Wednesday, October 07, 2009

ချစ်တယ် မီးရယ်...

ခုတစ်လော ဘာဖြစ်လို့မှန်းတော့မသိဘူး ဒီ "(လျှပ်စစ်)မီး" နဲ့ပတ်သတ်ပြီးတော့ ခဏ ခဏကြုံရတဲ့ အဖြစ်လေးတွေရှိတယ်... ဒီလိုကြုံရကြားရတော့ ရီလဲရီချင်တယ်... သေချာပြန်စဉ်းစားမိတော့လဲ ဂရုဏာသက်မိတယ်... အားတုံ့ အားနာဖြစ်မိတယ်... ပြောပြရအုံးမယ်... အကြောင်းက ဒီလို...

ဒီနေ့ အိမ်ကို ရန်ကုန်က ဧည့်သည်လင်မယား ၂ယောက် ရောက်လာတယ်... အိမ်မှာ တည်းမှာဆိုတော့ လေယာဉ်ကွင်းက ဆင်းတာနဲ့ အိမ်ကို ရောက်လာတာပေါ့... မိန်းမကတော့ စကာင်္ပူကို တစ်ခါမှ မရောက်ဖူးဘူး... ယောကျာင်္းကတော့ ဒီမှာအလုပ်လုပ်ဖူးတယ်တဲ့... သူတို့ရောက်တဲ့အချိန် ကိုယ်ကလဲ ညဘက်အလုပ်လုပ်ရတော့ နေ့ဘက်အိပ်ရတယ်လေ... နေ့ဘက်အိပ်တော့ အခန်းတွေကို နေရောင်မ၀င်အောင် ပြတင်းပေါက်တွေပိတ် လိုက်ကာတွေချပြီးအိပ်နေတာပေါ့... ဒါနဲ့ သူတို့လာတော့ တံခါးဖွင့်ပေး နေရာထိုင်ခင်းပေးပြီး စကားပြောနေတုန်းရှိသေးတယ်...
အဲဒိ အမျိုးသမီးက ရုတ်တရက် တစ်ခုထမေးလိုက်တာ ကျမအတော်ကြောင်သွားတယ်...
"သမီး... မီးလာလား?" တဲ့...
ကျမ အခုလိုမေးခံလိုက်ရတော့ ဘာတောင် ပြန်ဖြေရမှန်းမသိဖြစ်သွားတယ်... ဘာကို မေးတာမှန်းလဲ ကျမ ချက်ချင်းမသိဘူး...
ဒါနဲ့ ကျမလဲ.. "ရှင်???... ဒီအိမ်??... စကာင်္ပူကို ပြောတာလား?" လို့ ပြောတော့ ...
ဟုတ်တယ်တဲ့... ကျမလဲ တအံ့တသြဖြစ်နေတဲ့ပုံနဲ့ပဲ ကြောင်စီစီပြန်ပြောလိုက်ပါတယ်... တကယ်ပါ အဲလိုမျိုး တစ်ခါမှ အမေးမခံခဲ့ရဖူးတော့ ခဏတာမျှ ကြောင်သွားတာပါ... "ဟုတ်ကဲ့.. မီးလာပါတယ်" လို့ပြောပြီး.. ပန်ကာတွေဖွင့်.. ပြတင်းပေါက်တွေဖွင့် ချက်ချင်းလုပ်ပေးလိုက်ရတယ်.... ကဲ... ကြည့်ရတာ.. မြန်မာပြည်သူတွေ စိတ်ထဲမှာ မီးဆိုတာ လာစရာမဟုတ်ဘူးလို့ အရိုးစွဲနေပုံရပါတယ်...

ဒီ မီး နဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ အပတ်လောက်ကလဲ အလုပ်ထဲက မိတ်ဆွေတစ်ယောက်နဲ့ စကားပြောကြတော့... သူ့မိတ်ဆွေတစ်ယောက်က မြန်မာပြည်မှာ ကလေးပြန်မွေးတယ်တဲ့... ကလေးက သူတို့ကို အကျိုးပေးတယ်တဲ့... ကလေးမွေးတဲ့ အချိန်မှာ ၁ပတ်လုံး မီးလာတယ်တဲ့... ရော.......... ဒွတ်ခ...
ဒါဆိုရင် ကျမကို မွေးခဲ့တုန်းကလဲ ကျမမိဘတွေတင်မကဘူး တစ်နိုင်ငံလုံးကို အတော်အကျိုးပေးခဲ့တာပဲနော် (အဲဒိခေတ်တုန်းက ရေမှန် မီးမှန်သေးတယ်လေ)... အဟတ်ဟတ်...
အရင်က ကလေးမွေးတဲ့အချိန် ထီပေါက်တာတို့ လုပ်ငန်းတွေအဆင်ပြေပြီး ငွေရွှင်တာတို့ဆိုမှ ဒီကလေးက အကျိုးပေးလိုက်တာလို့ ပြောကြလေ့ရှိတာပါ... ခုတော့ မီး ၁ပတ်လာတာ ကလေးအကျိုးပေးတယ်ဆိုတာနဲ့ ခိုင်းနှိုင်းပြောနေရတယ်ဆိုတော့ မီးလာတယ်ဆိုတာ မြန်မာပြည်မှာ miracle ဖြစ်သလိုဖြစ်နေပြီထင်တယ်....

ဒီလိုနဲ့ ဒီနေ့ အိမ်မှာအတူနေတဲ့ အခန်းဖော်နဲ့ အဲဒိ မီးအကြောင်းပြောဖြစ်ကြတော့ သူကလဲ သူ့အဖြစ်လေးတစ်ခုကို ပြောပြတယ်... သူစကာင်္ပူရောက်စက အခန်းထဲမှာ မီးဖွင့်ဖို့မေ့ပြီး အမှောင်ထဲမှာနေနေမိတယ်... မှောင်လိုက်တာလို့ စိတ်ထဲမှာထင်တော့လဲ ဦးနှောက်က သူ့အလိုလို အသိပေးတာက... မီးပျက်နေတာ ဖြစ်မှာပေါ့တဲ့... ဒီလိုနဲ့ အမှောင်ထဲမှာ အတန်ကြာနေလိုက်သေးတယ်ဆိုပဲ... နောက်မှ စကာင်္ပူမှာ မီးမှ မပျက်တာဆိုပြီး သတိရသွားတော့မှပဲ မီးဖွင့်ကြည့်မိတော့တယ်တဲ့... အဟုတ်... ဖြစ်ရပ်မှန်နော်... မထူးဆန်းဘူးလား...

အမှန်တော့ ကျမတို့တွေ အခွန်အခတွေပေးနေသ၍ မီးဆိုတာ ဒီခေတ်ကြီးထဲမှာ ၂၄နာရီ လာနေသင့်တာပါ... ခုတော့ အားလုံးရဲ့အတွေးထဲမှာ တဖြည်းဖြည်းနဲ့ မီး ၂၄ နာရီမလာတာကို အရင်လိုတောင် ညီးငြူစရာလို့မထင်တော့ပဲ တစ်ရက်မှာ ၆ နာရီပြည့်အောင်လာရင်ကိုပဲ ကျေနပ်ပြီး ကျေးဇူးတွေတင်လို့... တစ်ခါတစ်ခါ စဉ်းစားမိတယ်... ဘုရားဟောတဲ့ ရောင့်ရဲတင်းတိန် မင်္ဂလာဆိုတာ ဒါမျိုးအတွက်ထားသင့်သလားလို့...

မြန်မာပြည်သားတွေရဲ့ စိတ်ထဲမှာ မီးမလာတာကို အဆန်းမဟုတ်တော့သလို... မီးဆိုတာ လာစရာမဟုတ်တော့သလိုတောင် အရိုးစွဲနေတာလဲ မပြောနဲ့... ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် Youtube ကနေ ဟိုးအရင်က နာမည်ကြီးခဲ့တဲ့ "သရဲလေးကောင်နှင့် ကျွန်တော်" ဆိုတဲ့ ပြဇာတ်လေးကို သွားကြည့်မိတော့... အဲဒိတုန်းကတည်းက မီးမလာ ရေမရတာကို ဟာသတွေထဲမှာ ထည့်ပြောထားတယ်... အဲဒိပြဇာတ်က ဘယ်နှခုနှစ်က ဟာလဲတော့ မမှတ်မိတော့ဘူး... ဒါပေသိ လွင်မိုးဆိုတာလဲ ငယ်ငယ်လေး... မေသဉ္ဖာဦးဆို ခု အမေခန်းတွေပဲရိုက်နေရပြီ... အရိုင်း ကင်းကောင် ငှက်ပျော်ကြော် ဖိုးဖြူ ကုသိုလ် အားလုံ အခုနဲ့ ယှဉ်ရင် အတော်ငယ်သေးတယ်... ဦးသန်းဖေလေးကြီးဆိုရင် ဆုံးသွားတာတောင် အတော်ကြာပေါ့... သင်္ခါရသဘောတရားကြီးက မီးမလာခြင်းဆိုတဲ့ အကြောင်းတရားကြီးကိုတော့ အန်မတုနိုင်ဘူးထင်ပါ့...

ဟို လွန်ခဲ့တဲ့ ဘယ်နှနှစ်ကလဲတော့မသိဘူး... စင်္ကာပူမှာ ပြည်သူတွေကို အသိပေးမကြေငြာထားပဲ ၅မိနစ်လောက် ညလယ်လောက်မှာ မီးပျက်တောက်သွားခဲ့ဖူးသေးတယ်... အဲဒိတုန်းက နောက်နေ့ မနက်ကျ ရောက်လာတဲ့ ကွန်ပလိမ်းတွေကို စကာင်္ပူ အစိုးရ အတော်ဖြေရှင်းလိုက်ရတယ်ဆိုပဲ... မီးပျက်တောက်မှုကြောင့် ၂၄နာရီအလုပ်လုပ်တဲ့ စက်ရုံတွေက စက်တွေလဲ ပိတ်သွားပြီး ဘယ်စက်ရုံကတော့ ဘယ်လောက် အရှုံးပေါ်သွားပါတယ်... ထွက်ကုန်တွေ နောက်ကျကုန်ပါတယ်ဆိုပြီး နောက်နေ့ သတင်းစာတွေထဲပါလာပြီး အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားသေး...

ခုလဲ ဒီပိုစ့်ကိုရေးတာ ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး... ခုတစ်လော အဲဒိ မီးနဲ့ ပတ်သတ်တာလေးတွေက ကြုံကြိုက်နေတော့ ခံစားရတာလေးကို အချဉ်ထဖောက်လိုက်တာပါ...

တစ်ခါတစ်ခါ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတာလေးတွေက တန်ဖိုးထားစရာပါလားလို့ မေ့လျော့နေခဲ့မိတယ်... ကျမလဲ လျှပ်စစ်မီးရဲ့ တန်ဖိုးတွေကို မေ့လျော့နေခဲ့တာကြာပါပြီ... အင်တာနက် နှေးရင် service provider တွေကို ကြိမ်ဆဲရတာနဲ့... ဖုန်းဘေလ် ကိုယ့်ဘာသာကို ဆောင်တာနောက်ကျလို့ outgoing လေး ဖြတ်ခံရရင်ပဲ ချက်ချင်းဘေလ်ဆောင်ပြီး ၅ မိနစ်အတွင်း ဖုန်းပြန်မရရင် customer service ကို ခေါ်ပြီးကောရတာနဲ့... တကယ်တော့ စကာင်္ပူနိုင်ငံလေး သေးတာ... အလုပ်ပင်ပန်းတာ... မနက်ဆိုရင် အသုတ်မစားရတာ... ရွှေတိဂုံဘုရားကြီး မရှိတာကို ငြီးတွားနေမဲ့အစား... ရှိတာလေးတွေကိုပဲ တန်ဖိုးထားတတ်ပြီး ရောင့်ရဲတင်းတိမ်တတ်နေရင် ကျမရဲ့ဘ၀ဟာ ကျေနပ်စရာပါပဲလား...

ချစ်တယ် မီးရယ်...

photo credits to http://exploreankit.files.wordpress.com/2007/05/lightbulb1.jpg

8 comments :

Anonymous said...

i really agree with u.
wai mar

Vista said...

အမ်း ဟုတ်တယ် ဗေဒါ
ဒါပေမယ့် တို့ ထင်တာ လူတွေကရလေလိုလေ အိုတစ္ဆေ ဆိုသလိုပဲနော် ...မရောင့်ရဲတတ်ကြဘူး

mabaydar said...

ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ ရသလောက်မီးလေးနဲ့ ရောင့်ရဲနေကြတာ ဘယ်လောက်ကြာပတုံး Vista ရယ်... ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုတောင် မေ့တဲ့အထိပဲ...

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဟုတ်ပ ဟုတ်ပ မဗေဒါရယ်
ကမ္ဘာပေါ်မှာ သည်းခံတတ်တဲ့ လူမျိုးစာရင်းကောက်ရင် မြန်မာတွေ ပထမရမှာသေချာတယ်။
ဘတ်စ်ကားပေါ်မှာ စပါယ်ရာဟောက်လဲ ပြန်မပြောဘဲ မကြားသလို ငြိမ်ခံတတ်တာ. မီးမလာလဲ ညကြီးသန်းခေါင် ရေထတင်ရတာ။ ဘာအကြောင်းဘဲဖြစ်ဖြစ် ကွန်ပလိန်းမတတ်တတ်တာ။ တကယ်ကိုညည်းခံနိုင်ကြတယ်.။(စလုံးကရွှေမြန်မာများမပါပါဘူး) ဒါတောင်တချို့ မြန်မာတွေ သည်းခံတတ်တုန်းပါဘဲ. စလုံးမှာတော့ ကိစ္စသေးသေးလေးကအစ ကွန်ပလိန်းဆိုတာ တက်လိုက်ရမှ ကျေနပ်တတ်ကြတယ်နော်။

SDL said...

သရဲလေးကောင် ကား မရှိခင် 91-92 ခုနှစ်လောက်မှာ ဖယောင်းတိုင်နဲ့ စာထကျက်ရတာ မှတ်မိတယ်..။

10 တန်းတွေ စာမေးပွဲဖြေတဲ့ တစ်ပတ်လုံး မီးလာပေးတာလည်း မှတ်မိတယ်။

အဲဒီအချိန်ကတည်းက မီးပုံမှန်ပြတ်နေပြီ။

Vista said...

အင်းလေ ဒါပေမယ့်စလုံးရောက်လာတော့လည်း
ဟိုဟာဒီဟာနဲ့ ပြောကြသေးတာပဲကို ဟိဟိ

mabaydar said...

ဒါကလဲ ကွန်ပလိန်းလုပ်လို့ရတဲ့နေရာ ရောက်နေတော့လဲ လုပ်ကြတာပေါ့... တော်ပါပြီ.. ဆိုလိုတာကို ပြောတော့ပြောချင်ပါတယ်... ဒီမှာတော့ မပြောတော့ပါဘူး... လူချင်းတွေ့မှပဲ ပြောတော့မယ်... မှတ်ထားလိုက်နော်... ဟဲ... ဟဲ...

မိုးခါး said...

း)
အစ်မရေ
ညီမ အစ်မတွေ အဖြစ်ကျတော့လည်း ထူးမခြားနားပါပဲ
အစ်မက ရောက်ခါစက မီးပူတွေ တိုက်တိုက်ထားတတ်တယ်တဲ့
အခန်းဖော်က
အစ်မ မလိုဘူးလေ ဒီမှာ မီးမှမပျက်တာ
သွားခါနီးမှ တိုက်လို့ရပါတယ် လို့ လာပြောသတဲ့
မြန်မာမှာ နေတုန်းကတော့ မီးလာတုန်းလေး ပြေးလုပ်ရတဲ့ အဖြစ်တွေက အများသားလား
အကျင့်ပါနေတာလေ
:D
ဘယ်အရာ မြဲမြဲ မမြဲမြဲ မီးမလာတာတော့ မြဲနေသေးတယ်နော် :P