Monday, April 16, 2012

ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် အပိုင်း ၇

အပိုင်း ၁ မှ ၅ ကိုဖတ်ရန် ဒီနေရာကို ကလစ်နှိပ်ပါ...


အပိုင်း ၆ ကိုဖတ်ရန် ဒီနေရာကို ကလစ်နှိပ်ပါ...

အခန်းဆက်ဝတ္တု label ဖြင့်လဲ ၀တ္တုများကို ဖတ်ရှုနိုင်ပါသည်...


ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၇)…



ဖူးစာလေပြည်လေးတွေ
ဖြတ်ပြေးသွားတာ...
မုန်းတိုင်းကြားက ကျွန်မအတွက်တော့
ဘယ်သဲကွဲလိမ့်မလဲ…


မင်းထက်ပိုင်တစ်ယောက် သူ့မေမေ ရုတ်တရက်ပျောက်ဆုံးသွားတယ် ဖုန်းရကတည်းက စိတ်ပူနေခဲ့သည်… အစိုးရိမ်ဆုံးက အချိန်မရွေးထဖောက်နိုင်သည့် သူ့မေမေ၏ သွေးတိုးရောဂါကြောင့်ဖြစ်သည်… ထို့အတွက် မေမေဘယ်သွားသွား ဒရိုင်ဘာအရှည်ကြီးနှင့် ဒေါ်လေးမေကို အတူလိုက်ပါခိုင်းသည်… ရာဇာဖုန်းခေါ်ချိန်တွင် ဒေါ်လေးမေဈေးသွားနေတုန်း ဘုန်းကြီးကျောင်းသွားမယ်ဆိုပြီး အရှည်ကြီးကိုပို့ခိုင်းပြီး ထိုမှတဆင့် ပျောက်သွားသည်ဟုဆိုသည်…

ထိုဘုန်းကြီးကျောင်းမှာ ဒေါ်ထိပ်ထားခင် ယခင်ရုံးကန်ခဲ့ရစဉ်က သွားရောက်နေကျဖြစ်ပြီး တစ်ခါတစ်ရံ ပြန်သွားဖြစ်လျှင်ပင် အရှည်ကြီးတို့ ဘုန်းကြီးကျောင်းတွင်းထိလိုက်ခွင့်မရပဲ သူမသာလျှင် အရင်အတိုင်းသွားရောက်လေ့ရှိသည်...

"ဘာသတင်းရသေးလဲ... ရှာလို့တွေ့လား... သူ့အရင်က မိတ်ဆွေတွေကိုရော မေးပြီးပြီလား... တကယ်လို့ညနေထိမှ သတင်းမရရင်တော့ ရဲစခန်းကို အကြောင်းကြားရလိမ့်မယ်"...

ရာဇာနှင့်ဖုန်းချအပြီးတွင်ပင် မင်းထက်ပိုင်ဖုန်းထပ်မြည်လာသည်... မေမေ့သတင်းဖုန်းစောင့်နေသူမို့ ချက်ချင်းကိုင်လိုက်သည်…

"ဟလို..."



"ကိုမင်းထက်ပိုင်နဲ့ စကားပြောချင်လို့ပါ"... မိန်းကလေးတစ်ယောက်ရဲ့ ညင်သာပင်မဲ့ ပြတ်သားတဲ့ စကားသံကို ကြားလိုက်ရလို့ ဘယ်သူများလဲလို့ မင်းထက်ပိုင်စိတ်ထဲတွေးလိုက်မိသည်... မေမေများ မူးလဲလို့ တစ်ယောက်ယောက်က အကြောင်းကြားခြင်းလော...

တွေးမိလိုက်တဲ့ တချိန်ထဲမှာပဲ စိတ်ပူပြီး အမြန်ပြန်ဖြေလိုက်သည်...

"ဟုတ်ပါတယ်... ခုပြောနေတာ ဘယ်သူပါလဲ?"


"ခဏလေးနော်..."

"အဒေါ်... အဒေါ် ရော... ဘယ်ရောက်သွားလဲ... ဟောတော့... ဒီမှာ ဖုန်းခေါ်လို့ရသွားမှ..." တဖက်ကိုလှည့်ကာ စကားပြောနေသော ထိုမိန်းကလေး၏ အသံကို ဖုန်းထဲမှ တဆင့် မင်းထက်ပိုင်ကြားနေရသည်...
ထို့နောက် ထိုမိန်းကလေး ဖုန်းဘက်သို့လှည့်ကာ...

"ဟလို... ကိုမင်းထက်ပိုင် မေမေကဖုန်းခေါ်ခိုင်းတာပါ... ခုနကသူဒီမှာရှိသေးတယ်... ခုဘယ်ရောက်သွားလဲ မသိဘူး.."

"မေမေ ဘာဖြစ်လို့လဲခင်ဗျာ... ခုဘယ်မှာလဲ ခင်ဗျာ..."

"ခု ကျွန်မတို့ ခုပဲခူးရောက်နေပါပြီ... အဒေါ်က အဲဒါပြောချင်လို့ဖြစ်မယ်...."

"ခင်ဗျာ??? ပဲခူး??" မင်းထက်ပိုင် အနည်းအကျဉ်းတော့ ခန့်မှန်းလို့ရသွားပါပြီ...

"ပဲခူးကနေ ဘယ်ဆက်သွားကြအုံးမလဲ ခင်ဗျာ?"

"ရှင်?...." နွေနှင်းစိတ်ထဲ တစ်မျိုးဖြစ်သွားသည်... သူ့မေမေ ဘယ်သွားမည်ကို မသိလေရော့သလား... ဘာတွေမေးနေတာပါလိမ့်... နွေနှင်းပြန်ဖြေမလို့ အလုပ်တွင်

"သမီး... ဖုန်းခေါ်လို့ရပြီလား?" နောက်မှ အဒေါ်ကြီး အသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်ကာ ခေါင်းညိမ့်ပြလျှက်

"ဟုတ်ကဲ့" ဟုဆိုကာ ဖုန်းကို ပေးလိုက်သည်...
ဒေါ်ထိပ်ထားခင် ဖုန်းကို ယူကာ…

"သားရေ... "

မင်းထက်ပိုင် သူ့မေမေအသံကြားမှ စိုးရိမ်စိတ် တစ်ဝက်လောက် လျော့ကျသွားသော်လည်း မေးခွန်းတွေ အဆက်မပြတ်မေးမိတော့သည်...

"မေမေ... မေမေ ခုဘယ်မှာလဲ... ဘယ်လိုဖြစ်ပြီး ပဲခူးရောက်နေတာလဲ... ဘယ်သွားမလို့လဲ... ဒီမှာစိတ်ပူလို့ရှာလိုက်ရတာ... "

"သားရေ... မေမေ အထက်မြန်မာပြည်ဘက် ခရီးသွားမလို့... သားဘာမှ စိတ်မပူနဲ့နော်..." နွေနှင်းတို့ မကြားအောင် ခပ်တိုးတိုးဖြင့်သာ ပြောလိုက်သည်...

"မေမေကလဲဗျာ... ဘုရားဖူးထွက်ချင်လဲ ကျွန်တော့ကိုပြောပေါ့... စီစဉ်ပေးမှာပေါ့... ခု ဘယ်က ဘယ်လိုသွားမှာလဲ... ခရီးစဉ်က ဘယ်လိုလဲ... ဘယ်သူတွေနဲ့သွားတာလဲ… ဘယ်တော့ပြန်ရောက်မှာလဲ..."

"အော် သားရယ်... ဘာမှစိတ်မပူပါနဲ့... ၁ပတ်လောက်ပဲကြာမှာပါ... ဖုန်းထပ်ဆက်မယ်သားရယ်... ဒါပဲနော်သား.. ကားထွက်တော့မယ်" ဒေါ်ထိပ်ထားခင်သွားမည့် ခရီးစဉ်ကို မပြောလိုပါ... ပြောလိုက်လို့ သားသိလျှင် နောက်မှ လူလွှတ်ပြီးဖြစ်စေ ကိုယ်တိုင်ဖြစ်စေလိုက်လာလျှင် လွတ်လွတ်လပ်လပ်သွားချင်သည့် သူမအစီအစဉ် ပျက်သွားနိုင်သည်... ဒီခရီးကို ထွက်လာရခြင်းမှာလဲ သူဋ္ဌေးမကြီး ဒေါ်ထိပ်ထားခင်ဆိုပြီး အကျိုးလိုလား၍ ဟန်ဆောင်ပြုံးပြနေကြသော ပတ်ဝန်းကျင်ကို ခေတ္တစွန့်ခွာချင်စိတ်ဖြစ်နေသောကြောင့်ဖြစ်သည်... ယခုတော့ ဒေါ်ထိပ်ထားခင်အတွက် နောက်ထပ် ရည်ရွယ်ချက်တစ်ခု မမျှော်လင့်ပဲတိုးခဲ့လေသည်... နွေနှင်းဆိုသည့် မိန်းကလေး...






သူမသားဆီဖုန်းခေါ်ဖို့ ဒေါ်ထိပ်ထားခင် နွေနှင်းကို တမင်အကူအညီတောင်းခဲ့ခြင်းဖြစ်သည်... ဖုန်းရခါနီးမှတမင် ရှောင်ထွက်သွားခြင်းဖြစ်သည်... နွေနှင်းကဲ့သို့ ဖြူစင်သော စိတ်ထားကောင်းသော မိန်းကလေးကို ချွေးမတော်ရလျှင် မဆိုးဟု လမ်းတစ်လျှောက် အကဲခပ်ရင်းတွေးမိသည်... နွေနှင်း၏သူငယ်ချင်း သီရိဆီက ကြားခဲ့ရသော နွေနှင်း အကြောင်း တစေ့တစောင်းကြောင့် သူမတွင် လတ်တလော ရည်စူးထားသူမရှိကြောင်းနှင့် အမျိုးကောင်းသမီးဖြစ်ကြောင်းကိုလဲ သိထားပြီးဖြစ်သည်... နွေနှင်းအကြောင်းကို ဒေါ်ထိပ်ထားခင် ဒိထက်လေ့လာချင်သေးသည်... အထူးသဖြင့် သူမဟာ ထိပ်ထားကော်ပရေးရှင်းကြီး၏ ပိုင်ရှင် ဒေါ်ထိပ်ထားခင်ကို မသိဟုယူဆရသော နွေနှင်း၏ စိတ်နေသဘောထားအမှန်ကို စောင့်ကြည့်ချင်သေးသည်...

"အဒေါ်... ကားထွက်တော့မယ်တဲ့"....

ဒေါ်ထိပ်ထားခင်အတွေးများကိုဖြတ်ကာ… “အေးကွယ်… လာပြီ သမီးရေ…”

------------------------------ ။ ------------------------------









"မေမေ... ဟလို... ဟလို" ဖုန်းကို ပြောချင်ရာပြောပြီး ချသွားသော သူ့မေမေအကြောင်းကို သူကောင်းကောင်းသိပါသည်... လွတ်လွတ်လပ်လပ်ဖြင့် ပကာသနမရှိ သွားချင်လာချင်သည့် မေမေ့ဆန္ဒကို မေမေဖွင့်မပြောသော်လည်း သူရိပ်စားမိခဲ့ပါသည်... ဖုန်းထဲမှအသံကြားလိုက်ရသော မေမေနှင့် ခရီးတူတူသွားသည် မိန်းကလေးသည် မည်သူနည်း… မေမေ ဘယ်သူတွေနှင့်သွားသနည်း… ဘာပဲပြောပြော သူတ၀က်တော့ စိတ်သက်သာရာရသွားသည်… မေမေ့ကျန်းမာရေးကိုသာ စိုးရိမ်မိသည်…

သူ ရာဇာ့ဆီ ဖုန်းခေါ်လိုက်သည်…

"ဟလို... ရာဇာရေ... မေမေ ခုပဲဖုန်းဆက်တယ်... သူ ပဲခူးမှာတဲ့... အထက်မြန်မာပြည်ဘက် ခရီးသွားမလို့တဲ့... အဲဒါ အဲဒိဘက်က ငါတို့လူတွေကို အကြောင်းကြားထားပေးစမ်းကွာ... ပြီးတော့ မေမေ သူဟာသူလွတ်လွတ်လပ်လပ်ဖြစ်နေအောင် မသိမသာပဲ စောင့်ကြည့်ခိုင်းထားကွာ... တော်ကြာထပ်ပျောက်သွားအုံးမယ်... ပြီးတော့ အခြေအနေအားလုံးကို သတင်းပြန်ပို့ပါလို့... ဟော်တယ်တွေလဲ အဆင်ပြေအောင် လုပ်ထားကွာ..."

---------------------------- ။ ----------------------------------

ရှေ့ခုံက မိန်းကလေးကို သူ့ချစ်သူက သာသာလေးဆွဲယူကာ ရင်ခွင်ထဲ ချော့သိပ်လိုက်သည်… သူ့မျက်လုံးတွင် ကြင်နာခြင်းအပြည့်… မိန်းကလေးကတော့ ကြည်နူးခြင်းအပြုံးတွေရှက်သန်းနေလေရဲ့…

ကြင်နာနေတဲ့ ချစ်သူတွေဟာ အသည်းကွဲသူတွေအတွက်တော့ အခါးဆုံးဆေးတစ်ခွက်လိုပါပဲ… ဒီလိုမြင်ကွင်းမျိုးတွေကို မြင်တိုင်း နွေနှင်း မောင့်ကို သတိရမိတယ်… မောင်လဲ တစ်ချိန်က သိပ်ကိုဂရုစိုက်တတ်တဲ့ ချစ်သူပဲလေ… ကမ္ဘာပေါ်မှာ ပြောင်းလဲမှုအမြန်ဆုံးအရာက အချစ်ဆိုတဲ့အရာပဲဖြစ်ရမယ်… နွေနှင်း မျက်လုံးကို စုံမှိတ်ပြစ်လိုက်သည်… မြင်ကွင်းကိုရော အတွေးစတွေကိုပါ ပြတ်တောက်သွားချင်သည်…

နွေနှင်းကို ညင်သာစွာဆွဲယူထွေးပွေ့လိုက်သောအတွေ့ကြောင့် သူမမျက်လုံးအစုံကို မသိမသာဖွင့်ကြည့်မိသည်…
“ဟင်… မောင်…?”

အပြုံးဖြင့်နွေနှင်းကို ကြည့်နေသော မောင့်ကိုတွေ့တော့ နွေနှင်း မျက်ရည်တွေဝိုင်းကာ မောင့်ပါးပြင်ကို ထိတွေ့ကြည့်မိသည်… မောင်က နတ်သားတစ်ပါးလို တောက်ပနေလေရဲ့…

“မောင် တကယ်ပြန်လာတယ်နော်…”

နွေနှင်း မျက်ရည်များရှိုက်ငင်ကာ မေးလိုက်တော့ မောင်က ခေါင်းကို ညင်သာစွာညိမ့်ပြသည်…
“နွေနှင်းဘယ်သွားသွား မောင်အမြဲလိုက်မယ်လို့ပြောခဲ့တယ်လေ… နွေနှင်း မောင့်ကို ထားမသွားနဲ့ကွာ…”




မောင်ပြောရင်းဖြင့် နွေနှင်းကို တင်းကြပ်စွာပွေ့ဖက်လိုက်သည်…
နွေနှင်း ပါးပြင်တွင် မျက်ရည်များစည်းကျလာသည်… ၀မ်းသာလို့လား ၀မ်းနည်းလို့လာဝေခွဲမရ…


သို့သော် မောင့်ရင်ခွင်တွင်းမှာနေရသည်မှာ မီးတောင်တမျှပူလှသည်…

“မောင်ရယ်…. ဟင့်… ဟင့်”…








----------------------------- ။ ----------------------------------



“နွေနှင်း?… သမီးလေး…. နွေနှင်း…”

ဟိုးအဝေးက အသံတစ်ခုကို ကြားနေရရာက ထိုအသံက တဖြည်းဖြည်း နီးကပ်လာသည်… ပီသလာသည်… ကျယ်လောင်လာသည်… နွေနှင်း၏ ရှိုက်သံတစ်ခုအပြုမှာ သူမ မျက်လုံးအစုံပွင့်လာသည်…

“ဟင့်….” ချွေးတို့ဖြင့် စိုရွှဲနေသော ကိုယ့်ကိုကိုယ် သတိအမြန်ပြန်ကပ်အောင် ကြိုးစားယူရသည်…

“ကြည့်ပါအုံး… သမီးရယ် ချွေးတွေချည်းပဲ… ကားဘီးပေါက်လို့တဲ့ အဲဒါ အားလုံးအောက်ဆင်းသွားပြီး သမီး အိပ်ပျော်နေလို့ ပထမ မနှိုးပဲနေမလို့… ဒါပေမဲ့ ကားထဲက ပူလို့နှိုးလိုက်တာ… ချွေးတွေ သုတ်လိုက်အုံး… အပြင်က ကုက္ကိုပင်အောက်မှာ အရိပ်လဲကောင်းတယ် လေလဲကောင်းတယ်… သီရိတောင် အောက်ရောက်နေပြီ… လိုက်ခဲ့နော် သမီး…”

“ဟုတ်ကဲ့…” နွေနှင်း ရင်ထဲတွင် နာကျဉ်စို့နင့်နေသည်… မက်ခဲ့သော အိပ်မက်အတွက် ကိုယ့်ကိုကိုယ်စက်ဆုပ်သည်… သိစိတ်က ကြိုးစားမေ့ပျောက်နိုင်သော်လည်း မသိစိတ်က မောင်ဆိုသော သူ့ကို မျှော်လင့်နေမိသည်ဆိုတာကို နွေနှင်းလက်မခံချင်… အိပ်မက်ထဲက ၀မ်းနည်းဝမ်းသာဖြစ်ရမှုကို နိုးထချိန်တွေ ဆို့နင့်စွာခံစားရသည်… နွေနှင်း ရေဗူးကို ယူသောက်ကာ ရင်ဘတ်ပေါ်လက်ဖိ၍ သက်ပြင်းတစ်ချက်ချကာ ကိုယ့်ကိုကိုယ်စိတ်ထဲမှ ခေါင်းညိမ့်အားပေးလိုက်သည်…

“ဒါတွေ အချိန်ကြာလာတာနဲ့ အမျှ ပျောက်သွားမှာပါ…”

အပြင်ကို လှမ်းကြည့်လိုက်တော့ အဒေါ်ကြီးနှင့် သီရိတို့ ကုက္ကိုပင်အောက် လေတဖြူးဖြူးမှာ စကားကောင်းနေကြလေရဲ့…




----------------------------- ။ -----------------------------


အပိုင်း ၈ ကိုဖတ်ရန် ဒီနေရာကို ကလစ်နှိပ်ပါ...

8 comments :

Anonymous said...

မ၀ဘူးးးးး

mabaydar said...

ငိုချင်လာဘီ... ကလေးဆိုးလေးတွေကျနေတာပဲ... ဗြဲ... မ၀ရင် မုန့်ကျွေးမယ်... လာခဲ့...

Than Yaw Zin said...

စောင့်မျှော်လျှက်ပါ.. ma baydar... :)

Anonymous said...

အဟင့်..ဂယ်ဘဲ
ကောင်းခန်းရောက်ရင်း))

mabaydar said...

ရေးတုန်းက အသေရေးလိုက်ရတယ်... ခု ကိုယ့်ပါကိုယ် ပြန်ဖတ်ကြည့်တော့ ဟုတ်ပ... နည်းသလိုပဲနော်... အဟင့်...

သဉ္ဇာ - Thinzar said...

ဆက်ရေးဦးနော် :) ဒီဇာတ်လမ်းလေးကို တော်တော်သဘောကျတယ်..

icecubebar said...

ဘယ်တော့နောက်တပိုင်းတင်မှာလဲ

Anonymous said...

မဗေဒါ နောက်ဆုံးပို့ဒ်ကိုဖတ်ပြီး ဒီအခန်းဆက်ကို ဆက်ဖတ်ဖြစ်သွားတာ။

၁ကနေ ၈ ထိ အစအဆုံးဖတ်သွားပါတယ်။ မဗေဒါပြောသလိုပဲ ရုပ်ရှင်ဆန်တယ်။ စကားပြောတွေနဲ့ ပုံဖော်တာသာများနေပြီး စကားလုံး/ခံစားချက်တွေနဲ့ ပုံဖော်တာနည်းနေတယ်လို့ ထင်မိပါတယ်။ စကားပြောတွေနဲ့ ပုံဖော်တာများတော့ ဇာတ်လမ်းက သိပ်သွက်နေတယ်။

အပိုင်း ၂ရဲ့ section 4 လိုမျိုးလေးတွေ ထည့်သင့်တယ်လို့ ဂျူ ထင်မိပါတယ်။

နောက်ပြီး သေချာဖတ်ကြည့်မယ်ဆိုရင် တချို့အပိုင်းတွေကို တထိုင်တည်းမဟုတ်ဘဲ၂ခါ ၃ခါ ခွဲရေးထားတယ်လို့ ထင်မိပါတယ်။ အရသာက အဲလိုနေရာလေးတွေမှာ ဟ ဟ သွားတယ်လို့ ခံစားမိပါတယ်။

နောက် မဗေဒါပြောတာ တကယ်မှန်ပါတယ်။ စာက တကယ်ချရေကြည့်မှသာ ၏ ထားရမလား သည် ထားရမလား မည် or ပါမည် သုံးရမလား စသဖြင့် အဲလို အသေးစိတ်လေးတွေက အစ မလွယ်ကူတာကို တွေ့ရတာ ..

ဆက်ပြီး အားပေးနေပါတယ်နော်။
ထုံးစံအတိုင်း Fighting!! :)

ခင်မင်လျှက်
ဂျူ