Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, April 27, 2026

✈ Australia ရောက်စ အိမ်ရှင်မဘဝကနေ လုပ်ငန်းခွင်ဆီသို့

✈ Australia ရောက်စ အိမ်ရှင်မဘဝကနေ လုပ်ငန်းခွင်ဆီသို့




​🏠 ကိုယ် Australia ကို စရောက်တော့ ကလေးက ငယ်သေးတယ်။ နိုင်ငံအသစ် နေရာအသစ်မှာဆိုတော့ ကိုယ့်ကလေးကို ကိုယ်တိုင်ပဲ စောင့်ရှောက်ချင်လို့ လုပ်ငန်းခွင်လည်း ပြန်မဝင်ချင်သေးဘူး။ ပြောရရင်တော့ အမျိုးသားလုပ်စာစားရင်း အိမ်ရှင်မပဲ လုပ်တော့မယ်ပေါ့။ ကိုယ့်မှာက မိဘတွေ၊ သူငယ်ချင်းတွေ အများကြီးရှိရာကနေ မြန်မာနည်းတဲ့ Australia, Adelaide မြို့ကို ပထမဆုံး ရောက်လာတာကိုး။

​💼 ကိုယ်လုပ်ခဲ့တဲ့အလုပ်က Engineering ကုမ္ပဏီဆိုပေမဲ့ အဓိကက Business Development လုပ်တာဆိုတော့ Hands-on experience က သိပ်မရှိဘူး။ ရှိတယ်ထားဦးတော့၊ Australia မှာက သူတို့သတ်မှတ်ထားတဲ့ လက်မှတ်မရှိရင် Engineering အလုပ်ရှာဖို့ ခက်တယ်။ (ကိုယ့်ကိုယ်ကိုယ် Confident မရှိတာလည်း ပါတာပေါ့။) နောက်တစ်ခုက ငယ်ငယ်က စင်္ကာပူမှာ ကျောင်းရဖို့ လူကြီးတွေက Engineering ကို ရွေးခိုင်းခဲ့တာပါ။ ကိုယ်တိုင်လည်း သိပ်ဝါသနာမပါတော့ ဩစီရောက်တဲ့အခါ ကိုယ်တကယ်ကြိုက်တာကို ၁ ကနေ ပြန်စချင်တာလည်း ပါပါတယ်။

​👪 အဲ့ဒီမှာ ဘယ်လိုဖြစ်လဲဆိုတော့ (အခုရေးမှာတွေက ကိုယ့်ခံစားချက်သက်သက်ပါပဲ၊ စာဖတ်သူနဲ့ အယူအဆချင်း တူချင်မှတူပါလိမ့်မယ်။) အခုချိန်ထိ ကလေးနဲ့အတူတူ အချိန်ပေး ထိန်းကျောင်းလာတာကို နောင်တ လုံးဝမရပေမဲ့၊ နေ့တိုင်း ကလေးနဲ့ နှစ်ယောက်တည်း ဟင်းချက်လိုက်၊ ကလေးကျွေးလိုက်၊ သိပ်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။ ညနေ အမျိုးသားပြန်လာမှ အပြင်လေးထွက်ချင်လို့ ပူဆာရတယ်၊ (ဒီမှာက ဆိုင်တွေက မိုးချုပ်ထိ မဖွင့်လို့ ကြာသပတေးနေ့ Shopping Day ကျမှ ထွက်ရတာပါ။) Weekend ဆိုရင်လည်း ကိုယ်က ၅ ရက်လုံး အိမ်ထဲမှာဆိုတော့ အပြင်သွားချင်တယ်၊ အမျိုးသားကတော့ နားချင်တယ်၊ Schedule တွေက သိပ်မကိုက်တော့ဘူး။ ဒါတောင် ကိုယ့်အမျိုးသားက လိုက်ပို့ပေးရှာသလို အိမ်အလုပ်လည်း ကူလုပ်ပေးပါတယ်။

​🧹 တကယ် အိမ်ရှင်မလုပ်ကြည့်တော့ အလုပ်က မစားသာပါဘူး။ အပြင်အလုပ်က Weekdays 9-5 ဆင်းပြီးရင် ပြီးပြီ (Aussie က Work-life balance ရှိတော့ စင်္ကာပူလို OT တွေလည်း မရှိဘူး)။ အိမ်ရှင်မကတော့ ၂၄ နာရီ၊ ၇ ရက်လုံး ပိတ်ရက်မရှိ ကလေးကြည့်၊ ဟင်းချက်၊ အဝတ်လျှော်၊ အိမ်ရှင်း လုပ်ရတာပါ။ အမျိုးသားရှာတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲဆိုပေမဲ့ ကိုယ်တိုင်မရှာတော့ ကိုယ်လိုချင်တာ၊ Skincare နဲ့ အလှအပပိုင်းတွေမှာ အလိုလို ကပ်စေးနဲလာမိတယ်။

​🥘 အပြင်ထွက်စားရတာ ကြိုက်ပေမဲ့ စရိတ်များလာရင် ငါ့တာဝန်မကျေလို့လားဆိုပြီး စိတ်မလုံဘူး။ အမျိုးသားက ဘာမှမပြောဘဲ ဝယ်ပေးချင်ပေမဲ့ ကိုယ်ကပဲ အားနာပြီး မပြရဲ မပြောရဲဖြစ်နေတာ။ အိမ်မှာနေရင်း လူပိုဖြစ်မှာစိုးလို့ ဟိုဟာစမ်းလုပ် ဒီဟာစမ်းလုပ်နဲ့ လူမှုရေးအကျိုးတွေလည်း ဝိုင်းကူသယ်ပိုးမိသေးတယ်၊ 🤭 (နေရာတကာ မသိတာ၊ မရှင်းတာတွေ လိုက်မေးမိလို့ လူမုန်းခံရတာလည်း တစ်ကြောင်းပေါ့၊ ကိုယ့်ကိုယ်ကိုယ် လူမှုရေးညံ့တယ်လို့ ခံစားရလို့လုပ်ကာမှ ပိုဆိုးသွားခဲ့တာပေါ့။ 😁)

​⏰ တဖြည်းဖြည်း ကလေးကြီးလာပြီး မူကြို တစ်ပတ် ၃ ရက် စတက်တော့မှ အားလပ်ချိန်လေးတွေ သိသိသာသာ ရလာတယ်။ ကိုယ်က အိမ်သန့်ရှင်းရေးလည်း အားသန်သူမဟုတ်၊ ဟင်းဆိုတာလည်း Australia ရောက်မှ စချက်တတ်တာ။ ပန်းကန်ဆေးဆပ်ပြာနဲ့ မတည့်လို့ ပန်းကန်ဆေးတာလည်း အမျိုးသားကပဲ လုပ်ပေးတော့ ကိုယ့်ကိုယ်ကိုယ် လူပိုကြီးလို ပိုခံစားလာရတယ်။ စင်္ကာပူတုန်းက ကိုယ့်ပိုက်ဆံကိုယ်ရှာ၊ ခရီးတွေသွား၊ Skincare နဲ့ Facial ဆိုင်တွေ သွားခဲ့တာတွေကို ပြန်တွေးမိပြီး သိမ်ငယ်စိတ်လေးတွေ ဝင်လာတာပေါ့။

​🤝 အပြင်အသိုင်းအဝိုင်းနဲ့ တွေ့ရင်လည်း အိမ်ရှင်မဆိုရင် အလေးမထားသလို ဆက်ဆံခံရတာမျိုး ကြုံရတတ်တယ်။ ကိုယ်ကတော့ ဒါကို သိပ်ဂရုမစိုက်ပေမဲ့ အိမ်ရှင်မလို့ ပြောလိုက်တာနဲ့ အချိုးပြောင်းသွားတာမျိုး ခံစားရတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ပြန်ဝင်ချင်တာက အဲ့ဒီလူတွေရဲ့ Attitude ကြောင့် မဟုတ်ပါဘူး။ အိမ်မှာ အိမ်ရှင်မလုပ်ရတာ ကိုယ့်အတွက် ကျွမ်းကျင်တဲ့ အလုပ်မဟုတ်တာရယ်၊ တစ်ခါတလေ ဘာမဟုတ်တာနဲ့ စိတ်ကောက်၊ ကွိုင်ရှာမိတာတွေ ဖြစ်လာလို့ပါ။

​😔 အရင်က အမျိုးသားကို သဝန်မတိုတတ်ပေမဲ့ အားလာတဲ့အခါ အသေးစိတ်တွေ လိုက်စဉ်းစားပြီး သဝန်တိုလာတယ်။ တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့ ထိုင်ငိုမိတာမျိုးလည်း ရှိတယ်။ "ငါ့အမျိုးသားသာ မရှိရင် ငါဘယ်လိုလုပ်မလဲ" ဆိုပြီး တစ်ပါးသူကို အားကိုးပြီး ကြောက်ရတဲ့စိတ်မျိုး မခံစားဖူးတော့ အစက ကိုယ်ဘာလို့ ငိုနေမှန်းတောင် မသိခဲ့ဘူး။ လုပ်ငန်းခွင်ပြန်ဝင်ဖို့ကျတော့လည်း အလုပ်နားထားတာ ၆ နှစ်လောက်ရှိပြီဆိုတော့ ကြောက်နေမိတယ်။ Australia က Local Experience အရမ်းကြည့်တာဆိုတော့ ကိုယ့် Engineering အတွေ့အကြုံက သုံးမရမှာကိုလည်း စိုးရိမ်မိတာပေါ့။

​❤️ အလုပ်ပြန်လုပ်ချင်တဲ့ အကြောင်းရင်းတွေထဲမှာ အမျိုးသားကို ချစ်တဲ့စိတ်လည်း ပါပါတယ်။ 😍 အမျိုးသားက "ပိုက်ဆံအတွက် မပူနဲ့ ငါရှာမယ်" လို့ ပြောပေမဲ့ သူလည်း Burn out ဖြစ်မယ့်အချိန် ရှိမှာပဲ။ သူ့အတွက် Fallback Plan၊ စိတ်လုံခြုံမှုပေးနိုင်တဲ့သူ ကိုယ်ဖြစ်ချင်တယ်။ သူ အလုပ်မှာ မွန်းကျပ်လာတဲ့အခါ "ယောကျ်ားရေ... အလုပ်က ထွက်လိုက်တော့" လို့ ရဲရဲဝံ့ဝံ့ အားပေးနိုင်တဲ့ အင်အားမျိုး ကိုယ့်မှာ ရှိချင်တာပါ။ ဒါက ကိုယ့်ကို အလုပ်ပြန်လုပ်ဖို့ အားအဖြစ်စေဆုံး အကြောင်းပြချက်ပါပဲ။

​🎓 နောက်ပိုင်းမှာ အမျိုးသား အကြံပေးချက်နဲ့ TAFE မှာ Marketing သင်တန်း တက်ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ South Australia Multicultural Ministry က Sponsor ပေးတဲ့ Women's Leadership Scholarship ရလို့ သင်တန်းနှစ်ခု ပြိုင်တက်ခဲ့တယ်။ အဲ့ဒီမှာ ကိုယ်နဲ့ Background တူတဲ့ အမျိုးသမီးတွေနဲ့ဆုံပြီး ပျော်ခဲ့ရသလို၊ သီရိလင်္ကာက သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်နဲ့ iworkforsa website ကနေ အစိုးရအလုပ်တစ်ခု လျှောက်ဖြစ်ခဲ့တယ်။

​✈️ အမေ နေမကောင်းလို့ စင်္ကာပူမှာ ခွဲစိတ်ဖို့ ပြင်ဆင်နေတဲ့ ၂၀၂၃ အောက်တိုဘာလောက်မှာ အလုပ်အင်တာဗျူး ခေါ်ခံရတယ်။ ရချင်ရ၊ မရချင်နေဆိုတဲ့ စိတ်နဲ့ စင်္ကာပူကနေ Video Conference နဲ့ အကောင်းဆုံး ဖြေလိုက်တယ်။ အဲ့ဒီအလုပ်က ဒီဇင်ဘာမှာ ကိုယ့်ကို ခေါ်စာပို့ပြီး ၂၀၂၄ ဖေဖော်ဝါရီမှာ စလုပ်ဖြစ်ခဲ့ပါတယ်။
​📝 ပထမဆုံး အလုပ်လျှောက်ဖို့ CV အတွက် Local Relevant ဖြစ်မယ့် ဘာတွေပြင်ဆင်ခဲ့လဲဆိုတာ သိချင်ရင်တော့... Comment မှာ မန့်ခဲ့ပေးပါဦး။ ရေးပေးပါမယ်။
#BacktoWork
#FromHousewifeToWork
#LifeInAustralia
#MigrantLifestyle

Wednesday, March 19, 2025

Online Persona



ကိုယ်က​လေ ဘယ်​တော့မှ Mainstream ​ပေါ်ပြူလာ Influencer ဖြစ်လာမယ်မထင်ဘူး။

Influencer ​တော်​တော်များများက online persona နဲ့ အပြင်နဲ့က ကွဲလွဲကြတာချည်းပဲ။ ကိုယ်လဲ တမင် hide ထားတာမျိုးမဟုတ်​ပေမဲ့ အပြင်နဲ့ online persona က အနည်းနဲ့အများ​တော့ ကွဲတာပဲ။

ကိုယ် Single ကတည်းက ကြည့်ဖြစ်တဲ့ Beauty youtuber Bubz Beauty ဆိုလဲ ကိုယ့်​နောက်မှ လက်ထပ်တာ သူ့​ရည်းစားဘဝကတည်းက Tim ကို video ထဲမှာ မြင်ဖူးတာ၊ က​​လေး ၂ ​ယောက်ရပြီး Tim ​ဖောက်ပြန်လို့ကွဲမှ ကိုယ်ပြန်ကြည့်မိပြီး စိတ်မ​ကောင်းဖြစ်ရတယ်။ အခု​တော့ ​နောက်အိမ်​ထောင်ပြု​တော့မယ်။

ဟိုတစ်​လောကမှ မိသားစုလိုက် ဟာသ reel ​တွေရိုက်ရိုက်​နေတဲ့ ဩစီက ဖိလစ်ပိုင်နဲ့ အဖြူ​ကောင် မိသားစု The blackman family ဆိုလား။ အခုကွဲပြန်ပြီ။ လူ​တွေက Family life ကို Online တင်ပြထား​တော့ လင်မယားကွဲပါတယ်ဆိုမှ ​ဝေဖန်ကြ ​ပြောကြနဲ့၊ ဟင်.... အရင်က​တော့ Happy family ​ယောင်​ဆောင်​နေပြီး​တော့ ဘာညာ​ပေါ့။ အမှန်ဆို ဘယ်သူက လင်မယားရန်ဖြစ်တာကို video ရိုက်တင်မှာလဲ စဉ်းစားကြည့်​လေ။ အားလုံးက ကိုယ့်ဟာကိုယ် သူတို့တင်တဲ့ video ​တွေက​နေ ကိုယ်က သူတို့အ​ကြောင်းအကုန်သိတယ်ဆိုပြီး delusion ဖြစ်​နေတာ မဟုတ်ဘူးလား။ သူတို့တင်တဲ့ video ​တွေကို relate လို့ရလို့ သ​ဘောကျခဲ့သူ​တွေ၊ Entertainment ဖြစ်လို့ ကြည့်ခဲ့ကြတာပဲ​လေ။ လူ​တွေအကြိုက်လိုက်တင်ရင်း၊ social media platform ​တွေကလဲ တစ်ပတ်မှာ ၇ ပုဒ်တို့ ဆ၀ပုဒ်တို့နဲ့ ပိုက်ဆံ​ပေး​​နေ​တော့ လူကြိုက်များတာကို professional တစ်ခုအ​နေနဲ့ တင်ရင်း Fake persona ​တွေဖြစ်လာကြတာလို့ မြင်တယ်။ 

​နောက် မဲလဘုန်းက ဖိလစ်ပိုင် Influencer ပဲ လာလာ​ပေါ်လို့ သိ​နေတာ။ The Mommy Rovesတဲ့... သူဆိုလဲ ဩစီ Accent ၊ အသုံးအနှုန်း​တွေကို video လုပ်ရင်း လူသိများလာတာ။ ​နောက်ပိုင်း အဲ့ content က ကုန်လာ​တော့ တခြား lifestyle လိုလို video ​တွေတင်လာတယ်။ The Blackman family က ဖိလစ်ပင်းမိန်းမနဲ့လဲ ​တော်​တော် ​ရောတယ်။ ပွဲ​တွေဘာ​တွေ တူတူတက်ရတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ လ ​လောက်က​နေစပြီး Depression ဝင်တဲ့အ​ကြောင်း အလုပ်ထဲမှာ သူ့ကို influencer လုပ်လို့ဆိုပြီး တို့​ထောင် အနိုင်ကျင့်ခံရရင်း စိတ်ကျ​ရောဂါဖြစ်လာတဲ့ အ​ကြောင်း​ရေးထား​တော့ သူများ​တွေရဲ့ online persona ပဲမြင်ပြီး ကိုယ့်ကိုကိုယ်အားမရတာမျိုး၊ သူများကို အလွန်အကျွံ အထင်ကြီး အားကျတာမျိုး​တွေ မဖြစ်ဖို့ internet အသိဉာဏ်ရှိ​စေချင်တယ်။

ကိုယ့်မှာလဲ လူမှု​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေး စသဖြင့် ပြသနာ​တွေရှိတယ်။ လူတိုင်းမှာလဲ သူ့ပြသနာနဲ့ သူရှိမှာပဲ။ ဒါ​ပေမဲ့ စိတ်​ပျော်စရာ၊ ဒါမှ မဟုတ် ကိုယ်သိတာ​လေး​တွေ၊ ကိုယ့်အ​တွေ့အကြုံ​တွေကိုပဲ မျှ​ဝေမှာပဲ။ အဲ့ဒါ​ကြောင့် lifestyle influencer က content ရ​အောင် ​လျှောက်တင်တဲ့အခါ integrity issue ရှိကြတာများတယ်။ Technical တစ်ခုခု ပညာရပ်တစ်ခုခုကို ​ရေးနိုင်တဲ့ niche topic တစ်ခုခုကို ​ရေးနိုင်တဲ့သူ​တွေကို​တော့ ပို​လေးစားမိတယ်။

တချို့ကရှိ​သေးတယ်။ နိုင်ငံခြား​ရောက်ပြီးမှ ဆစရက လုပ်ပြီး​ရေး​နေတယ်တို့၊ ကြွား​နေတယ်တို့၊ မြန်မာပြည်က လူ​တွေမှ အားမနာ ဘယ်လိုကြိုးစားရုံးကန်​နေရတယ်တို့​ရေးတယ်ဆိုပြီး အပစ်​ပြောကြတာလဲ ​တွေ့တယ်။ ကိုယ့်အသိုင်းအဝိုင်းထဲမှာကို အဲ့လိုမျိုး​ပြောတာ​တွေ့​တော့ (ကိုယ့်ကိုမဟုတ်ဘူး၊ တချို့ နာမည်ရပြီးသား နိုင်ငံခြား​ရောက် မြန်မာ influencers ​တွေကို) အဲ့ဒိအင်ဖြူယမ်ဇာရဲ့ motivational ဘက် နည်းနည်း​ရောက်တဲ့ content ​တွေကို ဟုတ်​သော်ရှိ မဟုတ်​သော်ရှိ ကိုယ့် ဦး​နှောက်နဲ့ ပြန်မစဉ်းစားပဲ အလွန်ကိုးကွယ်တဲ့ လူတန်းစားရှိသလို၊ သူ့အ​ခြေအ​နေ​ပေါ်မူတည်ပြီး သူ့အ​တွေ့အကြုံ​လေးမျှ​ဝေတာကို ကြွားတယ်တို့၊ တခြားရုံးကန်​နေရသူ​တွေအားနာပါအုံးတို့၊ တခြညးလူ​တွေ အတုခိုးမှား​အောင် ​လျှောက်​ရေတယ်တို့ဆိုပြီး တဖက်က ကိုးကွယ်သူ​တွေကို ပြန် မျှတ​အောင် ချိန်ကိုက်ရင်း content creator ကို ဆဲကြပြန်​ရော။ 

ကိုယ်လဲ တစ်ခါတစ်​လေ lifestyle vlog ​လေး​တွေ၊ မိုတီ​ဗေးရှင်းလိုလို ဘာလိုလို​ပြောတဲ့ videos ​လေး​တွေ ကြည့်တတ်တယ်။ tarot videos ​တွေ​တောင် နား​ထောင်တယ်။ ဒါ​ပေမဲ့ ယုံ​နေတာမျိုးမဟုတ်ဘူး။ တစ်ခါတစ်​လေ တစ်​ယောက်တည်း အာ​ပေးစကား​ပြော​ပေးမဲ့သူမရှိရင် ဘယ်သူ့ကိုမှလဲ ထုတ်မ​ပြောချင်ရင် အဲ့လို video ​တွေနား​ထောင်ပြီး relate လုပ်တာမျိုး စိတ်​ဖြေတာမျိုးလုပ်မိတာထင်တယ်။ 

Youtuber Via Li ဆိုတဲ့ အ​မေစိကန်​ချိုင်းနီးစ် ​ကောင်မ​လေး Video ​လေး​တွေကြိုက်တယ်။ သူလဲ ​သူ့အမြင်​တွေ​လျှောက်​ပြော ကိုယ်လဲ relate လို့ရတာ relate၊ လက်မခံတာကိုယ့်စိတ်ထဲက ပြန်​ပြော၊ သူက အသက်ငယ်​သေးတာကိား ဆိုပြီး တခါတ​လေ နားလည်​ပေးလိုက်နဲ့.... အပျင်း​တော့​ပြေတာပဲ။

ဒါ​ပေမဲ့ ကိုယ့် friendlist ထဲမှာ​တောင် နိုင်ငံခြား​ရောက်ပြီး ဆရာလုပ်တယ်တို့၊ Motivational ​ပြောတဲ့ဟာ​တွေကို လင်းသိုက်ညွန့်တို့၊ ဖြိုးဖြိုး​အောင်တို့လို​တွေချည်းပဲတို့ဆိုပြီး ​သိမ်းကြုံး​လှောင်​နေကြ​တော့ ကိုယ်လဲ တစ်ခုခု​ရေးချင်ရင်တောင် အ​​ပြောလွတ်တာ ဘာမှ မရှိတာနဲ့ ဘာမှ ကို သိပ်မ​ရေးဖြစ်​တော့ဘူး။

Caption တိုတို​လေးနဲ့ ပုံလှလှ​လေး​​တွေ တင်တဲ့လိုင်းကျ​တော့လဲ ကိုယ်နဲ့ မကိုက် 😁.... blogspot ဘယ်သူမှ မဖတ်တဲ့​နေရာ ​လျှောက်​ရေးတာပဲ ​ကောင်းပါတယ်။ 🤣

Tuesday, May 23, 2023

Adelaide မြို့ရဲ့ အမှိုက်ပစ် စနစ်

ဒီနေ့တော့ တောင်သြစတေးလျပြည်နယ် အက်ဒလေးမြို့လေးရဲ့ အမှိုက်သိမ်းစနစ်လေးအကြောင်း ပြောပြရင်း အက်ဒလေးရဲ့ ဆောင်းတွင်အလှ လမ်းလေးတွေကို ရိုက်ပြီးတင်ပေးထားတယ်။
ဒီနေ့မနက် လမ်းလျှောက်ထွက်တဲ့ လမ်းတစ်လျှောက် အမှိုက်ပုံးတွေ ထုတ်ထားတာမြင်လို့ ဒီအကြောင်းလေးပြောပြဖို့ ခေါင်းထဲရောက်လာခဲ့တာ။ တနိုင်ငံနဲ့တစ်နိုင်ငံ အမှိုက်သိမ်းစနစ်တွေမတူကြဘူး။ အမှိုက်ဆိုတာ ပြောတော့သာတန်ဖိုးမရှိတာ အဲ့ဒိအမှိုက်သိမ်းစနစ်ကောင်းကောင်းမလုပ်နိုင်ရင် နိုင်ငံ image လဲ မကောင်းသလို ကျန်းမာရေး ကပ်ဘေး ၊ သဘာဝပတ်ဝန်းကျင် စတာတွေကို အတော်ထိခိုက်ပြီး လူမှုဂေဟစနစ်ကြီးအတွက် အန္တရာယ်ရှိနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ်။ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ကောင်းအောင် ကာကွယ်ရမှာကိုယ့်တာဝန်ဆိုတာကို အစိုးရက ပညာပေးတွေရော လိုအပ်တဲ့ အချက်အလက်တွေ အလွယ်တကူရှာနိုင်အောင်ရော လုပ်ပေးပြီး သူတို့နိုင်ငံသားတွေကို ရိုက်သွင်းထားတယ်ပြောရမယ်။ သြစီနိုင်ငံသားတွေက သဘာဝပတ်ဝန်းကျင်ကို အရမ်းအလေးထားကြသလို အဲ့လို သဘာဝဆန်နေတာကို သူတို့က သူတို့နိုင်ငံအတွက် ဂုဏ်ယူနေကြသေးတာ။ ပလပ်စတစ်အသုံးပြုမှုလျော့ချဖို့ ဆိုင်တွေက ကြွပ်ကြွပ်အိတ် အလကားမပေးဘူး။ ပေးတဲ့ဆိုင်လဲ သူတို့ကိုယ်တိုင်က မကြိုက်ချင်ကြသေးတာ။ အခုဆို အစိုးရက Disposible plastic ဗူးတွေကို ဥပဒေနဲ့တားမြစ်တဲ့အထိ လုပ်လာတော့ ပိုဆိုးတယ်။ (ကြွပ််ကြွပ် အိတ်အလကားပေးတာ ကု လား ဆိုင်ပဲ ကျန်တော့တယ်။ တ ရုတ် ဆိုင်တွေက သဘာဝပတ်ဝန်းကျင်ထက် တစ်အိတ် ၁၅ပြားနဲ့ရောင်းရတာကို ကြိုက်နေတာနေမှာ 😝)
စလုံးမှာနေတုန်းက HDB တိုက်ခန်းတွေရဲ့ အမှိုက်ပစ်စနစ်ကျတော့ ဆောက်ကတည်းက မီးဖိုချောင်မှာ ဖြစ်စေ တိုက်ရဲ့ သတ်မှတ်ထားတဲ့ တစ်နေရာမှာဖြစ်စေ အမှိုက်ပစ်တဲ့ ပိုက်လိုင်းတွေကနေ အောက်ကို တန်းပစ်ချလိုက်ယုံပဲ အမှိုက်သိမ်းရက်ရောက်ရင် သိမ်းတဲ့လူက အောက်က အပေါက်ကိုဖွင့်ပြီး ကားနဲ့ အမှိုက်ပုံးလိုက်ကော်ထိုးသိမ်းသွားပြီး empty bin ကို ပြန်အစားထိုးခဲ့တာပေါ့နော်။ လက်နဲ့ထိစရာမလိုပေမဲ့ နံတော့ နံတာပေါ့။ အက်ဒလေးမှာကျတော့ အိမ်တိုင်းမှာ အဝါ၊ အစိမ်း၊ အနီ တချို့ရပ်ကွက်တွေကျတော့ အဝါ၊ အစိမ်း၊ အပြာ ဆိုတဲ့ အမှိုက်ပုံးကြီး ၃ ပုံး အိမ်တိုင်း ခြံတိုင်းမှာရှိတယ်။ လမ်းအလိုက် ရပ်ကွက်အလိုက် တစ်ပတ်မှာ သတ်မှတ်ထားတဲ့ တစ်ရက်ကို သတ်မှတ်ထားတဲ့အမှိုက်ပုံးအရောင်ကို ပလက်ဖောင်းနားမှာ ထုတ်ထားရတယ်။ အခုပုံတွေထဲကလို ထုတ်ထားရတာ။ အမှိုက်ကားကြီးက ယာဥ်မောင်းတစ်ယောက်ပဲ ပါတယ်။ နောက်က ခေါင်းလောင်းလိုက်တီးတဲ့သူလဲ မပါဘူး။ အစိမ်းပုံး သိမ်းတဲ့ ကားက အစိမ်းပုံးကို ကားမှာ အော်တိုပါတဲ့ စက်ရုပ် ခွကြီးနဲ့ မပြီး သူ့ အမှိုက်ကားကြီးထဲ ပစ်ထည့်လိုက်တာပဲ။ အဝါပုံးသိမ်းတဲ့ကားကလဲ သူ့အချိန်နဲ့လာပြီး အဲ့လိုပဲ ခွကြီးနဲ့မပြီး အမှိုက်ကားထဲ လောင်းထည့်လိုက်ပြီး ပုံးကို ပြန်ချခဲ့တယ်။ အဝါရောင်ပုံးက Recycling Bin အစိမ်းရောင်ပုံက Organic Bin အနီရောင်ပုံး/အပြာရောင်ပုံး က Landfill general Waste Bin ဘယ်ပုံးမှာ ဘာထည့်ရမလဲက အကြမ်းဖျင်းတော့ နည်းနည်းမှန်းလို့ရကြမှာပါ။ ဒါပေမဲ့ မသေချာရင်လဲ တင်ပေးထားတဲ့ ပုံတွေထဲက နောက်ဆုံးပုံ ဇယားလေးကို ကြည့်နော်။ တကယ်တော့ အမှိုက်တွေကို စပစ်ကတည်းက အိမ်တွင်းအမှိုက်ပုံးအသေးတွေထဲကို စနစ်တကျ ခွဲပစ်ရင် ကိုယ့်အတွက် ဘယ်လောက်မှ မပင်ပန်းပေမဲ့ အမှိုက်သိမ်းစနစ်ကြီးရဲ့ process တစ်ခုလုံးကို အရမ်းအထောက်အကူပြုလို့ အမှိုက်မှန်မှန်ပစ်ပြီး ကြံဖန် ဂုဏ်ယူလို့ရနေသေးတာ။
အပတ်တိုင်း အနီပုံး General Waste က ထုတ်ရတယ်။ အစိမ်းနဲ့ အဝါကျတော့ တလှည့်စီထုတ်ရတယ်။ နွေရာသီမှာဆိုရင် အစိမ်းပုံးက ကိုယ့်အိမ်က ဟင်းအရမ်းချက်စားတော့ မီးဖိုချောင်အမှိုက်ကများ ရာသီဥတုပူတော့ အမှိုက်တွေက ပိုနံတယ်။ တစ်ခါက အဲ့ဒါကို သူများတွေ ဘယ်လိုလုပ်လဲ ရှာကြည့်တော့ Garden ထဲက သစ်ရွက်ခြောက်တို့ ဘာတို့ရှိတယ်ဆိုရင် မီးဖိုချောင်အမှိုက်အိတ်ပစ်ပြီးရင် အဲ့လို Garden အမှိုက်နဲ့ အုပ်ရင်အုပ်။ မဟုတ်ရင် သူတို့က စားစရာအမှိုက်တွေကို အမှိုက်ပုံးထဲ မထည့်သေးပဲ ရေခဲသေတ္တာထဲထည့်ခဲထားပြီး ပစ်ရမဲ့ရက်ကျမှ အမှိုက်ပုံးထဲ ထည့်တယ်ဆိုပဲ။ ကိုယ်က အဲ့လောက်ထိတော့ သဘာဝပတ်ဝန်းကျင် မစောင့်ထိန်းနိုင်ဘူး။ အိမ်က ရေခဲသေတ္တာက ကိုယ့်ဟာနဲ့ကိုယ့်မုန့်နဲ့ပြည့်နေတာ။ အမှိုက်တော့ ထည့်မသိမ်းနိုင်ဘူး။ အဲ့ဒါကြောင့် အစိမ်းပုံပစ်ရမဲ့ အပတ်ဆို မမေ့အောင် နေရတယ်။ မေ့သွားရင် နောက်တစ်ပတ်ကျော်မှပစ်လို့ရတော့မှာ။
တခြား ဓာတ်ခဲတို့ ဂတ်စ်ဗူးတို့ လျှပ်စစ်ပစ္စည်း တီဗွီတို့ ပန်ကာတို့ကျတော့ သတ်မှတ်ထားတဲ့ အနီးဆုံး Drop off point တွေမှာ သွားပစ်ရတယ်။ သူကလဲ ဖွင့်တာ အချိန်နဲ့ဆိုတော့ တစ်ခါတစ်လေ အဲ့ဒါတွေပစ်ဖို့ အားစိုက်ထုတ်ရတယ်။ 😁 တချို့ officework တို့လို စာရေးကရိယာဆိုင်အကြီးကြီးတွေ၊ လူနေမှုပစ္စည်းအစုံပလုံရောင်းတဲ့ Bunning wearhouse တို့လိုဆိုင်မျိုးတွေ အရှေ့မှာလဲ အီလက်ထရောနစ်ပစ္စည်းပစ်လို့ရတဲ့နေရာရှိတယ်။ ဒီမှာက ဂတ်စ်မီးဖို အသေးလေးအတွက်သုံးတဲ့ ဂတ်စ်ဗူးလေးတွေကို တစ်ခါသုံးပဲရတယ်။ မြန်မာပြည်တုန်းက သံချေးကိုက်နေလဲ ဂတ်စ်ဆိုင်မှာ ထပ်ကာထပ်ကာသွားသွားဖြည့်ပြီး သုံးနေကျဆိုတော့ ဒီမှာ အသစ်ကြီးတွေ ပစ်ရတာ အလကားနေ နှမြောတဲ့စိတ်က ဖြစ်သေးတာ။ ဒီကလူတွေကျတော့ အဲ့လို ပြန်သုံးတယ်များကြားရင် ဘယ်လို အန္တရာယ်ရှိကြောင်း အံ့သြချက်မနဲ့ ကိုယ့်ကို တောထဲကလာတဲ့သူ၊ ကိုယ့်အသက်မှ မနှမြော ဂတ်စ်ဘူး နှမြော တယ်ပြောလိမ့်မယ်။ တစ်ခါတစ်လေကျတော့ မြန်မာပြည်မှာ ကြီးပြင်းပြီး အဲ့လို အန္တရာယ်ရှိတာတွေကိုလဲ ရှားပါးစျေးကြီးမှုနဲ့ နေသားတကျရှိလာတော့ ခေါင်းထဲမှာ အန္တရာယ်ရှိတာ မရှိတာ မစဉ်းစားတော့ဘူး ဖြစ်ကာမှ ဖြစ်ရောဖြတ်သန်းရတာတွေများတယ်။ အိမ်မှာက ခဏခဏ hot pot နဲ့ Mookata လုပ်စားလေ့ရှိတော့ အခုထိတောင် အဲ့ ဘူးတွေ လွှတ်ပစ်ရတိုင်း လွှတ်ပစ်သင့်တယ်ဆိုတာသိတာတောင် နှမြောစိတ်ကြီးက တားမရနော် ဘာမှန်းမသိဘူး။ ဆိုဖာတို့ ပရိဘောဂတို့လို အကြီးကြီးတွေ ပစ်ချင်ရင်ကျတော့ ကိုယ့်ရပ်ကွက် ကောင်စီ website ကဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် pickup လုပ်ဖို့ request ရတယ်။ သူတို့ pickup မဲ့ ရက်မှာ ပလက်ဖောင်းပေါ်ထုတ်ထားယုံပဲ။ တချို့ လူတွေက အိမ်ပြောင်း ဘာပြောင်း မယူချင်လို့ ပစ်ခဲ့ပေမဲ့ ပစ္စည်းတွေက သုံးလို့ရသေးတာတွေဆိုရင် Facebook group တွေ Market place တွေမှာ ကောင်စီက ဘယ်နေ့ pickupမို့ လိုချင်သူရှိရင် ဘယ်နေ့ ဘယ်လမ်းပေါ်မှာ ထားထားတယ် လာယူသွားလို့ရတယ် တင်ကြတယ်။ ဒီမှာက Second hand သုံးတာတို့၊ အဟောင်းပြန်ရောင်း ပြန်ဝယ်တာတို့က ပုံမှန်ပဲ၊ ဆင်းရဲလို့ သူများသုံးပြီးသားယူသုံးတယ်လို့ မမြင်ပဲ အသုံးအဆောင်တစ်ခုကို အသုံးဝင်မဲ့လူတစ်ယောက်ကို ပေးလိုက်တာ၊ သုံးလို့ရသေးတာကို အလဟသအဖြစ်မခံပဲ သုံးတာကို သဘာဝပတ်ဝန်းကျင်ထိန်းတယ်ဆိုပြီး ဂုဏ်ယူတဲ့သူတွေတောင်ရှိတယ်။ အမှိုက်ပစ်တာနဲ့ ပတ်သတ်သမျှ အချက်အလက်တွေ သိချင်ရင်ဖြစ်စေ၊ အတိအကျ ဘာ item ဘယ်ပစ်ရမလဲ သိချင်ရင်ဖြစ်စေ၊ အမှိုက်အမျိုးအစားပေါ်မူတည်ပြီး မှန်အောင်ပစ်နိုင်တာ ဘယ်လောက် လောကကြီးကို အကျိုးဖြစ်စေလဲဆိုတဲ့ ပညာပေးတွေဖြစ်စေ သိချင်ရင် www.whichbin.sa.gov.au မှာ သွားဖတ်လို့ရပါတယ်။
နောက်ပြီး မြို့နယ် council တွေရှေ့မှာလဲ pay it forward ဆိုပြီး အမျိုးသမီးလစဉ်သုံး ပတ်ကင်းပိတ်ထားတာမျိုးတွေ၊ ကလေးအသုံးအဆောင် ကောင်းသေး သန့်သေးတာမျိုးတွေ၊ မီးဖိုချောင်သုံး အိုးခွက်ပန်းကန် အကောင်းတွေကို လာထားထာလို့ရတယ်။ လိုချင်တဲ့သူတွေလဲ လာယူလို့ရတယ်။ လာမယူရင်လဲ လူမှုကူညီရေးအသင်းတွေကနေ လိုအပ်တဲ့နေရာတွေကို လိုက်လှူပေးတယ်။ သိပ်သဘောကျတာပဲ။ မြန်မာပြည်မှာတုန်းက ကိုယ်ကြုံ ခဲ့တဲ့ ငယ်ငယ်က အမှိုက်သိမ်းစနစ်ကတော့ လမ်းထဲကို အမှိုက်ကားကြီး ခေါင်းလောင်းတီးပြီးဝင်လာတာကို လိုက်ပြီး ပေးရတာ၊ အမှိုက်ရေတွေတောက်တောက်ကျ ပုရွက်ဆိတ်တွေရှိရင် ကိုက်ခံရသေးတာ။ နောက်ပိုင်း စလုံးက အလည်ပြန်လာရင်ကျတော့ တော်တော်လေးမဆိုးတော့ဘူး။ အမယ် ကြွပ်ကြွပ်အိတ်လေးတွေနဲ့ ထုတ်ပြီး လမ်းဘေးဓာတ်တိုင်နားတို့ ပလပ်ဖောင်းပေါ်တို့ ချထားကြတာ။ YCDC တွေက သူတို့လှည်းထဲ လာသိမ်း။ အဲ့ဒါကျ အောက်ထပ်အိမ်တွေအတွက် မကောင်းဘူး။ နံတာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံ မလှဘူးပေါ့။
နောက်ပိုင်းကျ မုန့်ဖိုးပေးရင် YCDC ကအိမ်ပေါ်ထိတက်ယူတာတွေ့တယ်။ ဒါမဲ့ နောက်ပိုင်းတွေပြန်တော့ ညဘက်ဆို လမ်းထိတ်ကြီးမှာ အမှိုက်တွေ လာပစ်ကြတာ အမှိုက်ပုံကြီးကို ဖြစ်လို့။ တခါတစ်လေ စဉ်းစားမရတာ အမှိုက်တွေ ကိုယ်လက်ကလွတ်ဗြွတ်လို့ မတွေးပဲ နည်းနည်း ရေရှည်တွေးကြည့်လို့ အဲ့အမှိုက်ပုံကြီး လမ်းထဲရှိနေလဲ ကိုယ့် ပတ်ဝန်းကျင်လေထုရော၊ ပိုးမွှားရော ထိခိုက်တာပဲ။ ဒါပေမဲ့ ဒါမျိုးက သေချာစဉ်းစားရင် တိုင်းပြည်ကို စီမံနေတဲ့ အုပ်စုညံ့လို့ပဲလေ။ နေရာယူချင်ပြီး တာဝန်မယူချင်တဲ့သူတွေ နေရာယူထားလို့ပေါ့။ ဆက်မပြောတော့ဘူး rant တွေ ဖြစ်ကုန်မယ်။
နောက်တစ်ခါ အခဲ မကြေတဲ့ အကြောင်းလေးပြောပြမယ်။ တစ်ခါ မြန်မာပြည်အလည်​ပြန်တော့ ရာသီလာတဲ့ pads ကို ဘယ်လိုပစ်ကြလဲလို့ သူငယ်ချင်းမလေးကိုမေးတော့ နောက်ဖေးလမ်းကြားကနေ ပစ်လိုက်တာပဲတဲ့... ဟဲ့... ပလုတ်တုတ်ကြီး... အဲ့ ပစ်လိုက်တဲ့ဟာက ကိုယ်မမြင်ရတော့တာပဲရှိတယ် ကမ္ဘာပေါ်ကပျောက်သွားတာမဟုတ်ဘူး။ အဝေးကြီးရောက်သွားတာမဟုတ်ဘူး။ ကိုယ့်နောက်ဖေးအိမ်အောက်မှာ ငုတ်တုတ်ကြီး... အောက်ထပ်အိမ်ကလူကို အားမနာဘူးဆိုရင်တောင် ကိုယ့်ကျန်းမာရေးကိုယ်ထောက်အုံးလို့ မပြောခဲ့ပါဘူး။ နောက်တစ်ယောက်ကကျတော့ အရမ်းအဆင့်မြင့်တာ ပြောလိုက်ရင် ဘယ်ဆယ်လီ ဘယ်ခရိုနီ သိတယ် ဆိုတာချည်းပဲ။ ပြီးကျတော့ အမှိုက်ကို ကားပေါ်ကနေ ပစ်ချတယ်။ ​သူက နိုင်ငံခြားပြန်ပဲဆိုတော့ စိတ်ထဲတော့ guilt ရှိပုံရတယ်။ ဘာပြောလဲဆိုတော့ ကိုယ်တစ်ယောက်တည်း မပစ်လဲ တနိုင်ငံလုံးပစ်နေကြတာ။ သူ့ဆယ်လီသူငယ်ချင်းကပြောတယ်တဲ့ (ဘယ်ဆယ်လီလဲ မပြောတော့ဘူး... ပြောပြချင်တာတော့အရမ်း) ဒါမြန်မာပြည်မို့ မြန်မာပြည်အထာပဲ လုပ်ရမှာပဲ။ ရောမရောက်ရက် ရောမလို့ ကျင့်ရမယ်တဲ့။ အော်... အဲ့လို အိတ်စ်ပတ်ထရိတ်တွေက နိုင်ငံကြီးကိုချစ်လို့ ပြန်အကျိုးပြုမလို့ ပြန်တာဆိုပြီး ဂုဏ်ယူနေသေးတာ။ 🤣 မြန်မာပြည် အမှိုက်ပစ်စနစ်ကို နှိမ်ချတာလဲ မဟုတ်ဘူး၊ လူတွေရဲ့ အမူအကျင့်ကို ရှုပ်ချချင်တာလဲ မဟုတ်ပေမဲ့... ကိုယ့်နိုင်ငံကို စီမံဖို့ နေရာဝင်ယူထားတဲ့ ငနဲတွေကဉာဏ်ရည်မှီလို့ ​​ော က် လုပ်ကောင်းကောင်းမလုပ်တာကို ပိုပြီး ခံပြင်းလေပဲ။ နိုင်ငံတစ်နိုင်ငံမှာ ဘာအဆင်မပြေပြေ ချီးက အစ အီးကအစ ဘာအဆင်မပြေပြေ မအလလို့သာ ကုန်းဆဲ.... အမှိုက်သေချာမပစ်နိုင်ရင်တောင် boycott လေးတော့ လုပ်ကြပေါ့။ 😁

Friday, April 24, 2015

Problem with Being Straightforward


မဗေဒါဘလော့ကိုဖတ်ရတာ ပွင့်ပွင့်လင်းလင်းရှိတယ်။ အဲ့ဒါကြောင့် ဖတ်ရတာကောင်းတယ်လို့ ပြောလာတဲ့ စာဖတ်သူတွေရှိရင် မဗေဒါ စိတ်ထဲ စိုးရိမ်စိတ်လေးဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ အပြင်လောကမှာတော့ မဗေဒါရဲ့ တည့်ထိုးအိုးပေါက် ပွင့်လင်းပြောဆိုမှုကြောင့် ပိဿလေးနဲ့ ဘေးပစ်သလိုဖြစ်သွားတဲ့ အဖြစ်အပျက်မျိုးတွေရှိသလို။ မဗေဒါကို တဖြည်းဖြည်း ချဉ်သွားကြတဲ့ အပေါင်းအသင်းတွေလဲ ရှိပါတယ်။ အထူးသဖြင့် မဗေဒါစိတ်ထဲက ရင်းနှီးလေ ပိုပြီး ပွင့်ပွင့်လင်းလင်းပြောလေဖြစ်တာကြောင့် မဗေဒါနဲ့ ကြာကြာပေါင်းဖြစ်နေသေးတဲ့သူဆိုတာ လက်ချိုးရေလို့ရပါတယ်။ အဲ့ဒိလူတွေလဲ မဗေဒါကို ချဉ်ခဲ့တဲ့ အခါတွေရှိကောင်းရှိပေမဲ့ စိတ်ထဲမထားပဲ အချိန်တော်တော်ကြာပေါင်းဖြစ်တဲ့အတွက် ထိုသူတွေကို ကျေးဇူးတင်ပါတယ်။ (သတိထားမိသလောက် မဗေဒါရဲ့ လက်ချိုးရေလို့ရတဲ့ အခင်ဆုံးသူငယ်ချင်းတွေအကုန်လုံးနီးပါးက သူတို့အကြောင်း အလွန်မှ လျှိုကြတဲ့သူတွေများပါတယ်။)

အဲ့ဒါကြောင့် မဗေဒါနဲ့သာ စာဖတ်သူတွေ အပြင်မှာ ခင်မင်ခွင့်ရမယ်ဆိုရင် မဗေဒါရဲ့ ပွင့်လင်းမှုကို သည်းခံနိုင်ကြပါ့မလားလို့ စိုးရိမ်မိရင်း အောက်က ဆောင်းပါးလေးကို ရေးချင်လာမိတယ်။

ပွင့်ပွင့်လင်းလင်းနဲ့ ဟန်မဆောင်ပဲ စိတ်ထဲရှိတဲ့အတိုင်း နေတတ်၊ပြောတတ်တဲ့ သူတစ်ယောက်အတွက် ကောင်းတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဟန်ဆောင်စရာမလိုအပ်ပဲ ကိုယ့်စိတ်ရင်းအတိုင်းပြောဆိုတဲ့အတွက် စိတ်မလုံမလဲဖြစ်မနေတတ်ပါဘူး။ ဖုံးအုပ် ဟန်ဆောင်နေစရာ သိပ်မရှိတဲ့အတွက် တစ်လိမ်ပေါ် နှစ်လိမ်ဆင့်ဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတော်တော်များများ မရှိပါဘူး။ ကိုယ်ဘာလိုချင်လဲဆိုတာကို အသေအချာသိတဲ့အပြင် အဲ့ဒိ ကိုယ်လိုချင်တာကိုလဲ သွယ်ဝိုက်ပြီး လျှောက်မပြောနေပဲ တခြားလူတွေ သိအောင် တည့်တည့်ပြောရမှာလဲ ဝန်မလေးတဲ့သူတွေပေါ့။ သူတို့ဟာ ဆုံးဖြတ်ချက်ကို အသေအချာချဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူတွေဖြစ်ပြီး ဆုံးဖြတ်ချက်မှားသွားခဲ့ရင်လဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုတဲ့အတွက် နောင်တသိပ်မရှိတတ်ပါဘူး။ သူတို့ဟာ သူငယ်ချင်းအပေါင်းအသင်းတွေကိုလဲ စိတ်ရင်းအတိုင်း (Sincere) ဖြစ်ဖြစ်ပေါင်းလေ့ရှိတဲ့အတွက် သူတို့ စိတ်ထဲမှာ အထီးကျန်ဆန်မှုဆိုတာ သိပ်မရှိပါဘူး။ ၂မျိုးပဲရှိမယ်။ သူတို့ ခင်ရင်ပေါင်းမယ်၊ မခင်ရင် မပေါင်းဘူး။ မခင်ပဲနဲ့ ဟန်လုပ်ပေါင်းနေရင် ဘယ်လောက် အပေါင်းအသင်းများများ ကိုယ့်စိတ်ထဲက သူငယ်ချင်းအပေါင်းအသင်းရဲ့ နွေးထွေးမှုကို မခံစားနိုင်တဲ့အပြင် ကိုယ့်စိတ်နဲ့နှိုင်းပြီး အားလုံးကို လိုက်သံသယဝင်နေတဲ့အတွက် အမြဲပဲ အထီးကျန်သလိုဖြစ်နေတတ်တယ်လို့ ထင်ပါတယ်။

သူတို့ဟာ သူတို့ကိုယ်တိုင်လဲ စိတ်ထဲရှိတာတွေကိုပြောတတ်သလို။ သူများတွေကိုလဲ အဲ့လိုပဲ ပြောဖို့ မျှော်လင့်တတ်ကြတယ်။ ကံဆိုးစွာပဲ လူတော်တော်များများက သူတို့လို မဟုတ်တဲ့အတွက် အသိုင်းအဝိုင်းကြားမှာ အရိုင်းအစိုင်း၊ စကားပြောလို့မကောင်းသူ၊ ကိုယ်ချင်းမစာတတ်သူ စသည်ဖြင့် နာမည်တပ်ခံရလေ့ရှိပါတယ်။ တစ်ခါတစ်လေ ပွင့်လင်းမှုဆိုတာ တစ်ချို့လူတွေအမြင်မှာ ရိုင်းနေတတ်သေးတယ်လေ။ ဒီတော့ စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတွေ ကြုံတွေ့နေကျ အချက်လေးတွေကို အင်တာနက်မှာတွေ့သလောက် ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်လေးတွေကို ရေးချပါရစေ။

၁။ သူတို့ရဲ့ စိတ်ရင်းအတိုင်း ပြုမူခြင်း၊ ဖွင့်ပြောခြင်းဟာ တစ်ခါတစ်လေမှာ ရိုင်းစိုင်းမှုအဖြစ်ထင်မြင်ခံရတယ်။



သူတို့ဟာ သူတို့ စိတ်ထဲမှာတွေးတဲ့အတိုင်း ပါးစပ်က ထွက်လာတတ်တယ်။ တစ်ယောက်ယောက်ကများ ကိုယ်မကြိုက်တာလုပ်နေရင် အဲ့ဒိလူ နာကျင်ပါစေဆိုတဲ့ စိတ်ထားမရှိပေမဲ့ သူတို့ ပါးစပ်က အလိုလို ပြောမိလိုက်ရောပဲ။

ဖြစ်စဉ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့စိတ်ထဲရှိတာကို မပြောပဲ သွယ်ဝိုက်ပြောနေရင် တည့်တည့်ပြောဖို့ ဒဲ့မေးထည့်လိုက်တာမျိုး။ ရထားပေါ်မှာ ရေမွှေးပုလင်းမှောက်အောင် စွတ်လာတဲ့ လူဘေးလာရပ်ရင် ပေါ်တင်ပဲ နှာခေါင်းပိတ်နေတာမျိုး။

၂။ သူတို့ပြောလိုက်တဲ့စကားကြောင့် တစ်ချို့လူတွေခံရခက်ခက်ဖြစ်တတ်တယ်။ (တစ်ခါတစ်လေ စိတ်ဆိုးသွားတဲ့အထိပဲ)


သူတို့က သူတို့အတွေးနဲ့ နာကျင်လိုစိတ်မပါပဲ ပြောလိုက်တဲ့ စကားတွေကြောင့် လူတွေ စိတ်ဆိုးသွားတဲ့ အခါတွေနဲ့ အများကြီး ကြုံရတယ်။ လူတော်တော်များများက စကားကို အထအနကောက်တတ်ကြတဲ့အတွက် လူတော်တော်များများဟာ သူတို့မရည်ရွယ်တဲ့ အဓိပ္ပါယ်တွေကောက်ပြီး ဖင်နာသွားတတ်ကြတယ်။ ဒါပေမဲ့ အဲ့လို ဖင်နာတွေကိုလဲ သူတို့ဟာ သိပ်လဲ ဂရုစိုက်မနေတတ်တဲ့အတွက်ကြောင့် သူတို့ရဲ့အကျင့်ကိုလဲ ပြင်ဖို့ စိတ်ကူးမရှိဘူး။

တစ်ခုတော့ရှိတယ်။ အဲ့လိုဖင်နာတွေများလာပြီး စုမိသွားရင်တော့ သူတို့ရဲ့လူမှုအသိုင်းအဝိုင်းပွဲတွေမှာ ကိုယ့်ကို မဖိတ်တော့တာတို့။ Gathering လုပ်ရင်တောင် ကိုယ့်ကိုချန်ခဲ့တာမျိုးတွေ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး သူတို့ကလဲ အဲလို ဟန်ဆောင်ပေါင်းသင်းရမဲ့ နေရာမျိုးတွေကို အပင်ပန်းခံပြီးမှ မသွားချင်တာ။

ဖြစ်စဉ်။
လူ၁။ ။ ငါဗီယက်နမ်ကော်ဖီသောက်ချင်လို့ ဘယ်မှာဝယ်ရမလဲ မသိဘူး။
လူ၂။ ။ ငါ့ဆီမှာ တစ်ထုတ်ရှိတယ်။ ဖောက်တော့ဖောက်ပြီးသားပဲ ဒါပေမဲ့ နင်လိုချင်ရင်ပေးမယ်။
မဗေဒါ။ ။ (စိတ်ကောင်းစေတနာကောင်းနဲ့ လူ၁ ယူရမှာ အားနာနေမှာစိုးတဲ့ အတွေးနဲ့ ဝင်ပြော)နင်အားမနာနဲ့နော်။ လူ၂ က ဝယ်ပြီးမှ မကြိုက်လို့ မသောက်ချင်တော့လို့ နင်စိတ်အေးအေးနဲ့ ယူလို့ရတယ်။
လူ၁။ ။(တော်သေးသည်။ စိတ်တော့မဆိုးသွားပေမဲ့ ခံရခက်သွားသော ပုံစံဖြင့် ရီကာပြန်ပြောသည်) နင်ကတော်တော် တည့်ထိုးပြောတတ်တာပဲ။ အရောင်းဝန်ထမ်းလုပ်လို့တော့ ဖြစ်မှာမဟုတ်ဘူး။

စာကြွင်း။ ။ ပြီးခဲ့တဲ့အပတ်ကမှ အဲ့ကိစ္စဖြစ်သွားလို့ ဒီပိုစ့်ရေးချင်သွားမိတာဖြစ်သည်။ ထိုသူက စိတ်ထဲမှတ်ပြီး စိတ်ဆိုးတတ်သည့် လူမျိုးမဟုတ်ပဲ မဗေဒါကို နားလည်သောကြောင့် တော်သေးသည်။ မဗေဒါမှာ အဲ့လိုမျိုး အဖြစ်အပျက်တွေ အများအပြားရှိသည်။ ကိုယ်ကတော့ ကိုယ့်စိတ်နဲ့ ယှဉ်ပြီးပြောချင်းဖြစ်သည်။ သူယူရမှာ အားနာနေမှာစိုးသဖြင့် တစ်ဖက်လူအတွက်လဲ အလကားဖြစ်နေမဲ့အတူတူ တစ်ဦးတစ်ယောက်အတွက် အသုံးဝင်သွားတာ ပိုတောင်ကောင်းသေးသည် ဆိုသည့်အတွေးဖြင့်ပြောခြင်းဖြစ်သည်။ ကိုယ့်ကို ခုလိုပြောလျှင်လဲ စိတ်ဆိုးမည်မဟုတ်။ သူများပစ္စည်းဟူသည် အလကားရသည်မရှိ။ ကိုယ့်ကို အလကားတစ်ခုခုလာပေးနေလျှင် နောက်တွင် ရည်ရွယ်ချက် တစ်ခုခုရှိသည်ချည်း။ အဲ့ဒါကြောင့် ခုလို ပိုနေလို့၊ မလိုချင်တော့လို့၊ မကုန်လို့ ပေးသည်ဆိုသည့် အကြောင်းပြချက်သည် မဗေဒါအတွက်တော့ စိတ်သန့်သန့်လက်ခံချင်သော အကြောင်းပြချက်များဖြစ်သည်။ ဒါကို တော်တော်များများကတော့ အကျန်မို့ပေးသည်။ သူများမလိုချင်တာယူရတာ အောက်ကျသည်။ စသည်ဖြင့် ဘာလို့အတွေးချော်ကြမှန်းတော့ နားမလည်နိုင်။ သူများမလိုချင်လို့ပေးသည်ဆိုလျှင်တောင်မှ ကိုယ့်အတွက် အသုံးဝင်နေဖို့က အဓိက မဟုတ်ပါလား။ အကြောင်းပြချက်သိတော့ စိတ်အေးလက်အေးတောင် ယူလို့ရသေးတယ် မဟုတ်ပါလား။ မဗေဒါအတွက်တော့ လူတစ်ယောက်က ကိုယ့်ကို တမင်တကာ နှိမ်ချင်လို့ ထိုသို့အကြောင်းပြချက်များဖြင့် ကိုယ်လိုအပ်နေသည့်အရာတစ်ခုကို လာပေးလျှင်တောင် နှိမ်သည်ဟု ထင်မိမှာ မဟုတ်သည့်အတွက် သိမ်ငယ်သွားမှာ မဟုတ်တဲ့အပြင် ထိုသူ၏ နှိမ်ရန် ကြိုးပမ်းမှုသည် အချည်းနှီးသာဖြစ်သွားပေလိမ့်မည်။

၃။ သူများအတွက် နာကျင်နေလျှင်တောင် အမှန်တွေချည်း မြင်တဲ့အတိုင်းပြောတတ်သည်


လူတော်တော်များများက အမှန်ကို အမှန်အတိုင်းလက်ခံနိုင်ကြသူ ရှားသည်။ သို့သော် သူတို့ကတော့ အမှန်အတိုင်းပင်ပြောအုံးမှာပဲဖြစ်သည်။ တခဏတာ အနာကျက်အောင် ဖြေသိမ့်ပေးလိုက်ခြင်းသည် နောက်ပိုင်းတွင် အနာပုတ်သိုးသွားပြီး ကုရာနတ္ထိဆေးမရှိသည်အထိကြီးသွားနိုင်သည်ဟု သူတို့ ယုံကြည်သည်။ ထိုသို့ အဖြစ်ခံမည့်အစား အရှိကို အရှိအတိုင်း ကောက်ချက်ချ အကြံပေးတတ်ကြသည်။
အသည်းကွဲသူများအတွက်တော့ သူတို့ကို ရင်ဖွင့်အကြံဉာဏ်တောင်းရန် ရှောင်သင့်သည်။ သူတို့က သင့်ခံစားချက်ကို နားလည်ပေးနိုင်သော်လည်း အခြေအနေ အမှန်အတိုင်းကိုသုံးသပ်ဖွင့်ပြောမည်ဖြစ်သဖြင့် တဖက်လူကြားချင်သော၊ တစ်ဖက်သား လိုချင်သော စကားလုံးများ အကြံဉာဏ်များကို ပေးချင်မှ ပေးလိမ့်မည်။

ဖြစ်စဉ်။ ။ အကြီးအကျယ်အသည်းကွဲနေသော ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်က သူ့ကို ပက်ပက်စက်စက် ညာချကာ ပစ်သွားသော သူ့ချစ်သူကောင်မလေးကို လက်ဆောင်ပစ္စည်းများထပ်ပေးလျှင် ပြန်ရနိုင်မည်ထင်ပါသည်ဟု ရှိုက်ကြီးတငင်ငိုကာပြောနေသည်။ သူဘယ်လောက် အနစ်နာခံချစ်ခဲ့ပေမဲ့ ထိုကောင်မလေးက သူ့ကိုထားသွားကြောင်း။ ဒါပေမဲ့ ထိုကောင်မလေးက ပြန်လက်ခံမည်ဆိုလျှင် ပြန်ဆက်ချင်ကြောင်းပြောနေသည်။ သူပြောသမျှ မဗေဒါ နားထောင်ပေးသည်။ အသည်းကွဲသည်ဆိုသည်ကို မဗေဒါလဲ ခံစားဖူးသဖြင့် ထိုသူကို အကြွင်းမဲ့ ကိုယ်ချင်းစာသည်။ ဒီတစ်ဒင်္ဂ အချိန်လေးကိုသာ ကျော်ဖြတ်နိုင်လျှင် သူ့အတွက် ထိုက်တန်သူနောက်တစ်ယောက်နှင့် ထပ်တွေ့နိုင်သေးသည်ဟု ယုံကြည်သည်။ ထိုအချိန်တွင်သူက

အသည်းကွဲသူ။ ။ ငါဘာဆက်လုပ်ရမလဲ? သူငါ့ကို သံယောဇဉ်တော့ ရှိအုံးမှာ ဟုတ်တယ်မဟုတ်လား?

မဗေဒါ။ ။ (အလွန်တရာမှ ကိုယ်ချင်းစာသော မျက်နှာဖြင့်)။ ငါ့အမြင်တော့ နင့်အဖြစ်က တော်တော်နွားကျနေပြီ။

ထိုသူ ‘အင်’ကနည်းတော့ ဖြစ်သွားသည်။ ကိုယ်အပြင်လူအနေနဲ့ အမြင်အရတော့ ထိုကောင်မလေးကို ပြန်ရလျှင်ရော သူတို့ Relationship က အရင်အတိုင်း အက်ရာမရှိပြန်ကောင်းမည်ဆိုသည်မှာ မဖြစ်နိုင်။ ကောင်မလေးနဲ့ ပြန်ဖြစ်နိုင်ပါသေးတယ်ဆိုပြီး မဟုတ်တာကို ယာယီနှစ်သိမ့်မှုပေးကာ ရောဂါလဲ မရှည်ကြာစေချင်။ အသည်းကွဲသူအတွက် ပထမအဆင့်က ပြတ်သွားပြီဆိုတာကို အသိအမှတ်ပြုဖို့ပဲ မဟုတ်ပါလား။ သူပြောသမျှ နားထောင်ပေးရင်း ကိုယ်ပြောချင်နေတာတွေကို မပြောပဲ ပါးစပ်ပိတ် ထားနိုင်သေးသည်။ ခုလို မဗေဒါရဲ့ အမြင်ကို သူမေးတော့လဲ အမှန်အတိုင်းဖြေရမည်ပင်။

၄။ တပါးသူကို မျှော်လင့်ချက်အတုအယောင်ပေးခြင်းသည် တစ်ခါတည်း ရှင်းရှင်းလင်းလင်းပြောလိုက်ခြင်းထက် ပိုရက်စက်သည်ဟု ထင်သည်။


သူတစ်ပါး ခံစားချက်ကို နာကျင်သွားမည်စိုးသည်ကို သိပ်မစဉ်းစားတတ်။ အဲ့လိုအတွေးမျိုးကိုး လုံးဝခေါင်းထဲမရှိသူ။
တချို့သူတွေအထင်မှာ “ငါဒါမျိုးတိုက်ရိုက် ပြောလိုက်ရင် ဘယ်သူ့ကတော့ နာကျင်သွားလိမ့်မယ်” ဆိုတဲ့ အခြေအနေမျိုးတွေမှာ သူတို့ကတော့ သူတို့ စိတ်ထဲတွေးတဲ့အတိုင်း ဘယ်အချိန်မေးမေးပြောမည်သာ။

ဖြစ်စဉ်။ ငယ်ငယ်က စကားလိုက်ပြောသော လူတစ်ယောက်ကို သူ့ထက် သူ့ညီကို ခင်ချင်တာဖြစ်ကြောင်း၊ သူအထင်လွဲပြီး ရောဂါပိုရင့်သွားမှာစိုးလို့ ရှင်းပြလိုက်သည်။ သူပဲ ချစ်ပါသည် အရင်ကတော့ လိုက်ပြောပြီးတော့ နောက်ပိုင်း လမ်းတွေ့လျှင်တောင် ထိုသူက ကိုယ့်ကို မျက်စောင်းစထိုးသည်။ ခက်ပါရောလား။ အဲ့လိုမပြောပဲ ကြိုးရှည်ရှည်နှင့် လှန်ပြီး သူ့ကို အသုံးချမည့် မိန်းမမျိုးက ပိုမရက်စက်ပေဘူးလား?

၅။ သူဌေးအစရှိတဲ့ အကြီးအကဲများလဲ သိပ်မကြောက်တတ်။ ဒါပေမဲ့ ကိုယ့်အကျင့်ကိုယ်သိသဖြင့် အတတ်နိုင်ဆုံး ခပ်ဝေးဝေးနေသည်။


တခြား လုပ်ဖော်ကိုင်ဖက်တွေက အကြီးအကဲမို့ ကပ်ဖားကာ အကြိုက်လိုက်ပြော၊ လိုက်လုပ်နေတတ်ပေမဲ့ သူတို့ကတော့ အဲလိုမဟုတ်။ ကိုယ့်ထက်ရာထူးကြီးလို့ လေးစားသမှုပေးသလို သူ့ရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြု အလေးထားသော်လည်း လူလူချင်းတန်းတူဟုသာမြင်သည်။

သူတို့ကိုပေးသမျှ အလုပ်တွေကို တာဝန်ကျေအောင်လုပ်ပေးတတ်ကြသော်လည်း သူတို့ကို နှိမ်ချိုးပြီးပြုမှုခိုင်းစေသည့်ကိစ္စများကိုတော့ သူတို့ လက်ခံမည်မဟုတ်ချေ။ ကိုယ့်အားကိုယ်ကိုးကာ ကိုယ့်လုပ်စာကိုယ်စားနေသူချင်းအတူတူ သူတို့သည်လဲ လေးစားမှုခံယူထိုက်သူဟု ယုံကြည်သည်။

ထို့ကြောင့်သူတို့သည် သဘောကောင်းသော သူဌေးများဖြင့်သာ သင့်တော်တတ်သည်။ အမြှောက်ကြိုက် ဘက်လိုက်သော သူဌေးများ မျက်မုန်းကျိုးသည်။ လစာဘယ်လောက်ကောင်းကောင်း အခွင့်ရေးဘယ်လောက်ရရ “Devil wear prada” ကားထဲက သူဌေးမျိုးကိုဆိုလျှင်တော့ အလုပ်မထွက်ခင်ကို အသေအချာ စိတ်ထဲရှိတာ ပြောပြီးမှ ထွက်မည့်သူစား။ (Back stub တော့ လုပ်မည်မဟုတ်)။

ဖြစ်စဉ်။ ။ GM က မဗေဒါကို report တစ်ခု ပြင်ဆင်ခိုင်းသည်။ မဗေဒါပြင်ထားသမျှကို အကြိမ်ကြိမ် perfect မဖြစ်သရွေ့ ပြင်ခိုင်းသည်။ သူထောက်ပြသမျှ အကြောင်းပြချက်တွေခိုင်လုံနေသည်ဟု လက်ခံသဖြင့် မညီးမငြူ ပြင်ပေးခဲ့သည်။ နောက်ဆုံးတစ်ခေါက်တွင်တော့ သူပြောသည့်အကြောင်းပြချက်သည် သိပ်မခိုင်လုံဟုထင်သဖြင့် Department တစ်ခုလုံး၏ GM ကို ကိုယ့်အမြင်လေး ပြန်ပြောမိတော့သည်။

GM။ ။ ဒီမှာကြည့် ဒီလိုင်းလေးကို ဟောဒီလိုလေး နည်းနည်းလေး ကျဉ်းလိုက်ရင် ပိုကြည့်မကောင်းသွားဘူးလား။

မဗေဒါ။ ။ (ကိုယ့်အမြင်အရတော့ ပိုကြည့်မကောင်းသွားပါ ဒီတော့…) ဒါကတော့ တစ်ဦးတစ်ယောက်ရဲ့ အကြိုက်နဲ့ပဲ ဆိုင်မယ်ထင်တယ် သူဌေး။ ဒါပေမဲ့ သူဌေးလိုချင်သလို ပြင်ပေးပါ့မယ်။ ကျွန်မကတော့ စောစောကဟာ ပိုကြည့်ကောင်းတယ်လို့ ထင်ပါတယ်။

သူဌေးကလဲ သူ့ဟာ မကောင်းဘူးပြောရင် မကြိုက်တဲ့သူဆိုတော့ သူ့အကျင့်အတိုင်း “ No… No. No No” ဆိုပြီး ပြန်ညင်းနေသေးတယ်။ မဗေဒါလဲ “ဟုတ်။ ပြင်ပေးမယ်” စိတ်ထဲကတော့ နင့်အကြိုက် ဆိုတာလေး ရှေ့ကထည့်ပြောလိုက်တာပေါ့။

၆။ ဒုံးဝေးတဲ့ သူတွေ၊ အလိုက်ကန်းဆိုး မသိတဲ့သူတွေ၊ ငကြွားတွေ အတွက် သည်းခံနိုင်စွမ်း သိပ်မရှိဘူး။


ငတုံးတွေနဲ့ ပတ်သတ်ရပြီဆိုရင် သူတို့ကို နားလည်သည်းခံ စိတ်ရှည်ဖို့ထက် ကိုယ့်မျက်လုံးသာ ကိုယ် အက်ဆစ်နဲ့ပက်လိုက်ချင်သလို သူတို့ ခံစားရတယ်။
ငတုံးတွေ ငကြွားတွေအတွက် သင့်အချိန်ကိုပေးနေရတယ်လို့ ထင်လာရင် သူတို့အရင်ဆုံးအဲ့ဒိနေရာကနေ ထထွက်သွားဖို့ လိုလာပြီလို့ထင်တယ်။ အဲလိုမှပဲ သူတို့ကို မအော်မိ၊ မျက်နှာပေး မပေးမိမှာလေ။
ဖြစ်စဉ်။ ။ အလုပ်ထဲမှာ ကိုယ်နဲ့အလုပ်အတူဝင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ကိုယ့်အဖေအရွယ်လောက်ဆိုတော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ သူလုပ်ထားပြီး ပြဿနာကြီးပြီဆိုမှ ခွင့်တွေကောက်ယူပြီး ကိုယ်က သူ့ပြဿနာတွေကို urgent ဆိုပြီး ဒိုင်ခံဖြေရှင်းရတယ်။ ကိုယ်ဖြေရှင်းပြီးတော့ သူခွင့်ကပြန်လာပြီး။ I know, I know လုပ်တယ်။ ဘာတွေလုပ်ဖို့ လိုအပ်သေးတယ်။ မသိရင်မေးပါပြောလဲ I know, I know လုပ်တယ်။ နောက်ပိုင်း အလုပ်တွေအကုန် ကိုယ်ပဲ ဒိုင်ခံလုပ်တယ်။ သူလုပ်လို့ ပြဿနာကြီးလာလို့ ဖြေရှင်းရတာထက် ကိုယ့်ဟာကိုယ်တစ်ကြိမ်ပဲ လုပ်ရတာ ပိုအဆင်ပြေတယ်။ သူကတော့ လူကြီးကို မလေးစားဘူးလို့စွပ်စွဲတယ်။

ငကြွားတွေနဲ့တွေ့ရင်တော့ စိတ်ရှိရင် မသိချင်ယောင်ဆောင်ပြီးပဲ နားထောင်တယ်။ အပျင်းပြေပေါ့။ ဘယ်လောက်များကြွားနိုင်မလဲလို့။ စိတ်မရှိရင်တော့ ထထွက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေနဲ့ပြောတာ လူတိုင်းပြောနိုင်တယ်။ အနောက်က အလုပ်နဲ့သက်သေမပြနိုင်ရင်တော့ ငကြွား၊ ငပေါကြီးတွေပဲ ဖြစ်ကြမှာပဲ။

၇။ သူတို့လို ပွင့်ပွင့်လင်းလင်း မနေနိုင်တဲ့သူတွေက သူတို့ကို မျက်မုန်းကျိုးလာကြတယ်။


သူတို့က သဘောရိုးနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံသလောက် ဟန်ဆောင်ပန်ဆောင်လုပ်သူတွေ မနာလိုတိုရှည်ဖြစ်နေတဲ့ သူငယ်ချင်းတွေကို သိတာနဲ့ သူတို့ဘဝထဲက ထုတ်ပြစ်ဖို့ ဝန်မလေးကြဘူး။ သူတို့က အမြဲ တည့်တည့်မတ်မတ်ပဲနေတတ်တဲ့သူတွေလေ။ ကွေ့ကောက်နေတဲ့ အပေါင်းအသင်းပေါင်းပြီး ၂ဦး ၂ဘက်ဘာအကျိုးရှိမှာလဲ လို့ တွေးတတ်ကြတယ်။
ဖြစ်စဉ်။ ။ တော်တော်လေး ရင်းနှီးပြီးမှ ကိုယ့်အပေါ် စိတ်ရင်းမမှန်၊ နောက်ကျောဓားနဲ့ထိုးတဲ့ သူငယ်ချင်း ၂ယောက်ကို ဘဝထဲက လုံးဝမေ့ထားတယ်။ ဒေါသထွက်တယ် စိတ်ဆိုးတယ်ဆိုတာတွေနဲ့တောင် မထိုက်တန်ဘူးလို့ထင်တယ်။

ဘာရယ်မဟုတ်ပါဘူး။ ဘလော့လေးကို ပုံမှန် Update လေးလုပ်ချင်တာနဲ့ ရေးလိုက်တာပါ။
မဗေဒါ စာဖတ်သူတွေမှာရော ခုလိုမျိုး Straightforward လူမျိုးတွေရှိလား? ဘယ်အချက်တွေတိုက်ဆိုင်လဲ?
မဗေဒါလို လူ့ဂွစာနဲ့ အပြင်မှာတွေ့ရင်ရော စိတ်မဆိုးပဲ ဘယ်လောက်ကြာကြာနေနိုင်မယ်ထင်လဲ?
သိပ်တော့ မလန့်ပါနဲ့။ ခုမှ စတွေ့တဲ့သူကို တန်းပြီး Straightforward အရမ်းဖြစ်တဲ့အထိတော့ မဗေဒါ အခြေအနေက မဆိုးသေးပါဘူး။ :P

Monday, May 21, 2012

မောင် ညီမလေးတို့ရေ…


ဟိုးရှည်ရှည်တုန်းက စာမေးပွဲနီးမှ စာတွေကို ကပ်ကပ်ပြီးကျက်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့… အဲဒိကောင်မလေးက အနီးကပ်မှ စာကျက်ပေမဲ့ အမှတ်ထွက်လာရင်လဲ အပြည့်မရသော်ငြား အတန်အသင့်မြင့်တဲ့အမှတ်ကိုရသတဲ့… ဒီတော့ သူမဟာ ဥာဏ်ကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ခံယူထားသလို မိဘတွေရဲ့ ဥာဏ်ကောင်းတယ်ဆိုတဲ့ ချစ်စနိုးနဲ့ ချီးမွှမ်းစကားတွေကိုလဲ မှန်ကန်တယ်လို့ ကောက်ချက်ချထားသတဲ့… သူမဟာ ရုပ်မြင်သံကြားကပြတဲ့ ဇာတ်လမ်းတွဲပေါင်းစုံကိုလဲ အလွတ်မပေးအကုန်ကြည့်သတဲ့… အဲဒိကောင်မလေး ၁၀တန်းရောက်တော့ ကျူရှင်တွေ မနားတမ်းတက်ပြီး ဆရာတွေကလဲ စာမှန်မှန်မေးလို့ ကျက်ရတာရော… အိမ်ကလဲ တခြားအပျော်အပါးတွေလျော့လိုက်ပြီး စာကိုပိုဦးစားပေးလာတာရော… တခြားကိစ္စဘာမှ ပူပင်စရာမလိုပဲ စာကိုပဲခေါင်းထဲထားရတာရော… ၁၀တန်းလေးမှမအောင်ထားရင် လိပ်ကိုပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်နေမယ်ဆိုတဲ့ ဆိုရိုးကို ကြောက်စိတ်ကြောင့်ရော… သူမ စာကို အထိုက်အလျောက်မှန်မှန်ကျက်ခဲ့ပါတယ်… ဒါတောင် ကောင်မလေးရဲ့ဝါသနာ ဇာတ်လမ်းတွဲကြည့်ခြင်းကိုတော့ တားဆီးလို့မရခဲ့ပါဘူး… သူမကို ဇာတ်လမ်းတွဲပေးကြည့်ရင် ကျန်တဲ့အချိန်ခဏကို စာစိတ်ပါဝင်စားစွာလုပ်လိုက်တာနဲ့ သူမဟာ စာရသွားတတ်ပါတယ်… သို့သော် သူမစိတ်ထဲတွင်တော့ မိဘများ ပြောနေကျစကားအတိုင်း “၁၀တန်းပြီးရင် ကြိုက်တာလုပ် ခု ဒီနှစ်တော့ ကြိုးစားလိုက်ဦး” ဆိုတဲ့စကားကို အာမခံချက်ယူကာ ၁၀တန်းပြီးလို့ကတော့ လုံးဝကို ကျောင်းမတက်ပဲ အကြာကြီးနေပြစ်မယ်လို့ စိတ်ကူးခဲ့ပါတယ်… ဒီလိုနဲ့ သူမဟာ ၁၀တန်းကိုလဲ ဂုဏ်ထူးတွေအများကြီးနဲ့ အောင်ခဲ့ပါတယ်…

ဒါပေမဲ ၁၀တန်းပြီးတော့လဲ စကာင်္ပူမှာ ပေါ်လီတက်ဖို့ မိဘတွေက တိုက်တွန်းပြန်တယ်… ၁၀တန်းလောက်ခက်ခဲတဲ့ စာမေးပွဲမဟုတ်ပင်မဲ့ စာကျက်ပျင်းတဲ့သူမ စကာင်္ပူဆိုတဲ့ အသံကြားတာနဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်… သူမသိတယ် နိုင်ငံခြားမှာ မိဘနဲ့ဝေးပြီး စာကျက်ရုံတင်မကဘူး အိမ်မှုကိစ္စ ပိုက်ဆံစီမံခန့်ခွဲသုံးမှု စားဖို့သောက်ဖို့ အဆင်သင့်ချက်ပေးမဲ့သူမရှိမှု နဲ့ ယဉ်ကျေးမှု အတွေးအခေါ် စကားပြောမတူညီမှုတွေကို ညှိနှိုင်းနေရတော့မယ်… အိမ်ကမိဘတွေကလဲ ပညာဆိုတာ ငယ်ရွယ်စဉ်မှာ သင်ယူရတာ ပိုလွယ်ကူကြောင်း အသက်ကြီးလျှင်ခက်ခဲကြောင်း ဖြောင့်ဖြမှုကိလဲ သိပ်တော့ နားမလည်သလို လက်လဲ မခံချင်ခဲ့ပါဘူး… “စာပဲ ဘယ်အရွယ်ကျက်ကျက် ရပါတယ်” လို့ပဲ စိတ်ထဲက အထွန့်တက်ချင်ခဲ့တယ်…  အဲဒိအချိန်က နိုင်ငံခြားမှာမှ ပညာသွားမသင်ရင် မြန်မာ့ပညာရေးကလဲ အသက်မွေးဝမ်းကျောင်းမှုအတွက် အခက်ဖြစ်စေတာမို့ သူများတွေနဲ့ယှဉ်ရင်ကိုယ်ကျန်ခဲ့မှာစိုးတဲ့စိတ်ကြောင့် စာမေးပွဲကို သူမ ပေါ့ပေါ့တန်တန်တော့ မဖြေခဲ့ပါဘူး… အရမ်းမကြိုးစားခဲ့ပင်မဲ့ ၀င်ခွင့်စာမေးပွဲကိုလဲ သူမ တစ်ခါတည်းနဲ့ အောင်မြင်ခဲ့တယ်… အဲဒိအခါမှ သူမဟာ ကိုယ့်ကိုကိုယ် ဟုတ်လှသားပဲလို့ ထင်ခဲ့မိတယ်…

ဒီလိုနဲ့ အသက် ၁၈နှစ်ပြည့်ခါနီးအရွယ်မှာပဲ စကာင်္ပူမှာ ပေါ်လီကျောင်းတဖက် အချိန်ပိုင်းအလုပ်တဖက်နဲ့ ကျောင်းတက်ခဲ့တယ်… မြန်မာနိုင်ငံနဲ့ စာသင်ပုံခြင်းကွာခြားချက်က စကာင်္ပူမှာ ဆရာတွေက မြန်မာပြည်က ဆရာတွေလို ထမင်းလုပ်ပါးစပ်ထဲအရောက် ကျွေးသလို သင်တာမဟုတ်ဘူး… ပထမတစ်ရက်ကျောင်းသွားတက်တဲ့ အတန်းမှာတင် သင်ခန်းစာ ၃ခုလောက်ပြတ်အောင်သင်သွားတယ်… သူမက ခုမှ ဘာသာအတွက် မိတ်ဆက်ပြောနေတယ်လို့ အတန်းချိန် တစ်ဝက်လောက်အထိထင်ခဲ့တယ်… နောက်မှ သင်ခန်းစာတွေလှန်ပြီးကြည့်တော့မှ ၁နာရီအတွင်း သင်ခန်းစာတစ်ခုပြီးသွားပြီး နောက်တစ်ခုစနေပြီ… ပေးထားတဲ့ ဖတ်စာအုပ်ထဲက ပါဝါပွိုင့်နဲ့စလိုက်ရှိုးလေးတွေမှာတော့ အဓိကသိသင့်တဲ့ သီအိုရီတွေ အီကွေးရှင်းလေးတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေလောက်ပဲ ရှင်းရှင်းလင်းလင်းရေးထားတယ်… သူမအတွက်ကတော့ ဒီလောက်စာလေး ပျင်းတောင်ပျင်းသေးပေါ့လို့ ထင်ခဲ့တယ်… ၁၀တန်းတုန်းကစာတွေ ဒိထက်တောင်များသေးလို့… ဒီလိုနဲ့ သူမငယ်ငယ်က ပုံစံအတိုင်း ခပ်ပေါ့ပေါ့ပဲ အလုပ်သွားလိုက် တီဗွီကြည့်လိုက်နေတယ်… ဒါတင်မကဘူး ခုကျတော့ မိဘနဲ့ဝေးတဲ့အခါကျတော့ ခါတိုင်း မိဘဖြေရှင်းပေးနေကျ အသေးအဖွဲကိစ္စလေးတွေကအစ ကိုယ့်ခေါင်းထဲမှာ စဉ်းစားလာရတယ်… ဥပမာ ဈေးသွားပြီး ဘာဝယ်ရင်ကောင်းမလဲ၊ မနက်ဖြန်ဘာချက်ရပါ့၊ အလုပ်ကို ဘယ်နေ့ဘွင်ကင်တင်ရင်ကောင်းမလဲ၊ စသည်ဖြင့်ပေါ့… ဒီကြားထဲမလဲ မြန်မာပြည်က ရောက်စ (အဲဒိအချိန်တုန်းက) ကွန်ပြူတာကောင်းကောင်းမကိုင်တတ် အင်တာနက်ဆိုတာ မမြင်ဖူး… ဒေါင်းလုပ်ဆိုတာ ဘာမှန်းမသိ အက်ပလုပ်ဆိုတာ ဘာမှန်းမသိ စတဲ့ ကွာခြားတဲ့ လက်တွေ့ပညာရေးစနစ်ကိုလဲ ယက်ကန်ယက်ကန်နဲ့ ပါလာခဲ့တယ်… အရာရာဟာ သူမငယ်ငယ်ကလို အလွတ်ကျက်ရုံနဲ့ မရတော့ဘူး… လက်တွေ့လုပ်ရတာတွေပါလာတယ်…

ဒီလိုနဲ့ စာမေးပွဲကြီးနီးလာလို့ အနီးကပ်ကျမှ စာကို တပွဲထိုးကျက်မယ်လဲ လုပ်ရော… သူမ ဒုက္ခရောက်ပါလေရော… အတန်းထဲမှာ ပြောသွားတဲ့ စာအုပ်ထဲက ပါဝါပွိုင့်စလိုက်တွေကိုနားလည်သလိုလိုရှိပေမဲ့ စာအုပ်နောက်က လေ့ကျင့်ခန်းတွေက ခက်လိုက်တဲ့ဖြစ်ခြင်း… ရှေ့က ပါဝါပွိုင့်တွေကို အသုံးချပြီး စဉ်းစားရပင်မဲ့ လှည့်ပတ်ထားတော့ သူမ မဖြေရှင်းတတ်ဖြစ်ခဲ့ရတယ်… ပုံမှန်စာကျက်ထားခြင်းမရှိလေတော့လဲ ဟိုးရှေ့က အခန်းတွေကို ကောင်းစာ မကျေညက်တော့ဘူး… ကံကောင်းထောက်မစွာ မေခလာနတ်သမီး မကိန်းစိုက်တော့ ကိုယ့်ကို ဂရုဏာနဲ့ စေတနာထားတဲ့ မြန်မာ အစ်မကြီးက တစ်ညတည်းနဲ့ သင်ခန်းစာအကုန်နည်းပါးကို ရှင်းပြတယ်… စာမေးပွဲ နောက်နေ့ဆို ဒီနေ့ညလိုမျိုးမှာ ၂ယောက်သား မနက် ၄နာရီထိုးတဲ့အထိ စာကြည့်ခဲ့တယ်… ဦးနှောက်တွေပူခြစ်တောက်နေအောင် တပွဲထိုးလေ့လာတယ်… အရေးကြီးမယ်ထင်တာလေးတွေပဲစပေါ့ရိုက်ကြည့်တယ်… (စပေါ့ရိုက်ခြင်းသည် စကာင်္ပူပညာရေးစနစ်တွင် အန္တရာယ်အလွန်များပါသည်… သို့သော် အောင်ရုံတော့ အထောက်အကူပြုသည်…) ဒီလို ဗရုတ်သုတ်ခ ဖြစ်ခဲ့ပင်မဲ့  အောင်စာရင်းထွက်တော့ သူမ အဲဒိဘာသာ A ရတယ်… ဒီတော့လဲ ငါဥာဏ်ကောင်းသားပဲဆိုပြီး အဟုတ်ကြီး မာန်တက်ခဲ့တယ်…

ဒီလိုနဲ့ ပေါ်လီ ၃နှစ်ကို ဖြတ်သန်းခဲ့တယ်… ပုံမှန်အောင်မြင်ခဲ့သော်လည်း ငယ်ငယ်ကလို စာတော်စာရင်းထဲတော့ မ၀င်တော့ဘူး… ဒီတော့လဲ ကိုယ့်ကိုကိုယ်အကြောင်းပြတာက အလုပ်တဖက်နဲ့မို့ပါ… ပေါ်လီပြီးတော့ သူမ အလုပ်ဝင်လုပ်တယ်… ကျောင်းပြီးရင်ကျောင်း စာတွေချည်းသင်နေရတာကို မောလှပြီ… အသက်လဲအတန်လျှောက်ကြီးလာတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေနိုင်ပြီ… ဒီတော့ ချက်ချင်းကျောင်းမတက်သေးပဲ ခဏလောက်တော့ ပိုက်ဆံရှာရင်း စာကျက်တဲ့ဘ၀ကိုနားလိုက်အုံးမယ်… ဘယ်အချိန်ကျောင်းတက်တက်ရတာပဲလို့ သူမထင်ခဲ့တယ်… ဒီလိုနဲ့ ကျောင်းတက်ခြင်းကို နားလိုက်တာ ၁နှစ် ၂နှစ်… ၃ ၊ ၄ နှစ်… သူမရဲ့ မိဘတွေက အကြံပေးတယ်… ပညာဆိုတာ ငယ်တုန်းသင်တာကောင်းတဲ့အတွက် ကျောင်းကို အမြန်ဆုံးပြန်တက်ဖို့တိုက်တွန်းတယ်… ဒါပေမဲ့ အသက်ကြီးလာလေ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်အတွေးနဲ့ ကိုယ့်ဘ၀ကို ဆက်လျှောက်ချင်တဲ့သူမ ဒွိဟတွေကြားမှာ စဉ်းစားရင် အချိန်တွေကုန်ခဲ့တယ်… သူမက ရွေးချယ်မှုအတွက် ချင့်ချိန်တွေးခေါ်နေတာ အချိန်ဖြုန်းခဲ့တာ မဟုတ်ဘူးဆိုပေမဲ့ ငယ်ရွယ်စဉ်မှာ ပညာရှာရတာ ဦးနှောက်က ပိုပြီး လက်ခံတယ်ဆိုတာကိုတော့ ဂရုမထားခဲ့မိပဲ စဉ်းစားမှုတွေ ကြာရှည်ခဲ့တယ်…

သူမရွေးချယ်လိုက်တဲ့အချိန်မှာ သူမအသက် အရွယ်တော် တစ်စိတ်ဟိုင်းသွားပြီ… သူမစိတ်ဝင်စားတဲ့ဘာသာကို သူမစတက်တယ်… စာမေးပွဲအောင်ဖို့ထက် စာကိုနားလည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုလက်ကိုင်ထားပြီး ဖြေးဖြေးချင်းပဲ တက္ကသိုလ်ကိုဆက်တက်ဖို့ စိတ်ကူးခဲ့တယ်… စာမကျက်တာ ၅နှစ်လောက်ကြာခဲ့တာရော၊ အသက်အရွယ်က စကားပြောလာတာရော၊ တခြားလူမှုရေး စီးပွားရေး တွေးစရာတွေများလာတာရော ကြောင့် ဦးနှောက်က ကျောင်းစာအတွက် အာရုံစိုက်နိုင်မှုအစွမ်းကျဆင်းလာတယ်… ဒါကို သတိမထားမိတဲ့ သူမကတော့ စာကို မှန်မှန်မလုပ်သေးဘူး… “ငါလုပ်ရင် ခဏလေးရပါတယ်” လို့ထင်ခဲ့တယ်… ဘလော့လေးရေးလိုက် ဇာတ်လမ်းတွဲလေးကြည့်လိုက် မိသားစုနဲ့ စကားပြောလိုက် သူငယ်ချင်းနဲ့ အပြင်ထွက်လိုက်ပေါ့… စာမေးပွဲဖြေဖို့ ၂ပတ်လောက်အလိုမှာတော့ သူမအနည်းငယ်စိုးရိမ်လာတယ်…( ဒါတောင် ငယ်ငယ်ကဆို အဲလောက်အချိန်မစိုးရိမ်သေးဘူး..)… ပါဝါပွိုင့်ပေါ်က လက်ချာတွေကိုနားလည်သော်ညား လေ့ကျင့်ခန်းနဲ့ မေးခွန်းဟောင်းတွေပေါ်မှာ အသုံးကျကျ မဖြေတတ်သေးဘူး… သူမဟာကံကောင်းတယ်ပဲပြောရမလား… ဆရာကောင်းနဲ့တွေ့ခဲ့ပြန်တယ်… သူမ အကူအညီလိုကြောင်း ကျောင်းကဆရာကို အီးမေလ်းပို့တော့ စကာင်္ပူမှာတွေ့ရခဲတဲ့ စေတနာပါတဲ့ ဆရာက စီတီးဟောက စတားဘက်ကော်ဖီဆိုင်မှာ ၄နာရီတိတိ သူမ သိချင်တာတွေနဲ့ အမှတ်ပေးပုံပေးနည်းတွေကို သေချာရှင်းပြခဲ့တယ်… အလုပ်ကနေလဲ ခွင့်တွေယူပြီး စာကြည့်မယ်လို့ဆုံးဖြတ်ခဲ့သော်ညား… ခွင့်တော့ယူဖြစ်လိုက်ပြီး ပိတ်ရက်တွေမှာတော့ တခြားအရေးမပါတဲ့ အရာတွေနဲ့ အချိန်လင့်ခဲ့တယ်… စာကိုတော့ ၅မိနစ်ကျက် တခြားအရာ ၁နာရီလုပ် (ဖေ့ဘွတ်၊ လက်ဘက်သုတ်၊ ကိုရီးယားကား၊ Youtube) စသည်ဖြင့် ငယ်ငယ်ကလို စာကိုချည်း ဇက်တိုက် ၁နာရီလောက်ကြာ ဖင်ပူအောင်မလုပ်နိုင်တော့ဘူး… သူမ ဘယ်လောက်အာရုံထားထား ဦးနှောက်ကလဲ ၅ မိနစ် ၁၀မိနစ်လောက်နေရင် လက်မခံတော့ဘူး… သူမကျက်ထားတဲ့စာတွေကလဲ မနက်ကျက်ရင် နေ့လည်လောက်ဆို ပြန်မေ့သွားရော…

ဒီအခါမှာ သူမနားလည်လိုက်တာက လူကြီးတွေပြောဆိုခဲ့တဲ့ “ငယ်ရွယ်တုန်းမှာ ပညာရှာတာ အကောင်းဆုံးပဲ” ဆိုတဲ့စကားလေးပဲဖြစ်တယ်… ပညာဆိုတာ ဘယ်အရွယ်ရှာရှာ တကယ်တတ်ချင်ရင် သင်ယူလို့ရတယ်ဆိုတာမှန်တယ်… သို့သော် ပညာရှာရတာ အလွယ်ဆုံးနဲ့ အကောင်းဆုံးအချိန်ဟာ ငယ်ရွယ်တဲ့အချိန်ပဲဖြစ်တယ် ဆိုတာကို မမေ့ဖို့လိုတယ်… ငယ်ရွယ်တဲ့အချိန်မှာ ဦးနှောက်အလုပ်လုပ်ပုံနဲ့ အသက်ကြီးလာတာနဲ့အမျှဦးနောက်အလုပ်လုပ်ပုံခြင်းကွဲပြားတယ်… ငယ်ရွယ်တဲ့အချိန်မှာ ပညာအသစ်တွေကို ဦးနှောက်က လွယ်လွယ်ကူကူလက်ခံသိမ်းဆည်းပေးဖို့ နေရာရှိတယ်… အသက်ကြီးလာတော့ ဦးနှောက်က ရှိပြီးသားအသိဥာဏ်တွေပေါ်မှာ ထပ်ပြီးဖြည့်တင်းဖို့ပဲ အလုပ်လုပ်တော့တယ်… ဒီတော့တစ်ခါတစ်ရံမှာ ခေါင်းထဲဝင်ဖို့နဲ့ သိုမှီးထားဖို့ခက်ခဲတယ်… အသက်အရွယ်ကြီးသူတွေအတွက် ပညာကိုမှတ်သားဖို့က ရှိပြီးသားအသိဥာဏ်နဲ့ ချိန်ဆသုံးသပ်ပြီး လေ့လာတတ်ဖို့ ငယ်ငယ်ကလို စာကျက်ရုံနဲ့မရပဲ သဘောပေါက်နားလည်လွယ်အောင် ဖတ်တတ်ဖို့ပဲရှိတော့တယ်… (မှီငြမ်း http://news.softpedia.com/news/Young-People-Learn-Faster-Older-People-Use-the-Information-Better-40977.shtml) သီအိရီကို apply လုပ်တဲ့  ဥပမာတွေ၊ လေ့ကျင့်ခန်းတွေများများ လေ့လာနိုင်မှ စာမေးပွဲမှာ တော်ကာကျဖို့ရှိတယ်… အဲဒိလိုဖြစ်ဖို့အတက် အနီးကပ်မှစာကျက်တတ်တဲ့အကျင့်ဟာ အကျိုးမပြုတော့ဘူး… 

ခုတော့ အနီးကပ်မှစာကျက်တတ်တဲ့ ကောင်မလေးဟာ သံဝေဂရပြီး အချိန်ရှိတုန်း ၄နှစ် ၅နှစ်လောက်စောပြီး ကျောင်းတက်ခဲ့ရင်ကောင်းသားလို့တွေးမိပြီးနောင်တကြီးစွာရတယ်… သို့သော် နောင်တတွေရရုံနဲ့ အလုပ်မပြီးတဲ့အတွက် ရှိတဲ့အချိန်ကို မဖြုန်းပဲ သူမ အမြန်ဆုံးကျောင်းပြီးအောင် ဒီထက်အသက်မကြီးခင် လူ့ဘောင်ကိစ္စတွေ ဒိထက်ပိုပြီး မများမြောင်ခင်… သူမဆက်လက် တိုက်ပွဲဝင်ရအုံးတော့မယ်… သူမ အမြဲကံမကောင်းနိုင်… သူမရဲ့ တစ်ပွဲထိုး အလွတ်ကျက်တတ်တဲ့ အကျင့်ကိုလဲစွန့်လွှတ်ပြီး ပုံမှန် မှတ်သားနားလည်ရတော့မယ်ဆိုတာ ကိုလဲ သဘောပေါက်သွားတယ်…

မောင် ညီမလေးတို့တွေလဲ ကောင်မလေးလို နောင်တမရ ရအောင် အချိန်ရှိတုန်း ငယ်ရွယ်တုန်း ပညာကို ရသလောက်သင်ယူကြပါလို့ ပုံပြင်ထဲက ကောင်မလေးက သူမအကြောင်း နမူနာထားပြီး သူမဖြတ်သန်းခဲ့တဲ့ ကျောင်းသားဘ၀အဆင့်ဆင့်နဲ့ အတွေ့အကြုံအတွေးခေါ်ပေါ်မူတည်ပြီး အကြံပြုလိုက်ပါတယ်… လူကြီးတွေကို တစ်ခါတစ်ရံမှာ စာတွေချည်းကျက်ခိုင်းနေလို့ ကျောင်းပြီးရင်းကျောင်းတက်ခိုင်းနေလို့ Break လေးယူချင်တဲ့စိတ်ဖြစ်ရင် သူမလိုဖြစ်မယ်ဆိုတာကို သူမက အသိပေးချင်တယ်…



Friday, April 13, 2012

သင့်ကြောင့် ပြောင်းလဲသွားနိုင်တယ်...

ဒီပိုစ့်ကိုရေးဖို့ ကျွန်မလက်တွန့်နေခဲ့ပါတယ်… ကျွန်မပြောချင်တာကို စာဖတ်သူတို့ အသေအချာသဘောမပေါက်ပဲ စိတ်ဆိုးစရာဖြစ်သွားမှာကိုလဲ စိုးရိမ်ပါတယ်… ဒီတော့ ကျွန်မလက်မလျှိုပဲ ပျော့ညံ့စွာတိတ်တိတ်နေခဲ့ပါတယ်… ဒါပေမဲ့ ခုလိုရေးဖြစ်တာကတော့ ကိုယ့်လူမျိုးတွေကို ပိုကောင်းစေချင်တဲ့အတွက် ပြင်သင့်တယ်လို့ ကျွန်မယူဆတဲ့အရာလေးတွေကို ဆန်ရင်းနာနာဖွတ်ဆိုတဲ့သဘောမျိုးနဲ့ အကြံပေးချင်တာပါ… လတ်တလောမှာ ပြောစရာတစ်ခုဖြစ်နေတဲ့ Todayonline က reporter Serene Lim ရေးတဲ့(ဒီနေရာကို ကလစ်လုပ်ပြီး သူ့ဆောင်းပါးကိုဖတ်လို့ရပါတယ်) မြန်မာပြည်နဲ့ ကျိုက်ထီရိုးအကြောင်းပိုစ့်နဲ့ ပတ်သတ်ပြီး ကျွန်မလဲ ဒေါသထွက်ပါတယ်… ဘယ်နေရာကို ဒေါသအထွက်ဆုံးလဲဆိုရင်တော့ နောက်ဆုံးစာကြောင်းက ကျွန်မရဲ့ ဒေါသကြောကို ဆွပေးသလိုပါပဲ….

“So Myanmar, please don't be in a hurry to catch up with us while you still can.”


သူ့ ဆောင်းပါးထဲမှာရေးခဲ့တဲ့ မြန်မာပြည် အင်တာနက်နှေးတာ၊ ဖုန်းလိုင်းတွေ အလုပ်မလုပ်တာ၊ နိုင်ငံတကာမှာပြောလို့ရတဲ့ Roaming service မရှိတာ၊ ခရီးသွားတဲ့အခါမှာ ကျိုက်ထီးရိုးတောင်တက်ကား အဆင်မပြေတာ၊ လုံခြုံမှု မရှိတာ၊ စသည်ဖြင့် တွေက အမှန်တွေချည်းပါပဲ… အဲဒိအမှန်တွေရေးတာအတွက် စိတ်ဆိုးသင့်တယ်လို့ မထင်ပါဘူး… ဘာလို့လဲဆိုတော့ လက်မခံချင်လဲ လက်ခံရမဲ့ အရာတွေပဲလေ… တကယ်ဟုတ်နေတာပဲလေ… ဒါပေမဲ့ သတင်းထဲမှာရေးတဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ ရေးသားတဲ့စာထဲမှာ သူမရဲ့ ခံစားချက်တွေကို အသားပေးရေးထားသလို မြန်မာပြည်အပေါ်မှာ အထင်သေးအမြင်သေးရေးထားတာကို ခံစားရတဲ့အတွက် ကျွန်မလဲ မကြိုက်ခဲ့ပါဘူး…

သူမတို့လို အဆင်ပြေမှုအားလုံးကို သတိမထားမိလောက်အောင် လုပ်ပေးထားတာကို မွေးကတည်းကခံစားခဲ့ရတဲ့သူတွေအတွက် ကျွန်မတို့နိုင်ငံက ပလက်ဖောင်းတွေ မြောင်းဗုံးတွေကအစ သူ့တို့က စွန်းစားခန်းတစ်ခုလို ပုံကြီးချဲ့မိနေမှာပါပဲ… ကိုယ်ရထားတာကို တန်ဖိုးမထားတတ်ပဲ… မရှိတဲ့ လတ်တလောမှာ နိမ့်နေသေးတဲ့ကျွန်မတို့နိုင်ငံကို နိုင်ငံကြီးသားပီသတဲ့ စိတ်နဲ့ မဖေးမချင်ပဲ မြေနိမ့်ရာလှံစိုက်ပြီး ဝေဖန်ပစ်တင် အထင်သေးချင်တဲ့ သူမရဲ့ စိတ်ဓာတ်က သတင်းထောက်တစ်ယောက်အနေနဲ့ ရှက်သင့်တဲ့အရာပါ…

ခရီးသွားသတင်းထောက်တစ်ယောက်အနေနဲ့ သူမသွားမဲ့နေရာရဲ့ ဓလေ့ စရိုက်နဲ့ ၀န်ဆောင်မှုတွေကို သေချာမလေ့လာ မရှာဖွေပဲ သူ့တစ်ဝမ်းကွဲမောင်နှမအားကိုးနဲ့ သွားပြီး တွေ့ကြုံရတာကို ဝေဖန်အပြစ်တင်တာဟာ သူမတာဝန်ကို ကျေပွန်အောင် မလုပ်တာပါ… အလွယ်လိုက်တာပါ… တောင်တက်ကားပေါ်မှာ ခုလို အဆင်မပြေမှုတွေဖြစ်တတ်လို့ မဗေဒါကိုယ်တိုင်လဲ အမြဲစိတ်ဆိုးရပါတယ်… ဒါကြောင့် အဖော်ကောင်းရင် လမ်းလျှောက်ပဲတက်ပါတယ်… ဒါကို သူမ ကံမကောင်းခဲ့လို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် မိုးရေထဲမှာထားခံရလို့ စိတ်ဆိုးတယ် (မိုးရေထဲမှာထားခံရရင် ကျွန်မဆိုရင်လဲ စိတ်ဆိုးမှာပါပဲ) ဆိုရင်လက်ခံပင်မဲ့ ခရီးသွားပိုစ့်ရေးသူ သတင်းထောက်အနေနဲ့ Stereotype လုပ်ပြီး မရေးသင့်ပါဘူး…

ဒါပေမဲ့ တောင်တက်ကားက ရသေ့တောင်မှာပဲ ချပြီး ကျန်တဲ့အပိုင်းလမ်းလျှောက်ရတာကိုရေးကတည်းက သူမဟာ ခရီးသွားပိုစ့်ရေးဖို့ သတင်းထောက်တစ်ယောက်အနေနဲ့ မထိုက်တန်ပါဘူး… သွားမဲ့နေရာကို သေချာလေ့လာသွားသူအဖို့ ဒါဟာ ကြိုတင်သိရမဲ့အရာဖြစ်ပြီး ဝေဖန် ကွန်ပလိမ်းလုပ်နေစရာမလိုပါဘူး…
သူမရဲ့အမှားတွေ ထောက်ပြတာအပြီးမှာ ကျွန်မတို့ လူမျိုးတွေဘက်က တုန့်ပြန်မှုကို ပြောရအောင်… သူမရဲ့ ဆောင်းပါးအတွက် သူမကို မြန်မာလူထုက (အထူးသဖြင့် စကာင်္ပူက မြန်မာလူထု) ပြန်ပြောထားတဲ့ ကွန်မန့်ပေါင်းလဲ ၄၀၀ ကျော်ရှိပါတယ်… ဒီလို ပြန်ပြောကြတဲ့အထဲမှာ ကျွန်မအမြင် မှန်မှန်ကန်ကန်နည်းလမ်းနဲ့ သူမကို ဝေဖန်ထားတာ ခြေပထားတာတွေကို တွေ့ရသလို… ဒေါသအလျှောက် မဆိုင်တာတွေဆွဲထည့်ပြီး စလုံးအသိုင်းအ၀ိုင်းတစ်ခုလုံးကို သိမ်းကြုံဆဲဆိုထားတာတွေလဲ တွေ့ရပါတယ်… အရေးအကြောင်းဆို သွေးနီးကြတာ၊ ကိုယ့်အမျိုးကိုထိရင် မခံနိုင်တဲ့ စိတ်ဓာတ်က မှန်မှန်ကန်ကန် အသုံးအချရင် ကောင်းတဲ့ စိတ်ဓာတ်တစ်ခုပါ… ခုချိန်မှာ ကမ္ဘာဟာ ရွာကြီးတစ်ခုလိုဖြစ်နေတဲ့အတွက် အင်တာနက်ပေါ်ပဲဖြစ်စေ အပြင်မှာပဲဖြစ်စေ ကိုယ့်အပြုအမူတစ်ခု အပြောအဆိုတစ်ခုဟာ သန်းပေါင်းများစွာသော လူမျိုးခြားတွေအမြင်မှာ အထင်သေးစရာမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းရှိသင့်ပါတယ်…

ဖေ့ဘွတ်ပေါ်မှာ ဘလော့ဂါသူငယ်ချင်းတစ်ယောက် တင်တဲ့စကားလို မြန်မာတွေ သိမ်ငယ်နေတဲ့စိတ်ကြောင့် ဒီလောက်တောင် တုန့်ပြန်ကြတာလားဆိုတဲ့ စာကြောင်းကို တွေ့တော့ ကျွန်မစိတ်ထဲက အဖြေဖော်လို့မရတဲ့ ခံစားချက်လေးနဲ့ ကွက်တိသွားကျသလိုဖြစ်နေတယ်… ဟုတ်တယ်… အောင်မြင်ပြီးတိုးတက်နေတဲ့ နိုင်ငံကလူတွေက သူတို့ကို ဒီလိုလာပြောရင် ချက်နဲ့လက်နဲ့ ကောင်းကောင်းမွန်မွန်ပြန်ပြောကြမှာပဲ… ဒေါသသွေးဆူပြီး ဒါငါတို့ကို နှိမ်တာလို့ ဘယ်သူမှထင်မှာမဟုတ်ပါဘူး… ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့လူမျိုးဖြစ်ရတာကို သိမ်ငယ်နေတဲ့စိတ်မရှိလို့လို့ ထင်ပါတယ်…(ဒါကကျွန်မစိတ်ထဲခံစားရသလိုရေးတာပါ တခြားအကြောင်းအရာလဲဖြစ်နိုင်တဲ့အတွက် သဘောထားကွဲလွဲနိုင်ပါတယ်) ခုလိုဖြစ်ကြတာ ကျွန်မတို့နိုင်ငံက သူတို့နိုင်ငံထက် နိမ့်နေသေးလို့ နှိမ်ခံရတာကို မခံမရပ်နိုင်ကလဲဖြစ် သူမပြောတဲ့ဝန်ဆောင်မှုနဲ့ပတ်သတ်တဲ့ အချက်တွေကလဲ မှန်နေတော့ အားမလိုအားမရဖြစ်ပြီး အမှန်တရားကိုလက်မခံချင်ပဲ သူမကို အနိုင်ပြန်ပြောချင်တော့တာပဲသိသလိုဖြစ်နေပါတယ်… အမှန်တော့ သူမ ယခုလို ကျွန်မတို့နိုင်ငံက သူတို့ရဲ့ ကမ္ဘာ့မြေပုံပေါ်မှာ အစက်လောက်ရှိတဲ့နိုင်ငံကို မှီဖို့လိုပါသေးတယ်ဆိုတဲ့ နှိမ်ချတဲ့စကားနဲ့ အဆုံးသတ်ထားတာကြည့်ကတည်းက သူမရဲ့စိတ်ဓာတ်ဟာ မပြည့်ဝပဲ “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” သလို ဟုတ်လှပြီ… မြင့်လှပြီထင်နေတာ တဖက်ကပြန်ကြည့်ရင် သနားစရာတောင်ကောင်းပါသေးတယ်…

ဒါနဲ့ သူတို့ စလုံးတွေရဲ့ လူလစ်ရင်လုပ်တတ်တဲ့အကျင့်ဆိုးတွေ သူများထက်နည်းနည်းလေးသာလိုက်ရမှ ကျေနပ်တာ… စတဲ့ ရရင်ရသလို အခွင့်ရေးယူ တတ်တဲ့ မကောင်းတဲ့ စိတ်ဓာတ်လေးတွေအကြောင်း  ကိုဇက်တီရဲ့ ကရားဆူးတို့ပြည်ပိုစ့်လေးကို သွားဖတ်ကြည့်ရင်လဲ သူတို့နိုင်ငံသားတွေဟာ စည်းကမ်းတွေ ပစ်ဒဏ်တွေ သတ်မှတ်မှုကြောင့်သာ လိုက်နာနေရတာဖြစ်ပြီး ကိုယ်ပိုင် အသိတရားနဲ့ အဆင့်အတန်းမြင့်နေကြတာမဟုတ်ပါဘူး… ကျွန်မတို့ မြန်မာပြည်တိုးတက်ကောင်းစားရင် သူတို့ စကာင်္ပူနိုင်ငံရဲ့ စီးပွားရေးကို အကြီးအကျယ်ထိခိုက်မယ်ဆိုတာလဲ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သူတို့သိထားတော့ ကျွန်မတို့နိုင်ငံ တိုးတက်ကောင်းစားမှာကို မလိုလားဆုံးက သူတို့ပါပဲ… ကျွန်မကတော့ သူတို့လို မပြည့်တဲ့အိုးတွေကို ခုလောလောဆယ်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြန်ရန်မဖြစ်ပဲ “တစ်နေ့ငါတို့နိုင်ငံ နင်တို့ထက်သာစေရမယ်”ဆိုပြီးပဲ ကြုံးဝါးလိုက်ချင်ပါတယ်…


လိုရင်းကို ပြန်ဆက်ရရင်ဖြင့် ကျွန်မတို့တွေ အနေနဲ့ တုန့်ပြန်သင့်သလောက် ချက်နဲ့ လက်နဲ့ ကိုယ့်ဘက်က ဒေါသကို ထိမ်းပြီး မှန်မှန်ကန်ကန်တုန့်ပြန်သင့်သလို… ကိုယ့်ပြည်မှာ တကယ်ပဲ တိုးတက်ဖို့ လိုနေတဲ့ ယခုချက်ချင်း ပြင်ဆင်ဖို့လိုနေတဲ့အရာလေးတွေကို ကိုယ်ကိုတိုင်ကလဲ လက်ခံပြင်ဆင်သင့်ပါတယ်… ယခင်က ကျွန်မကြားဖူးတဲ့ စကားပုံက “သားသမီးမကောင်း မိဘခေါင်း” ဆိုတာပင်မဲ့ ယခုတော့ နိုင်ငံကို နှစ်ပေါင်း ၅၀ ချယ်လှယ် အုပ်ချုပ်ခဲ့တဲ့ မိဘမကောင်းခဲ့လို့ ကျွန်မတို့ ပြည်သူပြည်သား, နိုင်ငံ့သားသမီးတွေ ဒီလိုမျိုးတွေနဲ့ တွေ့ကြုံဖြေရှင်းနေရတာပါ… သို့သော် ယခုအချိန်မှာ ဘယ်သူမကောင်းလို့ ဘယ်သူ့အပြစ်ကြောင့်ဆိုတာကို ပြောနေဖို့ထက် ကိုယ့်တိုင်းပြည် ကောင်းအောင်လုပ်ဖို့က အဓိကကျပါတယ်… (အပြစ်ရှိသူတွေရဲ့ အပြစ်တွေကို မေ့လိုက်ဖို့ ဆိုလိုခြင်းမဟုတ်)… အဓိကပိုကျတဲ့အရာကို လုပ်ဖို့ဆိုလိုတာပါ…

ကျွန်မအပါအ၀င် Todayonline ကခရီးသွားဆောင်းပါးမှာ ကွန်မန့်ပေးကြသူတွေ ဖေ့ဘွတ်ပေါ်မှာပေါက်ကွဲကြသူတွေဟာ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ အဖက်ဖက်မှာ တိုးတက်ဖို့လိုနေတဲ့ ကိုယ့်နိုင်ငံအတွက် ကိုယ်က ဘယ်လောက်မှ များများစားစားမလုပ်ပေးနိုင်သေးလို့ ကိုယ်လုပ်ပေးနိုင်သလောက် ကိုယ့်မြန်မာကို အထင်သေးစော်ကားတဲ့ သတင်းထောက် Ms Lim ကို ၀ိုင်းပြီး ဝေဖန်ကြတယ်ဆိုတာထက်… ကိုယ့်နိုင်ငံရဲ့ ဂုဏ်ကို သဘောထားကြီးမှုနဲ့အတူ မှန်မှန်ကန်ကန်တုန့်ပြန်သင့်သလို နောက်ဆို ဒါမျိုး အပြောမခံရအောင် ကြိုးစားကြဖို့ပဲရှိပါတယ်… ကျွန်မ ပြောလေ့ရှိသလိုပဲ ကိုယ့်နိုင်ငံရဲ့ဂုဏ်ဟာ ကိုယ့်ရဲ့ အပြုအမူအပြောအဆိုနဲ့ စိတ်ဓာတ်ပေါ်မူတည်ပါတယ်… အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့ ထိတွေ့မှုပိုများတဲ့ နေရာတွေမှာရှိတဲ့သူတွေရဲ့ ပြုမူပြောဆိုပုံနဲ့ စိတ်ဓာတ်ပေါ်မူတည်ပြီး ကိုယ်နဲ့ဆက်ဆံတဲ့ နိုင်ငံခြားသားက ကိုယ့်တစ်နိုင်ငံလုံးကို ဆုံးဖြတ်မှာပါ… တစ်ကယ်လို့ ဒီနိုင်ငံခြားသားက ပထမ မြန်မတစ်ယောက်အဆိုးနဲ့တွေ့တယ်… နောက်တစ်ယောက်လဲ ဒီလိုပဲဆိုးတယ်… သုံး၊ လေးယောက်ဇာတ်တိုက် ပုံစံတူဆိုးနေရင် မြန်မာတစ်နိုင်ငံလုံးကလူတွေဒီလိုပဲလို့ ကောက်ချက်ချသွားမှာပါ… ဒီလိုပဲ သူတွေ့ခဲ့တဲ့ မြန်မာ ၃ယောက် ၄ယောက်က သဘောထားကြီးကြီး ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံခဲ့ပြီး ၁ယောက်လောက်ကပဲ ဆိုးတယ်ဆိုရင်တော့ ဆိုးတဲ့သူတစ်ယောက်တည်းကိုသာ အပြစ်မြင်ပြီး မြန်မာလူမျိုးအားလုံးကို အပြစ်မမြင်တော့ပါဘူး…

ဒီနေရာမှာ ကျွန်မပြောလိုတာက တစ်ဦးတစ်ယောက်ချင်းစီကောင်းရင် တစ်စတစ်စနဲ့ အားလုံးကောင်းလာပြီး ကောင်းတဲ့နှုန်းများတဲ့အတွက် မကောင်းတဲ့ အနည်းစုကို ဖုံးသွားမှာပါ… ဥပမာ… ကျွန်မ မြန်မာပြည်မှာနေတုန်းက အမှိုက်ကို ပစ်ချင်သလိုပစ်တာပါ… ဒါပေမဲ့ စကာင်္ပူရောက်တော့ အဲလို မလုပ်ဖြစ်တော့ဘူး… အစကတော့ မလုပ်ရဲတော့တာ (လုပ်ချင်တယ်ဆိုတဲ့သဘော)… ဒါပေမဲ့ ဒီမှာ အမှိုက်ကို စည်းကမ်းမဲ့ပြစ်တဲ့သူမရှိတော့ ကိုယ်လုပ်ရင် ကိုယ်မကောင်းတာပေါ်လွင်တဲ့အတွက် မလုပ်ဖြစ်တော့တာ… ခုတော့ ကျွန်မကိုယ်တိုင်ကိုက စည်းကမ်းမဲ့ အမှိုက်မပစ်ချင်တောတာ… လူလစ်လဲ မလုပ်ချင်ဘူး… ကိုယ့်နိုင်ငံကိုယ်ပြန်လို့ သူများတွေစည်းကမ်းမဲ့ပြစ်နေလဲ ကျွန်မတစ်ယောက်ကောင်းဖို့ အရင်လိုတယ်ဆိုပြီး အမှိုက်ကို အမှိုက်ပုံးတွေ့မှပြစ်တယ်… တစ်ယောက်ချင်းစီတစ်ဖြည်းဖြည်းကောင်းလို့ များလာရင် အားလုံးကောင်းသွားမယ်လို့ ယုံကြည်တယ်… သူများတွေအားလုံးကို ပြောင်းသွားအောင် မလုပ်နိုင်သေးမှတော့ ငါလုပ်နေလဲ အလကားပဲ ငါလဲအမှိုက်ပစ်တာပဲကောင်းတယ် ဆိုတဲ့စိတ်ဖြစ်နေရင်တော့ ဘယ်တော့မှ ကောင်းလာမှာမဟုတ်တော့ဘူး…


ကိုယ့်တိုင်းပြည်ကောင်းဖို့ ကိုယ့်တိုင်းပြည် သူများတွေနှိမ်စရာမဖြစ်ဖို့ ကိုယ်ဘာမှ မလုပ်နိုင်ပါဘူးလို့ မထင်ပါနဲ့… မှန်ကန်တဲ့နည်းလမ်းနဲ့ တစ်စတစ်စ ပြုပြင်သွားရမှာပါပဲ… နှစ် ၅၀ကျော် ဖျက်စီးခံထားရတဲ့ စိတ်ဓာတ်တွေက ကျွန်မတို့သတိမထားလိုက်မိခင်မှာပဲ စိတ်ထဲ၊ အကျင့်စရိုက်ထဲ အမြစ်တွယ်နေတာတွေကို အဖြစ်မခံပါနဲ့တော့…
အရေးအကြောင်းရှိရင် စိတ်ဆပ်ပြီး ရင်ထဲမှာသိမ်းထားတဲ့ နာကျည်းချက်တွေနဲ့ပေါင်းပြီး အခွင့်အရေးရတာနဲ့ သိမ်းကြုံး မဆဲဆိုလိုက်ပါနဲ့… ဒီလိုမျိုးတွေဖြစ်နေတဲ့ အဓိကအကြောင်းအရင်းက မိဘမကောင်းခဲ့လိုပါ… ဒါပေမဲ့ ကျွန်မတို့သားသမီးတွေအနေနဲ့ တခြားမိသားစုကို တုန့်ပြန်ရာမှာ ကိုယ့်မိဘမကောင်းတာကို လက်မခံချင်လဲ လက်ခံနေရတဲ့အတွက် အဲဒိ ဒေါသစိတ်နဲ့ “ကုလားမနိုင် ရခိုင်မဲ” တဲ့ အပြုအမူထက်… “အော်… သူ့မိဘကသာ အကျင့်ဆိုးတာ သူ့သားသမီးတွေကတော့ အဆင့်အတန်းရှိရှိ ကောင်းရှာပါတယ်…” ဆိုတဲ့ ကောက်ချက်မျိုးရအောင် တစ်ဦးချင်းစီက တခြားနိုင်ငံကလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ထိမ်းထိမ်းသိမ်းသိမ်းရှိသင့်ပါတယ်...

ဖေမြင့်ဘာသာပြန်တဲ့ နှလုံးသား အဟာရစာအုပ်ထဲက ဖတ်ဖူးတဲ့ ဇာတ်လမ်းလေးတစ်ခုလိုပဲ… သဲသောင်ပေါ်က ကြယ်ငါးတွေအများကြီးကို ရေထဲပြန်ရောက်အောင် မကယ်တင်နိုင်ပင်မဲ့ လက်တလော ရေထဲကို ပြန်ရောက်အောင်လုပ်ပေးလိုက်တဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်ကတော့ ထိရောက်တဲ့ ကူညီမှုပါပဲ… (ဇာတ်လမ်းခေါင်းစဉ်နာမည် ပြန်ရှာလို့တွေ့ရင် ပြောပြပါ့မယ်… သိသူရှိရင်လဲ ကွန်မန့်မှာပြောသွားပါ)… (ဇာတ်လမ်းခေါင်းစဉ် အင်္ဂလိပ်လိုက One at a time ပါတဲ့ ကိုဇူလိုင်ဒရင်းပြောလို့သိရပါတယ်)

တကယ်ပြောင်းလဲမှုကို လိုချင်ရင် ကိုယ့်စိတ်ဓာတ်နဲ့ သဘောထားတွေကိုလဲ ပြောင်းလဲသင့်တာတွေပြောင်းလဲဖို့ လိုနေပြီဆိုတာ ပြန်သုံးသပ်ကြည့်သင့်ပါတယ်….

ဒီအောက်က diagram လေးကတော့ ဘ၀မှာ ပြောင်းလဲမှု အဆိုးတွေနဲ့ ရင်ဆိုင်ရရင် လူတွေရဲ့ တုန့်ပြန်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ စရိုက်လေးတွေအကြောင်းရေးထားတာပါ... စိတ်ဝင်စားရင် အပြည့်အစုံကို Chapter 1: Thriving in Today's World ဆိုတဲ့နေရာကို ကလစ်နှိပ်ပြီး သွားဖတ်နိုင်ပါတယ်...



(ဒီပိုစ့်ဟာ မဗေဒါရဲ့ အတွေးနဲ့ ယုံကြည်ချက်ကိုသာ ဖော်ပြထားတဲ့ တစ်ဦးတစ်ယောက်အမြင်ဖြစ်ပါတယ်… စာဖတ်သူတို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်သလို အမြင်ကွဲလွဲမှုတွေရှိခဲ့ရင် အပြုသဘောနဲ့ ကွန်မန့်မှာ ဆွေးနွေးနိုင်ပါတယ်)

Monday, April 09, 2012

ခင်မင်မှု ကံခေသူ… (သို့) စကာင်္ပူရောက်အလွဲများ (၁၂)

သင်နဲ့ သိပ်အဆက်အသွယ်မရှိတာကြာနေတဲ့ မိတ်ဆွေပဲဖြစ်စေ… အရမ်းတရင်းတနှီးမရှိခဲ့ပင်မဲ့ စကားပြောရအဆင်ပြေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်စေ… ပြောရရင်တော့ အဆက်အသွယ်ပြတ်နေတာကြာတဲ့ အသိမိတ်ဆွေမျိုးက ရုတ်တရက်ကြီး တွေ့ချင်လှချည့်ရဲ့ သတိရလို့ပါ ဆိုပြီး ဖုန်းခေါ်လာရင် သင်ဘယ်လိုခံစားရလဲ?
မဗေဒါကတော့ ကိုယ့်ကိုကိုယ် အထင်သိပ်ကြီးတတ်တယ်ပဲပြောရမလား… ယုံလွယ်တယ်ပဲပြောရမလား… “အော်… သူတို့ ငါ့ကို ခင်ရှာသားပဲ” လို့တွေးပြီး ဝမ်းသာတတ်ပါတယ်… ကိုယ်က အားတယ်ဆိုလို့ကတော့ ငြင်းပြစ်ရမှာ အားနာတတ်ပါတယ်…
ဒီလိုနဲ့ပဲ ဟောဒီလို ခံခဲ့ရတဲ့ မှန်းချက်နဲ့ နှမ်းထွက်လွဲခဲ့ရတဲ့ ဇာတ်လမ်းလေးတွေများနေပါပြီ…
ဒီပိုစ့်ဟာ အရင်အလွဲတွေလို ရီစရာဖြစ်ချင်မှဖြစ်မယ်… ဒါပေမဲ့ စကာင်္ပူရောက်မှ ကျွန်မတွေ့ရတဲ့ ခင်မင်မှုနဲ့ ပတ်သတ်ပြီး (မြန်မာပြည်တုန်းကတော့ ငယ်သေးလို့ ဒါမျိုး တွေ့ မကြုံခဲ့ရတာလဲ ဖြစ်မယ်) ဖြစ်တတ်တာလေးမို့ အလွဲထဲ ထည့်လိုက်တာပါ…





သတိရလို့ပါတဲ့...


ခုတစ်လော အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့တဲ့ အရင့်အရင် အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ မလေးရှန်း တရုတ် မိန်းမတစ်ယောက်က ရုတ်တရက်ကြီးတွေ့ချင်ရဲ့ဆိုပြီး ဆက်သွယ်လာပါတယ်… လွန်ခဲ့တဲ့ ၂နှစ်လောက်က သူတစ်ခါကိုယ့်ကို ဆက်သွယ်ဖူးပါတယ်… အဲဒိတုန်းက ကိုယ်လဲ ကိုယ့်ကိုခင်တယ်လေဆိုပြီး ဝမ်းသာအားရနဲ့ Night shift အပြန် အိပ်ငိုက်နေသော်လည်း သူ့အိမ်ထိတောင်သွားတွေ့ပါတယ်… ကိုယ့်အိမ်ဘက်ဆို သူအဝေးကြီးလာရမယ်လေဆိုတဲ့ အတွေးနဲ့ပါ… ဒါပေမဲ့ ဟိုရောက်တော့ သူသုံးတဲ့ ပိန်ဆေး Package ကို ဝယ်ဖို့ ဆွယ်တာဖြစ်နေပါတယ်… ဇွတ်အတင်းတော့ မရောင်းပင်မဲ့ သူတွေ့ချင်တဲ့ ရည်ရွယ်ချက်ကတော့ ပေါ်လွင်သလို ကိုယ့်ရဲ့ တစ်သက်လုံး မပိန်ဖူးခဲ့တဲ့ ခန္ဓာကိုယ်ကိုလဲ ရောဂါမျိုးစုံဖိတ်ခေါ်နေတဲ့အတွက်စိုးရိမ်လို့ သတိပေးတာဆိုတဲ့ စကားအသုံးအနှုန်းလှလှလေးတွေကို ရင်ခံစွာကြားခဲ့ရပါတယ် … “အော်… ငါ့ကို တွေ့ချင်တာထက် ဒီဟာကို ရောင်းချင်လို့ကိုး” ဆိုတဲ့ ခံစားချက်လေးက ကိုယ့်ခင်မင်မှုလေးကို အလွဲသုံးစားအခွင့်ကောင်းယူတယ်လို့ ထင်မိပါတယ်… ဥပမာ… သူနဲ့သွားလည်တုန်း စကားစပ်မိလို့ ပိန်ဆေးအကြောင်းပြောရင်း ကောင်းတယ်ဆိုပြီး ရောင်းရင် ဘာမှ မပြောလိုပါဘူး… ဒါပေမဲ့ အကြာကြီး မဆက်သွယ်ပဲ ရုတ်တရက်ထ ဆက်သွယ်ပြီး ရည်ရွယ်ချက်ရှိရှိတွေ့ချင်ခဲ့တာကို ခင်လို့ လွမ်းလို့ တွေ့ချင်ရုံ သပ်သပ်ပါလို့ပြောပြီး ခေါ်ထုတ်ထာ မကောင်းဘူးလို့ထင်တာပါ…

ခုလဲ ကျွန်မကို တွေ့ချင်ပြန်ပါပြီတဲ့… ၂နှစ်ကျော်အဆက်အသွယ်မလုပ်ဖြတ်တာတောင် ဖေ့ဘွတ်ကနေ တကူးတက မတ်ဆေ့ပို့ပြီး ဖုန်းနံပါတ်ကိုတောင်းပါတယ်… သူက လတ်တလောလဲ အလုပ်ထွက်ထားတာ အတော်လေးကြာနေပြီလို့ ကျွန်မသိရပါတယ်… ကျွန်မကိုလဲ ဘယ်အချိန်တွေ့မလဲ… ကြိုက်တဲ့နေရာပြော ငါလာခဲ့မယ်… စသည်ဖြင့် အလွန်တရာမှ ဖော်ရွေစွာ ကတီးကတီးလည်း ဆက်သွယ်ပါတယ်… စိတ်ထဲမှာ အားနာမိတယ်… ဒါပေမဲ့လဲ သူ့ရည်ရွယ်ချက်ကိုလဲ ကိုယ်က ရိပ်စားမိတယ်…. တချိန်တည်းမှာလဲ ခင်မင်မှုဆိုတာကို အလွဲသုံးစားလုပ်သလိုခံစားရလို့ စိတ်မကောင်းဖြစ်ရတယ်… ပထမဆုံးအကြိမ် အဲလိုဖိတ်ခေါ်မှုတွေကိုကျွန်မ မတွေ့တော့ဖူးလို့ ဆုံးဖြတ်ချက်ချလိုက်နိုင်ခဲ့တယ်…
ဒီလိုဆုံးဖြတ်ဖို့အတွက် သင်ခန်းစာရခဲ့တဲ့ တခြားအဖြစ်အပျက်လေးတွေရှိတယ်…


ဇွန်ဘီ Marketing


၂၀၀၅ ကျောင်းပြီးခါစ လုပ်ငန်းခွင်ဝင်ခါစအချိန်တုန်းက ဟိုးအရင် Part time အလုပ်က လုပ်ဖော်ကိုင်ဖက် မြန်မာကောင်လေးတစ်ယောက်က ဖုန်းဆက်ပြီး အပြင်မှာတွေ့ဖို့ ဖိတ်ပါတယ်… သတိရလို့ပါဆိုတဲ့ အကြောင်းပြချက်ပါပဲ… ဖုန်းထဲမှာလဲ ငယ်ပေါင်းသူငယ်ချင်းတွေလို သိပ်ဖော်ရွေတဲ့ အသံနဲ့ပါ… ပြောရမယ်ဆိုရင် ကိုယ်က သူ အလုပ်ကိုဝင်လာတဲ့အချိန် သိပ်မကြာခင်မှာပဲ ကျောင်းပြီးလို့ အဲမှာမလုပ်ဖြစ်တော့တာပါ… တွေ့လိုက် ခင်မင်လိုက်တဲ့အချိန်လေးက တိုတိုလေးပါ… ဒါပေမဲ့ မဗေဒါယုံလွယ်မိပြန်ရဲ့… “အော်… ငါ့ကိုခင်သားပဲ” ဆိုတဲ့ အတွေးဝင်လာသလို “မိတ်ဆွေဆိုတာ ဒီလိုမှမဖွဲ့… ဘယ်လိုဖွဲ့မလဲ” ဆိုပြီး တွေ့ဖို့ သဘောတူလိုက်ပါတယ်…
တကယ်တမ်းတွေ့တဲ့နေ့ကျတော့ သူနဲ့အတူ အသက် ၄၀ ဝန်းကျင် မိန်းမကြီး ၂ယောက်ပါလာတယ်… ပြီးတော့ ကျွန်မကို seminar တစ်ခုကို ခေါ်သွားတယ်… ပြီးတော့ သူတို့ ပစ္စည်းတွေကိုရောင်းတော့တာပါပဲ… သူတို့ပစ္စည်းရောင်းရုံမကဘူး ကိုယ်က မန်ဘာဝင်ထားပြီး တခြားသူတွေကိုပါ ထပ်ဆွယ်လာရင် အဲဒိအတွက် ကော်မရှင်နဲ့ရသလို ကိုယ်ဆွယ်တဲ့သူက ထပ်ဆွယ်လာရင် ကိုယ်ကဘာမှမလုပ်ပဲ ကော်မရှင်ထပ်ရအုံးမှာဆိုတဲ့ မဆန်းသောမရိုးသော network marketing ပဲခေါ်သလား အဲလိုအထာတွေပြောပါတယ်… အဲလိုမျိုး Talk show တွေ Seminar တွေကို အရင်ကလဲ ရောက်ဖူးနားထောင်ဖူးတဲ့ ကျွန်မ လုံးဝစိတ်ဝင်စားမှုမရှိပါဘူး… အဆုံးမှာ ကိုယ့်ကိုတောင် စင်ပေါ်ကပြောနေတဲ့သူက လက်ညှိုးထိုး မေးမြန်းပြီး ကိုယ်ထင်တဲ့အတိုင်းပြောတော့ လူထူးလူဆန်းလိုလို လူ့ငတုံးလိုလိုနဲ့ ဆက်ဆံခံခဲ့ရပါတယ်… တကယ်ချမ်းသာမဲ့ နည်းလမ်းဆိုရင်တောင် ကျွန်မ မကြိုက်ရင် မလုပ်ပဲနေပိုင်ခွင့်ရှိပါတယ်… ဒါပေမဲ့ အမြင်မတူတဲ့လူတစ်ယောက်ကို အထင်သေးသလိုလို ငတုံးပဲဆိုတဲ့ ပုံစံမျိုးနဲ့ ပြတ်ရယ်ပြုသလိုလုပ်ရင် အလွန်တရာမှ အရွဲ့တိုက်တတ်သောကျွန်မကလဲ ရှက်ရှက်နဲ့ Sign up လုပ််တတ်တဲ့ လူစားမျိုးမဟုတ်ပဲ မျက်နှာပြောင်တိုက်ထိုင်နေမှာပါပဲ… အဲဒိလို Seminar ခန်းထဲမှာ ကျွန်မထိုင်နေတဲ့အချိန်မှာ ကျွန်မကို သတိရလို့ တွေ့ချင်တယ်ဆိုတဲ့ ကောင်လေး ဘယ်ရောက်နေလဲ မသိပါ…

ပွဲပြီးတော့ ဘူဂစ်က Food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်မုန့်စားရင်း သူနဲ့ပါလာတဲ့ မိန်းမကြီး နှစ်ယောက် (တစ်ယောက်က သူ့ကိုယ်သူ ဆရာဝန်ပြောတာပဲ) ရဲ့ နားမုဒိန်းကျင့်ခြင်းကို ကိုယ့်ထမင်းကိုယ်စားခံရပြန်ပါတယ်… ဒါပေမဲ့ ကျွန်မကလဲ သူတို့ ပြောချင်ရာပြော ကိုယ်မကြိုက်တာ ကြိုက်တာထက် သူများကို နားမုဒိန်းကျင့်ပြီးမှ ရမဲ့လုပ်ငန်းမျိုးက ကျွန်မနဲ့ မကိုက်ဘူးဆိုတာ ရှင်းရှင်းကြီး သိထားလို့ပါပဲ… ဒီလုပ်ငန်းမျိုးကို ကျွန်မက ဇွန်ဘီ Marketing လို့ ကိုယ့်ဘာသာကိုယ် နာမည်ပေးထားပါတယ်… ကိုယ်ကိုက်ခံရပြီးရင် သူများကို ဆက်ကိုက်ဖို့ပဲရှိပါတယ်… ကျွန်မအမြင်ကို ဥပမာပေးတာသပ်သပ်ပါ… ဒီလုပ်ငန်းမှားတယ် မှန်တယ် မပြောလိုပါဘူး… တချို့တကယ်အပြောကောင်းသူတွေအတွက်တော့ အလုပ်ဖြစ်ရင်ဖြစ်မှာပါ…

ကိုယ့်ကိုပြောမရတဲ့အဆုံး အဖတ်တောင်မလုပ်ပဲ ကျောက်ခဲရေညစ်တောင် ထွက်အုံးမယ်… ဒီဟာမ ဘာအဆံမှ မရှိပါဘူးလေဆိုတဲ့ ပုံစံမျိုးနဲ့ အကြည့်ခံပြီး လမ်းခွဲခဲ့ပါတယ်… ကျွန်မစိတ်ထဲမှာလဲ အဲဒိကောင်လေးကို မိတ်ဆွေစာရင်းထဲမှ Shit+Delete လုပ်လိုက်ပါတယ်… သူလဲ ကျွန်မလို ကျောက်ခဲရေညစ်ကို ထပ်မဆက်သွယ်တော့ပါဘူး…





ကြွေးယူပြုံးပြုံး ကြွေးတောင်မုန်း


ဒီစကားပုံလေးကို ရင်းနှီးပြီးသားဖြစ်မှာပါ… ကျွန်မ သူများဆီက ပိုက်ဆံချေးရမှာ အလွန်တရာမှ ဝန်လေးပါတယ်… ချေးခဲ့ရင်တောင် ပြန်ပေးနိုင်မဲ့ အခြေအနေမျိုးရှိမှ ပြန်ပေးမဲ့ရက်ကို အသေအချာပြောပြီး ချေးပါတယ်… ထိုနည်းတူစွာ ကိုယ့်ဆီက ပိုက်ဆံလာချေးတဲ့သူရှိရင်လဲ ဘယ်တော့ ပြန်ဆပ်မှာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မပွင့်ပွင့်လင်းလင်းမေးလေ့ရှိပါတယ်… ဒီလိုမှပဲ ကိုယ့်အတွက်လဲ အဆင်ပြေမယ့် ပမာဏ ဖြစ်သလို သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်နဲ့ကိုက်ပြီး ကိုယ့်ပေးစရာရှိတာတွေကိုလဲ စီစဉ်လို့ရအောင် ငွေလည်ပတ်မှု အခက်မတွေ့အောင် ပြင်ဆင်လို့ရမှာပါ… (နှစ်နဲ့ချီပြီးကြာမယ်ဆိုရင်တော့ ငွေတန်ဖိုးကိုပါ ထည့်တွက်ရတော့မှာပေါ့… ခင်မင်မှုနဲ့ ယုံကြည်မှုပေါ်လဲ မူတည်တာပေါ့နော်..) ထားပါတော့…

ကျွန်မနဲ့ ရင်းနှီးတာ အတော်လေးကြာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်… ၂၀၀၃ လောက်ကတည်းကပါ… ဒါပေမဲ့ ကျောင်းသားဘဝကတည်းကလဲ အပြင်မှာတော့ သိပ်မတွေ့ဖြစ်ကြပါဘူး…. မြန်မာသင်္ကြံန်တို့ ကျွန်မအိမ်မှာ အလှူလုပ်မှတို့ တွေ့ဖြစ်ပါတယ်… ၂၀၀၆ အကုန် လောက်မှာ သူလဲ သူ့ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေပါပြီ… အဆက်အသွယ်လဲ အတော်ပြတ်နေခဲ့တာပါ… သူရုတ်တရက်ဖုန်းခေါ်ပြီး တွေ့ချင်တယ်ပြောတော့ မတွေ့တာကြာပြီလေဆိုပြီး တွေ့ဖြစ်ခဲ့ပါတယ်… ညစာတူတူစားရင် စကားတွေဖောင်ဖွဲ့ဖြစ်ခဲ့ပါတယ်… ဒီလိုနဲ့ ၂ခါလောက်တွေ့ဖြစ်ပါတယ်… ထိန်းမရတဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမှုက “အော်…. ငါ့ကိုခင်ရှာသားပဲ” ဆိုတာကြီးပါပဲ…


ဒီလိုတွေ့ပြီး ၁ပတ်လောက်ကြာတော့… ဖုန်းဆက်ပြီး ပိုက်ဆံ ၃၀၀ ချေးပါတယ်… ကိုယ်မမေးခင်ပဲ လကုန်ရင်ပြန်ဆပ်မယ်လို့လဲပြောပါတယ်… ဒီလိုနဲ့ကိုယ်လဲ လွှဲပေးလိုက်ပါတယ်… အဲဒိအချိန်ကစပြီး အဆက်အသွယ် ပြန်ပြတ်သွားပါတယ်… ပိုက်ဆံကို စိုးရိမ်လို့မဟုတ်ပါ… သူအရင်ရက်တွေက တွေ့ချင်ခဲ့တယ်ဆိုတဲ့ Motive က ပိုက်ဆံချေးချင်လို့များလားဆိုတဲ့ အတွေးမျိုး တွေးမိခဲ့တဲ့ ကျွန်မကပဲ သူငယ်ချင်း စိတ်ဓာတ်မရှိတာလား… “အော်… သူငယ်ချင်းဆိုတာ အရေးကြုံရင် ကူညီရမှာပဲလေ” ဆိုပြီး ကိုုယ့်စိတ်ကိုယ် ပြန်ဆုံးမဖြစ်ခဲ့တယ်…
ဒါပေမဲ့ သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်မှာ ပြန်မဆပ်ပါဘူး… ၁လတိတိထပ်စောင့်ပါတယ်… ပြန်မဆပ်သလို ဘာ့ကြောင့်ပြန်မဆပ်ဖြစ်ကြောင်း… ဒါမှမဟုတ် “သူငယ်ချင်းရယ် နင့်ပိုက်ဆံငါသတိရပါတယ်… အဆင်မပြေသေးလို့ နောက်ပြန်ဆပ်မယ်နော်” ဆိုတဲ့ စကားမျိုးတောင် မလာပါဘူး… ခုတော့ လုံးလုံး အမေ့ခံသလိုဖြစ်နေတော့ ကိုယ်က ထုတ်တောင်းရပါတော့တယ်… ပိုက်ဆံကို ပြန်မဆပ်ချင်ရင် အစကတည်းက ချေးတယ်လို့ မသုံးနှုန်းပါနဲ့… ပေးပါ လို့သုံးနှုန်းပါ… ဒီလိုဆို ကိုယ်စေတနာရှိသလောက် ကူညီနိုင်သလောက် ပေးပါမယ်… ချေးတယ် ပြန်ဆပ်မယ်ဆိုပြီး အမေ့ခံတာမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါ…


ဒီလိုနဲ့ကိုယ်က တောင်းတော့ “ဘယ်လိုဖြစ်နေလဲ ပေးမှာပေါ့… ဒီပိုက်ဆံလောက်လေးနဲ့များ… ငါ့ဦးလေးတွေက ဒီမှာ သူဋ္ဌေးတွေပါ… နင့်ပိုက်ဆံကို စိတ်မပူပါနဲ့” ဆိုပြီး စိတ်မရှည်သလိုလို ပြန်တောင်းတဲ့သူကပဲ အလွန်လိုလေသံမျိုးနဲ့ပြောပါတယ်… နောက်ဆုံးတော့ ကျွန်မရဲ့ ခေါင်းမာမာနဲ့ ပြန်တောင်းမှုကြောင့် ပြန်ရလိုက်ပါတယ်… ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ “ငါတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံလိုက်ရပြီ… သူငယ်ချင်းတစ်ယောက်တော့ ဆုံးပြန်ပြီ” ဆိုပြီး ခုလုခုလုနဲ့ စိတ်မကောင်းဖြစ်ရပါတယ်… 




ကြားမှာအဆက်အသွယ် ပြန်ပြတ်သွားပေမဲ့ ၂၀၁၀ လောက်မှာ သူဆက်သွယ်လာပြန်ရော… ဒီလိုပဲ တွေ့ရအောင် သူကျွေးမယ်ဆိုပြီး ခေါ်ပါတယ်… သူလဲ တော်တော်လေး အဆင်ပြေနေလို့ အရင်က ကိစ္စကိုလဲ သင်ပုန်းချေချင်လို့ခေါ်တယ်ထင်တယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ မိတ်ဆွေမဆုံးဘူးဆိုတဲ့ အပျော်နဲ့ပေါ့… မတွေ့ဘူးငြင်းရင် ကိုယ်က အရင်ကိစ္စအတွက် စိတ်ထဲထားပြီး မခေါ်မပြောဖြစ်တယ်ဖြစ်မှာစိုးလို့ တွေ့ဖြစ်ပြန်ပါတယ်…
အင်းလေးမှာ ကျွန်မကို ရှမ်းခေါက်ဆွဲနဲ့ အကြော်စုံတစ်ပွဲကျွေးပါတယ်… သူအဆင်ပြေနေကြောင်း… အလုပ်က Bonus တွေ အရမ်းရကြောင်း… မကြာခင်လဲ ရာထူးတက်တော့မဲ့အကြောင်းပြောပါတယ်… ကြားရတာ ဝမ်းသာသလို အားလဲကျပါတယ်… နောက်ရက်ထပ်တွေ့တော့လဲ အော့ချက်က food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားပြီး ပြောဖြစ်တာတွေက သူရန်ကုန်မှာ အိမ် ဝယ်နိုင်ပြီဆိုတဲ့အကြောင်း မှတ်မှတ်ရရပြောလို့… ကိုယ်က သူ့ထက် အရင်ကျောင်းပြီးပြီး ရန်ကုန်က ရွှေပုန်းညက်တို့လို အိမ်ယာတွေမှာ ဝယ်ဖို့မပြောနဲ့ ကျောင်းသားဘဝ ချေးထားတဲ့ bank Loan တွေ ကြေခါစပဲရှိလို့ အားကျမိပြန်ရော… နောက်ပြီး သူ့အလုပ်က စပွန်ဆာပြီး ဒီဂရီဆက်တက်မှာဖြစ်သလို လီကွမ်ယုရဲ့ ပညာတော်သင်ဆုကိုလဲ သူလျှောက်ထားတာ ရတော့မည်ဖြစ်ကြောင်း… သူစာတော်သည်ကိုလဲ သိပါသည်... ဒီတော့လဲ ဟုတ်ရင်လဲ ဟုတ်မှာပါလေလို့ပဲ စိတ်ထဲက ယုံလိုက်ပါသည်… သူ့ကုမ္ပဏီက Bonus တွေ အများကြီးရတယ်ဆိုတာလဲ အဲဒိမှာလုပ်နေတဲ့ တခြားမြန်မာအသိတွေဆီကသိတော့ သူလိမ်တာမဟုတ်ဘူးဆိုတာသိပါတယ်… ကိုယ်ကတော့ မျက်လုံးလေး အဝိုင်းသားနဲ့ အားကျစွာနားထောင်ခဲ့ပါတယ်… 


သိပ်မကြာပါဘူး နောက် ၃ ၄ရက်လောက်ကြာတော့ ပိုက်ဆံ ၂၀၀ လောက်ချေးဖို့ မတ်စေ့ရောက်လာပါတယ်… သူငယ်ချင်းတစ်ယောက်နဲ့ ဖိလစ်ပိုင်ကို အလည်သွားမလို့ ၂၀၀ လောက်လိုနေလို့တဲ့… ဒီတော့ ကျွန်မက ဘယ်တော့ ဆပ်မှာလဲလို့ မေးသလို… ဆပ်မယ်ပြောတဲ့နေ့ ပြန်ဆပ်မှာ သေချာလားလို့မေးပါတယ်… ကျွန်မပိုက်ဆံကို ခင်မင်မှုတစ်ခုတည်းကြောင့် ဒီလိုပဲ ပေးလိုက်ရမှာ ဒီမေးခွန်းတော့ ကျွန်မမှာ မေးပိုင်ခွင့်ရှိတယ်လို့ထင်ပါတယ်… ဘဏ်တွေမှာ ချေးရင်တောင် မဆုံးနိုင်သော အထောက်အထားနဲ့ သပ်သေတွေပေးရပါသေးတယ်… အပေါင်တွေထားရပါသေးတယ်… သူ့ဘက်ကပြောတော့ “၂ဝဝလောက်လေးနဲ့ဟာ” တဲ့… ဒီကိစ္စမှာ ပိုက်ဆံထက်… ကျွန်မဘက်က ခံစားရတာက ချေးလိုက်လို့ ဟိုတစ်ခေါက်ကလိုဖြစ်ရင် ဒီတစ်ခါတော့ မိတ်ပျက်မယ် (အချိန်တန်လို့ မဆပ်ရင် ပြန်တော့တောင်းရမှာပဲလေ… ခင်မင်မှုကြောင့် ဒီတိုင်း အလွတ်ချေးပြီး အတိုးတောင်မှ မယူတာ… ပိုက်ဆံချေးပြီးရင်တော့ ပြန်ဆပ်သင့်တယ်လို့ထင်တယ်...) နောက်တစ်ခုကတော့ ခင်မင်မှုကို အယောင်ပြ အလွဲသုံးစားလုပ်တယ်လို့ ခံစားရတာပါ…

ကျွန်မမှာလဲ မလွယ်သေးဘူးလို့ပြန်လိုက်တော့… “နင်က ဘာတွေကုန်နေလို့လဲ… နင်မချေးချင်တာ ငါသိပါတယ်… သူငယ်ချင်းလိုသဘောထားလို့ ချေးတာ” ဆိုတဲ့ မတ်စေ့နဲ့ အဆုံးသတ်သွားပါတယ်… ကျွန်မ စိတ်မကောင်းဖြစ်ပါတယ်… ဒါပေမဲ့ ပိုက်ဆံမချေးခင် ၁ပတ်လောက်အလိုမှ သတိတရတွေ့ချင်တဲ့ သူငယ်ချင်းမှာ ကျွန်မထင်နေတဲ့ ခင်မင်မှုမျိုး မရှိဘူးဆိုတာတော့ သိလိုက်ပါတယ်…

ကျွန်မ ဝေခွဲလို့မရတာတစ်ခုက ခုလိုမျိုး မိတ်ဆွေက နက်ဝေါ့မားကဒ်တင်းဝယ်ခိုင်းတာပဲဖြစ်စေ… ပိုက်ဆံချေးပြီး ကတိမတည်တတတ်တဲ့ သူငယ်ချင်းမျိုးတွေကို ကျွန်မငြင်းလိုက်မိတာ ကျွန်မသူငယ်ချင်းကောင်း မပီသရာကျသလား… သဘောထားသေးသိမ်ရာကျလား… သေချာတာကတော့ ကျွန်မမိတ်ဆွေတွေလိုသမျှအားလုံးကို ကျွန်မမှာလဲ အပိုမရှိပါပဲနဲ့ လိုက်ကူနေတာဟာလဲ ၂ဦးလုံးအတွက် မှန်ကန်တဲ့ ကူညီမှုမျိုးမဟုတ်ဘူးဆိုတာကိုပဲ…
ဒါမှမဟုတ် ခင်မင်မှုမှာ ကံခေပြီး အဖြည့်ခံ လိုမှပဲကိုယ့်ကို ခေါ်ပြောချင်တာဟာ ကျွန်မကပဲ ခင်စရာမကောင်းသူတစ်ယောက် ဖြစ်ကောင်းဖြစ်နေလိမ့်မလားလို့ သံသယဝင်မိပါတော့တယ်…



All Photos get from Google

Monday, January 30, 2012

အဆင်ပြေလား phobia

Know when/who/which situation to ask

“အဆင်ပြေလား?” “အဆင်ပြေရဲ့လား?” “အဆင်ပြေပြီလား?” စတဲ့ မေးခွန်းမျိုးတွေကို သင်တို့ဘယ်လို အခြေအနေမျိုးမှာ မေးလေ့ရှိပါသလဲ? သာမာန်အားဖြင့်တော့ ဒီစကားတွေဟာ ကောင်းတဲ့ရည်ရွယ်ချက် တစ်ဦးကိုတစ်ဦး ဂရုစိုက်တဲ့ အနေနဲ့ မေးလေ့ရှိတဲ့စကားတွေပါ… သို့သော် ဒီမေးခွန်းလေးတွေကို သုံးတဲ့အခါမှာ ဘယ်သူ့အတွက်သုံးတာလဲ ဘယ်လိုအခြေအနေမျိုးမှာသုံးတာလဲ အဲဒိလိုမေးတိုင်း လူတစ်ယောက်ကို ဂရုစိုက်ရာကျသလား ဆိုတာကို ကျွန်မတွေ့ကြုံခံစားဖူးတာလေးနဲ့ ယှဉ်ပြီး ပြောပြချင်ပါတယ်…
ဒါဆို ကျွန်မဒီစကားလေးတွေကို ဘယ်လိုအချိန်မှာသုံးလဲ… ဘယ်သူ့ကိုသုံးလဲ ဆိုတာလေးကို ပြောပြဖို့လိုလာပါပြီ… ဘာလို့လဲဆိုတော့ ခုတစ်လော ကျွန်မအယူအဆများမှားနေပြီး သူတစ်ပါးကို အထင်လွဲမိနေ သလားဆိုတဲ့ ဒွိဟပွားစရာကိစ္စတွေအတွက် မိမိကိုယ်ကို သုံးသပ်ချက်တစ်ခုချမလို့ပါ…

ကျွန်မအတွက်တော့ “အဆင်ပြေလား” “အဆင်ပြေရဲ့လား?” ဆိုတဲ့ မေးခွန်းမျိုးကို ကျွန်မနဲ့ ရင်းနှီးတဲ့ ကျွန်မဂရုစိုက်တဲ့ ကျွန်မပတ်ဝန်းကျင်က လူတွေထဲမှာ လုပ်ဆောင်စရာကိစ္စတစ်ခုခုရှိတယ်ဆိုတာ သိရင် အဲဒိကိစ္စ အဆင်ပြေလား ချောချောချူချူမှပြီးရဲ့လားဆိုတဲ့ စိုးရိမ်စိတ် ဂရုစိုက်စိတ်နဲ့ မေးတဲ့အခါမှာသုံးပါတယ်… တကယ်လို့သူတို့မှာ ဘာမှ ထွေထွေထူးထူး လုပ်ဆောင်စရာကိစ္စမရှိဘူးဆိုရင် ဒီမေးခွန်းက မေးစရာမလိုဘူးလို့သတ်မှတ်ပါတယ်…
နောက်ထပ် ဒီမေးခွန်းလေးတွေကို အသုံးပြုဖို့လိုအပ်မယ်လို့ထင်တဲ့ အခြေအနေလေးတွေကတော့ ကျွန်မပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ရဲ့ အပြုအမူတွေ ပုံမှန်မဟုတ်ပဲ ထူးခြားနေမယ်… စိတ်ဓာတ်ကျတဲ့ပုံပေါက်နေမယ် စတဲ့ အချိန်တွေမှာ ဒီလိုမေးခွန်းမျိုးမေးဖို့လိုအပ်မယ်ဆိုတာကို ကျွန်မလက်ခံပါတယ်…

မည်သို့ပင်ဆိုစေ “အဆင်ပြေလား?” “အဆင်ပြေရဲ့လား?” ဆိုသည့် မေးခွန်းဟာ အဆင်မပြေခြင်း ခက်ခဲသောကိစ္စရှိနေနိုင်ခြင်း အတွက် အဆင်မှပြေရဲ့လားဟု မေးသည့်မေးခွန်းလို့ ကျွန်မကောက်ချက်ချမည်ဆိုလျှင် ကျွန်မကို ကပ်သတ်တွေးသောသူဟု ဆိုနိုင်မည်လော… အမြဲတစေ အခက်တွေ့နေသောသူဟု ယူဆ၍လူတွေ့တိုင်း ကိစ္စထွေထွေထူးထူးမရှိပဲ အဆင်ပြေရဲ့လား ဟုမေးခြင်းလို့ရော မှတ်ယူလို့ရမည်လား...

ဒီမေးခွန်းမေးခံရခြင်းအပေါ် ကျွန်မအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Scenario လေး ၂ခုကို ပြောပြပါမယ်… ပထမ တစ်ခုကတော့ အလုပ်က ကိုယ်နဲ့ ခင်တဲ့ မြန်မာအစ်ကိုကြီးတစ်ယောက်ရှင်းပေးလိုက်လို့ ကိုယ့်အယူအဆ မှားတာမဟုတ်လောက်ဖူးလို့ ကျွန်မယုံကြည်တယ်…

အဆင်ပြေလား ပြဿနာ (၁)

ပြောပြရရင်ဖြင့်… ကျွန်မရဲ့ အရင်အလုပ်မှာ လုပ်သက် ၃နှစ်နီးပါးရလောက်တဲ့အချိန်တုန်းကပေါ့… အလုပ်ကို မြန်မာအစ်မကြီးတစ်ယောက် အသစ်ဝင်ပါတယ်… ဖြစ်ချင်တော့ သူက ကျွန်မလုပ်ရတဲ့ စက်ကို ကိုင်ဖို့တာဝန်ကျပါတယ်… သို့သော် သူနဲ့ ကျွန်မက Shift မတူတဲ့အတွက် သူနေ့ဆို ကျွန်မက ည… သူညဆို ကျွန်မက နေ့ပါ… တစ်ဦးနဲ့တစ်ဦး အလုပ်ချိန်အပြောင်းမှာ စက်နဲ့ပတ်သတ်တဲ့ အလုပ်နဲ့ပတ်သတ်တဲ့အရာတွေကို Passdown လုပ်ရပါတယ်…

သူ့ကို အသစ်ဖြစ်တာရော သိပ်အသားမကျသေးတာရောကြောင့် အထက်အရာရှိကိုယ်တိုင်က ကျွန်မနဲ့တကွ တစ်ခြားအဟောင်းတွေကို သင်ပြပေးဖို့ပြောထားပါတယ်… သို့သော် သူမမှာ အကျင့်တစ်ခုရှိတာက ကိစ္စတစ်ခုကို မသိလို့ ကျွန်မကိုလာမေးတယ်… ပြီးရင် အဲဒိမေးခွန်းကိုပဲ နောက်တစ်ယောက်ကိုသွားမေးတယ်… လူဆိုတာ ကိစ္စတစ်ခုတည်းကိုပဲ လုပ်ဆောင်ပုံခြင်းကွဲပြားပါတယ်… ဒီအခါ အဖြေ ၂ခုမတူရင် ဟိုကဒီလိုပြောတယ် ဒီကဒီလိုပြောတယ်နဲ့ ပြောပြသင်ပြရတဲ့သူ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်… အမှန်တော့ “ဆရာများ သားသေ” ဖြစ်နေတာပါ… မေးပြီး ကိုယ်နဲ့ အကိုက်ညီဆုံး နည်းလမ်းကိုသုံးဖို့က အဓိကပါ… လုပ်ငန်းခွင်မှာ မည်သူမှ ဇွန်း ခွံ့ (Spoon feed) မကျွေးပါဘူး… ဒါကိုပဲ ကျွန်မထက် အသက်ကြီးတဲ့ ထိုအစ်မကြီးမသိလေရော့သလား…

ကျွန်မမှာအကျင့်တစ်ခုရှိတာက သူများကို ဆရာသွားလုပ်ရမှာနဲ့ ဆရာလုပ်သလိုဖြစ်သွားမှာကိုစိုးရိမ်တာပါ… အရာရှိက သူ့ကိုဆရာလုပ်ဖို့ အမိန့်ပေးထားပင်မဲ့ ကျွန်မက အားနာပါတယ်… ကိုယ်အသစ်ဝင်စတုန်းကလဲ အဟောင်းတွေက သူတို့လုပ်တာမှ အမှန်ဆိုပြီး လာဆရာလုပ်ခဲ့တုန်းကလဲ ခေါင်းအတော်စားခဲ့ရပါတယ်… အလုပ်ကလဲ ကျွန်မအမြင်တော့ ဘာမှ ခက်ခဲနေတဲ့ အရာလဲမဟုတ်ပါဘူး… ဒီတော့ သူအဆင်မပြေရင်လာမေးပါစေ… သူသိချင်လို့မေးမှပဲ ကျွန်မပြောပြလေ့ရှိပါတယ်… နောက်တစ်ချက်ကတော့ ကျွန်မကသူနဲ့ အသင်းမတူတော့ အ၀င်အထွက်ပဲတွေ့တာပါ… သူမနဲ့ အသင်းတူတဲ့ မြန်မာတွေလဲ အများကြီးမေးစရာရှိပါတယ်…

ဒါပေမဲ့ အဲလိုအဟောင်းဖြစ်ပင်မဲ့ အစွယ်မပြတဲ့ကျွန်မကို သူမစိတ်ထဲမှာ ဘယ်လိုသဘောထားလဲတော့ကျွန်မ မသိပါ… သူမ အထင်မှာ ကျွန်မက သူ့ထက်အရင် ၁ပတ်လောက်မှ ဒီအလုပ်ကိုရောက်တဲ့သူများမှတ်နေလားမသိပါဘူး… လူကိုတွေ့ရင် “အဆင်ပြေလား ညီမ” ဆိုပြီးမေးပါတယ်… ပထမတစ်ခေါက်မေး… ကျွန်မ ဘယ်လိုမှ သဘောမထားပါဘူး… “ပြေတယ် အစ်မ” လို့ပဲ ပြုံးပြီးပြန်ဖြေပါတယ်… နောက်တစ်ခေါက်တွေ့လဲ “အဆင်ပြေရဲ့လား ညီမ” ထပ်မေးပါတယ်… ဒီအခါလဲ “အော် သူနှုတ်ဆက်ချင်တာ ပြောစရာမရှိလို့ ရှာကျန်မေးတာပါလေ”ဆိုပြီး “ပြေတယ် အစ်မ” လို့ပဲ ဖြေပါတယ်…
ဒါပေမဲ့ သူ့ရဲ့ အပြုအမူကိုမူတည်ပြီး ကျွန်မခံစားရတာက တဖြည်းဖြည်းနဲ့ သူက Senior ကျွန်မက Junior ဆိုတဲ့ပုံစံမျိုးလာပြုမူနေသလိုခံစားရပါတယ်… အထူးသဖြင့် သူမသည် အသစ်ဝင်လာသူဖြစ်ရုံမက လုပ်ငန်းခွင်ဖြင့် အချိန်အတော်ကြာသည်အထိ အံဝင်ခွင်ကျမရှိသေးသည့် သူက ကျွန်မလို ပြဿနာမလုပ်ချင်လို့ ကိုယ့်ဘာသာကိုယ်နေတဲ့ အဟောင်းကို “အဆင်ပြေရဲ့လား” လို့မေးနေတာ သိပ်တော့ မဟုတ်လှပါ… မှန်ပါသည် တစ်ခါတစ်ရံ သူမ ထားသွားသော အမှားမှားအယွင်းယွင်းဖြင့် တန်းလန်းအလုပ်များကို ဆက်လုပ်ရလျှင်တော့ အခက်အခဲများရှိပါသည်… သို့သော် ကိုယ့်ကိုယ်ကိုယ် အဆင်ပြေသလို ပြဿနာကို ကြည့်ဖြေရှင်းပါသည်… သို့သော် အောင့်သက်သက်တော့ ရှိလှသည်… ကျွန်မ၏အကျင့်သည် ရှေ့လူမှားလုပ်သွားတာ သိသော်ညား ကိုယ်တတ်နိုင်သေးလျှင် ပြင်ပေးလိုက်သည်… ထိုသူမှားသည်ဟု သွားလက်ညှိုးထိုး ဆရာလုပ်ရမှာ အလွန်မှ ပျင်းသည်… အရာရှိကိုယ်တိုင်က သူမအမှားလုပ်လျှင် ပြန်ပြောဖို့ မှာထားသော်လည်း ထောင်သလိုဖြစ်မည်ဆိုး၍တစ်ကြောင်း ကိုယ့်မြန်မာအချင်ချင်းဖြစ်သဖြင့်တစ်ကြောင်း အကြီးအကျယ်မဟုတ်လျှင် ကျွန်မသိပ်မပြောဖြစ်ချေ….

သို့သော် တစ်နေ့တစ်နေ့ လူကိုတွေ့လျှင် “အဆင်ပြေရဲ့လား ညီမ…” ဆိုသည့် မေးခွန်းသည် ကျွန်မ၏ ရိုးတွင်းချဉ်စည်ထဲရှိ မနည်းကြိုးတုတ်ထားရသော ဒေါသနဂါးကို ကလိလာလာထိုးနေသလိုဖြစ်နေသည်… ကိုယ့်ဒေါသကို ဆွဆွပေးနေသောသူကို အတတ်နိုင်ဆုံး ကျွန်မရှောင်သည်… ယခင်စိတ်ဖြင့်သာဆို ပတ်ကနဲပြန်ပြောဖြစ်ပြီး ရန်သူတစ်ယောက်ဖွဲ့မိအုံးမည်ဖြစ်သည်… ထိုအချိန်က အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ်သုံးသပ်ပြီး ပြုပြင်နေတဲ့အချိန်မို့ ကိုယ့်ကို ကံတရားက စမ်းသပ်ဖို့လူတစ်ယောက်လွှတ်လိုက်သည်ဟုပဲ ယူဆသည်… နောက်တစ်ချက် ကျွန်မဒွိဟပွားရသည်မှာ သူမ မေးသည့် “အဆင်ပြေလား ညီမ” ဆိုသည့်မေးခွန်းသည် သူမလုပ်သွားသမျှ တလွဲများကို ပြန်လိုက်လုပ်ရတာကို မေးသည်လော မသိပါ… “အစ်မ အမှားမလုပ်သ၍ ညီမ အဆင်ပြေပါတယ်” ဆိုသည့် အဖြေပေးလိုက်လျှင်လဲ သူမကို ထိခိုက်မည်စိုးသဖြင့် မပြောလိုပါ…

ဒီအခါ ကျွန်မနှင့်ရင်းနှီးသော အလုပ်အတွင်းမှ မြန်မာအစ်ကိုကြီးတစ်ယောက်ကို ဒီကိစ္စပြောဖြစ်သည်… သူက “အဲဒိအစ်မကြီး မမေးခင် ညီမက သူ့ကို အဆင်ပြေရဲ့လား အစ်မ လို့ အရင်မေးလိုက်ပါလား” တဲ့… ကျွန်မအယူအဆအားဖြင့် အပေါ်မှာပြောခဲ့သည့်အတိုင်း အဆင်မပြေသော ကိစ္စရှိနေသူကိုမှ အဆင်ပြေရဲ့လားဟုမေးလေ့ရှိသည်… သူမတွင် အလုပ်နှင့်ပတ်သတ်၍ အားနည်းချက်အများအပြားရှိသည်… သို့သော် အမှားလုပ်တတ်၍ အဆူခံရတတ်သော သူမကို အဆင်ပြေရဲ့လား ဟူသော မေးခွန်းဖြင့် နှိမ်မေး မမေးချင်ပါ…

နောက်နေ့ အဲဒိအစ်မကြီး အလုပ်လာတော့ ကျွန်မပြောပြခဲ့တဲ့ အစ်ကိုကြီးက သူမကို “အစ်မ ဘယ်လိုလဲ အဆင်ပြေရဲ့လား” လို့ မေးလိုက်ပါတယ်… ထိုအခါ သူမက “ဘာဖြစ်လို့လဲ…” ဆိုပြီး ခပ်ဆပ်ဆပ်ပြန်မေးပါတယ်… “အော် ဘာမှ မဟုတ်ပါဘူး… ဒီလိုပဲမေးကြည့်တာပါ အကူအညီလိုရင်ပေးရအောင်လို့ပါ” လို့ပဲ ပြန်ပြောလိုက်ပါတယ်… သို့သော် သူမ၏ မျက်ဝန်းပေါ်က မခံချင်လေးကိုတော့ ကျွန်မတို့ ၂ယောက်လုံး ကောင်းစွာသတိထားလိုက်မိပါတယ်…

ဒါတောင် ကျွန်မတို့ ၂ယောက်လုံးက သူ့ရဲ့ Senior တွေပါ… လုပ်သက်ကြာနေတဲ့သူက အသစ်ဝင်တဲ့သူကို အဆင်ပြေလား မေးတာက သဘာဝကျပါသေးတယ်… အမှားပေါင်းစုံလုပ်နေတဲ့ အသစ်က အဟောင်းကို တွေ့တိုင်း အဆင်ပြေလားမေးနေတာတော့ သိပ်မဟုတ်သေးပါ… ကျွန်မကိုယ်ကျွန်မ ပြန်သုံးသပ်ကြည့်တယ်… တကယ်တော့ တချို့နေရာတွေမှာ သင်ပြရဲတာ ဆရာလုပ်တာမဟုတ်ပါ… Leadership skill (ဦးဆောင်နိုင်စွမ်း) ဟုသာခေါ်မည်ထင်ပါတယ်… ပြဿနာမဖြစ်ချင်၍ အေးအေးနေလို့မရပါ… တစ်ခါတစ်ရံ နဂါးမှန်းသိရန် အမောက်ထောင်ပြဖို့လိုပေလိမ့်မည်…

ထိုနေ့မှစ၍ ကျွန်မသူမကို တွေ့လျှင် “အစ်မ အဆင်ပြေရဲ့လား” ကို အရင်မေးသည်… သူမ မျက်နှာပျက်သွားသည်ကို ကြည့်ခြင်းအားဖြင့် ဒီစကားအမေးခံရတာကို သူမလဲ မကြိုက်ဟု ကျွန်မယူဆသည်… မည်သို့ပင်ဆိုစေ သူမကို ဒီစကားမေးဖို့ ကျွန်မတွင်တာဝန်ရှိသည်… သူမ အမှားလုပ်သွားလျှင် ကျွန်မပြောသည်… သူမ အလုပ်များ တန်းလန်းပေးလျှင် အပြီးလုပ်ခိုင်းသည်… ကျွန်မကိုယ်ကျွန်မရသည့်သင်ခန်းစာကတော့ တစ်ခါတစ်ရံ ဦးဆောင်နိုင်စွမ်းသည် ဆရာလုပ်ခြင်းမဟုတ်…
သူမကို ကြည့်၍ရသော သင်ခန်းစာသည် အလုပ်တွင် အသစ်ဝင်လျှင် အသစ်လိုနေ အဲဒိအလုပ်က လူတွေအကြောင်းမသိခင် အမောက်မထောင်ရန်ဖြစ်ပေသည်… (လူတွေအကြောင်းကလဲ လအနည်းငယ်ဖြင့်ပင် သိနိုင်သည် မဟုတ်ခြေ)…


Is it really Okay to say I'm not bcoz of ur question "R U OK?"
အဆင်ပြေလား ပြဿနာ (၂)

ယခု ကျွန်မ အလုပ်သစ်ကိုရောက်တာ ၆လပင်ရှိခြေပြီ… ရှေ့အလုပ်က သူများတွေကို သင်ခန်းစာယူကာ တတ်နိုင်သမျှ ကွန်ပလိမ်းမများ အသစ်လိုနေသည်… အသစ်ဖြစ်၍ ကိုယ့်အလုပ်မှန်းမသိ သူများအလုပ်မှန်းမသိ လာခိုင်းသမျှကိုလဲ တတ်နိုင်သလောက်လုပ်ပေးသည်… ကျွန်မလက်ရှိရောက်နေသော ကုမ္ဗဏီသည် အရင်အလုပ်ဖြင့် ဆန့်ကျင်ဖက်… မြန်မာနည်းလှသည်… ရှားရှားပါးပါး ကျွန်မ အထပ်တွင် ကျွန်မနှင့် တခြားဋ္ဌာနမှ မြန်မာ အစ်ကိုကြီး ၂ယောက်သာရှိသည်… ကျွန်မသူဋ္ဌေးက အလုပ်စ၀င်တဲ့နေ့ကပင် ရှားပါး မြန်မာမို့ မိတ်ဆက်ပေးသည်… ကိုယ်တိုင်လဲ မြန်မာလူမျိုး တစ်ယောက်ရှိ၍ အားတက်မိသည်… သို့သော် စစချင်း စောက်နဲ့ထွင်း မေးခံရတဲ့ မေးခွန်းကတော့ “ညီမက ဒီမှာ ဘယ်လို အလုပ်ရတာလဲ” တဲ့…. ရောာာာာာာာာာာာာ…

ချဉ်စည်ထဲက ဒေါကနဂါးကို တုတ်နဲ့ လာထိုးပြန်ပါပြီ… “Jobstreet မှာတွေ့လို့ အလုပ်လျှောက်လိုက်ပြီး အင်တာဗျူးဝင်ပြီး ရတာပါ” လို့ပဲဖြေလိုက်ပါတယ်… ဟုတ်တယ်လေ… အလုပ်ဘယ်လိုရလဲဆိုတော့ ရှင်းရှင်းလေးပဲ လျှောက်လို့ရတာပေါ့… သူတစ်ယောက်ပဲ ဒီကုမ္ဗဏီမှာ အလုပ်ရလား… တခြားမြန်မာ မရရဘူးလား… သူကတော့ လုပ်ငန်းအတွေ့အကြုံတွေလဲ အတော်ရှိခဲ့သလို ဒီကုမ္ဗဏီမှာလဲ အတော်ကြာနေတဲ့ Senior Engineer ပေါ့… ကျွန်မက သူ့လောက်တော့ ရာထူးမရှိပါဘူး… ကိုယ်က ပိုလီပဲပြီးထားတယ်… သူ့လောက်လဲ လုပ်သက်မရှိသလို အသက်လဲမကြီးသေးပါဘူး…
နောက်ရက်တစ်ရက်မှာ မြန်မာအချင်းချင်းရင်းနှီးအောင် ဋ္ဌာနချင်းမတူသော်ငြား နေ့လည်စာတူတူသွားစားဖြစ်ပါတယ်… အဲဒိမှာလဲ မေးလိုက်တဲ့ မေးခွန်းတွေက ကျွန်မနဲ့ အပေါက်လမ်းသိပ်မတည့်ပါဘူး… ကျွန်မကပဲ သိပ်အတွေးလွန်ပြီး ကပ်သပ်တတ်တာလား လို့ ဝေခွဲမရဖြစ်ရပါတယ်… မှတ်မိသလောက် မေးခွန်းလေးတွေ ဥပမာပြောပြပါမယ်…

၁) ညီမက ဒီမှာ ဘာလုပ်ရတာလဲ (လတ်တလောတော့ အသစ်ဆိုတော့ သင်ယူနေတုန်းပေါ့)

၂) Techinical နဲ့ ပတ်သတ်တာတွေကို ညီမလုပ်နိုင်လို့လား

၃) ဘာစတေးနဲ့ နေနေတာလဲ
(Personal မေးခွန်း သို့သော် မြန်မာအချင်းချင်း အလိုက်မသိသူများမေးလေ့ရှိသဖြင့် စိတ်မဆိုးသေးပါ… ဖြေတော့ မယုံသည့်ပုံစံဖြင့်… ရောက်တာ ၉နှစ်ရှိတဲ့သူကိုများ… သူရောက်တာမေးကြည့်တော့ ၄နှစ်လောက်ပဲရှိပြီးတော့… )

၎) အိမ်ဝယ်ထားတယ်ဟုတ်လား၊ ဘယ်လိုလုပ်ပြီး အိမ်ဝယ်လို့ရတာလဲ…

၅) အိမ်ထောင်ကျနေပြီလား
(ကျွန်မအသက်အရွယ်မှာ အိမ်ထောင်ကျနေတဲ့ သူငယ်ချင်းတွေရှိတဲ့အတွက် ဒီမေးခွန်းကို ကျွန်မစိတ်မဆိုးပါဘူး… သို့သော် စိတ်ထဲ အမြင်မတူဖြစ်မိတာက နောက်ဆက်တွဲလာတဲ့ သူ့ရဲ့ သုံးသပ်ချက်ကိုပါ)

၆) ခုခေတ်မှာ မိန်းကလေးတွေက အိမ်ထောင်ကျစောကြတယ်လေ…
(ဘုရားရေ… ကျွန်မ မြင်တွေ့နေတဲ့ စကာင်္ပူက မိန်းကလေးတွေကတော့ ကျောင်း အလုပ် စာ စသည်ဖြင့် အနာဂတ်အတွက် ရုန်းကန်လှုပ်ရှားနေလို့ ပျမ်းမျှအားဖြင့် အသက် ၃၀ ၀န်းကျင်လောက်မှ အိမ်ထောင်ပြုကြသူများပါတယ်… သူ့ သုံးသပ်ချက်က ဘာကိုကြည့်ပြီးပြောလဲမသိပါ)

ထိုသို့ထိုသို့သော် မေးခွန်းများကိုသည်းခံကာ နေ့လည်စာတစ်နှပ်ကို ကျော်ဖြတ်ပြီးနောက် ထိုသူဖြင့် နောက်လုံးဝ ထမင်းထွက်မစားဖြစ်တော့ပါ… သို့သော် တစ်ခါတစ်ရံ သူနှင့် Office Pantry တွင်သော်လည်းကောင်း ၀င်ပေါက်တွင်သော်လည်းကောင်းတွေ့လျှင် နှုတ်ဆက်သည့်အနေဖြင့် သူကျွန်မကို မေးတတ်သည့်စကားက “အဆင်ပြေရဲ့လား” တဲ့…

တခြားစကားတွေဖြင့် အများကြီးနှုတ်ဆက်လို့ရသည်… အဘယ်ကြောင့် ဤစကားကိုမှ သုံးသနည်း… သူက အဟောင်း ကိုယ့်ထက်လဲ လုပ်ငန်းအတွေ့အကြုံ နည်းပညာအတွေ့အကြုံရှိသဖြင့် မေးခြင်းဖြစ်သည်ဟု ယူဆကာ ယခုထက်ထိဖြေသိမ့်နေသေးသည်…

သို့သော် စိတ်ထဲမှတော့ စပ်ကနဲ ပြန်မေးမိသည် “အဆင်မပြေတော့ အစ်ကိုက ဘယ်လိုကူညီပေးနိုင်မှာမို့လဲ” ဟု ဆိုလျှင် ကိုယ်က ဘုပြောသည်ဖြစ်မည်… ဟုတ်သည်… သူက ကျွန်မနှင့်လဲ ဋ္ဌာနမတူ… ကျွန်မတို့ ဋ္ဌာနဘာလုပ်သနည်းဆိုတာတောင် သူသိပုံမပေါ်… ယခုထက်ထိလဲ သူ့အကူအညီဘာမှ မလိုပဲ အဆင်ပြေနေသည်…
ကိုယ်ပဲ သိပ်အတွေးခေါင်နေသလား လူမှုရေးခေါင်းပါးနေသလား… ကိုယ်ပဲ “အဆင်ပြေရဲ့လား” ဆိုတဲ့ မေးခွန်း အသုံးပြုပုံကို သေချာမတတ်တာလား… ထိုသူပဲ တစ်ခုခုမှားနေသလား ကျွန်မဝေခွဲမရပါ… သို့သော် ထိုသူမေးသော အဆင်ပြေရဲ့လားဆိုသည့် မေးခွန်းအပေါ် ကျွန်မစိတ်ထဲ သိပ်သဘောမကျလှပေ…
တွေးမိသည်က…

၁) မြန်မာအချင်းချင်း အဆင်မပြေမှာစိုးရိမ်၍ (ဂရုစိုက်၍) မေးခြင်းလော
(သို့သော် သူ့မျက်နှာတွင် Sincere ဖြစ်သောပုံတော့ မတွေ့ချေ)

၂) ဒီကောင်မလေး ဘာမှမလုပ်နိုင်ပါဘူးဆိုပြီး အထင်သေးသဖြင့် မေးခြင်းလော

ယခုလောလောဆယ်အထိတော့ ကျွန်မ အတတ်နိုင်ဆုံးရှောင်နေပါတယ်… အ၀င်အထွက် မျက်လုံးချင်းမစုံအောင် နေပါတယ်… စုံခဲ့လျှင်လဲ သူဘာမှ မပြောခင် ပြုံးပြ ရီပြကာ အလုပ်များချင်ယောင်ဆောင်ကာ သုတ်သုတ်လျှောက်ပါတယ်…
ဤပိုစ့်ကို ရေးဖြစ်ခြင်းမှာ ဟိုနေ့က မတော်တစ်ဆ Pantry ထဲမှာ သွားဆုံတော့ မေးခံလိုက်ရတဲ့ အဆင်ပြေရဲ့လား ဆိုတာကြောင့်ပါပဲ…. ၆လရှိပြီ…

မေးလိုက်ချင်သည်က… စာဖတ်သူတွေရော “အဆင်ပြေရဲ့လား” ဆိုတဲ့ မေးခွန်းကို ဘယ်လိုနေရာတွေမှာ သုံးတတ်ပါသလဲ…


ဘယ်သူတွေကို ဘယ်လိုအခြေအနေမျိုးမှာ မေးမှာလဲ...