Showing posts with label Australia. Show all posts
Showing posts with label Australia. Show all posts

Monday, April 27, 2026

🏠 အိမ်ရှင်မဘဝ ၆ နှစ် Gap ကို Local Experience နဲ့ ဘယ်လို အစားထိုးမလဲ





​၆ နှစ်လောက် အလုပ်နားထားတဲ့ Gap ရှိနေတော့ CV ထဲမှာ ဘာရေးရမလဲလို့ အားလုံး သိချင်ကြမှာပါ။ ကျွန်မကတော့ စင်္ကာပူမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေထဲက ကိုယ်လျှောက်မယ့်အလုပ်နဲ့ သက်ဆိုင်တာတွေကို ဦးစားပေးဖော်ပြပါတယ်။ ဒါပေမဲ့ Australia လို နိုင်ငံမျိုးမှာ Local Experience က အရမ်းအရေးကြီးတာမို့ ဒီ ၆ နှစ်အတွင်းမှာ လုပ်ခဲ့တဲ့ Personal Development၊ Volunteer အလုပ်တွေနဲ့ အောင်မြင်မှု (Achievement) လေးတွေကိုပါ ထည့်ရေးခဲ့ပါတယ်။




​✨ အိမ်ရှင်မဆိုတာ အိမ်တစ်အိမ်ရဲ့ CEO 

တကယ်တော့ အိမ်ရှင်မဆိုတာ အိမ်ထောင်စုတစ်ခုလုံးကို စီမံခန့်ခွဲနေရတဲ့ CEO ပါပဲ။ နေ့စဉ်စားသောက်ရေး၊ ကလေးပြုစုရေး၊ အမျိုးသားရဲ့ Schedule နဲ့ လူမှုရေးကိစ္စတွေအပြင် Financial Planning နဲ့ Budgeting ကိုပါ ကျွမ်းကျင်စွာ လုပ်နေရတာပါ။ ဒါတွေကို Business terms တွေနဲ့ ပြောင်းလဲစဉ်းစားကြည့်ရင် Networking Skill, Adaptability, Fast Learner စသဖြင့် ကိုယ့်ရဲ့ အစွမ်းအထက်ဆုံး Skills တွေအဖြစ် CV မှာ ဂုဏ်ယူစွာ ရေးသားနိုင်ပါတယ်။ အဓိကကတော့ လုပ်ငန်းခွင် Gap ရှိနေတာကို ကိုယ့်ရဲ့အားနည်းချက်လို့ မယူဆဖို့ပါပဲ။

​🤝 Volunteer လုပ်ခြင်းရဲ့ နောက်ကွယ်က အခွင့်အလမ်း

Australia မှာ Volunteering ဆိုတာ စေတနာအပြင် Local Experience နဲ့ Networking ရဖို့အတွက် အကောင်းဆုံး လမ်းစပါ။ အထူးသဖြင့် Adelaide လို မြို့မျိုးမှာ Connection ရှိရင် အလုပ်ရဖို့ ပိုလွယ်ပါတယ်။ Qualified ဖြစ်နေသူထက် "အသိကတဆင့် Recommendation" ကြောင့် အလုပ်ရသွားတာမျိုးတွေ ခဏခဏ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ကိုယ်သွားချင်တဲ့ Field နဲ့ဆိုင်တဲ့ Volunteer အလုပ်မျိုး တွေ့ရင် လက်မလွှတ်ပါနဲ့။

​👩‍💻 ကျွန်မရဲ့ ၆ နှစ်တာ "အိမ်ရှင်မ" ခရီးစဉ်နဲ့ အလုပ်ဖြစ်ခဲ့တဲ့ အတွေ့အကြုံများ

​အိမ်ရှင်မလို့သာ ပြောတာ၊ ဝါသနာပါရာတွေ လိုက်လုပ်ရင်းကနေ ရလာတဲ့ အတွေ့အကြုံတွေက ကျွန်မကို ယုံကြည်မှု အပြည့်ပေးခဲ့ပါတယ်။စာဖတ်သူတွေက အလုပ်အတွက် Focus ပြီး ကိုယ့်အတွက် relevent ဖြစ်တာကိုလုပ်ပါ။ 

​🥘 ၁။ Online Food Business & Networking
အိမ်မှာချက်စားရင်း Online ကနေ အော်ဒါကောက်ကာ  ပိုချက်ပြီး စားစရာတွေ ရောင်းချပါတယ်။ ဒါက ဝင်ငွေရရုံတင်မကဘဲ လူအများနဲ့ ထိတွေ့ရတဲ့ Networking ကိုပါ ရစေပါတယ်။ Asian Street Food Festival မှာ ဆိုင်ခန်းဖွင့်ပြီး မြန်မာစာကို Promote လုပ်ခဲ့တဲ့ အတွေ့အကြုံကလည်း လုပ်ငန်းခွင်အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ရခဲ့ပါတယ်။ Food Business နဲ့ သက်ဆိုင်တဲ့ မိတ်ဆွေတချို့ရခဲ့တာက ကိုယ့်အတွက်တော့ ကြည်နူးစရာပါ။

​🙏 ၂။ Community Support & Fundraising
Adelaide မှာ မြန်မာဘုန်းကြီးကျောင်းအတွက် Online ကနေ အလှူငွေကောက်ခံပေးတာ၊ မြန်မာပြက္ခဒိန်လေးတွေ လုပ်ရောင်းပြီး ရံပုံငွေရှာပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီကနေတဆင့် Australia ရဲ့ Printing Service တွေ၊ Post Office အလုပ်လုပ်ပုံတွေနဲ့ ပြည်နယ်အလိုက်ရှိနေတဲ့ မြန်မာ Community တွေအကြောင်း ကောင်းကောင်း သိခွင့်ရခဲ့ပါတယ်။

​🎨 ၃။ Creative Projects & Event Leadership
"Myanmar in Adelaide" ဆိုတဲ့ Group မရှိသေးလို့ ကိုယ် အက်ဒလေးလာဖို့ ရှာတုန်းက မြန်မာနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ဘယ်မှာမှ ရှာမတွေ့လို့ ဘာမှ မသိပဲ ရောက်ခဲ့ရတဲ့အတွက် နောက်လူတွေ အဲ့လိုမဖြစ်အောင်၊ အက်ဒလေးကိုရောက်နေတဲ့ မြန်မာတွေလဲ လိုအပ်တဲ့ Information sharing နဲ့ Gathering စသဖြင့် နေရာလေးတစ်ခုဖြစ်အောင် စပြီး တည်ထောင်ခဲ့တယ်။ 
အဲ့ဒိ ဂရုကနေပဲ တခြားသူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး မနှစ်ကဆိုရင် 
1. Myanmar In Adelaide Hiking group
2. Myanmar  In Adelaide group private Thingyan,
3. ငလျင်အတွက် Online food fundraising၊ 
4. What Happened to the wolf ရုပ်ရှင်ပြသတဲ့ Event တွေ လုပ်ဖြစ်ခဲ့တယ်။ 

​📚 ၄။ မြန်မာစာ သင်ထောက်ကူလုပ်ငန်းနဲ့ ပညာဒါန

​ကိုယ့်သားလေးကို မြန်မာစာ သင်ပေးချင်တဲ့ စိတ်နဲ့ပဲ ကိုယ်တိုင် Research လုပ်ပြီး မြန်မာအက္ခရာနဲ့ ဂဏန်းသင်ထောက်ကူ (Flashcards) လေးတွေကို စတင် ထုတ်လုပ်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းအတွက်တင် မဟုတ်တော့ဘဲ သားလေးလိုပဲ မြန်မာစာသင်ချင်ကြတဲ့ ကလေးတွေ၊ လူကြီးတွေအတွက်ပါ ရည်ရွယ်ပြီး Australia တစ်ဝန်းလုံးကို မြန်မာစာသင်ထောက်ကူ ပစ္စည်းတွေ၊ ပုံပြင်စာအုပ်တွေ၊ ပိုစတာနဲ့ အရုပ်လေးတွေကို Facebook Page ကနေတစ်ဆင့် ဖြန့်ချိပေးနေပါတယ်။

​ဒါ့အပြင် ဩစတေးလျရောက် မြန်မာကလေးငယ်တွေကို မြန်မာစာ သင်ကြားပေးဖို့နဲ့ ပတ်သက်ပြီး အကြံဉာဏ် လိုအပ်သူတွေကိုလည်း ကျွန်မ တတ်နိုင်သလောက် ဆွေးနွေး အကြံပြုပေးဖြစ်ပါတယ်။ (Page နာမည်ကိုတော့ ကြော်ညာသလို ဖြစ်မှာစိုးလို့ ဒီမှာ ထည့်မရေးတော့ပါဘူး၊ သိချင်ရင်တော့ DM ကနေ မေးမြန်းနိုင်ပါတယ်ရှင်။)

​🏆 ၅။ Measurable Achievement (ထည့်ရေးကို ရေးရမည့်အချက်)
Marketing တက်နေရင်း AADC ကလုပ်တဲ့ Design Contest မှာ ဝင်ပြိုင်ခဲ့ရာက Cancer Council အတွက် Billboard Design အဖြစ် ရွေးချယ်ခံရပြီး မြို့လည်ခေါင် Rundle Mall Billboard မှာ ပြသခံခဲ့ရပါတယ်။ ဒါမျိုးကတော့ CV ထဲမှာ Achievement အနေနဲ့ ခိုင်ခိုင်မာမာ ထည့်ရေးလို့ရတဲ့ အချက်ပါ။

​🖼️ ၆။ Professional Volunteering
Non-profit Org တစ်ခုမှာ Volunteer Director အဖြစ် တာဝန်ယူပြီး 'Surviving the Sunset Fundraising' ပန်းချီပြပွဲကို Curator အနေနဲ့ စီစဉ်ခဲ့ပါတယ်။ ဒါက မြန်မာ့အရေးကို Raise Awareness ဖြစ်စေသလို၊ ကိုယ့်အတွက်လည်း Leadership အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ (ဒါကိုလဲ local experience Leadership skill တစ်ခုအနေနဲ့ ထည့်ရေးပါတယ်။)

​🍎 ၉။ Paid Local Experience and Community Connection
​Adelaide Language School မှာ Summer Activities အနေနဲ့ Australian ကလေးတွေကို "မြန်မာစကား မိတ်ဆက်" တဲ့ အတန်းကို သင်ကြားပေးခဲ့ပါတယ်။ ဒါက အပျော်တမ်းမဟုတ်ဘဲ ပိုက်ဆံရတဲ့ Paid job တစ်ခုပါ။ ဒီအတွေ့အကြုံကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) ပြန်ရလာသလို၊ Local Community နဲ့လည်း ပိုမိုထိတွေ့ရင်းနှီးခွင့် ရခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒါကို Local အတွေ့အကြုံအစစ်အမှန်အနေနဲ့ CV ထဲမှာ ဂုဏ်ယူစွာ ထည့်ရေးခဲ့ပါတယ်။

​💡 အိမ်ရှင်မဘဝကနေ လုပ်ငန်းခွင် ပြန်ဝင်ချင်သူများအတွက် အကြံပြုချင်တာကတော့...
​တိုက်ရိုက်လျှောက်ပါ: အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ပြီးရင် ချက်ချင်းသာ လျှောက်လိုက်ပါ။
​Confidence အရင်တည်ဆောက်ပါ: Gap များလို့ စိတ်မချရင် ကိုယ်နဲ့ဆိုင်တဲ့ Volunteer အလုပ်လေးတွေ အရင်စလုပ်ကြည့်ပါ။

​LinkedIn ကို အသုံးချပါ: ကိုယ့် Field နဲ့ဆိုင်တဲ့ Group တွေ Join ထားပြီး အခွင့်အရေးကို စောင့်ကြည့်ပါ။
​ကိုယ်ပိုင်ဆုံးဖြတ်ချက်: သူများပေတံနဲ့ ကိုယ့်ကိုယ်ကိုယ် မတိုင်းပါနဲ့။ ကိုယ်ဘာလို့ ရွေးချယ်တယ်ဆိုတာ ကိုယ်တိုင်သိရင် လုံလောက်ပါပြီ။

​"အလုပ်ဟူသမျှ ဂုဏ်ရှိစွ" မို့လို့ ကိုယ့်ရဲ့ အိမ်ရှင်မဘဝ အတွေ့အကြုံတွေကိုပါ တန်ဖိုးရှိရှိ အသုံးချပြီး အားလုံးပဲ အိမ်မက်တွေဆီ ပြန်လည်ခြေလှမ်းနိုင်ကြပါစေရှင်။ 💪✨

နောက်ပိုစ့်မှာ ကျွန်မ CV ထဲ ဘာတွေ ထည့်ရေးထားလဲဆိုတဲ့ အတိအကျထက် CV ကို ဘယ်လိုရေးရင် အင်တာဗျူးရဖို့ အခွင့်အရေးပိုကောင်းလဲ၊ Australia ရဲ့ CV Culture လေးတွေ၊  အစိုးရအလုပ်လျှောက်ချင်သူများရဲ့ CV ကို ဘယ်လိုရေးရမလဲ (အစိုးရအလုပ်လုပ်ချင်တဲ့သူက မေးခွန်းတွေ အင်တာဗျူးမဖြေခင်တောင် ပိုမေးခံရတွေရှိပါတယ်။ အဲ့ဒါတွေအတွက် ဘယ်လိုဖြေရမလဲဆိုတဲ့ အထာလေးတွေ ဝေမျှပေးမယ်။ အစိုးရအလုပ်လျှောက်တာ ၃ ခုလျှောက် ၂ ခု အင်တာဗျူးခေါ်ခံရပြီး အင်တာဗျူးရသမျှ အလုပ်အကုန် offer ရလို့ ၁၀၀% success rate လို့ ကွကိုယ်ကျေနပ်မိသူပါ။ 😁)
#jobsearch 
#GapYears
#migrantlifestyle 
#fromhousewifetowork 
#HowIGainedLocalExperiences

✈ Australia ရောက်စ အိမ်ရှင်မဘဝကနေ လုပ်ငန်းခွင်ဆီသို့

✈ Australia ရောက်စ အိမ်ရှင်မဘဝကနေ လုပ်ငန်းခွင်ဆီသို့




​🏠 ကိုယ် Australia ကို စရောက်တော့ ကလေးက ငယ်သေးတယ်။ နိုင်ငံအသစ် နေရာအသစ်မှာဆိုတော့ ကိုယ့်ကလေးကို ကိုယ်တိုင်ပဲ စောင့်ရှောက်ချင်လို့ လုပ်ငန်းခွင်လည်း ပြန်မဝင်ချင်သေးဘူး။ ပြောရရင်တော့ အမျိုးသားလုပ်စာစားရင်း အိမ်ရှင်မပဲ လုပ်တော့မယ်ပေါ့။ ကိုယ့်မှာက မိဘတွေ၊ သူငယ်ချင်းတွေ အများကြီးရှိရာကနေ မြန်မာနည်းတဲ့ Australia, Adelaide မြို့ကို ပထမဆုံး ရောက်လာတာကိုး။

​💼 ကိုယ်လုပ်ခဲ့တဲ့အလုပ်က Engineering ကုမ္ပဏီဆိုပေမဲ့ အဓိကက Business Development လုပ်တာဆိုတော့ Hands-on experience က သိပ်မရှိဘူး။ ရှိတယ်ထားဦးတော့၊ Australia မှာက သူတို့သတ်မှတ်ထားတဲ့ လက်မှတ်မရှိရင် Engineering အလုပ်ရှာဖို့ ခက်တယ်။ (ကိုယ့်ကိုယ်ကိုယ် Confident မရှိတာလည်း ပါတာပေါ့။) နောက်တစ်ခုက ငယ်ငယ်က စင်္ကာပူမှာ ကျောင်းရဖို့ လူကြီးတွေက Engineering ကို ရွေးခိုင်းခဲ့တာပါ။ ကိုယ်တိုင်လည်း သိပ်ဝါသနာမပါတော့ ဩစီရောက်တဲ့အခါ ကိုယ်တကယ်ကြိုက်တာကို ၁ ကနေ ပြန်စချင်တာလည်း ပါပါတယ်။

​👪 အဲ့ဒီမှာ ဘယ်လိုဖြစ်လဲဆိုတော့ (အခုရေးမှာတွေက ကိုယ့်ခံစားချက်သက်သက်ပါပဲ၊ စာဖတ်သူနဲ့ အယူအဆချင်း တူချင်မှတူပါလိမ့်မယ်။) အခုချိန်ထိ ကလေးနဲ့အတူတူ အချိန်ပေး ထိန်းကျောင်းလာတာကို နောင်တ လုံးဝမရပေမဲ့၊ နေ့တိုင်း ကလေးနဲ့ နှစ်ယောက်တည်း ဟင်းချက်လိုက်၊ ကလေးကျွေးလိုက်၊ သိပ်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။ ညနေ အမျိုးသားပြန်လာမှ အပြင်လေးထွက်ချင်လို့ ပူဆာရတယ်၊ (ဒီမှာက ဆိုင်တွေက မိုးချုပ်ထိ မဖွင့်လို့ ကြာသပတေးနေ့ Shopping Day ကျမှ ထွက်ရတာပါ။) Weekend ဆိုရင်လည်း ကိုယ်က ၅ ရက်လုံး အိမ်ထဲမှာဆိုတော့ အပြင်သွားချင်တယ်၊ အမျိုးသားကတော့ နားချင်တယ်၊ Schedule တွေက သိပ်မကိုက်တော့ဘူး။ ဒါတောင် ကိုယ့်အမျိုးသားက လိုက်ပို့ပေးရှာသလို အိမ်အလုပ်လည်း ကူလုပ်ပေးပါတယ်။

​🧹 တကယ် အိမ်ရှင်မလုပ်ကြည့်တော့ အလုပ်က မစားသာပါဘူး။ အပြင်အလုပ်က Weekdays 9-5 ဆင်းပြီးရင် ပြီးပြီ (Aussie က Work-life balance ရှိတော့ စင်္ကာပူလို OT တွေလည်း မရှိဘူး)။ အိမ်ရှင်မကတော့ ၂၄ နာရီ၊ ၇ ရက်လုံး ပိတ်ရက်မရှိ ကလေးကြည့်၊ ဟင်းချက်၊ အဝတ်လျှော်၊ အိမ်ရှင်း လုပ်ရတာပါ။ အမျိုးသားရှာတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲဆိုပေမဲ့ ကိုယ်တိုင်မရှာတော့ ကိုယ်လိုချင်တာ၊ Skincare နဲ့ အလှအပပိုင်းတွေမှာ အလိုလို ကပ်စေးနဲလာမိတယ်။

​🥘 အပြင်ထွက်စားရတာ ကြိုက်ပေမဲ့ စရိတ်များလာရင် ငါ့တာဝန်မကျေလို့လားဆိုပြီး စိတ်မလုံဘူး။ အမျိုးသားက ဘာမှမပြောဘဲ ဝယ်ပေးချင်ပေမဲ့ ကိုယ်ကပဲ အားနာပြီး မပြရဲ မပြောရဲဖြစ်နေတာ။ အိမ်မှာနေရင်း လူပိုဖြစ်မှာစိုးလို့ ဟိုဟာစမ်းလုပ် ဒီဟာစမ်းလုပ်နဲ့ လူမှုရေးအကျိုးတွေလည်း ဝိုင်းကူသယ်ပိုးမိသေးတယ်၊ 🤭 (နေရာတကာ မသိတာ၊ မရှင်းတာတွေ လိုက်မေးမိလို့ လူမုန်းခံရတာလည်း တစ်ကြောင်းပေါ့၊ ကိုယ့်ကိုယ်ကိုယ် လူမှုရေးညံ့တယ်လို့ ခံစားရလို့လုပ်ကာမှ ပိုဆိုးသွားခဲ့တာပေါ့။ 😁)

​⏰ တဖြည်းဖြည်း ကလေးကြီးလာပြီး မူကြို တစ်ပတ် ၃ ရက် စတက်တော့မှ အားလပ်ချိန်လေးတွေ သိသိသာသာ ရလာတယ်။ ကိုယ်က အိမ်သန့်ရှင်းရေးလည်း အားသန်သူမဟုတ်၊ ဟင်းဆိုတာလည်း Australia ရောက်မှ စချက်တတ်တာ။ ပန်းကန်ဆေးဆပ်ပြာနဲ့ မတည့်လို့ ပန်းကန်ဆေးတာလည်း အမျိုးသားကပဲ လုပ်ပေးတော့ ကိုယ့်ကိုယ်ကိုယ် လူပိုကြီးလို ပိုခံစားလာရတယ်။ စင်္ကာပူတုန်းက ကိုယ့်ပိုက်ဆံကိုယ်ရှာ၊ ခရီးတွေသွား၊ Skincare နဲ့ Facial ဆိုင်တွေ သွားခဲ့တာတွေကို ပြန်တွေးမိပြီး သိမ်ငယ်စိတ်လေးတွေ ဝင်လာတာပေါ့။

​🤝 အပြင်အသိုင်းအဝိုင်းနဲ့ တွေ့ရင်လည်း အိမ်ရှင်မဆိုရင် အလေးမထားသလို ဆက်ဆံခံရတာမျိုး ကြုံရတတ်တယ်။ ကိုယ်ကတော့ ဒါကို သိပ်ဂရုမစိုက်ပေမဲ့ အိမ်ရှင်မလို့ ပြောလိုက်တာနဲ့ အချိုးပြောင်းသွားတာမျိုး ခံစားရတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ပြန်ဝင်ချင်တာက အဲ့ဒီလူတွေရဲ့ Attitude ကြောင့် မဟုတ်ပါဘူး။ အိမ်မှာ အိမ်ရှင်မလုပ်ရတာ ကိုယ့်အတွက် ကျွမ်းကျင်တဲ့ အလုပ်မဟုတ်တာရယ်၊ တစ်ခါတလေ ဘာမဟုတ်တာနဲ့ စိတ်ကောက်၊ ကွိုင်ရှာမိတာတွေ ဖြစ်လာလို့ပါ။

​😔 အရင်က အမျိုးသားကို သဝန်မတိုတတ်ပေမဲ့ အားလာတဲ့အခါ အသေးစိတ်တွေ လိုက်စဉ်းစားပြီး သဝန်တိုလာတယ်။ တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့ ထိုင်ငိုမိတာမျိုးလည်း ရှိတယ်။ "ငါ့အမျိုးသားသာ မရှိရင် ငါဘယ်လိုလုပ်မလဲ" ဆိုပြီး တစ်ပါးသူကို အားကိုးပြီး ကြောက်ရတဲ့စိတ်မျိုး မခံစားဖူးတော့ အစက ကိုယ်ဘာလို့ ငိုနေမှန်းတောင် မသိခဲ့ဘူး။ လုပ်ငန်းခွင်ပြန်ဝင်ဖို့ကျတော့လည်း အလုပ်နားထားတာ ၆ နှစ်လောက်ရှိပြီဆိုတော့ ကြောက်နေမိတယ်။ Australia က Local Experience အရမ်းကြည့်တာဆိုတော့ ကိုယ့် Engineering အတွေ့အကြုံက သုံးမရမှာကိုလည်း စိုးရိမ်မိတာပေါ့။

​❤️ အလုပ်ပြန်လုပ်ချင်တဲ့ အကြောင်းရင်းတွေထဲမှာ အမျိုးသားကို ချစ်တဲ့စိတ်လည်း ပါပါတယ်။ 😍 အမျိုးသားက "ပိုက်ဆံအတွက် မပူနဲ့ ငါရှာမယ်" လို့ ပြောပေမဲ့ သူလည်း Burn out ဖြစ်မယ့်အချိန် ရှိမှာပဲ။ သူ့အတွက် Fallback Plan၊ စိတ်လုံခြုံမှုပေးနိုင်တဲ့သူ ကိုယ်ဖြစ်ချင်တယ်။ သူ အလုပ်မှာ မွန်းကျပ်လာတဲ့အခါ "ယောကျ်ားရေ... အလုပ်က ထွက်လိုက်တော့" လို့ ရဲရဲဝံ့ဝံ့ အားပေးနိုင်တဲ့ အင်အားမျိုး ကိုယ့်မှာ ရှိချင်တာပါ။ ဒါက ကိုယ့်ကို အလုပ်ပြန်လုပ်ဖို့ အားအဖြစ်စေဆုံး အကြောင်းပြချက်ပါပဲ။

​🎓 နောက်ပိုင်းမှာ အမျိုးသား အကြံပေးချက်နဲ့ TAFE မှာ Marketing သင်တန်း တက်ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ South Australia Multicultural Ministry က Sponsor ပေးတဲ့ Women's Leadership Scholarship ရလို့ သင်တန်းနှစ်ခု ပြိုင်တက်ခဲ့တယ်။ အဲ့ဒီမှာ ကိုယ်နဲ့ Background တူတဲ့ အမျိုးသမီးတွေနဲ့ဆုံပြီး ပျော်ခဲ့ရသလို၊ သီရိလင်္ကာက သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်နဲ့ iworkforsa website ကနေ အစိုးရအလုပ်တစ်ခု လျှောက်ဖြစ်ခဲ့တယ်။

​✈️ အမေ နေမကောင်းလို့ စင်္ကာပူမှာ ခွဲစိတ်ဖို့ ပြင်ဆင်နေတဲ့ ၂၀၂၃ အောက်တိုဘာလောက်မှာ အလုပ်အင်တာဗျူး ခေါ်ခံရတယ်။ ရချင်ရ၊ မရချင်နေဆိုတဲ့ စိတ်နဲ့ စင်္ကာပူကနေ Video Conference နဲ့ အကောင်းဆုံး ဖြေလိုက်တယ်။ အဲ့ဒီအလုပ်က ဒီဇင်ဘာမှာ ကိုယ့်ကို ခေါ်စာပို့ပြီး ၂၀၂၄ ဖေဖော်ဝါရီမှာ စလုပ်ဖြစ်ခဲ့ပါတယ်။
​📝 ပထမဆုံး အလုပ်လျှောက်ဖို့ CV အတွက် Local Relevant ဖြစ်မယ့် ဘာတွေပြင်ဆင်ခဲ့လဲဆိုတာ သိချင်ရင်တော့... Comment မှာ မန့်ခဲ့ပေးပါဦး။ ရေးပေးပါမယ်။
#BacktoWork
#FromHousewifeToWork
#LifeInAustralia
#MigrantLifestyle

Monday, August 12, 2024

ကန်ဘာရာက မြန်မာစားသောက်ဆိုင် Myanmar Corner Review

ဒီတစ်ခေါက်ခရီးစဉ်မှာ ကိုယ်စားခဲ့ပြီး ကျေနပ်တဲ့မြန်မာဆိုင်လေး ၂ ခု အကြောင်းပြောပြမယ်။ ဆိုင်လေး ၂ ဆိုင်လုံး ကြိုက်တယ်။ ဒါပေမဲ့ ဆိုင် ၂ ဆိုင်က vibe လဲ မတူဘူး။ targe customer လဲ မတူဘူး။ Service style လဲ မတူဘူး။ သူ့ဟာနဲ့သူပဲ။ ကိုယ့်အတွက်ကတော့ ပြည်ပမှာ အထူးသဖြင့် မြန်မာနည်းတဲ့ သြစီလိုနေရာမှာ မြန်မာဆိုင်တွေဖွင့်ထားတဲ့သူဆိုရင် အစားအသောက်ကောင်းလို့ကတော့ အားပေးပြီးသားပဲ။ အစားအသောက်ရောင်းသူတွေ အနေနဲ့လဲ တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်လိုသဘောမထားကြပဲ တစ်ဦးဆီကတစ်ဦးလေ့လာစည်းပူးပြီး ပူးပေါင်းဆောင်ရွက်ပြီး မြန်မာအစားအစာကို ပြည်ပမှာ ထိုးဖောက်နိုင်ရင် အကောင်းဆုံးပဲ။

တစ်ခုက ကန်ဘာရာက Myanmar Corner ဆိုတဲ့ စားသောက်ဆိုင် နဲ့
နောက်တစ်ခုက မဲလဘုန်းက ချင်းတောင်တန်း ဆိုတဲ့ ထမင်းဆိုင်လေးပါ။ (မဲလဘုန်းက ဆိုင်လေးကို နောက်ပိုစ့်သပ်သပ်ရေးပေးပါမယ်။)


ဆိုင် logo လေးကို မြန်မာလို မြန်မာလို့ပဲ ရေးထားပါတယ်။



Food: 4.5/5
Service: 5/5
Vibe: 5/5
Price: Worth the price you pay for
Overall: Excellent
Must try: Burmese hot milk tea (မြန်မာဘက်ရည်)
Will visit again

၁) Myanmar Corner Review (Canberra, Australia)

Canberra ဆိုတာ သြစတေးလျရဲ့ မြို့တော်ဆိုပေမဲ့ အလည်အပတ်သွားတာထက် ရုံးပိုင်းဆိုင်ရာ ကိစ္စရှိမှ ရောက်ဖြစ်ကြတာများတယ်။ ကိုယ်တွေ အတွက်ဆိုရင်တော့ ဟိုတစ်နှစ်က အမေလာလည်တုန်းက ဆစ်ဒနီသွားလည်ရင်းနဲ့ လမ်းမှာ ရောက်ဖူးသွားအောင် တစ်ညဝင်အိပ်လိုက်သေးတယ်။ အဲ့ဒိကတည်းက Myanmar Corner ကို စားဖိုးသွားသေးတယ်။ ဆိုင်ပိတ်ထားလို့ မစားဖြစ်တာ။ အဲ့ဒိမတိုင်ခင်ကလဲ ကန်ဘာရာကို ရုံးကိစ္စတစ်ခုနဲ့သွားတုန်းကလဲ Myanmar corner ဆီသွားသေးတယ်။ အဲ့ဒိတုန်းကတော့ ရက်ရှည်ကို ပိတ်ထားတာ ဘာလို့လဲတော့ မမှတ်မိတော့ဘူး။ (အဲ့တုန်းက ကန်ဘာရာမှာ ၂ ညတောင်နေတာ၊ အဲ့တုန်းက Burmese Harp ဆိုတဲ့ မြို့ထဲက သဘောကောင်းတဲ့ ထမင်းဆိုင်လေးတော့သွားစားဖြစ်ခဲ့သေးတယ်။ အခု အဲ့ဆိုင်က မရှိတော့ဘူး။)

ကိုယ်တွေကလဲ ကန်ဘာရာကိုသွားရင် ၁ ညအိပ်လောက်ပဲရောက်ပြီး၊ ညနေပိုင်း လောက်မှရောက် မနက်ကျ ခရီးဆက်ရအုံးမယ်ဆိုပြီး မနက်စာစားချိန်လောက်ပဲ ရတော့ ဆိုင်ဖွင့်ချိန်နဲ့မတိုက်ဆိုင်ဘူးဖြစ်ဖြစ်နေတယ်။

ဒီတစ်ခေါက်တော့ ကိုယ်သွားမဲ့ Snowy Mountain က ကန်ဘာရာကနေ ၂ နာရီခွဲပဲ မောင်းရမှာဆိုတော့ တမင်အချိန်ပေးပြီးတော့ကို သူတို့ဆိုင်ဖွင့်ချိန် နေ့လည် ၁၁ ခွဲအထိ စောင့်ပြီးနေလိုက်တယ်။

လိပ်စာကတော့ ဓာတ်ပုံထဲမှာကြည့်ကြည့်၊ Google map မှာပဲ Myanmar Corner နဲ့ရှာရှာ တွေ့ပါတယ်။ စာမရိုက်တော့ဘူး။မြို့ထဲကနေ ၂၅ မိနစ် (နာရီဝက်နီးပါး) မောင်းရတယ်။

ဆိုင်ဖွင့်ချိန်နဲ့ လိပ်စာ
ဆိုင်ဖွင့်ချိန်နဲ့လိပ်စာ


ရောက်ရင် သူက shopping mall ရဲ့ အပြင်တန်းမှာရှိတာ။ ဆိုင်လိုဂိုလေးက "မြန်မာ" ဆိုတာလေးကို ဝိုင်းဝိုင်းလေးရေးထားတဲ့ ဆိုင်းဘုတ်သေးသေးလေးပဲရှိတယ်။ Design က classic ဖြစ်ပြီး လှပေမဲ့ လာရတဲ့ ကာစတန်မာအတွက်တော့ သိပ် မမြင်ရဘူး။ ဝိုင်းဝိုင်းလေးနဲ့ မြန်မာလို့ရေးထားတဲ့ Font က မြင်မြင်ချင်း ချက်ချင်းမသိဘူး။ မြင်ပြီးသွားရင်တော့ အော်... ဟုတ်သား 'မြန်မာ' ဆိုတဲ့ စာလုံးလေးကို မြန်မာလို ရေးထားတာပါလားပေါ့။ (May Be ကိုယ့်ရဲ့ expectation အရ အင်္ဂလိပ်လို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ရှာနေမိလို့လဲ ဖြစ်နိုင်တယ်။ နောက်မှ vlog မှာကြည့် ဆိုင်းဘုတ်ရှေ့ရောက်နေတာတောင် ကိုယ်မတွေ့သေးဘူး။ 🤣)
ဆိုင်းဘုတ်လေးကို English လို လိုက်ရှာနေမိတာ

၂) ဆိုင်အပြင်အဆင်နဲ့ Service

ကိုယ်တွေရောက်ချိန်မှာ ဆိုင်ထဲမှာ တစ်ဝိုင်းလားပဲရှိတယ်။ အဲ့ဒါကလဲ စားလို့ပြီးသွားပြီ။ ကိုယ်တွေပဲ ကျန်တာပေါ့နော်။ Service ပိုင်းမှာ လူ service နဲ့ အပြင်အဆင် service ၂ ခုကိုပြောချင်တယ်။ လူ service လဲ ဖော်ရွေတယ်။ ဖာလူဒါမှာတာ နောက်မှ serve မလား အခုစားမလားမေးတာ။ စားနေတုန်း အဆင်ပြေရဲ့လားလို့ တစ်ကြိမ်လောက်လာမေးတာ။ (တစ်ကြိမ်လောက်လာမေးတာအတော်ပဲ။ အကြိမ်ကြိမ်လာမေးလဲ Annoy ဖြစ်တယ်လေ။ 😇) တစ်ချို့ စလုံးက မြန်မာဆိုင်တွေလို လာစားတဲ့သူတွေက ငါတို့လောက်မှ မချမ်းသာဘူးဆိုတဲ့ ဆက်ဆံရေးမျိုး မဟုတ်ဘူးကွာ။ (So kudos to that Bro! If he is employee, raise his pay. 😝)




ဆိုင်အပြင်အဆင်၊ ပန်းချီကား၊ logo design၊ သုံးတဲ့ ဇွန်းခွက် detail တွေ အကုန် သဘောကျတယ်။ ဆိုင်လေးက သန့်သန့်ပြန့်ပြန့် သားသားနားနားရှိတယ်။ နိုင်ငံခြားသား သူငယ်ချင်းကို မြန်မာစားသောက်ဆိုင်ဆိုပြီး ကောင်းကောင်း ခေါ်သွားလို့ရတယ်ကွာ။ ဆိုင်ရဲ့ Theme color ကို Blue Tone နဲ့ ရွှေရောင်ကို သုံးထားတယ်။ It gave me cozy and grand vibe at the same time. ဆိုင်ရဲ့ ဒီဇိုင်းကိုသေချာလေး စဉ်းစားပြီးပြင်ထားတဲ့ အားစိုက်ထုတ်မှုကို သဘောကျမိတယ်။



၃) Food Review

Service ပိုင်းပြောပြီးတော့ အဓိကအကျဆုံးက အရသာပေါ့။ စားသောက်ဆိုင်တစ်ဆိုင်မှာ တခြားဟာတွေ အကုန်ကောင်းပေမဲ့ အရသာမကောင်းရင်လဲ သူငယ်ချင်းတွေကို recommend မပေးချင်ဘူး။ ပြီးတော့ ကိုယ်က Authentic ဖြစ်တာကိုပိုကြိုက်တယ်။ ထိုင်းဆိုင်သွားရင် ထိုင်းစာစစ်စစ်၊ ကုလားဆိုင်သွားရင် ကုလားစာစစ်စစ်ပဲ စားချင်တယ်။ လိုကယ်ပါးစပ်နဲ့ကိုက်အောင် Fusion တွေလုပ်ထားမယ်ဆိုလဲ Fusion restaurant ဆိုပြီး အစကတည်းကရေးထားလိုက်။ ဒီမှာကျ မြန်မာနည်းတော့ စားသောက်ဆိုင်ဖွင့်မယ်ဆို အနည်းနဲ့အများ လိုကယ်စားနိုင်လောက်မဲ့ ဟာမျိုးလေးတွေပါမှလဲ စားသောက်ဆိုင်က ရပ်တည်နိုင်မှာကို နားလည်ပါတယ်။ အဲ့လိုဆိုလဲ local အကြိုက် session တစ်ခု Menu မှာ လုပ်ထားတာပဲဖြစ်ဖြစ်၊ spice level မေးတာမျိုးပဲဖြစ်ဖြစ် ထားတဲ့ စားသောက်ဆိုင်မျိုးဆို ပိုသဘောကျတယ်။ အရသာက မြန်မာအစားအစာကိုပဲ မြန်မာပါးစပ်နဲ့သိပ်မကိုက်ရင် စိတ်မကောင်းစွာနဲ့ ကိုယ်ပြန်မသွားမဲ့ဆိုင်အနေနဲ့ ဆိုင်နာမည်တောင် မှတ်မထားဘူးပေါ့နော်။ နောက် တခုကကျတော့ မြန်မာ အစားအစာ အရသာ အစစ်မဟုတ်ပဲ ဒါက Authentic အရသာလိုလို မသိတဲ့သူေတွကို informed မလုပ်ပဲ ေရာချတာမျိုး မြကိုက်ဘူး။ (I mean it is ok to sell fusion dishes or adjust the taste according to local but it must be informed to customers because they will not get that taste if they visit Myanmar. Their expectation must be set correctly.)

အခု Myanmar corner ကိုလဲ အဲ့လိုမဖြစ်ဖို့ မျှော်လင့်ချက်နဲ့ သွားတာပေါ့နော်။

အရင်ဆုံး နန်းကြီးသုတ်လာချပေးတော့ အစားအသောက်အပြင်အဆင် plating ရယ်၊ အနံ့ရယ်ကတော့ pass ပြီ၊ စားကြည့်တော့လဲ ကိုယ့်အ​ကြိုက်စပ်စပ်လေး။ ဟင်းချိုလေးလဲ ကောင်းတယ်။ အသားစားကြီးတဲ့ ကိုယ့်အတွက် အသားလဲ လုံလုံလောက်လောက်ပါတယ်။ ဒီတော့ pass ပါ၏။




နောက် ဆိတ်သားဟင်းနဲ့ ထမင်း၊ ဆိတ်သားက နူးအိပြီး မညှီဘူး။ ကိုယ့်အတွက် ဆိတ်သားဟင်းဆို ညှီနံ့ကျန်ရင် မကြိုက်ဘူး။ ဒါပေမဲ့ ညှီနံ့ပျောက်အောင် မဆလာတွေ ဇွတ်ထည့်လဲ မကြိုက်ဘူး။ (အရမ်းနော်... ဘယ်လို ဟာလဲ မသိဘူးနော် 😌။) ဆိတ်သားဟင်းနဲ့ ထမင်းလဲ ကောင်းပါ၏။





ကြေးအိုးကိုတော့ မြန်မာပြည် ကြေးအိုးဘုရင်တို့ YKKO တို့ကလွဲရင် နိုင်ငံခြားမှာစားရတာတော်တော်များများက သိပ်တန်းမမှီတာများတယ်။ ဒီတော့ အရမ်းမျှော်လင့်မထားခဲ့ဘူး။ ဒါပေမဲ့ ရောက်လာတော့ ကြေးအိုးအရည်နံ့က ကြက်သွန်ကြော်နံ့မွှေးမွှေးလေးနဲ့ အရသာမြည်းကြည့်တော့လဲ သြစီတွင်း စားဖူးသမျှထဲတော့ သူအကောင်းဆုံးပဲ။ အသားလုံးက အရသာနည်းနည်းလိုတယ်လို့ ကိုယ်ထင်ပေမဲ့ Texture ကတော့ အနေတော်ပဲ။ ပြောရရင် မြန်မာပြည်ကကြေးအိုးကိုမမှီသေးပေမဲ့ သြစီမှာ စားဖူးသမျှကြေးအိုးထဲတော့ အကောင်းဆုံးပေါ့။ (ကိုယ်မစားဖူးသေးတဲ့ ဆိုင်တွေလဲ ကျန်သေးတော့ ဒါက ကိုယ်စားဖူးသမျှ သြစီက မြန်မာကြေးအိုးတွေနဲ့ပဲ ယှဉ်ပြောတာပါ။ ကောင်းတဲ့ဆိုင်ရှိရင် ဘယ်မြို့ ဘယ်နယ်မှာလဲ လက်တို့ပေးခဲ့နော်။ 😁)





ဖာလူဒါကတော့ အရမ်းမချိုပဲ စိမ့်စိမ့်လေးနဲ့ကောင်းပေမဲ့ ပူတင်းမပါတော့ ဖာလူဒါက မပြည့်စုံဖူးလို့ ဆိုမယ်။




အကောင်းဆုံးနဲ့ သဘောအကျဆုံးကတော့ မြန်မာလဘက်ရည်ပါ။ လာချပေးတဲ့ ခွက်လေးကလဲ ဆိုင်လိုဂိုလေးနဲ့ အသေအချာလေး customised ပြင်ဆင်ထားလို့ သဘောကျမိတယ်။ သောက်လိုက်တော့လဲ အရသာက တကယ့်မြန်မာပြည်က ကျစိမ့်အရသာ နို့စီနဲ့ဖျော်ထားတာ။ နိုင်ငံခြားက မြန်မာဆိုင်တွေ သောက်ဖူးသမျှမှာ ဒီဆိုင်က လဘက်ရည်က မြန်မာပြည်နဲ့ငယ်ဘဝအမှတ်တရတွေကို ပြန်လည်ခေါ်ဆောင်ပေးနိုင်တယ်။ ကိုယ့် Mr.Right က မြန်မာလဘက်ရည်ကြိုက်သူမို့ သူ approve တယ်ဆိုရင် ဒါဟာ တကယ် မြန်မာပြည်ကလဘက်ရည်နဲ့ တူလို့ပဲ။ ဒါပေမဲ့ ကျစိမ့်လေးဆိုတော့ မြန်မာပြည်ကသောက်နေကျလောက် တအားအချိုကြီးမဟုတ်တာကို ကိုယ်က သဘောကျတယ်။ (အချိုမကြိုက်တဲ့သူတွေအတွက်တော့ အရသာက အချိုကဲချင်ကဲတယ်ထင်မယ်။ ဒါပေမဲ့ မြန်မာပြည်က လဘက်ရည်ဆိုင်တွေက တော်တော်အချိုကဲတယ်လို့ ကိုယ်ကတော့ထင်တယ်။ ဒီဟာလေးက ကိုယ့်အတွက်အတော်ပဲ။)





Overall ကတော့ ကျေနပ်မိလို့ ကန်ဘာရာရောက်ဖြစ်ရင် ကိုယ့်မြန်မာလူမျိုးအစားအစာ လုပ်ငန်းကောင်းလေးတစ်ခု ရေရှည်တည်တံ့ရပ်တည်နိုင်အောင်ရော၊ တကယ်လဲ ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ Service ရယ်၊ အရသာ ကောင်းတဲ့ စားသောက်ဆိုင်လးမို့ သွားရောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆိုင်ဖွင့်ချိန်တွေကို ပုံထဲမှာပဲ ကြည့်လိုက်ပါ။






Thursday, June 20, 2024

အက်ဒလေးမြို့ရဲ့ Minty အလှ

အက်ဒလေးမြို့ရဲ့ Minty အလှ
 ➖➖➖➖➖➖➖➖➖


 📨 2023 ၃ လပိုင်းလောက်မှာ ကျောင်းက ဆရာဆီကနေ စိတ်ဝင်စားတဲ့ ကျောင်းသားတွေ ဝင်ပြိုင်လို့ရတယ်ဆိုပြီး အီးမေလ်းရတယ်။ ပြိုင်ပွဲဝင်ထဲက Winner 12 ယောက်ကို Adelaide ရဲ့ Leading Creative Advertising Company ကြီး ၆ ခုကို သွားရောက်လေ့လာခွင့်ရမှာဖြစ်ပြီး နေ့လည်စာနဲ့လဲ တည်ခင်းဧည့်ခံမဲ့အပြင် ရွေးချယ်ခံရတဲ့သူတွေကို Next Round အနေနဲ့ Cancer Council အတွက် Billboard design တစ်ခု လုပ်ပေးရမယ်။ ကိုယ့် Design ကို presentation လုပ်ပြီးရင် ရွေးချယ်ခံရသူများရဲ့ Design ကို Adelaide မြို့လည်ခေါင် လူအစည်ကားဆုံး Shopping district က အကြီးဆုံး Billboard မှာ Display ခံရမယ်။ ဒါဟာ ကိုယ့်လို (အဲ့အချိန်က local experience မရှိခင်) လူအတွက် နောက်ပိုင်း အလုပ်အကိုင်အခွင့်အလန်းတွေ အလုပ်လျှောက်လွှာတွေမှာ Local Achievement အနေနဲ့ ထည့်လို့ရတယ်။ ကိုယ်လဲ အဲ့အချိန်က အားနေတော့ ဘယ်လိုပြိုင်ရမလဲ မသိပေမဲ့ အဲ့ပြိုင်ပွဲကို "ရလဲ အမြတ်၊ မရလဲ အရင်း" ဆိုပြီး Register လိုက်တယ်။

 🌿 ဝင်ခွင့်ပြိုင်ပွဲအနေနဲ့ entry က Adelaide မြို့လေးသာ Flavour တစ်ခုဆိုရင် ဘယ်လို Flavour ​မျိုးဖြစ်မလဲတဲ့။ Entry ကို ပန်းချီဖြစ်စေ၊ Design နဲ့ဖြစ်စေ၊ စာရေးပြီးဖြစ်စေ၊ ကဗျာနဲ့ဖြစ်စေ တင်လို့ရတယ်။ ကိုယ်က ပန်းချီလဲ မဆွဲတတ်ဘူး။ စာရေးဖို့ကလဲ Adelaide ပြောင်းလာပြီးကတည်းက အိမ်ရှင်မလုပ်နေတာ၊ အခုကျောင်းစတက်မှ ဆရာတွေ တခြားကျောင်းသားတွေနဲ့ တစ်ပတ် ၁ ရက်လောက် English လိုပြောဖြစ်တာ။ အဓိကကတော့ စာရေးဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာပေါ့။ 

 🌿 ဒါပေမဲ့ Idea ကတော့ ရှိတယ်။ အက်ဒလေးမြို့လေးက ပူရှိန်းအရသာလေးလိုလတ်ဆတ်တယ်။ ပူစီနံရွက်လေးလို လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်တယ်။ သြစတေးလျရဲ့ တခြားမြို့တွေနဲ့ယှဉ်ရင် သေးတယ်ထင်ရပေမဲ့။ လိုအပ်တာမှန်သမျှ အကုန်ရှိတယ်။ ကိုယ့်အတွက် ပို သာတာက တခြားမြို့တွေလို လူမရှုပ်တာ။
🛬 အခုဒီနှစ်ထဲ Adelaide ကို ပြောင်းရွေ့နေထိုင်သူတော်တော်များလာလို့ သိသိသာသာ လူ၊ ကား ပိုရှုပ်လာပေမဲ့ တခြားမြို့ကြီးတွေလောက်ထိ မဆိုးသေးဘူး။ နေရာတိုင်း စိမ်းစိမ်းစိုစိုနဲ့ အဆောက်အဦး အမြင့်ကြီးတွေဆိုတာ မြို့ထဲလောက်ရှိတာဆိုတော့ နေရာတိုင်း လေကောင်းလေသန့်ရတယ်။ 
 🌿 ယဉ်ကျေးမှု လူမျိုးပေါင်းစုံရှိတယ်။ တရုတ်တန်းအကြီးကြီးရှိတယ်။ အန္ဒိယတို့ အရှေ့အလည်ပိုင်းတို့ အစားအစာတွေလဲ ပေါတယ်။ ကိုရီးယား၊ ဂျပန်၊ အရှေ့တောင်အာရှ အစားအစာတွေလဲရတယ်။ Culture စုံတယ်။ ပူစီနံရွက်လေးကို ရေနွေးကြမ်းလုပ်သောက်သောက် အစားအစာထဲ ထည့်ဖြူးဖြူး၊ အချဉ်ပဲ လုပ်လုပ် အားလုံးသင့်တော်သလို၊ ပူရှိန်းသကြားလုံးလေးလို လန်းဆန်းတဲ့ breath ကိုလဲ ပေးတယ်။ 

 😇 ကိုယ်ရေးချင်တာတွေအကုန်လုံးကို ချရေးပြီး AI ကု ကဗျာစပ်ခိုင်းလိုက်တယ်။ ၂ ခေါက် ၃ ခေါက်တော့ လိူချင်တာရအောင် ပြန်ပြင်ခိုင်းရတာပေါ့။ ပြီးတော့မှ ကဗျာလေးကို အလှ design ဆင် ပိုစတာပုံလေးလုပ်ပြီး entry ဝင်လိုက်တယ်။ ရချင်လဲ ရ၊ မရလဲနေပေါ့။ မျှော်လင့်ချက်တော့ သိပ်မထားခဲ့ဘူး။ ဒါပေမဲ့ အရွေးခံရတဲ့ ၁၂ ယောက်မှာ ကိုယ်ပါခဲ့တယ်။ 

 💡 ဒီလိုနဲ့ နောက် တစ် round အတွက် briefing သွားရတော့ ကျန်တဲ့သူတွေအကုန်က Design သမား လူငယ် ကျောင်းသား/သူတွေ၊ ကိုယ်တစ်ယောက်တည်း ၃၀ ကျော် စာရေးပြီး ဝင်ပြိုင်တဲ့သူ။ 😁 တော်သေးတာပေါ့ ပုပြီး (အာရှသူ ဆိုတော့) သူတို့နဲ့ယှဉ်ရင် နုနေတော့ ကိုယ့်ကို သူတို့နဲ့ ရွယ်တူပဲ ထင်ကြမှာ။ ( Asian don't raisin ဆိုပြီးတောင် စကားရှိတယ်။)
အဲ့နေ့မှာပဲ Creative Agency ၆ ခု လိုက်ပို့ပြီး Industry တွေနဲ့ ကုမ္ဗဏီတွေအကြောင်းလိုက်နားထောင်။ ကုမ္ဗဏီတွေက ကျွေးတဲ့မုန့်စား၊ ပေးတဲ့ လက်ဆောင်ယူ။ တချို့ကုမ္ဗဏီတွေက သူဌေးကိုယ်တိုင် presentation လုပ်ပေးတော့ သူများတွေက linkedin မှာ အဲ့သူဌေးကိုဝိုင်း အက်တာတွေ့တော့ ကိုယ်လဲ မဝင်တာကြာတဲ့ linkedin ဖုန်ခါဝင်ပြီး လိုက်အက်... 🤣 နောက်သူဌေးတွေတော့ ပျင်းလို့ မအက်တော့ဘူး။ ကိုယ်က အထက်ဖားအောက်ဖိလုပ်တတ်တဲ့သူမျိုးလဲမဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ် အချိန်တန်အိမ်ပြန်တဲ့သူမျိုး။ သူဌေး သတိမထားမိလေ ကြိုက်လေ လူစား။ (မကောင်းဘူးနော်... တက်လမ်းကိုမရှိတာ။ 😌)
နောက်တစ် round အတွက် briefing ကို Cancer council head office မှာ လုပ်တယ်။ သူ ကမှ Billboard မှာ ပြမဲ့ design. သူက ၂ ယောက်တစ်တွဲ သူတို့ တွဲပေးသူနဲ့ အတူတူ Design လုပ်ရမှာ။ ကိုယ်ကျတာက Design major နဲ့ တက္ကသိုလ်တက်နေတဲ့ကျောင်းသူလေးတစ်ယောက်။ ကိုယ်က Design softwear တွေနဲ့ ပုံဆွဲတာမှာ သူ့လောက်တော့ အားမသာဘူးလေ။ ဒီတော့ ကိုယ့် အိုင်ဒီယာပဲ contribute ရတာပေါ့။ လုပ်ရမဲ့ခေါင်းစဉ်က Skin cancer awareness အတွက် လူတွေကို Sun smart လုပ်ဖို့ တိုက်တွန်းရမှာ။ သြစီမှာ 90s လောက်က TV မှာ Sun smart campaign တစ်ခုအောင်မြင်ခဲ့တာရှိတယ်။ အဲ့ဒါက Sid လို့ အမည်ရတဲ့ Seagull ငှက် mascot လေးက သီချင်းဆိုတာ Slip, slap, slop, seek and slide ဆိုပြီးတော့။ ကိုယ်ကတော့ မသိဘူးပေါ့။ ဒါပေမဲ့ အဲ့အကြောင်းကိုပြောတော့ သြစီအားလုံးက သိတယ်။ သူတို့ရဲ့ childhood သီချင်းလိုတောင်ဖြစ်နေတယ်။ ကိုယ်တွေ မြန်မာပြည်မှာ ထက်ထက်မိုးဦးရဲ့ ပန်... ပန်... ပန် ပန်... ပန် ရွှေစင်ကြော်ငြာလိုပေါ့။ သူတို့ကို အကဲခတ်တာနဲ့ အားလုံးက အဲ့ mascot နဲ့သီချင်းအပြင် သူတို့ရဲ့ ငယ်ဘဝကိုပါ feeling attached တွဲပါတယ်ဆိုတာ ကိုယ်ခံစားလို့ရတယ်။ ဒါနဲ့ ကိုယ့် Team partner ကို အဲ့ mascot ကိုပဲ ပြန်သုံးပြီး nostalgic theme အနေနဲ့ လုပ်မယ်ဆိုရင် လူတွေက ကိုယ်ငယ်ငယ်က ရင်းနှီးတဲ့အရာကိုဆို ပိုသတိထားမိကြတယ်လေ။ Billboard ဆိုတော့ စာလုံးကြီးလေ လူပိုမြင်လေပဲ။ တခြားစာတွေမထည့်ပဲ အဲ့ slogon ကိုပဲ အကြီးကြီးထည့်မယ်ပေါ့။ Designer partner ကတော့ Designer တို့ထုံးစံအတိုင်း font ရွေးတာနဲ့ Seagull ကို လိုချင်တဲ့ ကိုယ်နေဟန်ထား အင်တာနက်က မယူပဲ သူကိုယ်တိုင် အစအဆုံးထိုင်ဆွဲ၊ လိုအပ်တဲ့ organizations logo တွေထည့်ပြီး Presentation နေ့ကျတော့ သူက အဖြူမ ဖြစ်ပြီး လူရှေ့ စကားမပြောရဲဘူး။ ကိုယ်က Presentation လုပ်ရတာ ကြိုက်တယ်။ (ရတာသာပျင်းတာ၊ လက်တန်းပြောဆိုလို့ကတော့ ပြောတာပဲ။) ကိုယ်ပဲ Present လုပ်။ နောက်တော့ Rundel Mall က Billboard ကြီးမှာ ကိုယ့် ဒီဇိုင်းကြီး ပေါ်လာတာကို စောင့်ကြည့်... ဘာရယ်မဟူတ်ဘူး ပျော်တာပေါ့။
🔎 အဲ့ဒိအချိန်တုန်းက အိမ်ရှင်မဆိုပြီး တချို့အသိုင်းအဝိုင်းလူတွေက အထင်သေးသလိုလို၊ တစ်ခုခုဆို ကိုယ့်ယောကျ်ားကိုပဲ အလေးထား ပြောချင်တာမျိုး၊ ကလေးမွေးနေ့ဖိတ်တာတောင် ကိုယ့်ယောကျ်ားကိုပဲ လှမ်းဖိတ်တာမျိုး (ကိုယ်သွားမယ်ဆိုမှ လာမှာ မသိဘူးလား၊ မသွားပါဘူး။) အခုလို ကိုယ့်အရည်အချင်းနဲ့ကိုယ် Accomplishment လေးရတော့ self confident လေး မြင့်တာပေါ့နော်။ အခုလို Confidence ရှိသွားတော့လဲ တခြားလူတွေက တမင်လုပ်တာဟုတ်ချင်မှလဲ ဟုတ်မယ်၊ ကိုယ်တိုင်က Self-esteem ကျနေလို့အဲလိုခံစားရတာလဲ ဖြစ်နိုင်တယ်လို့တွေးမိတယ်။ တမင်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကိုယ့်စိတ်တွင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည့်မှုရှိနေရင် အပြင်ကလူတွေ ဘာလုပ်လုပ်က အဓိကမကျတော့ဘူး။ ဘယ်သူ့ကိုမှလဲ ကိုယ်တန်ဖိုးကို အသိမှတ်ပြုခိုင်းနေစရာမလိုဘူး။ ကိုယ့်တန်ဖိုးကိုယ်သိနေရင် ကိုယ့်ကိုအလေးထားတဲ့မိတ်ဆွေတွေ ကိုယ်နဲ့ type တူတဲ့ မိတ်ဆွေတွေဆိုတာ အလိုလို တွေ့ရှိလာမှာပဲဆိုပြီး ကိုယ့်ကိုကိုယ်ငြိမ်းချမ်းရေးပြန်ရသွားတယ်။ 

 🎊 သေချာအောင်လို့ Organiser ကိုတောင် မေးလိုက်သေးတယ်။ ပြိုင်ပွဲဝင် entry က ၁၂ ယောက်ထက်တော့ ပိုပါတယ်နော်ဆိုတော့၊ Definitely more than 12. You are here because you deserved it. တဲ့။ 

 😇 တစ်ခါတစ်လေ တစ်ချို့အရာတွေက လုပ်ကြည့်လိုက်ဖို့ပဲလိုတယ်။ ကိုယ်ထင်တာထက် ကိုယ်ပိုလုပ်နိုင်တယ်။ ပြီးတော့ ကိုယ့်အတွက် မခက်ခဲပဲ အလွယ်တကူလုပ်လို့ရနေတိုင်း ဒီအရာက လူတိုင်းလုပ်တတ်မှာပါလို့ ကိုယ့်ကိုကိုယ်အထက်မသေးသင့်ဘူး။ တချို့အရာတွေက ကိုယ့်မှာ ပါရမီပါလာတာတွေလဲ ဖြစ်တတ်တယ်။ 

 🙏 တကယ်လို့များ မိမိကိုယ်ကိုယ် ငါလုပ်နိုင်ပါ့မလား သံသယဝင်ပြီး ရှေ့ဆက်ဖို့ ခွန်အားလိုနေတဲ့သူတွေရှိရင် မဗေဒါပြောချင်တာက လုပ်ကြည့်လိုက်ပါ။ လုပ်နိုင်တာကများပါတယ်။ မအောင်မြင်ခဲ့ရင်တောင် အနည်းဆုံးတော့ လုပ်နိုင် မနိုင် ကိုယ့်အတွက် သိသွားနိုင်သလို၊ နောက်တစ်ခါကျ ငါ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အတွေ့အကြုံကပေးတဲ့ သင်ခန်းစာတွေရနိုင်လို့ အရှုံးမရှိပါဘူး။ #achievement #believeinyourself #AdelaideLifestyle #Adcrawl2023

Tuesday, May 23, 2023

Adelaide မြို့ရဲ့ အမှိုက်ပစ် စနစ်

ဒီနေ့တော့ တောင်သြစတေးလျပြည်နယ် အက်ဒလေးမြို့လေးရဲ့ အမှိုက်သိမ်းစနစ်လေးအကြောင်း ပြောပြရင်း အက်ဒလေးရဲ့ ဆောင်းတွင်အလှ လမ်းလေးတွေကို ရိုက်ပြီးတင်ပေးထားတယ်။
ဒီနေ့မနက် လမ်းလျှောက်ထွက်တဲ့ လမ်းတစ်လျှောက် အမှိုက်ပုံးတွေ ထုတ်ထားတာမြင်လို့ ဒီအကြောင်းလေးပြောပြဖို့ ခေါင်းထဲရောက်လာခဲ့တာ။ တနိုင်ငံနဲ့တစ်နိုင်ငံ အမှိုက်သိမ်းစနစ်တွေမတူကြဘူး။ အမှိုက်ဆိုတာ ပြောတော့သာတန်ဖိုးမရှိတာ အဲ့ဒိအမှိုက်သိမ်းစနစ်ကောင်းကောင်းမလုပ်နိုင်ရင် နိုင်ငံ image လဲ မကောင်းသလို ကျန်းမာရေး ကပ်ဘေး ၊ သဘာဝပတ်ဝန်းကျင် စတာတွေကို အတော်ထိခိုက်ပြီး လူမှုဂေဟစနစ်ကြီးအတွက် အန္တရာယ်ရှိနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ်။ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ကောင်းအောင် ကာကွယ်ရမှာကိုယ့်တာဝန်ဆိုတာကို အစိုးရက ပညာပေးတွေရော လိုအပ်တဲ့ အချက်အလက်တွေ အလွယ်တကူရှာနိုင်အောင်ရော လုပ်ပေးပြီး သူတို့နိုင်ငံသားတွေကို ရိုက်သွင်းထားတယ်ပြောရမယ်။ သြစီနိုင်ငံသားတွေက သဘာဝပတ်ဝန်းကျင်ကို အရမ်းအလေးထားကြသလို အဲ့လို သဘာဝဆန်နေတာကို သူတို့က သူတို့နိုင်ငံအတွက် ဂုဏ်ယူနေကြသေးတာ။ ပလပ်စတစ်အသုံးပြုမှုလျော့ချဖို့ ဆိုင်တွေက ကြွပ်ကြွပ်အိတ် အလကားမပေးဘူး။ ပေးတဲ့ဆိုင်လဲ သူတို့ကိုယ်တိုင်က မကြိုက်ချင်ကြသေးတာ။ အခုဆို အစိုးရက Disposible plastic ဗူးတွေကို ဥပဒေနဲ့တားမြစ်တဲ့အထိ လုပ်လာတော့ ပိုဆိုးတယ်။ (ကြွပ််ကြွပ် အိတ်အလကားပေးတာ ကု လား ဆိုင်ပဲ ကျန်တော့တယ်။ တ ရုတ် ဆိုင်တွေက သဘာဝပတ်ဝန်းကျင်ထက် တစ်အိတ် ၁၅ပြားနဲ့ရောင်းရတာကို ကြိုက်နေတာနေမှာ 😝)
စလုံးမှာနေတုန်းက HDB တိုက်ခန်းတွေရဲ့ အမှိုက်ပစ်စနစ်ကျတော့ ဆောက်ကတည်းက မီးဖိုချောင်မှာ ဖြစ်စေ တိုက်ရဲ့ သတ်မှတ်ထားတဲ့ တစ်နေရာမှာဖြစ်စေ အမှိုက်ပစ်တဲ့ ပိုက်လိုင်းတွေကနေ အောက်ကို တန်းပစ်ချလိုက်ယုံပဲ အမှိုက်သိမ်းရက်ရောက်ရင် သိမ်းတဲ့လူက အောက်က အပေါက်ကိုဖွင့်ပြီး ကားနဲ့ အမှိုက်ပုံးလိုက်ကော်ထိုးသိမ်းသွားပြီး empty bin ကို ပြန်အစားထိုးခဲ့တာပေါ့နော်။ လက်နဲ့ထိစရာမလိုပေမဲ့ နံတော့ နံတာပေါ့။ အက်ဒလေးမှာကျတော့ အိမ်တိုင်းမှာ အဝါ၊ အစိမ်း၊ အနီ တချို့ရပ်ကွက်တွေကျတော့ အဝါ၊ အစိမ်း၊ အပြာ ဆိုတဲ့ အမှိုက်ပုံးကြီး ၃ ပုံး အိမ်တိုင်း ခြံတိုင်းမှာရှိတယ်။ လမ်းအလိုက် ရပ်ကွက်အလိုက် တစ်ပတ်မှာ သတ်မှတ်ထားတဲ့ တစ်ရက်ကို သတ်မှတ်ထားတဲ့အမှိုက်ပုံးအရောင်ကို ပလက်ဖောင်းနားမှာ ထုတ်ထားရတယ်။ အခုပုံတွေထဲကလို ထုတ်ထားရတာ။ အမှိုက်ကားကြီးက ယာဥ်မောင်းတစ်ယောက်ပဲ ပါတယ်။ နောက်က ခေါင်းလောင်းလိုက်တီးတဲ့သူလဲ မပါဘူး။ အစိမ်းပုံး သိမ်းတဲ့ ကားက အစိမ်းပုံးကို ကားမှာ အော်တိုပါတဲ့ စက်ရုပ် ခွကြီးနဲ့ မပြီး သူ့ အမှိုက်ကားကြီးထဲ ပစ်ထည့်လိုက်တာပဲ။ အဝါပုံးသိမ်းတဲ့ကားကလဲ သူ့အချိန်နဲ့လာပြီး အဲ့လိုပဲ ခွကြီးနဲ့မပြီး အမှိုက်ကားထဲ လောင်းထည့်လိုက်ပြီး ပုံးကို ပြန်ချခဲ့တယ်။ အဝါရောင်ပုံးက Recycling Bin အစိမ်းရောင်ပုံက Organic Bin အနီရောင်ပုံး/အပြာရောင်ပုံး က Landfill general Waste Bin ဘယ်ပုံးမှာ ဘာထည့်ရမလဲက အကြမ်းဖျင်းတော့ နည်းနည်းမှန်းလို့ရကြမှာပါ။ ဒါပေမဲ့ မသေချာရင်လဲ တင်ပေးထားတဲ့ ပုံတွေထဲက နောက်ဆုံးပုံ ဇယားလေးကို ကြည့်နော်။ တကယ်တော့ အမှိုက်တွေကို စပစ်ကတည်းက အိမ်တွင်းအမှိုက်ပုံးအသေးတွေထဲကို စနစ်တကျ ခွဲပစ်ရင် ကိုယ့်အတွက် ဘယ်လောက်မှ မပင်ပန်းပေမဲ့ အမှိုက်သိမ်းစနစ်ကြီးရဲ့ process တစ်ခုလုံးကို အရမ်းအထောက်အကူပြုလို့ အမှိုက်မှန်မှန်ပစ်ပြီး ကြံဖန် ဂုဏ်ယူလို့ရနေသေးတာ။
အပတ်တိုင်း အနီပုံး General Waste က ထုတ်ရတယ်။ အစိမ်းနဲ့ အဝါကျတော့ တလှည့်စီထုတ်ရတယ်။ နွေရာသီမှာဆိုရင် အစိမ်းပုံးက ကိုယ့်အိမ်က ဟင်းအရမ်းချက်စားတော့ မီးဖိုချောင်အမှိုက်ကများ ရာသီဥတုပူတော့ အမှိုက်တွေက ပိုနံတယ်။ တစ်ခါက အဲ့ဒါကို သူများတွေ ဘယ်လိုလုပ်လဲ ရှာကြည့်တော့ Garden ထဲက သစ်ရွက်ခြောက်တို့ ဘာတို့ရှိတယ်ဆိုရင် မီးဖိုချောင်အမှိုက်အိတ်ပစ်ပြီးရင် အဲ့လို Garden အမှိုက်နဲ့ အုပ်ရင်အုပ်။ မဟုတ်ရင် သူတို့က စားစရာအမှိုက်တွေကို အမှိုက်ပုံးထဲ မထည့်သေးပဲ ရေခဲသေတ္တာထဲထည့်ခဲထားပြီး ပစ်ရမဲ့ရက်ကျမှ အမှိုက်ပုံးထဲ ထည့်တယ်ဆိုပဲ။ ကိုယ်က အဲ့လောက်ထိတော့ သဘာဝပတ်ဝန်းကျင် မစောင့်ထိန်းနိုင်ဘူး။ အိမ်က ရေခဲသေတ္တာက ကိုယ့်ဟာနဲ့ကိုယ့်မုန့်နဲ့ပြည့်နေတာ။ အမှိုက်တော့ ထည့်မသိမ်းနိုင်ဘူး။ အဲ့ဒါကြောင့် အစိမ်းပုံပစ်ရမဲ့ အပတ်ဆို မမေ့အောင် နေရတယ်။ မေ့သွားရင် နောက်တစ်ပတ်ကျော်မှပစ်လို့ရတော့မှာ။
တခြား ဓာတ်ခဲတို့ ဂတ်စ်ဗူးတို့ လျှပ်စစ်ပစ္စည်း တီဗွီတို့ ပန်ကာတို့ကျတော့ သတ်မှတ်ထားတဲ့ အနီးဆုံး Drop off point တွေမှာ သွားပစ်ရတယ်။ သူကလဲ ဖွင့်တာ အချိန်နဲ့ဆိုတော့ တစ်ခါတစ်လေ အဲ့ဒါတွေပစ်ဖို့ အားစိုက်ထုတ်ရတယ်။ 😁 တချို့ officework တို့လို စာရေးကရိယာဆိုင်အကြီးကြီးတွေ၊ လူနေမှုပစ္စည်းအစုံပလုံရောင်းတဲ့ Bunning wearhouse တို့လိုဆိုင်မျိုးတွေ အရှေ့မှာလဲ အီလက်ထရောနစ်ပစ္စည်းပစ်လို့ရတဲ့နေရာရှိတယ်။ ဒီမှာက ဂတ်စ်မီးဖို အသေးလေးအတွက်သုံးတဲ့ ဂတ်စ်ဗူးလေးတွေကို တစ်ခါသုံးပဲရတယ်။ မြန်မာပြည်တုန်းက သံချေးကိုက်နေလဲ ဂတ်စ်ဆိုင်မှာ ထပ်ကာထပ်ကာသွားသွားဖြည့်ပြီး သုံးနေကျဆိုတော့ ဒီမှာ အသစ်ကြီးတွေ ပစ်ရတာ အလကားနေ နှမြောတဲ့စိတ်က ဖြစ်သေးတာ။ ဒီကလူတွေကျတော့ အဲ့လို ပြန်သုံးတယ်များကြားရင် ဘယ်လို အန္တရာယ်ရှိကြောင်း အံ့သြချက်မနဲ့ ကိုယ့်ကို တောထဲကလာတဲ့သူ၊ ကိုယ့်အသက်မှ မနှမြော ဂတ်စ်ဘူး နှမြော တယ်ပြောလိမ့်မယ်။ တစ်ခါတစ်လေကျတော့ မြန်မာပြည်မှာ ကြီးပြင်းပြီး အဲ့လို အန္တရာယ်ရှိတာတွေကိုလဲ ရှားပါးစျေးကြီးမှုနဲ့ နေသားတကျရှိလာတော့ ခေါင်းထဲမှာ အန္တရာယ်ရှိတာ မရှိတာ မစဉ်းစားတော့ဘူး ဖြစ်ကာမှ ဖြစ်ရောဖြတ်သန်းရတာတွေများတယ်။ အိမ်မှာက ခဏခဏ hot pot နဲ့ Mookata လုပ်စားလေ့ရှိတော့ အခုထိတောင် အဲ့ ဘူးတွေ လွှတ်ပစ်ရတိုင်း လွှတ်ပစ်သင့်တယ်ဆိုတာသိတာတောင် နှမြောစိတ်ကြီးက တားမရနော် ဘာမှန်းမသိဘူး။ ဆိုဖာတို့ ပရိဘောဂတို့လို အကြီးကြီးတွေ ပစ်ချင်ရင်ကျတော့ ကိုယ့်ရပ်ကွက် ကောင်စီ website ကဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် pickup လုပ်ဖို့ request ရတယ်။ သူတို့ pickup မဲ့ ရက်မှာ ပလက်ဖောင်းပေါ်ထုတ်ထားယုံပဲ။ တချို့ လူတွေက အိမ်ပြောင်း ဘာပြောင်း မယူချင်လို့ ပစ်ခဲ့ပေမဲ့ ပစ္စည်းတွေက သုံးလို့ရသေးတာတွေဆိုရင် Facebook group တွေ Market place တွေမှာ ကောင်စီက ဘယ်နေ့ pickupမို့ လိုချင်သူရှိရင် ဘယ်နေ့ ဘယ်လမ်းပေါ်မှာ ထားထားတယ် လာယူသွားလို့ရတယ် တင်ကြတယ်။ ဒီမှာက Second hand သုံးတာတို့၊ အဟောင်းပြန်ရောင်း ပြန်ဝယ်တာတို့က ပုံမှန်ပဲ၊ ဆင်းရဲလို့ သူများသုံးပြီးသားယူသုံးတယ်လို့ မမြင်ပဲ အသုံးအဆောင်တစ်ခုကို အသုံးဝင်မဲ့လူတစ်ယောက်ကို ပေးလိုက်တာ၊ သုံးလို့ရသေးတာကို အလဟသအဖြစ်မခံပဲ သုံးတာကို သဘာဝပတ်ဝန်းကျင်ထိန်းတယ်ဆိုပြီး ဂုဏ်ယူတဲ့သူတွေတောင်ရှိတယ်။ အမှိုက်ပစ်တာနဲ့ ပတ်သတ်သမျှ အချက်အလက်တွေ သိချင်ရင်ဖြစ်စေ၊ အတိအကျ ဘာ item ဘယ်ပစ်ရမလဲ သိချင်ရင်ဖြစ်စေ၊ အမှိုက်အမျိုးအစားပေါ်မူတည်ပြီး မှန်အောင်ပစ်နိုင်တာ ဘယ်လောက် လောကကြီးကို အကျိုးဖြစ်စေလဲဆိုတဲ့ ပညာပေးတွေဖြစ်စေ သိချင်ရင် www.whichbin.sa.gov.au မှာ သွားဖတ်လို့ရပါတယ်။
နောက်ပြီး မြို့နယ် council တွေရှေ့မှာလဲ pay it forward ဆိုပြီး အမျိုးသမီးလစဉ်သုံး ပတ်ကင်းပိတ်ထားတာမျိုးတွေ၊ ကလေးအသုံးအဆောင် ကောင်းသေး သန့်သေးတာမျိုးတွေ၊ မီးဖိုချောင်သုံး အိုးခွက်ပန်းကန် အကောင်းတွေကို လာထားထာလို့ရတယ်။ လိုချင်တဲ့သူတွေလဲ လာယူလို့ရတယ်။ လာမယူရင်လဲ လူမှုကူညီရေးအသင်းတွေကနေ လိုအပ်တဲ့နေရာတွေကို လိုက်လှူပေးတယ်။ သိပ်သဘောကျတာပဲ။ မြန်မာပြည်မှာတုန်းက ကိုယ်ကြုံ ခဲ့တဲ့ ငယ်ငယ်က အမှိုက်သိမ်းစနစ်ကတော့ လမ်းထဲကို အမှိုက်ကားကြီး ခေါင်းလောင်းတီးပြီးဝင်လာတာကို လိုက်ပြီး ပေးရတာ၊ အမှိုက်ရေတွေတောက်တောက်ကျ ပုရွက်ဆိတ်တွေရှိရင် ကိုက်ခံရသေးတာ။ နောက်ပိုင်း စလုံးက အလည်ပြန်လာရင်ကျတော့ တော်တော်လေးမဆိုးတော့ဘူး။ အမယ် ကြွပ်ကြွပ်အိတ်လေးတွေနဲ့ ထုတ်ပြီး လမ်းဘေးဓာတ်တိုင်နားတို့ ပလပ်ဖောင်းပေါ်တို့ ချထားကြတာ။ YCDC တွေက သူတို့လှည်းထဲ လာသိမ်း။ အဲ့ဒါကျ အောက်ထပ်အိမ်တွေအတွက် မကောင်းဘူး။ နံတာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံ မလှဘူးပေါ့။
နောက်ပိုင်းကျ မုန့်ဖိုးပေးရင် YCDC ကအိမ်ပေါ်ထိတက်ယူတာတွေ့တယ်။ ဒါမဲ့ နောက်ပိုင်းတွေပြန်တော့ ညဘက်ဆို လမ်းထိတ်ကြီးမှာ အမှိုက်တွေ လာပစ်ကြတာ အမှိုက်ပုံကြီးကို ဖြစ်လို့။ တခါတစ်လေ စဉ်းစားမရတာ အမှိုက်တွေ ကိုယ်လက်ကလွတ်ဗြွတ်လို့ မတွေးပဲ နည်းနည်း ရေရှည်တွေးကြည့်လို့ အဲ့အမှိုက်ပုံကြီး လမ်းထဲရှိနေလဲ ကိုယ့် ပတ်ဝန်းကျင်လေထုရော၊ ပိုးမွှားရော ထိခိုက်တာပဲ။ ဒါပေမဲ့ ဒါမျိုးက သေချာစဉ်းစားရင် တိုင်းပြည်ကို စီမံနေတဲ့ အုပ်စုညံ့လို့ပဲလေ။ နေရာယူချင်ပြီး တာဝန်မယူချင်တဲ့သူတွေ နေရာယူထားလို့ပေါ့။ ဆက်မပြောတော့ဘူး rant တွေ ဖြစ်ကုန်မယ်။
နောက်တစ်ခါ အခဲ မကြေတဲ့ အကြောင်းလေးပြောပြမယ်။ တစ်ခါ မြန်မာပြည်အလည်​ပြန်တော့ ရာသီလာတဲ့ pads ကို ဘယ်လိုပစ်ကြလဲလို့ သူငယ်ချင်းမလေးကိုမေးတော့ နောက်ဖေးလမ်းကြားကနေ ပစ်လိုက်တာပဲတဲ့... ဟဲ့... ပလုတ်တုတ်ကြီး... အဲ့ ပစ်လိုက်တဲ့ဟာက ကိုယ်မမြင်ရတော့တာပဲရှိတယ် ကမ္ဘာပေါ်ကပျောက်သွားတာမဟုတ်ဘူး။ အဝေးကြီးရောက်သွားတာမဟုတ်ဘူး။ ကိုယ့်နောက်ဖေးအိမ်အောက်မှာ ငုတ်တုတ်ကြီး... အောက်ထပ်အိမ်ကလူကို အားမနာဘူးဆိုရင်တောင် ကိုယ့်ကျန်းမာရေးကိုယ်ထောက်အုံးလို့ မပြောခဲ့ပါဘူး။ နောက်တစ်ယောက်ကကျတော့ အရမ်းအဆင့်မြင့်တာ ပြောလိုက်ရင် ဘယ်ဆယ်လီ ဘယ်ခရိုနီ သိတယ် ဆိုတာချည်းပဲ။ ပြီးကျတော့ အမှိုက်ကို ကားပေါ်ကနေ ပစ်ချတယ်။ ​သူက နိုင်ငံခြားပြန်ပဲဆိုတော့ စိတ်ထဲတော့ guilt ရှိပုံရတယ်။ ဘာပြောလဲဆိုတော့ ကိုယ်တစ်ယောက်တည်း မပစ်လဲ တနိုင်ငံလုံးပစ်နေကြတာ။ သူ့ဆယ်လီသူငယ်ချင်းကပြောတယ်တဲ့ (ဘယ်ဆယ်လီလဲ မပြောတော့ဘူး... ပြောပြချင်တာတော့အရမ်း) ဒါမြန်မာပြည်မို့ မြန်မာပြည်အထာပဲ လုပ်ရမှာပဲ။ ရောမရောက်ရက် ရောမလို့ ကျင့်ရမယ်တဲ့။ အော်... အဲ့လို အိတ်စ်ပတ်ထရိတ်တွေက နိုင်ငံကြီးကိုချစ်လို့ ပြန်အကျိုးပြုမလို့ ပြန်တာဆိုပြီး ဂုဏ်ယူနေသေးတာ။ 🤣 မြန်မာပြည် အမှိုက်ပစ်စနစ်ကို နှိမ်ချတာလဲ မဟုတ်ဘူး၊ လူတွေရဲ့ အမူအကျင့်ကို ရှုပ်ချချင်တာလဲ မဟုတ်ပေမဲ့... ကိုယ့်နိုင်ငံကို စီမံဖို့ နေရာဝင်ယူထားတဲ့ ငနဲတွေကဉာဏ်ရည်မှီလို့ ​​ော က် လုပ်ကောင်းကောင်းမလုပ်တာကို ပိုပြီး ခံပြင်းလေပဲ။ နိုင်ငံတစ်နိုင်ငံမှာ ဘာအဆင်မပြေပြေ ချီးက အစ အီးကအစ ဘာအဆင်မပြေပြေ မအလလို့သာ ကုန်းဆဲ.... အမှိုက်သေချာမပစ်နိုင်ရင်တောင် boycott လေးတော့ လုပ်ကြပေါ့။ 😁

Friday, September 20, 2013

ပြန်လာအုံးမည် သြစီ ဆီ - Sydney Last Day

ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာတော့ အစီအစဉ်တစ်ခုရဲ့ နောက်ဆုံးအချိန် Finale တွေလို ဝက်ဝက်ကွဲသောင်းကျန်းတော့တာပါပဲ… အဲဒိနေ့က ၁၅ရက် ဖေဖော်ဝါရီ ၂၀၁၃၊ သောင်္ကြာနေ့ဆိုတော့ ဆစ်ဒနီမြို့ခံသူငယ်ချင်း မောင်မောင် လဲ မိုးလင်းပေါက်ကဲလို့ရတဲ့ အခြေအနေ၊ ဟော… ဝူလုံကုန်းကနေ အလုပ်ကို ၁ရက်တိတိခွင့်ယူပြီး တစ်နေကုန် တူတူလျှောက်သွားခဲ့တဲ့အပြင် ဆစ်ဒနီ Fish Market ကို သေလောက်အောင် ရှာဖွေလမ်းလျှောက်ခဲ့တဲ့ သူငယ်ချင်း သန္တာကိုတော့ လေးစားပါတယ် (ကျော်ဟိန်းအသံ ကျော်ဟိန်းဟန်ဖြင့် ပြောသည်) လို့ပဲ ပြောချင်ပါတော့တယ်…

မနက်ပိုင်းမှာ ညီအစ်မ ၂ယောက် မနက် ၈နာရီလောက်မှာ ဟိုတယ်ကထွက်လာပြီး သန္တာနဲ့ မြို့ထဲမှာတွေ့ပါတယ်… အဲဒိရက်မှာ မဗေဒါအစ်မက လမ်းတွေကို ကောင်းကောင်းသိနေပြီဖြစ်လို့ ဟိုတယ်ကနေ မြို့ထဲကို လမ်းလျှောက်ပြီး သွားတတ်နေပါပြီ… ၁၅ မိနစ်လောက်ပဲလျှောက်ရပါတယ်… သန္တာနဲ့တွေ့တော့ မနက်စာအရင်စားမယ်ဆုံးဖြတ်ပြီး… ဆစ်ဒနီရောက်မှ ဓာတ်ကျနေတဲ့ Subway (သူက ဘယ်နိုင်ငံရောက်ရောက် အရသာက မပြောင်းတော့ စားရတာကောင်းတယ်) ကိုပဲ ဝင်စားဖြစ်ပါတယ်… အဲဒိနေ့မှာတော့ မဗေဒါဆီမှာ Cash လုံးဝမရှိတော့ပါဘူး… သန္တာဆီက လိုရမယ်ရ Cash AUD 50 လောက်ချေးထားပေမဲ့ ကဒ်နဲ့ပေးလို့ရတဲ့နေရာမှန်သမျှ ကဒ်နဲ့ပဲပေးဖြစ်ပါတယ်… ကောင်းတဲ့အချက်က ဆစ်ဒနီမှာ နေရာတိုင်း Vending Machine က အစ ကဒ်နဲ့ပေးပြီးဝယ်လို့ရပါတယ်… ဒိအတွက် သူမဆီက ချေးထားတဲ့ Cash AUD 50 ကို လုံးဝသုံးစရာမလိုပဲ ဆစ်ဒနီရဲ့ နောက်ဆုံးနေ့မှာ ခရက်ဒစ်ကဒ်ချည်းပဲ ပျော်ပျော်ကြီးသုံးပြီး အသက်ဆက်ခဲ့ပါတယ်…

Sydney Wildlife Park အတွေ့အကြုံ

ကျွန်မတို့က ညကတည်းက အွန်လိုင်းကနေ Combo ticket ဖြစ်တဲ့ ( Wildlife park + Sydney Aquarium = AUD 54 ) ကို ဝယ်ထားတော့ တစ်ခုချင်းစီ အဝင်ဝမှာဝယ်တာထက်သက်သာပါတယ်… မြို့လယ်ခေါင်မှာရှိလို့ Wildlife park ကို ဘယ်လိုမြို့လယ်မှာ ခံစားလို့ရမလဲလို့ အစကတွေးထားပေမဲ့… သူတို့က တိရိစ္ဆာန်တွေအတွက်ဆို ကိုယ့်ထက်တောင်ပိုတွေးပေးပါသေးတယ် (ရန်ကုန်တိရိစ္တာန်ရုံက ကျားမလေးကို ကျန်းမာရေးအရ Fasting လုပ်တယ်ဆိုပြီး သောင်္ကြာတစ်ရက် ဘာမှမကျွေးဘူးဆိုတာမျိုးရှိမယ်မထင်ပါဘူး)… လူတွေက အဲယားကွန်းပတ်လမ်းထဲကနေ မှန်ကာပြီးကြည့်လို့ရသလို သားဗိုက်ကောင်ထားတဲ့နေရာမှာဆို အဲဒိ သားဗိုက်ကောင်တွေထားတဲ့ သဘာဝပုံဖန်တီးထား Kangaroo Walk-about ဆိုတဲ့ နေရာလေးထဲကို ဝင်ကြည့်လို့ရပါတယ်… ကိုယ်ငြိမ်ငြိမ်နေပြီး ဖြည်းဖြည်းချင်း အနားကပ်ရင် သားဗိုက်ကောင်တွေနားဓာတ်ပုံကပ်ရိုက်လို့တောင်ရပါတယ်… အဲဒိမှာ အချိန်နဲ့အလိုက် Talk Show တွေရှိပါတယ်… 



ကျွန်မတို့ရောက်တဲ့အချိန် သားဗိုက်ကောင်အကြောင်းပြောဖို့ရှိတာကြောင့် Kangaroo Walk-about ကို တန်းသွားဖြစ်ပါတယ်… ကိုယ်ဝင်ဝင်ချင်း အထဲမှာ ဝန်ထမ်း ပသိုင်းမွှေးလေးနဲ့ အဖြူကောင် ခန့်ချောလေးတစ်ယောက်တည်းရှိပါတယ်… သားဗိုက်ကောင်လေးတွေကလဲ အရမ်းအနီးကြီးမဟုတ်ပေမဲ့ ကိုယ့်နားမှာရှိပါတယ်… အဲဒိ ကောင်းနေတဲ့ အခြေအနေလေးကို ဝင်ရောက်ဖျက်စီးသူတွေကတော့ မဗေဒါရဲ့ ခရီးသွားပိုစ့်တစ်လျှောက် လူဆိုးအနေနဲ့ အမြဲထိပ်ဆုံးက နေရာယူထားတဲ့ ပြည်ကြီးတရုတ်မိသားစုပါပဲ…. မဗေဒါကတောင် သားဗိုက်ကောင်နဲ့ နဲနဲဓာတ်ပုံရိုက်လိုက်ရသေးတယ်… အစ်မနဲ့ သူငယ်ချင်းဆို လုံးဝမရလိုက်ပါဘူး… မဗေဒါကတော့ သားဗိုက်ကောင်ကို ထိဖို့မပြောနဲ့ အနားတောင် သိပ်မကပ်ရဲပါဘူး… သူတို့ခြေထောက်ကြီးတွေနဲ့ ရင်ဝကိုကန်ရင်သေနိုင်တယ်လို့တောင်ကြားဖူးလို့ပါ… (ဟုတ်မဟုတ်မသိ တိရိစ္ဆာန်ဆိုတာ အစိုးရတာမဟုတ်)… သားဗိုက်ကောင်တွေက အဲဒိ လူ့ငနွားတရုတ်ကလေးရောက်လာပြီး သူတို့ကို စပြီး Abused လုပ်တော့ လန့်ပြီး အဝေးကြီးကိုပြေးသွားသလို ဝန်ထမ်းခန့်ချောလေးကလဲ မကြိုက်တဲ့ မျက်နှာပေးမျိုးစပြရင်း ကျန်တဲ့လူတွေအကုန်လုံးကိုပါ နောက်ဆုတ်ခိုင်းပါတော့တယ်… သူ့ကြည့်ရတာ သားဗိုက်ကောင်တွေကို အတော်လေးချစ်ပုံရပါတယ်…


သားဗိုက်ကောင်က ကိုယ့်နားတဖြည်းဖြည်းတိုးလာနေပြီ... အဲဒိအချိန်မှာ 

အလိုက်မသိတဲ့ ဒီပြည်ကြီးတရုတ်ကလေး ဝင်လာပြီး အကောင်ကိုကိုင်လိုက် အော်လိုက်နဲ့ အကောင်ကလန့်ပြေးရော...

ခန့်ချောလေးလဲ သူ့အကောင်တွေကို သူ့ဘက်ခေါ်ပြီး သူ့ Talk Show ကိုစတော့တာပေါ့....

နောက်တော့ အကောင်တွေကို အစာကျွေးရင်း သားဗိုက်ကောင်တွေအကြောင်းရှင်းပြပါတယ်… အဲဒိထဲမှာ ကျွန်မမှတ်မိသလောက်ကတော့ ခုကျွန်မတို့တွေ့ခဲ့ရတာကတော့ သားဗိုက်ကောင် အစ်မလေးတွေချည်းပါပဲတဲ့… သူတို့ကို အိမ်ထောင်ချပေးချိန်ရောက်ရင် ကံထူးရှင် အထီးတစ်ကောင်ကို ဟောဒီအမတွေထဲ လွှတ်ပေးပါတယ်တဲ့… အထီးတွေထဲ အမကိုလွှတ်ပေးရင် အဲဒိအမ မစားသာတဲ့အပြင် အထီးချင်းချင်းလဲ ဘောက်ဆင်ပလေးကြပြီး မလိုအပ်တာတွေဖြစ်လို့ပါတဲ့… အထီး ၁ကောင်ထက်ပိုထည့်ပေးတာနဲ့ အမတွေကြား boxing play ကြပြန်သတဲ့… ဒီတော့ ငမိုက်သားတွေကို ကံထူးရှင်စနစ်နဲ့ ၁ကြိမ်မှာ တစ်ကောင်ပဲ အမတွေအများကြီးနဲ့ စည်းစိမ်ခံရသတဲ့…
နောက်တစ်ချက်မှတ်မိတာကတော့ သားဗိုက်ကောင်မတွေရဲ့ ရှေ့ကအိတ်ထဲမှာ သားဗိုက်ကောင်ငယ် ၂ကောင်ဆန့်တယ်တဲ့… သူတို့ရဲ့ခြေထောက်အကြီးကြီးတွေပေါ်မှာလဲ ကလေးကိုတင်ပြီးခုန်လို့ရသတဲ့… တစ်ချိန်တည်းမှာ အများဆုံး ၄ကောင်လားမသိဘူး ချီပြီးပြေးနိုင်တယ်တဲ့ (သိပ်တော မမှတ်မိ… ကြားမိသလိုပဲ)… ဒါပေမဲ့ သားဗိုက်ကောင်မတွေက ပုံမှန် တစ်ခါမွေးရင် တစ်ကောင်ပဲမွေးတာပါ… အဲဒိအတွက်ကြောင့် ကလေးတွေက အရွယ်တော့ မတူဘူးပေါ့… ပြီးတော့ သားဗိုက်ကောင်အမတွေက ကလေးငယ်ကို ဗိုက်ကအိတ်ထဲထည့်ထားတဲ့အချိန်မှာလဲ ချစ်တင်းနှောလို့ရပါသတဲ့… အဲဒိအတွက်ကြောင့် သြစတေးလျမှာ သားဗိုက်ကောင်တွေအများကြီးရှိပါသတဲ့…

ချစ်စရာ သားဗိုက်ကောင်မလေး...

စားမယ် စားမယ်...

သားဗိုက်ကောင်တွေရဲ့ ပြေးနှုန်းကိုလဲ ပြောပြပါတယ်… မမှတ်မိတော့လို့ ခု Wiki ကနေပဲ ဘာသာပြန်ပေးလိုက်တော့မယ်နော်… သားဗိုက်ကောင်တွေရဲ့ အေးအေးဆေးဆေး ခုန်နှုန်းက ၁နာရီမှာ ၂ဝကနေ၂၅ ကီလိုမီတာ (၁၃-၁၆ mph) (၁မိုင်ကို ၁.၆ကီလိုမီတာရှိတယ်ဆိုတော့ ၁နာရီ ၁၅.၆၂ မိုင် အေးအေးဆေးဆေးပြေးနိုင်တာပေါ့) ဖြစ်ပါတယ်… ဒါပေမဲ့ သွားရမဲ့နေရာတိုတယ်ဆိုရင်တော့ ၁နာရီ ၇၀ ကီလိုမီတာ (၄၄ mph) (၁နာရီ ၄၃.၇၅ မိုင်) အထိ မြန်မြန်ခုန်နိုင်ပါတယ်… ( မြန်မာပြည်က ဘိုးတော်ဘုရားလေးဘက်ထောက်ခါစက ပေါ်တဲ့ ဘတ်စ်ကားအစိမ်းကြီးတွေ တစ်နာရီ မိုင် ၃ဝထက် မပိုရကားတွေထက် မြန်မြန်ပြေးနိုင်တဲ့သဘောပေါ့…) … သားဗိုက်ကောင်တစ်ကောင်ဟာ ၁နာရီ ၄ဝကီလိုမီတာ (25 mph) အရှိန်နှုန်းအတိုင်း ၂ကီလိုမီတာ (၁.၂မိုင်) ကို မနားတမ်းခုန်နိုင်စွမ်းရှိပါတယ်… ကဲ… သားဗိုက်ကောင်အကြောင်းတော့ ဂလောက်ပဲနော်… ကိုယ်လဲ သားဗိုက်ကောင်တွေကိုချစ်တဲ့ Zoo Keeper ခန့်ချောလေးကိုကြည့်ရတာရော စိတ်ရှုပ်စရာ ပြည်ကြီးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ရတာနဲ့ သူရှင်းတာကို အာရုံက လာတစ်ချက် မလာတစ်ချက်ပေါ့.. ခိခိ….. 

ဒါနဲ့ အဲဒိ သားဗိုက်ကောင်ဝန်းထဲမှာပဲ ယုန်အကြီးစားမျိုး Agile Wallabies တွေနဲ့ တခြားငှက်မျိုးတွေလဲရှိတယ်… ဒီလိုနဲ့ အဲယားကွန်းပတ်လမ်းထဲပြန်ထွက်ပြီး ဆက်လျှောက်ကြည့်ကြတာပေါ့… အမှောင်ခန်းထဲမှာ မီးပြာလေးနဲ့ပဲ နေတဲ့ အကောင်လေးတွေလဲ တွေ့ခဲ့တယ်… မုန်းစရာ ဖွတ်လိုအကောင်တွေ (ဘာလို့မှန်းမသိဘူး ဖွတ်ကြီးတွေကို ရွံမုန်းကြီး)လဲတွေ့တယ်… 



ဘာငှက်လေးလဲမသိဘူး သေးသေးလေး... သားဗိုက်ကောင်တွေထားတဲ့ ဝန်းထဲမှာပဲ...

ဖြတ္မင္း

ဒီလောက်ကြည်ကြည်ရဖို့ ၁ဝပုံလောက်ရိုက်လိုက်ရတယ်... သူက အမှောင်ခန်းထဲက ညမင်းသား...

မိချောင်းဘက်ကိုလျှောက်တဲ့ အကွေ့တစ်နေရာမှာ ကြော်ငြာဆိုင်းဘုတ်လိုဟာကြီးက အစက ရေကန်ပုံပဲ လူဖြတ်လျှောက်မှ ရေကန်ထဲက မိကျောင်းကြီးထွက်လာပြီး Speaker တွေကလဲ မိကျောင်းအော်သံကြီး ရုတ်တရက်ထွက်လာတာ လူကို လန့်သွားတာပဲ… အဲဒိဆိုင်းဘုတ်ကြီးဘေးက အပေါက်ကိုဝင်လိုက်ရင်ဖြင့် 


ဒီပိုစတာကြီးပေါ့... လူလာမှ ထကိုက်တာ...

KAKADU GORGE ကိုရောက်ပါပြီ…

KAKADU GORGE မှာ မင်းမူနေထိုင်သူကတော့ ရေငံတနင်းအပိုင်စိုးတဲ့ (ဦးရှင်ကြီး မဟုတ်ဘူး)… ကမ္ဘာ့အကြီးဆုံး ရေငံမိကျောင်းတွေထဲမှာ တစ်ကောင်အပါအဝင်ဖြစ်တဲ့ အရှည် ၅ပေ ရှိပြီး ၁၂၀၀ ကီလိုလေးတဲ့ REX လို့ အမည်ရတဲ့ ရေငံမိကျောင်းပဲဖြစ်ပါတယ်… ရေငံမိချောင်းတွေဟာ ရေငံမှာလဲ နေနိုင်သလို ရေချိုမှာလဲ သူတို့ဟာ ပျော်ပျော်ပါးပါးနေနိုင်ပါတယ်… မိကျောင်းတွေဟာ စိတ်ရှည်ပြီး ထူးချွန်တဲ့ အမဲလိုက်သမားတွေပါ… သူတို့ရဲ့ မျက်လုံးနဲ့ နှာခေါင်းလေးကိုသာရေပေါ်ဖော်ထားပြီး ကံဆိုးသူ သတ္တဝါကို စိတ်ရှည်ရှည်နဲ့စောင့်တတ်ကြပါတယ်… သူတို့တွေဟာ ၂နာရီကြာ ရေအောက်မှာ အသက်အောင့်နိုင်ကြပါတယ်တဲ့… (အရင်က မိချောင်းကို ငါးတွေလိုပဲ ရေအောက်မှာ အသက်ရှုနိုင်တယ်ထင်ထားတာ… ခုမှ သတိထားမိတော့ ဟုတ်သား မိချောင်းမှာ ဗဟတ်မှ မရှိတာ…)
အပေါ်က အင်ဖိုတွေက Wildlife Sydney website ကနေ မှီငြမ်းယူထားတာပါ…


REX ကို နှုတ်ဆက်လိုက်ကြပါအုံး...


ဟောဒီလိုကူးလားပြီး... ဟောဒီလက်ကြီးနဲ့ဖမ်း... ဟောဒီအမှီးကြီးနဲ့ရိုက်ခံရလို့ကတော့...... 

ကဲကဲ… အဓိက ဒီလာတာ သားဗိုက်ကောင်ရယ် Koala ရယ်ကိုကြည့်ချင်လို့… ဒီတော့ Koala ဆီကိုသွားမှဖြစ်မယ်… လှပတဲ့ အဆောက်အဦးအမိုးပေါ်မှာ Koala တွေနဲ့အတူ မနက်စာစားလို့ရပါတယ်လို့ ကြော်ငြာထားတယ်… သူတို့ညာတာမဟုတ်ဘူးနော်… ကိုယ့်ဘာသာကိုယ် မျှော်လင့်ချက်လွန်တာ… Koala လဲသူ့ဟာသူစား ကိုယ်လဲ အဲဒိ Rooftop မှာရှိတဲ့ Coffee ဆိုင်မှာ ကိုယ့်ဟာကိုယ်စား… တကယ့်အဖြစ်ကတော့  ဒါမျိုးဖြစ်မှာ… ကိုယ်ရောက်သွားတဲ့အချိန်က မနက်စာစားချိန်မဟုတ်တော့လဲ အဲဒါကို သိပ်ဂရုမစိုက်ပါဘူး… ဒါနဲ့ အနီးကပ်ဓာတ်ပုံတွဲရိုက်လို့ရတယ်လေ… 6x8 ဓာတ်ပုံတစ်ပုံနဲ့ ဓာတ်ပုံတွေအားလုံးပါတဲ့ CD တစ်ချပ်ကို AUD 35 ကျတယ်… CD မယူရင် ဓာတ်ပုံတစ်ပုံတည်းနဲ့ AUD 30… ဒီတော့ စီဒီယူတာပိုတန်တယ်… ပြီးတော့ ကိုယ့်မှာပါတဲ့ ကင်မရာနဲ့လဲ ကြိုက်သလောက်ရိုက်ခွင့်ပေးတယ်…. (အရမ်းတော့ မကြာစေနဲ့ပေါ့နော်)…


ခင်ဝင့်ဝါထက် ကိုက်ပေးကြမ်းတဲ့ ကွာလာ...

ကွာလာတွေကို ချီပြီးဓာတ်ပုံရိုက်တာနဲ့ပတ်သတ်ပြီး သြစတေးလျအစိုးရက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တားမြစ်လိုက်တဲ့အတွက် ခု New South Wales မှာရှိသမျှ ဘယ် wildlife park မှာမှ ကွာလာကို ချီခွင့်မပေးတော့ပါဘူး… သို့သော် ဒီ Darling Harbour Wildlife Sydney Zoo မှာတော့ ကွာလာကို အနှောင့်အယှက် မဖြစ်စေပဲ ဖွဖွလေး ပွတ်ပေးရင်း အနီးကပ်ဓာတ်ပုံရိုက်ခွင့်ပေးပါတယ်… ဒါပေမဲ့ ယခုလို လုပ်ခွင့်ပေးထားသော်ညား လိုအပ်လျှင် လိုအပ်သလို ကြိုတင်ကြေငြာခြင်းမရှိပဲ ကွာလာရဲ့ အခြေအနေပေါ်မူတည်ပြီး ပိတ်ပင်ချင်ပိတ်ပင်ပါမယ်တဲ့… (မြန်မာပြည်က VIP လူကြီးတွေထက် ဆရာကျတယ်နော်… :P )… အဲလိုစည်းကမ်းထားမှပေါ့ ဘာလို့လဲဆိုတော့့ ကွာလာတွေဟာ တစ်နေ့မှာ ၁၈နာရီကနေ ၂၂နာရီ အိပ်ပါတယ်… သူတို့နိုးတဲ့အချိန်မှာ စားတယ်၊ ချစ်တင်းနှောတယ်.. ပြီးပြန်အိပ်တယ်… လူတွေက တစ်ယောက်ပြီးတစ်ယောက် ချီနေရင် သူတို့ဘယ်အိပ်ရမလဲ… ကိုယ်အိပ်ရေးပျက်ရင်တောင် ကိုယ့်ကျန်းမာရေးထိခိုက်တာ… ကွာလာလဲ ဒီအတိုင်းပဲပေါ့… ဖြစ်ချင်တော့ ကိုယ့်အလှည့်မရောက်ခင်တော့ ကွာလာက ကင်မရာဘက် မျက်နှာပေးပြီး Miss Universe အထှာမျိုးနဲ့ ဂိုက်ပေးကြမ်းအိပ်နေပြီး…. ကိုယ့်အလှည့်လဲကျရော အပင်တွေဘက်ကို မျက်နှာထိုးအိပ်သွားပါရော… (မြန်မာတွေမို့ နှိမ်တာဖြစ်မယ်… ကတောက်)… မိုးကလဲ ဖွဲဖွဲကျလာတယ် သူက Outdoor Rooftop ဆိုတော့ စိတ်ထဲတော့ စိုးရိမ်သွားမိတယ်… ဓာတ်ပုံဆရာကလဲ ထမင်းစားသွားချင်နေတဲ့ပုံပေါက်တယ်… ဒီလိုနဲ့ပဲ ကွာလာရဲ့ တင်ပါးကို လက်လေး ၂ချောင်းနဲ့ပဲ ဖွဖွလေး ပွတ်ပေးလို့ရပါတယ်လို့ ဝန်ထမ်းကပြောတော့ AUD 35 တန် ကွာလာ ဖင်ကိုပဲ လက်လေး ၂ချောင်းနဲ့ အသာထိရင်း ဓာတ်ပုံရိုက်ခဲ့ရတဲ့ဘဝ… ဘယ်ရမလဲ ကွာလာနဲ့ မရိုက်ရတော့ ကွာလာထိန်း ပသိုင်းမွှေးလေးနဲ့ အနီးကပ် ဓာတ်ပုံတွဲရိုက်ခဲ့တယ်… မှတ်ပလား…. ငွင်း ..ငွင်း….

အဲ့နားလေးကို လက်လေး ၂ချောင်းနဲ့ ဖြည်းဖြည်းလေးပွတ်ပေးပါတဲ့...

ကွာလာမျက်နှာနဲ့ မရိုက်ရမှတော့ ကွာလာထိန်း မောင်ပသိုင်း နဲ့ ရိုက်မယ်ကွာ...


ဓာတ်ပုံရိုက်ပေးတဲ့ ကွာလာထိမ်းကလဲ ရိုက်ထားတာ တစ်ပုံမှမကောင်း… ၁ယောက်မအိပ်ရင် နောက်တစ်ယောက်ကအိပ်… တစ်ယောက်က ပြူးပြဲနေ… ဒါနဲ့ ဘယ်ပုံတောင် Print out ထုတ်ရမယ်မသိဘူး… သူတို့ကတော့ ပြန်ရိုက်မလားပြောပါတယ်… ဒါပေမဲ့ ကွာလာထိမ်းကလဲ အိမ်သာတက်ချင်နေလားမသိ မအီမသာနဲ့မို့ တော်ပြီဆိုပြီး ရှိတာပဲယူလာလိုက်တယ်… သူတို့ဆိုင်က ကွာလာ အရုပ်တွေကိုင်ပြီးပဲ ရိုက်ခဲ့တယ်…


အရမ်း အရမ်းချစ်ဖို့ကောင်း.... အကောင်အစစ်တော့ ကိုင်ရဲပေါင်...
Sydney Aquarium

Sydney Wildlife Zoo ကနေ ထွက်ပြီး ဟိုဘက်အဆောက်အုံးကူးပြီး ဝင်လိုက်တာနဲ့ Sydney Aquarium ကိုရောက်ပါရော… ငါးပြတိုက်တွေကတော့ နိုင်ငံတော်တော်များများမှာ တူတူတွေချည်းပါပဲ… under water walk ကျတော့ အပေါ်က ရေကန်က အမိုးပွင့်ဆိုတော့ အပြင်က နေရောင်ထိုးတော့ အောက်ကလျှောက်တဲ့လမ်းက လင်းနေတယ်… အဲဒိထဲမှာတော့ ကျွန်မတို့ ၃ယောက်ကို ဘာဖြစ်နေမှန်းမသိဘူး… ငါးတွေနဲ့ ဓာတ်ပုံလိုက်ရိုက်ရင်း တခွိခွိကို ရီနေကြတာ… ငါးနောက်ကို ဟိုပြေးဒီပြေးနဲ့ ကလေးတွေတောင် ကျွန်မတို့လောက် ဆော့ပါ့မလားမသိဘူး… ဓာတ်ပုံရိုက်နေတာနဲ့တင် အချိန်ကုန်ပြီး လူလည်းနည်းနည်းပင်ပန်းလာတယ်… ပုဇွန်ထုတ်တွေ ဂဏန်းတွေတွေ့တော့ ဗိုက်ကလဲဆာပြီး ပင်လယ်စာစားချင်လာတယ်… Sydney ရဲ့ ခရီးသွားဧည့်သည်တွေသွားနေကျ Fish Market ကို ဟိုရက်ကတည်းက သွားချင်ပေမဲ့ လမ်းမကြုံတာရော၊ နယ်ခံသူငယ်ချင်း မောင်မောင်ကလဲ စျေးကြီးပြီး ဘာမှလဲ သိပ်မကောင်းပါဘူးဆိုလို့ မသွားဖြစ်ခဲ့ဘူး… ဒီနေ့တော့ စားရမှဖြစ်မယ်ပေါ့… Tourist Attraction နေရာဆိုတော့ ရိတ်မယ်ဆိုတာသိပါတယ်… ဒါပေမဲ့ စကာင်္ပူက Clark Quay ဆိုလဲ ရိတ်ပေမဲ့ စားလို့ကောင်းသေးတယ်လေ… ကိုယ့်မျက်လုံးထဲ စားချင်တဲ့ ပင်လယ်စာဟင်းတွေပဲ ပြေးမြင်ပြီး အလည်လာမှတော့ ဒီလိုနေရာမျိုးတွေ ရောက်ဖူးတယ်ရှိအောင် သွားမယ်ကွာဆိုပြီး ခပ်မိုက်မိုက်ပဲ ဆုံးဖြတ်လိုက်တယ်…


သန္တာနဲ့ ကျွန်မ

အပေါ်က အကောင်ကြီးတွေရှေ့က လွှသွားကြီးလိုပဲ.... ဒါပေမဲ့ ပါးစပ်ပေါက်က အောက်မှာ... အဲဒိ လွှသွားက ဘာအတွက်သုံးလဲမသိ....

ရေဘဝဲ သွေးက အပြာရောင်ဆိုတာ သိလား? အဲဒိ စုတ်ခွက်ကြီးတွေ အရမ်း အသည်းယားတယ်...

အဲဒါ ဝေလငါးလေးလား? လူတွေကို ပြုံးပြနေသလိုပဲ...

စောစောက ကျွန်မတို့ အောက်က ဖြတ်လျှောက်ခဲ့တဲ့ ရေကန် အပေါ်ဘက်...


Sydney Fish Market


သူတို့လိုနိုင်ငံမှာတောင် အရက်သောက်တာ နေရာတိုင်းခွင့်မပြုဘူး... ဒီမိုကရေစီစစ်ရင် စည်းနဲ့ကမ်းနဲ့ ပိုနေရတယ်...

ဒီလိုနဲ့ သုံးယောက်သား လူတွေကိုမေးတော့ မြေအောက်ကားစီးရမယ်တဲ့… မြေအောက်ကားဆီရောက်ဖို့က တော်တော်လျှောက်ရသေး… ရောက်တော့ မြေပုံကြည့်လိုက်တော့ Fish Market က နီးနေပြီလို့ထင်တာနဲ့ မစီးတော့ပဲနဲ့ လမ်းဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်… ဒါပေမဲ့ မြေပုံထဲကအတိုင်း အပြင်ကလမ်းကမဟုတ်ဘူး… အဲဒိမှာ ကျွန်မတို့ လမ်းပျောက်ပြီးလူတွေလဲ အတော်ပြိုင်းလာတယ်… နောက်ဆုံးတော့ ကျွန်မကပဲ မှားချင်လဲမှား လျှောက်မယ်ဟာဆိုပြီး ရှေ့ကိုဆက်သွားတော့မှ Sydney Fish Market သို့ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့တယ်… ဒါနဲ့ တွေ့ပြီမှတ်နေတာ… ဟုတ်ဘူး သူမျှားပြတဲ့ လမ်းတဆုံးထပ်လျှောက် အဆုံးမှာလဲ ဘာမှမတွေ့ဘူး… နောက်ထပ်ဆိုင်းဘုတ်လဲမတွေ့ဘူး… ကုန်းကျော်တံတားနဲ့ ကားလမ်မကျယ်ကြီးရဲ့ တစ်ဖက်မှာ ဆိပ်ကမ်းလိုဟာမျိုးပဲရှိတော့တယ်… ဆိုင်းဘုတ်လဲထပ်မတွေ့ဘူး… တကယ် လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ အသေအချာထားပေးတာ စကာင်္ပူက အကောင်းဆုံးပဲ… သြစီက ဆိုင်းဘုတ်တွေက တစ်ခုနဲ့တစ်ခုဝေးလွန်းတော့ ကြားမှာ လမ်းပျောက်နေရော… ကံကောင်းချင်တော့ ဂျပန်ခရီးသွား အဖွဲ့တစ်ခုက ကိုယ့်ရှေ့ကနေ ကားလမ်းဖြတ်ကူးသွားတော့ သူတို့နောက်ပဲ လိုက်ဟေ့ဆိုပြီး လိုက်ခဲ့ကြတယ်.. မဗေဒါထင်ရင် လွဲခဲပါတယ်… ဟတ်… ဟတ်… သူတို့က ရှေ့က ဆိပ်ကမ်းလို ဝန်းကြီးထဲ ဝင်သွားတာကို လိုက်တော့မှ Sydney Fish Market ဆိုပြီး အဆောက်အအုံးအကြီးကြီးတွေ့တော့တယ်… (စိတ်ထဲမှာ အခက်အခဲတွေကြားက နောက်ဆုံး တိုက်ပွဲအောင်နိုင်သွားတဲ့ ပြကွက်ထဲက တီးလုံးမျိုး အဲ့ဒိဆိုင်းဘုတ်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ် နောက်ခံတီးပေးချင်လာတယ်…)  


တော်သေးတာပေါ့ ရောက်သွားသေးလို့...
ညနေ ၃နာရီလောက်ရောက်သွားတာတောင် ဆိုင်တွေမသိမ်းခင် ကပ်သီးလေး မှီတာ… ထိုင်ဖို့နေရာတောင် မနည်းရှာရတယ်… ပုံတွေကြည့်တော့ စားကောင်းမဲ့ပုံတွေပေါ့…. ဒါနဲ့ သန္တာနဲ့ ကျွန်မ အစ်မပဲ သွားမှာကြတယ်… ထမင်းနဲ့ ပင်လယ်စာတွေမှာလာတယ်…. ဒါပေမဲ့ ဟင်းတွေက ကိုယ်အားခဲထားသလိုအရသာမျိုး လားလားမှမဟုတ်…. ကျောက်ပုဇွန်ကြီးက ချီးစ်တွေနဲ့အုတ်ထားတာတော့ သားရေယိုစရာ ဒါပေမဲ့ ထမင်းနဲ့စားဖို့ လုံးဝမလိုက်ဖက်… ကျန်တာတွေအကုန်ကလဲ ချီးစ်တွေက အဓိကပဲ… ထမင်းချက်ထားတာကျတော့ မာတောင်ပြီး အစေ့လိုက်… အဆိုးဆုံးကတော့ ဘာဟင်းအနှစ်မှမရှိတာပဲ…. ဒါနဲ့ Ketchup တို့ Chili တို့တောင်းမယ်ဆိုတော့လဲ မဗေဒါတို့လိုက်ရင် ၂ခါစာလောက်ပဲရှိတဲ့ ဗူးသေးသေးလေးကို AUD 0.50 နဲ့ဝယ်ရတယ်ဗျ… ဒါကြောင့် မောင်မောင်က အဲဒိနေရာသွားဖို့ အားမပေးတာ… ကိုယ်ကလဲ Clark Quay လိုလေးများလားလို့ပါ… သူက စျေးလိုရုံကြီးထဲမှာ စားသောက်ဆိုင်လေး ၄၊ ၅ဆိုင်ရှိတာကို တိုးကြိတ်စားရတာ… ပင်လယ်စာတွေကတော့ လတ်ဆပ်နေတာပါပဲ… တကယ့်ကို Fish Market စျေးမှ စျေး စစ်စစ်.. တခြားကျော်မတွေးမိစေနဲ့…


ပုံကတော့ စားချင်စရာကြီးနော်....

စားကြပါအုံး...

ဒါက ဟိုဘက်ဆိုင်... သူက အစိမ်းပဲရောင်းတာ... ပင်လယ်စာတော့ လပ်မှလပ်
စားသောက်ပြီးအပြန်ကျတော့ သွားစရာနေရာလဲ သိပ်မရှိတော့သလို ကိုယ့်ကိုကိုယ် ညအတွက် အားပြန်ဖြည့်မှဖြစ်တော့မယ်ဆိုတော့ ဟိုတယ်ပြန် ခဏနားပြီးမှ ညနေဘက် မောင်မောင်လဲ အလုပ်ပြီးတဲ့အချိန်ဆိုတော့ ပထမရက်က ရောက်ခဲ့တဲ့ Opera House နားက bar တွေမှာပဲ စကားအေးဆေးပြော လေညင်းခံဖို့ ဆုံးဖြတ်လိုက်တယ်… ဟိုတယ်ပြန်ရောက်တော့ ၄နာရီခွဲလောက်ရှိပြီလေ… ၁နာရီလောက် ခဏလှဲလိုက်ပြီး ရေမိုးချိုးပြင်ဆင်ပြီး ပြန်ထွက်ခဲ့ကြတယ်… သန္တာလို မိတ်ကပ်သိပ်မလိမ်းတဲ့သူကို မြှောက်ပေးပြီး Smoky Eyes ချယ်ပေးလိုက်တယ်… သူ့မျက်လုံးပိုညှို့အားပြင်းသွားအောင်လို့… သူကတော့ သူ့မျက်လုံးကို ထည့်တာများနေပြီဆိုပြီး ကြောက်နေတယ်…. ကျွန်မအမြင်မှာတော့လှပါတယ်… သူကတော့ မိတ်ကပ်သိပ်မလိမ်းတော့ နေရတာ မသက်မသာဖြစ်နေတာပေါ့…

ဒီလိုနဲ့ ကျွန်မတို့ ၃ယောက်မြို့ထဲဘက်ကို ထွက်လာကြတယ်… သန္တာက အကျင်္ီအပိုမယူလာတော့ ဒီည ဆစ်ဒနီမှာကျွန်မတို့နဲ့ အိပ်မယ်ဆိုရင် ဝတ်ဖို့ သက်တောင့်သက်သာရှိမဲ့ အကျင်္ီတစ်ထည်လောက်ဝယ်မယ်ဆိုပြီး မြို့ထဲက အကျင်္ီဆိုင်မှာဝင်ကြည့်… ကျွန်မတို့ မိန်းမတွေ ရှော့ပင်းလုပ်ပြီဆိုသိတဲ့အတိုင်းပဲ… ၃ယောက်သား တစ်ထည်ယူလိုက် Changing room ထဲ ဝင် ဝတ်ကြည့်လိုက်နဲ့ ဟုတ်နေတာပဲ… မောင်မောင်နဲ့ ခြိမ်းထားတာတောင် ခေါင်းထဲမရောက်တော့ဘူး… ဖုန်းလဲမကြည့်ဖြစ်တော့ဘူး… နောက်မှ နင်ဘယ်ရောက်ပြီလဲ… ငါတို့က ရောက်တာကြာလှပေါ့…. နင်မလာသေးလို့ ဒီမှာ အကျီင်္ဝင်ဝယ်နေတာ ခုတန်းလန်းကြီး ခဏစောင့်အုံးပေါ့.. ခိခိ… ခဏနေ သူနဲ့တွေ့တော့ အားတော့ ခပ်နာနာပါ… ဒါပေမဲ့ မိန်းကလေးသဘာဝပဲ မောင်မောင်ကလဲ သူငယ်ချင်းတွေအတွက်ဆိုတော့ သည်းခံနိုင်မှာပါ… နောက်ပြီး ကျွန်မအစ်မဝယ်ချင်တဲ့ Nougat ကို လိုက်ရှာကြတယ်… ကျွန်မတို့ကအဲဒိအချိန်က Nougat ကို နာမည်မေ့နေတော့ ကျွန်မသူငယ်ချင်းလဲ ဘာလိုချင်မှန်းသေချာမသိတာနဲ့ပဲ မတွေ့ဘူး… Supermarket တွေမှာဝင်ရှာတာလဲ မတွေ့ဘူး… နောက်ဆုံးတော့ လက်လျှော့လိုက်တယ်…

Star Bar – Review

မောင်မောင်က ဘာစားချင်လဲမေးတော့ သူအဆင်ပြေတာပဲပြောလို့… ဒီတော့ Steak စားချင်လာဆိုတော့ စားချင်စိတ်ပေါ်သွားတယ်… ခရီးစဉ်တစ်လျှောက်တော်တော်များများ ထိုင်းစာနဲ့ ကိုရီးယားစာနဲ့ ဂျပန်စာကို လှည့်ပတ်စားနေတော့ ဒီနေ့တော့ အနောက်တိုင်းစာစားသင့်နေပြီ… :D … ဒီလိုနဲ့ အဲဒိနားတစ်ဝိုက်က Star Bar ဆိုတာကို သူခေါ်သွားတယ်… Star Bar က ဆစ်ဒနီ တရုတ်တန်းမှာရှိတာ… လိပ်စာက 600 George St  Sydney NSW 2000, Australia .. သူက ဘားဆိုပေမဲ့ Restaurant လဲရှိတယ်… အထဲကအပြင်အဆင်က အရမ်း Classy ကြီးဖြစ်မနေပေမဲ့ သူ့ဟာနဲ့သူတော့ သူငယ်ချင်းတွေ အေးဆေး စားသောက် စကားထိုင်ပြောလို့ရတယ်… ကျွန်မတို့ရောက်တဲ့အချိန်က လူသိပ်မများသေးဘူး.. ညဘက်ဆိုရင်တော့ ကလပ်လိုဖြစ်သွားတယ်လို့ပြောတယ်… သူငယ်ချင်းက Crispy Pork Belly ကို ညွှန်းတာနဲ့ ကျွန်မအဲဒါစားဖြစ်တယ်… စျေးလဲသိပ်မကြီးဘူး တစ်ပွဲမှ AUD 15 to 18 ကြားပဲရှိတယ်… တစ်ပွဲဆိုရင်လဲ အများကြီးရပါတယ်… စားခဲ့သမျှ အနောက်တိုင်းစာတွေထဲမှာ ကျွန်မပါးစပ်ကို အတော်လေး အရသာတွေ့တာတော့ အဲဒိဆိုင်ပါပဲ… အဲဒိည ဒစ်နာကိုတော့ သူငယ်ချင်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မပဲ ဒကာခံလိုက်တယ်… ခရက်ဒစ်ကဒ်နဲ့ဆိုတော့ ပိုက်ဆံထွက်တာက မသိသာဘူးလေ… ဟိ.. ဟိ… ဆစ်ဒနီရောက်ရင် အဲဒိဆိုင်မှာ ဝင်စားဖို့ Recommend ပေးတယ်နော်… အောက်က ဗွီဒီယိုမှာလဲ Food Review လေးကို တစ်ဦးချင်းက သေချာပြောပြထားတယ်… ကြည့်ပြီးရင် ခံစားချက်လေးတွေမျှဝေသွားပါအုံး…

အရမ်းကောင်းတယ်.... Recommended by My friend... and Now I Recommend you... 

ဒါလဲ စားကောင်းတယ်....

ငါးကင်လေးကလဲ ရှယ်ပဲ...

မြန်မာဆန်ဆန် Well Done ပဲစားတယ်... မကျက်တကျက်တွေမစားရဲဘူး...

အဲဒိဆိုင်မှာ မဲလဘုန်းကနေမလာနိုင်တဲ့ သူငယ်ချင်း သီရိကို ဖုန်းခေါ်ဖြစ်သေးတယ်… သူမအားတာနဲ့ နောက်မှပြန်ဆက်မယ်ဆိုပြီး မဆက်ဖြစ်ဘူး…. ငယ်သူငယ်ချင်းတွေဆိုတော့ တစ်ယောက် ငယ်ကျိုးငယ်နာ တစ်ယောက်သိဖြစ်သလို သိပ်လဲ စိတ်မဆိုးတတ်ကြတော့ အရည်မရ အဖတ်မရတွေပြောဖြစ်ကြပါတယ်… တစ်ခါတစ်လေ ကိုယ်ပြောလိုက်ပြီးမှ ငါလွန်များသွားပြီလား စိတ်များဆိုးမလားလို့ စိတ်ထဲဖြစ်မိပေမဲ့ စိတ်မဆိုးတဲ့ သူငယ်ချင်းတွေကြောင့် အဲလိုတွေးမိတာကိုပဲ ကိုယ့်ကိုကိုယ်အရှက်ရပါတယ်… သူတို့ပြောလဲ ကိုယ်က အသေးအဖွဲနဲ့ စိတ်မှမဆိုးပဲ… စိတ်ထဲမခံချင်ရင်လဲ မြုံမထားပဲ ပက်ကနဲပြန်ပြောလို့ရတဲ့သူငယ်ချင်းဆိုတာ ခုနောက်ပိုင်းမရှိသလောက်ပဲလေ…

Custom House Library and it’s Heavenly viewing floor

အဲဒိမှာ ညစာစားပြီးတော့ Circular Quay ဘက်ကို လမ်းလျှောက်ရင်း Circular Quay ဘူတာရုံရှေ့က အဆောက်အအုံးတစ်ခုထဲကို မောင်မောင်က ခေါ်သွားမယ်… ဒါပေမဲ့ နင်မျက်စိမှိတ်ပြီးလိုက်ခဲ့ရမယ်တဲ့… ဘာလို့လဲ… ဘာလဲဆိုတော့ သူကမပြောဘူး… မျက်စိမှိတ်ပြီးသာလိုက်ခဲ့ပါတဲ့… ခပ်လန့်လန့်ပဲ… ကိုယ့်ဘာများ ခြောက်ချမလို့လဲလို့.. (ခစ်… ခစ်)… နည်းနည်းလေး ခိုးကြည့်မိပေမဲ့ ဘာမှန်းတော့ ကျွန်မ မသိပါဘူး… အဓိကက ချော်လဲမှာကြောက်တာပါ… နောက်တော့သူက ကြည့်လို့ရပြီ… အောက်ကိုငုံကြည့်ဆိုတော့မှ ဆစ်ဒနီမြို့ထဲကို ကောင်းကင်ပေါ်က ကြည့်ရသလိုမျိုး Model ပုံစံငယ်သေးသေးလေးတွေ ကြမ်းပြင် ဖန်သားအောက်မှာမြင်ရတယ်… အဲလို သေးသေးလေးတွေတွေ့ရင် သိပ်ကစားချင်တာ… ကလေးမဟုတ် သူငယ်မဟုတ်… ဒါပေမဲ့ မှန်ကာထားတော့ ကစားလို့မရဘူး… ဒါပေမဲ့ အသည်းယားတယ်… အဲဒိမှာတော့ ဓာတ်ပုံကင်မရာထုတ်ရမှာပျင်းတာနဲ့ ဓာတ်ပုံမရိုက်ခဲ့ဘူး… ဗွီဒီယိုထဲမှာပဲ ကြည့်လိုက်နော်… အဲဒိနေရာက ခုမှ အင်တာနက်မှာရှာကြည့်တော့ Customs House Library တဲ့…

သန္တာကတော့ ငယ်ငယ်ကတည်းက အပင်ပန်းမခံနိုင်တာ ခုထိလဲ တူတူပဲ… သူတော်တော်လေးကို ပင်ပန်းနေပြီ ကျွန်မရဲ့ Smoky eye မိတ်ကပ်ကလဲ သူ့ကို ပိုပင်ပန်းစေတယ်ထင်ပါတယ်… ကျွန်မက ဖျက်လိုက်လို့ပြောပေမဲ့ သူက အနက်တွေကျန်ပြီး ပြန့်ကုန်မှာစိုးလို့ မဖျက်ပါဘူး… ဘူတာရုံအောက်က ရေခဲမုန့်ဆိုင်မှာ မောင်မောင်က ရေခဲမုန့်ဝယ်ကျွေးပါတယ်… ကျွန်မကတော့ အစားအသောက် Risk မယူရဲတာနဲ့ ကိုယ်သေချာပေါက်ကြိုက်မဲ့ စတော်ဘယ်ရီပဲမှာပါတယ်… Flavor အသစ်အသစ်တွေကို အမြဲစားတဲ့ မောင်မောင်က လိုင်ချီးနဲ့ Raspberry စားပါတယ်… သူ့ဆီက တစ်ဇွန်းတောင်းစားကြည့်တော့ လိုင်ချီးက တော်တော်ကောင်းတာတွေ့ရပါတယ်… (နာတယ်ကွာ… လိုင်ချီးစားရမှာ)…
Sydney Harbor Bridge နှင့် ပျော်စရာတွေ သော့ခတ်ယူလာတယ်...

Opera House နားရောက်တော့ Bar ကနေ အအေးမသောက်ခင် အဲဒိနားက အုတ်ခုံတွေမှာပဲ ထိုင်ရင်း သီရိဆီကိုဖုန်းဆက်ဖြစ်ပါတယ်… ဖုန်းပေါ်ကနေ စကားတွေပြောဖြစ်တာ ၁နာရီကျော်လောက်တောင် ကြာမယ်ထင်ပါတယ်… တော်ရုံတန်ရုံကျွန်မသိပ်မရင်းနှီးတဲ့လူနဲ့ ဖုန်းပြောရတာကိုကျွန်မ သိပ်မုန်းပါတယ်… ကိစ္စတော်တော်များများကို ဖုန်းပေါ်ကပြောရတာ ကျွန်မမကြိုက်ပါဘူး… မျက်နှာကြည့်ပြီးပြောရတာပဲကြိုက်ပါတယ်… ဒါပေမဲ့ အဲဒိညကတော့ လွတ်လပ်ပေါ့ပါးစွာပဲ ပျော်ပျော်ရွှင်ရွှင် ဖုန်းပြောဖြစ်ပါတယ်… သူ့ဘက်က ဘယ်လိုရှိနေမလဲ… ကိုယ့်ဘက်က ဘယ်လိုတွေးနေမလဲ၊ ကိုယ်ဒီလိုပြောလိုက်လို့ ကိုယ့်ကို အထင်သေးသွားမလား ဆိုတာတွေ ခေါင်းထဲတောင်ရောက်မလာပါဘူး… ကျွန်မက ဘယ်သူ့ကိုမှ မပြောပြထားပေမဲ့ တဆင့်တဆင့်နဲ့သိလာကြတဲ့ ကျွန်မဘလော့လေးရဲ့ Die Hard ALMOST Silent Readers တွေဟာလဲ သူတို့ပါပဲ… (ခိ…ခိ.. ကွန်မန့် ဓားပြတိုက်နေတာ)… ကျွန်မတို့ မတွေ့ခဲ့တာ ၂၀၀၀ ခုနှစ်ကနေ ခုချိန်ထိ ၁၃ နှစ်လုံးလုံးကြာခဲ့ပေမဲ့ အသံတွေ ဟန်တွေ ငယ်ငယ်ကအကျင့်တွေ စကားပြောပုံတွေ အားလုံးက မပြောင်းမလဲပဲရှိနေကြပါသေးတယ်… သီရိနဲ့ဆိုရင် ဒီတစ်ခေါက်လဲ မတွေ့ခဲ့ရဘူးဆိုတော့ ၁၃နှစ်ကျော်မှာပေါ့နော်… နောက်နှစ်တွေ့ရပါစေလို့ မျှော်လင့်ပါတယ်… ခင်မင်မှုဆိုတာ အမြဲတွေ့နေမှ မဟုတ်ဘူး တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲမှာ အမှတ်ရနေပြီး အကျိုးအမြတ်ကို မကြည့်ပဲ ပေါင်းသင်းကြတာကို ဆိုလိုတယ်လို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်…

ငယ်ငယ်က ဓာတ်ပုံ တူတူ တစ်ခါမှ မရိုက်ဖူးလို့... ခုမှ တမုန်းရိုက်နေတာ...

ညတော်တော်လေးနက်တော့မှ ပြန်လာကြပြီး လမ်းတစ်လျှောက်လဲ မြန်မာသီချင်းတွေအော်ဆိုမိနေပါသေးတယ်… ဟတ် ဟတ်… တိုက်စီပေါ်လဲ သီချင်းတွေဆို… အဲဒိက တိုက်စီသမားတွေက တစ်ခုကောင်းတယ်… ပါလာတဲ့ Passenger ဘယ်သူဖြစ်ဖြစ် Judge လုပ်တဲ့  Attitude မရှိဘူး… သူ့ဟာသူ အေးဆေးပဲ… ကားနဲ့ဖြတ်သွားတုန်း ညဘက် မြင်းကြီးတွေစီးပြီး အင်္ဂလန်က အပေါက်စောင့် ဝတ်စုံ အနီရောင်လိုဟာမျိုးတွေနဲ့ ကင်းလှည့်နေတာ တွေ့လိုက်သေးတယ်… တမျိုးကြီးပဲ ဘာလုပ်နေတာလဲ မသိ… ဟိုတယ်ကို ည ၁၁နာရီ လောက်ဖြစ်မယ်ထင်တယ်… သန္တာကတော့ မျက်နှာက မိတ်ကပ်တွေဖြတ် တန်းပြီး ရေမိုးချိုးတော့တာပဲ… ကျွန်မနဲ့ မောင်မောင်ကတော့ ပါလာတဲ့ Laptop နဲ့ Youtube က မြန်မာသီချင်းတွေဖွင့်ပြီး ကိုယ့်ကိုကိုယ် Celebrity လိုလို Idol လိုလိုနဲ့ ကင်မရာကြီးရှေ့ထောင်ပြီး ပေါကြတာပါပဲ… လူမိုက်အားပေးကတော့ ကျွန်မအစ်မပေါ့… ကလေးတွေ မထိန်းတဲ့အပြင် သူကပါ လိုက်ကဲနေရော… ဟတ်… ဟတ်… ကျွန်မကတော့ သူငယ်ချင်းတွေနဲ့တွေ့တော့ မသောက်ပဲနဲ့ High နေတာ… မောင်မောင်ကသောက်ထားတာက နည်းနည်း High တာက များများထင်တယ်… အဲဒိညမှာ အားလုံးရဲ့ အပေါပိုးတွေထကြွပြီး လုပ်ဖြစ်ခဲ့တဲ့ ပရောဂျက်လေးတစ်ခုရှိတယ်… အဲဒါကိုတော့ လျှို့ဝှက်ထားအုံးမယ်… ဘာလို့လဲဆိုတော့ မသေချာလို့…


Harbor Bridge က အခ်စ္ဇာတ္လမ္း... :P
Opera House မှာကတည်းက ခုန်တဲ့ ဓာတ်ပုံရိုက်ဖို့ကြိုးစားရင်း နည်းနည်းလေးမျက်သွားတဲ့ ခါးက အခန်းထဲက မွေ့ယာအပျော့ပေါ်မှာ ပုံစံကျကျမထိုင်လို့ထင်တယ် ရုတ်တရက်ကြီး အရမ်းနာတော့တာပါပဲ… ထိုင်ရာကနေ ချက်ချင်းထပြီး ခါးကို ဖြောင့်လိုက်လို့မရဘူး…. ထရာကနေလဲ ချက်ချင်းထိုင်လို့မရဘူး… အဘွားကြီးတွေလို ခါးကို ကိုင်းပြီးလမ်းလျှောက်မှရတယ်… မဟုတ်ရင် အရမ်းနာတယ်… ဆေးလိမ်း ဆေးသောက် နာတဲ့ခါးကိုတောင့်ခံပြီး သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာပဲ မရဘူး… ၁နာရီလောက်ကျတော့ သန္တာအရမ်းပင်ပန်းပြီး အိပ်ပျော်သွားတယ်… ကျွန်မတို့ကတော့ ကျွဲရိုင်းအစွမ်းနဲ့ မအိပ်ကြဘူး… မောင်မောင်က ညလယ်လောက်ကျရင် တရုတ်တန်းက ဆန်ပြုတ်ဆိုင်ကို သူလိုက်ပို့ပေးချင်တယ်ပြောထားတော့ အစကတော့ ခါးအခြေအနေမကောင်းတော့ မသွားတော့ပါဘူးဆုံးဖြတ်ထားတာ… သူက လိုက်ပို့ပေးချင်ပုံရတာရော… ကျွန်မခါးလဲ နည်းနည်းလေး သက်သာသလိုရှိတာနဲ့ ည၃နာရီလောက်မှာ ထွက်စားဖြစ်တယ်... မဗေဒါလဲ မိန်းကလေးသာဖြစ်တာ အဲလို ညဘက် Supper ထွက်စားရတာပျော်တယ်… လမ်းတွေမှာ လူရှင်းနေတယ်… ညဘက်လေကလဲ အရမ်းအေး… ကျွန်မတစ်ယောက်တည်းအဲဒိနေ့က အရမ်းချမ်းနေတယ်… အစ်မနဲ့ မောင်မောင်ကတော့ သိပ်မချမ်းကြဘူး… ဘာလို့မှန်းမသိ… တရုတ်တန်းရောက်တော့ လူတွေပြန်တွေ့တယ်… နိုက်ကလပ်တွေလဲ အဲ့မှာရှိတယ်လေ… ဒါပေမဲ့ ကျွန်မတို့ကတော့ SuperBowl ဆိုတဲ့ တရုတ်စားသောက်ဆိုင်ကို ဦးတည်လိုက်တယ်….  

SuperBowl Chinese Restaurant - Congee in Sydney Chinatown


ဆန်ပြုတ်မှ အများကြီးပဲ

ဆိုင်ပုံစံကတော့ မြန်မာပြည် ရွှေတောင်တန်းလမ်းက ကြေးအိုးဆိုင်လိုပုံမျိုးပါပဲ… လူတွေလဲ အထဲမှာတော်တော်များတယ်… ကလပ်ကအပြန် ဝင်စားနေကြတာတွေလဲရှိမယ်… အုပ်စုလိုက်တွေ… Service ကတော့ တော်တော်လေးစောင့်ရတယ်… လူခေါ်တာတောင် တော်တော်ခေါ်ရတယ်… ပြောရရင်တော့ Service ကလဲ မြန်မာပြည်က ကြေးအိုးဆိုင်တွေလောက်ပါပဲ… သူငယ်ချင်းက ဆန်ပြုတ်ရယ်၊ ကမာကို ခရုဆီနဲ့ချက်တာရယ်၊ အီကြာကွေးရယ်၊ ကန်စွန်းရွက်ကြော်ရယ် မှာလိုက်တယ်… ဆန်ပြုတ်ပွဲကြီးက ရောက်ချလာတော့ SuperBowl မပြောရဘူး အကြီးကြီးပဲ… ကျွန်မက ပုံမှန်ဆို ဆန်ပြုတ်ရော ကမာရော ကြိုက်တာမဟုတ်ဘူး… ဒါပေမဲ့ အများကြီးမို့ စားကြည့်မယ်ဆိုပြီး စားကြည့်တော့ စားကောင်းတယ်… ဆန်ပြုတ်က အီကြာကွေးလေးနဲ့စားတာ ကောင်းမှကောင်း… ကမာဟင်းကလဲ ခရုဆီရယ် ကြက်သွန်မိတ်နံ့မွှေးမွှေးရယ်နဲ့ လုံးဝမညှီဘူး… စားကြည့်ပြီး သဘောကျသွားတယ်.. ကန်စွန်းရွက်ကြော်ကတော့ ရှင်းပြစ်နိုင်ပါတယ်… အသာလေးပါ… ဒါပေမဲ့ နောက်ဆုံး ဆန်ပြုတ်မကုန်တော့ အထုတ်နဲ့ထုတ်လာခဲ့တယ်… မနက်ကျ စားလို့ရတယ်လေ… ဟိုတယ်ခန်းမှာက ပန်းကန်ခွက်ရောက်တွေရော ဘေဇင်ရော မိုက်ကရိုဝေ့ဖ်ရောရှိတယ်ဆိုတော့ အတော်ပဲ… ဆစ်ဒနီရောက်လို့ တရုတ်ဆိုင်ကောင်းကောင်းစားချင်ရင် 8 Quay St, Sydney NSW 2000, Australia က SuperBowl မှာ သွားစားနော်… :D …

ဆစ်ဒနီ တရုတ်တန်းက နိုက်ကလပ်တွေ... ရုတ်ရုတ်လုပ်ရင် ရဲကားအဆင်သင့်...
ကမာဟင်းတွေ စားဖူးသမျှထဲမှာ ဒီဟာကို အကြိုက်ဆုံ



ကျွန်မတို့ လေယာဉ်က နေ့လည် ၁ နာရီလောက်ဆိုတော့ ဟိုတယ်ပြန်ရောက်ပြီး ခဏအိပ်လို့ရသေးတယ်… မနက် ၈နာရီလောက်မှာ သန္တာက ပြင်ဆင်ပြီး ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့ အိပ်ချင်မူးတူးနဲ့ “အေး..အေး… ကျေးဇူးပဲ သူငယ်ချင်းရေ…” လို့ပြောဖြစ်တယ်… ကျွန်မအကျင့်တစ်ခုက ခွဲခွာချိန်မှာ ဘယ်တော့မှ Properly နှုတ်မဆက်ရဲဘူး… မသိစိတ်ထဲမှာ နောက်ပြန်မတွေ့မဲ့လူတွေမှ မဟုတ်တာဆိုတာကိုပဲ ဇွတ်ယုံကြည့်ထားချင်တယ်… အဲလိုဖြစ်နေတာ တစ်ခုကောင်းသလို တစ်ခုမကောင်းဘူး… အသေအချာကြီး နှုတ်မဆက်တဲ့အတွက် နှုတ်ဆက်နေတဲ့အချိန်မှာ Drama တွေဖြစ်ပြီး စိတ်မကောင်းမဖြစ်ရဘူး… စိတ်ထဲမှာလဲ နောက်ပြန်တွေ့အုံးမှာပါလို့ အားတင်းထားတယ်… ဒါပေမဲ့ ခွဲခွာလာပြီး ကြာလာရင် “အော်… ငါ သူ့ကိုတောင်သေသေချာချာ နှုတ်မဆက်ဖြစ်ခဲ့မိဘူး” ဆိုပြီး ဒွိဟနဲ့ စိတ်ထဲ ခုလုခုလု ဖြစ်ရပြန်ရော… မောင်မောင်ကတော့ ကုတင်ပေါ် အိပ်ကောင်းနေတာ ဘာမှ မသိဘူး… ကျွန်မကတော့ ကြမ်းပြင်ပေါ် စောင်တွေ အထပ်ထပ်ခင်းပြီးအိပ်တာ… နောက် ၁ဝနာရီလောက်ကျတော့ ကျွန်မတို့ညီအစ်မလဲ လေဆိပ်ဆင်းဖို့ ပြင်ဆင်တော့တာပေါ့… မနေ့ညက သိမ်းထားပင်မဲ့ ကျန်နေသေးတဲ့ လက်ကျန်တွေသိမ်း ရေမိုးချိုး ပြင်ဆင်နေတုန်းမှ မောင်မောင်တစ်ယောက်နိုးလာတယ်… သူလဲ မျက်နှာသစ်ပြီး ညက ဆန်ပြုတ်ကို နွေးပြီး မနက်စာတိုက်လိုက်တယ်…



We Miss our Childhood Classmate and the Memories being with them

ကျွန်မတို့လဲ မနက်စာလား နေ့လည်စာလားတော့ မသိဘူး… Subway စားချင်စိတ်ထပ်ပေါက်လာတာနဲ့ မြို့ထဲဘက် မောင်မောင်နဲ့တူတူ လမ်းလျှောက်လာတယ်… သူကတော့ အားနာလို့ ကျွန်မတို့ကို Subway ကူရှာပေးမယ်ပြောပေမဲ့ သူလဲ ပင်ပန်းနေပြီ ပြန်ချင်မှာပေါ့ဆိုတာ သဘောပေါက်တာနဲ့ ရတယ် ပြန်တော့လို့ပဲ ပြောပြီး လမ်းခွဲလိုက်တယ်… ပုံမှန် Bye Bye လောက်ပါပဲ… ၂ခေါက်တောင် ပြန်လှည့်မကြည့်ဖြစ်ပါဘူး… သူ ၈တန်းတုန်းက ILBC တက်ဖို့ ကျောင်းထွက်သွားတုန်းကဆိုလဲ ဘာမှ နှုတ်မဆက်ဖြစ်ခဲ့ပဲလေ… ကျွန်မအစ်မက အဲဒိနားတဝှိက်မှာ Subway ဆိုင် သူတွေ့မိသလိုပဲပြောတယ် ဒါပေမဲ့ရှာမတွေ့… နောက်မှ မျက်စိရှင်ရှင်နဲ့ ကျွန်မကြည့်တော့တွေ့သွားတယ်… Subway ရှိတဲ့ လမ်းသွယ်ထဲမှာ ကိုရီးယားတွေဘာပွဲတော်လုပ်နေလဲတော့ မသိဘူး… အကြီးအကျယ်ပဲ သူတို့ ရိုးရာဝတ်စုံတွေနဲ့ လမ်းကို ပိတ်ပြီး စင်ပါဆောက်ထားသေးတယ်… သြစီမှာလဲ ကိုရီးယားတွေတော်တော်များတယ်…

ကိုယ်ပြန်လာမည်…


Departure ဘက်ကိုသွားတဲ့လမ်းမှ မိုးတွေသည်းလို့.... တိမ်တွေပါ ပြိုကျလိုက်ပါလား...

ညီအစ်မ ၂ယောက် အလာတုန်းက လေဆိပ်မှာဝယ်လာတဲ့ Airport Transfer ကားလွတ်မှာစိုးလို့ Subway ကို ထုတ်လာပြီးတော့ ဟိုတယ် လော်ဘီမှာပဲ အခန်းပြန်အပ်ပြီး ထိုင်စောင့်နေလိုက်တယ်… ပြန်ရတော့မှာမို့ စိတ်မကောင်းနေတဲ့သူကို မိုးတွေက သည်းကြီးမဲကြီးရွာပြီး နှုတ်ဆက်နေတယ်… ကားလာခေါ်လို့တောင် မိုးတွေသဲပုံနဲ့ အထုတ်တွေဘယ်လိုသယ်ရပါ့… ခါးကလဲ လုံးလုံးကောင်းသေးတာမဟုတ်… နောက်တော့ လာခေါ်ချိန်ထိ ဘယ်သူမှ မလာတာနဲ့ ဟိုတယ်အဝမှာ ရပ်စောင့်နေဖြစ်တယ်… အဲ့ဒိနားမှာ တောင်းအိတ်စ်လိုကားမျိုးရပ်ထားတာတော့ အတော်လေးကြာနေပြီ ဒါပေမဲ့ သူရောက်ရင် ကိုယ့်ကိုလာခေါ်မှာပဲလေဆိုပြီး ကိုယ်ကလဲသူ့ကိုပြန်စောင့် သူကလဲကိုယ့်ကိုစောင့်ဖြစ်နေတယ်… နောက်မှ မိုးရေထဲပြေးပြီး အဲ့ကားမှာသွားမေးတော့မှ ဟုတ်တယ် ကျွန််မတို့စီးရမဲ့ကား… ကားသမားက ကျွန်မတို့အိတ်တွေကို ကူသယ်ပေးရှာပါတယ်… ဒီလိုနဲ့ မိုးသည်းကြီးထဲမှာ ဆစ်ဒနီမြို့နဲ့ ငယ်သူငယ်ချင်းတွေရဲ့ အတွေ့အကြုံနဲ့ Memory တွေကိုပဲ သယ်ယူရင်း လေဆိပ်ကို တစ်ဖြည်းဖြည်းနီးလာတယ်… လေဆိပ်သို့ ဆိုတဲ့ ဆိုင်းဘုတ်ကို မိုးရေတွေကြားမှာတွေ့ရတော့ ဘယ်အရာမဆို အဆုံးတော့ရှိစမြဲပဲ… ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အဆုံးသတ်မှာပဲ လို့ ကိုယ့်ကိုကိုယ်နားချရင်း နောက်နေ့ပြန်တက်ရမဲ့ အလုပ်ခေါင်းထဲရောက်တော့မလိုဖြစ်တုန်း… ခေါင်းကို ခါယမ်းလိုက်ပြီး… အလုပ်အကြောင်း ၅မိနစ်ကြိုစဉ်းစားရင် ၅မိနစ် ဆစ်ဒနီမှာ လျော့ခံစားရတာနဲ့တူတူပဲ… ရသမျှ အချိန်အပြည့်အဝခံစားမယ်… Gold Coast ကတည်းက မကုန်နိုင်တဲ့ ဖုန်းကဒ်ကိုလဲ အသေသုံး… ဓာတ်ပုံတွေ upload လုပ် ချက်အင်ဝင် အတော်လေးကို အသုံးခံတယ်… လေဆိပ်မှာ ချက်အင်ဝင်တော့ ကျွန်မတို့  ညီအစ်မက လက်မှတ်ကို တူတူဝယ်ထားတာမဟုတ်တဲ့အတွက် တူတူချိန်လို့မရပါဘူးတဲ့… ဒီတော့ ကျွန်မအိပ်ကပေါ့ပြီး ကျွန်မအစ်မအိတ်က Hand Carry ကို ထည့်ချိန်လို့မရတော့ဘူး… ၂ယောက်လုံးပေါင်း ၃အိပ်က ကီလိုလောက်တယ်… ကျွန်မအိတ်နဲ့ သူ့ Hand Carry ပေါင်းလဲကျော်တယ်… သိတယ်ဟုတ် ကို့လို့ကန့်လန့်… ကျွန်မအစ်မအိတ်ကို Check in ဝင်ပြီး ကျွန်မ ကင်မရာအိတ် သူ့သယ်ခိုင်းမလို့… ကျွန်မက ခါးနားနေလို့… ခုတော့ ၂ယောက်လုံး ကျောပိုးအိတ်တစ်လုံးစီသည်ရတော့တာပေါ့ (ကျွန်မကင်မရာအိတ်ကလဲ ကျောပိုးအိတ်ပဲ)… လေဆိပ်က ဆိုင်တွေမှာကျတော့ Nougat တွေ ဆိုင်တိုင်းလိုလိုရှိတယ်… စကာင်္ပူမှာတော့ Nougat က သြစီပြန်လက်ဆောင်ပဲ… ဒါနဲ့ ကျွန်မက Mix Flavor 1KG ထုတ် ၂ထုတ်နဲ့ Nougat Pistachio အကြီး ၂ချောင်းဝယ်ဖြစ်တယ်… အိမ်မှာစားဖို့နဲ့ အလုပ်က လူတွေဘုံစားဖို့…

Scoot လေယာဉ် ရိတ်ပုံကတော့ ကျွန်မတို့ညီအစ်မ ချက်ကင်ဒီလောက်အရင်ဆုံးဝင်တာတောင် ထိုင်ခုံတူတူမရဘူး… ပိုက်ဆံပေးပြီး ကြိုရွေးစေချင်လို့ထင်ပါတယ်… မရလဲဘာအရေးလဲ အိမ်မှာတစ်ချိန်လုံးတွေ့နေရတဲ့ ဒီမျက်နှာ… လေယာဉ်လေး ရနာရီလောက်လေးကြာတာကို… နေရာမတူတဲ့အပြင် Cabin တောင်မတူဘူး… တော်ပါသေးတယ်…ကျွန်မဘေးကျတဲ့သူက အရမ်းအဆင့်မရှိတဲ့သူမဟုတ်လို့… သူ့ဟာသူအေးဆေးပဲ… အဆင့်မရှိတာတွေက ဟိုဘက် ဘေးတန်းက ကျွန်မနဲ့ မျက်စောင်းထိုး လူသွားလမ်းခြားက ပြည်ကြီးမိသားစု… အားအားယားယား ကမြင်းကြောဆွဲတဲ့ ကလေးတွေမွေးထားတိုင်း ကောင်းကောင်မထိန်းဘူး… လေယာဉ်ပေါ်လာပြီး စိန်ပြေးတန်းဆော့နေတယ်… လူက ခွဲခွာလာရလို့ စိတ်ကတို… ပုံမှန်ဘဝကြီးပြန်စရတော့မယ်ဆိုပြီး စိတ်ကလေး… လေယာဉ်ပေါ်မို့ နေရထိုင်ရမကောင်းလို့ ခေါင်းလေးအသာချပြီး ထုံးစံအတိုင်း အိပ်နေတာ… မသာလေးတွေ ဘေးမှာ လာအော်လိုက်… လက်ကို တိုက်သွားလိုက်… ကလေးတွေဆော့တာကို သိပ်အပြစ်မပြောချင်ပါဘူး… သူတို့မွေးထားတဲ့ကလေးတွေကို တာဝန်ယူမှုမရှိပဲ ကောင်းကောင်းမထိန်းတဲ့ လူကြီးတွေကိုပဲ အပြစ်ပြောချင်တာ… မဗေဒါ ကလေးတွေနဲ့ အရောတဝင်မနေတတ်ပေမဲ့ သူတို့ကို မမုန်းပါဘူး… ဒါပေမဲ့ အလိုက်ကန်းဆိုးမသိ စကားနားမထောင် လူကြီးကို မထင်မဲ့မြင်လုပ်တဲ့ကလေးတွေတော့ တစက်မှကြည့်မရဘူး… အဲဒါက ကျွန်မ Cabin ကပြဿနာ… ကျွန်မ အစ်မ Cabin မှာတော့ စလုံးတရုတ်နဲ့ စလုံးကုလား အော်ကြီးဟစ်ကျယ် နောင်ကြိမ်ပလေးကြတယ်ဆိုပဲ… ဘယ့်နှယ့်လေယာဉ်စီးတိုင်းကောင်းတယ်မထင်နဲ့… ၂၆ လမ်းစျေးထဲထိုင်နေရသလိုပဲ…. အလာတုန်းက Scoot Biz တန်းမှာလဲ ယခုလောက်မဆိုးပေမဲ့ စိတ်တိုင်းမကျခဲ့ရ… အပြန် ရိုးရိုးတန်းဆိုတော့လဲ ဘာကိုမျှော်လင့်နေသေးသလဲ… နောက်ဘယ်တော့မှ စျေးဘယ်လောက်ချိုချို Scoot မစီးတော့ ပြီဟုသာ ကြုံးဝါးလိုက်ရင်း….. ကျွန်မတို့ကို လှိုက်လှဲစွာကြိုဆိုနေသော အစစအရာရာ အင်မီဂရေးရှင်းဖြတ်ရာမှာ ခေါင်းမော့ရင်ကော့ဖြတ်လို့ရတဲ့ စစ်စတန်ကိုသုံးပေးထားတဲ့ စကာင်္ပူရွှေမြို့တော်ကြီးကိုပြန်လည်ရောက်ရှိလို့လာပါတော့တယ်…


စကာင်္ပူမှ လှိုက်လှဲစွာ ကြိုဆိုပါ၏... သင့်ဘဝအမှန်ကို ပြန်လာလှည့်တော့....

(စာကြွင်း… မြန်မာပြည်ပြန်တိုင်း ကိုယ့်နိုင်ငံဖြစ်ပေမဲ့ အင်မီဂရေးရှင်းမှာ လဘက်ရည်ဖိုးတောင်းတာနဲ့ ကိုယ်မှန်နေရက်နဲ့ ဘာများရစ်ခံရအုံးမလဲကြောက်ရတာနဲ့… အဲဒိခံစားချက်နဲ့… ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံတစ်ခုက သူတို့ဆီမှာ ကြာရှည်နေထိုင်အလုပ်လုပ်နေသူကို လှိုက်လှဲစွာ ဘာမှ ပြဿနာမရှိ နှောင့်နှေးမှုမရှိ စက်လေးမှာ ပတ်စပိုစ့်လေးတင် လက်မလေးနှိပ်လိုက်ရုံနဲ့ ပွင့်သွားတဲ့တံခါး စစ်စတန်လေးကြောင့် စကာင်္ပူကိုပြန်လာတိုင်း Holidays are over ဆိုပေမဲ့ စိတ်ကြည်နူးရပါတယ်)

နောက်ဆုံးနေ့အကြောင်းလေးကို Vlog လုပ်ထားပါတယ်... ကြည့်ရှူအားပေးကြပါအုံးနော်... :D