Friday, December 04, 2009

ကိုရီးယားခရီးစဉ် Day 2 Part 2 / ကိုရီးယား ရိုးရာ ကျေးရွာသို့ တစ်ခေါက်...

ကျန်းမာတော် မူကြပါစရှင်...

တစ်ခါတစ်လေမှ ပေါ်လာလိုက် ပျောက်လိုက်ဖြစ်နေသော ကျမရဲ့ ကိုရီးယား ခရီးသွားမှတ်တမ်းလေး ပြန်ပေါ်လာပြန်ပါပြီ... ဒီတစ်ခေါက်လဲ ဒုတိယနေ့ကို အပြီးသတ်မယ်စိတ်ကူးသော်လည်း ဗွီဒီယို သိပ်ရှည်သွားမည် တစ်ကြောင်း... ဒိထက်ဆက်ပြီး ရှည်ရှည်လုပ်မယ်ဆိုရင် ဒီပိုစ့်က ပိုကြာသွားမှာက တစ်ကြောင်းကြောင့် ကိုရီးယား ရိုးရာ ကျေးရွာလည်ပတ်မှုကိုပဲ တင်ဆက်လိုက်ပါတယ်...

ရှေ့က အပိုင်းမှာ ကျမတို့ နေ့လည်စာစားပြီးတဲ့ အချိန်မှာ အဆုံးသတ်ထားပါတယ်... ပထမပိုစ့်ကို ကိုရီးယားခရီးစဉ် Day 2 မှာ သွားရောက်ဖတ်ရှုရင်း ဗွီဒီယိုလဲ ကြည့်နိုင်ပါတယ်... အရင်ပိုစ့်ဖတ်ပြီးသား စာဖတ်သူများအတွက် အတိုချုံးပြန်လည်မှတ်မိစေရန် အဓိကအချက်လေးများထုတ်ပေးလိုက်ပါတယ်... (အရင်ပိုစ့်က လွန်ခဲ့တဲ့ ၄လကရေးခဲ့တော့ အရမ်းအဆက်ပြတ်နေလို့... အဆက်အစပ် မသိမှာ စိုး၍ဖြစ်ပါတယ်...)
၁) မနက်စာစား
၂) Songsan Sunrise Peak မှာ တောင်တက်
၃) Seop Ji Ko Ji Coast (All In Drama Place) ကိုသွား
၎) နေ့လည်စာ ကိုရီးယားစတိုင် ၀က်သားဟင်းနဲ့စား...

ခုဒီပိုစ့်မှာတော့ နေ့လည်စာစားပြီး သွားခဲ့တဲ့ ကိုရီးယားရိုးရာ ကျေးရွာအကြောင်းရေးမှာဖြစ်ပါတယ်... ဗွီဒီယိုလေးကို အရင် ရှုစားကြပါ...



ကျမတို့ရဲ့ ဂိုက်ဟာ နေ့လည်စာစားဖို့ စားသောက်ဆိုင်ကို နောက်သွားမဲ့ နေရာနဲ့ နီးတဲ့နေရာမှာ အစတည်းက ပြင်ဆင်ခဲ့တဲ့အတွက် နေ့လည်စာစားသောက်ဆိုင်ကနေ ကားသိပ်ကြာကြာမစီးလိုက်ရပဲ အဲဒိ ကိုရီးယား ရိုးရာ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်...

ဟိုရောက်တော့ ဖော်ရွေတဲ့ အဲဒိရွာခံ ကိုရီးယားမိန်းမကြီး တစ်ယောက်ကိုထပ်တွေ့ပါတယ်... သူက သူတို့ရွာဓလေ့ကို ကိုရီးယားလိုပြောပြီး ကျမတို့ ဂိုက်က အင်္ဂလိပ်လို ဘာသာပြန်ပေးပါတယ်... ကိုယ်မြန်မာပြည်မှာ ခရီးသွားရင်လဲရွာဆိုတာတွေ မြင်ဖူးတွေ့ဖူးနေကျဆိုတော့ ကျမတို့အတွက် သိပ်တော့ အထူးအဆန်းမဟုတ်လှပါဘူး... အဓိက ကတော့ သူတို့လူမျိုးရဲ့ ရိုးရာ ယဉ်ကျေးမှု နေထိုင်မှုပုံစံကိုတော့ လေ့လာနှိုင်းယှဉ်ကြည့်ဖို့ရလို့ ဗဟုသုတတော့ရပါတယ်... ရွာမရှိတဲ့ နိုင်ငံကလာတဲ့ စလုံးတွေအတွက်တော့ ဆန်းတန် ဆန်းမှာပေါ့နော်...
 

ဂျဲဂျူးက စကားပြောသော ဂိတ်များ...

တွေ့တွေ့ချင်း ကိုရီးယားလို့ တရုတ်လို နှုတ်ဆက်ကြပြီး ရွာအ၀င်ဝမှာရှိတဲ့ သူတို့ရဲ့ ခြံဂိတ်ပေါက်မှာ သူတို့အချင်းချင်း ပြသတဲ့ သင်္ကေတလေးကို ရှင်းပြပါတယ်... ဗွီဒီယိုထဲမှာ ပါတဲ့အတိုင်းပါပဲ... သူတို့ရဲ့ ခြံဂိတ်ပေါက်ဟာ ဘေးက အပေါက်ဖောက်ထားတဲ့ ကျောက်တုံး ၂တုံး တစ်ဖက်တစ်ချက်စီထဲကို ၀ါးလုံးလေးတွေထိုးပြီး ကာထားတာပါ...
ဝါးလုံး ၁ချောင်းတည်း တန်းပြီးကာထားရင်... အိမ်ရှင် အပြင်ခဏသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၂ချောင်း တန်းပြီး ကာထားရင်... အိမ်ရှင် တစ်နေကုန် အိမ်တွင်မရှိဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၃ချောင်း တန်းပြီး ကာထားရင်... အိမ်ရှင် ၃ရက်အိမ်တွင်မရှိပါဆိုတဲ့ အဓိပ္ပါယ်ပါတဲ့...
ဝါးလုံး ၄ချောင်း တန်းပြီး ကာထားရင်တော့... အဲဒိအိမ်ဟာ မုဆိုးမ(ယောကျာင်္းဆုံးထားသော အိမ်ရှင်မ) နေတဲ့အိမ်ပါတဲ့...
အဲဒိ အိမ်ထဲကို ခွင့်ပြုချက်မရပဲ ကျော်ဝင်တဲ့ ယောကျာင်္းက အဲဒိ အိမ်မှာ အမြဲနေရန် ရည်ရွယ်တယ်လို့ သတ်မှတ်ပါတယ်တဲ့...
ဝါးလုံးချောင်းတွေကို အပေါက်ထဲထည့်ပြီး တန်းမထားပဲ ချထားတယ်ဆိုရင်တော့ အိမ်ရှင်အိမ်မှာရှိတဲ့အတွက် ၀င်ထွက်နိုင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ...

ကျေးရွာကို မရောက်ခင် ကားပေါ်မှာ ဂိုက်ပြောပြချက်အရ ဂျဲဂျူးကျွန်း အရင်ကလူဦးရေမှာ မိန်းမအရေအတွက်ဟာ ယောကျာင်္းထက်ပိုများတဲ့လို့ သိရှိရပါတယ်... ဘာလို့လဲဆိုတော့ အရင်က ဂျဲဂျူးကျွန်းရဲ့ စီးပွားရေးဟာ တံငါအလုပ်ပါ... ယောကျာင်္းတွေဟာ ပင်လယ်ထဲကို ငါးဖမ်းထွက်ရတဲ့အတွက် အသေစောကြတယ်လို့ သိရပါတယ်... အဲဒိအတွက် ဂျဲဂျူးကျွန်းဟာ မုဆိုးမအရေအတွက်လဲ များတယ်လို့သိရပါတယ်... (ဒါက ဗွီဒီယိုထဲမှာ မပါလိုက်လို့ ဒီမှာ ဗဟုသုတအနေနဲ့ ရေးပေးလိုက်ပါတယ်...)

အဲဒိ ဂိတ်ပေါက်က ၀ါးလုံးတန်းတွေက အိမ်ရှင်ရှိမရှိကို အချက်ပြနေတယ်ဆိုတော့... ကျမခေါင်းထဲကို အတွေးတစ်ခုရောက်လာပါတယ်... အားလုံးလဲ အဲလိုတွေးမိမယ်ဆိုတာ သေချာပါတယ်... အဲဒါကတော့ သူခိုးကို အချက်ပြနေသလိုဖြစ်မနေပေဘူးလားပေါ့... အဲဒိအတွက်ကိုလဲ ဂိုက်က ကားပေါ်မှာတည်းက စကားခံထားခဲ့ပါတယ်... သူတို့ ဂျဲဂျူးကျွန်းပေါ်မှာ မရှိတာ ၃မျိုးရှိပါတယ်တဲ့...
၁) သူတောင်းစား မရှိပါဘူး
၂) သူခိုးမရှိပါဘူး
၃) အဲဒါက မေ့သွားပြီ... အဟီး... အဲဒါပြောတုန်းက ဗွီဒီယို မရိုက်လိုက်မိတော့ ခု ပြန်ကြည့်စရာမရှိတော့ဘူး... (ဒါက စာဖတ်သူသိချင်ရင် ကိုရီးယားသွားပြီး လေ့လာဖို့ အကွက်ချန်ထားတာလို့မှတ်... ဟိဟိ)

ဒါပေမဲ့ သူမကိုယ်တိုင်နောက်တော့ စကားထပ်ခံပါသေးတယ်... အဲဒါတွေ မရှိဘူးဆိုပြီး ကိုယ့်ပစ္စည်းကိုယ်တော့ လက်လွှတ်စပါယ်မနေနဲ့ပေါ့တဲ့... အရင်ကမရှိတာကိုပြောတာတဲ့... ခု ရှိမရှိဆိုတာတော့ အာမ မခံနိုင်ဘူးတဲ့... (ဒါပေမဲ့ သူပြောမှ ကျမသတိထားကြည့်မိတော့... တကယ်ပါ ဂျဲဂျူးကျွန်းပေါ်မှာ ကျမ သူတောင်းစားတစ်ယောက်မှ မတွေ့မိပါဘူး... အဲ... အဲဒိ သူတောင်းစားရှိတဲ့ ဒုက္ခကို ရှန်ဟိုင်းရောက်တော့ အတော်ခံခဲ့ရသေး... နောက်မှပြောမယ် မျှော်...)
 

ဂျဲဂျူးရိုးရာ အိမ်သာ

နောက်အတွင်းထဲဆက်ဝင်သွားတော့ အနံ့ခက်ဆိုးဆိုးနေရာတစ်ခုမှာ ဂိုက်က ဒါကတော့ ဂျဲဂျူးရိုးရာအိမ်သာပါတဲ့... ၀က်ခြံစည်းရိုးကို ကျောက်ခဲကြီးတွေနဲ့ဆောက်ထားပြီး အမိုးအကာမရှိပါဘူး... အဲဒိအိမ်သာကျင်းကတော့ ၀က်စားကျင်းပါပဲ... ရွာခံမိန်းမကြီးက အဲဒိ အိမ်သာပေါ်တက်ပြီး သရုပ်ဖော်ပြပါတယ်...

ထိုအိမ်သာအသုံးပြုတဲ့အခါမှာ အသုံးပြုသူဟာ ဒုတ်တစ်ချောင်းကိုင်ထားရပါတယ်... ဘာလို့လဲဆိုတော့ ၀က်က အောက်ကနေလာပြီး ကိုက်တတ်လို့ပါတဲ့... ဒီတော့ ၀က်ကို အနားကပ်မလာအောင် ဒုတ်နဲ့ရိုက်ပြီး မောင်းထုတ်ဖို့ပါတဲ့... ကျမလဲ ရှည်ရှည်ဝေးဝေးအသေးစိတ်တွေမေးမနေတော့ပါဘူး... ကိစ္စပြီးရင် ဘယ်လိုသန့်စင်လဲတို့ အမိုးအကာမရှိတော့ တခြားသူတွေ မြင်ကုန်မှာပေါ့တို့ တွေးမိပင်မဲ့ အနံ့အသက်ကလဲဆိုးတာတစ်ကြောင်း မေးလဲ ဘာမှ အကြောင်းမထူးပါဘူး သူတို့ဘာသာ ကြည့်ကြပ်ဖြေရှင်းကြမှာပေါ့လို့ပဲ မှတ်ယူလိုက်ပါတယ်... နောက်တစ်ခုတွေးမိတာက ခုထက်ထိအဲဒိအိမ်သာက အနံ့နံနေတယ်ဆိုတော့ သူတို့တွေဒီအိမ်သာကို ပြသရုံသက်သက်မဟုတ်ပဲ တကယ်ပဲသုံးနေကြလို့ပေါ့ဆိုတော့ စိတ်ထဲမတော့ တမျိုးဖြစ်သွားပါသေးတယ်...

လူရဲ့ မစင်ကို ၀က်စာအဖြစ်ပြန်လည်အသုံးပြုတယ်ဆိုတဲ့ အကြောင်းကို စလုံးတွေသိတော့ မျက်နှာတွေ ရှုံ့မဲ့နေကြတာပါပဲ... (စောစောက နေ့လည်စာ ၀က်သားနဲ့စားတုံးကတော့ သူတို့ဝိုင်းရှိတာ ငါတို့ဝိုင်းမှာဘာလို့မရှိတာလဲဆိုပြီး ဟိုဝိုင်းစပ်စု ဒီဝိုင်းစပ်စုနဲ့ အပိုလေး Free လေး လိုချင်လှတဲ့ စလုံးတွေ ခုတော့ အစာတောင်ကြေပါ့မလားသိဘူး... ) ကျမကတော့ ၀က်ဆိုတာ အစုံစားသတ္တ၀ါ မစင်လဲစားတယ်ဆိုတာသိပင်မဲ့ ယခုလို လူတွေကိုယ်တိုင်က မစင်ကျွေးပြီးမွေးတယ်ဆိုတာတော့ မကြုံခဲ့ဖူးပါဘူး... ဒါပေမဲ့လဲ ဘယ်ပိုးမဆိုတော့ အပူချိန်ပြင်းပြင်းနဲ့တွေ့ရင် သေတယ်လို့ကြားဖူးတာပဲ... ပြီးတော့ ၀က်ကို မချက်ခင်လဲ ဆေးကြောထားတာပဲ... နောက်ဆုံးကုန်ကုန်စဉ်းစားရင် ဘယ်အရာမဆိုတော့ ဓာတ်လေးပါးပါပဲ... စားခဲ့တဲ့ ၀က်သား ထပ်စားအုံးမလားဆိုရင်တော့ EVER YES ပါပဲ... (ခုတောင် စားချင်လာပြီ)

ဟို စလုံး ပေါင်တိုတို့အတွဲက (တစ်ဦးချင်းစီ Nickname များအကြောင်းကို ကျမနဲ့ ခရီးသွားဖော်များ တွင်ဖတ်ပါ) ယောကျာင်္းက ရွံရွံရှာရှာဖြင့် စကားလုံးတောင် ဖြောင့်ဖြောင့်မထွက်ပဲ အမှန်ကို လက်မခံနိုင်သေးသည့်ပုံဖြင့် သေချာအောင် ထပ်မေးရှာသည်... (စိတ်ထဲမတော့ ငါထင်တာ မဟုတ်ပါစေနဲ့ပေါ့) ဒါပေမဲ့ ဂိုက်မိန်းမက Natural Fertilizer လို့ပြန်ဖြေလို့ပြန်ဖြေလိုက်တော့ အတော်လေးကို အောင့်သက်သက်နဲ့ဖြစ်သွားပုံရပါတယ်... ဗွီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲ ဘာမှတောင် ပြန်မပြောနိုင်ခဲ့ပါဘူး... (သူက သိပ်ပြီး High Class style ဖမ်းတာဆိုတော့ ခုတော့ အစောက ၀က်သားဘယ်ကလာဆိုတာ သိသွားရှာပြီလေ... ၀က်သားဟင်းစားတုန်းက သူတို့အတွဲ ကျမဘေးမှာထိုင်တာလေ... အဲ့လူလဲ တီးသလားမမေးနဲ့... ခွိ... ခွိ... အဲ့ လူနဲ့များ မတော်တဆ သိတဲ့သူများ ဖတ်မိမယ်ဆိုရင် ပြန်မပြောနဲ့နော်...)

ကိုရီးယားလို ရေခပ်ဆင်းရင်း ကလေးထိမ်းမယ်...

နောက်တစ်နေရာမှာတော့ သူတို့ ကိုရီးယားတွေ ကလေးထည့်ပြီး သိပ်တဲ့တောင်းရယ်... ရေခပ်ဆင်းရင်သုံးတဲ့ အိုးရယ်ပြပါတယ်... ရွာခံမိန်းမကြီးက သရုပ်ဖော်ပြပါတယ်... သိပ်တော့ ထူးထူးဆန်းဆန်းမရှိလှဘူးလို့တော့ ကျမထင်တာပဲ... အဲဒိရေအိုးကြီးထမ်းပြီး ကိုယ်လက်လှုပ်ရှားမှုရှိတော့ အမျိုးသမီးကိုယ်ဝန်သည်တွေအတွက် ကလေးမွေးဖွားမှုလွယ်ကူတယ်လို့ ပြောပါတယ်... အဲဒိရေအိုးကြီးကို ပုတ်ပုတ်ပြီး ကိုရီးယားကျေးလက်တေးလေးတွေလဲ ဆိုလို့ရတယ်ပြောလို့ စလုံးဖွားဖွားတို့ တောင်းဆိုချက်အရ သီချင်းဆိုပြပါသေးတယ်...

နှစ်နဲ့ချည်နှပ်တဲ့ Tea

နောက်တစ်နေရာမှာတော့ သူတို့ကိုယ်တိုင် ပျားရည်ရယ် တခြားအရာတွေရယ် Tea ရယ် နှစ်နဲ့ချည်နှပ်ထားတဲ့ စဉ်းအိုးကြီးတွေဆီကို ခေါ်သွားပါတယ်... စဉ့်အိုးတွေက မြေကြီးထဲမြုပ်ထားပါတယ်... ရောစပ်မှု ပစ္စည်းတွေပေါ်မူတည်ပြီး အနံ့အရသာကွဲလွဲအောင် စီမံထားတယ်လို့ သိရပါတယ်... စဉ့်အိုးထဲကို ရောမွှေပြီးထည့်ထားတာမဟုတ်ပဲ အလွှာလိုက် အထပ်ထပ်ထည့်ထားတယ်လို့ပြောပါတယ်... (ဘာရည်ရွယ်ချက်နဲ့ ဘာကွာလဲတော့ မသိပါ) အဲဒိ Tea တွေကို အဲဒိ စဉ့်အိုးထဲမှာ ၃ နှစ်က ၅ နှစ် နှပ်ထားတယ်လို့သိရှိရပါတယ်...

ဘယ်လို အနံ့ရှိလဲ ကျမ နမ်းကြည့်တော့ အနံ့က အတော်လေးပြင်းပါတယ်... အစတည်းက အနံ့ကို Sensitive ဖြစ်တဲ့ ကျမအတွက်တော့ အတော်မခံနိုင်ပါဘူး... ပြီးတော့ ကျမက ပျားရည်လဲမကြိုက်သလို ပျားရည်နံ့ကိုလဲ မကြိုက်ပါဘူး... အဲဒါကြောင့်ဖြစ်ပါလိမ့်မယ်...

ကျေးလက်အိမ်နေ လူတန်းစားနဲ့ ကိုရီးယား အစိုးရ

နောက်တစ်နေရာကတော့ ကိုရီးယား ကျေးလက်အိမ်ဖြစ်ပါတယ်... ပျဉ်ထောင်အိမ်လေးပါ... မြန်မာပြည်က ကျေးလက်အိမ်လေးတွေလိုပါပဲ... သက်တောင့်သက်သာနဲ့ စိတ်ပေါ့ပါးစေတဲ့ ပုံစံမျိုးလေးပါ... အိမ်ရှေ့မှာ အဖီကြမ်းခင်းလေးနဲ့ ညဘက် ၀ိုင်းဖွဲ့ လက်ဖက်သုတ်စားကောင်းမဲ့ပုံလေးလို့ ကျမကတော့ တွေးမိတာပဲ... ကျမတို့ကို လိုက်ရှင်းပြနေတဲ့ ရွာခံမိန်းမကြီးရဲ့ အိမ်ပဲဖြစ်ပါတယ်... သူက ရွာသူကြီးမိန်းမလဲဖြစ်ပါတယ်...

အမှန်တော့ ဒီလိုကျေးလက်ရိုးရာနဲ့ ကျေးလက်အိမ်မှာနေပြီး ရိုးရာထိမ်းသိမ်းရုံဖြင့် ကိုရီးယားအစိုးရက သူတို့ကို လခပေးထောက်ပံ့ထားပါတယ်... (အိမ်မှာနေရုံနဲ့ ပိုက်ပိုက်ရတယ်... နိပ်ဟ...) ကိုယ့်ရိုးရာကို ပျောက်ပျက်မသွားအောင် ယခုလို ၂ဦး၂ဖက် အကျိုးရှိတဲ့ နည်းနဲ့ထိမ်းသိမ်းတဲ့အတွက် ဒီစနစ်ကိုတော့ သဘောကျမိပါတယ်... မိန်းမကြီးရဲ့ ကလေးတွေကတော့ မြို့တွေပေါ်မှာ သွားရောက် ပညာသင်ကြားနေကြပါတယ်...

ဆက်လက်ပြီးတော့ ကျမတို့ကို ပြသတာကတော့ ဆောင်းတွင်းမှာ အိမ်ကို ဘယ်လိုအပူပေးတယ်ဆိုတာပါ... အဲဒါက ကိုရီးယားကားတွေထဲမှာ မြင်ဘူးတာကတစ်ကြောင်း... စလုံးက အတ္တပုံဆောင်ခဲဖွားဖွားများက သူ့ထက်ငါ လုယက်ကာ ကြည့်ရှုနေကြတော့ မတိုးချင်တော့တာက တစ်ကြောင်း... လူလဲ အနည်းငယ်ပင်ပန်းလာတဲ့အတွက် စိတ်ဝင်စားမှုသိပ်မရှိတော့တာက တစ်ကြောင်းကြောင့် အသေးစိတ်တော့ နားမထောင်ဖြစ်ခဲ့ပါဘူး...

နောက်တော့ ကိုရီးယားရိုးရာ နောက်ဖေးမီးဖိုချောင် ထင်းနဲ့ပဲ ချက်ပြုတ်တုန်းပါ... မြေကြီးမီးဖိုထဲကို အိုးအကြီးကြီးတွေ မြုပ်ပြီး ထင်းနဲ့ချက်တာပါ... အိုးကြီးချက်ဆိုတော့ အတော်တော့ စားကောင်းမဲ့ပုံပဲ... အဲလို နောက်ဖေးတွေကိုလဲ ကိုရီးယားကားတွေထဲမှာ တွေ့ဖူးမှာပါ... (ဥပမာ... မြန်မာပြည်မှာပြသွားတဲ့ နန်းတွင်းရတနာလား ဘာလား... Dae Jang Geum ကိုပြောတာ)

နောက်ဆုံးနေရာကတော့ ပိုက်ဆံလေးတွေ မျက်ခုံးလှုပ်တဲ့နေရာပေါ့... သူတို့ကျေးရွာထုတ် ပစ္စည်းတွေပေါ့... သဘာဝပစ္စည်းစစ်စစ်လို့တော့ ပြောတာပါပဲ... ပျားရည်တို့... ဆေးတို့... အရိုးရောဂါအတွက် မြင်းရိုးစစ်စစ်နဲ့ လုပ်တဲ့ ဆေးလို့ပြောတာလဲရောင်းပါတယ်... အမြဲမရဘူး ရှားပါးလို့ပြောတာပါပဲ... ဒါပေမဲ့ မေမေကပြောပါတယ်... မြင်းနဲ့ ပတ်သတ်တာတစ်ခုခုကို စားရင် မိန်းကလေးတွေအတွက် နောင်တစ်ချိန် ကိုယ်ဝန်ဆောင်ရင် မကောင်းဘူးလို့ပြောတာပါပဲ... ပျားရည်ကလဲ မြန်မာပြည်မှာလဲ စစ်စစ်ရနိုင်ပါတယ်... ဒိထက်တောင် ဈေးပေါပါအုံးမယ်... ပြီးတော့ အိမ်မှာလဲ ပျားရည်ကြိုက်တဲ့သူ ဒီလောက်မရှိပါဘူး... Tea ကလဲ ဈေးကြီးလွန်းပါတယ်... စကာင်္ပူလို ၁ဒေါ်လာ ၂ဒေါ်လာ သုံးတဲ့ နိုင်ငံကနေလာပြီး ကိုရီးယားရောက်တော့ နောက်က သုညပေါင်းများစွာကို မရင်းနှီးဘူးဖြစ်နေတော့ တစ်ခါတစ်ခါဈေးပြောရင် နည်းနည်း စဉ်းစားရပါတယ်... ပြီးတော့မှ စကာင်္ပူနဲ့ ပြန်တွက်ပြီး ကြည့်ရပါသေးတယ်...

အဲဒိနောက်တော့ အားလုံးနှုတ်ဆက်ပြီး နောက်တစ်နေရာကို ခရီးဆက်ခဲ့ကြပါတော့တယ်...

ဗွီဒီယိုနှင့် ပတ်သတ်၍...

ဒီဗွီဒီယိုကို ကြာရတဲ့ အကြောင်းရင်းကတော့ အရင် ဗွီဒီယိုတွေမှာ မပါဖူးခဲ့တဲ့ နောက်ခံစကားပြောကို စမ်းကြည့်ချင်ခဲ့လို့ပဲဖြစ်ပါတယ်... ဒါပေမဲ့ တကယ်တမ်းပြောဆိုတော့ ထင်သလောက်မလွယ်ခဲ့ပါဘူး... အထူးသဖြင့် အစပိုင်းက လျှော့တွက်ပြီး လက်တမ်းပြောတော့မှ စကားလုံးတွေ ထစ်အပြီး ပြောချင်တာ ပျောက်ပျောက်သွားလို့ လက်လျော့ပြီး မလုပ်ဖြစ်ပဲ ချောင်ထိုးထားလိုက်နဲ့ ၄ လကြာသွားတာပါပဲ... ဒါပေမဲ့လဲ အရင် ဗွီဒီယိုတွေလိုပဲ သီချင်းထည့်ပြီးလုပ်လိုက်ဖို့ကျတော့လဲ ကိုယ့်ကိုကိုယ် ဘ၀င်မကျပါဘူး... ငါ နောက်ခံစကားပြောကို ရအောင် ကြိုးစားမယ် ဖြစ်အောင်လုပ်မယ် မရရင် မလုပ်သေးဘူးဟာလို့ စိတ်ကဖြစ်နေတော့ မလုပ်ဖြစ်တာပါ...

အဲလို နောက်ခံပြောကြည့်တော့လဲ ကိုယ့်အသံက အူကြောင်ကြောင်နိုင်နေသလို ခံစားရတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုက မရှိဖြစ်နေပါတယ်... ဒီကြားထဲ ကိုယ့်ကွန်ပြူတာက ပျက်တော့ မလုပ်ဖြစ်ပြန်ပါဘူး... ခုတော့ ကျမအစ်မရဲ့ Desktop မှာငှားပြီး လုပ်ရတဲ့ ဘ၀ပါ... သူ့စက်က ကျမစက်လောက်မမြန်တော့ စိတ်ကမရှည်လို့ မလုပ်မလုပ်နဲ့ ခုတော့ ကျမခရီးမသွားခင်လေး Day 2 လေး အပြီးလုပ်ချင်တဲ့ ဆန္ဒတော့ရှိပါတယ်...

သီချင်းရွေးချယ်မှုမှာတော့ ကျမနှစ်သက်တဲ့တီးလုံးလေးဖြစ်တဲ့ Alexander The Great (အဲဒိ နာမည်မှန်မမှန်တော့ မသိဘူး ကျမ mp3 ထဲမှာတော့ အဲလိုပဲ မှတ်ထားတယ်...) အဲဒိတီးလုံးလေးဟာ ကျေးလက်တောရွာအသံမျိုးလေးပါသလို စိတ်ကိုရွှင်ပြစေတဲ့လို့ ခံစားရလို့ ကျမနှစ်သက်တာပါ... နောက်ဆုံးမှာတော့ Mission Impossible ဇာတ်ကားတီးလုံးနဲ့ အဆုံးသတ်ထားပါတယ်... အဲဒိ တီးလုံးလေးကလဲ ဘယ်အချိန်နားထောင်ထောင် မြူးတဲ့ တီးလုံးလေးပါ...

ဗွီဒီယို ပြီးခါနီးမှာ ကျမပျားရည်ရေနွေးချမ်းသောက်ပြီး ပြောလိုက်တဲ့စကားမှာတော့ Formal မသုံးနှုန်းပဲ "ငါ" လို့သုံးနှုန်းထားပါတယ်... အမှန်တော့ အဲဒိဗွီဒီယိုကို အစက ယခုလို နေ့စဉ်သွားထားတာကို အက်ဒစ်လုပ်ပြီး ဘလော့ပေါ်တင်ဖို့ မရည်ရွယ်ခဲ့ပါဘူး... မိသားစုကြည့်မယ် သူငယ်ချင်းတွေပြရုံသက်သက်ပါ... ဒီတော့ ကျမအစ်မတွေ ကျမသူငယ်ချင်းတွေကို စကားပြောတဲ့ အတိုင်း "ငါ" လို့သုံးနှုန်းထားခြင်းဖြစ်ပါတယ်...

ကျမ ဒီဗွီဒီယိုကို ပြုလုပ်ပြီးတာ ၂ ရက်ရှိပါပြီ... ပထမ Youtube ပေါ်တင်ပြီး ဘလော့ပိုစ့်ရေးပြီးရင် ဘလော့မှာတင်မလို့ပါ... နောက်တော့ ကျမအစ်မနဲ့ သူငယ်ချင်းတစ်ချို့ဆီက အကြံပေးချက်နဲ့ ဝေဖန်ချက်တွေအရ ပြင်သင့်တာလေးတွေ ပြန်ပြင်ပြီး Youtube မှာ ထပ်တင် အရင်ဟာ ပြန်ဖျက်နဲ့ ခုလို နောက်ကျသွားတာပါ...
သူတို့ရဲ့ ဝေဖန်ချက်တွေကတော့ စာတမ်းထိုး အရောင်ကို အရင်က တချို့နေရာတွေ အစိမ်းလုပ်ထားတော့ ကောင်းကောင်းမမြင်ရပါဘူးတဲ့... ခုတော့ ကျမ အဖြူရောင်ကို ပြန်ပြောင်းလိုက်တော့ မြင်ရမယ်ထင်ပါတယ်...

နောက်ပြီး စာတမ်းက အင်္ဂလိပ်လိုထိုးလိုက် မြန်မာလိုထိုးလိုက်နဲ့တဲ့... အဲဒါကတော့ အကြောင်းပြချက်ရှိပါတယ်...
ကျမတို့ ဂိုက်က အင်္ဂလိပ်လိုပြောတဲ့ အချိန်မှာ မြန်မာစာတမ်းထိုးချင်းဖြင့်... Internationally ရော... မြန်မာတိုင်းရော နားလည်နိုင်ပါတယ်... တချို့နေရာတွေမှာတော့ တီးလုံးပဲထည့်ထားတဲနေရာတွေမှာတော့ အားလုံးနားလည်အောင် အင်္ဂလိပ်လိုရေးလိုက်တာပါ...

Tea လုပ်တဲ့နေရာမှာတော့ ပထမတစ်ကြောင်းကိုပဲ အကျဉ်းချုံး အင်္ဂလိပ်လိုရှင်းပြလိုက်ပြီး... နောက်ပိုင်းမှာ မြန်မာလိုပဲရေးထားတာကတော့ အဓိက ကျမပြချင်တာက မြန်မာတွေဖြစ်ပြီး... (ကိုယ့်ကိုကိုယ်သိပ်တော်တယ်လို့ မပြောပါ) သို့သော် တချို့သော အင်္ဂလိပ်စာ အားနည်းသူများအတွက် မြန်မာလိုရှင်းပြတာ ပိုအဆင်ပြေမည်ထင်သောကြောင့် မြန်မာလိုရေးထားခြင်းဖြစ်ပါတယ်...

သီချင်းကြိုက်ပြီး တီးလုံးကိုမကြိုက်တဲ့ သူများအတွက်တော့ ဒီဗွီဒီယိုက အနည်းငယ် ပျင်းစရာကောင်းချင် ကောင်းနေပါလိမ့်မယ်... ဒါပေမဲ့ ကျမ ဒီတစ်ခေါက်လုပ်ချင်တဲ့ ဗွီဒီယိုက Travel Documentary လိုပုံစံမျိုးပိုဆန်တဲ့အတွက် ယခုလို ဗဟုသုတရမဲ့ စကားပြောခန်းများများထည့်ပြီး သီချင်းကို လျှော့ထားခြင်းဖြစ်ပါတယ်... Travel Documentary စစ်စစ် အဆင့်ကို မမှီသေးပင်မဲ့ အကောင်းဆုံးကြိုးစားထားပါတယ်...

အားလုံးပဲ သဘောကျမယ်လို့ မျှော်လင့်ပါတယ်... ကျေးဇူးတင်ပါတယ်ရှင်...

11 comments :

နွေးနေခြည် said...

သေသေချာချာ လုပ်ထားတာပဲနော်
ဗဟုသုတလည်း ရတယ်။ ကျေးဇူးလည်းတင်ပါတယ် မ..

Anonymous said...

အသေအချာကြည့်ပြီး ပြောတာနော်..းP

နောက်ခံစကားပြောတာ အဆင်ပြေပါတယ်..
“နေ့လည်စာ စားအပြီးမှာ ကျမတို့အဖွဲဟာ ကိုးရီးယားရိုးရာ ကျေးရွာ တစ်ခုကို သွားရောက်လည်ပတ်ခဲ့ပါတယ်” ဆိုတာ ဂွတ်တယ်.. အဆင်ပြေတယ်..

“ထို” တွေ “ဤကဲ့သို့” တွေ “၏” တွေနဲ့ ပင်ရင်း စာဆန်ဆန် ပြောတာထက် ခေတ်သစ် သတင်းကြေညာပုံ (စကားပြောဟန်အတိုင်း) အတိုင်း ပေါ့ပေါ့ပါးပါး ပြောရင် ပိုကောင်းမယ်လို့ ထင်မိတယ်..

တောရွာ တီးလုံးက လိုက်ဖက်ပါတယ်.. ဒီဂျေလေးနဲ့ဆိုတော့ ပိုဂွတ်တာပေါ့.. မြူးတယ်.. ပျော်လာတယ်..
Mission Impossible တီးလုံးကတော့ သမ္မတ ရုပ်ရှင်ရုံထဲ ရောက်သွားသလိုပါပဲးP

ဝက်ကို အောအော့တွေ ကျွေးတာ ဒို့ပြည်ကြီးက နယ်ရွာတွေမှာ ရှိပါတယ်.. ပန်းမုံလာလို့ခေါ်တဲ့ မုန်လာပန်းကို အောအော့တွေ ရေဖျော်ပြီး လောင်းတာမျိုးတောင် တွေ့ဘူးသေးတယ်.. Natural Fertilizer ဆိုတာ တကယ်အဟုတ်..

“ဒီလိုကျေးလက်ရိုးရာနဲ့ ကျေးလက်အိမ်မှာနေပြီး ရိုးရာထိမ်းသိမ်းရုံဖြင့် ကိုရီးယားအစိုးရက သူတို့ကို လခပေးထောက်ပံ့ထားပါတယ်...” တဲ့ ဒို့ပြည်ကြီးမှာတော့!!!!!!းPးP

ရေနွေးကြမ်း အမြည်း မျှော်နေတာက တကယ့်ကို သနားစရာ မျက်နှာပေး.. (သရုပ်ဆောင် ဝါသနာပါပုံရတယ်..)

ပထမပိုင်းက “အခုစားနေတာ ဘူဖေး” ဆိုတာကို ဆူပုပ်ပုပ် မျက်နှာနဲ့ ပြောသွားတာ မှတ်မိနေတယ် (ကော်မန့်ပေးဘူးတယ်)
ဒီမှာလည်း “သောက်တော့ သောက်လို့ ကောင်းတယ် ချဉ်ချဉ်ချိုချိုလေး” ဆိုတာကို မှတ်ထားလိုက်ပြန်ပြီးP
နောက်တစ်ပိုင်းမှာ ဘာလာမလဲ စိတ်ဝင်စားမိတယ်..

သေချာတာကတော့ မဗေဒါက အနုပညာဓါတ်ခံတွေ အပြည့်အဝ ရှိနေတဲ့ ဘလော့ဂါ စစ်စစ် တစ်ယောက်ပါပဲ.. ဆန်းသစ်မှုတွေကို ကြိုဆိုပါတယ်..

ခင်မင်လေးစားစွာ
ဘလော့ဖတ်သူ
(ကော်မန့်ဖတ်ပြီး ပြုံးများနေမလားးP)

ဲမြစ်ချေသူ said...

ကိုရီးယားခရီးစဉ် ကိုလာကြည့်သွားပါတယ်။ အားရပါးရလည်းရယ်သွားပါတယ်။ ကျမတော့ ဒီ Travel Documentary လေးကိုကြိုက်တယ်။

ကျေးဇူးတင်စွာဖြင့်

ToMMyGiRL said...

I saw about Jeju toilet thing in 'Tamra' drama..i thought they use like that only in ancient time..

mabaydar said...

နွေးနေခြည်ရေ... ကျေးဇူးပါ..

Anonymous ရေ... အရင်တစ်ခေါက်က ကွန်မန့်လဲတွေ့ပါတယ်... ခုလို အကြံပေး အသေးစိတ်ဝေဖန်အားပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်... စကားပြောရာမှာ တခြားနိုင်ငံကလူတွေလို casually စကားပြောဟန်အတိုင်း ပေါ့ပေါ့ပါးပါးပြောချင်ပါတယ်... ဒါပေမဲ့ မြန်မာစကားကိုက Monotone ပါ... ပြီးတော့ စကားလုံးအသုံးအနှုန်းကလဲ ပုံမှန်ပြောလိုက်ရင် တချို့ကရိုင်းတယ်တို့ ဘာတို့ ဖြစ်မှာစိုးလို့ပါ... အတတ်နိုင်ဆုံး စဉ်းစားပြီး နောက်ခရီးတွေကျရင် ကြိုးစားကြည့်ပ့ါမယ်... ဒီကိုရီးယားခရီးစဉ်ကတော့ သွားပြီသားဆိုတော့ ပြင်လို့ရတော့ဘူး... အကြံပြုချက်အတွက် ၀မ်းသာပါတယ်... နောက်လဲ အားပေးပါ...

မြစ်ချေသူ ရေ ... သူများကို စိတ်ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ဒီ Travel Documentary လုပ်ရတာ အကျိုးရှိသွားပြီပေါ့.. ကျေးဇူးပါ

Tommygirl ... I am not sure.. but it still stink. that means they are still doing like that.

Heartmuseum said...

အင်း အသံသွင်းထားတာ ပုံစံပြောင်းထားတော့ ကြည့်ရတာ ခါတိုင်းနဲ့မတူ တမူထူးပြီး တမျိုးဖြစ်သွားတယ်နော်။ မိုက်တယ်....
နင့်အသံကလဲ လူကြီးလေး ကျနေတာပဲ.. .
ဒီလိုလဲ ဖြစ်တာပဲလား..... :D
မနက်ကတည်းက comment ပေးတာ မရလို့ အခုမှပဲ ရေးရတော့တယ်ဟာ....

Heartmuseum said...

ဗေဒါမရေ... နင်ငါ့အမေကိုတော့ အပြတ်မုန့်ကျွေးသင့်နေပြီ။ ဒီ video ကို ငါ့အမေကြည့်ပြီးတော့ နင့်ကို ရေရေလည်လည် ချီးကျွေး... အဲ.... :D ချီးကျူးနေလို့ ..ဟီးးး တော်လို့တဲ့... ဟီးးးး ဟီးးးး နောက်ပြီး နင့်ကို လှတယ်တဲ့... :p
ဟားးးး ဟားးးးးး

mabaydar said...

ဟာ.. ကိုဟတ်ကြီး အမေကို အပြတ်ကို မုန့်ကျွေးချင်တာ... တကယ်.... အစ်ကိုတို့ဆီ အလည်ခေါ်လေ... အစ်ကို့ကိုပါ မုန်းကျွေးပါ့မယ်... ဟဲ.. ဟဲ... အလည်ခေါ်ဖို့ စောင့်နေမယ်... ဟိဟိ

9-9 said...

မဗေဒွရေ
ညီမကကိုရီးယားကပါ
ဒီမှာရောက်နေပေမယ့်
ဂျဲဂျုသွားဖို့ တော့အခြေအနေမပေးလို့ သွားဖြစ်မယ်မထင်ဘူး
နောက်လဆိုလဲ ပြန်တော့မှာဆိုတော့လေ
အမတို့ က ခဏရောက်လို့ မသိသာပေမယ့်
ဒီကအဘွားကြီးတွေလဲ ပန်းသီးဘွားဘွားတို့ နဲ့ တူတူပါပဲလေ
ပြီးတော့ အသားရောင်ကြည့်ပြီးအထင်သေးတတ်သေးတယ်
နောက်တလအတွင်း ဆိုးလ်ကိုရောက်ဦးမယ်ဆို ပြောပေါ့
လျှောက်လည်ဖို့ လိုက်ပို့ မယ်လေ

ရှေးစာဆို said...

စိတ်ကသာ ရှိသော်လည်း ခုမှသာ မှတ်ချက်ကို လာရောက်ပေးနိုင်ခဲ့ပါတယ်။

ကျွန်တော့်ကို လာကြည့်ဖို့ပြောတုန်းက ချက်ချင်းသွားကြည့်ဖြစ်ပါတယ်(အစပိုင်းလေးကို)

စစချင်းကြည့်နေရင်းကို မျက်နှာမှာ အပြုံးတွေ တက်လာပါတယ်။

မိုက်လှချေလား ဆိုပြီးတော့ ဂုဏ်ယူမိတာရယ်
မဗေဒါတို့ အရမ်းကို တိုးတက်နေပြီဆိုပြီး ပိတိဖြစ်မိတာရယ်တွေကြောင့်ပါ။

ခု ဒီနေ့ (အစ အဆုံး) ထပ်ခါပြန်ကြည့်ဖြစ်ပါတယ်။

တည်းဖြတ်တာတွေနဲ့ အိုင်ဒီယာကို တော်တော်ကြီးကို သဘောကျမိပါတယ်။ (အရင့်ဟာတွေထက် အများကြီး ကောင်းတယ်ဗျ့)

တီးလုံးကလည်းဗျာ လိုက်မှလိုက်

(ကျွန်တော့် ကိုယ်ပိုင်အမြင်အနေနဲ့ သိပ်ပြီးအားမရတာလေးတွေလည်း ရှိပါသေးတယ်)

အဲ့ဒါတွေကတော့

ဗီဒီယိုရိုက်တဲ့ ကင်မရာမန်းနေရာဖြစ်ပါတယ်။ ဒီလိုပဲ ရိုက်ရမယ့် အခြေအနေကို နားလည်ပါတယ်။ Proလည်းမဟုတ်သေး၊ အချိန်လည်း မရှိဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်ကိုပဲ ပြောပြတာပါ။

နောက်တစ်ခုကတော့ (စိတ်မရှိပါနဲ့ခင်ဗျာ)

မဗေဒါရဲ့ ဝတ်စားဆင်ရင်မှုပါ။ ဒီထက်ပိုပြီး အစပ်အဟပ်တဲ့တာ ဝတ်ရင်ပိုပြီးလိုက်မယ်လို့ ထင်ပါတယ်။

အားလုံးခြုံပြီးပြောရရင်တော့ (လက်ရှိထဲမှာတော့ ဒီတစ်ခုက အကြိုက်ဆုံးပေါ့ဗျာ)

ဆက်လက်စောင့်မျှော် အားပေးလျက်

mabaydar said...

ကိုရှေးစာဆိုရေ...

ခုလို သေချာလာပြီး ကြည့်ရှု အားပေးသွားတာကို ကျေးဇူးတင်ပါတယ်... စေတနာအပြည့်နဲ့ ဝေဖန်ပေးသွားတာကိုလဲ အလေးထားပါတယ်...
ဆင်ခြေပေးတာတော့မဟုတ်ပါဘူး... ဒါပေမဲ့ အကျီင်္နဲ့ ပတ်သတ်တဲ့ မဗေဒါရဲ့ အခက်အခဲနဲ့ ယုံကြည်မှုကိုတော့ ပြောပြချင်ပါတယ်...
မဗေဒါတို့သွားတာ သိတဲ့ အတိုင်း tour package နဲ့ ဆိုတော့ မနက် ထွက်တာနဲ့ ဟိုတယ်ကို ပြန်မ၀င်ဖြစ်တော့ပါဘူး... စာရွက်ထဲမှာ ဘယ်တွေသွားမယ်ဆိုတာ ရေးထားပေမဲ့ တစ်ခါတစ်လေ ဂိုက်က အဆင်ပြေတဲ့နေရာကို အရင်ပို့တတ်ပါတယ်... အကျီင်္လဲချိန်မရှိသလို... တစ်ဆက်တည်းသွားရတဲ့ အတွက် အကျီင်္ပြန်လဲစရာ အခွင့်လဲ မရှိပါဘူး... ကိုရီးယား ခရီးစဉ် Day2 Part 1 မှာလဲ ဒီအကျီင်္ပဲ ၀တ်ထားတာပါ.. ခုဗွီဒီယိုက အဲဒိနေ့ကနဲ့ တစ်ရက်ထည်း ရိုက်ထားတာပါ.. ဒါက နေ့လည်စာစားအပြိး သွားခဲ့တဲ့နေရာပါ... မနက်တည်းက ၀တ်ထားတဲ့ အကျီင်္ပါ...
ပြီးတော့ မသင့်တော်ဘူး သင့်တော်တယ်ဆိုတာလဲ ဒီလိုမျိုး ခရီးသွား ဗွီဒီယိုမှာ မဗေဒါကတော့ သိပ်ပြောလို့မရဘူးထင်တာပါပဲ.. မဗေဒါက အဲဒိကျေးရွာသူအဖြစ် သရုပ်ဆောင်နေတာမဟုတ်ပါဘူး... အဲဒိ ကျေးရွာကို လာလည်တဲ့သူပါ... ခရီးလာလည်တာပါ... အဲဒိအတွက်အကြောင့် မဗေဒါက တောရွာနဲ့ လိုက်ဖတ်တဲ့ အ၀တ်အစားမျိုး မ၀တ်ရင်လဲ ဘာမှ မဖြစ်လောက်ဘူးလို့ထင်ပါတယ်...
ဒါပေမဲ့ အကြံပေးချက်ကိုတော့ စိတ်ထဲမှာ မှတ်သားထားပါ့မယ်...

မဗေဒါရဲ့ ဗွီဒီယိုတွေကို ခုလို အမြဲ သေသေချာချာကြည့်ပြီး ကွန်မန့်တဲ့အတွက် ကျေးဇူးအများကြီးတင်မိပါတယ်...