Saturday, June 19, 2010

ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် (၄)

ကဲ... လာလေရော့ဟဲ နောက်အပိုင်း တစ်ပိုင်း...

"အမလေး တစ်ပိုင်းတစ်ပိုင်းထွက်ဖို့ မဗေဒါတို့များ အတော်စောင့်ရတယ်"ဆိုပြီးများ စိတ်ပျက်နေကြပြီလားဟင်... မဗေဒါလဲ ကိုယ့်ကိုကိုယ်အတော်လေး အားမရဖြစ်ရပါတယ်... အမှန်တော့ ရေးမယ်လုပ်လိုက်... ကိုယ်ရေးထားတာကို စိတ်တိုင်းမကျဖြစ်လိုက်... ပြန်ဖျက်လိုက်... ပြီး ပြန်စရေးလိုက်... ပြန်ဖတ်ကြည့်တော့ စိတ်တိုင်းမကျလိုက်ဖြစ်နေတာပါ... ကိုယ့်ကိုကိုယ်ပဲ ယုံကြည်မှုမရှိတာလားတော့ မသိဘူး... ကိုယ့်စာကိုယ်တောင် ပြန်ဖတ်ချင်စိတ်မရှိရင် ပရိတ်သတ်ကိုလဲ ဘယ်ဆွဲဆောင်နိုင်ပါ့မလဲနော်... ခုတော့ ပရိတ်သတ်ကလဲ အရမ်းတောင်းဆိုနေကြတယ်... စောင့်ရတာလဲ အတော်ကြာနေပြီဆိုတော့ ရှိသမျှအကုန်ထုတ်ပြီး ဒီအပိုင်းကို ရေးလိုက်ပါတယ်... မနေ့ကတင်မယ်လို့ ဖေ့ဘွတ်မှာ အော်ထားပြီးမှ... ညနေက ရေးနေရင်း ခါးတွေနာပြီး မျက်လုံးတွေ ကိုက်... ခေါင်းတွေမူးလာလို့ ခဏလှဲလိုက်တာ အိပ်ပျော်သွားတယ် (ကိုယ့်ဘာကိုယ် ပျင်းတာကို... ဆင်ခြေပေးတာ)... ခု မနက် ၄နာရီကြီး ပြန်နိုးပြီး အမြန် လက်စသတ်ပြီး ဒီအပိုင်းကို တင်လိုက်ပါပြီ... ဆက်ပြီး ရှည်ရှည်ရေးပြီးမှ တင်ချင်ပါတယ်... ဒါပေမဲ့ ဆက်ရေးနေရင် ဆက်ကြာနေအုံးမယ်... ဘယ်လောက်ကြာနေအုံးမယ်ဆိုတာ မသိဘူးလေ... ဒီတော့ ရှိသလောက်လေး အရင်တင်လိုက်ပါတယ်... ဒီဝတ္တုကို မျှော်နေကြမှန်းသိလို့... ကိုယ်ကလဲ မရေးနိုင်လို့ အားနာပြီး ကိုယ်ရေးချင်တာတွေရှိတာတောင် တမင် ကိုယ့်ကိုကိုယ် အပြစ်ပေးပြီး မရေးဘူး...

ကျွန်မရဲ့ ၀တ္တုအပိုင်းလေးတွေက တိုတယ်ဆိုပြီး အားမလိုအားမရနဲ့ Feedback ပေးကြတဲ့ စာဖတ်သူတွေကိုလဲ အားနာလှပါတယ်... ခုလို Feedback ပေးလို့လဲ ကျေးဇူးတင်ပါတယ်... နောက် အတတ်နိုင်ဆုံး ရှည်အောင်ရေးပါ့မယ်... ကိုယ့်ကိုကိုယ်လဲ သိပါတယ်... ခု ကျွန်မရေးထားသလောက်အထိတောင်မှ ဇာတ်လမ်းတွဲသာရိုက်မယ်ဆိုရင် episode ၁ခုစာတောင် မရှိသေးပါဘူး... စိတ်ထဲပေါ်သမျှ ကို ဇာတ်လမ်းဆင်ပြီး ရေးထားတာကို ခုလို စောင့်ဖတ်နေတဲ့ ပရိတ်သတ်ရှိနေတယ်ဆိုတာ သိရတော့ အများကြီး ၀မ်းသာပါတယ်... ဖေ့ဘွတ်ကနေ မတ်ဆေ့တွေပို့ပြီး အားပေးတဲ့ စာဖတ်သူများကြောင့်လဲ မဗေဒါ စာဆက်ရေးဖို့ အားရှိခဲ့ပါတယ်... အားလုံးကို ကျေးဇူးတင်ပါတယ်...

မဗေဒါ ၀တ္တုကိုဖတ်ပြီး ဘယ်လိုခံစားရလဲဆိုတာလေးကို ပြန်ပြောပြကြရင် ကောင်းမယ်ထင်တယ်... ဒါမှ မဗေဒါလဲ ကိုယ့်ဝတ္တုက စာဖတ်သူအပေါ်ဘယ်လောက်သက်ရောက်လဲဆိုတာ သိနိုင်မှာပါ... ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်ကျတော့ ဘယ်လိုထင်ရမှန်းမသိဘူးလေ... ကိုယ့်ကိုကိုယ် အထင်မကြီးဘူးပေါ့... အိမ်သားတွေပြောရင်လဲ အချင်ချင်းကျတော့ အမှန်ထွက်မှာမဟုတ်ဘူး... အမှန်ပြောလဲ လက်မခံချင်ဘူး... စာဖတ်သူ ပြောတာက အမှန်ဆုံးပဲလေ... ဟောဒီမှာတော့ အရင် အပိုင်းလင်ခ့်တွေကို ပေးလိုက်ပါတယ်... sidebar က အခန်းဆက်ဝတ္တုဆိုတာကို နှိပ်ပြီးတော့လဲ ရေးထားသမျှတွေကို သွားနိုင်ပါတယ်... ဒါမှမဟုတ် ဒီလင်ခ့်တွေကနေလဲ သွားနိုင်ပါတယ်... ရှေ့အပိုင်း မဖတ်ရသေးသူတွေအတွက်...


ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း (၁)
ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း (၂)
ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း (၃)


နောက်ပြီး... နောက်ဆုံး အပိုဒ်ကို ရေးတုန်းက မဗေဒါ ၀ိုင်းစုခိုင်သိန်းရဲ့ ချစ်ခဲ့တာလား ရူးခဲ့တာလား သီချင်းလေးကို နားထောင်ပြီး ရေးဖြစ်ပါတယ်... ဖတ်တဲ့သူများလဲ အာရုံ ၂ခုလုပ်လေ့ရှိတယ်ဆိုရင် ဒီသီချင်းလေး နားထောင်ရင်း ဖတ်နိုင်ပါတယ်... Play tagger နဲ့ တင်မလို့ပါပဲ... လုပ်လို့မရတာနဲ့ Youtube ကပဲတင်လိုက်ပါတယ်... ရုပ်ရှင်ထဲမှာဆိုရင်တော့ မင်းသမီး ဆွေးတဲ့အခန်းကို ဒီသီချင်းနဲ့ ဇာတ်ဝင်ခန်းသုံးပြီး ပြဖြစ်မယ်ထင်တယ်... ဟဲ... ဟဲ...












"စိုးရိမ်စရာမရှိပါဘူး... အားနည်းပြီး... စိတ်ဖိစီးမှု တစ်ခုခုကြောင့်ခုလိုဖြစ်သွားတာပါ... သူ့ကို ခုခဏအိပ်ဆေးပေးထားတယ်... သူအိပ်နေတာပါ... ခဏနေ နိုးလာပါလိမ့်မယ်... လူရော စိတ်ရော ကောင်းကောင်းအနားယူဖို့တော့ လိုအပ်ပါတယ်..."


တာဝန်ကျဆရာဝန်က လိုအပ်သည်များကို စမ်းသပ်ပြီးသောအခါ.. သီရိဖြူနှင့် မင်းထက်ပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်မှ အားလုံး စိတ်အေးသွားရသည်...


"အင်း... သူငယ်ချင်းရယ် ဖြစ်ရလေ... ဒါတွေအားလုံး ဟိုကောင့်ကြောင့်... မတန်လိုက်တာ နော်..." သီရိဖြူ သူငယ်ချင်းအကြောင်းကို ဂရုဏာဒေါသဖြင့် ပြောလိုက်ပြီးမှ သူစိမ်းရှိမှန်း သတိထားမိသွားကာ စကားကို မဆက်တော့...


မင်းထက်ပိုင်လဲ အခြေအနေ စိတ်အေးရပြီဆိုသောကြောင့် အရေးကြီး မီတင်ကို သွားဖို့ဟန်ပြင်လိုက်သည်... ရာဇာ သုတ်သုတ်ပြာပြာဖြင့် ဆေးရုံကို ၀င်လာတာတွေ့လိုက်သဖြင့် မင်းထက်ပိုင် လက်လှမ်းပြကာ ရာဇာအနားသို့ လျှောက်သွားလိုက်သည်... ထို့နောက်...

"မင်းလာတာကို စောင့်နေတာ... ငါ ရစ်ချက်နဲ့ တွေ့ဖို့ မီတင်း အမှီပြေးရအုံးမယ်... လူနာအခြေအနေလဲ မစိုးရိမ်ရဘူးလို့ပြောတယ်... ကားကြောင့် ဖြစ်တာ မဟုတ်ပင်မဲ့ ခုကျတဲ့ Bill ကိုတော့ ရှင်းပေးလိုက်ကွာ... သူ သတိရလာတဲ့ အထိတော့ မင်းစောင့်ကြည့်လိုက်... ဘာပဲပြောပြော လူမှုရေးအရတော့ ငါတို့မှာ တာဝန်ရှိတယ်... ပြီးတော့ မိန်းကလေး ၂ယောက်တည်း... သူ့မိသားစုဝင်တွေတော့ ဖုန်းဆက်ထားတယ်ပြောတယ်... မကြာခင်လာလိမ့်မယ်..."

" အေးပါကွာ... အေးပါ... ငါ ဒါတွေ သိပါတယ်... အေးဆေး... မီတင်းသာ မင်း စိတ်အေးအေးသွား" ကိစ္စတစ်ခုကို စေ့စပ်သေချာအောင် လုပ်တတ်သော မင်းထက်ပိုင်၏ အမှာကို ရာဇာ ဖြတ်ပြောလိုက်သည်... လူမှုရေးကိစ္စတွင် ရာဇာသည် မင်းထက်ပိုင်ထက် ပို၍ အကင်းပါးသူဖြစ်သည်... ယခင်ကလဲ ယခုလို ကိစ္စမျိုးဆို ရာဇာ အဆင်ပြေစွာ ဖြေရှင်းပေးနေကျပင်... ယခုမှ မင်းထက်ပိုင် ခါတိုင်းထက်ပို မှာကြားနေတာကို ရာဇာ နားမလည်နိုင်ဖြစ်ရသည်...


ထိုအခါမှ မင်းထက်ပိုင်တစ်ယောက် " အင်း... အင်း... ဒါဆိုလဲ သွားပြီ" ဆိုပြီ ထွက်သွားခဲ့သည်... ရာဇာ လူနာရှိရာ ကုတင်ကို ကြည့်လိုက်တော့....


"ဟင်... မနက်က မိန်းကလေးပဲ"... မိန်းကလေးများကို တစ်ခါမြင်ပြီး မှတ်မိတတ်သော ရာဇာ၏ ညင်လေးအတိုင်းပင် သီရိဖြူကို မြင်မြင်ချင်းမှတ်မိလိုက်ပါသည်...


သီရိဖြူအနားသို့ လျှောက်သွားပြီး... "ကျွန်တော့်နာမည် ရာဇာပါ... သူဋ္ဌေးက အရေးကြီး ကိစ္စရှိလို့... ကျွန်တော် သူဋ္ဌေးကိုယ်စားလာတာပါ... ဆေးရုံစားရိတ်ကို ကျွန်တော်တို့ဘက်ကပဲ ပေးလိုက်ပါ့မယ်..." မိမိကိုယ်ကို အချိုသာဆုံးမိတ်ဆက်ပြီး ကိုယ့်ဘက်က လုပ်ပေးနိုင်သလောက်ကို ကမ်းလှမ်းလိုက်သည်..


သီရိဖြူက... "အော်.. ရပါတယ်... ကျွန်မသူငယ်ချင်းက ကားကြောင့်ဖြစ်တာမဟုတ်ပါဘူး... ကိစ္စမရှိပါဘူး... ကျွန်မတို့ပဲ ပေးလိုက်ပါ့မယ်..." လို့ အားနာစွာ သုတ်သုတ်ပြာပြာ ပြန်ပြောရှာသည်...


ရာဇာက လက်ကာလိုက်ကာ.. " မဟုတ်ဘူး... ကျွန်တော်ရှင်းပြီးသွားပြီ ခင်ဗျ..."


"ဟောဒီက အစ်မ....." ဆိုကာ လူနာကို လက်ညှိုးထိုးပြလိုက်တော့.. သီရိဖြူက... "သူက နွေနှင်းပါ... " ..


"ဒါဆို ဒီကရော..." ရာဇာက သီရိဖြူ မျက်လုံးကို အကြည့်နက်နက်များဖြင့် စိုက်ကြည့်ကာ ပြုံး၍ မေးလိုက်သည်... မိန်းကလေးတွေ့လျှင် ရှိရင်းစွဲ ဇ က သူ့အလိုလိုကို ပြချင်နေသည်...

"အော်.. ကျွန်မက သီရိဖြူပါ"... စိုက်ကြည့်နေသော မျက်လုံးများကို သီရိဖြူ ရှက်ရှက်နှင့် မျက်နှာလေး လွှဲကာ ဖြေလိုက်သည်...


"အော်... ဟုတ်ကဲ့... သူဋ္ဌေးက မနွေနှင်း သတိမရမချင်း စောင့်ပေးဖို့ မှာခဲ့ပါတယ်... ဆေးရုံမှာ မသီရိဖြူ မိန်းကလေးတစ်ယောက်တည်း မထားခဲ့သင့်ဘူးလို့လဲ ထင်တယ်လေ.. ကျွန်တော်စောင့်ပေးပါ့မယ်.. ကိစ္စမရှိပါဘူး... အားမနာပါနဲ့" မင်းထက်ပိုင် မှာခဲ့သမျှကို ရာဇာတစ်ယောက် မိန်းကလေးတွေမို့ လိုတာထက်ပိုပြီး တာဝန်ကျေချင်နေသည်...






---------------------------- ။ ------------------------------------



ရာဇာ၏ စမပ်ကျကျ ၀တ်စားဆင်ယင်တတ်မှု ကျော့ကော့နေအောင် Gel တင်ထားသော ဆံပင်ပုံဆံ... အရပ်အမောင်းကောင်းကောင်း အသားညိုညိုနှင့် ဆွဲဆောင်မှုရှိသော ယောကျာင်္းတစ်ယောက်မို့ မိန်းကလေးတိုင်းက သတိထားမိတတ်ကြ မျက်စပြစ်တတ်စမြဲဖြစ်သည်...


ဟိုဘက်လူနာကုတင်ကို ဒရစ်လာသွင်းပေးသော သူနာပြုဆရာမလေးနှင့် မျက်လုံးချင်းဆုံကာ သူနာပြုဆရာမလေးက ပြုံးပြ အထာပေးသွားသောကြောင့် ရာဇာတစ်ယောက် ခပ်တည်တည်ထိုင်နေသော်လည်း မျက်လုံးချင်းစကားပြောလိုက်သည်ကို သူငယ်ချင်းအတွက် အစိုးရိမ်ပိုနေသော သီရိဖြူကတော့ သတိမထားမိလိုက်ပါ...


တခဏကြာတော့ "အော်... ကျွန်တော် လူနာနိုးလာရင် သောက်ဖို့ မသီရိဖြူအတွက်ပါ အအေးလေး ဘာလေး သွားဝယ်လိုက်မယ်နော်... မသီရိဖြူ ဒီမှာတစ်ယောက်တည်း ဖြစ်တယ်မှတ်လား..."


"အော်.. ကိုရာဇာရယ်... အားနာစရာကြီး... ဒါပေမဲ့ သူနိုးလာရင် ရေတော့ တောင်းမယ်ထင်တယ်... ကျေးဇူးအများကြီးတင်ပါတယ်နော်..." သီရိဖြူ အားနာ ကျေးဇူးတင်စကားပြောလိုက်သည်... သူမစိတ်ထဲမှာတော့... "အော်... ကံကောင်းလိုက်တာ.. ဒီလို လူကောင်းတွေနဲ့ တွေ့လို့... တော်တော် စိတ်ထားပြည့်ဝတဲ့ သူပဲ..." လို့ ကြိတ်၍ ချီးကျူးမိလိုက်ရင်း စောစောက အကြည့်နက်နက်များကို သတိရကာ သူမ မျက်နှာပေါ်တွင် ရှက်ယောင်လေးသန်းသွားခဲ့သည်...


ရာဇာတစ်ယောက် ဆေးရုံဟောခန်းအတိုင်းလျှောက်လာရင်း စောစောက မျက်စပြစ်သွားသော သူနာပြုဆရာမနောက်ကို ခပ်သုတ်သုတ်လေး လိုက်သွားလေတော့သည်...


အချိန်အနည်းငယ်ကြာသည်အထိ ရာဇာကပြန်မလာ... ဖြူအပေါ့အပါးသွားချင်သောကြောင့် တလှည့် စောင့်ပေးဖို့ သူ့ကို မျှော်နေခြင်းဖြစ်သည်... သို့သော် မလာ မလာမို့... နောက်ဆုံး ဆရာမတစ်ယောက်ကို ခဏလေး အပ်ကာ အမြန်ပြန်လာပါ့မည်ဟုဆိုပြီး ဖြူ ပြေးထွက်လာခဲ့သည်... အပေါ့သွားပြီး ပြန်ထွက်အလာ သူနာပြုဆရာမနားနေခန်းက အဖြတ် ရယ်သံလွင့်လွင့်တွေကြားတော့ မတော်တဆ မျက်လုံးက ထိုနေရာရောက်သွားတော့မှ... အကြည်ဆိုက်သလိုလို ရိုးရိုးစကားပြောသလိုလို... ၂ယောက်သား လိုတာထက်ပိုမိုနီးကပ်စွာရပ်ပြီး ရယ်မောနေသော ရာဇာနှင့် သူနာပြုဆရာမလေးတစ်ယောက်ကို တွေ့လိုက်သည်...
"ဟင်... ဘယ်လိုလူပါလိမ့်........... ပုံစံကြည့်တော့ မထင်ရဘူး... လူရှုပ်လူပွေပဲ... " ဆိုပြီး ဖြူ့ စိတ်ထဲတွင် ကောက်ချက်ချမိသည်... သို့သော် ဘာအတွက် ဖြူ ဒေါသစိတ်ကလေးဖြစ်သွားမိသည်တော့ မသိ... "အော်.. ငါဘာဖြစ်နေတာပါလိမ့်... ငါနဲ့မှ မဆိုင်တာ..."....






------------------------------------- ။ ----------------------------------------




ဖြူပြန်ရောက်ပြီး မကြာမီပင် ရာဇာ အအေးများ စားစရာများဖြင့် ရောက်လာပြီး... "ဆော်ရီးဗျာ... အနီးနားကဆိုင်မှာ ပစ္စည်းမစုံလို့ အတော်လေး ဝေးဝေးသွားလိုက်ရတယ်.. ဟဲ.. ဟဲ.."


ဖြူမဲ့ပြုံးလေး တစ်ချက်ပြုံးကာ... "အော်... တော်တော်ပင်ပန်းသွားမှာပဲနော်..." ဟု စောင်းပြောလိုက်သည်...


"ရပါတယ်ဗျာ... ဒါက ကျွန်တော့်စေတနာပါ..."


ဖြူဟိုဘက်လှည့်ကာ ပစ္စည်းတွေကို ခုံပေါ်တင်ရင် မျက်နှာလေးကို မဲ့ကာရွဲ့ကာ ရာဇာ မမြင်အောင် မျက်စောင်းထိုးလိုက်သည်...


ထိုအချိန်မှာပင် ... " သမီး!!!!!!!!!!!!.... နွေနှင်း... သမီးဘာဖြစ်တာလဲ... ဘယ်လိုနေသေးလဲ..." ဆိုကာ နွေနှင်း၏ ဖေဖေနဲ့ မေမေ ထိပ်ထိပ်ပြာပြာရောက်လာကြသည်...

"ဆရာဝန်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်... သူစိတ်ကြောင့် ခုလိုဖြစ်သွားတာပါ... ခဏနေနိုးလာပြီးရင် သူ့ကို အနားယူဖို့ပဲ ပြောသွားပါတယ်..." ဟု ဖြူက စိတ်မပူစေရန် ပြောပြလိုက်သည်...


"စိတ်ကြောင့်?... ငါ့သမီးမှာ ငါမသိတာ ဘာများ ဒီလောက်စိတ်ညစ်စရာရှိလို့လဲ... ပြောပါအုံး ဖြူရယ်... " နွေနှင်းဖေဖေ ဦးမြမောင် ခုမှနောက်ထပ် စိုးရိမ်စရာအတွေးတစ်ခုနှင့် မေးလိုက်သည်...


သီရိဖြူလဲ ရာဇာရှိနေတာကိုပင် သတိမထားမိတော့... လူကြီးတွေကိုလဲ သိထားသင့်တယ်ထင်တဲ့အတွက်... အောင်ခန့်နှင့် ပတ်သတ်သမျှ ဖြစ်ကြောင်းကုန်စင်များကို ပြောပြလိုက်သည်...


"ဘာပဲဖြစ်ဖြစ်ပါ အန်ကယ်နဲ့ အန်တီရယ်... လောလောဆယ် နွေနှင်းကို သိပ်တော့ စိတ်ညစ်အောင် အတင်းမေးလား မြန်းလားတော့ မလုပ်ကြပါနဲ့... ဆူလဲ မဆူကြပါနဲ့နော်..."


"တောက်......... ခွေးမသား.... ဒင်းတို့ကများကွာ... ငါ့သမီးနဲ့တောင် တန်လို့လား... ဟွန်း... ဒီလောက် နှစ်တွေကြာတွဲလာပြီးမှ... ဒီလိုကောင်မျိုးကို စောစောသိရတာ ၀မ်းတောင် သာသေးတယ်... ဘာမှ ခံစားဖို့ မတန်တဲ့ကောင်အတွက် ခံစားနေသေးတယ်" ဟု ဒေါသတကြီး ပြောပြီးမှ တစ်စုံတစ်ခုကို စိုးရိမ်ဟန်ဖြင့်...


ဦးမြမောင် ဖြူ့ဘက်ကိုလှည့်ကာ..."ဒါနဲ့သမီး... ဒီဇာတ်လမ်းက ဒီမှာတင်ရပ်တယ်မဟုတ်လား... သမီးလေးက ဒီလောက်စိတ်ထိခိုက်ရလောက်အောင် တစ်ခုခုများ............" စိုးရိမ်လွန်းနေသော အတွေးများဖြင့် မေးမိသည်...

"အို ဘုရား... ဘုရား..." ဟုပြောကာ နွေနှင်းမေမေကတော့ သူ့သမီးအတွက် စိတ်မကောင်းဖြစ်ကာ တရှုံ့ရှုံ့ ငိုသာနေတော့သည်...


"အို.... မဟုတ်ပါဘူး.. အန်ကယ်နဲ့ အန်တီရယ်... နွေနှင်းက ဒီလိုလူစားမျိုးမဟုတ်တာလဲ သိသားနဲ့... ခုဟာက ကားနဲ့ တိုက်မိမလိုဖြစ်သွားလို့ လန့်သွားတာလဲ ပါပါတယ်...." ဒီတော့မှ ရာဇာကို သတိရကာ.... "ဒီမှာလေ.. သူတို့ကားနဲ့ တိုက်မိမလိုဖြစ်တာ.." ဆိုပြီး ရာဇာ့ကို လက်ညိုးထိုးပြလိုက်သည်...


ရာဇာလဲ မိသားစုရေးရာများကိုပြောနေသည်မို့ အပြင်လူအနေနဲ့ အနေရခက်နေသော်လည်း တိတ်တိတ်လေး ငြိမ်ထိုင်နေရာမှ လူကြီး ၂ယောက်ကို ခေါင်းလေးညွတ်ပြီး နှုတ်ဆက်လိုက်သည်...

"ကျွန်တော်တို့ကားနဲ့ တိုက်မိမလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့မှာလဲ တာဝန်မကင်းလို့ ဆေးဖိုးကုန်ကျစရိတ်ကို ကျွန်တော်တို့ပဲ တာဝန်ယူပါတယ်... စိုးရိမ်စရာမရှိပါဘူး... သူ အိပ်ဆေးပေးထားလို့ အိပ်နေတာပါ... မေ့လဲတဲ့ ဒဏ်ကြောင့် အပေါ်ယံနည်းနည်းပွန်းယုံပါ... သတိရရင် ဆေးရုံဆင်းလို့ရပါပြီတဲ့..."


ရာဇာ့စကားအဆုံးမှာပင်.... နွေနှင်း ဆီမှ ရှိုက်သံတစ်ခုထွက်လာသည်... မျက်လုံးများပိတ်ထားသော်လည်း မျက်ရည်များကစည်းကျနေသည်... "သမီး... သမီးလေး.... နွေနှင်း... ဖေဖေတို့ မေမေတို့ရှိတယ်လေ..."


ခေါ်သံများကြား၍ နွေနှင်း မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ အမြင်တွေက မျက်ရည်တွေကြားမှာ မှုန်ဝါးဝါး.... ဘာကြောင့်မှန်းအသိမ၀င်သေးခင်ကပင် ရင်ဘတ်ထဲက မောဟိုက် ဆို့နစ်နေသည်.... တဖြည်းဖြည်း အမြင်တွေကြည်လာတော့ နွေနှင်းလက်ကို ကိုင်ထားသော မေမေ့ကို ဘေးမှာတွေလိုက်ရသည်... ဖေဖေကလဲ စိုးရိမ်တကြီးကြည့်နေသည်... နွေနှင်းဘာလို့မှန်းမသိ အားငယ်စိတ်... သိမ်ငယ်စိတ်များက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးနေသည်... မေမေနဲ့ဖေဖေကို တွေ့လိုက်ရတော့ အားကိုးရသွားသကဲ့သို့ ထိမ်းထားသမျှ စိတ်တွေကို လွှတ်ထုတ်ပြစ်ချင်လာသည်... နွေနှင်း အိပ်ရာမှ ဖြည်းဖြည်းထကာ မိခင် ဒေါ် ဝေနှင်းကိုဖက်ကာ ကလေးတစ်ယောက်ပမာ ငိုချလိုက်တော့သည်...


"အမေ့...... ဟင့်.. ဟင့်.... "


မိခင်ကတော့ စာနာသော အကြည့်များဖြင့် နွေနှင်းကို ဖက်ကာ ကျောပြင်ကို ပုတ်ခတ်အားပေးနေသည်... ကိုယ့်သမီး ခံစားနေရတာကိုမကြည့်ရက်တဲ့ ဦးမြမောင်ကတော့ မျက်နှာကို တစ်ဖက်လွှဲကာ လူမသိအောင် မျက်ရည်စတစ်ချို့ကို သုတ်ထုတ်ပစ်လိုက်သည်....


ထိုအခြေအနေကြား ဆားညက်နေသော ရာဇာကတော့ ဘာလုပ်ရမှန်းမသိ... နွေနှင်း သတိရပြီဖြစ်၍ ဆရာဝန်နှင့် စစ်ဆေးခိုင်းကာ ပြန်လို့ရလျှင်အကောင်းဆုံးဖြစ်မည်ဟု အကြံရပြီး... ဖြူ့အနားသို့ကပ်ကာ...


"ကျွန်တော်ဆရာဝန်သွားခေါ်လိုက်အုံးမယ်..."

"အော်.. ဟုတ်.. ဟုတ်... ကိုရာဇာပြန်ချင်လဲ ပြန်လိုက်ပါတော့... ဒီမှာ သူ့မိဘတွေလဲရောက်ပြီ... သူလဲသတိရပြီဆိုတော့..." သီရိဖြူ၏ အလိုက်သိစွာပြောလိုက်သော စကားကြောင့် ရာဇာ့စိတ်ထဲ အလွန်ဝမ်းသာသွားသည်...


"အော်.. ရပါတယ်ဗျာ.. ဒါပေမဲ့ ကျွန်တော်လဲ အလုပ်ကိစ္စလေးက ရှိနေသေးလို့ပါ... ဒါဆို ကျွန်တော် အထွက်မှာ ဆရာဝန်ကို တစ်ခါတည်းပြောရင်းလွှတ်လိုက်မယ်နော်... သွားလိုက်ပါအုံးမယ်နော်..."


မှုန်ကုတ်ကုတ်ဖြင့် စိတ်မကြည်သာစွာရပ်နေသော ဦးမြမောင်ကိုလဲ ခေါင်းလေးညွတ်ကာ... 


"သွားလိုက်ပါအုံးမယ်... အန်ကယ်" တိုးတိုးညင်သာစွာ နှုတ်ဆက်လိုက်တော့ ဦးမြမောင်က သေချာပင် ပြန်မကြည့် ခေါင်းတစ်ချက်ညိတ်ပြကာ လက်ပြလိုက်သည်... ဒေါ်ဝေနှင်းကတော့ ရှိုက်ကြီးတငင်ငိုနေသော သူ့သမီးကို ဖတ်၍ အားပေးနေသဖြင့် အခြေအနေကို ကြည့်ကာ မနှုတ်ဆက်တော့...


------------------------------------------------------ ။ -----------------------------------




ပြတင်းပေါက်မှ တဆင့် မြင်နေရသော သစ်ပင်အိုက ကျွန်မလိုပင် ခြောက်သွေ့တဲ့ဘ၀တူတွေပဲလို့ ပြောနေသယောင်... ဒါပေမဲ့လဲ မိုးလေး တစ်ပေါက် နှစ်ပေါက်ရွာလိုက်ရင် သစ်ပင်အိုမှာ အညှာလေးတွေထွက်ပြီး ရွက်သစ်ဝေဖို့ အခွင့်ရှိသေးတယ်... ကျွန်မအတွက်ကတော့ တစ်ယောက်တည်းပါပဲ... ကောင်းကင်ကိုမော့်ကြည့်လိုက်တော့ လမင်းကြီးကတော့ ထိန်ထိန်သာပြီး ကျွန်မကိုလဲ သနားတဲ့အကြည့်တွေနဲ့ ပြန်ငုံ့ကြည့်နေသယောင်... ခေါင်းထဲကို မဆီမဆိုင်ရောက်လာတဲ့ သီချင်းတစ်ပုဒ်ထဲကလို မိုးကောင်းကင်က လမင်းကြီးကတော့ တစ်ယောက်တည်းမို့ မပျော်နိုင်ဘူး မမော်နိုင်ဘူးတဲ့... ဒါပေမဲ့လဲ ခု ဒီလမင်းကြီးလိုပဲ တစ်ကိုယ်တည်းဖြစ်နေတဲ့ ကျွန်မအတွက်တော့ သူ အဖော်ပြုပေးနေနိုင်တယ်လေ... သစ်ကိုင်းပေါ်က ငှက်ကလေးတွေ အဖော်နဲ့ မြူးနေတာကိုကြည့်ရတာလဲ ကျွန်မအတွက် ကြည်နူးဖို့မကောင်းဘူး...

တစ်ပင်တည်းမှာ ပွင့်နေတဲ့ ပန်းကလေးတွေကလဲ မလှပနိုင်ဘူး... ကောင်းကင်ပေါ်က များပြားလှတဲ့ ကြယ်တွေကလဲ ကျွန်မအတွက် မတောက်ပနိုင်ဘူး... အရာရာတိုင်းဟာ ကျွန်မကို စိတ်အားငယ်နေစေတယ်... လှောင်ပြောင်နေကြသလိုခံစားရတယ်... ခုချိန်မှာ ကျွန်မကို နားလည်မှု အပေးနိုင်ဆုံးကတော့ သီချင်းထဲမှာ လှောင်ပြောင်ခံခဲ့ရတဲ့ လမင်းကြီးပဲ ရှိတော့တယ်.... တစ်သက်နဲ့ တစ်ကိုယ် လမင်းကြီးကို တစ်ခါမှ မသနားဖူးပင်မဲ့ ဒီညတော့ ပြတင်းပေါက်က မြင်နေရတဲ့ ဘ၀တူ လမင်းကြီးကို ကြည့်ရင်း ကျွန်မ အိပ်ယာပေါ်မှာ ကြိတ် ငိုမိပြန်တယ်...


တစ်လောကလုံးမှာ ဘာကြောင့် ကျွန်မဒီလောက် ချစ်ကံခေရတာလဲ... ဘာလို့ ကျွန်မဒီလောက် ကံဆိုးရတာလဲ... မောင်နဲ့ ချစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်မ ဘာအမှားများလုပ်ခဲ့မိလို့လဲ... တစ်ခါတစ်လေ မောင့်ကို သ၀န်တိုတတ်တာ... မောင့်ကို ဆရာလုပ်တတ်တာ... ဒါတွေအားလုံးက မောင့်ကို ချစ်လို့ဆိုတာ မောင်မသိတာလား... ဒါမှမဟုတ်ဒါတွေက မောင့်အချစ်ကို လျော့စေခဲ့တာလား... ဒါပေမဲ့ မောင်နဲ့ ချစ်ခဲ့တဲ့ ဒီအချိန်ကာလအတောအတွင်းမှာ ကျွန်မတို့ တူတူ ပျော်စရာတွေ ဝေမျှရင်း ကြည်နူးခဲ့ရတာတွေဟာ ခဏလေးမဟုတ်ပါဘူး... ကျွန်မခေါင်းထဲမှာ အတွေးပေါင်းစုံနဲ့ ပြည့်နှက်နေခဲ့တဲ့ ညတွေမှာ မျက်ရည်တွေနဲ့ နစ်နေတဲ့ ကျွန်မခေါင်းအုံးလေးသာ အသက်ရှိမယ်ဆိုရင် သူလဲ မောင့်လိုပဲ ကျွန်မကို ထားသွားလောက်ပြီ... အတွေးတွေနဲ့ အိပ်မပျော်နိုင်ပေမဲ့ အငိုဝပြီး မျက်လုံးတွေ ပင်ပန်းလာရင်တော့ သူ့အလိုလိုအိပ်ပျော်သွားရတဲ့ ညတွေတိုင်း မနက်နိုးထလာရင် အိပ်မက်တွေသာဖြစ်ပါစေတော့လို့ မသိစိတ်က မျှော်လင့်မိတယ်.... 


မောင်နဲ့ အတူ လျှောက်ခဲ့ဖူးတဲ့လမ်းဟောင်းတွေ... တစ်ခါတစ်လေ မပြောမဆို ကျွန်မအလုပ်ကို လာကြိုရင် မောင်ထိုင်နေတတ်တဲ့ လက်ဘက်ရည်ဆိုင်က ခုံလေး... မောင်သောက်နေကျ လက်ဘက်ရည် ချိုချို... ငရုတ်သီးစပ်စပ် စားတိုင်း သီးတတ်တဲ့ ကျွန်မအတွက် ရေဗူးနဲ့ စောင့်နေပေးတတ်တဲ့ မောင့်ပုံရိပ်တွေ... အပူမစားနိုင်တဲ့ ကျွန်မအတွက် တစ်ခုခုစားတိုင်း မွှေပေး မှုတ်ပေးတတ်တဲ့ မောင့်ရဲ့ ဂရုစိုက်တတ်တဲ့ အကျင့်... ကျွန်မပတ်ဝန်းကျင်ရဲ့ နေရာတိုင်းမှာ မောင့်ပုံရိပ်တွေချည်းပါပဲ... အရင်ကတည်းကလဲ ရုပ်ရှင်တွေထဲကလို Romantic ဆန်ဆန်တွေ ကျွန်မ မတောင့်တခဲ့ဖူးပါဘူး... မမျှော်လင့်ခဲ့ပါဘူး... သာမာန် မောင်နဲ့ ရှိနေတဲ့ အချိန်လေးတွေ တစ်ဘ၀လုံး ပုံမှန်ရှိသွားပါစေလို့ပဲ ကျွန်မ မျှော်လင့်ခဲ့မိတာ သိပ်များ လောဘကြီးသွားသလား... အဖြစ်အပျက်တွေက မနေ့တနေ့ကအတိုင်း ကျွန်မရဲ့ မှတ်ဥာဏ်တွေထဲမှာ ထင်ထင်ရှားရှားရှိနေဆဲ... မောင့်ကို တမ်းတမိတိုင်း ဘာကြောင့် ကျွန်မတို့ ဝေးရတယ်ဆိုတာကို အကြိမ်ကြိမ်စဉ်းစားမိပင်မဲ့ အဖြေမရခဲ့ဘူး... ရှိနေတဲ့ အဖြေကိုပဲ ကျွန်မ သိစိတ်က လက်မခံချင်ခဲ့တာလား...








မောင်ရော... ခုချိန်မှာ ကျွန်မကို သတိရနေမလား... ကျွန်မလိုပဲ ခံစားနေရမလား... ကျွန်မကို တစ်ခါတစ်လေများ တမ်းတနေမလား... ဘယ်လိုပဲဖြစ်ဖြစ် မောင့်ကိုတော့ ကျွန်မနဲ့ တူတူ သွားလာခဲ့ဖူးတဲ့ နေရာတွေမှာ မတွေ့ရတော့... ဒီနေရာတွေလာရင် မောင်လဲ ကျွန်မလိုပဲ ခံစားရမှာမို့ သူမလာတာများလား... တစ်နေရာရာ အကွယ်ကနေများ မောင် ကျွန်မကို ကြည့်နေမလားလို့ ရှာကြည့်မိတယ်... အတ္တကြီးတယ်ပဲ ဆိုဆို... အမှန်အတိုင်း ၀န်ခံရရင် မောင့်ကိုလဲ ကျွန်မခံစားရသလို ခံစားနေရပါစေလို့ မျှော်လင့်မိတယ်...




ကျွန်မရဲ့ မို့မောက်နေတဲ့ မျက်ဝန်းတွေကို မြင်တိုင်း... အစားအသောက် အရင်လို မစားနိုင်တာကို သိတိုင်း မျက်နှာမကောင်းတဲ့ ဖေဖေနဲ့ မေမေအတွက်လဲ ကျွန်မ ၀မ်းနည်းရပြန်တယ်...


တစ်ခါတစ်လေတော့ ဖေဖေ မခံနိုင်လွန်းလို့...

"သမီးရယ်... ဒီလို အသိုင်းအ၀ိုင်းမျိုး ဒီလိုကောင်စားမျိုးကို မေ့ပြစ်လိုက်စမ်းပါ... ဖေဖေတို့ကလဲ အစကတည်းက သိပ်ပျော့ညံ့လွန်းတဲ့ ဒီလိုကောင်မျိုးကို သဘောကျလှတယ်မဟုတ်ပါဘူး... ငါ့သမီးစုံမက်လို့သာ ခွင့်ပြုခဲ့တာပါ... ရိုင်းရိုင်းနှိုင်းရရင် သူ့ကိုကိုယ်စွန့်ပစ်လိုက်တဲ့ မစင်လိုပဲ သဘောထားစမ်းပါ... မစင်ဆိုတာ ကိုယ်ခုံမင်လို့ စားခဲ့တဲ့ အစာကနေ ဖြစ်တာဆိုပင်မဲ့ ကိုယ့်ဝမ်းထဲကထွက်သွားပြီးတဲ့အချိန်ဆို ဘယ်သူမှ ပြန်လှည့်ကြည့်ချင်တာမဟုတ်ဘူး... မစင်နဲ့ ထိတွေ့ရမှာတောင် ရွံရှာကြတယ်.... ခု ဒီကောင်နဲ့ သူ့အသိုင်းအ၀ိုင်းကလဲ မစင်လိုပဲ... သူတို့နဲ့ မပတ်သတ်ရတာ သမီးအတွက် အများကြီးကောင်းတယ်... ဒီတော့ မတန်ဘူး... ငိုမနေနဲ့တော့... " ကျွန်မကြောင့် စိတ်ထိခိုက်နေတဲ့ ဖေဖေ့မျက်နှာနဲ့ တုန်ရီတဲ့ ဖေဖေ့ရဲ့ ဒေါသနှောတဲ့အသံ... မေမေ့ရဲ့ အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်တဲ့ အကြည့်တွေ... ကျွန်မအတွက် ၀မ်းနည်းစွာ ကြိတ်ငိုထားတဲ့ မေမေ့ရဲ့ နီမြန်းနေတဲ့ မျက်လုံးတွေ... သူငယ်ချင်းဖြူရဲ့ အားပေးမှုတွေ...

"တလောကလုံးမှာ နင်မှ ကံအဆိုးဆုံးလို့ ထင်နေတယ်မှတ်လား... နင်မှ သနားစရာအကောင်းဆုံးလို့ ခံစားနေရတယ်မှတ်လား... ဒီမှာ အဲဒါ နင်တစ်ယောက်ထည်းမဟုတ်ဘူး... နင်ခုခံစားနေရတာတွေက အသည်းကွဲတဲ့သူတွေရဲ့ဖြစ်စဉ်တွေပဲ... လောကမှာ ဒီထက်ဆိုးတာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူတွေအများကြီး... ငါကိုယ်တိုင် အသည်းမ့ကွဲဖူးပဲနဲ့ နင့်ကို ဆရာလုပ်နေလို့ ငါနင့်ကို နားမလည်ပါဘူးလို့မထင်နဲ့... ဒါပေမဲ့ အချိန်က အားလုံးကို ကုစားသွားမယ်... ဒါပေမဲ့ နင့်ရဲ့ ကြိုးစားအားထုတ်မှုပေါ်လဲ မူတည်တယ်... ဘာမှ အားငယ်စရာလဲ မလိုဘူး.. နင့်ဘေးမှာ နင့်ကို ချစ်တဲ့ ဂရုစိုက်တဲ့ ငါတို့တွေရှိနေတယ်ဆိုတာကိုပဲ စိတ်ထဲမှာ ထည့်ထား... " ဟု ဖြူ မချိတင်ကဲ ကျွန်မကို ပြောခဲ့သည်...


ကျွန်မကြောင့် ကျွန်မ ပတ်ဝန်းကျင်က ကျွန်မကို ချစ်တဲ့ ခင်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ စိတ်ညစ်နေရတော့ ကျွန်မစိတ်မကောင်းပါ... တဖြည်းဖြည်းနှင့် ကျွန်မတတ်နိုင်သလောက် သူတို့ရှေ့မှာ ကြိုးစားပြီး ပုံမှန်နေသည်... ပုံမှန်စားသည်... ပုံမှန် လှုပ်ရှားသည်... အတတ်နိုင်ဆုံး သူတို့ မရိပ်မိအောင် ပုံမှန်နေသည်... အရီအပြုံးနည်းသွားတဲ့ ကျွန်မကိုတော့ သူတို့ဘက်ကလဲ နားလည်ပေးတယ်ထင်သည်... အားလုံးလဲ မသိချင်ယောင်ဆောင်ကာ မောင့်အကြောင်းကို မစတော့... ကျွန်မစိတ်ပျော်အောင်သာ ထားကြသည်... သိစိတ်က မေ့ပြစ်လိုက်ဖို့ နာကျဉ်းပြစ်လိုက်ဖို့ ပြောနေပင်မဲ့ မသိစိတ်ထဲမှာတော့ မောင်တစ်နေရာရာကနေ ပေါ်လာမှာကို မျှော်နေမိတယ်... မောင်မရှိတော့တဲ့ ကျွန်မရဲ့ ခြောက်သွေ့တဲ့ ဘ၀ကို ဘယ်သူမှတော့ နားလည်နိုင်မှာမဟုတ်ပါဘူး...






4 comments :

SHWE ZIN U said...

ညီမရေ

ဆက်ရေးတဲ့ အတွက် ကျေးဇူးနော် အမ တောင် မေ့တေ့တေ့ ဖြစ်နေလို့ ၃ကိုလည်း ပြန်ဖတ်သွားတယ် အဆက်လည်း မျှော်နေမယ်နော်

ရွှေစင်ဦး

SZA said...

ညအလှနဲ့လွမ်းနေတာကိုရေးထားတာမိုက်တယ်.. ရေးထားတဲ့ထဲမှာ absolute boyfriend ထဲကမင်းသားပုံကိုထည့်ထားတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကိုလဲ ပုံလေးတွေနဲ့လုပ်မယ်ဆိုလဲ မဆိုးဘူး..မျက်စိထဲမြင်တာပေါ့..

Than Yaw Zin said...

ခံစာချက်တွေတထပ်တည်းကျပါတယ်.... ကိုယ့်ကိုမချစ်တော့တဲ့သူတယောက်ကိုဘာလို့တမ်းတရင်း အချိန်တွေကုန်မှာလဲ... ရလဒ်ကတော့ စိတ်ဓာတ်တွေ အောက်ဆုံးကိုကျသွားတာဘဲ... အချိန်တစ်ခုလောက်ဘဲ ခံစားပြီးနေသားကျသွားမှာပါ နွေနှင်း...

Yaminnie’s Daydream said...

""ရိုင်းရိုင်းနှိုင်းရရင် သူ့ကိုကိုယ်စွန့်ပစ်လိုက်တဲ့ မစင်လိုပဲ သဘောထားစမ်းပါ... မစင်ဆိုတာ ကိုယ်ခုံမင်လို့ စားခဲ့တဲ့ အစာကနေ ဖြစ်တာဆိုပင်မဲ့ ကိုယ့်ဝမ်းထဲကထွက်သွားပြီးတဲ့အချိန်ဆို ဘယ်သူမှ ပြန်လှည့်ကြည့်ချင်တာမဟုတ်ဘူး... မစင်နဲ့ ထိတွေ့ရမှာတောင် ရွံရှာကြတယ်.... ခု ဒီကောင်နဲ့ သူ့အသိုင်းအ၀ိုင်းကလဲ မစင်လိုပဲ... သူတို့နဲ့ မပတ်သတ်ရတာ သမီးအတွက် အများကြီးကောင်းတယ်... ဒီတော့ မတန်ဘူး... ငိုမနေနဲ့တော့...""

အဲဒီနေရာလေး... အကြိုက်ဆုံးပဲ အမရေ... တော်တယ်... ဆက်ရေးနော်... ဆက်စောင့်နေမယ်... :)