Friday, May 29, 2009

ဝါသနာ

ဝါသနာ?? အင်း.. ကိုကိုမောင်က tag ထားတာကတော့ ခရီးမသွားခင်ထဲကပါပဲ.. ခက်တာက ၀ါသနာပါတာတွေက များနေတော့ မယ်မယ်ရရ ဘာကိုဝါသနာပါရမှန်းမသိဖြစ်နေလို့ မရေးဖြစ်တာ…
ငယ်ငယ်ကဆိုရင်တော့ ဆော့ရတာဝါသနာပါတယ်… အစားထက် အဆော့ကိုမက်တယ်… ညနေရောက်ပြီဆို အောက်ဆင်းဆော့ရမှ ကျေနပ်တယ်.. မဟုတ်ရင် အိမ်ထဲမှာ တစ်ချိန်လုံးဂျီကျနေရော… လမ်းထဲမှာလဲ ဆော့ဖော်ဆော့ဖတ် ဘော်ဒါတွေကလဲ များကြီး ယောကျာင်္းလေး မိန်းကလေး ကျောသားရင်သားမခွဲခြားပဲဆော့တယ်… ဒါပေမဲ့ ပြဿနာတော့ လာမရှာနဲ့ ဘယ်တော့မှ ခံမနေတတ်ဘူး… အဖေကလဲ အောက်ဆင်းဆော့မယ်ဆိုတိုင်း ကတိတောင်းတယ်.. ပြဿနာမဖြစ်အောင်ဆော့. ရန်ဖြစ်မလာနဲ့တဲ့.. အမေနဲ့ အမတွေကတော့ ဆက်ဆုံးမတယ်.. ရန်ဖြစ်ခဲ့ရင်လဲ ခံမလာနဲ့တဲ့… ဒီတော့ ဆော့ပါတယ်ဆိုမှ အငြင်းအခုံလေးတော့ နဲနဲရှိတာပေါ့… ဒါပေမဲ့ မဗေဒါက ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါပါဘူး… အဟဲ… ရန်လေးများဖြစ်လာရင် နောက် ၃ ၄ရက်လောက် အောက်ဆင်းဆော့ဖို့ အခွင့်ရေး ပိတ်သွားတတ်တယ်… ဒီလိုကျတော့လဲ ကိုယ်မဆင်းတော့ ပွဲမစည်ဘူးလေ… နောက်ဆုံးတော့ ရန်ဘယ်လောက်ပဲဖြစ်ဖြစ် သူကလဲ ကိုယ့်ကို ဆော့ဖို့လာခေါ်တယ်.. ကိုယ်ကလဲ ဆော့ရမယ်ဆိုတော့ ပြန်ခေါ်လိုက်တယ်… အင်း. ကလေးဘ၀များ စဉ်းစားရင်းနဲ့ စိတ်ထဲတောင်ပျော်လာပြီ…
ကဲ.. ပြောရင်းနဲ့ topic ကလွဲသွားပြီ… ၀ါသနာကိုပြောတာ.. ငယ်ငယ်က ၀ါသနာက ဆော့တာ.. ရန်ဖြစ်တာဟုတ်ဘူးနော်.. အဟဲ.. အထင်တွေ မှားကုန်အုံးမယ်…

နောက် ၉ တန်း ၁၀တန်းရောက်တော့ ဆော့ချင်သေးပင်မဲ့လဲ စာက များလာတော့ အိမ်က ပေးမဆော့တာက တစ်ကြောင်း… ကိုယ်နဲ့ ဆော့ဖော်ဆော့ဖက်များကလဲ အလွန်တရာမှ ပဲများသွားကြသောကြောင့်တစ်ကြောင်းတို့ကြောင့် မဆော့ဖြစ်တော့ပါဘူး.. အဲဒိအခါမှာတော့ ကိုရီးယားကား တရုတ်ကား တီဗွီက လာသမျှကားမှန်သမျှကို မလွတ်တမ်းထိုင်ကြည့်ပါတယ်… အဟဲ.. ဟဲ…
အဲ ဇာတ်လမ်းကြား ကြော်ငြာဖြတ်လာရင်တောင် နောက်ကျောပေးပြီး တီးလုံးကြားတာနဲ့ ဘာကြော်ငြာလဲဆိုတာကို အမြန်ဆုံး ဘယ်သူပြောနိုင်လဲဆိုပြီး အမတွေနဲ့ ဆက်ကစားပါတယ်… ဟဲ.. ဟဲ.. သူတို့မကစားလဲ ကိုယ်တစ်ယောက်ပဲ ကစားပါတယ်… အဟီး… တစ်ခါတစ်လေ ဘယ်ကြော်ငြာပြီးရင် ဇာတ်လမ်းပြန်လာတော့မယ်ဆိုတာတောင် မှန်းနိုင်တဲ့အတွက် မဗေဒါကို တီဗွီမှော်အောင်တယ်လို့တောင် ရွဲ့ခေါ်ကြပါတယ်..

စာများ ကျက်ရမယ်ဆိုလို့ကတော့ သတင်းတောင် ကြည့်လို့ကောင်းပါတယ်… အဟတ်.. ဟတ်… တီဗွီအစီအစဉ်က “ဒုံ…. မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များ ဒီတင်ပြီးဆုံးပါပြီ” ဆိုတဲ့ စာတမ်းပေါ်တဲ့ အထိကြည့်ပါတယ်… အဲ.. အိမ်က တီဗွီပဲကြည့်နေတယ် စာမကျက်ဘူးဆိုပြီး တီဗွီပေးမကြည့်ရင် လုံးဝကို အရွဲ့တိုက်ပြီး စာမကျက်တော့ပါဘူး..
၁၀တန်းတုံးကတော့ အပေးအယူနဲ့ စာကြည့်ပါတယ်… အဟီး… ဇာတ်လမ်းတွဲ ၇နာရီကနေ ၈နာရီတစ်ချိန်… ၉နာရီခွဲလောက်ကနေ ၁၀နာရီခွဲလောက်ထိတစ်ချိန် ၂နာရီပေးကြည့်ရင် ကျန်တဲ့အချိန် စာကောင်းကောင်းကျက်ပါတယ်… ဒါပေမဲ့ ၁၀တန်းစာမေးပွဲဖြေနေတဲ့အချိန်.. မှတ်မှတ်ရရ သချာင်္ဖြေရမဲ့နေ့မှာ “ပိုးမင်းသားရဲ့ သိုင်းဝိဥာဉ် အပိုင်း၂” ဇာတ်သိမ်းပိုင်း ပြပါတယ်… ကျမကကြည့်ချင်တာကို အဖေက ပေးမကြည့်ပါဘူး.. စာမေးပွဲတွင်းကိုတောင် ဇာတ်လမ်းတွဲကြည့်ချင်သေးလားဆိုပြီး နောက်ဖေးမီးဖိုချောင်မှာ စာအုပ်တွေနဲ့ ပိတ်ထားလိုက်ပါတယ်… ကျမစိတ်ထဲမှာတော့ အဖေက သဘောတူညီချက်ကိုဖြတ်တယ်လို့ထင်မိပါတယ်… သူ့ကို စာမေးပွဲတွင်းမို့ လိုက်လျောပြီး ၇နာရီကားတောင်မကြည့်ပါဘူး… ဒီကားလေး ဇာတ်သိမ်းမို့ ကြည့်ချင်တာကိုပေးမကြည့်ဘူး.. ပြီးတော့ သချာင်္က တီဗွီကြည့်ရင်းလဲ တွက်လို့ရတာပဲဟာ.. ဒါပေမဲ့ ကျမအဖေကလဲ ကျမလိုပဲ ခေါင်းမာတယ်… လုံးဝဆို လုံးဝပဲ.. သူကလဲ နင်မကျက်ရင် နင်စာမေးပွဲကျမှာတဲ့… ကျရင် နောက်နှစ်ကျောင်းမထားဘူး ဘာညာ ခြိမ်းခြောက်တာပေါ့နော်… တကယ်ကျရင်လဲ ထားမှာပါပဲ… (သိနေသော်လည်းကိုယ်လဲ နည်းနည်းတော့ ကြောက်တာပေါ့နော်…) သူလာကြည့်ရင် တမင်စာမကျက်ပဲနေပြတယ်… သူထွက်သွားမှ ကိုယ့်ဟာကိုယ် စာကြည့်တယ်… လာမကြည့်တာ ကြာလာတာပဲဖြစ်ဖြစ် အိမ်ရှေ့က တရုတ်ကားသံကြားရင်ပဲဖြစ်ဖြစ်.. စိတ်တိုလာရင် နောက်ဖေးက ပန်းကန်တွေတင်ထားတဲ့စားပွဲကို ပိတ်ကန်တယ်… ကွဲမှာလဲ ကြောက်ရသေးတယ်.. အသံကျယ်ရုံလောက်အားနဲ့ ကန်ရတာပေါ့နော်… နောက်ဆုံး အဖေနဲ့ ကျမရဲ့ တင်းမာမှုကြောင့် အစ်မ အကြီးဆုံးကပဲ ကျမကိုလာပြောတယ်.. သူ ကူးပေးထားပါ့မယ်.. စာမေးပွဲပြီးရင် ကြည့်ပါတဲ့… တကယ်တော့ အဲဒါဟာလဲ ကျမကို ညာခဲ့တာပါပဲ.. တကယ်တမ်းတော့ မကူးပေးခဲ့တာ စာမေးပွဲပြီးမှ သိပါတယ်… အသဲကွဲတယ်ဆိုတဲ့ ခံစားချက်ကို အဲဒိတုန်းက ရည်းစားမထားဖူးပင်မဲ့ ခံစားဖူးသွားတယ်… သစ္စာဖောက်ခံရတယ်.. အညာခံရတယ်.. စိတ်ထဲမှာတော့ စွတ်စွဲချက်မျိုးကို စုံလို့ပေါ့…

ကျမအဖေက ကျမကို သချာင်္ကို စိုးရိမ်တာက နောက်မှသိတယ်.. သချာင်္ကျူရှင်ဆရာက သချာင်္အခြေအနေမကောင်းဘူးလေး ဘာလေး အဖေကို တိုင်ထားတော့ စိတ်ပူတာပါ.. အမှန်တော့ ကျမသချာင်္အခြေအနေမကောင်းတာမဟုတ်ပါဘူး… ကျမက သချာင်္သင်ရင် ခရေစိတွင်းကျ ပေါက်ပေါက်ရှာရှာလိုက်မေးတတ်ပါတယ်.. အဲဒါကိုပဲ ဆရာက ကျမကို သချာင်္ညံ့တယ်များ ထင်သွားသလားသိပါဘူး… ဇာတ်သိမ်းမှာတော့ ကျမ ရဲ့ ဂုဏ်ထူးရဘာသာတွေထဲမှာ သချာင်္လဲပါပါတယ်… အိမ်ကလူတွေကတော့ ဗေဒါတို့ တရုတ်ကားတွေသာ မကြည့်ရင် All D ထွက်မှာ ဆိုပြီး ငြူစူကြပါတယ်… ကျမစိတ်ထဲမှာတော့ ကျမကို စာမေးပွဲတွင်းပါ တရုတ်ကားပေးကြည့်ရင် All D ထွက်မှာလို့ ကျိတ်ပြီး ပြောမိပါသေးတယ်… ကြည့်ပြီးတာနဲ့ ကိုယ့်ဘာသာကိုယ် ကြောက်ပြီး စာကို အသေဖိလုပ်ဖြစ်မယ်ထင်တာပဲ…

ဇာတ်လမ်းတွဲတွေကြည့်တဲ့ ၀ါသနာကတော့ ခုချိန်ထိကို ပါနေတုန်းပဲ… ငွေကုန်သက်သာတယ်.. လူ မပင်ပန်းဘူး… အချိန်ကုန်မြန်တယ်… ကြည့်နေတဲ့အချိန် အပြင်က စိတ်ညစ်စရာတွေ မေ့နေတယ်… ဘယ်လောက်ကောင်းလဲ… အဲ.. မဗေဒါကို ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ဘေးက စကားလာပြောတာ သိပ်မကြိုက်ဘူး… ပြောမယ်ဆိုရင်လဲ ရုပ်ရှင်ကို ခဏရပ်ပြီးမှ ပြောစရာရှိတာကို ပြောတယ်.. တချို့ကရှိတယ်… အစကတော့လာမကြည့်ပဲနဲ့.. ဘေးကနေ.. ဇာတ်လမ်း အလည်လောက်ရောက်မှ အဲဒါဘယ်သူလဲ.. ဘာကားလဲ.. ဘယ်လိုဇာတ်လမ်းလဲ.. တစ်ခုပြီးတစ်ခုလာမမေးနဲ့ မကြိုက်ဘူး… ကိုယ်ကြိုက်တဲ့ကားတွေကို သူများတွေနဲ့ ဝေမျှရတာကို ၀ါသနာပါပါတယ်.. သိချင်တယ်ဆိုရင် ကြည့်ပြီးသလောက်ထိ သေသေချာချာ Pause လုပ်ပြီးရှင်းပြမယ်… ပြီးရင် အေးအေးဆေးဆေးဘေးမှာကြည့်.. ဘေးကနေ လာကြည့်လိုက်.. ထသွားလိုက်.. ပြီးမှ လာမေးလိုက်လုပ်နေတာ မကြိုက်ပါဘူး.. အပြင်လူဆိုရင်တော့ မဗေဒါ ဘာမှမပြောပါဘူး… ကိုယ်တိုင်လဲ မကြည့်တော့ပဲ ထထွက်သွားတတ်ပါတယ်… ဒါမှမဟုတ် အစကနေ နောက်တစ်ခေါက်ထပ်ကြည့်ပါတယ်… အိမ်သားတွေဆိုရင်တော့ ပြန်ပြောနေကျ တစ်ခွန်းရှိတယ်… “ရုပ်ရှင်ကို လေးလေးစားစားကြည့်ပါ” လို့… ဟဲ…. ဟဲ….

၂၀၀၄ခုနှစ်လောက်မှာ ပထမဆုံး အိမ်သုံး ဗွီဒီယိုကင်မရာလေးကို ကျမအစ်မက၀ယ်လိုက်တယ်… အဲဒိ ကင်မရာနဲ့ပဲ ဟိုရိုက်ဒီရိုက်ပဲ… အဲဒိအချိန်တုန်းက တိတ်ကင်မရာပဲ.. ကွန်ပြူတာထဲ တိုက်ရိုက်ထည့်လို့မရဘူး… ကိုယ်ကလဲ သိပ်မလုပ်တတ်တော့ ဆိုင်မှာပဲ စီဒီသွားသွားဘန်းရတယ်… ဒါပေမဲ့ Home video တွေက ပြန်ကြည့်ရင် ၁ ခေါက် ၂ခေါက်အပြင် ပျင်းဖို့ကောင်းလာရောလေ… လက်ကမငြိမ် ကင်မရာကတုန်.. ဇာတ်လမ်းဇာတ်ကွက်မရှိပဲ ရိုက်ချင်ရာတွေ လျှောက်ရိုက်ထားတာ ကြည့်လို့မကောင်းမှန်းသိလာတယ်.. ကြည့်လို့ကောင်းတဲ့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေလုပ်ချင်လာတယ်…

ပြောရမယ်ဆိုရင်တော့ ရုပ်ရှင်လုပ်တာကို အရမ်းအားကျခဲ့တဲ့ အဖြစ်တစ်ခုရှိတယ်… ၂၀၀၁ခုနှစ်လောက်တုန်းက “Time Travelers” ဆိုပြီး သိပ္ပံကားဆန်ဆန် ဇာတ်လမ်းလေးကို MRTV 3 မှာပြတယ်.. အဲဒိဇာတ်လမ်းလေးကို ဖန်တီးတဲ့သူတွေက ကျမအထက်တန်းကျောင်းက တစ်တန်းထဲတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေ.. သူတို့တွေက ငယ်ငယ်ထဲက ကွန်ပြူတာနဲ့ လက်ပွန်းတတီးနေခဲ့တော့ ကျောင်းမှာထဲက ကွန်ပြူတာနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေဆို ၀င်ပြိုင်ခဲ့တယ်… အဲဒိဇာတ်လမ်းထဲမှာပါသမျှ စက်ရုပ်တွေ… အာကာသ ယဉ်တွေအားလုံးကို သူတို့ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး.. ဂရက်ဖစ်နဲ့ ဆွဲခဲ့တယ်... အ၀တ်အစားဒီဇိုင်း… ဇာတ်လမ်း.. သရုပ်ဆောင် အကုန်လုံးက သူတို့စိတ်ကူးနဲ့ ဖန်တီးပြီး ဖြစ်မြောက်အောင်လုပ်ခဲ့ကြတယ်… သူငယ်တန်းထဲက ၁၀တန်းထိ အတန်းထဲမှာ မမြင်ချင်မှ အဆုံး မြင်ဖူးခဲ့ပင်မဲ့.. အဲဒိဇာတ်လမ်းထဲမှာတော့ သူတို့ကို တကယ်အထင်ကြီးခဲ့တယ်… အားလဲကျတယ်… ခုထက်ထိလဲ ချီးကျူးတယ်… ၁၀တန်းအောင် အရွယ်လေးတွေနဲ့ ဒီလောက်လုပ်နိုင်တာ မြန်မာနိုင်ငံမှာ သူတို့က ပထမဆုံးပါပဲ… အဲဒိအတွက် သူတို့ကို နိုင်ငံတော်ကလဲ ထူးချွန်ဆု ချီးမြှင့်ခဲ့တယ်… ဇာတ်လမ်းက အဆုံးထိ မပြီးပါဘူး… နောက်ပိုင်းတော့ အဲဒိထဲကခေါင်းဆောင် ဒါရိုက်တာလုပ်တဲ့ ကောင်လေးက အင်္ဂလန်ကိုထွက်သွားတော့ ဆက်မလုပ်ဖြစ်တော့ဘူး… သူ့ဝက်ဆိုဒ်မှာတော့ သူတို့လုပ်ထားတဲ့ Project လေးတွေ တင်ထားပါတယ်.. ဒီမှာ သွားကြည့်လိုက်ပါ… ဘေးက ဆိုဒ်ဘားက Project > Motion Graphics > time travellers ဆိုပြီးသွားပါ..

အပေါ်ကပြောသွားတာကတော့ အရင်က အားကျခဲ့ရတာပါ.. ကိုယ်လိုက်လုပ်နိုင်မဲ့ အခြေအနေမျိုးလဲမရှိသလို အခွင့်အရေးမရခဲ့ပါဘူး… ကျမ ပထမဆုံးရတဲ့ကင်မရာကလဲ တိတ်ခွေနဲ့ဆိုတော့ ဘာမှ မယ်မယ်ရရမလုပ်တတ်ပါဘူး… ဒါပေမဲ့ နောက်ပိုင်း ရုပ်ရှင်တွေကို ကြည့်တဲ့အခါမှာ.. ဇာတ်လမ်းကိုလဲကြည့်တဲ့အပြင်… သူတို့ ဘယ်လို ရိုက်လဲဆိုတာကိုပါ စိတ်ဝင်တစားကြည့်လာတတ်တယ်… မင်းသမီးဘာဝတ်လဲဆိုတာထက်… သူဘယ်လိုသရုပ်ဆောင်လဲ… ဒီလိုအခန်းမျိုးမှာ ကင်မရာကဘယ်နေရာကထားပြီးရိုက်လဲ… ဘယ်လိုနေရာမျိုးမှာ နောက်ခံတီးလုံးထည့်လိုက်ရင် ဘယ်လိုခံစားရလဲ… ဘယ်လိုနေရာမျိုးတွေမှာတော့ ရုပ်ရှင်သဘောအရရိုက်လဲ… အဲဒါတွေကို လိုက်ကြည့်ရတာ ကျမအတွက် ပျင်းစရာမကောင်းဘူး… သီချင်းရိုက်ပုံရိုက်နည်းနဲ့ ရုပ်ရှင်စာတန်းထိုး ဒီဇိုင်းတွေ ဘာကွာလဲ… ဥပမာ.. ကိုရီးယားကားရှေ့တွေမှာ စာတန်းထိုးရင် များသောအားဖြင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကိုပဲ ပြန်ယူပြီးသီချင်းနဲ့ သရုပ်ဆောင်အမည်နဲ့ ထိုးတတ်ပင်မဲ့.. ဂျပန်နဲ့ ထိုင်ဝမ်ကားတွေမှာတော့ စာတန်းထိုးအတွက် သီးသန့်ရိုက်တတ်ကြတယ်…

ငယ်ငယ်ကတည်းက Jackie Chan ကားတွေကြည့်လို့ နောက်ဆုံးမှာ ဘယ်လိုရိုက်လဲပြန်ပြတာကို အရမ်းသဘောကျတယ်…
ခုတိုးတက်လာတဲ့ နောက်ပိုင်းမှာတော့ youtube တို့ဘာတို့မှာ ရုပ်ရှင်ကားတွေ ရိုက်တာတွေ ပြန်ပြတဲ့ ဗွီဒီယိုလေးတွေရှာလို့ရတယ်… ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွဲတွေကြည့်ပြီးရင် youtube မှာ Making of movie တွေနဲ့ NG တွေကို ပြန်လိုက်ကြည့်ရတာလဲ ၀ါသနာပဲ…

နောက်ကျောင်းပြီးလို့ အလုပ်လုပ်တော့မှပဲ IT Show ပွဲတစ်ခုမှာ ကိုယ့်အကြိုက် Hard disk ကင်မရာတစ်လုံးကို ထပ်ဝယ်လိုက်တယ်… အဲဒါက အဆင်ပြေတယ်.. ရိုက်ပြီးတာနဲ့ ကွန်ပြူတာထဲထည့်လို့ရတော့.. ကိုယ့်စိတ်ကြိုက် ပြန်ပြီး အက်ဒစ်လုပ်လို့ရတယ်… လုပ်ကြည့်တော့လဲပျော်တယ်.. အက်ဒစ်တင်းကို အရမ်းဝါသနာမပါပင်မဲ့ ကိုယ်က ကောင်းကောင်းကြည့်ချင်တော့ လုပ်ရတာပဲ… အက်ဒစ်တင်းကလဲ self learning လုပ်ပြီးနဲနဲပါးပါးတတ်တယ်… adobe primier pro ကတော့ ခုထက်ထိကိုမတတ်သေးဘူး… window movie maker တော့ တော်တော်လေးသုံးတတ်နေပြီ…
ဒါပေမဲ့ ပန်းချီတို့ ဒီဇိုင်းတို့တော့ မရဘူး.. ပန်းချီဆိုလုံးဝမဆွဲတတ်ဘူး… Graphic design တို့ animation တို့ စိတ်ဝင်စားပေမဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘူး… Making Movie လဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိပါဘူး… ၀ါသနာဆိုလို့သာ ၀ါသနာပေါ့နော်…

ဝါသနာပါတာနဲ့ လုပ်စားဖို့ကျတော့ Passion ရှိဖို့လိုလာပြီ.. အတော်လေး စိတ်ထဲမှာ ခိုင်မာမှ ဖြစ်မှာ… ခုလက်ရှိ ရှိနေတဲ့ လမ်းပေါ်ကနေ မဆိုင်တဲ့လမ်းပေါ်ကို ခုန်ကူးပြစ်လိုက်ဖို့ကျတော့ ချီတုန်ချတုန်ဖြစ်နေတယ်… တခါမှလဲ ကိုယ်က အဲဒိလိုင်းနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်ဖူးတော့ ကိုယ့်ကိုကိုယ်လဲ ပါရမီမှ ရှိရဲ့လားလို့ သံသယဖြစ်မိတယ်… ဒွိဟဖြစ်တယ်ဆိုကတည်းက ကိုယ်ကိုတိုင်က စိတ်ထဲက မခိုင်မာလို့လားလို့ တွေးမိတယ်… ကိုယ်လုပ်ချင်တာကို လုပ်လိုက်လို့ မအောင်မြင်လာရင် အိမ်က ကိုယ့်အပေါ်ရင်းနှီးထားသမျှတွေ အလကားဖြစ်သွားမှာစိုးရိမ်တယ်…

တစ်ခါတစ်လေ စဉ်းစားမိတယ်… လောကမှာ ဘယ်နှစ်ယောက် ကိုယ့် Dream ကိုယ့်ဝါသနာနောက်ကို ရဲရဲလိုက်ရဲခဲ့သလဲလို့… ကိုယ်ရောက်နေတဲ့နေရာနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို နှစ်ခြိုက် စိတ်ဝင်စားပြီး ပျော်နေတဲ့သူတွေနဲ့ အခြေအနေပေးတာာကိုပဲ ဘာခံစားချက်မှမထားပဲ ရောက်တဲ့နေရာမှာပဲ အလုပ်လုပ်နေကြတဲ့သူတွေ ဘယ်အရေအတွက်က ပိုများသလဲလို့ တွေးမိတယ်… သေချာတာကတော့ ကိုယ်ဝါသနာပါတာကို အဆိုးရော အကောင်းရောလက်ခံ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီး ရည်ရွယ်ချက်နောက် ရဲရဲလိုက်နေတဲ့သူတွေတွေ့ရင်တော့ အရမ်းအားကျတယ်..

ခုတော့ အဲဒိအတွေးတွေကြားမှာပဲ… ၀ါသနာကနေ Passion ဖြစ်အောင်၊ ၀ါသနာနဲ့ ဘ၀၊ ဘ၀နဲ့ အမှန်တရား၊ အားလုံး တစ်ထပ်တည်းကျအောင် ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရင်း ခုထက်ထိ ရှေ့လျှောက်ဘာဆက်လုပ်ရမလဲဆိုတာ မသိသေးပဲ… မဗေဒါတစ်ယောက် လမ်းဆုံမှာ ထိုင်ပြီးတော့သာ ရေစုံမျောရင်း ဒီပိုစ့်လေးနဲ့အတူ Tag ကြွေးဆပ်လိုက်ပါတယ်…
PS.. ခုမှ Tag ကြွေးဆပ်လိုက်လို့ အတိုးရော အရင်းပါပေါင်းပြီး ရေးလိုက်တာ ရှည်သွားတယ်ကွယ်…

9 comments :

Taungoo said...

လမ်းဆုံမှာထိုင်ရင်လည်း ဒီတိုင်းမထိုင်ပါနဲ့ကွယ်။
ရေခဲရေပုံးလေးချပြီး “ရေခဲရေ အေးအေးလေးသောက်ချင် ဒီကိုလာ၊ ကျိုက်ထီးရိုးခရီးအကြောင်း ဖတ်ချင်ရင် တောင်ငူသား ဆီသွား” ဆိုပြီး အော်ပါလားဟင်။ ဟီဟိ

mabaydar said...

အရေးထဲ ကြော်ငြာကလာဝင်သွားသေးတယ်... ကြည်စိုးအိုင်တီ တောင်ငူသားရယ်...

နွေးနေခြည် said...

ဲခြုံငုံသုံးသပ်မိသလောက်တော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ၀ါသနာကြီးတာကိုး ...

kokomaung.uk said...

မဗေဒါ...
မရေးတော့ဘူးလို့ ထင်နေတာ။ ရေးပြန်တော့လဲ အရှည်ကြီးပါလား။ ဘယ်လောက်ဘဲ ရှည်ရှည်ပါ။ ဖတ်ရတာ ကောင်းပါတယ်။ ၏သည်မလွဲ အကုန်လုံးဖတ်သွားပါတယ်။

မဗေဒါရဲ့ ဝါသနာကလဲ စိတ်ဝင်စားစရာပါ။ ၀ါသနာကြီးထွားလာပြီး ယုံကြည်ချက်ရှိလာဖို့ဘဲ လိုပါတယ်။ ၀ါသနာအရမ်းပါရင် ဘာမဆိုအောင်မြင်နိုင်ပါတယ်။

ကျနော့်တဂ်ကို ရေးပေးတဲ့အတွက် ကျေးဇူးနော်။ ကျနော်က မဗေဒါမရေးတော့ဘူးလို့တောင် ထင်နေတာ။

ပျော်ရွှင်ပါစေ။

မိုးခါး said...

ဝါသနာတွေက စိတ်ဝင်စားစရာပဲ ..း)
အဲလို ပုံတွေ ရုပ်ရှင်တွေ ပြင်တာ သိပ်လုပ်ချင်တာ ..း)
စလုပ်လိုက်ပီဆို မထနိုင်တော့ဘူး .. စွဲတယ်နော် .. :D

mabaydar said...

ညီမ မိုးခါးရေ.. အမက ပုံတွေ ရုပ်ရှင်တွေကို ပြင်တာ မဟုတ်ဘူးကွဲ့... ရုပ်ရှင်ရိုက်ချင်တာ.. ပြောရမယ်ဆိုရင်တော့ ဒါရိုက်တာပေါ့... အင်း.. ပုံတွေ ရုပ်ရှင်တွေ ပြင်တာကတော့ အဲဒိထဲက တစ်စိတ်တစ်ဒေသအနေနဲ့တော့ ပါမယ်ထင်တယ်..

ZT said...

Final Cut Pro သုံးကြည့်ပါလား။ အဲဒီ Software က Video Editing ပိုကောင်းတယ် ပြောတယ်။

ကျောင်းတက်ချင်ရင် Kaplan က Uni SA မှာ Bachelor of Media Arts ရှိတယ်။ ရုပ်ရှင်နဲ့ ဒီဇိုင်း အကြောင်းတွေ အသားပေး သင်တာ။ ၁ နှစ်ခွဲလောက်ပဲ တက်ရတယ်။ စာမေးပွဲ သိပ်မရှိဘူး။ ဗွီဒီယိုရိုက် Assignment တင်၊ ဓာတ်ပုံရိုက် Assignment တင် အဲဒါမျိုးတွေပဲ။

mabaydar said...

Final Cut Pro က Mac Book နဲ့ သုံးမှ ရတာ အစ်ကိုရေ.. အဲဒါကြောင့် Mac Book တောင် ၀ယ်ရင်ကောင်းမလားစဉ်းစားနေတာ.. ဒါပေမဲ့ Mac Book ကြီး ၀ယ်ပြီး မသုံးတတ်မှ ဟုတ်ပေ့ဖြစ်နေမှာစိုးလို့...
ကျောင်းကတော့ စဉ်းစားတုံးပါပဲ... မဆုံးဖြတ်နိုင်သေးလို့ ခုလို လမ်းဆုံမှထိုင်နေတာပေါ့အစ်ကိုရေ.. information အတွက်တော့ ကျေးဇူးနော်..

မီးမီးချစ် said...

ဟုတ်ပ အမလဲ စာကျက်ရမယ်ဆို အကုန်ကြည့်လို့ကောင်းတယ်..အိမ်မှာဆို မထတမ်း ကြည့်လို့ ထိုင်တဲ့နေရာမှာ အိမ်သာတက်ဖို့ အပေါက်ပါ ဖောက်ပေးထားမယ် လို့ ရွှဲ့ ပြီးပြောတဲ့ အထိပဲ..