Tuesday, July 19, 2016

ကိုယ်ဝန် ၃လအောက် မိခင်လောင်းများအတွက် ခရီးသွားခြင်း



၂၀၁၆ မေလက မဗေဒါရဲ့ ဂရိခရီးစဉ်မှာ မပြင်နိုင်မဆင်နိုင်နဲ့ မလှမပ မဗေဒါကို မလှဘူးလို့ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ (ကြည့်ရတာ မလှတဲ့သူတွေ သင်္ဘောပျက်ကျွန်းကို မသွားသင့်ဘူးလို့ သူတို့ ထင်ပုံရတယ်နော်။)

အကြောင်းကတော့ ဒီခရီးကို စတင်စီစဉ်တဲ့ မတ်လအတွင်းမှာ မဗေဒါကိုယ်ဝန်မရှိသေးပါဘူး။ ကိုယ်ဝန်ရှိနေပြီဆိုတာ သိရတဲ့အချိန်မှာ ခရီးက အားလုံးစီစဉ်ပြီးဖြစ်နေပါပြီ။ စာတွေဖတ်ကြည့်တော့လဲ ကိုယ်ဝန်နုစဉ် ပင်ပန်းမဲ့ ခရီးဝေးသွားတာကို အားမပေးပေမဲ့ အန္တရာယ်တော့ မရှိပါဘူးတဲ့။ ကိုယ်ပြတဲ့ ဆရာဝန်နဲ့လဲ မေးမြန်းပြီး ဆရာဝန်ခွင့်ပြုချက်ရမှ သွားခဲ့တာပါ။ စိုးရိမ်ရလို့ သွေးဆင်းတာ ဘာညာဖြစ်လို့ ဆရာဝန်က ခွင့်ပြုချက်မပေးရင်တော့ အဆုံးခံလိုက်ပြီး မသွားတာအကောင်းဆုံးပါ။ ဒီတော့ မဗေဒါလို ခရီးသွားဝါသနာတူ မဗိုက်တွေအတွက် ပြင်ဆင်သင့်တာလေးတွေကို ရေးပေးပါမယ်။

ကိုယ်ဝန် ၃လအောက်မိခင်လောင်းတွေက Morning Sickness လို့ခေါ်တဲ့ မူးဝေ အော့အန်တာဖြစ်တတ်ပါတယ်။ Morning Sickness သာ ဆိုတယ် သူက တစ်နေ့လုံး ဖြစ်ချင်တဲ့အချိန်ဖြစ်တာပါ။ ပြီးတော့ သွေးလည်ပတ်မှုကောင်းဖို့လဲ လိုပါတယ်။ လေယာဉ်ပေါ် အကြာကြီး ထိုင်နေရင် အညောင်းကိုင်ပြီး သွေးလည်ပတ်မှုမကောင်းဖြစ်တတ်ပါတယ်။ အဲ့ဒိအတွက် ပြင်ဆင်လုပ်ဆောင်ရမှာတွေကတော့။

(၁) လေယာဉ်လက်မှတ်ဝယ်ကတည်းက လူသွားလမ်းဘက် ထိုင်ခုံယူပါ။ အိမ်သာသွား လမ်းထလျှောက်အတွက် လွယ်ကူပါတယ်။

(၂) ထိုင်ခုံမရွေးမိဘူးဆိုရင် ဆရာဝန်ဆီက ကိုယ်ဝန်သည်ထောက်ခံစာတောင်းခဲ့ပါ။ ချက်အင်ကောင်တာမှာ ချက်အင်ဝင်တဲ့အခါ အကျိုးကြောင်းပြောပြီး ခြေထောက်ဆန့်လို့ရတဲ့ ခုံ၊ ဒါမှမဟုတ် အနည်းဆုံး လူသွားလမ်းဘက်ခုံကိုတောင်းပါ။

(၃) ဖတ်ရတဲ့အထဲမှာတော့ လေယာဉ်တောင်ပံ အလယ်နားက လေယာဉ်စီးရာမှာ အချောမွေ့ဆုံးဖြစ်တဲ့အတွက် အဲ့ဒိနားထိုင်ရင်လဲ ကောင်းတယ်ဆိုပါတယ်။ (မဗေဒါအတွက်ကတော့ သိပ်မထူးခြားနားပါဘူး)

(၄) ကိုယ့်ရဲ့ Morning Sickness က ဆိုးတယ်။ အန်လဲ အန်တယ်ဆိုရင်တော့ လေယာဉ်မယ်/မောင် တွေဆီကနေ အန်တဲ့ စက္ကူအိတ် စိတ်ချရအောင် ပိုတောင်းထားပါ။ (အိမ်သာက ကိုယ်အန်ချင်တဲ့အချိန် အားချင်မှ အားမှာလေ)။
(မဗေဒါတုန်းကတော့ ခေါင်းမူးတာကလွဲလို့ မအန်ချင်ပါဘူး။ အန်ချင်ပြီဆိုတာနဲ့ အစားတစ်ခုခုထည့်လိုက်ရင် မအန်ချင်တော့ပြန်ပါဘူး။ အဲ့ဒိအတွက် အဆက်မပြတ်စားနေတော့တာပါပဲ။ ဒါကတော့ နောက်တစ်ချက်နဲ့ ဆက်ပြီပေါ့နော်)

(၅) ကိုယ်ဝန်သည်တွေဟာ ဂလူးကိုစ့်လည်ဗယ် မှန်နေရင် အန်ချင်တာ မူးဝေတာကို အနည်းနဲ့အများထိန်းထားလို့ရပါတယ်။ အဲ့ဒိအတွက်ကြောင့် ကိုယ့်အိတ်ထဲမှာ ကိုယ်ကြိုက်တဲ့ သားရည်စာတွေ အားဖြစ်မဲ့ energy bar လိုဟာမျိုးတွေကို ဆောင်ထားသင့်ပါတယ်။ လေယာဉ်အဆင်းအတက်တွေမှာလဲ လေဖိအားကြောင့် နားမနာရအောင် သကြားလုံးစုပ်/ ပီကေဝါး နေတာ အထောက်အကူဖြစ်ပါတယ်။ (ဒီတစ်ခေါက်ခရီးမှာ မဗေဒါရဲ့ အိတ်ထဲ မိတ်ကပ်ပစ္စည်းတွေအစား ကွတ်ကီးမျိုးစုံ၊ ဂျယ်လီ၊ Gummy မျိုးစုံ၊ သကြားလုံး၊ စတာတွေကို သွားလေရာဆောင်ထားပြီး မူးလာပြီဆိုတာနဲ့ ထုတ်စားရတော့တာပါပဲ။)

(၆) ဖတ်ဖြစ်တဲ့စာတွေရော၊ ဆရာဝန်က ပြောတာရောကြောင့် သွေးလည်ပတ်မှုကောင်းအောင် Compression Stocking (ဖိအားများတဲ့ ခြေအိတ်) ၀တ်ပါတဲ့။ (အဲ့ဒိခြေအိတ်က အရမ်းကျပ်တဲ့ ခြေအိတ်ဖြစ်ပြီး မဗေဒါ၀တ်တာတော့ မသက်မသာနဲဲ့ ခြေထောက်တအားအိုက်တဲ့အတွက် လေယာဉ်တက်ပြီး ၂နာရီလောက်နေတော့ ချွတ်လိုက်ပါတယ်။ သွေးလည်ပတ်မှုကောင်းအောင် လမ်းထလျှောက်ပေးလို့ရပါတယ်။ နောက်တစ်ချက်ကို ဆက်ဖတ်ပါ)

(၇) ဆရာဝန်ကတော့ ၁၅ မိနစ်ခြားတစ်ခါ လမ်းထလျှောက်ပေးဖို့ပြောပါတယ်။ ကိုယ်ကတော့ နာရီဝက် ၄၅ မိနစ်ခြားတစ်ခါလောက် ထလျှောက်ဖြစ်ပါတယ်။ ထိုင်နေတုန်းလဲ ခြေကျင်းဝတ်ကို လှည့်ပေးပြီး ထိုင်ရက် ခြေထောက်အားကစားလုပ်ပေးလို့ရပါတယ်။ ဒါဆိုရင်လဲ သွေးလည်ပတ်မှုကောင်းစေပါတယ်။

(၈) နောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အနံ့အသက်ကိုလဲ Sensitive ဖြစ်တတ်တဲ့အတွက်။ လေယာဉ်အတွင်းက ရနိုင်လောက်တဲ့ မကောင်းတဲ့အန့ံဖြစ်စေ၊ ကိုယ်မကြိုက်တဲ့ ရေမွှေးနံ့ဖြစ်စေ စတာတွေကို ကာကွယ်ဖို့ သံပရာနံ့၊ လာဗန်ဒါနံ့ပါတဲ့ တစ်ခုခုကိုဆောင်ထားဖို့ဖတ်ရပါတယ်။ အဲ့ဒိအနံ့မျိုးတွေက Morning Sickness ကို လျော့ကျစေတယ်လို့ဆိုပါတယ်။ (မဗေဒါတုန်းကတော့ ပရုတ်ရှူဆေးရယ်၊ နှင်းဆီန့ံ ရေမွှေးဗူးသေးသေးလေးရယ်ပဲ ဆောင်တာပါ။ အနံ့မကောင်းရင် ရှူဆေးနဲ့ အဆင်ပြေပါတယ်။)

(၉) ရေဓာတ် မခြောက်ခမ်းပါစေနဲ့။ ကိုယ်ဝန်သယ်မိခင်လောင်းရဲ့ ခန္ဓာကိုယ်ဟာ ကလေးအတွက် ရေဓာတ်ကိုပေးနေရပါတယ်။ ကလေးအတွက် ရေဓာတ်ပြည့်မှ မိခင်ဆီရောက်တာပါ။ အဲ့ဒိအတွက် ရေဓာတ်ရှိအောင် ရေသောက်ပေးရပါမယ်။ အထူးသဖြင့် လေယာဉ်ပေါ်ဆိုရင် ခြောက်သွေ့တဲ့အတွက် ရေပိုလိုပါတယ်။ ဒါပေမဲ့ ရေသောက်တဲ့အခါ တစ်ချီတည်းနဲ့ ရေတွေအများကြီးသောက်တာထက်၊ နည်းနည်းနည်းနည်းစီ အာစွတ်ရုံသောက်တာကောင်းပါတယ်။ ရေတွေဝမ်းထဲအရမ်းများနေပြန်ရင်လဲ အန်ချင်မှာစိုးလို့ပါ။

(မဗေဒါတုန်းကတော့ ရေဗူးအလွတ်တစ်ဗူးယူသွားပြီး အင်မီဂရေးရှင်းနဲ့ ကာစတန်ဖြတ်ပြီး လေယာဉ်ပေါ်တက်ခါနီးကျမှ ရေထည့်ယူသွားလိုက်တယ်။ လေယာဉ်ပေါ်မှာ လေယာဉ်မယ်တွေ ရေတောင်းရင် တစ်ခွက်တစ်ခွက်နဲ့ ခဏခဏ မခေါ်ချင်လို့။)

(၁၀) ခရီးသွားရင် လမ်းလျှောက်ရတာများပါတယ်။ ဖြည်းဖြည်းပုံမှန်နဲ့ ကိုယ်ခန္ဓာကိုယ်အခြေအနေကိုယ်အသိဆုံး ချိန်ဆလျှောက်ပါ။ အဲ့ဒိအတွက် ကိုယ့်ခရီးသွားဖော်က နားလည်မှုပေးနိုင်တဲ့သူဖြစ်ရပါမယ်။

(၁၁) ကိုယ်ဝန်ရှိစဉ်မှာ အစားအသောက်ဝင်ဖို့က အဓိကဖြစ်တဲ့အတွက်။ လိုကယ်အစားအစာတွေ မစားနိုင်ဘူးဆိုရင်၊ ကိုယ်ကြိုက်တာပဲ ရွေးပြီး ရှာစားပါ။ ပိုက်ဆံပိုကုန်မှာ၊ အချိန်ကုန်မှာနဲ့ ခရီးသွားကောင်းမပီသပဲ ဒေသခံစာမစားတာတွေ ခေါင်းထဲမထည့်ပါနဲ့။ အဓိကက ကိုယ်အစားဝင်ပြီး အားအင်ပြည့်ဖို့ပါ။

(မဗေဒါတုန်းကတော့ ဂရိဆိုတော့ သူတို့အစားအစာထဲက Gyros ကလွဲလို့ ကျန်တဲ့ သူတို့အစာတွေ သိပ်မစားနိုင်လို့။ အစားဝင်ဖို့အရေးကြီးတော့ အာရှဆိုင် တရုတ်အစားအစာ၊ အန္ဒိယစားသောက်ဆိုင် စသည်ဖြင့် ပတ်ရှာစားခဲ့တာပါပဲ။)

(၁၂) မိမိကိုယ်ကိုယ် ညှာလျှင် ပိုက်ဆံအိတ်ကို ညှာလို့မရပါ။ အရင်ကဆို လေဆိပ်ရောက်တာနဲ့ ကိုယ့်အထုတ်ကိုယ်ဆွဲပြီး သူတို့နိုင်ငံက အများသုံး ကူးသန်းသွားလာရေးနဲ့ ဟော်တယ်ကိုသွားတာပါပဲ။ ဥပမာ ဘတ်စ်ကား ရထားပေါ့။ ခုကိုယ်ဝန်နဲ့ဆိုတော့ အထုတ်တွေနဲ့ သွားသွားလာလာ မလုပ်တာအကောင်းဆုံးမို့ တိုက်စီစီးဖြစ်တာများပါတယ်။ ကိုယ့်ရဲ့ အင်နာဂျီထဲက ၆၀ရာနှုန်းလောက်သာ အများဆုံးသုံးပါ။ ၄၀ရာနှုန်းအမြဲ အပိုဆောင်ထားပါ။ ဒါတောင် တစ်ခါတစ်လေ ဗိုက်နည်းနည်းစဆာတဲ့အချိန်မှ ထမင်းဆိုင်ရှာဖြစ်လို့ ကိုယ်စားချင်တဲ့ ဆိုင်မတွေ့ရင် ချက်ချင်းမူးလာတတ်သေးတယ်။

(၁၃) အချိန်မှန် စားပါ။ အချိန်မှန် အိပ်ပါ။ ဒီအချက်ကတော့ ကမ္ဘာအရှေ့ခြမ်း၊ အနောက်ခြမ်းမတူတာကို သွားရင် ပိုခက်ခဲပါတယ်။ အာရှကနေ ဥရောပရောက်သွားတော့ နေ့နဲ့ည အချိန်အပြောင်းအလဲတွေမှာ Jet lag ဖြစ်တဲ့အတွက် အချိန်ကို ညှိပြီး တဖြည်းဖြည်းပြောင်းယူပါ။ (မဗေဒါတို့ဆို ညနေလောက်ဆို အိပ်ချင်နေပြီး မနက်အစောကြီးတွေ နိုးနိုးနေတာမျိုးတွေဖြစ်ပါတယ်။ တဖြည်းဖြည်းညှိယူရတာပေါ့။ ၁၀ရက်ခရီးမှာ နောက်ဆုံး ၃ရက်လောက်ကျမှ နေသားကျသွားတာ။ နေသားကျသွားတော့ ပြန်ရရောလေ)

အားလုံးပဲ တကယ်ရောက်ချင် တကယ်သွား အဟုတ်ရောက်ရမည်လို့ အမှာပါးချင်ပါတယ်။


ဆန်တိုရိနီတဖက်ကျွန်းက မီးတောင်အရှင်ထိပ်ကို ရင်သွေးလေးနဲ့အတူ ရောက်ခဲ့တဲ့ အမှတ်တရပါ။ တောင်ထိပ်မရောက်ခင်အထိ အရှုံးပေးလိုက်ဖို့ အကြိမ်ကြိမ်စဉ်းစားမိပေမဲ့ ဗိုက်ထဲက ကလေးလေးက ဒိလောက်ပျော့တဲ့သူမဟုတ်ပါဘူး။ တနေ့ကျရင် သူ့ကိုလွယ်ပြီးတောင်ထိပ်တူတူရောက်ခဲ့တဲ့အကြောင်းပြန်ပြောပြဖို့ အားတင်းတက်ခဲ့တဲ့ အမှတ်တရပါ

3 comments :

shin said...

ဘယ်လိုပြောရမလဲ။ ကိုယ်ဝန်နဲ့ ခရီးဒီလောက် အဝေး သွားနိုင်တာကို တကယ် ချီးကျူးတယ်။ ကိုယ်သာဆိုရင် ဟိုစိုးရိမ် ဒီစိတ်ပူနဲ့ သွားဖြစ်ပါ့မလား မသိ။ အထူးသဖြစ် ပထမဆုံးတယောက်ဆိုရင် ပိုစိတ်ပူတတ်ကြတယ်လေ။ Thanks for your info sharing.... It is good to know...

mabaydar said...

@Shin - စိုးရိမ်တာကတော့ စိုးရိမ်တယ်။ အထူးသဖြင့် ၂ဖက်လူကြီးတွေက မသွားစေချင်ဘူးလေ။ အိမ်က လူကြီးတွေကတော့ ပြောလဲရမှာ မဟုတ်တာသိတော့ သတိထားဖို့ပဲမှာတော့တယ်။ ကိုယ်ကလဲ ခရီးသေးသေးဆိုရင်တော့ ဖြတ်ပါတယ်။ ခုဟာက ဈေးကြီးခရီးလေ။ ဖြတ်ရမှာ ရင်ထဲအောင့်စရာ။ ဒီတော့ ကိုယ်သွားနိုင်သလောက်ပဲ ဖြည်းဖြည်းသွားမယ်။ ကိုယ့်ကိုကိုယ်တော့ အရမ်းမခိုင်းဘူးဆိုပြီး သွားတာပေါ့။ အဓိကက တစ်ခုခုဖြစ်ရင် ဒီခရီးကြောင့်မဟုတ်တောင် လူကြီးတွေရဲ့အပြောအဆို တစ်ဘ၀လုံးခံရမှာ။ စာတွေသေချာဖတ်တယ်။ ဆရာဝန်ခွင့်ပြုချက်ရသွားတော့ ရင်ထဲ ပိုပေါ့သွားတယ်။ ကိုယ်တိုင်လဲ ဟိုမှာ ဖြည်းဖြည်းပဲသွားတယ်။ တိုက်စီတွေ စီးတယ်လေ။ ပိုက်ပိုက်တွေ ပိုကုန်တယ်။ ဟီး...

Anonymous said...

Very Brave Mum. You post is really good for ကိုယ်ဝန်သည်

poe poe