Tuesday, May 18, 2010

Jang Keun Suk နဲ့ တစ်ညတာ (၅) (သို့) Fan meeting SG


ခု ဆက်လက်ပြီးတော့ JKS fan meeting မှာ ကြည့်ရမဲ့ အကြောင်းကတော့ JKS ရဲ့ fan girl တိုင်း အသဲယား.. မနာလို... အားကျ... ဖြစ်ရမဲ့ အပိုင်းလေးပါပဲ...

JKS က သူ့မှာ စကာင်္ပူက lucky fan တစ်ယောက်အတွက် လက်ဆောင်ပါကြောင်း... အဲဒါကို ဖုန်းနံပါတ်တွေကို ကံစမ်းမဲနှိုက်သလိုနှိုက်ပြီး ဖုန်းခေါ်မည်ဖြစ်ကြောင်းပြေုာပြီး စင်နောက်ကိုဝင်သွားပါတယ်... (ကျွန်မတို့ လက်မှတ်ဝယ်တုန်းက ဖုန်းနံပါတ်တွေ ဖြည့်ခိုင်းခဲ့ပါတယ်)... စင်နောက်ကနေ ဗွီဒီယိုနဲ့ screen ပေါ်မှာ ပရိတ်သတ်က မြင်နေရပါတယ်...

သူက သူရေငတ်ကြောင်း.. အအေးတွေဘာတွေသောက်ရင်း ပရိတ်သတ်ကို ကင်မရာကနေတဆင့် စကားပြောပါတယ်... နောက်တော့ ဖုန်းနံပါတ်တွေထည့်ထားတဲ့ ပုံးထဲကို ကံစမ်းမဲနှိုက်သလို နှိုက်ပါတယ်...

ကျွန်မရဲ့ အတွေးထဲမှာတော့ ရင်တွေခုန်ပြီး "ဟုတ်ရဲ့လား.. တကယ်ခေါ်မှာလား... ငါကျပါစေ... ဟင်း.. ငါဒီလောက် ကံမကောင်းပါဘူး... အင်း.. ဒါပေမဲ့ ငါကျရင်ကောင်းမယ်..." မမျှော်လဲ မမျှော်လင့်ရဲ... ဒါပေမဲ့ တဖက်ကလဲ မျှော်လင့်မိ... တကယ့်ကို ခံရခက်ပါတယ်...

ပထမတစ်ခု သူဖုန်းနံပါတ်ကို နှိပ်လိုက်တော့ ကျမဖုန်းမမည်တော့.. "သိပါတယ်လေ.. ငါဒီလောက်ကံမကောင်းပါဘူး" ...ဆိုပြီး စိတ်အမြန်ဖြေလိုက်မိတယ်.. ဒါပေမဲ့ အဲဒိဖုန်းက ခေါ်လို့မရဘူးတဲ့... နောက်တစ်ခု ထပ်နှိုက်မယ်ဆိုတော့..
"ကံတရားက ငါ့ကို အခွင့်အရေးထပ်ပေးတာများလား" လို့ မတန်မရာ ထပ်မျှော်လင့်မိသေးတယ်... ဟင်း....

ဒါနဲ့ သူနောက်ဖုန်းနံပါတ်တစ်ခု ထပ်နှိုက်တော့ ခေါ်လို့ရတယ်... ကျွန်မဖုန်းတော့ မမည်ခဲ့ပါဘူး... ခံစားချက်တွေက သေလောက်တယ်... အဟိ.. (ပိုပြောတာပါ.. မသေခဲ့လို ခုလို ဘလော့ရေးနေတာပါ)...

ကံကောင်းသူကတော့ ယိုးဒယားက ကောင်မလေးတစ်ယောက်ပါ... မင်းသားဘာပြောလဲဆိုတာ screen ပေါ်ကနေကြားနေရပါတယ်.. ကောင်မလေးပြောတာတော့ မကြားရပါဘူး.. သူက ကောင်မလေးကို စင်ပေါ်မှာ တက်ပြီးစောင့်နေဖို့ပြောပါတယ်...

ကောင်မလေးကို အားလဲကျတယ်... အမှန်အတိုင်း ၀န်ခံရရင် အစက အဲဒိအားကျတယ်ဆိုတဲ့ စိတ်ထဲမှာ နည်းနည်းလဲ မနာလိုဖြစ်မိပါတယ်... ဒါပေမဲ့လဲ "ငါဟာ နှလုံးသားရေးနဲ့ ပတ်သတ်ရင် သာမာန်လူတွေနဲ့တောင် ကံမကောင်းခဲ့တာ.. သူ့လိုမျိုး International Star နဲ့ အစထဲက မမျှော်လင့်သင့်ဘူး... ကိုယ့်ကိုကိုယ် မရှက်ဘူးလား" လို့ ပြန်လည် လှောင်ပြောင်မိနေခဲ့တယ်...

နောက်တော့ မင်းသားက သစ်ခွပန်းစည်းလှလှလေးကို ကိုင်ရင်း You are beautiful ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ As Ever သီချင်းကို အချစ်စိတ်တတ်နေတဲ့ ကောင်လေးပုံစံနဲ့ အိုက်တင်လေးလုပ်ပြီး စင်နောက်ကနေ စဆိုပြီး အပြင်ကို ပရိတ်သတ်ဘေးက အပေါက်ကနေ ထပ်ထွက်လာပါတယ်... သူလုပ်တဲ့ အမူအရာလေးတွေက သူတကယ် အဲဒိ ကံထူးရှင်ကောင်မလေးကို ချစ်နေတဲ့ ပုံစံမျိုးလေးပါ.. အသဲတွေ ယားလိုက်တာ မပြောပါနဲ့... ငိုချင်စိတ်ကို မနည်းထိန်းထားရတယ်... မင်းသားလို့ မပြောရဘူး... သူ အမူအယာ လုပ်တတ်လွန်းလို့ ချီးကျူးမိပါတယ်...

စင်ပေါ်ရောက်တော့လဲ ကောင်မလေးကို ဒူးထောက်ပြီး ပန်းစည်းလေးပေးတာ.. အမယ်လေးလေး.. မအော်ပဲ နေရင် မွန်းကြပ်လာလွန်းလို့... အော်မိလိုက်တယ်... "oh my god" လို့... အဟိ.. ဗွီဒီယိုထဲမှာ အဲဒိ အသံပါတယ်...

နောက်ပြီး မင်းသားက ရှက်နေတဲ့ ပုံစံလေးလုပ်ပြီး မထင်မှတ်တဲ့ အချိန်မှာ အဲဒိ ကံထူးရှင်မလေးကို ဖက်လိုက်ပြန်ပါရော... အောက်က ကောင်မလေးတွေအားလုံးလဲ ကျမနဲ့ ထပ်တူခံစားနေရမယ်ဆိုတာ သိပါတယ်...

အဲဒိ ယိုးဒယားမလေးကတော့ ဒီဘ၀သေပျော်ပါပြီ.. (ဟိဟိ)... နောက်ဆုံးတော့ သူတို့ ကိုရီးယားထုံးစံ အသဲပုံလေး.. (ကျွန်မသာ JKS နဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရရင် လုပ်ချင်တဲ့ အိုက်တင်လေး.. ဟတ်... ဟတ်)... လေးနဲ့ သီချင်းကို အဆုံးသတ်လိုက်ပါတယ်...

နောက်တော့ အမေးအဖြေ အစီအစဉ်စပါတယ်... ပရိတ်သတ်တွေအားလုံးပါဝင်လို့ရပါတယ်... မင်းသားနဲ့ ပတ်သတ်တဲ့ မေးခွန်းလေးတွေ မေးပြီး မှန်တဲ့သူ မှားတဲ့သူ တဖြည်းဖြည်း ဆစ်ထုတ်ပြီး နောက်ဆုံး ၃ယောက်ကို မင်းသားက ဆုချမှာ ဖြစ်ပါတယ်... အလာခရီးတုန်းက ကားပေါ်မှာ မင်းသားကိုယ်တိုင် သူ့ကိုယ်သူ ဓာတ်ပုံပြန်ရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံက အဲဒိ ဆု ၃ဗူးရဲ့ တစ်ဗူးဗူးထဲမှာ ပါပါတယ်... တခြား လက်ဆောင်တွေလဲ ပါပါတယ်...

မဗေဒါလဲ ကံမစွမ်းရင်နေ ဥာဏ်များစွမ်းမလားလို့ ဒီပွဲ ၀င်နွှဲမိတော့ ဗွီဒီယို အစပိုင်းပဲ ရိုက်လိုက်မိပါတယ်... အွန်လိုင်းမှာလဲ သူများရိုက်ထားတာ မတွေ့ပါဘူး.. အားလုံး ပါဝင်ကြတယ် ထင်ပါတယ်... (ဘာတွေ မေးတယ်ဆိုတာတော့ ဗွီဒီယိုထဲမှာပဲ ကြည့်လိုက်ကြပါတော့... ပိုစ့်ရှည်လို့ မရေးတော့ပါဘူး...)

ကံကောင်းရင် မင်းသားဆီက လက်ဆောင်ရမှာကိုး... ဒီလိုနဲ့ အဆင့်ဆင့်မေးလာလိုက်တာ... နောက်ဆုံး အယောက် ၃၀လောက်ကျန်တော့ စင်ရှေ့ကို လာရပ်ခိုင်းပါတယ်... မဗေဒါနဲ့ အဲဒိပွဲရောက်မှ ခင်သွားတဲ့ မလေးမလေးနဲ့ သွားရပ်ကြပါတယ်... ရင်တွေခုန်လိုက်တာ... အမေရိကန် အိုင်ဒိုး ၀င်ပြိုင်တဲ့ သူတွေကို ခုမှ ကိုယ်ချင်းစာသွားတော့တယ်... အဟီး...

အဲဒိမှာ မေးခွန်း ၃ခွန်းမေးပါတယ်... ကျွန်မလဲ မှန်းခြေနဲ့ ဖြေနေတာ... မေးခွန်း ၂ ခွန်းထိမှန်နေပါတယ်... နောက်ဆုံးမေးခွန်းကျမှ အလွယ်ဆုံးမေးခွန်းကို ကွန်မ အတွေးခေါင်မိလို့ မှားဖြေမိပါတယ်... ကျွန်မဖြေသမျှကို အတူတူလိုက်ဖြေတဲ့ ဘေးက မလေးမလေးလဲ မှားသွားပါတယ်...

မေးခွန်းကတော့ " JKS က စကာင်္ပူမှာ ပင်လယ်စာကို အကြိုက်ဆုံး"တဲ့... အဲဒါ မှန်လား မှားလားတဲ့...

အဲဒိအချိန်မှာ အတွေးတွေက ယောက်ယက်ခပ်နေပါတယ်... သူက ကိုယ့်ကို သတိတောင် ထားမိချင်မှ ထားမိမယ်ဆိုပေမဲ့... သူနဲ့ လက်တလှမ်းအကွာလောက်လေးမှာပဲ ရပ်နေရတဲ့ အတွက် ဒူးတွေတောင် တုန်မိပါတယ်... တန်အောင်လဲ နာနာကြည့်မိပါတယ်... ကြည့်လေ ကြည့်လေလဲ ကိုယ့်ကိုကိုယ်ရှက်မိပါတယ်... ယောကျာင်္းလေးဖြစ်ပြီး ကောင်းလိုက်တဲ့ အသားအရည်... ချောလိုက်တဲ့ မျက်နှာ... ငါသာ ဆုရလို့ သူ့ဘေးသွားရပ်ရမှာတောင် ရှက်တယ်... ပြိးတော့ မေးခွန်းကို စဉ်းစားရာမှာလဲ... အတွေးက ဘယ်လို ဆူးရောက်မိလဲ ဆိုတော့.... ဘယ် celeb မဆို နိုင်ငံတစ်ခုကို သွားရင် အဲဒိနိုင်ငံက fan အကြိုက် အဲဒိ နိုင်ငံ ကောင်းကောင်း မကောင်းကောင်း... ကောင်းတယ်.. ကြိုက်တယ်ပဲ ဖြီးကြမှာပါပဲ... အထူးသဖြင့် သူတို့ စကာင်္ပူလို ဘာမှ မယ်မယ်ရရ မရှိတဲ့ နိုင်ငံအတွက် မင်းသားကလဲ လောကွတ်လုပ်ပြီး... True ပဲ ဖြေမယ်ထင်မိတာပါ.. ကိုရီးယားလို ပင်လယ်စာ လတ်ဆတ်တဲ့ နိုင်ငံကလာတဲ့လူအတွက် စကာင်္ပူက ပင်လယ်စာက နှိုင်းလို့မရဘူးဆိုတာလဲ ကျွန်မကိုယ်တိုင် ကိုရီးယားကို အလည်သွားဖူးလို့သိပါတယ်... ကံတရားကပဲ ကိုယ့်ဘက်မှာ မရှိလေတော့.. ရွှေဥာဏ်တော်က ဆူးရောက်မိပါတယ်... ဒီမှာတင်ပဲ ကျွန်မနဲ့ မင်းသားလေးရဲ့ ဇာတ်လမ်း လက်တကမ်းအလိုမှာ ပြတ်သွားခဲ့ပါတယ်.. (ဟိ ဟိ.. အသားရော အရိုးရော ယူပြောတာ..)

ဒါပေမဲ့ အဲဒိမေးခွန်းမှာ ကျွန်မလို အတွေးခေါင်းသွားတဲ့ သူတွေ တော်တော်များတယ်... အစက ၁၅ ယောက်လောက် ကျန်တာ.. အဲဒိမေးခွန်း အပြီးမှာ ၄ယောက်ပဲ ကျန်တော့တယ်... ကံထူးရှင် ၄ယောက်ပေါ့... ဒါပေမဲ့ မင်းသားက သူ့လက်ဆောင်က ၃ခုပဲ ပြင်ဆင်လာတဲ့အတွက် ၁ယောက်ကို ထပ်ဖြုတ်ရပါမယ်တဲ့... ဒီတော့ သူတို့ Stone, siccor, Paper မင်းသားနဲ့ အဲလေးယောက်နဲ့ ကစားကြပါတယ်... နောက်တော့ ကောင်မလေး ၁ယောက်ပြုတ်သွားပါတယ်... (ကျွန်မလဲ ကျွန်မအစ်မ ဆူတာလေးခံ... ကိုယ့်ကိုကိုယ်လဲ အကြိမ် ၁သောင်း စိတ်ထဲက ဆူပူမိနေပင်မဲ့... အဲဒိ လေးယောက်မြောက်မှ ပြုတ်သွားတဲ့ ကောင်မလေးကို ကြည့်ပြီး... ပုထုဇဉ်ပီပီ သူများဒုက္ခကို ကိုယ့်ဒုက္ခနဲ့ ယှဉ်ပြီး ဖြေသာခဲ့ပါတယ်...)

အဲဒိအပေါ်တက်သွားတဲ့ ၃ယောက်မှာ ၂ယောက်က ကျွန်မတို့ တန်းစီနေတုန်းက ကျွန်မတို့ရှေ့မှာရပ်ပြီး အတူတူသောင်းကျန်းခဲ့တယ်ဆိုတဲ့ ကောင်မလေး ၂ယောက်ပါ... အားကျလိုက်တာ လွန်ရော... မင်းသားစီစဉ်လာတဲ့ လက်ဆောင်ထုတ် ၃ထုတ်က အရွယ်ပမာဏချင်း မတူပါဘူး... ဒီတော့ ဘယ်သူ အကြီးဆုံးယူမလဲမေးတော့ ကောင်မလေးတွေက မဖြေပါဘူး... ဒီတော့မင်းသားက လူကောင်အကြီးဆုံးက အထုတ်အကြီးဆုံးယူ... အလတ်က အလတ်ယူ.. လူကောင်အသေးဆုံးကောင်မလေးက အသေးဆုံးလေးရပါတယ်... ဒီတော့ မင်းသားက အသေးဆုံးရတဲ့ကောင်မလေးကို မျှတသွားအောင်... Hug တစ်ခု လက်ဆောင်ပေးပါတယ်... အမလေးလေး... ကျွန်မကိုလဲ ဘာမှ မပေးရင်နေပါ... ဇွဲဆု free hug လေး တစ်ခုလောက်ဆို တော်ပါပြီ... ဒါပေမဲ့လဲ.. မင်းသားနဲ့ ယှဉ်လို့မှ ကျွန်မ အသားအရည်... ခန္ဓာကိုယ် အပြတ်အသတ် ဖြစ်နေတော့... သူကိုယ့်ကို မမြင်.. သတိမထားမိတာပဲ ကောင်းပါတယ်လေလို့ ဖြေသိမ့်မိတယ်..ဟုတ်တယ်... အမှန်တော့ ကိုယ့်ကိုမြင်ရင်တောင် ကိုယ်ရှက်မိမှာ... တချို့ အဖွားကြီးတွေတောင် မရှက်ဘူးဆိုပေမဲ့... ကျွန်မကတော့ ရှက်တယ်...

အဲဒိ အစီအစဉ်ပြီးသွားတော့ မင်းသားက စင်နောက်ဝင်ပြီး အ၀တ်အစားလဲနေတုန်း... သူ ဆိုလ်းမှာ fan meeting လုပ်တုန်းက အခွေကို ပြပါတယ်... ကိုရီယားမင်းသားဆိုတော့ ကိုရီယား seoul မှာလုပ်တဲ့ fan meeting ကတော့ စကာင်္ပူထက် အများကြီးသာတာပေါ့နော်... ဖျော်ဖြေရေးတွေ အများကြီးနဲ့ပေါ့...

အဲဒိမှာ သူ့ကို အကြိုက်ဆုံးကတော့... Hot Candy သီချင်းမှာ ကလေးလေးလို ၀တ်ပြီး လက်အတု အကြီးကြီးတက်ပြီး ကတဲ့ သီချင်းကို အကြိုက်ဆုံးပဲ... ကိုယ်က baby face, girly face တွေကိုပဲ ကြိုက်တယ်လို့ မှတ်ယူရမယ်ထင်တယ်... အဲဒိသီချင်းလေးနဲ့ကတာ တကယ် ကလေးလေးအတိုင်းပဲ... နောက်တော့ Rain သီချင်း... 2PM ရဲ့ Heart beat သီချင်းတွေနဲ့လဲ ဖျော်ဖြေခဲ့တယ်... သူက အဆိုတော်မဟုတ်တော့ သူ့မူရင်းသီချင်းမရှိဘူးလေ...

ဒါတောင် ဗွီဒီယိုပြနေရင်းနဲ့ စီဒီက ထစ်ထစ်သွားတော့ ပရိတ်သတ်တွေ အတော် Feeling ငုတ်ပါတယ်... အဲဒိလိုဖြစ်တာကို ပွဲအဆုံးမှာ မင်းသားက ပရိတ်သတ်ကို တောင်းပန်တဲ့ ပုံစံလေးကလဲ အတော်အပြောကောင်း သဘောကျစရာလေးပါပဲ.. နောက်အပိုင်းကျမှ သူဘယ်လို ပြောလဲ ရေးပေးပါအုံးမယ်.. ဗွီဒီယိုထဲမှာတော့ hint ရှိပါတယ်... ကဲ... JKS ဗွီဒီယိုကို စောင့်နေတဲ့ မဗေဒါရဲ့ အကြိုက်တူ.. ၀ါသနာတူ သူငယ်ချင်းတွေအတွက်... အပိုင်း ၅ကို အသက်မှန်မှန်ရှူရင်း ကြည့်သွားပါ...

P.S အကြောင်းအမျိုးမျိုးကြောင့် JKS အကြောင်း ဆက်ဖို့ နောက်ကျနေတဲ့ အတွက် ခွင့်လွှတ်နားလည်ကြမယ်ထင်ပါတယ်...


11 comments :

မေလေး said...

မဗေဒါရေးထားတာဖတ်ပီး မင်းသားကိုကြည့်ရင်းကြည့်ရင်း ချောလာတယ်..
ရေးတတ်လိုက်တာ..

Racheal said...

Oh my god ... He is so HOT!!!!!

naychi said...

ညက မဗေဒါ ယူကျုကို လာကြည့်ပြီးပြီ။ စိတ်ထဲက တင်ထားမယ်ထင်နေလို့ ... ဟိး))
ဘယ်လိုလုပ်ကောင်မလေးတယောက် စင်ပေါ်ရောက်နေလဲ ထင်တာ.. ခုမှပဲ ရှင်းသွားတော့တယ်။
မင်းသားက cute act တွေလုပ်ရင် အရမ်းချစ်ဖို့ကောင်းတာပဲ။ တခြားဘက်တွေမှာမကောင်းရင်တောင် (အမှန်က အကုန်ကောင်းပါတယ်:P ) အဲဒီ cute act နဲ့တင် ကြိုက်ရတာ တန်နေပြီ

ကိုဇော် said...

ညီမ ရိုက်ချက်တွေ မိုက်တယ်. . .
အကို့အလှည့်ကျရင်လည်း လာရိုက်ပေးနော် :P
အဟဲ. . အလှူမှာ ပြောတာပါ :)

mabaydar said...

မေလေး... ကြိုက်သာ ကြိုက်ပစ်လိုက်...

Recheal... did u touch him? hee hee..

နေခြည်ရေ... အဲဒိ ဗွီဒီယို အစပိုင်းမှာ အင်္ဂလိပ်လို စာတမ်းထိုးပြီး ရှင်းထားတယ်လေ... ဖုန်းခေါ်နေတုန်းက ကိုယ်လဲ စိတ်လှုပ်ရှားနေလို့ မရိုက်ဖြစ်လိုက်ဘူး... အဟိ...

ကိုဇော်ရေ.. ဒါပေါ့... ဒါမျိုးဆို ကူညီချင်လွန်းလို့... မကောင်းရင်တော့ အပြစ်မပြောနဲ့နော်...

Kyaw Nyo Thway said...

ပြီးတော့ JAN ညိုသွေး ဆိုတာလည်း ရှိသေးတယ်လေ။
သူကပိုနုတယ်....နု, ဖတ်, ဥ , အတ် နေတာပဲ ခိခိ

လင်းထက် said...

ဗေဒါမ နော် အတော်လေးကို ပိုစ့်ထဲမှာ ရင်တွေ ဖွင့်ထားပါလား မင်းသား ဘာတွေ လုပ်လဲတော့ သိဘူး ညည်းရေးထားတာ ဖတ်ရင်း စိတ်ထဲ ကလိကလိ ဖြစ်လာတယ် ဟွင်းး ပြောချင်ဘူးနော် ကောင်မလေး..။

မြန်မာပြည်ကိုလွမ်းတယ် said...

ဖတ်နေရင်းနဲ့မဗေဒါပဲကံစမ်းမဲပေါက်ပါစေတော့
လို့ဆုတောင်းပေးမိတယ်..ဟိဟိ..မေမဲပေါက်ရင်
လဲ မဗေဒါကိုပဲမဲကိုပေးလိုက်ချင်တယ်..ပြသနာ
ကအဲ့ပွဲကိုလဲမရောက်ခဲ့..ရောက်ရင်လဲပေါက်မှာ
မဟုတ်တာသေချာတယ်..စိတ်ကူးထဲကပဲမဗေဒါ
အတွက်ဆုတောင်းပေးလိုက်မယ်နော်

Flower said...

ပျော်စရာလေး
ဖတ်ရင်းနဲ့ ပျော်ရသလို
ကြည့်ပြီးလဲ ပြုံးမိပါတယ်
ကိုးရီးယားကားတော့ ကိုယ်လဲကြိုက်တယ်..
မင်းသားတွေတော့ အစွဲအလန်းမရှိပေမဲ့
ချောတယ်ဆိုရင် ကြည့်တာပါဘဲ.. နွဲ့တဲ့တဲ့ ဆိုရင်တော့ မကြိုက်ဘူးရယ်...
ဘာဘဲဖြစ်ဖြစ် ဒီပိုစ့်လေးဖတ်ရတာ ပျော်စရာ..

သစ်သစ် said...

ဟူးးးးးးးးးးး ငါးသလဲထိုးရယ် ဖတ်ရင်းတို့တောင် အဲ့ထဲရောက်သွားသလို ခံစားရတယ်... စကားမစပ် ရိန်းလာရင်ကြောဦးနော်...ဟိ

Anonymous said...

အရမ်းကြိုက်ပါ၏။
ကိုယ့်ရဲ့အနားယူချိန်တွေကို JGS သိမ်းပိုက်ထားတယ်။ so so cute.... ^0^