Friday, February 27, 2015

Pinocchio (K-drama Review)

Name: Pinocchio
Genre: Romance, Drama, Comedy
No. of Episode: 20
Broadcast Network: SBS
Broadcast Period: November 12, 2014 – January 15, 2015
Main Cast:
Lee Jong-suk as Choi Dal-po/Ki Ha-myung
Park Shin-hye as Choi In-ha
Kim Young-kwang as Seo Beom-jo
Lee Yu-bi as Yoon Yoo-rae

My Rating: 4/5

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းလေးကတော့ ၂၀၀၀ ခုနှစ်မှာ အမှိုက်ရုံ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်သမား ၉ဦး သေဆုံးခဲ့ရာကစပါတယ်။ အဲဒိမီးသတ်သမားခေါင်းဆောင် Ki Ho Sang ရဲ့ ရုပ်အလောင်းကို ရှာဖွေမတွေ့ရှိခဲ့ပါဘူး။ အားလုံးပူဆွေးနေတဲ့အချိန်မှာ Pinocchio syndrome (လိမ်ပြောရင် ကျွတ်ထိုးတတ်တဲ့အကျင့်) ရှိတဲ့သူတစ်ယောက်က Ki Ho Sang နဲ့ တူတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာကို Ki Ho Sang ကို တွေ့လိုက်တယ်လို့ ထွက်ချက်ပေးရာမှစကာ Ki Ho Sang ကို မီးသတ်သမားတွေသေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးစွပ်စွဲအပြစ်တင်မှုတွေ မီဒီယာတွေမှ စကာ လူထုကြားပြန့်နှံ့သွားပါတော့တယ်။ ထိုကိစ္စအတွက်နဲ့ လူထုရဲ့မုန်းတီးရန်ရှာခြင်းကို ခါးစည်းခံခဲ့ရသူတွေကတော့ Ki Ho Sang ရဲ့ ကျန်ရစ်သူမိသားစုဖြစ်တဲ့ သူ့မိန်းမနဲ့ သား၂ယောက်ဖြစ်တဲ့ အကြီး Ki Jae-Myung နဲ့ သားငယ် Ki Ha-Myung တို့ပဲဖြစ်ပါတယ်။ သတင်းမီဒီယာတွေရဲ့ အားမနာပ မေးခွန်းထုတ်ခြင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြောင့် သူတို့ မိခင်ဟာလဲ သားငယ်ကိုခေါ်ကာ ပင်လယ်ထဲ ခုန်ချ အဆုံးစီရင်ခဲ့ပါတယ်။ သူတို့ကို အဆိုးရွားဆုံးမေးခွန်းတွေကို မေးခဲ့ပြီး သူတို့အဖေကို တာဝန်မဲ့တဲ့ မီးသတ်သမားခေါင်းဆောင်အဖြစ် စွတ်စွဲတဲ့ သတင်းထောက်ကတော့ MSC အသံလွှင့် ဋ္ဌာန က Song Cha-ok ပဲဖြစ်တယ်။ ကံကောင်းထောက်မစွာ သားငယ်ကို Hyangri ကျွန်းမှာနေတဲ့ အဖိုးအို Choi Gong-pil က သူ့သားအမှတ်နဲ့ မွေးစားခဲ့ပါတယ်။ အဖိုးအိုမှာ အရင်က သားတစ်ယောက်ရှိခဲ့ပြီး ပင်လယ်ထဲ ရေနစ်သေဆုံးခဲ့တဲ့အတွက် Ha Myung ကို သူ့သားလို ထင်မှတ်နေခဲ့တာဖြစ်ပါတယ်။ အဖိုးအိုက အယ်ဇိုင်းမားရောဂါဆန်ဆန် ခံစားနေရသူတစ်ဦးဖြစ်တဲ့အတွက် ဉာဏ်ရည်ထက်မြက်တဲ့ Ha Myung က အဖိုးအိုရဲ့ သေဆုံးသွားတဲ့ ဉာဏ်တုံးတဲ့ သား Choi Dal Po အနေနဲ့ပဲ နေထိုင်ခဲ့တယ်။ အဖိုးအိုရဲ့ မြို့ပေါ်က သားဟာ သတင်းကြေငြာသူ သူ့မိန်းမနဲ့ကွာရှင်းကာ သမီးဖြစ်သူ Choi In Ha နဲ့ တောမှာလာနေတဲ့အခါမှာတော့ မွေးစားသား Dal po နဲ့ ဆုံစည်းဖြစ်ခဲ့ကြတယ်။ Dal po ဟာ Choi In ha နဲ့ ရွယ်တူဖြစ်ပေမဲ့ အဖိုးအိုရဲ့ ရောဂါအခြေအနေကြောင့် Choi In ha က သူ့ကို ဦးလေးလို့ခေါ်ရပြီး Choi In ha ရဲ့ အဖေဟာ သူ့သားအရွယ် Dal po ကို Hyun (အစ်ကို) လို့ ခေါ်ရတယ်။

Choi In Ha ဟာ Pinocchio syndrome ရှိသူတစ်ဦးဖြစ်ပြီး သူလိမ်ပြောလျှင် ကျွတ်ထိုးတတ်တဲ့ အကျင့်ရှိတယ်။ သူဟာ သူ့အမေ သတင်းထောက် Song Cha ok ကို အရမ်း ဂုဏ်ယူချစ်မြတ်နိုးတယ်။ In Ha ရဲ့ အမေဟာ သူတို့မိသားစုကို ဖြတ်စီးခဲ့တဲ့ သတင်းထောက် Song Cha Ok ဆိုတာကို Ha Myung သိသွားတဲ့အခါ In Ha နဲ့ Ha Myung (Dal po) တို့ရဲ့ ဆက်ဆံရေးကို အစပိုင်းမှာ ခါးသီးစေခဲ့တယ်။ သူတို့ ၂ဦး အတူတူကြီးပြင်းလာတဲ့အခါမှာတော့ Dal Po ဟာ In ha ကို တိတ်တိတ်လေးချစ်နေမိတယ်။ In ha ကို အတန်းထဲက စာတော်တဲ့ ကျောင်းသား Ann Chan Soo က တီဗွီက ဉာဏ်စမ်းအစီအစဉ်မှာ သူ ဆုရရင် အဖြေတောင်းမယ်လို့ပြောတာကို Dal Po ကြားပြီး ဉာဏ်တုံးချင်ယောင်ဆောင်နေခဲ့တဲ့ Dal Po တစ်ယောက် ဉာဏ်စမ်းအစီအစဉ်ကို ၀င်ပြိုင်ရင်း သူ့ရဲ့ ဉာဏ်ထက်မြက်မှုကို အားလုံးက အံ့ဩခဲ့ကြတယ်။ အဲ့ဒိအချိန်ကစပြီး In Ha ဟာလဲ တီဗွီထဲကနေ လူတိုင်းကို တစ်ခါတည်းနဲ့ သက်သေပြလို့ရတယ်ဆိုတာကို အရမ်းသဘောကျသွားပြီး သတင်းထောက်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ကံကြမ္မာရဲ့ စိန်ခေါ်မှုတွေ မခံချင်စိတ်တွေနဲ့ အချစ်စိတ်အတွက်ကြောင့် In Ha ရော Dal Po ပါ အပြိုင်အဆိုင် အသံလွှင့်ဋ္ဌာန ၂ခုရဲ့ သတင်းထောက်ကိုယ်စီ ဖြစ်လာခဲ့တယ်။ သို့သော် သူတို့ထင်ခဲ့သလို သတင်းထောက်နဲ့ မီဒီယာဆိုတာ တကယ်ရော မှန်ကန်တဲ့ဘက်က ရပ်တည်သလား။ လူစိတ်၀င်စားဖို့အတွက် အဓိကလား။ အာဏာရှင်တွေရဲ့ ခုတုံး ဝါဒဖြန့်ဖို့အတွက် သက်သက်လား။ သတင်းထောက်အစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲ။ Ha Myung သူ့အစ်ကိုအရင်း Jae Myung ကို ပြန်ရှာတွေ့တဲ့အခါမှာ သူ့အစ်ကိုဟာ သူ့နည်းသူ့ဟန်နဲ့ ခြေလွန်လက်လွန် ကလဲစားခြေပြီးသွားတာကို သိတဲ့အခါ သူဘယ်လို လုပ်မလဲ။ စတဲ့ စတဲ့ ရသ၊ ဗဟုသုတနဲ့ သင်ခန်းစာတွေအများကြီးပေးတဲ့အတွက် ဒီကားဟာ ကားကောင်းတစ်ကားဖြစ်တယ်လို့ ဆိုခြင်ပါတယ်။

ဝေဖန်ရေး

ဒီကားကို အစက Park Shin Hye မို့ သိပ်မကြည့်ချင်ခဲ့ပါဘူး။ မကြည့်ဖူးလို့တောင် ကြေငြာထားတာပါ။ အကြောင်းကတော့ Park Shin Hye ကို မုန်းလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပေါ်လာသမျှ မင်းသားငယ်ငယ် ချောချောဆို သူနဲ့ တွဲရိုက်ရင် အဲ့ဒိကားက အောင်မြင်တယ်ဆိုတဲ့ ကိုရီးယားက ဒါရိုက်တာတွေ ပရိုဂျူဆာတွေရဲ့ အတွေးကို လက်မခံချင်တာပါ။ ပြောရမယ်ဆိုရင်တော့ Park Shin Hye ကို အကပ်ကောင်းတဲ့ မင်းသမီးလို့ပဲဆိုရမလား၊ ဇာတ်လမ်းအရွေးတော်၊ သူနဲ့တွဲဖက်သရုပ်ဆောင်မဲ့ မင်းသား အရွေးတော်တဲ့ မင်းသမီးလို့ပဲ ပြောရမလားပါပဲ။ Lee Si Young တို့ Moon Chae Won တို့လောက်တောင် သရုပ်ဆောင်မကောင်းပဲ ရိုက်တဲ့ကားတိုင်းပေါက်နေတာ ဇာတ်ကားရဲ့ ဇာတ်လမ်းရယ်၊ တွဲဖက်တဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ နာမည်ကျော် မင်းသားလေးတွေကြောင့် သူရိုက်တဲ့ ကားတိုင်း ပေါက်နေသလိုဖြစ်နေတာပါ။ သူကောင်းလွန်းလို့တော့ မဟုတ်ဘူးထင်ပါသည်။ သူမဟုတ်ပဲ တခြားမင်းသမီးဆိုလျှင်လဲ ထိုကားများက ပေါက်မှာသေချာပါသည်။ (Park Shin Hye ကို သရုပ်ဆောင် မကောင်းဘူး ဆိုးတယ်လို့ ဆိုလိုခြင်းမဟုတ်။ အထိုက်အလျောက် သရုပ်ဆောင်ကောင်းသူအဖြစ် လက်ခံသည်)

ကဲပါ အစပျိုးတာများနေပြီ။ အတိုချုံးရလျှင်တော့ မကြည့်ဖူးဆုံးဖြတ်ထားပြီး သူများတွေက ကောင်းတယ်ပြောတာတစ်ကြောင်း၊ ကြည့်စရာတခြားကား ကုန်သွားတာက တစ်ကြောင်း၊ မင်းသားမျက်နှာငဲ့ကွက်ပြီး ကြည့်ဖြစ်သွားသည်ပေါ့။
ဒီကားကိုကြည့်ပြီး သူများတွေတော့ မသိဘူး။ မဗေဒါအတွက်ကတော့ သင်ခန်းစာတွေအတော်ရတယ်။ ဘာလို့လဲဆိုတော့ သတင်းမီဒီယာတွေရဲ့သဘောတရားတွေ စောင့်စည်းသင့်တဲ့ စည်းကမ်းတွေကို အသေအချာလေး ပါးပါးလေးပြသွားတယ်။ အထူးသဖြင့် မင်းသားဇာတ်ကောင် Ha Myung ကနေတစ်ဆင့်ပေါ့။ သတင်းထောက်မဆန်ပဲ ပြချင်တာကိုသာပြ အလိမ်အညာ အပိုတွေပြောပြီး နာမည်ရနေတဲ့ သတင်းထောက် Song Cha Ok ကို သူက သတင်းထောက်အစစ်အမှန်ဆိုတာဘာလဲ သိအောင် ပညာသားပါပါပြခဲ့တယ်။ သူ့လက်စားခြေပုံနဲ့ သူ့အစ်ကို လက်စားချေပုံက ကွာခြားတယ်။ သူ့အစ်ကိုကတော့ ဒေါသအလျှောက် သူ့အဖေကို နာမည်ဖျက်တဲ့သူတွေကို သတ်ခဲ့တယ်။ အဲ့ဒါကနောက်ဆုံးမှာ သူနာမည်ကြီး သူရဲကောင်းဖြစ်တာတောင်မှ ထောင်နန်းစံခဲ့ရတယ်။ ပြဿနာတွေက အနောက်ကနေ ရေဆုံးမြေဆုံးလိုက်တာ ပြန်ပြင်လို့မရဘူး။ ပြီးတော့ သူသိလိုက်တဲ့ လူတွေကိုပဲ သတ်ပြစ်နိုင်ခဲ့တယ်။ တကယ့် ပြဿနာအရင်းအမြစ်ကို မထုတ်ဖော်နိုင်ခဲ့ဘူး။

ဒီကားကို ကြည့်ပြီးတော့ ခုအပြင်လောကမှာ အထူးသဖြင့် ဖေ့ဘွတ်ပေါ်မှာ ဖြစ်ပျက်နေတဲ့သတင်းတွေ ရှယ်တာတွေ ပြီးစလွယ်ကွန်မန့်ကြတာတွေ၊ မှားမှန်းနောက်သိရင်တောင် ဘူးခံငြင်းတာတွေတွေ့ရတော့ ဒီရုပ်ရှင်ဇာတ်လမ်းနဲ့သွား ဆက်စပ်မိတယ်။ (ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးက အရေးကြီးတာကို စိတ်ပြောင်းအောင် ကုလားကိစ္စလုပ်ပြစ်တာမျိုးတို့လိုပေါ့။ ဖေ့ဘွတ်သုံးတဲ့သူတော်တော်များများလဲ ဘယ်ဟာက အဓိကကျလဲဆိုတာကို သေချာစဉ်းစားပြီးမှ ဖွကြဖို့မျှော်လင့်တယ်။) တကယ်တော့ မီဒီယာတွေ သတင်းတွေဆိုတာလဲ အဆုံးမှာတော့ ကိုယ့်စဉ်းစားနိုင်စွမ်းနဲ့ ချင့်ယုံသင့်တာတွေချည်းပဲ။ တကယ်တမ်း သတင်းထောက်တာ၀န်က ဘယ်ဘက်ကိုမှ မလိုက်ပဲ အပိုမပြောပဲ ခန့်မှန်းခြေနဲ့ မပြောပဲ ၂ဘက် သက်သေ အပြည့်အ၀ရှိမှ ထုတ်ဖော်ရမယ်။ သက်သေအပြည့်အ၀မရှိရင်တောင်မှ အရှိကို အရှိအတိုင်းပဲပြောရမယ်။ အပိုအလို ကောက်နှုတ်ချက်တွေမပြောသင့်ဘူး စသည် စသည်ဖြင့်ပေါ့နော်။ (ရှင်းပြရတာ နည်းနည်းရှုတ်တယ်။ အဲ့ကားကြည့်လိုက်ရင် သဘောပိုပေါက်လိမ့်မယ်)။

ပြီးတော့ နောက်ဆုံးအပိုင်းမှာ မင်းသားက တကယ့်တရားခံအစစ် သူဠေးမကြီးကို အင်တာဗျူးတဲ့အခန်းမှာဆိုရင်လဲ ကိုယ်လိုချင်တဲ့ ကိုယ်မေးချင်တဲ့ မေးခွန်းကို ပုံစံတစ်မျိုးပြောင်းပြီး ရအောင်မေးသွားတာလေးကို ပြသွားတာ ပညာသားပါတယ်။ မင်းသားတကယ်မေးချင် ပြောချင်တဲ့ မေးခွန်းကို မင်းသားစဉ်းစားတဲ့ပုံစံနဲ့ နောက်ခံစကားပြောထည့်ထားပြီး မင်းသားတကယ်မေးလိုက်တဲ့ မေးခွန်းက ဟိုသူဠေးမကြီးကို ဂျက်ကျလက်ကျ ထိမိသွားတာကို ပြတာကို သဘောကျတယ်။ အဲ့လို စကားပြောတတ်ချင်တယ်။ အဲ့လို မေးခွန်းမျိုး မေးတတ်ချင်တယ်။

ငါတို့မိသားစုကို ဘာလို့ဖျက်စီးခဲ့တာလဲ လို့မေးမဲ့အစား။

ခင်ဗျားသားကို အပြစ်မဲ့တယ်လို့ ထင်ပါသလား လို့ သူမေးလိုက်တဲ့အခါ အဲ့မိန်းမကြီးက ငါ့သားက အပြစ်မဲ့တယ်လို့ ရှေ့နေသင်ပေးထားတဲ့အတိုင်းမဟုတ်တော့ပဲ သားဇောနဲ့ ချက်ချင်းပြန်ဖြေလိုက်တယ်။

ဒီအခန်းကို တစ်ချို့တွေကလဲ သူမေးချင်တဲ့မေးခွန်းကို မမေးပဲ သတင်းထောက်တစ်ယောက် မေးသင့်တဲ့ မေးခွန်းကိုသာမေးတယ်လို့လောက်ပဲ ထင်ချင်ထင်မယ်။
မဗေဒါကတော့ ဒိထက်ပိုနက်နဲတယ်လို့ထင်တယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ သူဟာသူသိချင်တဲ့မေးခွန်းကို အခြေခံပြီး တချိန်က သူခံစားခဲ့ရတာတွေကို ကိုယ်ချင်းစာပြီး သူမေးလိုက်တာ။ တချိန်က သူလဲ အဲ့မိန်းမကြီးနေရာမှာ သတင်းထောက်တွေဝိုင်းမေးတာခံခဲ့ရဖူးတယ်လေ။ အဲ့ဒိအချိန်မှာ သူအပြောချင်ဆုံးက သူ့အဖေဟာ အပြစ်မဲ့တယ်ဆိုတာကိုလေ။ ဒီတော့ ခုအချိန်မှာ ဒီမိန်းမကြီးပြောချင်ဆုံးအရာကလဲ သူ့သားအပြစ်မဲ့တယ်ဆိုတာကိုဆိုတာ သူသိနေလို့ သူမေးချင်တာကို တိုက်ရိုက်မမေးပေမဲ့ ခင်ဗျား ကိုယ်ချင်းစာတတ်ပြီလားဆိုတဲ့ သဘောမျိုးသက်ရောက်တဲ့ မေးခွန်းမျိုးကို သူမေးတယ်လို့ မဗေဒါကတော့ တွေးတယ်။ စကားလုံးနဲ့ အခြေအနေကို ပြောင်းလဲမေးခွန်းထုတ်လိုက်တာနဲ့ ကိုယ်လိုချင်တဲ့ အဖြေကိုရတဲ့ စကားပြော ကြွယ်၀မှု သဘောတရားကို သဘောကျတယ်။

ပြီးတော့ မင်းတို့ကို စိတ်မဆိုးတော့ပါဘူးကွာဆိုတဲ့ စကားတစ်ခွန်းကြောင့် ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူခဲ့တဲ့အတွက် သူဠေးမကြီးသား Beom Jo တစ်ယောက် သူ့အမေကို အမှား၀န်ခံလာအောင် သူကိုယ်တိုင် တစာခံလုပ်ပြီး ရဲစခန်းမှာ သွားထွက်ဆို ၀န်ခံတာကိုလဲ ပြထားတာ ကောင်းတယ်။ ခွင့်လွှတ်တာက ခွင့်လွှတ်တာဆိုပေမဲ့ အမှန်တရားကလဲ အမှန်တရာပေါ်အောင်တော့ ဖော်ထုတ်ရမှာပဲလေ။ အဲ့ဒိအတွက်ကြောင့် Beom Jo မကူညီတာကို Ha Myung ကနားလည်မှုပေးခဲ့တာပဲရှိတယ်။ သူလုပ်စရာရှိတဲ့ Beom Jo အမေရဲ့ မသမာမှုကို ထုတ်ဖော်မှာကတော့ ထုတ်ဖော်မှာပဲလေ။

သရုပ်ဆောင်တွေအကြောင်းပြောရမယ်ဆိုရင်တော့ Ha Myung ငယ်ငယ်က သရုပ်ဆောင်တဲ့ ကလေးလေးကို တော်တော်သဘောကျတယ်။ ကလေးပေမဲ့ Cool ဖြစ်တယ်လို့ထင်တယ်။ တခြားသူတွေတော့မသိဘူး မဗေဒါကတော့ အဲ့ကလေးလေးကို English ကား Sixth Sense ထဲက ကလေးလေးနဲ့ ခပ်ဆင်ဆင်တူတယ်ထင်တယ် (ကိုရီးယားကလေးလေးကတော့ ပိုချောတယ်) ကြီးလာရင် မင်းသားဖြစ်နိုင်တယ်။ Nam Da-reum ဆိုတဲ့ နာမည်မှတ်ထားမှ။ ငယ်ငယ်လေးနဲ့ သူရိုက်ထားတဲ့ကားတွေကလဲ မနည်းဘူးပဲ။ ၂၀၀၂ ကမွေးပြီး ၂၀၀၉ မှာရုပ်ရှင်စရိုက်နေပြီဆိုတော့လဲ။ ကိုယ်ကတော့ ၂၀၀၂ ကတည်းက ကိုရီးယားကားတွေကြည့်နေတာ ၂၀၁၅ထိလဲ မပြောင်းမလဲကြည့်မြဲ။
နောက်တစ်ယောက်သဘောကျသူကတော့ Ki Jae Myung (အသက်ကြီးမှ) အဖြစ်သရုပ်ဆောင်တဲ့ သူ။ နာမည်က Yoon Kyun-sang တဲ့။ သူကတော့ ဒီကားမှာမှ အထင်ကရ နေရာလေးက ပါရတာထင်တယ်။ ဒီကားနဲ့ပဲ လူသိများတယ်တဲ့။ သူလဲ သရုပ်ဆောင်လဲကောင်းတယ် ရုပ်ရည်လေးလဲရှိတယ်။ ဒါပေမဲ့ ပထမမင်းသားဖြစ်လောက်တဲ့အထိ ရှိမရှိတော့ ခုမပြောတတ်သေးဘူး။ ဒါပေမဲ့ အရပ်အမောင်းနဲ့ ရုပ်ရည်လေးတော့မဆိုးဘူး။
Beom Jo လုပ်တဲ့ ဒုတိယမင်းသားကိုတော့ သိပ်မကြိုက်ဘူး။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။ He is just not my type။ နာမည်လဲ မမှတ်တော့ပါဘူး။ ကြုံရင်ကြည့်မယ်။ မကြုံရင် မကြည့်ဘူး။ သူ့ကိုကြိုက်တဲ့သူတွေ မဗေဒါကို မမုန်းကြနဲ့နော်။ ဟိ။

ကျန်တဲ့သူတွေကတော့ အားလုံးပုံမှန်ပဲမို့ တစ်ယောက်ချင်းစီပြောမနေတော့ပါဘူးနော်။ ဒါနဲ့ ဇာတ်လမ်းထဲမှာ ဒုတိယမင်းသမီးလို့ပဲပြောရမလား။ မင်းသားရဲ့ သတင်းထောက် partner အဖြစ်သရုပ်ဆောင်ရတဲ့ Yoon Yoo Rae ဇာတ်ကောင်နဲ့ သူတို့ရဲ့ Captain ကို နောက်ဆုံး တွဲပေးလိုက်တာလေး သဘောကျတယ်။ ပြီးတော့ မင်းသားနဲ့ မင်းသမီးရဲ့ ငယ်ငယ်က အတန်းဖော် Ann Chan Soo ဆိုတဲ့ကောင်လေးကို အရင်က ကလေးသရုပ်ဆောင်အနေနဲ့ကြည့်ဖူးတယ်။ ခုထက်ထိလဲ သူ့အရပ်အမောင်းက ကလေးသာသာလေးပဲ ရှိသေးတာ။ ဒီကားမှာ လူကြီးသရုပ်ဆောင်အနေနဲ့ထည့်ထားတော့ ကြည့်ရတာ တစ်မျိုးပဲ။ Lee Joong Suk နဲ့များတွဲရပ်ရင် သူက အတော်ပုနေတာ။ ကလေးလို့ပဲမြင်တယ်။

ဇာတ်သိမ်းက အားလုံးသေသေသပ်သပ် လှလှပပလေးသိမ်းပေးသွားတယ်။ ဘယ်သူနဲ့ ဘယ်သူ အတွဲတွေဖြစ်သွားတာလဲ ပြတယ်။ ပြီးတော့ အဆုံးမှာ In Ha အမြဲသိချင်နေတဲ့ Ha Myung က သူ့ကို ဘယ်အချိန်ကတည်းက ချစ်နေတာလဲဆိုတာကို သိသွားတဲ့အခန်းလေးက ပြေပြေလေးနဲ့ heart ထိတယ်။ မနာလိုချင်စရာ Kissing Scene နဲ့ အဆုံးသတ်သွားတယ်။
မင်းသမီးရဲ့ သတို့သမီး၀တ်စုံ Off shoulder dress လေးကို သွားရည်ကျမိတယ်။



Wednesday, February 25, 2015

ယူနီကုတ် စမ်းကြည့်ခြင်းဖြစ်သည်

ယူနီကုတ် စမ်းကြည့်ခြင်းဖြစ်သည်

Tuesday, February 24, 2015

ကျွန်မရဲ့ MidSummer Night Dream

“ဟယ်… တော်လိုက်တာ… ဟင်းချက်တတ်တယ်ဆိုတော့… ငါတော့ သိပ်မချက်တတ်ဘူး”…

နောက်ရင်းပြောင်ရင်း ပြောပြောဆိုဆို ကျွန်မ သူ့ပါးကို ကလေးတစ်ယောက်ကို ချီးမြှောက်သည့် ပုံစံ လက်ဝါးဖြင့် လှမ်းပွတ်လိုက်သည်။

သူငယ်ချင်းတွေ စကားဝိုင်းပြောနေတုန်း သူက ဟင်းချက်တတ်သည်ဟု ပြောလိုက်သောကြောင့် ကလေးတစ်ယောက်ကို လိမ္မာသည်ဟု ပြောသည့် ပုံစံမျိုးဖြင့် နောက်လိုက်ခြင်းဖြစ်သည်။
ရုတ်တရက် ရီမောနေရင်းမှ သူမျက်နှာ ခပ်ပြုံးပြုံးဖြင့် ကျွန်မလက်ဝါးဘက် မျက်နှာအသာစောင်းလိုက်သဖြင့် နမ်း လုဆဲဆဲ အခြေအနေဖြစ်သွားသောကြောင့် ကျွန်မရှက်ရှက်ဖြင့် လက်ကို ပြန်ရုပ် မလိုအလုပ်တွင် သူက ကျွန်မလက်ကို ညင်သာစွာ စုတ်ကိုင်လျက် ကျွန်မ မျက်လုံးအစုံကို အကြည့်ရဲရဲများဖြင့် စိုက်ကြည့်ကြည့်ကာ…

“I will cook for you” တဲ့…

သူ ကျွန်မကို ချစ်တယ်ဆိုတာ သူ့မျက်လုံးတွေမှ တဆင့် အကြွင်းမဲ့ ယုံနေမိသည်။ ယုံနေတယ်ဆိုလို့ တုံး အ လိုက်တဲ့ မိန်းမ သူ့လိုလူက နင့်ကို အတည်ကြိုက်ပါ့မလားလို့ တနင့်တပိုးပြောကောင်းပြောကြလိမ့်မည်။ ဘယ်သူ့ကို ချစ်ချစ် ဖောက်ပြန်မည့်သူက ဖောက်ပြန်မည်ပင်။ ရုပ်ဆိုးသူဖြစ်စေ ရုပ်ချောသူဖြစ်စေ ချမ်းသာသူဖြစ်စေ မပြေလည်သူဖြစ်စေ ကိုယ့်ကို မချစ်လို့ ထားသွားမည်ဆိုလျှင် ကြိုးချည် ခေါ်ထားလို့မရချေ။ အဲ့ဒိအတွက် ဘယ်သူ့ကို ချစ်ချစ် ကိုယ်ရပ်တည်မှုအတွက် စိတ်ကို ပြင်ဆင်ထားရမည်ပင်။ ရုပ်ချောသူ၊ ချမ်းသာသူကတော့ သူကမပတ်သတ်ချင်လဲ လာပတ်သတ်ကြမည့်သူများသဖြင့် ဖောက်ပြန်ဖို့အတွက် အလားအလာပိုများသူဟုသာ ယူဆလို့ ရပေမည်။

ထို့အတွက် သူ့လိုလူ ကျွန်မကို ချစ်သဖြင့်လဲ ကိုယ့်ကိုကိုယ် သိမ်ငယ်မည်မဟုတ်။ အချစ်ဆိုတာ ရုပ်ချောချော ရုပ်ဆိုးဆိုး ဘယ်လောက်နာမည်ကြီးကြီး ကာယကံရှင်က ကိုယ့်ကို ချစ်နေသည်ဆိုလျှင် ကိုယ်က အချစ်ခံထိုက်သူမို့ပင်ဟု ယူဆသည်။

ထိုသို့ အတွေးတွေ လွန်နေချိန် ကျွန်မလက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။ သူ့လို ရုပ်ရှင်မင်းသားတစ်ယောက်က ကျွန်မလို သာမာန်မိန်းကလေးတစ်ယောက်ကို ချစ်နေတာ တခြားသူတွေသိလျှင် မနာလိုစိတ်ဖြင့် ကျွန်မကို ၀ိုင်းမုန်းကြလိမ့်မည်။ ရုပ်ရှင်မင်းသား၏ ချစ်သူမို့ သူ့အောင်မြင်မှုအတွက် တိတ်တိတ်လေး နေပေးသည့် ချစ်သူတော့ ကျွန်မ မဟုတ်။ အလကားနေ အရေပြားတစ်ထောက်စာသာကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ လူ့သဘာဝကြောင့် “ဟယ် ကောင်လေးက ချောပြီး ကောင်မလေးက ရုပ်ဆိုးတယ်တော့” ဆိုတာမျိုးတွေ။ ကိုယ့်ကို သူတို့ စိတ်ထဲက မနာလိုတာကို ဝန်မခံပဲ ဘလိုင်းကြီး အမြင်ကပ်ပုဒ်မ အတပ်ခံကာ အသိုင်းအဝိုင်းတွင် သူ့ချစ်သူဖြစ်မိ၍ ဂျေကြည့်ကြည့်ခံရ ဆက်ဆံခံရမည့် ကယိကထက ကျွန်မအတွက် အလွန်မှ စိတ်ရှုပ်ဖို့ကောင်းသဖြင့် သူချစ်နေမှန်း ကျွန်မကသိသော်လည်း၊ ကျွန်မက သူ့ကို ချစ်မှန်း သူသိသော်လည်း လူသိရှင်ကြားတွဲဖို့အတွက်တော့ ကျွန်မ အဆင်သင့်မဖြစ်သေးပါ။ အတ္တကြီးတယ်ဆိုချင်ဆို … လူတစ်ယောက်ကို မှန်မှန်ကန်ကန်ချစ်တတ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးချစ်တတ်ဖို့ လိုတယ်လို့ ကျွန်မယူဆတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်တတ် တန်ဖိုးမထားတတ်လျှင် တဖတ်လူကလဲ ကိုယ့်အပေါ် တန်ဖိုးထားမှု စိတ်ဝင်စားမှုလျော့နည်းလာပေလိမ့်မည်။

မျက်လုံးဖြင့် အရိပ်အကဲပြကာ သူငယ်ချင်းတွေရှေ့ ရဲတင်းတဲ့ သူ့အပြုအမူအတွက် ကျွန်မ မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ သူနဲ့ ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ခုလို ချစ်နေကြတာကိုမဆိုထားနှင့် သူက တခြားမိန်းကလေးတွေထက် ကျွန်မကို ခုလို ထူးကဲဆက်ဆံလိုက်ရင်တောင် သူငယ်ချင်းအမည်ခံ အုပ်စုတွင်းမှ တခြားမိန်းကလေးများကပင် ကျွန်မကို ၀ိုင်း ကျင် ခံထားရဖို့မြင်နေသည်။ သူတို့မရနိုင်ပေမဲ့ မနာလိုစိတ်ဆိုတာကလဲ အဆန်းသားလား။ တခြားတခြားသော အတွဲလေးများကဲ့သို့ ယောကျာင်္းလေးနှင့် မိန်းကလေး ချစ်သည်ကိုပင် ယောကျာင်္းလေးနှင့် မိန်းကလေးဟု ပုံမှန်ကဲ့သို့ ယူဆခံရမည်မဟုတ်။ “ရုပ်ရှင်မင်းသားကို မတန်မရာ မှန်းတဲ့ ရုပ်ဆိုးမ” (သာမာန်ရုပ်ရည်ရှိပေမဲ့ ရုပ်ဆိုးမ နာမည်အတပ်ခံရအုံးမည်)။ “ကြည့်ပါ ဟိုက မော်ဒယ်အလန်းတွေနောက်ပါသွားမှ ဒူးနဲ့ မျက်ရည်သုတ်နေရလိမ့်မည်” ဟု ပြောသောစကားများကိုကြားလျှင် ပြန်ရန်မတွေ့ မစွာပဲ ကျွန်မနေနိုင်မည်မဟုတ်ပါ။ ထို့အတွက် ကျွန်မဘက်မှစကာ သူနဲ့ အကြောင်းကို မည်သူ့ကိုမှ မပြောပြချင်ခဲ့ခြင်းဖြစ်သည်။

သူများမမြင်အောင် မျက်လုံးပြုး မျက်စောင်းမသိမသာထိုးလိုက်တော့ သူက ရယ်နေသည်။ ဘာပဲပြောပြော သူချက်ကျွေးမည့် ဟင်းက ကျွန်မအတွက်ချည်း ရည်စူးသည်မဟုတ်ပါလား…


~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~

တီ တီ တီ

အိပ်မက်မှန်းသိပေမဲ့လဲ ကျွန်မ မထချင်ပါ။ သံပတ်သံမှန်းသိပေမဲ့လဲ ဆက်ပြီး အိပ်ချင်နေသေးသည်။
အိပ်ချင်ဆို ညက Lee Jong Suk နဲ့ Park Shin Hye ကား Pinocchio ကြည့်တာ ၂နာရီခွဲမှ အိပ်ယာဝင်ခဲ့သည်ကိုး။

“ဟင့်… မထချင်ဘူးကွာ… Lee Jong Suk ဟင်းချက်ကျွေးတာလေးတော့ စားချင်သေးတာ… သံပတ်ကလဲ ကောင်းခန်းဆို အမြဲမည်ပြီ…. ကတောက်!”

ဒါပေမဲ့လဲ ဘေးက ကိုယ့် Mr. Right က သံပတ်သံကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ အမြန်ထပိတ်ရသည်။ Lee Jong Suk က နောက်။ ကိုယ့် Mr.Right က အရင်လေ။ ညကလဲ သူအိပ်သည်အထိ အခန်းမီးမပိတ်ပဲ တော်တော်ကြာ ရုပ်ရှင်ထိုင်ကြည့်နေမိသည်လေ။ Lee Jong Suk နဲ့ ဘယ်လိုက ဘယ်လို မရည်ရွယ်ပဲ ရုပ်ရှင်တွေပဲ စိတ်စွဲပြီး အိပ်မက်ထဲ ချစ်သူဖြစ်သွားတဲ့အတွက် ယောကျာင်္ကို အားနာပါတယ်။ ဒါပေမဲ့ အိပ်ခါနီး သွားတိုက်၊ မျက်နှာသစ်ဖို့ ကြောက်လို့ လိုက်စောင့်ဖို့ သူ့ကို နှိုးတာ ထ ထိုင်ပြီး ပြန်အိပ်သွားလို့ တအိမ်လုံးမီးတွေဖွင့်ပြီး ညက တစ်ယောက်တည်း နောက်ဖေးပြေးသွားခဲ့ရတာ အမှတ်ရသွားတော့ မတတ်နိုင်ဘူး အိပ်မက်ဆိုတာ ကိုယ်က Control လို့ရတာမှ မဟုတ်တာ။ (Control လို့ရရင် Lee Jong Suk ဟင်းချက်ကျွေးတဲ့အထိ ဆက်မက်မှာပေါ့… ဟီး)…

ဒါပေမဲ့လဲ Lee Jong Suk နဲ့ အိပ်မက်ထဲ ချစ်သူဖြစ်ရသဖြင့် နိုးလာတော့ Mr. Right အတွက် အပြစ်ရှိသလိုခံစားရသည်။ သို့သော် အိပ်မက်ကို စဉ်းစားလိုက်တော့ မပြုံးပဲ မနေနိုင်။

“နင် အိပ်ယာကနိုးကတည်းက ပြုံးပြုံး ပြုံးပြုံးနဲ့ပါလား”

သူကမေးလာတော့လဲ ဘာမဟုတ်တာအတွက် လိမ်မဲ့အထဲတော့ ကိုယ်မပါ။ ဒီတော့လဲ ပြောပြလိုက်သည်။ Mr.Right က ဂျေတော့ နည်းနည်ဝင်သွားပြီး စိတ်ဆိုးတဲ့ပုံ လုပ်ကာ …

“သွား… သွား… အဲ့ ကိုရီးယားမင်းသားတွေပဲ ကြိုက်တော့”

အဲ့လို ဘာမဟုတ်တာ မဖြစ်နိုင်တာလေးကို သူနည်းနည်းသဝန်တိုလျှင် သဘောကျသည်။ ကျွန်မက ပြန်ရှင်းပြ အယူခံဝင်လျှင် သူခွင့်လွှတ်မြဲပင် မဟုတ်ပါလား။

“ဒီအပတ် အလုပ်ပိတ်ရင် ငါ့ကို ဟင့်ချက်ကျွေးနော်”…

“ကိုရီးယားမင်းသားနေရာ လာအစားထိုးတာလား? မချက်ကျွေးဘူး”

“အိပ်မက်ဆိုတာ မသိစိတ်ကဖြစ်နေတာ။ ကိုယ့်ချစ်သူ ဟင်းချက်ကျွေးတာစားချင်နေလို့ မက်တာဖြစ်မယ်။ ညက မအိပ်ခင် အဲ့မင်းသားကားကြည့်လိုက်လို့ အိပ်မက်ထဲ အဲ့မင်းသားဖြစ်သွားတာ။ ကိုရီးယားမင်းသားနေရာ အစားထိုးတာမဟုတ်ဘူး။ ကိုရီးယားမင်းသားကို မသိစိတ်က အစားထိုးသွားတာ”…

ပြောပြောဆိုဆို ကျွန်မ သူ့လက်ကို ချိတ်ကာ အိပ်ရေးမဝသော်လည်း စိတ်လက်ကြည်လင် ပျော်ရွှင်စွာ အလုပ်ကို ထွက်ခဲ့လေသည်။
စိတ်ထဲမတော့ အဲလို့ အိပ်မက်မက်တာ အပြစ်ရှိသလား မသေချာ။

~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~

Tuesday, February 10, 2015

Bad Guys - Kdrama Review

ခုတစ်လော ကိုရီးယားကားလဲ သိပ်မကြည့်ဖြစ်ဘူးဖြစ်နေတယ်။ (သိပ်မကြည့်ဖြစ်ဘူးဆိုတာ အရင်လို ၃၊ ၄ကား တစ်ပြိုင်တည်းမကြည့်တော့ပဲ တစ်ကားပြီးမှ တစ်ကားကြည့်ဖြစ်တာကိုပြောတာ) သူများကြည့်နေတဲ့ အင်္ဂလိပ်ကားတွေပဲ ၀င်ဝင်ကြည့်ဖြစ်တယ်။
ဒါပေမဲ့ ဟိုတစ်လောကတော့ ကိုရီးယားဇာတ်လမ်းတွဲ ၁ကား အဆုံးထိကြည့်ဖြစ်ထားတာရှိတယ်။ ဇာတ်လမ်းက မှုခင်းဇာတ်လမ်းဆိုတော့ တခြားအချစ်ဇာတ်လမ်းတွေထက် စိတ်ဝင်စားစရာကောင်းလို့ ကိုယ့်ကိုစွဲဆောင်နိုင်ခဲ့တာ။ ကားနာမည်ကတော့ ဒီပိုစ့်ခေါင်းစဉ်အတိုင်းပေါ့နော်။ အရင်တုန်းက တစ်ကားထွက်ဖူးတဲ့ “Bad Guy” ဆိုတာနဲ့ မမှားစေချင်ဘူး။ ခုဟာက “s” ပါတယ်။ တစ်ယောက်တည်းမဟုတ်ဘူး။


Name: Bad Guys
Genre: Crime, Thriller, Action
Episode: 11
Broadcast Network: Orion Cinema Network (OCN)
Broadcast Period: October 4, 2014 – December 13, 2014
Air time: Saturdays at 22:00
Main Cast:
Kim Sang-joong as Oh Gu-tak
Park Hae-jin as Lee Jung-moon
Ma Dong-seok as Park Woong-cheol
Jo Dong-hyuk as Jung Tae-soo

ဇာတ်လမ်းအကျဉ်း

အမှုလိုက်ရာမှာ တရားခံကိုမိဖို့အတွက် နည်းမျိုးစုံသုံးပြီး ဖမ်းလို့ Crazy Dog လို့ နာမည်ပေးခံခဲ့ရတဲ့ Oh Gu-tak ဟာ ရာထူးမှ ခေတ္တရပ်ဆိုင်းချင်းခံခဲ့ရပေမဲ့ သူတို့ မြို့နယ်မှာ ဆက်တိုက်ဖြစ်နေတဲ့ လူသတ်မှုတွေကို စုံစမ်းဖို့ ပြန်လည်ခေါ်ခံခဲ့ရပါတယ်။ Oh Gu-Tak က ပြန်လည်အမှုထမ်းဖို့အတွက် သူ့ဘက်က တောင်းဆိုချက်တွေကတော့ သူ့ အသင်းသားတွေကို သူကြိုက်ရာလူခန့်အပ်မယ်ဆိုတာပါပဲ။ Oh Gu-Tak ဟာ လူသတ်မှုတွေကို လိုက်ဖို့ နှစ်ရှည် ထောင်သား ၃ယောက်ကို ရွေးချယ်ခဲ့ပါတယ်။
သူ့အဖွဲ့ထဲက အသင်းသားတွေကတော့_
သာမာန်ကြည့်လိုက်ရင် ခပ်အေးအေးလူငယ်တစ်ယောက်လိုဖြစ်နေပေမဲ့ IQ 160 ရှိပြီး သချာင်္နဲ့ အတွေးအခေါ်ဘာသာရပ်တွေမှာ ဒေါက်တာဘွဲ့ရခဲ့တဲ့ Lee Jung Moon။ အထင်တော့မသေးလိုက်နဲ့ သူက လူ၈ယောက် Randomly သတ်မှုနဲ့ ထောင်ထဲရောက်လာပြီး psychopath လို့ သတ်မှတ်ခံထားရတဲ့သူ။
နောက်တစ်ယောက်က ၂၅ရက်ထဲနဲ့ အဲ့ဒိနယ်ရဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့ Park Woong-cheol. သူ့လက်သီးက ပြင်းလွန်းလို့ ထောင်ထဲမှာလဲ လူတိုင်းက ကြောက်ရတဲ့သူ။
နောက်ဆုံးတစ်ယောက်ကတော့ လူသတ်ရာမှာ အလွန်တရာမှ ကျွမ်းကျင်တဲ့ ထိပ်တန်း ကြေးစားလူသတ်သမား Jung Tae-Soo။ ဘာကြောင့်မှန်းမသိ တစ်နေ့မှာ သူ့ဟာသူ ရဲစခန်းထဲဝင်လာပြီး ၀န်ခံချက်နဲ့ အဖမ်းခံခဲ့တယ်။ ထောင်ထဲရောက်တဲ့အထိတောင် သူ့ကို လူသတ်ဖို့ လိုက်ငှားနေကြတုန်း။

ကဲ သူတို့ အဖွဲ့ ဘယ်လို လူသတ်မှု တွေကို ဖော်ထုတ်မလဲ။
အမြဲတမ်း တစ်ကိုယ်တော် လှုပ်ရှားခဲ့တဲ့ လူဆိုးကြီးတွေက အဖွဲ့လိုက်အလုပ်လုပ်ချင်စိတ်ရှိပါ့မလား။
ဘာလို့ သူတို့ ၃ယောက်ကို Oh Gu-tak က ရွေးခဲ့တာလဲ။
သူတို့ ၄ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ခြေချင်းလိမ်ဆက်စပ်နေလဲ။
သူတို့ ၄ယောက်တကယ်ရင်ဆိုင်ရမဲ့ ရန်သူအစစ်ကဘယ်သူလဲ။ ဆိုတာ စိတ်ဝင်စားဖွယ် ရှုစားကြပါလို့။


ဝေဖန်ရေး

ဒီကားကို အစက First class မင်းသားမျိုးတွေ သုံးမထားလို့ ကြည့်ဖို့ ပျင်းနေခဲ့ပေမဲ့ Park Hae-Jin (You who come from star ဒုမင်းသား) ကို အကြောင်းပြုပြီး စကြည့်ဖြစ်ခဲ့တာပါ။ (Park Hae-Jin ကလဲ ဒီကားမှာ တခြားကားတွေထက် ပိုချောပါတယ်)။ ဒါပေမဲ့ ကြည့်နေရင်းနဲ့ ကျန်တဲ့ ဇာတ်ကောင်တွေကိုလဲ သူ့နေရာနဲ့သူ ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့အတွက် အားလုံးကို တန်းတူ ကြိုက်နှစ်သက်မိပါတယ်။ အမှန်တော့ အဓိက ကတော့ Oh Gu-tak နေရာ သရုပ်ဆောင်တဲ့ Kim Sang-joong ဆိုတဲ့ လူကြီးလို့ သတ်မှတ်လို့ရမယ်ထင်ပါတယ်။ သူဆို အရင်က လူဆိုးအခန်းတို့ အဖေခန်းတို့ ရိုက်နေကျပေမဲ့ ခုလို သူနဲ့လိုက်ဖတ်တဲ့ ဇာတ်လမ်းမျိုးရှာပြီး အဓိကသရုပ်ဆောင်နေရာက ရတဲ့အတွက် သူ့အတွက်ဝမ်းသာမိတယ်။ မြန်မာကားတွေမှာဆို အရင်က ဇာတ်ပို့ဆို အမြဲ ဇာတ်ပို့ပဲ။ အဓိကသရုပ်ဆောင်ဖြစ်လာတယ်ဆိုတာ မရှိသလောက်ရှားတယ်။ Jung Tae-soo လုပ်တဲ့ မင်းသား Jo Dong-hyuk ကိုလဲ သဘောကျတယ်။ သူ့ပုံက တကယ့် Pro လူသတ်သမားနဲ့ တူတယ်။ စမတ်ကျကျ ပိုင်ပိုင်နိုင်နိုင် ချတတ်တယ်။ သူ့ကို မြင်ဖူးတယ်။ ဘယ်ကားမှာ ကြည့်ဖူးလဲ မမှတ်မိဘူး။ Gangster လုပ်တဲ့ Ma Dong-seok ဆို ကားတိုင်း အမြဲ ဇာတ်ပို့ လူဆိုးလုပ်ရတယ်။ ခုကျတော့ လူဆိုးမင်းသားအဖြစ်ကြည့်ရတော့ သူလဲ ၀ပေမဲ့ Cool တာပဲ။

ပြီးတော့ သူ့ဇာတ်ကောင်က စပြီး ကျန်တဲ့ အဖွဲ့သားတွေကို ခင်ခဲ့တာ ယုံကြည်မှုပေးခဲ့တာကို ဇာတ်လမ်းက လုပ်ထားတာလေး သဘောကျတယ်။
ကြေးစားလူသတ်သမား Tae-Soo အတွက်ကျတော့ အချစ်မစခင်ကတည်းက ချစ်ခွင့်မရှိတော့တဲ့ အချစ်ဇာတ်လမ်းလေးကို ပြေပြေလေးထည့်ပေးထားတယ်။
တစ်ကားလုံးရဲ့ အဓိကအမှုဖြစ်တဲ့ Psychopath serial killer Jung Moon နဲ့ သူသတ်ခဲ့လို့ သေခဲ့ရတဲ့ စုံထောက် Oh Gu-Tak သမီး အမှုကိုလဲ တဖြည်းဖြည်းစွဲဆောင်ပြီး တခြားအမှုတွေ တစ်ခုပြီးတစ်ခု လိုက်နေရချိန်မှာ ဇာတ်လမ်းရဲ့ အဓိကဖော်ထုတ်ရမဲ့ ပုစ္ဆာတစ်ခုအဖြစ်ထားခဲ့တယ်။

ဒီနေရာကနေစပြီး Spoiler ဖြစ်ကောင်းဖြစ်မှာမို့ ကိုယ့်သဘောနှင့်ကိုယ် ဆက်ဖတ်ချင်မှ ဆက်ဖတ်ပါ။
အဆုံးမှာ Jung Moon ဟာ serial killer အစစ်မဟုတ်ပဲ စိတ်ညို့ခံ လူနာတစ်ယောက်ဖြစ်နေပေမဲ့ တကယ်တော့ သူဟာ လူတွေကို မသတ်ခဲ့ဘူး။ တကယ်သတ်ခဲ့တာက တစ်ခြားတစ်ယောက်လို့ ပြသခဲ့တာလေးကို သိပ်သဘောမကျဘူး။ အဲ့လိုဆိုရင် Jung Moon က Bad Guys မဟုတ်တော့ဘူးပေါ့။ သူလူသတ်သမားမဟုတ်ပဲ အစွတ်စွဲခံခဲ့ရတာပေါ့။ ပြီးတော့ သူဟာတကယ်လဲ စိတ်ရောဂါဝေဒနာရှင်မို့ သူ့အိမ်ထဲဝင်ပြီးခိုးတဲ့ သူခိုး ၂ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ရာဇ၀င်လဲရှိခဲ့တာကို။ အမှန်တော့ Jung Moon ကို လူဆိုးက စိတ်ညို့ပြီး လူသတ်ခိုင်းတာကို သူကလဲ တကယ်သတ်ခဲ့တယ်ဆိုရင် သူဟာလဲ အားနည်းချက်ကို အသုံးချခံရတဲ့ Victim တစ်ယောက်အဖြစ် သနားစရာကောင်းမယ်။ ဒါပေမဲ့ သူဟာလဲ တကယ် psychopath လူသတ်ကောင်ဖြစ်မယ်ဆိုတော့ ဇာတ်လမ်းနာမည်နဲ့လဲ မကွဲလွဲတော့ဘူးပေါ့။ ခုပုံစံက Jung Moon က လူသတ်ကောင်အစစ်မဟုတ်ဘူးဆိုတော့ သူက ထောင်ထဲမှာနေစရာမလိုတော့ဘူးပေါ့။ ဒါဆို ဒီကား Season 2 ရိုက်ဖို့အတွက် Jung Moon ဇာတ်ကောင်းကို ဆွဲထည့်ဖို့ နည်းနည်းခက်သွားပြီလေ။

ဘာပဲပြောပြော ဒီကားကို Season 2 လိုလားမိတာတော့ အမှန်ပါပဲ။
သူငယ်ချင်းတို့ရော ကြည့်ပြီးကြပြီလား။ ဘယ်လိုထင်လဲ ကွန်မန့်မှာ ပြောပြသွားနော်။