Thursday, March 04, 2010

ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင်

အမှာစာ

ဝတ္တုဆိုတာကို အစအဆုံးဖတ်ဖူးတာ မနေ့တနေ့ကမှပါ… ဒါပေမဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်တိုင်းပဲဖြစ်ဖြစ် တခါတလေ စိတ်ကူးယဉ်ဖူးတဲ့ ဇာတ်လမ်းလေးတွေ ခေါင်းထဲမှာရှိနေခဲ့ပါတယ်… ၀တ္တုတစ်ပုဒ်အဖြစ် ချရေးဖို့ကတော့ အလွန်မှခက်လှပါတယ်… တကယ်တမ်းရေးပြီဆိုမှ စကားလုံးထောက်တာနဲ့ သင့်လျှော်တဲ့ နေရာမှာ ဘာစာလုံးသုံးရမှန်းမသေချာတာနဲ့… စာဖတ်သူ မျက်လုံးထဲပေါ်အောင် ဘယ်လို ချပြရပါ့ဆိုတာနဲ့… ငါ့ဝတ္တုက သူများတွေလို အကွန့်အညွန့် စကားလုံးလှလှ မသုံးတတ်လို့ ပျင်းစရာကောင်းမှာနဲ့… မရေးဖြစ် မရေးဖြစ်ရှိခဲ့ပါတယ်… အရင်က စမ်းရေးကြည့်ဖူးခဲ့တဲ့ ၀တ္တုတိုလေးတွေကို အားပေးတဲ့သူတွေလဲရှိသလို…. ကျမကို ၀တ္တုတွေဆက်ရေးပါလို့ တိုက်တွန်းနေတဲ့ သူငယ်ချင်းတွေနဲ့ စာဖတ်သူတွေလဲရှိပါတယ်… တချို့ဆို ကျမ၀တ္တုမရေးတော့ကတည်းက ကျမဘလော့ကို ရောက်မလာကြတော့တာပါ… ၀တ္တုရေးမယ်ကြံလိုက်… ကိုယ်ကလိုပါသေးတယ် လေ့လာလိုက်ပါအုံးမယ်ဆိုပြီး မရေးလိုက်… စာရေးဆရာတွေရေးတဲ့ ၀တ္တုတွေကို လိုက်ဖတ်လိုက်နဲ့… ရေးတဲ့ စခန်းမရောက်ခဲ့ပါဘူး… ဘယ်ပညာမဆို “စု တု ပြု” ရမယ်လို့ငယ်ငယ်က ဆရာမသင်ခဲ့ဖူးတဲ့အတိုင်း.. အချက်အလက်တွေ စုဆောင်းရမယ်… ကိုယ့်ထက်ဆရာကျတဲ့သူတွေဆီက အတုယူ သင်ယူရမယ်… ပြီးရင် ကိုယ်ပိုင်အစွမ်းအစနဲ့ ပြုလုပ်ရမယ်ဆိုတဲ့အတိုင်းပဲ… ကျမလဲ သူများရေးတာတွေ လိုက်တော့ဖတ်ပါရဲ့… ဖတ်ပြီးရင် စာရေးဖို့ ပိုပိုသိမ်ငယ်လာတယ်… သူများတွေက ရေးတတ်လိုက်တာ… ငါရေးရင် သူတို့လောက်ကောင်းမှာ မဟုတ်ဘူးဆိုပြီး ပြု တဲ့ အဆင့်ကို မရောက်လာတော့ပါဘူး… သူတို့အတိုင်း တိုက်ရိုက်လဲ မကူးချင်ပါဘူး… တကယ်တော့ စာရေးဆရာတိုင်းမှာ သူ့ရေးဟန်နဲ့ သူရှိပါတယ်… တာယာမင်းဝေဆိုတစ်မျိုး… ဂျူးဆိုတစ်မျိုး… ပုညခင်ဆိုတစ်မျိုး… လွန်းထားထားဆို တစ်မျိုးပေါ့… အဲဒိစာရေးဆရာ ကောင်းတယ်မကောင်းဘူးဆိုတာ စာဖတ်တဲ့သူအတွက်တော့ စာရေးသူရဲ့အရေးအသား ရေးနည်းရေးဟန်ကို ကြိုက်မကြိုက်ပေါ်မှာလဲ မူတည်ပါတယ်… လူများများကြိုက်အောင် ရေးနိုင်တဲ့သူကတော့ စာရေးဆရာကောင်းပေါ့နော်… ခုကျမ ဒီဝတ္တုကို ပထမဆုံး ကြိုးစားပြီး ပုံဖော်ကြည့်တာပါ… ရေးဖြစ်သွားတဲ့ အကြောင်းကတော့ ၂ချက်ရှိပါတယ်… ၁ချက်ကတော့ ရှေ့မှာပြောသွားတဲ့အတိုင်း မဗေဒါရဲ့ဝတ္တုကိုမှ စောင့်ဖတ်နေပါတယ်ဆိုတဲ့ သူတွေအတွက်ပါ… နောက်တစ်ချက်ကတော့ မဗေဒါကို မာတီပလိုင်းက သူငယ်ချင်းတချို့က သူတို့ မဂ္ဂဇင်းမှာ စာမူပို့စေချင်ကြောင်းလာကမ်းလှမ်းတဲ့အတွက် ကြိုးစားပြီးရေးကြည့်တဲ့သဘောပါ…

အစကတော့ ဒီဇာတ်လမ်းအကုန်ရေးပြီမှ ဘလော့ပေါ်တင်မလို့ပါပဲ… ဒါပေမဲ့ ဇာတ်လမ်းက ဘယ်တော့ပြီးမလဲ ကျမကိုယ်တိုင်လဲ မသိပါဘူး… နောက်က တွန်းအားမရှိရင်လဲ ကျမကိုယ်တိုင်လဲ နေ့ရွှေ့ညရွှေ့နဲ့ ရေးဖြစ်မှာ မဟုတ်ပါဘူး… ခုတောင် ၁မျက်နှာရေးပြီး ဆက်မရေးဖြစ်တာ ၃လလောက်ရှိခဲ့ပါတယ်… ခုတော့ ပြီးသလောက်နဲ့ တီဗွီက ကိုရီးယားကားပြသလို ၁ပတ်မှာ ၁ပိုင်းတင်ပေးဖို့ စဉ်းစားမိပါတယ်… အားလုံးပြီးရင်တော့ အကုန်လုံးကို စုစည်းပြီး ebook လိုမျိုးလုပ်ထားပေးပါ့မယ်… ခုလောလောဆယ်တော့ ဒီဇာတ်လမ်း ဇာတ်သိမ်းကို အကြမ်းပျင်း စဉ်းစားပြီးပင်မဲ့… အလည်မှာ ဘာတွေဖြစ်မလဲ သေသေချာချာမစဉ်းစားရသေးပဲ ကိုယ့်ဒုက္ခကိုယ်ရှာကာ ချရေးလိုက်မိပြန်ပါပြီ… ပထမဆုံးရေးတာမို့ လိုတာ ပိုတာရှိရင် နားလည်ခွင့်လွှတ်ပေးကြပါလို့... မဗေဒါရဲ့ ၀တ္တုဇာတ်လမ်းကို နှစ်သက်သဘောကျ အားပေးတယ်ဆိုရင် မဗေဒါနောက်ဆက်လှမ်းမဲ့ ခြေလှမ်းတွေမှာ မျှော်လင့်ချက်တွေရှိလာမှာ အမှန်ပါပဲ…




ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင်…



ကောင်းကင်ကြီးရယ်…
မကြည်လင်လိုက်ပါနဲ့…
အုံ့မိုးထားတဲ့ တိမ်တိုက်အိုတွေကို…
အသားကျနေလို့…
အမှောင်ထုအောက်မှာ…
ကျမ နေပျော်ပါတယ်လေ…





ဖတ်… !


သတိထားနေရက်နဲ့ ရုတ်တရက်ကြားလိုက် မြင်လိုက်ရသော အဖြစ်ကြောင့် ကျမ ဒေါသ အထွတ်အထိပ်သို့ ရောက်သွားသည်…


“ရှင်…. ရှင်… ဒါဘာလုပ်တာလဲ…”


နံနက်ခင်း၏ ဆိတ်ငြိမ်မှုကို စူးရှရှ ကျမအသံက မမျှော်လင့်ပဲ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်…
ထိပ်ထား Supermarket ကြီး၏ ဘီစကွတ်များထားရာ အတန်းအတွင်း မနက်စောစော သူငယ်ချင်း ၂ယောက် မုန့်ဝင်ဝယ်စဉ် မသင်္ကာဖွယ် အသက်၅၀ ၀န်းကျင်လူကြီးတစ်ယောက် ခပ်လှမ်းလှမ်းမှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကြည့်ကြည့်နေသဖြင့် ကျမသတိထားမိနေသည်မှာ ဆိုင်ထဲ စ၀င်ချင်းကတည်းကပင်…


ယခုတော့ သတိထားပြီး အဝေးက နေနေရက်နဲ့ ထိုသူက တမင်ဝင်တိုးကာ ကျမသူငယ်ချင်းကို အသားယူ လက်ကစားလိုက်သဖြင့် ကျမအတွက် စောစောစီးစီး တိုက်ပွဲတစ်ခု ခင်းရပြန်ပါပြီ…


ကျမဘေး၌ ကျမကို ဆွဲကာ စိုးရိမ်ထိတ်လန့်သော မျက်ဝန်းများဖြင့် ရပ်နေသော ကျမအချစ်ဆုံးသူငယ်ချင်း သီရိဖြူ… သူ့အကြောင်းကို ငယ်ငယ်တည်းက သိသော ကျမ… ပြဿနာဖြစ်လျှင် ခေါင်းငုံ သည်းခံတတ်… အလွန်ကြောက်တတ်သော သူ့ကို ကျမပဲ ကာကွယ်ပေးနေကျပင်…


“ကျုပ်ဘာလုပ်လို့လဲ! ”
ထို လူက မခိုးမခန့် အမူအရာဖြင့် မသိသလို ခပ်ဆပ်ဆပ် ပြန်ဖြေသည်…


“ ရှင်လုပ်တာ ရှင်မသိဘူးလား… ရှင် သူ့ပေါင်ကို လှမ်းပုတ်လိုက်တာ ကျမကိုယ်တိုင်မြင်လိုက်တယ်”


“ တော်ပါတော့… နွေနှင်းရယ် ထားလိုက်ပါတော့ ရှက်စရာကြီး…”


“မထားနိုင်ဘူး မိဖြူ… ဒါငါတို့ရှက်စရာမဟုတ်ဘူး… သူ မဟုတ်တာလုပ်တာ… သူရှက်ရမှာ… ဒါမျိုးကိစ္စတွေမှာ ငါတို့မိန်းကလေးတွေ ငုံ့ခံနေမယ်ဆိုရင် ဒီလိုလူမျိုးတွေက အသားယူနေအုံးမှာပဲ… ငါတို့ကို ဟိုနားလောက်ထဲက ကွက်ကြည့်ကွက်ကြည့်လုပ်နေလို့ ငါမသင်္ကာဖြစ်နေတာ… အဲဒါကြောင့် သေချာသတိထားနေတာ… ဒါတောင် သူက လုပ်လိုက်သေးတယ်”…


“ကျုပ်ဘာမှ မလုပ်ဘူး… စွတ်စွတ်စွဲစွဲ… ကျုပ်မတော်တဆထိမိတာပဲ… ခင်ဗျားက ဘာဖြစ်နေတာလဲ…”
မခန့်လေးစားဟန်ဖြင့် ထိုသူကထပ်ပြောသည်…


“မတော်တဆဆိုရင် ရှင်ခုချက်ချင်း ကျမသူငယ်ချင်းကို တောင်းပန်ပါ… “
“မင်းက ဘာပြဿနာရှာတာလဲကွ… ငါလူကြီးပါ… မတော်တဆဖြစ်တာဆိုကွာ…”


“ရှင်က ဒီလောက် ပေါ်တင်မိတာတောင် ငြင်းချင်သေးတယ်… ဟုတ်လား… ဟိုမှာ CCTV ကင်မရာရှိတယ်… တာဝန်ရှိတဲ့သူကိုခွင့်တောင်းပြီး ဒီကိစ္စကို သက်သေပြမယ်… “
ကျမ ပြောပြောဆိုဆိုဖြင့် ငွေရှင်းကောင်တာရှိရာ ဆိုင်ဝန်ထမ်းတွေဘက်ကို ဦးတည်လိုက်သည်…
ဖြူကတော့ ကျမနောက်မှ ကုတ်ကုတ်လေးလိုက်လာသည်…


“ ဒီမှာရှင့် ဘီစကွတ်တန်းဖတ်က ကင်မရာသွင်းထားတာရှိရင် ပြန်ပြစေချင်ပါတယ်… ဒီလူ ကျမသူငယ်ချင်းကို အရှက်ရအောင် နှောင့်ယှက်တဲ့ အတွက် အရေးယူဖို့ပါ… “


ဆိုင်သမားတွေလဲ ပြူးတူးပြာတာ လှုပ်လှုပ်သဲသဲဖြစ်သွားပြီး… တအုအု တအအဖြင့်…


“ဘာလို့လဲ… အဲဒိကင်မရာတွေက record မလုပ်ထားဘူးလား… ပြထားရုံသက်သက်မို့လို့လား”


“ဟို… အဲဒိကင်မရာက ကျမတို့အဆင့်နဲ့ မသိဘူးရှင့် ကွန်ထရိုးခန်းထဲက တာဝန်ရှိသူကို ခွင့်တောင်းရမှာ… “


“ဒါဆိုလဲ ဒီဆိုင်က တာဝန်ရှိသူနဲ့ တွေ့ချင်တယ်… ခေါ်ပေးပါ… “


“ဟို… အဲ… “


ထိုအချိန်မှာ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော လူရွယ်တစ်ယောက်ရောက်လာပြီး…


“ဘာဖြစ်နေကြတာလဲ ဆူဆူညံညံနဲ့… ဟိုမှာ Boss ကရောက်နေတယ်…”


“ကိုရာဇာ ဒီမှာ ကင်မရာ ဖွင့်ခိုင်းနေလို့….”


“ ကျတော်ဘာများ အကူအညီပေးရမလဲ ခင်ဗျာ…” ထိုသူက ယဉ်ကျေးစွာ မေးပါသည်…


“ဘီစကွတ်တန်းဘက်က CCTV ကင်မရာကို စောစောက မိနစ် ၃၀ စာလောက်ပြန်ကြည့်ချင်လို့ပါ… ဒီလူ ကျမသူငယ်ချင်းကို molest လုပ်တာ မတောင်းပန်တဲ့ အပြင် ၀န်မခံလို့ စခန်းမှာ အမှုဖွင့်မလို့ပါ”…


ကိုရာဇာဆိုသူကတော့ ထိုသူဘက်လှည့်ကာ…
“ကဲပါဗျာ… ကြီးတဲ့ အမှုသေးအောင်… သေးတဲ့အမှု ပပျောက်အောင်… ခင်ဗျားတောင်းပန်လိုက်ပါဗျာ… မဟုတ်ရင် စခန်းရောက်ဘာရောက်နဲ့ အားလုံး အလုပ်ပျက်အကိုင်ပျက် ဖြစ်ကုန်မယ်”


အမှုဖွင့်မယ်ဆိုတဲ့ အသံကိုကြားတော့ ထိုသူ အတော်လန့်သွားပုံရသည်… မျက်နှာကို တဖက်သို့လွှဲကာ…


“Sorry… Sorry… “ သူ မပြောချင်ပြောချင်ဖြင့် တောင်းပန်သည်… ပြီးတော့ “မတော်တဆလေး ထိတာဖြစ်နေလိုက်တာ” ဆိုပြီး ပါးစပ်က ပွစိပွစိပြောသည်…
ထိုသူက ငြင်းနေသေးသည်ကို စိတ်ထဲတွင်မကျေနပ်ဖြစ်မိနေသေးသည်…


“ရှင်… မတော်တဆလား တမင်လား အားလုံးသိတယ်… မနက်စောစော လူက အရှင်းကြီး… လမ်းက အကျယ်ကြီး… မယုံရင် ကင်မရာထဲမှာ ပြန်ကြည့်ကြမယ်လေ…”


“ကဲပါ.. နွေနှင်းရယ်… ထားလိုက်ပါတော့… သူလဲတောင်းပန်ပြီးပြီပဲ…” ဖြူက အားနာစိတ် ရှက်စိတ်ဖြင့် ကျမလက်ကို ဆွဲကာ တားသည်…


မန်နေဂျာလိုလို ကိုရာဇာ ဆိုသူကလဲ “ဟုတ်ပါတယ်ဗျာ… ကျနော်လဲ ကြားထဲက တောင်းပန်ပါတယ်… ကင်မရာက ပြလို့တော့ရပါတယ်… အားလုံး အလုပ်တွေ ရှုပ်ကုန်မှာစိုးလို့ပါ… ခင်ဗျားကလဲ သေချာတောင်းပန်လိုက်… ပြီးဘာမှ မပြောနဲ့တော့ သွားတော့… စခန်းရောက်ရင် ခင်ဗျားပဲ ဒုက္ခရောက်မှာ…”


ကျမလဲ နာရီကို ကြည့်မိတော့ မောင်တို့အိမ်ကိုသွားရအုံးမည်… မောင်ပြောစရာရှိသည်ဆိုသောကြောင့် စိတ်လောနေသောနေ့မှ ဒီလိုဖြစ်ရသည်… အချိန်သိပ်မရှိတော့သဖြင့် ထိုသူ သက်သာရာရသွားသည်…


“ဒီတစ်ခေါက်တော့ ထားလိုက်ပါတော့… နောက်တစ်ခါဆို ရှင်မလွယ်ဘူးမှတ်”…


ထိုအချိန်က ရုံးခန်းတွင်းမှ ကျမတို့ ပြဿနာကို အကဲခပ်နေသော လူတစ်ယောက်ကိုတော့ ကျမ သတိမထားခဲ့မိပါ…


------------------------------ ။ --------------------------------------


ဖြူနှင့်လမ်းခွဲပြီး မောင်တို့အိမ်ဘက်သို့ ထွက်လာခဲ့သော်လည်း… ဖြူ့ဆီမှာ ကြားခဲ့ရသော စကားများကြောင့် စိုးထိတ် နေမိသည်…


“နွေနှင်း… နင်နဲ့ ငါက အခင်ဆုံးသူငယ်ချင်းတွေမို့ ငါပြောပြတာနော်… ငါ့ကို စိတ်တော့မဆိုးနဲ့… ဟိုနေ့က အောင်ခန့်ကို ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်တယ်… ရီလို့မောလို့… စာပုံနှိပ်တိုက်တစ်ခုက ထွက်လာတာ… ကောင်မလေးက ဟော့ရှော့လေး… အောင်ခန့် နင်နဲ့ မတွေ့တာလဲ ကြာပြီမှတ်လား… ဖွ.. လွဲပါစေနော်… မတော်….”
ဖြူ့အသံလေး တိမ်ဝင်သွားပြီး မျက်လုံး ပုတ်ခပ်ပုတ်ခပ်ဖြင့် ကျမကို အကဲခပ်ကြည့်နေသည်…


“အဟား… အဲဒါ သူ့ညီမ၀မ်းကွဲဖြစ်မှာပါ… နင်ကလဲ စိုးရိမ်တတ်လိုက်တာ… ငါနဲ့ မောင်က တက္ကသိုလ် စတတ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာ… တက္ကသိုလ်တလျှောက်လဲ တွဲလာတာ ၇ နှစ်တောင် ရှိတော့မှာ… သူငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး… “


အပြုံးဖြင့် ဘာမှ မဖြစ်သလို ဖြူ့ကိုပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ လေးပင်နေမိသည်…
“ဟုတ်ပါတယ်… မောင် ငါ့ကိုဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး… မောင့်ကို ငါမှ မယုံရင် ဘယ်သူယုံမလဲ”
ကိုယ့်ကိုကိုယ်အားပေးရင် ဖြူမသိအောင် သက်ပြင်းတစ်ခု ခိုးချလိုက်မိသည်…


မောင်တို့အိမ်ကိုရောက်တော့ မောင့်မေမေဆီက မလှိုက်လှဲသောအပြုံးတစ်ချက် ပစ်လွှတ်လိုက်သည်… မောင့်ဖေဖေကတော့ ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်မှ ထကာ အိပ်ခန်းထဲဝင်သွားသည်… မောင့်မေမေက အေးစက်စက်လေသံနဲ့
“ခဏထိုင်အုံး… သားရေချိုးနေတယ်…”


“ဟုတ်ကဲ့… ဒီမှာ အန်တီတို့စားဖို့ ၀ယ်လာတာပါ”


“အော်… ရပါတယ်အေ… ဒီလိုမုန့်ဗုံးမျိုးက အန်တီတို့အိမ်မှာမစားဘူးကွဲ့… နောက်မ၀ယ်လာနဲ့…ခုတော့ ကိစ္စမရှိပါဘူး… ဒေါ်ညိုတို့ စားဖို့ပေးလိုက်မယ်”... ပြောပြောဆိုဆို… “ဒေါ်ညိုရေ… ဒီမုန့်ဗုံးကို ရှင်တို့စားဖို့ယူသွားလိုက်”… ဒေါ်ကြီးညိုကတော့ ကျမမျက်နှာကြည့်လိုက် မောင့်မေမေမျက်နှာကြည့်လိုက်နှင့် ခါးလေးကျုံ့ကာ လာယူသွားလေသည်...


ယခု လပိုင်းအတွင်း ဆက်ဆံရေး တဟုန်ချင်းပြောင်းလဲသွားတဲ့ မောင့်မေမေရဲ့ အမူအရာတွေကို ကျမ နားမလည်နိုင်ဖြစ်ခဲ့ရတာ ကြာခဲ့ပါပြီ… ယခင်က ကျမအိမ်လာလျှင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်သော မောင့်မေမေ၏ ဆက်ဆံရေးစတင် တင်းမာနေခဲ့သည်မှာ လွန်ခဲ့သော ၆လလောက်ထည်းကပင်… ထိုစဉ်ထဲက မောင့်အိမ်သားများနှင့် မျက်နှာချင်းဆိုင်ခဲခဲ့သလို မောင်တို့အိမ်ကို ကျမအရောက်ကျဲဖြစ်ခဲ့သည်… မည်သည့်အကြောင်းပြချက်ကြောင့် မောင်တို့ အိမ်သားတွေ ကျမအပေါ်ဆက်ဆံရေး ပြောင်းလဲနေခြင်းကို ကျမသိချင်လှသော်လည်း မောင်စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ မောင့်ကို မမေးဖြစ်ခဲ့ပါ… မောင့်ကို ချစ်လျှင် မောင့်ကို မွေးထုတ်ခဲ့သော မိဘ၂ပါးကို မေတ္တာထားကာ ရိုသေရမည်ဟုသာ စိတ်ထဲတွင် ယူဆထားသည်…


မောင်အခန်းထဲကထွက်လာတော့ ကျမကိုတစ်ချက် သူ့မေမေကိုတစ်ချက်ကြည့်ကာ…


“လာ… Snow သွားကြရအောင်… မေမေ ကျတော်တို့ သွားတော့မယ်နော်”


“အေး… သား… မေမေမှာထားတဲ့ကိစ္စမမေ့နဲ့နော်… ခု ရှုပ်မှ နောင်ရှင်း… အမြန်ရှင်းခဲ့” လေသံခပ်မာမာနှင့် ပြောရင်း ကျမကို တစ်ချက်လှမ်းကြည့်သည်…


မောင်လဲ သက်ပြင်းတစ်ခု သဲ့သဲ့ချကာ ကျမကို မျက်လုံးပင့်ကြည့်ရင်း… “လာ… သွားကြရအောင်…”


ကျမလဲ မောင့်နောက်ကို ဘုမသိဘမသိဆင်းလိုက်ခဲ့မိသည်… မောင့်မေမေ ဘာကိစ္စခိုင်းထားသလဲ ဆိုတာကိုတော့ နောက်မောင်ပြောပြမှာပဲ ဆိုကာ ရှည်ရှည်ဝေးဝေးမေးမနေတော့…


--------------------------- ၊ ---------------------------


ဆက်ရန်/---



8 comments :

SZA said...

i wil be waiting :)

Unknown said...

ဟမ် ကိုရီးယားကားလို လုပ်နဲ့ နော် မဗေဒါ
ဆက်ရန်ကိုမျှော်နေပါတယ်

Anonymous said...

intro နဲ့တင်ကို စိတ်ဝင်တစားဖတ်လိုက်ပါတယ်.. ဆက်ရန်ကိုမျှော်နေပါတယ်..
ဆန့်တန့်ငန့်ငန့် မလုပ်နဲ့နော်..း)

Anonymous said...

Waiting

Flower said...

ဝတ္ထုတိုကို အခုမှစရေးတယ်ဆိုပေမဲ့
စာအများကြီးရေးခဲ့ဖူးတဲ့ မဗေဒါအနေနဲ့
လက်စလက်နရှိပါတယ်.. ဆက်ရေးပါ
အားပေးနေတယ်.. စာရေးတတ်တဲ့သူတစ်ယောက်အနေနဲ့ စာအမျိုးအစားစုံအောင် ရေးသင့်ပါတယ်.
ဒါဟာလည်း ကိုယ့်အရည်အသွေးကို ဖော်ထုတ်ခြင်းတစ်မျိုးဘဲ မဟုတ်လား..
လင့်ခ်ယူသွားပါတယ်.. နောက်ကိုလဲ လာဖတ်မယ်

Anonymous said...

Good.

Just a coincident. About 4-5 months ago, I translated for a Burmese immigrant to such a case. The case is as follows:

The guy followed a minor (a girl under 21) and touched her butt at the exit of a convenient store. The girl claimed to the police station. The guy was charged with "Sex Offender" even his touching the girl's butt couldn't be seen in the security camera.

The guy was most probably deported.

~P~ said...

အဲ...ခဏဆိုပြီးဖက်လိုက်တာ..အခုတော့..စွဲသွားပြီ...အမရေ... !!

Anonymous said...

ခုမှ ဖတ်ဖူးတယ် အမဆံ့တငံ့ငံ့ဖြစ်သွားတယ်
အပိုင်းလေးတွေကို ဖြတ်တဲ့နေရာက ကွက်တိ
ကောင်းတယ်ဗျ
(little brook)