Friday, April 13, 2012

သင့်ကြောင့် ပြောင်းလဲသွားနိုင်တယ်...

ဒီပိုစ့်ကိုရေးဖို့ ကျွန်မလက်တွန့်နေခဲ့ပါတယ်… ကျွန်မပြောချင်တာကို စာဖတ်သူတို့ အသေအချာသဘောမပေါက်ပဲ စိတ်ဆိုးစရာဖြစ်သွားမှာကိုလဲ စိုးရိမ်ပါတယ်… ဒီတော့ ကျွန်မလက်မလျှိုပဲ ပျော့ညံ့စွာတိတ်တိတ်နေခဲ့ပါတယ်… ဒါပေမဲ့ ခုလိုရေးဖြစ်တာကတော့ ကိုယ့်လူမျိုးတွေကို ပိုကောင်းစေချင်တဲ့အတွက် ပြင်သင့်တယ်လို့ ကျွန်မယူဆတဲ့အရာလေးတွေကို ဆန်ရင်းနာနာဖွတ်ဆိုတဲ့သဘောမျိုးနဲ့ အကြံပေးချင်တာပါ… လတ်တလောမှာ ပြောစရာတစ်ခုဖြစ်နေတဲ့ Todayonline က reporter Serene Lim ရေးတဲ့(ဒီနေရာကို ကလစ်လုပ်ပြီး သူ့ဆောင်းပါးကိုဖတ်လို့ရပါတယ်) မြန်မာပြည်နဲ့ ကျိုက်ထီရိုးအကြောင်းပိုစ့်နဲ့ ပတ်သတ်ပြီး ကျွန်မလဲ ဒေါသထွက်ပါတယ်… ဘယ်နေရာကို ဒေါသအထွက်ဆုံးလဲဆိုရင်တော့ နောက်ဆုံးစာကြောင်းက ကျွန်မရဲ့ ဒေါသကြောကို ဆွပေးသလိုပါပဲ….

“So Myanmar, please don't be in a hurry to catch up with us while you still can.”


သူ့ ဆောင်းပါးထဲမှာရေးခဲ့တဲ့ မြန်မာပြည် အင်တာနက်နှေးတာ၊ ဖုန်းလိုင်းတွေ အလုပ်မလုပ်တာ၊ နိုင်ငံတကာမှာပြောလို့ရတဲ့ Roaming service မရှိတာ၊ ခရီးသွားတဲ့အခါမှာ ကျိုက်ထီးရိုးတောင်တက်ကား အဆင်မပြေတာ၊ လုံခြုံမှု မရှိတာ၊ စသည်ဖြင့် တွေက အမှန်တွေချည်းပါပဲ… အဲဒိအမှန်တွေရေးတာအတွက် စိတ်ဆိုးသင့်တယ်လို့ မထင်ပါဘူး… ဘာလို့လဲဆိုတော့ လက်မခံချင်လဲ လက်ခံရမဲ့ အရာတွေပဲလေ… တကယ်ဟုတ်နေတာပဲလေ… ဒါပေမဲ့ သတင်းထဲမှာရေးတဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ ရေးသားတဲ့စာထဲမှာ သူမရဲ့ ခံစားချက်တွေကို အသားပေးရေးထားသလို မြန်မာပြည်အပေါ်မှာ အထင်သေးအမြင်သေးရေးထားတာကို ခံစားရတဲ့အတွက် ကျွန်မလဲ မကြိုက်ခဲ့ပါဘူး…

သူမတို့လို အဆင်ပြေမှုအားလုံးကို သတိမထားမိလောက်အောင် လုပ်ပေးထားတာကို မွေးကတည်းကခံစားခဲ့ရတဲ့သူတွေအတွက် ကျွန်မတို့နိုင်ငံက ပလက်ဖောင်းတွေ မြောင်းဗုံးတွေကအစ သူ့တို့က စွန်းစားခန်းတစ်ခုလို ပုံကြီးချဲ့မိနေမှာပါပဲ… ကိုယ်ရထားတာကို တန်ဖိုးမထားတတ်ပဲ… မရှိတဲ့ လတ်တလောမှာ နိမ့်နေသေးတဲ့ကျွန်မတို့နိုင်ငံကို နိုင်ငံကြီးသားပီသတဲ့ စိတ်နဲ့ မဖေးမချင်ပဲ မြေနိမ့်ရာလှံစိုက်ပြီး ဝေဖန်ပစ်တင် အထင်သေးချင်တဲ့ သူမရဲ့ စိတ်ဓာတ်က သတင်းထောက်တစ်ယောက်အနေနဲ့ ရှက်သင့်တဲ့အရာပါ…

ခရီးသွားသတင်းထောက်တစ်ယောက်အနေနဲ့ သူမသွားမဲ့နေရာရဲ့ ဓလေ့ စရိုက်နဲ့ ၀န်ဆောင်မှုတွေကို သေချာမလေ့လာ မရှာဖွေပဲ သူ့တစ်ဝမ်းကွဲမောင်နှမအားကိုးနဲ့ သွားပြီး တွေ့ကြုံရတာကို ဝေဖန်အပြစ်တင်တာဟာ သူမတာဝန်ကို ကျေပွန်အောင် မလုပ်တာပါ… အလွယ်လိုက်တာပါ… တောင်တက်ကားပေါ်မှာ ခုလို အဆင်မပြေမှုတွေဖြစ်တတ်လို့ မဗေဒါကိုယ်တိုင်လဲ အမြဲစိတ်ဆိုးရပါတယ်… ဒါကြောင့် အဖော်ကောင်းရင် လမ်းလျှောက်ပဲတက်ပါတယ်… ဒါကို သူမ ကံမကောင်းခဲ့လို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် မိုးရေထဲမှာထားခံရလို့ စိတ်ဆိုးတယ် (မိုးရေထဲမှာထားခံရရင် ကျွန်မဆိုရင်လဲ စိတ်ဆိုးမှာပါပဲ) ဆိုရင်လက်ခံပင်မဲ့ ခရီးသွားပိုစ့်ရေးသူ သတင်းထောက်အနေနဲ့ Stereotype လုပ်ပြီး မရေးသင့်ပါဘူး…

ဒါပေမဲ့ တောင်တက်ကားက ရသေ့တောင်မှာပဲ ချပြီး ကျန်တဲ့အပိုင်းလမ်းလျှောက်ရတာကိုရေးကတည်းက သူမဟာ ခရီးသွားပိုစ့်ရေးဖို့ သတင်းထောက်တစ်ယောက်အနေနဲ့ မထိုက်တန်ပါဘူး… သွားမဲ့နေရာကို သေချာလေ့လာသွားသူအဖို့ ဒါဟာ ကြိုတင်သိရမဲ့အရာဖြစ်ပြီး ဝေဖန် ကွန်ပလိမ်းလုပ်နေစရာမလိုပါဘူး…
သူမရဲ့အမှားတွေ ထောက်ပြတာအပြီးမှာ ကျွန်မတို့ လူမျိုးတွေဘက်က တုန့်ပြန်မှုကို ပြောရအောင်… သူမရဲ့ ဆောင်းပါးအတွက် သူမကို မြန်မာလူထုက (အထူးသဖြင့် စကာင်္ပူက မြန်မာလူထု) ပြန်ပြောထားတဲ့ ကွန်မန့်ပေါင်းလဲ ၄၀၀ ကျော်ရှိပါတယ်… ဒီလို ပြန်ပြောကြတဲ့အထဲမှာ ကျွန်မအမြင် မှန်မှန်ကန်ကန်နည်းလမ်းနဲ့ သူမကို ဝေဖန်ထားတာ ခြေပထားတာတွေကို တွေ့ရသလို… ဒေါသအလျှောက် မဆိုင်တာတွေဆွဲထည့်ပြီး စလုံးအသိုင်းအ၀ိုင်းတစ်ခုလုံးကို သိမ်းကြုံဆဲဆိုထားတာတွေလဲ တွေ့ရပါတယ်… အရေးအကြောင်းဆို သွေးနီးကြတာ၊ ကိုယ့်အမျိုးကိုထိရင် မခံနိုင်တဲ့ စိတ်ဓာတ်က မှန်မှန်ကန်ကန် အသုံးအချရင် ကောင်းတဲ့ စိတ်ဓာတ်တစ်ခုပါ… ခုချိန်မှာ ကမ္ဘာဟာ ရွာကြီးတစ်ခုလိုဖြစ်နေတဲ့အတွက် အင်တာနက်ပေါ်ပဲဖြစ်စေ အပြင်မှာပဲဖြစ်စေ ကိုယ့်အပြုအမူတစ်ခု အပြောအဆိုတစ်ခုဟာ သန်းပေါင်းများစွာသော လူမျိုးခြားတွေအမြင်မှာ အထင်သေးစရာမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းရှိသင့်ပါတယ်…

ဖေ့ဘွတ်ပေါ်မှာ ဘလော့ဂါသူငယ်ချင်းတစ်ယောက် တင်တဲ့စကားလို မြန်မာတွေ သိမ်ငယ်နေတဲ့စိတ်ကြောင့် ဒီလောက်တောင် တုန့်ပြန်ကြတာလားဆိုတဲ့ စာကြောင်းကို တွေ့တော့ ကျွန်မစိတ်ထဲက အဖြေဖော်လို့မရတဲ့ ခံစားချက်လေးနဲ့ ကွက်တိသွားကျသလိုဖြစ်နေတယ်… ဟုတ်တယ်… အောင်မြင်ပြီးတိုးတက်နေတဲ့ နိုင်ငံကလူတွေက သူတို့ကို ဒီလိုလာပြောရင် ချက်နဲ့လက်နဲ့ ကောင်းကောင်းမွန်မွန်ပြန်ပြောကြမှာပဲ… ဒေါသသွေးဆူပြီး ဒါငါတို့ကို နှိမ်တာလို့ ဘယ်သူမှထင်မှာမဟုတ်ပါဘူး… ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့လူမျိုးဖြစ်ရတာကို သိမ်ငယ်နေတဲ့စိတ်မရှိလို့လို့ ထင်ပါတယ်…(ဒါကကျွန်မစိတ်ထဲခံစားရသလိုရေးတာပါ တခြားအကြောင်းအရာလဲဖြစ်နိုင်တဲ့အတွက် သဘောထားကွဲလွဲနိုင်ပါတယ်) ခုလိုဖြစ်ကြတာ ကျွန်မတို့နိုင်ငံက သူတို့နိုင်ငံထက် နိမ့်နေသေးလို့ နှိမ်ခံရတာကို မခံမရပ်နိုင်ကလဲဖြစ် သူမပြောတဲ့ဝန်ဆောင်မှုနဲ့ပတ်သတ်တဲ့ အချက်တွေကလဲ မှန်နေတော့ အားမလိုအားမရဖြစ်ပြီး အမှန်တရားကိုလက်မခံချင်ပဲ သူမကို အနိုင်ပြန်ပြောချင်တော့တာပဲသိသလိုဖြစ်နေပါတယ်… အမှန်တော့ သူမ ယခုလို ကျွန်မတို့နိုင်ငံက သူတို့ရဲ့ ကမ္ဘာ့မြေပုံပေါ်မှာ အစက်လောက်ရှိတဲ့နိုင်ငံကို မှီဖို့လိုပါသေးတယ်ဆိုတဲ့ နှိမ်ချတဲ့စကားနဲ့ အဆုံးသတ်ထားတာကြည့်ကတည်းက သူမရဲ့စိတ်ဓာတ်ဟာ မပြည့်ဝပဲ “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” သလို ဟုတ်လှပြီ… မြင့်လှပြီထင်နေတာ တဖက်ကပြန်ကြည့်ရင် သနားစရာတောင်ကောင်းပါသေးတယ်…

ဒါနဲ့ သူတို့ စလုံးတွေရဲ့ လူလစ်ရင်လုပ်တတ်တဲ့အကျင့်ဆိုးတွေ သူများထက်နည်းနည်းလေးသာလိုက်ရမှ ကျေနပ်တာ… စတဲ့ ရရင်ရသလို အခွင့်ရေးယူ တတ်တဲ့ မကောင်းတဲ့ စိတ်ဓာတ်လေးတွေအကြောင်း  ကိုဇက်တီရဲ့ ကရားဆူးတို့ပြည်ပိုစ့်လေးကို သွားဖတ်ကြည့်ရင်လဲ သူတို့နိုင်ငံသားတွေဟာ စည်းကမ်းတွေ ပစ်ဒဏ်တွေ သတ်မှတ်မှုကြောင့်သာ လိုက်နာနေရတာဖြစ်ပြီး ကိုယ်ပိုင် အသိတရားနဲ့ အဆင့်အတန်းမြင့်နေကြတာမဟုတ်ပါဘူး… ကျွန်မတို့ မြန်မာပြည်တိုးတက်ကောင်းစားရင် သူတို့ စကာင်္ပူနိုင်ငံရဲ့ စီးပွားရေးကို အကြီးအကျယ်ထိခိုက်မယ်ဆိုတာလဲ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သူတို့သိထားတော့ ကျွန်မတို့နိုင်ငံ တိုးတက်ကောင်းစားမှာကို မလိုလားဆုံးက သူတို့ပါပဲ… ကျွန်မကတော့ သူတို့လို မပြည့်တဲ့အိုးတွေကို ခုလောလောဆယ်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြန်ရန်မဖြစ်ပဲ “တစ်နေ့ငါတို့နိုင်ငံ နင်တို့ထက်သာစေရမယ်”ဆိုပြီးပဲ ကြုံးဝါးလိုက်ချင်ပါတယ်…


လိုရင်းကို ပြန်ဆက်ရရင်ဖြင့် ကျွန်မတို့တွေ အနေနဲ့ တုန့်ပြန်သင့်သလောက် ချက်နဲ့ လက်နဲ့ ကိုယ့်ဘက်က ဒေါသကို ထိမ်းပြီး မှန်မှန်ကန်ကန်တုန့်ပြန်သင့်သလို… ကိုယ့်ပြည်မှာ တကယ်ပဲ တိုးတက်ဖို့ လိုနေတဲ့ ယခုချက်ချင်း ပြင်ဆင်ဖို့လိုနေတဲ့အရာလေးတွေကို ကိုယ်ကိုတိုင်ကလဲ လက်ခံပြင်ဆင်သင့်ပါတယ်… ယခင်က ကျွန်မကြားဖူးတဲ့ စကားပုံက “သားသမီးမကောင်း မိဘခေါင်း” ဆိုတာပင်မဲ့ ယခုတော့ နိုင်ငံကို နှစ်ပေါင်း ၅၀ ချယ်လှယ် အုပ်ချုပ်ခဲ့တဲ့ မိဘမကောင်းခဲ့လို့ ကျွန်မတို့ ပြည်သူပြည်သား, နိုင်ငံ့သားသမီးတွေ ဒီလိုမျိုးတွေနဲ့ တွေ့ကြုံဖြေရှင်းနေရတာပါ… သို့သော် ယခုအချိန်မှာ ဘယ်သူမကောင်းလို့ ဘယ်သူ့အပြစ်ကြောင့်ဆိုတာကို ပြောနေဖို့ထက် ကိုယ့်တိုင်းပြည် ကောင်းအောင်လုပ်ဖို့က အဓိကကျပါတယ်… (အပြစ်ရှိသူတွေရဲ့ အပြစ်တွေကို မေ့လိုက်ဖို့ ဆိုလိုခြင်းမဟုတ်)… အဓိကပိုကျတဲ့အရာကို လုပ်ဖို့ဆိုလိုတာပါ…

ကျွန်မအပါအ၀င် Todayonline ကခရီးသွားဆောင်းပါးမှာ ကွန်မန့်ပေးကြသူတွေ ဖေ့ဘွတ်ပေါ်မှာပေါက်ကွဲကြသူတွေဟာ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ အဖက်ဖက်မှာ တိုးတက်ဖို့လိုနေတဲ့ ကိုယ့်နိုင်ငံအတွက် ကိုယ်က ဘယ်လောက်မှ များများစားစားမလုပ်ပေးနိုင်သေးလို့ ကိုယ်လုပ်ပေးနိုင်သလောက် ကိုယ့်မြန်မာကို အထင်သေးစော်ကားတဲ့ သတင်းထောက် Ms Lim ကို ၀ိုင်းပြီး ဝေဖန်ကြတယ်ဆိုတာထက်… ကိုယ့်နိုင်ငံရဲ့ ဂုဏ်ကို သဘောထားကြီးမှုနဲ့အတူ မှန်မှန်ကန်ကန်တုန့်ပြန်သင့်သလို နောက်ဆို ဒါမျိုး အပြောမခံရအောင် ကြိုးစားကြဖို့ပဲရှိပါတယ်… ကျွန်မ ပြောလေ့ရှိသလိုပဲ ကိုယ့်နိုင်ငံရဲ့ဂုဏ်ဟာ ကိုယ့်ရဲ့ အပြုအမူအပြောအဆိုနဲ့ စိတ်ဓာတ်ပေါ်မူတည်ပါတယ်… အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့ ထိတွေ့မှုပိုများတဲ့ နေရာတွေမှာရှိတဲ့သူတွေရဲ့ ပြုမူပြောဆိုပုံနဲ့ စိတ်ဓာတ်ပေါ်မူတည်ပြီး ကိုယ်နဲ့ဆက်ဆံတဲ့ နိုင်ငံခြားသားက ကိုယ့်တစ်နိုင်ငံလုံးကို ဆုံးဖြတ်မှာပါ… တစ်ကယ်လို့ ဒီနိုင်ငံခြားသားက ပထမ မြန်မတစ်ယောက်အဆိုးနဲ့တွေ့တယ်… နောက်တစ်ယောက်လဲ ဒီလိုပဲဆိုးတယ်… သုံး၊ လေးယောက်ဇာတ်တိုက် ပုံစံတူဆိုးနေရင် မြန်မာတစ်နိုင်ငံလုံးကလူတွေဒီလိုပဲလို့ ကောက်ချက်ချသွားမှာပါ… ဒီလိုပဲ သူတွေ့ခဲ့တဲ့ မြန်မာ ၃ယောက် ၄ယောက်က သဘောထားကြီးကြီး ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံခဲ့ပြီး ၁ယောက်လောက်ကပဲ ဆိုးတယ်ဆိုရင်တော့ ဆိုးတဲ့သူတစ်ယောက်တည်းကိုသာ အပြစ်မြင်ပြီး မြန်မာလူမျိုးအားလုံးကို အပြစ်မမြင်တော့ပါဘူး…

ဒီနေရာမှာ ကျွန်မပြောလိုတာက တစ်ဦးတစ်ယောက်ချင်းစီကောင်းရင် တစ်စတစ်စနဲ့ အားလုံးကောင်းလာပြီး ကောင်းတဲ့နှုန်းများတဲ့အတွက် မကောင်းတဲ့ အနည်းစုကို ဖုံးသွားမှာပါ… ဥပမာ… ကျွန်မ မြန်မာပြည်မှာနေတုန်းက အမှိုက်ကို ပစ်ချင်သလိုပစ်တာပါ… ဒါပေမဲ့ စကာင်္ပူရောက်တော့ အဲလို မလုပ်ဖြစ်တော့ဘူး… အစကတော့ မလုပ်ရဲတော့တာ (လုပ်ချင်တယ်ဆိုတဲ့သဘော)… ဒါပေမဲ့ ဒီမှာ အမှိုက်ကို စည်းကမ်းမဲ့ပြစ်တဲ့သူမရှိတော့ ကိုယ်လုပ်ရင် ကိုယ်မကောင်းတာပေါ်လွင်တဲ့အတွက် မလုပ်ဖြစ်တော့တာ… ခုတော့ ကျွန်မကိုယ်တိုင်ကိုက စည်းကမ်းမဲ့ အမှိုက်မပစ်ချင်တောတာ… လူလစ်လဲ မလုပ်ချင်ဘူး… ကိုယ့်နိုင်ငံကိုယ်ပြန်လို့ သူများတွေစည်းကမ်းမဲ့ပြစ်နေလဲ ကျွန်မတစ်ယောက်ကောင်းဖို့ အရင်လိုတယ်ဆိုပြီး အမှိုက်ကို အမှိုက်ပုံးတွေ့မှပြစ်တယ်… တစ်ယောက်ချင်းစီတစ်ဖြည်းဖြည်းကောင်းလို့ များလာရင် အားလုံးကောင်းသွားမယ်လို့ ယုံကြည်တယ်… သူများတွေအားလုံးကို ပြောင်းသွားအောင် မလုပ်နိုင်သေးမှတော့ ငါလုပ်နေလဲ အလကားပဲ ငါလဲအမှိုက်ပစ်တာပဲကောင်းတယ် ဆိုတဲ့စိတ်ဖြစ်နေရင်တော့ ဘယ်တော့မှ ကောင်းလာမှာမဟုတ်တော့ဘူး…


ကိုယ့်တိုင်းပြည်ကောင်းဖို့ ကိုယ့်တိုင်းပြည် သူများတွေနှိမ်စရာမဖြစ်ဖို့ ကိုယ်ဘာမှ မလုပ်နိုင်ပါဘူးလို့ မထင်ပါနဲ့… မှန်ကန်တဲ့နည်းလမ်းနဲ့ တစ်စတစ်စ ပြုပြင်သွားရမှာပါပဲ… နှစ် ၅၀ကျော် ဖျက်စီးခံထားရတဲ့ စိတ်ဓာတ်တွေက ကျွန်မတို့သတိမထားလိုက်မိခင်မှာပဲ စိတ်ထဲ၊ အကျင့်စရိုက်ထဲ အမြစ်တွယ်နေတာတွေကို အဖြစ်မခံပါနဲ့တော့…
အရေးအကြောင်းရှိရင် စိတ်ဆပ်ပြီး ရင်ထဲမှာသိမ်းထားတဲ့ နာကျည်းချက်တွေနဲ့ပေါင်းပြီး အခွင့်အရေးရတာနဲ့ သိမ်းကြုံး မဆဲဆိုလိုက်ပါနဲ့… ဒီလိုမျိုးတွေဖြစ်နေတဲ့ အဓိကအကြောင်းအရင်းက မိဘမကောင်းခဲ့လိုပါ… ဒါပေမဲ့ ကျွန်မတို့သားသမီးတွေအနေနဲ့ တခြားမိသားစုကို တုန့်ပြန်ရာမှာ ကိုယ့်မိဘမကောင်းတာကို လက်မခံချင်လဲ လက်ခံနေရတဲ့အတွက် အဲဒိ ဒေါသစိတ်နဲ့ “ကုလားမနိုင် ရခိုင်မဲ” တဲ့ အပြုအမူထက်… “အော်… သူ့မိဘကသာ အကျင့်ဆိုးတာ သူ့သားသမီးတွေကတော့ အဆင့်အတန်းရှိရှိ ကောင်းရှာပါတယ်…” ဆိုတဲ့ ကောက်ချက်မျိုးရအောင် တစ်ဦးချင်းစီက တခြားနိုင်ငံကလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ထိမ်းထိမ်းသိမ်းသိမ်းရှိသင့်ပါတယ်...

ဖေမြင့်ဘာသာပြန်တဲ့ နှလုံးသား အဟာရစာအုပ်ထဲက ဖတ်ဖူးတဲ့ ဇာတ်လမ်းလေးတစ်ခုလိုပဲ… သဲသောင်ပေါ်က ကြယ်ငါးတွေအများကြီးကို ရေထဲပြန်ရောက်အောင် မကယ်တင်နိုင်ပင်မဲ့ လက်တလော ရေထဲကို ပြန်ရောက်အောင်လုပ်ပေးလိုက်တဲ့ ကြယ်ငါးလေးတစ်ကောင်အတွက်ကတော့ ထိရောက်တဲ့ ကူညီမှုပါပဲ… (ဇာတ်လမ်းခေါင်းစဉ်နာမည် ပြန်ရှာလို့တွေ့ရင် ပြောပြပါ့မယ်… သိသူရှိရင်လဲ ကွန်မန့်မှာပြောသွားပါ)… (ဇာတ်လမ်းခေါင်းစဉ် အင်္ဂလိပ်လိုက One at a time ပါတဲ့ ကိုဇူလိုင်ဒရင်းပြောလို့သိရပါတယ်)

တကယ်ပြောင်းလဲမှုကို လိုချင်ရင် ကိုယ့်စိတ်ဓာတ်နဲ့ သဘောထားတွေကိုလဲ ပြောင်းလဲသင့်တာတွေပြောင်းလဲဖို့ လိုနေပြီဆိုတာ ပြန်သုံးသပ်ကြည့်သင့်ပါတယ်….

ဒီအောက်က diagram လေးကတော့ ဘ၀မှာ ပြောင်းလဲမှု အဆိုးတွေနဲ့ ရင်ဆိုင်ရရင် လူတွေရဲ့ တုန့်ပြန်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ စရိုက်လေးတွေအကြောင်းရေးထားတာပါ... စိတ်ဝင်စားရင် အပြည့်အစုံကို Chapter 1: Thriving in Today's World ဆိုတဲ့နေရာကို ကလစ်နှိပ်ပြီး သွားဖတ်နိုင်ပါတယ်...



(ဒီပိုစ့်ဟာ မဗေဒါရဲ့ အတွေးနဲ့ ယုံကြည်ချက်ကိုသာ ဖော်ပြထားတဲ့ တစ်ဦးတစ်ယောက်အမြင်ဖြစ်ပါတယ်… စာဖတ်သူတို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်သလို အမြင်ကွဲလွဲမှုတွေရှိခဲ့ရင် အပြုသဘောနဲ့ ကွန်မန့်မှာ ဆွေးနွေးနိုင်ပါတယ်)

7 comments :

လွင်ပြင်လှိုင်းငယ် said...

မဗေဒါရဲ့ ထင်မြင်ချက်လေးကို အားပေးဖတ်ရှု့သွားပါတယ်
အသစ်အသစ်လေးတွေဖတ်ချင်လို့ လင့်လေးချိတ်သွားပါရစေခင်ဗျာ ။

Anonymous said...

ကျေးဇူးတင်ပါတယ်မဗေဒါ။
ကိုယ်ပြောချင်တာလေးတွေက မဗေဒါရေးထားတာလေးတွေနဲ့ တထပ်ထဲကျနေလို့ သဘောကျကျေးဇူးတင်စွာနဲ့ ဖတ်သွားပါတယ်။

Regards
KPS

kklin said...

long time no see byar .. ma bay dar :)
The post really reflect my feeling about the article too ^^
cheers
kkl

ဝိ၀ိ said...

မဗေဒါရဲ့ ဒီ အတွေးနဲ့ ယုံကြည်ချက်ပို့ စ်လေးကို
လေးလေးနက်နက် ဖတ်ရှုသွားပါတယ်

William said...

Ma Baydar,

I really like your impartial analysis and constructive criticism on Burma!

Regards,
William

Candy said...

မဗေဒါပြောတာကို ကန်ဒီလည်း လက်ခံတယ်
ဘယ်လောက်ဒေါသဖြစ်နေပါစေ.. ကိုယ့်အဆင့်အတန်းကို ပြသင့်တယ်.. ဒေါသထက် အမှန် ဖြစ်နေတာကိုတွေးပြီး အဆင့်အတန်းရှိရှိအကောင်းဆုံး ဖြေရှင်းသင့်တယ်

8Yar said...

ကျွန်တော်လည်း တစ်ခါတစ်ခါမှာ စ လုံးတွေကို စိတ်နာပါတယ်။ ဓားဆွဲပြီး ခုတ်ချင်လောက်အောင်ဖြစ်မိပါတယ်။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကို စော်ကားရင် အသားတွေတုန်တဲ့အထိ ဒေါသထွက်ဖူးပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စက ဒီလိုဖြေရှင်းလို့ မရဘူးဆိုတာ နားလည်ထားတော့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ စကားနဲ့ပဲ ဖြေရှင်းလိုက်ပါတယ်။ ကျွန်တော် မြန်မာအစ်ကိုတွေ၊ အစ်မတွေလည်း နိုင်ငံအတွက် လူကြီးလူကောင်းဆန်ဆန် အကောင်းဆုံးနည်းနဲ့ပဲ တုန့်ပြန်ကြပါလို့ တိုက်တွန်းပါရစေခင်ဗျာ။