Thursday, May 13, 2010

ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် (၃)

တစ်ပတ်တစ်ခါ တင်မယ်ဆိုပြီး ပြောပြီးမှ မတင်နိုင်တဲ့အတွက် အလွန်တရာမှ ရှက်လဲရှက် အားလဲနာမိပါသည်... စောင့်ဖတ်နေသော သူများကို ကျေးဇူးလဲ အထူးတင်ရှိပါသည်... ပိုစ့်ပေါ်မှာ ကွန်မန့်သိပ်မတွေ့ရလို့ အားနည်းနေပင်မဲ့ ဂျီတော့နဲ့ တစ်မျိုး စကားလက်ဆင့်ကမ်း၍ တဖုံ ဆက်ရေးရန်တောင်းဆိုနေသူများအတွက် ဒီတစ်ခေါက် အပိုင်းကို ကြိုးစားပြီး တင်ဆက်လိုက်ပါတယ်... တကယ်တမ်းရေးမယ်ဆိုတော့မှ ဘာဆက်ရေးရမှန်းမသိဖြစ်မိတဲ့ အခါများသဖြင့် မရေးသေးပဲ စိတ်ထဲကျေနပ်လောက်မှ ရေးချင်သည့်စိတ်ကြောင့် မရေးဖြစ်ပဲ ဖြစ်နေရခြင်းဖြစ်ပါသည်... ဒါပေမဲ့ ခု ရေးလိုက်တာလဲ မိမိကိုယ်မိမိတော့ စိတ်ကျေနပ်ခြင်းမရှိသေးပါ... ကိုယ့်ကိုကိုယ် လိုသေးသည်ဟုသာ ခံစားနေရပါသည်... မဗေဒါ ၀တ္တုတွေဟာ တခြား စာရေးသူတွေလို တင်ဆက်ပုံခြင်း မတူပဲ ကွဲလွဲနေလျှင်လဲ ခွင့်လွှတ်နားလည်ပေးစေလိုပါသည်...

မဗေဒါက အမှန်တကယ် စာဖတ်ပျင်းသူတစ်ယောက်ဖြစ်ပြီး အရင်ကပြောခဲ့တဲ့အတိုင်း ၀တ္တုကို အစအဆုံး ဖတ်ဖူးတာ မနေ့တနေ့ကမှ တစ်အုပ်၂အုပ်မျှသာ ရှိသေးသည့်အတွက် တခြားစာရေးကောင်းသူများနှင့် မယှဉ်သာကောင်းရှိမည်... မဗေဒါရဲ့ ၀တ္တုအသွားအလာများနှင့် အခန်းဆက်များသည် ရုပ်ရှင်သဘောပိုဆောင်ကောင်း ဆောင်နေမည်ဟု ထင်မိသည်... ဘာလို့လဲဆိုတော့ ရေးနေချိန်အတွင်း မဗေဒါရဲ့ စိတ်ကူးထဲ မျက်လုံးထဲတွင် တစ်ပါတည်း ရုပ်ရှင်ရိုက်နေခြင်းကြောင့်ဖြစ်သည်... (ပြောရမည်ဆိုလျှင် တစ်ခါတစ်လေ ဇာတ်ဝင်တေးတောင်ပါသည်..).. အဲဒိ အတွက်ကြောင့် တင်ဆက်ပုံ အရေးအသားနှင့် သရုပ်ဖော်ပုံက ပရိတ်သတ်နှင့် ရင်းနှီးမှုမရှိဖြစ်နေလျှင် နားလည်သဘောပေါက်ပေးစေလိုပါသည်... ပိုမိုကောင်းမွန်သော အကြံဥာဏ်များရှိလျှင်လည်း ကွန်မန့်တွင် အကြံပေးသွားနိုင်ပါသည်... မဗေဒါ တတ်နိုင်သလောက် အကြံဥာဏ်များကို လက်ခံကြိုးစားသွားမည်ဖြစ်ပါသည်...

ရှေ့အပိုင်းများကို မဖတ်ရသေးသူများအတွက်... အပိုင်း(၁) နှင့် အပိုင်း (၂) ပေါ်သို့ ကလစ်နှိပ်၍ သွားရောက်ဖတ်ရှုနိုင်ပါသည်...

စာရေးကောင်းသော ပုဂ္ဂိုလ်များကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားသလို...  မဗေဒါရဲ့ စိတ်ကူးပေါက်ရာများကို စာသားများအဖြစ် ကစင့်ကလျား တင်ဆက်ထားသော်လည်း လာရောက်ဖတ်ရှုကြသော သူများအတွက်လဲ လှိုက်လှိုက်လှဲလှဲဝမ်းသာပြီး... ကွန်မန့်ပေး၍ဖြစ်စေ ဂျီတော့ကဖြစ်စေ မဗေဒါဆီပြန်ရောက်နိုင်သော သူ တဆင့်မှဖြစ်စေ အားပေးကြသော သူများကိုလဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း...


တီ... တီ...

နာရီ သံပတ်သံခဏအတွင်းမှာပဲ မင်းထက်ပိုင် နိုးလာခဲ့သည်... မနေ့ညက အသစ်ဖွင့်သော စူပါမတ်ကပ် အလုပ်ကိစ္စများကြောင့် အိပ်ယာဝင်နောက်ကျခဲ့သဖြင့် သံပတ်ပေးထားရခြင်းဖြစ်သည်... မျက်နှာသစ် ရေမိုးချိုးပြီးသည်နှင့် အင်္ကျီအ၀တ်အစားလဲကာ လိုအပ်သည့်စာရွက်စာတမ်းများနှင့် အောက်ဆင်းလာခဲ့သည်...

"သားရေ... သွားတော့မလို့လား... တခုခုတော့ စားသွားပါကွယ်... သားအကြိုက် ကော်ဖီစေ့စစ်စစ်ကို ကြိတ်ထားတဲ့ ကော်ဖီ မေမေကိုယ်တိုင်ဖျော်ထားတယ်... မုန့်လဲ ပြင်ပြီးပြီ..." ဒေါ်ထိပ်ထားခင်... သားကိုတွေ့တာနှင့် ဆီးကြိုပြောသည်...

"အော်... မေမေရယ်... ဘာလို့ ကိုယ်တိုင်လုပ်နေတာလဲ... ဒေါ်လေးမေ လုပ်ပေးနေကျပဲဟာကို... "

"အော်... ရပါတယ်... ငါ့သားအကြိုက်ကို အမေပဲသိတာ... လာ... စားသွားချည်..."

အမေတစ်ခု သားတစ်ခုဘ၀မို့ မင်းထက်ပိုင် ဘယ်အရာမဆို မိခင်ကို စိတ်ချမ်းအောင် ထားပေးတတ်မြဲ... ထို့အတူ မင်းထက်ပိုင် ဆုံးဖြတ်သမျှကိုလဲ မိခင် ဒေါ်ထိပ်ထားခင် အားပေးထောက်ခံမြဲ... မင်းထက်ပိုင် ငယ်ရွယ်စဉ်အခါကတည်းက မိသားစုကို စွန့်ခွာကာ နောက်အိမ်ထောင်ပြုခဲ့သော ဖခင်ကြောင့် ဖတစိုးသားဖြစ်ခဲ့ရသည်... မိဘ သဘောမတူသော်လည်း ချစ်သူကို ယုံစားကာ စည်းစိမ်ချမ်းသာကို စွန့်လွှတ်၍ ချစ်သူနောက်ကို လိုက်ခဲ့မိသောကြောင့် အဖိုးက ဒေါ်ထိပ်ထားခင်ကို အမွေဖြတ်ခဲ့သလို နောက်ဆုံးတွင် ခင်ပွန်းကံ မကောင်းခဲ့သော မိခင်က မာနကြီးသူမိန်းမသားဖြစ်သည့် အလျှောက် မိဘအိမ်ပြန်မတက်ပဲ ရုန်းကန်ခဲ့ရသည်...


အဖိုး မဆုံးပါးခင် မိခင် ဒေါ်ထိပ်ထားခင်ကို ခွင့်လွှတ်ခေါ်ယူကာ အဖိုးနောက်ဆုံးအချိန်များကို အတူတူဖြတ်သန်းရင်း အဖိုးထားရှိခဲ့သော စီးပွားရေးလုပ်ငန်းများကို မိန်းမသားတစ်ယောက်တည်း ဦးစီးခဲ့ရသည်... တချို့စီးပွားတူ ယောင်္ကျားသားများက အရွယ်ကောင်းမို့ ကမ်းလှမ်းခဲ့သော်လည်း သားအတွက်ငဲ့ကာ နောက်အိမ်ထောင်မပြုခဲ့... စီးပွားရေးရော သားသမီးရေးကိုပါ လစ်ဟာမှု မရှိခဲ့သူဖြစ်သည်... ထို့အတွက်ကြောင့်လည်း မင်းထက်ပိုင်အစွမ်းကုန်ကြိုးစားကာ မိခင်၏စီးပွားရေးများကို ယခုအခါ ဆက်ခံထိမ်းချုပ်နိုင်ခဲ့သောကြောင့် ဒေါ်ထိပ်ထားခင်အတွက် စိတ်ချလက်ချ အနားယူနေနိုင်ခဲ့ခြင်းဖြစ်သည်...

မနက်စာစားရန်ဝင်ထိုင်လိုက်သော သား၏ အရိပ်အကဲကိုကြည့်ကာ ဒေါ်ထိပ်ထားခင် ကော်ဖီနှင့် ပေါင်မုန့်ကို ပြင်ဆင်ပေးရင်း...

"သား လုပ်ငန်းတွေ အဆင်ပြေရဲ့လား... အသစ်ဖွင့်လိုက်တဲ့ ထိပ်ထား Supermarket ရော ဘယ်လိုလဲ... စားသောက်ဆိုင်ကရော အဆင်ပြေလား..."

" စိတ်ချပါ မေမေ... အားလုံးအဆင်ပြေပါတယ်... ဒီနေ့ ရှယ်ယာဝင်တွေနဲ့ meeting ရှိတယ်... ဆိုင်ခွဲတွေအတွက် နေရာကိစ္စ စကားပြောဖို့ကိုတော့ ကျတော် ရာဇာနဲ့ပဲလွှဲထားလိုက်တယ်..." စီးပွားရေး ဂျာနယ်ဖတ်ရင်း မေမေ့ကို ပြန်ဖြေလိုက်သည်...

"အင်း... အင်း အဆင်ပြေတယ်ဆိုပြီးတာပါပဲ... ဟင်း...." သက်ပြင်းလေးတစ်ချက်ချကာ သားမျက်နှာကို တစ်ချက်ခိုးကြည့် အကဲခတ်ပြန်သည်...

"မေမေ... ကွက်ကြည့် ကွက်ကြည့်နဲ့ ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ... ပြော..."

" ငါ့သားလဲ အလုပ်တွေထဲမှာပဲ စိတ်နစ်နေတာ ခုဆို အသက် ၃၀ပြည့်ခါနီးပြီ... ငါ့သားတစ်ယောက်တည်း ဟောဒီ အမေအိုကို ပြန်ကြည့်ရ... အလုပ်တွေလဲ လုပ်ရနဲ့ အဖော်လေးဘာလေး ရှာဖို့လဲ အချိန်တန်နေပြီလေ... သားမှာ ရှိရင်လဲ အိမ်ခေါ်လာခဲ့ပါအုံး... မေမေလဲ ချွေးမလေးဘာလေးနဲ့ အိမ်မှာ မိသားစုများများ စိုစိုပြေပြေနေချင်လှပြီ..." သားအရိပ်အခြေကို ကြည့်ကာ မျက်နှာချိုလေးသွေး၍ အစ်ကြည့်ခြင်းဖြစ်သည်...

အမှန်တော့ ပစ္စည်းဥစ္စာ မချမ်းသားလျင်နေ စာရိတ္တကောင်းမွန်သော သင့်တော်သူ အမျိုးကောင်း သမီးလေး တစ်ယောက်နှင့် သားကို အိမ်ထောင်ရက်သားချပေး ချင်နေသည်မှာ ဒေါ်ထိပ်ထားခင်၏ မပြည့်ဝသေးသော ဆန္ဒဖြစ်သည်... သားအကြိုက်မိန်းကလေး တစ်ယောက်ယောက်ကို အိမ်ခေါ်လာဖို့ မျှော်လင့်မိသော်လည်း တူတော်မောင် ရာဇာ့ဆီမှ သတင်းပို့ချက်အရ သားကို စိတ်ဝင်စားသော မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေရက်နှင့် မိန်းမများကို စိတ်မ၀င်စားပဲ စီးပွားရေးကိုသာ အားသန်နေသော သားအကြောင်းကို ကြားသိထားပြီးဖြစ်သည်...

ကော်ဖီခွက်ကို ချကာ မိခင်ကို ပြုံးလျက်...

"သားဒါတွေ စိတ်မ၀င်စားသေးဘူး မေမေ... ခုသားခေါင်းထဲမှာရှိတာ အလုပ်ကိစ္စပဲ... ကျန်တာတွေ မတွေးနိုင်သေးဘူး... တွေးလဲ မတွေးချင်သေးဘူး... ကဲ... ကော်ဖီလဲ ကုန်ပြီ သားလဲ အလုပ်သွားတော့မယ်... သွေးကျဆေးလဲ မှန်မှန်သောက်အုံး... အပြင်သွားချင်ရင် တစ်ယောက်တည်းမသွားနဲ့ အရှည်ကြီးကို လိုက်ပို့ခိုင်းပြီး ဒေါ်လေးမေကို အဖော်ခေါ်သွား... တော်ကြာ တစ်ယောက်တည်း သွေးတိုးပြီး မူးလဲ နေအုံးမယ်... ဟိုနေ့ကလဲ ဆိုင်မှာ တစ်နေ့လုံး ထိုင်တယ်ဆို? ... ဆိုင်ကိုလဲ အပျင်းပြေလောက်ပဲသွား... ကျွန်တော် ရာဇာ့ကို ဦးစီးခိုင်းထားတယ်... " ပြောပြောဆိုဆို လက်ပတ်နာရီကို ကြည့်ပြီး အိတ်ဆွဲကာ မင်းထက်ပိုင်ထွက်သွားသည်...

မိခင်၏ သဘောထားကို ကောင်းစွာနားလည်သော်လည်း စီးပွားရေးကိစ္စမှ လွဲ၍ မင်းထက်ပိုင် တခြားအကြောင်းများကို မစဉ်းစားချင်သေး...သူ့ကိုမြင်လျှင် အလှပြင်ကာ အိုက်တင်ပေး အသံပေးတတ်ကြသော ၀န်ထမ်းမိန်းကလေးများ... ညစာတူတူစားရန် အကြောင်းမရှိ အကြောင်းရှာဖိတ်တတ်သော လုပ်ငန်းတူမှ သူဋ္ဌေးသမီးများနှင့် စီးပွားတူ အမျိုးသမီးများသည် မင်းထက်ပိုင်၏ စိတ်ကို ဖမ်းစားနိုင်စွမ်းမရှိခဲ့ခြေ... အတုအယောင်မျက်နှာဖုံးတွေ နောက်မှာ မင်းထက်ပိုင်ရဲ့ စည်းစိမ်ဥစ္စာကို အသားပေးစဉ်းစားသူက များနေသည်ဆိုသည်ကို မင်းထက်ပိုင်တစ်ယောက် ကောင်းကောင်းနားလည်သည်... ချစ်လို့ ယူခဲ့ကြသော မိဘနှစ်ပါးတောင် နောက်ဆုံးတွင် ဖခင်၏ စိတ်ထား ပြောင်းလဲကာ ဖောက်ပြန်မှုကြောင့် မပြည့်စုံခဲ့သော မိသားစုဘ၀ကို ပိုင်ဆိုင်ခဲ့ရသော မင်းထက်ပိုင်အတွက် အချစ်ရေး အိမ်ထောင်ရေးဆိုသည်မှာ လူတွေ စိတ်ကူးယဉ်ကာ ကြားကောင်းအောင် ပြုလုပ်ထားသော အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကဲ့သို့သာ မှတ်ယူမိနေသည်...

-------------------------- ။ ----------------------------------

အသစ်ဖွင့်ထားသော ထိပ်ထား စူပါမတ်ကပ်အခြေအနေကိုလေ့လာရန် ဦးတည်လိုက်သည်...
ရုံးမှာတွေ့မည်ဟု ချိန်းထားသော ရာဇာကို ဆိုင်သစ်မှာ ဆုံရန်ပြောဖို့ ဖုန်းခေါ်လိုက်သည်...

"ရာဇာလား... ငါ အခု စူပါမတ်ကပ်ကို အရင်လာနေပြီ ... မင်းနဲ့ ငါ အဲဒိမှာတွေ့မယ်... ပြီးမှ ရုံးသွားပြီး ရှယ်ရာဝင်တွေနဲ့ မီတင်းကို သွားမယ်... ပြီးရင် မင်း မေမေ့ ပန်းပုဆိုင်ကို သွားပြီး ကြည့်လိုက်... မေမေ မနေ့ကလို တစ်နေကုန်သွားပြီး ပင်ပန်းလို့ တစ်ခုခုဖြစ်နေအုံးမယ်... "

ရာဇာသည် မင်းထက်ပိုင်နှင့် ငယ်ငယ်ကတည်းက အိမ်ချင်းကပ် ဘ၀ကို ဖြတ်သန်းခဲ့သည့် ငယ်ငယ်က သူငယ်ချင်းလဲဟုတ်သလို... ယခုအခါ စီးပွားရေးလုပ်ငန်းများကိုလဲ ယုံကြည်ရသော လက်ရုံးဖြစ်သည်... ဖေဖေ ပစ်သွားပြီး မေမေတစ်ယောက်တည်း ဒုက္ခရောက်ချိန်တွင် ရပ်ကွက်ထဲမှ အိမ်ချင်းကပ် ရာဇာ၏မေမေ ဒေါ်လေးမေဆီမှ တတ်နိုင်သမျှ အားပေးကူညီမှု ရခဲ့သဖြင့် ကျေးဇူးမကင်းသူဖြစ်သည်... ထို့ကြောင့် ဖိုးဖိုးက မေမေ့ကို ပြန်ခေါ်ချိန်တွင် တစ်ပါတည်း သူတို့ သားအမိကိုပါ ပြန်လည် ကြည့်ရှုစောင့်ရှောက်ဖို့ ခွင့်တောင်းခဲ့သည်... ရာဇာ့ ပညာရေးကို မိခင် ဒေါ်ထိပ်ထားခင်က တာဝန်ယူခဲ့သဖြင့် ယခုအခါတွင် တက္ကသိုလ်မှ ဘွဲ့ရကာ မင်းထက်ပိုင်လုပ်ငန်းများတွင် အားကိုးလောက်သော လူယုံဖြစ်လာသည်... ရာဇာကဲ့သို့ အရည်အချင်းရှိ ပညာတတ် စီးပွားရေ လာဘ်မြင်သူကို ကမ်းလှမ်းသော ကုပ္မဏီများလှသော်လည်း ငြင်းပယ်ခဲ့သူဖြစ်သည်...

မင်းထက်ပိုင်နှင့် ရာဇာ၏ ကြီးမားသော ကွဲပြားချက်မှာ ရာဇာက ရီပြုံးကာ ပျော်ပျော်နေတတ်သူ... ၀န်ထမ်းများနှင့်လဲ အရောတ၀င် ခင်မင်ရင်းနှီးသူ... မိန်ကလေးများနှင့်လည်း ဇာတ်လမ်းများစွာရှိသူဖြစ်သည်...

--------------------------------------------- ။ -----------------------------------





















ကားကို ပတ်ကင်တွင်ရပ်ကာ ဆိုင်ထဲသို့ ၀င်လိုက်သည်...

ဝင်လိုက်သည်နှင့် တပြိုင်နက်... နံနက်ခင်းလူရှင်းသေးသောအချိန်တွင် ကောင်တာဘက်မှ မိန်းကလေးတစ်ယောက်၏ ခပ်ပြတ်ပြတ်နှင့် အသံစူးစူးတစ်ချက်ကို ကြားလိုက်ရသည်...


ဘာလို့လဲ… အဲဒိကင်မရာတွေက record မလုပ်ထားဘူးလား… ပြထားရုံသက်သက်မို့လို့လား


ဟို… အဲဒိကင်မရာက ကျမတို့အဆင့်နဲ့ မသိဘူးရှင့် ကွန်ထရိုးခန်းထဲက တာဝန်ရှိသူကို ခွင့်တောင်းရမှာ…


“ဒါဆိုလဲ ဒီဆိုင်က တာဝန်ရှိသူနဲ့ တွေ့ချင်တယ်… ခေါ်ပေးပါ… "

အသံလာရာကို ကြည့်လိုက်တော့ ရဲရင့်ပြတ်သားသော စစ်သူကြီးတစ်ယောက်၏ မျက်လုံးများဖြင့် မိန်းကလေးတစ်ယောက်... မည်သည့် ပြဿနာတတ်နေမှန်း မသေချာသော်လည်း အသစ်ဖွင့်သော ဆိုင်၏ ပုံရိပ်ကို မထိခိုက်လိုစေ...

ထိုအချိန်တွင် ရာဇာ အနားရောက်လာပြီး... မင်းထက်ပိုင် အကြည့်ရှိရာဘက်ကို လိုက်ကြည့်သည်... မိန်းကလေးက တာဝန်ရှိသူတွေ ဘာတွေ ခေါ်ခိုင်းနေသံကို ကြားသောအခါ.... ခြေလှမ်းရန် ပြင်နေသော မင်းထက်ပိုင်ကို လက်နှင့်ကာ၍

"ရတယ်... ကျွန်တော် သွားကြည့်ပြီး ဖြေရှင်းလိုက်ပါ့မယ်..." ဆိုပြီး ရာဇာ ထွက်သွားသည်...

မင်းထက်ပိုင်လဲ ရုံးခန်းတွင်းမှ အခြေအနေကို အကဲခပ်နေသည်...
CCTV ကင်မရာက record ကို တောင်းကာ တစ်စုံတစ်ခုကို သက်သေပြချင်နေသော ထိုမိန်းကလေး၏ ရိုးသားသော်လည်း မာနအပြည့်နှင့် မျက်နှာသည် ငယ်ငယ်က မင်းထက်ပိုင်မြင်ဖူးသော မိခင်၏ မျက်နှာ အသွင်သဏ္ဌာန်ကို အမှတ်ရစေသည်...

ထို့နောက် ပြဿနာများ ပြေလည်၍ ရာဇာ ရုံးခန်းထဲ ရောက်လာကာ ဖြစ်ကြောင်း ကုန်စင်ကို ပြောပြသည်...

"ကောင်မလေးက အတော်ဆွာတာနော်... သူ့ဘေးက ခံရတဲ့ ကောင်မလေးကတော့ ကြောက်သလိုပဲ... ဘယ်လိုပဲ ဖြစ်ဖြစ် ၂ယောက်လုံးကတော့ ချစ်စရာလေးတွေ... ဟိဟိ.." အလုပ်တွင်းရှိ ၀န်ထမ်းများရှေ့တွင် ရာဇာက မင်းထက်ပိုင်ကို သူဋ္ဌေးနှင့် ၀န်ထမ်းကဲ့သို့ ပြုမူဆက်ဆံပြီး ၂ယောက်တည်းရှိသော အချိန်များတွင် သူငယ်ချင်းလိုသာ ရင်းရင်း နှီးနှီး ဆက်ဆံလေ့ရှိသည်...

"ငါ တို့ စီစီတီဗွီ ကင်မရာတွေရော အလုပ်လုပ်ရဲ့လား... ငါ့ကို အဲဒိ Tape ယူလာပေးပါ..." မင်းထက်ပိုင် အလုပ်တစ်ခုလုပ်လျှင် စေ့စပ်သေချာသည်... တစ်ခုခုဆို စစ်ဆေးကြည့်လိုက်ရမှ စိတ်ချသည်... ဖြစ်သွားသော ပြဿနာပြီးစီးခဲ့သော်လည်း ကိုယ့်ဝန်ဆောင်မှုနှင့် လုံခြုံရေးအတွက် စစ်ဆေးကြည့်သင့်သေးသည်...

ရာဇာ Tape ယူလာပေးသည်...

မင်းထက်ပိုင် ကွန်ပြူတာ နှိပ်ရင်း... "အင်း... စားပွဲပေါ်တင်ထားခဲ့လိုက်... မင်းလဲ လုပ်စရာရှိတာ လုပ်တော့... ၁၀နာရီလောက် မင်းနဲ့ငါ ရှယ်ရာဝင်မီတင်းသွားမယ်..."

ပြီးနောက် Tape ကို ဖွင့်ကာအဖြစ်အပျက် အစုံကို ကြည့်လိုက်သည်... သူမတို့ ၂ယောက်ဆိုင်တွင်းဝင်လာခါစက အေးချမ်းသော မျက်နှာထားနှင့် မရိုးလွန်းသော်လည်း မဆန်းလွန်းသော အသွင်အပြင်ကို ဆောင်သော ထိုမိန်းကလေးသည် ပြဿနာစဖြစ်သောအချိန်တွင် မဟုတ်မခံသော နဂါးပျိုမလေးအဖြစ်သို့ ရုပ်ချည်း ပြောင်းလဲသွားသည်... ဤအခြေအနေမျိုးတွင် မိန်းကလေးတော်တော်များများက ရှက်စိတ်ဖြင့် မသိချင်ယောင်ဆောင်လျှင်သော်လည်းကောင်း ငုံ့ခံ၍သော်လည်းကောင်း နေတတ်ကြသည်... သို့သော် ထိုမိန်းကလေးကတော့ အမှန်တရားကို လိုချင်သူတစ်ဦးဖြစ်ကာ အမှန်အတွက်ရင်ဆိုင်ရမည်ကိုလဲ မရှက်ကြောက်သူဖြစ်သည်... သို့သော် သူမ ဒေါသကြီးကာ အားမလို အားမရဖြစ်နေပုံကလဲ အထင်းသားမြင်နေရသည်... သူမကို ကြည့်ကာ မင်းထက်ပိုင် မျက်နှာပေါ်တွင် ရည်ရွယ်ချက်မဲ့စွာ အပြုံးတစ်ချက်ပွင့်သွားသည်... ထို့နောက် နာရီကို ကြည့်ကာ... လိုအပ်သည့်စာရွက်စာတမ်းများကိုယူပြီး ထွက်လာခဲ့တော့သည်...

-------------------------- ။ -----------------------------------

တစ်နေကုန် ရှယ်ယာဝင်များနှင့် မီတင်းပေါင်း များစွာဆွေးနွေး ပြောဆိုကာ မင်းထက်ပိုင်အတွက် အချိန်ကုန်မှန်းမသိကုန်သွားသည်... စကာင်္ပူမှ ကုန်ပစ္စည်းတင်သွင်းဖို့ ကိုယ်စားလှယ်နှင့်လည်း ညနေထမင်းစားရင်း ဆွေးနွေးရန်ချိန်းထားသည့် အရေးကြီး ကိစ္စရှိသည်... ထိုကုန်ပစ္စည်းများအတွက် ကိုယ်စားလှယ်ကို ပြိုင်ဖက်ကုမ္ဗဏီများနှင့် ယှဉ်လျှင် ရရန် ထိုပုဂ္ဂိုလ်၏ အဆုံးအဖြတ်ပေါ်မူတည်နေသောကြောင့် အရေးကြီးပုဂ္ဂိုလ်ထဲတွင်ပါဝင်နေသည်... မင်းထက်ပိုင် နောက်ကျနေသဖြင့် ကုမ္ဗဏီမှ အမြန်ထွက်ကာ ချိန်းထားရာ စားသောက်ဆိုင်ရှိရာသို့ ဦးတည်ခဲ့သည်...

စားသောက်ဆိုင်ရှိရာ လမ်းအတွင်းသို့ ကွေ့ဝင်လိုက်ချိန်တွင်...

တီ... တီ... တီ...

ဖုန်းလာသောကြောင့် ဖုန်းကိုင်ရန် လှမ်းယူလိုက်သော်လည်း ချော်သွားသောကြောင့် ရှေ့တိုး၍ လှမ်းယူပြီး ဖြေလိုက်စဉ်...

"ဟလို.... ဟာ!!!!..."

ကျွီ.......................

ရုတ်တရက်.... မိန်းကလေးတစ်ယောက်ကို ကားရှေ့မှာ မြင်လိုက်သဖြင့် အချိန်မှီ ဘရိတ်ကို နင်းချနိုင်လိုက်သည်... သို့သော် ထိုမိန်းကလေး လန့်ပြီးပုံလဲကျသွားပုံရသည်...

ထိုမိန်းကလေး၏ အဖော်ဖြစ်ဟန်ရှိသူ မိန်းကလေးတစ်ယောက် ပြေးလာသည်...

မင်းထက်ပိုင် ဖုန်းထဲမှ ရာဇာ့ကို ... " ဒီမှာ ကားတိုက်လို့ ... ဒါပဲကွာ... " ဆိုပြီး ဖုန်းချလိုက်သည်... မတိုက်မိလိုက်တာကို သိသော်လည်း အနည်းငယ်လဲ စိုးရိမ်မိနေသည်...
ထို့နောက် ကားတံခါးဖွင့်ခါ ဆင်းလာခဲ့သည်...

တိုက်မိသွားသော မိန်းကလေးကို သတိရှိရှိ တွေ့လိုက်ရသဖြင့် စိတ်နဲနဲအေးသွားသည်... ထိုမိန်းကလေး၏ အကြည့်များကတော့ တစ်ဖက်ကားလမ်းပေါ်သို့ ကမူးရှူးထိုးလိုက်ရှာနေသည်... မင်းထက်ပိုင် မြင်လိုက်ရသော မိန်းကလေးပုံကြောင့် အနည်းငယ်အံ့သြသွားသည်...

"ဟင်... မနက်က မိန်းကလေးပဲ...."

ထိုမိန်းကလေးသည် ပါးစပ်မှလဲ မောင်.... ဟုခေါ်ကာ တစ်ဖက်ကားလမ်းသို့ သွားဖို့ သူမခန္ဓာကိုယ်ကို ကြိုးစားပြီး သယ်ယူနေပုံရသည်... သူမ အကြည့်များရှိရာကို မင်းထက်ပိုင် တဒင်က လိုက်ကြည့်မိသည်... လက်ချင်းချိတ်လျက် တွဲလျှောက်သွားသော စုံတွဲတစ်တွဲကို ထင်ထင်ရှားရှားတွေမြင်ရသည်...

မနက်က မြင်တွေ့ခဲ့ရသော နဂါးပျိုမလေးသည် ယခုအခါ ကျားခံတွင်းထဲရောက်ရှိနေသည့် ယုန်သူငယ်လေးကဲ့သို့ အားအင်ချိနဲ့ကာ ဖျော့ရော့နေသယောင်... အမှန်တရားနှင့် တောက်ပခဲ့သော သူမ မျက်လုံးအစုံတွင် ယခုအခါေ၀၀ါးသော ပုလဲဥတို့က နေရာယူထားသည်... အခြေအနေကို မင်းထက်ပိုင် ခန့်မှန်းလို့ရသည်...


ကားကြောင့် ဘာမှ မဖြစ်သွားသဖြင့်လည်း စိတ်အေးရသည်... သို့သော် တာဝန်ရှိသဖြင့် မေးမြန်းရန် အနားသို့ တိုးကပ်သွားလိုက်သည်... သို့သော် ရှိသမျှအားကုန်ဖြင့် တဖက်သို့သွားရန် ကြိုးစားနေသော မိန်းကလေး မနိုင်တနိုင် မတ်တပ်ထရပ်လိုက်စဉ် တမဟုတ်ချင်းတွင်ပင် သူမ ယိုင်နဲ့လဲပြိုကျသွားသည်...

ရုတ်တရက်လဲကျသွားသော ထိုမိန်းကလေးကို မြေပြင်ပေါ်သို့ ကျကာ မထိခိုက်သွားစေရန် မင်းထက်ပိုင် အလန့်တကြားဖြင့် ပွေ့ချီမိလျက်သားဖြစ်သွားသည်...



ဆက်ရန်/--------------


P.S... All the photos credits goes to Google.

8 comments :

yamar said...

ဟဟ... အခုမှပဲတင်တော့တယ်.. ဟွန့်... ဖတ်လိုက်ပြီ... ထပ်စောင့်နေမယ်... see you....

ငါးသလောက် said...

စောင့်ဖတ်နေတယ် ငါးသလဲထိုးရေ အပိုင်း ၁ စထဲကဖတ်နေတာ

Anonymous said...

Thanks for your post ... Thumb up!!!

Ei Wai Phyo said...

အရမ်းကောင်းတယ်.. စာဖတ်သူကို အပါခေါ်သွားနိုင်တယ်.. အဆုံးထိအောင်စောင့်ပြီး ဖတ်မယ်... မြန်မြန်လေးရေးပါ.. :)

may said...

ဆက်ရေးပါ မဗေဒါရေ
ဇာတ်လမ်းလေး ကောင်းပါတယ်

~P~ said...

အမရေ....များများမြန်မြန် ရေးပါဗျို.
ကွန်မန့်သိပ်မတွေ့လို.အားနည်းနေမှာဆိုးလို. လာအော်သွားချင်းပါ။ :D

Anonymous said...

A human beings begins sneering his insight teeth the senior without surcease he bites off more than he can chew.

mabaydar said...

Hi Anonymous,

What are you trying to say? I didn't quite get you. Or is it just comment spamming?