စိတ်ညစ်စရာသတင်းတွေ တင်နေလို့ လာလည်တဲ့ စာဖတ်သူတွေလဲ စိတ်တွေလေးလံကုန်ကြပြီထင်တယ်... စိတ်ညစ်စရာရှိရင် ခဏတဖြုတ်ညစ်လိုက်... ကိုယ်ဘာမှ မတတ်နိုင်တဲ့ စိတ်ညစ်စရာဆိုရင် မြန်မြန် စိတ်လျော့ပြီး ကိုယ့်စိတ်ကို ကိုယ်ပျော်အောင် ပြန်ထားလိုက်... ဒီလိုပြောလို့ မဗေဒါလဲ အမြဲဒီလို လုပ်နိုင်နေတယ်လို့ မထင်ပါနဲ့... တစ်ခါတစ်လေတော့ ကိစ္စ အကြီးအသေးပေါ်မူတည်ပြီး မဗေဒါ မြန်မြန် let go မလုပ်နိုင်တာတွေ ရှိပါတယ်... ခု မဗေဒါလဲ ကိုယ်ကြိုက်တဲ့ ကိုရီးယားမင်းသားအကြောင်း ဝေမျှရင်း အားလုံးကို စိတ်ညစ်အောင် လုပ်မိလိုက်ပြီ... ဒီတော့ မဗေဒါရဲ့ ပေါ်မလာ အတော်ကြာနေတဲ့ အလွဲအခန်းဆက်လေးနဲ့ ပြန်ဖြေသိမ့် ရပါအုံးတော့မယ်...
မဗေဒါလဲ အလွန်မှကို လွဲတတ်သကိုး... စကာင်္ပူရောက်စက မြန်မာပြည်မှာ မမြင်ဘူးတာ မစားဘူးတာ မကြားဘူးတာတွေ မြင်ရကြားရပြီး ခဏ ခဏလွဲနေတော့တာ... တချို့ အလွဲတွေဆို ပြန်ပြောပြဖို့ ရှက်လို့ မရေးတာပဲကောင်းမယ်ဆိုပြီး လျှိုထားတာလေးတွေတောင်ရှိသေး... လျှိုရင်း လျှိုရင်းနဲ့ အလွဲတွေ မရေးဖြစ်တာ ကြာပေါ့... ဒီတော့ ကိုယ်ပေါင် ကိုယ်လှန်မထောင်းတော့ပဲ ဒီတစ်ခါတော့ သူများလွဲတာလေး ပြောပြချင်တယ်... ဟဲ... ဟဲ... ဒါပေမဲ့ သူများလွဲတာက ကိုယ်လွဲတာလောက်တော့ မဆိုးပါဘူး...
ကျမတို့တွေ ဒီမှာ တခါတလေ တခြားနိုင်ငံကလူတွေနဲ့ အလောတကြီးစကားပြော ဆက်ဆံရတဲ့အခါပဲဖြစ်ဖြစ်၊ သိပ်ရင်းနှီးတဲ့ တခြားနိုင်ငံကသူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ယောင်ယောင်ပြီး မြန်မာလိုသွားသွားပြောတတ်တယ်... သူတို့လဲ ဒီအတိုင်းပဲ ကိုယ့်ကို သူတို့နဲ့ တူတူထင်ပြီး တရုတ်လိုတွေ လာပြောတတ်တယ်... နောက်မှ အော် သူတို့က ငါနဲ့မှ နိုင်ငံမတူ ဘာသာစကားချင်းမှ မတူတာဆိုပြီး သတိရသွားတာရှိတယ်... ဒါပေမဲ့ မဗေဒါ မေမေယောင်တာကျတော့ တစ်မျိုးရှင့်... မြန်မာလိုနဲ့ အင်္ဂလိပ်လိုကို ရောပြီးယောင်တာ... ဟဲ... ဟဲ... (ဒီပိုစ့်ကိုရေးပြီး အိမ်ပြန်ရင်တော့ ဒုတ်ကောက်သွားရမယ်ထင်တယ်... )
မေမေက အိမ်မှာ အမြဲ စျေးသွားဝယ်နေကျလေ... သူ့ဟာနဲ့ သူတော့ စျေးရောင်းတဲ့ တရုတ်မကြီးတွေ မလေးမကြီးတွေနဲ့ communicate လုပ်တာ ဖြောင့်လို့... တနေ့တော့ Wet Market မှာ... (အော်.. စကာင်္ပူမှာက စျေးဝယ်ရင် Super Market နဲ့ Wet Market ဆိုတာရှိတယ်... Wet Market ဆိုတာ မြန်မာပြည်က စျေးတွေလို အလေးချိန်နဲ့ရောင်းတာ super market တွေလို ပတ်ကင်ထုတ်ထားပြီးရောင်းတာမဟုတ်ဘူး... မနက်ပိုင်းပဲ ဖွင့်တယ်... )
အသားဝယ်တော့ မလေးမကြီးကမေးတယ်.... Cut? Cut? (ခုတ်မှာလား ပေါ့)... (ဒီမှာက အခြေခံ အတန်းအစားက လူတွေကလဲ အင်္ဂလိပ်လို ကောင်းကောင်းမတတ်ကြတော့ Verb တစ်လုံးတည်းပြောပြီး အလုပ်ဖြစ်နေတတ်တယ်လေ...)...
မေမေကလဲ သေချာမကြားလိုက်တော့ ခေါင်းညိတ်ပြလိုက်မိတယ်... နောက်မှ ဓားမကြီးမလိုက်တော့မှ ခုတ်မှာလားမေးတာသိပြီး... အမြန်ပြန်ပြီး ယောင် ပြောလိုက်မိတာက....
" မ Cut !!!! မ Cut !!!!" တဲ့...
ဒီတော့ မလေး မိန်းမကြီးလဲ အူကြောင်ကြောင်ဖြစ်ပြီး အမေ့ကို ကြည့်နေတာပေါ့... နောက်မှ "No Cut... No Cut" ဆိုပြီး အလုပ်ဖြစ်သွားတယ်...
အင်္ဂလိပ်လို ဆက်သွယ်နေကြတာ ဖြောင့်နေတာပဲနော်... အင်္ဂလန်က အင်္ဂလိပ်အစစ်တောင် အဲဒိစျေးမှာ စျေးဝယ်တတ်မှာမဟုတ်ဘူး .. ဟား... ဟား...
အဲလိုစကားပြော အသုံးအနှုန်းတွေနဲ့ ပတ်သတ်ပြီး ရီစရာလေး တစ်ခုရှိသေးတယ်... ကျွန်မတို့နဲ့ အရင်က အတူနေတဲ့ အစ်မကြီးက တရုတ်စပ်တယ်... ပုံမှန်တော့ အိမ်မှာ ချက်စားတတ်တယ်... ဒါပေမဲ့ ကြာတော့လဲ ညဉ်းငွေ့မှာပေါ့... အပြောင်းအလဲ စားချင်မှာပေါ့... အိမ်နားမှာ ကျွန်မတို့ မိသားစု သွားသွားစားနေကျ ကုလားမုန့်တွေရောင်းတဲ့ဆိုင်ရှိတယ်... တနေ့ စကားစပ်မိတော့ အဲဒိ အစ်မကြီးက သူလဲ အဲဒိ ကုလားဆိုင်မှာ တစ်ခါတစ်လေစားချင်ကြောင်း... ဒါပေမဲ့ သူက ကုလားမုန့်တွေကို ဘယ်လိုပြောပြီး မှာရမှန်းမသိကြောင်းပြောတော့... ကျွန်မတို့တွေကလဲ ဝမ်းသားအားရပြောပြတာပေါ့...
"ဘာမှ မစိုးရိမ်နဲ့ ကုလားမုန့်တွေကို မြန်မာပြည်မှာ ခေါ်တဲ့ နာမည်အတိုင်းပဲ ခေါ်တယ်... တိုရှည်ဆို ဒီမှာလဲ တိုရှည်ပဲ... စမူဆာဆိုရင် ဒီမှာလဲ စမူဆာပဲ... ပလာတာဆိုရင် ဒီမှာလဲ ပလာတာလို့ပဲခေါ်တယ်..."ပြောတော့..
သူက "ဒါဆိုရင် အာလူးပူရီကိုရော" တဲ့... ကျွန်မတို့လဲ သူ့ကို ပြန်ဖြေလိုက်တာပေါ့... "အဲဒါလဲ အတူတူပဲ ပူရီကို လဲ ပူရီလို့ပဲခေါ်တယ်" လို့....
ဒီလိုနဲ့ နောက်နေ့ သူ အဲဒိဆိုင်မှာ စားမယ်ဆိုပြီး ဆင်းသွားရော.... သူပြန်လာတော့ ကျွန်မတို့က "ဘယ်လိုလဲ... စားလို့ကောင်းခဲ့ရဲ့လား" လို့မေးတော့...
သူပြောတာကို ဆိုင်က လူတွေက နားမလည်ပဲ အူကြောင်ကြောင်ကြည့်နေကြလို့ မစားဖြစ်ခဲ့ဖူးတဲ့... ဒီလိုနဲ့ ကျွန်မတို့လဲ မဟုတ်သေးပါဘူး... နားမလည်စရာမရှိဘူး... ခါတိုင်း ကျွန်မတို့လဲ ဒီလိုပဲ ပြောစားနေကြပါ... အဲဒိဆိုင်က လူတွေ သိပါတယ်... ဒါနဲ့ သေချာအောင် ထပ်မေးလိုက်တယ်..
"ဘာမှာစားလို့လဲ... ဘယ်လိုပြောလိုက်လို့လဲ" ဆိုတော့...
"ကျွန်မက အာလူးပူရီစားချင်လို့... သူတို့ကို အာလူးပူရီလို့ ပြောပြီး မှာလိုက်တာလေ" တဲ့....
မှတ်ကရော..... ဒီတော့မှ ကျွန်မတို့လဲ နှဖူးနဲ့ လက်နဲ့သာ ရိုက်လိုက်ချင်တော့တယ်... ကျွန်မတို့တွေက မြန်မာပြည်မှာ အာလူးပူရီလိုခေါ်နေကြလေ... ဒါပေမဲ့ အဲဒိ မုန့်က တကယ်တမ်းတော့ ပူရီလို့ပဲခေါ်တာပေါ့... အာလူးပူရီလို့ သွားပြောတော့ ဆိုင်ကလူတွေက ကြောင်တောင်တောင်ဖြစ်နေတော့မပေါ့... အမှန်ဆိုရင် "Puri with Potato" လို့ မှာရမှာပေါ့... အင်း... သေသေချာချာ စေ့စေ့စပ်စပ် မပြောပြမိလိုက်တဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ချင်ပါတော့တယ်... ကိုယ့် လစ်ဟာမှုကြောင့် သူလဲ ပူရီ မစားခဲ့ရတော့သလိုဖြစ်သွားတယ်... ဒါပေမဲ့ ဘယ်သူကလဲ အဲလို လွဲတတ်လိမ့်မယ်လို့ ထင်မလဲ... မဗေဒါကလဲ ကိုယ်တစ်ယောက်ပဲ လွဲတတ်တယ်မှတ်နေတာကိုးးးး... ခုတော့..............................
စာကြွင်း... အောက်က ပထမဆုံး ကွန်မန့်အရ အာလူးဟာလဲ ကုလားစကားဖြစ်ကြောင်း သိရှိရပါတယ်... ဒါပေမဲ့ ကျွန်မအိမ်နားက စကာင်္ပူ ကုလားတွေကတော့ အာလူးကို မသိပါဘူး... Potato လို့ပြောမှ သိပါတယ်...
13 comments :
အာလူးက ကုလား စကားပါ။ Aloo Puri လို့ မီနူးတွေမှာ ရေးတာ တွေ့ဖူးတယ်။
http://www.google.ca/images?q=aloo%20puri&rlz=1I7ADBF_en&oe=UTF-8&redir_esc=&um=1&ie=UTF-8&source=og&sa=N&hl=en&tab=wi
http://en.wikipedia.org/w/index.php?title=Aloo&redirect=no
ဟုတ်မှာပါ... မဗေဒါလဲ အာလူးကို အစက ကုလားစကားက ဆင်းသက်တယ်လို့တော့ သံသယရှိခဲ့ပါတယ်... ဒါပေမဲ့ စကာင်္ပူက ကုလား (အထူးသဖြင့်တော့ အဲဒိ ဆိုင်က ကုလားတွေကတော့ အာလူးကို မသိကြပါဘူး.. ဒါမှ မဟုတ် သူတို့လို ခေါင်းလှုပ်ပြီး မပြောလို့ပဲ နားမလည်တာလားတော့ မပြောတတ်ပါဘူး)... ခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခုတော့ သံသယလေး တစ်ခုရှင်းသွားတာပေါ့...
ကုလားစကား စစ်စစ် ( ဟင်ဒီ ) စကား အရတော့ အာလူးကို အားလူးလို့ပဲ ခေါ်တာပါပဲ။ ဒါပေမဲ့ အဲဒီကုလားတွေက ကုလည်တွေ ဆိုတော့ မတူတာ ဖြစ်မှာပါ။ ဟင်ဒီစကားအရတော့ ပူရီ ဆိုတာ တူနေလို့ ဘာမှ မထူးတာ ဖြစ်မှာပါ။ အကိုတောင်မှ အဲဒီ အာလူး အလွဲအကြောင်းကို ရေးထားသေးတယ်။
http://www.zaw357.net/2010/06/blog-post_02.html
း)))... ပြုံးမိရုံမက ရယ်တောင် ထရယ်မိတယ် မဗေဒါရေ... ဒါနဲ့ ခုနကပြောခဲ့တဲ့ တချို့အလွဲလေးတွေကို ဒိုင်လျှိုမထားပါနဲ့... ပြောပြပါ...း))))... ဟဲဟဲ....
ခင်မင်တဲ့
နေ၀သန်
အလွဲလေးတွေပြုံးမိရင်းဖတ်သွားတယ်။
အားလူးကို..အားလူးမှန်မသိတဲ့ကုလားဆိုင်ဆိုတော့
ကုလားမစစ်လို့ဖြစ်မယ်ထင်တယ်နှော်။
ဒီမှာတော့ကုလားဆို..အားလူးပြောရင်သိကြတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
မြန်မာစကားစစ်စစ်တွေမှ ရှိသေးရဲ့လား မသိဘူး။းဝ)
မဗေဒါတို့ အိမ်နားက ကုလားဆိုင်က အာလူးပြောရင် မသိတာ စဉ်းစားကြည့်သလောက် ၂ခုဖြစ်နိုင်ပါတယ်...
၁ခုက ကိုဇော်ပြောသွားသလို ကုလားမှာလဲ ဘာသာစကားတွေ အများကြီးရှိတော့ သူတို့ စကားမဟုတ်လို့ နားမလည်တာလဲ ဖြစ်နိုင်သလို..
နောက်တစ်ခုကတော့ စကာင်္ပူကလူတွေက ဘယ်ဘာသာစကားမှ ပြည့်ပြည့်၀၀မပြောပဲ အားလုံးကို အင်္ဂလိပ်လို ကြားညှက်ညှက်ပြီး ပြောနေကျမို့ မသိတာလဲ ဖြစ်နိုင်ပါတယ်...
ဒီက တစ်ချို့တရုတ်တွေလဲ တချို့စကားလုံးတွေကို တရုတ်လိုမသိပဲ အင်္ဂလိပ်လို ညှက်ပြောတတ်ကြပါတယ်... အဲဒါ ပြည်ကြီးတရုတ်နဲ့ စလုံးတရုတ်ရဲ့ ကွာခြားမှုတစ်ခုထဲမှာ ပါပါတယ်...
တမီလ် စကားပြောတဲ့ အိန္ဒိယက ကုလားတစ်ယောက်ကို မေးတော့ အာလူးကို သူတို့ ခေါ်တာ အာလူး မဟုတ်ဘူး။
ဖြစ်နိုင်တာကတော့ စလုံး တမီလ်းတွေ အာလူး မသိဘို့များပါတယ်၊
ပြည်ကြီး ကုလား နှင့် တမီလ်းတွေကတော့ တော်တော်များများသိပါတယ်၊
ခါနာ နဲ့ စားပါဒယ် လိုပေါ့၊
မcut မcut ဆိုတော့လေ အော်ပြီးရယ်လိုက်မိတယ်
ညနက်သန်းကောင်ကြီးမှာပေါ့..
စာရေးကောင်းတယ်
အမြဲအားပေးနေပါတယ်..
ကျမတို့က အားလုံးကို “ကုလား”လို့ သိမ်းကျုံးခေါ်ပေမယ့် နီပေါကုလား၊ ဘင်္ဂလားဒေ့ရှ်ကုလား၊ သီရိလင်္ကာကုလား၊ အိန္ဒိယကုလား စုံနေအောင် ရှိသေးတာပဲနော်။
အိန္ဒိယတစ်နိုင်ငံထဲမှာတင် ပြောတဲ့စကား မတူကြဘူး။
အရင်..အလုပ်ထဲမှာ အိန္ဒိက ကုလားတွေပဲ၊ဒါပေမယ့် တစ်ချို့က ပြောတာ.. ဟင်သီ(ဒီ) Hindi ( http://en.wikipedia.org/wiki/Hindi ) ၊ တစ်ချို့က မလေယာလန် Malayalam ( http://en.wikipedia.org/wiki/Malayalam_language )။ တစ်ချို့အိန်ဒီးယန်းတွေလဲ ၂မျိုးလုံး (၂မျိုးထက်ပိုပြီး) ပြောတတ်တယ်။ ဒါ ကြားဖူးတဲ့အထဲက နာမည် သိတာပေါ့နော်။ မသိတာတွေ အများကြီး ရှိအုံးမှာ။ အစားအစာတွေလည်း ကွဲတယ်။ Southern Indian Food ဆိုပြီး သတ်သတ်ရောင်းတာ ဒူဘိုင်းမှာတွေ့ခဲ့ဖူးတယ်။
နောက်ပြီး Yes လဲ ခေါင်းလှုပ်တာပဲ၊ No လဲ ခေါင်းလှုပ်တာပဲမို့ အလုပ်ထဲတုန်းက သေချာအောင် မေးရတယ်။ :D။
ဒါပေမယ့် သေချာတာတစ်ခုက မြန်မာပြည်က အာလူး ဆိုတာ အိန္ဒယအနွယ်တွေဆီက လာတယ် ဆိုတာပါပဲ။ :)။
Thanks for sharingနော်။ အမြဲဖတ်ဖြစ်ပါတယ်။ Comment သာ အပျင်းကြီးသူမို့ မရေးဖြစ်တာပါ။
အင်း။ ကိုယ်လဲရောက်ခါစက စလုံးအတန်းဖော်တယောက်က Pen ငှါးပြီးပြန်ပေးတော့ "Thank You" လို့ပြောတာကို "ကျေးဇူး"လို့ကြားပြီး ဝမ်းသာအားရနဲ့ နင်ရောမြန်မာပဲလားလို့မေးဖူးတယ်။(မှတ်ချက်။ အဲ့ဒီတုန်းက tutorial ထဲမှာ international student ကိုယ်တယောက်ထဲရှိပါတယ်။so sad..)
အလွဲလေးတွေလာဖတ်တာပါ
ရယ်ပြီးပြန်သွားပါတယ်..
အာလူးကို ခုမှဘဲ ကော်မန့်တွေအရ ကုလားစကားကနေ ဆင်းသက်လာတာ သိရတော့တယ်..
ကိုယ့်မြန်မာစကားဘဲ ထင်နေခဲ့တာ..
အင်း မှတ်သားစရာပါဘဲ
Post a Comment