Monday, April 09, 2012

ခင်မင်မှု ကံခေသူ… (သို့) စကာင်္ပူရောက်အလွဲများ (၁၂)

သင်နဲ့ သိပ်အဆက်အသွယ်မရှိတာကြာနေတဲ့ မိတ်ဆွေပဲဖြစ်စေ… အရမ်းတရင်းတနှီးမရှိခဲ့ပင်မဲ့ စကားပြောရအဆင်ပြေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်စေ… ပြောရရင်တော့ အဆက်အသွယ်ပြတ်နေတာကြာတဲ့ အသိမိတ်ဆွေမျိုးက ရုတ်တရက်ကြီး တွေ့ချင်လှချည့်ရဲ့ သတိရလို့ပါ ဆိုပြီး ဖုန်းခေါ်လာရင် သင်ဘယ်လိုခံစားရလဲ?
မဗေဒါကတော့ ကိုယ့်ကိုကိုယ် အထင်သိပ်ကြီးတတ်တယ်ပဲပြောရမလား… ယုံလွယ်တယ်ပဲပြောရမလား… “အော်… သူတို့ ငါ့ကို ခင်ရှာသားပဲ” လို့တွေးပြီး ဝမ်းသာတတ်ပါတယ်… ကိုယ်က အားတယ်ဆိုလို့ကတော့ ငြင်းပြစ်ရမှာ အားနာတတ်ပါတယ်…
ဒီလိုနဲ့ပဲ ဟောဒီလို ခံခဲ့ရတဲ့ မှန်းချက်နဲ့ နှမ်းထွက်လွဲခဲ့ရတဲ့ ဇာတ်လမ်းလေးတွေများနေပါပြီ…
ဒီပိုစ့်ဟာ အရင်အလွဲတွေလို ရီစရာဖြစ်ချင်မှဖြစ်မယ်… ဒါပေမဲ့ စကာင်္ပူရောက်မှ ကျွန်မတွေ့ရတဲ့ ခင်မင်မှုနဲ့ ပတ်သတ်ပြီး (မြန်မာပြည်တုန်းကတော့ ငယ်သေးလို့ ဒါမျိုး တွေ့ မကြုံခဲ့ရတာလဲ ဖြစ်မယ်) ဖြစ်တတ်တာလေးမို့ အလွဲထဲ ထည့်လိုက်တာပါ…





သတိရလို့ပါတဲ့...


ခုတစ်လော အဆက်အသွယ် သိပ်မလုပ်ဖြစ်ခဲ့တဲ့ အရင့်အရင် အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ မလေးရှန်း တရုတ် မိန်းမတစ်ယောက်က ရုတ်တရက်ကြီးတွေ့ချင်ရဲ့ဆိုပြီး ဆက်သွယ်လာပါတယ်… လွန်ခဲ့တဲ့ ၂နှစ်လောက်က သူတစ်ခါကိုယ့်ကို ဆက်သွယ်ဖူးပါတယ်… အဲဒိတုန်းက ကိုယ်လဲ ကိုယ့်ကိုခင်တယ်လေဆိုပြီး ဝမ်းသာအားရနဲ့ Night shift အပြန် အိပ်ငိုက်နေသော်လည်း သူ့အိမ်ထိတောင်သွားတွေ့ပါတယ်… ကိုယ့်အိမ်ဘက်ဆို သူအဝေးကြီးလာရမယ်လေဆိုတဲ့ အတွေးနဲ့ပါ… ဒါပေမဲ့ ဟိုရောက်တော့ သူသုံးတဲ့ ပိန်ဆေး Package ကို ဝယ်ဖို့ ဆွယ်တာဖြစ်နေပါတယ်… ဇွတ်အတင်းတော့ မရောင်းပင်မဲ့ သူတွေ့ချင်တဲ့ ရည်ရွယ်ချက်ကတော့ ပေါ်လွင်သလို ကိုယ့်ရဲ့ တစ်သက်လုံး မပိန်ဖူးခဲ့တဲ့ ခန္ဓာကိုယ်ကိုလဲ ရောဂါမျိုးစုံဖိတ်ခေါ်နေတဲ့အတွက်စိုးရိမ်လို့ သတိပေးတာဆိုတဲ့ စကားအသုံးအနှုန်းလှလှလေးတွေကို ရင်ခံစွာကြားခဲ့ရပါတယ် … “အော်… ငါ့ကို တွေ့ချင်တာထက် ဒီဟာကို ရောင်းချင်လို့ကိုး” ဆိုတဲ့ ခံစားချက်လေးက ကိုယ့်ခင်မင်မှုလေးကို အလွဲသုံးစားအခွင့်ကောင်းယူတယ်လို့ ထင်မိပါတယ်… ဥပမာ… သူနဲ့သွားလည်တုန်း စကားစပ်မိလို့ ပိန်ဆေးအကြောင်းပြောရင်း ကောင်းတယ်ဆိုပြီး ရောင်းရင် ဘာမှ မပြောလိုပါဘူး… ဒါပေမဲ့ အကြာကြီး မဆက်သွယ်ပဲ ရုတ်တရက်ထ ဆက်သွယ်ပြီး ရည်ရွယ်ချက်ရှိရှိတွေ့ချင်ခဲ့တာကို ခင်လို့ လွမ်းလို့ တွေ့ချင်ရုံ သပ်သပ်ပါလို့ပြောပြီး ခေါ်ထုတ်ထာ မကောင်းဘူးလို့ထင်တာပါ…

ခုလဲ ကျွန်မကို တွေ့ချင်ပြန်ပါပြီတဲ့… ၂နှစ်ကျော်အဆက်အသွယ်မလုပ်ဖြတ်တာတောင် ဖေ့ဘွတ်ကနေ တကူးတက မတ်ဆေ့ပို့ပြီး ဖုန်းနံပါတ်ကိုတောင်းပါတယ်… သူက လတ်တလောလဲ အလုပ်ထွက်ထားတာ အတော်လေးကြာနေပြီလို့ ကျွန်မသိရပါတယ်… ကျွန်မကိုလဲ ဘယ်အချိန်တွေ့မလဲ… ကြိုက်တဲ့နေရာပြော ငါလာခဲ့မယ်… စသည်ဖြင့် အလွန်တရာမှ ဖော်ရွေစွာ ကတီးကတီးလည်း ဆက်သွယ်ပါတယ်… စိတ်ထဲမှာ အားနာမိတယ်… ဒါပေမဲ့လဲ သူ့ရည်ရွယ်ချက်ကိုလဲ ကိုယ်က ရိပ်စားမိတယ်…. တချိန်တည်းမှာလဲ ခင်မင်မှုဆိုတာကို အလွဲသုံးစားလုပ်သလိုခံစားရလို့ စိတ်မကောင်းဖြစ်ရတယ်… ပထမဆုံးအကြိမ် အဲလိုဖိတ်ခေါ်မှုတွေကိုကျွန်မ မတွေ့တော့ဖူးလို့ ဆုံးဖြတ်ချက်ချလိုက်နိုင်ခဲ့တယ်…
ဒီလိုဆုံးဖြတ်ဖို့အတွက် သင်ခန်းစာရခဲ့တဲ့ တခြားအဖြစ်အပျက်လေးတွေရှိတယ်…


ဇွန်ဘီ Marketing


၂၀၀၅ ကျောင်းပြီးခါစ လုပ်ငန်းခွင်ဝင်ခါစအချိန်တုန်းက ဟိုးအရင် Part time အလုပ်က လုပ်ဖော်ကိုင်ဖက် မြန်မာကောင်လေးတစ်ယောက်က ဖုန်းဆက်ပြီး အပြင်မှာတွေ့ဖို့ ဖိတ်ပါတယ်… သတိရလို့ပါဆိုတဲ့ အကြောင်းပြချက်ပါပဲ… ဖုန်းထဲမှာလဲ ငယ်ပေါင်းသူငယ်ချင်းတွေလို သိပ်ဖော်ရွေတဲ့ အသံနဲ့ပါ… ပြောရမယ်ဆိုရင် ကိုယ်က သူ အလုပ်ကိုဝင်လာတဲ့အချိန် သိပ်မကြာခင်မှာပဲ ကျောင်းပြီးလို့ အဲမှာမလုပ်ဖြစ်တော့တာပါ… တွေ့လိုက် ခင်မင်လိုက်တဲ့အချိန်လေးက တိုတိုလေးပါ… ဒါပေမဲ့ မဗေဒါယုံလွယ်မိပြန်ရဲ့… “အော်… ငါ့ကိုခင်သားပဲ” ဆိုတဲ့ အတွေးဝင်လာသလို “မိတ်ဆွေဆိုတာ ဒီလိုမှမဖွဲ့… ဘယ်လိုဖွဲ့မလဲ” ဆိုပြီး တွေ့ဖို့ သဘောတူလိုက်ပါတယ်…
တကယ်တမ်းတွေ့တဲ့နေ့ကျတော့ သူနဲ့အတူ အသက် ၄၀ ဝန်းကျင် မိန်းမကြီး ၂ယောက်ပါလာတယ်… ပြီးတော့ ကျွန်မကို seminar တစ်ခုကို ခေါ်သွားတယ်… ပြီးတော့ သူတို့ ပစ္စည်းတွေကိုရောင်းတော့တာပါပဲ… သူတို့ပစ္စည်းရောင်းရုံမကဘူး ကိုယ်က မန်ဘာဝင်ထားပြီး တခြားသူတွေကိုပါ ထပ်ဆွယ်လာရင် အဲဒိအတွက် ကော်မရှင်နဲ့ရသလို ကိုယ်ဆွယ်တဲ့သူက ထပ်ဆွယ်လာရင် ကိုယ်ကဘာမှမလုပ်ပဲ ကော်မရှင်ထပ်ရအုံးမှာဆိုတဲ့ မဆန်းသောမရိုးသော network marketing ပဲခေါ်သလား အဲလိုအထာတွေပြောပါတယ်… အဲလိုမျိုး Talk show တွေ Seminar တွေကို အရင်ကလဲ ရောက်ဖူးနားထောင်ဖူးတဲ့ ကျွန်မ လုံးဝစိတ်ဝင်စားမှုမရှိပါဘူး… အဆုံးမှာ ကိုယ့်ကိုတောင် စင်ပေါ်ကပြောနေတဲ့သူက လက်ညှိုးထိုး မေးမြန်းပြီး ကိုယ်ထင်တဲ့အတိုင်းပြောတော့ လူထူးလူဆန်းလိုလို လူ့ငတုံးလိုလိုနဲ့ ဆက်ဆံခံခဲ့ရပါတယ်… တကယ်ချမ်းသာမဲ့ နည်းလမ်းဆိုရင်တောင် ကျွန်မ မကြိုက်ရင် မလုပ်ပဲနေပိုင်ခွင့်ရှိပါတယ်… ဒါပေမဲ့ အမြင်မတူတဲ့လူတစ်ယောက်ကို အထင်သေးသလိုလို ငတုံးပဲဆိုတဲ့ ပုံစံမျိုးနဲ့ ပြတ်ရယ်ပြုသလိုလုပ်ရင် အလွန်တရာမှ အရွဲ့တိုက်တတ်သောကျွန်မကလဲ ရှက်ရှက်နဲ့ Sign up လုပ််တတ်တဲ့ လူစားမျိုးမဟုတ်ပဲ မျက်နှာပြောင်တိုက်ထိုင်နေမှာပါပဲ… အဲဒိလို Seminar ခန်းထဲမှာ ကျွန်မထိုင်နေတဲ့အချိန်မှာ ကျွန်မကို သတိရလို့ တွေ့ချင်တယ်ဆိုတဲ့ ကောင်လေး ဘယ်ရောက်နေလဲ မသိပါ…

ပွဲပြီးတော့ ဘူဂစ်က Food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်မုန့်စားရင်း သူနဲ့ပါလာတဲ့ မိန်းမကြီး နှစ်ယောက် (တစ်ယောက်က သူ့ကိုယ်သူ ဆရာဝန်ပြောတာပဲ) ရဲ့ နားမုဒိန်းကျင့်ခြင်းကို ကိုယ့်ထမင်းကိုယ်စားခံရပြန်ပါတယ်… ဒါပေမဲ့ ကျွန်မကလဲ သူတို့ ပြောချင်ရာပြော ကိုယ်မကြိုက်တာ ကြိုက်တာထက် သူများကို နားမုဒိန်းကျင့်ပြီးမှ ရမဲ့လုပ်ငန်းမျိုးက ကျွန်မနဲ့ မကိုက်ဘူးဆိုတာ ရှင်းရှင်းကြီး သိထားလို့ပါပဲ… ဒီလုပ်ငန်းမျိုးကို ကျွန်မက ဇွန်ဘီ Marketing လို့ ကိုယ့်ဘာသာကိုယ် နာမည်ပေးထားပါတယ်… ကိုယ်ကိုက်ခံရပြီးရင် သူများကို ဆက်ကိုက်ဖို့ပဲရှိပါတယ်… ကျွန်မအမြင်ကို ဥပမာပေးတာသပ်သပ်ပါ… ဒီလုပ်ငန်းမှားတယ် မှန်တယ် မပြောလိုပါဘူး… တချို့တကယ်အပြောကောင်းသူတွေအတွက်တော့ အလုပ်ဖြစ်ရင်ဖြစ်မှာပါ…

ကိုယ့်ကိုပြောမရတဲ့အဆုံး အဖတ်တောင်မလုပ်ပဲ ကျောက်ခဲရေညစ်တောင် ထွက်အုံးမယ်… ဒီဟာမ ဘာအဆံမှ မရှိပါဘူးလေဆိုတဲ့ ပုံစံမျိုးနဲ့ အကြည့်ခံပြီး လမ်းခွဲခဲ့ပါတယ်… ကျွန်မစိတ်ထဲမှာလဲ အဲဒိကောင်လေးကို မိတ်ဆွေစာရင်းထဲမှ Shit+Delete လုပ်လိုက်ပါတယ်… သူလဲ ကျွန်မလို ကျောက်ခဲရေညစ်ကို ထပ်မဆက်သွယ်တော့ပါဘူး…





ကြွေးယူပြုံးပြုံး ကြွေးတောင်မုန်း


ဒီစကားပုံလေးကို ရင်းနှီးပြီးသားဖြစ်မှာပါ… ကျွန်မ သူများဆီက ပိုက်ဆံချေးရမှာ အလွန်တရာမှ ဝန်လေးပါတယ်… ချေးခဲ့ရင်တောင် ပြန်ပေးနိုင်မဲ့ အခြေအနေမျိုးရှိမှ ပြန်ပေးမဲ့ရက်ကို အသေအချာပြောပြီး ချေးပါတယ်… ထိုနည်းတူစွာ ကိုယ့်ဆီက ပိုက်ဆံလာချေးတဲ့သူရှိရင်လဲ ဘယ်တော့ ပြန်ဆပ်မှာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မပွင့်ပွင့်လင်းလင်းမေးလေ့ရှိပါတယ်… ဒီလိုမှပဲ ကိုယ့်အတွက်လဲ အဆင်ပြေမယ့် ပမာဏ ဖြစ်သလို သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်နဲ့ကိုက်ပြီး ကိုယ့်ပေးစရာရှိတာတွေကိုလဲ စီစဉ်လို့ရအောင် ငွေလည်ပတ်မှု အခက်မတွေ့အောင် ပြင်ဆင်လို့ရမှာပါ… (နှစ်နဲ့ချီပြီးကြာမယ်ဆိုရင်တော့ ငွေတန်ဖိုးကိုပါ ထည့်တွက်ရတော့မှာပေါ့… ခင်မင်မှုနဲ့ ယုံကြည်မှုပေါ်လဲ မူတည်တာပေါ့နော်..) ထားပါတော့…

ကျွန်မနဲ့ ရင်းနှီးတာ အတော်လေးကြာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်… ၂၀၀၃ လောက်ကတည်းကပါ… ဒါပေမဲ့ ကျောင်းသားဘဝကတည်းကလဲ အပြင်မှာတော့ သိပ်မတွေ့ဖြစ်ကြပါဘူး…. မြန်မာသင်္ကြံန်တို့ ကျွန်မအိမ်မှာ အလှူလုပ်မှတို့ တွေ့ဖြစ်ပါတယ်… ၂၀၀၆ အကုန် လောက်မှာ သူလဲ သူ့ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေပါပြီ… အဆက်အသွယ်လဲ အတော်ပြတ်နေခဲ့တာပါ… သူရုတ်တရက်ဖုန်းခေါ်ပြီး တွေ့ချင်တယ်ပြောတော့ မတွေ့တာကြာပြီလေဆိုပြီး တွေ့ဖြစ်ခဲ့ပါတယ်… ညစာတူတူစားရင် စကားတွေဖောင်ဖွဲ့ဖြစ်ခဲ့ပါတယ်… ဒီလိုနဲ့ ၂ခါလောက်တွေ့ဖြစ်ပါတယ်… ထိန်းမရတဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမှုက “အော်…. ငါ့ကိုခင်ရှာသားပဲ” ဆိုတာကြီးပါပဲ…


ဒီလိုတွေ့ပြီး ၁ပတ်လောက်ကြာတော့… ဖုန်းဆက်ပြီး ပိုက်ဆံ ၃၀၀ ချေးပါတယ်… ကိုယ်မမေးခင်ပဲ လကုန်ရင်ပြန်ဆပ်မယ်လို့လဲပြောပါတယ်… ဒီလိုနဲ့ကိုယ်လဲ လွှဲပေးလိုက်ပါတယ်… အဲဒိအချိန်ကစပြီး အဆက်အသွယ် ပြန်ပြတ်သွားပါတယ်… ပိုက်ဆံကို စိုးရိမ်လို့မဟုတ်ပါ… သူအရင်ရက်တွေက တွေ့ချင်ခဲ့တယ်ဆိုတဲ့ Motive က ပိုက်ဆံချေးချင်လို့များလားဆိုတဲ့ အတွေးမျိုး တွေးမိခဲ့တဲ့ ကျွန်မကပဲ သူငယ်ချင်း စိတ်ဓာတ်မရှိတာလား… “အော်… သူငယ်ချင်းဆိုတာ အရေးကြုံရင် ကူညီရမှာပဲလေ” ဆိုပြီး ကိုုယ့်စိတ်ကိုယ် ပြန်ဆုံးမဖြစ်ခဲ့တယ်…
ဒါပေမဲ့ သူပြန်ဆပ်မယ်ဆိုတဲ့ အချိန်မှာ ပြန်မဆပ်ပါဘူး… ၁လတိတိထပ်စောင့်ပါတယ်… ပြန်မဆပ်သလို ဘာ့ကြောင့်ပြန်မဆပ်ဖြစ်ကြောင်း… ဒါမှမဟုတ် “သူငယ်ချင်းရယ် နင့်ပိုက်ဆံငါသတိရပါတယ်… အဆင်မပြေသေးလို့ နောက်ပြန်ဆပ်မယ်နော်” ဆိုတဲ့ စကားမျိုးတောင် မလာပါဘူး… ခုတော့ လုံးလုံး အမေ့ခံသလိုဖြစ်နေတော့ ကိုယ်က ထုတ်တောင်းရပါတော့တယ်… ပိုက်ဆံကို ပြန်မဆပ်ချင်ရင် အစကတည်းက ချေးတယ်လို့ မသုံးနှုန်းပါနဲ့… ပေးပါ လို့သုံးနှုန်းပါ… ဒီလိုဆို ကိုယ်စေတနာရှိသလောက် ကူညီနိုင်သလောက် ပေးပါမယ်… ချေးတယ် ပြန်ဆပ်မယ်ဆိုပြီး အမေ့ခံတာမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါ…


ဒီလိုနဲ့ကိုယ်က တောင်းတော့ “ဘယ်လိုဖြစ်နေလဲ ပေးမှာပေါ့… ဒီပိုက်ဆံလောက်လေးနဲ့များ… ငါ့ဦးလေးတွေက ဒီမှာ သူဋ္ဌေးတွေပါ… နင့်ပိုက်ဆံကို စိတ်မပူပါနဲ့” ဆိုပြီး စိတ်မရှည်သလိုလို ပြန်တောင်းတဲ့သူကပဲ အလွန်လိုလေသံမျိုးနဲ့ပြောပါတယ်… နောက်ဆုံးတော့ ကျွန်မရဲ့ ခေါင်းမာမာနဲ့ ပြန်တောင်းမှုကြောင့် ပြန်ရလိုက်ပါတယ်… ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ “ငါတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံလိုက်ရပြီ… သူငယ်ချင်းတစ်ယောက်တော့ ဆုံးပြန်ပြီ” ဆိုပြီး ခုလုခုလုနဲ့ စိတ်မကောင်းဖြစ်ရပါတယ်… 




ကြားမှာအဆက်အသွယ် ပြန်ပြတ်သွားပေမဲ့ ၂၀၁၀ လောက်မှာ သူဆက်သွယ်လာပြန်ရော… ဒီလိုပဲ တွေ့ရအောင် သူကျွေးမယ်ဆိုပြီး ခေါ်ပါတယ်… သူလဲ တော်တော်လေး အဆင်ပြေနေလို့ အရင်က ကိစ္စကိုလဲ သင်ပုန်းချေချင်လို့ခေါ်တယ်ထင်တယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ မိတ်ဆွေမဆုံးဘူးဆိုတဲ့ အပျော်နဲ့ပေါ့… မတွေ့ဘူးငြင်းရင် ကိုယ်က အရင်ကိစ္စအတွက် စိတ်ထဲထားပြီး မခေါ်မပြောဖြစ်တယ်ဖြစ်မှာစိုးလို့ တွေ့ဖြစ်ပြန်ပါတယ်…
အင်းလေးမှာ ကျွန်မကို ရှမ်းခေါက်ဆွဲနဲ့ အကြော်စုံတစ်ပွဲကျွေးပါတယ်… သူအဆင်ပြေနေကြောင်း… အလုပ်က Bonus တွေ အရမ်းရကြောင်း… မကြာခင်လဲ ရာထူးတက်တော့မဲ့အကြောင်းပြောပါတယ်… ကြားရတာ ဝမ်းသာသလို အားလဲကျပါတယ်… နောက်ရက်ထပ်တွေ့တော့လဲ အော့ချက်က food court မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားပြီး ပြောဖြစ်တာတွေက သူရန်ကုန်မှာ အိမ် ဝယ်နိုင်ပြီဆိုတဲ့အကြောင်း မှတ်မှတ်ရရပြောလို့… ကိုယ်က သူ့ထက် အရင်ကျောင်းပြီးပြီး ရန်ကုန်က ရွှေပုန်းညက်တို့လို အိမ်ယာတွေမှာ ဝယ်ဖို့မပြောနဲ့ ကျောင်းသားဘဝ ချေးထားတဲ့ bank Loan တွေ ကြေခါစပဲရှိလို့ အားကျမိပြန်ရော… နောက်ပြီး သူ့အလုပ်က စပွန်ဆာပြီး ဒီဂရီဆက်တက်မှာဖြစ်သလို လီကွမ်ယုရဲ့ ပညာတော်သင်ဆုကိုလဲ သူလျှောက်ထားတာ ရတော့မည်ဖြစ်ကြောင်း… သူစာတော်သည်ကိုလဲ သိပါသည်... ဒီတော့လဲ ဟုတ်ရင်လဲ ဟုတ်မှာပါလေလို့ပဲ စိတ်ထဲက ယုံလိုက်ပါသည်… သူ့ကုမ္ပဏီက Bonus တွေ အများကြီးရတယ်ဆိုတာလဲ အဲဒိမှာလုပ်နေတဲ့ တခြားမြန်မာအသိတွေဆီကသိတော့ သူလိမ်တာမဟုတ်ဘူးဆိုတာသိပါတယ်… ကိုယ်ကတော့ မျက်လုံးလေး အဝိုင်းသားနဲ့ အားကျစွာနားထောင်ခဲ့ပါတယ်… 


သိပ်မကြာပါဘူး နောက် ၃ ၄ရက်လောက်ကြာတော့ ပိုက်ဆံ ၂၀၀ လောက်ချေးဖို့ မတ်စေ့ရောက်လာပါတယ်… သူငယ်ချင်းတစ်ယောက်နဲ့ ဖိလစ်ပိုင်ကို အလည်သွားမလို့ ၂၀၀ လောက်လိုနေလို့တဲ့… ဒီတော့ ကျွန်မက ဘယ်တော့ ဆပ်မှာလဲလို့ မေးသလို… ဆပ်မယ်ပြောတဲ့နေ့ ပြန်ဆပ်မှာ သေချာလားလို့မေးပါတယ်… ကျွန်မပိုက်ဆံကို ခင်မင်မှုတစ်ခုတည်းကြောင့် ဒီလိုပဲ ပေးလိုက်ရမှာ ဒီမေးခွန်းတော့ ကျွန်မမှာ မေးပိုင်ခွင့်ရှိတယ်လို့ထင်ပါတယ်… ဘဏ်တွေမှာ ချေးရင်တောင် မဆုံးနိုင်သော အထောက်အထားနဲ့ သပ်သေတွေပေးရပါသေးတယ်… အပေါင်တွေထားရပါသေးတယ်… သူ့ဘက်ကပြောတော့ “၂ဝဝလောက်လေးနဲ့ဟာ” တဲ့… ဒီကိစ္စမှာ ပိုက်ဆံထက်… ကျွန်မဘက်က ခံစားရတာက ချေးလိုက်လို့ ဟိုတစ်ခေါက်ကလိုဖြစ်ရင် ဒီတစ်ခါတော့ မိတ်ပျက်မယ် (အချိန်တန်လို့ မဆပ်ရင် ပြန်တော့တောင်းရမှာပဲလေ… ခင်မင်မှုကြောင့် ဒီတိုင်း အလွတ်ချေးပြီး အတိုးတောင်မှ မယူတာ… ပိုက်ဆံချေးပြီးရင်တော့ ပြန်ဆပ်သင့်တယ်လို့ထင်တယ်...) နောက်တစ်ခုကတော့ ခင်မင်မှုကို အယောင်ပြ အလွဲသုံးစားလုပ်တယ်လို့ ခံစားရတာပါ…

ကျွန်မမှာလဲ မလွယ်သေးဘူးလို့ပြန်လိုက်တော့… “နင်က ဘာတွေကုန်နေလို့လဲ… နင်မချေးချင်တာ ငါသိပါတယ်… သူငယ်ချင်းလိုသဘောထားလို့ ချေးတာ” ဆိုတဲ့ မတ်စေ့နဲ့ အဆုံးသတ်သွားပါတယ်… ကျွန်မ စိတ်မကောင်းဖြစ်ပါတယ်… ဒါပေမဲ့ ပိုက်ဆံမချေးခင် ၁ပတ်လောက်အလိုမှ သတိတရတွေ့ချင်တဲ့ သူငယ်ချင်းမှာ ကျွန်မထင်နေတဲ့ ခင်မင်မှုမျိုး မရှိဘူးဆိုတာတော့ သိလိုက်ပါတယ်…

ကျွန်မ ဝေခွဲလို့မရတာတစ်ခုက ခုလိုမျိုး မိတ်ဆွေက နက်ဝေါ့မားကဒ်တင်းဝယ်ခိုင်းတာပဲဖြစ်စေ… ပိုက်ဆံချေးပြီး ကတိမတည်တတတ်တဲ့ သူငယ်ချင်းမျိုးတွေကို ကျွန်မငြင်းလိုက်မိတာ ကျွန်မသူငယ်ချင်းကောင်း မပီသရာကျသလား… သဘောထားသေးသိမ်ရာကျလား… သေချာတာကတော့ ကျွန်မမိတ်ဆွေတွေလိုသမျှအားလုံးကို ကျွန်မမှာလဲ အပိုမရှိပါပဲနဲ့ လိုက်ကူနေတာဟာလဲ ၂ဦးလုံးအတွက် မှန်ကန်တဲ့ ကူညီမှုမျိုးမဟုတ်ဘူးဆိုတာကိုပဲ…
ဒါမှမဟုတ် ခင်မင်မှုမှာ ကံခေပြီး အဖြည့်ခံ လိုမှပဲကိုယ့်ကို ခေါ်ပြောချင်တာဟာ ကျွန်မကပဲ ခင်စရာမကောင်းသူတစ်ယောက် ဖြစ်ကောင်းဖြစ်နေလိမ့်မလားလို့ သံသယဝင်မိပါတော့တယ်…



All Photos get from Google

11 comments :

Mrs. Bagel said...

မြတ်ကြည်တော့ ကံကောင်းသေးလို့နေမယ်။ အဲလို အဖြစ်တွေမကြုံရသေးဘူး။ ချေးတဲ့သူတွေလည်း ပြန်ဆပ်တယ်။ ပြောစရာမလိုဘူး။ ပစ္စည်းစပ်တဲ့ သူငယ်ချင်းတွေတော့ရှိတယ်။ ဒါပေမယ့် ကိုယ်မတတ်နိုင်ဘူးဆိုရင် ဇွတ်မလုပ်ကြပါဘူး။ :)

Candy said...

လိုလို့ခေါ်တဲ့သဘောပေါ့...
လိုတမျိုး မလိုတမျိုး..
စိတ်ထဲထားမနေနဲ့ မမ..

နွေလ said...

ငါ့ကို ခင်ရှာသားပဲ ဆိုတဲ့ အတွေးကြောင့်
အစ်မ တော်တော် အစားခံလိုက်ရတယ် ထင်တယ်
အစ်မရေ . . . အချို့လူတွေက အဲ့အတိုင်းပဲ
ယူတော့ smile တောင်းတော့ hate ပဲ

subuueain said...

မဗေဒါလို အဖြစ်မျိုးဆန်ဆန်တွေ ဖြစ်ဖူးလို့ ခံစားချက်ကို ကိုယ်ချင်းစာနိုင်ပါတယ်။ စိတ်ထဲတနုံ့နုံ့ နဲ့ အတော်ခံရခက်ပါတယ်။ နောက်တော့ ကိုယ့်ဘာကိုယ် မိတ်ဆွေခန်း ဖြတ်လိုက်တော့တယ်။

မောင်ဗေ said...

မဗေဒါက ကပ်စေးပဲ.
၃၀၀ လောက်ကို ချေးပြီး ပြန်မတောင်းလဲ သူက အဆင်ပြေ၇င် ပြန်ပေးမှာပေါ့..
ဘာလို့ အတင်း ပြန်တောင်းချင် ၇တာလဲ..
သူငယ်ချင်းချင်း မျက်နှာထောက်သင့် တာပေါ့..
၃၀၀ နဲ့ မချမ်းသာ နိုင်ပါဘူး...

Anonymous said...

၃၀၀ လဲ ၃၀၀ ပဲ ကိုယ်အလကားရထားတာမဟုတ်ဘူး ခိုးထား ၀ှက်ထားတာလဲ မဟုတ်ဘူး။ အလကား ပေးလိုက်ပါပြောရင်တော့ တမျိုးပေါ့။ မဟုတ်လို့က တော့ ကျွန်တော်လဲ မဗေဒါလိုပဲ။ မရ ရအောင် ပြန်တောင်းတယ်.. သူတောင် မျက်နှာထောက်လို့ ချေးပြီး ပြန်မပေးသေးတာပဲ.. အဆင်မပြေသေးလို့ပါလို့ နားလည်အောင်ပြောရင် တမျိုးပေါ့.. အဲ့လိုလူမျိုး ခင်ဗျားကျမှ ကျေကျေနပ်နပ်ကြီး ချေးလိုက် မောင်ဗေ ရေ..

ပုံ/လိုတမျိုး မလိုတမျိုးများကို အမြင်ကပ်သူ

Anonymous said...

အပေါ်ကမောင်ဗေရေ
၃၀၀လောက်ကိုနည်းတယ်ထင်ရင် ကိုယ့်အလှည့်ကျမှကူညီလိုက်ပါကွယ်။ ပိုက်ဆံ၃၀၀လွယ်လွယ်နဲ့မရသလို ပိုနေလို့ပေးပစ်ချင်တယ်ဆိုအုံးတော့ တကယ်လိုအပ်နေတဲ့နေရာတွေအများကြီးပါ လှူပစ်လိုက်မှာပေါ့။ ဘာလို့ အလကားပေးပစ်ရမှာလဲ။ ပြန်မပေးတာမျိုးမကြုံဖူးပေမယ့် ပိုက်ဆံခဏခဏချေးဖူးပြီး ခံရဖန်များနေလို့ ကိုယ်ချင်းစာပါတယ် မဗေဒါရေ။

KPS

Anonymous said...

ကြုံဖူးသူမို့ ကိုယ်ချင်းစာပါရဲ့
ငွေလေး ၂၀၀ချေးပါ မိန်းမကျောင်းပြန်တက်မှာမို့ ဆိုင်လေးလည်းဖွင့်ပေးချင်လို့ ကူပါဆိုလို့ ကူမိတော့ ငွေပြန်မရတဲ့အပြင် အခေါ်ပြောပါ မရှိတော့ဖူး သူတော့မသိဖူး ကိုယ်ကချေးလိုက်ပြီး မျက်နှာပူနေရတယ်
တခါတခါ ကိုယ့်ဟာနဲ့ကိုယ် အခက်ကြုံတယ်ဆိုတာ ဒါမျိုးပေါ့မဗေဒါရယ်း)


မောင်ဘကြိုင်

mabaydar said...

ပိုက်ဆံ ၃၀၀ ရဲ့ တန်ဖိုးကို မသိသူဆိုရင်တော့ သူများရဲ့ ချွေးနည်းစာကို မတော်မတရား ခိုးဝှက်လုယူတတ်တဲ့ မြန်မာပြည်က တချို့သော အသိုင်းအ၀ိုင်းကနဲ့တူပါတယ်...
ဒေါ်လာ ၃၀၀ ဟာ မြန်မာပြည်က လူလတ်တန်းစားမိသားစု တစ်စု ခြိုးခြံသုံးရင် တစ်လအိမ်သုံးစားရိတ်စာရှိပါတယ်...

ပိုက်ဆံ ၃၀၀လောက် ပြန်မရတာရတာထက် ခင်မင်မှုကို အလွဲသုံးစားလုပ်တာကို ခံရခက်ပါတယ်လို့ ပိုစ့်မှာရေးခဲ့ပါတယ်... စာကို သေချာဖတ်နားလည်ပါလို့ မျှော်လင့်ပါတယ်...

သူပြန်မဆပ်လဲ ကျွန်မဘာမှမတတ်နိုင်ပါဘူး... သူငယ်ချင်းချင်း မျက်နှာထောက်လို့ ဘာ အပေါင်ပစ္စည်း ဘာအတိုး ဘာသက်သေမှ မရှိပဲ ကျွန်မချေးလိုက်တာပေါ့... သူပြန်မဆပ်လဲ ဒေါ်လာ ၃၀၀ လောက်နဲ့ သူ့တန်ဖိုး သူ့ခင်မင်မှုကို တန်ဖိုးဖြတ်လိုက်တယ်လို့ပဲ ကျွန်မမှတ်လိုက်မှာပါ... ကျွန်မပြန်တောင်းတာ ကျွန်မတို့ ခင်မင်မှုကို ၃၀၀နဲ့ တန်ဖိုးမဖြတ်ချင်ခဲ့လို့ပါ... သူဒီလိုနောက်တစ်ခါထပ်လုပ်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ...

ကွန်မန့်ပေးကြတဲ့ စာဖတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်...
ပိုက်ဆံတန်ဖိုး နားမလည်သူကို ခွင့်လွှတ်လိုက်ကြပါ... တချို့က ကိုယ်ခံရမှ နားလည်တတ်တဲ့ အမျိုးထဲမှာပါတယ်...

Sandi said...

i like this phrase "ပိုက်ဆံကို ပြန်မဆပ်ချင်ရင် အစကတည်းက ချေးတယ်လို့ မသုံးနှုန်းပါနဲ့… ပေးပါ လို့သုံးနှုန်းပါ… ဒီလိုဆို ကိုယ်စေတနာရှိသလောက် ကူညီနိုင်သလောက် ပေးပါမယ်… ချေးတယ် ပြန်ဆပ်မယ်ဆိုပြီး အမေ့ခံတာမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါ…"

Anonymous said...

တူလိုက်တာ.. မဗေဒါရေးထားတာတွေနဲ့ ထပ်တူဘဲ..
သူငယ်ချင်းကံမကောင်းဘူးလို့ ဘဲ မှတ်ပါတယ်..
ချေးချင်မှ အွန်လိုင်းပေါ်လာတဲ့ သူတွေကို နောက်ဆို အရမ်းသတိရတယ်..၊ စကားပြောချင်လို့ ပါ..၊ ဘယ်နေ့ အားလဲဆိုရင် အမှတ်မရှိဘဲ မဗေဒါလို ထင်မိပါတယ်... ခံရပေါင်းက မနည်းတော့ အခုဆို အဲ့ဒီ့လို အပြောတွေကို အရမ်းအရမ်းကို ကြောက်နေတော့တာပါဘဲ.. အပေးဘဲရှိပြီး ပြန်ကို မရတာပါ။ မရ ရအောင်တောင်ရင်တော့ အမုန်းနဲ့ ဘဲ အဆုံးသတ်ရတော့တာပါဘဲ။