Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

Monday, February 29, 2016

Japanese Movie - Time Trip App (review)




English Title: Time Trip App
Romanji title: Bakumatsu Kokosei
Language: Japanese
Genre: Time Travel/ Sci-fi
Episodes: 1
Runtime: 108 min.

Main Cast:
Hiroshi Tamaki as Katsu Kaishu
Ishihara Satomi as Mikako Kawanabe

My Rating: 4/5

ဇာတ်လမ်းအကျဉ်း

အထက်တန်း သမိုင်းပြ အတန်းပိုင်ဆရာမ အလုပ်မှာ သိပ်အောင်မြင်မှု မရှိလှသလို ကိုယ်တိုင်လဲ အားစိုက်ထုတ်ဂရုပြုမှု မရှိတဲ့ မိကာကို ကို သူ့တပည့်တွေကလဲ သိပ်လေးစားခြင်းမရှိပါဘူး။ အထူးသဖြင့် တပည့်ဖြစ်ချင်တာကို အလေးမပေးပဲ ခပ်လွယ်လွယ်ပဲ အမှတ်ကောင်းရင် ဆရာဝန်လုပ်ရမယ်ဆိုတဲ့ ပုံသေနည်းမျိုးကို ဆွဲကိုင်ထားပြီး သူ့တာဝန်ကျေအလုပ်လုပ်နေတဲ့ သာမာန် ဆရာမတစ်ယောက်ပါပဲ။ တစ်နေ့မှာ ကျောင်းဝန်းအပြင်မှာ သူ့တပည့် ၃ယောက်နဲ့ စုံတုန်း စကားများကြရင် မတော်တဆ သူ့တပည့်တစ်ယောက် သမိုင်းဖြေတုန်း ခိုးချဖို့ download လုပ်ထားတဲ့ သမိုင်း App ကနေ အရောင်တွေလက်လာပြီး သူတို့ ၄ယောက် မသိလိုက်ခင်မှာပဲ ၁၈၆၈ ခုနှစ် Edo ခေတ်ကို ပြန်ရောက်သွားပါတယ်။

အဲ့ဒိမှာ သမိုင်းကြောင်းအရ ဂျပန် ပြည်တွင်းစစ်ဖြစ်တော့မှာကို မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်မှုနဲ့ပဲ တားဆီးနိုင်ခဲ့တဲ့ နှလုံးရည်နဲ့ ပြည့်စုံတဲ့ (ယနေ့ခေတ် သမိုင်းဘာသာထဲမှာ သင်ရတဲ့) ဆာမူရိုင်း စစ်သူကြီးတစ်ယောက်နဲ့ သွားတွေ့ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်ကနေ တကွဲတပြားစီ ရောက်သွားကြတဲ့ ခေတ်လူငယ်တွေကြောင့် သမိုင်းကြောင်းကြီး မှားယွင်းလုနီးပါးဖြစ်ခဲ့ပါတယ်။ အဲ့ဒိခေတ်ကသာ ဂျပန်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရင် ယနေ့ခေတ်ဂျပန်လို တိုးတက်လာမှာ မဟုတ်ပဲ အနောက်တိုင်း ကိုလိုနီနိုင်ငံတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်သလို သူတို့တွေရဲ့ လက်ရှိ ၂၀၁၄ခုနှစ်ရဲ့ ကံကြမ္မာလဲ ပြောင်းသွားနိုင်တဲ့အတွက် သမိုင်းအမှန်ပြန်ရအောင် အားလုံး ဆာမူရိုင်းနဲ့ တွဲပြီး စွမ်းဆောင်ကြရပါတော့တယ်။

ဝေဖန်ရေး

ဂျပန်ကားဆိုတော့ သိတဲ့အတိုင်း Inspiration အရမ်းကောင်းပါတယ်။ ပျော်စရာ ဒိုင်ယာလော့လေးတွေ၊ ရှေးခေတ်က သူရသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းက တကယ်တန်းတွေ့တော့ အထင်အတိုင်းမဟုတ်ပဲ ပေါ့ပျက်ပျက်လူတစ်ယောက်လို ပျော်ပျော်နေတတ်တာ စသည်ဖြင့် ကြည့်ရတာ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ Nodame Cantabile ဇာတ်ကားထဲက မင်းသားချော Hiroshi Tamaki ကလဲ အသက်နည်းနည်းကြီးတယ်ထင်ရပေမဲ့ ဆာမူရိုင်း ၀တ်စုံနဲ့ ကြည့်ကောင်းပြီး သူ့ဇာတ်ကောင်နဲ့ လိုက်ဖက်ပါတယ်။ မင်းသမီးချော Hatomi Ishihara ကလဲ ကိုယ့်အကြိုက် ချစ်စရာကောင်း၊ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ယောက်ပါပဲ။

အဲ့ဒိအထဲမှာ ပြောတဲ့ စကားလုံးတွေထဲက မှတ်မှတ်ထင်ထင် သတိရနေတဲ့ စကားလုံးလေးကတော့ ကျောင်းဆရာမလေးက လက်ရှိခေတ်မှာ နည်းပညာတွေ ဘယ်လောက်တိုးတက်နေပြီး ဘယ်လိုတွေကောင်းကြောင်း ရှေးခေတ်က မမြင်ဖူးတဲ့ ဆာမူရိုင်း သူရဲကောင်းကို ပြောပြတော့ အဲ့ဒိ ဆာမူရိုင်း သူရဲကောင်းက သူ့ကို တစ်ခွန်းပဲ ပြန်မေးလိုက်တယ် “အဲ့ဒိ ခေတ်မှာ နည်းပညာတွေ တိုးတက်ကောင်းမွန်လာတာဟုတ်ပါပြီ။ လူတွေရော ဘယ်လောက် တိုးတက်ကောင်းမွန်လာသလဲ” တဲ့။

အဲ့ဒိစကားက ဆရာမအလုပ်ကို ၀တ်ကျေတန်းကျေလုပ်နေတဲ့ မိကာကို ကို သူ့လိုအပ်ချက်တွေကို မီးမောင်းထိုးပြလိုက်သလို အရှက်ရစေခဲ့တယ်။ သူဟာဘယ်တော့မှ ကောင်းမယ်ထင်တာ၊ သင့်တော်တာကို အားစိုက် မစဉ်းစားပဲ အမှတ်ကောင်းတဲ့ကျောင်းသား ဆရာဝန်လုပ်၊ စာညံ့လို့ စာမလုပ်တဲ့ကျောင်းသားဆို ၀တ်ကျေတန်းကျေ ဆူလိုက်ပြီး ဘာမှ ဆက်မလုပ်ပေးတတ်တော့တာတွေကို သူရှက်သွားတယ်။ အဲ့ဒိရှေးခေတ်က လူကို သူဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။
သူအစက ပေါ့ပျက်ပျက်နဲ့ ဘယ်လိုသူရဲကောင်းဖြစ်ခဲ့မှန်းမသိဘူးလို့ သံသယဝင်ခဲ့တဲ့ စစ်သူကြီး Katsu ကတော့ အပေါ်ယံသာအဲလိုထင်ရပေမဲ့ သူ့စိတ်ထဲမှာ လိုချင်တာကို ဘယ်သူတွေ ဘယ်လိုထင်ထင်၊ ဘာပြောပြော၊ သူတိုင်းပြည်ကောင်းဖို့ပဲ သူလုပ်တယ်၊ အသုံးမကျတဲ့ ဘာမှအကျိုးမပြုတဲ့ ဆာမူရိုင်းမာနဖြစ်တဲ့ တစ်ခုခုဆို အသေခံပလိုက်တာတို့ ဘာတို့ကို သူအားမပေးဘူး။ သူ့တိုင်းပြည်က လူတွေကောင်းဖို့အတွက် အရေးမကြီးတဲ့ ဆာမူရိုင်းရိုးရာကို ပြောင်းဖို့လဲ သူဝန်မလေးဘူး။ သူဘာလုပ်ချင်သလဲ၊ ဘာလုပ်သင့်သလဲဆိုတဲ့ သူ့ ပန်းတိုင်အတွက် သူကြိုးစားတယ်။ အဲ့ဒိအချက်က ဆရာမလေး Mikako ကို အလင်းပြလိုက်ရုံမကဘူး ကြည့်နေတဲ့ ပရိတ်သတ်ကိုပါ ပညာပေးတယ်လို့ ခံစားရတယ်။ ပြောသာပြောတာလေ ကျွန်မဆို ကိုယ်ဘာဖြစ်ချင်လို့ ဘယ်လို့ရအောင် လုပ်ရမလဲ စမ်းတဝါးဝါးပဲ။ ပျင်းက ပျင်းသေးတာ။

ဘာပဲ ပြောပြော ဒီရုပ်ရှင်လေးက တိုတိုနဲ့ ပညာပေး၊ အတွေးပေး၊ ရီရပြီး Entertaining လဲ ဖြစ်တဲ့ ဇာတ်ကားလေး တစ်ကားမို့ အချိန်လေး ၁နာရီကျော်လောက် ပေးကြည့်ရတာ တန်ပါတယ်။ ဇာတ်လမ်းတွဲ မဟုတ်တဲ့အတွက် ၁ကားနဲ့ ပြီးပါတယ်။ ဘယ်က ကြည့်သလဲတော့ မမေးနဲ့။ မဗေဒါလဲ Google ကနေ ရိုက်ထည့်ပြီး ရှာလိုက်တာပဲ။ ကြည့်နေကျ ဆိုဒ်က malware တက်နေပြီး ကြော်ငြာတွေပဲပေါ်ပေါ်လာလို့ ကြည့်လို့ မရတော့လို့။

Friday, November 22, 2013

Captain Phillips - Movie Review (with vlog in Burmese)


ရုပ်ရှင်အမည် : Captain Phillips
အမျိုးအစား : တိုက်ခိုက် သည်းထိပ်ရင်ဖို
ဘာသာစကား : အင်္ဂလိပ်၊ ဆိုမာလီ
ထုတ်ဝေသည့်နေ့ : ၁၁ရက် အောက်တိုဘာ ၂၀၁၃
Based on A Captain's Duty: Somali Pirates, Navy SEALs, and Dangerous Days at Sea by Richard Phillips
Stephan Talty

သရုပ်ဆောင်များ
Tom Hanks as Richard Phillips, captain of the MV Maersk Alabama
Barkhad Abdi as Abduwali Muse, pirate leader

My rating: 5/5

ဇာတ်လမ်းအကျဉ်း

Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သဘောင်္ကြီးဟာ Oman သဘောင်္ဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သဘောင်္နားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သဘောင်္ပေါ်ကိုရောက်လာခဲ့ပါတယ်… 

တခြားသဘောင်္သားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သဘောင်္ကို ပါ၀ါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါ၀ါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သဘောင်္သားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သဘောင်္ပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်…
ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲ… စတာတွေကိုတော့ ဖန်သားပြင်ပေါ်မှာ ကြည့်လိုက်မယ်ဆိုရင်ဖြင့် မိတ်ဆွေရဲ့ ပိုက်ဆံ အလကားဖြစ်မဲ့ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘူးဆိုတာကို မဗေဒါက အတတ်ပြောရဲပါတယ်…

Captain Phillip အစစ် (၀ဲ) နဲ့ Captain Phillips အဖြစ် Tom Hank (ယာ)

ဝေဖန်ရေး

ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… အောက်က ဗွီဒီယိုလေးကိုကြည့်ပြီးတော့လဲ မဗေဒါရဲ့ ဝေဖန်ရေးကိုနားထောင်ကြည့်လိုက်ကြပါနော်… ဒီပိုစ့်ထဲမှာတော့ ဗွီဒီယိုထဲမှာ မပြောဖြစ်ခဲ့တာလေးတွေကို ပိုအသားပေးပြီး ရေးချင်တယ်… တစ်ကားလုံးခြုံငုံပြီးကောင်းတယ်ဆိုတာကိုတော့ ထပ်ပြောမနေတော့ပဲ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…

သဘောင်္နားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သဘောင်္ပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သဘောင်္သား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သဘောင်္ပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သဘောင်္သားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ မဗေဒါကတော့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (သဘောပေါက်မလားတော့မသိဘူး… ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ)..

နောက်တစ်ခန်းက သဘောင်္စက်ပိတ်လိုက်လို့ လူဆိုးတွေက သဘောင်္သားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်…

နောက်တစ်ချက်က အသက်ကယ်သဘောင်္ပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ ကျွန်မတန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေတယ်…

Muse (Skinny) အဖြစ် သရုပ်ဆောင်တဲ့ Barkhad Abdi (ဝဲ) နဲ့ တကယ့် အပြင်က ပင်လယ်ဓားပြ Abduwali Muse (ယာ)

ကျန်တဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ဗွီဒီယိုထဲမှာ ပြောထားပြီးပြီမို့ မဗေဒါရဲ့ Captain Phillips Movie Review –vlog လေးကိုကြည့်ပြီး ကြိုက်တယ်ဆိုရင် မဗေဒါ Channel လေးကို Subscribe လုပ်ထားရင် နောက်မဗေဒါတင်သမျှ ဗွီဒီယိုတွေကို မလွတ်တမ်းအရင်ဆုံးကြည့်ရမှာပေါ့နော်… :D
မဗေဒါကြည့်ချင်ခဲ့တဲ့ Captain Phillps သူ့မိသားစုနဲ့ပြန်ဆုံတာကို ရုပ်ရှင်ထဲမှာ မပြတော့ပေမဲ့ အပြင်က Captain Phillips အစစ် သူ့မိသားစုနဲ့ဆုံတဲ့ပုံကိုတွေရတော့ ဝမ်းသာကြည်နူးမိပါတယ်… သူကပြောတယ်… “ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး… စစ်တပ်ကသာ သူရဲကောင်းပါ… သူတို့ကိုကျေးဇူးတင်ပါတယ်”… ကျွန်မတွေးမိတယ်… ကျွန်မတို့ နိုင်ငံသားတွေရော ကျွန်မတို့နိုင်ငံ စစ်တပ်ကို သူရဲကောင်းလို ကျေးဇူးတင်ဖို့ ဘယ်အချိန်ထိစောင့်ရမလဲလို့….


2009 Apirl 17 မှာ မိသားစုနဲ့ ပြန်လည်စုံခဲ့တဲ့ Captain Phillips


Tuesday, July 03, 2012

Kang Ji-Hwan movie "Detective Cha"

မင်းသား Kang Ji-Hwan အကြောင်းတောင်းဆိုလာတဲ့ Su အတွက် သတင်းကောင်းလေးရှိပါတယ်… 


သူ့ရဲ့ ဇာတ်ကားသစ် “Detective Cha” ဆိုတဲ့ ရုပ်ရှင် (ဇာတ်လမ်းတွဲမဟုတ်) အကြောင်း သိပြီးပြီလာတော့ မသိဘူး… မဗေဒါတော့ ခုမှ သိပါတယ်… မေလကမှ ထွက်ထားတဲ့ကားပါ…


Hong Gil Dong ကားမှာ သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Sung Yuri (Snow Queen ထဲက မင်းသမီး) နဲ့ ပြန်လည်တွဲဖက်သရုပ်ဆောင်မှာဖြစ်ပါတယ်… သူတို့ ၂ယောက်က Hong Gil Dong ကားမှာကတည်းက လိုက်ဖက်တဲ့ မင်းသား မင်းသမီးအနေနဲ့ ပရိတ်သတ်အကြိုက်များခဲ့ပါတယ်… Detective Cha ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်အချစ်ဇာတ်လမ်းလေးဖြစ်မယ်ထင်ပါတယ်…


ပိုစတာမှာမြင်တဲ့အတိုင်းပဲ Kang Ji-Hwan မှ ဟုတ်ရဲ့လားလို့ ထင်စရာပါ… ဒီကားမှာ သူဟာ စုံထောက် ချား အနေနဲ့ သရုပ်ဆောင်မှာဖြစ်ပါတယ်… သူ့ရဲ့ ဇာတ်ကောင်ဟာ အရည်အချင်းထက် အရာတစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်တဲ့ အကျင့်ရှိတဲ့ အ၀လွန် စုံထောက်တစ်ဦးဖြစ်ပါတယ်… အပေါ်ပုံမှာ သူရဲ့ ဘီယာဗိုက်ပူနေတဲ့ D-line ကို ပေါ်လွင်အောင် အိုက်တင်ပေးနေတာဖြစ်ပါတယ်… (ပိုစတာကြည့်တာနဲ့ ရီချင်မိပါတယ်)… မင်းသမီး Sung Yuri ကတော့ မင်းသားကို ပုံပြောင်းပေးမဲ့ ဖက်ရှင် ဒီဇိုင်နာအဖြစ်သရုပ်ဆောင်ထားပါတယ်… အမှုစုံစမ်းဖို့အတွက် ပုံပျက်ပြီး ၀နေတဲ့ စုံထောက် ချား တစ်ယောက် အသွင်ပြောင်းပြီး ဖက်ရှင်လောကကို ၀င်ရောက်ပြီး Runway ဘယ်လိုလျှောက်မလဲဆိုတာကို ကြည့်ရှုရင်း ရီစရာလေးတွေ ခံစားနိုင်မှာပါ… အပြင်မှာ မော်ဒယ်လိုင်းကနေ သရုပ်ဆောင်လိုင်းကို ကူးပြောင်းနေတဲ့ မင်းသားငယ် အသစ်တွေဖြစ်တဲ့ White Christmas ထဲက Lee Soo-hyuk နဲ့ Bachelor’s Vegetable Store ထဲက Kim Young-kwang ဟာ ဒီကားထဲမှာ မော်ဒယ်ဘွိုင်းတွေအဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်… 


ကဲ… Su ရေ… ဒီကားလေး ကြည့်ပြီးဘီလား… မဗေဒါတော့ မကြည့်ရသေးလို့ ရှာကြည့်လိုက်အုံးမယ်…





Source : Dramabeans 

Photo taken from Dramabeans & Neversearch

Saturday, July 16, 2011

မြန်မာရုပ်ရှင် ရိုက်ကွင်းသို့ အလည်တစ်ခေါက်...

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်မရှိလို့ အပြင်သွားချင်နေတုန်း သူငယ်ချင်း SZA က သူ့သူငယ်ချင်းတစ်ယောက်အိမ်မှာ ဟိန်းဝေယံ သက်မွန်မြင့် ချောရတနာတို့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားကို ရိုက်ကူးမယ် ကြည့်ချင်လားဆိုတော့... မဗေဒါတို့ ဒါမျိုးဆို ကြည့်ချင်တာပေါ့... ကိုယ်ဝါသနာပါတာကို လေ့လာလို့ရတယ်လေ... တစ်ခါမှ အပြင်မှာရုပ်ရှင်ရိုက်တာကို အကြာကြီးထိုင်မကြည့်ဖူးဘူး... ကြုံလို့ဖြတ်သွားဖြတ်လာပဲ... ကိုရီးယားသွားတုန်းက ဟိုတယ်မှာ ၁ခါကြုံတုန်းကလဲ အဝေးကပဲ ခိုးကြည့်ရတာ... ဒီလိုနဲ့ပဲ အဲဒိကို သွားဖြစ်လိုက်တယ်...

ဟိုရောက်တော့ စတောင်မရိုက်သေးပါဘူး.. နေ့လည် ၁၁ နာရီလောက်တော့ရှိပြီထင်တယ်... မင်းသား မင်းသမီးတွေက ပင်ပန်းလို့ အိပ်နေကြတယ်တဲ့... ဒါရိုက်တာက ကိုဇော်(အာရုဏ်ဦး)... လွန်းထားထား ၀တ္တုကို ပြန်ရိုက်တာတဲ့... ကားနာမည်က "လေပြေ ညင်းရဲ့ အသက်ဆက်တေး" တဲ့... ဇာတ်လမ်းအကျဉ်းကတော့ အရင်က ဒွေး မေသန်းနု ခိုင်သင်းကြည်တို့ ရိုက်ဖူးတဲ့ ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်... (အဲဒိတုန်းကလဲ ဒွေးနဲ့ မေသန်းနု fullerton ဟိုတယ်ရှေ့က တံတားပေါ်မှာလာရိုက်သေးတယ်လေ... ကားနာမည်တော့ မမှတ်မိတော့ဘူး)... မြန်မာဇာတ်လမ်းတွေကတော့ ဒါတွေပဲထပ်နေတော့တာပေါ့... ဒါပေမဲ့လဲ မြန်မာပြည်လို ဟိုဟာပိတ် ဒီဟာ ရိုက်ခွင့်မရှိ စနစ်နဲ့ဆိုတော့ သူ့တို့ကိုချည်းပဲလဲ အပြစ်ပြောလို့ မရပြန်ဘူး...

ဇာတ်လမ်းအရ ဟိန်းဝေယံနဲ့ သက်မွန်မြင့်က စကာင်္ပူမှာ ကျောင်းတက်နေတဲ့ ချစ်သူတွေ... ချောရတနာက လုပ်ငန်းရှင်သူဋ္ဌေးမကြီး... ဟိန်းဝေယံကို ကြိုက်လို့ လုတာ... ဒါပါပဲ... အဆန်းတော့ မဟုတ်ဘူး... ကျွန်မတို့ သွားတဲ့နေ့ရိုက်နေတဲ့ အခန်းကတော့ ဟိန်းဝေယံကို အရက်တိုက်ပြီး သူဋ္ဌေးမကြီးအိမ်ခေါ်လာပြီး ကောင်မလေးနဲ့ သွေးခွဲတဲ့ အခန်းပေါ့... နေ့လည် ၂နာရီလောက်မှ အဲဒိ အခန်းကို စရိုက်ဖြစ်တယ်... မဆိုးပါဘူး အမှားအယွင်းသိပ်မရှိဘူး ၂ခါလောက်ပဲမှားတယ်... နိုင်ငံတကာ အဆင့်မှီမဟုတ်သေးဘူးဆိုပင်မဲ့ ကိုယ်သာသူတို့နေရာမှာဆို လုပ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်... လူတွေဘေးမှာ အများကြီးရှိနေတာကို ဒီလိုသရုပ်ဆောင်နိုင်ဖို့က မလွယ်ပါဘူးလေ...

ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)ကလဲ သဘောကောင်းပါတယ်... ကျွန်မတို့ကို ဖော်ဖော်ရွေရွေကောင်းကောင်းမွန်မွန်ဆက်ဆံတယ်... အင်း... အားလုံး မဆိုးပါဘူး... သူ့ဟာနဲ့သူတော့ ဘ၀င်မြင့်နေတဲ့ပုံမပေါက်ပါဘူး... ကျွန်မတို့ကလဲ မင်းသား မင်းသမီးကို သွားမိတ်ဆက်ဖို့လာတဲ့သူမဟုတ်ပဲ ရုပ်ရှင်ရိုက်တာကို ကြည့်ချင်ရုံသက်သက်ဆိုတော့ သွားမရောဖြစ်ဖူး... သူတို့ကိုယ့်ကြောင့် စိတ်ရှုပ်မှာစိုးလို့ စကားသွားမပြောတာလဲ ပါပါတယ်... အိမ်ရှင် အစ်မကြီးကတော့ မေးပါတယ် ဓာတ်ပုံတွဲရိုက်ချင်လားတဲ့... ဒါပေမဲ့လဲ အားလဲနာ ရှက်လဲရှက်လို့ မရိုက်ခဲ့ဘူး... အဲ ဒါပေမဲ့ အင်တာနက်ပေါ်မှာ အတော်လေးနာမည်ကြီးခဲ့တဲ့ အသံပိုင်ရှင် ဟိန်းဝေယံ ဖေဖေကြီးကိုတွေ့တော့ ဓာတ်ပုံတွဲရိုက်ချင်စိတ်တော့ ဖြစ်မိတယ်... ဒါမှ မဗေဒါ ဘလော့မှာ exclusive ဓာတ်ပုံတစ်ပုံရောက်လာမှာ... ဟိ ဟိ... စတာပါ မတော်တဆဖတ်မိခဲ့ရင်လဲ စိတ်မဆိုးပါနဲ့... (ကျွန်မဘယ်သူလဲဆိုတာ သိနေမှာဆိုတော့ ရေးရတာ လက်နည်းနည်းတွန့်ပင်မဲ့ မြန်မာပြည်က Celebrities တွေနဲ့ သူတို့ရဲ့ scandal နဲ့ ပတ်သတ်တဲ့သူတွေဆိုတော့ ဒီလောက်တော့ ခံနိုင်ရမှာပေါ့နော်... ဂုဏ်ယူသင့်ပါတယ်... )

ဒီနိုင်ငံမှာရိုက်ရလို့ အချိန်နဲ့ အမျှ အမြန်များရိုက်မလားလို့ ထင်ထားတာ... မြန်မာလူမျိုးတွေ မြန်မာစံတော်ချိန်အတိုင်း အလုပ်လုပ်ကြသဗျှ... အဲဒိ နေ့လည် ၂နာရီလောက်မှာ မိနစ် ၂၀လောက်လဲရိုက်ပြီးရော... ပြန်ဝင်အိပ်တဲ့သူကအိပ် ငုတ်တုတ်ပြန်ငိုက်သူကငိုက်... အပြင်ပဲထွက်ရိုက်တော့မလိုလိုနဲ့... နောက်မှ သက်မွန်မြင့်ရောက်လာတော့ သူတစ်ယောက်ပဲ အသည်းကွဲပြီး ငိုတဲ့အခန်းကို outdoor မှာ ခဏထွက်ရိုက်ကြတယ်... အဲဒိနောက် ညနေ ၆နာရီထိုးတဲ့ အထိ ဒီတိုင်းပဲ... ကျွန်မတို့ က အပြင်လူမို့ သူတို့ ဘာလုပ်နေလဲ ဘာကို ရိုက်ဖို့စောင့်နေတယ်ဆိုတာ မသိတာလဲဖြစ်နိုင်တယ်... ဒီတော့ ရမ်းမပြောလိုဘူး... ခုရေးနေတာတွေက ကျွန်မဘက်က ထင်မြင်ချက်တွေချည်းပဲဆိုတာ စာဖတ်သူတို့ နားလည်စေချင်တယ်... ကျွန်မအမြင်မှာတော့ အေးဆေးပဲလုပ်နေကြတာတွေ့တယ်... ညရောက်ရင်တော့ မြို့ထဲ malion နားမှာ ထွက်ရိုက်ကြအုံးမယ်ပြောတယ်... ဒါပေမဲ့ ဘယ်ချိန် ဘယ်ခါမှရိုက်ကြမယ်မသိတော့ ကျွန်မလဲ သွားစရာရှိတာနဲ့ မစောင့်တော့ပဲ ညနေ ၆နာရီလောက်ကျတော့ ပြန်လာလိုက်တယ်... ပြန်ခါနီး မင်းသားမင်းသမီးတွေနဲ့ တွဲရိုက်အုံးမလားလို့ အိမ်ရှင် အစ်မကြီးကလာမေးပါသေးတယ်... ကျွန်မတို့လဲ ရှက်တာရော သူတို့အလုပ်ရှုပ်မှာ အားနာတာရောကြောင့် မရိုက်တော့ဘူးဆိုပြီး ထွက်လာလိုက်တယ်... ဒါပေမဲ့ ခုသေချာပြန်စဉ်းစားတော့ သူတို့ကို အားနာတယ်... အမှန်တော့ သူတို့လဲ မြန်မာပြည်က celebrities ပဲ ကျွန်မတို့က ဓာတ်ပုံလေးတွဲရိုက်ဖို့ ခွင့်တောင်းခဲ့သင့်တယ်... ခုတော့ ကျွန်မတို့က လာကြည့်ပြီး ဓာတ်ပုံတောင် တွဲမရိုက်ပဲပြန်သွားလို့ ရိုင်းသလိုဖြစ်သွားလားတော့မသိဘူး... အဲဒိလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်... အားနာလို့ မရိုက်ခဲ့တာပါ...


သက်မွန်မြင့်ကလဲ သူ့အခန်းပြီးသွားပြီမို့ အော့ချက်မှာ သူ့မေမေတွေနဲ့ ချိန်းထားလို့ လိုက်ချင်တယ်ဆိုလို့ ကျွန်မတို့နဲ့တူတူ တိုက်စီနဲ့ အော့ချက်ကို သွားဖြစ်ကြတယ်... တိုက်စီပေါ်မှာတော့ သူနဲ့ စကားပြောဖြစ်တယ်... သဘောကောင်းပါတယ်.. ပွင့်ပွင့်လင်းလင်းလဲရှိတယ်... မင်းသမီးတစ်ယောက်ထက် ကိုယ်နဲ့ နယ်ပယ်မတူတဲ့ အသိုင်းအ၀ိုင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရသလိုပဲ... ကမ္ဘာ့အဆင့်မှီ ရုပ်ရှင်တွေ မထုတ်လုပ်နိုင်ရခြင်းအတွက် သူတို့ဘက်က အခက်အခဲတွေနဲ့ အတားအဆီးလေးတွေကို အနည်းကျဉ်းသိရတဲ့အတွက် သူတို့ ခံစားချက်ကိုလဲ နားလည်တယ်... အရင်က မြန်မာကားတွေကို ကျွန်မဝေဖန်လေ့ရှိတယ်... ဒါပေမဲ့ မဝေဖန်ပဲ ရပ်ထားတာကြာပါပြီ... အဲဒိကတည်းက ကျွန်မ အနည်းနဲ့ အများတော့ မှန်းလို့ရတယ်... သူတို့ မှာလဲ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ သူတို့ရှိနေမယ်ဆိုတာပါ...

အော့ချက်ရောက်တော့ တာကာရှီးမားယားမှာ ဆင်းပြီး လမ်းခွဲလိုက်ကြတယ်... ကားပေါ်မှာ နည်းနည်းရင်းနှီးသွားတာရော သူလဲ သူ့အချိန်နဲ့ သူအားနေတာသိတာကြောင့်ရော... သူနဲ့တော့ အဲဒိမှာ ဓာတ်ပုံ တွဲရိုက်ခဲ့တယ်... သူလဲ သူ့ဖုန်းနဲ့ ပြန်ရိုက်သွားသေးတယ်...

လမ်းခွဲပြီးတော့ သူငယ်ချင်းဆီကို အိမ်ရှင်အစ်မကြီး ဖုန်းဆက်ပြီး သက်မွန်မြင့်သူငယ်ချင်းအဖြစ် သရုပ်ဆောင်ဖို့ လူလိုလို့ မိန်းကလေး ၂ယောက်လောက်လိုတယ်ပြောတယ်... ဒါပေမဲ့ ကိုယ်လဲ သရုပ်ဆောင်တာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာရော အဲဒိနေ့က သူတို့ဆီသွားလို့ နေ့လည်က ချိန်းထားတာတစ်ခုကို ဖြတ်လိုက်ရတယ်... ညနေကိစ္စပါ ဖြတ်လို့ မဖြစ်တာနဲ့ မကူညီလိုက်တော့ဘူး... အတွေ့အကြုံရော ပညာရောတော့ ရဖူးချင်ပါတယ်... ဒါပေမဲ့လဲ ဗြုံးစားကြီးဆိုတော့ အဆင်မပြေဘူးလေ...

သူတို့ကားကလဲ သရုပ်ဆောင်တွေဝေေ၀ဆာဆာနဲ့ တစ်ကားလုံးမှာ ခေါင်းဆောင်မင်းသား ၁ယောက်နဲ့ မင်းသမီး ၂ယောက်ပဲပါတယ်... ဒီစကာင်္ပူအခံက ၀ါသနာပါတဲ့ လက်လှမ်းမီတဲ့ မိန်းကလေးတွေကိုတော့ အကူအညီတောင်းပြီး သက်မွန်မြင့် သူငယ်ချင်းအနေနဲ့ သုံးထားတယ်ထင်တယ်... အဲဒိနေ့ ညနေ malion ဘက်မှာ ရိုက်မယ်ဆိုတာတော့ မသွားကြည့်ဖြစ်တော့ဘူး... ဒါရိုက်တာနဲ့ စကားပြောပုံအရ ပါမစ်တွေဘာတွေလဲ လျှောက်ဖို့ အချိန်မရှိတာနဲ့ မလျှောက်ထားတော့ တာဝန်ရှိသူတွေ မသိအောင် ရိုက်ရတယ်ဆိုတော့ စိတ်မကောင်းဘူး... နောက်တစ်ခါလာရိုက်မယ်ဆိုပြော ပါမစ်တင်တာ ပေးသင့်သလောက်ပေးပြီးရင် ဒီလောက်မကြာဘူးချက်ချင်းရိုက်လို့ရမယ်လို့ ကျွန်မတော့ထင်တယ်... ၁ရက် ၂ရက်တောင် ကြာမှာမဟုတ်ပါဘူး (တကယ်လို့ ကိုယ်ရိုက်ချင်တဲ့နေရာမှာ တခြား ပွဲအစီအစဉ်တစ်ခုမရှိရင်ပေါ့) ဒီတော့ နောက်ဆို အကူအညီလိုလဲ ပြောပေါ့.. ပါမစ်ကြို တင်ပေးထားပါ့မယ်... အချိန်တော့ မှန်ပါစေပေါ့...

ဘာလို့လဲဆိုတော့ ခု စပြနေတဲ့ ကိုရီးယားဇာတ်လမ်း Myung Wol, The spy ကို MBS ပေါ်က ရေကန်ကြီးမှာ ခမ်းခမ်းနားနား လာရိုက်သွားတယ်... ခုတော့ ကိုယ့်မြန်မာ့ရုပ်ရှင်က malion လေးတောင် တာဝန်ရှိသူ မသိအောင် ရိုက်ရတယ်ဆိုတော့ စိတ်မကောင်းလို့ အတတ်နိုင်ဆုံး အချိန်ကုန်ခံ စုံစမ်းကူညီပေးမယ်...

ဆရာဝင်လုပ်တယ်လဲမထင်စေချင်ပါဘူး... ကိုယ်လဲ professional လုပ်စားနေတဲ့ ကိုယ့်ထက်ဝါရင့်တဲ့သူတွေလောက် မတတ်ပါဘူး... ဒါပေမဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ပဲ ပြောပြတာပါ... ကျွန်မ မသိတဲ့ တခြားအခက်ခဲအမျိုးမျိုးရှိလား ဆိုတာတော့ ကျွန်မလဲ မသိ...

မနက်ဖြန်လဲ national day firework တွေနဲ့အတူ သီချင်း VCD တစ်ပုဒ်ကို သက်မွန်မြင့်နဲ့ ရိုက်ဖို့ မိန်းကလေး သူငယ်ချင်းလုပ်ဖို့ သရုပ်ဆောင် ၂ ယောက် ၃ယောက်လောက်လိုလို့ ကိုယ့်ကိုလာခေါ်ပါသေးတယ်... တကယ်လဲကူညီချင်ပါတယ်... ဒါပေမဲ့ မနက်ဖြန်ည အလုပ်ရှိတာရော.. ခွင့်သိပ်မကျန်တာရောကြောင့် မကူညီနိုင်ပြန်ဘူး... သရုပ်ဆောင်ဖို့ထက် တခြား ပညာတွေတော့ အများကြီး သင်ယူချင်ပါသေးတယ်... အလင်းအမှောင်ချိန်တာ ကင်မရာ အနေအထား အယူအဆကို ဒါရိုက်တာက မော်နီတာက ကြည့်တာနဲ့ သိပြီး commend ပေးနိုင်တာ အားကျတယ်... ဒီထက် တိုးတက်တဲ့ အနုပညာလောကသာ မြန်မာပြည်မှာ ဖြစ်လာရင် သူတို့လဲ ဒိထက် အားစိုက်ထုတ်ပြီးလုပ်ကြမှာပဲလို့ ယုံကြည်တယ်...

အထူးသဖြင့်တော့ အားလုံးက ဖော်ဖော်ရွေရွေနဲ့ ကိုယ့်ကို အေးအေးဆေဆေး ကြည့်ခွင့်ပေးတယ်... စကားလဲပြောတဲ့အတွက် ရုပ်ရှင်အဖွဲ့သားတွေ အားလုံးကို ခုလိုတွေ့ရတာကျေနပ်မိတယ်... ကျေးဇူးလဲတင်ပါတယ်... ဒါပထမဆုံး ရုပ်ရှင်ရိုက်တာကို အနီးကပ်သေချာမြင်ဖူးတာပဲ... သူတို့ ရုပ်ရှင်ရိုက်နေတဲ့ အချိန်မှာ ကင်မရာ flash off ပြီး ဓာတ်ပုံလေးတွေရိုက်ဖြစ်ခဲ့တယ်... ဒါပေမဲ့ ချောရတနာက မီးထိုးတဲ့ အဖက်ကြီးနဲ့ ကွယ်နေလို့ မပါဘူး... ဟိန်းဝေယံပုံတွေချည်းပဲ ပါတယ်... (တမင် ဟိန်းဝေယံကိုချည်းရိုက်ခဲ့တာဟုတ်ဘူးနော်... ဟီး.. ဟီး...)

မှတ်ချက်... ဒီပိုစ့်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပဲ မဗေဒါ အမြင် မဗေဒါ အယူအဆနဲ့ သာ ရေးသားထားခြင်းဖြစ်လို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...

ဓာတ်ပုံလေးတွေ ရှုစားသွားပါ...

အောက်က ခုံမှာထိုင်နေတာက မှတ်တမ်းတဲ့... script လဲသူပဲ ဖတ်ပြတယ်...

ဒါရိုက်တာကြည့်တဲ့ မော်နီတာ.. ကင်မရာက ၂လုံးဒါပေမဲ့ ၁လုံးကဟာပဲမြင်ရတယ်...

ချောရတနာက အဲဒိ အဖက်ကြီးနဲ့ ကွယ်နေတယ်...

ဓာတ်ပုံတွေက SZA ကင်မရာနဲ့ မဗေဒါကိုယ်တိုင်ရိုက်ထားတာပါ...

Wednesday, September 08, 2010

Inspirational Hindi Movie "3 Idiots" - Recommendation

ကျွန်မတို့အခေါ် ကုလားကားပေါ့နော်... ဒါပေမဲ့ တိတိကျကျခေါ်ရင်တော့ ဟင်ဒီကား... တော်ရုံတန်ရုံ ဟင်ဒီကားလို့ပြောလိုက်ရင် ကြည့်နေကျမဟုတ်သူ တော်တော်များများက "ဟင်"ကနဲဖြစ်တတ်ကြတယ်... ကုလားကားက ကမယ် ဆိုမယ် ၀မ်းနည်းလဲက ပျော်လဲက လို့ ဝေဖန်တတ်ကြတယ်... ဟုတ်ပါတယ်... ဒါပေမဲ့ သူတို့မှာလဲ သူတို့ ရုပ်ရှင်ရိုက်တဲ့ မူနဲ့ သူတို့ အဆင့်ရှိတယ်... English ကားတွေမှာတောင် Musical movie ဆိုပြီး သီးသန့်တောင် ကြည့်ကြသေးတာ... ဟင်ဒီကားတွေမှာ သီချင်းဆိုတာ ကတာကို ဘာလို့ အပြစ်တင်ချင်ကြတာလဲ... ရုပ်ရှင်ကို ရုပ်ရှင်လိုနားလည်ပြီးကြည့်လိုက်ရင် အရသာရှိမှာပါ... ကျွန်မကတော့ ဟင်ဒီကားတွေကို ကြိုက်တဲ့အချက်ထဲမှာ အကအခုံ သီချင်းတွေပါလို့လဲပါတယ်... Hollywood နဲ့ အပြိုင် Bollywood ကိုတောင် တည်ထောင်ပြီး အော်စကာတွေဆွတ်ခူးနေတာလဲ သူတို့ရိုက်တဲ့ကားတွေချည်းပဲ... သူတို့ဟာ အနုပညာလောကထဲမှာ အဆင့်အတန်းရှိရှိနဲ့ကို ရပ်တည်နေတာ... ဒီတော့ ပြောချင်တာ ဟင်ဒီကား (ကုလားကား) ဆိုလို့ အထင်မသေးပဲ ကြည့်ကြည့်စေချင်တယ်...

ကျွန်မ Recommend ပေးချင်တဲ့ ကားလေးကတော့ မင်းသားချော Aamir Khan နဲ့ မင်းသမီးချော Kareena Kapoor တို့က ခေါင်းဆောင် ပါဝင်ထားပါတယ်... ဒါပေမဲ့ ဒီကားမှာ မင်းသားနဲ့ သူ့သူငယ်ချင်း ၂ယောက်ဇာတ်လမ်းက ပိုပြီး အဓိကကျပါတယ်... မင်းသမီးတောင် သိပ်တော့ အဓိကမကျလှပါဘူး...

ဇာတ်လမ်လေးကတော့....

အန္ဒိယထိပ်သီး အင်ဂျင်နီယားရင်းကျောင်းမှာ အများတကာနဲ့မတူပဲ ထူးခြားတဲ့ Personality ရှိတဲ့ Rancho ဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ Faran နဲ့ Raju ၂ယောက်က ကျောင်းပြီးသွားတော့ အဆက်အသွယ်ပျက် လုံးဝပျောက်ဆုံးသွားတဲ့ သူတို့ သူငယ်ချင်း Rancho ကို ပြန်လိုက်ရှာရင်း ဇာတ်ကြောင်းပြန်တာကို အခြေခံထားပါတယ်...

Rancho ဟာ အင်ဂျင်နီယာပညာရပ်ကို အလွန်စိတ်ဝင်စားသူဖြစ်ပြီး သူယုံကြည်ရာကို ခိုင်ခိုင်မာမာနဲ့ ဦးတည်ချက်မပျက်ပဲဆောင်ရွက်နိုင်တယ်... သူများတွေက စာမေးပွဲအမှတ်ကောင်းမှ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး ပြိုင်ဆိုင်နေကြတဲ့အချိန်မှာ သူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူလေ့လာချင်တာကိုပဲလေ့လာနေတတ်တဲ့ လူစားမျိုး... သူဟာ စာအုပ်ထဲက သင်ရိုးတွေကို နှုတ်တိုက်မကျက်ပဲ သဘောတရားကို တကယ်လေ့လာ နားလည်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် အများနဲ့ယှဉ်ရင်တော့ တမူကွဲပြားနေတဲ့ လူတစ်ယောက်ဖြစ်တယ်... အဲဒိအတွက်လဲ သူ ဘယ်သူကိုမှ ဂရုမစိုက်ဘူး... ဘယ်သူ့ကိုမှလဲ မထိခိုက်ဘူးလေ... သူ့အထင်အမြင်တွေကို ရဲရဲတင်းတင်း ချက်နဲ့လက်နဲ့ ပြန်ပြောရဲတဲ့အတွက် ဆရာတွေက မျက်မုန်းကျိုးတဲ့အပြင် ကျောင်းအုပ်ဆရာကြီးနဲ့လဲ အမြဲတမ်း ပြဿနာတတ်နေခဲ့တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်...

လူငယ်ပီပီ လှောင်တယ် ပြောင်တယ် ပျော်ပျော်နေတတ်တယ်... သူ့နဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Fahan နဲ့ Raju တို့ရဲ့ မိသားစု တွေကတော့ သူ့မိသားစုလောက် မချမ်းသာဘူး... သူတို့သားတွေကို အင်ဂျင်နီယာဖြစ်စေချင်လွန်းလို့သာ ရှိစုမဲ့စုနဲ့ ကျောင်းထားရတာဖြစ်တယ်... သူတို့သူငယ်ချင်းတွေအကြောင်း အနည်းကျဉ်းပြောရမယ်ဆိုရင်တော့

Fahan မိသားစုက သာမာန်လူတန်းစားဖြစ်တယ်... သူမွေးလာကတည်းက မိဘတွေက သူ့ကို အင်ဂျင်နီယာလုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့လို့ သူ့ခမျာ ရွေးစရာလမ်းမရှိပဲ မိဘဆုံးဖြတ်တာကို လိုက်နာခဲ့သူဖြစ်တယ်... သူတကယ်ဝါသနာပါတာကတော့ wildlife photographer ဖြစ်တယ်... သူ့ဘ၀ကြီးတစ်ခုလုံးဟာ Rancho နဲ့တွေ့တဲ့အခါမှာ လုံးဝပြောင်းလဲခဲ့တယ်...

Raju မိသားစုက အရမ်းဆင်းရဲတယ်... သူ့အဖေက လေဖြတ်နေတဲ့ရောဂါသည်... အမေက ဆရာမဟောင်း.. ပိုက်ဆံမရှိလို့ ညီမကလဲ ယောကျာင်္းတင်တောင်းစရာမရှိလို့ အိမ်ထောင်မပြုရဘူး (သူတို့ လူမျိုးရိုးရာအရ မိန်းကလေးက တင်တောင်းရတယ်ဆိုတာကို လေ့လာမှတ်သားရတယ်)... သူကတော့ အင်ဂျင်နီယာကို ၀ါသနာပါတယ်... သူ့မိသားစု ငွေရေးကြေးရေးကြောင့် တစ်ခါတစ်လေ ကျောင်းအုပ်ကြီးချိန်းခြောက်ရင် အမြဲကြောက်ရတဲ့သူ... သူငယ်ချင်း တစ်ဖက် ကျောင်းအုပ်ကြီးတဖက်ကြားမှာ သနားစရာအကောင်းဆုံးသူဖြစ်တယ်... သူ့ဘ၀ သူ့ယုံကြည်ချက်နဲ့ သူ့ကြောက်စိတ်တွေဟာလဲ Rancho နဲ့ အတွေ့မှာ အားလုံးပြောင်းလဲသွားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်...

Rancho နဲ့ပေါင်းလို့ သူတို့ ၂ယောက် grade တွေကျလာလို့ ကျောင်းအုပ်ကြီးရဲ့ ခြိမ်ခြောက် အထင်သေးမှုကို ခံရပင်မဲ့ အချိန်တန် စာမေးပွဲ အဖြေထွက်ရင် Rancho ကတော့ အမြဲ ထိပ်ဆုံးမှာရှိနေတတ်တဲ့အတွက် မျက်မုန်းကျိုးသော်လည်း ကျောင်းအုပ်ကြီးမှာ လက်မှိုင်ချနေရတယ်... သူ့အတွက် အဆိုးဆုံးကတော့ သူ့သမီး ဆရာဝန်မလေးနဲ့ Rancho ရဲ့ ချစ်ဇာတ်လမ်းလေးပါပဲ...

ဒါပေမဲ့ ကျောင်း graduate ဖြစ်တဲ့နေ့ကစပြီး လုံးဝပျောက်ဆုံး အဆက်သွယ်ဖြတ်သွားတဲ့ Rancho ကို အားလုံးစဉ်းစားမရဖြစ်ပြီး တွေ့ချင်နေကြတယ်... Rancho ရဲ့ ဘ၀အစစ်က ဘာလဲ...
သူတို့သိခဲ့တဲ့ Rancho ဆိုတာ တကယ့်အစစ်အနေနဲ့ တည်ရှိခဲ့ရဲ့လား....သူဘာလို့ပျောက်ဆုံးသွားတာလဲ ဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှူစားကြပါ...

Movie Review


ဒီရုပ်ရှင်လေးက လူတွေကို ခံစားချက်တွေ များစွာပေးသလို သင်ခန်းစာတွေလဲ အများကြီးပေးတယ်လို့ ကျွန်မခံစားရတယ်... ကြိုးစားချင်စိတ်နဲ့ အသိဥာဏ်တွေလဲ ပေးတယ်... ကျောင်းသားဘ၀တွေကို ရိုက်ထားတဲ့အတွက် ရီလဲရီရတယ်... သူငယ်ချင်းကောင်းဆိုတာရဲ့ အဓိပ္ပါယ်လေးကိုလဲ အနည်းအကျဉ်း အတွေးစလေးပေးခဲ့တယ်...

အဓိက သူပေးချင်တဲ့ သင်ခန်းစာလေးတွေကတော့ ... လူဆိုတာ Degree ရမှ အလုပ်ကောင်းကောင်းရမယ်... အလုပ်ကောင်းကောင်းရမှ လူဝင်ဆံ့မယ်ဆိုပြီး ကြိုက်ကြိုက် မကြိုက်ကြိုက် Degree တစ်ခုကို အရယူတတ်ကြတယ်... ဒါပေမဲ့ တကယ်ဖြစ်သင့်တာကတော့ ဘာလို့ ကျောင်းတက်လဲ ပညာရပ်တွေကို တတ်ချင်လို့ သိချင်လို့ ၀ါသနာပါလို့ ဆိုတာ ဖြစ်သင့်တယ်... Grade ကောင်းဖို့ထက် တကယ်တတ်အောင် လေ့လာသင်ယူသင့်တယ်... ဆရာတွေကလဲ ထိုနည်းလည်းကောင်း စိတ်ထားမျိုးနဲ့ တပည့်တွေကို သင်ပေးသင့်တယ်...

အဲဒိကားထဲက ကျောင်းအုပ်ဆရာကြီးရဲ့ ပညာရေးစနစ်ပေါ် အတွေးအခေါ်နဲ့ Rancho ရဲ့ အတွေးအခေါ်က လုံးဝကိုကွာခြားတယ်... လူဆိုတာ ကိုယ်ဝါသနာပါတာ စိတ်ဝင်စားတာကိုလုပ်ရင် ပိုအောင်မြင်တယ်ဆိုတာကို သဘောပေါက်အောင် ပြသွားတယ်...

အဲဒိကားမှာ Wildlife photographer ဖြစ်ချင်တဲ့ Fahan သူ့အဖေကို နှစ်သိမ့်တဲ့အခန်းမှာပြောတဲ့စကားတွေက ကျွန်မ အတွေးနဲ့ အတော်တူတယ်... သူ့အဖေကပြောတယ်... အင်ဂျင်နီယာဖြစ်မှ ၀င်ငွေကောင်းမယ် လူဝင်ဆံ့မယ် တောထဲမှာ wildlife photographer လုပ်ရင် အနေဆင်းရဲ အစားဆင်းရဲနဲ့ ပိုက်ဆံလဲ ဒီလောက်မရဘူးလို့ပြောတယ်... ဒီအခါမှာ Fahan က Wildlife Photographer လုပ်ရင် ပိုက်ဆံနည်းနည်းပဲရမယ် အိမ်သေးသေးပဲပိုင်မယ် ကားသေးသေးပဲပိုင်မယ်... ဒါပေမဲ့ သူအရမ်းပျော်မယ် စိတ်ချမ်းသာမယ်လို့ သူ့မိဘကို သေချာရှင်းပြခဲ့တယ်... (အဲဒါပဲ... ကျွန်မလဲ အဲလိုအတွေးမျိုးရှိတယ်... ပိုက်ဆံတွေအများကြီးရပြီး ပျော်ရွှင်မှုမရှိတဲ့ အလုပ်ကို ဘာလို့လုပ်မှာလဲ... ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်စိတ်ပါတာကိုပြောတာ... အဲဒိအတွေးကျွန်မမှာရှိနေတာ ကျောင်းပြီးပြီး အလုပ်ခွင်ထဲစ၀င်တည်းကပဲ... ဒါပေမဲ့ ကျွန်မမှာ Fahan လို ပြင်းပြင်းထန်ထန်ဖြစ်ချင်တဲ့ လုပ်ရဲတဲ့ courage မရှိဘူး... ခုတစ်လောတော့ ကျွန်မ Flim production ကို စိတ်ဝင်စားတယ်လို့ ကိုယ့်ကိုကိုယ်ထင်တယ်... ဒါပေမဲ့ တစ်ခါမှ မလုပ်ဖူးတော့ ကျွန်မမှာ Talent ရှိမရှိမသိဘူး... လိုင်းကို လုံးဝပြောင်းလိုက်ရမဲ့ Risk ကိုလဲ ကျွန်မကြောက်တယ်... ဒါပေမဲ့ ဖြစ်ဖြစ်မဖြစ်ဖြစ် ကြိုးစားကြည့်ချင်တယ်... သေချာတာတော့ ကျွန်မလက်ရှိနေရာကို မကြိုက်ဘူး... ရုပ်ရှင်အကြောင်းပြောရင်း ကိုယ့်အကြောင်းပြောတာ များသွားပြီ... Let's back to the topic)

ဒီရုပ်ရှင်လေးမှာ ကိုယ်စိတ်ဝင်စား ၀ါသနာပါတဲ့ ပညာရပ်ကို လိုက်စားရင် အောင်မြင်တာထက် ကျော်လွန်တာတွေကို ရရှိနိုင်ကြောင်း အသိဥာဏ်ဖွင့်ပေးတယ်...

ဒီရုပ်ရှင်လေးဟာ (ငယ်ငယ်က မြန်မာစာသင်တုန်းကလို ဘာရသတွေပေးလဲလို့ပြောရမယ်ဆိုရင်) ဟာသရသ၊ ဂရုဏာရသတွေပေးတဲ့အပြင် သင်ခန်းစာတွေ အမျာကြီးယူလို့ရမဲ့ကားလေးဖြစ်တယ်..

ဒါတွေတင်မကဘူး အိန္ဒိယနိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေကိုလဲ မြင်နိုင်တယ်... ကျွန်မတောင် အိန္ဒိယကို အလည်သွားချင်စိတ်ပေါက်သွားပါတယ်... ရိုက်ကွင်း ရိုက်ချက်နဲ့ ကင်မရာ အယူအဆကတော့ ပြောစရာမလိုလောက်အောင်ကို ကောင်းတယ်...

မင်းသားကလဲ သူ့အပြင်က အသက်ကိုတောင် မေ့လောက်အောင် နုတယ်... အမှန်အတိုင်းပြောရရင် ကျွန်မ ဟင်ဒီကားတွေကြည့်ရင် မင်းသား နှုတ်ခမ်းမွှေးပါရင် မကြိုက်ဘူး... အဲဒိအတွက် ကျွန်မအကြိုက်မင်းသားတွေကတော့ ရှာရွတ်ခမ်း၊ ဆယ်လ်မန်ခမ်း၊ အာမေလ်ခမ်းနဲ့ နောက်တစ်ယောက်က သူတို့နောက်မှပေါ်တာပဲ ဗလကောင်းကောင်းပဲ bollywood မင်းသား (စကာင်္ပူတောင် တစ်ခါလာဖူးတယ်) နာမည်မသိဘူး နှုတ်ခမ်းမွှေးတော့ မပါဘူး... (kabhi kushi kabhi gham အဲဒိကားမှာ အငယ်ကောင်လုပ်တာ) သူတို့တွေကို သဘောကျတယ်... မင်းသမီးတွေကတော့ ပြောနေစရာမလိုဘူး... ဟင်ဒီမင်းသမီး အားလုံးနီးပါးချောကြတယ်... အားလုံးနည်းပါးကြိုက်တယ်...

ကဲပါ အပြောတွေများနေပြီ... အားလုံးကို ပြချင်လွန်းလို့ လိုက်ရှာရင်း ကံကောင်းထောက်မစွာပဲ Youtube ပေါ်မှာ အင်္ဂလိပ်စာတမ်းထိုးနဲ့တွေ့တယ်... ကြည့်သွားကြနော်... တကယ်ကောင်းတယ်...

P.S တချို့အပိုင်းတွေရဲ့ အစမှာ google က ကြော်ငြာတွေဝင်ထားတယ်.. ၃၀ စက္ကန့်လောက်.... ခဏစောင့်လိုက်လို့ အဲဒိကြော်ငြာပြီးရင် ရုပ်ရှင်လာလိမ့်မယ်...
All videos Credit goes to Youtube's IDIOTSatSominalTv channel...

Part 1


Part 2



Part 3



Part 4



Part 5



Part 6



Part 7



Part 8



Part 9



Part 10



Part 11



Part 12



Part 13



Part 14



Part 15



Part 16





Friday, May 28, 2010

Prince of Persia - The sands of Time Movie

ဒီနေ့ မထင်မှတ်ပဲ အဖော်ကောင်းလို့ Prince of Persia ကို ကြည့်ဖြစ်သွားပါတယ်... ဒီကားကို လွန်ခဲ့တဲ့ ၄လ ၅လလောက်ကတည်းက သူငယ်ချင်းတစ်ယောက်က ပြောလို့ကြည့်ချင်ခဲ့တာပါ... ဂိမ်းဝါသနာရှင်တွေကတော့ အဲဒိဂိမ်းက အတော်ကစားလို့ကောင်းတယ်လို့ပြောပါတယ်... သူငယ်ချင်းကတော့ ရုပ်ရှင်ဟာ ဂိမ်းလောက်မှ ကောင်းပါ့မလားလို့ သံသယ၀င်တယ်လို့ပြောပါတယ်... ကျွန်မလဲ အဲဒိဂိမ်းကို မဆော့ဖူးတော့ ဂိမ်းလောက် ကောင်းမကောင်းမသိပါဘူး... ဒါပေမဲ့ ရုပ်ရှင်ကတော့ သင့် ပိုက်ဆံအလကားဖြစ်တယ်လို့ မခံစားစေရပါဘူး...

ဇာတ်လမ်းအကျဉ်း

ပါရှားနိုင်ငံကို အုပ်ချုပ်တဲ့ဘုရင်ဟာ ညီအစ်ကိုတွေရဲ့ စည်းလုံးချစ်ကြည်မှု သစ္စာရှိမှုကို အလေးထားတဲ့သူတစ်ယောက်ပါ... သူ့မှာ ညီတော် ၁ယောက်နဲ့ သားတော် ၂ပါးရှိပါတယ်... ဒါပေမဲ့ တစ်နေ့ သူတိုင်းခန်းလှည့်လည်စဉ်မှာ အားနည်းသူကို သတ္တိရှိရှိ အမှန်တရားဘက်က ရပ်ပြီး ကယ်ခဲ့တဲ့ ဒတ်စ်တန် ဆိုတဲ့ ကလေးလေးကို မွှေးစားခဲ့ပါတယ်... ဒတ်စ်တန်ဟာ သူရသတ္တိနဲ့ ပြည့်စုံပင်မဲ့ သူ့ထီးနန်းကိုယူဖို့ လုံးဝစိတ်မ၀င်စားတဲ့ သားတော်တစ်ပါးဖြစ်လာခဲ့ပါတယ်... သူတို့နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အလမ်မတ် နိုင်ငံက သူတို့ရန်သူနိုင်ငံကို လက်နက်တွေရောင်းတယ် သတင်းရခဲ့တဲ့အတွက် သူတို့ဟာ အလမ်မတ်ကို ဒတ်စ်တန်ရဲ့ အစွမ်းနဲ့ သိမ်းပိုက်ခဲ့ပါတယ်... အဲဒိနိုင်ငံက မင်းသမီးကိုလဲ ခေါ်ယူခဲ့ပြီး သားတော်တစ်ပါးပါးနဲ့ ထိမ်းမြားပေးဖို့ ကြံရွယ်ခဲ့ပါတယ်... သို့သော် မထင်မှတ်ပဲ ပွဲတော်လုပ်တဲ့နေ့တွင် ဒတ်စ်တန်က ဖခမည်းတော်ကို ဆက်သတဲ့ အကျီင်္ဟာ အဆိပ်ရည်လူးထားတဲ့အကျီင်္ဖြစ်နေပြီး သူ့ဖခမည်းတော် ကွယ်လွန်ခဲ့သလို ဒတ်စ်တန်လဲ ဘုရင်ကို သတ်တဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲခံရကာ ၀ရမ်းပြေးဖြစ်ခဲ့ရပါတယ်... မင်းသမီးနဲ့ ဒတ်စတန်တို့ အတူတူ ထွက်ပြေးရင်း ဒတ်စတန် အလမ်မတ်ကို ၀င်တိုက်တုန်းက ကောက်ရခဲ့တဲ့ ထူးဆန်းတဲ့ ဖန်ဓားလေးရဲ့ အစွမ်းနဲ့ လျှို့ဝှက်ချက်ကို သိရှိခဲ့ရပါတယ်... ဒီလို အခက်အခဲတွေကြားမှာ သူအပြစ်မဲ့ကြောင်း ဘယ်လို သက်သေပြမလဲ... အချိန်ကို နောက်ပြန်သွားလို့ရတဲ့ ဖန်ဓားလေးကို သူဘယ်လို အသုံးချမလဲ... ဘုရင်ကြီးကို လုပ်ကြံတဲ့ တရားခံအစစ်က ဘယ်သူလဲ... သူ့ကို မုန်းတဲ့ မင်းသမီးလေး... အမြဲတမ်း ဖန်ဓားလေးကို ပြန်ယူဖို့ ကြံစည်နေတဲ့ မင်းသမီးလေးနဲ့ သူဘယ်လို လက်တွဲပြီး အလုပ်လုပ်ခဲ့သလဲ... ချောမောလှပတဲ့ မင်းသမီးလေးနဲ့ သူနဲ့ ကြားက သံယောဇဉ် ယုံကြည်မှုနဲ့ တည်ဆောက်တဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲ... ဒါတွေအားလုံးကို တော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားတာက မဗေဒါ ပြန်ပြောတာထက် အဆပေါင်းများစွာ ကွာခြားပါလိမ့်မယ်...



အွန်လိုင်းက တစ်ချို့ review တွေဖတ်ကြည့်တာတော့ ဂိမ်းထဲက အကောင်နဲ့တူအောင်တော့ တစ်နေရာက တစ်နေရာခုန်တာတွေ ခိုတာတွေကတော့ အတော်လေး တူအောင်ရိုက်ထားတယ်လို့သိရပါတယ်... မင်းသားနဲ့ မင်းသမီး ၂ယောက်လုံးက ချောလို့လဲ ကြည့်ရတာ မပျင်းသွားပါဘူး... Action, Adventure, Fantasy, Romance အကုန်အစုံပါတဲ့ ကားကောင်းတစ်ခုပါပဲ... မဗေဒါအတွက်တော့ ဒီလိုကားမျိုးကို အွန်လိုင်းကနေ quality ညံ့ညံ့နဲ့ ကြည့်မဲ့အစား အရည်အသွေးကောင်းကောင်း အဆင့်အတန်းမှီမှီနဲ့ ရုံမှာ သွားကြည့်တာက ပိုတန်ပါတယ်... ဒီလိုမျိုး Graphic တွေ effect တွေ sound system တွေသုံးထားတဲ့ ကားကောင်းတစ်ကားကို အလကားရတဲ့ အွန်လိုင်းကနေ ကွန်ပြူတာ screen သေးသေးလေးနဲ့ ကြည့်မဲ့အစား ရုံမှာ အရသာခံပြီး သွားကြည့်တာ အကောင်းဆုံးပါ... အရသာရှိတဲ့ မုန့်တစ်ခုကို အရသာမခံပဲ တစ်ခါတည်းမျိုချရင် တန်ဖိုးမရှိတော့ပါဘူး... အရသာရှိတဲ့ မုန့်ကို အရသာခံပြီးစားမှသာ တန်ဖိုးရှိမှာပါ... နောက်ပြီး ရုပ်ရှင်ပြုလုပ်သူတွေ စိုက်ထုတ်ထားတဲ့ ကြိုးစားအားထုတ်မှုကိုလဲ အလေးထားတဲ့အနေနဲ့ ရုံမှာ ကြည့်ပြီး အားပေးကြပါလို့...

Tuesday, April 27, 2010

JKS press conference with Mediacorp and 1003FM

သူ့ရဲ့ ၂၃ရက် ၄လ ၂၀၁၀ Fan Signing Event အပြီးမှာတော့ မင်းသားပြောသွားတဲအတိုင်း Telok Ayer Road မှာရှိတဲ့ Manna ကိုရီးယားစားသောက်ဆိုင်မှာ (မင်းသားကတော့ ကိုရီးယားဆိုင်မှာ ပုဇွန်စားမယ်ပဲ ပြောသွားတာပါ.. ဒါပေမဲ့ မင်းသားနောက်ကို Stalk နေကြတဲ့ fan တစ်ချို့ ၀က်ဆိုဒ်ပေါ်မှာ ပြန်ပြောလို့ စားသောက်ဆိုင်နာမည်ကို သိတာပါ) စားပြီးတော့ ဟိုတယ်ကိုပြန် အ၀တ်အစားလဲပြီး နောက်ထပ်တစ်ကြိမ် Press Conference လုပ်ဖို့ ထပ်ထွက်ရပြန်ပါတယ်... ဒါကတော့ သူဟိုတယ်က ပြန်ထွက်လာတဲ့ ပုံကို သူ့နောက်တစ်ကောက်ကောက်လိုက်နေတဲ့ fan က ရိုက်ထားတာပါ...



အောက်မှာ ဖော်ပြပေးတဲ့ ဗွီဒီယိုမှာ ကိုရီးယားလိုပြောပြီးဖြေတာက MediaCorp ကိုဖြေတယ်လို့ထင်ပါတယ်... အင်္ဂလိပ်လိုဖြေတာကတော့ 1003FM က DJ မေးတဲ့ အင်တာဗျူးပါ... တစ်ခြားဘယ် ကိုရီးယားမင်းသားမှ သူ့လောက် Fan တွေနဲ့ ဖော်ဖော်ရွေရွေ အနီးကပ်နေတဲ့သူမရှိသလို အင်္ဂလိပ်လိုကြိုးစားပြောပြီး ဖြေတဲ့ ကိုရီးယားမင်းသားလဲ မရှိသေးပါဘူး... သူအင်္ဂလိပ်လိုပြောလိုက်ခြင်းအားဖြင့် သူပြောတဲ့ စကားကို ကိုယ်တိုက်ရိုက်နားလည်တဲ့ ခံစားမှုဟာ သူနဲ့ ပိုရင်းနှီးသွားတယ်လို့ ခံစားရပါတယ်... တစ်ခါတစ်လေ သူဆိုလိုချင်တာကို ထိထိမိမိပြောဖို့ စကားလုံးရှာမတွေ့တဲ့ အခါမှသာ သူကိုရီးယားလိုပြောပါတယ်... ကျမပြောတာ 1003FM အင်တာဗျူးကိုပြောတာပါ... သူ အင်္ဂလိပ်လိုပြောရတာကို စိတ်ဖိစီးမှန်း သူ ကိုရီးယားလိုပြောပြီးဖြေနေတဲ့အချိန်မှာ ဖြစ်နေတဲ့ သူ့မျက်နှာနဲ့ အင်္ဂလိပ်လိုပြောနေတဲ့ အချိန်မှာဖြစ်နေတဲ့ သူ့မျက်နှာကို သေချာကြည့်ရင် သိနိုင်ပါတယ်... ဒါပေမဲ့ သူ့ International fan တွေအတွက် သူ အတတ်နိုင်ဆုံးကြိုးစားခဲ့တဲ့အတွက် အချစ်ပိုရပြန်ပါတယ်...



အင်တာဗျူးကို ကြည့်လို့ မရတဲ့ သူတွေအတွက် စာနဲ့ ရေးပြပါ့မယ်... ဗွီဒီယိုက MediaCorp က အက်ဒစ်လုပ်ထားတာပါ... 1003FM နဲ့ အင်တာဗျူးအစအဆုံးလဲရှိပါတယ်... အဲဒိမှာ အင်တာဗျူရာ အပြောမှားလို့ မင်းသားရဲ့ အင်္ဂလိပ်ကို လှောင်သလိုဖြစ်သွားလို့ (အမှန် ကျမစိတ်ထင်လဲ သူ လှောင်လိုက်တာပါ... ) Fan girl တွေက အဲဒိ DJ ကောင်ကို အတော်လေး ပစ်တင်ဝေဖန်ခဲ့ပါသေးတယ်... အဲဒိအကြောင်းကို နောက်ပိုစ့်တစ်ပုဒ်မှာတင်ပါ့မယ်... ခုတော့ အင်တာဗျူး အနှစ်လေးကိုပဲ ဝေမျှလိုက်ပါတယ်...

"မင်္ဂလာပါ စကာင်္ပူ... ကျွန်တော်ကတော့ ကိုရီးယားက ဂျန်ဂမ်ဆွတ် ဖြစ်ပါတယ်... တွေ့ရတာ ၀မ်းသာပါတယ်... တကယ်တော့ ခုတစ်ခေါက်က စကာင်္ပူကို ပထမဆုံးရောက်ဖူးတာပါပဲ... ဒီကို တစ်ခါမှ မရောက်ဖူးပေမဲ့ မနေ့က လေဆိပ်မှာ ပရိတ်သတ်တွေ အများကြီးလာကြိုတာတွေ့တော့ ကျွန်တော့ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ... အခုထက်ထိတောင် ကိုယ့်ကိုကိုယ် မယုံနိုင်သေးပါဘူး... " ဆိုပြီး တကယ်ကိုပဲ အံ့သြ၀မ်းသာနေတဲ့ ပုံနဲ့ ပြောကြားသွားပါတယ်... အမြဲတမ်း သူ့ကိုယ်သူ နှိမ်ချပြီးပြောတတ်တာကလဲ ပရိတ်သတ်ချစ်မဲ့ အပြောအဆိုတစ်ခုပါပဲ... ဒါပေမဲ့ သူ့ပုံစံက တမင်လုပ်ပြောနေသလိုမဟုတ်ပါဘူး... သူတကယ်ကို မထင်ထားခဲ့တာပါ... ဘာလို့လဲဆိုတော့ သူအဲဒိစကားကို fan meeting မှာလဲ ပရိတ်သတ်တွေကို ပြောပါတယ်... ပြီးတော့ လေယာဉ်ကွင်းမှာ ကိုယ်ကိုတိုင် သူပျော်နေတဲ့ မျက်နှာလေးကို မြင်ခဲ့ရတော့ သူ့စိတ်ထဲမှာ Singapore မှာတော့ သူနာမည်သိပ်မကြီးလောက်ဖူးထင်ထားပုံရပါတယ်...

မေး ။ ။ အရင်က ကလေးသရုပ်ဆောင်အဖြစ်စခဲ့တယ်... ခုလဲ သရုပ်ဆောင်ပဲလုပ်တယ်... တခြားအနုပညာလုပ်ငန်းတွေဘာတွေလုပ်ဖို့ စိတ်ကူးရှိပါသေးလဲ?

JKS။ ။ ငယ်ငယ်တုန်းကတော့ ကျွန်တော်ဖြစ်ချင်ခဲ့တာတွေ တော်တော်များပါတယ်... တစ်ခါတစ်လေ ဆရာဝန်ဖြစ်ချင်တယ်... တစ်ခါတစ်လေ Automobile Engineer ဖြစ်ချင်တယ်... တစ်ခါတစ်လေဆို စားသောက်ဆိုင်ပိုင်ရှင်တောင်ဖြစ်ချင်ခဲ့ပါတယ်... ဒါပေမဲ့ ဘယ်တော့မှ မပြောင်းလဲပဲဖြစ်ချင်ခဲ့တာတော့ သရုပ်ဆောင်ပါ... အဲဒါကြောင့် ဒီအိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကျွန်တော် အမြဲတမ်း ကြိုးစားခဲ့ပါတယ်...

မေး။ ။ ရည်မှန်းချက်က ဘာပါလဲ...
JKS။ ။ ကျွန်တော့ရည်မှန်းချက်ကတော့ အနာဂတ်မှာ အာရှ အကောင်းဆုံး No.1 မင်းသားဖြစ်ချင်ပါတယ်... (မေးတဲ့လူက အဲဒိစကားကို ထပ်ပြောတော့ မင်းသားက ရီပြီး ပြန်ပြောပါတယ်) ဒါ ကျွန်တော် ဖြစ်ချင်တာကိုပဲ ပြောတာပါ...

မေး။ ။ အာရှ No. 1 ဖြစ်ဖို့ ဘယ်လို လူမျိုးတွေကို စံထားပါသလဲ... (ဘယ်သူတွေကို ဖြတ်ကျော်ရမယ်လို့ထင်ပါသလဲ)
JKS။ ။ ခု ကိုရီးယားမှာဆိုရင်တော့ Rain ပါ... သူက သီချင်းလဲ ဆိုနိုင်တယ် သရုပ်လဲဆောင်နိုင်တယ်... လိုင်းစုံရပါတယ်... (full version of 1003FM မှာ သူအဲလိုဖြေပါတယ်)... ဂျပန်မှာတော့ Kimura Takuya ... ထိုင်ဝမ်နဲ့ တရုတ်ပြည်မှာတော့ Jay Chou... ကျွန်တော် သူ့ကားတွေ ကြိုက်ပါတယ်...

မေး။ ။ မင်းသားရဲ့ ခါးဆိုဒ်က ဘယ်လောက်ပါလဲ...

JKS။ ။ ခု ကျွန်တော် နောက်ရိုက်မဲ့ ကားအတွက် ၀ိတ်ချနေရပါတယ်... ခုလောလောဆယ် ကျွန်တော့ခါးဆိုဒ်က ၂၇ လက်မပါ... (လူတွေအားလုံး wow ဆိုပြီး အံ့သြကြပါတယ်... မင်းသားက ရီပြီး ဆက်ပြောပါတယ်) ဒါပေမဲ့ ကျွန်တော် ဒိထက် ဆက်ပြီး ချရအုံး... ကျွန်တော့ကိုယ်အလေးချိန်ကို ၆ ကီလိုဂရမ် ချရမှာပါ... နောက်ထပ် ၃ကီလို ကျဖို့ လိုပါသေးတယ်... (interview အပြည့်အစုံတွင် ဆက်ပြောပါသည်) ကျွန်တော့ ဇာတ်ကောင်က ဘဲလေးကတဲ့သူပါ... အဲဒါကြောင့် အဲဒိအလေးချိန်ထိချရမှာပါ...

မေး။ ။ ကိုယ်အလေးချိန်ချဖို့ မင်းသားအတွက် ခက်ပါသလား...
JKS။ ။ မခက်ပါဘူး... ကျွန်တော်က ၀ိတ်အတက်အကျ အရမ်းလွယ်ပါတယ်... အဲဒါကြောင့် ကျွန်တော့အတွက်တော့ ခက်ခဲတဲ့ ပြဿနာမဟုတ်ပါဘူး... ၀ိတ်ပြန်တက်ချင်ရင်လဲ ကျွန်တော့အတွက်က အတော်လေးလွယ်ပါတယ်... ခုဆို ကျွန်တော် ၀ိတ်ချနေတာ ၁လ ရှိပါပြီ... ၄ ၊ ၅ ကီလိုလောက်ကျသွားပါတယ်...

မေး။ ။ ကိုယ့်ကိုကိုယ် ပိန်နေတာကို နှစ်သက်ပါသလား...
JKS။ ။ ကားရိုက်မရှိတဲ့ အချိန်တွေမှာတော့ ကျွန်တော့ ၀ိတ်ကို သိပ်မထိမ်းပါဘူး... ကျွန်တော် စားချင်တာ စားတာပါပဲ... ကျွန်တော့ ဘ၀မှာ ပျော်ရွှင်မှု အပေးနိုင်ဆုံးကတော့ ကျွန်တော်ကြိုက်တဲ့ အစားအသောက်တွေကို ရှာဖွေစားသောက်နေရတာပါပဲ... ပြီးခဲ့တဲ့လကစပြီးတော့ ကျွန်တော့ အသီးအနှံပဲ စားဖြစ်ပါတယ်... စကာင်္ပူရောက်ပြီးမှ ကယ်လိုရီအများဆုံး စားတာဆိုလို့ ပုဇွန် pancake ပဲရှိပါသေးတယ်... tiger Prawn လဲ စားချင်ပါသေးတယ်...

မေး။ ။ ခုတစ်လော ဘာတွေ အလုပ်များနေပြီး နောက်ထပ် ဘာတွေများ စီစဉ်ထားတာ ရှိပါသေးလဲ...
JKS။ ။ You're Beautiful ကားရိုက်အပြီးမှာတော့ ကျွန်တော် ခရီးတွေထွက်ဖြစ်တာများပါတယ်... ပရိတ်သတ်တွေနဲ့ တွေ့ဖို့ Asia Tour ကို ဖေဖော်ဝါရီထဲက စခဲ့ပြီးတော့ နိုင်ငံအမျိုးမျိုးမှာ သွားရောက် ဖျော်ဖြေခဲ့ပါတယ်... အမှန်အတိုင်းဆိုရင်တော့ ကျွန်တော့ကို You're beautiful ကားထဲက Hwan Tae Kyaung ဆိုတဲ့ ဇာတ်ကောင်ကို အမြန်ဆုံး ဖယ်ရှားပြစ်လိုက်ချင်တာပဲ (လူတော်တော်များများက သူ့ကို Hwan Tae Kyaung လို ဇာတ်ကောင်ပဲ မြင်နေကြလို့ တခြားဇာတ်ကောင်စရိုက်ကိုလဲ ပြသချင်တယ်လို့ ပြောတဲ့ သဘောပါ)... နောက်လကနေစပြီးတော့ ကျွန်တော့်ရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ "You're my pet" ထဲမှာ ပါတဲ့ ဇာတ်ကောင် အတွက် စတင်ပြီး ပြင်ဆင်ရတော့မှာပါ...

မေး။ ။ တကယ်လို့ မင်းသားက Pet ဖြစ်ရမယ်ဆိုရင် ဘယ်လို Pet မျိုး ဖြစ်ချင်ပါသလဲ...
JKS။ ။ တကယ်လို့ Pet ဖြစ်ရမယ်ဆိုရင် ကျွန်တော်က ယုန်ဖြစ်ချင်ပါတယ်... ဘာလို့လဲဆိုတော့ ကျွန်တော်က ယုန်နှစ်မှာမွေးလို့ပါ... ယုန်လေးတွေက မြက်ပဲစားတော့ သူတို့လေးတွေက ၀ိတ်ချစရာမလိုဘူးလေ...

လူတွေက ရယ်တော့ မင်းသားက ခပ်မြူးမြူးလေးပဲ ပြုံးပြပါတယ်... (မင်းသားလဲ တကယ်တော့ ၀ိတ်ချရတာကို စိတ်ညစ်ပုံရတယ်)
1003radio FM နဲ့ အင်တာဗြူး အရှည်ရှိပါသေးတယ်... ဒါပေမဲ့ ဒီဟာလေးက အတိုနဲ့ ထိထိမိမိရှိလို့ ဒါလေးပဲ ဘာသာပြန်လိုက်ပါတယ်... 

P.S... ခုရိုက်မဲ့ You are my Pet ဇာတ်လမ်းဟာ ဂျပန်ဇာတ်လမ်းတွဲ Kimi wa Petto ကို ဇာတ်လမ်းကို ပြုပြင်ပြီး ပြန်ရိုက်မှာပါ... ကိုရီးယားကတော့ ဇာတ်လမ်းတွဲမဟုတ်ပဲ ရုပ်ရှင်အနေနဲ့ပဲ ရိုက်မှာပါ... ထိုကားကို အစက Boy before flower ထဲက ဒုတိယမင်းသာ Kim Hyung Joon နဲ့ ရိုက်ဖို့ သတင်းထွက်ပြီးမှ ခု JKS နဲ့ ရိုက်ဖို့ သေချာသွားတာပါ... မင်းသမီးကတော့ ခုထက်ထိ မဆုံးဖြတ်ရသေးပါဘူး... မင်းသမီးဇာတ်ကောင်ဟာ ဇာတ်လမ်းအရ မင်းသားထက် အသက်ကြီးပြီး အရပ်လဲ မြင့်ရပါမယ်... JKS က ၁၈၂ စင်တီမီတာရှိတယ်ဆိုတော့ သူ့ထက်ရှည်တဲ့ မင်းသမီးရှာဖို့ကတော့ နည်းနည်းခက်ပါမယ်...

Friday, October 23, 2009

The Island - Movie

ကြည့်ပြီးတာတော့ ကြာပါပြီ... တော်တော်များများတောင် ကြည့်ပြီးလောက်ပြီ... 2005 လောက်ထဲက ထွက်တဲ့ ကားပါ... ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ ဇာတ်ကားလေးပါ... ဒါပေမဲ့ ကြိုက်လို့ ရေးအုံးမယ်... သိပ္ပံဇာတ်လမ်း သည်းထိပ်ရင်ဖို Action ကားလေးပါ...Ewan McGregor နဲ့ Scarlett Johansson တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ The Island ဆိုတဲ့ ဇာတ်ကားပါ... ဇာတ်လမ်းက ရှင်းပြရမယ်ဆိုရင်တော့ နည်းနည်းတော့ ရှည်မယ်... ဒါပေမဲ့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်...

ဇာတ်လမ်းအကျဉ်း...

အချိန်ကား ၂၀၁၉ ခုနှစ်ပါ... လင်ကွန် ဆစ် အဲကို (Lincoln Six Echo) နဲ့ ဂျော်ဒန် တူး ဒယ်လ်တာ (Jordan Two Delta) တို့ဟာ ညစ်ညမ်းမှုကင်းတဲ့ လူသားအသိုင်းအ၀ိုင်းထဲက လူသား၂ဦးပါ... သူတို့ နေထိုင်တဲ့ အဖွဲ့အစည်းကို အုပ်ချုပ်သူကတော့ Dr. Merrick ဆိုတဲ့ သိပ္ပံပညာရှင် ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်... သူတို့ ဟာ စတင် မွေးလာတည်းက တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နေရပြီး သူတို့ကို ထားတဲ့ အဆောက်အအုံကြီးရဲ့ အပြင်ကိုလဲ တစ်ခါမှ မထွက်ဖူးပါဘူး... အပြင်ထွက်ရင် ညစ်ညမ်းသွားမယ်လို့ သူတို့ရဲ့ အုပ်ချုပ်သူက ခြောက်ထားတဲ့ အတိုင်းပဲ သူတို့စိတ်ထဲမှာ စွဲနေခဲ့ပါတယ်... သူတို့ဟာ သတ်မှတ်ထားတဲ့ ဟင်းပမာဏပဲစားရတယ်... အားကစားတွေပုံမှန်လုပ်ရတယ်... အဖြူရောင် ၀တ်စုံဆင်တူကို ၀တ်ရတယ်... ဘာမှန်းမသိတဲ့ ပိုက်လိုင်းတွေကို ဆေးထိုးတဲ့ အလုပ်ကိုလုပ်ရတယ်... ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးနဲ့ အပြုအမူကို အမြဲ စောင့်ကြည့်နေခြင်းခံရတယ်... သူတို့အတွက် ကြီးမားတဲ့ မျှော်လင့်ချက်ကတော့ ညစ်ညမ်းမှုတွေကင်းပြီးနေထိုင်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့ ဘယ်နေရာမှန်းလဲ သေချာမသိတဲ့ The Island ဆိုတဲ့ နေရာကို သွားရဖို့ ပေါက်မဲကိုပဲ အမြဲမျှော်လင့်နေကြရတယ်... The Island ကို သွားရဖို့ မဲပေါက်တဲ့ သူက သူတို့ထဲမှာ ကံကောင်းတဲ့လူဆိုပြီး အမြဲအားကျခံရတယ်...

လင်ကွန်ဟာ တခြားသူတွေနဲ့ အတူအလုပ်လုပ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့ သူ့အတွေးအခေါ်တွေက တခြားသူတွေအလယ်မှာ တမျိုးဖြစ်နေတတ်တယ်... သူ့မှာ မေးခွန်းတွေအများကြီးရှိတယ်... သူ့မှာ သူတို့လို the Island ကိုသွားဖို့ စောင့်နေတဲ့သူမဟုတ်ပဲ ကွန်စရက်ရှင်ပိုင်းမှာ အလုပ်လုပ်တဲ့ အပြင်က သူငယ်ချင်းတစ်ယောက်ရှိတယ်... လင်ကွန်က တခြားသူတွေထက် အသိဥာဏ်ပိုရှိပြီး အမြဲစဉ်းစားနေတတ်တယ်... ဥပမာ.. ဘာကြောင့် ငါတို့က အဖြူချည်းပဲ ၀တ်ရတာလဲ... ငါတို့ တစ်နေ့တစ်နေ့ဆေးထိုနေတဲ့ ပိုက်လိုင်းတွေက ဘယ်ကိုသွားတာလဲ... ပြီးတော့ သူ့မှာ ထူးဆန်းတဲ့ အိပ်မက်တွေလဲ ခဏခဏမက်တယ်...

တစ်နေ့ သူခိုးသွားနေကျ ကွန်စရက်ရှင် ဧရိယာကနေ ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားရာကနေ... The Island ဆိုတာကို သဘောပေါက်သွားတယ်... The Island သွားဖို့ မဲပေါက်တဲ့ သူတို့ထဲက လူ၂ယောက်ကို ရက်စက်ကြမ်းကြုတ်စွာ သတ်ပြီး Organ Harvesting လုပ်တာကို သူတွေ့သွားတဲ့အခါမှာ... သူ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ The Island သွားဖို့ လတ်တလောမှာမှ မဲပေါက်ထားတဲ့ Jordan Two Delta ကို အရမ်း စိုးရိမ်သွားခဲ့ပြီးနောက် သူတို့ ၂ယောက် ဒီအဖွဲ့အစည်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်...

သူတို့ အပြင်လောကကိုရောက်သွားချိန်ကျတော့မှ... အပြင်လောကဟာ သူတို့ကို ခြောက်ထားသလို ညစ်ညမ်းမှုမရှိပဲ အသက်ရှင်သန်နိုင်တယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်... ကွန်စရက်ရှင် အလုပ်သမား သူငယ်ချင်းရဲ့ ကူညီ ရှင်းပြချက်နဲ့ သူတို့ဟာ ငွေကြေးချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလူတွေရဲ့ Clone တွေဆိုတာကို သိရှိခဲ့ရတယ်... Dr. Merrick ဟာ ငွေကြေးချမ်းသာတဲ့ သူဋ္ဌေးတွေကို Clone လုပ်တယ်လို့ မပြောပဲ Organ တွေကို အပင်စိုက်သလို တစ်ခုချင်းစိုက်တယ်... သူတို့မှာ ဘာခံစားချက်မှ မရှိဘူးလို့ ညာခဲ့တယ်... အဲဒိအတွက်ကြောင့် သူတို့ ဒီလိုဒုက္ခကလွတ်အောင် သူတို့ရဲ့ Clone ပိုင်ရှင် သူဋ္ဌေးတွေကို သွားရောက် အကြောင်းကြားဖို့ ဆုံးဖြတ်လိုက်တယ်...

သို့သော် သူတို့ Clone ပိုင်ရှင်တွေဟာ သူတို့ထင်ခဲ့သလို သူတို့ကို မကူညီခဲ့ပဲ ဖမ်းချုပ်ပြီး Dr. Merrick ထံ အကြောင်းကြားဖို့ ကြိုးစားတဲ့အခါ.........

သူတို့၂ယောက်လွတ်မြောက်အောင် ဘယ်လို ရုံးကန်ခဲ့ကြသလဲ... ကိုယ့်ပိုင်ရှင် Clone ပိုင်ရှင်ကလဲ သူတို့ဘက်မပါ... Dr.Merrick ကလဲ စစ်တပ်လို ရှာဖွေရေးတပ်ကြီးနဲ့ သူတို့ကို ပိုက်စိတ်တိုက်ရှာနေတဲ့ကြားမှာ သူတို့ဘယ်လို လွတ်မြောက်ခဲ့ကြသလဲ... လူတွေဟာ ကိုယ်အသက်ရှင်ဖို့အတွက် ဘယ်လိုရုံးကန်ခဲ့ကြသလဲ... ကျန်နေတဲ့ Clone ပေါင်းမြောက်များစွာကို သူတို့ဘယ်လို ကယ်တင်ခဲ့ကြသလဲ... ဆိုတာကို တစ်ကွက်မှ ပျင်းစရာမကောင်းအောင် ရိုက်ပြခဲ့ပါတယ်... ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှူစားပါ... (ရှုစားပြီးသော သူများလဲ ထပ်ရှုစားပါ... လင့်တော့မမေးပါနဲ့.. ကိုယ်တောင် သူများဒေါင်းလုပ်လုပ်လာတာကို အလကား ၀င်ကြည့်တာပါ... ဟတ်... ဟတ်)



သုံးသပ်ချက်...
(ခုချိန်ကစပြီး Spoiler တွေစပါတော့မယ်... Spoiler မကြိုက်သူများ ဆက်မဖတ်ကြပါရန်...)

ဒီကားကို ကြည့်ပြီး သဘာဝကို လွန်ဆန်ပြီး Clone လုပ်တာဟာ မကောင်းဘူး လို့ မြင်မိတယ်...
အသက်တစ်ချောင်းကို အသက်လို့ မသတ်မှတ်ပဲ Clone လုပ်လို့ ဖြစ်လာရတဲ့ သွေးသားနဲ့ လူတွေကို Product တွေလို့ သဘောထားပြီး သုံးနှုန်းထားတာကိုကြည့်ပြီး အတော်လေး ဂရုဏာသက်မိတယ်...
လူကနေ မွေးထားတဲ့ တကယ့်လူအစစ်ပဲဖြစ်ဖြစ်... Clone ကနေ ဖြစ်လာတဲ့ လူပဲဖြစ်ဖြစ်.. ခံစားတတ်တဲ့ သွေးသားနဲ့မို့ သူတို့ဟာလဲ လူတွေပဲ... အဲဒိအတွက် အားလုံးဟာ ကိုယ် အသက်ရှင်နေထိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားကြတယ်...
လူ့လောကအကြောင်း ဘာမှ မသိသေးတဲ့ Clone က အားကိုးတကြီး သူ့ Clone ပိုင်ရှင်ဆီသွားတော့ သူထင်သလို ဖြစ်မလာပဲ အလိမ်ခံရပုံ... ပြီးတော့ သူတို့ ၂ယောက်ကို ဘယ်သူ အတုအစစ်မှန်းခွဲမရတဲ့ အချိန်မှာ ၂ယောက်လုံးက အသက်ရှင်ဖို့ကို ရုံးကန်ကြပုံက သင်ခန်းစာရစရာကောင်းတယ်... ဘယ်သူပဲဖြစ်ဖြစ် ရှင်သန်ချင်ကြတာပဲလေ...
နောက်ပြီး နောက်ဆုံးခန်းနားမှာ သူတို့ကို လိုက်ဖမ်းနေတဲ့ တပ်ထဲက ကပ္ပလီကြီးက မင်းသမီးလက်က အပူနဲ့ကပ်ပြီး အမှတ်အသားလုပ်ထားတဲ့ အမာရွတ်ကိုတွေ့တော့ သူ့ငယ်ဘ၀တုန်းကလို လူကို လူလို့သတ်မှတ်မခံခဲ့ရပဲ အမှတ်အသားလုပ်ခံခဲ့ရတာနဲ့ သွားကိုယ်ချင်းစာမိပြီး သူတို့ဘက်ပါသွားခဲ့တယ်... ဒါကိုကြည့်ပြီး လောကမှာ လူဆန်ခြင်းဆိုတဲ့ ခံစာချက် ကိုယ်ချင်းစာစိတ်ဆိုတာ ရှိသင့်တယ်လို့ထင်တယ်...

အဲဒိကားမှာ ကြိုက်တဲ့ Dialog တွေရှိတယ်...
မင်းသားက သူ့ရဲ့ ၁ဦးတည်းသော လူသူငယ်ချင်း Mac နဲ့ စကားပြောတဲ့အခန်းမှာ...
Mac က god ဆိုတဲ့ စာလုံးကို စကားမှာပြောရင်းပါသွားတော့..
မင်းသားက "what's God?" လို့မေးတယ်...
Mac ပြန်ဖြေပုံက ရီရတယ်... " Well, you know when u want something really bad and u close your eyes and wish for it? God's the guy that ignores you." ဟား.. ဟား...

သူတို့ ၂ယောက်ထွက်ပြေးလွတ်လာပြီး Mac ဆီရောက်လာကြတယ်...
အဲဒိလူက သူတို့ဟာ clone တွေဖြစ်ကြောင်းပြောတော့...
မင်းသမီးက သူ့ ငယ်ဘ၀ကို သူသိကြောင်း ပြန်ငြင်းတဲ့အခါမှာ... မင်းတို့ဟာ Memory Imprint လုပ်ခံထားရကြောင်း Mac က ပြန်ရှင်းပြလိုက်တော့ သူ့ကို မင်းသားနဲ့ မင်းသမီး Clone ၂ယောက်က စိတ်ပျက်တဲ့ အကြည့်နဲ့ကြည့်ကြတယ်... အဲဒိအခါ သူပြောလိုက်ပုံက...
"Don't look at me like that... At least U have bike.. Wanna trade your rosy memory implants for my shity Childhood, Be my guest"

နောက်ပြီး... မင်းသမီးကမေးတယ်..
"Why doesn't Merrick want our owners to know that we are alive?" ဆိုတော့...
Mac ရဲ့ အဖြေက ထိထိမိမိနဲ့ ရှင်းတယ်... "Just because people wanna eat burger,doesn't mean they wanna meet the cow" .... ဟား.. ဟား.. ရှင်းတယ်နော်..

ဒီကားဟာ ဟိုးအရင်က ရုပ်ရှင် the Clonus Horror ဆိုတာနဲ့ ဇာတ်လမ်းဆင်ပုံချင်း တစ်ပုံစံတည်းတူနေတဲ့အတွက် Copy Right နဲ့ ညိပြီး တရားစွဲခြင်းခံခဲ့ရသေးတယ်... ၁ million doller လျှော်လိုက်ရတယ်ကြားတယ်... ကုန်ကျစားရိတ် $126 million ဖြစ်ခဲ့ပြီး.. United State Box office မှာ $36 million ပဲရခဲ့တယ်...ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာပြသခဲ့တော့ $163 Million ရရှိခဲ့တယ်လို့သိရတယ်... (source from Wiki)




Thursday, September 10, 2009

The Proposal - Movie Review


ပြီးခဲ့တဲ့အပတ်က ကြည့်ဖြစ်ခဲ့တဲ့ Sandra Bullock နဲ့ Ryan Reynold ရဲ့ The Proposal ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ဖောက်သည်ချချင်ပါတယ်...

ဇာတ်လမ်းအကျဉ်း

အလွန်မှ စည်းကမ်းကြီးပြီး အလုပ်နဲ့ ပတ်သတ်ရင် အမှားလုံးဝမခံတတ်တဲ့ မာဂရက်(Margaret)ဆိုတဲ့ Boss အက်ဒီတာကို ရုံးကအလုပ်သမားတွေအလွန်ကြောက်ရ ပါတယ်... မာဂရက်မှာ သူမရဲ့ အနွံအတာကိုခံ၊ ကျန်တဲ့သူတွေ အနည်းအကျဉ်းလွဲချော်တာလေးတွေကို ညှိယူပေး၊ အလုပ်ပိတ်ရက်များကိုလဲ အလုပ်လုပ်ပေးရ၊ မိသားစု တွေ့ဆုံပွဲတွေလဲ မပြန်ရသော်လည်း အက်ဒီတာဖြစ်ချင်တဲ့ ရည်မှန်းချက်ကြောင့် ၃နှစ်လုံးလုံး သူမကို သည်းခံပြီးနေရတဲ့ အန်ဒရူး (Andrew) ဆိုတဲ့ သူမရဲ့ Personal Assistant လေးတစ်ယောက်ရှိပါတယ်...

သို့သော် မာဂရက်ဟာ ကနေဒီယန် တစ်ယောက်ဖြစ်ပြီး အလုပ်ထဲမှာသာ စိတ်နှစ်ထားခဲ့တဲ့အတွက် သူမရဲ့ ဗီဇာကို ထပ်မံတိုးဖို့မေ့လျော့ခဲ့ပါတယ်... အဲဒိအတွက် သူမဟာ ကနေဒါကို ၁နှစ်ခန့် ပြန်ရမည်ဖြစ်ပြီး အလုပ်ကနေပါ ရပ်ဆိုင်းဖို့ ဖန်လာပါတယ်... ဒီအခါမှာ အမေရိကန်ဖြစ်တဲ့ သူမရဲ့ လက်ထောက် အန်ဒရူးကို သူမကို ဟန်ဆောင်လက်ထပ်ဖို့ အကျပ်ကိုင်ခဲ့ပါတော့တယ်... ပထမတော့ အန်ဒရူးလဲ သဘောမတူခဲ့သော်ညား... သူတောင်းဆိုတဲ့ အချက် ၃ချက်ကို မာဂရက်ကလိုက်လျောလျှင် သဘောတူမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်...

အဲဒါတွေကတော့... ၁။ သူ့ရဲ့စာမူကို ထုတ်ဝေခွင့်ပေးဖို့... ၂။ သူ့ကို မကြာမီအချိန်အတွင်း အက်ဒီတာအဖြစ် ရာထူးတိုးမြှင့်ပေးဖို့နဲ့ ၃။ သူ့ကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းဖို့ တို့ဖြစ်ပါတယ်... ထိုသုံးချက်လုံးကို မာဂရက်က သဘောတူပြီးနောက်မှာတော့ အင်မီဂရေးရှင်းအရာရှိကို သူတို့ပြောခဲ့မိတဲ့အတိုင်း အန်ဒရူးရဲ့ဇာတိဖြစ်တဲ့ အလက်စကားပြည်နယ် (Alaska) .. စစ်ကာ(Sitka)မြို့လေးကို ၂ယောက်သား အလုပ်ပိတ်ရက်မှာ ခရီးနှင်ခဲ့ကြရပါတော့တယ်...

ဒီခရီးစဉ်လေးဟာ... အင်မီဂရေးရှင် အရာရှိရဲ့ မေးခွန်းတွေကို မှန်ကန်စွာဖြေနိုင်စေရန် သူတို့ ၂ယောက်ကြားက Personal Details လေးတွေကို ဖလှယ်ဖို့... တယောက်အကြောင်းတစ်ယောက် ပိုသိဖို့ အစကရည်ရွယ်ခဲ့ပင်မဲ့ တကယ်တန်းကျတော့ အေးခဲနေတဲ့ မာဂရက်ရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ်... အန်ဒရူးမိသားစုရဲ့ ချမ်းသာသော်လည်း မမောက်မာတဲ့စရိုက်၊ နွေးထွေးစွာကြိုဆိုပုံ၊ အန်ဒရူးနဲ့ သူ့အဖေကြားက ပဋိပက္ခ တွေကို မာဂရက်သိခွင့်ရလိုက်သလို... မာဂရက်ရဲ့ Bossy မဟုတ်တဲ့ အပြုအမူ၊ သာမာန်ဆိုသူမရဲ့ အကျင့်မဟုတ်ပင်မဲ့ သူ့မိသားစုနဲ့ လိုက်လျောညီထွေစွာ နေထိုင်ပုံ တွေကြောင့် အရင်ကစုန်းမတစ်ယောက်လို့မြင်ထားပင်မဲ့ တဖြည်းဖြည်း မိန်းမတစ်ယောက်အနေနဲ့ ပြောင်းလဲမြင်လာခဲ့ပါတယ်...
ဟန်ဆောင်လက်ထပ်ဖို့ သွားခဲ့တဲ့ခရီးစဉ်လေးမှာ သူတို့ ၂ယောက်ဘယ်လို သံယောဇဉ်တွယ်ခဲ့ကြသလဲ... သူတို့ ဇာတ်လမ်း ဘယ်လိုအဆုံးသတ်မလဲ... ဆိုတာလေးကို အချစ်ဟာသ ကားလေးအဖြစ် ကောင်းမွန်စွာတင်ဆက်ပြသသွားနိုင်ပါတယ်...



မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် သွားကြည့်ဖို့ တိုက်တွန်းလိုပါတယ်... ဘယ်တော့မှ မျှော်လင့်ချက်ကို မပျက်စီးစေတဲ့ Sandra Bullock ရဲ့ တင်ဆက်မှုတွေရယ်၊ Super handsome and cute မင်းသား Ryan Reynolds ရယ်ပေါင်းလိုက်တော့ ဒီကားလေးဟာ အတော်လေးကို ကြည့်လို့ကောင်းခဲ့ပါတယ်...
အိမ်ရောက်တော့ အဲဒိကားအကြောင်းကို research ရှာကြည့်တော့ မင်းသားကမှ တကယ် ကနေဒီယန်ဆိုတာ သိခဲ့ရပါတယ်... နောက်ပြီး မင်းသမီးက မင်းသားထက် ၁၀ နှစ်ကျော်တောင် အသက်ပိုကြီးပါတယ်... ဒါပေမဲ့ Sandra Bullock ကတော့ လှမြဲပါပဲ... ရုပ်ရှင်တကားကြည့်ပြီး ကိုယ်ကြိုက်တဲ့ကားဆိုရင် အိမ်ပြန်ရောက်ရင် အမျှင်အတန်းမပြတ်ပဲ ဟိုရှာဒီရှာ... Youtube က ဗွီဒီယိုတွေ ရှာကြည့်ရတာလဲ အရသာတစ်မျိုးပါပဲ.... ကဲ... အားလုံးပဲ... ဒီနေ့တော့ ဂလောက်ပါပဲ....


Monday, March 30, 2009

ကြည့်ဖြစ်သမျှ... သဲထိတ်ရင်ဖို ကားများ..


ခုတလော သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ရုပ်ရှင်ပဲ ကြည့်ဖြစ်တယ်... တခြားလဲ ဘယ်မှသွားစရာမရှိ.. ကိုယ်ကိုတိုင်ကလဲ ရုပ်ရှင်ပဲကြိုက်တော့ ဒါပဲလုပ်ဖြစ်တယ်... ဒါပေမဲ့ ကြည့်မယ်စိတ်ကူးပြီးသွားတာက တစ်ကား.. တစ်ကယ်တမ်း ဟိုရောက်ရင်လက်မှတ်မရတာနဲ့ နေရာမကြိုက်တာနဲ့ တကယ်တမ်းကြည့်ဖြစ်လိုက်တာက တစ်ကားဖြစ်ဖြစ်နေတယ်.. နောက်နေ့ မကျေပွဲနွှဲပြီး ထပ်သွားပြန်လဲ.. အဲလိုပဲ.. ရည်ရွယ်တဲ့ကားကို မကြည့်ဖြစ်ဘူး...

လွန်ခဲ့တဲ့ ၂ပတ်လောက်ကလဲ... တွန်ခရုရဲ့ ဟစ်တလာကို လုပ်ကြံတဲ့ကား Valkyrie ဆိုလား အဲကား..ကြည့်မယ်ဆိုပြီးသွားပါတယ်... ပြီးတော့ Midnight show ထိလူပြည့်နေတာနဲ့ပဲ My Bloody Valentine ဆိုတဲ့ကားကို ဘာမှန်းမသိပဲ ၀င်ကြည့်ဖြစ်လိုက်ပါတယ်.. (နောက်တစ်နေ့မှ Valkyrie ထပ်သွားကြည့်မယ်ဆိုတော့.. အဲကားကို စကာင်္ပူအစိုးရက ပိတ်လိုက်ပြီဆိုလားပဲ.. ဟုတ်မဟုတ်တော့မသိ)

အစက ဘာဇာတ်လမ်းမှန်းမသိပဲနဲ့ကို ၀င်ကြည့်ပြီးတော့မှ လူသတ်ကားဖြစ်နေပါရော.. အရင်ကလဲ လူသတ်ကားတွေကို ကျမကြည့်ဖူးပါတယ်.. I know What you did last summer, scream စသည်ဖြင့်ပေါ့လေ.. တော်တော်များများက ကားစစခြင်းမှာ ကြမ်းကြမ်းတမ်းတမ်းသတ်တာ မရှိပါဘူး.. ဇာတ်လမ်းလေးအရင် ပျိုးပြီးမှ နောက်ပိုင်းသတ်တာပါ.. အမယ်လေး.. အဲဒိ My Bloody Valentine ကတော့ စလာကတည်းက သတ်တာ သတ်တာ.. ရိုးရိုးတောင်မဟုတ်ဘူး.. ရက်ရက်စက်စက်ကိုသတ်တာ... ကိုယ်တွေ ၂ပိုင်းပြတ်. ဆေးရုံတစ်ရုံလုံးသွေးတွေနဲ့ သေနေတာ... နှလုံးတွေ ထုတ်ထားတာ.. အားပါးပါး.. စိတ်ကို ကုန်ရော... နောက်ပိုင်းလဲ မင်းသမီး မင်းသားတွေလာတော့လဲ ဒီတိုင်းပဲ... မိုင်းထဲမှာ သတ်တာ.. ကျောက်တူးတဲ့ ပေါက်တူးကြီးနဲ့ နောက်စိကနေ ထိုးလိုက်တာ.. မင်းသမီးမျက်စိရှေ့ကလူ မျက်လုံးကြီးထွက်ကျလာတာ... ပြောရင်းနဲ့ ကျက်သီးတွေထလာပြီ.. တော်ပြီ ပြောတော့ဘူး.. ကြည့်သာ ကြည့်လိုက်တော့..

အဲ.. အဲကားရဲ့ ကောင်းကွက်ကတော့ မင်းသား ၂ယောက်လုံး ချောတယ်.. မင်းသမီးလဲ ချောတယ်... မင်းသားတစ်ယောက်က Heroes ကားထဲက မင်းသားပဲ.. နောက်တစ်ချက်က ကားဆုံးခံနီးအထိ လူသတ်သမားက အဲဒိမင်းသား၂ယောက်ထဲက ဘယ်သူဖြစ်နိုင်လဲဆိုတာကို ပရိတ်သတ်ကို ဒွိဟပွားစရာလုပ်ပြထားတယ်.. ဟိုလူဖြစ်မှာပါလေ.... အဲ... ဒီလူဖြစ်နိုင်တယ်.. နဲ့ နောက်ဆုံးထိဆွဲသွားတာပါ.. လူသတ်ကားပါဆိုမှတော့ လူသတ် ပတ်စက်တာကို complain တက်မိတဲ့ ကျမအပြစ်ပဲဖြစ်မှာပါ... ကဲ.. Horror ကားတွေကြိုက်တဲ့သူတွေ ကြည့်ရဲတယ်ဆိုရင်တော့ ကြည့်ကြည့်ကြပေါ့ကွယ်...

မဗေဒါတော့ အဲကားကြည့်ပြီး တိုက်စီနဲ့ ပြန်တော့ အတွေးက စူးရောက်ပြီးတော့ တိုက်စီသမားကြီးများ စိတ္တဇ လူသတ်သမားကြီးဖြစ်နေရင်ဒုက္ခဆိုပြီး ကြောက်လို့.. သူငယ်ချင်းနဲ့ အိမ်ပြန်မရောက်မချင်း ပြောစရာမရှိ ပြောစရာရှာပြီး ဖုန်းပြောနေရတယ်...

အဲ.. ခု ရုံတင်နေတဲ့ သရဲကားတွေထဲမှာ အရမ်းလဲ ကြည့်ချင်တယ်.. ဒါပေမဲ့ အရမ်းလဲ ကြောက်တဲ့ ၁ကားရှိတယ်.. ခုထက်ထိ မကြည့်ရသေးဘူး.. အဲဒါကတော့ Coming Soon ဆိုတဲ့ ယိုးဒယားသရဲကား... မဗေဒါအကြောက်ဆုံး သရဲကားတွေကို ပြပါဆိုရင် ယိုးဒယားသရဲကားတွေပဲဖြစ်မယ်.. သရဲကားရိုက်တဲ့နေရာမှာတော့ မဗေဒါအထင် ယိုးဒယားကို ဘယ်သူမှ မမှီဘူး... ဟောလိဝုဒ်တောင် မမှီဘူး.. အဲလောက် ကျက်သရေတုံးတုံး.. အဲလောက် creepy ဖြစ်ဖြစ် ရိုက်နိုင်တာ သူတို့ပဲ.. ပြီးတော့ သူတို့ သရဲကားတွေက ဇာတ်လမ်းဇာတ်ကွက်ကောင်းတယ်.. သရဲဘာကြောင့်ဖြစ်လာရတာလဲ.. သရဲကဘာလို့ အဲဒိလူတွေကို လိုက်သတ်တာလဲ.. သေသေချာချာ ပရိတ်သတ်နားလည်အောင် ရှင်းပြတယ်.. ဇာတ်ရည်လည်တယ်ပေါ့.. နောက်တစ်ခုကြိုက်တာက မြန်မာနဲ့ နီးစပ်လို့လဲ ဖြစ်နိုင်တယ်..

ဘုန်းကြီးတွေ ပရိတ်ရွတ်တာ ဘာညာက မြန်မာနဲ့ တူတူပဲ.. ပြီးတော့ ဘုန်းကြီးဝတ်ပုံ ဘုရားစာအကုန်လုံးက မြန်မာနဲ့တူတယ်.. ဒီတော့ မြန်မာကားကြည့်နေရသလိုပဲ.. မှတ်မှတ်ရရပြောရရင် Nang Nak ဆိုတဲ့ သရဲကားမှာ သရဲမကို မနိုင်တော့ ရွာဦးကျောင်းက ဘုန်းကြီးကျောင်းမှာ ပရိတ်တွေရွက်ကျတာ.. အတော်ကြည့်ကောင်းတယ်.. ယောကျာင်္းတွေကလဲ ပုဆိုးလိုလိုဘာလိုလို နံငယ်ပိုင်းလေးတွေဝတ်တယ်.. မိန်းမတွေကလဲ ထမိန်ရေလျားလိုမျိုးဝတ်တယ်.. အဲကားက ယိုးဒယားကို မြန်မာမင်းတွေ သိမ်းတဲ့ခေတ်လောက်ကို ပြန်ရိုက်ထားတာ.. အရမ်းကြောက်ဖို့ကောင်းပြီး.. အရမ်းကြည့်လို့ကောင်းတဲ့ သရဲကားတစ်ကားပဲ.. ယိုးဒယားသရဲကားကို စစွဲတာ အဲကားက စတာ...

ကြည့်ပြီး အကြောက်မပြေပဲ သရဲကားတွေကို ၁နှစ်တိတိဖြတ်ထားခဲ့ရတဲ့ကားက ယိုးဒယားသရဲကား Shutter ပဲ.. အဲကားကြည့်ပြီး ညအိပ်ရင် ကုတင်ခြေရင်းကနေ စောင်လာဆွဲမှာ ကြောက်ပြီး တစ်ကိုယ်လုံးကို စောင်ထုတ်ပြီး အိပ်ရတယ်.. ကိုယ့်ဟာကိုယ် ကွန်ပြူတာကြည့်တာများပြီး ဇာတ်ကြောတက်လဲ.. သရဲမများ ဂုတ်ပေါ်ခွစီးနေလို့ ဇာတ်နာတာလားဆိုပြီးတွေးမိတယ်.. အလုပ်မှာ အိမ်သာတက်လို့ ၁ယောက်ထဲဖြစ်လဲကြောက်တယ်.. ဒါပေမဲ့ ဘေးခန်းမှာ လူသံကြားလဲကြောက်တယ်.. လူမဟုတ်ပဲ သရဲဖြစ်နေမှာစိုးလို့.. နေစရာကို မရှိဘူး... အဲဒိကားကို ဟောလိဝုဒ်က ပြန်ရိုက်တာ လုံးဝကြည့်မကောင်းဘူး.. ကိုယ်ပဲ ဇာတ်လမ်းသိနေလို့လားတော့သိဘူး.. ဒါပေမဲ့ မဆိုင်ပါဘူး.. ယိုးဒယားကား ဘယ်အချိန်ပြန်ကြည့်ကြည့်ကြောက်တယ်...

Shutter ကြည့်ပြီး တော်တော်နဲ့ သရဲကား မကြည့်ဖြစ်တော့ဘူး.. ၁နှစ်ကျော်လောက်ကြာမှ The return of Nang Nak တို့ Alone တို့ ရုံမှာ သွားကြည့်ဖြစ်တယ်... သရဲကားကို ကြောက်လဲကြောက်တယ်.. ဒါပေမဲ့ ကြည့်ရင်လဲ ရုံမှာကြည့်ဖြစ်တာများတယ်.. ဘာလို့လဲဆိုတော့ အဲလို ကြည့်မှ ပိုကြောက်ဖို့ကောင်းပြီး တန်တယ်လို့ခံစားရတယ်.. အချစ်ကားရိုးရိုးတွေ ရုံမှာကြည့်ရတာ မတန်ဘူးလို့ ခံယူတယ်... ရုံမှာ ကြည့်ရတာ တန်တဲ့ကားတွေက.. Action, Horror, fighting, music, Good Graphic and Animation ပါတဲ့ကားမျိုးတွေဆိုတန်တယ် လို့ ခံစားရတယ်.. comedy နဲ့ romance တွေကို ရုံမှာကြည့်ရတာ ဒီလောက်မကြိုက်ဘူး..

ပြီခဲ့တဲ့ အပတ်လောက်တုန်းက လဲ ကြည့်မယ်ဆိုပြီးသွားတာက ၂၀၀၈ခုနှစ်အတွက် Oscar ၈ ဆုတောင်ရထားတဲ့ Slumdog Millionaire ဆိုတဲ့ Bollywood ကရိုက်တဲ့ကား.. ဒါပေမဲ့ ပြသချိန် ကျော်သွားတာနဲ့ တခြားကား 12 Rounds ဆိုတဲ့ Action ကားကို ကြည့်ဖြစ်လိုက်တယ်.. ဆိုးပါဘူး.. သူက Speed တို့လို ကားမျိုးကို ဆန်ဆန်ရိုက်ထားတာ..

ဒါနဲ့ တနေ့ကတော့ ရုပ်ရှင်ကြည့်နေကျ သူငယ်ချင်းက The Unborn ကြည့်မလားဆိုတော့.. ကြည့်မယ်ပေါ့.. အဲဒါလက်မှတ်မရရင်တော့ ကိုယ်ကြည့်ချင်နေတဲ့ Slumdog millionaire ကြည့်မယ်ပေါ့.. ခုလောက်ဆို ရုံတင်တာလဲ ကြာလို့ တချို့ရုံတွေမှာတောင် မရှိတော့ဘူး.. ဒါပေမဲ့လဲ.. ဖြစ်ချင်တော့ ၂ကားလုံးက ရှေ့ဆုံး ၂လိုင်းပဲ ကျန်တော့တယ်တဲ့.. စကာင်္ပူမှာလဲ စီးပွားမကောင်းလို့ အလုပ်တွေပိတ်တိုင်းလူတွေ ရုပ်ရှင်ပဲကြည့်နေကြလားမသိဘူး.. ဘယ်ရုံသွားသွား အရင်လို ချောချောချူချူကိုယ်ကြိုက်တဲ့နေရာမရဘူး..

ဒါနဲ့ ယှဉ်ကြည့်လိုက်တော့.. The Unborn ကရိုးရိုးရုံဆိုတော့ ဈေးက ပုံမှန်ဈေး ၉ကျပ်ခွဲ.. Slumdog Millionaire က Gold Class တန်းမှာ ပြတာဆိုတော့ တစ်ယောက်ကို ၃၆ကျပ်.. ဒါပေမဲ့ ရုံက အပြန်စား.. ထိုင်ခုံတွေက အကြီးကြီးတွေ.. အအေးတွေ မုန့်တွေလဲ ပါသေးလားသိဘူး.. ထင်တာပြောတာ.. ဒါပေမဲ့လဲ ရှေ့တန်းကြီးထိုင်ရမဲ့တူတူ ၃၆ကျပ်တန်းတော့ မကြည့်တော့ဘူးဆိုပြီး The Unborn ဆိုတဲ့ အင်္ဂလိပ်သရဲကားပဲ ကြည့်ဖြစ်တော့တယ်...


အစက ယိုးဒယားသရဲကား Unborn ကိုပြန်ရိုက်တယ်ထင်နေတာ.. တကယ်တော့မဟုတ်ဘူး.. သူက ဇာတ်လမ်းသက်သက်.. အမွှာမှာ တစ်ယောက်ကမွေးပြီး နောက်တစ်ယောက်ကသေတယ်.. သေတဲ့တစ်ယောက်က ရှင်တဲ့တစ်ယောက်ကို လိုက်ခြောက်တာ.. ဇာတ်လမ်းကကောင်းကောင်းတော့နားမလည်ဘူး.. လန့်နေတာနဲ့ စကားပြောတာတွေလဲ သေချာနားမထောင်ဖြစ်ဘူး.. အထူးသဖြင့်.. အင်္ဂလိပ်သရဲကားတွေက ယိုးဒယားသရဲကားတွေကို လူကို ကြောက်အောင် မခြောက်ပဲ .. လန့်အောင် လှန့်တာဆိုတော့.. အသံကို အာရုံအရမ်းထားနေတုန်း.. အုံး ဒိုင်း ဆိုရင် လန့်လန့်သွားတယ်...

ပြောရရင်တော့ဖြင့် လန့်တာနဲ့ ကြောက်တာမတူဘူးရှင့်.. လန့်တာက အဲဒိ တစ်ခဏမှာ မထင်မှတ်တုံး အသံနဲ့ လှန့်လိုက်တာ.. ကြောက်တာက ကြည့်ပြီးသွားလဲ တစိမ့်စိမ့်တွေးပြီး ကြောက်အောင် ခြောက်တာ..
ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်သရဲကားတော်တော်များများက လှန့်တယ်.. ယိုးဒယားသရဲကားတွေက ခြောက်တယ်.. ပြီးတော့ နောက်တစ်ခု မကြိုက်တာက.. အင်္ဂလိပ်သရဲကားတွေက effect တွေ မိတ်ကပ်တွေသုံးနိုင်တိုင်း.. ဘာတွေမှန်းမသိဘူး.. ညစ်ပတ်တယ်.. The Unborn ထဲမှာဆိုရင် အိမ်သာထဲမှာ ချောက်တဲ့ အခန်းဆို.. ပိုးဟပ်တွေရော.. နံရံထဲကနေ ဘာကောင်ကြီးမှန်းမသိတာက ထွက်လာသေးတယ်.. ညစ်ပတ်တယ်.. အဲ.. မင်းသမီး မျက်နှာသစ်နေကျ ဘေစင်က မှန်ကို ဖွင့်လိုက်တော့ ဘွားကနဲ သရဲလေးထွက်လာတဲ့ အခန်းတော့ တော်တော်ကြောက်တယ်.. မဗေဒါတောင် ရုံထဲမှာ အော်လိုက်မိသေးတယ်...

ဒါပေမဲ့လဲ အနည်းနဲ့ အများတော့ ကြောက်တာပါပဲလေ... အဲကားကြည့်ပြီး အိမ်ပြန်ပြီး နောက်နေ့ အလုပ်သွားဖို့ မနက်ထတော့ ကိုယ့်အလုပ်က အစောဆုံးဆိုတော့ ဘယ်သူမှ မနိုးသေးဘူး.. နောက်ဖေးဝင်ပြီး တစ်ယောက်ထဲမျက်နှာသစ်ရမှာကြောက်တာနဲ့.. အဖေနဲ့ အမေကြားဝင်အိပ်ပြီး ရှုပ်လိုက်သေးတယ်.. မေမေက အိုက်လို့ နိုးသွားတော့မှ သူ နောက်ဖေးဝင်တုန်း အမြန်လိုက်ဝင်ပြီး မျက်နှာသစ်ရတယ်.. ဟီး.. ဟီး.. ဒါပေမဲ့လဲ မကြောက်ဖူးလို့ စိတ်ကမှတ်လိုက်ရင်လဲ မကြောက်တော့ပါဘူး.. အားကိုးရှိလို့ အားကိုးချင်နေတာလေ.. ဒါပေမဲ့ ယိုးဒယားသရဲကားကြည့်ပြီးရင်တော့ မကြောက်ဖူးမှတ်လဲ တော်တော်ကြောက်သေးတာပဲ.. အဲဒါကြောင့် Coming Soon ကိုတောင်သွားမကြည့်ဘူး.. သိနေတယ်.. နာမည်ကြားကတည်းကရော.. ဇာတ်လမ်းသူများပြောပြလို့ သိတာနဲ့တင် ကြောက်နေပြီ..

မနက်ဖြန်တော့ မကြည့်လိုက်ရမရှိရလေအောင် Slumdog Millionaire သွားကြည့်မယ်.. ကြည့်ပြီးတဲ့သူတွေကတော့ တော်တော်ငိုရတယ်ပြောတာပဲ.. သနားစရာကောင်းလို့တဲ့.. ဘာပဲပြောပြော အော်စကာ ဆိုတာ မြန်မာပြည်က အကယ်ဒမီလိုပေးချင်တဲ့လူပေးနေတာမှ မဟုတ်ပဲ.. တကယ်ကောင်းလို့ပေးတာပဲ ဖြစ်မယ်.. ပြီးတော့ ၈ခုတောင်ရထားတာဆိုတော့. ရုံမှာ ကြည့်ဖြစ်အောင်ကို သွားကြည့်အုံးမယ်.. မနက်ဖြန်သေချာပေါက်သွားကြည့်မယ်.. ရုံအားလုံးနီးပါးတော့မရှိတော့ဘူး.. Vivo city မှာတော့ ညနေပိုင်းအချိန်ရှိသေးတယ်.. တွားအုံးမှာ.. ဘိုင်.... ဘိုင်...

Tuesday, March 24, 2009

PUSH (MOVIE 2009)



မနေ့ကပဲ ဒီကားကို ရုံမှာ သွားကြည့်ဖြစ်ပါတယ်.. ရုံစတင်ကတည်းက ကြည့်မလို့ပါပဲ.. ဒါပေမဲ့ မအားတာနဲ့ ခုမှပဲ ကြည့်ဖြစ်တော့တာပါ.. တင်တာကြာတာရော ကြားရက်ကြည့်တာရောကြောင့်ထင်တယ်.. လူတော့ ပါးနေတယ်.. ရုပ်ရှင်ချိန်က ၇နာရီ၂၀မိနစ် ပြမှာကို အချိန်မှားပြီး.. ၇နာရီခွဲမှ ၀င်လိုက်မိလို့.. အရှေ့ပိုင်းနဲနဲလေးလွတ်သွားသေးလို့ .. စိတ်ထဲ ကသိကအောက်ဖြစ်မိတယ်..

အဲဒိရုပ်ရှင် အကြောင်းကို အွန်လိုင်းမှာ ရှာကြည့်တုန်းက တော်တော်များများက Jumper, Heros, X-man စသည်ဖြင့်ပေါ့.. အဲဒိကားတွေနဲ့ နှိုင်းယှဉ်ပြီး ပြောကြတယ်.. အပေါ်က သုံးကားလုံးကို သိပေမဲ့ တစ်ကားမှ ကောင်းကောင်းမကြည့်ဘူးပါဘူး..
Jumper ကို အွန်လိုင်းကနေ quality ခပ်ညံ့ညံ့ အသံတိုးတိုးနဲ့ အလုပ်မှာတုန်းက ခဏကြည့်ပြီး ဘာမှမကြားရတော့ ဘာမှနားမလည်ပဲ ဟိုခုန်ဒီခုန်နဲ့ နေရာမျိုးစုံရောက်နေလို့ စိတ်မပါတော့တာနဲ့ ဆက်မကြည့်ဖြစ်ခဲ့ပါဘူး..

Heros ကတော့ တီဗွီကနေ ဇာတ်လမ်းရှည်အနေနဲ့ ပြနေတာ အတော်ကြာပါပြီ... စစပြချင်းကတော့ အဆက်ဆက်ရှိပြီး ကြည့်ဖြစ်ပင်မဲ့.. နောက်ပိုင်း အလုပ်ရှိတဲ့ရက်တွေမှာ အဆက်ပြတ်သွားတော့ ဆက်နားမလည်တော့တာရော.. သူရဲကောင်းတွေများပြီး ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ လိုက်မမှီတော့တာကြောင့်ရော.. ကြည့်ဖို့ စိတ်မပါခဲ့ပြန်ပါဘူး...

X-man ကတော့ အဲဒိထဲက ပုံစံတွေကြည့်တာနဲ့ ကြည့်ချင်စိတ်ကုန်ခဲ့တာပါ.. အရမ်းခေတ်လွန်ကားတွေကို မကြိုက်ပါဘူး...

ခုဒီကားကိုလဲ ကြည့်တဲ့အချိန်နားမလည်မှာစိုးလို့ အင်တာနက်မှာတော့ ဇာတ်လမ်းအကျဉ်းချုပ်ကို ဖတ်တော့. ကျမအထင်တော့ Heros နဲ့ ခပ်ဆင်ဆင်တူပါတယ်..
အဓိက စွမ်းအားရှင်တွေကတော့... Watcher အနာဂတ်ကို ဟိုနဲနဲဒီနဲနဲ ကြိုမြင်နိုင်တဲ့သူရယ်..
Mover - ပစ္စည်းတွေကို စိတ်စွမ်းအင်နဲ့ ရွေ့နိုင်တဲ့သူရယ်..
Pusher - သူများရဲ့စိတ်ကို munipulate လုပ်နိုင်တဲ့သူရယ်.. က အဓိကဖြစ်မယ်ထင်ပါတယ်..
Mover က မင်းသား.. Pusher က မင်းသမီး.. Watcher လဲ ကလေးမင်းသမီး... အားလုံးချောပါတယ်..
သူတို့မှာသာ အစွမ်းရှိတာမဟုတ်ပါဘူး.. တကားလုံးမှာ ပါတဲ့ လူအားလုံးလိုလိုမှာ အဲလို ထူးထူးဆန်းဆန်းအစွမ်းတွေရှိကြပါတယ်.. စွမ်းရည်တူနေတာတွေလဲ ရှိပါတယ်.. ရုပ်ရှင်ကိုတော့ ဟောင်ကောင်မှာ အခြေခံပြီးရိုက်ထားတာပါ. ဇာတ်လမ်းလဲ အကြမ်းပြင်းလောက်နားလည်ရင်တော့.. အုံးအုံးဒိုင်းဒိုင်းချတာတွေ effect တွေ မင်းသား မင်းသမီးချောချောလေးတွေကြည့်ရတော့ တန်တယ်ထင်ပါတယ်.. အဲလို ဇာတ်ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ကားပါ..

MOVER
PUSHER

WATCHER

Saturday, December 20, 2008

Twilight (A Very good Movie)


မနေ့က ရုပ်ရှင်သွားကြည့်ဖြစ်တယ်.. supernatural ကားလေးတကား.. လူငယ်ကြိုက်ကားလေး.. အချစ်လဲပါတယ်.. မင်းသားနဲ့မင်းသမီးကလဲ ပြောစရာမလိုလောက်အောင် ချောပြီး ကြည့်လို့ကောင်းတယ်..
အင်္ဂလိပ်ကားပင်မဲ့ အရှေ့တိုင်းကားတွေနဲ့ အချစ်ကို logic တော်တော်တူအောင်ရိုက်ထားတယ်လို့ ခံစားရတယ်.. အဲဒါကတော့ မင်းသားက မင်းသမီးလိုအပ်နေတဲ့ အချိန် အမြဲရောက်လာတယ်.. မင်းသမီးတစ်ယောက်ထဲကိုပဲ ဖူးဖူးမှုတ်ချစ်တယ်.. ကျောင်းမှာလဲ နာမည်ကြီးတယ်.. အရင်က ဘယ်မိန်းမကိုမှ စိတ်မ၀င်စားဘူး.. မင်းသမီးကို အမြဲ ကာကွယ်တယ်.. သဘာဝချင်းဆန့်ကျင်တာတောင် သူတို့အချစ်က ဂန္တ၀င်တယ်.. အဲလိုရိုက်ပြထားတယ်..
Vampire နဲ့ လူရဲ့ချစ်ဇာတ်လမ်းလေးပေါ့.. မင်းသားနဲ့ မင်းသမီးကို ငမ်းနေရတာနဲ့ပဲ.. ဇာတ်လမ်းပြီးသွားတာတောင် ကြည့်မ၀ဖြစ်နေတယ်.. နောက်တစ်ခေါက်တောင် ထပ်ကြည့်ချင်တယ်.. မင်းသားက ဟယ်ရီပေါ်တာမှာတုန်းက senoir ကျောင်းသားလုပ်တဲ့ ခပ်ချောချောကောင်လေး အနေနဲ့ အရင်က ပရိတ်သတ်မြင်ဘူးထားလိမ့်မယ်.. ဒါပေမဲ့ ဒီကားမှာ ဟယ်ရီပေါ်တာကားက ပုံနဲ့တော်တော်ကွာပြီး cool ဖြစ်တယ်.. ကင်မရာရိုက်ချက်တွေလဲ တော်တော်ကောင်းတယ်.. အောက်မှာ ဓာတ်ပုံလေးတွေ google ကရှာပြီးတင်ပေးထားတယ်.. Trailer လဲ Youtube ကရှာပြီးတင်ပေးထားတယ်.. အနှစ်အခန်းလေးတွေပါတယ်.. လူငယ်ကားထဲမှာ အတော်ကြည့်ကောင်းတဲ့ ကားတစ်ကားပါ.. (ကြော်ငြာဝင်လိုက်ပါအုံးမယ်.. ကျမသာ ကောင်မလေးနေရာမှာဆိုရင်လဲ ဒီလောက် ချောပြီး ဂရုစိုက်တတ် ချစ်တတ်တဲ့ ယောကျာင်္းတစ်ယောက်ကို Vampire ဖြစ်လဲ အဲဒိကောင်းမလေးလိုပဲ ကျမသွေးကို စုတ်ပြီး သူနဲ့ အမျိုးတူလုပ်ဖို့ တောင်းဆိုမိမှာပါ.. ကျမသွေးစုတ်လိုက်ရင်တောင် မသေတော့ပဲ immortal တောင်ဖြစ်သွားအုံးမယ်.. အဟိ.. ဟဲ.. ဟဲ)


Photo credits goes to Google.