Tuesday, April 24, 2012

ဆူးနဲ့ နှင်းဆီ လီစီယောင်း


ခုတစ်ခေါက်တော့ ကိုရီးယားသရုပ်ဆောင် သတင်းအလှည့်ရောက်ပြန်ပေါ့… ဒီတစ်ခေါက်တော့ ကျွန်မသဘောကျတဲ့ မင်းသားတွေအကြောင်းမဟုတ်ပဲ ကျွန်မသဘောကျတဲ့ မင်းသမီး Lee Si Young အကြောင်းရေးချင်ပါတယ်…

သူဟာ ကိုရီးယား မင်းသမီးအသိုင်းအ၀ိုင်းမှာဆိုရင်တော့ ၀င်လာတာနောက်ကျတဲ့မင်းသမီးလို့ဆိုရမှာပါ… အငယ်တွေအပြိုင်အဆိုင် ၁၈နှစ် ၁၉နှစ်ဆို ခေါင်းဆောင်မင်းသမီးဖြစ်နေချိန်မှာ သူမ အနုပညာလောကထဲကို ၀င်လာတဲ့အချိန် အသက် ၂၇နှစ်ရှိနေပါပြီ…


BOF ထဲက လီစီယောင်း
သူ့ကို ကျွန်မစကြည့်ဖူးတာ Boy Over flower ကားထဲမှာပါ… အဲဒိကားထဲမှာ သူက မင်းသမီးကို ခင်ချင်ယောင်ဆောင်ပြီး စိတ်ထဲက မနာလိုဖြစ်နေတဲ့ သူငယ်ချင်းအတုအယောင်အနေနဲ့ သရုပ်ဆောင်ရတာပါ… ဒါပေမဲ့ ကျွန်မအဲကားမှာကတည်းက သူ့ကို မမုန်းခဲ့ပါဘူး… အစကတော့ အဲဒိကားထဲက မင်းသမီးကို အမြင်ကပ်တဲ့စိတ်ကများနေလို့ ပါသမျှကျန်တဲ့ မင်းသမီးတွေကို ကြိုက်နေတာလို့ထင်တာပါ… ဒါပေမဲ့ အဲလိုမဟုတ်ခဲ့မှန်း ကျွန်မစတင်သတိထားမိတာကတော့ သူပါသမျှတခြားကားတွေမှာလဲ စိတ်ကောင်းမရှိတဲ့ ဇာတ်ကောင်သရုပ်ဆောင်လဲ ကျွန်မသူ့ကိုမမုန်းပါဘူး…

နောက်တော့ သူ့ကို We’ve got married အစီအစဉ်မှာ Jun Jin နဲ့ တွဲရသူအနေနဲ့ ထပ်တွေ့ပါတယ်… အဲဒါက Reality show ဆိုတော့ သူမရဲ့ အပြင်ကပုံစံကို မြင်ရပါတယ်… သူမမှာ စက်ရုပ်တွေကို စုဆောင်းသိမ်းထားပြီး သီးသန့်အခန်းတစ်ခန်း သေချာလုပ်ထားတာတွေ့တော့ သူမရဲ့ ဆန်းတဲ့ အကျင့်လေးကို သတိထားမိပြန်တယ်… Reality show ပေါ်မှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် စုံတွဲဟာ အဲဒိ We’ve got married ထုတ်လွှင့်ပြီး မကြာခင်မှာပဲ သူနဲ့ Jun Jin အပြင်မှာ တကယ်ချစ်သူတွေဖြစ်သွားကြတယ်လို့ ကြေငြာတာသိရပါတယ်… ဒါပေမဲ့ သူတို့ ချစ်သူသက်တမ်း ၁နှစ်မပြည့်ခင်ပဲ ပြတ်ဆဲသွားပါတယ်... အကြောင်းပြချက်ကို မေးတဲ့အခါမှာ မင်းသမီးက ကျွန်မဟာ အပြင်ပန်းကြည့်ရင် စိတ်မာတဲ့ မိန်းကလေးလို့ထင်ရပင်မဲ့ ကျွန်မဟာ အရမ်းထိခိုက်နာကျင်လွယ်ပါတယ်… ဒီလိုကိစ္စမျိုးက ကျွန်မအတွက် အရမ်းနာကျင် ခံစားရတဲ့အတွက် အကြောင်းပြချက်ကို မပေးနိုင်တာ အားလုံးနားလည်နိုင်မယ်ထင်ပါတယ်” လို့ဖြေကာ သူ့ဇာတ်ကားသစ်အကြောင်းကိုသာ ပြန်လည်ဆွေးနွေးခဲ့ပါတယ်…
(Source:allkpop)... သူတို့အတွဲကို မဗေဒါ အစပိုင်းကြည့်ဖြစ်လိုက်ပါတယ်… ဒါပေမဲ့ We’ve got married ကို ကြားမှာ ပြတ်သွားပြီး ခု ဘယ်မှာဆက်ကြည့်ရမှန်းမသိတာရော… အတွဲအားလုံးမကြိုက်ပဲ… ကိုယ်ကြည့်ချင်တဲ့ အတွဲပဲရွေးကြည့်လို့မရတာရော… မကြည့်တာကြာသွားတော့ ကိုယ်ကြည့်နေတာ ဘယ်အပိုင်းထိရောက်သွားပြီလဲ မမှတ်မိတာရောကြောင့် ဆက်မကြည့်ဖြစ်တော့ပါဘူး… ဒါပေမဲ့ အဲဒိအချိန်တုန်းကတော့ အတော်လိုက်ဖက်တဲ့ အတွဲပါပဲ…


လီစီယောင်း နဲ့ ရည်းစားဟောင်း အဆိုတော် ဂျွန်ဂျင်း
သူ့ကို နောက်ပိုင်း “Birth of the rich” မှာ စိတ်ပုတ်မ တနည်းအားဖြင့် ဒုတိယမင်းသမီး အနေနဲ့တစ်ခါ… “Loving you a thousand times” မှာ မင်းသားအကို အိမ်ထောင်သည် သူဋ္ဌေးကို ကျိတ်ကြိုက်ပြီး လိုချင်နေတဲ့ (နောက်ပိုင်းမှာလဲ သူများအိမ်ထောင်ရေးဖျက်စီး တဲ့သူဖြစ် မဖြစ်မသေချာ…) စကပ်ထရီမလေးအနေနဲ့ တွေ့ခဲ့ပါတယ်… Birth of the rich မှာ သူမဟာ အဆင့်အတန်းခွဲခြားပြီး စိတ်ပုတ်တဲ့သူလုပ်ရပင်မဲ့ ရီနေရပြီး ချစ်စရာကောင်းတယ်လို့ခံစားရပါတယ်… အဲဒိကားကို မင်းသားကြီးခံစားလို့မရတာနဲ့ အဆုံးထိမကြည့်ဖြစ်ပါဘူး… “Loving you a thousand times” က အိမ်ထောင်ရေး အငှားကိုယ်ဝန်ဆောင် ဇာတ်လေးကြီးပါ… အဲလိုမျိုးကားတွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ ကားကောင်းတစ်ခုပါ… မဗေဒါကတော့ Romance Comedy ကို ပိုကြိုက်တဲ့အတွက် အဲကားကို အချိန်ပိုမှဆက်ကြည့်မယ်ဆိုပြီး ခုထိမကြည့်ဖြစ်ပါဘူး… နောက်တစ်ချက်ကတော့ အဲဒိကားမှာ Lee Si Young က ဒုတိယမင်းသမီးနေရာတောင် မဟုတ်ပါဘူး… ဒုတိယမင်းသမီးရဲ့ ယောကျာင်္းကို လုရတဲ့ မယားငယ်နေရာကနေ သရုပ်ဆောင်ရတာပါ… အဲလို အိမ်ထောင်ရေးဖောက်ပြန်တဲ့ကားမျိုးတွေကို သိပ်သဘောမကျတဲ့အတွက် ဆက်မကြည့်တာပါ… နောက်ပိုင်းမှာ တကယ် ဖောက်ပြန်လား ဘာလားတော့ ကျွန်မ မကြည့်ရသေးလို့ မသိပါ… သို့သော် ဖောက်ပြန်ဖို့တော့ များပါတယ်…


Birth of the Rich ထဲက လီစီယောင်း

Playful Kiss ကားမှာလဲ သူဟာ မင်းသားကို လိုက်ကြိုက်ရတဲ့ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ မိန်းကလေးအနေနဲ့ သရုပ်ဆောင်ရပါတယ်… အဲဒိကားက ခေါင်းဆောင်မင်းသမီးကို မကြိုက်တာရော… တရုတ် Version က စုံတွဲကိုပိုကြိုက်တာရောကြောင့် အဆုံးထိမကြည့်ရသေးပါဘူး… (ခုကြည့်နေပါတယ်)

Playful Kiss ထဲက လီစီယောင်း
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို သရုပ်ဆောင်တော်တယ်… မင်းသမီးဖြစ်နိုင်တဲ့ ဆန်းမျိုး သူ့မျက်နှာမှာရှိတယ်… ဘာလို့ အဲဒိကောင်မလေး ခေါင်းဆောင်မင်းသမီး မဖြစ်တာလဲလို့ အားမလိုအားမရတွေးနေမိပါတယ်… မျှော်လင့်နေတုန်းမှာပဲ သူမရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီးကား Poseidon ကို Super-Junior အဖွဲ့ဝင် Choi Si Won မင်းသားအဖြစ်သရုပ်ဆောင်ကာ ထွက်ရှိလာပါတယ်… အဲဒိကျမှပဲ ကျွန်မနဲ့ ကျွန်မအစ်မရဲ့မျှော်လင့်ချက်ပြည့်သွားပါတော့တယ်… သို့သော် အဲဒိကားကို အားလုံးပြပြီးမှကြည့်မယ်ဆိုပြီး ဥထားဖြစ်တာရော… KBS ကပြတုန်း ၁ပိုင်း ၂ပိုင်းဝင်ကြည့်ဖြစ်တာရော… အဲဒိအချိန်က Suspense တွေမကြည့်ချင်တာရော… မင်းသား Choi Si Won ကို သရုပ်ဆောင်မကောင်းဘူးလို့ထင်တာရော (Choi Si Won fan တွေ စိတ်တော့မရှိပါနဲ့နော်… အဆိုအကကောင်းတာ လက်ခံပါတယ်… သရုပ်ဆောင်က ဒီလောက်ထိမကောင်းသေးဘူးလို့ထင်တာပါ)… ဒီတော့ အဲဒိကားကို အစအဆုံးမကြည့်ရသေးပါဘူး… ဒါပေမဲ့ ဟိုတစ်ပိုင်း ဒီတစ်ပိုင်းကြည့်ပုံအရတော့ သူမဟာ အကြွင်းမဲ့ ခေါင်းဆောင်မင်းသမီး ဆန်းနဲ့ ပြည့်တယ်လို့ထင်ပါတယ်…

Poseidon ထဲက လီစီယောင်း

ခုသူမရဲ့ နောက်ဆုံးထွက် Drama “Wild Romance” မှာလဲ ခေါင်းဆောင်မင်းသမီးဖြစ်လာတဲ့အပြင်… ကိုရီးယားရဲ့ ထိပ်သီးမင်းသားတန်းဝင် Lee Dong Wook (My Girl, Partner, Sense of woman) နဲ့ တွဲရိုက်ရတာတွေ့တော့ နာမည်မကြီးခင်ကတည်းက ကိုယ်အားပေးခဲ့တဲ့ မင်းသမီး ဖြစ်မြောက်လာတယ်ဆိုပြီး ၀မ်းသာရပြန်ပါတယ်…
အထူးသဖြင့် Wild Romance မှာ သူမဟာ လှတပတ မပြင်ဆင်ရပဲ ဆံပင်စုတ်ဖွား အကျီင်္ဖားလားနဲ့စခဲ့တာပါ… နောက်ပိုင်း ၀တ်ရတာတွေကလဲ Body Guard ၀တ်စုံ ယောကျာင်္းဆန်ဆန်တွေပါပဲ… ကောက်ကွေးကွေး ဆံပင်တိုပုံစံက ကားစကနေ ကားဆုံးထိမပြောင်းလဲခဲ့ပါဘူး… အဲလိုအဲလို မလှမပ၀တ်စားဆင်ယင်ရတာတောင် သူမရဲ့ချစ်စရာကောင်းတဲ့ နဂိုအလှက မြင်နေရတုန်းပါပဲ… SNSD ထဲက Jessica က ဒုတိယမင်းသမီးအနေနဲ့ သရုပ်ဆောင်ပြီး အလွန်လှတဲ့ မိန်းမဆန်တဲ့ အ၀တ်အစားစတိုင်မျိုး ၀တ်တာတောင် ကျွန်မမျက်လုံးထဲတော့ မင်းသမီး Lee Si Young လောက်မလှပါဘူး…
တစ်ခါတည်း Wild Romance ဇာတ်လမ်းလေးကိုလဲ ညွန်းချင်ပါတယ်… ဒီဇာတ်လမ်းလေးက အချစ်ဟာသဇာတ်လမ်းလေးဖြစ်သလို… မင်းသားကို နောက်ကွယ်ကနေ လုပ်ကြံနေတာ ဘယ်သူလဲဆိုတဲ့ ပဟေဋ္ဌိလေးကလဲ ဇာတ်လမ်းကို အဆုံးထိဆွဲဆောင်စေပါတယ်… မင်းသားနဲ့ မင်းသမီးကြားမှာလဲ လိုက်ဖက်မှုရှိသလို… ကြည်နူးစရာကောင်းပါတယ်… မင်းသမီးရဲ့ သူငယ်ချင်းနဲ့ မင်းသားရဲ့ မန်နေဂျာအတွဲကလဲ မဗေဒါကို ဆွဲဆောင်နိုင်ပါတယ်… မကြည့်ရသေးတဲ့ ကိုရီးယားဇာတ်လမ်းတွဲ ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ကားလေးတစ်ခုပါပဲ…


Wild Romance ထဲက ကိုယ်ရံတော်ဝတ်စုံနဲ့ လီစီယောင်း




Wild Romance ထဲက ချစ်စရာ လီစီယောင်း
Wild Romance ထဲက Baseball ချန်ပီယံမင်းသားကို စိန်ခေါ်တဲ့ အခန်း
ခုလို ကျရာနေရာကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ Lee Si Young ဟာ သရုပ်ဆောင်ကောင်းရုံတင်မကပါဘူး… သူမဟာ အပြင်လောကမှာလဲ အပျော်တမ်းလက်ဝှေ့ထိုးပွဲ ချန်ပီယံဆုကို ၃ကြိမ်တိုင်တိုင် ရရှိခဲ့ပြီးပါပြီ… ကျွန်မသိသလောက်တော့ လက်ဝှေ့ကို ရုပ်ရှင်ရိုက်ဖို့ ခဏလေ့ကျင့်ရင်း စိတ်ဝင်စားသွားပြီး… ဆက်လေ့ကျင့်ရာကနေ ပြိုင်ပွဲဝင်အဆင့်၊ ချန်ပီယံအဆင့်အထိ သူမတက်နိုင်သွားတာဖြစ်ပါတယ်…

သူမရခဲ့တဲ့ လက်ဝှေ့ချန်ပီယံ ဆုတွေကတော့…

"9th KBI National Lifestyle Athletics Boxing Championships" in December, 2010”

47th "Seoul Amateur Boxing Match" on February 17, 2011


"7th National Amateur Boxing Championships" On March 17, 2011

(Source: Asianwiki)


သူ့ကိုအင်တာဗျူးတဲ့အချိန်မှာတော့ “ကျွန်မ သရုပ်ဆောင်ကိုရော လက်ဝှေ့ကိုပါ ကြိုးစားလုပ်ဆောင်သွားမှာပါ”…
သူ့ရဲ့ လက်ဝှေ့နည်းပြဆရာက
“သူလက်ဝှေ့ကို စွန့်လွှတ်မှာမဟုတ်ပါဘူး… ခုလာမဲ့ လန်ဒန် အိုလံပစ်အတွက် သူပြင်ဆင်နေပါတယ်” (Source: allkpop)

မဗေဒါကတော့ ခုလို ကိုယ်ကြည့်လိုက်တာနဲ့ ဖြစ်မြောက်မယ်လို့ထင်ခဲ့တဲ့ မင်းသမီးက တကယ်ဖြစ်မြောက်ခဲ့တဲ့အပြင်… တခြားမင်းသမီးတွေလိုမဟုတ်ပဲ သရုပ်ဆောင်တင်မက ကြမ်းတမ်းတဲ့ အားကစားကိုပါ ထူးထူးချွန်ချွန် တတ်မြောက်တဲ့ Lee Si Young အတွက် ဂုဏ်ယူမိပါတယ်… လန်ဒန် အိုလံပစ်မှာ သူပါမယ်ဆိုရင်တော့ဖြင့် လက်ဝှေ့စိတ်မ၀င်စားတဲ့ကျွန်မ သတင်းတွေကို စောင့်ကြည့်ဖြစ်တော့မယ်ထင်ပါရဲ့…








လီစီယောင်း လက်ဝှေ့လေ့ကျင့်နေသည်...

6 comments :

ဝိ၀ိ said...

လီစီယောင်းကို ဆွဲလားယမ်းလား လာလုပ်တဲ့
သူဆို သူဒေါသထွက်ရင် သေပြီ...:P

SPP said...

hahhaa .. Finally this post is up :)

Love Lee Si Young so much!!!

Anonymous said...

u should watch Music & Lyrics with Jay Park..
u will love it...

မောင်သီဟ said...

ကိုးရီးယားမင်းသမီးတွေချောတယ်နော် မင်းသားတွေကိုတော့ စိတ်ဝင်စားဖူးး)း)
ဒါပေမယ့် သူတို့က ခွဲစိတ်ပြုပြင်ကြတယ်ဆိုတော့ အလှစစ် ဟုတ်ပါ့မလား ရွဲ့ကျပဲ့ကျသွားမလားသိဖူး လို့တွေးမိတယ်း)း)

mabaydar said...

ဒီတစ်ယောက်ကတော့ မဟုတ်လောက်ဘူးထင်တာပဲ... လက်ဝှေ့ထိုးနေတာ သူသာပြင်ထားရင် တစ်ချက်ထိုးခံတာနဲ့ နှာခေါင်းတွေ ပဲ့ကျကုန်မှာပေါ့...

Anonymous said...

မဗေဒါလိုပဲ Poseidon ကို လွှင့်တဲ့ တပိုင်းနှစ်ပိုင်းပဲ ကြုံလို့ကြည့်ဖြစ်တယ်။
wild romance ကိုတော့ တအားကြိုက်ပြီး သူ့ဆံပင်ပုံလေးတောင် ညှပ်ဖို့ကြိုးစားတာ သူငယ်ချင်းတွေ အကုန်တားကြလို့ အဲလောက် တိုတိုမညှပ်ဖြစ်သွားဘူး။ :D
Love this post & Love Lee Si Young.

ဂျူ