ဒုတိယနေ့အကြောင်းလေး မရေးခင်မှာ ကျမတို့နဲ့ အတူသွားတဲ့ ကျန်ခရီးသွားဖော် ၁၆ယောက် အကြောင်းလေးတွေကို မိတ်ဆက်ပေးပါရစေ…
ကျမကိုယ်တိုင်လဲ သူတို့ရဲ့ နာမည်တွေကို မမှတ်မိပါဘူး… ဒါပေမဲ့ တချို့ကိုတော့ လမ်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေ၊ တချို့ကိုကျတော့ သူတို့ရဲ့ သိသာထင်ရှားတဲ့ အပြုအမူလေးတွေ၊ တချို့ကျပြန်တော့ သူတို့ရဲ့ သိသာထင်ရှားတဲ့ ပုံပန်းသဏ္ဍန်လေးတွေကြောင့် ချစ်စနိုးနဲ့ နစ်နိမ်းလေးတွေ ကျမပေးဖြစ်ခဲ့ပါတယ်…
နစ်နိမ်းကို တမင်ပေးတာတော့မဟုတ်ပါဘူး… ကျမတို့ မြန်မာ ၃ယောက် သူတို့အကြောင်းပြောရင် ဟိုတစ်ယောက်လေ... (Blah Blah Blah ) ဖြစ်တဲ့ တစ်ယောက်.. ဘာညာဆိုပြီး ရှင်းရှင်းပြနေရတာမောလို့… အဲ့ဒိ အဖြစ်အပျက်လေးတွေကို အတိုချုံးပြီး နာမည်ပြောင်လေးတွေ ပေးမိတာပါ… ဒီပိုစ့်လေးမှာ သူတို့တစ်ယောက်ချင်းစီကို ကျမတို့ ပေးထားတဲ့ နာမည်ပြောင်လေးတွေနဲ့ ဘာ့ကြောင့် ဒီနာမည်ပြောင်လေးတွေပေးခဲ့ရသလဲ ဆိုတာရယ်… ပြီးတော့ ကျမနဲ့ ခရီးတူတူသွားခဲ့ဖူးတဲ့ လူတွေဖြစ်တဲ့ သူတို့ရဲ့ စရိုက်၊ အကျင့်၊ ကျမတို့အပေါ်ဆက်ဆံပုံ စတာလေးတွေကို အမှတ်တရအဖြစ် တဖန်ပြန်ပြောင်း အောက်မေ့ရင်း ပြောပြချင်ပါတယ်…
အားလုံးသိကြတဲ့အတိုင်းပါပဲ… အသက်ကြီးတဲ့သူတစ်ချို့ဟာ တစ်ခါတစ်လေကျတော့ ပစိပစပ်များလေ့ရှိပါတယ်… အထူးသဖြင့်တော့ စကာင်္ပူက ဖွားဖွားများဟာ ဘုရားမသိ တရားမရှိတွေများလေတော့ အတ္တငါစွဲက အလွန်မှ ကြီးသကိုး… (အားလုံးကို မဆိုလိုပါ… ကျမနဲ့ တွေ့ခဲ့သော ဖွားဖွားများကိုသာ အဓိကဆိုလိုခြင်းဖြစ်ပါတယ်) … Briefing ပေးတဲ့နေ့ကတည်းက မလွယ်ဘူးဆိုတာလဲ ကျမသိထားပါတယ်… ကျမက အတ္တကြီးကြီး အဖွားကြီးတွေ၊ ဆိုးတဲ့ကလေးတွေ ရောင့်တက်တတ်တဲ့ ကလေးတွေနဲ့ မတည့်တတ်တဲ့ အကျင့်ရှိတဲ့သူမို့ ကျမ မေမေက အလိုက်အထိုက် သင့်တင့်အောင်နေဖို့ ခရီးမသွားခင်ထဲက အထူးမှာကြားထားပါတယ်… ကျမကိုယ်တိုင်လဲ တော်တော်လေးကို စိတ်ပြင်ဆင်ထားခဲ့ပါတယ်…
(စာကြွင်း။ ။ ကျမဟာ လူကြီးသူမတွေ အသက်ကြီးတဲ့သူတွေကို မလေးစား မရိုသေတတ်သူတော့မဟုတ်ပါ… သို့သော် လေးစားကြည်ညိုလောက်အောင်တော့ မနေပဲနဲ့ အသက်ကြီးတာကို အခွင့်ကောင်းယူပြီး အငယ်တွေအပေါ် အနိုင်ကျင့်မှာကိုပဲ ကျမစိုးရိမ်တာပါ… ကလေးဆိုလျှင်လဲ ထိုနည်းလည်းကောင်းပါပဲ… ချစ်စရာကောင်းပြီး လိမ္မာတဲ့ကလေးဆိုရင် ကျမချစ်ပါတယ်… သို့သော် ဖြစ်နိုင်ရင်တော့ အဝေးကပဲချစ်ပါတယ်… သူများကလေးကို ချီပိုးပြီးမှ တစ်ခုခုဖြစ်လို့ ကလေးငိုရင် ကျမပြန်မချော့တတ်ပါဘူး… လူကြီးကိုလဲအားနာလို့ပါ… အဲ ကလေးနဲနဲကြီးလာရင်တော့ လိမ္မာတယ် ပြောစကားနားထောင်တယ်ဆိုချစ်ပါတယ်… အရောဝင်လိုက်လို့ ကိုယ့်ကို ရောင့်တက်ပြီး မခန့်လေးစားလာလုပ်ရင်တော့ ညှာမှာမဟုတ်ပါဘူး.. အဟီး… အဲဒါကြောင့် ဒါမျိုးတွေ မဖြစ်ရလေအောင်… ချစ်စရာကောင်းတဲ့ကလေးဆို မုန့်ကြွေး အရုပ်ပေး ဒီလောက်ပါပဲ… အရောသိပ်မ၀င်ပါဘူး… နှလုံးသားမနူးညံ့လို့ မဟုတ်ရပါ… အရမ်းနူးညံ့တဲ့ နှလုံးသားတစ်စုံရှိလို့ပါ… ဟတ်.. ဟတ်…) ကဲပါလေ.. စာကြွင်းကလဲ အတော်ရှည်သွားသကိုး… လိုရင်းကို ပြန်ဆက်မှ…
ဒီပုံထဲမှာ စုစုပေါင်း အုပ်စု ၆စုရှိပါတယ်… ၂စုကတော့ နောက်က အတွဲ ၂တွဲပေါ့ရှင်…
နောက်ထပ် အုပ်စု ၄စုကတော့…
(၁) လက်ဝဲဘက် အကျဆုံးကတော့ ကျမတို့ ရွှေမြန်မာ ၃ယောက်ပေါ့နော်…
(၂) ကျမတို့ ဘေးက ဆံပင်ဖြူဖြူနဲ့ အဖွားကြီး၂ယောက်ရယ် နောက်ပြီး သူတို့နောက်ဘက်ဘေးက (အင်္ကျီအဖြူ အပွင့်နဲ့) အဖွားကြီးရယ်… ညာဘက်အစွန်ဆုံးက Guide ဘေးက အဖိုးကြီး အဖွားကြီး လင်မယားအတွဲရယ်က တစ်ဖွဲ့…
(၃) ဆံပင်ဖြူဖြူ အဖွားကြီးဘေးက နေကာမျက်မှန် အနွေးထည်နီကို လည်ပင်းမှာ ပတ်ထားတဲ့ အဖွားကြီးကနေစပြီး… ၄ယောက် (အပြာနဲ့ ဖွားဖွား၊ ပန်းရောင် ဂျာကင်နဲ့ ဖွားဖွား၊ ဦးထုပ်အနီနဲ့ဖွားဖွား) သူတို့ ၄ယောက်က တစ်ဖွဲ့…
(၄) ဦးထုပ်အနီနဲ့ ဖွားဖွားဘေးက အင်္ကျီအဖြူ ပုဝါအနီကို လည်ပင်းမှာပတ်ထားတဲ့ မိန်းမကြီးနဲ့ … သူ့ဘေးက ခပ်ငယ်ငယ် အသက် ၃၀ ၀န်းကျင်မိန်းမ ၂ယောက်က တစ်ဖွဲ့ပါ… (အဖွားကြီးနဲ့ အင်္ကျီအဖြူနဲ့ မိန်းမက သားအမိပါ… အနက်နဲ့ မိန်းမက အဖြူနဲ့ မိန်းမရဲ့ သူငယ်ချင်းပါ)
အင်း… သူတို့တွေအားလုံးက စလုံးတရုတ်တွေဆိုပေမဲ့… ဘာလို့မှန်းတော့ မသိဘူး… သူတို့ရဲ့ တရုတ်စာ အဆင့်အတန်းကလဲ ကျမတို့ထက် နဲနဲသာတယ်ဆိုရုံလေးပဲရှိပါတယ်… အဖွားကြီးတွေကအစ အင်္ဂလိပ်လိုပြောရတာကိုပဲ ပိုအားသန်ပုံရတယ်… သူတို့လူမျိုးစကားတော့ တတ်မယ်ထင်ပါတယ်… တရုတ်မန်ဒရင်းကို ကောင်းကောင်းပြောတတ်တာဆိုလို့ အတွဲ၂တွဲက ယောကျာင်္းလေး ၂ယောက်ပဲရှိပါတယ်… ဒီတော့ သူတို့နဲ့သွားရတာ တစ်ခုကောင်းတာက ဘယ်နေရာရောက်ရောက် အင်္ဂလိပ်လိုရှင်းပြဖို့ကို ကျမတို့က လိုက်ပြောနေစရာမလိုပါဘူး… သူတို့က ကိုယ့်ရှေ့ကနေ ကွန်ပလိန်းတက်လေ့ရှိပါတယ်…
ဥပမာ… skin care lesson မှာ ရှင်းပြတဲ့ကောင်မလေးက အင်္ဂလိပ်လိုထက် တရုတ်လိုကို ပိုအားသန်တဲ့ အတွက် တရုတ်လိုတွေပြောပါတယ်… ဒီတော့ သူတို့က အရင် ကွန်ပလိန်းတက်ပါတယ်… စလုံးလူမျိုးတွေက ကွန်ပလိန်းတာက မွေးရာပါ ဗီဇလိုဖြစ်နေတာလေ… ဒီတော့လဲ ကိုယ်ငြိမ်နေလိုက်တာပေါ့…
သူတို့ကို ပေးထားတဲ့ နာမည်လေးတွေကတော့… ကျမတို့ဘေးက ဆံပင်ဖြူနဲ့ ဖွားဖွား ၂ယောက်ကိုတော့ ခေါင်းဖြူဖွားဖွားလို့ခေါ်ပါတယ်… ၁ယောက်ချင်းစီကွဲကွဲပြားပြားသိရလေအောင် ခေါင်းဖြူဖွားဖွားမှာမှ ကျမဘေးကပ်ရပ်က ပိန်ပိန် ဘောင်းဘီ အဖြူနဲ့ အဖွားကြီးကတော့ အီးထွက်ခေါင်းဖြူဖြစ်ပြီးတော့ သူ့ဘေးက ခပ်ပုပုနဲ့ ခေါင်းဖြူဖွားဖွားကတော့ ပန်းသီးခေါင်းဖြူဖြစ်ပါတယ်….
အမည်ရရှိလာပုံလေးကတော့ ရှင်းပါတယ်… အသက်ကြီးတဲ့ လူတွေနဲ့ သွားရတာလဲ အတော်လေးမှ စိတ်ရှည်ရသကိုး… ဆီးဝမ်းသိပ်မထိမ်းနိုင်ကြတော့ ရောက်လေရာအရပ်မှာ အိမ်သာပဲ မေးနေတော့တာ… ကျမတို့ ဂိုက် ကတ်သီဆိုရင် နေရာတစ်နေရာရောက်တိုင်း တခြားအရာထက် အိမ်သာဘယ်နားရှိလဲ အရင်ပြရတယ်လေ… အိမ်သာတွေ့ရင်ကိုပဲ မနေနိုင်တာလားတော့မသိ… တွေ့တိုင်းလဲ သူတို့ ကိစ္စကိုရှင်းကြတယ်… ဒါကလဲ အသက်ကြီးပြီဆိုတော့ နားလည်ပါတယ်…
(၁) အီးထွက်ခေါင်းဖြူ ဖွားဖွား
အဲ… ဒါပေမဲ့ မှတ်မှတ်ရရ အီးထွက်ခေါင်းဖြူ ဖွားဖွားကတော့ ကျမတို့ ဆိုးလ်ကိုရောက်တဲ့နေ့ ဘယ်ကိုလဲမသိဘူးသွားနေတဲ့လမ်းမှာ သူအတော်လေး အိမ်သာတက်ချင်နေပုံရပါတယ်… ဒါနဲ့ guide ကိုသွားပြောပါတယ်… လမ်းမှာဆိုတော့ အိမ်သာကရှာရဘယ်လွယ်မလဲ… နောက်ဆုံး သူ မခံနိုင်လို့ထင်တယ်… ၃ခေါက်မြောက်လောက်ပြောတော့ မျက်စိမျက်နှာကလဲ ပျက်နေရှာပြီလေ… သူ့ကိစ္စက ထိပ်ဝရောက်နေပြီကိုး… ဒီတော့ ကတ်သီလဲ တွေ့တဲ့ လမ်းက ဆိုင်တစ်ဆိုင်ရှေ့ကားထိုးရပ် ခွင့်တောင်းပြီး ဖွားဖွားရဲ့ ထိပ်ဝက ကိစ္စကို အမြန်ရှင်းခိုင်းရတော့တာပေါ့… ဖွားဖွားသာ ကားပေါ်ကဆင်းသွားပင်မဲ့ သူ့ရဲ့ အငွေ့အသက်လေးတွေကတော့ လှိုင်လှိုင်ကျန်ခဲ့လို့… မဗေဒါတို့ခမြာ ရှိသမျှ အော်တီကလုံးတွေ… ပုဆိန်တံဆိပ်တွေ နှာခေါင်းကပ်ထားရပါရောလား… ဒီတော့ နောက်စကားပြောလို့ အဲဖွားဖွားအကြောင်းပါရင်… ဟို ဆံပင်ဖြူဖြူနဲ့ အိမ်သာတက်ချင်တဲ့ ဖွားဖွားလေလို့ အရှည်ကြီးမပြောတော့ပဲ… ခေါင်းဖြူ၂ယောက်မှာ အီးထွက်တဲ့ ဖွားဖွား… ခေါင်းဖြူ အီးထွက် ဖွားဖွားရယ်လို့ အမည်ကျော်လေသတည်း… (အဲဒိနာမည်လေး စပေးလိုက်တဲ့ အချိန်ကဆိုရင် ကားပေါ်မှာ ကျမတို့ ၃ယောက် နှာခေါင်းလေးတွေပိတ်ပြီး ရီလိုက်ရတာ အူကိုနာရော…)
(၂) ပန်းသီး ခေါင်းဖြူဖွားဖွား
ပန်းသီး ဖွားဖွားကတော့ အလွန်မှ ပစိပစပ်များ… အတ္တကြီးပြီး အတော်လေးကိုမှ ဗိုလ်လိုချင်တဲ့ စိတ်ရှိပုံလဲရပါတယ်… လူကြီးပီပီ လူငယ်တွေကို ခွင့်လွှတ်နားလည်ပေးဖို့ ဝေးစွ… အရာရာသူက အငယ်ဆုံးသမီးလေးလို အလိုလိုက်ဗိုလ်ကျချင်ပုံရပါ့…
ကဲ ဒီလောက်ညွှန်းနေမှတော့ အားလုံးလဲ ခန့်မှန်းလို့ရမှာပါ… သူ ပန်းသီးဖွားဖွားဖြစ်လာပုံက ကျမနဲ့ တိုက်ရိုက်ပတ်သတ်နေလို့ပါပဲ… ကျမက ဂျဲဂျူးမှာတုန်းက သတ္တုဗူးအအေး ပန်းသီးအချိုရည်တစ်ဗူးကို ၀ယ်လာဖြစ်ပါတယ်… ဒါပေမဲ့ မသောက်ဖြစ် မသောက်ဖြစ်နဲ့ ဆိုးလ်ကိုရောက်တော့မှ ကားပေါ်မှာ ဖောက်သောက်ဖြစ်တယ်… ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ… တိုးနဲ့သွားတာဆိုတော့ တစ်နေရာရောက် ကားပေါ်က ဆင်းရပြန်ပြီ… နောက်ပြန်တက်ရပြန်ပြီ… ဒီတော့ ကျမလဲ သောက်လက်စ ပန်းသီးအချိုရည်သတ္တုဗူး မကုန်သေးတာကို မေ့သွားပါတယ်… ကားပေါ်မှာ ကျမထိုင်တဲ့ ခုံပေါ်ကို ဒီတိုင်းတင်ထားမိပြီး အပေါ်က ကျမ ဦးထုတ်တွေ ကင်မရာတွေနဲ့ အုပ်သွားတော့ လုံးလုံးကို မေ့နေတာပါ… (ကျမက အစထဲက အရမ်းမေ့တတ်ပါတယ်)… ဒါနဲ့ အဲဒိ အချိုရည်ဗူးက ဘယ်တုန်းက မှောက်သွားလဲမသိပါဘူး… ကျမ သိလိုက်တဲ့အချိန်မှာ အတော်လေးမှောက်နေလို့… ကျမကင်မရာအိပ်တွေတောင် စိုကုန်လို့ ကိုယ့်ဇောနဲ့ကိုယ်သုတ်နေရတော့တာပေါ့…
ပန်းသီးဖွားဖွား ဖြစ်မဲ့ အဖွားကြီးက ကျမနောက်ခုံမှာ ထိုင်နေတာပါ… ခဏနေတော့… သူ့နောက်ကနေ အသံကြားပါလေရော…
“ah yoe… ဘာတွေလဲ… ငါ့ဖိနပ်တွေ စိုကုန်ပြီ… ဟေ့ ကောင်မလေး.. ဟေ့ကောင်မလေး” ဆိုပြီး ကျမကို ခပ်စပ်စပ် လက်နဲ့ ပုတ်ပြီးခေါ်ပါတယ်… ကျမလဲ အဲဒိတော့မှာ ကျမပန်းသီအချိုရည်တွေ ဘယ်ရောက်သွားလဲ ကောင်းကောင်းသိတော့တယ်… အနောက်ကို မှောက်ပြီး သူ့ ဖိနပ်တစ်ခုလုံး ရွှဲနေပါတော့တယ်… ကျမလဲ အတော်လေး အားနာသွားတာပေါ့… သူ့ကို တောင်းလဲ တောင်းပန်တာပေါ့… နောက်ပြီး ကျမလဲ ဘာလုပ်ပေးရမလဲပေါ့… သူကတော့ ပါးစပ်ကနေ လုံးဝကို ကြိတ်မနိုင်ခဲမရ ငြူစူနေတော့တာပေါ့ရှင်… ဒါနဲ့ ကျမက သူ့ကို ကျမဆီမှာ ရှိတဲ့ wet Tissue တွေ ထုတ်ပေးပါတယ်… သူကလဲ စောင့်အောင့်ယူပြီး သူ့ဖိနပ်ကို သုတ်ပါတယ်… နောက် Tissue တွေ ကုန်သွားတော့ ကျမဆီမှာ သောက်လက်စ ရှားရှားပါးပါး ကျန်တဲ့ ရေဗူးလေးက ရေကို ယူမလား.. ကပ်စေး ကပ်စေး မဖြစ်တော့အောင်လို့ ဆိုတော့ သူက ယူမယ်တဲ့.. ဒါနဲ့ ကျမက ရေဗူးလေးကို သူ့ သုတ်လက်စ Wet Tissue မှာ လောင်းပေးမလို့ဟာကို… အဲဒိ ဖွားဖွားက ဘာလုပ်တယ်ထင်လဲ… ကျမရေဗူးကို ယူပြီး ရေဗူး နှုတ်ခမ်းသားနဲ့ သူ့ သုတ်လက်စ Wet Tissue ဖတ်နဲ့ကို ကပ်ပြီး ရေစွပ်တယ်ရှင်… သူများသောက်နေတဲ့ ရေဗူးကို သူ့ဖိနပ်သုတ်ပြီးသား အ၀တ်စနဲ့ ကပ်ပြီး ရေစွတ်တယ်ဆိုတာ မလုပ်သင့်ဘူးဆိုတာ သူ့အသက် သူ့အရွယ်နဲ့ Common Sense သိသင့်တယ်လို့ ကျမထင်ပါတယ်… သူ့အသက်ကလဲ မရဏကို မျက်စောင်းလှန်းထိုးနေတဲ့ အရွယ်ဆိုတော့ မိဘက နင့်ကို မဆုံးမဘူးလားလို့ ပြောလို့တော့မကောင်းပါဘူး… ပြောချင်းပြော ရှင့်သားသမီးတွေက ရှင့်ကို မဆုံးမဘူးလားလို့တောင် ပြောလိုက်ချင်ပါတယ်…
သူ့စိတ်အနေမှာ ကျမက အပြစ်ရှိတဲ့သူဖြစ်တယ်… သူ့ကို ခုလို ကသိကအောင့်ဖြစ်အောင်လုပ်တဲ့အတွက်… ကျမကိုလဲ တစ်ခုခု အခက်ခဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးရှိတယ်ထင်ပါတယ်… ဒါပေမဲ့ ကျမဘက်က ကြည့်တော့လဲ ကျမ တမင်ရည်ရွယ်ပြီးလုပ်တာလဲ မဟုတ်တဲ့အပြင် တောင်းလဲ တောင်းပန်ပြီးပြီ… ကိုယ့်ဘက်က တတ်နိုင်တာကိုလဲ လုပ်ပေးပြီးပြီ… သူလူကြီးတစ်ယောက်အနေနဲ့ ခွင့်လွှတ်ပေးသင့်တာပေါ့… သူ့အတွက် နေလို့ထိုင်လို့မကောင်းတော့ဘူးဆိုပင်မဲ့ ဘာမှ တတ်နိုင်တော့တဲ့ ကိစ္စမဟုတ်ဘူးလေ… အားလုံးက ဖြစ်ပြီးနေပြီ… သူဒီတိုင်း ကျမကို ခွင့်လွှတ်လိုက်ရင်တောင် ကျမစိတ်ထဲမှာ အားနာပြီ ကိုယ့်ကိုကိုယ်အပြစ်ရှိသလို ခံစားနေရအုံးမယ်… ခုတော့ သူ့ရဲ့ မပြည့်ဝတဲ့ အပြုအမူကြောင့် ကျမက အတော်လေးကို စိတ်မျက်သွားတဲ့အပြင် ငါမှောက်သွားတဲ့ အချိုရည်တောင် နည်းသေးတယ်လို့ စိတ်ထဲဖြစ်မိပါတော့တယ်…
ကျမရဲ့ မေမေကို လှမ်းကြည့်တော့ ကျမမေမေက “မပြောနဲ့… မပြောနဲ့… ကိုယ့်ဘာသာကိုယ်ပဲနေလိုက်တော့… သည်းခံလိုက်” ဆိုပြီ ဟိုဘက် ခုံကနေ ကျမကို မျက်နှာရိပ်နဲ့လုပ်ပြပါတယ်… ကျမလဲ သောက်လို့မရတော့မဲ့အတူတူ… ဒီရေဗူးကို ဘာလုပ်နေတော့မှာလဲ… ဒါနဲ့ စိတ်ကို မနည်းလျော့ပြီး… အန်တီရေ… အန်တီလိုမယ်ဆိုရင် အကုန်ယူလိုက်ပါတော့လား… ကျမ မသောက်တော့ဘူးလို့ ပြောပြီးပေးတော့လဲ ဖွားဖွားက မယူဘူးတဲ့ရှင်… ဒါနဲ့ပဲ ကျမလဲ ကိုယ့်ခုံမှာပဲ ကိုယ်ပြန်ထိုင်နေတော့တာပါပဲ… အပြစ်ရှိသလိုခံစားရတဲ့ ခံစားမှုတော့ အလျင်းမရှိတော့ပါဘူး… ခုလို သူလုပ်လိုက်တဲ့အတွက် ကျမကတောင် ကျေးဇူးတင်ပါသေးတယ်… ဒါပေမဲ့လဲ သူ့မှာ ကျိတ်မနိုင်ခဲမရတွေဖြစ်ပြီး သူ့ဒေါသနဲ့ သူ ပူလောင်ပြီး နောက်ကနေ ပွစိပွစိနဲ့ ပြောမဆုံးအောင်ကိုး ရှိနေတော့တာပေါ့… ပန်းသီးအချိုရည်ပေတာများ… ကျင်ငယ်ရည်ထိတာထက်တောင် ဆိုးနေတယ်… ကျမလဲ ကြားနေရရင် ဒေါသထွက်နေမှာဆိုးလို့… MP3 ကို နားထဲထည့်ပြီး မျက်စိမှိတ်ပြီး နေနေလိုက်ပါတော့တယ်… အေးချမ်းလိုက်တာလွန်ရော…
နောက်တော့ ဂိုက်မိန်းမ ကတ်သီကို ဖွားဖွားက လှမ်းခေါ်လိုက်ပြီး “ ဒီမှာ ကြည့်စမ်းပါအုံး သူလုပ်လိုက်တာ ပန်းသီအချိုရည်တွေ ကျကုန်ပြီး အားလုံး ကပ်စေး ကပ်စေးတွေဖြစ်ကုန်ပြီ… ကြည့်စမ်း… ကြည့်စမ်း” ဆိုပြီး… ကိုယ်ပိုင်အင်အားမရှိတဲ့ကလေးတစ်ယောက်က သူ့မိဘကို တိုင်သလိုမျိုး တိုင်ပါတယ်… သူတိုင်တော့ဘာအရေးလဲ ကတ်သီက ကျမကို လာဆူလို့မှ မရတာ… ကားပေါ်က ကျန်တဲ့သူတွေကရော ကိုယ့်ကိစ္စမဟုတ်ပဲနဲ့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုပြီး လာရပ်တည်မှာလဲ… ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ကိုယ်ဖြစ် ကိုယ်ခံ ကိုယ်ရင်ဆိုင်ပဲ… ဒါကို ဒီအသက်အရွယ်ရောက်နေပြီး နားမလည်သေးတာတော့ သနားစရာပဲ…
ကျမတို့ ၂ယောက်ကြားမှာ မြေဇာပင်ဖြစ်သွားသူကတော့ အလွန်တာဝန်ကျေပွန်တဲ့ ဂိုက်ကတ်သီပါပဲ… သူ့မှာ အဖွားကြီးကိုလဲ စိတ်ကျေနပ်အောင်လုပ်ပေးရမယ်… (အဖွားကြီးအတွေးထဲမှာတော့ ကတ်သီက ကျမကို ဆူလိုက်ရင်ကောင်းမှာပဲလို့ တွေးချင်တွေးနေမှာပဲနော်…) ကျမကိုလဲ ဘာမှ အပြစ် တစ်ခွန်းမပြောတဲ့အပြင် ပန်းသီးအချိုရည်က ကျမဟာမဟုတ်တဲ့အတိုင်းပါပဲ… အဖွားကြီးတိုင်ပြီး ခဏကြာတော့ သူ တစ်ရှူးလိပ်တွေနဲ့ ပြန်ရောက်လာတယ်… ပြီးတော့ ဒူးကိုထောက် ကားကြမ်းပြင်နဲ့ ထိုင်ခုံအောက်တွေကို တစ်ရှူးတွေနဲ့ သုတ်ပါလေရော… အမှန်တော့ အချိုရည်တွေက ခြောက်တောင် ခြောက်သွားလို့ ကပ်စေးနေတဲ့ အခြေအနေကို ရောက်နေပါပြီ… သုတ်လဲ သိပ်တော့ မထူးတော့ပါဘူး… ဒါပေမဲ့ သူက အခုလို ခုံအောက်တွေထိ လိုက်သုတ်နေတော့… ကျမ သူ့ကို အတော်လေးလဲ သနားတယ်… အားလဲနာတယ်… စိတ်ထဲမှာလဲ ချီးကျူးမိတယ်… ဒါနဲ့ ကျမလဲ MP3 ကိုဖြုတ်… ထိုင်ရာကထပြီး သူ့ဆီက တစ်ရှူးတောင်းပြီး သူနဲ့အတူတူ လိုက်သုတ်ပေးလိုက်ပါတယ်… ဒါတောင် သူက ပါးစပ်က… “ ရတယ်… ရတယ်… မရှိတော့ဘူး… သူသုတ်လိုက်ပြီ” လို့ ပြောပါသေးတယ်… ဟိုအဖွားကြီးတော့ ဘယ်လိုနေတယ်မသိဘူး… ကျမကတော့ ကတ်သီကို အားနာလို့ ကူလုပ်ပေးလိုက်တာပါ… ကျမစိတ်နဲ့သာဆို ပေပြီးတော့ကို နေအုံးမှာ… ဘာပဲပြောပြော ကတ်သီဖြေရှင်းလိုက်လို့ တင်းမာနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ သူသုတ်လိုက်တဲ့ တစ်ရှူးတွေနဲ့ အတူ လွင့်စင်ပျောက်ကွယ်သွားခဲ့ပါတယ်…
(၃) လောင်လောင်ဖွား
ပုံထဲမှာပါတဲ့အတိုင်း ခေါင်းဖြူအဖွားကြီး ၂ယောက်ဘေး အနောက်နားလေးက အင်္ကျီအဖြူနဲ့ ဖွားဖွားကတော့ ခပ်လောင်လောင်ပြောင်ပြောင်နေတတ်လို့…. လောင်တတ်တဲ့ အဖွားကြီးကို အတိုချုံးပြီး လောင်လောင်ဖွားလို့ ကျမကနာမည်ပေးထားပါတယ်… သူလည်းပဲ အဖွားကြီး အထိုက်အလျောက်တော့ အတ္တရှိပါတယ်… ဒါပေမဲ့ သူက ပြောရင် လူကို နောက်သလိုလို ပြောင်သလိုလိုနဲ့ ဗိုလ်ကျတာပါ… ဥပမာဆိုရရင်… နေရာတစ်နေရာကို ဓာတ်ပုံရိုက်ဖို့ ကျမတို့လူငယ်တွေက အရင်ရောက်တယ်… သူက နောက်မှရောက်ပြီး… ငါ့ကို အရင်ပေးရိုက်ပါနော်… ဘာညာနဲ့… မပေးဖူးပြောတော့လဲ မကောင်း… အမှန်ဆိုသူတောင်းကို မတောင်းသင့်တာပါ… အဲလိုမျိုးကိစ္စလေးတွေ တော်တော်များများသူလုပ်တတ်ပါတယ်… အညွှန့်ခူးစားတယ်ဆိုပေမဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲရှိလို့… သူ့နဲ့တော့ ဘာပြဿနာမှ မတတ်ခဲ့ပါဘူး… သူက ဒီတိုင်းကြည့်ရင် အသက်၆၀ ကျော်လိမ့်မယ်တောင် မထင်ရပါဘူး… ဆံပင်တွေကလဲ ဆေးတွေဆိုးထားတော့ နက်မှောင်နေတာပဲ… ကားပေါ်မှာလဲ သီချင်းဖွင့်ခိုင်းပြီး ကလိုကနဲ့ အတော်လေးတော့ ပျော်တတ်ပါတယ်… အဲ… သူနဲ့ ပန်းသီးခေါင်းဖြူဖွားဖွားနဲ့တောင် လမ်းမှာ ချဲထိုးဖို့ စကာင်္ပူကို ဖုန်းခေါ်ရင်း အချင်းချင်း စကားများရန်ဖြစ်ကြသေးတယ်… ဗိုလ်တွေချည်းပဲ…
(၄) အတ္တပုံဆောင်ခဲ ဖွားဖွားများ အဖွဲ့
လောင်လောင်ဖွား ရှေ့က နေကာမျက်မှန်နဲ့ ဖွားဖွားကနေစပြီး ဦးထုပ်အနီရောင်စောင်းထားတဲ့ ဖွားဖွားထိ… လေးယောက်ကိုတော့ ကျမတို့က အတ္တပုံဆောင်ခဲများ အဖွဲ့လို့နာမည်ပေးထားပါတယ်… (နာမည်လေးက ကဗျာဆန်တယ်ဟုတ်? ဟတ်… ဟတ်…) အဲဒိဖွားဖွားတွေက ကျမတို့နဲ့တော့ ထိပ်တိုက် သိပ်မဖြစ်ဖူးပါဘူး… သို့သော် သူတို့ တစ်ဖွဲ့လုံးက ကျမတို့ ကို စကားပြောရင် အထင်အမြင်သေးတဲ့ မျက်လုံးမျိုးနဲ့ ကြည့်တတ်ပါတယ်… အမြဲ အထက်စီးကပုံစံမျိုးနဲ့ ပြောပါတယ်… မြန်မာဆိုတာနဲ့ပဲ သူတို့ကို အောက်ကျို့ရတော့မှာလား… ပြီးရင် ကျမတို့ကို မေးလိုက်မှဖြင့်… နင်တို့က မြန်မာတွေဖြစ်ပြီး… ဘယ်လိုလုပ်ပြီး ကိုရီးယားကို ခရီးထွက်နိုင်တာလဲ… (အဲလို သဘောမျိုးဆန်ဆန်)… မေးတတ်ကြပါတယ်… ကျမဆီမှာ ရှိသမျှ စည်းစိမ်ကိုလဲ စစ်ဆေးမေးမြန်းနေလိုက်ကြတာ တစ်ယောက်ပြီးတစ်ယောက်ပါပဲ… ကျမကလဲ လုံးဝတော့ ဖြုံမယ်မထင်ပါနဲ့… သူတို့ စားရိတ်နဲ့လဲ ခရီးထွက်နေတာမဟုတ်ပါဘူး… သူတို့ကို အသက်ကြီးတဲ့သူတွေမို့ ဦးစားပေးတာကလွဲလို့ အောက်ကျို့နေစရာတော့မလိုပါဘူး… ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခရီးထွက်နေတာပါ… ပြောရရင် သူတို့လို အသက်ကြီးမှ သားသမီးတွေကလဲ ပြန်မကြည့်လို့ တသက်လုံးရှာထားတဲ့ CPF လေးပြန်ရမှ မသေခင်လေး သုံးရတာမဟုတ်ပါဘူး… တတ်နိုင်လို့ ကိုယ့်အမေကိုတောင် စားရိတ်ခံခေါ်လာတာပါ… (ကြုံတုန်းကြွားတာပါ… ခုတော့လဲ မွဲ… ဟဲ… ဟဲ…)
မှတ်မှတ်ရရ အင်္ကျီအပြာနဲ့ အဖွားကြီးနဲ့တော့ တစ်ခါပဲ အနည်းငယ်လေး စိတ်ထစ်ဖူးပါတယ်… ဂျဲဂျူးကနေ ဆိုးလ်ကို သွားမဲ့နေ့… ဂျဲဂျူးလေဆိပ် ချက်အင်မှာ ဂိုက်က အဖွဲ့တစ်ဖွဲ့ကို အဲဒိအဖွဲ့ထဲကတစ်ယောက်ထဲရဲ့ နာမည်နဲ့ပဲ အိတ်တွေကို ချက်အင်ဝင်ထားတာပါ… အဲဒါကိုသူက ရှေ့ဆုံးကလဲ တိုးဝှေ့ပြီးဝင်သေးတယ်… ပြီးတော့ နားမလည်ပဲနဲ့ ကျမတို့ ချက်အင်ဝင်နေတော့မှ တိုးဝှေ့ပြီးတစ်ခါ ပြူးတူးပြာတာနဲ့ အတင်းလာထပ်မေးပါတယ်… ကတ်သီကလဲ လူတွေ အများကြီးကို လုပ်နေရတော့ အလုပ်များတာပေါ့… ဒါနဲ့ ကျမက သူဘာဖြစ်နေလဲဆိုတာသိတော့.. ရှင်းပြတာပေါ့ “မဟုတ်ဘူး အန်တီ… ဒါက ဒီလိုရှိတယ်ပေါ့…” အဲဒါကို သူကမျက်စောင်းထိုးပြီး မယုံသကာင်္နဲ့ စေတနာကို ပျက်ရော… နောက်တစ်ခုဆိုးတာက သူတိုးဝှေ့ဝင်လိုက်တာ ကျမအမေ ခြေထောက်ကို သူ့လှည်းနဲ့ တက်ကျိတ်သွားတယ်လို့ အမေကလာပြောတော့ အတော်လေးကို ချဉ်သွားပါတယ်… ကျမ မရိုင်းချင်ပါဘူး… ရိုင်းလိုက်လို့ မြန်မာတွေ ဒီလိုပဲလို့ အပြောခံရမှာလဲ ဆိုးပါတယ်… ဒီတော့လဲ နေပေါ့… အဲဒိ ကောင်တာမှာပဲ နေခဲ့ပေါ့… မဗေဒါတို့ကလဲ ကိုယ့်ကို မယုံကြည်ရင် ၂ခါ အကူအညီမပေးပါဘူး… သဗ္ဗေသတ္တာ ကာမသကာ ပဲပေါ့… (အဲဒိ အင်္ကျီအပြာဖွားဖွားနဲ့ သူ့ဘေးက အနက် နေကာမျက်မှန်နဲ့ ဖွားဖွားက ညီအစ်မဖြစ်မယ်ထင်တယ် ရုပ်အတော်ဆင်တယ်)
အဲ နောက်ပြီး… ပန်းရောင်နဲ့ ဖွားဖွားကတော့ အသစ်အစမ်းဆို သူအကုန်လုပ်ချင်ပါတယ်… အဲ free testing တို့ဘာတို့လဲ သူပဲ ခံချင်တယ်… အဲဒါကို အတ္တအမျိုးအစားခွဲမယ်ဆိုရင် ဘယ်ပုံဆောင်ခဲ အမျိုးထဲပါမလဲတော့မသိဘူး… ကျမတို့ကိုကြည့်ရင် အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တဲ့ အထဲမှာ သူထိပ်ဆုံးကပေါ့… Face Shop က skin care lesson မှာ ဘယ်သူ အစမ်းခံမလဲဆိုတော့ ထိပ်ဆုံးက ပြေးလိုက်တာ ပြိုင်ဘက်မရှိဗိုလ်ဆွဲသွားတယ်… နောက်တော့ Face Shop က product တွေရောင်းတော့ ဘာမှ မ၀ယ်ပဲ မျက်ခုံးမွှေးခဲတံလေး ၁ချောင်းပဲ ၀ယ်တယ်… အဲဒိဆိုင်ပြီးတော့ သူကျမတို့ သားအမိကို နဲနဲ ဖျားသွားတယ်… Face shop မှာ ကျမတို့ သားအမိဝယ်တာ ကိုရီးယား ၂သိန်းခွဲဖိုး (စကာင်္ပူု ၃၀၀ ကျော်ခန့်…) ကျော်တယ်လေ… ကားပေါ်မှာ အများဆုံးဝယ်တာ ကျမတို့ပဲ… ၂သိန်းကျော်ဖိုးဝယ်ရင် ဆလင်းဘက်အိတ် ၁လုံးလက်ဆောင်ရတယ်… ကျမတို့ အိတ်ကြီးကို ကြည့်ပြီးမှ … ၀ါး… အများကြီးပါလားဆိုပြီး ကောင်းကောင်းမွန်မွန် စကားပြောတော့တယ်…
ဦးထုပ်အနီနဲ့ အတ္တပုံဆောင်ခဲ ဖွားဖွားကို စစတွေ့ချင်းတော့ သူက အဆိုးဆုံးဖြစ်လောက်တယ်လို့ထင်တာပါ… သူ လူကိုကြည့်တဲ့ပုံစံက မျက်ထောင့်နဲ့ တစ်လောကလုံးမှာ သူပဲ ကိုရီးယားသွားနိုင်တဲ့ ပုံစံမျိုးနဲ့ပါ… စကားပြောရင်လဲ မြန်မာလို အနီးစပ်ဆုံး ပြောရရင် “ဟေ့… ကောင်မလေး… ညဉ်းတို့က စကာင်္ပူမှာ ဘာ စတေးနဲ့ နေကြတာလဲ… ညဉ်းက ပီအာလား.. ဘယ်လို ပီအာရတာတုန်း… စကာင်္ပူယောကျာင်္း ယူထားလို့လား… ညဉ်းအမေကရော စကာင်္ပူမှာ ဘာစတေးနဲ့ နေသလဲ… “ အဲလို လေသံမျိုးနဲ့ ဖြစ်မယ်ထင်ပါတယ်… အမှန်ဆိုရင်တော့ သူများပါစင်နယ်ကို ခရေစိတွင်းကျ ပြောပြချင်မှန်းမသိ… မပြောပြချင်မှန်းမသိ လိုက်မေးတာ အဆင့်ကို မရှိဘူးလို့ထင်ပါတယ်… ဒါမျိုးတွေက ရင်းနှီးမှု အတိုင်းအတာပေါ်မူတည်ပြီးမှ မေးသင့်တယ်လို့ထင်ပါတယ်… သူ့ကိုသူတော့ နိုင်ငံကြီးသား ဒီဇိုင်းပေါ့… ကျမတို့ကတော့ နိုင်ငံ အနိမ့်လေးကပေါ့လေ… သူ့နိုင်ငံ သူဂုဏ်ဆောင်နေတာလေ… ဘာ နိုင်ငံကြီးသားလဲ… ဒါပေမဲ့လဲ သူက သူ့ရဲ့ အမူအရာ ပြောပုံဆိုပုံကလွဲရင် ကျန်တာအားလုံး အဆင်ပြေပါတယ်… ဒါကလဲ သူ့ရဲ့ အကျင့်ပဲလေဆိုပြီး ကျမရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာ ထဲမှာရှိနေပါသေးတယ်… ကျမတို့ အကြောင်းကို မေးမြန်းလိုက်တာများ CID က ကြည်မာခင်တောင် အမေခေါ်ရမယ်… သူက စ သုံးလုံးကထင်တယ်… စုံစမ်း၊ စစ်ဆေး၊ စပ်စုရေး လေ…
(၅) ကလေးအမေ သားအမိ…
ဒီဘက်က အကျီင်္အဖြူ ပုဝါအနီ နေကာမျက်မှန်နဲ့ မိန်းမကြီးရယ်… ဘေးက လူငယ် မိန်းမ ၂ယောက်ရယ်ကတော့ အဆင်ပြေပါတယ်… ပုဝါအနီနဲ့ အဖွားကြီးကတော့ လူ့သဘာဝအတိုင်း အထူးသဖြင့် အသက်ကြီးတဲ့သူတွေ သဘာဝအတိုင်း သူလုပ်တာမှ ကောင်းတယ်ထင်တာပေါ့လေ… ဒါကလဲ ဖောရှောလေးနဲ့ ဟုတ်တာပေါ့… သိပ်ကောင်းတာပေါ့… အားကျလိုက်တာ လိုက်ပြောလိုက်ရင် သူနဲ့ ပြေလည်နေတာပါပဲ… ဥပမာ… ရှန်ဟိုင်းမှာ တရုတ်ကျွမ်းဘားကို ကြည့်မယ်ဆိုရင် ပိုက်ဆံထပ်ကောက်ပါတယ်… ကျမတို့လူငယ်တွေ (သူ့သမီး အပါအ၀င်) က ကျွမ်းဘားမှ မကြည့်ချင်တာ… ရှော့ပင်းပဲ ထွက်ချင်တာလေ… ဒီလိုနဲ့ ၂စုကွဲသွားလေရဲ့… အဲဒါကို နောက်နေ့ တွေ့တော့ ကျွမ်းဘားက ဘယ်လောက်ကောင်းကြောင်း… ကျမတို့ မကြည့်လိုက်ရတာ နာသွားကြောင်း… သူရွေးတဲ့လမ်းက မှန်တယ်ပေါ့လေ… အဲလိုသဘောမျိုးတွေ တစ်ခါလဲ မဟုတ် ၂ခါလဲ မဟုတ်လိုက်ပြောနေရော… ရွယ်တူသာဆိုရင်တော့ ကျမ တစ်ခွန်းပြန်ပြောမိမယ် ကိုယ်ထင်ရင် ကုတင်ခြေလေးချောင်းပါပဲလို့… (စကားပုံ အမှန် ကိုယ်ထင်ရင် ကုတင်ရွှေနန်း) …
ကျမရဲ့ စိတ်ဓာတ်က ကျမ မကြိုက်တဲ့အရာ ကို ဘယ်သူတွေက ဘယ်လောက်ကောင်းပါတယ်ပြောပြော စိတ်ထဲမှာ တက်မက်တဲ့စိတ်ကို မရှိတာ… မကြိုက်ပါဘူးဆိုမှ ရှင်းနေပြီ… ဟုတ်ဘူးလား… ကျမအတွက်တော့ ပိုက်ဆံပေးပြီး ကျွမ်းဘားလိုက်ကြည့်တာထက်စာရင် အဲဒိနေ့ညက ကျမလုပ်ခဲ့တဲ့ ရှန်ဟိုင်း ရထားလိုင်းလိုက်စီးပြီး ကိုယ့်ဘာကိုယ် သွားချင်တဲ့နေရာ သွားနေရတာကမှ စိတ်လှုပ်ရှားစရာ ပိုကောင်းပါသေးတယ်… ဒါပေမဲ့လဲပေါ့လေ… သူက လာပြောနေမှတော့ “ဟုတ်လား… အန်တီ ကြိုက်လား… အင်း…” ဒီလောက်တော့ ပြောပေးလိုက်ပါတယ်… ငါတို့မကြည့်လိုက်ရတာ နာလိုက်တာလို့တော့ သူ့စကားကို လုံးဝ မထောက်ခံခဲ့ပါဘူး..
သူကသာ ကြွားကောင်းနေတာပါ ညက သူ့သမီး ဘယ်သွားလဲဆိုတာတော့ သူ မသိရှာဘူးလေ… (သူ့သမီးဘယ်သွားလဲဆိုတာကို နောက်ပိုင်း ခရီးသွားမှတ်တမ်း အပိုင်းများတွင်မျှော်…)
သူ့သမီးကတော့ ခပ်ချောချောပါပဲ… မျက်နှာမှာ ၀က်ခြံထွက်ပြီးကျန်တဲ့ အမာရွတ်လေးတွေကလွဲရင် ကိုယ်လုံးလဲ မဆိုးဘူး… ရုပ်ရည်လဲ ချောတယ်… ၀တ်တာလဲ ခေတ်မှီတယ်လို့ပြောလို့ရတယ်… သူ့ကိုတော့ ကျမတို့က Briefing နေ့တုန်းက သူ့သမီးလေး ခေါ်လာတာတွေ့လိုက်တော့… ကလေးလေးရဲ့ အမေဆိုပြီး အစွဲပြုပြီး… ကလေးအမေလို့ ခေါ်ပါတယ်… သူကတော့ လူငယ်ပိုင်းလဲဖြစ်တယ်ဆိုတော့ တော်တော်လေး အဆင်ပြေပါတယ်… စကားပြောလို့လဲကောင်းတယ်… အားလုံး အိုကေပဲ… အဲ… စွာတော့ စွာတယ်နော်… ကျမနဲ့တော့ ဘာကေစ့်မှ မရှိဘူး… တည့်တယ်… သူ့သူငယ်ချင်းမိန်းမကတော့ ပိုရိုးတယ်… ရိုးတယ်ဆိုတာ စိတ်ထားကိုပြောတာ.. သိပ်ဟန်ဆောင် ပန်းဆောင်မရှိဘူး… ပွင့်ပွင့်လင်းလင်းနဲ့ ကျမနဲ့ ပေါင်းလို့ရတယ်… သူတို့ ၂ယောက်လဲ ကိုရီးယားကား အတော်ကြည့်ပုံရတယ်… ပြောသမျှကားအားလုံး နီးပါးသိတယ်… ကျမနဲ့ ပိုခင်ပြီး ပြောစရာများလာတဲ့ အကြောင်းကတော့ ကိုးရီးယားရုပ်ရှင်တွေ အကြောင်းပေါ့ရှင်…
(၆) ချစ်တတ်တဲ့ ဖိုးဖိုး ဖွားဖွား
ညာဘက်အစွန်ဆုံးက ကတ်သီဘေးမှာ ရပ်နေတဲ့ အဖိုးကြီး အဖွားကြီးစုံတွဲကတော့ ချစ်တတ်တဲ့ လင်မယားလို့ ခေါ်တယ်… သူတို့၂ယောက်က နာမည်နဲ့လိုက်အောင်ကို အတော်ချစ်ကြတယ်… ကားပေါ်က အတွဲတွေထဲမှာ သူတို့ ၂ယောက်က အချစ်တတ်ဆုံးလို့ထင်တာပဲ… အဖိုးကြီးကလဲ အဖွားကြီးကို အတော်ဂရုစိုက်တယ်… အဖွားကြီးကလဲ စိတ်ထားကောင်းတယ်… ပစိပစပ်လဲ မများဘူး… လူငယ်တွေကိုလဲ နားလည်တယ်… လူကြီးအချင်းချင်းလဲတည့်တယ်… သူတို့ ၂ယောက်ကို ကြည့်ရတာ အားကျတယ်… ကိုယ်လဲ သူတို့လိုပဲ အိုမင်းတဲ့အထိ ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်း ရှိမဲ့ လက်တွဲဖော်မျိုးကို လိုချင်တယ်… အဖိုးကြီးက အရင်က မြန်မာ ဆရာဝန်တစ်ယောက်လက်အောက်မှာ အလုပ်လုပ်ဖူးတယ်တဲ့… မြန်မာပြည်လဲ ရောက်ဖူးတယ်… သူတို့ လင်မယား ၂ယောက်လုံးက မြန်မာကို အထင်မသေးဘူး… သူတို့ သားသမီးတွေက ၁ယောက်က သြစီမှာ.. ၁ယောက်က အင်္ဂလန်မှာ.. ၁ယောက်က စလုံးမှာ အိမ်ထောင်တွေကျကုန်ကြလို့ သူတို့လင်မယားက အေးဆေးဖြစ်နေပြီ…
အဖိုးကြီးက လေချွန်ရတာကို တော်တော်ဝါသနာပါတယ်… သူ့မိန်းမပြောပုံအရ စိတ်ညစ်လဲ လေချွန်တယ်… ပျော်လဲ လေချွန်တယ်… ပျင်းလဲ လေချွန်တယ်တဲ့… ဟုတ်တော့လဲ ဟုတ်တယ်… ကားပေါ်မှာလဲ လေလေး တချွန်ချွန်… ဟိုတယ်ရောက်လဲ လေတချွန်ချွန်… မြွေလာမှာတောင် ကြောက်ရတယ်… ဒီတော့ အဖိုးကြီးနာမည်ကို လေချွန်နတ် လို့ ပေးထားတယ်…
အဖွားကြီးကတော့ သဘောကလဲ ကောင်းတယ်… ပြီးတော့ ပန်းသီးဖွားဖွားနဲ့ လောင်လောင်ဖွား ရန်ဖြစ်ကြတုန်းကလဲ သူက ၀င်ဖြန်ဖြေသေးတယ်… ကျမ ရှန်ဟိုင်းမှာ ဈေးရောင်းသူတစ်ယောက်ကို ဒေါသထွက်တုန်းကလဲ လာနှစ်သိမ့်ပေးသေးတယ်… ဒီတော့ သူက ငြိမ်းချမ်းရေးကို ကိုယ်စားပြုတော့ လောကနတ်လို့ နာမည်ပေးထားတယ်… အဟိ…
(၇) ပေါင်တို အတွဲ
အဟဲ… နာမည်ကြားပြီး လန့်မသွားပါနဲ့… ဦးထုပ်အနီနဲ့ အဖွားကြီးနောက်က အရပ် ခပ်ရှည်ရှည်အတွဲကိုပြောတာပါ… သူတို့ အတွဲက ၂ယောက်လုံး အရပ်ကြီးအတော်ရှည်ပါတယ်… ကောင်မလေးက အရပ်ကရှည်တဲ့အပြင် သူ့ရဲ့ ထူးခြားတဲ့ အချက်ကတော့… ဘယ်လောက်ချမ်းချမ်း… ဘယ်လောက်အေးအေး… စကပ်အတိုပဲဝတ်တာပါ… တိုတာမှ ပေါင်အလယ်လောက်ပဲရှိပါတယ်… အဲဒါကြောင့် ပေါင်တိုလို့ နာမည်ပေးထားတာပါ… သူတို့အတွဲကလဲ အရမ်းကို မှ ပွတ်သီးပွတ်သပ်လုပ်ကြပါတယ်… တစ်ခါတစ်လေ… သူတို့ ခန္ခာကိုယ်ကြီးမှ အားမနာ နွဲ့ပြီး ကလူအိသို့ မြူအိသို့ လုပ်နေကြတာ ကျက်သီးထစရာပါ… သူ့ကောင်က သူ့ကို “Baby” တဲ့… သူ့ကောင်မလေးက သူ့လူကြီးကိုကျတော့ “Darling” တဲ့… ပြီးတော့ အဲလူကြီးကလဲ သူ့ပုံသူ့ပန်းမှ အားမနာ… ထမင်းဝိုင်းမှာ စကားစပ်မိကြလို့… ကိုရီးယားက ဓာတ်ပုံဆရာ Danny က ချောတယ်လို့ သူ့ကောင်မလေးကပြောလိုက်လို့… စိတ်ကောက်တာများ… ကျမစိတ်ထဲမှာတော့ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့နေသေးတယ်လို့ ထင်မိပါတယ်… ဒါပေမဲ့… ဒါကလဲ သူတို့ အခွင့်အရေးလေ… ကျမကိုလဲ ဘာမှ လာမထိခိုက်ဘူးဆိုတော့ အေးဆေးပါပဲ… ထမင်းစားလို့ ၀ိုင်းထိုင်ကြရင် ပထမနေ့ထဲက သူတို့ အတွဲနဲ့ပဲ အတူတူထိုင်ဖြစ်တာများပါတယ်… လူငယ်တွေနဲ့ ထိုင်ရတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်လေ… လုလဲ မစားဘူး… ပုံမှန်ပဲ… အဖွားကြီးတွေနဲ့ဆို စိတ်ညစ်ရမှာ…
သူ့လူကြီးနာမည်က Matthew တဲ့… ဒီတော့ မြန်မာမှုပြုလိုက်တော့ မျက်ပြူးပေါ့… ဒီတော့ သူ့လူကြီးနာမည်ကို မျက်ပြူးလို့ပဲ ခေါ်တယ်… အဲဒိလူကြီးက ကိုရီးယားမှာတော့ သူ့ကောင်မလေးနဲ့ ပွတ်သီး ပွတ်သပ်လုပ်တာကလွဲလို့ ငြိမ်သေးတယ်… ရှန်ဟိုင်းလဲရောက်ရော ဆရာလုပ်သလားမမေးနဲ့… သူက ရှန်ဟိုင်းအရင်က ရောက်ဖူးတယ်ဆိုပဲ… တိုးဂိုက်ကတောင် သူ့ကို ဆရာခေါ်ရမယ်… ဒါပေမဲ့လဲ ကောင်းတော့ကောင်းပါတယ်… ရှန်ဟိုင်းက တိုးဂိုက်ရဲ့ အင်္ဂလိပ်ကလဲ မတောက်တခေါက်ဆိုတော့ သူက ကြားက ၀င်ဦးစီးပေးတာဆိုတော့ ကျေးဇူးတောင်တင်ရပါအုံးမယ်…
(၈) နုထွား အတွဲ
နောက်ဆုံးကျန်တာကတော့ ပုံထဲမှာ အပြာနဲ့ အဖွားကြီးနောက်က အတွဲပေါ့… အဲဒိအတွဲထဲက ကောင်မလေးက ပထမဆုံး ကိုရီးယားရောက်တဲ့နေ့မှာပဲ လာမိတ်ဆက်တယ်လေ… တွေ့တာနဲ့ ကိုယ်တို့ အသက်ကို တန်းမေးတော့တာပါပဲ… ကျမတို့လဲ အသက်ကို ပြောပြလိုက်တော့…
သူက… “ အော်… ငါက ဒီကားပေါ်မှာ ငါအငယ်ဆုံးလို့ ထင်နေတာ… ငါ့ထက်ငယ်တဲ့သူ ပါတာကိုး… “ ဆိုပြီး စိတ်ပျက်သွားတဲ့ ပုံမျိုးနဲ့ ပြောလိုက်သေးတယ်… သူနဲ့ ကျမနဲ့ကတော့ ရွယ်တူပါပဲ… ကျမသူငယ်ချင်းကတော့ သူ့ထက် ငယ်ပါတယ်… ဒီတော့ သူအငယ်ဆုံးမဟုတ်တော့ဘူးလေ… သူကလဲ လာတော့ ဘဲကြီးနဲ့လာပြီးတော့ ကလေးကျတော့ ဖြစ်ချင်နေတာ… အဟီး…
ဒါပေမဲ့ သူတို့ အတွဲက စိတ်ထားကောင်းတယ်… သိပ် ဟိတ်ဟန်လုပ်နေခြင်းမရှိဘူး… ပွင့်ပွင့်လင်းလင်းပဲ… ခင်ဖို့ကောင်းတယ်… ပေါင်တိုအတွဲက နဲနဲ ဟန်လုပ်တယ်… မပွင့်လင်းဘူး… သူတို့လဲ ထမင်းစားရင် ကျမတို့ နဲ့ပဲ တူတူထိုင်လေ့ရှိတယ်… ပြောရမယ်ဆိုရင်တော့ လူငယ်တွေ တစ်ဝိုင်းထိုင်တာပေါ့နော်… ကျမအမေကတော့ ကျမတို့နဲ့ တူတူပဲပေါ့…
အဲလိုမျိုး စကားပြောပြီးတော့ ထမင်းဝိုင်းမှာ အမေ့ကို ပြန်ပြောပြတော့… အမေက ပြောတယ်… “ ဟယ်သူတို့အတွဲကလဲ ထွားနေလို့ပါ… သူ့ကောင်လေးပုံစံကလဲ နုပါတယ်တဲ့” … အဲဒိကနေစပြီး… နုပြီး ခန္ဓာကိုယ်ထွားကြိုင်းတဲ့ အတွဲမို့ … နုထွားအတွဲလို့ နာမည်ပေးလိုက်လေ သတည်း…
ကဲ… အဲဒါကတော့ ကျမတို့နဲ့ ခရီးသွားခဲ့တဲ့ သူတွေ အကြောင်း တစ်စေ့တစ်စောင်းပေါ့ရှင်… ပြောရမယ်ဆိုရင်ဖြင့် သူတို့အကြောင်းတွေ ကျန်ပါသေးတယ်… ကိုရီးယားကောင်လေး ချောချောများတွေ့ရင် အဖွားကြီးဆိုတာကို အခွင့်ကောင်းယူပြီး “ ကျေးဇူးတင်ပါတယ်ကို ကိုရီးယားလိုဘယ်လိုပြောလဲ “ မေးပြီး ဇာတ်လမ်းလုပ်ရတာနဲ့… (အမှန်တော့ အဲဒါဘယ်လိုပြောလဲဆိုတာ ဂိုက်မိန်းမလဲ ပြောပြပြီးသွားပြီ… မမှတ်မိလဲ သူ့ကို ထပ်မေးလို့ရနေတာပဲကို…) ဒါမျိုးလေးတွေပေါ့လေ… နောက်ပိုင်း ကြုံရင်တော့ ကြုံသလိုပြောပြပေးသွားပါ့မယ်…
ဘယ်လိုပဲဖြစ်ဖြစ်ပါ… ကားပေါ်မှာ စိတ်အခန့်မသင့်တာလေးတွေ ရှိသလို… တစ်ဦးနဲ့ တစ်ဦး ဖေးကူကြတာ… တရုတ်ပြည်မှာတုန်းက ဂိုက်ကို စည်းစည်းလုံးလုံး ၀ိုင်းစွာကြတာ… သူ့ဟာနဲ့သူတော့ အမှတ်ရစရာလေးတွေချည်းပါပဲ… ဘယ်အရာမဆို အဆင်ပြေနေတယ်... အကောင်းချည်းပဲ စုနေတယ်… လွယ်လွယ်နဲ့ ရနေတယ်ဆိုရင် ပျင်းစရာကောင်းသွားမှာပါ… ခုလိုမျိုး အဆင်မပြေမှုလေးတွေနဲ့ ပစိပစပ်များတာတို့… အတ္တကြီးတာလေးတို့ကြောင့်ပဲ ခုလို အမှတ်တရနဲ့ ပြန်ပြောစရာလေးတွေနဲ့ ကျမတို့ရဲ့ ခရီးစဉ်လေးဟာ စိုပြေခဲ့ပါတယ်… သူတို့ ရှေ့ထားပြီး သူတို့ အကြောင်းပြောပြီးရယ်လိုက်… သူတို့ ဇီဇာကြောင်တာကို ကိုယ့်ဟာကိုယ်လိုက်နောက်ပြီး ရယ်လိုက်နဲ့ အမှန်တော့ သူတို့နဲ့ သွားရတာလဲ အတော်လေးကို ပျော်စရာကောင်းခဲ့ပါတယ်… ကျမမေမေကတောင်မှ စကာင်္ပူကို ပြန်ရောက်ပြီးတော့ အဲဒိ အဖွားကြီးတွေကို သတိရကြောင်း ပြောနေရတဲ့ အထိပါပဲ…
11 comments :
ခရီးသွားဖော်တွေ အကြောင်း ညီမလေးရေးထားတာ ရယ်လည်းရယ်ရ..စရိုက်ကလေး တမျိုးစီနဲ့  စိတ်ဝင်စားဖို့ လည်းကောင်းတယ်။ စောင့်ဖတ်နေမယ်နော်။
ဟုတ်တယ်အမရေ... ပြန်စဉ်းစားကြည့်တော့လဲ သူတို့ Character တွေကို အခြေခံပြီး ခရီးသွားရုပ်ရှင် ဇာတ်လမ်းရိုက်လို့ရမယ်... ဒါတောင် သူတို့အကြောင်းတွေက ကျန်သေးတယ်... ပိုစ့်အရမ်းရှည်နေလို့ အထင်ကရလေးတွေကိုပဲ ရေးထားတာ...
ခရီးသွားဆောင်းပါးက..... ငယ်ငယ်က ကျော်ဟိန်းရဲ့ရုပ်ရှင် "အချစ်တပွဲ၊စစ်ပွဲတရာ" ကြည့်နေရတဲ့အတိုင်းပဲ။ ဟီးးးးး မိုက်တယ်...... သူ့နဲ့ မတော်လို့ ခရီးသွားရင်း အပြင်မှာတွေ့ရင် ဆင်ဆင်ခြင်ခြင် နေမှဖြစ်မယ်။ မတော်.... Blog ပေါ်မှာ ချရေးနေရင် ဒုက္ခ...
ှဗေဒါ တို့ ကတော့ တော်တော် လေ့လာမှုအား ကောင်းတာပဲ... လူအားလုံး အကြောင်း ပြန်ေ၇းနိုင်တယ်...
ဖွားဗေ လို့  နာမည်ပြောင်းလိုက်ပြီ...ဟီးဟီး
ကိုဟတ်ရယ်.. သိတဲ့သူ အချင်းချင်းဆိုရင်တော့ ချမရေးပါဘူး... အသိတဲ့သူမို့ပါ.. ဟဲ.. ဟဲ..
မောင်... ဟုတ်ပါပြီး မြေးမောင်ရယ်...
ဆီဗုံးမှာ ရေးသွားတာလေးလဲ အမှတ်တရ ပြန်ဖြေရှင်းချင်လို့ပါ..
မောင်: အချို၇ည် ပေသွားတာ ကပ်စေးစေး နဲ့ စိတ်ညစ် စ၇ာပါ ...နားလည်ပေးသင့်ပါတယ်.
ဖြေ: ဟုတ်ပါတယ်.. အချိုရည်ပေတာ စိတ်ညစ်စရာပါ... ကျမသာဆိုလဲ ပထမတော့ စိတ်ဆိုးမှာပဲ... ပိုစ့်ထဲမှာလဲ ကျမဘာကြောင့်ဘယ်လိုကဘယ်လို တဖြည်းဖြည်းပြောင်းလဲ ခံစားရလဲဆိုတာကို ရေးထားပါတယ်... သူသာ ခုလို မလုပ်ပဲ ကျမကို ခွင့်လွှတ်လိုက်တယ်ဆိုရင်.. ကျမက လမ်းတစ်လျှောက်လုံး သူ့ကို လေးစားအားနာပြီး နေမှာပါ... သူများတွေတော့မသိဘူး... ကျမအမြင်မှာတော့ ကိစ္စက ဖြစ်ပြီးနေပြီ... ဘာမှ ပြန်ပြင်လို့လဲ မရတော့ဘူး.. တော်ရုံတန်ရုံ မြည်တွန်တောက်တီးတယ်ဆိုရင်တောင် ကျမစိတ်မဆိုးပါဘူး.. သူက မပြီးနိုင် မစီးနိုင်ပြောနေလို့ပါ...
အချိုရည်မှောက်တာ ကျမအပစ်မို့လို့လဲ ခုလောက်ထိ ကျမသူ့ကို ဘာတစ်ခွန်းမှ ပြန်မပြောပဲ ငုံ့ခံခဲ့တာပေါ့..
ခရီးဖော်တွေကို နာမည်ပေးထားတာ တော် တီးတီး တော်..
အတ္တပုံဆောင်ခဲများကတော့ အမိုက်ဆုံး..း)
ကိုယ့်အဖွဲ့ကိုယ်ရော ဘယ်လိုနာမည်များ ပြန်ပေးထားတုန်း.. ဆိုတာ လုပ်ပါဦး..း)
ဆက်ရန်လေးတွေ လာဖတ်ဦးမယ်..
လာရောက်ဖတ်ရူသွားပါတယ်၊ အခုခေတ် စလုံးလူငယ်တွေလည်း အဲ့လို အဘွားကြီးတွေနဲ့ ခရီးသွားရတာ မကြိုက်ကျပါဘူး။ သူတို့တွေ အတ္တ သိပ်ကြီးပြီး နဲနဲမှ သေးသေးတင် မခံကြပါဘူး။
နောက်ပိုစ့်ကို စောင့်မျှော်နေပါတယ်
ကိုရင်နော်လား မခင်လေးငယ်လားတော့သိဘူး..
ကိုယ့်အဖွဲ့ကိုယ်က ရွှေမြန်မာလေ.. ဟဲ.. ဟဲ... အဖျားဆွတ်ခေါ်တော့ ရွှေပေါ့... ဟုတ်ဝူးလား.. သူတို့လဲ ကိုယ်တို့အဖွဲ့ကို ပေးချင်ပေးထားမှာပေါ့.. ဒါပေမဲ့လဲ ကိုယ်နားမလည်တော့ စိတ်မဆိုးရဘူးပေါ့.. ဟုတ်တယ်ဟုတ်..
Andrew ရေ.. ခုလို နားလည်ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..
Good .... :) waiting for next article .
အဟီးး ဖွားဖွားတွေကို ဖတ်သွားတယ်ဗျာ.. ပျော်စရာပါပဲ ခရီးထွက်ရတာ တခါတလေတော့လဲ စိတ်အခန့်မတဲ့ သူတွေပါလာတော့ အဆင်ပြေဘူးရယ်နော့်
လေးစားလျက်
တောင်ပေါ်သား
ခရီးသွားတာကိုကျွန်တော်လည်းစိတ်ဝင်စားတယ်။
တူတူပါပဲဗျာ။
Post a Comment