Sunday, November 23, 2008

ဂျပန်ခရီးစဉ် Day 2

စကားပြောသံတွေကြားတော့ မျက်လုံးမပွင့်တပွင့်နဲ့ ကျမဖွင့်ကြည့်လိုက်မိတယ်.. ဝေဝေဝါးဝါး အမြင်အာရုံကြားမှာ.. သူမဟိုသွားလိုက် ဒီသွားလိုက်လုပ်နေတယ်.. သူမအဒေါ်ကတော့ မှန်တင်ခုံရှေ့မှာ လိမ်းခြယ်နေတယ်.. မီးဖိုချောင်နဲ့ ဧည့်ခန်းကတွဲရက်ဆိုတော့.. အဲဒိကနေ သူမအမေရဲ့ ချက်ပြုတ်သံနဲ့အတူ.. သူမကို စကားလှမ်းပြောနေတဲ့အသံကြားနေရတယ်.. သူတို့ တစ်အိမ်လုံးနိုးနေပြီ.. ဂျပန်နိုင်ငံဆိုတော့ အိမ်တွေက ကျင်းတယ်လေ.. ကျမလဲ အားနာနာနဲ့ပဲထလိုက်မိတယ်.. ဧည့်သည်က နောက်ဆုံးမှနိုးတော့ ကျမနည်းနည်းအားနာမိတယ်.. သူမနဲ့ခင်မင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကနေ ၂ဝဝ၈ရောက်မှ သူမမေမေကို ကျမပထမဆုံးတွေ့ဖူးမှာဖြစ်လို့ ကျမစိတ်တွေလှုပ်ရှားနေမိခဲ့တာ ဒီခရီးကို စတင်စီစဉ်ကတည်းကပါ.. ကျမအတွေးထဲမှာ သူမမေမေက ကျမကိုသူ့သမီးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့ နှစ်သက်ပါ့မလား.. ကျမအနေအထိုင်ကိုသဘောကျပါ့မလား.. သူမဖေဖေက ကျမနဲ့ဆို သူမကိုစိတ်ချသလို သူမမေမေကရော ကျမနဲ့ စိတ်ချပါ့မလား.. အတွေးပေါင်းစုံနဲ့အတူ.. ကျမ ဧည့်ခန်းထဲထွက်လိုက်တယ်.. သူမမေမေက အပြုံးနဲ့ဆီးကြိုနှုတ်ဆက်တယ်.. ကျမတို့စားဖို့မနက်စာပြင်ဆင်နေတယ်... ကျမလဲရီပြနှုတ်ဆက်.. မျက်နှာသစ်သန့်စင်ပြီး.. စလုံးကပါလာတဲ့လက်ဆောင်တွေ.. ထုတ်ပေးလိုက်တယ်... သူမမေမေလဲ သူမဖေဖေလိုပဲ သဘောကောင်းတဲ့ သူတစ်ယောက်ပါ.. စီစဉ်ထားတဲ့မုန့်တွေများမှများ.. အတင်းစားခိုင်းတာ.. အားနာနာနဲ့ အကုန်စားပြစ်ခဲ့ပါတယ်.. မစားရင် စေတနာစော်ကားသလိုဖြစ်မှာစိုးလို့.. နောက်.. သူမက အလုပ်မသွားခင်.. နင်ဒီနေ့ ငါ့အမေနဲ့ သွားတဲ့.. ကမကုရာ ဘုရားကိုလိုက်ပို့ပေးလိမ့်မယ်တဲ့.. ငါ့အမေဒီနေ့ အလုပ်နေ့ဝက်နားတယ်တဲ့.. ကြောက်လဲကြောက်အားလဲနာမိတယ်... ကျမရှိနေလို့ သူတို့မိသားစုရဲ့ အချိန်ဇယားတွေကို နေရာဝင်ယူပြီး မနှောင့်ယှက်ချင်ဘူး.. ဒါပေမဲ့ သူ့အမေက တကယ်အားတယ်.. လိုက်ပို့ပေးမယ်ဆိုတော့လဲ ကျမသိပ်မငြင်းတော့ဘူး.. ပထမဆုံးအကြိမ်ဆိုတော့လဲ ကျမ မသွားတတ်ခင်အဖော်လိုတာအမှန်ပင်....
မနက်စာစားပြီးတော့ ကျမသူငယ်ချင်းနဲ့ သူ့အဒေါ် အလုပ်ထွက်သွားကြပြီး.. ကျမလဲ ရေမိုးချိုး ပြင်ဆင်ပြီး အန်တီနဲ့အတူ "တဘတ" (TABATA) ဘူတာကိုလျှောက်ပြီးရထားစီးဖို့ထွက်ခဲ့တယ်.. အိမ်အောက်ဆင်းလိုက်တာနဲ့ မျက်လုံးထဲ တစ်ခုခုရှုတ်နေသလိုခံစားလိုက်ရတယ်.. မနေ့ညက ဘူတာက အိမ်ကို အထုတ်တွေနဲ့လမ်းလျှောက်ထဲက စိတ်ထဲမှာ တစ်ခုခုရှုတ်နေတာ.. ဒါပေမဲ့ ခုမနက်ကျမှ ကျမအဖြေကိုသိတော့တယ်... လျှပ်စစ်ဓာတ်ကြိုးတွေ.. ဓာတ်တိုင်တစ်တိုင်နဲ့တစ်တိုင် မြန်မာပြည်ကလို ဓာတ်ကြိုးဓာတ်တိုင်တွေရှိတယ်.. စကာင်္ပူမှာအနေများပြီး ဓာတ်ကြိုးတွေကို မြင်လေ့မရှိတဲ့ ကျမအတွက် နဲနဲတော့ မျက်စိရှုတ်တာအမှန်. ဒါပေမဲ့ အဖြေသိသွားတော့လဲ မရှုတ်တော့...



ကမကုရာ ဘုရားသို့....


သူမမေမေက ဘူတာကနေ ရထားကဒ် ဂျပန်လို "suica" (ဆူရိက) ကဒ်ဝယ်ပေးသည်... ယမ်း ၂၅ဝဝ ပေးရသည်... ၂ဝဝဝ က ကဒ်ထဲမှတန်ဖိုး.. ၅ဝဝ က ကဒ် ဒီပိုးဇစ်.. ကဒ်ပြန်အပ်လျှင်ပြန်ရမည်.. နောက်ရထား ဟိုပြောင်းဒီပြောင်းလုပ်ပြီး တော်တော်လေးသွားရသည်.. ကမကုရာ ဘူတာမှာဆင်းပြီး.. ဘတ်စ်ကားထပ်စီးသည်.. ကျမအင်တာနက်မှာ ရှာခဲ့သည့် သွားပုံမျိုးနှင့်တော့ သိပ်မတူ.. ဒါပေမဲ့ အန်တီနောက်ကိုပဲ တိတ်တိတ်လိုက်ခဲ့သည်.. အဲဒိဘက်က တိုက်အိမ်လေးတွေက လုံးချင်းအိမ်ပုလေးတွေ.. အိမ်လေးတွေ အောက်ခန်းလေးတွေက ရုပ်ရှင်ထဲကလို ဆိုင်လေးတွေတည်ထားသည်.. ဘတ်စ်ကားပေါ်ကို အထက်တန်းကျောင်းဝတ်စုံလေးတွေနဲ့ကောင်လေး ကောင်မလေးတွေတက်လာတော့ ငါကြည့်နေကျရုပ်ရှင်တွေထဲက ဝတ်စုံတွေအတိုင်းပါလားလို့တွေးပြီး စိတ်ထဲကသဘောကျမိသည်.. ဒါပေမဲ့ သူတို့အရွယ်လေးတွေက တကယ့်ကို ကလေးတွေ ၁၅နှစ် ၁၆ နှစ်အရွယ်လေးတွေ.. ရုပ်ရှင်ထဲကမင်းသားတွေ အဲလိုဝတ်စုံလေးနဲ့ဆိုရင် စိတ်ထဲက ရင်ခုန်မိပင်မဲ့.. အပြင်မှာ ဒီဝတ်စုံဝတ်တဲ့ အရွယ်ဆိုတာ ဒီအရွယ်လေးတွေပါလားဆိုတာတွေးမိတော့.. ဂျပန်ကျောင်းသားရုပ်ရှင်ကားလေးတွေ ကြည့်ပြီး ရင်ခုန်မိတာကိုပင်ရှက်မိသည်.. ဇယာက စကားပြောတာရယ်လေ... ဟဲ.. ဟဲ...
သူတို့ရဲ့ တိုက်ပုံစံတွေ... ဈေးတန်းလေးတွေ... သစ်ပင်တွေ... တောင်တန်းတွေ.. အားလုံးကို တွေ့ရတာ.. အိပ်မက်ထဲရောက်နေတဲ့အတိုင်းပင်.. အော်.. စကာင်္ပူနဲ့မတူတာတစ်ခုရှိသေးတယ်.. စကာင်္ပူမှာ ဘတ်စ်ကားစီးရင် ရှေ့ပေါက်ကတက်တာနဲ့ ပိုက်ဆံပေး.. ကဒ်နဲ့စီးရင် ကဒ်ကို စက်မှာ ကပ်.. ပိုက်ဆံသမားက အဆင်းမှာ ဒီတိုင်းဆင်းသွားယုံပဲ.. ကဒ်နဲ့ဆို အဆင်းမှာတစ်ခါထပ်ကတ်ရတယ်.. ဂျပန်မှာကျတော့ အနောက်ပေါက်ကနေတက်ရတယ်.. တက်ပြီးဘာမှမပေးရဘူး.. အဆင်းကျမှ အရှေ့ပေါက်မှာသွားပေးရတယ်... ဒါပေမဲ့ အရှေ့ပေါက်ကတက်ပြီး အရင်ပေးရတဲ့ ဘတ်စ်ကားတွေလဲရှိတယ်လို့ပြောတယ်.. ဘယ်လိုကြည့်ရလဲတော့ ကျမလဲမသိ...



ဘုရားရောက်တော့ ဝင်ကြေး ယမ်း ၂ဝဝ ပေးရသည်.. ဘုရားက တော်တော်သပ္ပါယ်သည်.. အမိုးအကားမရှိတဲ့ ရင်ပြင်တော်ပေါ်မှာ မားမားထီးထီးကြီး တင်ပလ္လင်ခွေထိုင်လျက်ပုံ..ဘုရားကြောင်းထဲမဝင်ခင် အုတ်ရေကန်လေးလိုနေရာမှာ သူတို့ ဂျပန်တွေက လက်ဆေး မျက်နှာသစ် ရေသောက်တွေလုပ်ကြသည်... ကျမလဲ ဘာမှန်းတော့ မသိ.. လိုက်လုပ်သည်.. မြန်မာတွေနဲ့လဲတွေ့သည်.. ဒီဘုရားကို မြန်မာတော်တော်များများလာသည်ဟု အန်တီကပြောသည်.. မယ်ဂုမီရေးပေးတဲ့ ပိုစ့်မှာလဲ ဖတ်ရတော့ ကျမ နဲနဲတော့ သိသည်.. လူလဲအတော်များသည်.. တိုးဂိုက်နဲ့လာတဲ့ ဂျပန်တွေလဲရှိသည်.. ဂျပန်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်းကို တိုးဂိုက်နှင့်လာတဲ့သူကရှိသေးသည်... တခြားနယ်ကဖြစ်မည်ထင်သည်.. ဒါမှမဟုတ်.. သူတို့နိုင်ငံရဲ့ ပုံစံကအဲအတိုင်းပဲလားတော့မသိ... ဘုရားဖူး... အမွှေးတိုင်ပူဇော်.. ပြီးတော့ ဘုရားကြီး ခန္ဓာကိုယ် အတွင်းပိုင်းကို ဝင်ကြည့်လို့ရသည်.. တစ်ယောက် ယမ်း ၂ဝ ပေးရသည်.. အန်တီကတော့ မဝင်တော့.. ကျမပဲ ရောက်ဖူးတယ်ရှိအောင်ဝင်လိုက်သည်.. အထဲမှာ ထွေထွေထူးထူးတော့ဘာမှမရှိ.. အနည်းငယ်မှောင်သည်.. ဘုရားကြီး တည်ဆောက်ပုံ တည်ဆောက်နည်းကို ဘာသာ ၄မျိုးလောက်နှင့်ရေးထားသော ခေတ်သစ်ကျောက်စာပုံမျိုးတွေ့သည်... ဖတ်ပြီး ပြန်ထွက်လာသည်..


ဓာတ်ပုံ အနည်းငယ်ရိုက်သည်.. ဘုရားကြီးဘေးက ဗုဒ္ဓညှပ်ဖိနပ်ဆိုသည့် ဖိနပ်အကြီးကြီးနှင့်လဲ ဓာတ်ပုံရိုက်သည်.. အန်တီကိုအားနာလို့ တနေရာမှာထိုင်ခိုင်းပြီး ကျမတစ်ယောက်ထဲ တွေ့တဲ့သူခေါ်ရိုက်ခိုင်းရသည်.. အင်္ဂလိပ်လိုနားမလည်ပင်မဲ့ ဟန်ပန်နဲ့ ကင်မရာပြပြီးပြောတော့ အားလုံးက လှိုက်လှိုက်လှဲလှဲရိုက်ပေးကြသည်... ဂျပန်တွေက သူတို့နိုင်ငံကို အရမ်းဂုဏ်ယူတော့ သူတို့နိင်ငံအလည်လာတဲ့သူတွေကိုလဲ နိုင်ငံအလှကိုကြွားချင်တော့ အားလုံးက စိတ်လိုလက်ရသေချာရိုက်ပေးသည်.. တချို့ရိုက်တာလဲ ကြိုက်သည်.. တချို့တော့သိပ်စိတ်တိုင်းမကျ.. ဒါပေမဲ့ ကွန်ပလိန်းများလို့မရ.. ရိုက်ပေးလို့ ကျေးဇူးတောင်တင်ရအုံးမည်... ဘုရားရှေ့မှာ အန်တီနှင့် ၂ယောက်ရိုက်တော့ မြန်မာလူကြီးတစ်ယောက်တွေ့လို့ အကူညီတောင်းရိုက်ခိုင်းသည်.. ကျေးဇူးတော့ တင်လိုက်ရသည်.. ဒါပေမဲ့ စိတ်တိုင်းမကျ.. ဖြစ်သလိုရိုက်ပေးသည့်ပုံမျိုး.. ခြေထောက်ကမပါ.. ဘုရားဦးခေါင်းတော်က ပျက်နေသည်.. ရိုက်ပြီး ကောင်မလေးတစ်ယောက်က " ဆရာ.. ဆရာ.. ဓာတ်ပုံရိုက်မယ်..ဟိုဘက်ကိုလာပါ" လို့လာခေါ်လို့ ထိုလူလိုက်သွားသည်.. အန်တီက "ဆရာတဲ့ ဘာဆရာလဲတော့ မသိဘူး" .. ဟုပြောသည်.. ကျမလဲ စိတ်ပေါက်ပေါက်နှင့်.. "အင်း.. ဓာတ်ပုံဆရာမဟုတ်တာတော့ သေချာတယ်" လို့ပြောပြီး ၂ယောက်သား ရယ်ဖြစ်ကြသေးသည်.. နောက်မှ ဂျပန်မလေးတစ်ယောက်ကို အကူညီတောင်းထပ်ရိုက်ခိုင်းတော့ သေသေချာချာ ၂ပုံတောင်ရိုက်ပေးသည်.. အဲဒိကောင်မလေးကတော့ အတော်ချောသည်... ဂျပန်မလေးတွေက မိတ်ကပ်အရမ်းလိမ်းပြီး.. အတုတပ်ထားတာတွေများသည်.. အဝတ်အစားတွေကလဲ လှတော့ မည်သူမဆိုလှနေသည်ဟုထင်ရသည်... အဲဒိဓာတ်ပုံရိုက်ပေးသည့် ကောင်မလေးကတော့ ထုံးစံအတိုင်းမိတ်ကပ်လိမ်းအလှပြင် အတုတပ်ထားပေမဲ့ ပင်ကိုယ်လဲလှသည်.. ကျမဂျပန်မှာတွေ့ခဲ့သမျှထဲမှာ သူမအလှဆုံးပင်..(ပလပ်စတိတ် ဆာဂျူရီလုပ်ထားရင်တော့ မသိပါ)..


Tsurugaoka Hachimangu ဘုရားကျောင်း


နောက်ပြီး ကျမ အင်တာနက်မှာရှာလာသည့် ကမကုရာဘုရားနှင့်နီးသည့် ဘုရားကျောင်းအကြောင်းကိုပြောတော့.. အန်တီကမသိ.. ဒါပေမဲ့ သူလိုက်ပို့ပေးသည်.. ဟိုမေးဒီစမ်းနှင့်... ကျမကတော့ တစ်နေရာရောက်လို့သူမေးလျှင် စာအုပ်ထုပ်ထုပ်ပြီး အဲဒိဘုရားနာမည် Tsurugaoka Hachimangu ဆိုတာကို ဖတ်ပြရသည်..အဲဒိဘုရားက ကမကုရာဘူတာကနေ အလွန်လူရှုပ်သော ဈေးတန်းလမ်း (the busy Komachi-dori shopping street) ကိုဖြတ်သွားရသည်.. အဲဒိလမ်းဆုံးလျှင် အဲဒိဘုရားကျောင်းကို ရောက်သည်.. လမ်းကရှည်ပြီး တောက်လျှောက်တစ်ဖက်တစ်ချက် ဈေးတန်းတွေချည်း.. လူလဲတော်တော်ရှုပ်သည်.. မဗေဒါကလဲ အကျင့်အတိုင်း ဘယ်လောက်လူရှုပ်ရှုပ်.. ဗွီဒီယိုလေးတော့ ရိုက်ဖြစ်အောင်ရိုက်သည်.. မိမိကိုယ်ကိုပြန်ရိုက်ရတော့.. လက်ကိုဆန့်ပြီးကင်မရာကိုင်လျှောက်ရတော့ ဘေးလူတွေကို သွားသွားရိုက်မိသည်... မဗေဒါလဲ "ဆူမီမာစံ" နဲ့ "ဂိုမေ့နာဆိုဒ်" နှစ်လုံးနှင့်လုပ်စားလာသည်.. "excuse me".. "I'm sorry".. ဟုတ်မဟုတ်မသိ.. မရလျှင် အင်္ဂလိပ်လိုပြောလိုက်သည်.. အင်္ဂလိပ်လိုပြောလျှင်တော့ သူတို့တွေ လာလည်သူမှန်းသိ၍ ဘာမှမပြော... အိုကေ နဲ့ပြီးသည်..
ဒီလိုနှင့် ဟိုငေးဒီငေး.. အမြည်းပေးတာလေးတွေလိုက်မြည်း... ဒီလိုနဲ့ လမ်းတောင်ဘယ်လိုဆုံးသွားမှန်းမသိ..






ဘုရားကျောင်းက အဝင်ဝကနေ မြေကြီးလမ်းလေးကို ထပ်လျှောက်ရသေးသည်.. အနီရောင် မုန့်ဦးတွေကတော့ ဘုရားကျောင်းတိုင်း ပုံစံတူသည်.. အဲဒိဘုရားကျောင်းမှာ ကီမိုနိုဝတ်ထားသည့် ကလေးလေးတွေ.. ဂျပန်မကလေးလေးအမေတွေတော်တော်များသည်.. ကီမိုနိုနဲ့ ဂျပန်မတွေလဲ သူ့ယဉ်ကျေးမှုနဲ့သူ ကျက်သရေရှိရှိလှကြသည်.. ကလေးလေးတွေကိုတော့ အသည်းယားသည်.. ကီမိုနိုနှင့် ယိုင်တိုင်ယိုင်တိုင်လမ်းလျှောက်နေကြသည်.. ဘုရားကျောင်းလမ်းဆုံးတော့ အဓိက အဆောက်အအုံပေါ်ကိုတက်သည့် လှေကားထစ်တွေတွေ့သည်.. ကျမအတွက်ကတော့ စိတ်အတော်ကြည်လင်သည်.. စကာင်္ပူလို သဘာဝရှုခင်းနဲ့ဝေးပြီး.. ပူအိုက်နေတဲ့ရာသီဥတုနိုင်ငံမှာနေပြီး.. ခုလို သဘာဝအရသာပြန်ခံစားရတော့ တော်တော်လေး စိတ်အပန်းပြေသည်.. မြန်မာပြည်မှာတုန်းကလဲ ခရီးခဏခဏထွက်တတ်တဲ့ ကျမတို့မိသားစု စကာင်္ပူမှာတော့ သဘာဝရှုခင်းကို လွမ်းတိုင်း မလေးရှားကိုသာ အလွမ်းပြေသွားနေရသည်... ခုလို ကျမတစ်ယောက်ထဲ ဒီရှုခင်းတွေ ဒီရာသီဥတုတွေခံစားရတော့.. အိမ်က မိသားစုကိုအတော်သတိရမိသည်..


ဓာတ်ပုံတောင် ကောင်းကောင်းရိုက်ချိန်မရလိုက်.. အန်တီက ညနေအလုပ်ရှိ၍ တစ်ယောက်တည်းလဲ မပြန်တတ်သေးတော့ ကမန်းကတန်းပြန်လာရသည်.. .. ဒါနဲ့ အဆင်းကျတော့မှ.. တွေ့တဲ့ ဂျပန်မိန်းမတစ်ယောက်ကို မှတ်တမ်းတင်ရုံသဘော အမြန်ရိုက်ခိုင်းရသည်.. လှ မလှလဲ ဂရုမစိုက်နိုင်တော့.. တနေကုန်လျှောက်သွားထားတဲ့ပုံ.. ပိုက်ဆံအိပ်အကြီးကြီးနှင့်.. လည်ပင်းမှာလဲ ဗွီဒီယိုကင်မရာဆွဲရက်သား.. ဗွီဒီယိုအိပ်ကလဲ စလွယ်သိုင်းလွယ်ထားသေးသည်.. တစ်ယောက်ထဲတော်တော်ရှုတ်ရှပ်ခက်နေသည်.. အောက်ကပင့်ရိုက်တော့ လူကတော့ နဲနဲကြီးနေသည်.. (အဲဒါကြောင့် အောက်က စလိုက်ရှိုးမှာ မထည့်တော့ဘူးနော်.. ဟီး.. ဟီး) ဒေါက်မြင့် လည်ရှည်ဖိနပ်ကို စီးချင်ခဲ့သမျှ ဂျပန်ရောက်မှပဲ စီးလို့ရခဲ့သည်.. တစ်နေ့လုံး ဒီဖိနပ်နဲ့လမ်းလျှောက်ထားရတော့ ခြေထောက်ကလဲ နာလာသည်.. ဒါပေမဲ့ နေလို့တော့မဝသေး.. အဲဒိအနီးတဝိုက်မှာ ဥယျာဉ်နဲ့ ရေကန်လေးရှိသည်ဟု ဖတ်ခဲ့ရသည်.. ဒါပေမဲ့ အန်တီကလဲ အလုပ်ရှိတော့ အားနာနာနှင့် ရတယ်ဟုပြောပြီးပြန်ခဲ့သည်... ကျမသွားချင်သည်ဆို၍ မသိသည့်ကြားက တကူးတကလိုက်ပို့ပေးသည်ကိုပင် ကျမအတော် ကျေးဇူးတင်လှပြီ...



အန်တီ အလုပ်က "YAMANOTE LINE" ပေါ်မှာ.. ဒါနဲ့ ကျမလဲ အန်တီနောက်ကျနေမှာစိုး၍ အိမ်ပြန်လိုက်ပို့စရာမလိုကြောင်း ကျမဘာသာပြန်တတ်ကြောင်းပြောလိုက်သည်.. အန်တီက ကျမကို ပထမဆုံးရက်ဖြင့် အိမ်ကိုယ့်ဘာကိုယ်ပြန်တတ်သည်ဟုပြောခြင်းကို စိတ်ချပုံမရ.. ပြန်တတ်ရဲ့လားဟု ထပ်ခါထပ်ခါမေးသည်... ကျမကလဲ သေချာသည်.. ကိုယ့်ဘာသာကိုယ်လဲ တစ်ယောက်ထဲ စွန့်စားချင်သည်... ကျမထွက်လာထဲက တစ်ယောက်ထဲလျှောက်သွားချင်၍ ထွက်လာခြင်းပင်. လမ်းပျောက်လျှင် တိုက်စီငှားပြန်လို့ရသေးသည်.. သိပ်တော့ မကြောက်ပါ.. အထူးသဖြင့် ရာမနိုတယ် လိုင်းပေါ်ရောက်လျှင် ကျမသူတို့အိမ်ကို ကောင်းကောင်းပြန်တတ်သည်.. အဲဒိလိုင်းက ဂျပန်ရဲ့ မြို့ထဲ အထင်ကရနေရာတွေကို ပတ်ပြီးမောင်းနေသော ရထားဖြစ်သည်.. သူတို့အိမ်ရှိသော နေရာကိုလဲရောက်သည်.. ဒါဆို မပြန်တတ်စရာအကြောင်းမရှိ.. နောက်ရက်တွေ ကျမတစ်ယောက်ထဲ သွားရဲဖို့ ဒီနေ့ထဲက အကျင့်လုပ်ယူထားမှရမည်..


အိမ်ပြန်ရောက်တော့ ကျမတစ်ယောက်ထဲ... ကျမလဲ အိမ်မှာ ၁ယောက်ထဲမနေချင်တာနဲ့... မျက်နှာသစ်.. ဖိနပ်လဲပြီး သူတို့အိမ်နားတစ်ဝိုက် လျှောက်ကြည့်သည်.. ပြီးတော့ ဆီတစ်ပုံး ဆန်တစ်အိတ်ဝယ်ပြီး ပြန်လာလိုက်သည်.. (အဲဒိမှာလဲ လွဲသေးသည်.. ဆီမှတ်ပြီးဝယ်လာတာ ရှာလကာရည်ဖြစ်နေသည်.. အားလုံး ဂျပန်လိုရေးထားတော့ ကျမလဲ မသိ.. စကာင်္ပူမှာတော့ ရှာလကာရည်နဲ့ ဆီအရောင်လဲကွာသည်.. ပုံးပုံစံလဲကွာသည်.. ဂျပန်မှာတော့ တကယ်မှားလောက်သည်.. နောက်နေ့မှ ဖြတ်ပိုင်းပြန်ပြပြီးလဲရသည်).. ဘယ်လိုပဲ ဖြစ်ဖြစ် ကျမပြောသမျှရော သူတို့ပြောသမျှရော တစ်လုံးမှနားမလည်တဲ့နိုင်ငံမှာ ၁ယောက်ထဲလျှောက်သွားရတာလဲ အရသာတစ်မျိုးကောင်းသည်... ကိုယ်ကြိုးစားပမ်းစား အမူအရာလုပ်ပြီးပြောလိုက်တာကို တစ်ဖက်လူနားလည်သွားလျှင် တော်တော်ပျော်သည်... သူပြောချင်တာကို နားလည်အောင် အားစိုက်ထုတ်ရတာလဲ စိတ်ဝင်စားဖို့ကောင်းသည်.. ကျမအတွက်တော့ တကယ့်အတွေ့အကြုံသစ်တစ်ခုပင်...



Ikebukuro shopping district (အီကဲဘူကူရို)


ပစ္စည်းတွေဝယ်ပြီး အိမ်ပြန်ရောက်တော့ ကျမသူငယ်ချင်းနဲ့သူ့အဒေါ် အလုပ်ကပြန်ရောက်နေပြီ.. ဒီလိုနဲ့ ထမင်းစား.. ညဘက်ဘယ်ထွက်မလဲတိုင်ပင်တော့.. ဂျပန်ရဲ့ အကြီးဆုံး Shopping district တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Ikebukuro ကိုသွားမယ်ဆုံးဖြတ်လိုက်တယ်.. သူတို့လဲ သူတို့ရောက်ဖူးပြီးသားနေရာပဲ ကျမကို လိုက်ပို့တတ်တယ်.. ဒီလိုနဲ့ ကျမတို့တွေ ညစာစားပြီး အီကဲဘူကူရို ကို ထွက်လာကြတယ်.. သူတို့ပထမရောက်တဲ့ အခေါက်က ထွက်ပေါက်ကို မမှတ်မိတော့လို့.. တွေ့တဲ့ ထွက်ပေါက်တစ်ခုကပဲ ထွက်လိုက်ဖို့ ကျမအကြံပေးလိုက်တယ်.. ကျမလို စကာင်္ပူကလာတဲ့ သူအတွက်ကတော့ ရှော့ပင်းမောဆိုတာ သိပ်တော့ မထူးဆန်းပါဘူး.. တစ်ခုပဲရှိတယ်.. သူတို့ ရှော့ပင်းမောက ဖက်ရှင်တွေကတော့ လှတယ်.. ဆောင်းရာသီဝတ်တွေရောင်းနေပြီ.. အနွေးထည်တွေကလဲ လှမှလှ.. အရုပ်မတွေကို ဆင်ပေးထားတာ.. တော်တော်လှတယ်.. ကြည့်လိုက်ရင် ယမ်း ၁၃ဝဝဝဝ ၁၄ဝဝဝဝ နဲနဲနောနောမဟုတ်ဘူး... ကျမပါတာအကုန်လောက်ရှိတယ်.. ဒါနဲ့ပဲ ဟိုကိုင်ဒီကိုင် ဝင်းဒိုးရှော့ပင်းထွက်ခဲ့တယ်.. မနက်က ဟာချီမန်းကူ ဘုရားကျောင်းသွားတဲ့လမ်းမှာလဲ အင်္ကျီလှလှလေးတွေရှိတယ်.. ဒီရှော့ပင်းမောလောက်ကြီးဘူး... ဘရမ်း.. ဘရမ်း.. ဘရမ်းလေးကွာတာနဲ့.. ဒီတော့မှ လေဆိပ်ကတောင်းလာတဲ့ ဂျပန်ဂိုက်စာအုပ်မှာဖတ်ရတာလေး သွားသတိရတယ်.. ဂျပန်မိန်းကလေးတွေက နေအိမ်ကသာစုတ်ရင်စုတ်မယ်.. သူတို့ အကျီင်္ဘီရိုကတော့ ဘရမ်းဒက် အင်္ကျီတွေနဲ့ပြည့်နေတယ်ဆိုတာလေ...


သူတို့ဆီမှာ နာမည်ကြီးကုန်တိုက် 01city (မာရုရိ ကုန်တိုက်) ကိုရောက်တော့ ည ၈:၁၅မိနစ် ၈:၃ဝပိတ်မယ်ဆိုတော့ အမြန်ဝင်ခဲ့သေးတယ်.. နောက်တော့ ကုန်တိုက်ပိတ်တော့ ပြန်ထွက်လာပြီး ကြည့်တော့.. အားလုံးနီးပါးပိတ်ကုန်ပြီ.. သူငယ်ချင်းက ဘယ်သွားချင်သေးလဲတဲ့.. ဒါပေမဲ့ တော်တော်များများကလဲ ပိတ်နေပြီ.. ကျမလဲ မနက်က ပင်ပန်းထားတာရော.. ဂျပန်ရဲ့ညကို အထင်သေးပြီး အနွေးထည်ကောင်းကောင်းမဝတ်ခဲ့ပဲ.. ပဝါလောက်နဲ့ထွက်လာတာရောဆိုတော့.. ညကိုးနာရီလောက်ကျတော့ တပ်ခေါက်ဖို့ပြောလိုက်တယ်.. သူတို့က ကျမကို စောစောစီးစီးတပ်ခေါက်လို့ အန့်အောနေတယ်.. ကျမ မနက်က သွားထားတာတွေ သူတို့မသိပဲနဲ့.. အိမ်ပြန်ရောက်တော့ ဗွီဒီယိုချိန်ပြီး.. ကျမတို့ ၂ယောက် ဂျပန်ပိုက်ဆံနဲ့ စကာင်္ပူ ပိုက်ဆံအကြောင်းပြောပြီး ရယ်နေရသေးတယ်... ဘယ်လိုပဲ ဖြစ်ဖြစ်.. ဒီညနေပိုင်းလေး ဘယ်မှာပဲဖြစ်ဖြစ်.. ဘယ်နေရာပဲ သွားသွား... ကျမသူငယ်ချင်းနဲ့ တူတူ ရယ်မောပျော်ရွှင်ခွင့်ရတဲ့အတွက်.. ကျမပျော်မိတာအမှန်ပါပဲ... သူမက ကျမရဲ့ ပျော်ရွှင်ဖွယ်ကလေးဘဝ အတိတ်တွေကို တူတူဖြတ်သန်းခဲ့သူလေ......

၂၅.၁ဝ.၂ဝဝ၈ အမှတ်တရများ....



မနက်ဖြန်သူမအလုပ်အားတယ်.. ဒစ်စနေလမ်းသွားမယ်လို့ပြောတယ်.. ကျမလဲ ဝမ်းသာပြီး.. မနက်ဖြန် ဆော့ဖို့ အားမွေးပြီး အိပ်လိုက်တာ... ချက်ချင်းကို အိပ်ပျော်သွားတော့တယ်.... ZZzz.....


ဆက်ရန်/

9 comments :

khin oo may said...

လာဖတ်ပြီးကြည့်သွားသည်

ဟန်လင်းထွန်း said...

ကျနော် ဖူးချင်တဲ့ ဘုရားထဲက
ကမကုရာ ဘုရားလည်းပါတယ်အမ။ ကျေးဇူးတင်ပါတယ်။ ဘုရားပုံတင်ပေးတဲ့အတွက်။ စကားမစပ်
လက်လေး နှစ်ချောင်းထောင်တာ ဘာလို့လဲဟင် ! :) :)

sin dan lar said...

ဖတ်သည်။ ဓါတ်ပုံကြည့်သည်

puluque said...

မဗေဒါရေ.. စာတွေဖက်၊ ပုံတွေကြည့်သွားတယ်ဗျာ..
မရောက်ဖူးသေးပေမဲ့ ဂျပန်ရောက်သွားတဲ့ အတိုင်းပဲ..

အိမ်မက်ရှင် said...

မဗဒါက အိပ်ပျော်သွားပေမယ့် ကျွန်တော် ဂျပန်က လမ်းတွေပေါ်မှာ ဒီအတိုင်းကျန်နေခဲ့တယ်ဗျာ၊ အရေး အသားနဲ့ တင်ပြပုံသိပ်ကောင်းတော့ ကိုယ်တိုင်လိုက်ပါနေသလို ခံစားနေရတယ်၊ ဆက်ရန်ကို မျှော်နေပါတယ်။

ခင်မင်စွာဖြင့်

ကိုရင်နော်ခင်လေးငယ် said...

စာတွေဖတ်လိုက်ရတာ ပုံလေးတွေ ကြည့်လိုက်ရတာ တကယ်ကြီးကို ဂျပန်ရောက်သွားသလို..

ဒစ်စနေလမ်း သွားခဲ့တဲ့ ပုံလေးတွေ လာကြည့်ဦးမှာနော်..

ပျော်ရွှင်တဲ့နေ့လေးတွေဖြစ်ပါစေ..း)

Ei Wai Phyo said...

ဂျပန်သွားချင်စိတ်ပေါက်သွားပြီ။ အရေးအသားကောင်းတယ်။

အိမ်လွမ်းသူ said...

မဗေဒါရေ... ဘုရားလာဖူးသွားတယ်နော်.. မျှဝေပေးတာကျေးဇူးတင်ပါတယ်...

Heartmuseum said...

ကမကူရတော့ ရောက်အောင်ကို သွားအုံးမယ်။