Sunday, November 29, 2009

စကာင်္ပူရောက် အလွဲများ ၉ (သို့) ရင်ခုန်ရ လွန်းလို့


တစ်ခါတစ်လေ အလုပ်မသွားချင်တဲ့ ရက်တွေ ဒါမှမဟုတ် တခြားလုပ်စရာရှိတဲ့ ရက်တွေ... ဒါပေမဲ့ ကိုယ့် ခွင့်ရက်ကလဲ မလောက်ဖြစ်နေရင် MC (medical Certificate so called Sick leave) ယူလေ့ရှိကြမှာပါ... မဗေဒါအတွက်တော့ MC ယူလို့ ကိုယ့်ခွင့်ရက်တွေ မရော့သွားတာကို ကြိုက်ပင်မဲ့ တစ်ခါတစ်ခါ ယူလို့ ဆရာဝန်ရှေ့မှာ မရှိတဲ့ရောဂါကို အရှိလုပ်ပြီး လိမ်ရမှာကတော့ အတော်ခက်ခဲတဲ့ကိစ္စပါ... ခေါင်းကိုက်တယ်.. ခေါင်းမူးတယ်... ဗိုက်အောင့်တယ်... ဝမ်းလျှောတယ်ဆိုတာတွေက MC ရောဂါလို့ပြောရလောက်အောင် ရေပမ်းစားတဲ့ ရောဂါတွေပါ... အဲဒါတွေပြောရင်လဲ ဆရာဝန်တွေက နေကောင်းရက်နဲ့ MC လိုချင်လို့ လာမှန်း သိနေကြတော့ ကျောမလုံးပါဘူး... MC သွားယူတိုင်း အဲဒိ လိမ်ရမှာကို စဉ်းစားပြီး စိတ်လှုပ်ရှားတာလဲ MC ယူတဲ့ အခေါက်တိုင်းဖြစ်ပါတယ်... ဆေးခန်းမှာ တန်းစီပြီး ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေတဲ့ အချိန်ထိ "ငါဘာရောဂါပြောရင်ကောင်းမလဲ... ခေါင်းကိုက်တာက ဟိုတစ်ခေါက်က ပြောပြီးလို့ ထပ်မပြောတော့ဘူး... ဝမ်းလျှောတယ်ပြောရင်ကောင်းမလား... ဘယ်နှခေါက်ဝမ်းသွားလဲ မေးရင် ဘယ်လိုဖြေရင်ကောင်းမလဲ... ရောဂါက သိပ်မပြင်းရင်လဲ MC မပေးမှာ စိုးရသေးတယ်... ရောဂါတွေ အများကြီးပြောလိုက်တော့လဲ ပိုက်ဆံအများကြီးကျမှာ စိုးရသေးတယ်..." အဲဒါတွေစဉ်းစားရတာ အတော်လေး စိတ်ဖိစီးပါတယ်... အထူးသဖြင့် ကိုယ်က ကပ်စီးနည်းတော့ ကုမ္ပဏီဆေးခန်းမှာပဲ သွားပြလေ့ရှိပါတယ် (ကုမ္ပဏီဆေးခန်းက ပိုက်ဆံပေးစရာမလိုဘူးလေ)... အဲလိုဆေးခန်းဆိုရင် ဆရာဝန်ကနည်းနည်းရစ်ချင်ပါတယ်... ပေးလဲ ၁ရက်အလွန်ဆုံးပါပဲ...

အဲလို အဲလို စိတ်လှုပ်ရှားမှုတွေနဲ့ ဟိုးတစ်လောက MC သွားယူတော့ ဖြစ်ပုံက... ကိုယ့်အလှည့်ရောက်ခါနီးထိ ဘာရောဂါပြောရမှန်းကမသိဘူး... ပြီးတော့ နှစ်ကုန်ခါနီးပြီဆိုတော့ ကိုယ်ကလဲ ကျန်နေသေးသော များပြားလှတဲ့ MC ရက်ကလေးတွေ အလဟသတ်မဖြစ်အောင် မကြာသေးခင်ကမှ MC ယူထားသေးတော့ ဆရာဝန်က ကိုယ့်ကို မှတ်မိကောင်းမှတ်မိနေမှာ... မမှတ်မိရင်တောင် ကိုယ့်ရဲ့ Medical မှတ်တမ်းစာအုပ်ထဲမှာ မှတ်တမ်းက ရှိနေတာ... ဒီကောင်မလေး အပျင်းကြီးပြီး ဆေးခွင့်ပဲလာလာယူနေတယ် ဆိုပြီး အမြင်ကပ်ပြီး မပေးမှာလဲ ကြောက်ရသေးတယ်...

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်တော့ ဆရာဝန်ခန်းထဲဝင် ကိုယ့်ကိုကိုယ်လဲ သိပ်ပြီး အားနည်းပျော့ချိနေတဲ့ ပုံစံလေးနဲ့ပေါ့... (အဲဒိအချိန်မှာ ကိုယ့်ကိုကိုယ် ရုပ်ရှင် သရုပ်ဆောင်နေတယ်လို့ သဘောထားလိုက်တယ်... နောက်မို့ဆို လိမ်ရတာ စိတ်မလုံဘူး... ဟတ် ဟတ်...)
ဆရာဝန်ရှေ့ရောက်တော့ စိတ်ကလဲ နည်းနည်းတော့ မလုံမလဲပါဘဲ... သိပ်ပြီး အားနည်းချင်ယောင်ဆောင်ပြီး ပြောလိုက်မိတာက...

" I am having a HEARTACHE " (ကျမ နှလုံးသားတွေ နာကျင်နေတယ်)

အမှန်တော့ ပြောချင်တာက " I am having a HEAD Ache" (ကျမ ခေါင်းကိုက်နေတယ်)

အိုက်တင်ပိုသွားတာ တစ်ခါတည်း အဓိပ္ပါယ်ပါလွဲရော (သရုပ်ဆောင်လုပ်စားရင် ရုပ်ရှင်ကားမထွက်ခင် အကယ်ဒမီရမဲ့ လူစားမျိုး ခစ်... ခစ်).. ဆရာဝန်ကလဲ သိပ်အသက်မကြီးသေးတော့ မျက်လုံးပြူးပြီး...
" HEARTACHE???
ဆိုပြီး သူ့ ရင်ဘတ်နားကို ကိုင်ပြလိုက်တယ်...
ပါးစပ်က ထွက်သွားတည်းက မှားသွားမှန်းသိပါတယ်... ဒါပေမဲ့ ဆရာဝန်ကများ မသိချင်ယောင်ဆောင်ပေးမလားလို့ Heartache မှတော့ ဆေးရုံပဲသွားတော့မှာပေါ့... ပိန်းလိုက်တာ...
သူကအဲလိုပြောတော့မှ ကျမလဲ ရှက်လိုက်တာပြောမနေပါနဲ့... 

" No!! No !!... I mean Head Ache" လို့ ပြန်ဖြေလိုက်တာများ စောစောက ဟန်ဆောင်နေတာတွေ ပျောက်ပြီး ဒေါင် ဒေါင်ကို မြည်နေတာ ပေါ်သွားရော... (သေသာ သေလိုက်ချင်တယ်... ရှက်လိုက်တာ လွန်ရော)

မသိရင် ဆရာဝန်ကို လာပြီး ရှိတ်နေတာ ကျနေတာပဲ... သူ့ကို မြင်တော့မှ Heartache ဆို မှားထွက်ရတယ်လို့... တကယ်ပါ သူ့မြင်ရင်တော့ လိမ်ရမှာရော MC မရမှာကိုရော စိတ်ပူပြီး ရင်ခုန်တာတော့ အမှန်...

ဒီတော့ ဆရာဝန်က ပြုံးပြီး... ကိုယ့်ရဲ့ Batch ကို ကြည့်ပြီး အလုပ်အဆင်ပြေရဲ့လားတဲ့... ဟိုတစ်လောက မင်းတို့အလုပ်မှာ လူတွေ ဖြုတ်တယ်ဆိုတဲ့...

ဒါနဲ့ ကျမလဲ မထူးတော့ပါဆိုပြီး ဟန်မဆောင်တော့ပဲ ပုံမှန်ပဲ ပြောတော့တယ်...
" ဟုတ်ကဲ့... အဲဒိ လူတွေဖြုတ်လိုက်လို့ ခု ကျန်တဲ့သူတွေက အလုပ်တွေ အများကြီးလုပ်နေရတယ်... ဇာတ်တိုက်လုပ်နေရလို့ ခုလို့ ခေါင်းကိုက်သွားတာ... " လို့...

သူက " အလုပ်မှာ ပင်ပန်းလို့လား " တဲ့...

ကျမလဲ နဲနဲတော့ ပိုပြောရတာပေါ့... အရမ်းပင်ပန်းတာပေါ့... အဲဒါကြောင့် တစ်ရက်တစ်လေ နားချင်လို့လို့... ခေါင်းကလဲ နည်းနည်းကိုက်တယ်ပေါ့...

ဒီတော့ ဆရာဝန်က ပြုံးစိစိနဲ့ ဘာမှတောင် မစမ်းဘူး... MC တစ်ရက်ကောက်ပေးလိုက်တယ်... ခါတိုင်းဆို ကိုယ်လိမ်နေမှန်းသိပင်မဲ့ အာသီးလေးကြည့်... နားကျပ်လေးနဲ့ ဟိုစမ်းဒီစမ်းလုပ်သေးတယ်... ဒီနေ့တော့ Heartache ဆိုတဲ့ ရောဂါကို အတော်သဘောကျသွားတယ်ထင်တယ်... MC တန်းပေးလိုက်တယ်... အမြဲတမ်း Heartache ဆိုရင်တော့ ပေးမယ်မထင်ဘူး...

ဒါပေမဲ့ အဲနေ့ကစပြီး ဆရာဝန်ကို မျက်နှာပူလို့ ဟိုနေ့က MC ယူတာတောင် တခြားဆေးခန်းမှာ ပိုက်ဆံပေးပြီးပဲ သွားပြလိုက်တယ်... အင်း... နောက်တစ်ခါ ယူမယ်ဆိုရင်တော့ သူ့ဆီပြန်သွားလို့ ရတန်ကောင်းပါရဲ့... မေ့လောက်ရောပေါ့နော်... နောက်တစ်ခါ ဘာရောဂါပြောရင်ကောင်းပါ့... အကြံဉာဏ်လေးများပေးကြပါအုံး... MC ၂ရက်ရမဲ့ ရောဂါမျိုးဆို ပိုကောင်း... ဟတ် .. ဟတ်... ဒီဇင်ဘာဆိုရင် လူက Holiday mood ဖြစ်ပြီး အလုပ်လုပ်ချင်စိတ်ကို မရှိဖြစ်နေတာ... ခရီးသွားဖို့ပဲ စိတ်ရောက်နေတယ်...


14 comments :

khin oo may said...

ဒေါက်တာ steve ကိုမေးကြည့်ပါလား။

khin oo may said...

http://steveevergreen.blogspot.com/

မယ့်ကိုး said...

ရယ်လိုက်ရတာ ညီမလေး ရေးတတ်လိုက်တာ။

အစ်မတို့နားက ဆရာဝန်ကတော့ သဘောကောင်းတယ် နှစ်ရက်တောင်ပေးတယ်။ အစ်မတို့နား ဆေးခန်းလာပြပေါ့ :P

ကိုကိုသုန် said...

ဟားဟား မဗေဒါတို့ကတော့ လုပ်တော့မယ် ဆေးခွင့်ယူချင်တာများ လွယ်လွယ်လေး ဆရာဝန်ကိုပြောလိုက်ပေါ့.... ညဆိုအိပ်ရတာပျော်ဘူးလို့ နေ့ခင်းဘက် သူငယ်ချင်းတွေနဲ့ အပြင်မှာလျှောက်သွားနေရတာပဲ ပျော်တယ်လို့ .....

ခင်မင်စွာဖြင့်
ကိုကိုသုန်

မေလေး said...

သဘက်ခါ အမ်စီသွားယူမလို့
အဖျားလေးပိစိလေးရှိတာကိုမွေးထားဒယ်
ဟိဟိ
ဒီတိုင်းပြောရမှာမဗေဒါလိုဘဲ ကျောမလုံလို့
တနင်္လာနေ့ကျတော့လဲ အမ်စီယူရမှာအားနာပြန်တယ်။
သုံးရက်ဆက်တိုက်ပိတ်ထားတော့ပိုဆိုးသေးး

Anonymous said...

ဟိုတစ်နေ့က ပဲ သင်ထားတယ်။
လက်တွေ့ စမ်းသပ်ပြီး သွားပြီ။ အောင်မြင်တယ်။ :D
ဗိုက်အောင့်တယ် ပြော။ ဘယ်လို အောင့်သလဲ မေးရင် အစာစားတဲ့ အခါမှာ အောင့်တယ်ပြော။ ဘယ်နားအောင့် သလဲ မေးရင် ချက် အပေါ်ပိုင်းကို ပြ။ ဖိကြည့်လို့ နာသလား မေးရင် အဲလိုတော့ မနာဘူး။ တစ်ခါတစ်လေ နာတာပြော။ ဘာစားမိသေးလဲ မေးရင် ငရုတ်သီးစားတာ များသွားလို့ ပြော။ ဘီယာတွေ ဘာတွေ သောက်သေးလား မေးရင် တစ်ဗူးလောက်တော့ သောက်ဖြစ်တယ်ပေါ့။ ဒါပါပဲကွယ်။ MC တစ်ရက်။

လင်းလက်ကြယ်စင် said...

မဗေဒါရေ .. MC ၂ရက်ရအောင် ဆရာဝန် အတိအကျစမ်းသပ်လို့ရမယ်မထင်တဲ့ “ကိုက်ခဲခြင်း”ကို ပြောကြည့်ရင် ဘယ်လိုနေမလဲ ဟိး .. ။ အလုပ်ပင်ပန်းလို့ ခေါင်းကိုက်တယ် ၊ ကိုယ်တွေလက်တွေနာနေတယ်လို့ ပြောကြည့်မယ် :D

သူကြီးမင်း (တုံးဖလား) said...

ဂလိုလဲ ရတယ်ပေါ့လေ။
မဗေဒါတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။

Vista said...

ကြက်သွန်ချိုင်းကြားညပ်ရင်ရော ...ဟိ

mabaydar said...

အဲဒါ တကယ်ကိုယ်ပူလို့လား... ဒါပေမဲ့ သိသာမယ်ထင်တယ်...

ToMMyGiRL said...

အတူတူပဲ မဗေဒါ..တော်မီလဲ အမ်စီယူရင် ဆရာဝန်ကို လိမ်ရမှာစိတ်ညစ်လို့ စာမေးပွဲရှိရင်တောင် ခွင့်ပဲယူဖြစ်တယ်..ဒီနှစ်ထဲမှာ အမ်စီ ၄ရက်လား ၅ရက်လားပဲဖြစ်ဖြစ်တယ်.. နှစ်အစပိုင်းတုံးကတော့ တခါက နှစ်ရက်လိုချင်လို့ သဘောကောင်းတယ်လို့ကြားတဲ့ဆေးခန်းမှာ သွားပြပြီး ၂ရက်ယူလိုက်သေးတယ်.. ဒီဇင်ဘာဆို လူကမြူးနေပြီ..အခု အလုပ်လုပ်ရမဲ့ ရက်က ၉ရက်ပဲကျန်တယ်တွက်ထားတယ်..မောင်လေးက နင်စာမေးပွဲတောင်ဖြေနိုင်ပါ့မလားတဲ့..အပျော်တွေလွန်နေလို့လေ..စာလဲမလုပ်ရသေးဘူး..

သိင်္ဂါကျော် said...

အတွေ့အကြုံလေးတွေ ဖတ်လို့ကောင်းတယ်..

Anonymous said...

အခန်းဖေါ်သူငယ်ချင်း ဆီပူလောင်သွားလို့ဆေးခန်းသွားပြတာ ဆရာဝန်က သုံးရက်ကြီးများတောင်ပေးတယ်. ကြိုက်ရင်စမ်းကြည့်ပေါ့. အဟတ်ဟတ်

Anonymous said...

ခါး နာ နေ တယ် ဆို ပီး ပြော ဒီ တ ခါ ကျ ရင်...