Wednesday, July 23, 2008

အချစ်အကျဉ်းသား

လူတစ်ယောက်အသက်ရှင်ဖို့ နှလုံးသားတစ်ခု အလုပ်လုပ်နေဖို့ အဓိကကျတယ်လေ...
အဲဒိနေ့က ငါ့နှလုံးသားကို ဖြည်းဖြည်းခြင်း သေစေနိုင်တဲ့ အချစ်ဆိုတဲ့အဆိပ်တစ်ခွက် ကိုယ်တိုင်တိုက်ကျွေးခဲ့တယ်...
အဲဒိတုန်းကတော့ အဆိပ်တွေက သူ့အပြုံးနောက်ကွယ်မှာ ချိုမြိန်နေတယ်လို့ ထင်မှားခဲ့တယ်..
အဲဒီနေ့ပေါ့.. ငါ.. အပြုံးတစ်ချက်နဲ့ သူ့ရင်ခွင်ထဲမှာခိုဝင်ခဲ့တုန်းက ပုဒ်မ ၁၅ဝဝ နဲ့ငြိစွန်းတဲ့ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့မှန်းမသိလိုက်ခဲ့ဘူး....

တကယ်တော့ ငါရထားတဲ့သူ့အချစ်ဆိုတာက china made ပစ္စည်းတွေလို အပေါစားချစ်တုတွေလေ...
သူ့အပြုံးတွေ ငါ့အတွက် expire ဖြစ်တဲ့နေ့........ ငါ့ရဲ့အချစ်ဆိပ်ဆေးပတ်လည်တဲ့နေ့မှာ ငါ့နှလုံးသားအဆိပ်သင့်ခဲ့တယ်...

ငါ့နှလုံးသားအဆိပ်သင့်မှုကို ခုံရုံးတင်စစ်ဆေးတော့.. သံသယဝင်စရာ တရားခံ၂ယောက်ရှိတယ်.... တစ်ယောက်က သူ...
နောက်တစ်ယောက်က ငါကိုယ်တိုင်ဖြစ်နေတာ ခြောက်ခြားစွာသိလိုက်ရတယ်...

ခုံရုံးတက်နေရတဲ့တစ်လျှောက် ဒီအမှုကို အပြန်ပြန်အလှန်လှန် ပြောဖြစ်တယ်.. တွေးဖြစ်တယ်...
နောက်ဆုံး ငါဆိုတဲ့ တရားသူကြီးက... နှလုံးသားသေဆုံးမှုမှာ သူ့အချစ်တုရဲ့အပြစ်မဟုတ်..
အဲဒိအချစ်တုကိုယုံစားခဲ့တဲ့ ငါ့အချစ်တွေကြောင့်သာ ငါ့နှလုံးသားအဆိပ်သင့်သေဆုံးခြင်းဖြစ်တယ်.... ငါ့ရဲ့ပြစ်မှု သိသားထင်ရှားတဲ့အတွက်...
ပုဒ်မ ၁၅ဝဝ နဲ့အညီ... ငါ့ရဲ့စိတ်ကိုထောင်ဒဏ်ချမှတ်ခဲ့တယ်... ဒါပေမဲ့ အချိန်အတိုင်းအတာမရှိ.. ဘယ်တော့ လွတ်မြောက်မယ်ဆိုတာမသိ..
လွတ်မြောက်ရက်ကတော့ ငါ့ရဲ့ပြစ်ဒဏ်ခံနေတုန်းကြိုးစားမှုပေါ်မှာ မူတည်တယ်တဲ့လေ....
မိမိကိုယ်ကိုမွမ်းမံရမယ်တဲ့...

ငါငိုနေတယ်.... ပြက္ခဒိန် ၂ရွက်၃ရွက်လှန်ပြီးတဲ့အထိ... ငါငိုနေခဲ့တယ်... ငါ့မှာဆက်သောက်စရာအဆိပ်မရှိတော့လို့...
ဒီအဆိပ်ကို ငါတမ်းတနေမိတယ်... ဒီအဆိပ်ကို ဆက်သောက်နေရင် ငါ့နှလုံးသား ဆက်ရှင်သန်ကောင်းရှင်သန်လိမ့်မယ်လို့ တွေးမိတယ်...

အကျဉ်းထောင်ထဲမှာ.. ငါ့လိုပဲ.. နှလုံးသားခမ်းခြောက်အောင် အဆိပ်သောက်ခဲ့ကျတဲ့ အကျဉ်းသားတစ်ချို့နဲ့လဲတွေ့တယ်...
သူတို့ရဲ့ပြစ်မှုကျူးလွန်ခဲ့ပုံ ဇာတ်လမ်းမျိုးစုံ ငါကြားရတယ်... အော်... ငါတစ်ယောက်ထဲမဟုတ်ပါလား.....

အဲ... သတိထားမိတာတစ်ခုက.. ဒီအကျဉ်းထောင်မှာ... မိန်းကလေးအကျဉ်းသားက ပိုများတယ်... ပိုသက်တမ်းကြာတယ်..
ယောင်္ကျားလေး အကျဉ်းသားက လာလဲခဏပဲ... သူတို့က ပြန်လည်ထူထောင်တဲ့ အချိန်မြန်တယ်...
ငါ့အထင်တော့ သူတို့ရဲ့အချစ်ဆိပ်က မိန်းကလေးတွေလောက် မပြင်းဘူးထင်ပါတယ်...
သူတို့နှလုံးသားကမသေဘူး.. အစားထိုးစရာ တစ်ခုခုနဲ့ချက်ချင်း ကုစားလိုက်တော့. ထောင်ကချက်ချင်းလွတ်ကြတာပေါ့...
တော်တော်များမျာက တတိယလူကိုအသုံးချတဲ့ အောက်တန်းကျတဲ့နည်းလမ်းနဲ့ စိတ်အကျဉ်းထောင်ကထွက်ပြေးတတ်ကြတယ်...
ဒါပေမဲ့ အဲလိုလူတွေက မကြာမကြာ ဒီထောင်ထဲကိုပဲ ပြန်ပြန်ရောက်လာတတ်တယ်....

ငါတဖြည်းဖြည်းသိလာတယ်.. ငါဒီအကျဉ်းသားဘဝက လွတ်မြောက်ချင် လွတ်မြောက်လို့ရတယ်..
တရားနည်းလမ်းကျကျ ငါလွတ်မြောက်ချင်တယ်.. ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ လွတ်မြောက်ချင်တယ်...
ဘယ်သူ့အကူအညီမှ မလိုပဲ ငါ့ကိုငါမွမ်းမံချင်တယ်...

ငါစဉ်းစားကြည့်တယ်.. ငါဘာလို့ငိုတာလဲ....
သူ့ကိုပြန်လိုချင်လို့လား?... သူ့ကိုပြန်ရမယ်ဆိုရင် ဘာကောင်းကြိုးဆိုးကြိုးတွေရှိလဲ?...
ငါပျော်ရမှာလား?....ငါမပျော်ပါဘူး...
ဒါ့အပြင် ငါဒီအဆိပ်သံသရာက ဘယ်တော့ကလွတ်မှာ မဟုတ်ဘူး..
ရှေ့လျှောက် ပျော်စရာဆိုတာ မျှော်လင့်ချက်မရှိဘူး...

ငါ့ဘာသာငါပြန်မွမ်းမံမယ်ဆိုရင်... အချိန်တော့ကြာမယ်..
ခံစားရမယ်.. ဒါပေမဲ့ ပျော်ရွှင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်... ဒီအတွေးနဲ့ပဲ.. ငါ့မျက်ရည်တွေခမ်းခြောက်သွားတယ်...
နောက်မှငါသိလိုက်ရတာက.. ငါငိုနေခဲ့တာဟာ... ငါ့ကိုယ်ငါသနားစရာကောင်းလှချည့်ရဲ့....
လောကမှာ အချစ်ကံအခေဆုံးလူသားလို့ ထင်လို့..
ကျတဲ့ အတ္တမျက်ရည်တွေဆိုတာ အချိန်ကြာလာတာနဲ့အမျှ သဲသဲကွဲကွဲသိလာရတယ်...
ကဲ.......... ဒါဆိုကိုယ့်ကိုကိုယ်သနားခြင်းတွေရပ်သင့်ပြီ....

ခု ငါ ဒီစိတ်အကျဉ်းထောင်ထဲက လွတ်မဲ့ရက်ကို ဖြည်းဖြည်းခြင်းစောင့်နေတယ်...
ငါ့ယုံကြည်တယ်... ငါတစ်နေ့ လွတ်မြောက်လိမ့်မယ်လို့...
အဲဒိအတွက် သူနဲ့ပတ်သတ်တဲ့ပစ္စည်းအချို့ကို ငါကိုယ်တိုင်မလွှတ်ပြစ်ရက်ပေမဲ့....
တနည်းနည်းနဲ့ဖျောက်ဖျက်ခဲ့တယ်... မေ့ဖို့ကြိုးစားနေတဲ့ကာလမှာ အဲဒိပစ္စည်းတွေကို မမြင်တာ အကောင်းဆုံးပဲ...
စိတ်ထဲက ဖျောက်ဖျက်ဖို့ကအဓိကကျပေမဲ့... မျက်စိရှေ့မှာ ပြန်မြင်မြင်နေသ၍တော့.. အဆိပ်ပြန်တက်နေမှာပဲမှတ်လား...
ဒါဆိုသံသရာပြတ်တော့မှာမဟုတ်...

ဖျောက်ဖျက်ရခက်တဲ့ ပစ္စည်းမျိုးကိုတော့.. ဒီတိုင်းပဲထားလိုက်တယ်..
ငါ့စိတ် ဘယ်လောက်ခိုင်နေပြီလဲဆိုတာကိုသိဖို့.. ဒီပစ္စည်းတွေကိုအသုံးချရမယ်...

ဒီကြားထဲ ငါ့ကိုထောင်ဝင်စာလာတွေ့ပြီး.. မကြည့်ရက်တဲ့သူငယ်ချင်းတွေကပြောတယ်...
တတိယပါတီနည်းကိုသုံးကြည့်ဖို့... ဒါပေမဲ့... ဒီတစ်ခါတော့လျှော့ချစ်ဖို့..
ငါ့အတွက်အချစ်ဆိုတာ... သုညရာခိုင်နှုန်းမဟုတ်ရင်... ၁ဝဝရာခိုင်နှုန်းပဲရှိတယ်..
ကိုယ်ပျော်ရွှင်ဖို့အတွက်နဲ့.. သူများကိုစိတ်ဒုက္ခရောက်အောင် လုပ်တတ်တဲ့ ပျော့ညံ့တဲ့စိတ်ဓာတ်ရှိတဲ့ သူတွေကို ငါအထင်အသေးဆုံးပဲ...
သူတို့ကပြောတယ်.. ဒါဆိုရင် နင်ဒီအကျဉ်းသား ဘဝကိုခဏခဏ ပြန်ရောက်နေလိမ့်မယ်တဲ့...

တချို့ကကျတော့ပြောတယ်.. သူ့ကိုတကယ်ချစ်ရင် ခွင့်လွှတ်လက်ခံပေးလိုက်ပါတဲ့...
ဝေးနေလို့ဖြစ်မှာပါ.. နီးနေရင်ဖြစ်မှာမဟုတ်ပါဘူး... ယောင်္ကျားလေးဆိုတော့လဲ.. ဒီလိုပဲပေါ့....
ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ဘယ်လိုနည်းနဲ့မဆို လက်မလျှော့ အဆုံးရှုံးမခံဘဲ ချစ်ပြနိုင်တာမှအချစ်တဲ့..
အဲလို မလုပ်နိုင်တာ နင်သိပ်မချစ်လို့တဲ့...
ဒါတော့ငါငြင်းတယ်.... ငါကတော့ အချစ်ကို... လောကမှာကိုယ့်အတွက် အရေးပါဆုံးလူတစ်ယောက်အတွက်...
တခြားဘယ်သူနဲ့မှအစားမထိုးဘဲ စောင့်ထိန်းနိုင်စွမ်း... သစ္စာ..ဆိုတာ နဲ့တိုင်းတာတယ်...
အကွာအဝေးနဲ့မဆိုင်.... ယောင်္ကျားမိန်းမဆိုတာ အပေါ်မမူတည်....
သူကယောင်္ကျားလေးပဲဆိုတဲ့ ဆင်ခြေက လောကမှာအဓိပ္ပါယ်မရှိဆုံးပဲ...
ဘာကြောင့် တစ်ချို့မိန်းကလေးတွေက ဒီဆင်ခြေကိုလက်ခံနေကြတာလဲ....
အဲလိုနည်းက စိတ်အကျဉ်းထောင်က လွတ်နည်းမဟုတ်....

ဝင်ခံပါတယ်.. အဲဒိတုန်းက ငါဇဝေဇဝါဖြစ်ခဲ့တယ်... သူတို့ပြောတာအမှန်လား... ငါ့အတွက် အကောင်းဆုံးလားလို့ တွေးခဲ့တယ်...
သူတို့အတွက်တော့ အကောင်းဆုံးဖြစ်ချင်ဖြစ်မယ်.. ငါ့အတွက်တော့ အမှောင်ထုထဲကို ပြန်ဝင်တဲ့လမ်းပဲဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်..
အဲဒိဆုံးဖြတ်ချက် အတွက်ငါခုထိ နောင်တမရဘူး.. နောင်လဲရမှာမဟုတ်ဘူးဆိုတာငါသိနေတယ်လေ...

ကြာလာတော့.. ငါ့စိတ်ကိုငါသွန်သင်မှုကြောင့်... ငါ့မှာ သူ့အကြောင်းထက် ပိုစိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေစဉ်းစားတတ်လာတယ်..
သူဟာ... ငါဝယ်ပြီးမပေါက်လို့ လွှတ်ပြစ်ခဲ့တဲ့ ထီလက်မှတ်တစ်စောင်လိုပဲ... ငါ့အတိတ်တနေရာမှာ ကျန်ခဲ့ပြီလို့သိလာတယ်...
ဒါပေမဲ့... ငါ့မသိစိတ်တနေရာမှာတော့ သူရှိနေတုန်းပဲဆိုတာ... တစ်ခါတစ်လေ.. သူ့ကိုအိပ်မက်တဲ့ အခါငါသတိထားမိတယ်...
ဒါတွေလဲ... အချိန်ဆိုတဲ့သူနဲ့လက်တွဲပြီး ကုစားသွားလို့ရမှာပါ... ဒါလဲဒီအဆိပ်ရဲ့လက္ခဏာ တစ်ခုပဲမဟုတ်ပါလား....

ခုငါအချိန်ဆိုတာကို အဖော်ပြုပြီးနေလိုက်တာ... ငါပျော်တတ်လာပြီ... ငါသိတယ်.. ငါလွတ်ရက်နည်းလာပြီ...
ဒါပေမဲ့ ငါဒီအကျဉ်းထောင်ထဲမှာပဲ ငါပျော်နေတယ်...
ဒီနေရာမှာ... ငါ့အချစ်တွေက သုညရာခိုင်နှုန်းပဲရှိတော့ ငါ့စိတ်တွေက အေးချမ်းပေါ့ပါးနေတယ်..
နောက်ထပ်အချစ်ဆိုတဲ့ အဆိပ်ကြီးကို ထပ်သောက်မိမှာကြောက်တယ်...

ကြောက်တယ်?????????........... နောက်ထပ်ချစ်ဖို့ကိုငါကြောက်နေတယ်???
အရင်က ငါ့မှာရှိတဲ့ သုည (သို့) ၁ဝဝ ရာခိုင်နှုန်းဆိုတဲ့ အချစ်တွေက သုညမှာပဲ ရပ်တန့်နေတော့မယ်ဆိုတာ ငါသဘောပေါက်သွားတယ်...
အဲလိုငါမဖြစ်ချင်ဘူး... အရင်ကငါလို... သာမာန်လူတစ်ယောက် ပြန်ဖြစ်မှ ဒီအကျဉ်းထောင်ကငါလွတ်မှာ...
အရင်ကမိမိကိုယ်ကိုမွမ်းမံတယ်ဆိုတာ...သူ့ကိုမေ့နိုင်ရင်ရပြီထင်နေတာ...
အော်...ငါ အချစ်အကျဉ်းသား ဘဝကလွတ်မြောက်ဖို့ နှစ်တွေဘယ်လောက်ကြာအုံးမှာလဲ.....
တစ်သက်လုံးရော ငါလွတ်မြောက်ပါတော့မလား...

5 comments :

Unknown said...

မဗေဒါရေ....ဆက်ပြီးကြိုးစားအုံးနော်...အားပေးနေတယ်...

Z said...

စိတ်မလျှော့ပါနဲ့။ စိတ်ကို တင်းထားပြီး အနာဟောင်းကို ခဏခဏ ပြန်မဆွမိရင်တော့ ဒီခံစားမှုတွေက အနည်ထိုင်သွားမှာပါ။ =]

RePublic said...

ခံစားချက်တွေပါလို့ထင်တယ် ၊၊စာတွေပြင်းတယ် နော်၊၊အရေးအသားတွေနှစ်သက်ပါတယ်မဗေဒါ ၊၊

မောင်အညတရ said...

ဗေဒါရေ....
အတွေးကော အရေးပါကောင်းတယ်ဟာ.....
ကြိုက်တယ်.....

Morris Wyn said...

မော်ဒလ်အရေးအသားတွေကိုမကြိုက်ဖူး