ဟိုးရှည်ရှည်တုန်းက
စာမေးပွဲနီးမှ စာတွေကို ကပ်ကပ်ပြီးကျက်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့… အဲဒိကောင်မလေးက
အနီးကပ်မှ စာကျက်ပေမဲ့ အမှတ်ထွက်လာရင်လဲ အပြည့်မရသော်ငြား အတန်အသင့်မြင့်တဲ့အမှတ်ကိုရသတဲ့…
ဒီတော့ သူမဟာ ဥာဏ်ကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ခံယူထားသလို မိဘတွေရဲ့ ဥာဏ်ကောင်းတယ်ဆိုတဲ့
ချစ်စနိုးနဲ့ ချီးမွှမ်းစကားတွေကိုလဲ မှန်ကန်တယ်လို့ ကောက်ချက်ချထားသတဲ့… သူမဟာ ရုပ်မြင်သံကြားကပြတဲ့
ဇာတ်လမ်းတွဲပေါင်းစုံကိုလဲ အလွတ်မပေးအကုန်ကြည့်သတဲ့… အဲဒိကောင်မလေး ၁၀တန်းရောက်တော့
ကျူရှင်တွေ မနားတမ်းတက်ပြီး ဆရာတွေကလဲ စာမှန်မှန်မေးလို့ ကျက်ရတာရော… အိမ်ကလဲ တခြားအပျော်အပါးတွေလျော့လိုက်ပြီး
စာကိုပိုဦးစားပေးလာတာရော… တခြားကိစ္စဘာမှ ပူပင်စရာမလိုပဲ စာကိုပဲခေါင်းထဲထားရတာရော…
၁၀တန်းလေးမှမအောင်ထားရင် လိပ်ကိုပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်နေမယ်ဆိုတဲ့ ဆိုရိုးကို
ကြောက်စိတ်ကြောင့်ရော… သူမ စာကို အထိုက်အလျောက်မှန်မှန်ကျက်ခဲ့ပါတယ်… ဒါတောင် ကောင်မလေးရဲ့ဝါသနာ
ဇာတ်လမ်းတွဲကြည့်ခြင်းကိုတော့ တားဆီးလို့မရခဲ့ပါဘူး… သူမကို ဇာတ်လမ်းတွဲပေးကြည့်ရင်
ကျန်တဲ့အချိန်ခဏကို စာစိတ်ပါဝင်စားစွာလုပ်လိုက်တာနဲ့ သူမဟာ စာရသွားတတ်ပါတယ်… သို့သော်
သူမစိတ်ထဲတွင်တော့ မိဘများ ပြောနေကျစကားအတိုင်း “၁၀တန်းပြီးရင် ကြိုက်တာလုပ် ခု ဒီနှစ်တော့
ကြိုးစားလိုက်ဦး” ဆိုတဲ့စကားကို အာမခံချက်ယူကာ ၁၀တန်းပြီးလို့ကတော့ လုံးဝကို ကျောင်းမတက်ပဲ
အကြာကြီးနေပြစ်မယ်လို့ စိတ်ကူးခဲ့ပါတယ်… ဒီလိုနဲ့ သူမဟာ ၁၀တန်းကိုလဲ ဂုဏ်ထူးတွေအများကြီးနဲ့
အောင်ခဲ့ပါတယ်…
ဒါပေမဲ ၁၀တန်းပြီးတော့လဲ
စကာင်္ပူမှာ ပေါ်လီတက်ဖို့ မိဘတွေက တိုက်တွန်းပြန်တယ်… ၁၀တန်းလောက်ခက်ခဲတဲ့ စာမေးပွဲမဟုတ်ပင်မဲ့
စာကျက်ပျင်းတဲ့သူမ စကာင်္ပူဆိုတဲ့ အသံကြားတာနဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်… သူမသိတယ်
နိုင်ငံခြားမှာ မိဘနဲ့ဝေးပြီး စာကျက်ရုံတင်မကဘူး အိမ်မှုကိစ္စ ပိုက်ဆံစီမံခန့်ခွဲသုံးမှု
စားဖို့သောက်ဖို့ အဆင်သင့်ချက်ပေးမဲ့သူမရှိမှု နဲ့ ယဉ်ကျေးမှု အတွေးအခေါ် စကားပြောမတူညီမှုတွေကို
ညှိနှိုင်းနေရတော့မယ်… အိမ်ကမိဘတွေကလဲ ပညာဆိုတာ ငယ်ရွယ်စဉ်မှာ သင်ယူရတာ ပိုလွယ်ကူကြောင်း
အသက်ကြီးလျှင်ခက်ခဲကြောင်း ဖြောင့်ဖြမှုကိလဲ သိပ်တော့ နားမလည်သလို လက်လဲ မခံချင်ခဲ့ပါဘူး…
“စာပဲ ဘယ်အရွယ်ကျက်ကျက် ရပါတယ်” လို့ပဲ စိတ်ထဲက အထွန့်တက်ချင်ခဲ့တယ်… အဲဒိအချိန်က နိုင်ငံခြားမှာမှ ပညာသွားမသင်ရင် မြန်မာ့ပညာရေးကလဲ
အသက်မွေးဝမ်းကျောင်းမှုအတွက် အခက်ဖြစ်စေတာမို့ သူများတွေနဲ့ယှဉ်ရင်ကိုယ်ကျန်ခဲ့မှာစိုးတဲ့စိတ်ကြောင့်
စာမေးပွဲကို သူမ ပေါ့ပေါ့တန်တန်တော့ မဖြေခဲ့ပါဘူး… အရမ်းမကြိုးစားခဲ့ပင်မဲ့ ၀င်ခွင့်စာမေးပွဲကိုလဲ
သူမ တစ်ခါတည်းနဲ့ အောင်မြင်ခဲ့တယ်… အဲဒိအခါမှ သူမဟာ ကိုယ့်ကိုကိုယ် ဟုတ်လှသားပဲလို့
ထင်ခဲ့မိတယ်…
ဒီလိုနဲ့
အသက် ၁၈နှစ်ပြည့်ခါနီးအရွယ်မှာပဲ စကာင်္ပူမှာ ပေါ်လီကျောင်းတဖက် အချိန်ပိုင်းအလုပ်တဖက်နဲ့
ကျောင်းတက်ခဲ့တယ်… မြန်မာနိုင်ငံနဲ့ စာသင်ပုံခြင်းကွာခြားချက်က စကာင်္ပူမှာ ဆရာတွေက မြန်မာပြည်က
ဆရာတွေလို ထမင်းလုပ်ပါးစပ်ထဲအရောက် ကျွေးသလို သင်တာမဟုတ်ဘူး… ပထမတစ်ရက်ကျောင်းသွားတက်တဲ့
အတန်းမှာတင် သင်ခန်းစာ ၃ခုလောက်ပြတ်အောင်သင်သွားတယ်… သူမက ခုမှ ဘာသာအတွက် မိတ်ဆက်ပြောနေတယ်လို့
အတန်းချိန် တစ်ဝက်လောက်အထိထင်ခဲ့တယ်… နောက်မှ သင်ခန်းစာတွေလှန်ပြီးကြည့်တော့မှ ၁နာရီအတွင်း
သင်ခန်းစာတစ်ခုပြီးသွားပြီး နောက်တစ်ခုစနေပြီ… ပေးထားတဲ့ ဖတ်စာအုပ်ထဲက ပါဝါပွိုင့်နဲ့စလိုက်ရှိုးလေးတွေမှာတော့
အဓိကသိသင့်တဲ့ သီအိုရီတွေ အီကွေးရှင်းလေးတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေလောက်ပဲ ရှင်းရှင်းလင်းလင်းရေးထားတယ်…
သူမအတွက်ကတော့ ဒီလောက်စာလေး ပျင်းတောင်ပျင်းသေးပေါ့လို့ ထင်ခဲ့တယ်… ၁၀တန်းတုန်းကစာတွေ
ဒိထက်တောင်များသေးလို့… ဒီလိုနဲ့ သူမငယ်ငယ်က ပုံစံအတိုင်း ခပ်ပေါ့ပေါ့ပဲ အလုပ်သွားလိုက်
တီဗွီကြည့်လိုက်နေတယ်… ဒါတင်မကဘူး ခုကျတော့ မိဘနဲ့ဝေးတဲ့အခါကျတော့ ခါတိုင်း မိဘဖြေရှင်းပေးနေကျ
အသေးအဖွဲကိစ္စလေးတွေကအစ ကိုယ့်ခေါင်းထဲမှာ စဉ်းစားလာရတယ်… ဥပမာ ဈေးသွားပြီး ဘာဝယ်ရင်ကောင်းမလဲ၊
မနက်ဖြန်ဘာချက်ရပါ့၊ အလုပ်ကို ဘယ်နေ့ဘွင်ကင်တင်ရင်ကောင်းမလဲ၊ စသည်ဖြင့်ပေါ့… ဒီကြားထဲမလဲ
မြန်မာပြည်က ရောက်စ (အဲဒိအချိန်တုန်းက) ကွန်ပြူတာကောင်းကောင်းမကိုင်တတ် အင်တာနက်ဆိုတာ
မမြင်ဖူး… ဒေါင်းလုပ်ဆိုတာ ဘာမှန်းမသိ အက်ပလုပ်ဆိုတာ ဘာမှန်းမသိ စတဲ့ ကွာခြားတဲ့ လက်တွေ့ပညာရေးစနစ်ကိုလဲ
ယက်ကန်ယက်ကန်နဲ့ ပါလာခဲ့တယ်… အရာရာဟာ သူမငယ်ငယ်ကလို အလွတ်ကျက်ရုံနဲ့ မရတော့ဘူး… လက်တွေ့လုပ်ရတာတွေပါလာတယ်…
ဒီလိုနဲ့
စာမေးပွဲကြီးနီးလာလို့ အနီးကပ်ကျမှ စာကို တပွဲထိုးကျက်မယ်လဲ လုပ်ရော… သူမ ဒုက္ခရောက်ပါလေရော…
အတန်းထဲမှာ ပြောသွားတဲ့ စာအုပ်ထဲက ပါဝါပွိုင့်စလိုက်တွေကိုနားလည်သလိုလိုရှိပေမဲ့ စာအုပ်နောက်က
လေ့ကျင့်ခန်းတွေက ခက်လိုက်တဲ့ဖြစ်ခြင်း… ရှေ့က ပါဝါပွိုင့်တွေကို အသုံးချပြီး စဉ်းစားရပင်မဲ့
လှည့်ပတ်ထားတော့ သူမ မဖြေရှင်းတတ်ဖြစ်ခဲ့ရတယ်… ပုံမှန်စာကျက်ထားခြင်းမရှိလေတော့လဲ ဟိုးရှေ့က
အခန်းတွေကို ကောင်းစာ မကျေညက်တော့ဘူး… ကံကောင်းထောက်မစွာ မေခလာနတ်သမီး မကိန်းစိုက်တော့
ကိုယ့်ကို ဂရုဏာနဲ့ စေတနာထားတဲ့ မြန်မာ အစ်မကြီးက တစ်ညတည်းနဲ့ သင်ခန်းစာအကုန်နည်းပါးကို
ရှင်းပြတယ်… စာမေးပွဲ နောက်နေ့ဆို ဒီနေ့ညလိုမျိုးမှာ ၂ယောက်သား မနက် ၄နာရီထိုးတဲ့အထိ
စာကြည့်ခဲ့တယ်… ဦးနှောက်တွေပူခြစ်တောက်နေအောင် တပွဲထိုးလေ့လာတယ်… အရေးကြီးမယ်ထင်တာလေးတွေပဲစပေါ့ရိုက်ကြည့်တယ်…
(စပေါ့ရိုက်ခြင်းသည် စကာင်္ပူပညာရေးစနစ်တွင် အန္တရာယ်အလွန်များပါသည်… သို့သော် အောင်ရုံတော့
အထောက်အကူပြုသည်…) ဒီလို ဗရုတ်သုတ်ခ ဖြစ်ခဲ့ပင်မဲ့ အောင်စာရင်းထွက်တော့ သူမ အဲဒိဘာသာ A ရတယ်… ဒီတော့လဲ
ငါဥာဏ်ကောင်းသားပဲဆိုပြီး အဟုတ်ကြီး မာန်တက်ခဲ့တယ်…
ဒီလိုနဲ့
ပေါ်လီ ၃နှစ်ကို ဖြတ်သန်းခဲ့တယ်… ပုံမှန်အောင်မြင်ခဲ့သော်လည်း ငယ်ငယ်ကလို စာတော်စာရင်းထဲတော့
မ၀င်တော့ဘူး… ဒီတော့လဲ ကိုယ့်ကိုကိုယ်အကြောင်းပြတာက အလုပ်တဖက်နဲ့မို့ပါ… ပေါ်လီပြီးတော့
သူမ အလုပ်ဝင်လုပ်တယ်… ကျောင်းပြီးရင်ကျောင်း စာတွေချည်းသင်နေရတာကို မောလှပြီ… အသက်လဲအတန်လျှောက်ကြီးလာတော့
ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေနိုင်ပြီ… ဒီတော့ ချက်ချင်းကျောင်းမတက်သေးပဲ ခဏလောက်တော့
ပိုက်ဆံရှာရင်း စာကျက်တဲ့ဘ၀ကိုနားလိုက်အုံးမယ်… ဘယ်အချိန်ကျောင်းတက်တက်ရတာပဲလို့ သူမထင်ခဲ့တယ်…
ဒီလိုနဲ့ ကျောင်းတက်ခြင်းကို နားလိုက်တာ ၁နှစ် ၂နှစ်… ၃ ၊ ၄ နှစ်… သူမရဲ့ မိဘတွေက အကြံပေးတယ်…
ပညာဆိုတာ ငယ်တုန်းသင်တာကောင်းတဲ့အတွက် ကျောင်းကို အမြန်ဆုံးပြန်တက်ဖို့တိုက်တွန်းတယ်…
ဒါပေမဲ့ အသက်ကြီးလာလေ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်အတွေးနဲ့ ကိုယ့်ဘ၀ကို ဆက်လျှောက်ချင်တဲ့သူမ
ဒွိဟတွေကြားမှာ စဉ်းစားရင် အချိန်တွေကုန်ခဲ့တယ်… သူမက ရွေးချယ်မှုအတွက် ချင့်ချိန်တွေးခေါ်နေတာ
အချိန်ဖြုန်းခဲ့တာ မဟုတ်ဘူးဆိုပေမဲ့ ငယ်ရွယ်စဉ်မှာ ပညာရှာရတာ ဦးနှောက်က ပိုပြီး လက်ခံတယ်ဆိုတာကိုတော့
ဂရုမထားခဲ့မိပဲ စဉ်းစားမှုတွေ ကြာရှည်ခဲ့တယ်…
သူမရွေးချယ်လိုက်တဲ့အချိန်မှာ
သူမအသက် အရွယ်တော် တစ်စိတ်ဟိုင်းသွားပြီ… သူမစိတ်ဝင်စားတဲ့ဘာသာကို သူမစတက်တယ်… စာမေးပွဲအောင်ဖို့ထက်
စာကိုနားလည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုလက်ကိုင်ထားပြီး ဖြေးဖြေးချင်းပဲ တက္ကသိုလ်ကိုဆက်တက်ဖို့
စိတ်ကူးခဲ့တယ်… စာမကျက်တာ ၅နှစ်လောက်ကြာခဲ့တာရော၊ အသက်အရွယ်က စကားပြောလာတာရော၊ တခြားလူမှုရေး
စီးပွားရေး တွေးစရာတွေများလာတာရော ကြောင့် ဦးနှောက်က ကျောင်းစာအတွက် အာရုံစိုက်နိုင်မှုအစွမ်းကျဆင်းလာတယ်…
ဒါကို သတိမထားမိတဲ့ သူမကတော့ စာကို မှန်မှန်မလုပ်သေးဘူး… “ငါလုပ်ရင် ခဏလေးရပါတယ်” လို့ထင်ခဲ့တယ်…
ဘလော့လေးရေးလိုက် ဇာတ်လမ်းတွဲလေးကြည့်လိုက် မိသားစုနဲ့ စကားပြောလိုက် သူငယ်ချင်းနဲ့
အပြင်ထွက်လိုက်ပေါ့… စာမေးပွဲဖြေဖို့ ၂ပတ်လောက်အလိုမှာတော့ သူမအနည်းငယ်စိုးရိမ်လာတယ်…(
ဒါတောင် ငယ်ငယ်ကဆို အဲလောက်အချိန်မစိုးရိမ်သေးဘူး..)… ပါဝါပွိုင့်ပေါ်က လက်ချာတွေကိုနားလည်သော်ညား
လေ့ကျင့်ခန်းနဲ့ မေးခွန်းဟောင်းတွေပေါ်မှာ အသုံးကျကျ မဖြေတတ်သေးဘူး… သူမဟာကံကောင်းတယ်ပဲပြောရမလား…
ဆရာကောင်းနဲ့တွေ့ခဲ့ပြန်တယ်… သူမ အကူအညီလိုကြောင်း ကျောင်းကဆရာကို အီးမေလ်းပို့တော့
စကာင်္ပူမှာတွေ့ရခဲတဲ့ စေတနာပါတဲ့ ဆရာက စီတီးဟောက စတားဘက်ကော်ဖီဆိုင်မှာ ၄နာရီတိတိ သူမ
သိချင်တာတွေနဲ့ အမှတ်ပေးပုံပေးနည်းတွေကို သေချာရှင်းပြခဲ့တယ်… အလုပ်ကနေလဲ ခွင့်တွေယူပြီး
စာကြည့်မယ်လို့ဆုံးဖြတ်ခဲ့သော်ညား… ခွင့်တော့ယူဖြစ်လိုက်ပြီး ပိတ်ရက်တွေမှာတော့ တခြားအရေးမပါတဲ့
အရာတွေနဲ့ အချိန်လင့်ခဲ့တယ်… စာကိုတော့ ၅မိနစ်ကျက် တခြားအရာ ၁နာရီလုပ် (ဖေ့ဘွတ်၊ လက်ဘက်သုတ်၊
ကိုရီးယားကား၊ Youtube) စသည်ဖြင့် ငယ်ငယ်ကလို စာကိုချည်း ဇက်တိုက် ၁နာရီလောက်ကြာ ဖင်ပူအောင်မလုပ်နိုင်တော့ဘူး…
သူမ ဘယ်လောက်အာရုံထားထား ဦးနှောက်ကလဲ ၅ မိနစ် ၁၀မိနစ်လောက်နေရင် လက်မခံတော့ဘူး… သူမကျက်ထားတဲ့စာတွေကလဲ
မနက်ကျက်ရင် နေ့လည်လောက်ဆို ပြန်မေ့သွားရော…
ဒီအခါမှာ
သူမနားလည်လိုက်တာက လူကြီးတွေပြောဆိုခဲ့တဲ့ “ငယ်ရွယ်တုန်းမှာ ပညာရှာတာ အကောင်းဆုံးပဲ” ဆိုတဲ့စကားလေးပဲဖြစ်တယ်…
ပညာဆိုတာ ဘယ်အရွယ်ရှာရှာ တကယ်တတ်ချင်ရင် သင်ယူလို့ရတယ်ဆိုတာမှန်တယ်… သို့သော် ပညာရှာရတာ အလွယ်ဆုံးနဲ့
အကောင်းဆုံးအချိန်ဟာ ငယ်ရွယ်တဲ့အချိန်ပဲဖြစ်တယ် ဆိုတာကို မမေ့ဖို့လိုတယ်… ငယ်ရွယ်တဲ့အချိန်မှာ ဦးနှောက်အလုပ်လုပ်ပုံနဲ့
အသက်ကြီးလာတာနဲ့အမျှဦးနောက်အလုပ်လုပ်ပုံခြင်းကွဲပြားတယ်… ငယ်ရွယ်တဲ့အချိန်မှာ ပညာအသစ်တွေကို
ဦးနှောက်က လွယ်လွယ်ကူကူလက်ခံသိမ်းဆည်းပေးဖို့ နေရာရှိတယ်… အသက်ကြီးလာတော့ ဦးနှောက်က
ရှိပြီးသားအသိဥာဏ်တွေပေါ်မှာ ထပ်ပြီးဖြည့်တင်းဖို့ပဲ အလုပ်လုပ်တော့တယ်… ဒီတော့တစ်ခါတစ်ရံမှာ
ခေါင်းထဲဝင်ဖို့နဲ့ သိုမှီးထားဖို့ခက်ခဲတယ်… အသက်အရွယ်ကြီးသူတွေအတွက် ပညာကိုမှတ်သားဖို့က
ရှိပြီးသားအသိဥာဏ်နဲ့ ချိန်ဆသုံးသပ်ပြီး လေ့လာတတ်ဖို့ ငယ်ငယ်ကလို စာကျက်ရုံနဲ့မရပဲ
သဘောပေါက်နားလည်လွယ်အောင် ဖတ်တတ်ဖို့ပဲရှိတော့တယ်… (မှီငြမ်း http://news.softpedia.com/news/Young-People-Learn-Faster-Older-People-Use-the-Information-Better-40977.shtml)
သီအိရီကို apply လုပ်တဲ့ ဥပမာတွေ၊ လေ့ကျင့်ခန်းတွေများများ
လေ့လာနိုင်မှ စာမေးပွဲမှာ တော်ကာကျဖို့ရှိတယ်… အဲဒိလိုဖြစ်ဖို့အတက် အနီးကပ်မှစာကျက်တတ်တဲ့အကျင့်ဟာ
အကျိုးမပြုတော့ဘူး…
ခုတော့ အနီးကပ်မှစာကျက်တတ်တဲ့
ကောင်မလေးဟာ သံဝေဂရပြီး အချိန်ရှိတုန်း ၄နှစ် ၅နှစ်လောက်စောပြီး ကျောင်းတက်ခဲ့ရင်ကောင်းသားလို့တွေးမိပြီးနောင်တကြီးစွာရတယ်…
သို့သော် နောင်တတွေရရုံနဲ့ အလုပ်မပြီးတဲ့အတွက် ရှိတဲ့အချိန်ကို မဖြုန်းပဲ သူမ အမြန်ဆုံးကျောင်းပြီးအောင်
ဒီထက်အသက်မကြီးခင် လူ့ဘောင်ကိစ္စတွေ ဒိထက်ပိုပြီး မများမြောင်ခင်… သူမဆက်လက် တိုက်ပွဲဝင်ရအုံးတော့မယ်…
သူမ အမြဲကံမကောင်းနိုင်… သူမရဲ့ တစ်ပွဲထိုး အလွတ်ကျက်တတ်တဲ့ အကျင့်ကိုလဲစွန့်လွှတ်ပြီး
ပုံမှန် မှတ်သားနားလည်ရတော့မယ်ဆိုတာ ကိုလဲ သဘောပေါက်သွားတယ်…
မောင် ညီမလေးတို့တွေလဲ ကောင်မလေးလို နောင်တမရ ရအောင် အချိန်ရှိတုန်း ငယ်ရွယ်တုန်း ပညာကို ရသလောက်သင်ယူကြပါလို့ ပုံပြင်ထဲက
ကောင်မလေးက သူမအကြောင်း နမူနာထားပြီး သူမဖြတ်သန်းခဲ့တဲ့ ကျောင်းသားဘ၀အဆင့်ဆင့်နဲ့ အတွေ့အကြုံအတွေးခေါ်ပေါ်မူတည်ပြီး
အကြံပြုလိုက်ပါတယ်… လူကြီးတွေကို တစ်ခါတစ်ရံမှာ စာတွေချည်းကျက်ခိုင်းနေလို့ ကျောင်းပြီးရင်းကျောင်းတက်ခိုင်းနေလို့
Break လေးယူချင်တဲ့စိတ်ဖြစ်ရင် သူမလိုဖြစ်မယ်ဆိုတာကို သူမက အသိပေးချင်တယ်…
7 comments :
လေ့လာသွားပါတယ် ပညာပေးပို့စ်လေးပဲ ကောင်းပါတယ်
ပုံပြင်ထဲကကောင်မလေးရေ့..
တို့ကိုစောင်းပြောနေသလားတောင်ထင်ရပါတယ်။း)
ကောင်မလေးလို ဥာဏ်မကောင်းတဲ့အပြင်
စာကျက်ကလည်းပျင်းတော့
စိတ်ကူးပေါက်သလောက် ခရီးမရောက်နိုင်ခဲ့ပါဘူး။
ကိုယ့်လမ်းကိုယ်ရေရှည်လျှောက်နိုင်ဖို့က
ကိုယ်ဖောက်မယ့်လမ်းပေါ်မူတည်တာပေါ့နော်..။
ကျေးဇူးပါကွယ်...
ကောင်မလေးလို နောင်တမရ ရအောင် အချိန်ရှိတုန်း ငယ်ရွယ်တုန်း ပညာကို ရသလောက်သင်ယူကြပါ ဆိုတဲ့စကားကို အပြည့်အဝ ထောက်ခံပါတယ် မဗေဒါရေ..
ပညာသင်ယူဖို့ အခွင့်အရေးတွေ အခုရနေပေမဲ့ နောက်တော့မှ တက်ပါမယ်လေဆိုပြီး အချိန်ရွေ့လိုက်ရင် ကိုယ်တက်ချင်တဲ့ အချိန်မှာ ပညာသင်နိုင်တဲ့ နေရာမဟုတ်တဲ့ တစ်ခြားတစ်နေရာကို ရောက်နေတတ်တာမျိုးလည်း ရှိတတ်သေးတယ်။
ဒါကြောင့် အခွင့်အရေးရလာရင် အချိန်မဆိုင်းဘဲ မိမိရရ ဆုပ်ကိုင်ထားတာ အကောင်းဆုံးပါဘဲ။
ပုံပြင်ထဲက ကောင်မလေးလိုပဲ အပြင်ကကောင်မလေးလဲ စာတွေကျက်ချင်တဲ့ စိတ် ကုန်ခန်း နေပါတယ်။
ကောင်းတဲ့ အကြံပေးပါပဲ
ပုံပြင်ထဲကအတိုင်းပဲ..အပြင်က..ကောင်လေး..
ကောင်မလေးမပာုတ်ဘူး..စာကျက်ချင်စိတ် ကုန်ခန်းနေပါတယ်...
အသက်၅နှစ်ကတည်းက အခုအသက်၂၇ ရောက်တဲ့အထိ စာသင်နေပါတယ် ဗေဒါ......အသက်အရွယ်ရလာတော့ အရင်လို မှတ်ဥာဏ်မကောင်းဘူး (စာနဲ့ ပတ်သက်ရင်ပေါ့ :P ) သီချင်းနဲ့ ဇာတ်လမ်းတွေကတော့ တရေးနိုးလာမေးတောင် သိနေတယ်။brain က half ကောင်းပြီး half မကောင်းဘူးထင်တယ် ဟိဟိ.....ခုလည်း သောကြာ စာမေးပွဲ ရှိတယ် ခုထိစာအုပ် မကိုင်ရသေးဘူး :P
Post a Comment