အိပ်မက်တစ်ခုလိုလို တကယ်လိုလို အမှတ်တရရှိနေတဲ့ စိတ်ထဲမှာ အစမရှိ အဆုံးမရှိ အဆက်စပ်မရှိ fragment လေးတစ်ခုကိုပဲ စွဲစွဲမြဲမြဲ ထင်ကျန်နေတဲ့ ငယ်ဘဝ memory မျိုး လူတိုင်းမှာရှိမယ်ထင်တယ်။
ကိုယ့်အတွက်ကတော့ ကိုယ့်အဖွား မြေး ၃ယောက် ကိုယ်ရယ် နောက် ဝမ်းကွဲမောင်နဲ့ ညီမတစ်ယောက်ရယ်ကို ခေါ်သွားတဲ့ ဂျက်ဆင်နားက Fun Fair လေးတစ်ခုရဲ့ ပုံရိပ်က အပျော်ဆုံး အမှတ်ရစရာလေးတစ်ခုအဖြစ် ပထမဆုံးနဲ့ နောက်ဆုံး မြန်မာပြည်က Fun fair အတွေ့အကြုံလေးတစ်ခုအဖြစ်အမှတ်ရနေခဲ့တယ်။
အဲ့ဒိ နေ့က အဘွားက ဘာစိတ်ကူးပေါက်လဲ သူအဲ့ event ကို ဘယ်လိုသိလဲ ကိုယ်ဘာမှ မမှတ်မိဘူး။ ဒါပေမဲ့ ကိုယ်သေချာမှတ်မိတဲ့ မှတ်ဉာဏ်အရ လူငယ်အဖွဲ့အစည်းတစ်ခုက လုပ်တယ်ထင်တယ်။ သူက Temporary tent လေးတွေနဲ့ ဂိမ်းအလွယ်လေးတွေမျိုး မျှားပစ်၊ နို့ဆီဗူးပစ်၊ ဘဲရုပ်လေးတွေ ချိတ်နဲ့ဆယ်၊ ပြီးတော့ တခြား snack လေးတွေ ပူဖောင်းလေးတွေလဲ ရောင်းတယ်။ ၁၉၉၄/၅ ဝန်းကျင်ကာလဖြစ်မယ်ထင်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ ကိုယ်နဲ့ ကိုယ့်ရွယ်တူ cousin က အဲ့တုန်းက ၄/၅ တန်းအရွယ် အပျို/လူပျိုလဲ မဖြစ်သေးပေမဲ့ တန်းဝင် ဘောင်ဝင်ဆော့တတ် နားလည်နေတဲ့အရွယ်ဖြစ်နေပြီ။ ဆော့ချင်ရင် အဘွားက ပိုက်ဆံထုတ်ရတော့ အဘွားကိုလဲ ပူဆာရတာအားနာတော့ ကိုယ်သေချာပေါက်နိုင်လောက်မဲ့ ဂိမ်း တစ်ခု ၂ ခုပဲ အဘွားကို ပူဆာတယ်။ ဂိမ်းနိုင်ရင် ပြန်ပေးတဲ့ ပစ္စည်းလေးတွေကလဲ ဘာမှ တန်ဖိုးရှိတာမဟုတ်ပေမဲ့ တစ်ခါမှ အဲ့လိုပွဲမျိုး မသွားဖူးတဲ့ ကိုယ့်အတွက် limit နဲ့ ထိန်းဆော့ရပေမဲ့ အစမ်းပျော်ခဲ့ရတယ်။
၂၀၁၅ ကိုယ့်စလုံးမှာ မင်္ဂလာပွဲလုပ်ပြီးတော့ ၂ ဘက်မိဘက မြန်မာပြည်မှာ ပွဲလုပ်စေချင်တာ သိတယ်။ ဒါပေမဲ့ စလုံးမှာ လုပ်ဖူးပြီးသွားပြီး မင်္ဂလာပွဲဆိုတာလဲ ကိုယ့်အတွက်တကယ်ပျော်ပေးမဲ့ သူငယ်ချင်းဘာညာများများမရှိပဲ သမာရိုးကျ ဧည့်သည်တွေဧည့်ခံ လမ်းလျှောက် မုန့်စား နှုတ်ဆက်နဲ့ ပင်ပန်းပြီး ပိုက်ဆံကုန်တာပဲရှိတယ် ပျော်လဲ မပျော်ရဘူးလေ။ For me, wedding is overrated. ဒါတောင် စလုံး မင်္ဂလာဆောင်မှာ အလုပ်က ဂျပန်တွေနဲ့ သူဌေးတွေဖိတ်ထားတော့ လက်ဖွဲ့စတာ ပွဲလုပ်ခ ကြေတဲ့ အပြင် သူတို့လဲ စလုံးမှာ မင်္ဂလာဆောင် မတက်ဖူးလို့ ပျော်ကြ ကိုယ့်မြန်မာ pre-wedding ပုံတွေနဲ့ မြန်မာပြည်ရဲ့ နေရာတွေနဲ့ ဝတ်စုံတွေ သူတို့အတွက်အထားအဆန်းမို့ မြန်မာပြည်ကို ခရီးသွား promote သလိုဖြစ်လို့ ကျေနပ်မိပါတယ်။
မြန်မာပြည်မှာ ပွဲလုပ်ဖို့ကျတော့ ကိုယ့်အသိလဲ ဘယ်လောက်မှ မရှိ၊ ၂ ဘက်မိဘတွေ အသိချည်းပဲသူတို့ကဖိတ်ချင်တာ၊ ပိုက်ဆံကျ ကိုယ်ကထုတ်၊ ဒါတင်မကဘူး၊ လက်ဖွဲ့ကျ ထမိန်တို့၊ ပုဆိုးတို့၊ အယ်လဘမ်တို့၊ ထမင်းပေါင်အိုးတို့ လာမှာ။ ကိုယ့်အစ်မတုန်းက အာ့တွေရတယ်လေ။ ပြီးတော့ အချင်းချင်း အကယ်ဒမီပွဲလိုအပြိင်ဝတ်ကြ၊ ၂ ဘက်အမျိုး ဒရမ်မာတွေထိန်းရ၊ ဧည့်သည်တွေရဲ့ အတင်းခုတ်ခြင်းခံရ၊ အိုးးး... ဒါတွေကြိုတွေးမိပြီး ခေါင်းထဲ scenerio run ပြီးတာနဲ့တင် လုပ်ချင်စိတ်ကုန်။
ဒါနဲ့ ပွဲလုပ်ပါလား ပါးစပ်တပြင်ပြင်ဖြစ်နေတဲ့ မိဘတွေကို မိဘမဲ့ကျောင်းမှာ သွားလှူမယ် အမျိုးတွေဖိတ်လိုက်လို့ ပြောလိုက်ရော။ (ဂွစာနော်...) ကိုယ့်အမေကတော့ အဲ့လိုပြောလိုက်တာနဲ့ ဘယ်သူ့မှ မဖိတ်တော့ဘူးတဲ့။ 😂 သူ့အမေလဲ အဒေါ်အရင်းချာတွေကလွဲ တခြားတစ်ရပ်ကွက်လုံး တစ်ဆွေလုံးတမျိုးလုံးမပါတော့ဘူး။ 🤣 (တစ်ချက်ခုတ် ၃ ၄ ၅ ချက်ပြတ်)
ကိုယ်က မိဘမဲ့ဂေဟာအလှူလေးကို ဘယ်လိုမျိုးလေးလုပ်ချင်တာလဲဆိုတော့ ကိုယ်ငယ်ငယ်က ပျော်ခဲ့ရတဲ့ Fun Fair ပုံမျိုးလေးနဲ့ ကလေးတွေကို ပျော်စေချင်တာ။ ဒီဆန္ဒလေးက အဲ့နေ့က ကိုယ့်စိတ်ကူးထဲကအတိုင်း မဖြစ်ခဲ့ပေမဲ့ တဝက်လောက်တော့ ဖြစ်ခဲ့တယ်ဆိုရမယ်။ အဲ့ဆန္ဒလေးဖြစ်ဖို့ ကိုယ့်လိုအပ်ချက်က ဝန်းခပ်ကျယ်ကျယ်ရှိတဲ့ မိဘမဲ့ကျောင်းဖြစ်ဖို့လိုတယ်။ ပြီးတော့ ကိုယ်လုပ်ချင်တာလဲ ပေးလုပ်ဖို့ ခွင့်ပြုချက်ပေးရမယ်ပေါ့နော်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ချင်တဲ့ပုံစံမျိုး တတ်နိုင်တာကလဲ အယောက် ၁၀၀/၁၅၀ ဝန်းကျင်လောက်ပဲ limit ရှိတယ်။ ဖြစ်နိုင်ရင် ယောကျ်ားလေးရော မိန်းကလေးရောရှိတဲ့ကျောင်းမျိုးဖြစ်စေချင်တယ်။
အဲ့ဒိလိုအပ်ချက်တွေနဲ့ကိုက်မဲ့ကျောင်းကို ကိုယ် မြန်မာပြည်ပြန်တဲ့အချိန်တိုတွင်းရှာဖို့က အတော်ခက်တယ်။ ဒီမှာ ကိုယ်သိပ်ကျေးဇူးအတင်ဆုံး ကိုယ့် ဘလော့ reader ကနေ အပြင်မှာပါခင်မင်ခဲ့တဲ့ မောင်တစ်ယောက်လို အားကိုးရတဲ့အပြင် ပေါက်ပေါက်ရောက်ရောက် ထက်ထက်မြတ်မြတ်နဲ့ Attention to detail ရှိတဲ့ Pro Ye Wint Thu ကို ပြန်မလာခင်ကတည်းက ချက်နဲ့ မိဘမဲ့ဂေဟာတွေအကြောင်းသွားမေးတာ သူက အားတက်သရော အပင်ပန်းခံပြီးတော့ကို ကိုယ်လိုချင်တဲ့ပုံစံမျိုး ကျောင်းတွေကို လိုက်ရှာပေးတာ။ အဲ့လို လုပ်ပေးလိမ့်မယ်လို့ကို မမျှော်လင့်ခဲ့တာ။ သူသိတဲ့ကျောင်းရှိလား ရှိရင် ကိုယ်ပြန်ရောက်မှ စိတ်ဝင်စားတဲ့ကျောင်းတွေကို သွားကြည့်စုံစမ်းလုပ်မလို့က ကိုယ့်ရဲ့ အစက အစီအစဉ်... သူက အခုလို သေချာ အပင်ပန်းခံ ကူညီတော့ စိတ်ထဲ ဘယ်လို ကျေးဇူးတင် ခင်မင်မိမှန်းမသိဘူး။ (သူသိမသိ မသိပေမဲ့ သူ့ကို မောင်တစ်ယောက်လို့ ကိုယ်ယုံကြည်အားကိုးလို့ရတဲ့သူတစ်ယောက်လို စိတ်ထဲ ရင်းနှီး မိတာ။)
နောက်ဆုံး ဗဟန်း ဝင်္ကပါလမ်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအသင်းဆိုတာက ကိုယ်လိုချင်သလို နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ်။ သူက မိန်းကလေးချည်းပဲကျောင်း ပြီးတော့ အရွယ်ရောက်ပြီးသားအမျိုးသမီးလေးတွေကိုလဲ အသက်မွေးဝမ်းကျောင်းပညာသင်ပေးပြီး ဝင်ငွေလေးရှာ ဆက်နေခွင့်ပေးတယ်။ ဒိထက် ချို့တဲ့တဲ့နေရာတွေရှိပေမဲ့ ဝေးတာရော၊ တချို့ကျ ကလေးဦးရေအရမ်းများတော့ ကိုယ်မတတ်နိုင်တာရောကြောင့်မရွေးဖြစ်တာ၊ ပြီးတော့ ဒီကျောင်းလေးက တိုက်နဲ့ ခြံနဲ့ဆိုတော့ အလှူရှင်တွေက ကိုယ့်လိုပဲ ပိုလိုအပ်တဲ့နေရာကိုလှူမယ်ဆိုပြီး ကပ်ကျော်ဖြစ်ဖြစ်ပြီး သိပ်လာမလှူကြဘူးဆိုတဲ့အချက်လေးကို သူကပြောပြတယ်။
ပြီးတော့ မပြီးသေးဘူး။ သူပြတာ ကျောင်း ၂ ကျောင်း တစ်ကျောင်းက ယောကျာ်းလေးကျောင်း ကုက္ကိုင်းပရဟိတဂေဟာက ကျောင်းသားဦးရေ ၃၀/၄၀ ဝန်းကျင်ပဲရှိတာ။ ဒီတော့ ကိုယ်လှူချင်တဲ့ ဦးရေထက်တော်တော်နည်းနေတာ။ ဒါပေမဲ့ ကလေးတွေကို တွေ့တော့လဲ ပျော်စေချင်တာ။ ကိုယ့်မောင်က အားကိုးရတာ အစ်မ ယောကျ်ားလေးကျောင်းက ကလေးတွေကို ကားနဲ့ ဒီဘက် အလှူလုပ်မဲ့ မိန်းကလေးကျောင်းကိုခေါ်လာပေးမယ်တဲ့။ ကိုယ်ကလုပ်ချင်တာပဲသိတာ Detail ကလေးတပြုံကြီး တာဝန်ယုခေါ်လာဖို့နဲ့ ထိန်းဖို့က ကိုယ်မလုပ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ်က Fun Fair ပုံမျိုးလုပ်မယ်ဆိုရင် on the ground မှာ ကိုယ်ရှိနေမှ ရမှာ။ တက်ညီလက်ညီပဲ သူက အစ်မ ကားငှားလိုက် ကျွန်တော် ကလေးတွေ ကြိုပို့တာဝန်ယူပေးမယ်တဲ့။ အတွေးထဲတင်ပျော်တယ်။ ကုသိုလ်ရေးတွေ ကုသိုလ်ရတယ်တွေ စကားကြီး စကားကျယ်မပြောဘူး။ ကိုယ်ကလေးတွေနဲ့ ဆော့ချငခတာရယ်၊ ကိုယ့် Childhood memory လေးကို တခြားကလေးနဲ့ အကောင်ထည်ဖော်ချင်လို့ ရှည်ကြတယ်ပဲ ဆိုပါတော့။ 😜 ကိုယ့်ရဲ ရှည်ကြောလန် idea တွေကို execute ပေးတဲ့ မောင်မင်းကြီးသားကတော့ နိုင်ငံမတူလို့ အမြဲမတွေ့ဖြစ်ကြပေမဲ့ ကိုယ့်ရဲ့ နည်းနည်းပဲရှိတဲ့ inner circle မိတ်ဆွေသာရင်းထဲ ထိတ်ဆုံးကပါသင့်တာပေါ့။ သူက အဲ့တုန်းက TV ထဲလဲ ပါနေကျ ဆယ်လီဆိုတော့။ အပြန်အလှန် ဖန်း တွေလေ။
အစကတော့ ပစ္စည်းတွေပေးချင်ရင် သူ့ကိုပေးခဲ့ သူတို့က မိဘမဲ့ကျောင်းဆိုတော့ ပစ္စည်းတွေကို ဘုံလိုခြွေတာ အလှည့်ကျသုံးရတာမို့ သူက ပစ္စည်းတွေ manage မယ်တဲ့။ ဒါပေမဲ့ အဲ့ဒါကို ကိုယ်က လက်မခံနိုင်ဘူး။ သူတို့ကို ကိုယ်တိုင် တသ်ယောက်ချင်းစီ လက်ဆောင်ပေးချင်တာ။ တသက်လုံး ဘုံသုံးခဲ့ရကောင်း သုံးခဲ့ရမဲ့ သူတွေအတွက် သူတို့အပိုင်ပစ္စည်း ဘယ်သူနဲ့မှ ရှယ်စရာမလိုတဲ့ လက်ဆောင်ပေးချင်တာ။ ဒါနဲ့ နေ့လည်စာအလှူ အသားဟင်းနဲ့ အပြင် အလှူငွေပါ ၃ သိန်းထပ်လှူတော့ ကျောင်းအုပ်ကြီးကလဲ ကိုယ်လုပ်ချင်တာသာလုပ်ဆိုပြီး တပြုံးပြုံးပေါ့။ လာမဲ့ ဧည့်သည်တွေအတွက် ဆန်အကောင်းနဲ့ ချက်ပေးရမလားတဲ့။ ကလေးတွေက ဆန်ကြမ်းစားနေကျမို့ ဆန်အကောင်းစားလေ့မရှိဘူးတဲ့။ ကိုယ်လဲ သူတို့နဲ့ပျော်ချင်ပါတယ်ဆိုမှ အဆင့်အတန်းကြီးခွဲသလို ကိုယ်တွေအတွက် ဆန်ကောင်းသက်သက်ထပ်ချက်နေရမှာစိုးလို့ ရတယ် ဧည့်သည်တွေလဲ သူတို့စားတဲ့ဆန်နဲ့ပဲစားမယ်လို့ စီစဉ်ခိုင်းလိုက်တယ်။ 🤣🤣
နေရာသေချာသွားတော့ ကိုယ်လုပ်ချင်တဲ့ ငယ်ဘဝ မုန့်တွေ အရုပ်တွေ လိုက်စုံစမ်းရော... ဒဂုံ ၁ ကျောင်းရှေ့မှာ ကြက်ဥခေါက််မုန့် ကပ်စေးနဲ နဲ့ အုန်းသီးနို့ဆီဝေဖာညှပ် ရောင်းတဲ့ အန်တီကြီးကို တွေ့ထားတော့ အဲ့ကိုသွား အလှူလုပ််မဲ့နေ့အတွက် အခု ၂၀၀ စာ ချုပ်ပြီးဝယ်။ အလှူလုပ်မဲ့နေ့ သူ့ကို ကားနဲ့သွားခေါ်တာ ကိုယ်တွေပဲခေါ်လား ဘယ်သူသွားခေါ်ပေးလဲမသိဘူး။ အဲ့ အန်တီကြီးကလဲ တကယ်အသွက်၊ သူကလဲ ပျော်၊ အလှူကို နို့စမ်းဝေဖာချုပ်ဝယ်ပြီးကျွေးတာ မမြင်ဖူးဘူးတဲ့။ 😅
နောက်ပြီး အင်တာနက်ပေါ်တွေ့လို့ save ထားတဲ့ ဂျုံမင်းသား ဂျုံရုပ်သမားကို ဖုန်းဆက်ပြီးမေးတော့ သူက အရုပ် ၇၀ လောက်ပဲ အများဆုံးလုပ်ပေးနိုင်မယ်တဲ့။ ကလေးက အယောက် ၇၀ လောက်ပဲရှိမှာလေ။ ကောင်မလေးတချို့က အပျိုလေးတွေဖြစ် ကြီးနေပြီ။ ဂျုံရုပ်က ဈေးကလဲ သိပ်တော့ မပေါပေမဲ့ ကိုယ်လုပ်ချင်တာကိုး... အမှန် Party တွေမှာခေါ်တဲ့ ပူဖောင်းအလှဆင်ဂျိုကာတို့ဘာတို့ပါ ခေါ်ချင်တာ၊ အဲ့ဒါပါခေါ်ရင် Out of budget ဖြစ်သွားတာရော၊ လမ်းဘေးဈေးသည် လိုက်စုံစမ်းဖို့လဲ အချိန်မရတော့လို့။ 😁 ကိုယ်စိတ်ကူးထဲက လုပ်ချင်တဲ့ပုံစံက တစ်ကယ်တော့ သူတို့ကို ကူပွန်လေးတွေ ဝေပေးပြီး သူတို့လိုချင်တာ ဆော့ချင်တာကို roaming around လုပ်ပြီး redeem လုပ်တာမျိုကွာ။ Redeem ပြီးသွားတဲ့ဟာမျိုးကို Stamp ဖြစ်ဖြစ် အဲ့ station တာဝန်ယူသူရဲ့ လက်မှတ်ဖြစ်ဖြစ် ကူပွန်ပေါ်ထိုးပြီး မှတ်ထားမယ်ကွာ။ စိတ်ကူးထဲရှိပေမဲ့ ထုတ်ပြောရမှာလဲရှက်တာရော၊ နင်က ရှည်ပြန်ပြီဆိုပြီး အိမ်သားတွေဝိုင်းပြောမှာစိုးလို့ ဘယ်သူ့ကိုမှ ထုတ်မပြောဖြစ်ခဲ့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ကိုယ့်အတွေးထဲကဟာတွေကို တတ်နိုင်သလောက်လုပ်ခဲ့တယ်။
နောက်ပြီးသိမ်ကြီးဈေးပြေး ကျွတ်ကျွတ်အိတ်လှလှလေးတွေ၊ မိန်းကလေးတွေအတွက် ခေါင်းစည်းကြိုး၊ ကလစ်တွေ၊ ယောကျ်ားလေးကျောင်းက ကိုရင်တွေခေါင်းမှာ ဒက်တွေပေါက်တယ်ဆိုလို့ ဆေးတွေ၊ ကိုယ်ငယ်ငယ်က ယိုးဒယားကလာတဲ့မုန့်တွေ စားချင်ပေမဲ့ ဈေးကြီးလို့ သိပ်ဝယ်မသားဖြစ်ခဲ့တဲ့ မုန့်မျိုးစုံ။ နောက်ပြီး ယောကျာ်းလေးကျောင်းသွားကြည့်တုန်းက ကလေးတွေက တော်တော်လေး မွဲမွဲလေးတွေမို့ မိိန်းကလေးကျောင်းခေါ်လာရင် တချို့ အကြီးလေးတွေက ရှက်နေပုံရလို့ သိမ်ကြီးဈေးကနေ ကလေးတွေအတွက်တော့ ဝမ်းစက်လေးတွေနဲ့ နည်းနည်းကြီးတဲ့ ကောင်လေးတွေအတွက်တော့ စပို့ရှပ်ပြောင်လေးတွေ အလှူနေ့ကျ ကိုယ့်ရဲ့ အထူးဧည့်သည်တော်တွေအတွက် ဝတ်ခဲ့ဖို့ ဝယ်လိုက်တယ်။ တကယ်ွနေ့မှာ ရဲဝင့်သူသွားခေါ်တော့ သူဘယ်လို Manage ခဲ့လဲတော့မသိဘူး ကလေးတွေက အင်္ကျီအသစ် သနပ်ခါးအဖေ့းသားနဲ့ လှပနေရော၊ အကြီးကောင်လေးတွေက ရှက်လို့ မလိုက်ဘူး။ ယောကျ်ားလေးကျောင်းက ကလေးတွေကို မိိန်းကလေးကျောင်းခေါ်လာမယ်ဆိုတော့ မိန်းကလေးကျောင်းက ကျောင်းအုပ်ကြီးက သိပ်မကြိုက်ချင်ဘူး။ သူ့တသက် ဒီလောက်လျဋာရှည်တဲ့ အလှူရှင် မမြင်ဖူးတာရယ်၊ ဘာလို့များသူဒီလို လုပ်ချင်တာလဲဆိုတာကို သူနားမလည်နိုင်ဖြစ်နေတာ ကိုယ်သိတယ်။
ကိုယ်ကသူ့ကိုပြောတာက အန်တီပဲ ဧည့်သည်ဖိတ်လို့ရတယ်ဆို? အဲ့ကျောင်းက ကလေးတွေက ကျွန်မဧည့်သည်တွေလို့ သတ်မှတ်ရင် သဘောတရားတူတူပဲ မဟုတ်ဘူးလားလို့။ သူအင်တင်တင်ဖြစ်နေလို့လဲ နေ့လည်စာအပြင် ငွေသားချည်း ၃ သိန်း ထပ်လှူလိုက်တာကတော့ ကိုယ်လုပ်ချင်တာလုပ် ကြည်ဖြူသူ့အပြုံးလေးရတော့ အားလုံးစိတ်ချမ်းသာရတယ်။ အဲ့တုန်းက ကိုယ့်စိတ်ထဲမှာ Trader ballroom ငှားခနဲ့ယှဉ်ပြီး ပေးရတာတန်နေရော၊ Trader ballroom သွားစုံစမ်းဖြစ်သေးတယ်လေ customer service ကလဲ လခစားပေမို့ မသိရင် သူပိုင်တဲ့ဟော်တယ်ကျနေရော လူကိုဆက်ဆံတာက... အခု ၃ သိန်းလှူတာနဲ့ ကိုယ် VIP လို ဆက်ဆံခံရတာ၊ ပြီးတော့ ဒီ ၃ သိန်းကလဲ ဟုတ်တုတ် မဟုတ်ဟုတ် ဒီကျောင်းက မိန်းကလေးတွေအတွက် Good cause ကွာ ၁ ချက်ခုတ် ၂ ချက်ပြတ်ပြန်ရော...
![]() |
အထူးဧည့်သည်တော်တွေအတွက် အင်္ကျီအသစ်ဝမ်းဆက် |
အဲ့အကြောင်းနဲ့ ကိုယ်ဈေးတွေသွားဝယ်တဲ့ Process ကို ဖေ့ဘွတ်မှာကိုယ်ကတင်တော့ Canada ကနေ အဲ့အချိန် မြန််မာပြည်ပြန်ရောက်နေတဲ့ Hollywood ရုပ်ရှင် (Star wars, X-Men, The Creator, Deadpool anx wolverine စတဲ့ရုပ်ရှင် တွေမှာ) မြန်မာနိုင်ငံသား visual effects အနေနဲ့ ပါတဲ့ ကိုယ့်ငယ်ငယ်ကအတန်းဖော်တစ်ယောက်ကလဲ သူလဲ စောင်တွေ လာလှူချင်တယ်တဲ့။ ကိုယ်ကလဲ ရတယ်လေ။ ကောင်တာတစ်ခုဖွင့်ရုံပဲဟာ။ 😄 The more, the merrier ပဲ။
လူချည်းလာရင်တောင် ဂိမ်းကောင်တာဖွင့်ပြီး Game master လုပ်အားပေးလို့ရသေးတယ်။ သူကိုယ့်အလှူလာမယ်ဆိုတာလဲ ကြားရော တချို့ အတန်ူထဲက သူနဲ့ ရင်းနှီးတဲ့ အတန်းဖော်တွေကပါ လာလှူမယ်ဖြစ်ကုန်ရော၊ ကိုယ့်အလှူက သူတို့ဆီက ပိုက်ဆံကောက်တာလဲ မဟုတ်၊ သူတို့လှူချင်တဲ့ပစ္စည်း ကလေးတွေလက်ထဲတန်းထည့်ရုံဆိုတော့ ဘယ်သူမဆို လာ join လို့ရတယ်။ ကလေးဘယ်နှယောက် ဘယ်အရွယ်တွေဆိုတဲ့ data ကိုယ်ပေးလိုက်တာပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းအုပ်ထဲက ပိတ်စတွေ၊ မျက်နှာသုတ်ပဝါတွေအပြင် အဲ့နေ့ကျမှ Dagon center မှာ Fashion ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းက သူ့ဆိုင်ရှင်းရင်း ရှူးဖိနပ်အသစ်တွေအိတ်လိုက်ကြီး ဘယ်နှရံလဲ မသိ ဆိုဒ်စုံဆိုတော့ အဲ့ဒိ ဖိနပ်အသစ်အိတ်ကြီးကတော့ ကျောင်းအုပ်ကြီးပဲ ကြည့်စီစဉ်ပြီး ဘုံသုံးဖို့ ပေးခဲ့လိုက်တယ်။
နောက်ပြီး ကိုယ့် ဘလော့ Reader ထဲကနေ အပြင်မှာ ခင်နေတဲ့ အစ််မတွေက အမျိုးသမီး လစဉ်သုံးဂွမ်းထုတ်တွေ၊ ဖေ့ဘွတ်ကနေ သိတဲ့ မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ အမေရိကန် (အဲ့နေ့မှ ပထမဆုံးတွေ့ဖူးတာ) ကလဲ စာအုပ်နဲ့ စာရေးကိရိယာတွေ၊ နောက် ဖေ့ဘွတ်သူငယ်ချင်းတစ်ယောက်က ကိုင်စားလို့ရတဲ့ ဝေဖာနဲ့ ရေခဲမုန့် တွေရော၊ ဘာတွေပါမှန်းကိုယ်တောင် မမှတ်မိတော့ဘူး။
ဒါပေမဲ့ ကိုယ့်စိတ်ကူးထဲကလို ကလေးတွေ roaming around လုပ် လိုချင်တာ Redeem ဖို့ ကူပွန် system လုပ်ဖို့ အချိန်မရတော့ နောက်ဆုံး အလွယ်ပဲ ယောကျ်ားလေးတွေက ပြန်ပို့ရမှာဆိုတော့ စားပြီးတာနဲ့ တန်းစီပြီး လက်ဆောင်တွေလိုက်ကောက်တာ။ သူတို့က ဆွမ်းဆန်စိမ်းလောင်းတာနဲ့ တူတယ်ဖြစ်ရော။ 🤣🤣 တစ်ခုရှိတာက မြန်မာပြည်က ကလေးတွေက အရှက်အကြောက်ကြီးတော့ ကူပွန်စနစ်လုပ်လဲ သူတို့က လုပ်ရဲ မရဲ နားလည် မလည် မသေချာဘူး။ သူတို့ကို Encourage ဖို့က ပစ္စည်းကောင်တာက လူတွေအပြင် on the ground မှာ urshers တွေလိုမယ်။ ကိုယ့်အစီအစဉ်က ပစ္စည်း အလှူရှင်များပြီး လုပ်အားလှူသူနည်းတော့ ကိုယ့်စိတ်ကူးထဲကလို လုပ်လို့မရဘူး။ အဲ့ဒါကြောင့် ကိုယ့်ပွဲက တဝက်ပဲ အထမြောက်တယ်လို့ ယူဆတာ။ မကျေပွဲ နွှဲချင်သေးတာ။ 😁
အဲ့နေ့က ကလေးတွေ ပျော်မပျော်တော့မသိဘူး။ ကိုယ့်ပွဲလာတဲ့ သူတိုင်းတော့ ပျော်ကြတယ်။ ကျွေးတဲ့ ထမင်းတောင် မစားပဲ နို့ဆမ်းဝေဖာ ကပ်စေးနဲချည်း ဝိုင်းစားကြတာ။ 😅 ဂျုံရုပ်က ကျောင်းက ကလေးတွေအတွက်ပဲနော်လို့ အမုန်းခံပြောထားတာတောင် တချို့ ဧည့်သည်ကပါလာတဲ့ ကလေးတစ်ယောက်တည်းကို ၂ ချောင်း ၃ ချောင်း ယူပေးထားတာတွေ့ပေမဲ့ မမြင်ချင်ယောင်ပဲ ဆောင်ပေးလိုက်ပေမဲ့ အော်.... လူဂုဏ်တန်အသိုင်းအဝိုင်းဆိုသူတွေရဲ့ အခွင့်ထူးခံလုပ်ပြချင်တဲ့ စရိုက်လေးပါလားဆိုပြီး အထင်ကို မကြီးတော့တာ။ ကိုယ်ပြောတာကကွာ ကလေးမို့ ကိုယ့်ကိုယ်တာနဲ့ကိုယ် ၁ ခုလောက် ယူပေါ့... အရုပ်သမားက ရွှေထွက်တောင် အခု ၇၀ ထက် ပိုမလုပ်ပေးဖူးပြောထားတာ။ မဆော့ဖူးတဲ့ကလေးတွေ ပျော်ပါစေလား။ နောက်ရက် ၁၀ ခုလိုချင် လဲ သူ့မိဘတွေတတ်နိုင်နေတာပဲ။ ဒါပေမဲ့ တတ်နိုင်တာ မတတ်နိုင်တာထက် ငါတို့က အလှူရှင်နဲ့ အသိတွေ ငါတို့တောင်းပိုင်ခွင့်ရှိတယ်ဆိုတာမျိုး လူကြီးတွေကအစ လုပ်ပြချင်တာ။
ဆန်ကြမ်းလို့ မစားနိုင်ဘူးဆိုတဲ့ တချို့ ဧည့်သည်တွေရဲ့ feedback လဲ ပြန်ကြားပါတယ်။ 🤣🤣 ဟော်တယ်မှာပွဲလုပ်ရင် မုန့်မကောင်းဘူးအပြင် သတို့သမီးက လှလဲမလှဘူးတို့ ဘာတို့ပါပါမှာ။ အခုကျ ဆန်မကောင်းတာအပြင် တခြားဟာ သူတို့အကုန်ကြိုက်။ လာသမျှ ဧည့်သည်အကုန်လဲ လုပ်အားပေးရင်းပျော်ရ။ ကိုယ့်မင်္ဂလာပွဲ အထိန်းအမှတ်လုပ်တယ်လို့တော့ ၂ဘက်မိဘတွေကိုကလွဲ ကျန်တဲ့သူတွေ မသိပါဘူး။ မြန်မာပြည်မှာ မင်္ဂလာပွဲ လုပ်စေချင်လွန်းတဲ့ မိဘတွေကလဲ ပွဲလုပ်ပေးတော့လဲ မင်္ဂလာပွဲဆိုပြီး နာမည်တပ်မဖိတ်ကြဘူး။ အစကတော့ ဖိတ်ချင်သူတွေ list လိုက်ကြီးရှိတာကို... 😝
ဒီအလှူလုပ်တုန်းက ကိုယ်က ဟိုပြေးဒီပြေးဆိုတော့ ပုံသိပ်မရိုက်ဖြစ်ဘူး။ လာတဲ့ သူငယ်ချင်းတွေရိုက်ထားတဲ့ပုံလေးတွေပဲ ရှယ်ခိုင်းထားတာ။ facebook ပေါ် နဲ့ ဘလော့ပေါ်အကျယ်တဝင့်စာမရေးဖြစ်ခဲ့တာက အဲ့တုန်းက ပရဟိတဆိုပြီး ကလေးပုံတွေပြ အရမ်းလုပ်စားကြတယ်ကွာ။ အဲ့တော့ လက်ယာသမားတွေက ကလေးတွေပုံရိုက်တာ မဖြစ်သင့်ဘူးတို့။ လူကောင်း ဆိုတဲ့ နာမည်လိုချင်လို့ အားနည်းသူကို ခုတုံးလုပ်တယ်တို့ မျိုးစုံ ဒရမ်မာခင်းရေးသူတွေရှိတော့ ကိုယ်လဲ ရေးရမှာ ရှိန်ခဲ့တာပေါ့။ ဟိုဘက် page မှာက ကိုယ်မှန်းသိတဲ့ အမျိုးပေါင်းမျိုးစုံဘယ်သူဖတ်နေမှန်းမသိလို့ မရေးဖြစ်ခဲ့တာလဲပါတယ်။ အခုတော့ နှစ်တွေလဲ ကြာနေတာရော၊ ဒါက အလှူဆိုတာထက် ကိုယ့်မင်္ဂလာပွဲကို တက်ရောက်ကြတဲ့ ဧည့်သည်တွေနဲ့ Door gifts ပြန်ပေးတဲ့ Sponsors တွေလို့ သဘောထားလိုက်ရင် ok တယ်ဟုတ်?
![]() |
ပျော်နေတဲ့ ဧည့်သည်တွေ ပြန်ချိန် |
ဘာရယ်မဟုတ်ဘူး ဖုန်းအသစ်ပြောင်းလိုက်တော့ ပုံတွေ Back up လုပ်ရင်း ဒီပုံလေးတွေပြန်တွေ့တော့ ပြန်ပျော်ရတာရော၊ ပြီးတော့ ကိုယ့်ရဲ့ အပြည့်အဝ မလုပ်ရသေးတဲ့ Fun fair လေးရော မြန်မာပြည်ပြန်လို့ရတဲ့ တစ်ချိန် အားလုံးနဲ့တူတူ လုပ်ချင်ပါသေးတယ်လို့.....
![]() |
စားချင်ထှာ... ကိုယ့်သားကို ကျွေးချင်မိ |
No comments :
Post a Comment