Thursday, November 18, 2010
Phuket, Thailand Dream - ( ခရီးစဉ် Day 1)
At Singapore Airport Terminal 2
မသွားခင် ၂ရက်အလိုမှာမှ ပိုက်ဆံသွားလဲဖြစ်တယ်... မဗေဒါအစ်မ China Town မှာ လဲတာတော့ နဲနဲပိုရတယ်... တချို့ကလူတွေပြောတော့ Sarangoon က ကုလားဆိုင်တွေမှာလဲရင် ပိုရတယ်လို့ပြောတယ်... ဒါပေမဲ့ ကိုယ်ကလဲ စီးပွားဖြစ်ကြီးလဲမှာမဟုတ်တော့ သိပ်တော့ ကွာဟချက်ရှိမှာမဟုတ်ပါဘူးဆိုပြီး အိမ်နားက Money Changer မှာပဲ လဲလိုက်တယ်... S$1 = 22.6 Baht ရတယ်...
ဒီလိုနဲ့ သွားဖို့နေ့ရောက်လာခဲ့ပါပြီ... မသွားခင် ညဘက်မှာ အထုတ်ထည့်တော့ ထည့်သွားချင်တဲ့ အကျီ်ကများနေတယ်... အဲလိုထည့်သွားပြီး ဟိုရောက်ရင်လဲ မ၀တ်ဖြစ်လိုက်တဲ့ အဖြစ်မျိုးတွေက အရင်တည်းက ဖြစ်တတ်လွန်းတော့ ကိုယ့်ကိုကိုယ်ထိန်းပြီး ပြန်လျော့နေရတယ်... ဟိုဟာလဲ ထည့်ချင် ဒီလိုလဲဝတ်ချင်နဲ့... မဗေဒါက Lady ဂါဝန်အဖြူလေးအကျပ် ၀တ်သွားမယ်ဆိုတော့ မဗေဒါအစ်မက သူများတွေက Beach ကို လွတ်လွတ်လပ်လပ် စုတ်စုတ်ပြတ်ပြတ်လာတဲ့အချိန်မှာ နင်က Lady dress ၀တ်ပြီးသွားရင် Immigration မှာတင် နင်အရှက်ကွဲမှာတဲ့... သာမာန်ဆိုရင်တော့ မဗေဒါ ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာကို သိပ်ဂရုမစိုက်ဘူးဆိုပင်မဲ့လဲ... နေရာဒေသ ကာလံဒေသံနဲ့တော့ လိုက်ဖက်အောင်ဝတ်သင့်တယ်လို့ ထင်တယ်လေ... ဒီလိုနဲ့ ပဲ သက်တောင့်သက်သာရှိတဲ့ ဘောင်းဘီနဲ့ ရိုးရိုးအကျီင်္နဲ့ပဲဝတ်သွားလိုက်တယ်... အကျီင်္တွေကိုလဲ တခြားဟာတွေသိပ်မထည့်တော့ပဲ Beach နဲ့ လိုက်ဖက်မဲ့ ၀တ်ရတာ လွယ်ကူလွတ်လပ်တဲ့ အ၀တ်အစားလေးတွေပဲရွေးထည့်သွားတယ်... ဒေါက်ဖိနပ်ကိုတော့ ညဘက်မြို့ထဲတွေလျှောက်သွားဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ လေယာဉ်ကွင်းဆင်းတဲ့နေ့မှာ ၀တ်သွားလိုက်တယ်... ဒါပေမဲ့ ကမ်းခြေသွားရင် ညှပ်ဖိနပ်ကတော့ မပါမနေပါရမယ်လေ...
လေယာဉ်ကွင်းထွက်လာတာနဲ့ တိုက်စီသမားတွေက မြန်မာပြည်လိုပဲ ၀ိုင်းခေါ်ကြတာ... အဲဒိမှာ တောင်းအိတ်(စ်)လိုကားမျိုးနဲ့ လူစုပြီးတင်တဲ့ကားတွေရှိတယ်... ၁ယောက်ဘယ်လောက်လဲတော့မသိဘူး.. ဒါပေမဲ့ လူအုပ်စုနဲ့သွားရင်တော့ တိုက်စီ စီးတာတောင် ပိုတန်သေးတယ်... ဥပမာ.. ဟိုစုစီးတဲ့ကားက တစ်ယောက်ကို ၂၀၀ Baht ပဲထား... ၄ယောက်ဆို ဘတ်၈၀၀ ဖြစ်သွားပြီ... လူမပြည့်မချင်းစောင့်ရမဲ့အပြင် ကိုယ့်ကို အရင်ပို့ချင်မှလဲ ပို့အုံးမှာ... ဒါပေမဲ့ တိုက်စီကတော့ ကျွန်မတို့ငှားတာ ဘတ် ၆၅၀ပဲကျတယ်...ဈေးတော့ စစ်ရတာပေါ့နော်... ကျွန်မတို့က Patong Bay Garden Resort ကို ငှားတယ်...
ကျွန်မအစ်မက ပထမတစ်ခေါက် သူ့ သူငယ်ချင်းတွေနဲ့ ရောက်ဖူးထားတော့ နည်းနည်းတော့ သိတယ်... တိုက်စီသမားက လမ်းမှာ တိုး အေးဂျင့်တစ်ခုကို ရပ်ပြီး အဲဒိက မိန်းမတွေနားပူတာနားထောင်ရအုံးမယ်လို့ပြောတယ်... ဒါပေမဲ့ အဲဒိက၀ယ်တာက ဟိုတယ်က ၀ယ်တာထက်တော့ သက်သာတယ်တဲ့... ဒီလိုနဲ့ပဲ လမ်းရောက်တော့ အဲဒိ (တိုက်စီသမားနဲ့ ဆက်ထားတဲ့) အေးဂျင့်မှာ ရပ်ပါလေရော... ဒါပေမဲ့ ကျွန်မအစ်မရော ကျွန်မရော စကားပြောအပြီးမှာ သူတို့လဲ ဈေးလျော့ပေးတာရော နောက်ပြီး ဟိုတယ်ရောက်ပြီးမှ ထွက်ပြီး တစ်ခုချင်းလိုက်စုံစမ်းတဲ့ အချိန်မဖြုန်းချင်တာရောကြောင့် အဲဒိမှာပဲ ၀ယ်ဖြစ်လိုက်တယ်... အစက သူတို့ဈေးခေါ်တာက ပထမရက် Phi Phi Island and surrounding Islands Package နဲ့ ဒုတိယရက် James Bond Island and surrounding Islands Package ၂ခုပေါင်းကို ၁ယောက်ကို စကာင်္ပူ ဒေါ်လာ ၂၆၀ လောက်ကျတယ်... နောက် ဈေးဆစ်ရင်း ဆစ်ရင်းနဲ့ ၁ယောက်ကို စကာင်္ပူ ၁၆၀ နဲ့ ရတယ်... (ယိုးဒယားဘတ် ဘယ်လောက်လဲသိချင်ရင်တော့ ကိုယ့်ဘာကိုယ်သာတွက်ကြည့်လိုက်ကြတော့... သူတို့နဲ့တော့ ယိုးဒယားပိုက်ဆံနဲ့ပဲရှင်းခဲ့ရတာပေါ့..) ကျွန်မတို့က ဖေဖေနဲ့ မေမေဖိုးကို တစ်ယောက်တစ်ဝက်ပေးတော့ ၁၆၀+ ၁၆၀= စကာင်္ပူ ၃၂၀ လောက်စီထွက်သွားတယ်... အဲဒိမှာတင် လဲလာတဲ့ ပိုက်ဆံ ၄ပုံ ၃ပုံလောက် ကုန်သွားရော... မထင်ထားဘူး အဲလောက်များမယ်လို့.. ဒါပေမဲ့ အဲဒိပတ်ကေ့ထဲမှာ အပြန် ဟိုတယ်ကနေ လေဆိပ်ကို လိုက်ပို့ပေးမဲ့ တိုက်စီ Service ပါ ပါတယ်... ဒီတော့လဲ မဆိုးပါဘူး... သူများတွေ ရောက်ဖူးတဲ့သူတွေ ဒိထက်ဈေးသက်သာပြီး Service ကောင်းတဲ့နေရာသိရင် ပြောပြပေးသွားကြပါအုံး... ဒါကတော့ မဗေဒါရဲ့ပထမဆုံးဆိုတော့ မဗေဒါ တွေ့ခဲ့တာကိုပဲရေးတာပါ... အေးဂျင့်နာမည်ကတော့ မေ့သွားပြီ... လေဆိပ်ကနေ ၁၅ မိနစ်လောက် ကားမောင်းရင် ရောက်တယ်... အဲဒိက Flyer လေးတွေကို မဗေဒါ အစ်မကို ယူလာခိုင်းတာ (ဘလော့ရေးမလို့)... ခုတော့ ပျောက်သွားပြီတဲ့... ဗွီဒီယိုထဲမှာတော့ ပါမယ်ထင်တယ်.. ဒါပေမဲ့ ခု အဲဒိဗွီဒီယို ကြည့်လိုက်ရင် မဗေဒါခေါင်းမူးပြီး ပိုစ့်ပြီးအောင် ရေးနိုင်တော့မှာ ဟုတ်ဘူး... ဒီတော့ နောက်တစ်ခေါက် ကြည့်ပြီးတော့မှပဲ ပြောပြတော့မယ်နော်...
ဒီလိုနဲ့ ဟိုတယ်ကိုရောက်တော့ မဗေဒါအစ်မက ချက်အင်ဝင်ပြီး အရင်ပိုစ့်မှာ ပြောခဲ့တဲ့ ပြဿနာတွေတက်... ပိုက်ဆံတွေထပ်ပေးရဖြစ်နေတော့ စိတ်ရှုပ်လို့ ကမ်းခြေမှာယောင်ဝါးဝါးသွားလုပ်နေတယ်.. ကမ်းခြေမှာ ပင်လယ်ကမ်းခြေထိုင်တဲ့ ထိုင်ခုံတွေချထားတယ်... အလကားလား ဟိုတယ်ကပေးတာလား မသေချာဘူး... အဲဒိအချိန်မှာပဲ ယိုးဒယားတစ်ယောက်က ထိုင်မလို့လား... ထီးယူအုံးမလား... ဘာညာဆိုပြီး ဇွတ်ကို ထီးတွေလာမိုးပေးတော့တာပဲ... ဒါဆို သိလိုက်ပါပြီ ပိုက်ဆံကတော့ ပေးရတော့မယ်ဆိုတာ.. ဒါပေမဲ့လဲ သူများတွေ ဖိနပ်မပါ ရေကူးဘောင်းဘီ အကျီင်္နဲ့ နေပူဆာလှုံနေတဲ့အချိန် သဲသောင်မှာ ဒေါက်ဖိနပ်ကြီးနဲ့ လျှောက်လာကတည်းက လူတွေက ကြည့်နေတယ်လို့ ခံစား (ကိုယ့်ကိုကိုယ်မလုံတာ) နေရတော့ ဟန်မပြတ်ပဲ အဲလူ ထီးလာမိုးပေးတာကို ခံနေလိုက်တယ်.... ရင်ထဲမှာတော့ "ဒီခုံတွေက ဟိုတယ်က အလကားချထားပေးတာကို ငါ့ကို အချဉ်ဆိုပြီး ပိုက်ဆံတောင်းတာလား" "ပေးသင့်လား မပေးသင့်လား" ခုလု ခုလု နဲ့ပေါ့.. ဘယ်လောက်လဲမေးတော့ ဘတ် ၁၀၀ တဲ့... ဒါနဲ့ပဲ ထုတ်ပေးလိုက်တယ်... ဒါပေမဲ့ စိတ်ထဲ အောင့်သက်သက်ဖြစ်နေတာကို မနည်းဟန်လုပ်ထားရတယ်... ဒီကလဲ ကပ်စေးနဲလေ... အရေးထဲ ဘေးခုံက အဖြူကောင်က ထီးမိုးတာမကြိုက်လို့ သူ့ခုံကို ရှေ့နေပူတဲ့ဘက် ဆွဲထုတ်သွားသေးတယ်... ကိုယ်တွေကတော့ လက်ရှည်နဲ့ အပေါ်က တစ်ထပ်နဲ့ နေကာမျက်မှန်နဲ့ ဒေါက်ဖိနပ်နဲ့ အပေါ်က ထီးမိုးခိုင်းသေးတယ်... ဟိဟိ.... ဒါကလဲ ကိုယ့်အခြေအနေ ကိုယ်သာသိလေ... ကိုယ်က ခုမှလေယာဉ်ကွင်းက ဆင်းလာတဲ့အတိုင်းလာတာပဲဟာကို... သူ့ဟာသူ နေသိပ်ခံချင်တိုးပေါ့လို့ စိတ်ထဲမှာ ပြန်တင်းလိုက်ပင်မဲ့... ငါ့ကြောင့်များ ဘေးက အဲဒိ အဖြူကောင် အနှောက်အယှက်ဖြစ်သွားလို့ တင်းသွားပြီလားလို့ ကြောက်သေးတယ်... တစ်ခါတစ်လေကျတော့လဲ ဘေးကလူတွေကို အရမ်းဂရုစိုက်ရင် ကိုယ်ပဲ စိတ်ပင်ပန်းရတယ်... ကိုယ်သက်သာသလိုနေတာ အကောင်းဆုံးပဲ... ဒီလိုတွေးလိုက်တော့လဲ သူ့ဟာသူ အဆင်ပြေသွားတာပဲ...
ကျွန်မ ညာဘက် ဘေးဘက်မှာ အသက်ကြီးကြီး အဖြူတစ်ယောက် အဖိုးကြီးလား အဖွားကြီးလား ခွဲမရဘူး...ဘာလို့လဲဆိုတော့ သူက အပေါ်ပိုင်း ဘာမှ မ၀တ်ထားဘူး... ဒီတော့ ဦးနှောက်က အဖိုးကြီးဆိုတဲ့ အဖြေပဲပေးနေတယ်... နောက်မှ သူက စာအုပ်ကို မှောက်ရက်ဖက်ဖို့ မှောက်လိုက်မှ တွဲလဲကြီး ၂ခုတွေ့တော့မှ... မဗေဒါလဲ ပါးစပ်အဟောင်းသားနဲ့ ကိုရီးယားကားထဲကလိုဆိုရင်တော့ "Omo... OMO..." ဆိုပြီး ဖြစ်သွားတော့တယ်... သူ့ယောကျာင်္းအဖိုးကြီးက ဘေးမှာ... ဘာမှလဲ မပြောဘူး... မထူးဆန်းသလိုပဲ... ရှက်လိုက်တာမပြောနဲ့... နေကာမျက်မှန်အောက်ကပဲ ၁ချက် ၂ချက် ခိုးကြည့်လိုက်တယ်... အဟိ... အဖွားကြီးက တော်တော်လေးတော့ အိုနေပါပြီ.... အခန်းရတော့ အစ်မက ကျွန်မကို ကမ်းခြေမှာလိုက်ရှာတာ မတွေ့တာနဲ့ ဖုန်းလှမ်းခေါ်ရော.... ကျွန်မတို့က roaming service ဖွင့်ထားတော့ ပြောလို့ရတယ်.. ဘယ်လောက်တွေ ကျမလဲမသိဘူး.. ဘေလ်လာမှ သိမှာပဲ... သူတို့တွေ ကျွန်မပျောက်လို့ ဒေါင်းတောက်အောင် လိုက်ရှာနေကြတာတဲ့... အမှန်တော့ ကျွန်မက ဟိုတယ်ရှေ့တည့်တည့်က ခုံမှာပဲ ထိုင်နေတာပဲ... သူတို့က ကျွန်မကပ်စေးနဲ့ ဒီလိုခုံတွေမှာ မထိုင်လောက်ဖူးတွက်ထားတယ်ထင်ပါတယ်... ဟတ်ဟတ်... အိမ်သားတွေက ကိုယ့်အကြောင်းအသိဆုံး.... ဒါကြောင့် အိမ်ကလူတွေနဲ့ ခရီးသွားရတာ အကြိုက်ဆုံး... ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့အတွက်မှားသွားတာ... အဖေက ဒီထက်မှရှာမတွေ့ရင် ရဲတိုင်တော့မဲ့ပုံ... ကျွန်မကို တွေ့တော့ သိပ်တော့မဆူဘူး... "ဘယ်ရောက်နေတာလဲ?" ဆိုပြီး ခပ်ဆပ်ဆပ်ပဲမေးတယ်... အစ်မကတော့ နည်းနည်းဆူတယ်... (ဒါပေမဲ့လဲ ကိုယ်က သူ့ကို သိပ်မကြောက်ပေါင်... အဟိ... ဖတ်ပြီး တင်းမနေနဲ့အုံး...) ဘာပဲဖြစ်ဖြစ်... ခုလို စိတ်ပူကြတာကိုပဲ ကိုယ်က ကျိတ်ပျော်နေတာ... ငါ့ကို စိတ်ပူတဲ့ ငါ့မိသားစုရှိတယ်.. ငါ့ကို အရေးထားတဲ့... ငါ့ကို လိုအပ်တဲ့ မိသားစုရှိတယ်... ဒါဟာ ဘယ်သူနဲ့မှ အစားထိုးလို့မရသလို... ကျွန်မကို အဲလို ချစ်နိုင် နားလည်နိုင်တဲ့လူမျိုး တစိမ်းထဲမှာ မရှိနိုင်ဘူး... သူတို့ဆူတာကို ၀ယ်ထားတဲ့ သရက်သီးကိုက်ရင်း ပြုံးပြုံးပဲ ခံလိုက်တယ်...
အထုတ်တွေဘာတွေထားပြီးတော့ ဗိုက်အရမ်းဆာနေပြီလေ... နေ့လည်စာစားဖို့ လျှောက်ရှာကြတာပေါ့... ကျွန်မအစ်မစားဖူးတဲ့ Bangla Road ထိပ်နားက လမ်းခွဲလေးထဲက Tourist attraction seafood ဆိုင်တွေကို ပြန်လမ်းလျှောက်ရတယ်... မိုးပေါက်လေးတွေကလဲ ကျနေတော့ ထီးနဲ့သွားရတယ်... တော်သေးတယ် မသွားခင် မိုးလေ၀သစစ်တော့ မိုးရွာမယ်ဆိုတာ ကြိုသိလို့ ထီးယူလာတာ... ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒိနေရာတွေက ညဘက်မှဖွင့်တာ... နေ့ဘက်ကျတော့ မြို့ပျက်ကြီးကျနေတာပဲ ခြောက်ကပ်နေတာပဲ.... ကံကောင်းထောက်မစွာပဲ အဲဒိနားမှာ လှည်းလေးနဲ့ ဘာရောင်းနေမှန်းတော့မသိဘူး... တွေ့တာနဲ့ အဲဒါပဲ အစာပြေအရင်ဝယ်စားတော့မယ်.. ကျွန်မနဲ့ ကျွန်မအမေက ဗိုက်ဆာရင်လုံးဝမရဘူး... စိတ်တွေတိုပြီး ကတုန်ကယင်ဖြစ်လာတာ... ဒါနဲ့ ဈေးမေးတော့ တစ်ပွဲ ဘတ် ၄၀ တဲ့ (စကာင်္ပူ ၁ဒေါ်လာခွဲလောက်ပဲ) ကျတယ်... ကိုယ်မှာမှ ခေါက်ဆွဲတွေဘာတွေ ပြုတ်ပြီး ပူပူလေးလုပ်ပေးတာ... ဘာခေါ်လဲတော့ မသိဘူး.. စားကြည့်တော့ ရှမ်းခေါက်ဆွဲလို ခေါက်ဆွဲမျိုးကို ၀က်သား ဒါမှမဟုတ် ကြက်သားနဲ့ ကန်စွန်းရွက်တွေနဲ့... စားလို့တော့ အတော်ကောင်းတယ်... မိုးအေးအေးမှာ ပူပူလေးနဲ့ ငရုတ်သီးလေးထည့်ထားတော့ ပူစပ်လေးပေါ့... လောကမှာ အရသာ အရှိဆုံး စားစရာက ဈေးကြီးပေးစရာမလိုဘူး... ကိုယ်ဗိုက်ဆာနေတဲ့အချိန်မှာ စားလိုက်ရတဲ့ အစာပဲ... 
ကျွန်မတို့ ထိုင်စားတဲ့နေရာက ညဘက်ဆိုရင် တိုင်ပတ်အကတွေရှိတဲ့ ဘားမှာ... နေ့ဘက်ကျတော့ ဆိုင်ပိတ်ထားတော့ ကျွန်မတို့ထိုင်လို့ရတယ်လေ... အဲဒိတော့မှ အဲဒိ တိုင်ပတ်တဲ့ အကရှိတဲ့ ဘားစားပွဲတွေဟာ တကယ်ကိုပဲ တိုင်အောက်တည့်တည့်မှာရှိတာတွေ့တော့တယ်.. အရင်က ထင်ထားတာက စားပွဲတွေက နည်းနည်းတော့ ကျယ်မယ်ထင်တာ...ခုတော့ ဘယ့်နှယ့် ကနေတဲ့ မိန်းမအောက်တည့်တည့်မှာ... ကိုယ်သောက်မဲ့ စားမဲ့ဟာတွေထားရမှာ... အော့.... အရသာရှိတဲ့သူအတွက်တော့ ရှိနေမှာပေါ့.. (ပြော ပြောချင်ဘူး.. ပြောကို မပြောချင်ဘူး.. (ဒေါ်မြလေး အသံနှင့်ဖတ်ရန်)).... လူဆိုတာလဲ အကြိုက်တမျိုးစီမို့ ဘာမှ မဝေဖန်လိုပါ.... မမြင်ဖူးတာတွေကို နှဖူးတွေ့ ဒူးတွေ့ မြင်နေရလို့ Alice In the Wonder land လို မျက်လုံးပေကလပ် ပေကလပ်နဲ့ ကြည့်နေတာပဲရှိတယ်... ခရီးသွားတယ်ဆိုတာလဲ ကိုယ်မမြင်ဖူးတာတွေ သူများနိုင်ငံရဲ့ နေမှုထိုင်မှုစရိုက်တွေကို လေ့လာချင်လို့ပဲလေ... ဒီတော့ ဒီအတွေ့အကြုံက တန်ပါတယ်...
ဖေဖေနဲ့ အစ်မက လမ်းမှာတွေ့ခဲ့တဲ့ လှည်းလေးနဲ့ အကင်ဆိုင်က ငါးခူအကြီးကြီး အကင် ၃ကောင်လောက်နဲ့ ကြက်အသဲကင်... သဘောင်္သီးထောင်း စပ်စပ်လေးနဲ့... အဲဒိနေ့က ဖူးခက်က လမ်းဘေး လှည်းလေးတွေနဲ့ မိုးပေါက်တွေကြား ပိတ်ထားတဲ့ Crazy Horse Bar မှာ ထိုင်စားခဲ့ရတဲ့ အရသာလေးကတော့ မဗေဒါရဲ့ မှတ်ဥာဏ်တစ်ခန်းမှာ အမှတ်ရနေမှာပါ... အားရပါရ ဒီလောက်အများကြီးစားတာတောင် ကျွန်မစိတ်ထင် ဘတ် ၅၀၀ မကျော်လောက်ဘူးထင်တယ်... ကျွန်မနဲ့ ကျွန်မ မေမေက အစကတော့ "ဒါအစမ်း အစာပြေစားတာ ... နောက်ဆိုင်တွေ့ရင် အစဉ်ထပ်စားမယ်" လို့ ကြိမ်းဝါးပြီး စားခဲ့ပင်မဲ့... စားပြီးတော့ ဗိုက်တင်းသွားလို့ ဘာမှ ထပ်မစားချင်တော့ဘူး... ဒီလိုနဲ့ ပိုက်ဆံကလဲ လဲဖို့လိုလာတော့ လျှောက်ရင်းလျှောက်ရင်းနဲ့ Jungceylon shopping mall ကိုရောက်သွားရော... အဲဒိမှာ ဈေးဝယ်ရင်း ပိုက်ဆံလဲလို့ရတယ်လေ... ၀င်သွားပြီး မြေအောက်တစ်ထပ်ကို ဆင်းလိုက်တာနဲ့ လိုချင်တာတွေချည်းပဲ... အများစုကတော့ beach wear topless dress ဂါဝန်တွေများတယ်... ဒါပေမဲ့ အရမ်းလှတယ်... ဈေးကလဲ စစ်နိုင်ရင် စစ်နိုင်သလိုရတယ်... ဈေးဆစ်လိုက်ရင်တော့ စကာင်္ပူထက် တော်တော်လေး သက်သာတယ်.. သူတို့ခေါ်ဈေးကတော့ စကာင်္ပူဈေးလောက်ရှိတယ်... သူတို့ခေါ်ဈေးရဲ့ ၆၀ % နှုန်းလောက် လျော့ပြီးတော့ကို ဆစ်ရတယ်... ဒါတောင်ရတယ်ဆိုတော့ ၈၀ % ရာခိုင်နှုန်းလောက်အထိ ဆစ်လို့ရမလားတော့ မသိ... 
အဲဒိဈေးထဲမှာ ရှိသမျှ ဈေးသယ်တွေက မြန်မာတွေချည်းပဲ... စိတ်လွတ်ပြီးတော့များ ကုန်ပစ္စည်းအကြောင်းကို တန်တယ် မတန်ဘူး လိုချင်တယ် မလိုချင်ဘူး မပြောလိုက်နဲ့... မြန်မာပြည် သိမ်ကြီးဈေးတို့ မင်္ဂလာဈေးတို့မှာ ဈေးဝယ်နေသလိုပဲ... တချို့ဈေးသည်တွေကလဲ သူတို့မြန်မာဆိုတာ ၀န်ခံကြတယ်... တချို့ဈေးသည်တွေကတော့ ဟန်လုပ်ပြီး အင်္ဂလိပ်လိုပဲပြောကြတယ်... ဒီတော့ သူတို့ပေါ်မူတည်ပြီးတော့ပဲ ဆက်ဆံလိုက်တယ်... ဒါပေမဲ့ သူတို့တွေအားလုံးမြန်မာဆိုတာ ကျွန်မတို့သိပါတယ်... ဒါတောင် ပါးစပ်က ယောင်ယောင်ပြီး တန်တယ်မတန်ဘူး လွတ်လွတ်ထွက်သေးတယ်... ကျွန်မကတော့ ပိုက်ဆံမလဲရသေးတော့ ဘာမှ မ၀ယ်ဖြစ်ဘူး... အဖေနဲ့ အမေကတော့ ချည်ထည် အကျီင်္နဲ့ ဘောင်းဘီတွေဝယ်တယ်... ဈေးခေါ်တော့ ဘတ် ၆၅၀ ၀န်းကျင်လောက်တွေကို ဘတ် ၂၀၀ ဘတ် ၃၀၀ လောက်နဲ့ရတယ်... ဖေဖေကတော့ စကာင်္ပူမှာ ရှာရခက်တဲ့ သူ့ ဆိုဒ် ချည်ထည်အကျီင်္ရတော့ သူတို့ ဈေးတင်တာ မတင်ထာထက် ကိုယ်ပေးနိုင်သလောက် ကိုယ်တန်တယ်ထင်သလောက်ပေးလိုက်တာ အကောင်းဆုံးပဲတဲ့... ဟုတ်တယ်.. မဗေဒါလဲ အဲလိုထင်တယ်... သူတို့တွေ ဘယ်လောက်ဈေးတင်ထားလိုက်လဲလို့ တွေးနေတာထက်... ကိုယ့်အတွက် ပေးနိုင်မဲ့ တန်တယ်ထင်မဲ့ဈေးကို ပေးလိုက်တယ်... မရရင် မယူဘူး... ယူပြီးတော့မှ နောက်တစ်နေရာမှာ ဒိထက် ဈေးပေါပေါနဲ့တွေ့လဲ နောင်တ မရဘူး... ဘာလို့လဲဆိုတော့ ကိုယ်က အစထဲက ကိုယ့်အတွက် တန်မယ်ထင်တဲ့ဈေးကို ပေးပြီးသားလေ... အ၀တ်အစားဆိုတာလဲ ၀တ်တဲ့သူရဲ့ တန်ဖိုးပေါ်ပဲ မူတည်ပါတယ်...
နောက်အချိန်တွေ ပိုနေသေးတာနဲ့ မိသားစုလိုက် အဲဒိ Shopping Mall ထဲမှာပဲ Foot Massage ခံကြတယ်... ၁နာရီမှ ဘတ် ၂၀၀ ထဲ... စကာင်္ပူ ၉ဒေါ်လာ လောက်ပဲ ရှိတယ်... ဒါပေမဲ့ ယိုးဒယား Massage က အင်ဒိုးနီးရှား Massage လောက် မထိဘူး... ဘာလီမှာတုန်းက ထိလွန်းလို့ အော်တောင် အော်ရတယ်...
နောက်တော့ ပိုက်ဆံသွားလဲကြတယ်... မဗေဒါက ကပ်စေးနဲပြီး စကာင်္ပူ ဒေါ်လာ ၂၀၀ ပဲထပ်လဲတယ်... အဲဒိက Money changer rate က စကာင်္ပူကထပ်ပိုနည်းတယ်... ငွေယားလေး လက်ထဲပြန်များလာတော့မှ ဟိုဆိုင်ဝင်ကြည့် ဒီဆိုင်ဝင်ကြည့်လုပ်တော့တယ်... ပိုက်ဆံမရှိရင် ဆိုင်တွေဝင်ကြည့်တော့လဲ ရင်မောတာပဲရှိတယ်လေ... Lobby မှာ ရေကူးဝတ်စုံတွေ Bikini တွေ ဖိနပ်တွေဈေးချနေတာတွေ့တော့ (အစထဲက အစ်မကပြောတယ် အဲဒိမှာ သက်သာတယ် စကာင်္ပူမှာ မ၀ယ်နဲ့ဆိုတဲ့အတိုင်းပဲ) အဲဒိမှာ အရမ်းသက်သာတာနဲ့ အဲဒိမှာ ရေကူးဖို့ ၀ယ်လိုက်တယ်... ဒါပေမဲ့ မဗေဒါ မေမေက လမ်းလျှောက်တာ ကြာရင် ပင်ပန်းလာရော... ဒါနဲ့ပဲ ဟိုတယ်ပြန်လိုက်တယ်... သားအမိ သားအဖတွေ ပင်ပန်းပြီး နေ့လည်ဘက်ကို အိပ်လိုက်ကျတာ ညနေမှ ပြန်နိုးတယ်... ညနေရောက်တော့ ၀ယ်လာတဲ့ ရေးကူးဝတ်စုံလေးနဲ့ (မဗေဒါက အစက အင်ဒိုနီးရှား ဘာလီသွားတုန်းက ၀ယ်ထားတဲ့ Pario ယူလာလဲ ပတ်ဖြစ်မှာ မဟုတ်ပါဘူးဆိုပြီး လျော့ခဲ့တာ ခုကျမှ ပတ်ချင်လာရော) ဒါနဲ့ ယူလာတဲ့ အစ်မဆီကနေ ဓားပြတိုက်လိုက်တယ်... အဟိ....
ကမ်းခြေကိုဆင်းတော့ နေ့လည်က ထိုင်ခုံဖိုးပေးခဲ့တဲ့ ငတိက မဗေဒါကို မှတ်မိတယ်ဗျား.... သူက ပြေးလာပြီး ထိုင်ထိုင်လို့ပြောတယ်... ဒီတစ်ခါတော့ မဗေဒါလဲ မကြောက် မရှက်နိုင်တော့ဘူး... မေးလိုက်တယ်.... ပိုက်ဆံထပ်ပေးရအုံးမှာလားလို့... ဒီတော့သူက ပေးစရာမလိုဘူး မနက်က ပေးပြီးရင် တစ်နေ့လုံးထိုင်လို့ရတယ်... ကျွန်မကို မှတ်မိ တယ်တဲ့... ဒီတော့ "အဲ... ဘယ်ဆိုးလို့လဲ... တစ်ခါပေးရင် တစ်နေ့လုံးထိုင်လို့ရတယ်ဆိုတော့" ကျွန်မလို သာမာန် မထင်မရှားပုံစံ customer ကို မှတ်မိတယ်ဆိုတော့ ဒီလူကို တစ်မှတ်ပေးလိုက်တယ်... Customer Service ထဲမှာပါတဲ့ Customer Recognizing ဆိုတဲ့ အချက် သူ့မှာရှိတယ်... ငါ ဘတ် ၁၀၀ ပေးတာ တန်သွားပြီလို့... အဟိ....
ကမ်းခြေမှာ စတိုင်ထုတ်နေတာ...
ညနေဆည်းဆာ...
အဖေဖမ်းမိတဲ့ ဂဏန်းလေးတွေ အဲလိုမျိုး အများကြီးဖမ်းမိတယ်... ပြန်လွှတ်လိုက်တယ်...
အဖေကတော့ ပင်လယ်တွေ့တာနဲ့ ရေထဲဆင်းပြီး ပင်လယ်ကြမ်းပြင်က ဟိုအကောင်ဖမ်း ဒီအကောင်ဖမ်းနဲ့ အလုပ်ရှုပ်နေချိန် ကျွန်မတို့ညီအစ်မ ၂ယောက်ကတော့ ဓာတ်ပုံရိုက်ဖို့ အလုပ်ရှုပ်နေလေရဲ့... မေမေကတော့ ကျွန်မရဲ့ ၁၀၀ တန်ထိုင်ခုံမှာ ပစ္စည်းစောင့်ထိုင်ရင်း မုန့်ရှိရင် ပျော်နေတဲ့ ကျွန်မရဲ့ မေမေ အုန်းစိမ်းရည်နဲ့ ဇိမ်ကျနေတော့တာပဲ.... နောက်တော့ ကျွန်မတို့လဲ ရေကူး... ကျွန်မတို့ကူလို့ဝတော့ မေမေ့ကို တလှည့်သွားကူးခိုင်းတယ်... နည်းနည်းလေး မှောင်စပြိုးလာတော့ ပြန်တက် ကိစ္စ ၀ိတ်စ ရေမိုးချိုး အ၀တ်လဲတာနဲ့တင် ညမိုးချုပ်သွားရော... ဒါနဲ့ ညစာထွက်စားဖို့ Bangla Road ဘက် ထွက်လာကြပြန်ရော...
ညဘက်ကျတော့ အဲဒိလမ်းက ကားဝင်လို့မရအောင်ကို ပိတ်လိုက်တာ.... မနက်ကနဲ့ တခြားစီ... စည်းကားနေတာပဲ ... အရက် ဘားတွေကလဲ အများကြီး... လမ်းမှာ မီးလင်းတဲ့ မစ်ကီးမောက် ဘီးကုတ် လေးတွေရောင်းတာနဲ့ (အဲလို မဟုတ်က ဟုတ်က တိုလီမိုလီဆို အလွန်ဝယ်ချင်သော ကျွန်မ) ၀ယ်ဖြစ်ခဲ့တယ်... ချစ်စရာလေးမို့... ခေါ်ဈေးက ဘတ် ၂၅၀... ကျွန်မ ဘတ် ၅၀ နဲ့ ဆစ်လိုက်တာ ၂ခါပဲ ဆစ်လိုက်ရတယ်... (လူပုံက အချဉ်ပုံပေါက်နေလို့လား ဒါမှ မဟုတ် ဈေးပိုပြောတာ သူတို့အကျင့်ပဲလား..) ဒါနဲ့ မနက်က သွားခဲ့တဲ့ seafood ဆိုင်တွေကိုပဲ သွားတယ်...
9 Seafood Restaurant
လမ်းထဲချိုးဝင်လိုက်တာနဲ့ ထမင်းဆိုင်ကလူတွေက ခေါ်ကြတာ... ကျိုက်ထီးရိုးက ထမင်းဆိုင်တွေအတိုင်းပဲ... 9 ဆိုတဲ့ ဆိုင်မှာ စားဖြစ်တယ်... ပုဇွန် ၁ ကီလို ကို တစ်ဝက်ကင် တစ်ဝက်ကို ကြက်သွန်ဖြူ ထောပတ် နဲ့ ချက်... နောက်ပြီး ကပ်ကတစ်ငါးကောင်လုံးကြော်တစ်ပွဲ... Tom Yam ဟင်းချိုတစ်ပွဲ... Seafood ထမင်းကြော် လေးယောက်စာ တစ်ပွဲ... အစိမ်းကြော်တစ်ပွဲ ခရုဆီနဲ့ကြော်တာ.... ယိုးဒယား ငါးဖယ်ကြော်တစ်ပွဲ... အ၀စားတာ... ကောင်းမှကောင်း.... အားလုံးပေါင်းမှ ဘတ် ၁၇၅၀ ပဲ ကျတယ် (စကာင်္ပူ ဒေါ်လာ ၇၇ လောက်ကျတယ်) စကာင်္ပူမှာ အဲလောက်စားရင် အသာလေး ဒေါ်လာ ၁၀၀ ကျော်ပြီလေ... ဒါတောင်အဲဒိ ဆိုင်တွေက ဈေးဆစ်လို့ သိပ်မရဘူး... Tourist attraction ဆိုင်တွေမို့လို့...
BBQ Prawn
Sweet & Sour Fried Sea Brass
Butter Garlic Fried Prawn
Thai styled Seafood Fried Rice
Fried assorted Vegetables
Tom Yam
Fish Cake
My beloved Family (missing one)
စားပြီးတော့ ဟိုကြည့်ဒီကြည့်နဲ့ လမ်းဘေးမှာ ရောင်းသမျှ ဆိုင်တွေပေါ်က အလှကုန်... handbag အိတ်အားလုံးက Brand နာမည်တွေချည်းပဲ... Eye Shadow လေးတွေ ကိုယ်ကြိုက်တဲ့အရောင်လေးတွေ တွေ့တာနဲ့ ၀ယ်ဖြစ်သေးတယ်... ဆိုင်သမားက အင်္ဂလိပ်လို့လဲ ဘာမှ မတတ်ဘူး... အတော် ခက်တယ်... အဲဒိအချိန်မှာပဲ မြန်မာ ဆိုင်သမား အဲဒိဆိုင်မှာ Senior တော့ကျတယ်ထင်တယ်... သူရောက်လာပြီး ပြောမှပဲ အဆင်ပြေသွားတယ်... ရောက်နေတာ ၇ နှစ် ၈နှစ်ရှိပြီတဲ့.. ယိုးဒယားလိုတော့ မွှတ်နေအောင်တတ်တယ်... ကျွန်မ စကာင်္ပူရောက်တာ ၈နှစ်ကျော်ပြီ တရုတ်လိုရော မလေးလိုရော ဘာမှလဲ တတ်ဘူး... Eye Shawdow တစ်ဘူး baht ၂၀၀ နဲ့ ၃ဘူး.. ဈေးလဲ လျော့ပေးဘူး.... Bangla Road မှာ မြင်မြင်သမျှ အားလုံး အထူးအဆန်း... အဲဒိလမ်းပေါ်လျှောက်နေရတာ ကိုယ့်ကိုကိုယ် Las Vegas များရောက်သွားသလားလို့... အဖြူတွေချည်းပဲ.... လမ်းပေါ်မှာတော့ အသက်တောင် ၁၈ နှစ်ပြည့်ရဲ့လားမသိဘူး.. ကောင်လေးတွေက ဘာရှိုးပွဲတွေအတွက် လိုက်ခေါ်နေလဲတော့မသိဘူး... သူတို့ကလဲ ကိုယ်မကြည့်တဲ့ပုံသေချာတော့ ကိုယ့်ကိုတော့ မခေါ်ပါဘူး... အဖြူကောင်တွေကို လိုက်ခေါ်တာများတယ်... 
ဆက်လျှောက်ရင်းနဲ့ ဆိုင်တစ်ဆိုင်ရှေ့နားက လမ်းကို ပိတ်ပြီးတော့ကို မိတ်ကပ်အပြည့် ၀တ်စုံပြည့်နဲ့ အခြောက်တွေကို တွေ့တယ်... လမ်းပိတ်နေတဲ့ အခြောက်တွေထဲမှာ အစိမ်းရောင်ဂါဝန်လေးနဲ့ အခြောက်လေးက အချောဆုံးပဲ... မိန်းမလိုဝတ်ထားတာလဲ ချောတယ်... ယောကျာင်္းလိုဝတ်ရင်လဲ ဂျန်ဂမ်ဆပ် (မပါမဖြစ် သူ့နာမည်) လို ပုံမျိုးလေးဖြစ်မှာ... အဲဒိ အခြောက်လေးနဲ့ ဓာတ်ပုံတွဲရိုက်ချင်ပင်မဲ့လဲ သူတို့က ဘာတွေမှန်းမသိတာနဲ့ မပြောတော့ဘူး ဒီလိုပဲ သူတို့ကို ဖြတ်လျှောက်လိုက်တယ်... ကံဆိုးစွာပဲ အဲဒိ အခြောက်တွေအားလုံးထဲမှာ ရုပ်အဆိုးဆုံး အ၀ဆုံး အခြောက်ကြီးက ကိုယ်တွေကို အတင်း လိုက်စကားပြောပြီး သူနဲ့ ဓာတ်ပုံတွဲရိုက်ချင်ရင် ရပါတယ်တဲ့ဆိုပြီး ကျွန်မပုခုံးလာဖတ်တော့... သူနဲ့ မရိုက်ချင်ပင်မဲ့လဲ "ကဲ... ရိုက်လိုက်ပါမယ်လေ... တော်ကြာ သူမလှလို့ နှိမ်သလိုဖြစ်မှာဆိုးလို့" အားနားပါနား ရိုက်လိုက်တယ်... ပြီးလဲ ပြီးရော TIP တောင်းပါလေရော... အစကတော့ အလကားပဲ ပေးရိုက်မလိုလိုနဲ့... (I forget Nothing is free in this world especially with Gay :( ) ... TIP ပေးရမယ်ဆိုရင် ကိုယ်စေတနာရှိတဲ့ အစိမ်းလေးနဲ့ပဲ တွဲရိုက်တော့မှာပေါ့... သူကလဲ ချောတော့ ဈေးကိုင်တာလား မသိ... ယိုးဒယားပိုက်ဆံ အတန်သေးက မရှိတော့ စကာင်္ပူ ၂ဒေါ်လာပေးလိုက်လို့ အစ်မကို ပြောတော့.. ဒင်း အခြောက်က မရဘူး ၅ဒေါ်လာမှတဲ့.... လူက အတော်တော့ တင်းနေတယ်... ဒါပေမဲ့ သူတို့နဲ့တော့ ရန်ပြိုင်မဖြစ်ရဲပါ... ဒီတော့ ရှာဖွေလိုက်တာ ယိုးဒယား ဘတ် ၁၀၀ တွေ့တာနဲ့ ပေးခဲ့ပြီး အမြန်ထွက်ခဲ့ရတယ်...
ညက စောသေးတော့ တိုင်ပတ်ကတဲ့ နေရာတွေမှာ မကသေးဘူး... ည ကိုးနာရီးခွဲလောက်မှ စတာတဲ့... မဗေဒါတို့ရောက်တဲ့အချိန်က ည ၈နာရီလောက်ပဲ ရှိအုံးမယ်... မဗေဒါတို့စားခဲ့တဲ့ စားသောက်ဆိုင်တွေကို ဘယ်အချိန်ထိဖွင့်လဲလို့မေးတော့... ညနေ ၅နာရီလောက်ကနေ နောက်နေ့မနက် ၄နာရီလောက်အထိဖွင့်တယ်တဲ့... ပျော်ပါး သောက်စားပြီး သူတို့ဆိုင်တွေမှာ ဗိုက်လာဖြည့်လို့ရတယ်တဲ့... ကိုယ်ကတော့ ပျော်ပါးသောက်စားမဲ့လူမဟုတ်ပင်မဲ့ ဗိုက်ကတော့ အချိန်မရွေးဆာတတ်တဲ့သူ ဆိုတော့ ဒီလိုပဲ ပြန်ပြုံးပြလိုက်တယ်... သူတို့ တိုင်ပတ်အကပြတဲ့ ဘားတွေက public မှာ Open ပဲ... အသက်ကန့်သတ်ချက်လဲ မရှိဘူးထင်တယ်... မဗေဒါက အဲဒါမျိုးတွေ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာ... ခုတွေ့တော့ အမိအရရိုက်ပြီး အတွေ့အကြုံတစ်ခုအနေနဲ့ ဘလော့ပေါ် မျှမလို့... ဒါပေမဲ့ မေမေက ပင်ပန်းတယ်... ပြန်ချင်ပြီဆိုတာနဲ့ပဲ အားလုံးပြန်ပြီး ဟိုတယ်က swimming pool နားမှာ လေညင်းခဏခံ... ပြီးတော့ ကိုယ့်အခန်းကိုယ်ဝင်ပြီး စောစောအိပ်ကြပါလေရော... မအိပ်ခင်တော့ သူတို့နိုင်ငံက တီဗွီလိုင်းလေးတွေ နည်းနည်းမွှေလိုက်သေးတယ်... နောက်ဆုံးကိုယ်ရပ်လိုက်တဲ့ လိုင်းကတော့ ကိုရီးယားလိုင်းပါပဲ.. ဟတ်.. ဟတ်... ယိုးဒယားမှာလဲ ကိုရီးယားပဲ... ခဏပဲ ကြည့်ပြီး အိပ်လိုက်တော့တယ်... မနက်ကျရင် Tour package Phi Phi Island သွားဖို့ မနက် ၇ နာရီလာခေါ်မှာဆိုတော့ ထပြီး ပြင်ဆင်ရအုံးမယ်လေ....
Near Hotel Swimming Pool and bar
9 comments :
KK said...
နှိပ်စက်ထားပါ။ နှိပ်စက်ထားပါ။ အစားအသောက် ပုံတွေနဲ့။ BTW, I like all photos. U looks great !! Thanks for sharing your experience.
နိုင်းနိုင်းစနေ said...
အစားအစာထဲမှာ ယိုးဒယားစာ အကြိုက်ဆုံးပါပဲး)
ဖူးခက်ကိုတော့ မရောက်ဖူးသေးဘူး...
ကမ်းခြေမှာ ထိုင်ငေးနေတဲ့ ပုံလေးလှတယ်။
ဝတ်ထားတဲ့ အဝတ်အစားနဲ့ ကမ်းခြေလိုက်ဖက်ပါတယ်း)
စန္ဒကူး said...
မမဗေဒါအရမ်းလှတာဘဲ... မျက်နှာဝိုင်းဝိုင်းနဲ့ ချစ်စရာလေး.. မိသားစု စုံညီပုံတွေ့ရတော့ စိတ်ချမ်းသာ လိုက်တာ... ကူးက တော့ မိသားစု မဆုံရ သေးဘူး။
အဲမှာ အစားသောက်အရမ်း ဈေးချိုတယ်.. စားချင်တာ လဲအကုန်ရတယ်.. ဘန်ကောက် ကိုတော့ အကြိုက်ဆုံးဘဲ..း))
Mayflower said...
မဗေဒါရေ အခုလို ပုံတွေနဲ့ ပြည့်ပြည့်စုံ၂ ရေးထားပေးလို့  ကျေးဇူး
ကမ်းခြေမှာရိုက်ထားတဲပုံလေးက လှ မှ လှ
ကိုဇော် said...
ကမ်းခြေကို ကြည့်ပြီးတော့ သဘောကျ...
အစားတွေကို ကြည့်ပြီးတော့ သွားရည်ကျ...
မဗေဒါကို ကြည့်လိုက်တော့ လှမှလှ...
ပျော်စရာလေးပဲ။
shin said...
Pario ပတ်ထားတဲ့ပုံလေးမှာ မဗေဒါတော်တော်လှတယ်။ စားစရာတွေကတော့ စားချင်စရာချည်းပဲ။ မိသားစုလိုက်တူတူခရီးသွားရတာ ပျော်စရာကြီးနော်။ အားကျသွားတယ်။
Taungoo said...
အားလုံးကောင်းပါသည်ခင်ဗျား..း)
ဆက်ရေးပါ မြန်မြန်ရေးပါ ကြားဖြတ် ကိုရီးယားတွေ မဝင်နဲ့ဦး
mabaydar said...
ကွန်မန့်ပေးသွားတဲ့ သူငယ်ချင်းတွေ စာဖတ်သူတွေ ဘလော့ဂါတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်... ခု နောက်ရက်ကို ဆက်ရေးဖို့ စီစဉ်နေပါတယ်... ခုလို အားပေးစကားတွေ ပြောသွားကြတော့ နောက်ဆက်ရေးဖို့ အားရှိတာပေါ့...
ကျေးဇူးပါ...
moezjhon said...
မိသားစုတွေနဲ့ ပျော်စရာဘဲနော်..ရှယ်တာကျေးဇူးပါ