အရင်က မဗေဒါ ကြည့်ချင်တဲ့ ကိုရီးယားကားတွေ ပိုစ့်မှာ မဗေဒါ ကြည့်ချင်တဲ့ ဆန္ဒအပြင်းပြဆုံးကနေ အစဉ်လိုက် စီပြီးရေးခဲ့တယ်... ထင်ထားတဲ့အတိုင်းပဲ... ကျွန်မ အကြည့်ချင်ဆုံးကား မင်းသား Hyun Bin နဲ့ မင်းသမီး Ha Ji Won တို့ ခေါင်းဆောင် သရုပ်ဆောင်ထားတဲ့ Secret Garden က ကျွန်မကို တစ်ပတ်ပြီးတစ်ပတ် ကြည့်ချင်နေအောင် ဆွဲဆောင်နိုင်ဆုံးပါပဲ... ခုလောလောဆယ် အပိုင်း ၂ဝ ရှိတဲ့ ဇာတ်ကားကို ၁ဝပိုင်းတိတိ ပြသပြီးပါပြီ... တခြားကားတွေဆိုရင် အားလုံးပြီးမှ Review ရေးလေ့ရှိပေမဲ့... ဒီကားအကြောင်းကို ပြောချင်လွန်းလို့ ရောဂါတက်နေတုန်းလေး ရေးမှ အရသာရှိမှာမို့ပါ... ကားအဆုံးထိ ကောင်းမလား.. အဆုံးချာမလားဆိုတာကတော့ ခုထက်ထိမသိသေးပါဘူး... ဒါပေမဲ့ ခုထက်ထိ ပြခဲ့တဲ့ အပိုင်း ၁ဝ ပိုင်းလုံးကတော့ ရီစရာ... ပျော်စရာ ဝမ်းနည်းစရာ လွမ်းစရာ သနားစရာ မျက်စိအရသာခံစရာ ကလိကလိ အသည်းယားစရာ နုတ်နုတ်နုတ်နုတ် စဉ်းချင်စရာ... တစ်ချိန်ထဲမှာပဲ မုန်းဖို့ကောင်းတဲ့ အပြောအဆိုတွေပြောနေတဲ့ မင်းသားကို အသည်းယားပင်မဲ့ သဘောကျကျလာတာ... မောက်မာလွန်းတဲ့ သဋ္ဌေးသား မင်းသားကို အရှုံးကြီးရှုံးပြီး မင်းသမီးကို အနိုင်ရစေချင်တာ... တချိန်တည်းမှာပဲ သူ့ပါးစပ်နဲ့ အမူအယာကသာ မောက်မာပင်မဲ့ သူပြောနေတာနဲ့ သူ့စိတ်ထဲမှာ ရှိတာနဲ့ မတူပဲ မင်းသမီးကို ချစ်တဲ့စိတ်ကလေးကိုလဲ သဘောကျမိစရာ... ဘယ်လောက်ပဲ မာနတွေကြီးကြီး အဆင့်အတန်းတွေခွဲခွဲ သူတပါးကို နှိမ်ပြောပြော တကယ်တမ်းတော့ သူ့ တန်ဖိုးကိုချပြီး သူ့ဘဝမှာ တခါမှ မလုပ်ဖူးတဲ့ အလုပ်ဖြစ်တဲ့ ချစ်တဲ့မိန်းကလေးနောက် တစ်ကောက်ကောက်လိုက်နေတာ... သူ့ နှလုံးသားနဲ့ ဦးနှောက်ကြားမှာ သူဘာလိုချင်မှန်း ကွဲကွဲပြားပြားမသိတဲ့ စိတ်ကြောင့် သူချစ်တဲ့ မိန်းကလေးရဲ့ မာနကို အကြိမ်ကြိမ်စော်ကားသလိုဖြစ်နေခဲ့တာ...
အင်း ခုပြောခဲ့တာတွေကို ဇာတ်ကားမကြည့်ရသေးတဲ့ စာဖတ်သူတွေ နည်းနည်း ပုံဖော်လို့ရအောင် ဇာတ်လမ်းကို အကြမ်းပြောပြရမယ်ဆိုရင်... Kim Joo-Won ဟာ နာမည်ကြီး Department Store ရဲ့ CEO ဖြစ်ပြီး အလွန်တရာမှ အဆင့်အတန်းခွဲခြားတတ်တယ်.. ကြီးကျယ် မောက်မာတတ်တဲ့လူတစ်ယောက်ဖြစ်တယ်... အချစ်ဆိုတာကို လူကိုယ်ထဲက ဟိုမုန်းတွေ လှုံ့ဆော်မှုကြောင့် ခဏတဖြုတ်ရင်ခုန်တာလို့ပဲ သတ်မှတ်ထားတဲ့သူတစ်ယောက်... အိမ်ထောင်ရေးဆိုတာ စီးပွားပူပေါင်းတာပဲလို့ ခံယူထားတဲ့လူတစ်ယောက်... သူအကြောက်ဆုံးက သူ့အမေ သူ့ကို အမွေမပေးမှာကိုပဲ.. သူ့မှာ ပြိုင်ဘက်ဖြစ်တဲ့ အစ်ကို ဝမ်းကွဲတစ်ယောက်ရှိတယ်... အဲဒိအကိုက ကားဝယ်ရင် သူက ကားကုမ္ဗဏီတစ်ခုလုံးကို ဝယ်လိုက်ရမှ ကျေနပ်တယ်... အဲဒိ အစ်ကိုက စားသောက်ဆိုင်မှာ စားပွဲတစ်လုံး Reserved လုပ်ရင် သူက စားသောက်ဆိုင်တစ်ခုလုံး Reserved လုပ်တတ်တယ်... သူ့မှာ အတိတ်က အဖြစ်ဆိုးတစ်ခုခုကြောင့် ကျဉ်းကျပ်ပိတ်လှောင်တဲ့ နေရာတွေကို ကြောက်တဲ့ စိတ် claustrophobia ရှိတယ်... သူဟာ lift မစီးရဲဘူး... သူ့အလုပ်မှာ လက်အောက်ငယ်သားထဲက လူကြီးတစ်ယောက်က သူ့ကို လစ်ရင်လစ်သလို တိုက်ထုတ်ချင်နေတဲ့ရှိတယ်.. ဒါပေမဲ့ သူက စီးပွားရေးဥာဏ်ရွှင်တယ်...
သူ့အစ်ကိုတစ်ဝမ်းကွဲဆိုတာက နာမည်ကြီးအဆိုတော်... သူ့ အဆိုတော်နာမည်က Oscar ... အိမ်ခေါ်နာမည်က Choi Woo Yong... Oscar ကိုလဲ Kim Joo-Won က သူ့ ကုမ္ဗဏီ ပင်တိုင်စံ မော်ဒယ်အဖြစ် စာချုပ်ချုပ်ထားတယ်... Oscar က မိန်းမရှုပ်တယ်... သူမရှင်းနိုင်တဲ့ ပြဿနာတွေကို Kim Joo-Won က လိုက်ရှုင်းပေးတတ်ပေမဲ့ အမြဲတမ်း မတန်တဆ တောင်းဆိုမှုတစ်ခုကို အပေးအယူအဖြစ် သဘောတူမှ လုပ်ပေးလေ့ရှိတယ်...
Oscar ရဲ့ Fan ဖြစ်တဲ့ Gi Ra-Im ဆိုတဲ့ ဆင်းရဲတဲ့ တစ်ကောင်ကြွက် မိန်းကလေးတစ်ယောက်ရှိတယ်.. သူမက ရုပ်ရှင်တွေမှာ Stuntwoman အဖြစ် သရုပ်ဆောင်တယ်... သိပ်နုနုညံ့ညံ့မရှိလှဘူး... အလုပ်ကြောင့် ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာ အမာရွတ်တွေလဲ မနည်းဘူး... ဒါပေမဲ့ သူက ရုပ်ချောတယ်... အောက်ခြေလူတန်းစားဖြစ်တဲ့အတွက် အမြဲတမ်း လူတွေကို ဦးညွတ်တောင်းပန်ဖို့ဝန်မလေးဘူး... လူတွေကို တောင်းပန်ခွင့်ရတဲ့ အခြေအနေကိုပဲ သူက Appreciate လုပ်တယ်လို့ ခံယူထားတဲ့သူ... သူက Joo-Won ကုမ္ဗဏီမှာ အလုပ်လုပ်တဲ့ သူ့သူငယ်ချင်းကောင်မလေးနဲ့တူတူ အိမ်ခန်း စုတ်စုတ် ကျဉ်းကျဉ်းလေးတစ်ခုမှာ ငှားနေတယ်... သူ့ဘဝက ကြမ်းတမ်းပင်မဲ့ complain မများခဲ့ဘူး.. ဒါပေမဲ့ မတရားအနိုင်ကျင့်တာကို မခံတဲ့အပြင် သူ့မာနနဲ့သူတော့ နေတတ်သူဖြစ်တယ်... (The coolest character of this drama. I love Ha Ji Won as Gi Ra-Im)
သူဋ္ဌေးသမီးလဲဟုတ်... ရုပ်ရှင်ဒါရိုက်တာလဲဟုတ်... Oscar ရဲ့ ရည်းစားဟောင်းလဲဟုတ်... Joo-Won နဲ့ မိဘချင်းသဘောတူထားသလို Joo-Won ကိုလဲ သင့်တော်တဲ့ အိမ်ထောင်ဖက်လို့ သဘောကျပြီး Oscar ကိုအရွဲ့တိုက်တဲ့သူလဲဟုတ်... Joo-Won စိတ်ဝင်စားမှု လုံးဝမရရှိတဲ့ သူလဲဟုတ်တာကတော့ Yoon Seul ဆိုတဲ့ မိန်းကလေးပဲ... အမှန်တော့ သူ့အတွေး သူ့ Character က Joo-Won နဲ့တောင် တူတယ်... ပိုက်ဆံချမ်းသာသူတွေ တွေးလေ့ရှိတဲ့ အတွေးမျိုး... မောက်မာတာလဲ Joo-Won လိုပဲ... ဒါပေမဲ့ သူက Joo-Won ထက်နည်းနည်းသာတာက သူက Oscar ကို တကယ်ချစ်ခဲ့ဖူးတယ်... အချစ်ဆိုတာကို ဘာလဲ သိတယ်... ၂ဦးကြား အထင်လွဲမှုကြောင့် ကွဲခဲ့ရပြီး...တစ်ယောက်ကိုတစ်ယောက် အညှိုးတွေထားသလို အချစ်တွေလဲ မကုန်နိုင်ကြတာကတော့ Oscar နဲ့ Yoon Seul ပဲဖြစ်တယ်...
Gi Ra-Im ရဲ့ အလုပ်ရှင် ဆရာတစ်ဆူလဲဖြစ်တဲ့ Jong Soo ကတော့ သူမကို တဖက်သတ် ကြိတ်ပြီး ချစ်နေတဲ့သူပေါ့... သူမကို အန္တရာယ်များတဲ့ stunt အလုပ်ကို မလုပ်စေချင်ပင်မဲ့ သူမရွေးချယ်မှုကို အလေးထားတဲ့အနေနဲ့ မကန့်ကွက်တဲ့ သူပေါ့... သူကတော့ ချစ်နေပင်မဲ့ Gi Ra-Im ကတော့ မသိရှာပါဘူး...
သူတို့ဇာတ်ကောင်အကြောင်းလေးတွေပြီးတော့ ဇာတ်လမ်းလေးပြောပြရင်း မဗေဒါရဲ့ ခံစားချက် ထင်မြင်ချက်လေးတွေကို ပါ တစ်ပါတည်း ရေးပါရစေ... Oscar ရဲ့ မိန်းမပြဿနာတစ်ခုကို လိုက်ရှင်းရင်း Joo-Won ဟာ Ra-Im နဲ့ မထင်မှတ်ပဲ ဆုံတွေ့ခဲ့တယ်... သူတွေ့ဖူးသမျှ တခြား သူဋ္ဌေးသမီး မိန်းမတွေနဲ့မတူပဲ သူ့ကိုလဲ စိတ်မဝင်စားတဲ့ ဓားတွေ လှံတွေကြား အလုပ်လုပ်နေတဲ့ Ra-Im ကို တွေ့တွေ့ချင်းပဲ သူစိတ်ဝင်စားခဲ့တယ်... Ra-Im လက်က ဒဏ်ရာကို ဆေးရုံလိုက်ပို့ပေးရင်း Ra-Im နဲ့လဲ နီးစပ်အောင် အထက်စီးက ကြိုးစားခဲ့တယ်... Ra-Im ဟာ သူ့အစ်ကို Oscar ရဲ့ ပရိတ်သတ်မှန်း သူသိတော့ မနာလိုဖြစ်တယ်... Ra-Im ဟာ သူဘယ်သွားသွား ဘာလုပ်လုပ် သူ့စိတ်ကူးတွေထဲမှာ ပေါ်လာတတ်တာ ဘာလို့မှန်းသူ စဉ်းစားလို့မရဘူး... ဒီလိုနဲ့ပဲ သူ Ra-Im နဲ့ နီးစပ်အောင် Ra-Im အလုပ်လုပ်တဲ့နေရာကို လိုက်တယ်... Ra-Im ဘယ်သွားသွား လိုက်တယ်... ဒါပေမဲ့ သူ့ရဲ့အကျင့်အတိုင်းပဲ အပေါ်စီးကပဲ ပြောဆို ဆက်ဆံတယ်...
သူ sit-up လုပ်တဲ့အခန်းမှာ မင်းသမီးမျက်နှာကို စိုက်ကြည့်ပြီး " Gi Ra-Im မင်းဘယ်အချိန်တုန်းက စပြီး ဒီလောက်လှလာတာလဲ... မနှစ်ကလား" လို့ ပြောတဲ့အခန်းက သူများတော့ မသိဘူး... ကျွန်မစိတ်ထဲတော့ ဆယ်ကျော်သက်ကောင်မလေးတွေလိုပဲ လှိုက်ဖိုသွားတယ်... မင်းသမီးရော မင်းသားရော ချောပြီး ၂ယောက်လုံးချစ်ဖို့အရမ်းကောင်းတယ်... အွန်စောကိုတောင် ပြတ်ပြီး အဲဒိမင်းသမီးနဲ့တောင် အပြင်မှာ ကြိုက်စေချင်တယ်.. (မသိသေးသူများအတွက် အဲဒိ မင်းသား Hyun Bin ဟာ လက်ရှိမှာ အွန်စောလို့ မြန်မာပြည်မှာ လူသိများတဲ့ မင်းသမီး Song Hye Kyo နဲ့ ကြိုက်နေပါတယ်လို့ အတိအလင်းကြေငြာထားတယ်...)
အပိုင်း ၅ သူတို့ စိတ်ချင်းမလဲခင်မှာ... Ra-Im ကို သူက "ဘယ်တော့မှ နင့်လို မိန်းကလေးကို လက်ထပ်မှာမဟုတ်ဘူး... ဒါပေမဲ့ နင်ငါ့ကို လက်ခံရင်တော့ နင့်ဘဝပြောင်းလဲသွားအောင် ငါလုပ်ပေးနိုင်တယ်" တဲ့.. ဒီတော့ Ra-Im က "နင်ချစ်တာနဲ့ ငါ့ဘဝက ဆင်ဒရဲလား လေး ဖြစ်သွားရောလား" လို့ မေးတော့... Joo-Won က "ဆင်ဒရဲလားမဟုတ်ဘူး Little mermaid တဲ့... ငါမလိုချင်တော့တဲ့ တစ်ချိန်ကျရင် နင်က ရေဗူပေါင်းလေးလို ပျောက်သွားပေးရမယ်" တဲ့.... ကဲ.. ဘယ်လောက် အမြင်ကပ်ဖို့ကောင်းလဲ.. Ra-Im ကလဲ စိတ်ဆိုးပြီး သူ့ကို ပါးရိုက်လိုက်ပါတယ်.... သူ့စိတ်ထဲမှာ ဒီလောက် ချစ်တာကိုတောင်မှ သူ့ ဦးနှောက်က လက်မခံနိုင်ဘူး... ပြီးတော့ မိန်းကလေးတစ်ယောက်အတွက် သူ့စည်းစိမ်တွေ စွန့်လွှတ်စရာမလိုဘူးလို့ပဲ သူတွေးတယ်... မင်းသမီးကို စိတ်မကောင်းဖြစ်အောင် နှိမ်ပြောပြောပြီးတိုင်းလဲ မင်းသမီးမသိအောင် လိုက်ချောင်းပြီး သူကိုယ်တိုင်လဲ စိတ်မကောင်းဖြစ်တတ်သေးတယ်... မင်းသမီးနဲ့ ပတ်သတ်တဲ့ ပစ္စည်းမှန်သမျှကို တယုတယသိမ်းထားတတ်သေးတယ်... မင်းသမီးသူ့ကိုပေးတဲ့ ပိုက်ဆံရွက်လေးတွေကို သူ့ အိပ်ယာဘေးမှာ တယုတယသိမ်းထားတယ်... မင်းသမီးမသိအောင် မင်းသမီး locker ထဲက ဓာတ်ပုံလေးတွေကို ဖုန်းနဲ့ရိုက်ယူခဲ့တယ်... မင်းသမီးကို သူချစ်ပင်မဲ့ သူလုံးဝလက်မခံနိုင်တာက ဆင်းရဲတာကိုပဲ... သူ့ဘဝမှာ အဲလို ဆင်းရဲတဲ့သူတွေ ရှိနေတယ်ဆိုတာ သိတောင် မသိခဲ့ဘူး... မင်းသမီး မသိအောင် နောက်ကွယ်မှာလုပ်ခဲ့တာလေးတွေက ပရိတ်သတ်ကိုပဲ ပေးသိခဲ့တဲ့အတွက်... ကျွန်မတို့ ပရိတ်သတ်တွေဘက်ကကြည့်တော့ Joo-Won ဟာ တကယ်တော့ Ra-Imကို အရမ်း ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကိုသူ နားမလည်ဘူးဆိုတာကို သိတဲ့အတွက် သူ့ ဇာတ်ကောင်ဟာ မုန်းစရာမကောင်းဘူး... ဒါပေမဲ့ Ra-Im အတွက်ကတော့ သူဟာ အလွန်တရာမှ နိုင်ထက်စီးနင်း မတရားနိုင်တတ်တဲ့ အဆင့်အတန်းခွဲခြားတဲ့ သူ့ကို အပျော်သဘောလောက်သာ သဘောထားတဲ့ သူအဖြစ်ပဲ မြင်နေတယ်... အဲလိုဖြစ်အောင် သူပြုမူ ပြောဆိုနေတဲ့အတွက် ကျွန်မတို့ ပရိတ်သတ်တွေအနေနဲ့ သူ့ကို Ra-Im ဘက်က ကြည့်ပြီး မုန်းချင်သလို သူတကယ်ချစ်တာပါလားဆိုတာကို သိတဲ့အတွက် သူ့ ဇာတ်ကောင်ကို ပိုပို သဘောကျလာအောင် စာရေးဆရာက ဆွဲဆောင်နိုင်တယ်...
ဇာတ်ကောင်တစ်ယောက်ကို တစ်ချိန်ထဲမှာ ချစ်လဲ ချစ်ချင်အောင် မုန်းလဲ မုန်းချင်အောင် ဖန်တီးနိုင်တဲ့ အတွေးကို လေးစားတယ်... စာရေးဆရာတင် မကပါဘူး ဇာတ်ကောင်ကိုပေါ်လွင်အောင် သရုပ်ဆောင်တဲ့ Hyun Bin ကိုယ်တိုင်ကြောင့်လဲ ချစ်တာ... သူ့နေရာမှာ တခြားမင်းသားဆိုရင်ရော ပ၇ိတ်သတ်ချစ်အောင် သရုပ်ဆောင်နိုင်ပါ့မလား....
အပိုင်း ၅ မှာ ဇာတ်လမ်း အလှည့်အပြောင်းအရ တောထဲက ပေးလိုက်တဲ့ ဆေးအရက်ကို သောက်ပြီး သူနဲ့ Ra-Im စိတ်ချင်းလဲသွားတယ်... (တောထဲက ထူးဆန်းတဲ့ မိန်းမကြီးက တကယ်တော့ Ra-Im ရဲ့ အဖေက ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတာဆိုတာကို ပရိတ်သတ်ကိုတော့ ပေးသိတယ်... ဒါပေမဲ့ သူဘာလို့ စိတ်ချင်းပြောင်းအောင်လုပ်လိုက်တယ်ဆိုတာတော့ ပရိတ်သတ်လဲ မသိဘူး... ) Ra-Im စိတ်က Joo-Won ကိုယ်ထဲရောက်ပြီး Joo-Wonစိတ်က Ra-Im ကိုယ်ထဲရောက်သွားတယ်... အဲဒိမှာလဲ ရီစရာကောင်းသလို သူတို့ ၂ယောက် တစ်ယောက်ဘဝကို တစ်ယောက်နားလည်ဖို့ ပိုအခွင့်အရေးရသွားအောင် စာရေးဆရာက ဇာတ်လမ်းဆင်ခဲ့တယ်... Ra-Im ကိုယ်ထဲမှာရောက်နေတုန်း Ra-Im ဆရာက သူမကို ချစ်နေမှန်း Joo-Won သိခဲ့တယ်... အဲဒါကိုလဲ ဖျက်လိုဖျက်ဆီးလုပ်ခဲ့သေးတယ်... Ra-Im ယောင်ဆောင်ပြီး အပြီး ငြင်းပစ်ခဲ့တယ်... တခြားကားတွေက မင်းသားဇာတ်ကောင်တွေလို အမြဲတမ်း မျှမျှတတ မိန်းကလေးတစ်ယောက်ကို မပြိုင်ယူပဲ ရှိတဲ့ အခွင့်အရေးနဲ့ (ပြောရမယ်ဆိုရင်တော့ အောက်တန်းကျကျပဲ) ပြိုင်ဘက်ကို အနိုင်ပိုင်းခဲ့တယ်... အဲဒိနေရာမှာ ကျွန်မလို ပရိတ်သတ်ကို အတွေး ၂မျိုးပေးတယ်... အဲဒါကတော့ သူဟာ ဒီနည်းကို သုံးပြီး ပြိုင်ဘက်ကို ချေမှုန်းတဲ့အတွက် မလုပ်သင့်ပေမဲ့... Joo-Won အချစ်ဟာ Ra-Im ကို မရှိမဖြစ် လိုအပ်နေတဲ့အတွက် သူဘာကိုမှ မငဲ့ပဲ ပြိုင်ဘက်တွေကို လုံးဝ သဘောထားမကြီးပေးနိုင်တာလို့လဲ ယူဆလို့ရတဲ့အတွက် ကျွန်မ စိတ်ထဲမှာ သဘောကျမိတယ်...

အဲဒိ စိတ်ချင်းလဲတဲ့ အခန်းတွေမှာ မင်းသားက မိန်းကလေးလို သရုပ်ဆောင်ရတဲ့ အတွက် အစပိုင်းတွေကလောက် cool မဖြစ်တော့ပင်မဲ့ ဇာတ်လမ်းအရ ရီရတယ်.. ပြီးတော့ မဗေဒါအတွက် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ သူတို့ ၂ယောက်လုံးရဲ့ သရုပ်ဆောင်တဲ့ အရည် အချင်းပဲ... ၂ယောက်လုံးဟာ ဝါရင့် နာမည်ကြီး သရုပ်ဆောင်တွေပီပီ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အကျင့်ကို တော်တော်လေး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ကြတာကို တွေ့ရတယ်... အထူးသဖြင့် မင်းသမီး Ha Ji Won ဟာ မင်းသား Hyun Bin ရဲ့ ဟန်နဲ့ မျက်နှာ အမူအယာကို အတော်လေး သရုပ်ဆောင်နိုင်တယ်... အထူးသဖြင့် စိုက်ကြည့်တတ်တဲ့ မျက်လုံး... ပြီးတော့ သူ့သူငယ်ချင်မလေး A Yong နဲ့ ညအိပ်တဲ့အခန်းမှာ Ra-Im ကိုယ်ထဲမှာရှိနေတဲ့ Joo-Won ရဲ့ တစိမ်းမိန်းကလေးနဲ့ အိပ်ရလို့ မသက်မသာဖြစ်မှု နဲ့ ယောကျာင်္းသဘာဝ မိန်းကလေး ရင်ဘတ်ကို ကြည့်ပြီး ချွေးပြန်ခဲ့တဲ့ ပုံကို မင်းသမီး Ha Ji Won သရုပ်ဆောင် တာ အတော်ပီပြင်တယ်...

မင်းသား Hyun Bin က လဲ မင်းသမီး Ha Ji Won သရုပ်ဆောင်ခဲ့တဲ့ သနားစရား အမြဲတမ်း ဝမ်းနည်းတဲ့ အရိပ်ယောင်တွေ သန်းနေတဲ့ မျက်ဝန်းမျိုး ကို သရုပ်ဆောင်နိုင်တယ်... (အထူးသဖြင့် မင်းသား အမေက အိမ်ထဲမှာ မိန်းကလေး အကျီင်္တွေ တွေ့လို့ ဆူပြီး မတန်မရာ ပြောတဲ့အခန်းမှာ.. သူက မင်းသမီး စိတ်သူ့ကိုယ်ထဲဝင်နေတဲ့ အချိန်ဆိုတော့ ဟိုမိန်းမကြီးက Joo-Won စိတ်ဝင်နေတဲ့ Ra-Im ခန္ဓာကိုယ်ကို ကြည့်ပြီး ပြောနေပင်မဲ့ သူ့ကို ပြောနေတာဆိုတော့ ဝမ်းနည်းစိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲ မျက်လွှာချပြီး ဘာမှ မပြောပဲ နေနေတဲ့ပုံက မင်းသမီး Ha Ji Won ရဲ့ပုံရိပ်ကို ကျွန်မအတွက်တော့ တကယ်ထင်ဟပ်ခဲ့တယ်... )
အပိုင်း ၈ အပြီးမှာ သူတို့ ၂ယောက် စိတ်ချင်းပြန်လဲပြီး ပုံမှန်ပြန်ဖြစ်သွားတာနဲ့ ပြီးတယ်... အပိုင်း ၉မှာ ( အပိုင်း ၉ နဲ့ ၁ဝ က ခုထိ အင်္ဂလိပ်စာတန်းထိုးနဲ့ မထွက်သေးတဲ့အတွက် နားမလည်လိုက်တဲ့သူတွေအတွက် ခုသိနိုင်မှာပါ... တခြား ဆိုဒ်တွေကနေ တွေ့တာကို သင့်တော်အောင် ဘာသာပြန်ပေးထားပါတယ်... ) စိတ်ချင်း ပုံမှန် ပြန်လဲသွားပြီးပြီးချင် အရင်ဆုံး Joo-Won လုပ်တာက Ra-Im ဆီကို လာခဲ့တယ်... Ra-Im က တခြားအရာတွေကို ပြောနေပင်မဲ့ သူက... "ငါဒီနေ့လာတာ အဲဒါတွေအတွက်မဟုတ်ဘူး.... ငါ ဒါလုပ်ဖို့လာတာ" ဆိုပြီး မင်းသမီးကို ဆွဲဖက်လိုက်တဲ့ အခန်းကို ကျွန်မ အရမ်းသဘောကျတယ်... မဖက်ခင် မင်းသမီး စကားပြောတာကို စိုက်ကြည့်နေတဲ့ မျက်လုံးက ရူးသွားလောက်တယ်... အိုမို......
အပိုင်း ၉ မှာ Joo-Won က သူ Ra-Im ကို ချစ်တယ်ဆိုတာကို သူ့ကိုယ်သူ လက်မခံဘူး.. သူ့လို သူဋ္ဌေး တစ်ယောက်အနေနဲ့ ဘာမဟုတ်တဲ့ ဆင်းရဲတဲ့ မိန်းမကို သူ အခု စိတ်ဝင်စားနေရင်တောင် ကြာလာရင် သူ ရိုးသွားမှာပဲလို့ပဲထင်နေတယ်... ထင်နေတဲ့ အတိုင်းလဲ Ra-Im ကို သူက ပြောတယ်... ဒီတော့ Ra-Im ကလဲ စိတ်ဆိုးပြီး သူ့ကို အဖြေပေးလိုက်တယ်... " နင်ပြောတဲ့ Little mermaid ပုံပြင်မှာ ငါပါမှာမဟုတ်ဘူး... ဘာလို့လဲသိလား အနည်းဆုံး Little mermaid က သူ့ချစ်သူကို ချစ်ခဲ့သေးတယ်...( ဆိုလိုတာကတော့ ငါကမှ နင့်ကို မချစ်တာပေါ့)" ဆိုပြီး ငြင်းပြီး ထွက်သွားတော့... Joo-Won ရဲ့ အံ့သြတကြီး မယုံကြည်နိုင်မှု... သူ့ကို မချစ်ဘူးပြောသွားလို့ ဝမ်းနည်းမှု တွေဝေမှုတွေနဲ့ သရုပ်ဆောင်တဲ့ မျက်နှာ အမူအယာကလဲ စိတ်ထဲမှာ အားမလိုအားမရနဲ့ ဆို့နစ်စေတယ်... ကျွန်မသာ သူ့အနားရှိလို့ကတော့ နံဘန် တစ်ချက် ၂ချက်ကျဉ်းပြီး... နင်က ဘာလို့ ကောင်မလေးကို အဲလိုပြောရတာလဲ.... နင်လဲ ချစ်ရဲ့သားနဲ့ဆိုပြီး ကိုင်ပေါက်လိုက်ချင်တယ်... ဒါမှ သူ့စိတ်ထဲက မသိသေးတာတွေ ပွင့်ထွက်သွားအောင်လို့... ဟွန်း....
သူ Ra-Im နောက်ကိုပြေးလိုက်သွားပင်မဲ့ သူ့ရဲ့ရောဂါကြောင့် သူ ဓာတ်လှေကားထဲ လိုက်မဝင်ရဲဘူး... Ra-Im ကို ပြန်ထွက်ခဲ့ဖို့ အမိန့်ပေးပင်မဲ့ Ra-Im က တံခါးကို ပိတ်ပြီး ဆင်းသွားတယ်... သနားဖို့လဲကောင်းတယ်... မုန်းဖို့လဲကောင်းတယ်... သူ ဘေးက လှေကားကနေ ပြေးဆင်းပင်မဲ့ ကောင်မလေးကို မမှီတော့ဘူး... ကိုယ်ချင်းလဲအပြီးမှာ ဖြစ်ပျက်တာလေးတွေကလဲ အတော်ရီရသေးတယ်... သူဝတ်ထားတဲ့ ခြေအိပ်ကိုပြန်ကြည့်တော့ Oscar ပုံပါတဲ့ ခြေအိပ်ဖြစ်နေတာတွေ... Ra-Im က သူ့ခြံကျယ်ကြီးမြေပုံကို ဆွဲထားတာတွေ့တော့ ကြည့်လိုက်တဲ့အခါ Oscar နေတဲ့ အဆောင်ကိုကျတော့ အသဲလေးတွေ ပြထားပြီး Joo-Won နေတဲ့ အဆောင်ကို အရိုးခေါင်းပြထားတယ်.. ပြီးတော့ Oscar ကို ဘယ်နေရာကနေ ချောင်းကြည့်ရင် မြင်ရတယ်ဆိုတာကအစ မှတ်ထားလို့ သူ စိတ်တိုတာတွေ... Ra-Im လဲ အိပ်ပြန်ရောက်တော့ Oscar ပုံတွေပေါ်မှာ မနာလိုစိတ်နဲ့ လျှောက်ခြစ်ထားတာတွေကလဲ တစ်မျိုးတစ်မည် စိတ်ကို ကြည်နူးစေတယ်...
အပိုင်း ၁ဝ အစမှာ Oscar က Ra-Im အိမ်ကို ပြန်လိုက်ပို့ရင်း သူတို့ ၂ယောက် အကြည်စိုက်နေတဲ့အချိန်မှာ Joo-Won က Ra-Im အိမ်ရှေ့မှာစောင့်နေတာတွေ့တော့ ပိုပြီး အရွဲ့တိုက်ကြတယ်... Joo-Won က သူ့ကိုကျတော့ OPPA လို့မခေါ်ပဲ Oscar ကို OPPA ခေါ်လို့ အူတိုနေတာပေါ့... အဲဒိမှာ စကားမစပ် ကျွန်မပြောချင်တာကတော့ Oscar ဟာ Ra-Im နဲ့တွေ့တိုင်း ဖော်ဖော်ရွေရွေနဲ့ ကြင်ကြင်နာနာ ဆက်ဆံတယ် ဒါပေမဲ့ သူဟာ တကယ်တန်းကျတော့ Ra-Im ကို အတည်တကျ တွဲဖို့မဖြစ်နိုင်ဘူးဆိုတာကို လုံးဝလက်ခံထားတဲ့သူ... Joo-Won ကတော့ Ra-Im ကို တွေ့တိုင်း နှိမ်တယ်.. အော်တယ်... အထက်စီးက ဆက်ဆံတယ်... Ra-Im ဆင်းရဲတာကို အပြစ်တင်တယ်... ဒါတွေအားလုံး သူဘာလို့ လုပ်နေတာလဲဆိုတော့ သူ Ra-Im ကို တကယ်အတည်တွဲချင်လို့... ဒါပေမဲ့ ဆင်းရဲတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်လို့ သူ့ဟာသူ အားမရပဲ Ra-Im ကို ဇွတ်အော်နေတာဖြစ်တယ်... ရှေ့ အပိုင်းတွေမှာ Joo-Won နဲ့ Oscar စကားပြောကြတုန်းက Oscar က "မင်းက stuntwoman ကို အတည်တွဲမှာမို့လို့လား... မင်းက သူ့အတွက် ဘာစွန့်လွှတ်နိုင်လို့လဲ... အပျော်ပဲကောင်းပါတယ်" ဆိုတဲ့ သဘောမျိုး သူပြောခဲ့တယ်... အဲဒိမှာ သူတို့ရဲ့ အဆင့်အတန်း ကွာခြားမှု နဲ့ အတွေးအမြင်ကွာခြားမှုကိုလဲ ထင်ရှားအောင် ပြခဲ့တယ်....
တကယ်တော့ Ra-Im ကလဲ Joo-Won ကို စိတ်ဝင်စားပင်မဲ့ မဖြစ်နိုင်တဲ့ အခြေအနေတွေရယ် Joo-Won ရဲ့ နိုင့်ထက်စီးနင်းနိုင်တဲ့ အပြောအဆိုတွေရယ်ကြောင့် လက်မခံခဲ့တာပဲရှိပါတယ်... Joo-Won က "ငါကတော့ နင့်အကြောင်းတွေ အချိန်တိုင်းစဉ်းစားနေရတယ်... နင်ကတော့ ငါ့အတွက် ၅ မိနစ်တောင် စဉ်းစားပေးရဲ့လား" လို့ မကျေမနပ်ပြောခဲ့ဖူးတယ်... အပိုင်း ၁၀ မှာ Ra-Im က စာအုပ်တွေ Delivery နဲ့ ၀ယ်ခဲ့တယ်... သူ့သူငယ်ချင်းက နင်ဘာလို့ စာအုပ်တွေ ၀ယ်တာလဲလို့မေးတော့ သူက A-yong ကိုပြောတယ်.. သူမ လူတစ်ယောက်အိမ်ထဲမှာ အရမ်းကြီးတဲ့ စာအုပ်တွေနဲ့ ပြည့်နေတဲ့ စာကြည့်တိုက်ကြီး တွေ့ခဲ့ကြောင်း... အဲဒိလူ အဲဒိ စာအုပ်တွေအကုန်ဖတ်ဖူးလားလို့ သိချင်ကြောင်း... အဲဒိစာအုပ်တွေဖတ်နေတုန်း အဲဒိ လူဘာတွေတွေးလဲ သိချင်ကြောင်း.. တကယ်လို့ အဲဒိလူဖတ်တဲ့ စာအုပ်တွေကို သူမလိုက်ဖတ်ရင် သူမမသိသေးတဲ့ အဲဒိလူရဲ့ အကြောင်း အနည်းငယ်ကို သိလာနိုင်မလားလို့တွေးမိကြောင်း သူ့သူငယ်ချင်းကို ပြောတယ်.... ကဲ... Ra-Im ကလဲ Joo-Won ကို သဘောကျတာသေချာတယ်... အရင်က လုံးဝ ဂရုမစိုက်ရာကနေ ခုဆိုရင် သူမဟာ Joo-Won အကြောင်းကို စိတ်ဝင်စားလာတယ်... ဘာရယ်သာမဟုတ်တယ်... စိတ်ထဲက ကလိကလိနဲ့ ဒီက မဗေဒါက သဘောကျနေတာ... အဟိ... သူဝယ်လိုက်တဲ့ စာအုပ်လေးကတော့ Joo-Won စာကြည့်တိုက်ထဲမှာ တွေ့ခဲ့တဲ့ Alice in the wonder land စာအုပ်လေးဖြစ်တယ်...
အော်စကာနဲ့ Joo-Won အိမ်ပြန်ရောက်တော့ အော်စကာက Ra-Im နဲ့ ပတ်သတ်ပြီး တာဝန်မယူနိုင်ရင် မကစားသင့်ကြောင်းပြောတော့.. Joo-Won က မင်းရော အရင်က ရှုပ်ခဲ့တဲ့ မိန်းမတွေကို တာဝန်ယူခဲ့လို့လားလို့ ပြန်ပတ်တယ်... အော်စကာကလဲ ငါတာဝန်မယူခဲ့လို့ ခု ငါ့ကို အားလုံးက ၀ိုင်းကြိမ်ဆဲနေကြတာပေါ့လို့ ၀န်ခံတယ်... (အော်စကာ အခန်းလာရင်လဲ ရီရတယ်... Joo-Won နဲ့ ရန်ဖြစ်တိုင်း သူဘယ်တော့မှ မနိုင်ဘူး...) .. အော်စကာက Joo-Won ကို သူ့ကိုယ်သူ ရိုးသားဖို့ ... Joo-Won ဟာ မိန်းကလေးတစ်ယောက်အတွက် စည်းစိမ်တွေကို စွန့်လွှတ်မဲ့ လူစားမျိုးမဟုတ်ကြောင်း... Ra-Im ကိုင်တဲ့ ပင်အပ်နဲ့ ချိတ်ထားတဲ့ အိတ်စုတ်ကို တွေ့တုန်းကတောင် လက်မခံနိုင်တဲ့ Joo-Won ဟာ သူ့အမေနဲ့ တွေ့ရင် ပိုဆိုးမယ်ဆိုတဲ့အကြောင်း... ပြီးတော့ Joo-Won ဟာ လက်ထပ်တာကို စီးပွားရေးလို့ သဘောထားတဲ့ ကောင်ဖြစ်ကြောင်း အဲဒိအတွက်ကြောင့် Ra-Im ကို နှောင့်ယှက်နေမဲ့အစား Joo-Won နဲ့ ကိုက်မဲ့ မိန်းမတစ်ယောက်ကိုသာ ရှာသင့်ကြောင်း သူက ရဲရဲပဲ ထောက်ပြခဲ့တယ်... အမှန်တော့ ချမ်းသာပင်မဲ့ အမြဲတမ်း အထီးကျန်နေတယ်လို့ ကျွန်မအတွက်ခံစားရတဲ့ Joo-Won ရဲ့ အမှားကို သေချာထောက်ပြရဲတာဆိုလို့ သူ့အစ်ကို အော်စကာနဲ့ သူ့ဆရာဝန်မပဲ ရှိတယ်... အနည်းဆုံး သူ့အမှားကို ထောက်ပြမဲ့ အကောင်းဆုံး အဖော် ၂ယောက်ရှိတဲ့အတွက် Joo-Won အတွက် ကျွန်မ၀မ်းသာပါတယ်...
ပြီးတော့ အော်စကာက Yoon Seul လက်ကို ကိုင်တုန်းက (အမှန်တော့ မင်းသမီး စိတ် မင်းသားကိုယ်ထဲဝင်နေတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ) ကိစ္စကို ဆက်ပြောပြီး... အဲဒိ မိန်းကလေး ၂ယောက်စလုံးကို မကစားဖို့ Joo-Won ကို သတိပေးတယ်... "မင်းက Seul ကို လက်ထပ်ပြီး Ra-Im နဲ့ ကျတော့ ပျော်ပါးမယ်လို့တွေးထားတာလား.. Rotten bastard. Take your hands off of both of them. They’re both too good for you.” လို့ သူပြောခဲ့ပါတယ်...
အော်စကာ အဲလိုပြောလိုက်မှ Joo-Won တွေးစရာ တစ်ခုရသွားပါတယ်... သူ့အိမ်ကို ဆရာဝန်မလာပြီး ဆေးမကုန်သေးဘူးလားလို့မေးတော့... သူက ခုတစ်လော သူဆေးသောက်စရာမလိုပဲ နေလို့ရကြောင်း သတိထားမိသွားပါတယ်... (Ra-Im စိတ်နဲ့ ရောဂါတွေမေ့နေတာ...) အော်စကာပြောခဲ့တဲ့ "မင်းက အဲဒိမိန်းကလေးကို ချစ်ရင် ကျန်တာတွေ စွန့်လွှတ်နိုင်လို့လား" ဆိုတဲ့ စကားကို သူ စဉ်းစားနေရင်း ဆရာဝန်မကိုမေးပါတယ်... "if people usually need to give up something in order to get something that they really want"... ဆရာဝန်မက လိုချင်တာ တစ်ခုအတွက် ပေးဆပ်ရတာတွေရှိမှာပဲလို့ အဖြေပြန်ပေးခဲ့ပါတယ်... အထူးသဖြင့် နင့်စွမ်းဆောင်နိုင်မှုထက် ပိုမိုခက်ခဲတဲ့ အရာတွေကို လိုချင်ရင် နင်စွန့်လွှတ်ရတာတွေရှိမှာပဲလို့ ပြောပါတယ်... အဲဒိအချိန်မှာပဲ Ra-Im ဆီက ပြန်ပို့လိုက်တဲ့ အိမ်တွင်းပစ္စည်းတွေ ပြန်လက်ခံရရှိတဲ့အတွက် Joo-Won ပွစိပွစိပြောနေတာကို ကြည့်ပြီး ဆရာဝန်မက သေချာတာကတော့ အဲဒိမိန်းကလေးက နင့်စွမ်းဆောင်နိုင်မှုထက် ပိုတယ်ဆိုတာပဲ...

My favorite Cappuccino Kiss scene...
နောက်ရက်တွေမှာ Ra-Im က သူ့ကို မတွေ့ချင်ပါဘူးပြောထားပင်မဲ့ .. အကြောင်းမျိုးစုံရှာပြီး သွားတွေ့တယ်.. ပြဿနာမျိုးစုံရှာတယ်... နောက် ကျွန်မကြိုက်တဲ့ သူတို့ ၂ယောက်ရဲ့ တကယ့် first kiss လို့ သတ်မှတ်လို့ရတဲ့ (သူတို့ စိတ်ချင်းလဲနေတုန်းက နမ်းတာကို First Kiss လို့ မဗေဒါက မသတ်မှတ်ပါဘူး.. ) အခန်းလေးကတော့... သူမ Cappuccino သောက်နေတုန်း Joo-Won ရောက်လာပြီး သူတို့ စိတ်ချင်းလဲနေတုန်းက Ra-Im ထိုးလိုက်တဲ့ ဆိုင်းကြောင့် သူ့ကုမ္ဗဏီ အရှုံးပေါ်နေပြီဖြစ်ကြောင်းပြောတော့... Ra-Im က နင့် တပည့်အချက်ပြတဲ့အတိုင်း ငါထိုးလိုက်တာပဲလို့ ပြန်ဖြေတော့... သူက ဒါဆို ငါ့တပည့်ကို အလုပ်ဖြုတ်လိုက်တော့မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်... သူများအလုပ်ပြုတ်မှာစိုးတဲ့ Ra-Im ကို Joo-Won က အပေးအယူထပ်လုပ်ပြန်ပါတယ်... အဲဒါကတော့ သူ Ra-Im ကို တွေ့ချင်တဲ့ အချိန်တိုင်း တွေ့ခွင့်ပေးဖို့... သူနဲ့တွေ့တဲ့အခါ Ra-Im က ရွှင်ရွှင်ပြပြ ကြိုဆိုဖို့ တောင်းဆိုပါတယ်... Ra-Im က အမြင်ကပ်ကပ်နဲ့ သူ့ကို ကော်ဖီနဲ့ ပတ်ဖို့ပြင်တော့ "“Get mad at ME, not the clothes!” ဆိုပြီး လက်လေးကာကာ နဲ့ ဖြစ်ပျက်သွားပုံကလဲ အသည်းယားစရာပါပဲ... ဒီတော့ Ra-Im က မပတ်တော့ပဲ Cappuccino ကို သောက်လိုက်တာမှာ အမြှုတ်တွေက နှုတ်ခမ်းပေါ်ပေသွားတော့... Joo-Won က မိန်းကလေးတွေ ယောကျာင်္းတွေကို မြူဆွယ်တဲ့ နည်းတမျိုးပဲလို့ စွတ်စွဲပြောဆိုလိုက်တယ်... Ra-Im လဲ နှုတ်ခမ်းပေါ်က အမြှုတ်ကို လက်နဲ့ သုတ်မယ်လုပ်လိုက်တော့မှ သူက လက်ကို လှမ်းဆွဲပြီး မပြောမဆို Ra-Im နှုတ်ခမ်းပေါ်က အမြှုတ်ကို နုနုညံ့ညံ့လေး သူ့ နှုတ်ခမ်းနဲ့ နမ်းလိုက်ပါတော့တယ်... ဒန်တန်တန်.... အဲဒိအခန်းက ၁ စက္ကန့်လောက်ပဲ ကြာလိုက်ပင်မဲ့ ဖိုရမ်တွေထဲမှာ ပြောနေကြတာ မဆုံးတော့ပါဘူး... အဲဒိကားကို ကျွန်မက ဒေါင်းလုပ်လုပ်ပြီး အလုပ်ထွက်သွားတယ်.. အလုပ်ရောက်တော့ ဖိုရမ်တွေထဲ ၀င်ဖက်တော့ အဲဒိ အကြောင်းတွေပြောနေကြကတည်းက ဒီမှာ ကြည့်ချင်တာမှ အလုပ်ကနေ ချက်ချင်း ထွက်ပြေးချင်တယ်... ခုထက်ထိတော့ အင်္ဂလိပ်စာတန်းထိုးနဲ့ မရသေးတော့ သူတို့ပြောတဲ့ ဟာလေးတွေနဲ့ပဲ မှန်းကြည့်နေရတယ်... အဲဒါကြောင့် ကိုယ်လို ၀ါသနာတူ နားမလည်တဲ့ ဘော်ဘော်တွေအတွက် ပြန်မျှလိုက်တာ...
နောက်တော့ Ra-Im တို့ အဖွဲ့ ရုပ်ရှင်ရိုက်ဖို့သွားတော့လဲ အတင်းလိုက်လာတယ်... သူ့ရဲ့ ရောဂါကိုတောင်မေ့ပြီး အားလုံးနဲ့တူတူ ကားကျဉ်းကျဉ်းလေးကို တိုးထိုင်တယ်... ရိုက်ကွင်းမှာ သူ့ကို အရေးမပါတဲ့ အပိုလူအနေနဲ့ပဲ သရုပ်ဆောင်ရတယ်... အဲဒိအခန်းတွေ ကြည့်ပြီးတဲ့သူ သိမှာပါ... သူဘယ်လောက်ရီရလဲဆိုတာ... သာမာန် စစ်သားဝတ်စုံမ၀တ်ချင်ပဲ စစ်ဗိုလ်ဝတ်စုံကို တောင်းသေးတယ်... ဒီလောက်လေးတောင် ကြီးကျယ်တာ... ဟား.. ဟား... သူများတွေ အားလုံး ချနေတဲ့အချိန်မှာ လှံတစ်ချောင်းနဲ့ ယောင်စိန်လုပ်နေတာ အရမ်းရီရတာပဲ... ပြီးတော့ မြှားထိပြီး သေတာတောင် မြေကြီးပေါ်လှဲမကျပဲ သူများ သေပြီးသာ နောက်တစ်ယောက်ပေါ် လှဲပြီးသေတယ်.. အဲဒိ အခန်းတွေတုန်းက မဗေဒါ ရီလိုက်ရတာ တဟားဟားပဲ.... ခု ရေးနေရင်းတောင် မျက်လုံးထဲပေါ်ပြီး ရီချင်လာတယ်... ဒီပိုစ့်ပြီးရင် ထပ်ကြည့်အုံးမယ်...

Ra-Im ဓားသိုင်းချတဲ့ အခန်းရိုက်နေတော့ သူဘေးကနေငုတ်တုတ်လေးကြည့်ရင်းနဲ့ သူတွေးမိတယ် “I must be suffering from the same thing as in Alice in the wonderland. Otherwise, why is every second with that woman, who means nothing, like a fairytale?” .. ကျွန်မသူ့ကို ပြောချင်တာကတော့ Come on Joo-Won .. wake up.. You clearly love her.. Just admit it and believe in yourself that you will never let her go....
ရိုက်ကွင်းပြီး သောက်ကြတော့လဲ Ra-Im က ၀က်အူကင်တွေကို သူများပန်းကန်တွေထဲ ထည့်ပေးပြီး သူ့ထဲ မထည့်ပေးလို့ ပြောတော့ ... "နင်မှ အရင်က ၀က်အူကင်မစားတာလို့ " Ra-Im ကပြောတော့ သူ စားစားမစားစား သူ့ကိုလဲ ပေးသင့်ကြောင်း ပြန်အထွတ်တက်နေတဲ့ အချိန်မှာပဲ ဘေးကလူတွေက ၀က်အူမစားရင် ယောကျာင်္းမဟုတ်ဘူးလို့ပြောတော့ မခံချင်ပဲ သူဝက်အူစားပါတယ်လို့ပြောနေတုန်းပဲရှိသေးတယ်.. Ra-Im က သူ့ပါးစပ်ထဲထိုးထည့်လိုက်လို့ အောင့်သက်သက်နဲ့ သူ စားလိုက်ရတယ်... ဟား.. ဟား..
အဲဒိညက Ra-Im ရဲ့ ဆရာနဲ့ သူနဲ့ အရက်ပြိုင်သောက်ကြပြီး ၂ယောက်သား မူးရင်း ပြောချင်တာတွေ ပြောကုန်ကြပါရော...
Joo-Won က နောက်နေ့ မနက်စာ Ra-Im အိမ်မှာ သူစားမယ်ဖြစ်ကြောင်း .. ဒီနေ့ည သူ Ra-Im အိမ်မှာ အိပ်မည်ဖြစ်ကြောင်း ကြွားပြောတော့... Jong Soo (Ra-Im ဆရာ) က သူလက်မခံကြောင်း ပြောပါတယ်... ဒီအခါ Joo-Won က “I’ve slept over plenty of times! You don’t even know.” (သူပြောတာက စိတ်ချင်းလဲနေတဲ့ အချိန်တုန်းကဟာကို တမင်သူများ အထင်လွဲအောင် မဏ္ဍပ်တိုင်တက်ပြတာပါ)... Ra-Im အိမ်ရှေ့ရောက်တော့လဲ “What, this is my house! I’ve lived here. I’ve worn her panties. I’ve washed her body. I brushed her teeth three times a day.” တဲ့.. သူ့ပြိုင်ဘက်ကို မခံချင်အောင်လိုက်ပြောနေတာ...
အပိုင်း ၁၀ ရဲ့ အပြီးသတ်အခန်း ပရိတ်သတ်စိတ်ကို မရိုးမရွဖြစ်အောင် တန်းလန်းထားခဲ့တဲ့အခန်းကတော့.. အားလုံး ခန့်မှန်းလို့ရတဲ့အတိုင်းပဲ မင်းသား အမေက မင်းသမီးကို မတူဘူးမတန်ဘူးခေါ်ပြောနေတဲ့ အချိန်မှာ မင်းသားဝင်လာတယ်... ဒါပေမဲ့ တခြား ကားတွေထဲက မင်းသားတွေလိုမျိုး မင်းသမီးဘက်က မားမားမတ်မတ်ရပ်တည်ပြီး မပြောပေးပဲ... အလွန်မှ မုန်းဖို့ကောင်းတဲ့ စကားကို ပြောတယ်..
Joo-won: Why? What for? There’s no reason for you to treat her this way. You’re wasting your energy on something useless. I didn’t say I was marrying this woman. Why are you dragging her here and making her the star of some third-rate drama? If I happen to hang my life or death on her, stop me when that time comes. This is only for a moment. You can’t even wait one moment?
အဲဒိမှာပဲ ပြီးသွားတယ်... ဖိုရမ်ထဲမှာ အငြင်းပွားနေကြတာတော့... Joo-Won အဲလိုပြောတာဟာ မင်းသမီးကို သူ့အမေကြီး ပြဿနာရှာတာကနေ ကင်းအောင် တမင်ဟန်ဆောင်ပြောလိုက်တာတဲ့... ဒါပေမဲ့ တချို့ကတော့ Joo-Won ဟာ တကယ်ပဲ အဲလိုခံယူထားတာ.. အဲဒိစကားပြောတာဟာ မင်းသမီးကို ကာကွယ်ဖို့ထက် သူ့စိတ်ရင်းကို ပေါ်တင်ပြောတာတဲ့.... ဒါပေမဲ့ ပြဿနာက သူဟာ သူ့စိတ်ရင်းအမှန်ဖြစ်တဲ့ Ra-Im ကို တကယ်ချစ်တယ်ဆိုတာကို သူကိုယ်တိုင် မသိသေးတဲ့အတွက် အဲလိုပြောတာဖြစ်နိုင်တယ်တဲ့.... မဗေဒါလဲ အဲလိုပဲထင်တယ်... သူဟာ ကောင်မလေးကို တကယ်ချစ်ပင်မဲ့ သူ့ကိုယ်သူ မသိသေးဘူး.. သူထင်ထားတာက အချစ်ဆိုတာ တချိန်ကျရင် ရိုးအီပြီး ပျောက်သွားမဲ့အရာ... ဒီမိန်းကလေးကို သူ တနေ့နေ့ကျရင် ရိုးသွားလိမ့်မယ်လို့ပဲ သူ့ကိုယ်သူ ယုံကြည်ထားပုံရတယ်... ကဲ မိတ်ဆွေတို့ရော ဘယ်လိုထင်လဲ.. ကြည့်ပြီးတဲ့သူတွေကို ပြောတာနော်...
မဗေဒါကတော့ Joo-Won ဖြစ်နေတာတွေကို နားလည်ပေးလို့ရတယ်... မင်းသားကို personally ကြိုက်တာထက်.. အဲဒိ ဇာတ်ကောင်ရဲ့ အခြေအနေကို နားလည်ပေးတာ... ဒီကားဟာ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင်ကောင်းရုံတင်မကဘူး ဇာတ်ဝင်တေးဖြစ်တဲ့ "That Woman" ဆိုတဲ့ သီချင်းကလဲ ပရိတ်သတ်တွေ နှလုံးသားကို စွဲငြိစေခဲ့ပါတယ်... သီချင်းအဓိပ္ပါယ် သံစဉ် အဆိုတော်ရဲ့အသံ သီချင်းနဲ့ ဇာတ်ကွက်လိုက်ဖက်မှု... အားလုံး အစီအစဉ်ကောင်းပါတယ်... တချို့အခန်းလေးတွေမှာ အဲဒိသီချင်းလေးလာလိုက်ရင် စိတ်ထဲမှာကိုက သနားလာပြီး Mood ကို ဖန်တီးပေးပါတယ်... အဖက်ဖက်က ပြည့်စုံတဲ့ ဇာတ်လမ်းပါပဲ... သူတို့ နိုင်ငံရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ အောင်မြင်တာလဲ မပြောပါနဲ့... အဖက်ဖက်က အကွက်စေ့တယ်လို့ ကျွန်မမြင်ပါတယ်... ဒီရုပ်ရှင်နဲ့လိုက်ဖက်မဲ့ သီချင်းကိုလဲ တေးရေးတွေက ကိုယ်ပိုင်သံစဉ် သီချင်းတွေ ရေးနိုင်တာကိုလဲ အံ့သြတယ်... ကိုယ်ပိုင်သံစဉ်ဆိုတာတွေကို သူတို့တွေ တွင်းထဲကများ နှိုက်ယူလို့ရနေသလားလို့အောင့်မေ့မိတယ်...
ထားပါတော့ ဒီပိုစ့်မှာတော့ အပိုင်း ၉ နဲ့ ၁၀က အဓိက ပရိတ်သတ် နားလည်ချင်မဲ့ အခန်းကို ဦးစားပေးရေးထားခဲ့တယ်... စာတမ်းထိုးက ခုထိမထွက်သေးလို့.. ဒီလောက် ရှင်းပြထားရင် နည်းနည်းတော့ သိချင်စိတ်လေးကို ဖြေသိမ့်နိုင်မယ်ထင်တာပဲ... I hope it help to you guys...တကယ်လို့ အပိုင်း ၉ နဲ့ ၁၀ထဲက သိချင်တာ နားမလည်တာရှိရင်လဲ မေးလို့ရပါတယ်... အတတ်နိုင်ဆုံး သိသလောက်ပြောပြပါ့မယ် ခုတော့ ကိုယ်ကြိုက်တဲ့ အရေးပါမယ်ထင်တဲ့ အခန်းလေးတွေပဲ ရှင်းလိုက်တာပါ.. ကြည့်ရတာ ဒီကားနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေ နောက် အပိုင်းတွေအတွက် ထပ်ရေးဖြစ်အုံးမယ်ထင်ပါတယ်... အားလုံးပဲ.. Happy drama addiction...
10 comments :
I really like this drama review coz i am so addicted to this drama too. Pls carry on the review for other upcoming episodes.
AP
အားလားလား.. warning ကြီးဖတ်ပြီးလန့်ထှာဗျာ..
ဟီးး...
ဟဂျီဝန်းက ကြာလေလှလေနုပြီးငယ်လာလေလို့ ခံစားမိတယ်။ သူ့ကားတွေအကုန်နီးပါးကြည့်ဖြစ်တယ်။
ဒီကားလေးလည်း ကြည့်မို့တေးထားဖြစ်ပေမယ့်
မကောင်းရင် အချိန်ကုန်မှာစိုးလို့။
ခုလိုဆိုတော့... ကြည့်မှဖြစ်တော့မယ်...
မကြည့်ရသေးဘူး မမဗေဒါရေ...
အွန်လိုင်းမှာလိုက်ရှာနေတာအဲဒီကားကို..
အခွေထွက်ပီလားမသိဘူး..ဒီနေ့ညနေပြန်သွားရှာအုံးမယ်။
ပြန်လာရင် ကြည့်ဦးမယ် မဗေဒါ.... ခုထဲကကြည့်သွားရင် တန်းလန်းကြီး ဟိုကနေကြည့်ချင်စိတ်တွေ ထပ်ဖြစ်နေမှာစိုးလို့....
(ကျွန်မသာ သူ့အနားရှိလို့ကတော့ နံဘန် တစ်ချက် ၂ချက်ကျဉ်းပြီး... နင်က ဘာလို့ ကောင်မလေးကို အဲလိုပြောရတာလဲ.... နင်လဲ ချစ်ရဲ့သားနဲ့ဆိုပြီး ကိုင်ပေါက်လိုက်ချင်တယ်... ဒါမှ သူ့စိတ်ထဲက မသိသေးတာတွေ ပွင့်ထွက်သွားအောင်လို့... ဟွန်း....)
မဗေဒါရဲ့ ဒါမျိုးအရေးအသားလေးတွေကို ချစ်တာ... ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း စိတ်ထဲမှာ ရှိတဲ့အတိုင်း ချရေးတတ်တဲ့ မဗေဒါကို ကြိုက်တယ်.... :)
မဗေဒါရေ ကျွန်မလည်း ကြည့်နေတာ အဲဒီဇာတ်ကားကို။ အိမ်မှာ ကွန်က အရမ်းနှေးနေတော့ Funshion ကနေပဲ ကြည့်ဖြစ်နေတယ်။ ပေါက်ဖော်စာတန်းပဲ ထိုးတော့ စကားနားမလည်ဘူးပေါ့ :D ။ မဗေဒါ ရှင်းပြမှ ဇာတ်ရည်တော်တော်လည် သွားတယ်။ ကျေးဇူးတင်ပါတယ်နော်။ မဗေဒါ တင်လို့ ကြည့်ဖြစ်သွားရင် ဇာတ်ကားကောင်းလေးတွေ ချည်းပဲ။ ထပ်တင်ပေးပါဦး။ :D တောင်းဆိုလျှက်
မဗေဒါရေးထားတာဖတ်ပြီး ဇာတ်ကားဆုံးတဲ့အထိမစောင့်နိုင်တော့ဘူး။ ဒီနေ့အလုပ်ကပြန်သွားရင်စကြည့်တော့မယ်။ ဟီးဟီး....
အပိုင်း ၆မှာတော့ အရမ်းကို ရယ်နေရတယ်။ ပြန်စဉ်းစားရင် ပြန်ရယ်မိတယ်။ အဲ့ဒီအပိုင်းကြည့်ရင်းနဲ့ သူတို့ တယောက်အမူအကျင့်ကို တယောက်က သေချာကို လေ့လာထားတာပဲလို့ (ဒါရိုက်တာက သေချာသင်ပေးထားတာလဲဖြစ်ရင် ဖြစ်မှာပါ) တွေးမိတယ်။ ဒါပေမယ့် သူများတွေတော့မသိဘူး နေခြည်တော့ တခါတလေမှာ စိတ်ချင်းလဲနေတယ်ဆိုတာကို ကြည့်နေရင်း မေ့သွားပြီး ဇတ်ကောင်တွေ ရှုပ်ရှုပ်သွားတယ်။
မဗေဒါက Joo Won စိတ်ထဲက မသိတာတွေပွင့်ထွက်အောင် ကိုင်ပေါက်ချင်ပေမယ့် နေခြည်တော့ အဲ့လို မသိ ဖြစ်နေတာကိုပဲ ပိုကြိုက်တယ်။ သိသွားပြီး လက်ခံလိုက်ရင်တောင် သိပ်ကြည့်ကောင်းတော့မယ်မထင်ဘူး။
နေခြည်ရေ... အမှန်တော့ မဗေဒါက ဒီဇာတ်ကားက ဘယ်လောက် ထိရောက်တယ်ဆိုတာကို စကားအဖြစ်ပြောတာပါ.. မဗေဒါလဲ ခုလိုဖြစ်နေတဲ့ အခြေအနေလေးကို သဘောကျပါတယ်... သူ့ကိုယ်သူ သိသွားတဲ့အခါ ဇာတ်လမ်းက မြန်မြန်ပြီးသွားမှာပေါ့.. မပြီးစေချင်သေးပါဘူးတော်.. ဟဲ.. ဟဲ...
စန္ဒကူးရေ..
ဒီကားက ခုမှ ကိုရီးယားမှာ ပြနေတုန်းရှိသေးတယ်လေ... ခွေမထွက်သေးဘူး...
Craton ရေ..
ဟဂျီဝန်း ချောတာကတော့ တကယ်ပါပဲ... သူ့ဆံပင်ပုံစံလေးနဲ့လဲ လိုက်တယ်နော်... သူက လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်တုန်းက ပုံအတိုင်းပဲ လုံးဝမပြောင်းဘူး.. မဗေဒါ အကြိုက်ဆုံး မင်းသမီးထဲမှာ ဟဂျီဝန်းပါတယ်...
အဲ့မင်းသမီးကို တခါပဲကြည့်ဖူးတယ်။ အဲဒီကားမှာ သူက မင်းသမီးမဖြစ်သေးဘူး။ ဗီလိန်ခန်းကပါရတာ။ သူကဆင်းရဲတဲ့မိသားစုက သမီးအရင်း၊ သူ့အစ်မက မွေးစားသမီး၊ သူ့အစ်မရဲ့အမေရင်းက ချမ်းသာတော့ လာပြန်ရှာတော့ သူကသူ့အစ်မအစားလိုက်သွားပြီး အစ်မကို အမျိုးမျိုးချောက်ချရင်းနဲ့ နောက်ဆုံးမှ သူ့အမေအတွက် သွေးသွင်းဖို့လိုတော့မှ သွေးစစ်ရင်း အလိမ်ပေါ်သွားတဲ့ကား။ နာမည်လဲမမှတ်မိတော့ဘူး။ တော်တော်ကြီးကို ကြာနေပြီ။ သူက အခုကားမှာ ပိုနုနေသလိုပဲ။ ရှယ်ပေးတာကျေးဇူး။
ကောင်းလိုက်တဲ့ အညွှန်း ကျေးဇူး မဗေဒါ ကားဆုံးအောင်စောင့်ပြီး အခွေတစ်ထိုင်တည်းကြည့်ရမယ် ကျနော်က ဇတ်ကားမဆုံးသေးပဲ စောင့်ရတာ စိတ်မရှည်ဘူးဗျ ခုလု ခုလူဖြစ်လို့း)
Post a Comment