Monday, August 31, 2015

Who is she? (သူဘယ်သူလဲ?)

စင်္ကာပူရဲ့ တရုတ် တစ္ဆေကြီးပွဲလ အတွက် ကိုယ်တွေ့စိတ်နယ်လွန် ဖြစ်ရပ်ဆန်းလေးအကြောင်းရေးချင်မိပါတယ်။
စာဖတ်သူတွေထဲက သရဲကြောက်တတ်တဲ့ သူတွေကို မေးချင်ပါတယ်။

ဘာလို့ သရဲကြောက်တာလဲ?

သရဲဆိုတာ ရုပ်ရှင်တွေထဲကလို အကောင်လိုက်ကြီးလို့ထင်သလား?

ဒါမှမဟုတ် သရဲဆိုတာ ကျွန်မတို့ကို တနည်းနည်းနဲ့ ထိခိုက်နာကျင်အောင် လုပ်နိုင်တယ်လို့ လက်ခံသလား?

မြင်ဖူးလို့ကြောက်တာလား?

တော်ရုံတန်ရုံ အကျိုးကြောင်းမသင့်ဘူး သိပ္ပံနည်းမကျရင် သိပ်မယုံချင်တတ်တဲ့ ကျွန်မဟာ သရဲတော့ ကြောက်တတ်ပါတယ်။ (အဲ… မလုပ်မဖြစ်လုပ်ရတော့မယ် မနေမဖြစ် နေရတော့မဲ့ အချိန်တွေဆိုရင်တော့ ကိုယ့်ဘာကိုယ် ကျိုးကြောင်းဖြေသိမ့် အားမွေးပြီး မကြောက်အောင် နေတတ်ပါတယ်။) ကြောက်ဆို ကျွန်မဘဝမှာ သေသေချာချာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်နှစ်ခု ရှိခဲ့ဖူးပါတယ်။ အဲ့ဒိထဲက တစ်ခုအကြောင်း ဒီပိုစ့်လေးနဲ့ ရေးပေးပါမယ်။



မလေးရှားနိုင်ငံ၊ Genting Highland ဆိုတာ ခေတ်မီကစားကွင်းတွေနဲ့ လောင်းကစားဝိုင်းတွေရှိတဲ့ တောင်ပေါ်နေရာလေးတစ်ခုပါ။ အလည်အပတ်လာရောက်သူတွေလဲ များပါတယ်။ ကျွန်မတို့ မိသားစုလဲ ထိုနေရာလေးကို ရာသီဥတုအေးတာကို သဘောကျတာတစ်ကြောင်း ခေတ်မီကစားကွင်းမှာ ရဟတ်ကြီးတွေ၊ ရထားကြီးတွေ စီးရတာကို ကြိုက်တာတစ်ကြောင်း၊ အရင်က စင်္ကာပူမှာ Universal Studio မဖွင့်ခင်က ခဏခဏသွားဖြစ်တဲ့ နေရာလေးပါ။ အဲဒိလို ပျော်စရာကောင်းတဲ့နေရာလေးမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံမှု၊ လောင်းကစားရင်း အဝေမတည့်ခြင်း မကျေနပ်ခြင်းတွေကြောင့် လူသတ်မှုစတာတွေဆိုတာလဲ မဖြစ်ဖူးတဲ့ ဟော်တယ်တောင် ခပ်ရှားရှားနေမယ်ထင်ပါတယ်။ Genting က ဟော်တယ်တွေ သရဲခြောက်တယ်ဆိုတာလဲ အင်တာနက်မှာ “Haunted Genting Hotel” ဘာညာဆိုပြီး ရိုက်ရှာလိုက်ရင် ထွက်လာမှာပါပဲ။

ကျွန်မတို့ကတော့ သွားရင် First World Hotel မှာ တည်းလေ့ရှိပါတယ်။ သူက ဈေးလဲချိုတယ်။ ဆိုင်တွေ ကစားကွင်းတွေနဲ့လဲ နီးတယ်လေ။ ဟော်တယ်က အတော်လေးကြီးပြီး တာဝါ ၂ခုရှိပါတယ်။ အဲဒိတုန်းက ကျွန်မတို့ မိသားစုနဲ့အတူ ကျွန်မ သူငယ်ချင်း ၂ယောက်လဲပါပါတယ်။ ယောက်ျားဆိုလို့ ဖေဖေတစ်ယောက်တည်းပါပါတယ်။ အဲ့ဒိတုန်းက မေမေနဲ့ ဖေဖေက တစ်ခန်း။ ကျွန်မတို့ ညီအစ်မ ၃ယောက်ခန်းနဲ့ သူငယ်ချင်း ၂ယောက်ခန်းက အလယ်မှာ တံခါးပါတဲ့အခန်းပါ။ အလည်က တံခါးကို ဖွင့်လိုက်ရင် အခန်း ၂ခန်းက ဆက်နေတဲ့ သဘောပါ။ တစ်ဖွဲ့တည်းမို့ ခုလို ဆက်နေတဲ့အခန်းပေးတော့ ကိုယ်တွေက ပိုကြိုက်တာပေါ့။ မအိပ်ခင်အထိ စကားတွေထိုင်ပြောနေလို့ရသလို သူငယ်ချင်း ၂ယောက် ကြောက်မှာစိုးလို့ ညကျတော့လဲ အဲဒိ အလည်တံခါးကို ဖွင့်ပြီး ၂ခန်းဆက်ထားတဲ့သဘောမျိုးအိပ်ပါတယ်။ ကျွန်မတို့ညီအစ်မ ၃ယောက်မှာ ၂ယောက်အိပ်ကတင် ပုတင်းပေါက်ဖက်မှာ ကျွန်မ အစ်မ၂ယောက်အိပ်ပြီး ရေချိုးခန်းဘက် တစ်ယောက်အိပ်ကုတင်မှာ ကျွန်မအိပ်ပါတယ်။ ကျွန်မရဲ့ ခြေရင်းကတော့ ဟိုဘက်သူငယ်ချင်းတွေအခန်းနဲ့ ဆက်တဲ့ တံခါးပေါက်ပေါ့နော်။

ဒီပုံကတော့ First World Hotel အခန်းတွင်းပုံပါ။ အင်တာနက်ကယူထားတာပါ။ ကျွန်မတို့ရတဲ့ ၂ခန်းဆက်ဆိုရင်တော့ အတွင်းဘက် ကုတင်ခြေရင်းမှာ ဟိုဘက်ခန်းနဲ့ ဆက်တဲ့ တံခါးပေါက်ရှိပါမယ်။

သူငယ်ချင်းတွေဘက်အခန်းကတော့ မီးဖွင့်အိပ်ပါတယ်။ ကျွန်မတို့အခန်းကတော့ ညအိပ်မီးနဲ့ ရေချိုးခန်းရှေ့က မီးကို ဖွင့်ထားတော့ အခန်းတွေက လင်းပါတယ်။ ကျွန်မက ညဘက်အိပ်ခါနီးရေလေးများ နည်းနည်းသောက်မိရင် မနက်မိုးလင်းခါနီးဆို အပေါ့သွားချင်တာ ပုံမှန်ပါပဲ။ (အဲ့ဒါကြောင့် ပုံမှန်ဆို အိပ်ခါနီးရေကို သောက်မအိပ်ပါဘူး။)

ခုလဲ မိုးလင်းခါနီး (အချိန်ကိုတော့ ကျွန်မ နာရီမကြည့်မိတော့ မသိပေမဲ့ မိုးလင်းခါနီးဆိုတာတော့ သေချာပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒိအဖြစ်အပျက်ပြီး နောက် ၁နာရီ ၂နာရီလောက်နေတော့ ကျွန်မ အစ်မတွေနိုးပြီး အားလုံး နိုးလာလို့ပါပဲ။) ဒီတော့ ခန့်မှန်းခြေ မနက် ၅နာရီ ၆နာရီလောက်ဖြစ်မယ်ထင်ပါတယ်။ ကျွန်မ အပေါ့သွားချင်လို့ နိုးလာခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ ကိုယ့်စိတ်ကပဲကြောက်လို့လား။ ကျွန်မတို့ မသိနိုင်တဲ့ ဆဌမအာရုံကြောင့်ပဲလားတော့မသိ တစ်မျိုးကြီးဖြစ်နေတယ်။ အိမ်သာကို ထမသွားရဲသေးလို့ မနည်းကိုယ့်ကိုကိုယ် စိတ်ဖြေ အားပေးနေတဲ့အချိန်။ ကိုယ်အားယူပြီး ထမယ်လုပ်လိုက်တဲ့အချိန်မှာ ကျွန်မသူငယ်ချင်းဘက် အခန်းကနေ ကျွန်မတို့အခန်းဘက်ကို ဝင်လာပြီး ကျွန်မတို့ အိမ်သာထဲဝင်သွားတဲ့ အမျိုးသမီးတစ်ယောက်ကို ဖတ်ကနဲ့ ကျွန်မတွေ့လိုက်ပါတယ်။ (သူက ပုံမှန် လမ်းလျှောက်သွားတာပါ။ ဒါပေမဲ့ ကျွန်မသူ့ကို နောက်ကျောပဲမြင်လိုက်ပါတယ်။ ဟိုဘက်ခန်းကနေ အဲဒိ အလယ်တံခါးကို ဖြတ်လာပြီး ကျွန်မတို့ဘက်ခြမ်းက အိမ်သာကို အေးဆေးဝင်သွားတာပါ) အဲဒိအချိန်မှာတော့ ကျွန်မစိတ်ထဲ ကျွန်မသူငယ်ချင်းတစ်ယောက်ယောက်လဲ အပေါ့သွားချင်လို့ သူတို့အခန်းမှာ မသွားရဲလို့ ကျွန်မတို့ အခန်းဘက်ခြမ်းကူးလာတယ်လို့ထင်လိုက်ပါတယ်။ အဲ့ဒါကြောင့်တောင် ကျွန်မက စကားလှမ်းပြောလိုက်ပါသေးတယ်။ ဂိုက်စိုက်က ကျွန်မသူငယ်ချင်း အသည်းကွဲလာတဲ့တစ်ယောက်နဲ့ တူလို့တောင် သူလို့ထင်ပြီး ပြောလိုက်တာပါ။

“အော်… ခိုင်… နင် အိမ်သာသွားမလို့လား။ အေးသွားသွား။ နင်ပြီးမှပဲ ငါသွားတော့မယ်” ။ သူကတော့ ကျွန်မကို ဘာမှ ပြန်မဖြေပါဘူး။

ကျွန်မ စိတ်ထဲမလဲ သရဲကြောက်နေတာ ခုတော့ သူငယ်ချင်းလဲ နိုးနေတယ်ဆိုတော့ သိပ်မကြောက်ရတော့ဘူးပေါ့လို့ပဲ မှတ်လိုက်ပါတယ်။ သူပြန်ထွက်လာတဲ့အချိန်ကျ ကိုယ်ဝင်ရင် သူလဲ သူ့အိပ်ယာပေါ်မှာ ချက်ချင်းအိပ်ပျော်အုံးမှာ မဟုတ်ဘူးဆိုပြီး အတော်ပဲဆိုတွေးပျော်နေတာ။ (တော်သေးတယ်… ကြောက်ပြီး သူငယ်ချင်းရေ တူတူ အိမ်သာဝင်ရအောင်ဆိုပြီး အတင်းလိုက်မဝင်ဖြစ်လို့။ ခိခိ။)
ဒါပေမဲ့ အိမ်သာဝင်သွားတဲ့သူငယ်ချင်းက တော်တော်နဲ့ ပြန်ထွက်မလာပါဘူး။ ကျွန်မလဲ သူထွက်အလာကို အိပ်ယာပေါ် လှဲပြီး စောင့်ရင်းစောင့်ရင်း နောက် ၁နာရီ လောက်နေမှ ကျွန်မ အိပ်တစ်ဝက်နိုးတစ်ဝက်လောက် ဖြစ်နေတဲ့အချိန် ကျွန်မ အစ်မ သံပတ်မြည်ပြီး သူတို့ ပြင်ဆင်ဖို့ ထတာ ကျွန်မသိလိုက်ပါတယ်။ ကျွန်မ အစ်မ မျက်နှာသစ်ဖို့ ရေချိုးခန်းဘက်သွားတော့ အိမ်သာထဲမှာ ကျွန်မသူငယ်ချင်း ထွက်မလာသေးဘူးလို့ သူ့ကို လှမ်းပြော သတိပေးဖို့ နောက်ကျသွားပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ ကျွန်မ အစ်မ ရေချိုးခန်းထဲ ဝင်သွားတဲ့ အချိန်မှာ ဘယ်သူမှ မရှိပါဘူး။ အားလုံးဟာ ပုံမှန်ပါပဲ။ နောက်တော့ ကျွန်မသူငယ်ချင်းတွေ အခန်းဘက်က နိုးလာသံကြားတော့မှ ကျွန်မထပြီး သူတို့အခန်းသွားကြည့်တော့ ၂ယောက်လုံး ခုမှ နိုးလာတဲ့ပုံစံတွေ့လိုက်ရပါတယ်။

ဒါနဲ့ ကျွန်မများ သူပြန်ထွက်သွားတာကို မတွေ့လိုက်လို့လားဆိုပြီး စောစောက တွေ့လိုက်တယ်လို ထင်တဲ့ သူငယ်ချင်းကို လှမ်းပြီး “နင်စောစောက ငါတို့အခန်းဘက် အိမ်သာလာတက်သေးလား” လို့မေးတော့။ “မတက်ပါဘူး၊ ခုမှ နိုးလာတာ” လို့ပြောပါတယ်။ သေချာတာက အသည်းကွဲလာတဲ့သူက ကျွန်မကို နောက်ဖို့ စိတ်ရှိမှာမဟုတ်ပါဘူး။ သူက အဲလို နောက်တတ်တဲ့ type လဲ မဟုတ်ပါဘူး။ ကျွန်မ အပေါ့သွားချင်နေတဲ့အချိန် ကိုယ့်ရှေ့တင် အိမ်သာထဲ လူဝင်သွားတာ မှတ်မှတ်ရရ သေသေချာချာ တွေ့လိုက်လို့ စောင့်နေခဲ့တာပါ။ ကျွန်မ မျက်စိမှားတာ၊ အမှတ်မှားတာ၊ အိပ်ချင်မူးတူးဖြစ်တာ လုံးဝမဟုတ်ပါဘူး။

ဒါဆို မနက်က ကျွန်မ တွေ့လိုက်တာ ဘယ်သူလဲ? ခုထက်ထိ ကျွန်မ အဖြေရှာမရသေးပါဘူး။ အိမ်သားတွေက ကျွန်မ အိပ်ချင်မူးတူးနဲ့ မျက်စိမှားတာဖြစ်မှာပါလို့ ဝိုင်းပြောကြပေမဲ့။ မှတ်မှတ်ရရ ကျွန်မ စကားလှမ်းပြောလိုက်တာနဲ့ သူပြန်ထွက်လာရင် ကိုယ်ဝင်မယ်ဆိုပြီး စောင့်နေခဲ့တာက ကျွန်မ အိပ်ချင်မူးတူးမဟုတ်ဘူးဆိုတဲ့ သက်သေလို့ ထင်တာပါပဲ။

ဒါပေမဲ့လဲ အမှန်တကယ်သာ နာနာဘာဝ ဆိုရင်လဲ သူဟာ ကျွန်မကို နာကျင်စေလိုတဲ့ စိတ်မရှိလောက်ဘူးထင်တာပါပဲ။ တမင်တကာပဲ ခြောက်လှန့်ချင်လို့လား။ သူ့ဟာသူ နေနေတာကို ကျွန်မက မတော်တဆတွေ့သွားခဲ့သလားတော့ မသိပါ။ ကျွန်မ သရဲကြောက်တယ်လို့ ပြောလို့ အိမ်ကလူတွေက သရဲတောင် မြင်ဖူးလို့ကြောက်တာလားဆိုရင် “ဟုတ်… အဲ့ဒိတုန်းက မြင်ခဲ့တာ သရဲဆိုရင်တော့ ကျွန်မ သရဲ မြင်ဖူးလိုက်ပါတယ်။” ဒါပေမဲ့ ကြောက်စရာတော့ မကောင်းပါဘူး။ ကြောက်တယ်ဆိုတာက ကိုယ့်ဟာကိုယ် အတွေးနယ်ချဲ့မိလို့ ကြောက်တာပါ။ သူကတော့ ကိုယ့်ကို ဘာမှ မလုပ်ပါဘူး။ ကိုယ့်ကိုကိုယ်လဲ သရဲဘာလို့ကြောက်တာလဲဆိုတဲ့ အဖြေကို ရှာမတွေ့သေးပါဘူး။ ဘာလို့လဲဆိုရင် သေသေချာချာ ကျိုးကြောင်းပြတွေးလိုက်ရင်ကျတော့ သရဲဆိုတော့ ကြောက်စရာ မကောင်းတော့ပြန်ဘူး။ ကိုယ့်စိတ်ကသာ ကိုယ့်ကို ပြန်ခြောက်နေတယ်လို့ ယူဆတာပါပဲ။

11 comments :

Anonymous said...

နောက်တခု အကြောင်းလေးရေးပါဦးဗျို

နန်းညီ said...

သရဲ မမြင်ဖူးဘူး..

mabaydar said...

@Anonymous - ဒီ post comment မှာ တောင်းဆိုသူများရင်တော့ ထပ်ရေးပေးဖို့ စိတ်ကူးရှိတယ်။ :D (တောင်းဆိုသူ မများလဲ Helloween Special ဆိုပြီး ရေးဖြစ်မလားတော့ မသိ။) ဒါပေမဲ့ သိပ်အားမပေးကြရင်တော့ ရေးရမှာ အားမရှိဘူး။

@နန်းညီ - သရဲ ကြောက်ရော ကြောက်တတ်လား?

Anonymous said...

ရေးသာရေးဘာ.. လာဖတ်ပေးမယ်.. အားရင်ပေါ့..း)
ဒီpost ကိုတော့ သိပါတယ်.. လက်တွေ့မကြုံလိုက်ပေ မဲ့.. နင်ပြောတုန်းကတော့ကြောက်သား...

နောက်postလေး တင်ပါအုံး.. လာဖတ်ပေးမယ်..း)

Claire

လင်းဦး (စိတ်ပညာ) said...

ဆက်ရန်၊ ကျွန်တော်လည်း ကြေက်တတ်တဲ့ အမျိုးထဲ ပါတယ်။ :D

နန်း ရွှေမှုံ said...

သရဲဆိုတာ လူလိုပဲ တွေ့ဖူးနေတာဆိုတော့ ကြောက်တော့မကြောက်ဘူး။ မိန်းမဆိုလဲမိန်းမ၊ ယောက်ျားဆိုလဲယောက်ျား ပုံသဏ္ဍာန်ထင်ထင်ရှားရှား ဖြူဖြူလေးတွေ့ရတာကိုး။ လမ်းလျှောက်ရင်လျှောက်နေမယ်။ ထိုင်ရင်ထိုင်နေမယ် ဒီလောက်ပဲတွေ့ဖူးတာ။ လူနဲ့မတူတဲ့ သရဲမျိုးတော့မတွေ့ဖူးသေးဘူး။ တွေ့ရင်တော့ ကြောက်မယ်ထင်တယ်။ ဒီအတိုင်းပဲမြင်လိုက်ရရင်မကြောက်ပေမဲ့ ဘွားကနဲ လှန့်လိုက်ရင်တော့ လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် သတိလစ်လောက်အောင်လန့်တတ်တာ တော်တော်ဆိုးတယ်။း)

Anonymous said...

၁။ဘာလို့ သရဲကွောကျတာလဲ?
ကြောက်တယ်လည်း မဟုတ် မကြောက်ဖူးလည်းမဟုတ် သူလည်း သူ့ဘ၀နဲ့သူ ပဲလို့ မှတ်ပါတယ်။

၂။သရဲဆိုတာ ရုပ်ရှင်တွေထဲကလို အကောင်လိုက်ကြီးလို့ထင်သလား?
သရဲဆိုတာ သူတို့ရဲ့ ကုသိုလ်ကံအဆင့်အလိုက် ပြနိုင် ဖန်ဆင်းနိုင်မယ်လို့ ထင်တဲ့ အတွက် အသံချည်းပဲ ဖြစ်နိုင်သလို ရုပ်ပါမြင်ရတာလည်းဖြစ်နိုင်ပါတယ်

၃။ဒါမှမဟုတ် သရဲဆိုတာ ကျွန်မတို့ကို တနည်းနည်းနဲ့ ထိခိုက်နာကျင်အောင် လုပ်နိုင်တယ်လို့ လက်ခံသလား?
ဒုတိယမေးခွန်းမှာ ဖြေထားသလိုပါပဲ သူတို့ရရှိတဲ့ အဆင့်အလိုက် သူတို့မှာ လုပ်နိုင်စွမ်းတွေ ရှိပါတယ်။

၎။မြင်ဖူးလို့ကြောက်တာလား?
သရဲကို မမြင်ဖူးဘူးလို့ ကိုယ့်အတွေ့အကြုံအရဖြေရမှာပါပဲ..ဒါပေမယ့် အသံကိုတော့တခါမက ကြားဖူးပါတယ် ခံစားမှုအရလည်း ကိုယ့်ကို တယောက်ယောက်က ကြည့်နေသလို ခံစားဖူးပါတယ်..

အဖြေလေးတွေကို မဗေဒါ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်.

TZN

မိုးဇက် said...

ဟိုလေ ......... ပြောချင်တာကတော့လေ ......... ဟိုလေ........ နောက်တစ်ခုရှိသေးတယ်ဆိုတဲ့ စတိုရီလေးကို ချရေးပေးပါလားလို့ ....... ။ ဒါနှင့်လေ အိမ်သာသွားတဲ့ သရဲက မိန်းမပုံစံဆိုတော့ ဘယ်လိုဝတ်စားထားလဲ ၊ ဆံပင်ရှည်လား ၊ အရပ်အမောင်းကကော ဘယ်လောက်လဲ ၊ အဓိက သိချင်တာကတော့လေ အဲ့သရဲမက ချောလားဟင် ........းD

ဆွေလေးမွန် said...

ဘယ်လို ခံစားချက်လဲတော့မသိဘူး .. တစ်ခါတစ်လေ ကိုယ့်နောက်မှာ အမြဲတစ်ယောက်ယောက်ရှိနေတယ်လို့ ခံစားရတတ်တယ်။ နေရာတိုင်းတော့မဟုတ်ဘူး. ကြုံခိုက်ဆုံခိုက်ပေါ့. အဲလိုနေရာမှာ ညအိပ်ရတော့မယ်ဆိုရင် သေချာတယ် ဘယ်လိုမှ အိပ်မရတော့ဘူး..အလိုလိုနေရင်းကို နိုးနိုးလာတာ..ကိုယ့်ကို သတိပေးနေသလိုမျိုး..ပေါ့. သို့ပေမယ့် သရဲတော့ အခြောက်လဲမခံရသလို မြင်လဲ မမြင်ဖူးဘူး . :) :)

shin said...

သရဲကြောက်တယ်။ အဲ့ဒါကြောင့် သရဲကားမကြည့်တာတောင် အတော်ကြာပြီ။ တွေ့ဖူးလားဆိုတော့ မတွေ့ဖူးဘူး။ ဒါပေမဲ့ တွေးတွေးပြီး ကြောက်တက်တယ်။ ငယ်ငယ်က သိပ်မကြောက်တက်ပေမဲ့ အသက်ကြီးလာတော့ ပိုကြောက်တက်လာ သလိုပဲ။

mabaydar said...

@Claire - အင်း.. နင်တို့အခန်းဘက်က ထွက်လာတာဆိုတော့လဲ... ဒါပေမဲ့ အဲ့တုန်းက ဆက်မတွေးပဲ နေလိုက်တော့လဲ မကြောက်တော့ပါဘူး။ ၁ညပဲ အိပ်တာဟုတ်? နောက်တစ်ညဆိုရင်တော့ အိပ်ရဲမှာ မဟုတ်ဘူး။

@လင်းဦး (စိတ်ပညာ) အစ်ကို့ကို မကြောက်တတ်ဘူးထင်တာ.. :D

@နန်းရွှေမှုံ - ဟုတ်တယ်... ခြောက်ခံနေရတဲ့အချိန် သရဲမှန်းသိရင်တော့ အတော်ကိုကြောက်မှာ။ ခုကတော့ အဲ့ဒိအချိန်မှာ သရဲမှန်းမသိလိုက်တော့ မကြောက်ဘူး။ ခုထက်ထိလဲ အဲ့ဒါ သရဲလားကိုယ့်စိတ်ထင်တာလားတော့ မယုံနိုင်သေးဘူး။

@TZN - မေးထားတဲ့ မေးခွန်းတွေကို အသေအချာလေး ဖြေသွားတာ TZN တစ်ယောက်ပဲ။ ကျေးဇူး။ မဗေဒါလဲ တွေးတွေးပြီးကြောက်တတ်တယ်။ ဒါပေမဲ့ ကိုယ့်ကို ကြည့်နေသလိုမျိုးတို့ဘာတို့ကတော့ စိတ်ကြောင့်ဖြစ်တာရော မဖြစ်နိုင်ဘူးလား?

@မိုးဇက် - သရဲမိန်းမလို့ ထင်ရတဲ့ တွေ့လိုက်တဲ့ တစ်ယောက်ကတော့ သာမာန်လူလိုပဲ ၀တ်ထားတာပဲ။ သူငယ်ချင်းတစ်ယောက်နဲ့တူနေလို့တောင် စကားလှမ်းပြောလိုက်သေးတယ်ဆိုတော့ သူဝတ်နေကျပုံစံမျိုးပဲ။ ဒါမှမဟုတ်ရင်တော့ သူငယ်ချင်းယောင်ဆောင်ထားတာလဲ ဖြစ်ရင် ဖြစ်မှာပေါ့။ ဆံပင်ကလဲ သူငယ်ချင်းလောက်ပဲ။ ပုခုံးကျော်ကျော်အရှည်။ ချောမချောတော့ ရုပ်မမြင်လိုက်တော့ မသိဘူး။

@မဆွေလေးမွန်- အင်း... အဲလိုဖြစ်ရင် အကြောင်းရင်းကို နည်းနည်းလိုက်ကြည့်ကြည့် မဟုတ်ရင်တော့ စိတ်ချောက်ခြားတာလဲဖြစ်နိုင်တယ်။ သရဲကြောက်တဲ့သူ တော်တော်များများက အဲ့လိုခံစားကြရတယ်ထင်တယ်။ မဗေဒါဆို ညဘက် မျက်နှာသစ်တိုင်း အလကားနေ မှန်ထဲက ကိုယ့်ပုံကိုယ် ကိုယ်လှုပ်သလို လိုက်မလှုပ်မှာ သိပ်ကြောက်တာ။ အဲ့ဒါကြောင့် ငယ်ငယ်က အင်္ဂလိပ်စာ ဆရာမကပြောတယ် သရဲကြောက်တဲ့သူတွေက စိတ်ကူးစိတ်သန်းကောင်းတဲ့သူတွေဖြစ်မယ်တဲ့။ မရှိတာကို စိတ်ကူးပုံဖော်ပြီး ကြောက်ကြလို့လေ။ အော်... ဒါပေမဲ့ အစ်မခုလို ခံစားရနေရတာကို မဖြစ်နိုင်ဘူးပြောတာမဟုတ်ဘူးနော်။ ဟုတ်ချင်လဲဟုတ်မှာပါ။ လောကမှာ ကိုယ်မသိ မမြင်နိုင်တာတွေကို မရှိဘူးမှ ပြောလို့မရတာ။ ဗေဒင်လေးဘာလေး မေးကြည့်ပါလား။

@shin - စိတ်ကူးစိတ်သန်းကောင်းတဲ့ လူနောက်တစ်ယောက်ပါလား။ ဟီး... မဗေဒါလဲ တူတူပဲ ငယ်ငယ်က သရဲကားကြည့်ရဲတယ်။ ခုဆို မကြည့်ရဲတော့ဘူး။ ပြန်တွေးတွေးပြီးကြောက်လို့။ အသက်ကြီးလာလေ အစွဲအလန်းက ကြီးလာလေမို့လား မသိပါဘူး။