Thursday, March 11, 2010

ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် (၂)





 
အင်းလျားကန် ရေပြင်က ယခင်ကထက်ပို ငြိမ်သက်နေသယောင်... ကျယ်ပြန့်လှသော ကန်ရေပြင်ပေါ်တွင် ရွက်လှေတစ်စီးသာ ငြိမ်သက်စွာ လေ့ကျင့်ခရီးနှင်နေသည်... လေအဝေ့မှာ ကြွေကျလာတဲ့ သစ်ရွက်ခြောက်တစ်ချို့က ကုန်းပေါ် သို့တစ်ဝက်... ကန်ထဲသို့ တစ်ဝက် ကြွေလွင့်မျောပါနေကြသည်... ဥသြကလဲ ဆွေးဆွေးမြည့်မြည့် နွေဦးတေးကို တစ်ကိုယ်တည်း သီကြူးနေလေသည်... အရာရာဟာ ယခင်ထက်ပိုမို ငြိမ်သက်နေသယောင်... မောင့်မျက်လုံးတွေကတော့ ငြိမ်သက်ခြင်းမရှိ... ကန်ထဲက ရွက်လှေကို လှမ်းကြည့်သည်... တလွင့်လွင့်ကြွေနေသော သစ်ရွက်ခြောက်တွေကို ကြည့်သည်... ကျမနှင့် ဆန့်ကျင်ဘက်အရပ်ကို ရည်ရွယ်ချက်မဲ့ငေးကြည့်သည်... သေချာတာတော့ မောင့်မျက်လုံးတွေဟာ မောင်ပြောမည့်စကားကို အလေးတယူ စောင့်စားနေသော ကျမမျက်လုံးတွေနဲ့တော့ တစ်ချက်မှ မဆုံပါ...


"မောင် ဘာပြောစရာရှိလို့လဲ... ပြောလေ"...


မောင့်ဆီက တော်တော်ကြာကြာ စကားသံပြန်မလာ... မျက်လုံးအစုံကသာ အဝေးတစ်နေရာမှ မခွာတော့... ကျမ မောင့်မျက်လုံးတွေထဲကို သေချာကြည့်လိုက်တော့ မျက်ရည်ဥတို့ ဝဲကျမတတ်...


"ဟင်... မောင်... ဘာဖြစ်လို့လဲ... အို... စိတ်ပူလိုက်တာ... တစ်ခုခုဆိုလဲ ပြောပါမောင်ရယ်... Snow တို့တူတူ ဖြေရှင်းကြတာပေါ့..."


မောင်ဟာ အရင်ထဲက စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်မဟုတ်လှ... သူငယ်ချင်း အပေါင်းအသင်းအလိုက် အရောင်ပြောင်းတတ်သူ... သူ့အမေရဲ့ ချယ်လှယ်မှု လောင်းရိပ်အောက်က မလွတ်မြောက်နိုင်သူ... မောင့်စိတ်ကြိုက် အသေအချာ ရွေးချယ်ခဲ့တာ ဟူ၍ ကျမတစ်ယောက်ထည်းသာရှိသည်... ကျမလို ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုဖို့ ခွန်အားတွေပေးခဲ့တဲ့ မောင့်အချစ်ကို ကျမ အကြွင်းမဲ့ ယုံကြည်ခဲ့သည်...


သူ အသင့်ယူလာသော ဖိတ်စာလေး တစ်စောင်ကို ဖြေးညင်းစွာထုတ်ရင်း ကျမထံသို့ ပေးသည်...
"အဲဒါ ဘာလဲမောင်... ဘယ်သူ့ဖိတ်စာလဲ..." ကျမလဲ စိတ်လှုပ်ရှားစွာ ဖွင့်ဖတ်ကြည့်မိသည်...


နှစ်ဘက်သော မိဘများ အမှူးထား၍ စေ့စပ်ကြောင်းလမ်းခြင်း ဖိတ်ကြားလွှာ... ဦးအောင်သက်... ဒေါ်ဥမ္မာလွင်တို့၏ သား မောင်အောင်ခန့် နှင့် ဦးဗစ်တာ ဒေါ်ဘေဘီတို့ ၏ သမီး မရိုစီ........ ကျမ မျက်လုံးတွေကို ကျမ မယုံကြည်နိုင်အောင်ဖြစ်မိသည်... ရင်ထဲစို့နင့်လာတာနဲ့ အမျှ နှလုံးသားက စူးနစ်နေသည်.... ဒါ အမှန်မဟုတ်နိုင်ဘူး... မောင်နောက်နေတာဖြစ်မယ်...


"ဟင်... ဒါဘာလဲမောင်... နောက်နေတာလား... သတို့သမီး နာမည် မှားနေတယ်လေ... အဲလောက်တော့ မနောက်သင့်ဘူးမောင်... Snow စိတ်စိုးမိမယ်..."


မောင် မျက်လုံးများကို မှိတ်လိုက်စဉ် ပါးပြင်ပေါ်သို့ သူ့မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာသည်... ထို့နောက် မောင် ခေါင်းခါကာ....
"မဟုတ်ဘူး... Snow ... နောက်နေတာ မဟုတ်ဘူး... မောင့်ကို အိမ်က ရိုစီနဲ့ သဘောတူ ပေးစားတော့မယ်... "


" ဟာ... မောင်နဲ့ Snow နဲ့ ချစ်သူတွေ ဆိုတာ မောင့်အိမ်ကလဲ သိသလို... Snow အိမ်ကလဲ သိတယ်လေ... ၇ နှစ်လုံးလုံး အတူတူ မခွဲတွဲခဲ့ကြတာ... ပတ်ဝန်းကျင်ကလဲ အသိလေ... မောင့်မိဘတွေက ဘာလို့... ဘာလို့...."
မေးခွန်းပေါင်းများစွာခေါင်းထဲရောက်နေပင်မဲ့ နှုတ်ကတော့ ဆွံအနေခဲ့သည်... စကားလုံးတွေက ရင်ဘတ်တစ်နေရာအရောက်မှာ တစ်စုံတစ်ခုကြောင့် တစ်စို့နေရင်း အပြင်ထိ ပွင့်အံခွင့်မရနိုင်....


"မောင့် မိဘတွေ စီးပွားရေး အခြေအနေ သိပ်မကောင်းဘူး Snow... ရိုစီတို့ မိဘတွေဆီမှာလဲ အကြွေးမကင်းဘူး... စီးပွားရေးစပ်တူတွေမှာလဲ သူတို့ဆီက အကူအညီတွေ အများကြီးလိုတယ်... မောင့်မေမေက မောင့်ကို ရိုစီနဲ့ နေရာချပေးချင်တာ ကြာပြီ... ခုတော့ သူတို့ဘက်ကလဲ သဘောတူတော့ မောင်ဘယ်လိုမှ မတတ်နိုင်ဘူး... Snow တို့ မိဘတွေ စီးပွားရေး ကျလာတာလဲ မောင့် မိဘတွေက သတိထားမိတယ်... မောင်တို့ အိမ် ဆက်ပြီးရပ်တည်ဖို့က ရိုစီကို မောင်လက်ထပ်မှ ဖြစ်မယ်..."


"မောင်ရယ်... မောင်ပဲ Snow ကို ချစ်တယ်ဆို... Snow နဲ့ဆို ဒုက္ခတွေ အားလုံးကို ရင်ဆိုင်နိုင်တယ်ဆို... Snow တို့ ၂အိမ် စီးပွားရေး ကျတယ်ဆိုပင်မဲ့... စားစရာမရှိလောက်အောင် မဆင်းရဲသေးပါဘူး မောင်ရယ်... ဂုဏ်ပကာသနတွေ မလိုပါဘူး... အဓိကက ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်လျှောက်လက်တွဲဖို့ပဲ မှတ်လား... ဒါမှ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ထူထောင်နိုင်မှာပေါ့... ငွေရေးကြေးရေးအတွက်က မောင်နဲ့Snow တူတူကြိုးစား ရုန်းကန်ရင် ဖြစ်ပါတယ်... မောင် သတ္တိရှိစမ်းပါ..."
မျက်ရည်များကို အတတ်နိုင်ဆုံး မျက်တောင်ခတ်၍ထိန်းကာ အတတ်နိုင်ဆုံး ပြုံး၍ပြောနေသော်လည်း... ကျမ အသံကတော့ နာကျင် အက်ကွဲလျှက်...


မောင် မျက်ရည်များကို သုတ်လျက် ကျမကိုလှည့်ကြည့်ကာ ....
" ချစ်သူတွေ ဘယ်လောက်ပဲ ချစ်ချစ် ဖူးစာဆုံမှ ပေါင်းကြရတယ် Snow... မောင်နဲ့ စနိုးပေါင်းဖို့ ကံကြမ္မာက မျက်နှာသာမပေးဖူး... မောင့်မိဘရဲ့ သဘောကို လွန်ဆန်ပြီး လုပ်ဖို့ မောင့်မှာ သတ္တိမရှိတဲ့ အတွက် ခွင့်လွှတ်ပါ... မောင်မရှိလဲ စနိုး အဆင်ပြေမှာပါ..."


မောင်မရှိရင် ကျမ အဆင်ပြေမပြေဆိုတာ ကျမကိုယ်ကျမတောင် မသိတာ မောင်က ကြိုတင် ဆုံးဖြတ်ပေးပြီးလို့ရလား... မောင့်စိတ်ထဲမှာ ကျမနဲ့ပေါင်းစည်းဖို့ ကြိုးစားပေးချင်စိတ်လေးတောင် တစ်ကြိမ်တစ်ခါ စဉ်းစားပေးဖူးပုံမရ... ကျမဘာများ အမှားလုပ်ခဲ့မိသလဲ... မောင်နဲ့ မောင့်မိသားစုအပေါ် ဘာများ ပျက်ကွက်ခဲ့မိသလဲ... တစ်ခါတစ်လေ ပျော့ညံ့တတ်တဲ့ မောင့်ကို အားမရလို့ ပြောမိတာတွေက မောင့်အချစ်ကို လျော့စေခဲ့တာလား... ခုလဲ မောင့်ကို ရိုက်ပုတ်ပြီး အပြစ်တင် ငိုကျွေးလိုက်ချင်တယ်... ဒါပေမဲ့ ကျမအဲလို ဆိုးဖို့တောင် ခွန်အားမရှိတော့ဘူး... ဖူးစာဆုံမှ ပေါင်းရတယ်တဲ့လား... ကျမအတွက်တော့ ဖူးစာဆုံရုံနဲ့မလုံလောက်ဘူး... ဖူးစာလည်းဆုံ ရင်လဲခုန်မှ ပေါင်းချင်တယ်... ရင်ထဲက ရှိသမျှတွေ ပုံအောပြောလိုက်ချင်ပင်မဲ့ ဒီကိစ္စမျိုး အတွေ့အကြုံမရှိဘူးတဲ့ ကျမ... တစ်ခါမှ ကြုံလိမ့်မယ်လို့ မတွေးထားမိတဲ့ ကျမ... မျက်ရည်ကလွဲလို့ ဘာမှ မပွင့်အံရဲခဲ့ပါ...


အင်းယားကန်ရေပြင်ကြီးကလဲ ညိမ်သက်ဆဲ... ရွက်လှေလေးကလဲ ရွက်လွှင့်ဆဲ... ဥသြကလဲ တစာစာ သီကြူးဆဲ... ကျမရင်ထဲက နှလုံးသွေးတွေကတော့ မျက်ရည်အဖြစ် တသွင်သွင်စီးဆင်းဆဲ...


--------------------------------- ။ ----------------------------------


သုတ်သုတ်ပြာပြာဖြင့် ဖြူဆိုင်ထဲကို ၀င်လာသည်... ဟိုဟိုဒီဒီကို ကြည့်ကာ ကျမထိုင်နေသော ဆိုင်ထောင့်ရှိ စားပွဲသို့ စိုးရိမ်သော မျက်နှာဖြင့် လျှောက်လှမ်းလာသည်...


"သူငယ်ချင်း... ဘာတွေဖြစ်တာလဲ... ပြောစမ်းပါအုံးဟယ်... ငါစိတ်ပူလိုက်တာ..." မျက်ခုံးများကို ကြုံ့ ၍ စိုးရိမ်သော အမူအရာဖြင့် ကျမကို အကဲခပ်ကာမေးသည်...


"ဖြူ... ငါဘာလုပ်ရမလဲဟင်... ?" ဖြူရောက်လာမှ အတတ်နိုင်ဆုံး ထိမ်းထားသော မျက်ဝန်းမှ မျက်ရည်များ ဆည်ကျိုးသကဲ့သို့ ထိမ်းမနိုင် သိမ်းမရ ထွက်ကျလာသည်... အတွေးပေါင်းများစွာ စဉ်းစားခဲ့သော်လည်း... ဘာဆက်လုပ်ရမည်ကို ကျမတကယ်ပင် မသိတော့ပါ... ယခင်က ဆက်ရမဲ့ ကျမဘ၀ခရီးလမ်းတွေကို မောင်နဲ့အတူ ဖြတ်သန်းဖို့ အစီအစဉ်သေချာရေးဆွဲခဲ့သည်... နောင်ဆက်လုပ်မည့် ကျမဘ၀ခရီးစဉ်တိုင်းတွင် မောင်ပါသည်... မောင့်အတွက်ပါ ထည့်စဉ်းစားခဲ့သည်... ခုတော့ ကျမရဲ့စီမံကိန်းတွေအားလုံးကို ၁က ပြန်စရတော့မည်... တစ်ကြိမ်တစ်ခါမှ မောင်မရှိခဲ့လျှင်ဆိုပြီး မစဉ်းစားခဲ့သော ကျမအတွက် နောက်ထပ် Back up Plan ဆိုတာ အိမ်မက်တောင် မမက်ဖူးပါ... ယခုထက်ထိလဲ မောင်မရှိလျှင် ဘာလုပ်ရမလဲဟု စဉ်းစားမိနေခြင်းမဟုတ်ပါ... မောင်နဲ့ မခွဲရအောင် ဘာလုပ်ရမလဲဟု စဉ်းစားမိနေခြင်းသာဖြစ်ပါသည်...


"နွေနှင်းရယ်... ဘာတွေဖြစ်လို့လဲ... ငါ့ကို သေချာပြောပါ... မငိုနဲ့တော့နော်... မနက်ကမှ အကောင်းပါ... ငါ့ကို အေးအေးဆေးဆေးပြောပြနော်... အအေးသောက်လိုက်... "


ဖြူသည် ကျမဘာပြဿနာဖြစ်ဖြစ် နားထောင်ပေးနေကျ အကြံပေးနေကျ ကျမနဲ့ ထပ်တူခံစားပေးနေကျ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်... ကျမ တချို့ အိမ်သားများပါ တိုင်ပင်ဖို့ ခက်သော ကိစ္စများတွင် သူမကို ကျမ ဦးဆုံး သတိတယတိုင်ပင်တတ်သူ...


"မောင်... မောင်လေ... ဟင့်... ဟင့်..." ကျမအသံများတုန်ယင်နေသလို... မည်သို့သော စကားလုံးမျိုးကို ရှာကာ ဖြူ့ကို ပြောပြရမည်မသိ... စကားလုံးတိုင်းက ကျမ လက်မခံချင်သော ကျမနှုတ်က မထွက်ချင်သော စကားလုံးများပင်....


ဖြူ ကျမကို ကြည့်လျက် သက်ပြင်းတစ်ချက်ကို ပင့်သက်လိုက်သည်...
"ငါသဘောပေါက်ပြီ သူငယ်ချင်း... အမှန်တော့ ငါရိပ်မိနေပါတယ်... နင်စိတ်မကောင်းမှာစိုးလို့မပြောတာ... ဟိုနေ့က ငါတွေ့လိုက်တယ်ဆိုတာ သူတို့၂ယောက်ကို စာပုံနှိပ်တိုက်တစ်ခုကနေ လက်ချိတ်ပြီး ထွက်လာတာကို မြင်လိုက်တာ... ထားလိုက်ပါတော့... နင် သိပ်စိတ်မကောင်းဖြစ်မနေနဲ့... ဒီအချိန်မှာ နင်ခံစားရမယ်ဆိုတာ သိပေမဲ့ ငါလဲ ဘာလိုပြောရမှန်းမသိတော့ဘူး..." မျက်နှာကို ကျုံ့ကာ ဖြူလဲ သက်ပြင်းတစ်ချက်ကို ထပ်ချရင်း ကျမပုခုံးကို ကိုင်ကာ အားပေးသည်...


"ဖြူ... လူဆိုတာ တစ်ကြိမ်တစ်ခါတော့ မှားတတ်ကြတာပါပဲ... မောင်က နဲနဲပျော့လို့ သူ့မေမေကို မလွန်ဆန်နိုင်တာပါ... မောင်က နီးစပ်ရာ စကားကို နားထောင်တတ်တယ်... ငါမောင့်ကို ထပ်ပြောကြည့်မယ်... ငါသူ့ကို ခွင့်လွှတ်ပါတယ်... သူလဲ ငါ့ကို မခွဲချင်ပါဘူး... သူ့မိသားစုအရေးကြောင့် ဒီလိုလုပ်ရတာ... ငါသူနဲ့ သေချာ တိုင်ပင်ပြီး ရှေ့ဆက်ဖို့ ဘာတွေလုပ်မယ်ဆိုတာ ပြောမယ်... ငါ့ကို ပြောတုန်းက သူလဲ ငိုနေတယ်... သူငါ့ကို ချစ်ပါသေးတယ်... ငါပြောလို့ ရအုံးမှာပါ... ဟုတ်တယ်မှတ်လား ဖြူ... ဟုတ်တယ်မှတ်လား" ပြောပြောဆိုဆို ဖြူ့ဆီမှ ထောက်ခံစကားကို မျှော်လင့်တကြီး တောင့်တမိသည်... ဖြူ့မျက်လုံးများကို ကြည့်လိုက်တော့... စိတ်မကောင်းခြင်း... အားမရခြင်း... ဂရုဏာဒေါသောများဖြင့် ကျမကို စိတ်ပျက်လက်ပျက် ကြည့်လျက်...


"သူငယ်ချင်းရယ်... စိတ်ကို ငြိမ်ငြိမ်ထားပြီး သေချာစဉ်းစားပါအုံး... ဒီအမှန်တရားက နင့်အတွက်လက်ခံရခက်မှန်းသိတယ်... ဒါပေမဲ့ နင့်မာနတွေဘယ်ရောက်ကုန်ပြီလဲ... နင့် အိမ်သားတွေရော သိပြီးပြီလား... ဦးနဲ့ အန်တီ သိရင်တော့ ဒေါသလဲထွက် စိတ်မကောင်းလဲဖြစ်မှာ... "


"ဟင့်အင်း... ငါ့ အိမ်သားတွေကို မပြောပြနဲ့အုံးနော်.. ငါ့ဖေဖေသိရင် မိုးမီးလောင်မှာ... သူနဲ့ငါနဲ့ ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး... ငါ ကြိုးစားကြည့်ချင်သေးတယ်... အဲဒါမှ နောက်ပြန်စဉ်းစားတိုင်း ငါဘယ်တော့မှ နောင်တမရမှာ... အနည်းဆုံးငါ့ကို နင်ဒါလေးတော့ အားပေးပါဟာ နော်..." ဟုတ်ပါတယ်... ကျမ စခဲ့တဲ့ relationship တစ်ခုကို ကျမ ဒီလို လွယ်လွယ်နဲ့တော့ အပြတ်မခံချင်ပါ... မောင်ကလဲ ကျမကို ချစ်နေသေးသည်ဆိုတာကို ကျမ ယုံကြည်သည်... ချစ်သူ ၂ဦး ချစ်လျက်နှင့် ဝေးကွာရမည်ဆိုသည်ကို ကျမဘယ်လိုမှ လက်မခံနိုင်... ဒီတစ်ခေါက်တော့ ကျမ မာနတွေကို ဘေးချိတ်ကာ ထပ်ကြိုးစားကြည့်ချင်သည်... ကျမ အစွမ်းကုန်မကြိုးစားခဲ့ပဲ နောင်တစ်ချိန်မှ နောင်တမရချင်...


ဖြူ သက်ပြင်းတစ်ချက်ကိုသာ ထပ်ချလျက် " အင်း... ဒါဆိုရင်လဲ နင့်သဘောပါဟာ... ဒါပေမဲ့ ဖြစ်မလာခဲ့ရင်လဲ နင် အရမ်းမခံစားနဲ့နော်... ကဲပါ လောလောဆယ်တော့ နင်လဲ ပင်ပန်းနေပြီ... နင့်ကို အိမ်လိုက်ပို့ပေးမယ်... နားလိုက်တော့ နောက်နေ့မှ သူနဲ့တွေ့... ငါလဲ အဖော်လိုက်ပေးမယ်..."


ဆိုင်ထဲကထွက်လာကာ တိုက်စီများရပ်ထားရာ နေရာသို့ ဖြူ ကျမရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်... ကျမအတွက်ကတော့ ခြေလှမ်းတိုင်းဟာ လေးလံလွန်းလှပါတယ်... ဖြူကားသမားများနှင့် စကားပြောရာဘက်ကို လှမ်းအကြည့်... တဘက်ကားလမ်းပေါ်သို့ မတော်တဆ ကျမ မျက်လုံးများ ဖြတ်ပြေးသွားသည်...


ရုပ်ပုံလွှာတစ်ခု... ကျမ အရင်းနှီးဆုံး ရုပ်ပုံလွှာပိုင်ရှင်... သူ့မျက်နှာပေါ်မှာတော့ ကြည်ရွှင်တဲ့ အပြုံးတွေ... မသေချာမှာစိုးလို့ မျက်ရည်ဝိုင်းတွေနဲ့ေ၀၀ါးနေတဲ့ အကြည့်ကို ပွတ်ကြည့်မိတယ်... သူရယ်လေ... မနက်က အ၀တ်အစားအတိုင်းပါပဲ... ပြောင်းသွားတာကတော့ သူ့နံဘေးက မိန်းကလေးနဲ့ သူ့မျက်နှာပေါ်က အပြုံးတွေပေါ့... လက်ထဲတွင်လဲ ထိုမိန်းကလေးရဲ့အထုတ်အပိုးတွေ ကို ကိုင်ပေးလို့...


"မောင်.... " ကျမ နှုတ်ခမ်းမှ ခပ်တိုးတိုး စတင်ရေရွတ်မိသည်... ထို့နောက် ...


"မောင်.... !!!!!!!!!!!" ကျမ မောင့်ကို လှမ်းခေါ်သော်လည်း မောင်မကြား... ထိုမိန်းကလေးနှင့် လက်ချင်းယှက်ကာ ကြည်နူးနေသည်... ကျမ တခြားဘာကိုမှ မမြင်တော့ မောင့်ကို မျက်နှာချင်းဆိုင်၍သာ မေးလိုက်ချင်သည်... ခြေလှမ်းတွေက မောင့်ဘက်ကို အလိုလို ဆွဲခေါ်နေသည်...


"နွေနှင်း... သတိထား... ကားလာနေတယ်!!!!!!!...." အဝေးမှ စိုးရိမ်တကြီး သတိပေးသံအဆုံးတွင်တော့...


ကျွိ............


ကားဆက်ကို အရှိန်မှီသတ်လိုက်နိုင်သော်လည်း နွေနှင်း ကားရှေ့တွင် ပုံလျက်သားကျသွားသည်... ဖြူ စိုးရိမ်တကြီး ပြေးလာပြီး ကျမကိုစကားတွေပြောနေသည်... ကျမဘာဖြစ်သွားသေးလဲ မေးတာဖြစ်မည်... ကျမဘာမှ မဖြစ်ပါဘူး... ကားပေါ်မှ ကားမောင်းသူလဲ အတော်လေး လန့်သွားပုံရသည်... နောက်မှ တဖြည်းဖြည်း ကားပေါ်မှ အံ့သြသည့် အကြည့်ဖြင့် ဆင်းလာသည့် သန့်သန့်ပြန့်ပြန့်လူရွယ်တစ်ဦး...


ကျမဦးခေါင်းကတော့ တဘက်ကားလမ်းရှိ မောင့်ကို ရှာကြည့်နေဆဲ... ကျမ မောင့်ဆီသွားရမည်... မောင်....
"ဖြူ ငါမောင့်ကိုတွေ့လိုက်တယ်.. ငါ မောင့်ဆီသွားမလို့..." ကျမ ကြိုးစားပြီးထလိုက်စဉ် ကမ္ဘာကြီး တစ်ခုလုံး ခြာခြာလည်ကာ အမှောင်အတိဖုံးသွားသည်....


မောင်ရေ... ကျမပြန်နိုးထလာတဲ့ အချိန်မှာ ဒါတွေဟာ အိပ်မက်တွေသာ ဖြစ်ပါစေနော်...


--------------------------------- ။ ----------------------------------------
 ဆက်ရန်/....



P.S ... တပတ်တခါရေးမယ်ဆိုပြီးပြောထားလို့ ခုရေးနေရပြီ... တကယ်ရေးတော့ အတော်ခက်သဗျ... ဘယ်လိုနေလဲတော့ မသိဘူး... ခုတော့ ဒီတစ်ပတ်အတွက် ရေးလိုက်ပြန်ပြီ... နောက်ပိုင်းမှ ခုရေးထားတာတွေကို ကိုက်အောင် ဘယ်လို ဆက်ရေးအုံးမလဲတော့ သိသေးဘူး... I will just go with the flow... အဟီး....

3 comments :

Vista said...

ကားပေါ်ကဆင်းလာတဲ့ သူနဲ့ အမြန်ပေးစားလိုက်တော့ဟိ

may said...

အေး ဟုတ်တယ် ဗစ်ပြောတာ တို့ သဘောတူတယ်

yamar said...

မြန်မြန်ဆက်ရေးနော်.. ဒီကစောင့် နေသူ.. အိုး.. ဒီကစောင့်နေသူ... အဟီး...