Monday, June 01, 2009
ကိုရီးယား ခရီးစဉ် Day 1
၂၇ ရက်ည ၁၀ခွဲလောက်မှာ ကျမတို့ စကာင်္ပူလေဆိပ် တာမီနယ် ၃ ကိုရောက်ပါတယ်… နဲနဲစောနေလို့ ခဏတာမျှ စောင့်ပြီးနောက်မှာတော့… တိုးအေးဂျင့်က လူကိုဖုန်းခေါ်ပါတယ်… သူက အဖွဲ့လိုက်ချက်အင်ဝင်တဲ့ ကောင်တာမှာ ရောက်နှင့်နေပါပြီ… သူ့နဲ့တွေ့တော့ ကျမတို့ သားအမိ၂ယောက်က အရင်ဆုံးပါပဲ… ကျမသူငယ်ချင်းကတော့ အနည်းငယ်နောက်ကျပါတယ်… ကျမတို့ တိုးအဖွဲ့က စုစုပေါင်း ၁၉ယောက်ပါ… မြန်မာ ကျမတို့ ၃ယောက်ပဲပါပါတယ်… ကျန်တာအကုန် စလုံးတရုတ်တွေချည်းပါပဲ… လူငယ်ဆိုလို့ အတွဲ ၂တွဲရယ် ကျမတို့ အဖွဲ့ရယ်… နောက်ပြီး အသက် ၃၀ ၀န်းကျင်လောက်ရှိတဲ့ မိန်းမ၂ယောက်ရယ်ပဲပါပါတယ်… ကျန်တာအကုန်လုံးက အသက် ၆၀ အထက် အဖွားကြီးတွေချည်းပါပဲ… အဖိုးကြီး ၁ယောက်တော့ ပါပါတယ်…
သူတို့တော်တော်များများကို ခရီးမသွားခင် Briefing ခေါ်တဲ့နေ့ထဲက တွေ့ဖူးပါတယ်… အဲဒိထဲကလဲ အဖွားကြီးတွေနဲ့ သွားရမှာဆိုတော့ အတော်လေးကို စိတ်ပြင်ဆင်ထားပါတယ်… စလုံး ဖွားဖွားများကို မြင်ကတည်းက အလွန်အတ္တငါစွဲ ကြီးမယ်ဆိုတာ Briefing ပေးတဲ့ ကောင်မလေးကို မေးခွန်းမျိုးစုံနဲ့ ယစ်နေကတည်းက ခန့်မှန်းလို့ရခဲ့လို့ပါ… ဒါပေမဲ့ သူတို့က ကိုယ့်ထက်တောင် ကဲနေသေးတယ်… Briefing နေ့ထဲက တည်းမဲ့ဟော်တယ်နားမှာ Pub ရှိလား.. club ရှိလားမေးနေတော့… ခေတ်ဖွားဖွားတွေဆိုတာတော့ သတိထားမိပါတယ်… အနည်းငယ် စိတ်ထဲမှာ လေးနေခဲ့ပင်မဲ့… သင့်မြတ်အောင် ဆက်ဆံဖို့ကိုတော့ ဆုံးဖြတ်ထားပြီးသားပါ…
လေဆိပ်မှာစစတွေ့ချင်းတော့ အားလုံးသူ့ဟာသူ ကိုယ့်ဟာကိုယ် စတယ် တွေနဲ့ နေကြပါတယ်… ကျမတို့ အဖွဲ့က အယောက် ၂၀ မပြည့်ပဲ ၁၉ ယောက်ဖြစ်နေတဲ့အတွက် ကျမတို့နဲ့ အတူတူ တောက်လျှောက်လိုက်လာမဲ့ tour Guide မရပါဘူး… ဒီတော့ ကိုရီးယား ဂျဲဂျူးကို မရောက်မချင်း ကိုယ့်အားကိုယ်ကိုး… ကိုယ့်ပြဿနာကိုယ်ရှင်းပြီးသွားရမှာပါ… ကျမတို့ မြန်မာ၃ယောက်ကိုတော့ Briefing နေ့ကမှာလိုက်တာကတော့ ရှန်ဟိုင်းမှာ Transit ၀င်ရင် Passport ကို တုံးထုတာ မခံဖို့… တုံးထုလိုက်ရင် Single entry သာ ယူထားတဲ့ ကျမတို့ အပြန်ကျရင် ရှန်ဟိုင်းဝင်လို့ရတော့မှာမဟုတ်ပါဘူး… အဲဒိကိစ္စကတော့ ကျမစိတ်ကို အတော်လေး လေးနေစေခဲ့ပါတယ်…
ဒီလိုနဲ့ ကျမတို့ ၂၇ညလယ်ကနေ လေယာဉ် စစီးပြီး ၅နာရီ ကျော်ကျော်လောက် စီးပြီးတော့… ရှန်ဟိုင်းလေဆိပ်ကိုရောက်ပါတယ်… သိသလောက်တော့ Transit လုပ်ရင် Immigration မဖြတ်ရဘူးထင်ထားတာပါ… တရုတ်ပြည် ရှန်ဟိုင်းလေဆိပ်ကတော့ ဖြတ်ရပါတယ်… လေဆိပ်ဖွဲ့စီးပုံကြောင့်လား… အဲလိုပဲ Transit တိုင်း ဖြတ်ရလားတော့ ကျမလဲ ပထမဆုံးအကြိမ် Transit ဖြစ်လို့ သေချာမသိပါဘူး…
Immigration ဖြတ်တော့ ကျမက အရင်ဆုံးဖြတ်ပါတယ်… ဖြစ်နေကျ မရိုးနိုင်သော ဇာတ်လမ်းကစတင်ပါတော့တယ်… ပတ်စပို့ကိုကြည့်ပြီးတာနဲ့ “မြန်မာ?” ဆိုပြီး မျက်ခုံးပင့်ကြည့်ပါတယ်… ပြီးတာနဲ့… “ ဘာလာလုပ်တာလဲ?” ဆိုပြီးမေးပါတယ်… ကျမလဲ စကာင်္ပူကလာကြောင်း… ကိုရီးယားသွားမှာဖြစ်ပြီး ဒီမှာ ခဏသာ Transit ၀င်တာဖြစ်ကြောင်းနဲ့ တခါတည်းပြီးသွားအောင် နောက်က ၂ယောက်လဲ မြန်မာဖြစ်ကြောင်း… တစ်ဖွဲ့တည်းဖြစ်ကြောင်းပြောလိုက်ပါတယ်… ဒီတော့ သူက ဖုန်းကောက်ဆက်ပြီး officer ကိုခေါ်လိုက်ပါတယ်… ကျမစိတ်ထဲမှာ ပြင်ဆင်ထားခဲ့ပင်မဲ့ တော်တော်လေးတော့ ခံပြင်းပါတယ်… Transit လေးကိုတောင် ဒီလောက်စစ်နေစရာမလိုဘူးလို့ထင်ပါတယ်… သူတို့နိုင်ငံမှာနေဆိုလို့တောင် မနေပါဘူး… နောက်တော့ ကျမတို့ ၃ယောက်စလုံးပတ်စပို့တွေကို အဲဒိ officer လိုလိုလူက အလယ်ရုံးခန်းကို ယူသွားပြီး ကျမတို့၃ယောက်ကို မျဉ်းဝါလိုင်းနောက်ကနေ ရပ်စောင့်ခိုင်းပါတယ်… သူတို့ ကျမတို့ ပတ်စပို့ကို ကြည့်နေလိုက်တာများ ဖင်ပြန်ခေါင်းပြန် မှန်ဘီလူးတွေဘာတွေနဲ့တောင်ကြည့်လားတော့မသိဘူး… ကျမတို့လဲ မျဉ်းဝါလိုင်းနောက်ကနေပဲ မြန်မာလို စိတ်ကြိုက် မေတ္တာပို့သနေကြတာပေါ့နော်… တစ်ခါတော့ မောင်မင်းကြီးသားတွေက ကျမတို့ ပတ်စပို့တွေကို မီးချောင်းနားကပ်ပြီး ထောင်ကြည့်တာမြင်တော့ ကျမတို့လဲ အတော်လေးကို ရီချင်စိတ်ပေါက်သွားပါတယ်… ပတ်စပို့ စစ်မစစ် ဒေါ်လာစစ်သလို မီးချောင်းမှာ ထောင်ကြည့်လို့ ဘယ်ပုဂ္ဂိုလ်ကသူတို့ကို လျှို့ဝှက်ပြီး မှာထားလဲမသိပါဘူး… ကျမတို့လဲ စိတ်တိုနေလဲ အပိုပဲဆိုပြီးတော့သာ… ပြုံးရီပြီး ဟားတိုက်ပြီးသာနေလိုက်ပါတော့တယ်… စစ်ချင်သလောက်သာ စစ်ကြစမ်းပါ… ကိုယ်ကဘာအမှားတစ်ခုမှမှ မရှိတာ… ဒါပေမဲ့ မျက်စိဒေါက်ထောက်ကြည့်နေရတာ တစ်ခုက ကျမတို့ ပတ်စပို့ပေါ်ကို တုံးထုလိုက်မှာ စိုးတာပါ…
ဒီလိုနဲ့ သူတို့ စိတ်ကြိုက်စစ်ပြီးတော့ တပည့်နဲ့ တူတဲ့ တစ်ကောင်က တုံးထုဖို့ပြင်နေတာတွေ့တော့… ကျမလဲ “Don’t Chop on my passport” ဆိုပြီး အကျယ်ကြီးထအော်လိုက်ပါတော့တယ်… တရုတ်လဲ ကြောင်တောင်တောင် ဖြစ်သွားပါတယ်.. ကျမလဲ အ၀ါလိုင်းတွေဘာတွေနားမလည်ဘူး.. ဖြတ်ကျော်ပြီး သူတို့နားသွားပြီး… ငါတို့ ပတ်စပို့ပေါ်မှာ တုံးမထုပါနဲ့… ငါတို့ အပြန်ကျရင် ရှန်ဟိုင်းဝင်အုံးမှာလို့ အင်္ဂလိပ်လိုရော Body Language နဲ့ရော အတတ်နိုင်ဆုံး ထပ်ပြောပါတယ်… အဲဒိကျတော့မှ တုံးကိုင်ထားတဲ့ တပည့်ကောင်က ပြူးတူးကြောင်တောင်နဲ့ တရုတ်လို့ ပြန်ပြောပါတယ်… Transit အတွက် ထုမှာပါတဲ့… ဒီလိုနဲ့ပဲ ကျမတို့တွေ အောင်မြင်စွာ ရှန်ဟိုင်း Immigration ကို ဖြတ်ကျော်ခဲ့ကြပါတယ်… ကျမတို့တွေ လေယာဉ်ပေါ်က ဆင်းတုံးက အကြောင်းသိလို့ အရင်ဆုံး ဆင်းခဲ့ပင်မဲ့ ကျမတို့ Immigration စစ်ပြီးတဲ့အချိန်မှာတော့ ဘယ်သူမှတောင် မကျန်တော့ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နိုင်ငံသွားသွား ဒါမျိုးဖြစ်နေတတ်တဲ့အတွက်လဲ ဘယ်သူ့ကိုမှလဲ အပြစ်မပြောလိုတော့ပါဘူး… ကံကိုပဲ အပြစ်ပုံလိုက်ပါတော့တယ်… ကိုကိုယ်တိုင်က သွားချင်မိတာကိုး…. ခံစမ်းဟယ်….
အဲဒိလေဆိပ်မှာပဲ မနက်စာစားသောက်ပြီး ကိုရီးယား ဂျဲဂျူးကိုထွက်မဲ့ လေယာဉ်ကို ၄နာရီလောက် စောင့်ဆိုင်းခဲ့ရပါတယ်… ထို့နောက်လေယာဉ် ၁နာရီခွဲ လောက်စီးအပြီးမှာ ကိုရီးယားနိုင်ငံ ဂျဲဂျူး လေဆိပ်ကိုရောက်ပါတယ်… H1N1 ကြောင့်လားတော့မသိ… ကျန်းမာရေးကဒ်တွေဖြည့်ရပါသေးတယ်… အဲဒိအချိန်ထိလဲ ကျမတို့ ၁၉ယောက် အဖွဲ့မှာ ကျမတို့ ၃ယောက်က အမြန်ဆုံးပါပဲ… လူအတိုဆုံး Q တန်းမှာ ၀င်စီလိုက်ပါတယ်… နောက်မှ ကျမတို့နောက်မှ စီတဲ့လူတွေ ထပ်ရောက်လာပါတယ်… ဒီတစ်ခါလဲ ကျမပဲ အရင်ဆုံးဝင်ပါတယ်… ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ… “မြန်မာ?” ဆိုပြီး မျက်ခုံးပင့်ကြည့်တာထပ်ခံရပါတယ်… ဘာလာလုပ်တာလဲမေးတော့ တိုး အဖွဲ့နဲ့ အလည်လာကြောင်း စကာင်္ပူကလာကြောင်းပြောတော့… စကာင်္ပူမှာ ဘာ stay နဲ့ နေလဲလို့ ထပ်မေးပါတယ်… ကျမရဲ့ IC ကဒ်ကို ထုတ်ပြရပါသေးတယ်… နောက်မှာလဲ ၂ယောက်ကျန်သေးကြောင်း တစ်ဖွဲ့တည်းဖြစ်ကြောင်းဆက်ပြောပါတယ်… ဒီတော့ ဘာမှ ဆက်မမေးတော့ပဲ ပတ်စပို့ကို ခဏကြာကြည့်ပြီးတော့ သွားလို့ရပါပြီလို့ပြောပါတယ်… ကျမပြီးတဲ့ အချိန်မှာ ကျမတို့နောက်မှာ စီနေတဲ့ လူတွေအကုန်လုံးလဲ တစ်ခြားကောင်တာတွေကို ပြောင်းလဲ အစစ်ခံနေပါတယ်… ကောင်းပါတယ်.. ကျမတို့ နောက်မှာစီနေရင်တော့ သူတို့တော်တော်နဲ့ကို ထွက်ရမှာဟုတ်ပါဘူး… ကျမသူငယ်ချင်းနဲ့ ကျမအမေကိုတော့ ရှေ့မှာ ကျမပြောသွားလို့ မြန်မြန်ပြီးပါတယ်…
ကိုရီးယားနဲ့ တရုတ် Immigration ကလူတွေ ကွာတာကတော့ ဆက်ဆံရေးပါ… ကိုရီးယားက မေးတယ်ဆိုပေမဲ့ ကောင်းကောင်းမွန်မွန်မေးပါတယ်… တာဝန်အရမေးရတဲ့ပုံစံမျိုးပါပဲ… တရုတ်တုန်းကတော့ ကိုယ့်ကိုပဲ သူတို့နိုင်ငံထဲ တရားမ၀င်ခိုးဝင်တဲ့ပုံစံမျိုးနဲ့ ကြည့်ပြီး မလိုလားတဲ့ မျက်နှာထားမျိုးနဲ့ပါ… အင်္ဂလိပ်လိုလဲ ကိုရီးယား Officerက တရုတ်ထက်ပြောတတ်ပါတယ်… သူတို့ စိတ်ကြိုက်စစ်ပြီးတော့ ကိုယ့်ပတ်စပို့ကို ပြန်ပေးတာကအစ ကောင်းကောင်းမွန်မွန် လေးလေးစားစားပြန်ပေးပါတယ်… ဒီတော့ စစ်ခံရတာချင်းတူတာတောင် ကိုရီးယား Immigration မှာ စိတ်အနှောင့်အယှက် သိပ်မဖြစ်ခဲ့ပါဘူး…
ကျမတို့တွေအပြင်ကို ထွက်လိုက်တယ်ဆိုရင်ပဲ JP International ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ ရပ်နေတဲ့ အသားဖြူဖြူ အရပ်ခပ်ပုပု မျက်မှန်တပ်ထားတဲ့ ကိုရီးယားလူမျိုး ကျမတို့ Guide အမျိုးသမီးကို တန်းတွေ့ပါတယ်… နောက်တော့ ကျမတို့အဖွဲ့လူစုံတော့မှ သူမရဲ့ ဦးဆောင်မှုနောက်ကနေ ကားကိုသွားကြပါတယ်… ကားက အတော်လေးကိုကောင်းလဲကောင်း ကြီးလဲ ကြီးပါတယ်… အစက တခြားလူတွေများပါအုံးမလားလို့ စိတ်ထဲထင်နေတာ… နောက်မှ ဒီတစ်ကားလုံး ကျမတို့ ၁၉ ယောက်ပဲ ဆိုတာ သဘောပေါက်သွားပါတယ်…
ကားပေါ်ရောက်မှ သူမကိုယ်သူမ မိတ်ဆက်စကားပြော… ဂျဲဂျူး ကျွန်းအကြောင်း အနည်းငယ်ရှင်းပြပြီး… အဲဒိနေ့အတွက် အစီအစဉ်တွေကို ပြောပါတယ်… ပထမဆုံး အနေနဲ့တော့ နေ့လည်စာစားခဲ့ကြပါတယ်… နေ့လည်စာကတော့ အပေါ်က ဗွီဒီယိုထဲကအတိုင်းပါပဲ… အစက သိပ်စားနိုင်မှာ မဟုတ်ဘူးထင်ထားပင်မဲ့.. တကယ်တမ်းစားကြည့်တော့ အရသာက လက်ခံလို့ရတဲ့ အနေအထားမှာရှိပါတယ်… ဟင်းချိုကလဲ ယိုးဒယား Tom Yum ဟင်းချို အပျော့စား အရသားမျိုးပါ… သောက်လို့ ကောင်းပါတယ်… ၀က်သား ၃ထပ်သားကို ဘယ်လို လုပ်ထားလဲတော့မသိပါဘူး… လုံးဝမအီပါဘူး… တော်ရုံ ၀က်သားဆို အဆီမစားတဲ့ ကျမတောင် အဲဒိနေ့က အကုန်စားဖြစ်ပါတယ်… ငါးကို တော့ မကြိုက်လောက်ဘူးထင်လို့ မစားခဲ့ပါဘူး… တော်ကြာ ဂျပန်တုန်းကလို ပျို့တက်လာမှာ စိုးလို့ပါ… (အော် အဲဒိအကြောင်းတောင် မရေးရသေးဘူး.. အကြွေးရှိတယ်.. ဂျပန်ခရီးစဉ်) ချဉ်ဖတ်တွေ မြည်းကြည့်တော့လဲ မုန်လာဥချဉ်ဖတ်ကတော့ စားလို့ကောင်းပါတယ်… ဒါပေမဲ့ သူတို့ရဲ့ အဓိက ချဉ်ဖတ်ဖြစ်တဲ့ ဂေါ်ဖီထုတ်ချဉ်ဖတ်ကြီးကိုတော့ ကျမအနံ့တောင် မခံနိုင်ခဲ့ပါဘူး…
ထို့နောက် ခရီးဆက်ဖြစ်တာကတော့ မြုံဒူးအမ်းလို့ ခေါ်တဲ့ နဂါးခေါင်း ကျောက်ဆောင်ကိုပါ… နဂါးကြီး ကောင်းကင်ဘက်ကို ပါးစပ်ကြီးဟပြီးနေတဲ့ ပုံစံမျိုးပါ… အဲဒိ အကြောင်း ပုံပြင်ကိုလဲ လမ်းမှာ Guide က ရှင်းပြပါတယ်… ဗွီဒီယိုထဲမှာ ကျမ ပြောပြထားပါတယ်… ဒီမှာမရေးတော့ပါဘူး… ကားပေါ်က ဆင်းလိုက်တာနဲ့ ရာသီဥတုက အတော်လေး အေးပါတယ်… ဒါပေမဲ့ အနွေးထည်မ၀တ်ပဲ ပေပြီးနေလဲ နေနိုင်တဲ့ အခြေအနေမျိုးမှာရှိပါတယ်… စကာင်္ပူမှာက မလာခင်တုန်းက အရမ်းပူတော့ အေးတာလေးရတုန်း အပြည့်အ၀ခံစားချင်လို့ပါ…
ဒုတိယသွားဖြစ်တဲ့နေရာကတော့ Mysterious Road ပါပဲ… ကျောက်ဆောင်ကနေ အတော်လေး ကားပြန်စီးလိုက်ရတယ်လို့ထင်ပါတယ်… အဲဒိလမ်းက အမြင်မှာတော့ တောင်ကုန်းပေါ်ကို တက်နေတယ်လို့ထင်ရပေမဲ့ တကယ်တမ်း မြေအနေအထားကတော့ တောင်အောက်ကိုဆင်းနေတာပါ… အဲဒါကို သူတို့က ကားစက်ရပ်ပြီးတော့လဲ စမ်းသပ်ပြပါတယ်… ကားက တောင်ကုန်းလို့ ထင်နေရတဲ့ဘက်ကို ဆက်လိမ့်နေပါတယ်… နောက်ပြီး ရေလောင်းပြီးတော့လဲ စမ်းသပ်ပြပါတယ်… အဲဒိလမ်းကို တိုက်စီသမားတစ်ယောက်က စတင်တွေ့ရှိတာလို့ပြောပါတယ်… ခုတော့ Tourist Attraction နေရာတစ်ခုအနေနဲ့ ပြုလုပ်ထားပါတယ်… ဘာမှ သိပ်မရှိပေမဲ့ အဲဒိနားက ရှုခင်းလေးကတော့ လှပါတယ်… မုန့်ဆိုင်လေးတွေတော့ရှိပါတယ်… အဲဒိမှာ ဈေးဝယ်ရင် တရုတ်လိုပြောလို့ရပါတယ်… ပြောင်းဖူးပြုတ်တစ်ဖူးကို ၂၀၀၀ Won နဲ့ ၀ယ်စားခဲ့ပါတယ်.. စင်္ကာပူ ငွေ ၂ကျပ်ခွဲလောက်တော့ ရှိပါတယ်… သူက မြန်မာပြည်က ရှမ်းပြောင်းပုံစံမျိုးလေးတွေမို့ စားခဲ့တာပါ…
ထို့နောက် guide က ဒီနေ့ အစီအစဉ်အတွက် အချိန်အနည်းငယ်ပိုနေသေးတာကြောင့်… အပိုနေရာ တစ်နေရာ လိုက်ပို့မည်ဖြစ်ကြောင်း… မသွားချင်ပါက Underground Shopping Mall ကို ပို့ပေးပြီး ဟိုတယ်ကိုပို့ပေးမည်ဖြစ်ကြောင်းပြောပါတယ်… သူမပြောတဲ့ နေရာကတော့ ပြတိုက်ပါ… Lover Museum လို့ ခေါ်ပါတယ်… Mysterious Road နဲ့ နီးနီးလေးပါ… ဘာတွေရှိလဲလို့မေးတော့… How to Make love ဆိုလား အဲလို ပန်းချီကားတွေ ရုပ်ပုံတွေပြထားပြီး ကိုရီးယားတစ်နိုင်ငံလုံးမှာ ၁ခုပဲရှိလို့ ကြည့်သင့်ကြောင်းတိုက်တွန်းပါတယ်… သူကတော့ ညစ်ညစ်ပတ်ပတ်တွေ မဟုတ်ပါဘူးလို့လဲ ပြောပါသေးတယ်… သူပြောတာက မရှင်းပါဘူး… သူက ရီလိုက် ပြောလိုက်ဆိုတော့ အဓိပ္ပါယ်က ဟိုလိုလို ဒီလိုလိုကြီးပါ… ၀င်ကြေးကတော့ ၁ဦးကို ကိုရီးယား ၀မ်၂၀၀၀ လား ၃၀၀၀လားမှတ်မိတော့ပါဘူး… ကျမလဲဘာမှန်းလဲသေချာမသိတာရော… စိတ်ထဲမှာ အပြင်မှာနေခဲ့ပြီး ဓာတ်ပုံလျှောက်ရိုက်တာကမှ ကျမအတွက် ပိုပြီး စိတ်အပန်းပြေပါသေးတယ်… ကားပေါ်က စလုံး ဖွားဖွားများနဲ့ အတွဲ ၂တွဲကတော့ ထိပ်ဆုံးက သွားကြည့်ကြပါတယ်… အတော်လေးကို စိတ်ဝင်စားကြပုံပဲ…
နောက်ဆုံးတော့ အဲဒိကနေ ဂျဲဂျူးမြို့ထဲရောက်ဖို့ အတော်လေး ကားစီးခဲ့ရပြန်ပါတယ်… ဂျဲဂျူးရောက်တော့ အတော်လေး ညနေစောင်းနေပါပြီ… အတော်လေးလဲ အေးလာပါတယ်… Jeju Underground Shopping Mall ဆိုတာကတော့ အဆင်းပေါက်က ရထား subway တွေကို ဆင်းတဲ့ အပေါက်ပုံမျိုးပါပဲ… ကျမတို့ Guide ကတော့ ကြိုပြောထားပါတယ်… ဂျဲဂျူးက ဆိုလ်းထက် ပိုဈေးကြီးတယ်ဆိုတာကိုပါ… သူက ဆိုးလ်ကနေပို့တဲ့ ပစ္စည်းတွေပဲရောင်းတာပါ… အဲဒါကြောင့် ဈေးကြီးတာပါ… ဒါပေမဲ့ ကျမမေမေက ဖိနပ်ပျက်သွားတော့ ဖိနပ်ဝယ်ဖို့တော့ လိုလာတာနဲ့ ဖိနပ်ကို အရင်ဆုံးဝယ်ဖြစ်ခဲ့ပါတယ်… ကိုရီးယားမှာ ဈေးဝယ်ရင် တရုတ်လိုပြောလို့ရပါတယ်.. ဆိုင်တိုင်းလိုလို တရုတ်လိုနားလည်ကြပါတယ်… အထူးသဖြင့် ဈေးပြော ဘာညာလောက်နားလည်ပါတယ်… သူလဲနည်းနည်း ကိုယ်လည်းနည်းနည်းနဲ့… နောက်ဆုံးတော့ Guide လာပြီးပြောတော့ ပိုလွယ်ကူသွားပါတယ်…
နောက်ပြီး ဈေးကို လျှောက်ကြည့်လိုက်တာ… အင်္ကျီလေးတွေ အတော်လှတာနဲ့ စိတ်မထိမ်းနိုင်လို့ ၂ထည်ဝယ်ဖြစ်လိုက်ပါတယ်… (နောက်မှ ဆိုးလ်မှာ တစ်ပုံစံတည်း ၃၀၀၀ သက်သာတာတွေ့လို့ နောင်တရခဲ့ရသေးတယ်.. အဟင့်)… နောက် လူစုရပ်နေရာမှာ ထိုင်နေတုန်း ကိုရီးယား ယောကျာင်္း အသက် ၂၅၀န်းကျင်လောက် ၂ယောက်က လာပြီး စကားပြော မိတ်ဖွဲ့ပါသေးတယ်… ဘယ်ကလာတာလဲ… ဘယ်လောက်ကြာမှာလဲ… ဘာညာပေါ့… သူတို့ ၂ယောက်ထဲက တစ်ယောက်ကတော့ မဆိုးပါဘူး.. အင်္ဂလိပ်လိုပြောတတ်ပါတယ်… တရုတ်လိုလဲ ပြောတတ်ပါတယ်… သန့်သန့်ပြန့်ပြန့်လေးတွေပါပဲ… ဒါပေမဲ့ ဘာတွေမှန်းမသိတော့ နဲနဲတော့ သတိထားပြီးပြောရတာပေါ့နော်… နောက်တော့ ကျမတို့ ကားပေါ်က Driver ကြီးရောက်လာတော့ သူနဲ့ ဆက်ပြောကြပါတယ်…
Driver ကြီးဆိုလို… အဲဒိလူကြီးက တော်တော်သဘောကောင်းပါတယ်… အမြဲ ရီပြုံးနေတာပဲ… အင်္ဂလိပ်လိုကလဲ တစ်လုံးမှ မပြောပါဘူး… Father… mother လောက်ပဲ သူသိပါတယ်… ကျမက Father ကို အာဘူကြီး လို့ ပြောပြလိုက်တော့ သဘောတွေကျပြီး ကိုရီးယားလိုတွေ တပုံကြီးပြန်ပြောပါတယ်… ကျမလဲ တစ်လုံးမှ နားမလည်တော့ “I Don’t Understand” လို့ပြောပြီး ၂ယောက်သား.. ၁ယောက်က အင်္ဂလိပ်လို.. တစ်ယောက်က ကိုရီးယားလိုနဲ့ ဟုတ်နေကြတာပါပဲ… နောက်မှ Miscommunication ဖြစ်ပြီး အထင်မှားကြပုံကို နောက်နေ့ပိုစ့်မှာ ထပ်ရေးပေးပါအုံးမယ်… အရမ်းရီရပါတယ်…
ထို့နောက်တော့ ကျမတို့ကို ညစာစားဖို့ စားသောက်ဆိုင်ကို ခေါ်သွားပါတယ်… SeaFood Steamboat လိုသဘောမျိုးပါ… ပင်လယ်စာက အတော်လေး လတ်ဆတ်ပါတယ်… ကမာတွေရော ကျောက်ပုဇွန်တွေရော… ထမင်းရော… ချဉ်ဖတ်ပေါင်းစုံရော… ကိုရီးယား ဂျုံလိုလိုမုန့်နှစ်နဲ့ ကြော်တဲ့ ကြက်ဥကြော်ရော… စားကောင်းပါတယ်… ဒါတောင် ကျမက Seafood သိပ်မကြိုက်တဲ့သူမို့ သိပ်မစားနိုင်ပါဘူး… ရာသီဥတုအေးအေးနဲ့ Steamboat ပူပူကတော့ အတော်လေး လိုက်ဖက်ပါတယ်…
အဲဒိနေ့ရဲ့ နောက်ဆုံး အနေနဲ့ကတော့ ဂျဲဂျူး KAL ဟိုတယ်ကို လိုက်ပို့ပေးမှာ ဖြစ်ပါတယ်… ကားပေါ်က စလုံး တချို့ကတော့ Casino ကစားချင်တယ်ဆိုလို့ သူတို့ကို Casino လိုက်ပို့ပေးရပါသေးတယ်… ကျမတို့ ဟော်တယ်မှာလဲ Casino ရှိပေမဲ့… ပြင်နေလို့ဆိုလား ဘာလား တခြားဟိုတယ်ကို သူတို့ကို အရင်လိုက်ပို့ရပါတယ်… နောက်မှ ကျမတို့ရဲ့ ဦးတည်ရာ ဟိုတယ်ကို ရောက်ပါတယ်… Guide က မနက်ကျရင် ၇နာရီ စထွက်မှာဖြစ်ပြီး … ဟိုတယ်ကို morning call ၆နာရီခွဲ နှိုးခိုင်းမှာဖြစ်တယ်လို့ပြောပါတယ်…
တနေ့လုံး … အဲ မနေ့ညတည်းက လေယာဉ်စီးလိုက် ကားစီးလိုက် လမ်းလျှောက်လိုက်နဲ့ ခရီးအလွန်မှပန်းနေခဲ့သောကျမ… ဂျဲဂျူး KAL ဟိုတယ်က ရေနွေးလေးနဲ့ ရေချိုးအပြီး ရာသီဥတုအေးအေး… မွေ့ယာအိအိ… ဂွမ်းကပ်ထူထူနွေးနွေးနဲ့ အတွေ့မှာ နတ်တို့ရဲ့ စည်းစိမ်နဲ့ပင်မလဲနိုင်တော့ပဲ တချိုးတည်း အိပ်ပျော်သွားပါတော့တယ်…
Subscribe to:
Post Comments
(
Atom
)
26 comments :
လာဖတ်သွားတယ်။ ဗွီဒီယိုတော့ အိမ်ရောက်မှ ကြည့်တော့မယ်။ :)
လည်ချင်လိုက်တာ .. ပျော်စရာကြီး :D
Yes, China immigration officer is always proper check the Myanmar passport. Even use lens n look up side down. So felt up but when u go second trip they welcome u n u will satisfied, above all the thing r bcoz of .....#%*#&^
waiting for update.nice to read :)
စာလည်းဖတ်သွားတယ် .. ဗီဒီယိုလည်း ကြည့်သွားတယ် ..
အဲလိုလေးရိုက်ထားတော့ အမှတ်တရလေးဖြစ်တာပေါ့ ..
သီချင်းနောက်ခံထည့်ထားတာလေးလည်း မိုက်တယ် ...
Hi andrew, They are not proper check.. they are even more than proper check.. they can check whatever they like but their attitude is just so rude. I don't know how to describe their look and face. Well may be that's the way they are. When i go in second time the attitude is the same. Coming more about ShangHai trip later on. :) May be it's just my bad luck.
သြော်...
မြန်မာပြည်က ကစ်ကစ်နဲ့ ကိုရီးယားမင်းသားလေးတွေရဲ့
“စာဥရေ ကိုရီးယားလာခဲ့ပါ” တေးသရုပ်ဖော်ကို။
ကောင်းပါလေ့ဗျာ။
Mysterious Road တော့ စိတ်ဝင်စားသကွာ
မလိုသူတွေကတော့ ဒီလိုပဲ ပြောကြမှာပေါ့.. သူမှ လိုက်မလုပ်နိုင်တာ... အကြံကောင်းလေးတစ်ခုတော့ ပေးမယ်နော်... အရာရာမှာ မကောင်းတာကို စမြင်တဲ့ အကျင့်ကတော့ အမြဲမကောင်းဘူးအစ်ကို... ပြီးတော့ အစ်ကိုက ကောင်းစေချင်လို့ပါလို့ပြောနေပင်မဲ့... အစ်ကို့စိတ်ရင်းထဲမှာရော တကယ်ဒီလိုရှိရဲ့လား... I wonder...
ဝေဖန်တာကို စိတ်မဆိုးပါဘူး... မလှောင်ပြောင်ပါနဲ့... အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ အသွင်ကို လှောင်ပြောင်တာဟာ အတော်လေးကို ဆိုးရွားတဲ့ကိစ္စပါ... ခင်မင်လို့နောက်တယ်ဆိုတာ သိပါတယ်... မဗေဒါကလဲ ကိုတောင်ငူကို ခင်မင်လို့ ခုလိုပြန်ပြောတာပါ... အရေးမလုပ်ချင်တဲ့သူဆို အဖတ်တောင်လုပ်မနေပါဘူး... ဆိုလိုတာကို သဘောပေါက်မယ်ထင်ပါတယ်... စိတ်ဆိုးလို့ပြောနေတာဟုတ်ဘူးနော်...
ကိုရီယားခရီစဉ်ကို အရင်ကတည်းကစိတ်ဝင်စားနေတာ။ ဗီဒီယိုကြည့်ပြီး ပိုသွားချင်လာဘီ။ နောက်တင်မဲ့ပို့တွေကိုစောင့်ဖတ်နေမယ်။ ဒီနှစ်ထဲမှာဘဲ သွာဖြစ်အောင်ကြိုးစားဦးမယ်။ ရိုက်ချက်လေးတွေလည်း ပိုပိုကောင်းလာတယ်။ ထပ်ကြိုးစားရင် ဒါရိုက်တာကောင်းတစ်ယောက် ဖြစ်လာနိုင်သေတယ်။
ဂျေဂျူးဒိုးကို သွားချင်တာ။
မရောက်ခဲ့ရဘူး။ :(
မိုက်တယ်။
နင်နဲ့အတူလိုက်လည်သွားတယ်။ :P
မဗေဒါရေ...
နောက်ဆက်တွဲကိုမျှော်နေမည်..
ဖတ်ရတာ ကိုယ်တိုင်ရောက်ရသလိုပဲ..
Thanks..
ခင်မင်စွာဖြင့်
သီဟသစ်
ခရီးသွားတာ ဝါသနာပါတော့လေ ဒီလို ဗီဒီယိုမျိုးနဲ့စာမျိုးကို ဖတ်ချင်၊ သိချင်နေမိပြီး ရေးပြီးတင်မဲ့ အချိန်ကိုစောင့်နေတာ။ ဗီဒီယိုက ဒီအခေါက် ရိုက်ပေးမဲ့သူ ကောင်းကောင်းမရှိပဲ ကိုယ့်ဘာသာကိုယ် ဆွဲရိုက်နေရလို့ ထင်တယ် ခါတိုင်းလောက် သိပ်အဆင်မပြေပေမဲ့ အိုကေပါတယ်။ တည်းဖြတ်မှု အပိုင်းလည်းကောင်းပါတယ်။ သီချင်းလေးတွေကတော့ သိပ်သဘော မကျမိဘူး။ အားလုံးခြုံရ ရင်တော့ ဒီလို သွားနေတုန်း လတ်တလော ဖြစ်နေတာတွေကိုရိုက်ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး မဗေဒါရဲ့ အားထုတ်မှုတွေနဲ့အတူ ကြိုးစားပြီး ပြန်လည်တင်ပြတာကို ကျေးဇူးတင်ပါတယ်။ နောက်လက်ကျန် ခရီးစဉ်များအကြောင်းကို မျှော်လျက် ~~~~~~~~
If it was bad luck of you, Me also. I have the same feeling with you those China immigration - their attitude is really rude. When i went their for only 4days, they asked me when I would be back. I talked myself "even if you beg me to stay longer, I won't stay any longer after my works finished".
မဗေဒါရေ
ခရီးစဉ်လေးကို သေသေချာချာ ဖတ်သွားတယ်
ဟုတ်တယ် အင်မီဂရေးရှင်းကို အရမ်း တီးချင်တယ် သိလား။ အရင်တစ်ခါ လာအိုသွားတုန်းကလဲ အဲ့လိုပဲ မြန်မာက တိုးရစ် ဖြစ်နိုင်လားတဲ့ ထိုင်းက မေးတယ်လေ ဘယ်မှာတည်းလဲဆိုတော့ နင်တို့ဆီမှာ ပိုက်ဆံရှိရင် မိုးပေါ် တက်တည်းလို့ရတယ်ပြောလိုက်တယ် အင်္ဂလိပ်လိုလဲ ဆဲတာတောင် နားလည်ဟန်မရှိပါဘူး ဒါပေသိ သိတယ်ဟုတ် မြန်မာစာအုပ်ဆိုရင် သူတို့ထင်တယ် မြန်မာတွေက သူတို့ထက်တောင် ကမ္ဘာပတ်နိုင်သေးတယ်ဆိုတာ မသိဘူးထင်တယ်နော် ပြောရင်း တင်းလာပြီ ခိခိ
အိဝေဖြိုးရေ.. အားပေးစကားအတွက် ကျေးဇူးပါ.. ဒါရိုက်တာကောင်း တစ်ယောက်ဆိုတာကတော့ ဒီလောက်လေးနဲ့ မှန်းလို့တောင် မရဲသေးပါဘူးကွယ်..
မယ်ဂုမိ- အင်း နင်နဲ့ကနီးပါတယ်.. ဘယ်အချိန်သွားသွားပဲဟာ..
သီဟသစ်ရေ... နောက်ဆက်တွဲတွေလာဖို့ကကြာအုံးမယ်.. ဗွီဒီယိုတစ်ခါတစ်ခါ အက်ဒစ်လုပ်ဖို့က အချိန်တော်တော်ကုန်တယ်... အိပ်ချိန်ပါစားတယ်... အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပါ့မယ်.. ကျေးဇူးပါ..
ရှေးစာဆိုရေ... နားလည်ပေးတဲ့အတွက် ကျေးဇူးပါ.. ဂျပန်သွားတုန်းကလဲ ရိုက်ပေးမဲ့သူမပါပါဘူး.. ကိုယ်ဘာသာကိုယ်ဆွဲရိုက်ခဲ့ရတာပါပဲ... ဒါပေမဲ့ အဲဒိတုန်းကတော့ ၁ယောက်ထဲပင်မဲ့ အချိန်ရတော့ တစ်ခါတစ်လေ စတန်းထောင်ရိုက်တော့ ကင်မရာငြိမ်ပါတယ်... ခုတစ်ခေါက်ကတော့ အမေကလဲ သိပ်မရိုက်တတ် စတန်းကလဲ မေ့ကျန်ခဲ့တာရော.. အချိန်လဲ သိပ်မရတာနဲ့ စိတ်ကြိုက်မရိုက်ခဲ့ရပါဘူး...
ဒီခရီးစဉ်ကို Music video လုပ်ဖို့စိတ်ကူးထားတဲ့ သီချင်းလေးတွေတော့ရှိပါတယ်.. လုပ်ဖြစ်မလုပ်ဖြစ်တော့ မသေချာပါဘူး... ခုဟာကတော့ ခရီးသွားမှတ်တမ်းသက်သက်ဆိုတော့ စိတ်ထဲရှိရာလျှောက်ထည့်လိုက်တာပါ... အမှန်တော့ အင်္ဂလိပ်သီချင်းတွေထည့်ရတာ ပိုနားထောင်ကောင်းပေမဲ့ Youtube တို့ Facebook တို့က အင်္ဂလိပ်သီချင်းဆိုရင် copyright ဆိုပြီး ဖြတ်ပစ်တတ်ကြတယ်လေ... ဒီတော့ ကော်ပီရိုက်မရှိတဲ့ မြန်မာသီချင်းနဲ့လုပ်လိုက်တာပါ... နောက်လက်ကျန်ခရီးတွေကတော့ စာချည်းပဲဆိုရင်တော့ မြန်မယ်... ဗွီဒီယိုပါဆိုရင်တော့ ကြာအုံးမယ်.. format တောင် convert မလုပ်ရသေးဘူး.. ဟီး.. ဟီး.. ကြိုးစားပါ့မယ်...
Thint Swe ရေ.. တူတူပါပဲ... မဗေဒါလဲ အဲလိုပါပဲ.. သူတို့ကနေဆိုလို့တောင် မနေပါဘူး.. ဆိုးတာက မဗေဒါတို့က Transit ပါ သူတို့ လေဆိပ်ကနေတောင် မထွက်ပါဘူးဆိုတာကို အဲလောက်စစ်နေတာက လွန်လွန်းလို့ပါ... ပြီးတော့ မြန်မာနိုင်ငံဆိုတာလဲ တရုတ်နဲ့ မဟာမိတ်လို့ထင်တာပဲလေ... (တိဝူး.. တော်ဘီ.. ကြောတော့ဝူး)
မဆုမွန်.. ဟုတ်ပါတယ်.. မြန်မာတွေ ချမ်းသာတယ်ဆိုတာ သူတို့မှာ knowledge မရှိတာ သူတို့ကိုက ညံ့တာပါ.. ဟတ်.. ဟတ်...
Hi Ma Baydar,
I haven't been to Shanghai & Korea but my experience with Singapore, Thailand, Japan, France are the same with your experience with the immigration officer in Shanghai.
My visit to SG in 2001 was my first foreign trip. I fought with the immigration officer and challenge her to deport me. But finally she gave me 1 month visa.
At Japan's immigration in Osaka, I had to wait for about 40 min. I don't know what he was doing with my passport. He made a couple of phone calls and by that time, I didn't know Japanese.
At France's immigration in Paris, they asked me several documents and checked many things including my hand carry baggage. I was the last one passing the immigration from the plane. :)
I was rejected 3 times while I applied visa to Thailand. :( By that time, I had been to almost all the continents of the world. :)
Moreover, all of my trips were business trips, not for pleasure purpose. So, I had enough documents to show any officials.
Since we are Burmese and Burmese passport holders, they check. I just take it as testing my temperament.
BUT the US immigration asked me nothing. At the US immigration in Chicago, I was prepared to show all related documents. I thought they might ask me and checked me as other immigrations did. Fortunately or I don't know why till now, they checked my visa as usual and asked me how long I planned to stay. I said 10 days. The officer took a look at my face and told me to take 6 months. :) Moreover, he also said "Welcome to America ! !" and returned my passport.
ဟေးပျော်စရာကြီး ...Korea ခရီးသွားမှတ်တမ်း ဖတ်သွားတယ်နော်...
Sis..
Nice job...
I so envy u =(
Wish i culd go there wif u guys too..
Waiting for the up coming episodes..
Snow
မျှော်နေတာ ကြာပေါ့.......
မင်းသမီးက အခုမှ ထွက်လာတယ် :D
တည်းဖြတ်တာ တော်တော် လက်တက်လာတယ်။
စကားမစပ် “Don’t Chop on my passport” လို့ ပြောတာ မှားနေတယ်ထင်တယ်။ ကျွန်တော် မှားတာလဲ ဖြစ်နိုင်ပါတယ်လေ......
ဒီနေ့ ဗီဒီယိုလာကြည့်သွားတယ် မဗေဒါက စကားပြောတာ ချစ်စရာပဲ..အမေကလည်း ပျော်နေတယ်..သူငယ်ချင်းကလဲ ပါတော့ ပျော်စရာကြီးပဲ ကိုရီးယားမင်းသားလေးတွေ တွေ့ခဲ့လားဟင် မင်းဘယ်မှာလဲ အချစ်လေးဟီးဟီး
လမ်းမကြီးကို သေသေချာချာကြည့်ချင်တယ် မဗေဒါက စိတ်လောတယ်ထင်တယ် ကားပွတ်တော့မလို့ တွေဲ့လိုက်တယ် သတိထားပါ မဗေဒါရေ ဆက်ကြည့်ချင်သေးတယ်နော် ပြောပြပေးဦး ကျွန်မ ခရီးထွက်တာ အရမ်းဝါသနာကြီးတယ်
အင်း.. ကိုဟတ်ကြီးရေ.. မဗေဒါမှားတာလဲ ဖြစ်နိုင်ပါတယ်... စကာင်္ပူမှာအနေကြာတော့ စင်းဂလိပ်ပဲ တတ်တယ်ကွယ်.. ကိုဟတ်တို့လို အမေကြီးကားမှာနေရင်တော့ proper အင်္ဂလိပ်တတ်ဖို့ မျှော်လင့်တာပဲ... အဲလိုပြောလို့ အေးဂျင့်က တရုတ်မက သင်ပေးလိုက်တာပဲကွယ်.. အမှန်ကဘာလဲ ပြောပြပါလားဟင်... နောက်မမှားအောင်ပေါ့...
Hi Wunna Ko Ko
I do know how u feel. I also feel the same whenever i go other country. and i do think we blame the same person... :)
Actually in my post i wrote i blame to myself... yeah.. part of it i blame.. but most of the blame goes to someone you-know-who.
When i went to Japan, they didn't check too much on me. It take only a few mins.. they do check on me more than others... but they didn't take 40mins.
Thailand rejected 3 times? actually their country not much better than ours. Just that the whole world know where is Thailand but most people don't know where is myanmar. Well, May be that's the big different.. haha...
Anyway, Thanks for ur honest comment.
မဆုမွန်ရေ.. ကိုရီးယားမင်းသားလေးတွေ တွေ့ခဲ့ပါတယ်... ပိုစတာတွေလေ.. ဟီး.. ဟီး.. ဒါတောင် ကိုယ်ကြိုက်တဲ့မင်းသားတိုင်းတော့ မတွေ့ခဲ့ပါဘူးကွယ်..
ဆိုလ်းက မဗေဒါတို့တည်းတဲ့ ဟိုတယ်မှာ ပြန်မဲ့နေ့ ရုပ်ရှင်ရိုက်တဲ့ အဖွဲ့နဲ့ တိုးလိုက်သေးတယ်.. မင်းသားတော့ ပါဘူး.. မင်းသမီးပဲပါတယ်.. မင်းသမီးကလဲ ကိုယ်သိပ်မကြိုက်တဲ့ မင်းသမီးဖြစ်နေတယ်... မိုက်ပါဘူး.. အဲအကြောင်း နောက်ပိုစ့်တွေကျရင်လာပါလိမ့်မယ်...
ပထမ တစ်ချက်အနေနဲ့ စပြောရရင် အရမ်းလှတယ်။ ပေါက်ကရမတွေးနဲ့။လေယာဉ်ပေါ်က မယ်လေးတစ်ယောက်ကိုပြောတာ။ ဒုတိယ အနေနဲ့ပြောရရင် အဖွဲ့ထဲမှာ မျက်မှန်နဲ့မမက သူရီတဲ့အခါ သွားတွေပျောက်သွားသလားလို့မြင်မိတယ်။ စိတ်မဆိုးနဲ့။ စိတ်ဆိုးရင်လည်းဆိုးပေါ့ ဟွန်း၊၊ တတိယက မဗေဒါရဲ့အမေကို မရှက်ပါနဲ့လို့။ ဒါရိုက်တာ ဖြစ်ချင်လွန်းတဲ့ သမီးကို မင်းသမီးအခန်းကနေ စပို့ လုပ်ပေးရတယ်လို့ သဘောထားပါလို့။ အားလုံးခြုံရရင် တော်တော်နွေးတယ်။ ဟိတိစတာ။ အားလုံးကောင်၏။။
Post a Comment