Wednesday, June 15, 2011

မြန်မာ သရဲမ ပါတဲ့ Thai Horror Movie - Laddaland

ယိုဒယားတွေဟာ သရဲကားထုတ်လုပ် ရိုက်ကူးရာမှာ hollywood ထက်ပင် ကြောက်စရာ ကောင်းအောင်ရိုက်တတ်တယ်လို့ ကျွန်မအတွက်တော့ သတ်မှတ်ယူဆတယ်... ကျွန်မအတွက် ထပ်တိုးအထူးကြောက်ရတာကတော့ ယိုးဒယားသရဲကားတွေရဲ့ အယူအဆ၊ ယုံကြည့်မှုနဲ့ ပါဝင်တဲ့ လူမျိုး စရိုက် အနည်းကျဉ်း၊ ဘုန်းကြီး ၀တ်စားဆင်ယင်မှုနဲ့ ဘုရားစာအသံ စတာတွေက မြန်မာနဲ့ အတော်နီးစပ်တဲ့အတွက် ကြည့်နေရင်း စိတ်ပါပြီး ကြောက်ရပြန်ပါတယ်...

ခုလတ်တလောမှာမှ ရုံတင်ပြသနေတဲ့ "Laddaland" ဆိုတဲ့ ယိုးဒယားသရဲကားမှာ Burmese maid ကို သတ်ခံရလို့ ခြောက်တယ်ဆိုတော့ ပိုစိတ်ဝင်စားမိပါတယ်... ဇာတ်ကားနာမည်ကလဲ အမှတ်မထင် မြန်မာလိုပြန်မိရင်လဲ "လဒ လမ်း" ဆိုတော့ ကျောချမ်းချင်စရာ... ခုတစ်လော အလွန်တရာမှ ကြောက်တတ်လွန်းနေတဲ့ ကျွန်မအတွက် ယိုးဒယားသရဲကားကို ရုံမှာသွားကြည့်ဖို့ အတော်လေး ခြေတုန်ချတုန်ဖြစ်ခဲ့ရပါတယ်... လူတွေဟာ အသက်ကြီးလေ ကြောက်တတ်လေထင်ပါတယ်... ငယ်ငယ်က သရဲကားတွေကို ကြည့်ရဲသလောက် ခုကြီးလာတော့ အရင်လောက် မကြည့်ရဲတော့ပါဘူး... ကြည့်ပြီး စိတ်ထဲစွဲနေပြီး ဟုတ်တာလဲမဟုတ်ပဲနဲ့ ကြောက်စိတ်ပိုနေတော့ အလုပ်မပြီးတတ်ပါဘူး... အဲလိုနဲ့ မကြည့်ဖြစ်တော့တာ ကြာပါပြီ... ဒါပေမဲ့ ဒီကားလေးကို ဘလော့မှာ review ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာဖတ်သူများအတွက် အားခဲပြီး သွားကြည့်ခဲ့ပါတယ်...

ဇာတ်လမ်း...

မိန်းမနဲ့ ကလေးတွေအတွက် တစ်အိုးတစ်အိမ် မထူထောင်ပေးနိုင်လို့ ယောက္ခမ နဲ့ အတူနေခဲ့ရတဲ့ Thee တစ်ယောက်ဟာ ယောက္ခမရဲ့ အငြိုငြင်ကို ခံခဲ့ရပါတယ်... သို့သော် သူ့အလုပ်သစ်စလုပ်ပြီး မကြာခင်မှာပဲ ချင်းမိုင်က Laddaland ဆိုတဲ့ ရပ်ကွက်မှာ အိမ်နဲ့ ခြံလေးတစ်လုံးဝယ်လာနိုင်တဲ့အခါ အလွန်ကိုမှ ပျော်ရွှင်နေပါတယ်... သူ့မိန်းမနဲ့ ကလေး ၂ယောက်ပြောင်းလာပြီး မိသားစုအတူပျော်ပျော်ရွှင်ရွှင်နေဖို့ စိတ်ကူးခဲ့ပါတယ်... သို့သော် သူ့ရဲ့ ပြင်းပျတဲ့ အိမ်ပိုင်နဲ့ မိသားစုအတူနေရေးစိတ်လေးဟာ တစ်မိသားစုလုံးကို စိတ်ချောက်ချားဖွယ် ဒုက္ခတွင်းကို မသိလိုက်ပဲ ခေါ်ယူခဲ့သလိုဖြစ်သွားတယ်ဆိုတာကိုတော့ သတိမထားမိခဲ့ပါဘူး...

ဝေဖန်ချက်...

ဒီဇာတ်ကားဟာ အခြားသော ပေါချာချာသရဲကားများထက်ဆာလျှင် ကြောက်စရာကောင်းပြီး ကြည့်ထိုက်တဲ့ကားတစ်ကားဖြစ်သော်လည်း... ယခင်က နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ Shutter (ကြည့်ပြီး ၁နှစ်ကြာကြာ ကြောက်ခဲ့ရပါတယ်), Alone (ကြည့်ပြီး ကြောက်ခဲ့ရပါတယ်), Coming Soon (မကြည့်ရဲလို့ မကြည့်ဖြစ်ခဲ့ပါ) တွေလောက် ဇာတ်အိမ်ဖွဲ့စည်းမှု အားမကောင်းပါဘူး... သရုပ်ဆောင်နဲ့ ခြောက်ခြားမှုကတော့ အားမနည်းပါဘူး... လူတွေကို ကြောက်အောင် ခြောက်နိုင်သလို... လန့်သွားအောင်လဲ လှန့်နိုင်ပါတယ်... အစက မြန်မာသရဲမကို တကားလုံးရဲ့ အဓိကသရဲဖြစ်မယ်လို့ ထင်ခဲ့တာ... သူက ကားတစ်ဝက်လောက်ထိပဲ အဓိကသရဲဖြစ်ခဲ့ပါတယ်... Makin (မာကင်) ဆိုလို့ ဘာများလဲလို့... နောက်မှ မြန်မာမှုပြုမယ်ဆိုရင်တော့ မခင် လို့ ဆိုလိုတယ်လို့ထင်ပါတယ်... အဲဒိ မခင်သရဲမ ညစောင့်ကို ခြောက်တဲ့အခန်းမှာ ရှားရှားပါးပါး မြန်မာလိုပြောတာပါပါတယ်... အဲဒိအချိန်မှာ အောက်က အင်္ဂလိပ်စာတမ်းမထိုးပါဘူး... ဒီတော့ တခြားလူမျိုးတွေ နားလည်မှာမဟုတ်ပါဘူး... ကျွန်မတို့လို မြန်မာစကားနားလည်သူများအတွက် အပိုဆု ကြောက်စရာလေးတစ်ခုပေါ့နော်...

သရဲသံလုပ်ရာမှာလဲ ယိုးဒယားက creepy ဖြစ်ဖြစ် လုပ်နိုင်ပါတယ်... ရိုးရိုးလေးနဲ့ တိုးတိုးလေးပဲ မိန်းကလေး တစ်ယောက်ညဉ်းနေတဲ့ပုံစံမျိုးပါ... မြန်မာလိုပြောတာပါ... အသံလေးက သဲ့သဲ့တိုးတိုးလေးဆိုတော့ နောက်စကားလုံးကို အတော်တောင် အားစိုက်နားထောင်လိုက်ရတယ်... ဒါပေမဲ့ မြန်မာမိန်းကလေးစစ်စစ်နောက်ခံပြောတယ်ဆိုတာ သေချာပါတယ်... (အဲဒါမကြည့်ခင် နေ့လည်က မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဆိုတာကို ကြောက်ဖို့ကောင်းတယ်ဆိုလို့ ကြည့်ဖြစ်ပါတယ်... အဲဒိမှာ ကျွန်မကို ကြောက်စရာတွေအစား ရီစရာတွေ ပေးတာကတော့ သရဲမက ပါးစပ်ကြီးဟလိုက်ရင် ခြင်္သေ့ဟိန်းသံကြီးထွက်လာတယ်ရှင့်) အဲဒိကားအကြောင်းကိုတော့ နောက်မှ အချိန်ရရင်ပဲဖြစ်ဖြစ်... ဝေဖန်ချင်စိတ်ရှိရင်ပဲဖြစ်ဖြစ် ထပ်ဝေဖန်ပေးပါအုံးမယ်... (သိပ်လဲ မပြောချင်တာက သူတို့ခမျာလဲ ကြိုးစားနေရှာတာပါပဲ... စည်းဘောင်အတွင်းက ကြိုးစားနေရရှာတော့ လစ်ဟာနေတာလေးတွေကို ကိုယ်က ပိုးစိုးပက်စက် စိတ်ရှိတိုင်း မပြောချင်လို့ပါ)... ပြီးတော့ စေတနာနဲ့ ဝေဖန်တာကို ကိုယ့်လူမျိုးကို အထင်အမြင်သေးတယ်လို့ အထင်လွဲမှာ စိုးလို့ပါ...

Spoiler Alert From now On...


တချို့ အခန်းတွေမှာ အရင်က သုံးပြီးသား သရဲ Trick မျိုးကို ပြန်သုံးထားတာတွေ့ရပါတယ်... ဥပမာ... ရေခဲသေတ္တာ တခါးကြီး လှုပ်တဲ့ အခန်းမှာ သူက သူ့သားလေး ဆော့ရင်း သရဲခြောက်တဲ့ အိမ်ထဲက ရေခဲသေတ္တာထဲများဝင်ပုံးနေလားဆိုပြီးသံသယဖြစ်နေတုံး သူ့မိန်းမဖုန်းခေါ်ပြီး သူတို့ သားလေး အိမ်ပြန်ရောက်နေပြီလို့ ပြောတာမျိုးတွေ (ဒါဆိုစောစောက ရေခဲသေတ္တာ တံခါးလှုပ်တာ ဘယ်သူ့ကြောင့်လဲ ဆိုတဲ့ အတွေးမျိုး)... Shutter မှာဆိုရင်တော့ သူဓာတ်ပုံဆေးနေတုန်း ဘေးမှာ သူ့ရည်းစားကလာရပ်နေပြီး နောက်တော့ ဖုန်းလာတော့ သူ့ရည်းစားက ခုမှ လမ်းမှာ လာနေတုန်းဆိုတဲ့ ပုံစံနဲ့တူပါတယ်... Trick ကတူပင်မဲ့ ကြောက်ဖို့ကတော့ ကောင်းမြဲပါပဲ... အဲဒိ ရေခဲသေတ္တာအခန်းမှာဆိုရင် ကျက်သီးတောင်ထပါတယ်... ဇာတ်လမ်းအရ အဲဒိ အိမ်က မြန်မာအိမ်ဖော်မလေးကို သတ်ပြီးတော့ ရေခဲသေတ္တာထဲ အလောင်းကို ထည့်ခဲ့တာပါ... ရေခဲသတ္တာတံခါးကြီး ၀ုန်းကနဲဖြစ်သွားတဲ့အချိန်မှာ ကျွန်မလဲ မျက်စိမှိတ်လိုက်လို့ ဘာထွက်လာလဲဆိုတာတော့ ခုထိ မဟေဋ္ဌိပါပဲ... ဟဲ.. ဟဲ... ထင်တာတော့ ဘာမှ ထွက်လာတာ မပြဘူးထင်ပါတယ်... မင်းသားထွက်ပြေးသွားတယ်ထင်ပါတယ်... (ဒါနဲ့ မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဇာတ်ကားထဲမှာလဲ အဲဒိလို Trick မျိုးသုံးထားပါတယ်... ကားပေါ်ကို မိန်းမနဲ့ကလေးတစ်ယောက် တက်သွားတာတွေ့လိုက်လို့ မင်းအုပ်စိုးက ကားပေါ်တက်အကြည့်မှာ ကားပေါ်က ခရီးသည်မိန်းမတစ်ယောက်ကိုသာတွေ့ပြီး နောက်မှ ထိုမိန်းမက တစ်ချိန်လုံးကားအောက်မှာသာရှိကြောင်းကို ရိုက်ပြသွားပါတယ်... Trick ချင်းတူပင်မဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်... အသံ... တီးလုံးရွေးချယ်မှုကွာခြားလို့ထင်တယ်... မြန်မာကားက Trick က ကျက်သီးမပြောနဲ့ အစားတောင် မပျက်ခဲ့ပါဘူး..)... (ရေးရင်းနဲ့ကို မြန်မာကားကို ဝေဖန်စရာတွေ ပေါ်ပေါ်လာတယ်... ယိုးဒယားကားကို ပြန် Focus မှပဲ)...

ပြီးတော့ ယိုဒယား သရဲကားများ ထုံးစံအတိုင်း လူကို အငိုက်ဖမ်းပြီး လှန့်တတ်ပါသေးတယ်... ညစောင့်ကို ခြောက်တဲ့အခန်းမှာပဲ မိန်းကလေးတစ်ယောက် ညဘက် လမ်းမအမှောင်ပေါ်မှာ ကွေးကွေးလေးထိုင်နေတာတွေ့လို့ ညစောင့်က မီးနဲ့ ထိုးကြည့်နေတော့ ကျွန်မလဲကြောက်ပြီး မျက်လုံးကို မှိတ်လိုက်ပါတယ်... တော်တော်လေး မှိတ်ပြီးတဲ့အထိ ဘာသံမှလဲ ဆက်မကြားရ... ပြီးတော့ သရဲမ ပျောက်သွားတယ်ဆိုတော့ ထပြီး ပြန်ကြည့်လိုက်ကာမှ... ဘွားကနဲ မျက်နှာရှေ့မှ ကပ်ပြီးပေါ်လာတာ... လန့်လို့ ထအော်မိပါရော... ရုံထဲမှာလဲ ကိုယ်နဲ့ အော်ဖော်တွေအတော်များပါတယ်... ယိုဒယား သရဲကားကြည့်ရင် ပျော်စရာကောင်းတာတစ်ခုကတော့ သရဲခြောက်ရင် အော်ကြတာပါပဲ.. ပြီးရင်တော့ ရုံထဲမှာ အရှက်ပြေ ရယ်သံလေးတွေ ပြန်ထွက်လာတတ်ပါတယ်... ဒီကားက NC16 ပါ... ဒါပေမဲ့ အသက်ငယ်တဲ့သူတွေက ပိုသတ္တိကောင်းတယ်ထင်တယ်... လာကြည့်တာ လူငယ်တွေများတယ်... သူငယ်ချင်းအုပ်လိုက်တွေ... လူကြီးတွေ လုံးဝမရှိသလောက်ပဲ (ကျွန်မတော့ လုံးဝမတွေ့ခဲ့ဘူး)...

ဘုန်းကြီးတွေ ဘုရားစာရွတ်တဲ့အခန်းမှာလဲ မြန်မာဘုရားစာနဲ့ တူတူပဲမို့ ရုပ်ရှင်ထဲ အတော်လေး ဈာန်ပါခဲ့တယ်... ဆုံးခါနီး သမီးကြီးလုပ်တဲ့ ကောင်မလေးက အ၀တ်ဟိုဘက်ခြံထဲကျသွားလို့ ၀င်ကောက်တဲ့အခန်းကလဲ ကြောက်စရာပါ... ဇာတ်လမ်းအရ မြန်မာသရဲမခြောက်ခံရပြီးနောက်မှာ အဲဒိကောင်မလေးက သူငယ်ချင်းတွေနဲ့ စာကျက်မယ်ဆိုပြီး သွားနေပါတယ်... ဒီကြားထဲမှာ သူတို့ ဘေးခြံက တစ်မိသားစုလုံး ကိုယ့်ကိုကိုယ်သတ်သေသွားတာ သူမသိလိုက်ဘူးလို့ ကျွန်မကတော့ နားလည်ပါတယ်... အဲဒါကြောင့်လဲ အ၀တ်ကျသွားတော့ သူက ဟိုဘက်ခြံကို ကျော်ဝင်ပြီးကောက်တာပါ... အ၀တ်တွေကြားထဲက သရဲမ လမ်းလျှောက်လာတာ... ပြီးတော့ အစမှာတော့ မျက်လုံးပဲတွေ့တော့ ဘာမှ မဖြစ်သလိုနဲ့ နောက်မှ ပါးစပ်ကြီးပေါက်နေတာ... အမလေး... ကျွန်မသာအဲဒိနေရာမှာဆိုရင် အော်ဖို့ အသံတောင်ထွက်ပါ့မလားမသိဘူး... အဆုံးခန်းမှာလဲ ကလေးသရဲလေးနဲ့ တွေ့တဲ့အခန်းမှာ မကြည့်ရဲလို့ ပန်းချီကားလေးနဲ့ ကားထားတာကို အလည်ကနေ တဖြည်းဖြည်းဆွဲစုတ်တဲ့အခန်းကလဲ အူယားစရာပါ... (အဟိ.. သတ္တိခဲကျွန်မ အဲဒါလဲ မျက်လုံးမှိတ်ထားပါတယ်.. ကြည့်တဲ့သူကပြောတာတော့ မျက်နှာက ပေါက်နေတယ်လို့ပြောပါတယ်)... နောက်ပိုင်းအခန်းတွေတော်တော်များများ စိတ်မောလာလို့ စိတ်ပေါက်ပေါက်နဲ့ ဖုန်းထုတ်ပြီး ဂိမ်း ၁ဂိမ်းလောက်ဆော့နေလိုက်ပါတယ်.. အဟိ....အဲဒိကားမှာ ကျွန်မအသည်းယားဆုံးနဲ့ အမြင်ကပ်ဆုံးက သူတို့ အဖေလုပ်တဲ့သူပါ... သရဲခြောက်တယ်လို့ပြောတဲ့ကလေးကို ပြောရမလားဆိုပြီးဆုံးမတာ သရဲခြောက်တဲ့ အိမ်ထဲကို ခေါ်သွားစရာလား... ကျွန်မသာဆိုလဲ အတော်လေး စိတ်ဆိုးမှာပါ.. ဒါဟာ သားသမီးကို ဆုံးမတဲ့ နည်းမဟုတ်ပါဘူး... အဟီး... ပြောရင်းနဲ့ ရုပ်ရှင်ကို အဟုတ်မှတ်ပြီး မဆိုင်တာတွေ ဝေဖန်မိပြန်ပြီ.. (မဗေဒါ စိတ်ထိန်း.. စိတ်ထိန်း)...

ပြောရမယ်ဆိုရင်တော့ အများကြီးပဲ... အဲဒိရုပ်ရှင်ရဲ့ ရှေ့ပိုင်း ၁၅ မိနစ်လောက်ပဲ အေးအေးချမ်းချမ်းကြည့်ရမယ်.. ပြီးရင်တော့ တကားလုံး ဆက်တိုက်ပဲ အော်ပေတော့... ကျန်တာတွေရှိသေးတယ်... မပြောနိုင်တော့ဘူး... ကိုယ်ပါကိုယ်ပဲကြည့်လိုက်တော့.... အော်.. ဟောဒီမှာ အမြည်းအနေနဲ့ Trailer လေးကြည့်သွား... Trailer ကို သိပ်မကြောက်ဖူးဆိုရင်တော့ ရုံမှာသွားကြည့်ဖို့ အခြေအနေကောင်းတယ်... ကြောက်ချင်ရင်သွားကြည့်... ကြောက်တတ်ရင်တော့ ကိုယ့်ဒုက္ခကိုယ်မရှာနဲ့နော်...

17 comments :

Ko Boyz said...

ကိုယ်လဲ အသည်းလေးကို ဘေးမှာ ထားပြီး မျက်လုံး ဖွင့်တစ်ဝက် ပိတ်တစ်ဝက်န့ ကြည့်ခဲ့တာပဲ...။
ဘယာနက ရသတော့ အပြည့်ပေးနိုင်တယ်။
တန်ပါတယ်။

စကားမစပ် ဒီမင်းသားက အဆိုတော်ပါ။ အရင် ၁၉၉၃ လောက်တုန်းကလဲ သွေးစုပ်ဖုတ်ကောင် ကား တစ်ကားကို ပထဆုံး ရိုက်ခဲ့ဖူးတယ်။ ဇာတ်ကောင်စရိုက်လဲ ဒီလို ရိုးရိုးအေးအေး အတတ အူတူတူ စတိုင်ပဲ အဲ့ကားလဲ နာမည်ကျော်သွားတယ်။ သူ့သီချင်းကို ဇာတ်ဝင်ခန်းအနေနဲ့တောင် သုံးထားသေးတယ်။

အခုလဲ သရဲတစ္ဆေကားနဲ့ ပြန်နာမည်ကြီးဦးမယ် ထင်တယ်။

Coming Soon ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ. ..။
4BIA လဲ ကြည့်လိုက်ပါ။ အကုန်ကောင်းတယ်။

မိုးခါး said...

သရဲကားကတော့ ကိုယ့်အကြောင်းကိုယ်သိလို့ ကြည့်တိုင်းမျက်လုံးမှိတ်ထားပါတယ် .. ကြည့်ချင်တာလည်း တပိုင်းသေပါတယ် .. မဗေဒါပြောတာပဲ နားထောင်သွားတော့မယ် .. မကြည့်တော့ပါဘူး .. အဟဲ

SZA said...

i feel that watching ghost/horror movie is like riding roller coaster, we feel thriller and shout..haha
hope to watch more horror movie, chinese ghost month is coming soon..

MYO HAN HTUN said...

ထိုင်းတွေလုပ်မှ ငါတို့မြန်မာတွေလည်း မိအေး နှစ်ခါနာတော့တယ်။ အိမ်ဖော်လည်း ဖြစ်ရ .. သရဲမလည်း ဖြစ်ရ။ :D

Angelhlaing(May everybody be happy and healthy! said...

သရဲဆို နေစရာမရှိအောင် ကြောက်တက်လို့ စာလေးပဲ ဖတ်ပြိး ပြန်တယ် မမ...:):)အဲလောက် သတ္တိကောင်းတာ..:P

mabaydar said...

ဟုတ်တယ် အဲဒိကားကြည့်တုန်းက အဲလိုခံစားရပါသေးတယ်... သို့သော် မြန်မာလူမျိုးတွေ အလွန်မှ သဘောထားကြီးတာ.. ပါသမျှကားလဲ ဘယ်နိုင်ငံကရိုက်ရိုက် အကောင်းတစ်ခါမှကို မပါရဘူး... ဒါလဲ အားပေးချင်နေတာပဲ...
မြေနှိမ့်ရာ လှံစိုက်ချင်ကြပေမဲ့... နိုင်ငံကြီးသားပီပီ ပြုံးပြုံးကြီးပဲ သွားအားပေးလိုက်ပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အား. တူလိုက်တာ တို့လည်း သရဲများထွက်လာတော့မယ်ဆိုရင် မျက်လုံးက အရင်မှိတ်ပြီးသားး)

Anonymous said...

မြန်မာသရဲမကမြန်မာလိုဘာပြောတာလဲဟင်?

mabaydar said...

မြန်မာ သရဲမ ဘာပြောလဲ ပြောပြလိုက်ရင် အရသာမရှိမှာစိုးလို့... ကိုယ့်ဘာသာကိုယ် နားထောင်ကြည့်နော်... ပြောပြတော့ဘူး.. ၂ခွန်းထဲပြောတာပါ...

ဘရဏီ said...

မဗေဒါရေးတဲ.review လေးဖတ်ပြီးတော.ပြီးရင်
online ကရှာပြီးကြည်.မလို.ဘဲ trailar ကြည်.
ပြီးကြောက်သွားပြီ ။ကြည်.တော.ဘူး

khin oo may said...

ကြောက်တတ်တယ် မကြည့်တော့ဘူးနော။်။ရေးတာလေးဘဲကြောက်ကြောက်နဲ့ဖတ်သွားတယ်။

Anonymous said...

Thank you for the review. After reading this, I got scared again and trailer is more than enough for me, hehe. I still remembered one incidence: I was on the lift alone and this trailer started playing. I closed my eyes, and thought of something else, hehe.
Mon Petit Avatar

Anonymous said...

"Paranormal activity" is the most scary movie i have ever watched. I watched it 3 years ago. It was so scary that i remembered every scene of it till now. Since then I always try not to let my leg out of the blanket while sleep.

mabaydar said...

Yeah... Paranormal activity is also scary... but it didn't explain why the haunting started? why the lady possessed ghost? what is the relationship btwn ghost and that couple? But i think they explain in later Paranormal Activity seasons.... but i dare not watch.. hee hee :D

နမ်မီးဆစ် said...

မဗေဒါရေ..ညီမကFacebookမှာ Movie Page လေးလုပ်ထားပါတယ် အမရဲ့စာထဲကတချို့ ကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုပါတယ်နော်...
ညီမရဲ့ပေ့ခ်ျလင့်လေးပါ https://www.facebook.com/NMSMOVIE

mabaydar said...

ညီမလေးရေ... ခွင့်တောင်းတဲ့အတွက်ရော... credit ပေးတဲ့အတွက်ရော ကျေးဇူးပါ...

Anonymous said...

အာဘွား တဲ့