Thursday, November 13, 2008

လျှို့ဝှက်မှု နောက်ကွယ်...


ကျမရဲ့ ပြောင်းဖို့တော်တော်ခက်တဲ့ အကျင့်ထဲမှာ လျှို့ဝှက်လို့မရတဲ့ အကျင့်တစ်ခုပါပါတယ်.. အထူးသဖြင့် ကျမချစ်ခင်ရင်းနှီးသူတွေကို ပွင့်လင်းမှုဆိုတာနဲ့ ကျမရဲ့ခင်မင်မှုကိုပြတတ်ပါတယ်.. ကျမအတွေးထဲမှာ ကျမနဲ့ပတ်သတ်တဲ့ ကျမအကြောင်းတွေကို လျှို့ဝှက်နေပြီးတော့ရော ဘာထူးခြားမှာလဲ.. အဖြစ်မှန်တစ်ခုကို ဘယ်လောက်ကြာကြာရော လျှို့ဝှက်လို့ရမှာလဲ.. လျှို့ဝှက်တယ်ဆိုတဲ့အရာကလဲ ကျမအတွက်အလွန်စိတ်မောလွန်းတဲ့ အလုပ်တစ်ခုပဲ..



ခုလိုပြောလို့ ကျမက အကြောင်းမဲ့သက်သက် ကျမအကြောင်းတွေကိုလိုက်ပြောနေတာမဟုတ်ဘူးနော်.. ဆိုလိုတာက ကျမရင်းနှီးတဲ့သူတွေကိုဆိုရင် ကျမဖေဖေမေမေအကြောင်းတွေ.. အစ်မတွေအကြောင်းတွေ စကားပြောရင်းနဲ့ပါပါသွားတတ်တာပဲ.. ကျမလက်ရှိဘာတွေလုပ်နေတယ်ဆိုတာတွေ.. ကျမအတွေးတွေ စသည်ဖြင့် စပ်ဆက်မိသလိုပြောတတ်ပါတယ်.. ကျမစိတ်ထဲကအရမ်းခင်တဲ့ သူတွေရဲ့အကြောင်းကိုလဲ ကျမအရမ်းစိတ်ဝင်စားပါတယ်.. သိချင်ပါတယ်.. မကောင်းတဲ့ အကြံအစည်နဲ့သိချင်တာလဲမဟုတ်ပါဘူး.. ဒီလိုပဲ သိချင်ယုံသက်သက်ပါ.. ဒါမှလဲ စိတ်ရောလူရောနှစ်ပြီး ပေါင်းနိုင်မယ်.. ဟန်ဆောင်မှုတွေကင်းပြီး တစ်ယောက်နဲ့တစ်ယောက်ပိုနားလည်ပေးနိုင်မယ်ထင်လို့ပါ.. ကျမခင်မင်တဲ့သူတွေရဲ့အကြောင်းကို သူများပြောမှသိတာထက်စာရင် သူတို့ကိုယ်တိုင်ပြောပြတာကိုပဲ ကျမလက်ခံချင်ပါတယ်.. ကျမခင်တဲ့သူတွေအကြောင်းကိုလဲ လိုက်ပြီးစုံစမ်းနေခြင်းဘာခြင်းလဲ ၀ါသနာမပါပါဘူး.. သူတို့က အရင်မပြောပဲ သူများကအရင်ပြောလို့သိရင်.. ကျမစိတ်ဆိုးတတ်ပါတယ်.. အဲဒိလိုဆိုလဲ ပေါ်တင်ပဲသွားမေးတတ်ပါတယ်.. ပြီးရင်လဲ ပြီးသွားတာပါပဲ.. ခုအသက်ကလေးနဲနဲရလာပြီဆိုတော့.. အဲဒိအကျင့်လေးကိုတော့ တတ်နိုင်သမျှတော့ ကွန်ထရိုးလုပ်နေပါတယ်..

ကျမစိတ်ထဲမှာ အဲဒိလူဟာ အရေးမပါတဲ့သူတစ်ယောက် ကျမ သိပ်မခင်မင်တဲ့သူဆိုရင်တော့ စိတ်ကိုမ၀င်စားတာပါ.. လျှို့ဝှက်ချင်သလောက် လျှို့ဝှက်စမ်းပါ.. ဂရုကိုမစိုက်တတ်ပါဘူး..

ဒါပေမဲ့ ကျမနဲ့ ၁၄နှစ်လုံးလုံး(ကျမ နဲ့သူမ ၂တန်းထဲက) ပေါင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်းမှာ လျှို့ဝှက်ချက်တွေရှိနေခဲ့ပါတယ်.. ကျမဂျပန်ကို အလည်မသွားခင်အထိ သူမရဲ့ ဘ၀တစ်ခြမ်းကိုပဲ သိခွင့်ရခဲ့ပါတယ်.. တစ်ခါတစ်လေ ကျမသူမကိုနားမလည်ပါဘူး.. သူမ မပြောချင်မှန်းသိတဲ့ အကြောင်းအရာတွေကိုလဲ ၁၄ နှစ်လုံးလုံး ကျမ မမေးခဲ့ဖူးပါဘူး.. သူမအကြောင်းတစ်ချို့တွေကို ကျမကိုမပြောပြခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့မိတာတော့အမှန်ပါ.. ဒါပေမဲ့ တခြားနေရာတွေမှာ သူမ ကျမကိုနားလည်ပေးတာ.. ကျမပြောတာတွေကိုနားထောင်ပေးတာ.. ဘာပဲဖြစ်ဖြစ်ကျမအတွက်ရှိနေပေးခဲ့တာတွေ.. နောက်ပိုင်း ကျမမြန်မာပြည်ပြန်တိုင်း ကျမလုပ်ချင်တယ် ဖြစ်ချင်တယ်ပြောတာတွေအားလုံးကို သူမပဲ ဖြည့်စည်းပေးခဲ့တာ.. ဒါနဲ့ပဲ ကျမရောင့်ရဲခဲ့ပါတယ်.. ကျမခင်နေရရင်ပြီးတာပဲလို့ပဲ စိတ်ထဲမှာ သတ်မှတ်ခဲ့တယ်...

သူမကို နိုင်ငံခြားမှာ ကျမနဲ့တူတူကျောင်းသွားတက်ဖို့ ကျမကခေါ်တိုင်း သူမငြင်းခဲ့ပါတယ်.. ကျမက အားလုံး အပြီးအစီးစုံစမ်းပေး ကုန်ကျစရိတ်နေရေးထိုင်ရေးကအစ ကျမစုံစမ်းပေးပြီးတာတောင် သူမက မြန်မာပြည်မှာပဲ ဆရာဝန်လုပ်ချင်ပါတယ်တဲ့.. သူမနိုင်ငံခြားမှာ ဆရာဝန်ဘွဲ့ကိုယူဖို့.. ကျမလိုင်းမဟုတ်တာတောင် ကျမစုံစမ်းပေးခဲ့ပါတယ်.. ဒါပေမဲ့ သူမကတော့ မသွားချင်ပါဘူးတဲ့.. ကျမနားမလည်ခဲ့ဘူး...

ခုဂျပန်ခရီးစဉ်မှာတော့ သူမဘ၀နောက်တစ်ခြမ်းကို ကျမသိခွင့်ရပါပြီ.. ကျမနဲ့သူမ ၁၄နှစ်သူငယ်ချင်းကာလမှာ ကျမ မသိခဲ့တဲ့ သူမရဲ့ နောက်တစ်ခြမ်းကို ကျမသိလိုက်ရတော့.. သူမကို ကျမပိုနားလည်သွားတယ်.. အရင်က သူမကို မြန်မာပြည်ကဆရာဝန်ဝင်ငွေနဲ့ နိုင်ငံခြားဆရာဝန်ဝင်ငွေ.. တိုးတက်မှု စတာတွေကို ယှဉ်ယှဉ်ပြီး ကျမအမုန်းခံပြီးတော့ကို တိုက်တွန်းခဲ့ပါတယ်.. ကျမအတွက်တော့ သူငယ်ချင်းကောင်းဆိုတာ အကြိုက်လိုက်ပြောနေတာထက်စာရင် မှန်တာကိုတိုက်တွန်းတာနဲ့ပဲ တိုင်းတာပါတယ်.. သူမကလဲ ဒါကိုနားလည်ပုံတော့ရပါတယ်.. ကျမကို အမုန်းမပွားခဲ့ပါဘူး.. ခုတော့ သူမအတွက် နိုင်ငံခြားမှာ ကျမနဲ့အတူ ဆရာဝန်ဘွဲ့ကိုလိုက်ယူခြင်းသည် ကောင်းတယ်ဆိုပေမဲ့.. သူမရဲ့ခံစားချက်တွေကို ထောက်ထားပြီး ကျမတစ်ခုပဲ သူမကိုပြောခဲ့တယ်.. " နင်ဘယ်လမ်းကိုပဲ ရွေးချယ် ရွေးချယ် .. နင့်မိဘကိုထည့်စဉ်းစားပါ."
ပြီးတော့ လျှို့ဝှက်တတ်တဲ့သူတွေကိုလဲ နည်းနည်းနားလည်သွားတယ်..

ကျမအမြင်မှာတော့ လျှို့ဝှက်တတ်သူအများစုဟာ.. သူတို့ရဲ့အားနည်းချက်တွေကို တစ်ဖက်လူမသိအောင် ကြိုးစားဖုံးကွယ်နေကြတဲ့ အတွက် ကျမစိတ်မဆိုးသင့်ပါဘူး.. ဂရုဏာတော့ သက်မိတယ်.. ထိုသူတွေဟာ ကျမတို့ မသိနိုင်တဲ့ တစ်ဖက်ခြမ်းမှာ အခက်အခဲဆိုတာတွေ.. အဆင်မပြေမှုဆိုတာတွေရှိနေခဲ့လို့.. တချို့ကလဲ သူများကို ယုံရမှာကြောက်လာတယ်.. တချို့ကလဲ အဲဒိအားနည်းချက်ကို ထုတ်ပြောဖို့အားမရှိကြဘူး ဖြစ်ကြပုံရပါတယ်..

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျမအတွက်တော့ လျှို့ဝှက်တတ်တဲ့ သူတွေနဲ့ အပေါင်းအသင်းလုပ်ရတာ နဲနဲတော့ စိတ်ကသိကအောက်ဖြစ်ပါတယ်.. ကျမစိတ်ထဲကခင်တဲ့ ကျမရဲ့ငယ်သူငယ်ချင်းတွေ ဆိုရင်တော့ ကျမနားလည်ပေးနိုင်ပေမဲ့... ခင်မင်မှုသက်တန်းသိပ်မကြာသေးတဲ့ အပေါင်းအသင်းတွေကျတော့ ကျမအတွက် စိတ်ပင်ပန်းရပါတယ်.. ဘာလို့လဲဆိုတော့ သူတို့ရှေ့မှာ ဘယ်လိုစကားမျိုးပြောသင့်တယ် မပြောသင့်ဘူးကအစ ကျမဆင်ခြင်နေရပါတယ်.. ဥပမာ.. ပိုက်ဆံမရှိပေမဲ့ သူဠေးကိုက်ဖမ်းနေတဲ့သူငယ်ချင်းကို ကျမကမသိပဲ အထည်ကြီးပျက်ဆိုတာဘယ်လောက်ဆိုးကြောင်းသွားပြောမိတာမျိုး.. (ဥပမာသက်သက်သာ..တကယ်ကြုံဖူးတာတွေမပြောချင်လို့ပါ)..
ကျမသူငယ်ချင်းတစ်ယောက်ဟာ.. ကျမကို လျှို့ဝှက်တယ်ဆိုတာ..
၁ အချက် အပေါ်ကပြောခဲ့သလို သူ၏အားနည်းချက်ဖြစ်၍သော်လည်းကောင်း ..
၂ အချက် ကျမကို မယုံကြည်သင့်ဟုထင်၍သော်လည်းကောင်း..
၃ အချက် သူ့စိတ်နှင့်နှိုင်း၍ ကျမသည် သူ့ကို မကောင်းကြံမည်စိုး၍သော်လည်းကောင်း လို့ထင်မိပါတယ်..

အဲဒိအပေါ်က အချက်သုံးချက်ကို ကျမဆုံးဖြတ်ပုံကတော့..

ထိုသူနဲ့ ကျမမိတ်ဆွေသက်တမ်းတစ်လျှောက် ထိုသူရဲ့ အမူအကျင့်.. ဘယ်လိုကိစ္စတွေကိုလျှို့ဝှက်သလဲ... လျှို့ဝှက်သောကိစ္စအပေါ် ကျမရဲ့ထင်မြင်ချက်.. ကျမရဲ့ထိုသူအပေါ်ခင်မင်မှု.. ထိုသူရဲ့ ကျမအပေါ်ခင်မင်မှု.. အပေါ်မူတည်ပြီး ဆုံးဖြတ်မှာပါ..

ကျမစိတ်ထဲကအရမ်းလဲခင်တယ်... ထိုသူ ကျမကိုခင်တယ်ဆိုတာလဲ ခံစားလို့ရမယ်ဆိုရင်တော့.. ၂ အချက်နဲ့ ၃အချက်က မဖြစ်နိုင်ပါဘူး.. အဲဒိအတွက် ကျမနားလည်ပေးလိုက်မယ်.. ထိုသူနဲ့ခင်နေရခြင်းသာ အဓိကကျတယ်.. အထူးသဖြင့် ကျမနားလည်ပေးနိုင်ဆုံးကတော့ ဥပမာ.. မိသားစုအိမ်တွင်းရေးကို လျှို့ဝှက်တာ.. ပိုက်ဆုံအခြေအနေကိုလျှို့ဝှက်တာ.. ဒါတွေက ခင်မင်မှုအတိုင်းတာပေါ်မူတည်ပြီး လျှို့ဝှက်သင့်တဲ့ ကိစ္စတွေမို့ လျှို့ဝှက်ချင်တယ်ဆိုလဲရပါတယ်.. အရေးကြီးတဲ့ သူတို့ personal သူတို့လျှို့ဝှက်တာ ကျမနဲ့လဲဘာမှမဆိုင်ပါဘူး..

အဲ တချို့ကျတော့ ပါးစပ်ကတော့ ခင်ပါတယ်ပြောနေတယ်.. အပြင်ပန်းတော့ လှိုက်လှိုက်လှဲလှဲလဲရှိတယ်.. ဒါပေမဲ့ သူတို့ရဲ့ တထောင့်တနေရာမှာ ကျမကိုခင်တယ်ဆိုတာ ခံစားလို့မရဘူးဆိုရင်တော့.. ဥပမာ.. သေးသေးကွေးကွေးကိစ္စကအစလိုက် လိမ်ပြော.. မလိုအပ်ပဲ လျှို့ဝှက်နေတာမျိုးတွေ ရှိလာမယ်ဆိုရင်တော့.. အဲဒိလူဟာ ၂အချက်နဲ့ ၃အချက်မှာ အကျုံးဝင်တယ်လို့ယူဆပါတယ်..
အဲဒိအတွက် ကျမအရင်ကလို ဒေါသလဲ ထွက်တော့မှာမဟုတ်ပါဘူး.. စိတ်မကောင်းလဲဖြစ်မှာမဟုတ်ပါဘူး.. ကျမထိုသူနဲ့ စကားပြောနဲသွားမှာတော့ အမှန်ပါပဲ.. စိတ်ဆိုးလို့လဲ မဟုတ်ပါဘူး.. မခင်တော့လို့လဲမဟုတ်ပါဘူး.. ခင်ပြီးသားလူတစ်ယောက်ကို မုန်းဖို့က ကျမအတွက်တော်တော်ခက်တဲ့ ကိစ္စပါ..
သူတို့ရဲ့အားနည်းချက်လေးတွေကို ကျမ မသိလိုက်ပဲ သွားထိခိုက်မိမှာစိုးလို့ပါ..
ဘယ်လိုပဲ ဖြစ်ဖြစ် ... လျှို့ဝှက်မှုတွေရဲ့ နောက်ကွယ်မှာ..............................................




(မှတ်ချက်။ ။ဤပိုစ့်ကို ကျမတစ်ဦးတစ်ယောက်ထဲ၏ ထင်မြင်ချက်ဖြင့် ရေးသားခြင်းဖြစ်၍ ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်)
Disclaimer: First photo get from Flickr uploaded by Ahmed
The rest get from Google photos

11 comments :

khin oo may said...

kom: ဖတ်ပြီးစဉ်းစားပြိးပြန်သွားတယ် မဗေဒါ

တောင်ပေါ်သား said...

ဝေ့ သဘောထား ကွဲလွဲတယ်ဟေ့ ဘာတွေလဲဟေ့ ဟီးး မကြီးရေ လျှို့ဝှက်တယ်ဆိုတာ တကယ်တော့ ကောင်းမကောင်း သေချာပြောလို့မရဘူးထင်တယ်နော့် ဘာလိုလဲဆိုတော့ လူတစ်ယောက်ချင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ အခက်အခဲတွေကို တခါတလေ ပြောပြဖို့ကတော့ ခက်တယ်လေ... ကဲကြာတယ် ဒေါ်လာ ၅၀၀၀ လိုနေတယ် ပွင့်ပွင့်လင်းလင်းပြောပြတာ မကြီးနား လာချီးတာ ဟီးးးးးးးး ကလေး သရေခံက ကောင်းတယ်နော့်

mabaydar said...

ပိုစ့်ထဲမှာ ခင်မင်မှုအတိုင်းအတာပေါ်မူတည်ပြီး လျှို့ဝှက်မှုအတိုင်းအတာကိုနှိုင်းတာပါ.. ဒါပေမဲ့ လျှို့ဝှက်တာကို မကောင်းဘူးပြောတာလဲမဟုတ်ပါဘူး.. မဗေဒါမကြိုက်တာကိုပြောတာပါ.. ပိုက်ဆံလိုတယ်ချေးဆိုတာက ခင်မင်မှုကို အလွဲသုံးစားလုပ်တာပါ.. ဒါဆိုပွင့်လင်းတယ်ဆိုတာက.. ငါ့ကတော့ဘယ်လိုဘယ်လိုကြောင့်ငွေလိုတယ်ဟာ.. ချေးပါလို့ပြောတာကိုပြောတာ.. ကိစ္စနှစ်ခုမဆိုင်ဘူးထင်ပါတယ်.. ပိုစ့်ကိုသေချာဖတ်ပြီးနားလည်စေချင်ပါတယ်... ပြီးတော့ဒီလိုပိုစ့်မျိုးက ခံယူတဲ့သူပေါ်မူတည်ပြီး မှားတယ်မှန်တယ်ဆိုတာဖြစ်တာပါ.. တိကျတဲ့အဖြေမရှိပါဘူး.. သားသားလေးတောင်ပေါ်သားက ၂၄နှစ်ပြည့်ပြီးပြီဆိုတော့.. မကြီးမဗေဒါတို့လို ၂၄နှစ်မပြည့်သေးတဲ့ သူတွေရဲ့ အတွေးကိုဘယ်နားလည်မလဲကွယ်.. သွားသွား မုန့်ဖိုး ၅၀၀၀ပေးလိုက်မယ်.. ကောင်းကောင်းသွားကစား.. ဟုတ်ပြီလား.. ဟတ်..ဟတ်..

:P said...

"လျှို့ဝှက်မှု နောက်ကွယ်..."ကိုဖတ်သွားပါတယ်....သူ့ရဲ့ မိသားစုချို့တဲ့ပုံ၊ အနှိမ်ခံခဲ့ရပုံ၊ ရုန်းကန်ခဲ့ရပုံတွေကို ပွင့်ပွင့်လင်းလင်းပြောပြတတ်ပြီး...၀မ်းသာစရာ အကြောင်းတွေ( ဥပမာ သူ့အလုပ်က အမြတ်တွေရတာ၊ ဖုန်းမဲပေါက်တာ..စသဖြင့်) ကိုတော့ လျှို့ဝှက်ထားတဲ့ သူငယ်ချင်း ၁ ယောက်ကို နားလည်ရ ခက်ခဲခဲ့ပါတယ်..
ကျွန်မက မနာလိုတတ်တဲ့ပုံပေါက်နေလို့လားးးးးးလို့ စဉ်းစား
မိပါတယ်

Anonymous said...

အင်း... ပို့စ်လေးက ကောင်းတယ်ဗျာ

အဲလိုဖြစ်နေတဲ့ သူငယ်ချင်းကို အဲလိုဖြစ်နေတာ သူ့အကျင့်စရိုက်ပဲလို့ နားလည်ပေးနိုင်ရင် `ကိုယ့်ကိုယ် လျှို့ဝှက်ထားတယ်´ ဆိုတဲ့ခံစားချက် နည်းနည်းသက်သာသွားမယ်လို့ ထင်တယ်။

ဒါပေမယ့် ကိုယ်တကယ် ချစ်တဲ့ ခင်တဲ့ နားလည်တဲ့သူတွေက လုပ်တဲ့အခါ ကိုယ်လည်း နားလည်မှုတွေ ဆိတ်သုန်းသွားပြန်ရောဗျာ...။

အဲဒါတွေ ရှိနေ၊ ဖြစ်နေလို့လည်း လူတွေဟာ လူပီသခြင်း၊ လူသားဆန်ခြင်း စတဲ့ တိရစ္ဆာန်တွေနဲ့ မတူတာလို့ ထင်တယ်။

Unknown said...

တကယ်တော့ အဲဒါတွေက အကျင့်ဗျ။ ကျွန်တော့်ဆီမှာ အတူလာနေတဲ့အမ ပြန်ခါနီးမှ လေယာဉ်ကွင်း လိုက်ပို့ခိုင်းတာဗျ။ ဘယ်နှယ့်လုပ်မလဲ။ အမအရင်းနော်....
ဟီးးးးးးး ဟီးးးးးးးး

Anonymous said...

အခုပိုစ့်ကလေးဖတ်မိသွားပြီး တွေးမိသွားတာလေး ရှိပါတယ် အမ၊ အမလည်း သိမှာပါ။ ဘုရားအလောင်းတော် မဟောသဓာဇာတ်နိပါတ်တော်ထဲက မဟောသဓာသူတို့သား ပြောတာကတော့ လျှို့ဝှက်အပ်သောအရာကို မိမိမှတပါး အခြားသူတို့ကို မပြောအပ်ပဲ လျှို့ဝှက်ထားခြင်းသာ အကောင်းဆုံး ဖြစ်တယ်တဲ့ အမရေ။ အဲလိုတွေးမိသွားတာ။ သူ့အကျိုးမထိခိုက်စေတဲ့ လျှို့ဝှက်မှုတစ်ခုဟာ လျှို့ဝှက်ထားသင့်တယ်လို့ ယူဆမိပါကြောင်း ...။

ခင်မင်လေးစားစွာဖြင့်

ညီအကိုများ said...

လူတိုင်းမှာ လျှို့ဝှက်ချက်ကတော့ ရှိနေကြတာပဲလေ..
ထိပ်တန်းလျှို့ဝှက်ချက်တော့ထားသင့်တာပေါ့..
နားလည်ပေးလို့ ရတာလေးတွေကိုနားလည်ပေးလိုက်တာအကောင်း
ဆုံးလို့ထင်တာပဲ...

ပျော်ရွှင်ပါစေ..

မိုးကြယ်

mabaydar said...

ဒီပိုစ့်ကိုဖတ်ပြီး မဗေဒါဆိုလိုတာကိုနားမလည်တဲ့သူတော်တော်များတာပဲ.. ကိုယ်ပဲ အရေးညံ့သလားတော့မသိဘူး.. မလျှို့ဝှက်အပ်ဘူးလို့.. မလျှို့ဝှက်ရဘူးလို့လဲ မရေးမိသလိုပါပဲ.. ခင်မင်မှုအတိုင်းအတာပေါ်မူတည်ပြီလျှို့ဝှက်သင့်တယ်လို့လဲ ရှင်းပြထားသလိုပဲ.. ထားပါတော့.. ထင်ချင်သလိုလဲထင်နိုင်ကြပါတယ်.. ဒါပေမဲ့ မဗေဒါရေးထားတဲ့သဘောကိုနားလည်စေချင်တယ်.. မဗေဒါရေးတာကို သေချာသဘောမပေါက်ပဲ.. မဗေဒါကပဲ မလျှို့ဝှက်သင့်ဘူးဆိုတာမှအမှန်ပါလို့ တဖက်သက်စွတ်စွဲတာတွေကိုတော့ ဒီတခါနောက်ဆုံးပဲရီပလိုင်းလုပ်လိုက်တော့မယ်... ဘယ်သူမှလဲ မလျှို့ဝှက်ရဘူးပြောနေတာမဟုတ်ဘူး.. သေးသေးကွေးကွေးကိစ္စကအစလိမ်ညာဖုန်းကွယ်နေတာကို ဆိုလိုတာ.. ဘယ်သူမှလဲ သူများpersonal ကိစ္စတွေကို အားလုံးပြောပြသင့်တယ်လို့လဲ ရေးမထားဘူး.. စိတ်ပိန်တဲ့အထဲမှာ ဒီပိုစ့်ကဘာကိုဆိုလိုမှန်းသဘောမပေါက်ပဲနဲ့.. မဗေဒါကိုတဇွတ်ထိုးလာစွတ်စွဲနေတာခက်တယ်.. ခက်တယ်ပဲပြောတော့မယ်.. ဒါပဲ..
ဟိုင်းလိုက်လုပ်ထားတာတွေ.. အကြီးနဲ့ပြထားတာတွေကို သေချာဖတ်စေချင်ပါတယ်.. မဗေဒါလို မလျှို့ဝှက်တတ်ပါဘူးလို့ကိုယ့်ကိုကိုယ်ခံယူထားတဲ့သူတောင် တချို့ကိစ္စတွေဘယ်သူမှမသိအောင်လျှို့ဝှက်ထားတာတွေရှိနေတာပဲ..
ခုပိုစ့်ထဲမှာပြောနေတာက ခင်မင်တဲ့ သူငယ်ချင်းတွေက ဘယ်အတိုင်းအတာထိလျှို့ဝှက်သင့်တယ်မသင့်ဘူးကိုပြောနေတာ.. တချို့ကအပြင်ပန်းတမျိုး စိတ်ထဲကတစ်မျိုးတွေရှိတယ်.. ခင်လှပါချည့်ရဲ့ဆိုပြီး ကိုယ့်အကြောင်းကျအကုန်မေးပြီး.. သူ့အကြောင်းကျ အုပ်ထားတာတွေကိုပြောတာ.. အဲဒါတွေကိုလဲ ဂရုစိုက်လို့ပြောနေတာဟုတ်ဘူး.. ခုပိုစ့်မှာ အဲလိုလူမျိုးတွေကို ခုနားလည်ပေးလိုက်ပြီလို့ ရေးထားတယ်.. ပိုစ့်ပဲဆုံးအောင်မဖတ်ကျတာလား.. အရေးအသားကပဲ ဒွိဟပွားစရာဖြစ်နေလို့လား... ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ပါတယ်....

megumi said...

မဗေဒါ၊ နင့်ကို နားလည်တယ်။ မလိုအပ်တဲ့လျှို့ဝှက်မှုဟာ တစ်ခါတစ်ခါ ခင်မင်မှုကို အရောင်ဆိုးစေတယ်။ တစ်ခါတစ်ခါ သူငယ်ချင်း သံယောဇဉ်တွေကို ပြတ်တောက်သွားစေနိုင်တယ်။ "မလျှို့ဝှက်ရဘူး"လို့ မဆိုလိုပေမယ့် လိုအပ်တဲ့ နေရာကလွဲလို့ ကျန်တဲ့ အသေးအမွှားကိစ္စတွေမှာ လျှို့ဝှက်ခြင်းဟာ သူ့အပေါ် ညီမအရင်းတစ်ယောက်လို့ သံယောဇဉ်ရှိတဲ့ ကိုယ့်ကို မယုံကြည်တာနဲ့ တူတူပဲ။ ကိုယ့်နဲ့ အရမ်းခင်တဲ့ လူတစ်ယောက်ရဲ့ ယုံကြည်မှု မရခံရတဲ့လူတစ်ယောက် အဖြစ် ဘယ်သူ့မှ ရပ်တည်ချင်မှာ မဟုတ်ဘူး။ နင် အခု နားလည်ပေးနိုင်ပြီပြောလို့ နင့်ကိုလေးစားပါတယ်။ သူ့ဘက်ကိုယ့်ဘက် စဉ်းစားတာကတော့ အကောင်းဆုံးပဲ နေမှာပါ။ ဒါပေမယ့် ကိုယ်ခံစားရတာတော့ ကိုယ်ပဲ သိတယ်။..... နော်။ ကိုယ်ချင်းစာပါတယ်။ စိတ်မညစ်နဲ့နော်။

နင့် သူငယ်ချင်းကို တစ်ခုတော့ ပြောချင်တယ်။ ကိုယ့်အထုပ်ကိုယ် ဖြေသလို မလျှို့ဝှက်ရဘူးလို့ မဆိုလိုပေမယ့် လျှို့ဝှက်သင့်တဲ့ ကိစ္စနဲ့ မလျှို့ဝှက်သင့်တဲ့ ကိစ္စဆိုတာရှိတယ်။ ဟုတ်တယ် ဟုတ်။


(မနေနိုင်လို့ ဝင်ပွါးသွားပါသည်။ ကျမ၏ အယူအဆ ရာနှုန်းပြည့် မှန်ကန်သည်ဟု မယူဆပါ။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်။ :P :P)

MrDBA said...

အဟမ်း အဟမ်း ခေါင်းနဲနဲစားပြီး ပြန်သွားတယ်။ :)