Friday, June 12, 2009

ကျမနဲ့ ခရီးသွားဖော်များ

ဒုတိယနေ့အကြောင်းလေး မရေးခင်မှာ ကျမတို့နဲ့ အတူသွားတဲ့ ကျန်ခရီးသွားဖော် ၁၆ယောက် အကြောင်းလေးတွေကို မိတ်ဆက်ပေးပါရစေ…

ကျမကိုယ်တိုင်လဲ သူတို့ရဲ့ နာမည်တွေကို မမှတ်မိပါဘူး… ဒါပေမဲ့ တချို့ကိုတော့ လမ်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေ၊ တချို့ကိုကျတော့ သူတို့ရဲ့ သိသာထင်ရှားတဲ့ အပြုအမူလေးတွေ၊ တချို့ကျပြန်တော့ သူတို့ရဲ့ သိသာထင်ရှားတဲ့ ပုံပန်းသဏ္ဍန်လေးတွေကြောင့် ချစ်စနိုးနဲ့ နစ်နိမ်းလေးတွေ ကျမပေးဖြစ်ခဲ့ပါတယ်…

နစ်နိမ်းကို တမင်ပေးတာတော့မဟုတ်ပါဘူး… ကျမတို့ မြန်မာ ၃ယောက် သူတို့အကြောင်းပြောရင် ဟိုတစ်ယောက်လေ... (Blah Blah Blah ) ဖြစ်တဲ့ တစ်ယောက်.. ဘာညာဆိုပြီး ရှင်းရှင်းပြနေရတာမောလို့… အဲ့ဒိ အဖြစ်အပျက်လေးတွေကို အတိုချုံးပြီး နာမည်ပြောင်လေးတွေ ပေးမိတာပါ… ဒီပိုစ့်လေးမှာ သူတို့တစ်ယောက်ချင်းစီကို ကျမတို့ ပေးထားတဲ့ နာမည်ပြောင်လေးတွေနဲ့ ဘာ့ကြောင့် ဒီနာမည်ပြောင်လေးတွေပေးခဲ့ရသလဲ ဆိုတာရယ်… ပြီးတော့ ကျမနဲ့ ခရီးတူတူသွားခဲ့ဖူးတဲ့ လူတွေဖြစ်တဲ့ သူတို့ရဲ့ စရိုက်၊ အကျင့်၊ ကျမတို့အပေါ်ဆက်ဆံပုံ စတာလေးတွေကို အမှတ်တရအဖြစ် တဖန်ပြန်ပြောင်း အောက်မေ့ရင်း ပြောပြချင်ပါတယ်…

အားလုံးသိကြတဲ့အတိုင်းပါပဲ… အသက်ကြီးတဲ့သူတစ်ချို့ဟာ တစ်ခါတစ်လေကျတော့ ပစိပစပ်များလေ့ရှိပါတယ်… အထူးသဖြင့်တော့ စကာင်္ပူက ဖွားဖွားများဟာ ဘုရားမသိ တရားမရှိတွေများလေတော့ အတ္တငါစွဲက အလွန်မှ ကြီးသကိုး… (အားလုံးကို မဆိုလိုပါ… ကျမနဲ့ တွေ့ခဲ့သော ဖွားဖွားများကိုသာ အဓိကဆိုလိုခြင်းဖြစ်ပါတယ်) … Briefing ပေးတဲ့နေ့ကတည်းက မလွယ်ဘူးဆိုတာလဲ ကျမသိထားပါတယ်… ကျမက အတ္တကြီးကြီး အဖွားကြီးတွေ၊ ဆိုးတဲ့ကလေးတွေ ရောင့်တက်တတ်တဲ့ ကလေးတွေနဲ့ မတည့်တတ်တဲ့ အကျင့်ရှိတဲ့သူမို့ ကျမ မေမေက အလိုက်အထိုက် သင့်တင့်အောင်နေဖို့ ခရီးမသွားခင်ထဲက အထူးမှာကြားထားပါတယ်… ကျမကိုယ်တိုင်လဲ တော်တော်လေးကို စိတ်ပြင်ဆင်ထားခဲ့ပါတယ်…

(စာကြွင်း။ ။ ကျမဟာ လူကြီးသူမတွေ အသက်ကြီးတဲ့သူတွေကို မလေးစား မရိုသေတတ်သူတော့မဟုတ်ပါ… သို့သော် လေးစားကြည်ညိုလောက်အောင်တော့ မနေပဲနဲ့ အသက်ကြီးတာကို အခွင့်ကောင်းယူပြီး အငယ်တွေအပေါ် အနိုင်ကျင့်မှာကိုပဲ ကျမစိုးရိမ်တာပါ… ကလေးဆိုလျှင်လဲ ထိုနည်းလည်းကောင်းပါပဲ… ချစ်စရာကောင်းပြီး လိမ္မာတဲ့ကလေးဆိုရင် ကျမချစ်ပါတယ်… သို့သော် ဖြစ်နိုင်ရင်တော့ အဝေးကပဲချစ်ပါတယ်… သူများကလေးကို ချီပိုးပြီးမှ တစ်ခုခုဖြစ်လို့ ကလေးငိုရင် ကျမပြန်မချော့တတ်ပါဘူး… လူကြီးကိုလဲအားနာလို့ပါ… အဲ ကလေးနဲနဲကြီးလာရင်တော့ လိမ္မာတယ် ပြောစကားနားထောင်တယ်ဆိုချစ်ပါတယ်… အရောဝင်လိုက်လို့ ကိုယ့်ကို ရောင့်တက်ပြီး မခန့်လေးစားလာလုပ်ရင်တော့ ညှာမှာမဟုတ်ပါဘူး.. အဟီး… အဲဒါကြောင့် ဒါမျိုးတွေ မဖြစ်ရလေအောင်… ချစ်စရာကောင်းတဲ့ကလေးဆို မုန့်ကြွေး အရုပ်ပေး ဒီလောက်ပါပဲ… အရောသိပ်မ၀င်ပါဘူး… နှလုံးသားမနူးညံ့လို့ မဟုတ်ရပါ… အရမ်းနူးညံ့တဲ့ နှလုံးသားတစ်စုံရှိလို့ပါ… ဟတ်.. ဟတ်…) ကဲပါလေ.. စာကြွင်းကလဲ အတော်ရှည်သွားသကိုး… လိုရင်းကို ပြန်ဆက်မှ…

ဒီပုံထဲမှာ စုစုပေါင်း အုပ်စု ၆စုရှိပါတယ်… ၂စုကတော့ နောက်က အတွဲ ၂တွဲပေါ့ရှင်…
နောက်ထပ် အုပ်စု ၄စုကတော့…
(၁) လက်ဝဲဘက် အကျဆုံးကတော့ ကျမတို့ ရွှေမြန်မာ ၃ယောက်ပေါ့နော်…
(၂) ကျမတို့ ဘေးက ဆံပင်ဖြူဖြူနဲ့ အဖွားကြီး၂ယောက်ရယ် နောက်ပြီး သူတို့နောက်ဘက်ဘေးက (အင်္ကျီအဖြူ အပွင့်နဲ့) အဖွားကြီးရယ်… ညာဘက်အစွန်ဆုံးက Guide ဘေးက အဖိုးကြီး အဖွားကြီး လင်မယားအတွဲရယ်က တစ်ဖွဲ့…
(၃) ဆံပင်ဖြူဖြူ အဖွားကြီးဘေးက နေကာမျက်မှန် အနွေးထည်နီကို လည်ပင်းမှာ ပတ်ထားတဲ့ အဖွားကြီးကနေစပြီး… ၄ယောက် (အပြာနဲ့ ဖွားဖွား၊ ပန်းရောင် ဂျာကင်နဲ့ ဖွားဖွား၊ ဦးထုပ်အနီနဲ့ဖွားဖွား) သူတို့ ၄ယောက်က တစ်ဖွဲ့…
(၄) ဦးထုပ်အနီနဲ့ ဖွားဖွားဘေးက အင်္ကျီအဖြူ ပုဝါအနီကို လည်ပင်းမှာပတ်ထားတဲ့ မိန်းမကြီးနဲ့ … သူ့ဘေးက ခပ်ငယ်ငယ် အသက် ၃၀ ၀န်းကျင်မိန်းမ ၂ယောက်က တစ်ဖွဲ့ပါ… (အဖွားကြီးနဲ့ အင်္ကျီအဖြူနဲ့ မိန်းမက သားအမိပါ… အနက်နဲ့ မိန်းမက အဖြူနဲ့ မိန်းမရဲ့ သူငယ်ချင်းပါ)

အင်း… သူတို့တွေအားလုံးက စလုံးတရုတ်တွေဆိုပေမဲ့… ဘာလို့မှန်းတော့ မသိဘူး… သူတို့ရဲ့ တရုတ်စာ အဆင့်အတန်းကလဲ ကျမတို့ထက် နဲနဲသာတယ်ဆိုရုံလေးပဲရှိပါတယ်… အဖွားကြီးတွေကအစ အင်္ဂလိပ်လိုပြောရတာကိုပဲ ပိုအားသန်ပုံရတယ်… သူတို့လူမျိုးစကားတော့ တတ်မယ်ထင်ပါတယ်… တရုတ်မန်ဒရင်းကို ကောင်းကောင်းပြောတတ်တာဆိုလို့ အတွဲ၂တွဲက ယောကျာင်္းလေး ၂ယောက်ပဲရှိပါတယ်… ဒီတော့ သူတို့နဲ့သွားရတာ တစ်ခုကောင်းတာက ဘယ်နေရာရောက်ရောက် အင်္ဂလိပ်လိုရှင်းပြဖို့ကို ကျမတို့က လိုက်ပြောနေစရာမလိုပါဘူး… သူတို့က ကိုယ့်ရှေ့ကနေ ကွန်ပလိန်းတက်လေ့ရှိပါတယ်…
ဥပမာ… skin care lesson မှာ ရှင်းပြတဲ့ကောင်မလေးက အင်္ဂလိပ်လိုထက် တရုတ်လိုကို ပိုအားသန်တဲ့ အတွက် တရုတ်လိုတွေပြောပါတယ်… ဒီတော့ သူတို့က အရင် ကွန်ပလိန်းတက်ပါတယ်… စလုံးလူမျိုးတွေက ကွန်ပလိန်းတာက မွေးရာပါ ဗီဇလိုဖြစ်နေတာလေ… ဒီတော့လဲ ကိုယ်ငြိမ်နေလိုက်တာပေါ့…
သူတို့ကို ပေးထားတဲ့ နာမည်လေးတွေကတော့… ကျမတို့ဘေးက ဆံပင်ဖြူနဲ့ ဖွားဖွား ၂ယောက်ကိုတော့ ခေါင်းဖြူဖွားဖွားလို့ခေါ်ပါတယ်… ၁ယောက်ချင်းစီကွဲကွဲပြားပြားသိရလေအောင် ခေါင်းဖြူဖွားဖွားမှာမှ ကျမဘေးကပ်ရပ်က ပိန်ပိန် ဘောင်းဘီ အဖြူနဲ့ အဖွားကြီးကတော့ အီးထွက်ခေါင်းဖြူဖြစ်ပြီးတော့ သူ့ဘေးက ခပ်ပုပုနဲ့ ခေါင်းဖြူဖွားဖွားကတော့ ပန်းသီးခေါင်းဖြူဖြစ်ပါတယ်….

အမည်ရရှိလာပုံလေးကတော့ ရှင်းပါတယ်… အသက်ကြီးတဲ့ လူတွေနဲ့ သွားရတာလဲ အတော်လေးမှ စိတ်ရှည်ရသကိုး… ဆီးဝမ်းသိပ်မထိမ်းနိုင်ကြတော့ ရောက်လေရာအရပ်မှာ အိမ်သာပဲ မေးနေတော့တာ… ကျမတို့ ဂိုက် ကတ်သီဆိုရင် နေရာတစ်နေရာရောက်တိုင်း တခြားအရာထက် အိမ်သာဘယ်နားရှိလဲ အရင်ပြရတယ်လေ… အိမ်သာတွေ့ရင်ကိုပဲ မနေနိုင်တာလားတော့မသိ… တွေ့တိုင်းလဲ သူတို့ ကိစ္စကိုရှင်းကြတယ်… ဒါကလဲ အသက်ကြီးပြီဆိုတော့ နားလည်ပါတယ်…

(၁) အီးထွက်ခေါင်းဖြူ ဖွားဖွား
အဲ… ဒါပေမဲ့ မှတ်မှတ်ရရ အီးထွက်ခေါင်းဖြူ ဖွားဖွားကတော့ ကျမတို့ ဆိုးလ်ကိုရောက်တဲ့နေ့ ဘယ်ကိုလဲမသိဘူးသွားနေတဲ့လမ်းမှာ သူအတော်လေး အိမ်သာတက်ချင်နေပုံရပါတယ်… ဒါနဲ့ guide ကိုသွားပြောပါတယ်… လမ်းမှာဆိုတော့ အိမ်သာကရှာရဘယ်လွယ်မလဲ… နောက်ဆုံး သူ မခံနိုင်လို့ထင်တယ်… ၃ခေါက်မြောက်လောက်ပြောတော့ မျက်စိမျက်နှာကလဲ ပျက်နေရှာပြီလေ… သူ့ကိစ္စက ထိပ်ဝရောက်နေပြီကိုး… ဒီတော့ ကတ်သီလဲ တွေ့တဲ့ လမ်းက ဆိုင်တစ်ဆိုင်ရှေ့ကားထိုးရပ် ခွင့်တောင်းပြီး ဖွားဖွားရဲ့ ထိပ်ဝက ကိစ္စကို အမြန်ရှင်းခိုင်းရတော့တာပေါ့… ဖွားဖွားသာ ကားပေါ်ကဆင်းသွားပင်မဲ့ သူ့ရဲ့ အငွေ့အသက်လေးတွေကတော့ လှိုင်လှိုင်ကျန်ခဲ့လို့… မဗေဒါတို့ခမြာ ရှိသမျှ အော်တီကလုံးတွေ… ပုဆိန်တံဆိပ်တွေ နှာခေါင်းကပ်ထားရပါရောလား… ဒီတော့ နောက်စကားပြောလို့ အဲဖွားဖွားအကြောင်းပါရင်… ဟို ဆံပင်ဖြူဖြူနဲ့ အိမ်သာတက်ချင်တဲ့ ဖွားဖွားလေလို့ အရှည်ကြီးမပြောတော့ပဲ… ခေါင်းဖြူ၂ယောက်မှာ အီးထွက်တဲ့ ဖွားဖွား… ခေါင်းဖြူ အီးထွက် ဖွားဖွားရယ်လို့ အမည်ကျော်လေသတည်း… (အဲဒိနာမည်လေး စပေးလိုက်တဲ့ အချိန်ကဆိုရင် ကားပေါ်မှာ ကျမတို့ ၃ယောက် နှာခေါင်းလေးတွေပိတ်ပြီး ရီလိုက်ရတာ အူကိုနာရော…)

(၂) ပန်းသီး ခေါင်းဖြူဖွားဖွား
ပန်းသီး ဖွားဖွားကတော့ အလွန်မှ ပစိပစပ်များ… အတ္တကြီးပြီး အတော်လေးကိုမှ ဗိုလ်လိုချင်တဲ့ စိတ်ရှိပုံလဲရပါတယ်… လူကြီးပီပီ လူငယ်တွေကို ခွင့်လွှတ်နားလည်ပေးဖို့ ဝေးစွ… အရာရာသူက အငယ်ဆုံးသမီးလေးလို အလိုလိုက်ဗိုလ်ကျချင်ပုံရပါ့…
ကဲ ဒီလောက်ညွှန်းနေမှတော့ အားလုံးလဲ ခန့်မှန်းလို့ရမှာပါ… သူ ပန်းသီးဖွားဖွားဖြစ်လာပုံက ကျမနဲ့ တိုက်ရိုက်ပတ်သတ်နေလို့ပါပဲ… ကျမက ဂျဲဂျူးမှာတုန်းက သတ္တုဗူးအအေး ပန်းသီးအချိုရည်တစ်ဗူးကို ၀ယ်လာဖြစ်ပါတယ်… ဒါပေမဲ့ မသောက်ဖြစ် မသောက်ဖြစ်နဲ့ ဆိုးလ်ကိုရောက်တော့မှ ကားပေါ်မှာ ဖောက်သောက်ဖြစ်တယ်… ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ… တိုးနဲ့သွားတာဆိုတော့ တစ်နေရာရောက် ကားပေါ်က ဆင်းရပြန်ပြီ… နောက်ပြန်တက်ရပြန်ပြီ… ဒီတော့ ကျမလဲ သောက်လက်စ ပန်းသီးအချိုရည်သတ္တုဗူး မကုန်သေးတာကို မေ့သွားပါတယ်… ကားပေါ်မှာ ကျမထိုင်တဲ့ ခုံပေါ်ကို ဒီတိုင်းတင်ထားမိပြီး အပေါ်က ကျမ ဦးထုတ်တွေ ကင်မရာတွေနဲ့ အုပ်သွားတော့ လုံးလုံးကို မေ့နေတာပါ… (ကျမက အစထဲက အရမ်းမေ့တတ်ပါတယ်)… ဒါနဲ့ အဲဒိ အချိုရည်ဗူးက ဘယ်တုန်းက မှောက်သွားလဲမသိပါဘူး… ကျမ သိလိုက်တဲ့အချိန်မှာ အတော်လေးမှောက်နေလို့… ကျမကင်မရာအိပ်တွေတောင် စိုကုန်လို့ ကိုယ့်ဇောနဲ့ကိုယ်သုတ်နေရတော့တာပေါ့…

ပန်းသီးဖွားဖွား ဖြစ်မဲ့ အဖွားကြီးက ကျမနောက်ခုံမှာ ထိုင်နေတာပါ… ခဏနေတော့… သူ့နောက်ကနေ အသံကြားပါလေရော…
“ah yoe… ဘာတွေလဲ… ငါ့ဖိနပ်တွေ စိုကုန်ပြီ… ဟေ့ ကောင်မလေး.. ဟေ့ကောင်မလေး” ဆိုပြီး ကျမကို ခပ်စပ်စပ် လက်နဲ့ ပုတ်ပြီးခေါ်ပါတယ်… ကျမလဲ အဲဒိတော့မှာ ကျမပန်းသီအချိုရည်တွေ ဘယ်ရောက်သွားလဲ ကောင်းကောင်းသိတော့တယ်… အနောက်ကို မှောက်ပြီး သူ့ ဖိနပ်တစ်ခုလုံး ရွှဲနေပါတော့တယ်… ကျမလဲ အတော်လေး အားနာသွားတာပေါ့… သူ့ကို တောင်းလဲ တောင်းပန်တာပေါ့… နောက်ပြီး ကျမလဲ ဘာလုပ်ပေးရမလဲပေါ့… သူကတော့ ပါးစပ်ကနေ လုံးဝကို ကြိတ်မနိုင်ခဲမရ ငြူစူနေတော့တာပေါ့ရှင်… ဒါနဲ့ ကျမက သူ့ကို ကျမဆီမှာ ရှိတဲ့ wet Tissue တွေ ထုတ်ပေးပါတယ်… သူကလဲ စောင့်အောင့်ယူပြီး သူ့ဖိနပ်ကို သုတ်ပါတယ်… နောက် Tissue တွေ ကုန်သွားတော့ ကျမဆီမှာ သောက်လက်စ ရှားရှားပါးပါး ကျန်တဲ့ ရေဗူးလေးက ရေကို ယူမလား.. ကပ်စေး ကပ်စေး မဖြစ်တော့အောင်လို့ ဆိုတော့ သူက ယူမယ်တဲ့.. ဒါနဲ့ ကျမက ရေဗူးလေးကို သူ့ သုတ်လက်စ Wet Tissue မှာ လောင်းပေးမလို့ဟာကို… အဲဒိ ဖွားဖွားက ဘာလုပ်တယ်ထင်လဲ… ကျမရေဗူးကို ယူပြီး ရေဗူး နှုတ်ခမ်းသားနဲ့ သူ့ သုတ်လက်စ Wet Tissue ဖတ်နဲ့ကို ကပ်ပြီး ရေစွပ်တယ်ရှင်… သူများသောက်နေတဲ့ ရေဗူးကို သူ့ဖိနပ်သုတ်ပြီးသား အ၀တ်စနဲ့ ကပ်ပြီး ရေစွတ်တယ်ဆိုတာ မလုပ်သင့်ဘူးဆိုတာ သူ့အသက် သူ့အရွယ်နဲ့ Common Sense သိသင့်တယ်လို့ ကျမထင်ပါတယ်… သူ့အသက်ကလဲ မရဏကို မျက်စောင်းလှန်းထိုးနေတဲ့ အရွယ်ဆိုတော့ မိဘက နင့်ကို မဆုံးမဘူးလားလို့ ပြောလို့တော့မကောင်းပါဘူး… ပြောချင်းပြော ရှင့်သားသမီးတွေက ရှင့်ကို မဆုံးမဘူးလားလို့တောင် ပြောလိုက်ချင်ပါတယ်…

သူ့စိတ်အနေမှာ ကျမက အပြစ်ရှိတဲ့သူဖြစ်တယ်… သူ့ကို ခုလို ကသိကအောင့်ဖြစ်အောင်လုပ်တဲ့အတွက်… ကျမကိုလဲ တစ်ခုခု အခက်ခဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးရှိတယ်ထင်ပါတယ်… ဒါပေမဲ့ ကျမဘက်က ကြည့်တော့လဲ ကျမ တမင်ရည်ရွယ်ပြီးလုပ်တာလဲ မဟုတ်တဲ့အပြင် တောင်းလဲ တောင်းပန်ပြီးပြီ… ကိုယ့်ဘက်က တတ်နိုင်တာကိုလဲ လုပ်ပေးပြီးပြီ… သူလူကြီးတစ်ယောက်အနေနဲ့ ခွင့်လွှတ်ပေးသင့်တာပေါ့… သူ့အတွက် နေလို့ထိုင်လို့မကောင်းတော့ဘူးဆိုပင်မဲ့ ဘာမှ တတ်နိုင်တော့တဲ့ ကိစ္စမဟုတ်ဘူးလေ… အားလုံးက ဖြစ်ပြီးနေပြီ… သူဒီတိုင်း ကျမကို ခွင့်လွှတ်လိုက်ရင်တောင် ကျမစိတ်ထဲမှာ အားနာပြီ ကိုယ့်ကိုကိုယ်အပြစ်ရှိသလို ခံစားနေရအုံးမယ်… ခုတော့ သူ့ရဲ့ မပြည့်ဝတဲ့ အပြုအမူကြောင့် ကျမက အတော်လေးကို စိတ်မျက်သွားတဲ့အပြင် ငါမှောက်သွားတဲ့ အချိုရည်တောင် နည်းသေးတယ်လို့ စိတ်ထဲဖြစ်မိပါတော့တယ်…

ကျမရဲ့ မေမေကို လှမ်းကြည့်တော့ ကျမမေမေက “မပြောနဲ့… မပြောနဲ့… ကိုယ့်ဘာသာကိုယ်ပဲနေလိုက်တော့… သည်းခံလိုက်” ဆိုပြီ ဟိုဘက် ခုံကနေ ကျမကို မျက်နှာရိပ်နဲ့လုပ်ပြပါတယ်… ကျမလဲ သောက်လို့မရတော့မဲ့အတူတူ… ဒီရေဗူးကို ဘာလုပ်နေတော့မှာလဲ… ဒါနဲ့ စိတ်ကို မနည်းလျော့ပြီး… အန်တီရေ… အန်တီလိုမယ်ဆိုရင် အကုန်ယူလိုက်ပါတော့လား… ကျမ မသောက်တော့ဘူးလို့ ပြောပြီးပေးတော့လဲ ဖွားဖွားက မယူဘူးတဲ့ရှင်… ဒါနဲ့ပဲ ကျမလဲ ကိုယ့်ခုံမှာပဲ ကိုယ်ပြန်ထိုင်နေတော့တာပါပဲ… အပြစ်ရှိသလိုခံစားရတဲ့ ခံစားမှုတော့ အလျင်းမရှိတော့ပါဘူး… ခုလို သူလုပ်လိုက်တဲ့အတွက် ကျမကတောင် ကျေးဇူးတင်ပါသေးတယ်… ဒါပေမဲ့လဲ သူ့မှာ ကျိတ်မနိုင်ခဲမရတွေဖြစ်ပြီး သူ့ဒေါသနဲ့ သူ ပူလောင်ပြီး နောက်ကနေ ပွစိပွစိနဲ့ ပြောမဆုံးအောင်ကိုး ရှိနေတော့တာပေါ့… ပန်းသီးအချိုရည်ပေတာများ… ကျင်ငယ်ရည်ထိတာထက်တောင် ဆိုးနေတယ်… ကျမလဲ ကြားနေရရင် ဒေါသထွက်နေမှာဆိုးလို့… MP3 ကို နားထဲထည့်ပြီး မျက်စိမှိတ်ပြီး နေနေလိုက်ပါတော့တယ်… အေးချမ်းလိုက်တာလွန်ရော…

နောက်တော့ ဂိုက်မိန်းမ ကတ်သီကို ဖွားဖွားက လှမ်းခေါ်လိုက်ပြီး “ ဒီမှာ ကြည့်စမ်းပါအုံး သူလုပ်လိုက်တာ ပန်းသီအချိုရည်တွေ ကျကုန်ပြီး အားလုံး ကပ်စေး ကပ်စေးတွေဖြစ်ကုန်ပြီ… ကြည့်စမ်း… ကြည့်စမ်း” ဆိုပြီး… ကိုယ်ပိုင်အင်အားမရှိတဲ့ကလေးတစ်ယောက်က သူ့မိဘကို တိုင်သလိုမျိုး တိုင်ပါတယ်… သူတိုင်တော့ဘာအရေးလဲ ကတ်သီက ကျမကို လာဆူလို့မှ မရတာ… ကားပေါ်က ကျန်တဲ့သူတွေကရော ကိုယ့်ကိစ္စမဟုတ်ပဲနဲ့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုပြီး လာရပ်တည်မှာလဲ… ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ကိုယ်ဖြစ် ကိုယ်ခံ ကိုယ်ရင်ဆိုင်ပဲ… ဒါကို ဒီအသက်အရွယ်ရောက်နေပြီး နားမလည်သေးတာတော့ သနားစရာပဲ…

ကျမတို့ ၂ယောက်ကြားမှာ မြေဇာပင်ဖြစ်သွားသူကတော့ အလွန်တာဝန်ကျေပွန်တဲ့ ဂိုက်ကတ်သီပါပဲ… သူ့မှာ အဖွားကြီးကိုလဲ စိတ်ကျေနပ်အောင်လုပ်ပေးရမယ်… (အဖွားကြီးအတွေးထဲမှာတော့ ကတ်သီက ကျမကို ဆူလိုက်ရင်ကောင်းမှာပဲလို့ တွေးချင်တွေးနေမှာပဲနော်…) ကျမကိုလဲ ဘာမှ အပြစ် တစ်ခွန်းမပြောတဲ့အပြင် ပန်းသီးအချိုရည်က ကျမဟာမဟုတ်တဲ့အတိုင်းပါပဲ… အဖွားကြီးတိုင်ပြီး ခဏကြာတော့ သူ တစ်ရှူးလိပ်တွေနဲ့ ပြန်ရောက်လာတယ်… ပြီးတော့ ဒူးကိုထောက် ကားကြမ်းပြင်နဲ့ ထိုင်ခုံအောက်တွေကို တစ်ရှူးတွေနဲ့ သုတ်ပါလေရော… အမှန်တော့ အချိုရည်တွေက ခြောက်တောင် ခြောက်သွားလို့ ကပ်စေးနေတဲ့ အခြေအနေကို ရောက်နေပါပြီ… သုတ်လဲ သိပ်တော့ မထူးတော့ပါဘူး… ဒါပေမဲ့ သူက အခုလို ခုံအောက်တွေထိ လိုက်သုတ်နေတော့… ကျမ သူ့ကို အတော်လေးလဲ သနားတယ်… အားလဲနာတယ်… စိတ်ထဲမှာလဲ ချီးကျူးမိတယ်… ဒါနဲ့ ကျမလဲ MP3 ကိုဖြုတ်… ထိုင်ရာကထပြီး သူ့ဆီက တစ်ရှူးတောင်းပြီး သူနဲ့အတူတူ လိုက်သုတ်ပေးလိုက်ပါတယ်… ဒါတောင် သူက ပါးစပ်က… “ ရတယ်… ရတယ်… မရှိတော့ဘူး… သူသုတ်လိုက်ပြီ” လို့ ပြောပါသေးတယ်… ဟိုအဖွားကြီးတော့ ဘယ်လိုနေတယ်မသိဘူး… ကျမကတော့ ကတ်သီကို အားနာလို့ ကူလုပ်ပေးလိုက်တာပါ… ကျမစိတ်နဲ့သာဆို ပေပြီးတော့ကို နေအုံးမှာ… ဘာပဲပြောပြော ကတ်သီဖြေရှင်းလိုက်လို့ တင်းမာနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ သူသုတ်လိုက်တဲ့ တစ်ရှူးတွေနဲ့ အတူ လွင့်စင်ပျောက်ကွယ်သွားခဲ့ပါတယ်…

(၃) လောင်လောင်ဖွား
ပုံထဲမှာပါတဲ့အတိုင်း ခေါင်းဖြူအဖွားကြီး ၂ယောက်ဘေး အနောက်နားလေးက အင်္ကျီအဖြူနဲ့ ဖွားဖွားကတော့ ခပ်လောင်လောင်ပြောင်ပြောင်နေတတ်လို့…. လောင်တတ်တဲ့ အဖွားကြီးကို အတိုချုံးပြီး လောင်လောင်ဖွားလို့ ကျမကနာမည်ပေးထားပါတယ်… သူလည်းပဲ အဖွားကြီး အထိုက်အလျောက်တော့ အတ္တရှိပါတယ်… ဒါပေမဲ့ သူက ပြောရင် လူကို နောက်သလိုလို ပြောင်သလိုလိုနဲ့ ဗိုလ်ကျတာပါ… ဥပမာဆိုရရင်… နေရာတစ်နေရာကို ဓာတ်ပုံရိုက်ဖို့ ကျမတို့လူငယ်တွေက အရင်ရောက်တယ်… သူက နောက်မှရောက်ပြီး… ငါ့ကို အရင်ပေးရိုက်ပါနော်… ဘာညာနဲ့… မပေးဖူးပြောတော့လဲ မကောင်း… အမှန်ဆိုသူတောင်းကို မတောင်းသင့်တာပါ… အဲလိုမျိုးကိစ္စလေးတွေ တော်တော်များများသူလုပ်တတ်ပါတယ်… အညွှန့်ခူးစားတယ်ဆိုပေမဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲရှိလို့… သူ့နဲ့တော့ ဘာပြဿနာမှ မတတ်ခဲ့ပါဘူး… သူက ဒီတိုင်းကြည့်ရင် အသက်၆၀ ကျော်လိမ့်မယ်တောင် မထင်ရပါဘူး… ဆံပင်တွေကလဲ ဆေးတွေဆိုးထားတော့ နက်မှောင်နေတာပဲ… ကားပေါ်မှာလဲ သီချင်းဖွင့်ခိုင်းပြီး ကလိုကနဲ့ အတော်လေးတော့ ပျော်တတ်ပါတယ်… အဲ… သူနဲ့ ပန်းသီးခေါင်းဖြူဖွားဖွားနဲ့တောင် လမ်းမှာ ချဲထိုးဖို့ စကာင်္ပူကို ဖုန်းခေါ်ရင်း အချင်းချင်း စကားများရန်ဖြစ်ကြသေးတယ်… ဗိုလ်တွေချည်းပဲ…

(၄) အတ္တပုံဆောင်ခဲ ဖွားဖွားများ အဖွဲ့
လောင်လောင်ဖွား ရှေ့က နေကာမျက်မှန်နဲ့ ဖွားဖွားကနေစပြီး ဦးထုပ်အနီရောင်စောင်းထားတဲ့ ဖွားဖွားထိ… လေးယောက်ကိုတော့ ကျမတို့က အတ္တပုံဆောင်ခဲများ အဖွဲ့လို့နာမည်ပေးထားပါတယ်… (နာမည်လေးက ကဗျာဆန်တယ်ဟုတ်? ဟတ်… ဟတ်…) အဲဒိဖွားဖွားတွေက ကျမတို့နဲ့တော့ ထိပ်တိုက် သိပ်မဖြစ်ဖူးပါဘူး… သို့သော် သူတို့ တစ်ဖွဲ့လုံးက ကျမတို့ ကို စကားပြောရင် အထင်အမြင်သေးတဲ့ မျက်လုံးမျိုးနဲ့ ကြည့်တတ်ပါတယ်… အမြဲ အထက်စီးကပုံစံမျိုးနဲ့ ပြောပါတယ်… မြန်မာဆိုတာနဲ့ပဲ သူတို့ကို အောက်ကျို့ရတော့မှာလား… ပြီးရင် ကျမတို့ကို မေးလိုက်မှဖြင့်… နင်တို့က မြန်မာတွေဖြစ်ပြီး… ဘယ်လိုလုပ်ပြီး ကိုရီးယားကို ခရီးထွက်နိုင်တာလဲ… (အဲလို သဘောမျိုးဆန်ဆန်)… မေးတတ်ကြပါတယ်… ကျမဆီမှာ ရှိသမျှ စည်းစိမ်ကိုလဲ စစ်ဆေးမေးမြန်းနေလိုက်ကြတာ တစ်ယောက်ပြီးတစ်ယောက်ပါပဲ… ကျမကလဲ လုံးဝတော့ ဖြုံမယ်မထင်ပါနဲ့… သူတို့ စားရိတ်နဲ့လဲ ခရီးထွက်နေတာမဟုတ်ပါဘူး… သူတို့ကို အသက်ကြီးတဲ့သူတွေမို့ ဦးစားပေးတာကလွဲလို့ အောက်ကျို့နေစရာတော့မလိုပါဘူး… ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခရီးထွက်နေတာပါ… ပြောရရင် သူတို့လို အသက်ကြီးမှ သားသမီးတွေကလဲ ပြန်မကြည့်လို့ တသက်လုံးရှာထားတဲ့ CPF လေးပြန်ရမှ မသေခင်လေး သုံးရတာမဟုတ်ပါဘူး… တတ်နိုင်လို့ ကိုယ့်အမေကိုတောင် စားရိတ်ခံခေါ်လာတာပါ… (ကြုံတုန်းကြွားတာပါ… ခုတော့လဲ မွဲ… ဟဲ… ဟဲ…)

မှတ်မှတ်ရရ အင်္ကျီအပြာနဲ့ အဖွားကြီးနဲ့တော့ တစ်ခါပဲ အနည်းငယ်လေး စိတ်ထစ်ဖူးပါတယ်… ဂျဲဂျူးကနေ ဆိုးလ်ကို သွားမဲ့နေ့… ဂျဲဂျူးလေဆိပ် ချက်အင်မှာ ဂိုက်က အဖွဲ့တစ်ဖွဲ့ကို အဲဒိအဖွဲ့ထဲကတစ်ယောက်ထဲရဲ့ နာမည်နဲ့ပဲ အိတ်တွေကို ချက်အင်ဝင်ထားတာပါ… အဲဒါကိုသူက ရှေ့ဆုံးကလဲ တိုးဝှေ့ပြီးဝင်သေးတယ်… ပြီးတော့ နားမလည်ပဲနဲ့ ကျမတို့ ချက်အင်ဝင်နေတော့မှ တိုးဝှေ့ပြီးတစ်ခါ ပြူးတူးပြာတာနဲ့ အတင်းလာထပ်မေးပါတယ်… ကတ်သီကလဲ လူတွေ အများကြီးကို လုပ်နေရတော့ အလုပ်များတာပေါ့… ဒါနဲ့ ကျမက သူဘာဖြစ်နေလဲဆိုတာသိတော့.. ရှင်းပြတာပေါ့ “မဟုတ်ဘူး အန်တီ… ဒါက ဒီလိုရှိတယ်ပေါ့…” အဲဒါကို သူကမျက်စောင်းထိုးပြီး မယုံသကာင်္နဲ့ စေတနာကို ပျက်ရော… နောက်တစ်ခုဆိုးတာက သူတိုးဝှေ့ဝင်လိုက်တာ ကျမအမေ ခြေထောက်ကို သူ့လှည်းနဲ့ တက်ကျိတ်သွားတယ်လို့ အမေကလာပြောတော့ အတော်လေးကို ချဉ်သွားပါတယ်… ကျမ မရိုင်းချင်ပါဘူး… ရိုင်းလိုက်လို့ မြန်မာတွေ ဒီလိုပဲလို့ အပြောခံရမှာလဲ ဆိုးပါတယ်… ဒီတော့လဲ နေပေါ့… အဲဒိ ကောင်တာမှာပဲ နေခဲ့ပေါ့… မဗေဒါတို့ကလဲ ကိုယ့်ကို မယုံကြည်ရင် ၂ခါ အကူအညီမပေးပါဘူး… သဗ္ဗေသတ္တာ ကာမသကာ ပဲပေါ့… (အဲဒိ အင်္ကျီအပြာဖွားဖွားနဲ့ သူ့ဘေးက အနက် နေကာမျက်မှန်နဲ့ ဖွားဖွားက ညီအစ်မဖြစ်မယ်ထင်တယ် ရုပ်အတော်ဆင်တယ်)

အဲ နောက်ပြီး… ပန်းရောင်နဲ့ ဖွားဖွားကတော့ အသစ်အစမ်းဆို သူအကုန်လုပ်ချင်ပါတယ်… အဲ free testing တို့ဘာတို့လဲ သူပဲ ခံချင်တယ်… အဲဒါကို အတ္တအမျိုးအစားခွဲမယ်ဆိုရင် ဘယ်ပုံဆောင်ခဲ အမျိုးထဲပါမလဲတော့မသိဘူး… ကျမတို့ကိုကြည့်ရင် အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တဲ့ အထဲမှာ သူထိပ်ဆုံးကပေါ့… Face Shop က skin care lesson မှာ ဘယ်သူ အစမ်းခံမလဲဆိုတော့ ထိပ်ဆုံးက ပြေးလိုက်တာ ပြိုင်ဘက်မရှိဗိုလ်ဆွဲသွားတယ်… နောက်တော့ Face Shop က product တွေရောင်းတော့ ဘာမှ မ၀ယ်ပဲ မျက်ခုံးမွှေးခဲတံလေး ၁ချောင်းပဲ ၀ယ်တယ်… အဲဒိဆိုင်ပြီးတော့ သူကျမတို့ သားအမိကို နဲနဲ ဖျားသွားတယ်… Face shop မှာ ကျမတို့ သားအမိဝယ်တာ ကိုရီးယား ၂သိန်းခွဲဖိုး (စကာင်္ပူု ၃၀၀ ကျော်ခန့်…) ကျော်တယ်လေ… ကားပေါ်မှာ အများဆုံးဝယ်တာ ကျမတို့ပဲ… ၂သိန်းကျော်ဖိုးဝယ်ရင် ဆလင်းဘက်အိတ် ၁လုံးလက်ဆောင်ရတယ်… ကျမတို့ အိတ်ကြီးကို ကြည့်ပြီးမှ … ၀ါး… အများကြီးပါလားဆိုပြီး ကောင်းကောင်းမွန်မွန် စကားပြောတော့တယ်…

ဦးထုပ်အနီနဲ့ အတ္တပုံဆောင်ခဲ ဖွားဖွားကို စစတွေ့ချင်းတော့ သူက အဆိုးဆုံးဖြစ်လောက်တယ်လို့ထင်တာပါ… သူ လူကိုကြည့်တဲ့ပုံစံက မျက်ထောင့်နဲ့ တစ်လောကလုံးမှာ သူပဲ ကိုရီးယားသွားနိုင်တဲ့ ပုံစံမျိုးနဲ့ပါ… စကားပြောရင်လဲ မြန်မာလို အနီးစပ်ဆုံး ပြောရရင် “ဟေ့… ကောင်မလေး… ညဉ်းတို့က စကာင်္ပူမှာ ဘာ စတေးနဲ့ နေကြတာလဲ… ညဉ်းက ပီအာလား.. ဘယ်လို ပီအာရတာတုန်း… စကာင်္ပူယောကျာင်္း ယူထားလို့လား… ညဉ်းအမေကရော စကာင်္ပူမှာ ဘာစတေးနဲ့ နေသလဲ… “ အဲလို လေသံမျိုးနဲ့ ဖြစ်မယ်ထင်ပါတယ်… အမှန်ဆိုရင်တော့ သူများပါစင်နယ်ကို ခရေစိတွင်းကျ ပြောပြချင်မှန်းမသိ… မပြောပြချင်မှန်းမသိ လိုက်မေးတာ အဆင့်ကို မရှိဘူးလို့ထင်ပါတယ်… ဒါမျိုးတွေက ရင်းနှီးမှု အတိုင်းအတာပေါ်မူတည်ပြီးမှ မေးသင့်တယ်လို့ထင်ပါတယ်… သူ့ကိုသူတော့ နိုင်ငံကြီးသား ဒီဇိုင်းပေါ့… ကျမတို့ကတော့ နိုင်ငံ အနိမ့်လေးကပေါ့လေ… သူ့နိုင်ငံ သူဂုဏ်ဆောင်နေတာလေ… ဘာ နိုင်ငံကြီးသားလဲ… ဒါပေမဲ့လဲ သူက သူ့ရဲ့ အမူအရာ ပြောပုံဆိုပုံကလွဲရင် ကျန်တာအားလုံး အဆင်ပြေပါတယ်… ဒါကလဲ သူ့ရဲ့ အကျင့်ပဲလေဆိုပြီး ကျမရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာ ထဲမှာရှိနေပါသေးတယ်… ကျမတို့ အကြောင်းကို မေးမြန်းလိုက်တာများ CID က ကြည်မာခင်တောင် အမေခေါ်ရမယ်… သူက စ သုံးလုံးကထင်တယ်… စုံစမ်း၊ စစ်ဆေး၊ စပ်စုရေး လေ…


(၅) ကလေးအမေ သားအမိ…
ဒီဘက်က အကျီင်္အဖြူ ပုဝါအနီ နေကာမျက်မှန်နဲ့ မိန်းမကြီးရယ်… ဘေးက လူငယ် မိန်းမ ၂ယောက်ရယ်ကတော့ အဆင်ပြေပါတယ်… ပုဝါအနီနဲ့ အဖွားကြီးကတော့ လူ့သဘာဝအတိုင်း အထူးသဖြင့် အသက်ကြီးတဲ့သူတွေ သဘာဝအတိုင်း သူလုပ်တာမှ ကောင်းတယ်ထင်တာပေါ့လေ… ဒါကလဲ ဖောရှောလေးနဲ့ ဟုတ်တာပေါ့… သိပ်ကောင်းတာပေါ့… အားကျလိုက်တာ လိုက်ပြောလိုက်ရင် သူနဲ့ ပြေလည်နေတာပါပဲ… ဥပမာ… ရှန်ဟိုင်းမှာ တရုတ်ကျွမ်းဘားကို ကြည့်မယ်ဆိုရင် ပိုက်ဆံထပ်ကောက်ပါတယ်… ကျမတို့လူငယ်တွေ (သူ့သမီး အပါအ၀င်) က ကျွမ်းဘားမှ မကြည့်ချင်တာ… ရှော့ပင်းပဲ ထွက်ချင်တာလေ… ဒီလိုနဲ့ ၂စုကွဲသွားလေရဲ့… အဲဒါကို နောက်နေ့ တွေ့တော့ ကျွမ်းဘားက ဘယ်လောက်ကောင်းကြောင်း… ကျမတို့ မကြည့်လိုက်ရတာ နာသွားကြောင်း… သူရွေးတဲ့လမ်းက မှန်တယ်ပေါ့လေ… အဲလိုသဘောမျိုးတွေ တစ်ခါလဲ မဟုတ် ၂ခါလဲ မဟုတ်လိုက်ပြောနေရော… ရွယ်တူသာဆိုရင်တော့ ကျမ တစ်ခွန်းပြန်ပြောမိမယ် ကိုယ်ထင်ရင် ကုတင်ခြေလေးချောင်းပါပဲလို့… (စကားပုံ အမှန် ကိုယ်ထင်ရင် ကုတင်ရွှေနန်း) …

ကျမရဲ့ စိတ်ဓာတ်က ကျမ မကြိုက်တဲ့အရာ ကို ဘယ်သူတွေက ဘယ်လောက်ကောင်းပါတယ်ပြောပြော စိတ်ထဲမှာ တက်မက်တဲ့စိတ်ကို မရှိတာ… မကြိုက်ပါဘူးဆိုမှ ရှင်းနေပြီ… ဟုတ်ဘူးလား… ကျမအတွက်တော့ ပိုက်ဆံပေးပြီး ကျွမ်းဘားလိုက်ကြည့်တာထက်စာရင် အဲဒိနေ့ညက ကျမလုပ်ခဲ့တဲ့ ရှန်ဟိုင်း ရထားလိုင်းလိုက်စီးပြီး ကိုယ့်ဘာကိုယ် သွားချင်တဲ့နေရာ သွားနေရတာကမှ စိတ်လှုပ်ရှားစရာ ပိုကောင်းပါသေးတယ်… ဒါပေမဲ့လဲပေါ့လေ… သူက လာပြောနေမှတော့ “ဟုတ်လား… အန်တီ ကြိုက်လား… အင်း…” ဒီလောက်တော့ ပြောပေးလိုက်ပါတယ်… ငါတို့မကြည့်လိုက်ရတာ နာလိုက်တာလို့တော့ သူ့စကားကို လုံးဝ မထောက်ခံခဲ့ပါဘူး..
သူကသာ ကြွားကောင်းနေတာပါ ညက သူ့သမီး ဘယ်သွားလဲဆိုတာတော့ သူ မသိရှာဘူးလေ… (သူ့သမီးဘယ်သွားလဲဆိုတာကို နောက်ပိုင်း ခရီးသွားမှတ်တမ်း အပိုင်းများတွင်မျှော်…)

သူ့သမီးကတော့ ခပ်ချောချောပါပဲ… မျက်နှာမှာ ၀က်ခြံထွက်ပြီးကျန်တဲ့ အမာရွတ်လေးတွေကလွဲရင် ကိုယ်လုံးလဲ မဆိုးဘူး… ရုပ်ရည်လဲ ချောတယ်… ၀တ်တာလဲ ခေတ်မှီတယ်လို့ပြောလို့ရတယ်… သူ့ကိုတော့ ကျမတို့က Briefing နေ့တုန်းက သူ့သမီးလေး ခေါ်လာတာတွေ့လိုက်တော့… ကလေးလေးရဲ့ အမေဆိုပြီး အစွဲပြုပြီး… ကလေးအမေလို့ ခေါ်ပါတယ်… သူကတော့ လူငယ်ပိုင်းလဲဖြစ်တယ်ဆိုတော့ တော်တော်လေး အဆင်ပြေပါတယ်… စကားပြောလို့လဲကောင်းတယ်… အားလုံး အိုကေပဲ… အဲ… စွာတော့ စွာတယ်နော်… ကျမနဲ့တော့ ဘာကေစ့်မှ မရှိဘူး… တည့်တယ်… သူ့သူငယ်ချင်းမိန်းမကတော့ ပိုရိုးတယ်… ရိုးတယ်ဆိုတာ စိတ်ထားကိုပြောတာ.. သိပ်ဟန်ဆောင် ပန်းဆောင်မရှိဘူး… ပွင့်ပွင့်လင်းလင်းနဲ့ ကျမနဲ့ ပေါင်းလို့ရတယ်… သူတို့ ၂ယောက်လဲ ကိုရီးယားကား အတော်ကြည့်ပုံရတယ်… ပြောသမျှကားအားလုံး နီးပါးသိတယ်… ကျမနဲ့ ပိုခင်ပြီး ပြောစရာများလာတဲ့ အကြောင်းကတော့ ကိုးရီးယားရုပ်ရှင်တွေ အကြောင်းပေါ့ရှင်…

(၆) ချစ်တတ်တဲ့ ဖိုးဖိုး ဖွားဖွား
ညာဘက်အစွန်ဆုံးက ကတ်သီဘေးမှာ ရပ်နေတဲ့ အဖိုးကြီး အဖွားကြီးစုံတွဲကတော့ ချစ်တတ်တဲ့ လင်မယားလို့ ခေါ်တယ်… သူတို့၂ယောက်က နာမည်နဲ့လိုက်အောင်ကို အတော်ချစ်ကြတယ်… ကားပေါ်က အတွဲတွေထဲမှာ သူတို့ ၂ယောက်က အချစ်တတ်ဆုံးလို့ထင်တာပဲ… အဖိုးကြီးကလဲ အဖွားကြီးကို အတော်ဂရုစိုက်တယ်… အဖွားကြီးကလဲ စိတ်ထားကောင်းတယ်… ပစိပစပ်လဲ မများဘူး… လူငယ်တွေကိုလဲ နားလည်တယ်… လူကြီးအချင်းချင်းလဲတည့်တယ်… သူတို့ ၂ယောက်ကို ကြည့်ရတာ အားကျတယ်… ကိုယ်လဲ သူတို့လိုပဲ အိုမင်းတဲ့အထိ ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်း ရှိမဲ့ လက်တွဲဖော်မျိုးကို လိုချင်တယ်… အဖိုးကြီးက အရင်က မြန်မာ ဆရာဝန်တစ်ယောက်လက်အောက်မှာ အလုပ်လုပ်ဖူးတယ်တဲ့… မြန်မာပြည်လဲ ရောက်ဖူးတယ်… သူတို့ လင်မယား ၂ယောက်လုံးက မြန်မာကို အထင်မသေးဘူး… သူတို့ သားသမီးတွေက ၁ယောက်က သြစီမှာ.. ၁ယောက်က အင်္ဂလန်မှာ.. ၁ယောက်က စလုံးမှာ အိမ်ထောင်တွေကျကုန်ကြလို့ သူတို့လင်မယားက အေးဆေးဖြစ်နေပြီ…

အဖိုးကြီးက လေချွန်ရတာကို တော်တော်ဝါသနာပါတယ်… သူ့မိန်းမပြောပုံအရ စိတ်ညစ်လဲ လေချွန်တယ်… ပျော်လဲ လေချွန်တယ်… ပျင်းလဲ လေချွန်တယ်တဲ့… ဟုတ်တော့လဲ ဟုတ်တယ်… ကားပေါ်မှာလဲ လေလေး တချွန်ချွန်… ဟိုတယ်ရောက်လဲ လေတချွန်ချွန်… မြွေလာမှာတောင် ကြောက်ရတယ်… ဒီတော့ အဖိုးကြီးနာမည်ကို လေချွန်နတ် လို့ ပေးထားတယ်…
အဖွားကြီးကတော့ သဘောကလဲ ကောင်းတယ်… ပြီးတော့ ပန်းသီးဖွားဖွားနဲ့ လောင်လောင်ဖွား ရန်ဖြစ်ကြတုန်းကလဲ သူက ၀င်ဖြန်ဖြေသေးတယ်… ကျမ ရှန်ဟိုင်းမှာ ဈေးရောင်းသူတစ်ယောက်ကို ဒေါသထွက်တုန်းကလဲ လာနှစ်သိမ့်ပေးသေးတယ်… ဒီတော့ သူက ငြိမ်းချမ်းရေးကို ကိုယ်စားပြုတော့ လောကနတ်လို့ နာမည်ပေးထားတယ်… အဟိ…

(၇) ပေါင်တို အတွဲ
အဟဲ… နာမည်ကြားပြီး လန့်မသွားပါနဲ့… ဦးထုပ်အနီနဲ့ အဖွားကြီးနောက်က အရပ် ခပ်ရှည်ရှည်အတွဲကိုပြောတာပါ… သူတို့ အတွဲက ၂ယောက်လုံး အရပ်ကြီးအတော်ရှည်ပါတယ်… ကောင်မလေးက အရပ်ကရှည်တဲ့အပြင် သူ့ရဲ့ ထူးခြားတဲ့ အချက်ကတော့… ဘယ်လောက်ချမ်းချမ်း… ဘယ်လောက်အေးအေး… စကပ်အတိုပဲဝတ်တာပါ… တိုတာမှ ပေါင်အလယ်လောက်ပဲရှိပါတယ်… အဲဒါကြောင့် ပေါင်တိုလို့ နာမည်ပေးထားတာပါ… သူတို့အတွဲကလဲ အရမ်းကို မှ ပွတ်သီးပွတ်သပ်လုပ်ကြပါတယ်… တစ်ခါတစ်လေ… သူတို့ ခန္ခာကိုယ်ကြီးမှ အားမနာ နွဲ့ပြီး ကလူအိသို့ မြူအိသို့ လုပ်နေကြတာ ကျက်သီးထစရာပါ… သူ့ကောင်က သူ့ကို “Baby” တဲ့… သူ့ကောင်မလေးက သူ့လူကြီးကိုကျတော့ “Darling” တဲ့… ပြီးတော့ အဲလူကြီးကလဲ သူ့ပုံသူ့ပန်းမှ အားမနာ… ထမင်းဝိုင်းမှာ စကားစပ်မိကြလို့… ကိုရီးယားက ဓာတ်ပုံဆရာ Danny က ချောတယ်လို့ သူ့ကောင်မလေးကပြောလိုက်လို့… စိတ်ကောက်တာများ… ကျမစိတ်ထဲမှာတော့ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့နေသေးတယ်လို့ ထင်မိပါတယ်… ဒါပေမဲ့… ဒါကလဲ သူတို့ အခွင့်အရေးလေ… ကျမကိုလဲ ဘာမှ လာမထိခိုက်ဘူးဆိုတော့ အေးဆေးပါပဲ… ထမင်းစားလို့ ၀ိုင်းထိုင်ကြရင် ပထမနေ့ထဲက သူတို့ အတွဲနဲ့ပဲ အတူတူထိုင်ဖြစ်တာများပါတယ်… လူငယ်တွေနဲ့ ထိုင်ရတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်လေ… လုလဲ မစားဘူး… ပုံမှန်ပဲ… အဖွားကြီးတွေနဲ့ဆို စိတ်ညစ်ရမှာ…

သူ့လူကြီးနာမည်က Matthew တဲ့… ဒီတော့ မြန်မာမှုပြုလိုက်တော့ မျက်ပြူးပေါ့… ဒီတော့ သူ့လူကြီးနာမည်ကို မျက်ပြူးလို့ပဲ ခေါ်တယ်… အဲဒိလူကြီးက ကိုရီးယားမှာတော့ သူ့ကောင်မလေးနဲ့ ပွတ်သီး ပွတ်သပ်လုပ်တာကလွဲလို့ ငြိမ်သေးတယ်… ရှန်ဟိုင်းလဲရောက်ရော ဆရာလုပ်သလားမမေးနဲ့… သူက ရှန်ဟိုင်းအရင်က ရောက်ဖူးတယ်ဆိုပဲ… တိုးဂိုက်ကတောင် သူ့ကို ဆရာခေါ်ရမယ်… ဒါပေမဲ့လဲ ကောင်းတော့ကောင်းပါတယ်… ရှန်ဟိုင်းက တိုးဂိုက်ရဲ့ အင်္ဂလိပ်ကလဲ မတောက်တခေါက်ဆိုတော့ သူက ကြားက ၀င်ဦးစီးပေးတာဆိုတော့ ကျေးဇူးတောင်တင်ရပါအုံးမယ်…

(၈) နုထွား အတွဲ
နောက်ဆုံးကျန်တာကတော့ ပုံထဲမှာ အပြာနဲ့ အဖွားကြီးနောက်က အတွဲပေါ့… အဲဒိအတွဲထဲက ကောင်မလေးက ပထမဆုံး ကိုရီးယားရောက်တဲ့နေ့မှာပဲ လာမိတ်ဆက်တယ်လေ… တွေ့တာနဲ့ ကိုယ်တို့ အသက်ကို တန်းမေးတော့တာပါပဲ… ကျမတို့လဲ အသက်ကို ပြောပြလိုက်တော့…
သူက… “ အော်… ငါက ဒီကားပေါ်မှာ ငါအငယ်ဆုံးလို့ ထင်နေတာ… ငါ့ထက်ငယ်တဲ့သူ ပါတာကိုး… “ ဆိုပြီး စိတ်ပျက်သွားတဲ့ ပုံမျိုးနဲ့ ပြောလိုက်သေးတယ်… သူနဲ့ ကျမနဲ့ကတော့ ရွယ်တူပါပဲ… ကျမသူငယ်ချင်းကတော့ သူ့ထက် ငယ်ပါတယ်… ဒီတော့ သူအငယ်ဆုံးမဟုတ်တော့ဘူးလေ… သူကလဲ လာတော့ ဘဲကြီးနဲ့လာပြီးတော့ ကလေးကျတော့ ဖြစ်ချင်နေတာ… အဟီး…
ဒါပေမဲ့ သူတို့ အတွဲက စိတ်ထားကောင်းတယ်… သိပ် ဟိတ်ဟန်လုပ်နေခြင်းမရှိဘူး… ပွင့်ပွင့်လင်းလင်းပဲ… ခင်ဖို့ကောင်းတယ်… ပေါင်တိုအတွဲက နဲနဲ ဟန်လုပ်တယ်… မပွင့်လင်းဘူး… သူတို့လဲ ထမင်းစားရင် ကျမတို့ နဲ့ပဲ တူတူထိုင်လေ့ရှိတယ်… ပြောရမယ်ဆိုရင်တော့ လူငယ်တွေ တစ်ဝိုင်းထိုင်တာပေါ့နော်… ကျမအမေကတော့ ကျမတို့နဲ့ တူတူပဲပေါ့…

အဲလိုမျိုး စကားပြောပြီးတော့ ထမင်းဝိုင်းမှာ အမေ့ကို ပြန်ပြောပြတော့… အမေက ပြောတယ်… “ ဟယ်သူတို့အတွဲကလဲ ထွားနေလို့ပါ… သူ့ကောင်လေးပုံစံကလဲ နုပါတယ်တဲ့” … အဲဒိကနေစပြီး… နုပြီး ခန္ဓာကိုယ်ထွားကြိုင်းတဲ့ အတွဲမို့ … နုထွားအတွဲလို့ နာမည်ပေးလိုက်လေ သတည်း…

ကဲ… အဲဒါကတော့ ကျမတို့နဲ့ ခရီးသွားခဲ့တဲ့ သူတွေ အကြောင်း တစ်စေ့တစ်စောင်းပေါ့ရှင်… ပြောရမယ်ဆိုရင်ဖြင့် သူတို့အကြောင်းတွေ ကျန်ပါသေးတယ်… ကိုရီးယားကောင်လေး ချောချောများတွေ့ရင် အဖွားကြီးဆိုတာကို အခွင့်ကောင်းယူပြီး “ ကျေးဇူးတင်ပါတယ်ကို ကိုရီးယားလိုဘယ်လိုပြောလဲ “ မေးပြီး ဇာတ်လမ်းလုပ်ရတာနဲ့… (အမှန်တော့ အဲဒါဘယ်လိုပြောလဲဆိုတာ ဂိုက်မိန်းမလဲ ပြောပြပြီးသွားပြီ… မမှတ်မိလဲ သူ့ကို ထပ်မေးလို့ရနေတာပဲကို…) ဒါမျိုးလေးတွေပေါ့လေ… နောက်ပိုင်း ကြုံရင်တော့ ကြုံသလိုပြောပြပေးသွားပါ့မယ်…

ဘယ်လိုပဲဖြစ်ဖြစ်ပါ… ကားပေါ်မှာ စိတ်အခန့်မသင့်တာလေးတွေ ရှိသလို… တစ်ဦးနဲ့ တစ်ဦး ဖေးကူကြတာ… တရုတ်ပြည်မှာတုန်းက ဂိုက်ကို စည်းစည်းလုံးလုံး ၀ိုင်းစွာကြတာ… သူ့ဟာနဲ့သူတော့ အမှတ်ရစရာလေးတွေချည်းပါပဲ… ဘယ်အရာမဆို အဆင်ပြေနေတယ်... အကောင်းချည်းပဲ စုနေတယ်… လွယ်လွယ်နဲ့ ရနေတယ်ဆိုရင် ပျင်းစရာကောင်းသွားမှာပါ… ခုလိုမျိုး အဆင်မပြေမှုလေးတွေနဲ့ ပစိပစပ်များတာတို့… အတ္တကြီးတာလေးတို့ကြောင့်ပဲ ခုလို အမှတ်တရနဲ့ ပြန်ပြောစရာလေးတွေနဲ့ ကျမတို့ရဲ့ ခရီးစဉ်လေးဟာ စိုပြေခဲ့ပါတယ်… သူတို့ ရှေ့ထားပြီး သူတို့ အကြောင်းပြောပြီးရယ်လိုက်… သူတို့ ဇီဇာကြောင်တာကို ကိုယ့်ဟာကိုယ်လိုက်နောက်ပြီး ရယ်လိုက်နဲ့ အမှန်တော့ သူတို့နဲ့ သွားရတာလဲ အတော်လေးကို ပျော်စရာကောင်းခဲ့ပါတယ်… ကျမမေမေကတောင်မှ စကာင်္ပူကို ပြန်ရောက်ပြီးတော့ အဲဒိ အဖွားကြီးတွေကို သတိရကြောင်း ပြောနေရတဲ့ အထိပါပဲ…

Wednesday, June 10, 2009

သိရင် ပြောကြပါရှင်...



ဒီသီချင်းကို ကျမနဲ့ Youtube မှာ ခင်တဲ့သူငယ်ချင်းတစ်ယောက်က ဘာသာပြန်ပေးဖို့ကို အကူအညီတောင်းလာပါတယ်... အစကတော့ သူက ပါဋ္ဌိလိုမဖတ်တတ်ဘူးဆိုလို့... ကျမက သူ့ထက်စာရင်တော့ နည်းနည်းပိုဖတ်တတ်မယ်ထင်လို့.. ကူညီမယ်ပြောလိုက်မိကာမှပဲ... အကြောင်းရင်းမှန်ကတော့.. သူက ဒီသီချင်းကို အင်္ဂလိပ်လို ဘာသာပြန်မလို့... မြန်မာလို အဓိပ္ပါယ်တောင် ကောင်းကောင်းမသိဖြစ်နေလို့ အကူအညီတောင်းတာပါ... ဖြစ်နိုင်ရင်တော့ သူ့ကို အင်္ဂလိပ်လို တစ်ခါတည်းဘာသာပြန်ပေးရင် ပိုကောင်းတာပေါ့နော်... အဲလိုမှ မဟုတ်လဲ မြန်မာလို အဓိပ္ပါယ်ကိုပဲ သူ့ကိုပြောပြလဲရပါတယ်...

ဒီသီချင်းကို ငယ်ငယ်ထဲက ကျမကြားဖူးခဲ့တာကြာပါပြီ... Chorus အပိုဒ်ဆိုရင် အလွတ်တောင်ရပါတယ်... ဒါပေမဲ့ သီချင်းတစ်ပုဒ်လုံးကို ခရေစိတွင်းကျ ဘာသာပြန်ဆိုတော့.. ကျမအတွက်လဲ အတော်လေးအခက်တွေ့နေရပါတယ်...

ဥပမာဆိုရရင်.. ပထမဆုံးလာတဲ့စာကြောင်းမှာ..."နတ်စည်ငယ်လေ ပုဇွန်လက်ရိုးအာလမ္ဗသာ.. ကျော်ဝန်းသံသာ.. ဆော်ရွန်းညံစာစာ" ဆိုတဲ့ အဓိပ္ပါယ်ကို သိပ်မသိပါဘူး... ပုဇွန်လက်ရိုးအာလမ္ဗသာဆိုတာ ဘာကို ပြောချင်တာပါလိမ့်... နောက်ကစာသားဆက်နားထောင်ရင် နားလည်မလားဆိုတော့ "တိမ်ယံအာကာ နီလာပြင်ဆိုင်း ထင်တိုင်းခြုံလွှာ" ဆိုတော့... အရှေ့က စာသားက ကောင်းကင်အရောင်နဲ့ ပတ်သတ်တာကို ပြောတာလား.. မိုးခြိမ်းသံတို့ဘာတို့ကို ဆိုလိုချင်တာလား... မသိတော့ပါဘူး...

နောက်ပြီး "မိုးထက်ကယ်ဝဋ္ဌာ ကိုးချက်နယ်မှာ" ဆိုတဲ့ ကိုးချက်နယ်ဆိုတာ ဘယ်နေရာကို ဆိုလိုချင်တာပါလိမ့်...

နောက် Chorus အပိုဒ်မှာ သခွပ်ပန်းပွင့်ချိန်မှာ အသူရာက စစ်ထွက်တဲ့အခါမှာ နတ်ပြည်မှာ တိုက်ပွဲဖြစ်လို့... လူ့ပြည်မှာ မိုးတွေရွာ မိုးတွေခြိမ်းတယ်လို့ ဆိုလိုတယ်လို့ထင်တယ်... အဲဒါဟုတ်ပါသလား...

ပြီးတော့ သကြားမင်းနဲ့ အသူရာနဲ့ ဇာတ်လမ်းကလဲ သိတော့သိတယ်.. ဒါပေမဲ့ ရေးရေးပဲ မှတ်မိတော့တယ်... အသူရာက သူစစ်ရှုံးတာကို သခွပ်ပန်းပွင့်မှ သိသလား... စစ်ရှုံးတာနဲ့ နိုင်တာက အသိသာကြီးပဲဟာ... အဲဒါလေးကတော့ ကျမရဲ့ သိချင်စိတ်သက်သက်ပါ... အကြောင်းရင်းတစ်ခုရှိတယ်ဆိုတာတော့ သိပါတယ်... ကျမ မေ့နေလို့ပါ... ဒီတော့ သကြားမင်းနဲ့ အသူရာဇာတ်လမ်းကို ကောင်းကောင်းသိတဲ့ စာပေမိတ်ဆွေများရှိရင် ပြောပြစေချင်ပါတယ်... ကျမသူငယ်ချင်းကိုလဲ ပြန်ပြောပြချင်လို့ပါ... သူက ကျမထက်ပိုဆိုးပါတယ်.. အဲဒိ သီချင်းကို ဘာသာပြန်ချင်ပင်မဲ့ အသူရာကို ဘယ်သူမှန်းတောင်မသိပါဘူး... ဒီတော့ သူ့ကိုလဲ ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်... ဒါပေမဲ့ သေချာမှ ပြောပြချင်ပါတယ်..

ပြီးတော့ သီချင်းအလယ်လောက်မှာ
"နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ
ရန်ဖန်မာန်တင်းတာက ဆင်တော် သုမိတ္တာ..
ရဲတံခွန်လွှား ၃၃ပါး သကြားနယ်ပါ...
နေလနတ်သား လေးပါးစစ်အင်္ဂါ...
ပင်လုံးညွတ် သခွပ်ပွင့်ချိန်ခါ..." လို့ဆိုထားပါတယ်.... အဲဒါတွေက သကြားမင်းပိုင်တဲ့ စစ်အုပ်စုကို ဆိုလိုတာပါလား.. အဲဒါတွေကို အင်္ဂလိပ်လို ဘာသာပြန်မယ်ဆိုဘယ်လို ပြန်မလဲ... ခေါင်းအတော်လေးစားနေပါပြီ...

ကူညီပေးမယ်ဆိုပြီး ရဲရဲကြီး ပြောပြီးတော့မှ ခုတော့ အရှက်ကွဲကိန်းဆိုက်နေပါပြီ... ကယ်ကြပါအုံးဗျို့....

(P.S သိချင်လွန်းလို့ anonymous comment ကိုပါ ပြန်ပြီး allow လုပ်ထားပါတယ်.. စာဖတ်သူများလဲ သိရင် ကူညီကြပါနော်... )

Sunday, June 07, 2009

ဖြစ်ရလေ အာဂျီရှီရယ်…

ဂျဲဂျူးက ကားဒရိုင်ဘာကြီးနဲ့ တစ်ယောက်နဲ့တစ်ယောက် Miscommunication ဖြစ်ကာ အထင်လွဲပုံကတော့ အတော်လေးကို ရီရခဲ့ပါတယ်… ဒါပေမဲ့ မဗေဒါကတော့ အဲဒိအချိန်က အားလဲနာတယ်… အဖြစ်မှန်ကိုသိတော့ တော်တော်လေးလဲ ရီခဲ့ပါတယ်…

အဲဒီ ဦးလေးကြီးက ဗွီဒီယိုထဲမှာ တွေ့ခဲ့တဲ့အတိုင်း ခပ်၀၀ ထိပ်ပြောင်ပြောင်နဲ့ အမြဲ ရွှတ်နောက်နောက်နဲ့ ခပ်ပျော်ပျော်နေတတ်ပါတယ်… သူ့ဘာသာသူ ကိုရီးယားလိုတွေပြောပြီးလဲ နောက်တာပါပဲ… ဒါပေမဲ့ သူ့ကို ကြည့်ပြီးတော့ကို ရီချင်နေတာပါ… ဘာပဲပြောပြော သူ့နဲ့ စကားပြောကြည့်လိုက်ရင် “ငါကိုရီးယား တကယ်ရောက်နေတာပါလား” ဆိုတဲ့ ခံစားချက်မျိုး အမှန်တကယ်ရလို့ ကျမကတော့ ပျော်ပါတယ်… သူကလဲ အလွန်တရာမှ စကားပြောချင်တဲ့သူပါ… သူတတ်သလောက်မှတ်သလောက် အင်္ဂလိပ်စကားရယ် Body Language ရယ်ပေါင်းပြီး လိုက်လိုက်ပြောပါတယ်… အဲဒါမှ မရရင် ကိုရီးယားလိုတွေ ပြောပါတယ်…

သူတတ်တဲ့ အင်္ဂလိပ်စာလုံးကလဲ တော်တော်လေးကို မရှိသလောက်ပါပဲ… ကျမအမေကို လက်ညှိုးထိုးပြီး “မာမား?” ဘာညာမေးပါတယ်… ကျမက My Mother လို့ပြောတော့…. “oh… Mother.. Mother… “ ဆိုပြီး Mother ဆိုတဲ့ စာလုံးကို သူသိတယ်ဆိုတဲ့ ပုံမျိုးနဲ့ နောက်ကလိုက် ထပ်ပြောပါတယ်… ပြီးတော့ ကျမအမေကို လက်ညှိုးထိုးပြီး Mother…. သူ့ကိုသူလက်ညှိုးထိုးပြီး…. အတော်လေး အခက်တွေ့နေပုံရပါတယ်… နှာဖူးကိုရှုံ့ပြီး လေတွေကို စုတ်သွင်းလိုက်နဲ့… နောက်ကလဲ နောက်ချင်သေးတယ်… father ဆိုတဲ့ စကားလုံးကလဲ သူမေ့နေပါတယ်… ဒါနဲ့ကျမကလဲ တတ်သလောက်မှတ်သလောက် ကိုရီးယားကားကြည့်ပြီး သိထားတဲ့ ပညာလေးနဲ့… “အာဘူကြီး? Father?” လို့ ပြောတော့… အရမ်းလဲ အံ့သြ သဘောတွေလဲကျပြီး… Father ကိုလဲ လိုက်ထပ်ဆိုပါတယ်… ပြီးတော့ အာဘူကြီး တစ်လုံးသိတာနဲ့ပဲ သူက ကိုရီးယားလိုတွေလာထပ်ပြောတော့ မဗေဒါလဲ ဒုက္ခနဲ့လှလှနဲ့ကို တွေ့ရော… မတတ်တော့ရင်တော့ ဒီလိုပဲ ရီပြနေလိုက်တော့တယ်… ဘာပဲပြောပြော စကားပြောရတာပျော်တယ်… သူနဲ့ စကားပြောရတာ မေးကြည့်ဖြေကြည့် ပဟေဋ္ဌိ ကစားနေရသလိုပဲ… စာလုံးတစ်လုံး အဓိပ္ပါယ်ရဖို့ကို အိုက်တင်မျိုးစုံ စဉ်းစားနေရတယ်လေ… ကိုယ်ပြောလိုက်လို့ သူသဘောပေါက်သွားရင် အရမ်းပျော်ဖို့ကောင်းတယ်…

အဲဒိ ပထမနေ့ ညမှာ… စလုံးတချို့က Casino သွားချင်တယ်ဆိုလို့ တခြားဟိုတယ်ကို သွားအပို့… Guide မိန်းမ Cathy ကလဲ သူတို့ကို အထဲထိလိုက်ပို့ပေးနေပါတယ်… ကားပေါ်မှာတော့ ကျမတို့ ၃ယောက်ရယ်… နောက် ခပ်လောင်လောင်ပြောင်ပြောင်နေတတ်တဲ့ တခြားအဖွဲ့က အဖွားကြီးရယ် နောက် ချစ်တတ်တဲ့ အဖိုးကြီး အဖွားကြီး လင်မယားရယ် (အဟီး… သူတို့တွေကို ကိုယ့်ဘာသာကိုယ် နစ်Name တွေ ပေးထားတာရှိသေးတယ်… ခုတော့ ဒီလောက်ပဲပေါ့…)… ကျန်ခဲ့တယ်လေ…

ဒီလိုနဲ့ ဒရိုင်ဘာ အာဂျီရှီ (ဦးလေးကြီး) က ကျမတို့ ထိုင်နေတဲ့နောက်ကိုလာပြီး… စကားတွေပြောပါလေရော… ဒါနဲ့ ကျမလဲ အလာဘ သလာဘ (စာလုံးပေါင်းမှားလျှင် သည်းခံပါ) ပြောရင်း…. သူ့အသက်ဘယ်လောက်ရှိပြီလဲမေးတော့… သူက ၅၆ဆိုလား ဘာလား ဖြေပါတယ်… အဲဒါတော့ သူနားလည်ပုံရပါတယ်… နောက်ပြီး ကျမက သားသမီးဘယ်နှယောက်ရှိလဲလို့မေးတော့… သူ သိပ်နားမလည်ပါဘူး… ဒါနဲ့ ကျမလဲ ကလေးချီတဲ့ ပုံလုပ်ပြ… ပြီးတော့ ကိုရီးယားလို ကလေးကို “အဲဂ” ဆိုလား.. “အဲဂိ” ဆိုလားသိဘူး ခေါ်တာတော့ ကျမသိပါတယ်… ဒါနဲ့ပဲ ကျမလဲ ထင်တဲ့ အသံထွက်တွေ တစ်မျိုးပြီး တစ်မျိုးထွက်ပြတော့ သူသဘောပေါက်သွားတယ်… “ how many? 1 2 3 ? ”လို့ ကျမက မေးတော့ ၃ဆိုပြီး လက်သုံးချောင်းထောင်ပြတယ်… ဒါနဲ့ ကျမကဆက်ပြီး ယောကျာင်္းလေးတွေလား မိန်းကလေးတွေလားလို့ ဆက်မေးတယ်… “boy? Or girl?” ဆိုတော့ သူသိတော့ပုံမပေါ်ဘူး… ကျမလဲ ဘယ်လိုလုပ်ပြရမှန်းမသိဘူး… သူ့ကို လက်ညှိုးထိုးပြီး “boy?” နောက်… ကျမကိုယ် ကျမ လက်ညှိုးထိုးပြီး “Girl?” လို့ လုပ်ပြတယ်… အဲဒါလဲ သူမသိဘူး… ကားပေါ်မှာလဲ ပြစရာ ကောင်လေးအရွယ်တစ်ယောက်မှ မရှိဘူး… ဒါနဲ့ ကျမလဲ အကြံအိုက်နေပါလေရော…

ဒီလိုနဲ့ ကျမတို့ စကားဝိုင်းကို လောင်တတ်တဲ့ ဖွားဖွားပါ ၀င်ပါလာပြီး… သူက ကျမကို အကြံပေးတယ်… ဆံပင်ကိုပြကြည့်တဲ့… ယောကျာင်္းလေးက ဆံပင်တိုတယ်… မိန်းကလေးက ဆံပင်ရှည်တယ်တဲ့… အဲဒိ အကြံက သိပ်မကောင်းဘူးဆိုတာတော့ သိပေမဲ့ အဖွားကြီး စိတ်ဆိုးမှာကလဲ ကြောက်ရသေးတယ်လေ… ပြီးတော့ ကြိုးစားကြည့်တာလဲ မှားမယ်မထင်တာနဲ့… ကားသမား ဦးလေးကြီးကို သူပြောသလိုပဲ ဆံပင်ကို လုပ်ပြတာပေါ့…
သူ့ခေါင်းကိုထိုးပြပြီး ဆံပင်တိုတယ်ပေါ့.. ယောကျာင်္းလေးပေါ့… ကိုယ့်ဆံပင်ကိုယ်ကိုင်ပြပြီး Girl လို့ပြောတာပေါ့…

အဲလိုလဲ ပြောလိုက်ရော… ဦးလေးကြီးက ခေါင်းလေး ခါခါ ခါခါနဲ့ ကိုရီးယားလိုတွေပြောပြီး… မျက်နှာလေးကလဲ ပျက်တပ်တပ်နဲ့ … ထွက်သွားပါလေရော… ကျမလဲ သူစကားပြောလာရတာ ပင်ပန်းလာလို့ မပြောချင်လို့ထွက်သွားတာပဲဖြစ်မှာပါလို့ပဲ တွေးလိုက်တာပေါ့… ဒါပေမဲ့ သူမျက်နှာလေး ငယ်ငယ်နဲ့ဆိုတော့လဲ ငါပြောတာ ဘာအမှားပါလို့လဲပေါ့…

ခဏနေတော့ guide ကတ်သီပြန်လာပါတယ်… ဒါနဲ့ ကျမလဲ စိတ်ထဲမှာ သိပ်မရှင်းတာနဲ့ စောစောက Driver ကြီးနဲ့စကားပြောကြတဲ့အကြောင်းကို လှမ်းပြောလိုက်ပါတယ်… Driver အာဂျီရှီကလဲ သူ့ကို ကိုရီးယားလိုတွေ ပလုံပလုံ ပလန်ပလန်နဲ့ ပြောပါတယ်… Guide လဲတော်တော်လေး ခေါင်းစားသွားပုံရတယ်…
ကတ်သီက ခဏနေတော့ ကျမတို့ဘက်လှည့်ပြီး “နင်တို့ သူ့ကို ထိပ်ပြောင်တယ်လို့ ပြောလိုက်လား” တဲ့…
ကျမလဲ လန့်ဖြန့်သွားတာပေါ့… “မပြောမိပါဘူး… သူ့မှာ သားသမီးဘယ်နှယောက်ရှိလဲ … ယောကျာင်္းလေးလား မိန်းကလေးလားလို့ပဲ မေးမိတာပါ “ လို့ ပြန်ပြောတော့… ကတ်သီက အဲဒိလူကြီးကို ပြန်ပြောပါတယ်… နောက် အဲ ဦးလေးကြီးက ဘာပြန်ပြောလဲမသိဘူး… ကတ်သီလဲ ကြောင်တောင်တောင်တွေဖြစ်ကုန်တာပေါ့… ဘာလို့လဲဆိုတော့ အဲလူကြီးပြောတဲ့ တော့ပစ်နဲ့ ကျမတို့ ပြောတာနဲ့က ဆက်စပ်မှုမှ မရှိတာ…
ကတ်သီက “ နင်တို့က သူ့ကို ထိပ်ပြောင်လို့ နင်တို့ ဆံပင်တွေ ပေးမယ် အဲဒိ ပြောင်နေတဲ့ ထိပ်ကို အုပ်ဖို့လို့ ပြောလိုက်တာဆို” တဲ့…
ကျမလဲ ဒီတော့မှ သဘောပေါက်ပြီး ပြောတဲ့ စကားများပါမကပဲ ဖြစ်စဉ်တစ်ခုလုံးနဲ့ Body language တွေကိုပါ တစ်ခုချင်းရှင်းပြလိုက်တော့မှ ဇာတ်ရည်လည်ပြီး အားလုံး ၀ိုင်းရယ်ရပါတော့တယ်…

အော်… ဖြစ်မှ ဖြစ်ရလေ အာဂျီရှီ ရယ်… သူ့ခမြာ ထိပ်ပြောင်တာကို အတော်လေး အားငယ်နေပုံရှိတယ်… ဒါပေမဲ့ ကျမအမြင်မှာတော့ ထိပ်ပြောင်ပြောင်နဲ့ ခန့်တောင် ခန့်ပါသေးတယ်… :)

Friday, June 05, 2009

ကြော်ငြာဝင်ခြင်း...

မိတ်ဆွေတွေက ကြော်ငြာပေးဖို့ပြောလာတာနဲ့ ကြော်ငြာလေး ၂ခုလောက်ဝင်ပါရစေ... အားလုံးအတွက်လဲ သတင်းအချက်အလက်လေး ဝေမျှရင်းနဲ့ဆိုတော့ ၂ဦးနှစ်ဖက်အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်...

ပထမတစ်ခုကတော့ ဆန်ဘာဝမ်း ဘုန်းကြီးကျောင်းရဲ့ နောက်ဆုံးသတင်းနဲ့ အစီအစဉ်များကို ရေးသားပြီး မှန်မှန် update လုပ်နေတဲ့ဘလော့လေးပါ... ဗုဒွဘာသာဝင် သူငယ်ချင်းအပေါင်းအသင်းများအတွက် ဘုန်းကြီးကျောင်းမှာ ဘာပွဲတွေလုပ်မယ်... တရားပွဲ... ရိုးရာပွဲ... စသည်ဖြင့် ဆန်ဘာဝမ်း ဘုန်းကြီးကျောင်းနဲ့ သက်ဆိုင်တဲ့ သတင်းမှန်သမျှကို တင်ပြသွားမှာဖြစ်ပါတယ်.. ဘလော့လေးရဲ့ လိပ်စာကတော့ http://dhammagardenbuddhistsociety.blogspot.com/ ဖြစ်ပါတယ်... ကိုယ်ကိုတိုင်ဝေးလို့ မသွားနိုင်ပေမဲ့ ခုလို ဝေမျှပေးရတဲ့ အကျိုးကြောင့် ဤဘလော့မှတဆင့် သိရှိပြီး ဘာသာ သာသနာရေးအတွက် ပြုလုပ်နိုင်သူရဲ့ ကုသိုလ်ကို ၁၀% အကျိုးဆောင်ခ ရမယ်ထင်ပါတယ်... (သိတယ်ဟုတ်.. ကိုယ်က မြန်မာနိုင်ငံသားဆိုတော့ ၁၀% ကောက်ရတာ အရမ်းကြိုက်တယ်.. အဟီး.. ဟီး... မှားသောရှိ မှန်သောရှိ ဗွေမယူကြေးနော်).. အော် အမှန်တော့ ကုသိုလ်ဆိုတာ ဖယောင်းတိုင်မီးလိုပါပဲ... ဘယ်လောက်ပဲပွားပွား နဂိုရှိရင်းစွဲက လျော့မသွားပါဘူး.. ဒီတော့ ၁၀% လောက်တော့ သဒ္ဒါမယ်ထင်ပါတယ်...

ဒုတိယ ကြော်ငြာကတော့ အားလုံးသိကြတဲ့ ကျမတို့ရဲ့ ဘလော့ဂါ ပေါက်ဖော်ကြီး ရိုင်ရယ် မြန်မာဟာဆိုရင် ဘလော့ရေးရာကနေ ရပ်မရတော့ပဲ အလွန်တရာမှ ပိုးပြန်နှံ့သွားပြီး http://www.royal-myanmar.net/ ဆိုတဲ့ portal ကို စတင်ဖွင့်လှစ်လိုက်ပြီဆိုတာလဲ သိပြီးသူများလဲရှိမှာပါ... မသိသေးသူများလဲ ခုပြောလိုက်တော့ သိလောက်ရောပေါ့...
အဲဒါတင်မကသေးဘူး... ပိုးက ကြီးသထက် ကြီးလာပြီး ရပ်မရတဲ့အဆုံး royal-myanmar ရေဒီယိုဆိုပြီးပါ ကိုယ်ပိုင်ရေဒီယိုလိုင်းလေး ဖွင့်လှစ်ပါတော့မယ်...



သူ့ ရေဒီယိုလိုင်းလေးမှာ အတွေးအမြင် စကားဝိုင်းဆိုပြီး လူတွေနဲ့ အမေးအဖြေကဏ္ဍလေးကို ထည့်ပေးမှာဖြစ်ပါတယ်...
သူ့ပြောပြချက်အရ သူ့ရည်ရွယ်ချက်ကတော့...
၁) လူတွေ ပြောရဲဆိုရဲရှိလာအောင်
၂) အထီးကျန်ဖြစ်နေတဲ့ အချိန်မှာ ရင်ဖွင့်နိုင်အောင်
၃) အမိမြေနဲ့ ဝေးပြီး မြန်မာစကားနဲ့ ဝေးနေသူတွေအတွက်လဲ အလွမ်းပြေ စကားပြောလို့ရအောင်
၎) ဗဟုသုတ ဖလှယ်လို့ရအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ...

ကျမ အမြင်မှာဖြင့် ဒီလိုမျိုး ပုဂ္ဂလိက အပျော်တမ်း အသံလွှင့် ရေဒီယိုမျိုးတွေထဲမှာဖြင့် ခုလို အတွေးအမြင်တွေ ဖလှယ်လို့ ရပြီး ကိုယ်ကိုတိုင် ကိုယ့်အသံနဲ့ ၀င်ရောက်ဆွေးနွေးလို့ရတာ ဒီရေဒီယိုလိုင်းက ပထမဆုံးပါပဲ... သူ့အစီအစဉ်ကို နားရှင်းအောင် ဆက်ပြောရရင်တော့ သူ့ဝက်ဆိုဒ်မှာ တစ်ပတ်တစ်ခါဖြစ်ဖြစ်ပေါ့နော်.. တော့ပစ်တင်ထားမယ်.. အဲဒိတစ်ပတ်အတွင်း သူပေးထားတဲ့ ဟောဒီ voice@royal-myanmar.com မေးလ်လေးကို ဂျီတော့မှာ အက်လိုက်ပြီး တော့ပစ်နဲ့ ပတ်သတ်တဲ့ အတွေးအမြင်တွေကို လာပြော ဆွေးနွေးကြမယ်... တော့ပစ် ခေါင်းစဉ်နဲ့ အတူ Host က မေးချင်တဲ့ မေးခွန်းလေးတွေကိုလဲ တပါတည်း ၀က်ဆိုဒ်မှာ တင်ပြထားပါ့မယ်... သတ်မှတ်တဲ့ အချိန်ရောက်ပြီဆိုရင်တော့ အဲဒိ ဆွေးနွေးထားတဲ့ အတွေးအမြင်တွေ အတွေ့အကြုံတွေကို On air ထုတ်လွှင့်ပါမယ်... ဒီတော့ ကိုယ်ကိုတိုင်လဲ ပါဝင်ဆင်နွှဲလို့ရမယ်... ကိုယ့်အမြင်တွေလဲ ပြောနိုင်မယ်ဆိုတဲ့အတွက် အလွန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်လေးလို့ ထင်မြင်မိပါတယ်... နောက်ပိုင်းတွေမှာလဲ ဒီအစီအစဉ်အပြင် ကောင်းနိုးရာရာ အစီအစဉ်တွေကိုလဲ ထပ်မံတိုးချဲ့ကောင်း တိုးချဲ့သွားပါလိမ့်မယ်... Royal-Myanmar radio က မိတ်ဆွေအားလုံးကို အထူးကြိုဆိုလျက်ရှိပါတယ်...

ခေါ်ဆိုလို့ရမဲ့ အချိန်... စည်းကမ်းချက်နဲ့ ပတ်သတ်တာတွေကိုတော့ ဒီနေရာမှာ အသေးစိတ်သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်...

ခု ပထမဆုံး တော့ပစ်လေးကတော့ သင်နေခဲ့တဲ့ ဇာတိမြို့ အကြောင်းတဲ့.... တော့ပစ်တစ်ခုကို ပထမဆုံး ၁၀ယောက်ကိုပဲ ထုတ်လွှင့်မှာဖြစ်တဲ့အတွက် နောက်မကျရလေအောင် Royal-Myanmar က အတွေးအမြင် ကဏ္ဍလေးမှာ ကိုယ့်ဇာတိမြေကို လွမ်းရင်း ကိုယ့် ဇာတိမြို့လေးအကြောင်း အများသိအောင် သွားရောက် ဆွေးနွေး စကားပြောလိုက်ကြရအောင်လား....

Monday, June 01, 2009

ကိုရီးယား ခရီးစဉ် Day 1


၂၇ ရက်ည ၁၀ခွဲလောက်မှာ ကျမတို့ စကာင်္ပူလေဆိပ် တာမီနယ် ၃ ကိုရောက်ပါတယ်… နဲနဲစောနေလို့ ခဏတာမျှ စောင့်ပြီးနောက်မှာတော့… တိုးအေးဂျင့်က လူကိုဖုန်းခေါ်ပါတယ်… သူက အဖွဲ့လိုက်ချက်အင်ဝင်တဲ့ ကောင်တာမှာ ရောက်နှင့်နေပါပြီ… သူ့နဲ့တွေ့တော့ ကျမတို့ သားအမိ၂ယောက်က အရင်ဆုံးပါပဲ… ကျမသူငယ်ချင်းကတော့ အနည်းငယ်နောက်ကျပါတယ်… ကျမတို့ တိုးအဖွဲ့က စုစုပေါင်း ၁၉ယောက်ပါ… မြန်မာ ကျမတို့ ၃ယောက်ပဲပါပါတယ်… ကျန်တာအကုန် စလုံးတရုတ်တွေချည်းပါပဲ… လူငယ်ဆိုလို့ အတွဲ ၂တွဲရယ် ကျမတို့ အဖွဲ့ရယ်… နောက်ပြီး အသက် ၃၀ ၀န်းကျင်လောက်ရှိတဲ့ မိန်းမ၂ယောက်ရယ်ပဲပါပါတယ်… ကျန်တာအကုန်လုံးက အသက် ၆၀ အထက် အဖွားကြီးတွေချည်းပါပဲ… အဖိုးကြီး ၁ယောက်တော့ ပါပါတယ်…

သူတို့တော်တော်များများကို ခရီးမသွားခင် Briefing ခေါ်တဲ့နေ့ထဲက တွေ့ဖူးပါတယ်… အဲဒိထဲကလဲ အဖွားကြီးတွေနဲ့ သွားရမှာဆိုတော့ အတော်လေးကို စိတ်ပြင်ဆင်ထားပါတယ်… စလုံး ဖွားဖွားများကို မြင်ကတည်းက အလွန်အတ္တငါစွဲ ကြီးမယ်ဆိုတာ Briefing ပေးတဲ့ ကောင်မလေးကို မေးခွန်းမျိုးစုံနဲ့ ယစ်နေကတည်းက ခန့်မှန်းလို့ရခဲ့လို့ပါ… ဒါပေမဲ့ သူတို့က ကိုယ့်ထက်တောင် ကဲနေသေးတယ်… Briefing နေ့ထဲက တည်းမဲ့ဟော်တယ်နားမှာ Pub ရှိလား.. club ရှိလားမေးနေတော့… ခေတ်ဖွားဖွားတွေဆိုတာတော့ သတိထားမိပါတယ်… အနည်းငယ် စိတ်ထဲမှာ လေးနေခဲ့ပင်မဲ့… သင့်မြတ်အောင် ဆက်ဆံဖို့ကိုတော့ ဆုံးဖြတ်ထားပြီးသားပါ…

လေဆိပ်မှာစစတွေ့ချင်းတော့ အားလုံးသူ့ဟာသူ ကိုယ့်ဟာကိုယ် စတယ် တွေနဲ့ နေကြပါတယ်… ကျမတို့ အဖွဲ့က အယောက် ၂၀ မပြည့်ပဲ ၁၉ ယောက်ဖြစ်နေတဲ့အတွက် ကျမတို့နဲ့ အတူတူ တောက်လျှောက်လိုက်လာမဲ့ tour Guide မရပါဘူး… ဒီတော့ ကိုရီးယား ဂျဲဂျူးကို မရောက်မချင်း ကိုယ့်အားကိုယ်ကိုး… ကိုယ့်ပြဿနာကိုယ်ရှင်းပြီးသွားရမှာပါ… ကျမတို့ မြန်မာ၃ယောက်ကိုတော့ Briefing နေ့ကမှာလိုက်တာကတော့ ရှန်ဟိုင်းမှာ Transit ၀င်ရင် Passport ကို တုံးထုတာ မခံဖို့… တုံးထုလိုက်ရင် Single entry သာ ယူထားတဲ့ ကျမတို့ အပြန်ကျရင် ရှန်ဟိုင်းဝင်လို့ရတော့မှာမဟုတ်ပါဘူး… အဲဒိကိစ္စကတော့ ကျမစိတ်ကို အတော်လေး လေးနေစေခဲ့ပါတယ်…

ဒီလိုနဲ့ ကျမတို့ ၂၇ညလယ်ကနေ လေယာဉ် စစီးပြီး ၅နာရီ ကျော်ကျော်လောက် စီးပြီးတော့… ရှန်ဟိုင်းလေဆိပ်ကိုရောက်ပါတယ်… သိသလောက်တော့ Transit လုပ်ရင် Immigration မဖြတ်ရဘူးထင်ထားတာပါ… တရုတ်ပြည် ရှန်ဟိုင်းလေဆိပ်ကတော့ ဖြတ်ရပါတယ်… လေဆိပ်ဖွဲ့စီးပုံကြောင့်လား… အဲလိုပဲ Transit တိုင်း ဖြတ်ရလားတော့ ကျမလဲ ပထမဆုံးအကြိမ် Transit ဖြစ်လို့ သေချာမသိပါဘူး…

Immigration ဖြတ်တော့ ကျမက အရင်ဆုံးဖြတ်ပါတယ်… ဖြစ်နေကျ မရိုးနိုင်သော ဇာတ်လမ်းကစတင်ပါတော့တယ်… ပတ်စပို့ကိုကြည့်ပြီးတာနဲ့ “မြန်မာ?” ဆိုပြီး မျက်ခုံးပင့်ကြည့်ပါတယ်… ပြီးတာနဲ့… “ ဘာလာလုပ်တာလဲ?” ဆိုပြီးမေးပါတယ်… ကျမလဲ စကာင်္ပူကလာကြောင်း… ကိုရီးယားသွားမှာဖြစ်ပြီး ဒီမှာ ခဏသာ Transit ၀င်တာဖြစ်ကြောင်းနဲ့ တခါတည်းပြီးသွားအောင် နောက်က ၂ယောက်လဲ မြန်မာဖြစ်ကြောင်း… တစ်ဖွဲ့တည်းဖြစ်ကြောင်းပြောလိုက်ပါတယ်… ဒီတော့ သူက ဖုန်းကောက်ဆက်ပြီး officer ကိုခေါ်လိုက်ပါတယ်… ကျမစိတ်ထဲမှာ ပြင်ဆင်ထားခဲ့ပင်မဲ့ တော်တော်လေးတော့ ခံပြင်းပါတယ်… Transit လေးကိုတောင် ဒီလောက်စစ်နေစရာမလိုဘူးလို့ထင်ပါတယ်… သူတို့နိုင်ငံမှာနေဆိုလို့တောင် မနေပါဘူး… နောက်တော့ ကျမတို့ ၃ယောက်စလုံးပတ်စပို့တွေကို အဲဒိ officer လိုလိုလူက အလယ်ရုံးခန်းကို ယူသွားပြီး ကျမတို့၃ယောက်ကို မျဉ်းဝါလိုင်းနောက်ကနေ ရပ်စောင့်ခိုင်းပါတယ်… သူတို့ ကျမတို့ ပတ်စပို့ကို ကြည့်နေလိုက်တာများ ဖင်ပြန်ခေါင်းပြန် မှန်ဘီလူးတွေဘာတွေနဲ့တောင်ကြည့်လားတော့မသိဘူး… ကျမတို့လဲ မျဉ်းဝါလိုင်းနောက်ကနေပဲ မြန်မာလို စိတ်ကြိုက် မေတ္တာပို့သနေကြတာပေါ့နော်… တစ်ခါတော့ မောင်မင်းကြီးသားတွေက ကျမတို့ ပတ်စပို့တွေကို မီးချောင်းနားကပ်ပြီး ထောင်ကြည့်တာမြင်တော့ ကျမတို့လဲ အတော်လေးကို ရီချင်စိတ်ပေါက်သွားပါတယ်… ပတ်စပို့ စစ်မစစ် ဒေါ်လာစစ်သလို မီးချောင်းမှာ ထောင်ကြည့်လို့ ဘယ်ပုဂ္ဂိုလ်ကသူတို့ကို လျှို့ဝှက်ပြီး မှာထားလဲမသိပါဘူး… ကျမတို့လဲ စိတ်တိုနေလဲ အပိုပဲဆိုပြီးတော့သာ… ပြုံးရီပြီး ဟားတိုက်ပြီးသာနေလိုက်ပါတော့တယ်… စစ်ချင်သလောက်သာ စစ်ကြစမ်းပါ… ကိုယ်ကဘာအမှားတစ်ခုမှမှ မရှိတာ… ဒါပေမဲ့ မျက်စိဒေါက်ထောက်ကြည့်နေရတာ တစ်ခုက ကျမတို့ ပတ်စပို့ပေါ်ကို တုံးထုလိုက်မှာ စိုးတာပါ…

ဒီလိုနဲ့ သူတို့ စိတ်ကြိုက်စစ်ပြီးတော့ တပည့်နဲ့ တူတဲ့ တစ်ကောင်က တုံးထုဖို့ပြင်နေတာတွေ့တော့… ကျမလဲ “Don’t Chop on my passport” ဆိုပြီး အကျယ်ကြီးထအော်လိုက်ပါတော့တယ်… တရုတ်လဲ ကြောင်တောင်တောင် ဖြစ်သွားပါတယ်.. ကျမလဲ အ၀ါလိုင်းတွေဘာတွေနားမလည်ဘူး.. ဖြတ်ကျော်ပြီး သူတို့နားသွားပြီး… ငါတို့ ပတ်စပို့ပေါ်မှာ တုံးမထုပါနဲ့… ငါတို့ အပြန်ကျရင် ရှန်ဟိုင်းဝင်အုံးမှာလို့ အင်္ဂလိပ်လိုရော Body Language နဲ့ရော အတတ်နိုင်ဆုံး ထပ်ပြောပါတယ်… အဲဒိကျတော့မှ တုံးကိုင်ထားတဲ့ တပည့်ကောင်က ပြူးတူးကြောင်တောင်နဲ့ တရုတ်လို့ ပြန်ပြောပါတယ်… Transit အတွက် ထုမှာပါတဲ့… ဒီလိုနဲ့ပဲ ကျမတို့တွေ အောင်မြင်စွာ ရှန်ဟိုင်း Immigration ကို ဖြတ်ကျော်ခဲ့ကြပါတယ်… ကျမတို့တွေ လေယာဉ်ပေါ်က ဆင်းတုံးက အကြောင်းသိလို့ အရင်ဆုံး ဆင်းခဲ့ပင်မဲ့ ကျမတို့ Immigration စစ်ပြီးတဲ့အချိန်မှာတော့ ဘယ်သူမှတောင် မကျန်တော့ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နိုင်ငံသွားသွား ဒါမျိုးဖြစ်နေတတ်တဲ့အတွက်လဲ ဘယ်သူ့ကိုမှလဲ အပြစ်မပြောလိုတော့ပါဘူး… ကံကိုပဲ အပြစ်ပုံလိုက်ပါတော့တယ်… ကိုကိုယ်တိုင်က သွားချင်မိတာကိုး…. ခံစမ်းဟယ်….

အဲဒိလေဆိပ်မှာပဲ မနက်စာစားသောက်ပြီး ကိုရီးယား ဂျဲဂျူးကိုထွက်မဲ့ လေယာဉ်ကို ၄နာရီလောက် စောင့်ဆိုင်းခဲ့ရပါတယ်… ထို့နောက်လေယာဉ် ၁နာရီခွဲ လောက်စီးအပြီးမှာ ကိုရီးယားနိုင်ငံ ဂျဲဂျူး လေဆိပ်ကိုရောက်ပါတယ်… H1N1 ကြောင့်လားတော့မသိ… ကျန်းမာရေးကဒ်တွေဖြည့်ရပါသေးတယ်… အဲဒိအချိန်ထိလဲ ကျမတို့ ၁၉ယောက် အဖွဲ့မှာ ကျမတို့ ၃ယောက်က အမြန်ဆုံးပါပဲ… လူအတိုဆုံး Q တန်းမှာ ၀င်စီလိုက်ပါတယ်… နောက်မှ ကျမတို့နောက်မှ စီတဲ့လူတွေ ထပ်ရောက်လာပါတယ်… ဒီတစ်ခါလဲ ကျမပဲ အရင်ဆုံးဝင်ပါတယ်… ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ… “မြန်မာ?” ဆိုပြီး မျက်ခုံးပင့်ကြည့်တာထပ်ခံရပါတယ်… ဘာလာလုပ်တာလဲမေးတော့ တိုး အဖွဲ့နဲ့ အလည်လာကြောင်း စကာင်္ပူကလာကြောင်းပြောတော့… စကာင်္ပူမှာ ဘာ stay နဲ့ နေလဲလို့ ထပ်မေးပါတယ်… ကျမရဲ့ IC ကဒ်ကို ထုတ်ပြရပါသေးတယ်… နောက်မှာလဲ ၂ယောက်ကျန်သေးကြောင်း တစ်ဖွဲ့တည်းဖြစ်ကြောင်းဆက်ပြောပါတယ်… ဒီတော့ ဘာမှ ဆက်မမေးတော့ပဲ ပတ်စပို့ကို ခဏကြာကြည့်ပြီးတော့ သွားလို့ရပါပြီလို့ပြောပါတယ်… ကျမပြီးတဲ့ အချိန်မှာ ကျမတို့နောက်မှာ စီနေတဲ့ လူတွေအကုန်လုံးလဲ တစ်ခြားကောင်တာတွေကို ပြောင်းလဲ အစစ်ခံနေပါတယ်… ကောင်းပါတယ်.. ကျမတို့ နောက်မှာစီနေရင်တော့ သူတို့တော်တော်နဲ့ကို ထွက်ရမှာဟုတ်ပါဘူး… ကျမသူငယ်ချင်းနဲ့ ကျမအမေကိုတော့ ရှေ့မှာ ကျမပြောသွားလို့ မြန်မြန်ပြီးပါတယ်…

ကိုရီးယားနဲ့ တရုတ် Immigration ကလူတွေ ကွာတာကတော့ ဆက်ဆံရေးပါ… ကိုရီးယားက မေးတယ်ဆိုပေမဲ့ ကောင်းကောင်းမွန်မွန်မေးပါတယ်… တာဝန်အရမေးရတဲ့ပုံစံမျိုးပါပဲ… တရုတ်တုန်းကတော့ ကိုယ့်ကိုပဲ သူတို့နိုင်ငံထဲ တရားမ၀င်ခိုးဝင်တဲ့ပုံစံမျိုးနဲ့ ကြည့်ပြီး မလိုလားတဲ့ မျက်နှာထားမျိုးနဲ့ပါ… အင်္ဂလိပ်လိုလဲ ကိုရီးယား Officerက တရုတ်ထက်ပြောတတ်ပါတယ်… သူတို့ စိတ်ကြိုက်စစ်ပြီးတော့ ကိုယ့်ပတ်စပို့ကို ပြန်ပေးတာကအစ ကောင်းကောင်းမွန်မွန် လေးလေးစားစားပြန်ပေးပါတယ်… ဒီတော့ စစ်ခံရတာချင်းတူတာတောင် ကိုရီးယား Immigration မှာ စိတ်အနှောင့်အယှက် သိပ်မဖြစ်ခဲ့ပါဘူး…

ကျမတို့တွေအပြင်ကို ထွက်လိုက်တယ်ဆိုရင်ပဲ JP International ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ ရပ်နေတဲ့ အသားဖြူဖြူ အရပ်ခပ်ပုပု မျက်မှန်တပ်ထားတဲ့ ကိုရီးယားလူမျိုး ကျမတို့ Guide အမျိုးသမီးကို တန်းတွေ့ပါတယ်… နောက်တော့ ကျမတို့အဖွဲ့လူစုံတော့မှ သူမရဲ့ ဦးဆောင်မှုနောက်ကနေ ကားကိုသွားကြပါတယ်… ကားက အတော်လေးကိုကောင်းလဲကောင်း ကြီးလဲ ကြီးပါတယ်… အစက တခြားလူတွေများပါအုံးမလားလို့ စိတ်ထဲထင်နေတာ… နောက်မှ ဒီတစ်ကားလုံး ကျမတို့ ၁၉ ယောက်ပဲ ဆိုတာ သဘောပေါက်သွားပါတယ်…

ကားပေါ်ရောက်မှ သူမကိုယ်သူမ မိတ်ဆက်စကားပြော… ဂျဲဂျူး ကျွန်းအကြောင်း အနည်းငယ်ရှင်းပြပြီး… အဲဒိနေ့အတွက် အစီအစဉ်တွေကို ပြောပါတယ်… ပထမဆုံး အနေနဲ့တော့ နေ့လည်စာစားခဲ့ကြပါတယ်… နေ့လည်စာကတော့ အပေါ်က ဗွီဒီယိုထဲကအတိုင်းပါပဲ… အစက သိပ်စားနိုင်မှာ မဟုတ်ဘူးထင်ထားပင်မဲ့.. တကယ်တမ်းစားကြည့်တော့ အရသာက လက်ခံလို့ရတဲ့ အနေအထားမှာရှိပါတယ်… ဟင်းချိုကလဲ ယိုးဒယား Tom Yum ဟင်းချို အပျော့စား အရသားမျိုးပါ… သောက်လို့ ကောင်းပါတယ်… ၀က်သား ၃ထပ်သားကို ဘယ်လို လုပ်ထားလဲတော့မသိပါဘူး… လုံးဝမအီပါဘူး… တော်ရုံ ၀က်သားဆို အဆီမစားတဲ့ ကျမတောင် အဲဒိနေ့က အကုန်စားဖြစ်ပါတယ်… ငါးကို တော့ မကြိုက်လောက်ဘူးထင်လို့ မစားခဲ့ပါဘူး… တော်ကြာ ဂျပန်တုန်းကလို ပျို့တက်လာမှာ စိုးလို့ပါ… (အော် အဲဒိအကြောင်းတောင် မရေးရသေးဘူး.. အကြွေးရှိတယ်.. ဂျပန်ခရီးစဉ်) ချဉ်ဖတ်တွေ မြည်းကြည့်တော့လဲ မုန်လာဥချဉ်ဖတ်ကတော့ စားလို့ကောင်းပါတယ်… ဒါပေမဲ့ သူတို့ရဲ့ အဓိက ချဉ်ဖတ်ဖြစ်တဲ့ ဂေါ်ဖီထုတ်ချဉ်ဖတ်ကြီးကိုတော့ ကျမအနံ့တောင် မခံနိုင်ခဲ့ပါဘူး…

ထို့နောက် ခရီးဆက်ဖြစ်တာကတော့ မြုံဒူးအမ်းလို့ ခေါ်တဲ့ နဂါးခေါင်း ကျောက်ဆောင်ကိုပါ… နဂါးကြီး ကောင်းကင်ဘက်ကို ပါးစပ်ကြီးဟပြီးနေတဲ့ ပုံစံမျိုးပါ… အဲဒိ အကြောင်း ပုံပြင်ကိုလဲ လမ်းမှာ Guide က ရှင်းပြပါတယ်… ဗွီဒီယိုထဲမှာ ကျမ ပြောပြထားပါတယ်… ဒီမှာမရေးတော့ပါဘူး… ကားပေါ်က ဆင်းလိုက်တာနဲ့ ရာသီဥတုက အတော်လေး အေးပါတယ်… ဒါပေမဲ့ အနွေးထည်မ၀တ်ပဲ ပေပြီးနေလဲ နေနိုင်တဲ့ အခြေအနေမျိုးမှာရှိပါတယ်… စကာင်္ပူမှာက မလာခင်တုန်းက အရမ်းပူတော့ အေးတာလေးရတုန်း အပြည့်အ၀ခံစားချင်လို့ပါ…

ဒုတိယသွားဖြစ်တဲ့နေရာကတော့ Mysterious Road ပါပဲ… ကျောက်ဆောင်ကနေ အတော်လေး ကားပြန်စီးလိုက်ရတယ်လို့ထင်ပါတယ်… အဲဒိလမ်းက အမြင်မှာတော့ တောင်ကုန်းပေါ်ကို တက်နေတယ်လို့ထင်ရပေမဲ့ တကယ်တမ်း မြေအနေအထားကတော့ တောင်အောက်ကိုဆင်းနေတာပါ… အဲဒါကို သူတို့က ကားစက်ရပ်ပြီးတော့လဲ စမ်းသပ်ပြပါတယ်… ကားက တောင်ကုန်းလို့ ထင်နေရတဲ့ဘက်ကို ဆက်လိမ့်နေပါတယ်… နောက်ပြီး ရေလောင်းပြီးတော့လဲ စမ်းသပ်ပြပါတယ်… အဲဒိလမ်းကို တိုက်စီသမားတစ်ယောက်က စတင်တွေ့ရှိတာလို့ပြောပါတယ်… ခုတော့ Tourist Attraction နေရာတစ်ခုအနေနဲ့ ပြုလုပ်ထားပါတယ်… ဘာမှ သိပ်မရှိပေမဲ့ အဲဒိနားက ရှုခင်းလေးကတော့ လှပါတယ်… မုန့်ဆိုင်လေးတွေတော့ရှိပါတယ်… အဲဒိမှာ ဈေးဝယ်ရင် တရုတ်လိုပြောလို့ရပါတယ်… ပြောင်းဖူးပြုတ်တစ်ဖူးကို ၂၀၀၀ Won နဲ့ ၀ယ်စားခဲ့ပါတယ်.. စင်္ကာပူ ငွေ ၂ကျပ်ခွဲလောက်တော့ ရှိပါတယ်… သူက မြန်မာပြည်က ရှမ်းပြောင်းပုံစံမျိုးလေးတွေမို့ စားခဲ့တာပါ…

ထို့နောက် guide က ဒီနေ့ အစီအစဉ်အတွက် အချိန်အနည်းငယ်ပိုနေသေးတာကြောင့်… အပိုနေရာ တစ်နေရာ လိုက်ပို့မည်ဖြစ်ကြောင်း… မသွားချင်ပါက Underground Shopping Mall ကို ပို့ပေးပြီး ဟိုတယ်ကိုပို့ပေးမည်ဖြစ်ကြောင်းပြောပါတယ်… သူမပြောတဲ့ နေရာကတော့ ပြတိုက်ပါ… Lover Museum လို့ ခေါ်ပါတယ်… Mysterious Road နဲ့ နီးနီးလေးပါ… ဘာတွေရှိလဲလို့မေးတော့… How to Make love ဆိုလား အဲလို ပန်းချီကားတွေ ရုပ်ပုံတွေပြထားပြီး ကိုရီးယားတစ်နိုင်ငံလုံးမှာ ၁ခုပဲရှိလို့ ကြည့်သင့်ကြောင်းတိုက်တွန်းပါတယ်… သူကတော့ ညစ်ညစ်ပတ်ပတ်တွေ မဟုတ်ပါဘူးလို့လဲ ပြောပါသေးတယ်… သူပြောတာက မရှင်းပါဘူး… သူက ရီလိုက် ပြောလိုက်ဆိုတော့ အဓိပ္ပါယ်က ဟိုလိုလို ဒီလိုလိုကြီးပါ… ၀င်ကြေးကတော့ ၁ဦးကို ကိုရီးယား ၀မ်၂၀၀၀ လား ၃၀၀၀လားမှတ်မိတော့ပါဘူး… ကျမလဲဘာမှန်းလဲသေချာမသိတာရော… စိတ်ထဲမှာ အပြင်မှာနေခဲ့ပြီး ဓာတ်ပုံလျှောက်ရိုက်တာကမှ ကျမအတွက် ပိုပြီး စိတ်အပန်းပြေပါသေးတယ်… ကားပေါ်က စလုံး ဖွားဖွားများနဲ့ အတွဲ ၂တွဲကတော့ ထိပ်ဆုံးက သွားကြည့်ကြပါတယ်… အတော်လေးကို စိတ်ဝင်စားကြပုံပဲ…

နောက်ဆုံးတော့ အဲဒိကနေ ဂျဲဂျူးမြို့ထဲရောက်ဖို့ အတော်လေး ကားစီးခဲ့ရပြန်ပါတယ်… ဂျဲဂျူးရောက်တော့ အတော်လေး ညနေစောင်းနေပါပြီ… အတော်လေးလဲ အေးလာပါတယ်… Jeju Underground Shopping Mall ဆိုတာကတော့ အဆင်းပေါက်က ရထား subway တွေကို ဆင်းတဲ့ အပေါက်ပုံမျိုးပါပဲ… ကျမတို့ Guide ကတော့ ကြိုပြောထားပါတယ်… ဂျဲဂျူးက ဆိုလ်းထက် ပိုဈေးကြီးတယ်ဆိုတာကိုပါ… သူက ဆိုးလ်ကနေပို့တဲ့ ပစ္စည်းတွေပဲရောင်းတာပါ… အဲဒါကြောင့် ဈေးကြီးတာပါ… ဒါပေမဲ့ ကျမမေမေက ဖိနပ်ပျက်သွားတော့ ဖိနပ်ဝယ်ဖို့တော့ လိုလာတာနဲ့ ဖိနပ်ကို အရင်ဆုံးဝယ်ဖြစ်ခဲ့ပါတယ်… ကိုရီးယားမှာ ဈေးဝယ်ရင် တရုတ်လိုပြောလို့ရပါတယ်.. ဆိုင်တိုင်းလိုလို တရုတ်လိုနားလည်ကြပါတယ်… အထူးသဖြင့် ဈေးပြော ဘာညာလောက်နားလည်ပါတယ်… သူလဲနည်းနည်း ကိုယ်လည်းနည်းနည်းနဲ့… နောက်ဆုံးတော့ Guide လာပြီးပြောတော့ ပိုလွယ်ကူသွားပါတယ်…

နောက်ပြီး ဈေးကို လျှောက်ကြည့်လိုက်တာ… အင်္ကျီလေးတွေ အတော်လှတာနဲ့ စိတ်မထိမ်းနိုင်လို့ ၂ထည်ဝယ်ဖြစ်လိုက်ပါတယ်… (နောက်မှ ဆိုးလ်မှာ တစ်ပုံစံတည်း ၃၀၀၀ သက်သာတာတွေ့လို့ နောင်တရခဲ့ရသေးတယ်.. အဟင့်)… နောက် လူစုရပ်နေရာမှာ ထိုင်နေတုန်း ကိုရီးယား ယောကျာင်္း အသက် ၂၅၀န်းကျင်လောက် ၂ယောက်က လာပြီး စကားပြော မိတ်ဖွဲ့ပါသေးတယ်… ဘယ်ကလာတာလဲ… ဘယ်လောက်ကြာမှာလဲ… ဘာညာပေါ့… သူတို့ ၂ယောက်ထဲက တစ်ယောက်ကတော့ မဆိုးပါဘူး.. အင်္ဂလိပ်လိုပြောတတ်ပါတယ်… တရုတ်လိုလဲ ပြောတတ်ပါတယ်… သန့်သန့်ပြန့်ပြန့်လေးတွေပါပဲ… ဒါပေမဲ့ ဘာတွေမှန်းမသိတော့ နဲနဲတော့ သတိထားပြီးပြောရတာပေါ့နော်… နောက်တော့ ကျမတို့ ကားပေါ်က Driver ကြီးရောက်လာတော့ သူနဲ့ ဆက်ပြောကြပါတယ်…

Driver ကြီးဆိုလို… အဲဒိလူကြီးက တော်တော်သဘောကောင်းပါတယ်… အမြဲ ရီပြုံးနေတာပဲ… အင်္ဂလိပ်လိုကလဲ တစ်လုံးမှ မပြောပါဘူး… Father… mother လောက်ပဲ သူသိပါတယ်… ကျမက Father ကို အာဘူကြီး လို့ ပြောပြလိုက်တော့ သဘောတွေကျပြီး ကိုရီးယားလိုတွေ တပုံကြီးပြန်ပြောပါတယ်… ကျမလဲ တစ်လုံးမှ နားမလည်တော့ “I Don’t Understand” လို့ပြောပြီး ၂ယောက်သား.. ၁ယောက်က အင်္ဂလိပ်လို.. တစ်ယောက်က ကိုရီးယားလိုနဲ့ ဟုတ်နေကြတာပါပဲ… နောက်မှ Miscommunication ဖြစ်ပြီး အထင်မှားကြပုံကို နောက်နေ့ပိုစ့်မှာ ထပ်ရေးပေးပါအုံးမယ်… အရမ်းရီရပါတယ်…

ထို့နောက်တော့ ကျမတို့ကို ညစာစားဖို့ စားသောက်ဆိုင်ကို ခေါ်သွားပါတယ်… SeaFood Steamboat လိုသဘောမျိုးပါ… ပင်လယ်စာက အတော်လေး လတ်ဆတ်ပါတယ်… ကမာတွေရော ကျောက်ပုဇွန်တွေရော… ထမင်းရော… ချဉ်ဖတ်ပေါင်းစုံရော… ကိုရီးယား ဂျုံလိုလိုမုန့်နှစ်နဲ့ ကြော်တဲ့ ကြက်ဥကြော်ရော… စားကောင်းပါတယ်… ဒါတောင် ကျမက Seafood သိပ်မကြိုက်တဲ့သူမို့ သိပ်မစားနိုင်ပါဘူး… ရာသီဥတုအေးအေးနဲ့ Steamboat ပူပူကတော့ အတော်လေး လိုက်ဖက်ပါတယ်…

အဲဒိနေ့ရဲ့ နောက်ဆုံး အနေနဲ့ကတော့ ဂျဲဂျူး KAL ဟိုတယ်ကို လိုက်ပို့ပေးမှာ ဖြစ်ပါတယ်… ကားပေါ်က စလုံး တချို့ကတော့ Casino ကစားချင်တယ်ဆိုလို့ သူတို့ကို Casino လိုက်ပို့ပေးရပါသေးတယ်… ကျမတို့ ဟော်တယ်မှာလဲ Casino ရှိပေမဲ့… ပြင်နေလို့ဆိုလား ဘာလား တခြားဟိုတယ်ကို သူတို့ကို အရင်လိုက်ပို့ရပါတယ်… နောက်မှ ကျမတို့ရဲ့ ဦးတည်ရာ ဟိုတယ်ကို ရောက်ပါတယ်… Guide က မနက်ကျရင် ၇နာရီ စထွက်မှာဖြစ်ပြီး … ဟိုတယ်ကို morning call ၆နာရီခွဲ နှိုးခိုင်းမှာဖြစ်တယ်လို့ပြောပါတယ်…

တနေ့လုံး … အဲ မနေ့ညတည်းက လေယာဉ်စီးလိုက် ကားစီးလိုက် လမ်းလျှောက်လိုက်နဲ့ ခရီးအလွန်မှပန်းနေခဲ့သောကျမ… ဂျဲဂျူး KAL ဟိုတယ်က ရေနွေးလေးနဲ့ ရေချိုးအပြီး ရာသီဥတုအေးအေး… မွေ့ယာအိအိ… ဂွမ်းကပ်ထူထူနွေးနွေးနဲ့ အတွေ့မှာ နတ်တို့ရဲ့ စည်းစိမ်နဲ့ပင်မလဲနိုင်တော့ပဲ တချိုးတည်း အိပ်ပျော်သွားပါတော့တယ်…