြည့်ပြီး ဘာမှ မပြောပဲ သူလာကြည့်သွားကြောင်း ပြသွားယုံလုပ်သွားခဲ့ပေမဲ့ ပရိတ်သတ်နားလည်အောင်တော့ voice over နဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီး အသေးစိတ် closure လုပ်ပေးခဲ့တဲ့အတွက် စာရေးဆရာရော director ရောကိုလဲ ကျေးဇူးတင်မိတယ်။ တစ်ခုပဲ သိပ်မကျေနပ်တာက (အဲ့ဒါကြောင့် ကိုယ့် rating က 4 ဖြစ်သွားတာ) မင်းသမီးက သူ့ကို ဖြတ်သွားတာ သူ့ဟာသူ သူ့ pride ကြောင့် သူ့အငုံစိတ်ကြောင့် ဖြတ်သွားပြီး မင်းသားကို အဲ့ဒိကိစ္စကြောင့်ပါဆိုတာကို မျက်နှာချင်းဆိုင် စကားနဲ့ မတောင်းပန်တာကို viewer တစ်ယောက်အနေနဲ့ သိပ်မကျေနပ်ဘူး။ သူ့ဘဝအဆင်မပြေဘူးလို့ ပြတ်တုန်းက ဖုန်းပေါ်က မင်းသားကိုပြောခဲ့ပေမဲ့ ဟိုက မကြားလိုက်လို့ အထင်လွဲစရာဖြစ်သွားရင်း တကယ်ပြတ်သွားကြတယ်လို့ ဇာတ်လမ်းအရပြထားပြီး သူတို့ ကာယကံရှင် ၂ယောက်လဲ ကျေနပ်နားလည်လို့ ပြန်ပေါင်းထုတ်ကြတယ်ဆိုပေမဲ့ (အပြင်စုံတွဲဆို ကိုယ်ဘာမှ မပြောလိုပေမဲ့) ရုပ်ရှင်ဖြစ်တဲ့အတွက် အဲ့နေရာမှာ ကိုယ်က Choi Ung ဘက်က နာတယ်။ တောင်းပန်စေချင်တယ်။ ဘာလို့လဲ ဆိုတော့ အဆုံးထိတောင် Choi Ung က သူ့ကိုယ်သူ Yeon Soo နဲ့တန်အောင် better person ဖြစ်အောင် (သာမန် လူ့ဘောင်ပေတံနဲ့တိုင်းရင် သူက ဝင်ငွေနဲ့ ​ကျော်ကြားမှုမှာသာနေတာတောင် စိတ်ဓာတ်အရသူ့ကိုယ်သူ Yeon Soo လောက်မတော်ဘူးထင်နေသေးတာက Yeon Soo သူ့ကို ဘာကြောင့်ဖြတ်လဲဆိုတာကို သူမသိသေးလို့လို့ ထင်လို့ သိပ်မကျေနပ်တာ) လုပ်မယ်လို့ပြောသွားတယ်။




Yeon Soo ဇာတ်ကောင်အနေနဲ့ကျတော့ လောကမှာ လူတော်တော်များများ ဖြစ်တတ်တဲ့ relate လုပ်လို့ရမယ်လို့ ထင်တယ်။ တစ်ခါတစ်လေ ဘဝမှာ ငွေရေးကြေးရေး အဆင်မပြေမှုတွေရှိလာရင်၊ နေ့စဉ် အခြေခံလိုအပ်ချက်တွေအတွက် ရုန်းကန်နေရတဲ့အခါ လူတွေမှာ အငုံစိတ်ဝင်တတ်တယ်။ ဘာပဲပြောပြော လောကကြီးမှာ လူတော်တော်များများနဲ့ နေရာတော်တော်များများမှာက materialistic ဖြစ်တယ်ဆိုတာက ညင်းလို့တော့မရဘူးလေ။ စာဖတ်သူတွေတော့မသိဘူး ကျွန်မဆိုလဲ အဆင်မပြေတဲ့အချိန် အဲ့လို ခံစားရတာပဲ။ သူကျတော့ ငယ်ငယ် ကျောင်းနေအရွယ်ထဲက အဲ့ပြဿနာတွေကို ရင်ဆိုင်ဖို့ အားတင်းရင်း အားတင်းရင်းနဲ့ သူ့ဘဝရဲ့ ပျော်စရာအဖော်မွန်တွေကို အားကိုးဖို့တောင် မေ့သွားတာ။ အထီးကျန်တယ်ဆိုတာ တကယ်တော့ အတွင်းထဲက လာတာ။ အပြင်မှာကိုယ့်ဘေးမှာရှိတဲ့လူတွေကို ကိုယ်တိုင်က မမြင်ရတဲ့ တံတိုင်းနဲ့ ကာထားလိုက်ပြီး ကိုယ့်ဟာကိုယ် တစ်ယောက်တည်းလို့ ခံစားရတာ။ သူ့ဘဝမှာ Choi Ung နဲ့ချစ်သူဖြစ်ရတာကံအကောင်းဆုံးလို့ သူ့စိတ်ထဲ ခံစားနေရပြီး ကံကောင်းတာတွေက ဘယ်တော့ပျောက်သွားမှာလဲဆိုပြီး constantly တွေးပူနေတာ။ အဲ့ဒါကြောင့် What if မေးခွန်းတွေမေးတာ။ (ကိုယ်လဲ အဲ့လိုလုပ်တယ်။ What if scenerio တွေ မေးတာ တခါတလေ အပျော်ဆိုပေမဲ့ တချို့ဟာတွေကျ ကိုယ့်စိတ်မလုံမှုကို ဖုံးပြီး ညှပ်မေးတာမျိုး လုပ်လေ့ရှိတယ်😜) အဆိုးဆုံးက သူ့ဘဝကို လူအများစုရဲ့ ပေတံတွေနဲ့ လိုက်တိုင်းပြီး သူ့ချစ်သူ Choi Ung က နိုင်ငံခြားပညာတော်သင် ဖိတ်ခံရတာကို သူ့ဟာသူ အငုံစိတ်ဖြစ်ပြီး ဖြတ်ခဲ့တာလေ။ 

သူတို့ ၂ယောက်ရဲ့ relationship history ကို ခြုံကြည့်ပြီး viewer အနေနဲ့ပြောရရင် သူတို့ ၂ယောက်လုံးက ကိုယ့်ကိုကိုယ် မချစ်တတ်သေးပဲ တခြားတစ်ယောက်ကို ချစ်ခဲ့တာပဲ။ လူတွေဟာ တကယ်တော့ တခြားတစ်ယောက်ကို ချစ်ဖို့အတွက် ကိုယ့်တန်ဖိုးကို ကိုယ် အရင်နားလည်ရတယ်။ ကိုယ်လိုချင်တာကို သိရတယ်။ အဲ့လိုမှ တခြားသူကိုလဲ နားလည်ပေးနိုင်တယ်။ ချစ်ပေးနိုင်တယ်။ မဟုတ်ရင် Yeon Soo လို သူပညာတော်သင်သွားဖို့ ငါ ပစ်သွားလိုက်မယ်ဆိုတာမျိုး ကိုယ့်ကိုကိုယ်လျော့တွက်တဲ့အပြုအမူမျိုးလုပ်မိပြီး ချစ်သူကို ဆုံးရှုံးရလိမ့်မယ်။ Choi Ung အနေနဲ့ဆိုလဲ မိဘပစ်တာခံထားရဲ့ ကလေးတစ်ယောက်အနေနဲ့ ချစ်သူက ထပ်ပစ်တဲ့အခါ သူက အပစ်ခံထိုက်လို့လို့ပဲ ယူဆလိုက်ပြီး ချစ်သူကို လက်မလွှတ်တန်း ဆွဲထားဖို့ ခွန်အားမရှိဘူး။

 ပြီးတော့ ဖူးစာဆိုတာလဲ အခြေအနေ အချိန်အခါ အသက်အရွယ်နဲ့လဲ ဆိုင်သေးတယ်လို့ ထင်တယ်။ သူတို့က ငယ်ချစ်တွေ ဘဝမှာ အခြေမကျသေးခင် Yeon Soo ကို လောကဓံက တိုက်ခိုက်ခံရတယ်။ သူချစ်တဲ့ Choi Ung ကိုကြည့်တော့လဲ ဘာမှ ရည်မှန်းချက်မရှိတဲ့ ငပျင်းလိုလူ အာမခံချက်မရှိဘူးလေ။ သူနဲ့သာမပြတ်ခဲ့ရင်ရော Choi Ung က နာမည်ကြီး ပန်းချီဆရာဖြစ်လာပါ့မလားလို့ ကိုယ်ကတော့ တွေးမိတယ်။

 နောက်ဆုံးပိုင်းမှာ သူတို့ ဖူးစာဆုံဖို့ ရေစက်ပါလာတော့ အားလုံးက အချိန်ကိုက် အံဝင်ဂွင်ကျ ဖြစ်သွားတယ်။ Choi Ung ကို ဆယ်လီ NJ က "Yeon Soo က ရှင့်ကိုအတော်ချစ်တာပဲ။ လူတစ်ယောက်အတွက် ကိုယ့်ဘဝကြီးကို ပြောင်းလဲပြီး ရှင့်နောက်လိုက်ဖို့ ဆုံးဖြတ်တာ မလွယ်တဲ့ကိစ္စပဲ" လို့ပြောလိုက်တဲ့အချိန်မှာ Choi Ung မျက်နှာမှာ ဒါမျိုးကိစ္စတွေလဲ ရှိသားဆိုတဲ့ အတွေးမျိုး ပထမဆုံးရလိုက်တဲ့ အလင်းမျိုးတွေ့ရတယ်။ သူကကောင်မလေးက သူ့နောက်လိုက်မယ်လို့ default အစကတည်းကတွေးထားတဲ့ ပုံလို့ နားလည်တယ်။ နောက်ပြီး သူ့အမေနဲ့ စကားပြောပြီး သူ့ရဲ့ စိတ်အစိုင်အခဲကြီးကျပြီး သူ့ရဲ့ တန်ဖိုးကို သူသိသွားတယ်။  သူဟာ ဘယ်တုန်းကမှ အစားထိုးသားတစ်ယောက်မဟုတ်ခဲ့ဘူးဆိုတဲ့ အသိလေးက သူ့စိတ်ထဲ ဘယ်လောက်နွေးပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးသွားစေမလဲ စဉ်းစားကြည့်။ တသက်လုံးသိမ်းထားတဲ့ ခံစားချက် အစိုင်အခဲကြီးက ထမင်းဝိုင်းက စကားနဲ့တင် ပျောက်သွားတာ။ အဲ့အခန်းကို ကြည့်တုန်းက သိပ်မဖီလ်းခဲ့ရင် ပြန်ကြည့်ပြီး ပြန်ဖီလ်းကြလို့ပြောချင်တယ်။ (အခု review ရေးဖို့ feeling တွေ refresh အောင်ပြန်ကြည့် ပြီး ပြန်ငိုထားတာ ဘာမှတ်လဲ)

Yeon Soo ကလဲအဲ့အချိန်မှာ ပြင်သစ်ကို job offer ရပေမဲ့ သူ့ဘဝကို ခုမှ သေချာပြန်သုံးသပ်တော့တကယ်တော့ သူ့ဘေးမှာ သူ့ကို appreciate လုပ်တဲ့သူတွေ ရှိနေတာ သွားတွေ့တယ်။ သူ့ဘဝကြီးမှာ အပေါင်းအသင်းမများရင်တောင် သူဟာတစ်ယောက်တည်း ဒုက္ခပင်လယ်ထဲရုန်းနေရသူမဟုတ်ဘူး။ အဲ့ဒိလူတွေကိုသာ သူက appreciate မလုပ်ခဲ့မိတာ။ သူ့ဘဝကို miserable ဖြစ်အောင်လုပ်နေတာ သူ့ဟာသူပဲ။ Kungfu panda ထဲက dialogue လေးတစ်ခုကို မဗေဒါစိတ်ညစ်ရင် အမြဲ ပြန်သတိရမိတာရှိတယ်။ Happiness is within တဲ့။ အဲ့ စကားက Yeon Soo ကိုတိုက်ရိုက်ဆုံးမလို့ရမဲ့စကားပဲ။ သူ့ဘဝကြီးရဲ့ အခြေအနေက ဇာတ်လမ်းအဆုံးမှာ ဘာမှ ပြောင်းလဲသွားတာမဟုတ်ဘူး။ ​ဒါပေမဲ့ သူ့ဘဝအပေါ်ထားတဲ့ သူ့အမြင်က ၃၆၀ ဒီဂရီပြောင်းသွားတာ။ သူ့ဘဝသူ ကျေနပ်သွားတာ။ အဲ့လိုဆိုတော့ Choi Ung က သူ့ထက်သာနေတာတွေ၊ နိုင်ငံခြားပညာသင်သွားတာတွေကို အငုံစိတ်မဖြစ်တော့ဘူး။ သူ့ကိုယ်သူ ယုံကြည်မှုရှိသွားတဲ့အတွက်လဲ အရင်လို ဘာမပြောညာမပြော နင်ကောင်းစားဖို့ ငါဖြတ်တယ်ဘာညာ မဟုတ်တန်းတရားတွေ လျှောက်မလုပ်တော့ဘူး။ အေးအေးဆေးဆေး Choi Ung ကို ရှင်းပြတယ်။ ဟိုကလဲ ဆယ်လီNJ ပြောထားလို့ရော၊ သူ့အမေနဲ့ အစားထိုးသားမဟုတ်ပါဘူးဆိုတဲ့ confident လေးရှိနေတာရောကြောင့် လက်ခံနိုင်တယ်။ အခြေအနေ၊ အချိန်အခါတွေ သွားကိုက်တာပေါ့နော်။ အဲ့ဒါကို ဖူးစာခေါ်မလားပဲလို့ စဉ်းစားမိတယ်။ 

တခြား ဇာတ်ပို့တွေအတွက် closure လေးတွေနဲ့ wrap up လုပ်ပေးတာလဲ သေသပ်တယ်။နောက်ပြီး အနုပညာတစ်ခုကို ခံစားတာမှာလဲ ခံစားသူအပေါ်မူတည်ပြီး တန်ဖိုးကွာတယ်ဆိုတာမျိုးလေးကို ​ပြသွားတာ သဘောကျမိတယ်။ အဆုံးမှာ Choi Ung ရဲ့ ပန်းချီကားတွေကို NJ က ဝယ်တော့ Choi Ung က ဒီပန်းချီကားတွေက ဒီလောက်ကောင်းတာတွေလဲမဟုတ်လို့ discount ယူချင်လဲ စျေးလျော့ပေးမယ်ပြောတယ်။ သူ့ပန်းချီကားတွေက သူ့အငုံစိတ်ကြောင့် လူတွေထည့်မဆွဲတာကို ပန်းချီ ဝေဖန်သူပညာရှင်က immature လို့ ဝေဖန်ခံထားရတယ်လေ။ ဒါပေမဲ့ NJ က သူ့ပန်းချီကားတွေက NJ ကို နှစ်သိမ့်ပေးသလိုခံစားရတယ်တဲ့။ ကြည့်လိုက်တာနဲ့ ဆွဲသူက သူ့လိုပဲ စိတ်မလုံမလဲဖြစ်နေမလား၊ အထီးကျန်နေသလားဆိုတာ တွေးမိပြီး connect ဖြစ်တာမျိုးကြောင့် သူ့ကြိုက်ခဲ့တာတဲ့။ (မဗေဒါရဲ့ review တွေက ရုပ်ရှင်အကြောင်းတင်မကပဲ တခြားလေကြောရှည်တဲ့ အပိုလေးတွေပါလို့ popular မဖြစ်ပေမဲ့ ကိုယ်ရေးတဲ့ စတိုင်ကို ကြိုက်တယ်။ တစ်ယောက်တလေနဲ့ connect ဖြစ်တာမျိုးရှိမယ်သာဆိုရင်လို့ ကွကိုယ်တွေးမိသေးတယ်...)

အရေးမကြီးပေမဲ့ ထည့်ပြောချင်တာက Long distance relationship မှာ video call တွေ ဘာတွေနဲ့ relationship ကို ထိန်းလို့ရတဲ့ reality check ကို ဒီကားမှာ သုံးပေးသွားလို့ ကျေးဇူးတင်ရတယ်။ မဟုတ်ရင် တခြားကားတွေမှာ နိုင်ငံခြားထွက်တာနဲ့ အဆက်အသွယ်ပါပြတ်တဲ့ ဒီဇိုင်းလာပြနေတာသိပ်မကျေနပ်တာ။ 

ဒီကားကြည့်ပြီး ဘာရလဲဆိုရင် လူတစ်ယောက်ကိုချစ်ဖို့ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်ကိုကိုယ်ချစ်တတ်ရမယ်လို့ထင်တယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အကြောင်းရှိ ရှောင်ပြေးနေပြီး ကိုယ့်ကိုကိုယ်ရော ကိုယ်ချစ်ပါတယ်ဆိုတဲ့ သူကိုရော စိတ်ဒဏ်ရာတွေ ပေးနေမိမှာပဲ။ ကိုယ့်တန်ဖိုးကိုယ်သိပြီး confident ရှိတော့မှ အဆုံးမှာ Choi Ung က ချစ်သူကိုလဲ ချစ်တယ်လို့ ပြောရဲသွားတယ်။ 

#Reviewဖတ်ဖို့ကလစ်ကြစို့ အစီအစဉ်လေးမှာ Our beloved summer  က အမှတ်ပေါင်း 400 ခုန်တက်ပြီး ရသွားပါတယ်။ ဒီ review ကို ဖတ်တဲ့အယောက်တိုင်း Amélie ကို ကျေးဇူးတင်သင့်ပါတယ်ရှင်။

Hope you like my review. Thank you for Clicking Amélie.

#OurBelovedSummer #Jan2022 #KdramaReview

Friday, February 03, 2017

Goblin - Drama Review




ဇာတ်ကားအမည် - Goblin (aka) Guardian: The lonely and Great god
Genre - Romance, Fantasy, Drama
Written by - Kim Eun Sook
Directed by - Lee Eung-bok, Kwon Hyuk-chan, Yoon Jong-ho
Starring
Gong Yoo
Kim Go-eun
Lee Dong-wook
Yoo In-na
Yook Sung-jae

Country of origin - South Korea
Original language - Korean
No. of episodes - 16
Distributor - TvN
Original release - December 2, 2016 – January 21, 2017
My Rating: 4/5


ဇာတ်လမ်းအကျဉ်း

အသက် ၉၃၉ နှစ်ရှိပြီဖြစ်တဲ့ တန်ခိုးရှင်(Goblin) ကင်မ်ရှင်း (Gong Yoo) ဟာ တကယ်တော့ သူရဲ့ သတို့သမီးကိုု လိုက်လံရှာဖွေစောင့်စားနေခဲ့တာပါ။ ဘာဖြစ်လိုု့လဲဆိုုတော့ အဲ့ဒိသတိုု့သမီးကိုတွေ့မှ သူ့ရဲ့ ရင်ဘတ်မှာ စိုက်နေတဲ့ ကြိမ်စာသင့်ဓားကို ထုတ်ခိုင်းြပီး သူ့ရဲ့ ပျင်းစရာ အထီးကျန်စရာကောင်းတဲ့ မသေနိုင်တဲ့ ဘဝကြီးကို အဆုံးသတ်နိုင်မှာမို့ပါပဲ။ သူနဲ့အတူနေထိုုင်သူကတော့ လူတွေသေရင် ဝိဉာဉ်ကိုု အတိတ်မေ့ဆေးတိုုက်ပြီး ဘဝတစ်ပါကိုုပြောင်းစေတဲ့ အလုုပ်ကိုုလုုပ်ကိုုင်တဲ့ သေမင်း (Lee Dong Wook) ပဲဖြစ်တယ်။ သူတိုု့ ၂ယောက်လုံုးဟာ ဟိုုးအရင်ဘဝက သူတိုု့ကျူးလွန်ခဲ့တဲ့ ပြုခဲ့တဲ့ ကောင်းမှု ဆိုးမှုတွေကြောင့် ခုလို ဘဝတွေကို မိုုးနတ်မင်းက အပြစ်ပေးတဲ့အနေနဲ့ ပေးထားခြင်းခံရတာဖြစ်တယ်။ အထက်တန်းကျောင်းသူလေး Ji Eun Tak (Kim Go Eun) ဟာ သူ့အမေဆုံုးပြီး ငယ်ငယ်ကတည်းက နှိပ်စက်တဲ့ အဒေါ်မိသားစုုနဲ့ နေရပေမဲ့ သူ့ဘဝကိုု အကောင်းဆုံုးနေထိုုင်တယ်။ သူ့ရဲ့ ထူးခြားချက်က သရဲတွေကိုု မြင်နုုိင်တာပဲ။ သူဟာ Goblin နဲ့ ဆုံုးစည်းပြီးနောက်ပိုုင်း Goblin ကို ချစ်ြမတ်နိုး ခဲ့တယ်။ တကယ်တော့ သူဟာလဲ Goblin လိုက်ရှာနေတဲ့ သတိုု့သမီးပဲဖြစ်တယ်။ Kim Sun (Yoo In Na) ကတော့ ကြက်ကြော်ဆိုင်ပိုင်ရှင်ဖြစ်ပြီး Eun Tak ရဲ့ အလုပ်ရှင်ဖြစ်တယ်။ သူနဲ့ သေမင်းဟာ ကံအကြောင်းဆုံုလိုု့ တွေ့ခဲ့ကြပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။

Goblin ရဲ့ မသေနုုိင်တဲ့ ဘဝကြီးကိုု အဆုံုးသတ်ပေးရမဲ့ သတိုု့သမီးတိုု့ စုံုတွဲ (တနည်းအားဖြင့်) သေကွဲကွဲမဲ့ စုံုတွဲနဲ့ မတူညီတဲ့ ဘဝတွေဖြစ်တဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်မလေးနဲ့ သေမင်းတိုု့ရဲ့ ချစ်ဇာတ်လမ်းက ဘယ်လိုုဇာတ်သိမ်းမလဲ။ ဘယ်လိုု ဘဝ ဘဝက ရှေးရေစက်တွေကြောင့် ခုုလိုုမျိုး စုံုတွေ့ကြရတာလဲ ဆိုုတာစိတ်ဝင်စားရင် ကြည့်လိုုက်နော်။


ဝေဖန်ရေး

ဒီဇာတ်ကားကိုု ပါဝင်တဲ့ ဇာတ်ဆောင်တွေနဲ့ သူတိုု့ရဲ့ သရုုပ်ဆောင်မှု၊ ဖက်ရှင် အတွက် ၁ မှတ်။
ဇာတ်ဝင်တေးတွေအတွက် ၁မှတ်။

လှပတဲ့ ရိုုက်ချက်တွေနဲ့ ကာလာ အရည်အသွေးကောင်းတဲ့ တင်ဆက်မှု အတွက် ၁မှတ်။
ရိုုက်ကွင်းနေရာ လှလှလေးတွေအတွက် ၁မှတ်။

ဇာတ်လမ်းက ထုံုးစံအတိုုင်း အစပိုုင်းကောင်းပြီး အလည်ပိုုင်းနည်းနည်းပျင်းလာကာ၊ နောက်ဆုံုးပိုုင်းကိုု ကိုုယ်ကတော့ သိပ်စိတ်တိုုင်းမကျတဲ့အတွက် အမှတ်ပြည့်မပေးပဲ 4/5 rating ပဲ ပေးထားတာပါ။

အပေါ်မှာ ပြောခဲ့သလိုုပဲ ဒီကားကိုု အဆုံုးထိကြည့်ဖြစ်ဖိုု့ စွဲဆောင်ခဲ့တာကတော့ ဇာတ်လမ်းက ဒီလောက်မဟုုတ်ပေမဲ့ ကျန်တာတွေကြောင့် တစ်ပတ်တစ်ပတ် ဆက်ကြည့်ချင်စိတ်ဖြစ်ခဲ့တာပါ။ rating ကိုု ၅မှတ်လုုပ်ထားလိုု့ ဇာတ်လမ်းအတွက် တစ်မှတ်မှ မရသလိုုဖြစ်နေပေမဲ့ ဇာတ်လမ်းထဲက ကောင်းတာလေးတွေလဲရှိပါတယ်။ အပေါ်က အမှတ်က အကြမ်းပျင်း သက်သက်ပါ။ ဥပမာ မင်းသား ၂ယောက်ကြားက Friendship and Bromance, မင်းသမီးနဲ့ သေမင်းကြားက ခင်မင်မှု စသဖြင့်ပေါ့။ဇာတ်လမ်းအလည်ပိုင်းမှာ မင်းသားနဲ့ မင်းသမီး အီစီကလီ ကလူအိသိုု့ မြူအိသိုု့ တွန်းလိုုက် ဆွဲလိုုက်လုုပ်နေကြတာကိုု fancy အချစ်ကားကြိုက်တဲ့သူတွေအတွက်တော့ သဘောကျချင်ကျနုုိင်ပေမဲ့ ကျွန်မကတော့ အဲ့ဒိအခန်းတွေ နည်းနည်လေးလျော့ပြီး (အဓိကက Goblin တဖြည်းဖြည်းနဲ့ ဆယ်ကျော်သက်ကောင်မလေးကိုု ချစ်လာတာကိုု တော်ရုုံပြရင်လုံုလောက်တယ်ထင်တာပဲ) Goblin နဲ့ သူ့တူကြားက သံယောဇဉ် Development နဲ့ Goblin နဲ့ သူ့ညီမကြားက ကြည့်ရှုသူတွေ ဂရုုဏာရသပေးစေမဲ့ မောင်နှမ သံယောဇဉ်ကိုုလဲ နည်းနည်းပိုုတိုုးပြသင့်တယ်လို့ထင်တယ်။ (အောက်ရောက်မှ မကျေနပ်တာအတိအကျ spoiler alert နဲ့ ရေးမယ်နော်)... ယေဘူယျ ဝေဖန်ရေးအရကတော့ များါများစားစားရေးလိုု့မရဘူး။ အပေါ်မှာပြောခဲ့သလိုုပဲ ဇာတ်လမ်းကိုု ကိုုယ့်အတွက် သိပ်သဘောမကျပေမဲ့ (ဆိုုးဆိုုးရွားရွားမဟုုတ် ကြည့်ပျော်ပါသည်) ကျန်တဲ့ အချက်တွေကတော့ ဒီကားမှာ အတော်လေး အားကောင်းတဲ့အတွက် စိတ်ဝင်စားရင်ကြည့်ဖိုု့တိုုက်တွန်းပါတယ်။

Spoiler Alert...
.
.
.
.
.


ကြည့်ပြီးသူတွေပဲ ဒီအပိုုင်းကိုု ဆက်ဖတ်မယ်ယူဆတဲ့အတွက် မေးလိုုက်မယ်နော်။ အဆုံုးသတ်ကိုု ဘယ်လိုုထင်သလဲ? မဗေဒါရဲ့ ပေချ့်ပေါ်မှာ မေးလိုုက်တော့ တော်တော်များများရဲ့ ကွန်မန့်တွေက ကိုုယ်နဲ့ တူတူပါပဲ။ ကိုုယ်တစ်ယောက်တည်းမဟုုတ်တာသိရတော့ တော်ပါသေးရဲ့ဆိုုပြီး ကျေနပ်မိတယ်။ Goblin က မသေမရှင်နဲ့ ၉ နှစ်လောက် သဲဂန္တာရထဲ ဒုုက္ဖခံပြီး ဒီလူ့ဘုံုကိုု အုုံုုးဆိုု ကိုုယ်ထင်ပြ ပြန်ရောက်လာတော့ သူ့ရဲ့ ဇာတ်သိမ်းကဘာလဲ? ကောင်မလေးက အချိ်န်တန် အသက်ကြီးပြီး သေသွားမှာ။ သူကတော့ တစ်ယောက်တည်း မသေနုုိင်ပဲ ဘယ်အချိန်ထိ ဆက်ကျန်နေရမှာလဲ? အဲ့ဒါက သူ့အတွက် ပျော်စရာ အဆုံုးသတ်လိုု့ မဗေဒါကတော့ မမြင်ဘူး။ သံသရာ ဝတ်ဆင်းရဲကြီးကနေ ဘယ်တော့မှ မလွတ်ကျွတ်တော့ဘူးပေါ့။ လူတစ်ယောက်သက်တမ်း ၁၀၀ မှာ အရွယ်ရောက်ဖိုု့ ၁၈နှစ် နှုတ်ရင် အလွန်ဆုံုး ၈၂ နှစ်ပေါင်းရရင်တောင်။ သူလိုု့ နှစ်ပေါင်း ၉၀၀ ကျော်နေပြီး ကိုုယ်ချစ်တဲ့သူတွေ သေတာကိုု အကြိမ်ကြိမ်ကြည့်နေရမဲ့ ဒုုက္ခအတွက် ကိုုယ်ကတော့ သူသေသွားတာကမှ တော်သေးတယ်လိုု့ ထင်အုံုးမယ်။ ဒါမှမဟုုတ်လဲ သူပြန်ပေါ်လာတယ်လိုု့ ဇွတ်အတင်းကြီး လုပ်ပြီးမှတော့ သူ့ကိုု Goblin အနေနဲ့ မဟုုတ်ပဲ ရိုုးရိုုးလူသာမာန်အနေနဲ့ပေါ်လာတယ်လိုု့ပဲ လုုပ်လိုုက်ပါတော့လား။ ဒါဆိုု သူတိုု့့၂ယောက်လဲ သေတပန် သက်တဆုံုးပေါင်းရလေသတည်းပေါ့။

ဒီလိုမှ မဟုုတ်လဲ မင်းသမီးကိုုပေးမသေပဲ သူအိုတော့မှပဲ Goblin ရဲ့ ဓားကိုု ဖြုတ်ပြီး အဲ့အချိန်ထိပေါင်းကြပေါ့လိုု့အစကတွေးမိတယ်။ ဒါကိုုတော့ စာရေးဆရာမက မင်းသားဓားကိုု မနှုတ်ရင် မင်းသမီးက သေဘေးနဲ့ အမြဲတွေ့မယ်လိုု့ ပြန်ပိတ်ထားတော့ ထားပါတော့လိုု့ပဲ ပြောတော့မယ်။

ပြီးတော့ အဆုံးမှာ မင်းသမီးကိုု ဇွတ်သေခိုုင်းပြီး နောက်ဘဝမှာပြန်ဆုံုးမယ်ဘာညာဆိုုတဲ့ Concept ကြီးကိုု ကိုုယ်တော့ လက်မခံချင်တာ။ သူတိုု် ့ပြောသလိုု Eun Tak က နောက်ထပ် ၃ ဘဝကျန်သေးတယ်ဆိုုရင် အလွန်ဆုံုးထပ်ပေါင်းရ ၂၄၆နှစ်ပေါ့။ အဲ့၃ဘဝလုံုးလဲကုုန်ရော Goblin ကြီးက တစ်သက်လုံုးအထီးကျန်ပြီပေါ့။ ပြီးတော့ ၃ ဘဝလုံုး မိန်းမအဖြစ်ဝင်စားအုံးမှ။ ယောကျင်္ားအဖြစ်ဝင်စားရင် Brokebark mountain (Gay) ဇာတ်လမ်းတွေ ဆက်ရိုုက်နေရတော့မပေါ့။ အဆုံုးကြီးက ဇွတ်အတင်းပေါင်းပေးပေမဲ့ ရေရှည်အတွက် ဆက် စဉ်းစားတဲ့ ပရိတ်သတ်တွေအတွက်ကတော့ ဘာလားပေါ့။ (Mr.Right ကတောင်ပြောနေသေးတယ် Goblin ၉ နှစ်နေတော့့ ပြန်ပေါ်လာတယ် မင်းသမီးက မမှတ်မိဘူး။ တဖြည်းဖြည်းပြန်မှတ်မိလာတာကိုု နည်းနည်းရှည်ရှည်ပြပြီး ဖြတ်လိုုက်ရင်တောင် တော်အုံုးမယ်တဲ့)။ ခုုဟာက မင်းသမီးက မှတ်မိချင်တော့လဲ ချက်ချင်းကြီးဆိုုတော့ ကိုုယ်က ကြည့်နေရင်းနဲ့တောင် နောက်နေတာလားလိုု့ မေးချင်တယ်။ ကနေဒါက သရဲကလဲ မကျွတ်လွတ်တဲ့အပြင် မင်းသမီးကိုု မှတ်တောင် မှတ်မိနေသေး။

မင်းသမီးကိုု ဇွတ်အတင်း သေခိုုင်းတာနဲ့ ပတ်သတ်ပြီး ကြည့်ရတာ စာရေးဆရာက ပေးချင်တဲ့ မတ်စေ့တွေ အပေးလွန်သွားတယ်ထင်ပါ့။ သူပြချင်တာက တချို့အရာတွေဟာလဲ မိုုးနတ်မင်းရဲ့ ဆန္ဒကုုိ လွန်ဆန်နုုိင်တယ်ဆိုုတဲ့ သဘောမျိုး၊ လူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့စတေးတာဟာ မိုုးနတ်မင်းကြိုတင် တွက်ချက်လိုု့မရတဲ့ အရာဆိုုတာကိုု ပြောချင်တာများလား။ (ဒါပေမဲ့လဲ မင်းသမီး အသက် ၆၀၊ ရ၀ လောက်ကျမှ စတေးလိုု့ ရဘူးလားဟင်။ ပြောပြတာပါ)

ဘာပဲပြောပြော သေမင်းနဲ့ သူ့ကောင်မလေးဇာတ်သိမ်းကိုုမှ ကျေနပ်သေးတယ်။ သူတိုု့ ၂ယောက်က နောင်ဘဝမှာ စိတ်သစ်နဲ့ တစ်ယောက်ကိုု တစ်ယောက် မမှတ်မိကြတာကိုုလဲ သဘောကျတယ်။ သူတိုု့က တစ်ယောက်နဲ့ တစ်ယောက်မှတ်မိရင် ဘယ်လုုိမှ မပေါင်းဖတ်နိုုင်တဲ့ စုံုတွဲကိုုး။ သူတိုု့အတွဲကိုုကြည့်ပြီးတော့ ရှေးရေစက် ကြောင်းကံကြောင့် မြင်မြင်ချင်းပင် ဘာ့ကြောင့်များ ချစ်ချင်တယ်ဆိုုတဲ့ သီချင်းသွားသတိရမိတယ်။ ဒါနဲ့ Lee Dong Wook ဆံပင်ပုံုလေး ပြောင်းသွားပေမဲ့ တစ်မျိုးလေး ချောနေသေးတဲ့ အာဂျီရှီပဲနော်... ခွိ။ ဒီ အာဂျီရှီတွေ ဘာမှ မလုုပ်ပဲ လမ်းလျှောက်တာကိုု slow motion နဲ့ ပြရင်တောင် ကြည့်ကောင်းနေတာ ပြော မပြောချင်ဘူး။

အပေါ်က ဇာတ်ကောင်ပတ်သတ်မှုတွေအကြောင်းနဲ့ပတ်သတ်လိုု့ လိုုတယ်ထင်တာလေးတွေ မမေ့ခင်ရေးရရင်ဖြင့် အဆုံးမှာ Goblin က ကျန်ခဲ့ပြီး သူ့ပတ်ဝန်းကျင်ကလူတွေက အသက်တွေကြီးကုုန်တာကိုု ပြရာမှာ ကိုုယ်ကြည့်ချင်ဆုံုးက Doek Hwa ပဲ။ Doek Hwa နေရာမှာ သူ့အဖိုုးအနေနဲ့ သရုုပ်ဆောင်ခဲ့တဲ့ အဖိုုးကြီးကိုု ပြန်ထည့်ပြီး သူ့ရဲ့မျိုးဆက် နောက်ထပ် မြေးလေး (Doek Hwa နောက်တစ်ယောက်ထပ်ရောက်နေတာမျိုး) လေး ကြည့်ချင်မိတယ်။ ခုုဟာက CEO ကမှ ပြန်ပါသေးတယ်။ နောက်ပြီး Goblin နဲ့ သူ့ညီမရဲ့ သံယောဇဉ်နဲ့ပတ်သတ်မှုကိုု ပြတာတော့ သိပ်ပေါ့လွန်းတယ်ကိုုထင်တယ်။ ၉ နှစ်နေပြီး ပြန်လာတော့လဲ ဆိုင်ရှေ့ကနေ မမြင့်တမြင်ပဲ လာကြည့်တယ်ပြတာ။ အဆိုုးဆုံုးကတော့ ဇာတ်မြုပ်သွားတဲ့ ညီမ နှစ်ပေါင်းများစွာကြာလိုု့ သေတော့ သေမင်းဆီမှာ ရေနွေးကြမ်းသောက်အပြီး ဘဝတစ်ပါးမကူးခင် အစ်ကိုုနဲ့ နည်းနည်းပါးပါး စကားစမြည်ပြော အဆုံုးသတ်နှုတ်ဆက်တာလေးများ လုုပ်ပါတော့လား။ ခုုတော့ ညီမကိုု သိပ်ချစ်ပါတယ်ဆိုုပြီး ပြတင်းပေါက်ကနေပဲ လှမ်းနှုတ်ဆက်စရာလား။ အဲ့ဒိနေရာတွေမှာ Emotional scene stealer တွေ ထည့်လိုု့ရသေးတယ်လိုု့ ထင်တာပဲ။ (ကိုုယ်ပိုုကြည့်ချင်မိတာကိုု ပြောပါတယ်)။

ပြီးတော့ အဆုံုးသတ်ထိ အကျီင်္အနီနဲ့ Sexy lady ကြီးက ဘာနတ်မှန်း သေချာကိုု မသိတာ။ သူကလဲ Goblin လိုု Guardian ပဲလား။ သူကရောဘာလိုု့ လူတွေကိုု ရွေးပြီး လိုက်စောင့်ရှောက်နေတာလဲ။ သူ့ ဇာတ်ကောင်က မင်းသမီးလုုိအပ်ရင် ကူဖိုု့ထည့်ထားတာက လွဲလိုု့ ဘာမှ ရေရေရာရာ ပတ်သတ်ဆက်နွယ်မှု မရှိသလိုုပဲ။

အဲ့တော့ ဒီဇာတ်လမ်းမှာ အကောင်းဆုံုးပြနုုိင်တာဆိုုရင်တော့ အာဂျီရှီ ၂ယောက်ကြားက Bromance နဲ့ သူတိုု့ရဲ့ အလုုပ်အကိုုင်။ အထူးသဖြင့် Goblin စောင့်ရှောက်ကူညီလိုုက်တဲ့ လူတွေရဲ့ဇာတ်လမ်းနဲ့ ရန်ဖန်ရန်ခါ Grim reaper ရေနွေးကြမ်းတိုုက်တဲ့သူတွေနဲ့သူ့အလုုပ် nature ပေါ့။ နောက်ပြီး မင်းသားတွေရဲ့ စျေးအလွန်ကြီးတဲ့ ဖက်ရှင်စတိုုင် ဂျက်ကက်ကြီးတွေလဲ သဘောကျတယ်။ ဒီလိုု ဂျက်ကက်ကြီးတွေကိုု ဒီလိုု အာဂျီရှီအလန်းဇယားတွေ ဝတ်တော့မှ ဂျက်ကက်တန်ဖိုုးလဲ ပေးရတာ တန်သွားတာပေါ့။ လှတပတ မျက်စိပသာဓရှိ။

ကဲကဲ... ပြောတာတွေလဲ မှတ်မိသလောက်တော့ရေးထားတယ် အချိန်လဲ သိပ်မရှိတော့လိုု့ တော်သေးပြီ။ ပြောချင်တာထပ်ဖြည့်ချင်ရင် ထုံုးစံအတိုုင်း ကွန်မန့်မှာ လာပွားကြနော်။