Friday, May 28, 2010

Prince of Persia - The sands of Time Movie

ဒီနေ့ မထင်မှတ်ပဲ အဖော်ကောင်းလို့ Prince of Persia ကို ကြည့်ဖြစ်သွားပါတယ်... ဒီကားကို လွန်ခဲ့တဲ့ ၄လ ၅လလောက်ကတည်းက သူငယ်ချင်းတစ်ယောက်က ပြောလို့ကြည့်ချင်ခဲ့တာပါ... ဂိမ်းဝါသနာရှင်တွေကတော့ အဲဒိဂိမ်းက အတော်ကစားလို့ကောင်းတယ်လို့ပြောပါတယ်... သူငယ်ချင်းကတော့ ရုပ်ရှင်ဟာ ဂိမ်းလောက်မှ ကောင်းပါ့မလားလို့ သံသယ၀င်တယ်လို့ပြောပါတယ်... ကျွန်မလဲ အဲဒိဂိမ်းကို မဆော့ဖူးတော့ ဂိမ်းလောက် ကောင်းမကောင်းမသိပါဘူး... ဒါပေမဲ့ ရုပ်ရှင်ကတော့ သင့် ပိုက်ဆံအလကားဖြစ်တယ်လို့ မခံစားစေရပါဘူး...

ဇာတ်လမ်းအကျဉ်း

ပါရှားနိုင်ငံကို အုပ်ချုပ်တဲ့ဘုရင်ဟာ ညီအစ်ကိုတွေရဲ့ စည်းလုံးချစ်ကြည်မှု သစ္စာရှိမှုကို အလေးထားတဲ့သူတစ်ယောက်ပါ... သူ့မှာ ညီတော် ၁ယောက်နဲ့ သားတော် ၂ပါးရှိပါတယ်... ဒါပေမဲ့ တစ်နေ့ သူတိုင်းခန်းလှည့်လည်စဉ်မှာ အားနည်းသူကို သတ္တိရှိရှိ အမှန်တရားဘက်က ရပ်ပြီး ကယ်ခဲ့တဲ့ ဒတ်စ်တန် ဆိုတဲ့ ကလေးလေးကို မွှေးစားခဲ့ပါတယ်... ဒတ်စ်တန်ဟာ သူရသတ္တိနဲ့ ပြည့်စုံပင်မဲ့ သူ့ထီးနန်းကိုယူဖို့ လုံးဝစိတ်မ၀င်စားတဲ့ သားတော်တစ်ပါးဖြစ်လာခဲ့ပါတယ်... သူတို့နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အလမ်မတ် နိုင်ငံက သူတို့ရန်သူနိုင်ငံကို လက်နက်တွေရောင်းတယ် သတင်းရခဲ့တဲ့အတွက် သူတို့ဟာ အလမ်မတ်ကို ဒတ်စ်တန်ရဲ့ အစွမ်းနဲ့ သိမ်းပိုက်ခဲ့ပါတယ်... အဲဒိနိုင်ငံက မင်းသမီးကိုလဲ ခေါ်ယူခဲ့ပြီး သားတော်တစ်ပါးပါးနဲ့ ထိမ်းမြားပေးဖို့ ကြံရွယ်ခဲ့ပါတယ်... သို့သော် မထင်မှတ်ပဲ ပွဲတော်လုပ်တဲ့နေ့တွင် ဒတ်စ်တန်က ဖခမည်းတော်ကို ဆက်သတဲ့ အကျီင်္ဟာ အဆိပ်ရည်လူးထားတဲ့အကျီင်္ဖြစ်နေပြီး သူ့ဖခမည်းတော် ကွယ်လွန်ခဲ့သလို ဒတ်စ်တန်လဲ ဘုရင်ကို သတ်တဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲခံရကာ ၀ရမ်းပြေးဖြစ်ခဲ့ရပါတယ်... မင်းသမီးနဲ့ ဒတ်စတန်တို့ အတူတူ ထွက်ပြေးရင်း ဒတ်စတန် အလမ်မတ်ကို ၀င်တိုက်တုန်းက ကောက်ရခဲ့တဲ့ ထူးဆန်းတဲ့ ဖန်ဓားလေးရဲ့ အစွမ်းနဲ့ လျှို့ဝှက်ချက်ကို သိရှိခဲ့ရပါတယ်... ဒီလို အခက်အခဲတွေကြားမှာ သူအပြစ်မဲ့ကြောင်း ဘယ်လို သက်သေပြမလဲ... အချိန်ကို နောက်ပြန်သွားလို့ရတဲ့ ဖန်ဓားလေးကို သူဘယ်လို အသုံးချမလဲ... ဘုရင်ကြီးကို လုပ်ကြံတဲ့ တရားခံအစစ်က ဘယ်သူလဲ... သူ့ကို မုန်းတဲ့ မင်းသမီးလေး... အမြဲတမ်း ဖန်ဓားလေးကို ပြန်ယူဖို့ ကြံစည်နေတဲ့ မင်းသမီးလေးနဲ့ သူဘယ်လို လက်တွဲပြီး အလုပ်လုပ်ခဲ့သလဲ... ချောမောလှပတဲ့ မင်းသမီးလေးနဲ့ သူနဲ့ ကြားက သံယောဇဉ် ယုံကြည်မှုနဲ့ တည်ဆောက်တဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲ... ဒါတွေအားလုံးကို တော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားတာက မဗေဒါ ပြန်ပြောတာထက် အဆပေါင်းများစွာ ကွာခြားပါလိမ့်မယ်...



အွန်လိုင်းက တစ်ချို့ review တွေဖတ်ကြည့်တာတော့ ဂိမ်းထဲက အကောင်နဲ့တူအောင်တော့ တစ်နေရာက တစ်နေရာခုန်တာတွေ ခိုတာတွေကတော့ အတော်လေး တူအောင်ရိုက်ထားတယ်လို့သိရပါတယ်... မင်းသားနဲ့ မင်းသမီး ၂ယောက်လုံးက ချောလို့လဲ ကြည့်ရတာ မပျင်းသွားပါဘူး... Action, Adventure, Fantasy, Romance အကုန်အစုံပါတဲ့ ကားကောင်းတစ်ခုပါပဲ... မဗေဒါအတွက်တော့ ဒီလိုကားမျိုးကို အွန်လိုင်းကနေ quality ညံ့ညံ့နဲ့ ကြည့်မဲ့အစား အရည်အသွေးကောင်းကောင်း အဆင့်အတန်းမှီမှီနဲ့ ရုံမှာ သွားကြည့်တာက ပိုတန်ပါတယ်... ဒီလိုမျိုး Graphic တွေ effect တွေ sound system တွေသုံးထားတဲ့ ကားကောင်းတစ်ကားကို အလကားရတဲ့ အွန်လိုင်းကနေ ကွန်ပြူတာ screen သေးသေးလေးနဲ့ ကြည့်မဲ့အစား ရုံမှာ အရသာခံပြီး သွားကြည့်တာ အကောင်းဆုံးပါ... အရသာရှိတဲ့ မုန့်တစ်ခုကို အရသာမခံပဲ တစ်ခါတည်းမျိုချရင် တန်ဖိုးမရှိတော့ပါဘူး... အရသာရှိတဲ့ မုန့်ကို အရသာခံပြီးစားမှသာ တန်ဖိုးရှိမှာပါ... နောက်ပြီး ရုပ်ရှင်ပြုလုပ်သူတွေ စိုက်ထုတ်ထားတဲ့ ကြိုးစားအားထုတ်မှုကိုလဲ အလေးထားတဲ့အနေနဲ့ ရုံမှာ ကြည့်ပြီး အားပေးကြပါလို့...

Wednesday, May 26, 2010

It's Time for JKS's sexy back (or) fan meeting 6

ကိုရီးယား မင်းသားတွေအကြောင်းချည်းရေးနေလို့ ကိုရီးယားမင်းသားကို စိတ်မဝင်စားတဲ့သူတွေအတွက် အားနာမိပါတယ်... ဒါပေမဲ့ စပြီးသားဖြစ်နေတဲ့ ဂျန်ဂမ်ဆပ် စကာင်္ပူကအကြောင်းလေးကိုတော့ ပြီးဆုံးအောင် ရေးသင့်တယ်ထင်လို့ ဆက်ပါရစေ... ၃ပုဒ် ၄ပုဒ်လောက်ပဲကျန်မှာပါ... ပြီးရင် မဗေဒါမြန်မာပြည်မှာတုန်းက မိဘမဲ့ဂေဟာကို အလှူလုပ်တုန်းက ဗွီဒီယိုဖြစ်ဖြစ်... မဗေဒါရဲ့ ခရီးသွားမှတ်တမ်းဗွီဒီယိုဖြစ်ဖြစ်... ဒီတစ်ပတ် အလုပ်ပိတ်ရက်အတွင်း ၁ခုခုထွက်အောင်တော့ ကြိုးစားပါ့မယ်... အိပ်ရေးက ခုတစ်လောမဝတော့ စိတ်ကမကြည်ပဲ ဗွီဒီယိုအက်ဒစ်ဘက် မလှည့်နိုင်ဖြစ်နေတာပါ... ဂျန်ဂမ်ဆပ် fan meeting video ကျတော့ သိပ်အက်ဒစ်စရာမလိုပဲ ရိုက်လာတာလေးကို ဖြတ်လိုက်ရုံပဲဆိုတော့ လွယ်ကူတယ်လေ...

ရှေ့အပိုင်းမှာ သူလေးအကျီင်္ဝင်လဲနေတုန်း ဆိုလ်းက fan meeting video ကို ပြတာအထိပြီးသွားပါပြီ... ခုတော့ သူလေးထွက်လာပါပြီ... အကျီင်္လဲလိုက်ပါပြီ... ရှပ်အကျီင်္အဖြူလက်ရှည်ပေါ်မှာ စတိုင်ကုတ်အနက်ရောင်လက်ပြတ်လေးနဲ့ သန့်ုပြန့်ခန့်ညား ဆွဲဆောင်မှုအားကောင်းနေပါတယ်... နောက်တော့ သူကရင်းနဲ့ Justin Timberlake ရဲ့ Sexy Back သီချင်းကို ဆိုပြီး ဖျော်ဖြေပါတယ်... အဆိုတော်မဟုတ်တာလဲ တစ်ကြောင်း က ရင်းနဲ့လဲ ဆို ရတော့ အသံကတော့ သိပ်မညိမ်ပါဘူး... ဒါပေမဲ့လဲ ပရိတ်သတ်အတွက်က ကိစ္စတော့ မရှိပါဘူး... သူဘာလုပ်လုပ် သူ့ကိုချစ်လို့ ဒီပွဲလာတဲ့သူတွေချည်းပဲကိုး...

သူက သီချင်းဆိုရင်း Sexy အက Sexy ဟန်အမူအရာလေးတွေ လုပ်ပါတယ်... အဲလိုဆိုတော့ ကျွန်မစိတ်ထဲ သူ့အတွက် စိတ်မကောင်းသလိုလို... သဝန်တိုသလိုလိုဖြစ်မိပါတယ်... သိနေတယ်.. သူက မင်းသား.. သူက ကိုယ့်ကိုတောင် မသိဘူး... မင်းသားတစ်ယောက် အနုပညာသမားတစ်ယောက်အနေနဲ့ ပရိတ်သတ်အကြိုက် အမျိုးမျိုးလုပ်ပြတတ်ရမယ်... လုပ်လဲ လုပ်ပြရမယ်... ဒါတွေအားလုံးကို သိနေရက်နဲ့ ကျွန်မစိတ်ထဲမှာ သဝန်တိုပါတယ်... သူ့ကို ခုလို တခြားမိန်းမတွေ အများကြီးရှေ့မှာ အဲလို အကမျိုးတွေ မကစေချင်ပါ... ( ဟီး.. ဟီး.. ပိုင်စိုးပိုင်နက်နော်... ) စိတ်မကောင်းတာကတော့... သူအဲလိုတွေ ကပြရင် အောက်က မိန်းကလေးတွေက တအားအားနဲ့ အော်ဟစ်အားပေးနေကြတော့... အော် သူက ငါတို့ပေးတဲ့ ပိုက်ဆံနဲ့တန်အောင် ဖျော်ဖြေနေတာပဲ... ဒါသူ့ တာဝန်ပဲ... ငါတို့ပိုက်ဆံယူထားတော့လဲ ငါတို့ကို သူ့ခမျာ ဒီလိုမျိုးတွေ ဖျော်ဖြေနေရတယ်... ဒါမျိုးသူ့ကို တခြားအချိန်ကခိုင်းရင် သူလဲရှက်မှာပဲလို့... ဒါပေမဲ့ ခေါင်းထဲမှာတော့ နောက်အတွေးတစ်ခုဝင်လာတာက ပိုက်ဆံပေးတိုင်းတော့ သူကမှာမဟုတ်ပါဘူး... ကျောတောတောနဲ့ ဟေ့ ဂျန်ဂမ်ဆပ်.. ဒီမှာ ပိုက်ဆံ.. ကပြစမ်းဆိုရင်.. သူဘယ်ကမလဲနော်... ခုသူက သူ့ပရိတ်သတ်ကို ချစ်လို့ အထူးဖျော်ဖြေတာပဲ.... ပိုက်ဆံယူထားလို့တန်အောင် ကပြနေရရှာတယ်ဆိုတဲ့ အတွေးကို မတွေးသင့်ပါဘူး... ဘာပဲပြောပြော သဝန်တိုတာတော့ အမှန်ပဲ... တကယ်လို့ ဂျန်ဂမ်ဆပ်သာ ကျွန်မကို ချစ်ရေးဆိုခဲ့ရင် လုံးဝ လက်မခံဘူး... ကျွန်မလို စိတ်မျိုးနဲ့ ရင်မောရတာပဲ အဖတ်တင်မယ်... သူလဲ စိတ်ညစ်ရလိမ့်မယ်... သူ့ကို ချစ်လွန်းလို့ကို လက်မခံနိုင်တာ... (ဟဲ.. ဟဲ... အသားယူမိပြန်ပြီ... မေတ္တာပို့သခြင်းများကို အပြည့်အဝလက်ခံပါသည်... ဟိဟိ )...

အဲဒိလို သူကနေတုန်းက ကျွန်မ အော်ပြီးတော့တောင် အားမပေးမိဘူး... စိတ်မကောင်းလို့... သဝန်တိုလို့... ဒါပေမဲ့ သီချင်းတစ်နေရာအရောက်မှာ သူက ပရိတ်သတ်ဘက်ကို နားလေးစွင့်တဲ့ ပုံစံမျိုးလုပ်ပြပြန်တော့လဲ... သူ ပရိတ်သတ်အားပေးတာ ကြားချင်ရှာမှာပေါ့လေ... ငါက သူ့ရည်းစားမှ မဟုတ်တာ ဒီလို သဝန်တိုနေလို့လဲ မထူးဘူး... အနည်းဆုံး အားပေးသံလေးကြားရင် သူအားရှိတယ်လို့ စောစောက မေးဖြေကဏ္ဍမှာ သူပြောသွားတော့... သူ့ကို မရမဲ့အတူတူ သူ့ပရိတ်သတ်အနေနဲ့ အပြည့်အဝအားပေးတာပဲကောင်းပါတယ်... ဆိုပြီး အော်ပြီး အားပေးလိုက်ပါသေးတယ်... စိတ်ထဲက သူ့ကို အဲဒိသီချင်းနဲ့ကတာကို မြန်မြန်လဲ ပြီးစေချင်တယ်... ကိုယ်ကလဲ ကြည့်လဲကြည့်ချင်တယ်... ဘယ်လိုကြီးမှန်းကို မသိပါဘူး.. ဟိဟိ...

သီချင်းအလယ်လောက်မှာ သူ စင်ကို အမှောင်ချပြီး ပျောက်သွားသေးတယ်... နောက်တော့ ဘေးပေါက်ကနေ ပရိတ်သတ်ထဲက ပြန်ပေါ်လာပြန်ရော... ဒီမင်းသား ပရိတ်သတ်ထဲ ဆင်းရတာ တော်တော်ကြိုက်တယ်.. သူ့နောက်က စလုံးရဲတွေကတော့ အတော် အမြင်ကပ်နေမယ်... သူတို့အလုပ်ရှုပ်လို့... နောက် စင်ပေါ်ခဏတက်ပြီး... ညာဘက်က ၂၅ဝတန်ဘက်ထဲ အရှေ့ပိုင်းလူတွေထဲဆင်းသွားပြန်ရော... အဲဒိထဲကနေ အသက်ကြီးကြီး အန်တီကြီးတစ်ယောက်ကို ဆွဲခေါ်သွားပြီး သူနဲ့အတူ စင်ပေါ်မှာ တွဲကပါတယ်... အန်တီကြီးက ကိုရီးယားမကြီးပဲ ဖြစ်မယ်ထင်ပါတယ်.... အဲဒိအန်တီကြီးလဲ သေပျော်ပါပြီ... (အဲဒါမနာလို လို့ပြောတာပါ..ဟတ်... ဟတ်... ) အိုဇာတာ အတော်ကောင်း... ဒီလိုနဲ့ပဲ Sexy Back သီချင်းပြီးသွားပြီး မင်းသား စင်နောက်ပြန်ဝင်သွားပါတယ်...

သူဝင်သွားတဲ့ အချိန်မှာ သူခုတစ်လောဘာတွေလုပ်တယ်ဆိုတာကိုရိုက်ထားတဲ့ ဗွီဒီယိုပြပါတယ်... သီချင်းတိုက်တာတွေဘာတွေပါ... အစီအစဉ်ညံ့တာတစ်ခုက အင်္ဂလိပ်စာတမ်းမထိုးပဲ တရုတ်စာတမ်းပဲထိုးတော့ ကျန်တဲ့ လူမျိုးတွေ အတွက် မတရားပါဘူး... အမှန်တော့ သူတို့ခိုတာပါ... ဟောင်ကောင် fan meeting မှာ ပြတဲ့ ဗွီဒီယိုကိုပဲ ပြန်ပြတာလဲ ဖြစ်နိုင်ပါတယ်... ဗွီဒီယိုကလဲ ထစ်နေပါသေးတယ်... ထစ်တာမှ တော်တော်ကို ထစ်တာပါ... ကြည့်ရတဲ့ ပရိတ်သတ်က အတော်ကို ခံရခက်ပါတယ်... ဗွီဒီယိုထစ်သွားရင် ပရိတ်သတ်က... "ဟာာာာာာာာာာ............ " ဆိုပြီး အော်ကြတော့... အမှောင်ထဲကနေ မင်းသားအသံထွက်လာပါတယ်... ဗွီဒီယိုထဲမှာ ပြချင်တာက သူဟာ အမြဲတမ်းကြိုးစားနေပါတယ်ဆိုတာကို ရှင်းပြပါတယ်... မင်းသားဟာ ကျွန်မတို့နဲ့အတူ ဗွီဒီယိုထိုင်ကြည့်နေတယ်ဆိုတာ သိလိုက်ရတော့ စိတ်ထဲမှာပျော်ပါတယ်...အော် သူဟာ ပရိတ်သတ်ကို ဂရုစိုက်တဲ့ မင်းသားပါလားဆိုပြီးတော့လဲ အမှတ်ပေးမိပြန်ပါတယ်....

နောက်တော့ သူ ဒီ fan meeting အတွက် ရောင်းမဲ့ Photo shoot တွေပြပါတယ်... ဘာအိုက်တင်လုပ်လုပ်ကို ကြည့်ကောင်းနေတာပါပဲ... ချစ်စရာကောင်းနေတာပါပဲ... သူ ကုတ်အကျီင်္အနက် ဆံပင်အကောက်တွေကို ရှေ့ချထားတဲ့ပုံက လူကြီးဆန်ပြီး.. ဓာတ်ပုံထဲမှာလဲ ခပ်တည်တည်တွေ နေနေပင်မဲ့... မရိုက်ခင်တုန်းကတော့ ကလေးလေးတစ်ယောက်လို ရယ်မောပြီး "Go Go Go" ဆိုပြီး အော်သွားတာလေးကလဲ အပြစ်ကင်းတဲ့ ပုံလေးပေါက်ပါတယ်... ဒီလိုဆိုတော့လဲ သူကအသက် ၂၄နှစ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပါပဲ... ကျန်တာတွေကတော့ ကိုရီးယားလိုတွေ ဘာပြောနေမှန်းကို မသိပါဘူး...

ဟိုဟာလေးတော့ နားလည်ပါတယ်...
"I miss you guys... Everyone... I love you" ဆိုပြီး အသဲပုံလေး လက်ကလုပ်ပြသွားတာတော့ တစ်လုံးမကျန်နားလည်လိုက်လို့ အသဲထဲ အေးကနဲဖြစ်သွားတာပဲ... ဟတ်.. ဟတ်... (ကိုယ့်အကြိုက် မင်းသားအကြောင်းရေးနေလို့ မကြိုက်သူများ သည်းခံနားလည်ပေးကြပါရန်)... ကဲကဲ.. ဗွီဒီယိုလေး ရှူစားသွားကြပါ...

P.S အရမ်းတော့ မကြည့်နဲ့နော်... ခဏခဏလဲ ပြန်မကြည့်နဲ့... ဒီက သဝန်တိုတတ်တယ်... ဟဲ.. ဟဲ...

Monday, May 24, 2010

Haunted Hotel

ဒီဂိမ်းကို သိခဲ့တာတော့ လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက် ကတည်းကပါ... သိပြီးသားလူတွေလဲ ရှိမှာပါ... ဒီနေ့တော့ အလုပ်မှာ အရမ်းအိပ်ငိုက်နေတာနဲ့ google ကနေ ဟိုရိုက်ဒီရိုက် လျှောက်ရှာရင်း ပြန်သတိရသွားလို့ပါ...

သရဲခြောက်တဲ့ ဟိုတယ်မှာ သင်တို့ တစ်ညလောက်သွားနေကြည့်ပါလား... ကျွန်မကတော့ နေပြီးပြီ... ၅ခါ ၆ခါလောက် ကြိုးစားပြီးတော့ ဟိုတယ်ထဲက ထွက်ပြီး ကားပေါ်ကို ကျွန်မတက်နိုင်ခဲ့ပါတယ်... ဒီဂိမ်းကို ကစားမယ်ဆိုရင် Speaker ကိုလဲ အသံဖွင့်ထားမှ ပိုအရသာ ရှိမှာပါ... level 3 နဲ့ 5 ရောက်ရင် အသံကို နားထောင်ပြီး ဖြေရှင်းရတဲ့ အခါတွေပါပါတယ်... Graphic တွေက အရမ်းကောင်းပြီး အသံတွေနဲ့ ပေါင်းလိုက်တော့ ကိုယ်တစ်ကယ် အဲဒိထဲရောက်နေသလိုခံစားရပါတယ်.. ပြီးတော့ အာရုံစိုက်ပြီးမှ ကစားလို့ရတဲ့အတွက်လဲ... တစ်ချက်တစ်ချက် လန့်လန့်သွားတတ်ပါတယ်... စစ ကစားချင်းကဆိုရင် ကြောက်လွန်းလို့ နှုတ်ခမ်းတွေတောင် တုန်ပါတယ်... နောက်မှ ဘေးက လူတစ်ယောက်နဲ့ တူတူကစားရတယ်... အဟီး... မကြောက်တတ်ရှာတော့ သရဲဂိမ်းကစားတယ်လေ...

အဲဒိ ဟိုတယ်က ညနေ၆နာရီကနေ မနက်၆နာရီအတွင်းပဲဖွင့်ပါတယ်... အော်... မှာလိုက်ပါရဲ့ ကြောက်တတ်ရင်တော့ မကစားနဲ့နော်... တာဝန်မယူဘူး... ဒါမှမဟုတ် ညဘက်မကစားရဲတဲ့ သူတွေအတွက် ကိုယ့် ကွန်ပြူတာက နာရီကို ညဘက်အချိန်ပြောင်းပြီး ညာဆော့လို့ရပါတယ်... အဟိ...

တကယ်လို့ မကစားတတ်ဘူးဆိုရင်တော့ ပြောပါ.. မဗေဒါ ပြောပြပါ့မယ်... ဒါပေမဲ့ ကစားတတ်မယ်ထင်ပါတယ်...

ကစားချင်တယ်ဆိုရင်တော့ www.hotel626.com မှာ သွားရောက် Check in ၀င်၍ ကစားနိုင်ပါတယ်...

ဟိုတယ်၆၂၆ မှာ သရဲနဲ့အတူ ကောင်းစွာ ပျော်မြူးနိုင်ကြပါစေ...

Saturday, May 22, 2010

လတ်တလော လီမင်ဟို...

လတ်တလောမှာတော့ လီမင်ဟိုနဲ့ပတ်သတ်ပြီး ရှာဖွေမိသလောက် ထူးထူးခြားခြား သတင်းမရှိသေးပါဘူး... Personal Taste ဇာတ်ကားကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ရိုက်ကူးပြီးစီးခဲ့ပါတယ်... နောက်ဆုံးအတွဲမှာပါတဲ့ ဇာတ်ဝင်ခန်းကို သူကိုယ်တိုင် ကြော်ငြာခဲ့တဲ့ Bang Bang Brand ဆိုင်မှာ သွားရိုက်တာကို တွေ့ရပါတယ်... အားလုံး ပျော်ပျော်ရွှင်ရွှင်ပဲမို့ ပျော်စရာဇာတ်သိမ်းပဲဖြစ်မှာပါ...

ဖိုရမ်ထဲမှာပြောနေကြတာတော့ မင်းသားက မင်းသမီးကို လက်ထပ်ခွင့်တောင်းတဲ့အခန်းကို အတော်မနာလိုဖြစ်ကြတယ်လို့ပြောပါတယ်... ကျွန်မကတော့ ခုတစ်လော မအားလို့ ကြည့်လက်စ Personal Taste, Cinderella's sister, The Birth of the rich တောင် ရပ်နေပါတယ်...

လီမင်ဟိုကို BOF မှာတုန်းက သာမာန်ပါပဲ... မင်းသမီးကို မကြိုက်လို့ ခံစားလို့မရတာလဲ ပါမယ်ထင်ပါတယ်... နောက်ပြီးတော့ အဲဒိ ဇာတ်လမ်းအရ... အဲဒိ မင်းသား Character နေရာမှာ ဘယ်သူ သရုပ်ဆောင်ဆောင် နာမည်ကြီးပါတယ်... ဒါပေမဲ့ ကျွန်မအမြင်မှာတော့ ထိုင်ဝမ်က မင်းသား Jerry Yan ဟာ အဲဒိ ဇာတ်ကောင် စရိုက်ကို ကျန်တဲ့ နိုင်ငံကမင်းသားတွေ (Japan & Korea) ထက် ပိုပြီး ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သလို... သူနဲ့လဲ အတော်လိုက်ဖက်ပါတယ်... ရုပ်ရည်အရတော့ လီမင်ဟိုက ပိုချောပါတယ်... ဒါပေမဲ့ ဒီ Personal Taste မှာတော့ သူ့ သရုပ်ဆောင်အား အတော်တိုးတက်လာတာ မြင်နိုင်ပါတယ်... အထူးသဖြင့် သူ့မျက်လုံးတွေပါ...

လီမင်ဟိုဟာ ပြီးခဲ့တဲ့ လပိုင်းမှာ Personal Taste အပြင် (ကျွန်မ နားလည်တာ မမှားဘူးဆိုရင်) Bang Bang Brand Summer Collection နဲ့ Binggrae Banana Milk အချိုရည်ကြော်ငြာတွေလဲ ရိုက်ခဲ့ရတဲ့အတွက်... ပြီးခဲ့တဲ့ လပိုင်းမှာ အအိပ်ပျက်... အစားပျက် ပင်ပန်းခဲ့ပါတယ်... ခုတော့ Personal Taste ပြီးသွားပြီ ဖြစ်တဲ့အတွက် အနားယူချိန်ရပါပြီ... June 20, 2010 at 3pm မှာတော့ လီမင်ဟို fan meeting ကို ကိုရီးယားမှာ လုပ်မှာဖြစ်ပါတယ်... fan meeting အချက်အလက်တွေကိုတော့ မပြောတော့ပါဘူး... စကာင်္ပူကနေ ကိုရီးယားအထိ လီမင်ဟို fan meeting သွားကြည့်ရလောက်အောင် ရူးရူးမူးမူး ကြိုက်တဲ့သူ ဒီပိုစ့်ဖတ်တဲ့ သူထဲမှာ မပါဘူးထင်လို့ မလိုအပ်ဘူးထင်လို့ပါ... (သိချင်ရင်တော့ တင်ပေးပါမယ်)...

အော်.. ပြီးတော့ လီမင်ဟိုရဲ့ official fan member ကတော့ လက်ခံနေပါသေးတယ်တဲ့... အဲဒိ fan meeting ticket ဝယ်ရင် အလိုလို official member ဖြစ်တယ်ဆိုလား သိဘူး... ရေးထားတာ တွေ့လိုက်ပါတယ်...

(official member တွေဆိုတာ ပိုက်ဆံပေးပြီး အသင်းဝင်ရတာပါ... မင်းသားရဲ့ official website မှာ အကောင့်တစ်ခုရပါတယ်... မင်းသားက အဲဒိဆိုဒ်ကို အွန်လိုင်းလာတဲ့အချိန်တွေ မင်းသားနဲ့ချက်ခွင့်ရှိပါတယ်... official website တွေက ကိုရီးယားလိုပဲရေးထားတာပါ... official member တွေက အဲဒိ မင်းသားတွေနဲ့ပတ်သတ်တဲ့ ပွဲတွေမှာ အထူးအခွင့်အရေးရပါတယ်... ဥပမာ... ၂၅ဝတန်းဝယ်တာချင်းအတူတူ official members တွေက ရှေ့တန်းထိုင်ရတယ်...



အောက်က ပုံလေးတွေကတော့ သူ့ကြော်ငြာကပုံတချို့ရယ်.... Personal Taste နောက်ဆုံးခန်း ရိုက်တုန်းက ပုံတစ်ချို့ရယ်ဖြစ်ပါတယ်... လီမင်ဟိုကိုချစ်တဲ့ လီမင်ဟို fan တွေကို Minoz လို့ ခေါ်ပါတယ်တဲ့... ကဲ... မဗေဒါဘလော့ကို အားပေးပြီး လီမင်ဟိုကို တောင့်တတဲ့ မြန်မာ Minoz လေးတွေအတွက်... မင်ဟိုလေးကို ရှုစားကြပါကုန်...

P.S ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် ကိုလဲ ဆက်ရေးဖို့ အချိန်တော်တော်များများ စိတ်ကူးတွေ အကြီးအကျယ်ယဉ်နေပါတယ်... ခုတစ်လော အိပ်ရေးမဝလို့ ခေါင်းကမကြည်တော့ သိပ်ထွက်မလာပါဘူး... ဒါပေမဲ့ အဲဒါကို ဦးစားပေးပြီး အရင်ရေးပါ့မယ်...

အရင်ပိုစ့်မှာ မန့်ခဲ့တဲ့ အမည်မသိစာဖတ်သူအတွက် ဘာလီက မနှစ်က ဇွန်လက သွားတုန်းက ဗွီဒီယို ကင်မရာ ကျကွဲပြီး မပြင်ဖြစ်တာ... ဟိုနေ့ကမှ သွားပြင်လိုက်ပါတယ်.. ကံကောင်းထောက်မစွာပဲ ဒေတာတွေပြန်ရပါတယ်... ဒါပေမဲ့ အဲဒိမှာနေတဲ့ နောက်ဆုံးရက်ကတော့ ကင်မရာပျက်သွားလို့ မရိုက်ဖြစ်လို့.. အကုန်တော့ မရှိပါဘူး... အချိန်ရရင် လုပ်ပါအုံးမယ်.. ဒါပေမဲ့ တဝက်တပြတ်ဖြစ်နေတဲ့ ဂျပန် နဲ့ ကို၇ီးယားခရီးစဉ်ကိုပဲ ဦးစားပေး ဆက်ရင်ကောင်းမလားလဲ စဉ်းစားနေပါတယ်... အဆင်ပြေတာ.. အာရုံလာတာကို လုပ်သွားပါမယ်... မာတီပလိုင်းမှာ တင်ထားတဲ့ ပုံတွေက ၂ဝဝ၈ခုနှစ် ဧပြီတုန်းက သူငယ်ချင်းတွေနဲ့သွားထားတဲ့ မလေးရှား Redang resort ပါ... ဘာလီကပုံတွေ ဟုတ်ပါဘူး... မင်းသား အကြောင်းတွေထက် တခြားဟာတွေ ပိုဖတ်ချင်တယ်ဆိုတာကို ကိုယ်ချင်းစာပါတယ်... ဒါပေမဲ့လဲ ခုလောလောဆယ် လွယ်လွယ်တင်ပေးလို့ရနေတာကလဲ မင်းသားအကြောင်းပဲ၇ှိနေလို့ပါ... နောက်လ အလုပ်ကို ရက်လျော့လုပ်ပြီး ဘလော့ကို အချိန်ပေးနိုင်အောင်  ကြိုးစားကြည့်ပါအုံးမယ်..

ကွန်ပြူတာကလဲ ဗိုင်း၇ပ်ကိုက်နေလားမသိပါဘူး.. မနှေးသင့်ပဲ အလွန်တရာမှ နှေးနေပါတယ်... အိမ်အသစ်ပြောင်းထားပြီး ကွန်ပြူတာရှေ့ထိုင်တဲ့ ခုံ ဝယ်စရာ ပိုက်ပိုက်ပျက်နေသေးတဲ့အတွက် ထိုင်ရတာ အဆင်မပြေပဲ ခါးနာသောကြောင့် အက်ဒစ်တင်း အလုပ်ကို မလုပ်နိုင်ဖြစ်နေတာပါ...မဗေဒါ အက်ဒစ်တင်း တစ်ခါ တစ်ခါလုပ်ရင် အိမ်ကလူတွေ နှာရှူဗူးတွေ... စားစရာတွေ အသင့်နဲ့စောင့်နေရပါတယ်... ကွန်ပြူတာကို အာရုံစိုက်ပြီး... ကိုယ်ရိုက်လာတာတွေကို အကြိမ်ကြိမ်ပြန်ကြည့်ရင်း ခေါင်းမူးပြီး လဲလဲသွားတတ်လို့ပါ... :)
PS ကလဲ တော်တော်ရှည်သွားတယ်... လီမင်ဟို အကြောင်းပြပြီး ကိုယ့်အကြောင်းတွေရေးနေတဲ့ အတွက် မြန်မာ Minoz လေးတွေ သည်းခံကြပါရှင်...
ဟောဒီမှာ မင်ဟိုလာပါပြီ.... 


Personal Taste ဇာတ်သိမ်းပိုက် ရိုက်ကွင်းပေါ်မှ ပုံတွေပါ...

Personal Taste ဇာတ်သိမ်းပိုက် အပြီး ညစာစားပွဲ တက်ရောက်ခဲ့တဲ့ လီမင်ဟို...


လီမင်ဟိုရဲ့ Banana Milk ကြော်ငြာပုံပါ...

Bang Bang ကြော်ငြာပုံပါ...



အရင်က Beer ကြော်ငြာက ပုံပါ...

Photo Cr. As in label and Soompi forum... (I don't own any of above photos)

Friday, May 21, 2010

မင်းသားလေးကို သနားလို့...

ပရိတ်သတ်ကို အရမ်းအလေးထားပြီး အမြဲတမ်း အရောတ၀င်နေတတ်တဲ့ မင်းသားလေး ဂျန်ဂမ်ဆပ်ရဲ့ စိတ်ကောင်းရှိမှုကို အခွင့်ကောင်းယူတဲ့ မိန်းကလေးတချို့ကြောင့် မင်းသားလေး အတော်ကို ၀မ်းနည်းစိတ်တိုဖြစ်ခဲ့ပါတယ်... သူဟာ လမ်းသွားနေလို့ နောက်က fan girl တွေ တကောက်ကောက်လိုက်လာရင်လဲ စိတ်မဆိုးခဲ့သူ... fan girl တွေ ပို့သမျှ လက်ဆောင်တွေကိုလဲ တမြတ်တနိုး သုံးတတ်သူ... You are beautiful ကားရိုက်နေစဉ်အတွင်း သူ့ကို ပို့သမျှ လက်ဆောင်တွေထဲမှာမှ တန်ဖိုးကြီးလက်ဆောင်တွေထက် သူ့ပုံတွေနဲ့ အလှဆင်ပြီးပင်ပင်ပန်းပန်းလုပ်ထားတဲ့ စာအုပ်လေးထဲမှာ သူရုပ်ရှင်ရိုက်နေလို့ ပျက်ခဲ့တဲ့ ကျောင်းစာတွေကို fan girl တွေက ပင်ပင်ပန်းပန်း ကူးပေးခဲ့တာကို လက်က တကိုင်ကိုင်နဲ့ ဒီလက်ဆောင်လေးကို အကြိုက်ဆုံးပဲ အရမ်းအသုံးဝင်လို့ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောခဲ့သူ တစ်ယောက်ပါ... (ကျွန်မကိုယ်တိုင်အဲဒိဗွီဒီယိုကို youtube မှာကြည့်လိုက်ရပါတယ်.. ခုတော့ copyright issue ကြောင့် ကြည့်လို့မရတော့ပါဘူး)...

သူ့ကို ကျွန်မ အရင်ကားတွေမှာ ကြိုက်ခဲ့တယ်ဆိုပေမဲ့... တခြားမင်းသားတွေလိုပဲ ကြိုက်လိုက် မကြည့်တော့ရင် မေ့သွားလိုက်ပါပဲ... နောက်ပိုင်း သူ့ရဲ့ အပြင်က ဖော်ရွေတဲ့ character လေးကိုပါ သဘောကျလာလို့ တခြားမင်းသားတွေထက် ပိုကြိုက်ခဲ့ရပါတယ်...


သူဟာ အရင်ထဲက ရုပ်ရှင်လောကထဲမှာ ရှိခဲ့တယ်ဆိုပေမဲ့ You are beautiful ကားအပြီးမှာ တဟုန်ထိုးနာမည်ကျော်ကြားလာခဲ့ပါတယ်... ဒါပေမဲ့ တကယ်တမ်း သူ့ရဲ့ အပြင်ဘ၀အစစ်မှာတော့ အသက် ၂၄ နှစ်သာရှိသေးတဲ့ လူငယ် တက္ကသိုလ်ကျောင်းသား တစ်ဦးပါပဲ... သူ စကာင်္ပူမှာနေခဲ့တဲ့ နောက်ဆုံးရက်မှာ ရှော့ပင်းထွက်အပြီး East coast ကို သွားခဲ့ပါတယ်... အဲဒိအချိန်မှာ စကာင်္ပူက fan တွေကလဲ သူ့ကို နားလည်ပြီး private time ပေးတဲ့အနေနဲ့ သူ့အနားကို တစ်ယောက်မှ မကပ်ပဲ အဝေးကပဲ ကြည့်ခဲ့ကြပါတယ်... သူတစ်ယောက်ထဲ ပင်လယ်ကြီးကို ငေးပြီး သဲပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံကိုကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရတယ်... တစ်နေကုန် သွားလေရာ လူတွေဝိုင်း ကင်မရာရှေ့မှာ သူ့ကိုယ်သူ ထိန်းနေရ လူတွေကို ရီပြရနဲ့ အတော်လေးကို စိတ်ရှုပ်ပင်ပန်းမှာပါ... (ဒါပေမဲ့ သူကိုရီးယားပြန်ရောက်တော့ သူ official website မှာ သူအဲဒိနေ့က စိတ်ညစ်နေတာမဟုတ်ကြောင်း သူ့ fan girl တွေ သူ့အတွက် စိတ်မကောင်းဖြစ်မှာစိုးလို့ အဲဒိနေ့က beach မှာ သူဘာတွေတွေးနေတယ်ဆိုတာကို ရီစရာအနေနဲ့ ပြောပြခဲ့ပါတယ်)


သူကိုရီးယားကို ပြန်သွားပြီး သူ့ official website မှာ 08/05/2010 တုန်းက သူကိုယ်တိုင်ရေးပြီး တင်ထားတဲ့ မတ်စေ့လေးကိုတွေ့တော့လဲ သူ့အတွက် စိတ်မကောင်းဖြစ်ရပြန်တယ်...

Korean to English translation credit to Muse...

(For a long time ago I thought I should protect myself more and more..
အရင်တုန်းက ကျွန်တော့်ကိုကျွန်တော် ပိုပြီး ကာကွယ်သင့်တယ်လို့ ထင်ခဲ့တယ်...

Everyone is likely to have the precious moments of school days and memories with friends..
လူတိုင်းမှာ ကျောင်းတုန်းက အမှတ်တရတွေ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တဲ့ အကြောင်းတွေ ရှိနေကြတတ်ပါတယ်...

Such as skipping classes and eating up lunchbox secretly...
ဥပမာ... အတန်းလစ်တာ ၊ အတန်းထဲမှာ ထမင်းဘူးခိုးစားတာ တွေပေါ့..

Being scolded by teacher while dozing off in class..
အတန်းထဲမှာ အိပ်ငိုက်လို့ ဆရာဆူတာ ခံရတာ တွေရှိကြမှာပဲ...
 

Or
ဒါမှ မဟုတ်

 သူသိပ်နာမည်မကြီးခင် ကျောင်းသာဘ၀ကပုံ

Writing a love letter to an unrequited friend in your neighbor class...
ဘေးအတန်းက တိတ်တိတ်လေး ချစ်ရတဲ့ သူငယ်ချင်းကို ရည်းစားစာရေးတာတို့ ဘာတို့ပေါ့...


I don"t have those common memories which is really natural to everybody
ကျွန်တော့မှာတော့ လူတိုင်းမှာ လွယ်လွယ်ကူကူနဲ့ရှိနိုင်တဲ့ အဲဒိ သာမာန် အမှတ်တရလေးတွေ မရှိဘူး...


When my peers were holding a pen, I was holding a microphone
သူများတွေ ဘောပင်ကိုင်နေတဲ့အချိန်မှာ ၊ ကျွန်တော်က မိုက်ကရိုဖုန်းကိုင်နေရတယ်...

When my fellows of the same grade were looking through the textbook and the teaching aids, I was looking through my script..
အတန်းဖော်တွေက စာအုပ်ကိုကိုင်ပြီး AIDS အကြောင်း သင်နေကြတဲ့ အချိန်မှာ၊ ကျွန်တော်ကတော့ ရုပ်ရှင် ဇာတ်ညွှန်းတွေကို ကြည့်နေရတယ်...

Definitely I don"t regret after so long a time.
ဒါပေမဲ့ ဒီလောက်ကြာကြာ နေသားကျနေမှတော့ ကျွန်တော် နောင်တမရပါဘူး...

Maybe I just found my way to go earlier than others..
တခြားလူတွေထက် ကျွန်တော်က ကျွန်တော်ဖြစ်ချင်တာကို စောပြီးတွေ့သွားတယ်လို့ပဲ ယူဆပါတယ်...

Having a dream of an actor for life..
မင်းသားဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အိပ်မက်...

That means a so great deal to me..
မင်းသားဖြစ်ခဲ့တဲ့အတွက် ကျွန်တော့်အတွက်တော့ အကောင်းဆုံးရလဒ်ပါပဲ...

So.. after jumping over a fence of adult-thing, I wanted to keep mine.
ဒီတော့... လူကြီးဆိုတဲ့ စည်းကို ကျွန်တော် ကျော်ခုန်ခဲ့ပြီးမှတော့ ကျွန်တော် ရထားတာကို ကျွန်တော် ထိန်းထားချင်ပါတယ်...

After entering the Univ, somebody attended as my substitute..
တက္ကသိုလ်ရပြီးနောက်ပိုင်းမှာ... ကျွန်တော့အစား တခြားလူက လက်ချာတွေ လိုက်ပေးရတယ်..

Whenever I needed a hair cut, somebody drove it for me
ကျွန်တော် ဆံပင်ညှပ်စရာလိုတိုင်း... တစ်ယောက်ယောက်က ကားနဲ့ လိုက်ပို့ပေးနေရတယ်...

Whenever I was waiting for a casting, somebody recommended me the script with priority.
ကျွန်တော်ကားရိုက်ဖို့ စောင့်နေတိုင်း.. တစ်ယောက်ယောက်က script ကို ကြိုဖတ်ပြီး recommend ပေးရတယ်...

That was my life lived by somebody instead of me...
ဒါတွေအားလုံးက ကျွန်တော်မဟုတ်တဲ့ ကျွန်တော့်ရဲ့ တခြားလူတွေကို အားကိုးပြီးနေနေရတဲ့ ဘ၀ပဲ...

So much meaningless, isn"t it?
အဓိပ္ပါယ်လုံးဝမရှိဘူး မဟုတ်လား...

I had found the way to go faster than others in my school days,
ကျွန်တော်က ကျောင်းသားဘ၀မှာပဲ သူများထက် မြန်မြန် လမ်းကြောင်းရှာတွေ့ခဲ့တယ်...

Now walking through the way, I wanna keep my life more than ever.
ခု အဲဒိလမ်းကြောင်းကို လျှောက်နေချိန်မှာလဲ... ကျွန်တော့်ဘ၀အမှန်ကို ထိမ်းထားချင်တယ်...

But today.. After reading an article from today, I thought a lot..
ဒါပေမဲ့.. ဒီနေ့... ဒီနေ့ဆောင်းပါးကို ဖတ်ပြီးတော့ ကျွန်တော် အများကြီး တွေးဖြစ်တယ်... (ဘာဆောင်းပါးလဲတော့ မသေချာပါ... သူ့အကြောင်း မကောင်းရေးလားတော့မသိ)

What is important.. life of myself living as me.. or life of an actor living as an actor?
ဘာက ကျွန်တော့အတွက် အရေးကြီးသလဲ... ကျွန်တော့ဘ၀ကို ကျွန်တော့လိုပဲ နေတာလား... ဒါမှမဟုတ်... မင်းသားတစ်ယောက်ရဲ့ ဘ၀ကို မင်းသားလို့နေရမှာလား...

I just did hate to sneak around, do something with hiding my face..
လူတွေကြားထဲ ခိုးကြောင်ခိုးဝှက်သွားရတာ... တစ်ခုခုလုပ်ရင် မျက်နှာကွယ်ပြီးလုပ်ရတာတွေကို ကျွန်တော် အရမ်းမုန်းတယ်ဗျာ...

Just wanna walk around honorably and openly.. Now it"s not easy..
ရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း အိနြေ္ဓရှိရှိပဲ လမ်းပေါ်မှာ လျှောက်သွားချင်တယ်... ဒါပေမဲ့ ခုတော့ မလွယ်တော့ဘူး..

Do you remember what I said a few days ago?
ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေက ပြောခဲ့တာ မှတ်မိသေးလား..

From time unknown.. Facing camera lens is more frequent rather than facing people"s eyes..
ဘယ်အချိန်ကတည်းက ကျွန်တော်အတွက် ကင်မရာ lens တွေကို မျက်နှာချင်းဆိုင်နေရတာ လူတွေရဲ့ မျက်လုံးကို မျက်နှာချင်းဆိုင်ရတဲ့ အချိန်ထက် များနေလဲ မသိတော့ဘူး..

Now.. Even I didn"t realize or guessing something, Camera lens are looking at me first..
ခုတော့ဗျာ... ကျွန်တော် သတိမထားမိလိုက်တဲ့ အချိန်တွေမှာတောင် ကင်မရာ ပြောင်းတွေက ကျွန်တော့ကို အရင်ကြည့်နေကြပြီ...

But.. I"m not afraid of it.
ဒါပေမဲ့.. ကျွန်တော်ကြောက်လို့ပြောနေတာ မဟုတ်ပါဘူး...

I AM a fair and good guy..
ကျွန်တော်က ယောကျာင်္းကောင်းတစ်ယောက်ပါ...


ပြီးခဲတဲ့ အမေများနေ့က သူ့မိသားစုနှင့်အတူ..(သူ့ဘေးမှာထိုင်နေတဲ့ အနီနဲ့က သူ့အမေ)

Just today I feel a lot more responsibilities..
ဒီနေ့လေးတစ်ရက်ပဲ (မင်းသားဖြစ်ရတာ) အရမ်းတာဝန်ကြီးတယ်လို့ ခံစားနေရလို့ပါဗျာ....

And most of all, all of you eels" comments letter-by-letter make me stronger..
နောက်ပြီး အပြောချင်ဆုံးကလဲ... ကျွန်တော့်ကို အားပေးတဲ့ ပရိတ်သတ်ရဲ့ ကွန်မန့်တွေ စာတွေကတော့ ကျွန်တော့်ကို ခံနိုင်အောင် လုပ်ပေးနေပါတယ်...


Reeeeeeeearly.. ThankYouCri~^^v
တကယ်ပြောတာနော်... ကျေးဇူးပဲ Cri (သူက သူ့fun တွေကို eels (ငါးရှဥ့်), Cri လို့ ခေါ်တတ်တယ်.. ဘာလို့အဲလိုခေါ်လဲဆိုတာလဲ အကြောင်းရှိတယ်... သူတစ်ယောက်ထဲ fan တွေကို သူ့နည်းသူ့ဟန် ချစ်စနိုးနဲ့ အဲလို ခေါ်တာ)

hoho
ဟိုး.. ဟိုး..

ဒါပေမဲ့ မကြာသေးခင်ကမှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အလေးကြောင့် ဒီလောက် သည်းခံလိုက်လျောနေတဲ့ မင်းသားလေးခမျာ အတော်လေး စိတ်ရှုပ်ခဲ့ရပါတယ်...

သူတက်နေတဲ့ HanYang တက္ကသိုလ်မှာ တစ်နှစ်တစ်ခါ ကျောင်းသားတွေစုပြီး Launge H ဆိုတဲ့ ပွဲလေးလုပ်ပြီး ရန်ဘုံငွေသဘောမျိုး ရှာတတ်တယ်ထင်ပါတယ်... (မသေချာပါ..) အဲဒိ ပွဲမှာ ဂျန်ဂမ်ဆပ်ဟာ သူနာမည် မကျော်ခင်ကတည်းက တခြား organizer ကျောင်းသားတွေနဲ့ အတူ organizer အဖြစ် အရင်နှစ်တွေကလဲ ပါဝင်ခဲ့ပါတယ်... အရင်နှစ်တွေတုန်းက သူ့အတွက် ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေးနဲ့ ပါလို့ရခဲ့တဲ့ ပွဲလေးဟာ ဒီနှစ်မှာတော့ သူ့အတွက် စိတ်ရှုပ်ခဲ့ရပါတယ်...

ပွဲက ၁၈ ရက်ကနေ ၂၀ ရက်အထိလုပ်မှာပါ... ပွဲအတွက် ၁၆ရက်နေ့မှာ သူတို့ တက္ကသိုလ်မှာ ပိုစတာကပ်တာတွေနဲ့ လုပ်စရာရှိတာတွေကို ဂျန်ဂမ်ဆပ်ကိုယ်တိုင် ကျောင်းသားတစ်ယောက်အနေနဲ့ ပါဝင်လုပ်ပေးခဲ့ပါတယ်... အဲဒိအတွက် သူ့ရဲ့ fan တွေက မင်းသားကို လွတ်လွတ်လပ်လပ် အလကား တွေ့ရတော့ လာပြီး ဓာတ်ပုံရိုက်ကြ ဗွီဒီယိုရိုက်ကြ လုပ်ကြပြန်ပါတယ်... ဒီတော့ သူက အလုပ်က ပင်ပန်းနေရတဲ့ အထဲ စိတ်ကရှုပ်လာမယ်လို့ ကျွန်မထင်မိပါတယ်... ကျွန်မသာဆို သူ့လို အေးဆေးတောင် မေတ္တာရပ်ခံနိုင်ပါ့မလား မသိဘူး... သူကတော့ အဲဒိ ဓာတ်ပုံရိုက်တဲ့သူတွေကို မရိုက်ဖို့ ပြောပါတယ်.. ဒါပေမဲ့ ဆက်ရိုက်ကြပါတယ်...

နေရာက တက္ကသိုလ်ထဲမှာ... သူက အဲဒိ တက္ကသိုလ်က ကျောင်းသားတစ်ယောက်အနေနဲ့ပဲ ရှိချင်နေတာပါ... အဲဒိ ဗွီဒီယိုကြည့်လို့ရမယ့်နေရာကို တော့ ကျွန်မမပြောတော့ပါဘူး... မင်းသားက ပြန်မအော်ပင်မဲ့ မျက်နှာက တော်တော်တည်နေပြီး သူလုပ်စရာရှိတာကိုပဲ မြန်မြန်လုပ်နေပါတယ်... ပြီးတာနဲ့ ဘယ်သူ့ကိုမှလဲ စကားမပြောတော့ပဲ ခပ်ဆက်ဆက် နောက်တစ်နေရာကို ထွက်သွားပြီး ပိုစတာကပ်ပါတယ်... သူက ကျောင်းသားအနေနဲ့ ရှိချင်ခဲ့လို့လားမသိဘူး... ဘေးမှာ သူ့မန်နေဂျာကိုတောင် မတွေ့မိပါဘူး... အမှန်တော့ သူ့ကို ခုလို privacy မရှိ လိုက်ရိုက်နေတာ.. fan တွေလဲ ဖြစ်နိုင်သလို.. သူ့ရဲ့ anti fan တွေကလဲ သူဘယ်အချိန်အမှားလုပ်မလဲဆိုတာ လိုက်ကြည့်နေတာ သူခံနေရပါတယ်... နောက်ပြီး paparazzi တွေလဲ ပါတဲ့အတွက်.. ဘယ်သူက ရန်သူ ဘယ်သူက မိတ်ဆွေ သူ့ခမျာမသိရှာတော့ .. ကင်မရာနဲ့ ချိန်ခံရတိုင်း အနေအထိုင် ဆင်ခြင်နေရရှာတော့ သူစိတ်ညစ်မယ်ဆိုတာ ကျွန်မခံစားလို့ရပါတယ်...

အဲဒိညမှာတော့ ဂျန်ဂမ်ဆပ် official website မှာ မင်းသားက ခုလို မတ်ဆေ့စ်လေးကို တင်ထားတာကို ၀မ်းနည်းစွာတွေ့ရပါတယ်တဲ့...

English translation from CriJ Staff

Please, please, please.... don"t take photos when I say not to.
If you keep doing this,
ကျေးဇူးပြုပြီး... တောင်းပန်ပါတယ်!!!!!.... ကျွန်တော်က ဓာတ်ပုံမရိုက်ပါနဲ့ဆိုရင် ဆက်ပြီး မရိုက်ကြပါနဲ့တော့... တကယ်လို့ ဆက်လုပ်နေမယ်ဆိုရင်....

Maybe I"ll never come outside, then I"ll never be in your photos, ever....
ကျွန်တော် ခုလို အပြင်ကို ဘယ်တော့မှ မထွက်တော့ဘူး.... ဒီလိုဆို ခင်ဗျားတို့ရဲ့ ဓာတ်ပုံထဲလဲ ကျွန်တော် ဘယ်တော့မှ မပါတော့ဘူးပေါ့..

Don"t make me a bad person
ကျွန်တော့ကို လူဆိုးဖြစ်အောင် မလုပ်ကြပါနဲ့ဗျာ...

ဒီလိုလေးရေးထားတယ်ဆိုတာ သိရတော့ သူ့အတွက် စိတ်မကောင်းဘူး...

သူ့အကြောင်းပြောတဲ့ ဖိုရမ်တွေထဲမှာတော့ တချို့ကလဲ သူ့အတွက် မင်းသားဆိုတဲ့ လမ်းကို ရွေးပြီးရင် ကင်မရာတွေနဲ့ ရင်ဆိုင်ရတာကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားသင့်တယ်တဲ့... ဒါပေမဲ့ မင်းသားကို အပြစ်ပြောနေကြတာတော့ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ သူက တခြားမင်းသားတွေလို ဟိတ်ကြီး ဟန်ကြီးနဲ့ မနေချင်ပဲ လူတွေကြားမှာ ကူးလူဆက်ဆံချင်တဲ့ မင်းသားလေး ဖြစ်နေလို့ပါပဲ... အဲဒါကြောင့်မို့ သူ့ရဲ့ fan တွေက သူ့အတွက် ဆုံးဖြတ်ချက်ချရင်း အားလုံးကိုလဲ သူ့ fan စစ်ရင် အဲဒါကို လိုက်နာဖို့ လက်ဆင့်ကမ်းခိုင်းတယ်... fan တွေအနေနဲ့ မင်းသားရဲ့ သွားတာ လာတာ နေတာ ထိုင်တာ စားတာ သောက်တာကို ချစ်လို့ ခင်လို့ အချိန်ပြည့်ကြည့်ချင်မိလို့လဲ ဒီလို မင်းသားမှာ နေရကျပ်ရတာ... ဒါပေမဲ့ မင်းသားအတွက် အဲဒိ အနေရကျပ်တဲ့ အချိန်လေးတွေ လျော့သထက် လျော့နိုင်အောင် ကူညီပေးကြဖို့ပါပဲတဲ့... ကျွန်မစိတ်ထင်လဲ သူ့ကိုသာ ကင်မရာတွေနဲ့ မချိန်နေရင် သူဟာ ပရိတ်သတ်တွေနဲ့ ယခုထက်တောင် ပိုပွင့်လင်းရိုးသားပြီး ရင်းရင်းနှီးနှီးဆက်ဆံနိုင်မယ်ထင်ပါတယ်...

သူက ပရိတ်သတ်ကို သူငယ်ချင်းလို ခင်ချင်တဲ့ မင်းသား... ပရိတ်သတ်က သူ့ကို ကင်မရာတွေထဲက ကြည့်နေတာထက် မျက်လုံးချင်းဆုံချင်တဲ့ မင်းသား... သူ့ပရိတ်သတ်ဘယ်လိုလူတွေလဲဆိုတာကို သိချင်လွန်းလို့ လေဆိပ်မှာတောင် ပြန်ဗွီဒီယို ရိုက်ခဲ့တဲ့ မင်းသား... ရဲကို လက်ကာပြီးတော့တောင် ပရိတ်သတ်နား ကပ်ခဲ့တဲ့ မင်းသား... ပရိတ်သတ်က အော်ပြောတဲ့ စကားသံ သူကြားရင် ပြန်အော်ဖြေတတ်တဲ့ မင်းသား... သူ့လောက် ပရိတ်သတ်အပေါ် ကောင်းနေတဲ့ မင်းသားကို ခုလို စိတ်ညစ်သွားအောင် မလုပ်သင့်ဘူး... တော်ပါသေးရဲ့... သူစကာင်္ပူလာတုန်းက သူ့ဟိုတယ်မှာ stalker သွားလုပ်မလို့ စဉ်းစားမိသေးတယ်... အွန်လိုင်းမှာ ၀ါသနာတူ အဖော်တွေရှိတယ်... ဒါပေမဲ့ အဲဒိတုန်းကလဲ သူ့ privacy ကို စဉ်းစားမိလို့ ကျွန်မ မလုပ်ခဲ့ဘူး... လေဆိပ်မှာတုန်းကလဲ သူနာညီးမှာစိုးလို့ သူကိုယ့်ရှေ့တည့်တည့်ရောက်နေတာတောင် မအော်ခဲ့ဘူး... သူ ကျော်သွားမှ မခံနိုင်လွန်းလို့ here here here လို့ အော်မိတာ.. သူနားညီးလောက်မယ်တော့ မထင်ပါဘူး...
ဒါပေမဲ့ ကျွန်မ အခုဆုံးဖြတ်လိုက်ပြီ... နောက်တစ်ခါ သူ့ကို တွေ့ခွင့်ရအုံးမယ်ဆိုရင် ကျွန်မဘယ်တော့မှ ဗွီဒီယို ကင်မရာ သယ်မသွားတော့ဘူး... သူ့ကို မျက်လုံးနဲ့ပဲကြည့်မယ်... ရင်ထဲမှာပဲ record လုပ်ထားလိုက်တော့မယ်ရှင်....

မင်းသားရဲ့ privacy ကို နားလည်သောအားဖြင့် အဲဒိနေ့က ဗွီဒီယိုတွေအွန်လိုင်းမှာတွေ့တာကို မရှယ်တော့ပါဘူး... ခုအောက်က ပုံလေးတွေကတော့ သူ့ official facebook ကနေ ရယူထားပါတယ်..

Photo credits to Jang Keun Suk's official facebook...


ဒီပုံလေးကတော့ သူ ခုလို နာမည်မကြီးခင် မနှစ်က Launge H ပွဲမှာ သူငယ်ချင်းတွေနဲ့ စုရိုက်ခဲ့တဲ့ပုံလေးပါ... (သူ့ကို ရှာလို့ တွေ့ကြလား)

အောက်ကပုံတွေကတော့ ဒီနှစ်ပွဲက ပုံတွေပါ...
အလုပ်တွေ ကူလုပ်ပေးရင်း ပင်ပန်းနေတဲ့ မင်းသားလေး...

ကျောင်းပွဲ မစခင်မှာ organizer တစ်ယောက်အနေနဲ့ အလုပ်တွေလုပ်နေတဲ့ မင်းသား...

တကယ့်ပွဲနေ့မှာ လာတဲ့ မင်းသား... (ဒီနှစ်တော့ အဲဒိပွဲလေးရဲ့ လက်မှတ်က သူ့ကျေးဇူးကြောင့် ချက်ချင်းကုန်သတဲ့)

Wednesday, May 19, 2010

ငဂျစ်လေးရဲ့ ပုံပြင်...

ကျူပ်နာမည်က ငဂျစ်... ငဂျစ်ဆိုတဲ့ နာမည်ကို ကျုပ်က ကြိုက်လှတယ်တော့ မဟုတ်ဘူး... ဒါပေမဲ့ လူကြီးတွေက ကျုပ်ကို ဂျစ်ကန်ကန်လို့ သတ်မှတ်လို့ ငဂျစ်လို့ သူတို့က ခေါ်ကြတာပေါ့...

ဒါပေမဲ့ ဗျာ... ကျုပ်ကို ဂျစ်ကန်ကန်ဖြစ်လာအောင် တွန်းပို့နေကြတာလဲ သူတို့ပဲလေ... ငယ်ငယ်က ကလေးပီပီ ဟိုအရုပ်လေးလိုချင်တယ်.. ဒီ ပွဲဈေးလေးသွားချင်တယ်... လူကြီးတွေကို တောင်းမိတယ်... ဒါမှ မရရင် တဆင့်တိုးပြီး ငိုယိုတောင်းမိတယ်... ဒီအခါမှလူကြီးတွေက သူတို့ မလုပ်ပေးချင်ရင် ပဲဖြစ်ဖြစ်... မလုပ်ပေးနိုင်ရင် ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းမပြောဘူး... တစ်ခုခုနဲ့ ကျုပ်ကို နှစ်သိမ့်တတ်ကြတယ်... ဒါမှ မဟုတ် ပြီးပြီးရော ညာပြောတတ်ကြတယ်...

ဥပမာဗျာ... ဟိုအရုပ်လေး မကောင်းပါဘူး.. ဒီအရုပ်လေးကို ယူဆိုပြီး ကျုပ်တောင်းဆိုတာမဟုတ်တဲ့ အရာကြီးကို အတင်းထိုးပေးတတ်ကြတယ်... ကျုပ်က ကျုပ်လိုချင်တာ မဟုတ်လို့ ဘ၀င်မကျဖြစ်မိရင် သူတို့က "ငဂျစ် မင်းကို ဒါလဲ ပေးပြီးပြီ... ဘာလို့ ခုထိ ဂျစ်တိုက်နေရတာတုံး" ဆိုပြီး ကျုပ်အမှားလုပ်ပြစ်တတ်ကြတယ်... ကျုပ်ကတော့ ကလေးပဲဗျာ... ဘာတတ်နိုင်မှာလဲ... ပြန်ပြောတော့လဲ ငဂျစ်ကို ရိုင်းတယ်ဆိုပြီး လွန်ရာကျမဲ့အပြင်... ရ ထားတာလေးတောင် မရတော့မှာကြောက်ရသေးတယ်... တကယ်ဆို ကျုပ်လိုချင်တာ မပေးနိုင်ဘူးဆိုလဲ မပေးဘူးပြောပေါ့... ဘာကြောင့် မပေးနိုင်သေးဘူးလဲဆိုတာ သေချာရှင်းပြပေါ့... ဒါမှ ကျုပ်က ငိုနေသေးရင်တော့ လွှတ်ထားလိုက်ပေါ့ဗျာ... ကျုပ်မောရင် ရပ်သွားမှာပေါ့...

နောက်တစ်မျိုးက မျှော်လင့်ချက်ပေးပြီး ညာပြောတာ... "အဲဒိ ပွဲဈေး လိုက်ပို့ပေးမယ်နော်... ခုတော့ အလုပ်များနေသေးလို့... နောက်မှ... ခု မငိုနဲ့တော့... " ကျုပ်ကတော့ အဲဒိအချိန်တုန်းက ပျော်လို့... ညညဆို စောစောအိပ်တယ်... အချိန်တွေမြန်မြန်ကုန်ပြီး နောက်နေ့ မြန်မြန်ရောက်အောင်... ဒီကြားမှာလဲ လူကြီးတွေကျေနပ်အောင် လိမ်လိမ်မာမာနေတာပေါ့ဗျာ... ကျုပ်ဘက်က ကောင်းနိုင်သမျှကောင်းပေးတယ်... ဒါမှ သူတို့တွေ ကျုပ်ကို အပစ်ရှာလို့မရပဲ ကတိအတိုင်းလိုက်ပို့ပေးရမှာလေ... ဒါပေမဲ့ဗျာ တကယ် သူတို့ လိုက်ပို့မယ်ဆိုတဲ့ နေ့က တစ်ရက်လဲ ရောက်မလာ... ၂ရက်လဲရောက်မလာ... သူတို့ကို သွားပြီး သတိပေးမိပြန်တော့လဲ...

"ငဂျစ်ရာ... ဒိထက်အရေးကြီးတာတွေ ငါ့မှာ လုပ်နေရတယ်... ဘာမဟုတ်တဲ့ ဟာကို လာဂျီမကျနဲ့" တဲ့... သူတို့ဘာလုပ်နေလဲကြည့်လိုက်တော့ စိတ်ပုတီးကြီးလည်ပင်းဆွဲပြီး ဖဲရိုက်နေတတ်တယ်... စဉ်းစားကြည့်ဗျာ ငဂျစ်ကို မျှော်လင့်ချက်ကြီးပေးပြီး တကယ်တမ်းတော့ လူကြီးတွေက နားလည်ပါးရိုက်လုပ်တတ် ကြတယ်ဗျာ... မပို့ပေးနိုင်ရင် မပို့ပေးဖူးပြော... သူတို့လူလည်ကောင်မှာ အရှက်ကွဲမှာစိုးတာနဲ့ ကလေးတစ်ယောက်ရဲ့ လူကြီးအပေါ်ထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်ဗျာ...

ကျုပ်ကို ကလေးဆိုပြီး နားမလည်ဘူးများထင်နေကြလား မသိပါဘူး... ကျုပ်တို့လို ကလေးဆိုတဲ့ အရွယ်က အားလုံးကို မှတ်ယူတတ်တဲ့အရွယ်ဗျ... ဒီလိုအရွယ်လေးတွေအတွက် ရှေ့ကလူကြီးတွေက ဆင်ခြင်သင့်တယ်ဗျာ....

သူတို့က ကျုပ်တို့ကလေးတွေကိုကျတော့ တစ်ခုခုဆို ကျုပ်တို့ နားမလည်နိုင်တဲ့ စကားကြီး စကားကျယ်တွေ ပြောပြီး ဆရာကြီးအထာနဲ့ ဆုံးမတတ်သေးတယ်လေ... သူတို့အမှားကို ကလေးတွေက ပြန်ထောက်ခွင့်မရှိဘူး...
"ငါက လူကြီး"...
"ကလေးဖြစ်ပြီး ရိုင်းလိုက်တာ"

ဆိုတာက သူတို့လိုသလို ကာကွယ်လို့ရနေတဲ့ စကားလုံးတွေလေ... သူတို့မှန်မှန်မှာမှား အငယ်တွေပြောတာကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ပုံနဲ့ သူတို့ ထင်ရာစိုင်းတတ်ကြတယ်... အမှန်တော့ အဲဒါရှက်စရာဆိုတာ သူတို့မသိဘူး... ကျုပ်က သိလို့တော်သေးတယ်ဗျာ... တချို့ ကျုပ်သူငယ်ချင်းတွေဆို အဲဒါကိုတောင် အမှန်ထင်ပြီး ငါတို့လဲ အပြောနဲ့ အလုပ်ညီစရာမလိုဘူး ရတယ်ဆိုပြီး အတုယူကုန်ကြတာ... ခက်ပါရောလား...

ဒါပေမဲ့ဗျာ... ကျုပ်အတွက်ကတော့ ပါးစပ်က ဘုရား ဘုရားဆိုပြီး လက်က ကားယား ကားယား လုပ်တတ်တဲ့ လူကြီးတွေကို အထင်ကိုးမကြီးဘူးဗျာ... လေးလဲ မလေးစားဘူး... သူတို့ ပြောနေတဲ့ အရာတွေကလဲ ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ... ကျုပ်ကတော့ သူတို့အစားရှက်နေရတာဗျ...

ဒီလိုမျိုး ခံရဖန်တွေများလာတော့ ငဂျစ်ကလဲ သူတို့ကို မပြောချင်တော့ဘူးဗျ... ကျုပ်က "ဒါကတော့ မဟုတ်ဘူး ဒါပါ" လို့ ပြောလဲ ကျုပ်မှန်မှန်းသိပင်မဲ့ သူတို့က လူကြီးဆိုပြီး မလိုက်နာချင်ကြဘူး... ကိုယ့်ကိုပဲ ရိုင်းတယ်ဖြစ်တယ်... သူတို့ အပြောနဲ့ အလုပ်မညီလို့ ပြောမယ်ဆိုလဲ အစကတော့ ဟုတ်တော့မလိုလိုနဲ့ အဆုံးကျရင် ဒုံရင်းပြန်ရောက်ပြီး လက်တလုံးကြားလုပ်တတ်ကြတယ်ဗျာ...

ကျုပ်တို့ ကလေးတွေအတွက် ဒါမျိုးတွေ ရိုးနေပြီဗျ... လူကြီးတွေ ပြောနေကျစကား အံတိုနေပြီဆိုတာ ကြားဖူးလား... ကျုပ်တို့ကလေးတွေကတော့ ဒါကြောင့်မို့ ဒီအရွယ်မှာ သွားတွေ အကုန်ကျိုးကုန်တာလို့ ထင်တာပဲ... လူကြီးတွေ ညာတာ၊ ၂ပေါက် ၁ပေါက်ရိုက်တာ သိလွန်းလို့ သွားတွေကျိုးကုန်တာပေါ့ ဗျာ.... သဘာဝတရားက အခွင့်အရေး နောက်တစ်ကြိမ်ပေးလို့သာ နောက်သွားပြန်ပေါက်လာတာ... ကဲပါလေ... ဒါက ကျုပ် ကလေးအတွေးနဲ့ ထင်တာ ပြောမိတာပါ...

ဒီတော့လဲ ကျုပ်က အပြောနဲ့ အလုပ်နဲ့ မညီတဲ့ လူကြီးတွေကို ဘာမှလဲဆက် မပြောချင်သလို... သူတို့ပြောသမျှ ဘာမှကိုလဲ လေးစားမှာမဟုတ်... ယုံကြည်မှာလဲ မဟုတ်ဘူးပေါ့ဗျာ... ဒီလိုနဲ့ ကျုပ်ကို လူကြီးတွေက ငဂျစ်ဆိုပြီး ခေါ်ခဲ့ကြတာပေါ့... ခေါ်ချင်သလိုသာခေါ်ပါ... နာမည်ဆိုတာလဲ ဖက်တွယ်ထားစရာမဟုတ်ဘူးလို့ ဘယ်မှာလဲ မသိဘူးကြားဖူးတယ်... ဒါလဲ လူကြီးတွေပြောတာပဲဖြစ်မှာ... ယုံရတော့ အခက်သားဗျ....

ကျုပ်ကြီးလာလို့ သားသမီးတွေရလာမယ်ဆိုရင်လေ... သူတို့ကို ကျုပ်မျှော်လင့်ချက်ပေးပြီး ညာမပြောဘူး... ကျုပ်က လူကြီးဆိုပြီးလဲ ပိတ်မပြောဘူးဗျာ... မ၀ယ်ပေးနိုင်ရင် မ၀ယ်ပေးဘူး... မလုပ်ပေးနိုင်ရင် မလုပ်ပေးဘူး... ကျုပ်မှန်တယ်ယုံကြည်တာကို ကလေးက မှားတယ်ထင်ရင်... ကျုပ်ဘက်က ကျေကျေလည်လည်ရှင်းပြမယ်... ကျုပ်တကယ်မှားနေရင်တော့ ၀န်ခံရခက်ပင်မဲ့လဲ သူတို့လေးတွေသိအောင် ကြိုးစားပြီး ပြင်မယ်ဗျာ... ပြောသာပြောနေတာပါ... ကျုပ်လဲ ဒီလို လူကြီးတွေကြားမှာ ကြီးပြင်းလာရင် တချိန်ကျ ဘယ်လိုလူကြီးမျိုးဖြစ်လာမလဲ မသေချာသေးပါဘူး...

ပြောနေကြာပါတယ်ဗျာ... ခုပဲ လူကြီးလုပ်လိုက်လို့... ကျုပ်အံသွားတစ်ချောင်းကြိုးသွားပြီး လွှတ်ပစ်ဖို့ လုပ်ရင်းက တောင်စဉ်ရေမရ စဉ်းစားမိတာပါ... ကျုပ် အတွေးတွေက တခြားလူတွေအတွက် အနှောင့်အယှက်ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်ဗျာ... ကျုပ်ကလဲ ကလေးဆိုတော့ ခင်ဗျားတို့လောက်တော့ ဘယ်တတ်မလဲဗျ... စကားကြီးစကားကျယ်တွေလဲ မပြောတတ်ပါဘူးဗျာ... ဘာပဲဖြစ်ဖြစ်ဗျာ... ကျုပ်က ကလေးပဲ ခွင့်လွှတ်နားလည်ပေးကြပေါ့... ကဲကဲ... အရေးကြီးကိစ္စ လုပ်ရအုံးမယ်...

"ကြွက်ရေ နင့်သွား ငါ့ကိုပေး... ငါ့သွားနင်ယူ" ...

"ဟာ!!!!!!!!!!!!!!!!!!!"

ဒုက္ခပဲဗျာ ကျုပ်ကြားဖူးတာ အောက်သွားကြိုးရင် အပေါ်ကို ထောင်ပစ်ရတယ်... အပေါ်သွားကြိုးရင် အောက်ကိုပစ်ရတယ်... နောက်မို့ဆို ဘက်မှားပြီး မပေါက်တတ်ဘူးတဲ့ဗျ...

ကျုပ်အောက်သွားကြိုးတာကို အတွေးလွန်ပြီး အပေါ်ထောင်မပစ်မိလိုက်ဘူးဗျာ.... ကျုပ်တော့ ကင်းမြီးကောက်ထောင်နေမှပဲ... ဒါမှ ဘက်မှန်သွားမှာ... ဒါပေမဲ့ဗျာ... ဒါလဲ လူကြီးတွေပြောခဲ့တာပဲဗျ... ဒီတော့ ကင်းမြီးကောက်မထောင်ပဲ နေကြည့်ပြီး ကျုပ် သွားပြန်ပေါက်မပေါက် စောင့်ကြည့်လိုက်အုံးမယ်ဗျာ... ခင်ဗျားတို့လဲ လူကြီးတွေပြောတာကို လူကြီးပဲလေဆိုပြီး ယုံလိုက်ရင် ကင်းမြီးကောက်ထောင်နေရမယ်နော်ဗျ...

တကယ်တော့ လူကြီးတွေ သူတို့ အချင်းချင်း ညာချင်ညာ... ကျုပ်တို့ ကလေးတွေကို မညာသင့်ဘူးပေါ့ဗျာ... ဘာလို့လဲဆိုတော့ ကျုပ်တို့ကလဲ တွေးတတ်တဲ့ ခေါင်းရှိနေလို့ပဲ... ခုမဟုတ်တောင် တနေ့တချိန်ပေါ့...

ကဲ... ကဲ... လောလောဆယ်တော့ ရွာဦးဘုန်းကြီးကျောင်းမှာ မောင်တေတို့နဲ့ ဂေါ်လီလှိမ့်ဖို့ အရေးကြီးကိစ္စ ရှိလို့ သွားတော့မယ်ဗျာ...

ငဂျစ်
တတိယတန်း (ဘုန်းကြီးကျောင်းပညာသင်ကြားရေး)


Photo credits to Google.

Tuesday, May 18, 2010

အားလုံး ကြား ကြားသမျှ...

ရေဒုက္ခရောက်နေတဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် တတ်အားသရွေ့ အလှူထည့်လိုက်ပါတယ်... မဗေဒါဘလော့ကို လာဖတ်တဲ့ စာဖတ်သူတွေကိုလဲ တတ်နိုင်သမျှ လှူဖို့ တိုက်တွန်းပါတယ်...
အားလုံးကိုလဲ မဗေဒါရဲ့ ကုသိုလ်လေးတွေ မျှဝေလိုက်ပါတယ်...

ဤပြုရသော ကုသိုလ်ကြောင့် လိုအပ်သော ဆန္ဒအကုန် အဆင်ပြေချောမောစွာ ပြည့်ရပါလို၏... (ဒီလိုဆုတောင်းလိုက်တော့ တစ်ခွန်းထဲနဲ့ အားလုံးပါသွားရော...)

အားလုံး...

အမျှ... အမျှ... အမျှ... ယူတော်မူကြပါကုန်လော့....





Jang Keun Suk နဲ့ တစ်ညတာ (၅) (သို့) Fan meeting SG


ခု ဆက်လက်ပြီးတော့ JKS fan meeting မှာ ကြည့်ရမဲ့ အကြောင်းကတော့ JKS ရဲ့ fan girl တိုင်း အသဲယား.. မနာလို... အားကျ... ဖြစ်ရမဲ့ အပိုင်းလေးပါပဲ...

JKS က သူ့မှာ စကာင်္ပူက lucky fan တစ်ယောက်အတွက် လက်ဆောင်ပါကြောင်း... အဲဒါကို ဖုန်းနံပါတ်တွေကို ကံစမ်းမဲနှိုက်သလိုနှိုက်ပြီး ဖုန်းခေါ်မည်ဖြစ်ကြောင်းပြေုာပြီး စင်နောက်ကိုဝင်သွားပါတယ်... (ကျွန်မတို့ လက်မှတ်ဝယ်တုန်းက ဖုန်းနံပါတ်တွေ ဖြည့်ခိုင်းခဲ့ပါတယ်)... စင်နောက်ကနေ ဗွီဒီယိုနဲ့ screen ပေါ်မှာ ပရိတ်သတ်က မြင်နေရပါတယ်...

သူက သူရေငတ်ကြောင်း.. အအေးတွေဘာတွေသောက်ရင်း ပရိတ်သတ်ကို ကင်မရာကနေတဆင့် စကားပြောပါတယ်... နောက်တော့ ဖုန်းနံပါတ်တွေထည့်ထားတဲ့ ပုံးထဲကို ကံစမ်းမဲနှိုက်သလို နှိုက်ပါတယ်...

ကျွန်မရဲ့ အတွေးထဲမှာတော့ ရင်တွေခုန်ပြီး "ဟုတ်ရဲ့လား.. တကယ်ခေါ်မှာလား... ငါကျပါစေ... ဟင်း.. ငါဒီလောက် ကံမကောင်းပါဘူး... အင်း.. ဒါပေမဲ့ ငါကျရင်ကောင်းမယ်..." မမျှော်လဲ မမျှော်လင့်ရဲ... ဒါပေမဲ့ တဖက်ကလဲ မျှော်လင့်မိ... တကယ့်ကို ခံရခက်ပါတယ်...

ပထမတစ်ခု သူဖုန်းနံပါတ်ကို နှိပ်လိုက်တော့ ကျမဖုန်းမမည်တော့.. "သိပါတယ်လေ.. ငါဒီလောက်ကံမကောင်းပါဘူး" ...ဆိုပြီး စိတ်အမြန်ဖြေလိုက်မိတယ်.. ဒါပေမဲ့ အဲဒိဖုန်းက ခေါ်လို့မရဘူးတဲ့... နောက်တစ်ခု ထပ်နှိုက်မယ်ဆိုတော့..
"ကံတရားက ငါ့ကို အခွင့်အရေးထပ်ပေးတာများလား" လို့ မတန်မရာ ထပ်မျှော်လင့်မိသေးတယ်... ဟင်း....

ဒါနဲ့ သူနောက်ဖုန်းနံပါတ်တစ်ခု ထပ်နှိုက်တော့ ခေါ်လို့ရတယ်... ကျွန်မဖုန်းတော့ မမည်ခဲ့ပါဘူး... ခံစားချက်တွေက သေလောက်တယ်... အဟိ.. (ပိုပြောတာပါ.. မသေခဲ့လို ခုလို ဘလော့ရေးနေတာပါ)...

ကံကောင်းသူကတော့ ယိုးဒယားက ကောင်မလေးတစ်ယောက်ပါ... မင်းသားဘာပြောလဲဆိုတာ screen ပေါ်ကနေကြားနေရပါတယ်.. ကောင်မလေးပြောတာတော့ မကြားရပါဘူး.. သူက ကောင်မလေးကို စင်ပေါ်မှာ တက်ပြီးစောင့်နေဖို့ပြောပါတယ်...

ကောင်မလေးကို အားလဲကျတယ်... အမှန်အတိုင်း ၀န်ခံရရင် အစက အဲဒိအားကျတယ်ဆိုတဲ့ စိတ်ထဲမှာ နည်းနည်းလဲ မနာလိုဖြစ်မိပါတယ်... ဒါပေမဲ့လဲ "ငါဟာ နှလုံးသားရေးနဲ့ ပတ်သတ်ရင် သာမာန်လူတွေနဲ့တောင် ကံမကောင်းခဲ့တာ.. သူ့လိုမျိုး International Star နဲ့ အစထဲက မမျှော်လင့်သင့်ဘူး... ကိုယ့်ကိုကိုယ် မရှက်ဘူးလား" လို့ ပြန်လည် လှောင်ပြောင်မိနေခဲ့တယ်...

နောက်တော့ မင်းသားက သစ်ခွပန်းစည်းလှလှလေးကို ကိုင်ရင်း You are beautiful ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ As Ever သီချင်းကို အချစ်စိတ်တတ်နေတဲ့ ကောင်လေးပုံစံနဲ့ အိုက်တင်လေးလုပ်ပြီး စင်နောက်ကနေ စဆိုပြီး အပြင်ကို ပရိတ်သတ်ဘေးက အပေါက်ကနေ ထပ်ထွက်လာပါတယ်... သူလုပ်တဲ့ အမူအရာလေးတွေက သူတကယ် အဲဒိ ကံထူးရှင်ကောင်မလေးကို ချစ်နေတဲ့ ပုံစံမျိုးလေးပါ.. အသဲတွေ ယားလိုက်တာ မပြောပါနဲ့... ငိုချင်စိတ်ကို မနည်းထိန်းထားရတယ်... မင်းသားလို့ မပြောရဘူး... သူ အမူအယာ လုပ်တတ်လွန်းလို့ ချီးကျူးမိပါတယ်...

စင်ပေါ်ရောက်တော့လဲ ကောင်မလေးကို ဒူးထောက်ပြီး ပန်းစည်းလေးပေးတာ.. အမယ်လေးလေး.. မအော်ပဲ နေရင် မွန်းကြပ်လာလွန်းလို့... အော်မိလိုက်တယ်... "oh my god" လို့... အဟိ.. ဗွီဒီယိုထဲမှာ အဲဒိ အသံပါတယ်...

နောက်ပြီး မင်းသားက ရှက်နေတဲ့ ပုံစံလေးလုပ်ပြီး မထင်မှတ်တဲ့ အချိန်မှာ အဲဒိ ကံထူးရှင်မလေးကို ဖက်လိုက်ပြန်ပါရော... အောက်က ကောင်မလေးတွေအားလုံးလဲ ကျမနဲ့ ထပ်တူခံစားနေရမယ်ဆိုတာ သိပါတယ်...

အဲဒိ ယိုးဒယားမလေးကတော့ ဒီဘ၀သေပျော်ပါပြီ.. (ဟိဟိ)... နောက်ဆုံးတော့ သူတို့ ကိုရီးယားထုံးစံ အသဲပုံလေး.. (ကျွန်မသာ JKS နဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရရင် လုပ်ချင်တဲ့ အိုက်တင်လေး.. ဟတ်... ဟတ်)... လေးနဲ့ သီချင်းကို အဆုံးသတ်လိုက်ပါတယ်...

နောက်တော့ အမေးအဖြေ အစီအစဉ်စပါတယ်... ပရိတ်သတ်တွေအားလုံးပါဝင်လို့ရပါတယ်... မင်းသားနဲ့ ပတ်သတ်တဲ့ မေးခွန်းလေးတွေ မေးပြီး မှန်တဲ့သူ မှားတဲ့သူ တဖြည်းဖြည်း ဆစ်ထုတ်ပြီး နောက်ဆုံး ၃ယောက်ကို မင်းသားက ဆုချမှာ ဖြစ်ပါတယ်... အလာခရီးတုန်းက ကားပေါ်မှာ မင်းသားကိုယ်တိုင် သူ့ကိုယ်သူ ဓာတ်ပုံပြန်ရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံက အဲဒိ ဆု ၃ဗူးရဲ့ တစ်ဗူးဗူးထဲမှာ ပါပါတယ်... တခြား လက်ဆောင်တွေလဲ ပါပါတယ်...

မဗေဒါလဲ ကံမစွမ်းရင်နေ ဥာဏ်များစွမ်းမလားလို့ ဒီပွဲ ၀င်နွှဲမိတော့ ဗွီဒီယို အစပိုင်းပဲ ရိုက်လိုက်မိပါတယ်... အွန်လိုင်းမှာလဲ သူများရိုက်ထားတာ မတွေ့ပါဘူး.. အားလုံး ပါဝင်ကြတယ် ထင်ပါတယ်... (ဘာတွေ မေးတယ်ဆိုတာတော့ ဗွီဒီယိုထဲမှာပဲ ကြည့်လိုက်ကြပါတော့... ပိုစ့်ရှည်လို့ မရေးတော့ပါဘူး...)

ကံကောင်းရင် မင်းသားဆီက လက်ဆောင်ရမှာကိုး... ဒီလိုနဲ့ အဆင့်ဆင့်မေးလာလိုက်တာ... နောက်ဆုံး အယောက် ၃၀လောက်ကျန်တော့ စင်ရှေ့ကို လာရပ်ခိုင်းပါတယ်... မဗေဒါနဲ့ အဲဒိပွဲရောက်မှ ခင်သွားတဲ့ မလေးမလေးနဲ့ သွားရပ်ကြပါတယ်... ရင်တွေခုန်လိုက်တာ... အမေရိကန် အိုင်ဒိုး ၀င်ပြိုင်တဲ့ သူတွေကို ခုမှ ကိုယ်ချင်းစာသွားတော့တယ်... အဟီး...

အဲဒိမှာ မေးခွန်း ၃ခွန်းမေးပါတယ်... ကျွန်မလဲ မှန်းခြေနဲ့ ဖြေနေတာ... မေးခွန်း ၂ ခွန်းထိမှန်နေပါတယ်... နောက်ဆုံးမေးခွန်းကျမှ အလွယ်ဆုံးမေးခွန်းကို ကွန်မ အတွေးခေါင်မိလို့ မှားဖြေမိပါတယ်... ကျွန်မဖြေသမျှကို အတူတူလိုက်ဖြေတဲ့ ဘေးက မလေးမလေးလဲ မှားသွားပါတယ်...

မေးခွန်းကတော့ " JKS က စကာင်္ပူမှာ ပင်လယ်စာကို အကြိုက်ဆုံး"တဲ့... အဲဒါ မှန်လား မှားလားတဲ့...

အဲဒိအချိန်မှာ အတွေးတွေက ယောက်ယက်ခပ်နေပါတယ်... သူက ကိုယ့်ကို သတိတောင် ထားမိချင်မှ ထားမိမယ်ဆိုပေမဲ့... သူနဲ့ လက်တလှမ်းအကွာလောက်လေးမှာပဲ ရပ်နေရတဲ့ အတွက် ဒူးတွေတောင် တုန်မိပါတယ်... တန်အောင်လဲ နာနာကြည့်မိပါတယ်... ကြည့်လေ ကြည့်လေလဲ ကိုယ့်ကိုကိုယ်ရှက်မိပါတယ်... ယောကျာင်္းလေးဖြစ်ပြီး ကောင်းလိုက်တဲ့ အသားအရည်... ချောလိုက်တဲ့ မျက်နှာ... ငါသာ ဆုရလို့ သူ့ဘေးသွားရပ်ရမှာတောင် ရှက်တယ်... ပြိးတော့ မေးခွန်းကို စဉ်းစားရာမှာလဲ... အတွေးက ဘယ်လို ဆူးရောက်မိလဲ ဆိုတော့.... ဘယ် celeb မဆို နိုင်ငံတစ်ခုကို သွားရင် အဲဒိနိုင်ငံက fan အကြိုက် အဲဒိ နိုင်ငံ ကောင်းကောင်း မကောင်းကောင်း... ကောင်းတယ်.. ကြိုက်တယ်ပဲ ဖြီးကြမှာပါပဲ... အထူးသဖြင့် သူတို့ စကာင်္ပူလို ဘာမှ မယ်မယ်ရရ မရှိတဲ့ နိုင်ငံအတွက် မင်းသားကလဲ လောကွတ်လုပ်ပြီး... True ပဲ ဖြေမယ်ထင်မိတာပါ.. ကိုရီးယားလို ပင်လယ်စာ လတ်ဆတ်တဲ့ နိုင်ငံကလာတဲ့လူအတွက် စကာင်္ပူက ပင်လယ်စာက နှိုင်းလို့မရဘူးဆိုတာလဲ ကျွန်မကိုယ်တိုင် ကိုရီးယားကို အလည်သွားဖူးလို့သိပါတယ်... ကံတရားကပဲ ကိုယ့်ဘက်မှာ မရှိလေတော့.. ရွှေဥာဏ်တော်က ဆူးရောက်မိပါတယ်... ဒီမှာတင်ပဲ ကျွန်မနဲ့ မင်းသားလေးရဲ့ ဇာတ်လမ်း လက်တကမ်းအလိုမှာ ပြတ်သွားခဲ့ပါတယ်.. (ဟိ ဟိ.. အသားရော အရိုးရော ယူပြောတာ..)

ဒါပေမဲ့ အဲဒိမေးခွန်းမှာ ကျွန်မလို အတွေးခေါင်းသွားတဲ့ သူတွေ တော်တော်များတယ်... အစက ၁၅ ယောက်လောက် ကျန်တာ.. အဲဒိမေးခွန်း အပြီးမှာ ၄ယောက်ပဲ ကျန်တော့တယ်... ကံထူးရှင် ၄ယောက်ပေါ့... ဒါပေမဲ့ မင်းသားက သူ့လက်ဆောင်က ၃ခုပဲ ပြင်ဆင်လာတဲ့အတွက် ၁ယောက်ကို ထပ်ဖြုတ်ရပါမယ်တဲ့... ဒီတော့ သူတို့ Stone, siccor, Paper မင်းသားနဲ့ အဲလေးယောက်နဲ့ ကစားကြပါတယ်... နောက်တော့ ကောင်မလေး ၁ယောက်ပြုတ်သွားပါတယ်... (ကျွန်မလဲ ကျွန်မအစ်မ ဆူတာလေးခံ... ကိုယ့်ကိုကိုယ်လဲ အကြိမ် ၁သောင်း စိတ်ထဲက ဆူပူမိနေပင်မဲ့... အဲဒိ လေးယောက်မြောက်မှ ပြုတ်သွားတဲ့ ကောင်မလေးကို ကြည့်ပြီး... ပုထုဇဉ်ပီပီ သူများဒုက္ခကို ကိုယ့်ဒုက္ခနဲ့ ယှဉ်ပြီး ဖြေသာခဲ့ပါတယ်...)

အဲဒိအပေါ်တက်သွားတဲ့ ၃ယောက်မှာ ၂ယောက်က ကျွန်မတို့ တန်းစီနေတုန်းက ကျွန်မတို့ရှေ့မှာရပ်ပြီး အတူတူသောင်းကျန်းခဲ့တယ်ဆိုတဲ့ ကောင်မလေး ၂ယောက်ပါ... အားကျလိုက်တာ လွန်ရော... မင်းသားစီစဉ်လာတဲ့ လက်ဆောင်ထုတ် ၃ထုတ်က အရွယ်ပမာဏချင်း မတူပါဘူး... ဒီတော့ ဘယ်သူ အကြီးဆုံးယူမလဲမေးတော့ ကောင်မလေးတွေက မဖြေပါဘူး... ဒီတော့မင်းသားက လူကောင်အကြီးဆုံးက အထုတ်အကြီးဆုံးယူ... အလတ်က အလတ်ယူ.. လူကောင်အသေးဆုံးကောင်မလေးက အသေးဆုံးလေးရပါတယ်... ဒီတော့ မင်းသားက အသေးဆုံးရတဲ့ကောင်မလေးကို မျှတသွားအောင်... Hug တစ်ခု လက်ဆောင်ပေးပါတယ်... အမလေးလေး... ကျွန်မကိုလဲ ဘာမှ မပေးရင်နေပါ... ဇွဲဆု free hug လေး တစ်ခုလောက်ဆို တော်ပါပြီ... ဒါပေမဲ့လဲ.. မင်းသားနဲ့ ယှဉ်လို့မှ ကျွန်မ အသားအရည်... ခန္ဓာကိုယ် အပြတ်အသတ် ဖြစ်နေတော့... သူကိုယ့်ကို မမြင်.. သတိမထားမိတာပဲ ကောင်းပါတယ်လေလို့ ဖြေသိမ့်မိတယ်..ဟုတ်တယ်... အမှန်တော့ ကိုယ့်ကိုမြင်ရင်တောင် ကိုယ်ရှက်မိမှာ... တချို့ အဖွားကြီးတွေတောင် မရှက်ဘူးဆိုပေမဲ့... ကျွန်မကတော့ ရှက်တယ်...

အဲဒိ အစီအစဉ်ပြီးသွားတော့ မင်းသားက စင်နောက်ဝင်ပြီး အ၀တ်အစားလဲနေတုန်း... သူ ဆိုလ်းမှာ fan meeting လုပ်တုန်းက အခွေကို ပြပါတယ်... ကိုရီယားမင်းသားဆိုတော့ ကိုရီယား seoul မှာလုပ်တဲ့ fan meeting ကတော့ စကာင်္ပူထက် အများကြီးသာတာပေါ့နော်... ဖျော်ဖြေရေးတွေ အများကြီးနဲ့ပေါ့...

အဲဒိမှာ သူ့ကို အကြိုက်ဆုံးကတော့... Hot Candy သီချင်းမှာ ကလေးလေးလို ၀တ်ပြီး လက်အတု အကြီးကြီးတက်ပြီး ကတဲ့ သီချင်းကို အကြိုက်ဆုံးပဲ... ကိုယ်က baby face, girly face တွေကိုပဲ ကြိုက်တယ်လို့ မှတ်ယူရမယ်ထင်တယ်... အဲဒိသီချင်းလေးနဲ့ကတာ တကယ် ကလေးလေးအတိုင်းပဲ... နောက်တော့ Rain သီချင်း... 2PM ရဲ့ Heart beat သီချင်းတွေနဲ့လဲ ဖျော်ဖြေခဲ့တယ်... သူက အဆိုတော်မဟုတ်တော့ သူ့မူရင်းသီချင်းမရှိဘူးလေ...

ဒါတောင် ဗွီဒီယိုပြနေရင်းနဲ့ စီဒီက ထစ်ထစ်သွားတော့ ပရိတ်သတ်တွေ အတော် Feeling ငုတ်ပါတယ်... အဲဒိလိုဖြစ်တာကို ပွဲအဆုံးမှာ မင်းသားက ပရိတ်သတ်ကို တောင်းပန်တဲ့ ပုံစံလေးကလဲ အတော်အပြောကောင်း သဘောကျစရာလေးပါပဲ.. နောက်အပိုင်းကျမှ သူဘယ်လို ပြောလဲ ရေးပေးပါအုံးမယ်.. ဗွီဒီယိုထဲမှာတော့ hint ရှိပါတယ်... ကဲ... JKS ဗွီဒီယိုကို စောင့်နေတဲ့ မဗေဒါရဲ့ အကြိုက်တူ.. ၀ါသနာတူ သူငယ်ချင်းတွေအတွက်... အပိုင်း ၅ကို အသက်မှန်မှန်ရှူရင်း ကြည့်သွားပါ...

P.S အကြောင်းအမျိုးမျိုးကြောင့် JKS အကြောင်း ဆက်ဖို့ နောက်ကျနေတဲ့ အတွက် ခွင့်လွှတ်နားလည်ကြမယ်ထင်ပါတယ်...


Saturday, May 15, 2010

မဗေဒါ ဘာလုပ်သင့်လဲ...

အရင်က ဘလော့တွေပေါ်မှာ သူများတွေ နာမည်တူကိစ္စတွေဖြစ်တာ တွေ့ခဲ့ဖူး ကြားခဲ့ဖူးပင်မဲ့ တနေ့မှာ ကိုယ့်အလှည့်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...

ကျွန်မ မဗေဒါဆိုတဲ့ နစ်နိမ်းကို သုံးခဲ့တာ ၂၀၀၄ ခုနှစ်လောက်ကတည်းကပါ... ၂၀၀၆ ခုနှစ်မှာ ဘလော့အကောင့်ကို စပြီးဖွင့်တော့လဲ မဗေဒါဆိုတဲ့ နာမည်နဲ့ပဲဖွင့်ဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ တကယ်တမ်း ဘလော့ကို မှန်မှန်ရေးလာတာကတော့ ၂၀၀၇ စက်တင်ဘာလကမှ စတင်ခဲ့တာပါ... အဲဒိအချိန်တုန်းက ကိုယ်နဲ့တူတူ တချိန်တည်းလောက်မှာ စရေးကြတဲ့ ဘလော့ဂါတွေဆိုရင် မဗေဒါကို သိကြတဲ့သူများပါတယ်...

မဗေဒါဆိုတဲ့ ကလောင်အမည်နဲ့ဘလော့ပေါ်မှာ စာတွေရေးခဲ့သလို... တခြား ဘယ်အကောင့်ဖွင့်ဖွင့်လဲ mabaydar ဆိုတဲ့ နစ်က available ဖြစ်တာ များတဲ့အတွက်ရော... အဲဒိ နာမည်လေးကို ကိုယ်က အဓိပ္ပါယ်ရှိရှိနဲ့ ကိုယ့်ကိုကိုယ်ပေးခဲ့တဲ့အတွက်လဲ အင်တာနက်ပေါ်မှာ ဘယ်အကောင့်ဖွင့်ဖွင့် ကိုယ့်နာမည်အရင်းထက် mabaydar ဆိုတာကို အရင်ဆုံး သတိရတတ်တာ ကျွန်မအကျင့်ပါ... ကျွန်မ သူငယ်ချင်းတွေက နာမည်က တောဆန်လိုက်တာ... အဖွားကြီး နာမည်... ဘာစိတ်ကူးနဲ့များပေးတာလဲ... ဆိုပြီး လှောင်ပြောင်ခံခဲ့ရရင်တောင် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်မို့ အပြုံးမပျက်ခဲ့သလို ပြောင်းလဲပြစ်ဖို့ စိတ်ကူးလဲ မရှိခဲ့ရပါဘူး...

မဗေဒါဆိုတဲ့ နစ်ကို တစ်ဆုတ်နစ်နစ် နှစ်သက်ရတဲ့ အကြောင်းရင်ကိုလဲ... ၂၀၀၈ စက်တင်ဘာ ၁၇ ရက်နေ့မှာ တင်ခဲ့တဲ့ "မဗေဒါ ဆိုရာဝယ်...." ဆိုတဲ့ ပိုစ့်မှာလဲ ရှင်းလင်းခဲ့ဖူးပါတယ်...

အရင်က အမြဲတမ်း လူသုံးနည်းခဲ့လို့ ဘယ်မှာပဲ အကောင့်ဖွင့်ဖွင့် အားလပ်နေခဲ့တဲ့ မဗေဒါနစ်ဟာ.. ခုဆိုရင် ဘလော့ပေါ်မှာတင် နောက်တစ်ယောက်ထပ်ပေါ်လာပါပြီ... သူကတော့ လွန်ခဲ့တဲ့ ၃လလောက်က သူ့ဘလော့စဖွင့်ကတည်းက စီဗုံးမှာ နာမည် available မဖြစ်လို့ ကြည့်ရင်းနဲ့ ဟောဒီက မဗေဒါရဲ့လျှို့ဝှက်ချက် ဘလော့ဆီကို ရောက်လာခဲ့ကြောင်းနဲ့... သူဟာ ယခုဆိုရင် www.
mabayda.blogspot.com ဆိုပြီး ဘလော့တစ်ခုကို တည်ထောင်ထားကြောင်း လာရောက် အကြောင်းကြားသွားတဲ့ နော်ဝေးက အစ်မတစ်ယောက်ပဲ ဖြစ်ပါတယ်...

နာမည်ပဲဖြစ်စေ... နစ်နိမ်းပဲဖြစ်စေ... ကလောင်အမည်ပဲဖြစ်စေ အားလုံးက ပညတ်ချက် နာမ်စားတွေချည်းပါပဲ... အဲဒိအတွက် ဒီဟာက ငါပဲပိုင်တယ်ဆိုပြီး အတ္တစိတ်စွဲ ကြီးမနေသင့်တဲ့အတွက် အော်... လောကမှာ နာမည်တူမရှား လူတူမရှားဆိုတာကိုလဲ နှလုံးမူပြီး အကျယ်အကျယ် ဘာမှ သိပ်မပြောခဲ့ပါဘူး...

ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ ကျွန်မ စိုးရိမ်ခဲ့ရတဲ့ ပြဿနာက စလာပါတယ်... ကျွန်မဟာ တစ်ခြားဘလော့တွေကို ရောက်ဖြစ်ရင်တောင် ခြေရာချန်ခဲပါတယ်... ဒါပေမဲ့ တခြားဘလော့တွေရဲ့ စီဗုံးတွေမှာ "မဗေဒါ"ဆိုတဲ့ နာမည်တွေနဲ့ တွေ့လာရတဲ့ အပြင် ထင်တဲ့အတိုင်းပဲ လူမှားကြတာကိုလဲ တွေ့ရပါတယ်...

ကျွန်မအတွက် ကျွန်မရေးခဲ့တဲ့ စာတွေ ကွန်မန့်တွေကို တာဝန်ယူနိုင်ပင်မဲ့... ယခုလိုမျိုး လူမှားပြီး ကျွန်မရေးတယ်လို့ထင်တာကိုတော့ တာဝန်မယူနိုင်ပါဘူး... အထူးသဖြင့်တော့ ဘလော့စာမျက်နှာပေါ်က ကျွန်မ မရေးတဲ့ ပိုစ့်တွေအတွက် လူမှားပြီး ထင်ယောင်ထင်မှားဖြစ်မှာကိုပါ... ကျွန်မရဲ့ နာမည်တူတစ်ယောက်ရေးတဲ့ စာကို ကျွန်မရေးတယ်ဆိုပြီး ရောထွေးနေမှာကို မလိုလားပါဘူး... ကျွန်မဘလော့က ကျွန်မရေးတဲ့ စာတွေကို ကိုယ့်ဟာကိုယ်တာဝန်ယူရမှာမို့လို့ တစ်ခါတစ်လေ ကိုယ်ရေးချင်စိတ်ဖြစ်မိတဲ့ စာတွေကိုတောင်မှ မရေးပဲ မြိုသိပ်ခဲ့ရတာပါ...

ထိုအစ်မက ဆီဗုံးမှာ "မဗေဒါ" ဆိုပြီး မြန်မာလိုပဲပေါင်းတဲ့အတွက်
www.mabayda.blogspot.com ကို မရောက်ပဲ တစ်ချို့ google ကနေပြန်ရှာပြီးရောက်လာသူတွေက ဟောဒီက www.mabaydar.blogspot.com ကိုပဲ ရောက်လာပြီး ဟောဒီက မဗေဒါလို့ပဲထင်ကြတာပါ... တစ်ဖက်တစ်လမ်းကနေ မဗေဒါဘလော့ကို ကြော်ငြာပေးသလိုဖြစ်နေတဲ့အတွက်တော့ ကျေးဇူးတင်ရအုံးမယ်လို့ သူငယ်ချင်းတွေက နောက်ကြပင်မဲ့... ကျွန်မကတော့ စိတ်ထဲ အနေရခက်ခဲ့တာ အမှန်ပါပဲ... လူမှားတဲ့သူတွေကို ပြန်ရှင်းပြနေရတာလဲ ကျွန်မကို အနှောင့်အယှက်ဖြစ်စေပါတယ်...

ဒီတော့ အိမ်က မိသားစုနဲ့ သူငယ်ချင်းတစ်ချို့က အကြံပေးတာကတော့ မဗေဒါဆိုတဲ့ နာမည်နောက်ကနေ အညွှန်းစာလုံးတစ်ခုကို လိုက်ဖို့ပါပဲ... ဆရာဇော်ဂျီရဲ့ "ဗေဒါလမ်း" ကဗျာထဲက မဗေဒါကို ရည်ညွှန်းပြီးပေးခဲ့တဲ့ အတွက်... ကျွန်မနစ်ကို " မဗေဒါ(ဗေဒါလမ်း)" လို့ ပြောင်းလဲ သတ်မှတ်ဖို့ အကြံပေးကြပါတယ်.. အမှန်အတိုင်း ၀န်ခံရရင် ၆နှစ်လုံးသုံးလာတဲ့ ကျွန်မနာမည် မဗေဒါကို မဗေဒါ ဆိုတာလေး အတိုင်းပဲ ပိုနှစ်သက်ပါတယ်... ယခုမှ ဒီလိုပြောင်းရမယ်ဆိုတော့ စိတ်မကောင်းတာတော့ တကယ်ပါပဲ... ဒါပေမဲ့ တကယ်လို့သာ တခြားနည်းမရှိပဲ ဒီနည်းပဲရှိတယ်ဆိုရင်တော့ နောင်တစ်ချိန် ကျွန်မဘယ်ဘလော့ကိုပဲလည်လည် ဆီဗုံးမှာ ဖြည့်ရင် အဲလိုပဲ အရှည်ကြီးဖြည့်ရတော့မှာပါ... ဘလော့ဂါ ပရိုဖိုင်းမှာလဲ သွားရောက်ပြင်ရတော့မှာပါ...

ဒိအပြင် ကျွန်မသုံးသမျှ ၀က်ဆိုဒ်၊ ဖိုရမ်၊ အကောင့် အားလုံးကို အဲလိုလိုက်ပြောင်းရတော့မယ်... ဒါမှမဟုတ်ရင်လဲ မဗေဒါဆိုတဲ့ နာမည်ကိုပဲ လုံးဝပြောင်းလိုက်သင့်သလားဆိုတာ... မဗေဒါ့ စာတွေကို လာဖတ်နေတဲ့ စာဖတ်သူတွေနဲ့ ဘလော့ဂါ မောင်နှမတွေသာ အကြံပေးကြပါတော့... ကျွန်မဘလော့ကို လာဖတ်တာ silent readers များတယ်ဆိုတာ ကျွန်မဘလော့ traffic ကို google analytics မှာ ကြည့်ရင် သိပါတယ်... အဲဒိအတွက် ဒီတစ်ခါတော့ silent readers များ မဗေဒါကို ကွန်မန့်မှာ အကြံဥာဏ်လေးပေးပြီး ကူညီဖို့ တောင်းဆိုချင်ပါတယ်...

ဒါတင်မကသေးပါဘူး... ကြုံလို့ တစ်ပါတည်း ပြောပါရစေ... ကိုယ့်နာမည် mabaydar ကို google မှာ ရိုက်ရှာကြည့်တော့ Search result page 11 လောက်မှာမြန်မာဂေး ၀က်ဆိုဒ်ဖိုရမ် တစ်ခုမှာလဲ မဗေဒါ နာမည်နဲ့ ရေးနေတဲ့ လူတစ်ယောက်ကို သွားတွေ့ပါတယ်... ဒါကို သိတာကြာပါပြီ... ဒါပေမဲ့ အဲဒိလူဟာ ဘလော့အသိုင်းအ၀ိုင်းထဲကို ၀င်မလာတာတစ်ကြောင်း သူ့ဟာသူ အဲဒိ အသိုင်းအ၀ိုင်းလေးထဲမှာ နေပြီး ကျွန်မကို တိုက်ရိုက်လာမထိခိုက်သေးတာ တစ်ကြောင်းကြောင့် ဒီလိုပဲ နေနေခဲ့တာပါ...

ဒီတော့ အသိပေး ကြေငြာစရာရှိတာတွေ တစ်ပါတည်း ကြေငြာပါ့မယ်... facebook က search ကနေ English လို mabaydar လို့ ရိုက်လိုက်လို့ ထွက်လာတဲ့ result ၄ မျိုးရှိပါမယ်..."Ma BayDar" ဆိုတာ ကျွန်မပါ... ကျန်တာ ကျွန်မ မဟုတ်ပါဘူး...

ပိုမိုရှင်းသွားအောင် ကျွန်မသုံးဖူးသမျှ မှတ်မိသမျှ ကျွန်မရဲ့ Official account မှန်သမျှကို အောက်တွင်ဖော်ပြပါမည်...

My Official gmail : mabaydar@gmail.com
(My blog readers are welcomed to add. Pls sent mail to add me)

My Multiply: www.mabaydar.multiply.com

My Youtube channel : www.youtube.com/mabaydar

My facebook : http://www.facebook.com/mabaydar

My Twitter : http://twitter.com/mabaydar

My MBS profile: http://myanmarbloggersociety.ning.com/profile/mabaydar

My Photobucket profile : http://s307.photobucket.com/home/mabaydar

My dailymotion account: www.dailymotion.com/user/mabaydar

အခြားသော profile link ပြလို့ မရပင်မဲ့ အကောင့်ဖွင့်ထားတဲ့ ဖိုရမ်နဲ့ ၀က်ဆိုဒ်တစ်ချို့လဲ ရှိပါတယ်... မှတ်မိသလောက် ... TPmyanmar.org, www.yamc.info, www.padonma.com, flickr.com, www.soompi.com, www.crunchyroll.com, တွေမှာလဲ mabaydar နဲ့ register လုပ်ထားပါတယ်... ning ဆိုဒ်တွေမှာ ဆိုရင်တော့ MBS နဲ့ myanmarlensmen.ning ကိုပဲ အသုံးများပါတယ်... ကျန်တဲ့ ning တွေမှာလဲ မဗေဒါဆိုတာကို တွေ့ပါတယ်... အဲဒါ ဘယ်သူလဲ မသိပါ... ဥပမာ.. ချစ်သူ.ning တို့ဘာတို့ပါ...

ဒီလိုမျိုး ကိစ္စတွေအတွက် အစက ပိုစ့်တင်ပြီး မရေးချင်ခဲ့ပင်မဲ့ ကျွန်မအတွက် mabaydar မဗေဒါ ဆိုတာ အင်တာနက်ရဲ့ နေရာတိုင်းမှာ မရှိမဖြစ်အသုံးပြုနေရပါတယ်... ဒါတွေအားလုံးဟာ မဗေဒါအတွက်တော့ အင်တာနက် စသုံးခါစကတည်းက ယခုချိန်ထိ ကျွန်မရဲ့ သမိုင်းတွေပါပဲ...

လေးစားလျက်
မဗေဒါ
*နောက်မှ ဖြည့်စွက်ချက်... ခု ဟိုအစ်မက www.mabaydar88.blogspot.com လို့ ပြောင်းလိုက်ပြီဖြစ်တဲ့အတွက် ကွဲပြားသွားပြီလို့  မှတ်ယူမိပါတယ်... နောက်ဆို ဆီဗုံးတွေ ကွန်မန့်တွေမှာ မဗေဒါ ဆိုရင်တော့ ဒီက မဗေဒါပဲဖြစ်ပြီး မဗေဒါ၈၈ ဆိုရင်တော့ ဟိုအစ်မဖြစ်မယ်လို့ ကျွန်မဘက်က နားလည်မိပါတယ်...


စာကြွင်း။  ။ ကျွန်မက ဘလော့လိပ်စာပြောင်းခိုင်းခဲ့ခြင်းမဟုတ်သလို ဘလော့လိပ်စာက အစထဲက google function ကြောင့် ကွဲပြားခဲ့ပြီးသားပါ... ကလောင်အမည်နဲ့ တခြားဘလော့တွေ လျှောက်လည်ရင်သာ ကွဲပြားစေချင်ခဲ့တာပါ... မလိုအပ်ပဲ ဘလော့လိပ်စာတစ်ခုလုံးကြီး ပြောင်းပြလိုက်ရပြီး လိုရင်းကတော့ ဒီတိုင်းပဲရှိနေတဲ့အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း...*




Thursday, May 13, 2010

ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် (၃)

တစ်ပတ်တစ်ခါ တင်မယ်ဆိုပြီး ပြောပြီးမှ မတင်နိုင်တဲ့အတွက် အလွန်တရာမှ ရှက်လဲရှက် အားလဲနာမိပါသည်... စောင့်ဖတ်နေသော သူများကို ကျေးဇူးလဲ အထူးတင်ရှိပါသည်... ပိုစ့်ပေါ်မှာ ကွန်မန့်သိပ်မတွေ့ရလို့ အားနည်းနေပင်မဲ့ ဂျီတော့နဲ့ တစ်မျိုး စကားလက်ဆင့်ကမ်း၍ တဖုံ ဆက်ရေးရန်တောင်းဆိုနေသူများအတွက် ဒီတစ်ခေါက် အပိုင်းကို ကြိုးစားပြီး တင်ဆက်လိုက်ပါတယ်... တကယ်တမ်းရေးမယ်ဆိုတော့မှ ဘာဆက်ရေးရမှန်းမသိဖြစ်မိတဲ့ အခါများသဖြင့် မရေးသေးပဲ စိတ်ထဲကျေနပ်လောက်မှ ရေးချင်သည့်စိတ်ကြောင့် မရေးဖြစ်ပဲ ဖြစ်နေရခြင်းဖြစ်ပါသည်... ဒါပေမဲ့ ခု ရေးလိုက်တာလဲ မိမိကိုယ်မိမိတော့ စိတ်ကျေနပ်ခြင်းမရှိသေးပါ... ကိုယ့်ကိုကိုယ် လိုသေးသည်ဟုသာ ခံစားနေရပါသည်... မဗေဒါ ၀တ္တုတွေဟာ တခြား စာရေးသူတွေလို တင်ဆက်ပုံခြင်း မတူပဲ ကွဲလွဲနေလျှင်လဲ ခွင့်လွှတ်နားလည်ပေးစေလိုပါသည်...

မဗေဒါက အမှန်တကယ် စာဖတ်ပျင်းသူတစ်ယောက်ဖြစ်ပြီး အရင်ကပြောခဲ့တဲ့အတိုင်း ၀တ္တုကို အစအဆုံး ဖတ်ဖူးတာ မနေ့တနေ့ကမှ တစ်အုပ်၂အုပ်မျှသာ ရှိသေးသည့်အတွက် တခြားစာရေးကောင်းသူများနှင့် မယှဉ်သာကောင်းရှိမည်... မဗေဒါရဲ့ ၀တ္တုအသွားအလာများနှင့် အခန်းဆက်များသည် ရုပ်ရှင်သဘောပိုဆောင်ကောင်း ဆောင်နေမည်ဟု ထင်မိသည်... ဘာလို့လဲဆိုတော့ ရေးနေချိန်အတွင်း မဗေဒါရဲ့ စိတ်ကူးထဲ မျက်လုံးထဲတွင် တစ်ပါတည်း ရုပ်ရှင်ရိုက်နေခြင်းကြောင့်ဖြစ်သည်... (ပြောရမည်ဆိုလျှင် တစ်ခါတစ်လေ ဇာတ်ဝင်တေးတောင်ပါသည်..).. အဲဒိ အတွက်ကြောင့် တင်ဆက်ပုံ အရေးအသားနှင့် သရုပ်ဖော်ပုံက ပရိတ်သတ်နှင့် ရင်းနှီးမှုမရှိဖြစ်နေလျှင် နားလည်သဘောပေါက်ပေးစေလိုပါသည်... ပိုမိုကောင်းမွန်သော အကြံဥာဏ်များရှိလျှင်လည်း ကွန်မန့်တွင် အကြံပေးသွားနိုင်ပါသည်... မဗေဒါ တတ်နိုင်သလောက် အကြံဥာဏ်များကို လက်ခံကြိုးစားသွားမည်ဖြစ်ပါသည်...

ရှေ့အပိုင်းများကို မဖတ်ရသေးသူများအတွက်... အပိုင်း(၁) နှင့် အပိုင်း (၂) ပေါ်သို့ ကလစ်နှိပ်၍ သွားရောက်ဖတ်ရှုနိုင်ပါသည်...

စာရေးကောင်းသော ပုဂ္ဂိုလ်များကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားသလို...  မဗေဒါရဲ့ စိတ်ကူးပေါက်ရာများကို စာသားများအဖြစ် ကစင့်ကလျား တင်ဆက်ထားသော်လည်း လာရောက်ဖတ်ရှုကြသော သူများအတွက်လဲ လှိုက်လှိုက်လှဲလှဲဝမ်းသာပြီး... ကွန်မန့်ပေး၍ဖြစ်စေ ဂျီတော့ကဖြစ်စေ မဗေဒါဆီပြန်ရောက်နိုင်သော သူ တဆင့်မှဖြစ်စေ အားပေးကြသော သူများကိုလဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း...


တီ... တီ...

နာရီ သံပတ်သံခဏအတွင်းမှာပဲ မင်းထက်ပိုင် နိုးလာခဲ့သည်... မနေ့ညက အသစ်ဖွင့်သော စူပါမတ်ကပ် အလုပ်ကိစ္စများကြောင့် အိပ်ယာဝင်နောက်ကျခဲ့သဖြင့် သံပတ်ပေးထားရခြင်းဖြစ်သည်... မျက်နှာသစ် ရေမိုးချိုးပြီးသည်နှင့် အင်္ကျီအ၀တ်အစားလဲကာ လိုအပ်သည့်စာရွက်စာတမ်းများနှင့် အောက်ဆင်းလာခဲ့သည်...

"သားရေ... သွားတော့မလို့လား... တခုခုတော့ စားသွားပါကွယ်... သားအကြိုက် ကော်ဖီစေ့စစ်စစ်ကို ကြိတ်ထားတဲ့ ကော်ဖီ မေမေကိုယ်တိုင်ဖျော်ထားတယ်... မုန့်လဲ ပြင်ပြီးပြီ..." ဒေါ်ထိပ်ထားခင်... သားကိုတွေ့တာနှင့် ဆီးကြိုပြောသည်...

"အော်... မေမေရယ်... ဘာလို့ ကိုယ်တိုင်လုပ်နေတာလဲ... ဒေါ်လေးမေ လုပ်ပေးနေကျပဲဟာကို... "

"အော်... ရပါတယ်... ငါ့သားအကြိုက်ကို အမေပဲသိတာ... လာ... စားသွားချည်..."

အမေတစ်ခု သားတစ်ခုဘ၀မို့ မင်းထက်ပိုင် ဘယ်အရာမဆို မိခင်ကို စိတ်ချမ်းအောင် ထားပေးတတ်မြဲ... ထို့အတူ မင်းထက်ပိုင် ဆုံးဖြတ်သမျှကိုလဲ မိခင် ဒေါ်ထိပ်ထားခင် အားပေးထောက်ခံမြဲ... မင်းထက်ပိုင် ငယ်ရွယ်စဉ်အခါကတည်းက မိသားစုကို စွန့်ခွာကာ နောက်အိမ်ထောင်ပြုခဲ့သော ဖခင်ကြောင့် ဖတစိုးသားဖြစ်ခဲ့ရသည်... မိဘ သဘောမတူသော်လည်း ချစ်သူကို ယုံစားကာ စည်းစိမ်ချမ်းသာကို စွန့်လွှတ်၍ ချစ်သူနောက်ကို လိုက်ခဲ့မိသောကြောင့် အဖိုးက ဒေါ်ထိပ်ထားခင်ကို အမွေဖြတ်ခဲ့သလို နောက်ဆုံးတွင် ခင်ပွန်းကံ မကောင်းခဲ့သော မိခင်က မာနကြီးသူမိန်းမသားဖြစ်သည့် အလျှောက် မိဘအိမ်ပြန်မတက်ပဲ ရုန်းကန်ခဲ့ရသည်...


အဖိုး မဆုံးပါးခင် မိခင် ဒေါ်ထိပ်ထားခင်ကို ခွင့်လွှတ်ခေါ်ယူကာ အဖိုးနောက်ဆုံးအချိန်များကို အတူတူဖြတ်သန်းရင်း အဖိုးထားရှိခဲ့သော စီးပွားရေးလုပ်ငန်းများကို မိန်းမသားတစ်ယောက်တည်း ဦးစီးခဲ့ရသည်... တချို့စီးပွားတူ ယောင်္ကျားသားများက အရွယ်ကောင်းမို့ ကမ်းလှမ်းခဲ့သော်လည်း သားအတွက်ငဲ့ကာ နောက်အိမ်ထောင်မပြုခဲ့... စီးပွားရေးရော သားသမီးရေးကိုပါ လစ်ဟာမှု မရှိခဲ့သူဖြစ်သည်... ထို့အတွက်ကြောင့်လည်း မင်းထက်ပိုင်အစွမ်းကုန်ကြိုးစားကာ မိခင်၏စီးပွားရေးများကို ယခုအခါ ဆက်ခံထိမ်းချုပ်နိုင်ခဲ့သောကြောင့် ဒေါ်ထိပ်ထားခင်အတွက် စိတ်ချလက်ချ အနားယူနေနိုင်ခဲ့ခြင်းဖြစ်သည်...

မနက်စာစားရန်ဝင်ထိုင်လိုက်သော သား၏ အရိပ်အကဲကိုကြည့်ကာ ဒေါ်ထိပ်ထားခင် ကော်ဖီနှင့် ပေါင်မုန့်ကို ပြင်ဆင်ပေးရင်း...

"သား လုပ်ငန်းတွေ အဆင်ပြေရဲ့လား... အသစ်ဖွင့်လိုက်တဲ့ ထိပ်ထား Supermarket ရော ဘယ်လိုလဲ... စားသောက်ဆိုင်ကရော အဆင်ပြေလား..."

" စိတ်ချပါ မေမေ... အားလုံးအဆင်ပြေပါတယ်... ဒီနေ့ ရှယ်ယာဝင်တွေနဲ့ meeting ရှိတယ်... ဆိုင်ခွဲတွေအတွက် နေရာကိစ္စ စကားပြောဖို့ကိုတော့ ကျတော် ရာဇာနဲ့ပဲလွှဲထားလိုက်တယ်..." စီးပွားရေး ဂျာနယ်ဖတ်ရင်း မေမေ့ကို ပြန်ဖြေလိုက်သည်...

"အင်း... အင်း အဆင်ပြေတယ်ဆိုပြီးတာပါပဲ... ဟင်း...." သက်ပြင်းလေးတစ်ချက်ချကာ သားမျက်နှာကို တစ်ချက်ခိုးကြည့် အကဲခတ်ပြန်သည်...

"မေမေ... ကွက်ကြည့် ကွက်ကြည့်နဲ့ ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ... ပြော..."

" ငါ့သားလဲ အလုပ်တွေထဲမှာပဲ စိတ်နစ်နေတာ ခုဆို အသက် ၃၀ပြည့်ခါနီးပြီ... ငါ့သားတစ်ယောက်တည်း ဟောဒီ အမေအိုကို ပြန်ကြည့်ရ... အလုပ်တွေလဲ လုပ်ရနဲ့ အဖော်လေးဘာလေး ရှာဖို့လဲ အချိန်တန်နေပြီလေ... သားမှာ ရှိရင်လဲ အိမ်ခေါ်လာခဲ့ပါအုံး... မေမေလဲ ချွေးမလေးဘာလေးနဲ့ အိမ်မှာ မိသားစုများများ စိုစိုပြေပြေနေချင်လှပြီ..." သားအရိပ်အခြေကို ကြည့်ကာ မျက်နှာချိုလေးသွေး၍ အစ်ကြည့်ခြင်းဖြစ်သည်...

အမှန်တော့ ပစ္စည်းဥစ္စာ မချမ်းသားလျင်နေ စာရိတ္တကောင်းမွန်သော သင့်တော်သူ အမျိုးကောင်း သမီးလေး တစ်ယောက်နှင့် သားကို အိမ်ထောင်ရက်သားချပေး ချင်နေသည်မှာ ဒေါ်ထိပ်ထားခင်၏ မပြည့်ဝသေးသော ဆန္ဒဖြစ်သည်... သားအကြိုက်မိန်းကလေး တစ်ယောက်ယောက်ကို အိမ်ခေါ်လာဖို့ မျှော်လင့်မိသော်လည်း တူတော်မောင် ရာဇာ့ဆီမှ သတင်းပို့ချက်အရ သားကို စိတ်ဝင်စားသော မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေရက်နှင့် မိန်းမများကို စိတ်မ၀င်စားပဲ စီးပွားရေးကိုသာ အားသန်နေသော သားအကြောင်းကို ကြားသိထားပြီးဖြစ်သည်...

ကော်ဖီခွက်ကို ချကာ မိခင်ကို ပြုံးလျက်...

"သားဒါတွေ စိတ်မ၀င်စားသေးဘူး မေမေ... ခုသားခေါင်းထဲမှာရှိတာ အလုပ်ကိစ္စပဲ... ကျန်တာတွေ မတွေးနိုင်သေးဘူး... တွေးလဲ မတွေးချင်သေးဘူး... ကဲ... ကော်ဖီလဲ ကုန်ပြီ သားလဲ အလုပ်သွားတော့မယ်... သွေးကျဆေးလဲ မှန်မှန်သောက်အုံး... အပြင်သွားချင်ရင် တစ်ယောက်တည်းမသွားနဲ့ အရှည်ကြီးကို လိုက်ပို့ခိုင်းပြီး ဒေါ်လေးမေကို အဖော်ခေါ်သွား... တော်ကြာ တစ်ယောက်တည်း သွေးတိုးပြီး မူးလဲ နေအုံးမယ်... ဟိုနေ့ကလဲ ဆိုင်မှာ တစ်နေ့လုံး ထိုင်တယ်ဆို? ... ဆိုင်ကိုလဲ အပျင်းပြေလောက်ပဲသွား... ကျွန်တော် ရာဇာ့ကို ဦးစီးခိုင်းထားတယ်... " ပြောပြောဆိုဆို လက်ပတ်နာရီကို ကြည့်ပြီး အိတ်ဆွဲကာ မင်းထက်ပိုင်ထွက်သွားသည်...

မိခင်၏ သဘောထားကို ကောင်းစွာနားလည်သော်လည်း စီးပွားရေးကိစ္စမှ လွဲ၍ မင်းထက်ပိုင် တခြားအကြောင်းများကို မစဉ်းစားချင်သေး...သူ့ကိုမြင်လျှင် အလှပြင်ကာ အိုက်တင်ပေး အသံပေးတတ်ကြသော ၀န်ထမ်းမိန်းကလေးများ... ညစာတူတူစားရန် အကြောင်းမရှိ အကြောင်းရှာဖိတ်တတ်သော လုပ်ငန်းတူမှ သူဋ္ဌေးသမီးများနှင့် စီးပွားတူ အမျိုးသမီးများသည် မင်းထက်ပိုင်၏ စိတ်ကို ဖမ်းစားနိုင်စွမ်းမရှိခဲ့ခြေ... အတုအယောင်မျက်နှာဖုံးတွေ နောက်မှာ မင်းထက်ပိုင်ရဲ့ စည်းစိမ်ဥစ္စာကို အသားပေးစဉ်းစားသူက များနေသည်ဆိုသည်ကို မင်းထက်ပိုင်တစ်ယောက် ကောင်းကောင်းနားလည်သည်... ချစ်လို့ ယူခဲ့ကြသော မိဘနှစ်ပါးတောင် နောက်ဆုံးတွင် ဖခင်၏ စိတ်ထား ပြောင်းလဲကာ ဖောက်ပြန်မှုကြောင့် မပြည့်စုံခဲ့သော မိသားစုဘ၀ကို ပိုင်ဆိုင်ခဲ့ရသော မင်းထက်ပိုင်အတွက် အချစ်ရေး အိမ်ထောင်ရေးဆိုသည်မှာ လူတွေ စိတ်ကူးယဉ်ကာ ကြားကောင်းအောင် ပြုလုပ်ထားသော အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကဲ့သို့သာ မှတ်ယူမိနေသည်...

-------------------------- ။ ----------------------------------

အသစ်ဖွင့်ထားသော ထိပ်ထား စူပါမတ်ကပ်အခြေအနေကိုလေ့လာရန် ဦးတည်လိုက်သည်...
ရုံးမှာတွေ့မည်ဟု ချိန်းထားသော ရာဇာကို ဆိုင်သစ်မှာ ဆုံရန်ပြောဖို့ ဖုန်းခေါ်လိုက်သည်...

"ရာဇာလား... ငါ အခု စူပါမတ်ကပ်ကို အရင်လာနေပြီ ... မင်းနဲ့ ငါ အဲဒိမှာတွေ့မယ်... ပြီးမှ ရုံးသွားပြီး ရှယ်ရာဝင်တွေနဲ့ မီတင်းကို သွားမယ်... ပြီးရင် မင်း မေမေ့ ပန်းပုဆိုင်ကို သွားပြီး ကြည့်လိုက်... မေမေ မနေ့ကလို တစ်နေကုန်သွားပြီး ပင်ပန်းလို့ တစ်ခုခုဖြစ်နေအုံးမယ်... "

ရာဇာသည် မင်းထက်ပိုင်နှင့် ငယ်ငယ်ကတည်းက အိမ်ချင်းကပ် ဘ၀ကို ဖြတ်သန်းခဲ့သည့် ငယ်ငယ်က သူငယ်ချင်းလဲဟုတ်သလို... ယခုအခါ စီးပွားရေးလုပ်ငန်းများကိုလဲ ယုံကြည်ရသော လက်ရုံးဖြစ်သည်... ဖေဖေ ပစ်သွားပြီး မေမေတစ်ယောက်တည်း ဒုက္ခရောက်ချိန်တွင် ရပ်ကွက်ထဲမှ အိမ်ချင်းကပ် ရာဇာ၏မေမေ ဒေါ်လေးမေဆီမှ တတ်နိုင်သမျှ အားပေးကူညီမှု ရခဲ့သဖြင့် ကျေးဇူးမကင်းသူဖြစ်သည်... ထို့ကြောင့် ဖိုးဖိုးက မေမေ့ကို ပြန်ခေါ်ချိန်တွင် တစ်ပါတည်း သူတို့ သားအမိကိုပါ ပြန်လည် ကြည့်ရှုစောင့်ရှောက်ဖို့ ခွင့်တောင်းခဲ့သည်... ရာဇာ့ ပညာရေးကို မိခင် ဒေါ်ထိပ်ထားခင်က တာဝန်ယူခဲ့သဖြင့် ယခုအခါတွင် တက္ကသိုလ်မှ ဘွဲ့ရကာ မင်းထက်ပိုင်လုပ်ငန်းများတွင် အားကိုးလောက်သော လူယုံဖြစ်လာသည်... ရာဇာကဲ့သို့ အရည်အချင်းရှိ ပညာတတ် စီးပွားရေ လာဘ်မြင်သူကို ကမ်းလှမ်းသော ကုပ္မဏီများလှသော်လည်း ငြင်းပယ်ခဲ့သူဖြစ်သည်...

မင်းထက်ပိုင်နှင့် ရာဇာ၏ ကြီးမားသော ကွဲပြားချက်မှာ ရာဇာက ရီပြုံးကာ ပျော်ပျော်နေတတ်သူ... ၀န်ထမ်းများနှင့်လဲ အရောတ၀င် ခင်မင်ရင်းနှီးသူ... မိန်ကလေးများနှင့်လည်း ဇာတ်လမ်းများစွာရှိသူဖြစ်သည်...

--------------------------------------------- ။ -----------------------------------





















ကားကို ပတ်ကင်တွင်ရပ်ကာ ဆိုင်ထဲသို့ ၀င်လိုက်သည်...

ဝင်လိုက်သည်နှင့် တပြိုင်နက်... နံနက်ခင်းလူရှင်းသေးသောအချိန်တွင် ကောင်တာဘက်မှ မိန်းကလေးတစ်ယောက်၏ ခပ်ပြတ်ပြတ်နှင့် အသံစူးစူးတစ်ချက်ကို ကြားလိုက်ရသည်...


ဘာလို့လဲ… အဲဒိကင်မရာတွေက record မလုပ်ထားဘူးလား… ပြထားရုံသက်သက်မို့လို့လား


ဟို… အဲဒိကင်မရာက ကျမတို့အဆင့်နဲ့ မသိဘူးရှင့် ကွန်ထရိုးခန်းထဲက တာဝန်ရှိသူကို ခွင့်တောင်းရမှာ…


“ဒါဆိုလဲ ဒီဆိုင်က တာဝန်ရှိသူနဲ့ တွေ့ချင်တယ်… ခေါ်ပေးပါ… "

အသံလာရာကို ကြည့်လိုက်တော့ ရဲရင့်ပြတ်သားသော စစ်သူကြီးတစ်ယောက်၏ မျက်လုံးများဖြင့် မိန်းကလေးတစ်ယောက်... မည်သည့် ပြဿနာတတ်နေမှန်း မသေချာသော်လည်း အသစ်ဖွင့်သော ဆိုင်၏ ပုံရိပ်ကို မထိခိုက်လိုစေ...

ထိုအချိန်တွင် ရာဇာ အနားရောက်လာပြီး... မင်းထက်ပိုင် အကြည့်ရှိရာဘက်ကို လိုက်ကြည့်သည်... မိန်းကလေးက တာဝန်ရှိသူတွေ ဘာတွေ ခေါ်ခိုင်းနေသံကို ကြားသောအခါ.... ခြေလှမ်းရန် ပြင်နေသော မင်းထက်ပိုင်ကို လက်နှင့်ကာ၍

"ရတယ်... ကျွန်တော် သွားကြည့်ပြီး ဖြေရှင်းလိုက်ပါ့မယ်..." ဆိုပြီး ရာဇာ ထွက်သွားသည်...

မင်းထက်ပိုင်လဲ ရုံးခန်းတွင်းမှ အခြေအနေကို အကဲခပ်နေသည်...
CCTV ကင်မရာက record ကို တောင်းကာ တစ်စုံတစ်ခုကို သက်သေပြချင်နေသော ထိုမိန်းကလေး၏ ရိုးသားသော်လည်း မာနအပြည့်နှင့် မျက်နှာသည် ငယ်ငယ်က မင်းထက်ပိုင်မြင်ဖူးသော မိခင်၏ မျက်နှာ အသွင်သဏ္ဌာန်ကို အမှတ်ရစေသည်...

ထို့နောက် ပြဿနာများ ပြေလည်၍ ရာဇာ ရုံးခန်းထဲ ရောက်လာကာ ဖြစ်ကြောင်း ကုန်စင်ကို ပြောပြသည်...

"ကောင်မလေးက အတော်ဆွာတာနော်... သူ့ဘေးက ခံရတဲ့ ကောင်မလေးကတော့ ကြောက်သလိုပဲ... ဘယ်လိုပဲ ဖြစ်ဖြစ် ၂ယောက်လုံးကတော့ ချစ်စရာလေးတွေ... ဟိဟိ.." အလုပ်တွင်းရှိ ၀န်ထမ်းများရှေ့တွင် ရာဇာက မင်းထက်ပိုင်ကို သူဋ္ဌေးနှင့် ၀န်ထမ်းကဲ့သို့ ပြုမူဆက်ဆံပြီး ၂ယောက်တည်းရှိသော အချိန်များတွင် သူငယ်ချင်းလိုသာ ရင်းရင်း နှီးနှီး ဆက်ဆံလေ့ရှိသည်...

"ငါ တို့ စီစီတီဗွီ ကင်မရာတွေရော အလုပ်လုပ်ရဲ့လား... ငါ့ကို အဲဒိ Tape ယူလာပေးပါ..." မင်းထက်ပိုင် အလုပ်တစ်ခုလုပ်လျှင် စေ့စပ်သေချာသည်... တစ်ခုခုဆို စစ်ဆေးကြည့်လိုက်ရမှ စိတ်ချသည်... ဖြစ်သွားသော ပြဿနာပြီးစီးခဲ့သော်လည်း ကိုယ့်ဝန်ဆောင်မှုနှင့် လုံခြုံရေးအတွက် စစ်ဆေးကြည့်သင့်သေးသည်...

ရာဇာ Tape ယူလာပေးသည်...

မင်းထက်ပိုင် ကွန်ပြူတာ နှိပ်ရင်း... "အင်း... စားပွဲပေါ်တင်ထားခဲ့လိုက်... မင်းလဲ လုပ်စရာရှိတာ လုပ်တော့... ၁၀နာရီလောက် မင်းနဲ့ငါ ရှယ်ရာဝင်မီတင်းသွားမယ်..."

ပြီးနောက် Tape ကို ဖွင့်ကာအဖြစ်အပျက် အစုံကို ကြည့်လိုက်သည်... သူမတို့ ၂ယောက်ဆိုင်တွင်းဝင်လာခါစက အေးချမ်းသော မျက်နှာထားနှင့် မရိုးလွန်းသော်လည်း မဆန်းလွန်းသော အသွင်အပြင်ကို ဆောင်သော ထိုမိန်းကလေးသည် ပြဿနာစဖြစ်သောအချိန်တွင် မဟုတ်မခံသော နဂါးပျိုမလေးအဖြစ်သို့ ရုပ်ချည်း ပြောင်းလဲသွားသည်... ဤအခြေအနေမျိုးတွင် မိန်းကလေးတော်တော်များများက ရှက်စိတ်ဖြင့် မသိချင်ယောင်ဆောင်လျှင်သော်လည်းကောင်း ငုံ့ခံ၍သော်လည်းကောင်း နေတတ်ကြသည်... သို့သော် ထိုမိန်းကလေးကတော့ အမှန်တရားကို လိုချင်သူတစ်ဦးဖြစ်ကာ အမှန်အတွက်ရင်ဆိုင်ရမည်ကိုလဲ မရှက်ကြောက်သူဖြစ်သည်... သို့သော် သူမ ဒေါသကြီးကာ အားမလို အားမရဖြစ်နေပုံကလဲ အထင်းသားမြင်နေရသည်... သူမကို ကြည့်ကာ မင်းထက်ပိုင် မျက်နှာပေါ်တွင် ရည်ရွယ်ချက်မဲ့စွာ အပြုံးတစ်ချက်ပွင့်သွားသည်... ထို့နောက် နာရီကို ကြည့်ကာ... လိုအပ်သည့်စာရွက်စာတမ်းများကိုယူပြီး ထွက်လာခဲ့တော့သည်...

-------------------------- ။ -----------------------------------

တစ်နေကုန် ရှယ်ယာဝင်များနှင့် မီတင်းပေါင်း များစွာဆွေးနွေး ပြောဆိုကာ မင်းထက်ပိုင်အတွက် အချိန်ကုန်မှန်းမသိကုန်သွားသည်... စကာင်္ပူမှ ကုန်ပစ္စည်းတင်သွင်းဖို့ ကိုယ်စားလှယ်နှင့်လည်း ညနေထမင်းစားရင်း ဆွေးနွေးရန်ချိန်းထားသည့် အရေးကြီး ကိစ္စရှိသည်... ထိုကုန်ပစ္စည်းများအတွက် ကိုယ်စားလှယ်ကို ပြိုင်ဖက်ကုမ္ဗဏီများနှင့် ယှဉ်လျှင် ရရန် ထိုပုဂ္ဂိုလ်၏ အဆုံးအဖြတ်ပေါ်မူတည်နေသောကြောင့် အရေးကြီးပုဂ္ဂိုလ်ထဲတွင်ပါဝင်နေသည်... မင်းထက်ပိုင် နောက်ကျနေသဖြင့် ကုမ္ဗဏီမှ အမြန်ထွက်ကာ ချိန်းထားရာ စားသောက်ဆိုင်ရှိရာသို့ ဦးတည်ခဲ့သည်...

စားသောက်ဆိုင်ရှိရာ လမ်းအတွင်းသို့ ကွေ့ဝင်လိုက်ချိန်တွင်...

တီ... တီ... တီ...

ဖုန်းလာသောကြောင့် ဖုန်းကိုင်ရန် လှမ်းယူလိုက်သော်လည်း ချော်သွားသောကြောင့် ရှေ့တိုး၍ လှမ်းယူပြီး ဖြေလိုက်စဉ်...

"ဟလို.... ဟာ!!!!..."

ကျွီ.......................

ရုတ်တရက်.... မိန်းကလေးတစ်ယောက်ကို ကားရှေ့မှာ မြင်လိုက်သဖြင့် အချိန်မှီ ဘရိတ်ကို နင်းချနိုင်လိုက်သည်... သို့သော် ထိုမိန်းကလေး လန့်ပြီးပုံလဲကျသွားပုံရသည်...

ထိုမိန်းကလေး၏ အဖော်ဖြစ်ဟန်ရှိသူ မိန်းကလေးတစ်ယောက် ပြေးလာသည်...

မင်းထက်ပိုင် ဖုန်းထဲမှ ရာဇာ့ကို ... " ဒီမှာ ကားတိုက်လို့ ... ဒါပဲကွာ... " ဆိုပြီး ဖုန်းချလိုက်သည်... မတိုက်မိလိုက်တာကို သိသော်လည်း အနည်းငယ်လဲ စိုးရိမ်မိနေသည်...
ထို့နောက် ကားတံခါးဖွင့်ခါ ဆင်းလာခဲ့သည်...

တိုက်မိသွားသော မိန်းကလေးကို သတိရှိရှိ တွေ့လိုက်ရသဖြင့် စိတ်နဲနဲအေးသွားသည်... ထိုမိန်းကလေး၏ အကြည့်များကတော့ တစ်ဖက်ကားလမ်းပေါ်သို့ ကမူးရှူးထိုးလိုက်ရှာနေသည်... မင်းထက်ပိုင် မြင်လိုက်ရသော မိန်းကလေးပုံကြောင့် အနည်းငယ်အံ့သြသွားသည်...

"ဟင်... မနက်က မိန်းကလေးပဲ...."

ထိုမိန်းကလေးသည် ပါးစပ်မှလဲ မောင်.... ဟုခေါ်ကာ တစ်ဖက်ကားလမ်းသို့ သွားဖို့ သူမခန္ဓာကိုယ်ကို ကြိုးစားပြီး သယ်ယူနေပုံရသည်... သူမ အကြည့်များရှိရာကို မင်းထက်ပိုင် တဒင်က လိုက်ကြည့်မိသည်... လက်ချင်းချိတ်လျက် တွဲလျှောက်သွားသော စုံတွဲတစ်တွဲကို ထင်ထင်ရှားရှားတွေမြင်ရသည်...

မနက်က မြင်တွေ့ခဲ့ရသော နဂါးပျိုမလေးသည် ယခုအခါ ကျားခံတွင်းထဲရောက်ရှိနေသည့် ယုန်သူငယ်လေးကဲ့သို့ အားအင်ချိနဲ့ကာ ဖျော့ရော့နေသယောင်... အမှန်တရားနှင့် တောက်ပခဲ့သော သူမ မျက်လုံးအစုံတွင် ယခုအခါေ၀၀ါးသော ပုလဲဥတို့က နေရာယူထားသည်... အခြေအနေကို မင်းထက်ပိုင် ခန့်မှန်းလို့ရသည်...


ကားကြောင့် ဘာမှ မဖြစ်သွားသဖြင့်လည်း စိတ်အေးရသည်... သို့သော် တာဝန်ရှိသဖြင့် မေးမြန်းရန် အနားသို့ တိုးကပ်သွားလိုက်သည်... သို့သော် ရှိသမျှအားကုန်ဖြင့် တဖက်သို့သွားရန် ကြိုးစားနေသော မိန်းကလေး မနိုင်တနိုင် မတ်တပ်ထရပ်လိုက်စဉ် တမဟုတ်ချင်းတွင်ပင် သူမ ယိုင်နဲ့လဲပြိုကျသွားသည်...

ရုတ်တရက်လဲကျသွားသော ထိုမိန်းကလေးကို မြေပြင်ပေါ်သို့ ကျကာ မထိခိုက်သွားစေရန် မင်းထက်ပိုင် အလန့်တကြားဖြင့် ပွေ့ချီမိလျက်သားဖြစ်သွားသည်...



ဆက်ရန်/--------------


P.S... All the photos credits goes to Google.

Friday, May 07, 2010

အချစ်ဆုံး သူငယ်ချင်း...

>
အကောင်ဆုံး သူငယ်ချင်း ဆိုတာကို သင်တို့ ဘယ်လိုသတ်မှတ်ကြလဲ... ကျွန်မအတွက်တော့ အကောင်းဆုံးသူငယ်ချင်းဆိုတာကို သတ်မှတ်ပါဆိုရင် သူမကိုပဲလက်ညှိုးထိုးပြလိုက်မယ်... သူမနဲ့ ကျွန်မ စတင်ခင်မင်ခဲ့တာ ခုဆိုရင် ၁၈ နှစ်ရှိပြီ... မွေးကာစ ကလေးတစ်ယောက်တောင် လူကြီးတန်းဝင်တဲ့ အချိန်အတိုင်းအတာ အတောအတွင်း ကျွန်မတို့ ၂ယောက်ရဲ့ ခင်မင်မှု အချိန်အတိုင်းအတာ တလျှောက်မှာ ကြုံခဲ့ရ ဖြတ်သန်းခဲ့ရတာတွေလဲ မနည်းပါဘူး... သူမနဲ့ ကျွန်မက အခင်ဆုံးသူငယ်ချင်းသာဖြစ်တာ ပင်ကိုယ်စရိုက်ချင်းတော့ သိပ်မတူဘူး...

သူမက စကားတောင် လေးလုံးကွဲအောင်မပြောသူ... ကျွန်မက စကားအရမ်းများတဲ့သူ... သူမက ဘယ်အရာမဆို အေးတိအေးဆက်နေတတ်သူ... ကျွန်မက ၀ုန်းဒိုင်းကျဲတတ်သူ... သူမက နှေးတုံ့နှေးတုံ့လုပ်တတ်သူ... ကျွန်မက စိတ်မြန်လက်မြန်ရှိသူ... သူမက စာတစ်ပုဒ်သင်ပြီးတိုင်း မှန်မှန်ကျက်ရမှ ကျေနပ်သူ... ကျွန်မက အကြွေးတွေထားပြီ အနီးကပ်မှ တစ်ပွဲထိုးကျက်တတ်သူ... စာမေးပွဲပြီးလို့ ဖြေလွှာစာရွက်ရလာလျှင် သူမက အမှားကို ကြည့်လိုက် တခြားလူနဲ့တိုက်လိုက် တနုံ့နုံ့နဲ့ ဖြစ်နေတတ်သူ... ကျွန်မကတော့ ကိုယ်ရတာ ကိုယ်ဖြေသလောက်ပဲပေါ့ ပြန်ပြင်လို့လဲ မရတော့တဲ့အရာတစ်ခုအတွက် ဘာမှ စိတ်ထဲ မထားတတ်တဲ့ အပြင် တနုံ့နုံ့နဲ့ အဖြစ်သဲနေတတ်သော သူမနဲ့ တကွ အုပ်စုတွင်းမှ တခြားသူငယ်ချင်းများကို စိတ်မရှည်တတ်သူ... ထမင်းစားချိန်ဆင်းလျှင် သူမက ကိုယ့်စားပွဲကိုယ်ထိုင် စားပြီးတာနဲ့ စာအုပ်ထုတ်ကျက်တတ်သူ... ကျွန်မကတော့ သူထမင်းကုန်လို့ စာအုပ်ထုတ်ပြီးဆိုတာနဲ့ အတန်းတွင်းလှည့်လည်ကာ တစ်ခြားသူငယ်ချင်းအုပ်စုများနဲ့ ဟင်းလဲစားတတ်သူ... သူငယ်ချင်း အချင်းချင်းစကားများလျှင်လဲ ကျွန်မက ဒေါသထွက်လို့ အော်ငေါက်တတ်သူ... သူမကတော့ ဘာမှ ပြန်မပြော နားမထောင် သူလုပ်ချင်ရာလုပ်သူ... ရန်ဖြစ်လို့ မခေါ်မပြောလဲ အဆုံးမှာတော့ ကျွန်မကပဲ မသိလိုက် မသိဖာသာ စပြီး စကားပြောရသူ... ကျွန်မစကားပြောရင်တော့ သူက စတယ်ကြီးနဲ့ မနေပဲ ဘာမှ မဖြစ်ခဲ့သလိုပုံစံမျိုးနဲ့ ကျွန်မကို ပြန်လက်ခံစကားပြောပြီး ခင်မင်မှု မပျက်ခဲ့သူ...

ကျွန်မက သူမကို အခင်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ခဲ့ပင်မဲ့... ထိုအချိန်က "ငါ့မှာ အခင်ဆုံးသူငယ်ချင်းမရှိဘူး" လို့ သူမက သတ်မှတ်ခဲ့ဖူးသူ... အဲဒိအချိန်တုန်းကတော့ ကျွန်မအတော်လေး ဒေါသထွက် စိတ်ဆိုးခဲ့ပြီး သူမကို ကျွန်မ လအတန်ကြာ ခပ်တန်းတန်းဆက်ဆံခဲ့တယ်... အဲဒိအချိန်ကတော့ သူမက သူမနဲ့ စရိုက်တူတဲ့ အုပ်စုထဲက တခြားသူငယ်ချင်းတွေနဲ့ နေပျော်နေတာပေါ့... ဒါပေမဲ့လဲ လူဆိုတာ ရေစက်ဆုံချင်တော့ သူမနဲ့ ကျွန်မက အိမ်ပြန် ကျောင်းကားချင်းလဲတူတယ်... ကျွန်မ သူမကို ကျောင်းခန်းထဲမှာ တခြားသူငယ်ချင်းတွေနဲ့ ပေါင်းလို့ ကြည့်မရပင်မဲ့... မနက်ကျောင်းလာချိန်နဲ့ ညနေကျောင်းပြန်ချိန်ကတော့ ကျွန်မတစ်ယောက်ထည်း သူမဘေးရှိနိုင်လို့ ကျောင်းကားစီးချိန်ဆို ပျော်ခဲ့ရသူ... သူငယ်ချင်းအုပ်စုထဲမှာ သူမ မောင်နှမတွေနဲ့ လဲ ကျွန်မကသိသူ... သူမအစ်ကိုနဲ့ ကျွန်မအစ်မနဲ့ ကမ္ဘာရန်သူလို မုန်းကြပင်မဲ့ (သူတို့ ရန်ဖြစ်ရခြင်းအကြောင်းရင်းကလဲ ကျွန်မတို့ ၂ယောက်နဲ့ ပတ်သတ်ပြီး အကြီး ၂ယောက် ရန်ဖြစ်ကြတာပါ)... ကျွန်မရယ် သူမရယ် သူမမောင်လေးရယ်ကတော့ အမြဲ ခင်မင်နေတတ်မြဲ... ဒီလောက် စရိုက်ချင်းမတူတဲ့ သူမနဲ့ ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို သူငယ်ချင်းဖြစ်လာလဲဆိုတာ ကျွန်မ မိသားစုက နားမလည်နိုင်သလို... ကျွန်မကိုယ်တိုင်လဲ သိပ်တော့ နားမလည်နိုင်... ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူမနဲ့ ရှိနေတဲ့ အချိန်မှာ ကျွန်မဟာ ကျွန်မအတိုင်းပဲရှိနေစရာလိုပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်...

ဒီလိုနဲ့ မူလတန်း... အလယ်တန်း... အထက်တန်း အတူတူ... ဒါပေမဲ့ အထက်တန်းပြီးတဲ့ အချိန်မှာတော့ ဘယ်သူဟာ သူမကို တကယ်စိတ်ရင်းနဲ့ ခင်လဲ... ဘယ်သူဟာ သူမကို သူငယ်ချင်းစိတ်မရှိပဲ ကိုယ့်ထက်သာ မနာလိုရှိလဲ ဆိုတာကို သူမ ကောင်းကောင်းသဘောပေါက်သွားခဲ့တယ်... ၁၀တန်းပြီး သင်တန်းတွေ တက်တော့လဲ အိမ်က သူမနဲ့ဆို စိတ်ချတယ်... ဘာလို့လဲဆိုတော့ ကျွန်မက တစ်ခါတစ်လေ အိမ်ကို ညာပြီး သင်တန်းက တခြား သူငယ်ချင်းတွေနဲ့ အပြင်သွားရင် အိမ်က သူမဆီကို ဖုန်းဆက်လိုက်တာနဲ့ အမှန်အားလုံးကို အစ်မေးစရာတောင် မလိုသူ... နောက်ပိုင်း တက္ကသိုလ်တွေဖွင့်တော့ သူမက ဆေးကျောင်းတက်... ကျွန်မကတော့ စကာင်္ပူမှာ ကျောင်းတက်ဖို့ ရွေးချယ်ခဲ့တော့ တခါတလေ ကျွန်မသူ့အိမ်သွားမှသာ တွေ့ဖြစ်တော့သည်... သူလဲ သူ့ဆေးကျောင်းက သူငယ်ချင်း အသစ်တွေရ... ကျွန်မလဲ ကျွန်မ သင်တန်းက သူငယ်ချင်း အသစ်တွေရ... ဘယ်လိုပဲဖြစ်ဖြစ်... မတွေ့ဖြစ်တာသာရှိမယ်... ကျွန်မတို့ ၂ယောက်ရဲ့ ခင်မင်မှုက ပြန်တွေ့ရင် စိမ်းနေတာတို့... ပြောစရာစကားမရှိတာတို့ ဘယ်တော့မှ မဖြစ်ပါဘူး...

သူမနဲ့ တွေ့ရင် ကျွန်မ မိသားစုနဲ့ တွေ့သလိုပဲ ဘာမှ ထွေထွေထူးထူးပြောနေစရာမလိုလဲ သက်တောင့်သက်သာရှိနေတာပါပဲ... များသောအားဖြင့် သူမအိမ်မှာ အိမ်မကပ်တဲ့ ယောကျာင်္းသားတွေချည်းပဲမို့ အိမ်မှာ သူမ တစ်ယောက်ထဲ ရှိနေတတ်လို့ ကျွန်မက သူမအိမ်ကို သွားလည်တာ ပိုများပါတယ်... အဲလို သူမအိမ်ရောက်လို့ ဘာလုပ်နေလဲဆို... သူမကလဲ ဧည့်ထောက်ခံနေစရာမလိုသလို... ကျွန်မနဲ့ လဲ အချိန်ပြည့်စကားလာပြောနေစရာမလိုပါဘူး... ကျွန်မကလဲ သူမအိမ် သွားလည်တယ်... သူမရေခဲသေတ္တာဖွင့် စားချင်တာရှိရင် စားချင်တာစား... အိပ်ချင်ရင် သူမအိပ်ယာပေါ်အိပ်... ကိုယ့်အိမ်လိုပဲ လုပ်ချင်ရာ လုပ်ခွင့်ရထားပါတယ်... ကိုယ်မလုပ်တတ်ရင် "ငါ ကော်ဖီသောက်ချင်တယ်... ငါ ဗိုက်ဆာတယ် ထမင်းစားချင်တယ်" ဆိုပြီး သူမကို ခိုင်းတာပါပဲ... များသောအားဖြင့်တော့ ယောကျာင်္လေးတွေ များတော့ သူမအိမ်မှာ ချက်မစားကြဘူး... ညနေစောင်းလောက်ဆိုမှ သူ့မောင်လေးက သူ့အစ်မစားဖို့ ကြေးအိုးဆီချက်တို့ ထမင်းပေါင်းတို့ အထုပ်ကလေးဆွဲလာပြီး ကျွေးပါတယ်...

သူမအကြောင်းပြောရင် သူ့မောင်လေးအကြောင်းပါ နည်းနည်းပြောချင်လာတယ်... သူ့မောင်လေးနဲ့လဲ ငယ်ငယ်ကတည်းက ကျောင်းကားတူတော့ ခင်ခဲ့ရတဲ့ ကလေးပါ... သူတို့ မောင်နှမ ၂ယောက်က အရမ်းချစ်ကြတယ်... သူ့မောင်ကလဲ သူ့အစ်မကို ဂရုစိုက်တယ်... အိမ်မှာ ယောကျာင်္းလေးတွေနဲ့ ချည်းနေပင်မဲ့ ကျွန်မသူငယ်ချင်းက ဘာ အိမ်မှုကိစ္စမှ သိပ်လုပ်စရာမလိုဘူး... သူ့မောင်နဲ့ အဖေနဲ့က လုပ်တာများတယ်... ဒါပေမဲ့ သူ့မောင်နဲ့ သူနဲ့ကကျတော့ အကြိုက်ချင်း စရိုက်ချင်း သိပ်မတူဘူး... သူ့မောင်နဲ့ ကျွန်မနဲ့ က အကြိုက်ချင်း စရိုက်ချင်းတူတယ်... ဥပမာ... စကားများတာ... ဝေဖန်လေကန်ရေးလုပ်တာ.. ရုပ်ရှင်ကြိုက်တာ... အဆုံးစွန်ဆုံး ကျွန်မတို့ ၃ယောက်ကို စာစီစာကုံး ခေါင်းစဉ် ၃ပုဒ်ပေးရင် သူ့မောင်နဲ့ ကျွန်မနဲ့ ဖြေမယ့် ခေါင်းစဉ်က အတူတူပဲ... (အဲဒါကို စမ်းကြည့်ပြီးပြီ)... သူနဲ့ ခင်ရတာ ကျွန်မအတွက် မောင်တစ်ယောက်ပါ ထပ်ဆောင်းတိုးရသေးတယ်... သူကလဲ ပြောတယ်... နင်တို့ ၂ယောက်က မောင်နှမဖြစ်ရမှာတဲ့...

သူမအိမ်သွားလည်လို့ သူမက ဆေးကျောင်းက စာကုန်းကျက်နေတဲ့အချိန်... သူ့မောင်နဲ့ ကျွန်မက တီဗွီရှေ့ထိုင်ပြီး ကြည့်နေတဲ့ ဗွီစီဒီတွေ ဘာတွေကို ဝေဖန်လေကန်ရေးလုပ်နေတတ်ကြတယ်... တခါတလေ ဂိမ်းတွေ ဘာတွေဆော့ရင်လဲ ကျွန်မတို့ အငြင်းသန် ၂ယောက် ပြောသမျှကို သူမက ကြားကနေ ရီနေတတ်သေးတယ်...

လွန်ခဲ့တဲ့ ၄နှစ်လောက် တုန်းက စကာင်္ပူကနေ ကျွန်မ တစ်ယောက်တည်း မြန်မာပြည် ပြန်တုန်းက (ကျွန်မ တစ်မိသားစုလုံး စကာင်္ပူမှာ ကျန်ခဲ့တယ်) သူတို့ မောင်နှမ ၂ယောက်က ကျွန်မလုပ်ချင်တာ စားချင်တာ မှန်သမျှကို ဖြည့်စည်းပေးခဲ့တယ်... ကျွန်မ သူတို့ နဲ့ ကျိုက်ထီးရိုးသွားခဲ့တယ်... ကျွန်မဘ၀မှာ ပထမဆုံးလူကြီးမပါပဲ.. ကျွန်မခေါင်းဆောင်လုပ်ပြီး သွားခဲ့တဲ့ ခရီးက သူတို့နဲ့ အကောင်အထည်ပေါ်ခဲ့တယ်... အဲဒိတုန်းက ကျွန်မက မြန်မာအမဲနှပ်ဟင်းစားချင်တယ်ဆိုလို့ သူတို့ တော့ ချက်မစားတတ်လို့.. ကျွန်မကို မြန်မာအမဲနှပ်စစ်စစ်ရတဲ့ ၁၅လမ်းထိပ်က ညဘက်မှဖွင့်တဲ့ လမ်းဘေးဆိုင်ကို ခေါ်သွားပြီး ကျွေးခဲ့တယ်... ဆိုင်အကောင်းစားကြီးမဟုတ်ပင်မဲ့ ကျွန်မစားချင်တဲ့ အရသာနဲ့ တစ်ထပ်တည်းကျပြီး စားကောင်းခဲ့လို့ သူတို့ မောင်နှမ ၂ယောက်လုံးကို ကျေးဇူးတင်တယ်...

ကျွန်မ သူမကို ခင်တယ်ဆိုပင်မဲ့ ငယ်ငယ်က "ငါ့မှာ အခင်ဆုံးသူငယ်ချင်းမရှိဘူး" လို့ သူပြောခဲ့တဲ့ အချိန်က စပြီး ကျွန်မ ပါးစပ်က
ဘယ်တော့မှ မပြောတော့ဘူး... ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ သူမကို ခင်တယ်... ဘာအကျိုးအမြတ်မှ မလိုချင်ပဲ ခင်တယ်... သူမ ဆရာဝန်မကြီး မဟုတ်လဲ ခင်တယ်... သူမ သူဋ္ဌေးသမီးမဟုတ်လဲ ခင်တယ်... သူမ ဘာကောင် ဖြစ်လာမလဲ မသိခင်ကတည်းက ကျွန်မခင်ခဲ့တယ်... အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့ အမျှ ကျွန်မရဲ့ ခင်မင်မှုက တန်ပြန်မှု ရှိတယ်ဆိုတာ ကျွန်မ သတိထားမိလာတယ်... သူမ ကျွန်မကို ခင်တယ် မခင်ဘူးဆိုတာကို ပါးစပ်ကနေလဲ စကားချိုချိုတွေနဲ့ ထုပ်ပြောနေစရာမလိုဘူး...ကျွန်မ ခံစားလို့ရတယ်...

ကျွန်မ စိတ်ညစ်နေတဲ့ အချိန်တွေမှာ လောကွတ်ချော်ပြီး ဘာတွေ စိတ်ညစ်နေတာလဲလို့ မမေးဘူး... ကျွန်မ စိတ်ညစ်တာတွေကို မေ့သွားအောင် တခြား အကြောင်းအရာတွေကို မသိချင်ယောင်ဆောင်ပြီး ပြောတယ်... ကျွန်မစိတ်ကြိုက်လိုက်လုပ်ပေးတတ်တယ်... ကျွန်မမြန်မာပြည်တစ်ယောက်တည်းပြန်လာတုန်းက အထီးကျန်ဆန်ပြီး ပျင်းနေမှာစိုးလို့ (သူမပါးစပ်ကတော့ မပြောပါ... ဒါပေမဲ့ ကျွန်မသိနေတာ) သူမ ဆေးကျောင်းက သူငယ်ချင်းတွေနဲ့ အိမ်ခေါ်ပြီး မုန့်လုပ်စားဖို့ စီစဉ်ခဲ့သူ... သူမ ဟောက်စ်ဆင်းနေတဲ့ ဆေးရုံကို သူမနဲ့ ရောပြီး ဆရာဝန်ယောင်ဆောင်ပြီး ဆရာဝန်များနားနေခန်းမှာ တခြား ဆရာဝန်သူငယ်ချင်းတွေ (ငယ်ငယ်က အတန်းထဲက ဆေးကျောင်းဝင်တဲ့ သူတွေလဲရှိတော့ ကျွန်မနဲ့ သိပြီးသား သူငယ်ချင်းဟောင်းတွေ )နဲ့ လဲ ပြန်တွေ့ခွင့်ရခဲ့တယ်... သူမ မှာ ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးလိုက်လို့ မဗေဒါကတော့ ကျော်ခင်သွားတော့မှာပဲလို့ တွက်ချက်မနေတတ်ဘူး... (ဒါမှမဟုတ် ကျွန်မက သူမကို ကျော်ပြီး ဘယ်သူ့ကိုမှ ပိုမခင်ဘူးဆိုတာ သိနေလို့များလား... ဒါမှမဟုတ် ကျွန်မ ကျော်ခင်ချင်လဲ ခင် သူက ဂရုမစိုက်ဘူးဆိုတာများလား)... ကျွန်မရဲ့ တခြားသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလဲ ခုထက်ထိတော့ သူမက ကျွန်မကို ကျော်ပြီး ခင်တာ မရှိခဲ့ဘူး... ကျွန်မစိတ်ထဲမှာလဲ အဲဒါတော့ သူ့ကို ယုံနေတယ်... နောက်ပြီး ကျွန်မ ကြည့်မရတဲ့သူကိုလဲ သူကြည့်မရဘူး (ကြည့်မရဘူးလို့ ပါးစပ်က ထုတ်မပြောပင်မဲ့ သူ့စိတ်ထဲမှာ ကျွန်မဘက်က လုံးဝရပ်တည်တယ်ဆိုတာ အကြွင်းမဲ့ ယုံလို့ရတယ်)... ကျွန်မရန်သူဆိုရင်လဲ သူက မိတ်ဆွေမဖွဲ့မှာသေချာတယ်... သူ့မောင်လေးပါ အဲလိုပဲ... ကျွန်မ မကျေနပ်တဲ့သူတစ်ယောက်အကြောင်းပြောရင် သူက ကျွန်မဘက်ကနေ အဲလူကို ဝေဖန်ပေးနေတာ အားရစရာ... ဟိုလူကို ဘာမှ မထိခိုက်ပင်မဲ့ ကျွန်မစိတ်ထဲတော့ "အော်... သူတို့ ငါ့ဘက်မှာ ရှိပါလား " ဆိုပြီး အားတက်သွားတယ်လေ...

ဂျပန်မှာလဲ သူမက ၁လလဲ စောရောက်တယ် လူခံလဲရှိတယ်ဆိုပင်မဲ့... သူမ မေမေကလဲ အလုပ်နဲ့ဆိုတော့ အချိန်ပြည့်လိုက်မပို့နိုင်ဘူး.. သူမကလဲ အိမ်ထဲက အိမ်ပြင်တစ်ယောက်တည်း ထွက်တာမဟုတ်တော့ ဘာမှ လည်လည်ဝယ်ဝယ်မသိတာရော.. အဓိကနေရာတွေကိုလဲ ကျွန်မနဲ့ ကျမှ သွားမယ်ဆိုပြီး ချန်ထားတော့ သူလဲ ဘယ်မှ မရောက်ဖြစ်ဘူး.. ကျွန်မရောက်တော့ ကျွန်မက အင်တာနက်က ရှာလာတဲ့ ဒေတာတွေနဲ့ လည်တော့တာပေါ့... လေဆိပ်ကတောင်းလာတဲ့ မြေပုံရှိရင် ခြေစကြာင်္တပ်ထားတဲ့ အတိုင်းပဲ... အပြင်သွားရင် ကျွန်မကပဲ ဒီနေ့ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ရတာများတယ်... ကျွန်မတို့ ၂ယောက်တည်းပင်မဲ့ ပျော်နေကြတာပဲ... လူတွေ အများကြီးသွားတာထက်ပိုပျော်တယ်... စိတ်လွတ်လက်လွတ်နဲ့ ညှိစရာလဲ ၂ယောက်ပဲ ရှိတယ်... ဒါတောင် သူမက ကျွန်မလုပ်ချင်တာကို လိုက်လျောတာ များတယ်.. ကျွန်မက ၁၀ရက်ပဲ လာလည်တာကိုး... ကျွန်မ yakinuku စားချင်တယ်ဆိုလဲ သူမသိပင်မဲ့ ဖြစ်အောင် ဆိုင်ကို ခေါ်သွားပြီး ကျွေးတယ်... သူနဲ့ ကျွန်မနဲ့ Harajuku က ဦးထုတ်ဆိုင်မှာ အကြိုက်ချင်းတူနေလို့ မထူးပါဘူးဆိုပြီး ဆင်တူဝယ်ဖြစ်တဲ့ ပန်းရောင် ကပ်ဦးထုတ်လေးလဲ ရှိတယ်...

ဒါတောင် ဖူဂျီတောင်ကို တစ်ညအိပ်သွားမယ်ဆိုတော့ သူမက လက်မခံဘူး... သူက ယိုကိုဟားမားက Sea paradise သွားချင်တယ်တဲ့... ကျွန်မက စကာင်္ပူက underwarter world ကို မြင်ဖူးနေတော့ မသွားချင်ဘူး... ဒီလိုနဲ့ သဘောထားမတိုက်ဆိုင်ဖြစ်သေးတယ်... တစ်လျှောက်လုံး သူမက ကျွန်မလုပ်ချင်တာကို လိုက်လျောခဲ့တယ်ဆိုပေမဲ့... သူမ လုပ်ချင်တာ တစ်ခုရှိလာရင်တော့ သိတဲ့အတိုင်း ပြန်မပြောနားမထောင် အလွန်ခေါင်းမာတာ... နောက်ဆုံးတော့လဲ ထုံးစံအတိုင်း ကျွန်မပဲ အရင် လျော့လိုက်ရတယ်လေ... မလျော့ရင်လဲ ဒီခရီးက ဘယ်ပျော်ဖို့ကောင်းတော့မလဲ... ဖူဂျီတောင်ကို တစ်ညမအိပ်တော့ပင်မဲ့ ကျွန်မစီစဉ်တဲ့ Tour အဖွဲ့နဲ့ ၁ရက်စာ Package ၀ယ်ပြီး သွားဖို့တော့ သူမ သဘောတူလိုက်ရတယ်... ကျွန်မကလဲ သူမနဲ့ တူတူ သူသွားချင်တဲ့ Sea Paradise သွားဖို့ ကို သဘောတူလိုက်တယ်... အဲဒိနေ့က Sea Paradise သူမကြောင့် ရောက်သွားတာ မှန်သွားတယ်... စကာင်္ပူကဟာနဲ့ မတူဘူး... သူက အကြီးကြီး ပြီးတော့လဲ လင်းပိုင်ရှိုး.. ဖျံ... ပင်ဂွင်းရှိုးလေးတွေက အစ ၁၀၀ သာတယ်.. သေချာ train ထားတာ... ပြီးတော့ လင်းပိုင်တွေ ဖျံတွေကိုလဲ ကိုင်လို့ရတယ်.. ဓာတ်ပုံ တူတူရိုက်လို့ရတယ်... နောက်ပြီး ကျွန်မအတွက် အတန်ဆုံးလို့ ထင်တာကတော့... ဂျပန်ကားတော်တော်များများက အဲဒိမှာ ရိုက်ဖူးတာ ရောက်တော့မှ သိနေတယ်.. ( Absolute Boyfriend, One Liter of tear, Brother beat , and many more) မင်းသမီး မင်းသား လျှောက်လည်တဲ့ အခန်းတွေဆို အဲဒိမှာရိုက်တာများတယ်...

တကယ်တော့ ကျွန်မအတွက် သူငယ်ချင်းဆိုတာ ထွေထွေထူးထူးတွေ ဘာမှ လုပ်ပြနေစရာမလို... ပါးစပ်က သကာလူးထားတဲ့ စကားချိုချိုတွေနဲ့ လောကွတ်လုပ်နေစရာမလို... အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ သူ့ရှေ့မှာ ဟန်လုပ်နေစရာမလိုသူ... ကိုယ်နဲ့နေ့တိုင်း သွားအတူ လာအတူမရှိနိုင်ပေမဲ့ လိုအပ်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာကအစ အထောက်အပံ့ပေးနိုင်သူ... သူပျော်နေတာကို ကြည့်ပြီး ကိုယ်လဲ လိုက်ပျော်နေအောင် လုပ်ပေးနိုင်တဲ့သူ လို့ပဲ အဓိပ္ပါယ်ဖွင့်ချင်ပါတော့တယ်...

စကာင်္ပူမှာ သကာလူးထားတဲ့ စကားလုံးတွေနဲ့ အဆိပ်အတောက်တွေ ပေးတတ်တဲ့ သူငယ်ချင်းတွေကြောင့် စိတ်ညစ်ရတိုင်း ငါ့မှာ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရှိသေးပါလားဆိုပြီး တွေးတိုင်း အားပြည့်ခဲ့ရတယ်.... ကိုယ့်ဆီက တချိန်မှာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုပေါင်းနေတဲ့ ပတ်ဝန်းကျင်က အပေါင်းအသင်း အယောက် ၁၀၀ ထက် ကျွန်မ ရဲ့ အချစ်ဆုံး သူငယ်ချင်း ဒေါက်တာ နှင်း နဲ့ လုံးဝ မလဲနိုင်ပါဘူး....

အောက်က ဗွီဒီယိုလေးကတော့ ကျွန်မနဲ့ သူမရဲ့ သူငယ်ချင်း သက်တမ်း ၁၈ နှစ်ပြည့်အတွက် ဂျပန်တုန်းက လျှောက်သွားခဲ့တာလေးကို အက်ဒစ်လုပ်ထားတာပါ... သူမကို ခင်မင်တဲ့ စိတ်ကြောင့် မိုင်ပေါင်းထောင်ချီဝေးလဲ ကျွန်မ သူမနဲ့ တွေ့ချင်ခဲ့ပါတယ်... သီချင်းလေးကတော့ A Thousand Mile တဲ့....