Friday, November 19, 2010

Phi Phi Island and Surrounding - (Phuket trip Day 2)


Phi Phi Island and Surrounding - Phuket trip Day 2 Trailer by MaBayDar




ဒုတိယနေ့ မနက် ၇ နာရီမှာ အေးဂျင့်က ကားလာခေါ်မှာဆိုတော့ ကျွန်မတို့တွေ မနက် ၄နာရီခွဲလောက်ထပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်အပြီးမှာ ဟိုတယ်က ကျွေးတဲ့ မနက်စာ ဘူဖေးကို သွားစားကြပါတယ်... ဘူဖေးကျွေးတဲ့ နေရာက ကျွန်မတို့အခန်းရှိတဲ့ အဆောင်နဲ့ ရေကူးကန်ပဲခြားပါတယ်... ပင်လယ်ပြင်ရှုခင်းကို ခံစားရင်းလဲ စားလို့ရအောင် ပင်လယ်ပြင်ကို မျက်နှာပေးထားပါတယ်... ဘူဖေးက အတော်လေးစားကောင်းပါတယ်... ယိုးဒယားအစားအစာက ကျွန်မပါးစပ်နဲ့တော့ အကိုက်ပါပဲ... တစ်ခါတစ်လေ ကိုယ်ဘာလို့ ဒီလောက်စားကောင်းနေတာလဲလို့ တွေးမိမှ "အော်... ငါ ယိုးဒယားရောက်နေတာပါလား" လို့ အသိဝင်တတ်တယ်... (အင်ဒိုနီးရှား ဘာလီတုန်းက ဟိုတယ် မနက်စာ ဘူဖေးက စားမကောင်းဘူး... ကိုယ့်အကြိုက်နဲ့ မကိုက်ဘူး)...
ဟိုးဘက် ထောင့်ဆုံးက ကျွန်မတို့ အခန်း ခုရိုက်ထားတာက Breakfast စားတဲ့ နေရာကနေရိုက်ထားတာ...
စားသောက်ပြီးတော့ ဟိုတယ် Lobby မှာ စောင့်နေလိုက်တယ်ဆိုရင်ပဲ Tour Agent က လွှတ်လိုက်တဲ့ တောင်းအိတ်စ်ကားရောက်လာတော့တာပါပဲ... ကားပေါ်ကိုတက်လိုက်တော့ တံခါးနဲ့တည့်တည့်ခုံမှာ ကုလားနဲ့ ခပ်ဆင်ဆင်လူမျိုး ဗလကောင်းကောင်း ယောကျာင်္း ၂ယောက်ထိုင်နေတယ်... ရှေ့ခန်း ကားမောင်းတဲ့သူဘေးမှာက တစ်ယောက်... ဒါပေမဲ့ သူတို့က အသားတော့ဖြူတယ်... သူတို့က ၃ယောက်အဖွဲ့... သူတို့လဲ Package ၀ယ်ထားတဲ့သူတွေပါပဲ... အဲဒိနေ့အတွက် ကျွန်မတို့ရဲ့ခရီးဖော်တွေပေါ့... ကျွန်မတို့ကားပေါ်တက်တော့ သူတို့တွေက ရီပြတယ်... ကျွန်မတို့က ၄ယောက်ဆိုတော့ နောက်ဆုံးတန်း ၄ယောက်ထိုင်တဲ့နေရာပဲ ၀င်ထိုင်လိုက်တယ်... ကျွန်မတို့ကို ခေါ်ပြီးတော့ နောက်ကုန်းတွင်းပိုင်းက ဟိုတယ်တစ်ခုမှာ နောက်အုပ်စုတစ်စုကိုသွားခေါ်တယ်... သူတို့လဲ ကုလားဆင်တွေပဲ... သူတို့လဲ အသားဖြူတယ်... အတွဲ၁တွဲရယ်... နောက် ကောင်မလေးရဲ့ မောင်လားဘာလားတော့မသိဘူး... လောကကြီးကို ဖြစ်ချင်ရာဖြစ် ငါကတော့ ခပ်ပျင်းပျင်ပဲဆိုတဲ့ စတိုင်မျိုးနဲ့ အိပ်ချင်မူးတူးပုံစံလူ... ဘယ်နိုင်ငံတွေကမှန်းအစကမသိဘူး... နောက်မှ ဟို ယောကျာင်္း၃ယောက်က အီရန်က... အဲဒိ အတွဲအုပ်စုက တာကီ (Turkey) ကဆိုတာ သိတယ်... သူတို့ မျက်နှာတွေကတော့ အကုန်ဆင်တာပဲ... အင်္ဂလိပ်မကျ ကုလားမကပုံစံတွေ... ဟိုအတွဲက ကြီးကျယ်တဲ့ပုံပေါက်တယ်.. ယောကျာင်္းက အသက်ခပ်ကြီးကြီးပဲ... မိန်းမကတော့ ငယ်တယ်...

ဒီလိုနဲ့ speed boat ရှိတဲ့ ဆိပ်ကမ်းကို မိနစ် ၃၀လောက်တော့ မောင်းလိုက်တယ်... ရောက်တော့ အဆောင်တစ်ခုမှာ လူတွေလဲ အများကြီးပဲ... လူသစ်တွေနဲ့ ထပ်တွေ့တာပေါ့... အဲဒိမှာ လူကြီး ၆ယောက် ကလေး ၂ယောက်ပါတဲ့ အင်္ဂလန်က မိသားစုတစ်ဖွဲ့ အဲဒိက အေးဂျင့်လူတွေကို စိတ်တိုနေတာတွေ့တယ်... သူတို့ မိသားစုနာမည် စာရင်းထဲမှာ မပါလာလို့ အတော်လေး တင်းနေပုံရတယ်... သူတို့ဘယ်အေးဂျင့်က ၀ယ်လဲတော့ မသိ... ကိုယ့်အေးဂျင့်က အဲလိုမဖြစ်တာ တော်သေး... (ကျွန်မစိတ်ထင်တော့ မြန်မာပြည်က ခရီးသွားကားတွေလိုပဲ ဘယ်အေးဂျင့်က ၀ယ်ဝယ် ပြီးရင်အားလုံးပေါင်းပြီး လွှတ်တယ်ထင်တာပဲ... မသေချာပါ)... ကျွန်မတို့ကို ရင်ဘတ်မှာ ကပ်ဖို့ ခရမ်းရောင် အသဲ ကပ်ခွာလေးတွေပေးတယ်... အနီရောင်နဲ့ ခရမ်းရောင် ၂ဖွဲ့ရှိတယ်... နောက်တော့ ကျွန်မတို့ tour guide ဖြစ်မဲ့ ယိုးဒယားကောင်လေးက briefing ပေးတယ်... သူစကားပြောတာ "Lady & Gentleman" တွေ အရမ်းပါလွန်းလို့ ရီစရာတောင်ကောင်းတယ်... အင်္ဂလိပ်တွေကိုယ်တိုင်လဲ ပြုံးစိစိနဲ့... Snorkeling Gear နဲ့ လှိုင်းမူးရင်သောက်ဖို့ ဆေးကိုတော့ သူတို့က အလကားပေးတယ်... ဒါပေမဲ့ ရေထဲမှာ ခြေရက်ဖို့အတွက် Fin ကိုလိုချင်တဲ့သူကတော့ ငှားရတယ်... ဘတ် ၁၀၀ ထင်တယ်... သူကတော့ ငှားဖို့တိုက်တွန်းတယ်... ဘာလို့လဲဆိုတော့ Kaya Island မှာ သန္တာကျောက်တန်းတွေမှာ ကပ်နေတဲ့ ကမာခွံတွေက ရှတတ်သလို.... ရေနတ်သမီး သံပချုပ် (အဆူးပါတဲ့ငါးတွေရှိလို့)တဲ့... အဲဒိငါး အဖြူရောင်က အဆိပ်ပါပါလို့... ဆူးမိပြီဆိုရင် ဆေးရုံချက်ချင်တက်ပြီး ခွဲစိပ်ရင် ဘတ် ၅၀၀၀ လောက် ကျမယ်တဲ့.... ဒါပေမဲ့ ကျွန်မတို့တော့ မငှားတော့ဘူး... ငှားလဲ အဲဒါနဲ့ ခပ်တတ်မှာမဟုတ်ဘူးလေ... သူတို့ဟာ ငှားအောင်လို့လဲ နည်းနည်းပိုပြောတာပါမယ်...

ဒီလိုနဲ့ ကျွန်မတို့မိသားစုလဲ မူးခဲ့သည်ရှိသော် သောက်လို့ရအောင် ဆေး ၄လုံးနိုက်ခဲ့ပြီး မော်တော်ဘုတ်ရပ်ထားတဲ့ဆီကို ထွက်ခဲ့ကြတယ်... သူတို့မော်တော်ဘုတ်ပေါ်ကို မတက်ခင် ဖိနပ်မှာ ပေနေတဲ့ သဲတွေကို ပင်လယ်ရေနဲ့ ဆေးခိုင်းသေးတယ်... သူတို့ မော်တော်ဘုတ်ပေါ်ကို သဲမပါရဘူး... မော်တော်ဘုတ်ပေါ်ရောက်တော့မှ အသေးစိတ်သွားမဲ့ခရီးစဉ်ကို ဆက်ရှင်းတယ်... ခုန်တန်း တစ်တန်းမှာ ၃ယောက်ထိုင်ရမယ်လို့ပြောပေမဲ့ တော်တော်များများလဲ ၂ယောက်ပဲထိုင်နေကြတယ်... ကျွန်မတို့လဲ ၂ယောက်စီပဲ ခွဲထိုင်လိုက်တယ်... ဖေဖေနဲ့ မေမေက ၀တယ်လေ...

တိုးဂိုက်ကောင်လေးရဲ့ နာမည်က Jo Jo တဲ့... သူက နေထိုင်မကောင်းရင် သူ့ကိုလာပြောဖို့... အံချင်ရင်လဲ သူ့ကိုပြောဖို့... လှေထွက်ရင် မတ်တပ်မရပ်ဖို့.. မတ်တပ်ရပ်ရင် Speed boat ဖြစ်တဲ့အတွက် လူးမှာဆိုးလို့... ရေထဲဆင်းလို့ တစ်ခုခု အကောင်ကိုက်ရင်လဲ သူ့ကိုပြောဖို့... ပြီးတော့ ပေးထားတဲ့ အချိန်အတွင်း ဘုတ်ကို ပြန်မရောက်ရင် မစောင့်ဘူးဆိုတဲ့အကြောင်းပါ တစ်ပါတည်းပြောထားတယ်... နောက်ဆုံးမှ တရုတ် လေးယောက်အဖွဲ့တက်လာတယ်... မိန်းကလေး ၂ယောက် ယောကျာင်္းလေး ၂ယောက်... တစ်တွဲက လှေဦးရှေ့အပြင်မှာထိုင်တယ်... နောက်တစ်တွဲက အပြင်မှာနေရာမရှိတော့လို့ထင်တယ် အထဲကို ၀င်လာတယ်.. ကောင်မလေးက ရှေ့နားက အတွဲတစ်တွဲ ၂ယောက်ထိုင်နေတဲ့ခုံကို တိုးဝင်ထိုင်တယ်... နောက်ကောင်လေးက အနောက်ဘက်ကို ဆက်လျှောက်လာတော့ ကျန်တဲ့ခုံတွေအားလုံးက ၂ယောက်စီထိုင်နေတယ်ဆိုပင်မဲ့ သူတို့က လူကောင်ထွားတော့ ပြည့်နေတယ်... ကျွန်မနဲ့ ကျွန်မအစ်မထိုင်နေတဲ့ ခုံပဲ သိသိသာသာ ချောင်နေတော့ ကျွန်မတို့ပဲ တိုးပေးလိုက်တယ်... ဒီတော့ အဲဒိကောင်လေးက ကျွန်မဘေးကို ၀င်ထိုင်တယ်...

ဒီလိုနဲ့ ဘုတ်စထွက်ပါပြီ... အဲဒိနေ့အတွက် ကျွန်မတို့နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားရမဲ့လူတွေကတော့ ဒီလူတွေပဲပေါ့... ကျွန်မနဲ့ ခရီးသွားဖော်လေးတွေနဲ့ သူတို့ကိုပေးခဲ့တဲ့ နာမည်လေးတွေ အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်... ကလေးလေးတွေပါတဲ့အုပ်စုမှာတော့ ကလေးမိဘအတွဲကို (ကလေးအဖေ ကလေးအမေ)လို့ ရှင်းရှင်းပဲခေါ်ပါတယ်... နောက်အတွဲကိုတော့ ကလေး ဦးလေးနဲ့ အဒေါ်ပေါ့... အသက်ကြီးကြီး အဖိုးကြီးနဲ့ အဖွားကြီးကတော့ ကလေး အဖိုးနဲ့အဖွားပေါ့... သူတို့ကို နာမည်ပေးရတာ လွယ်တယ်...
ကလေးလေးတွေ အဖွဲ့
ကားပေါ်ကအတွဲကတော့ စိတ်ပုတ်အတွဲလို့ ခေါ်တယ်... ဘာလို့လဲဆိုတော့ သွားနေရင်း မိုးရွာတော့ သူတို့နေရာက မိုးပက်တယ်ဆိုပြီး သူတို့ခုံမှာမထိုင်တော့ပဲ ပစ္စည်းတွေထားပြီး သူများတွေနဲ့ သွားထိုင်တယ်... သူတို့ခုံအားနေတော့ နောက်ပိုင်း နေရာမရတဲ့ ထိုင်ဝမ်တရုတ်အဖွဲ့က ကောင်မလေး လာထိုင်တော့ သူတို့နေရာကို မပေးချင်ဘူး... သူတို့ ပြန်လာထိုင်ပြီး ဖြဲကားထိုင်တယ်... (Video ထဲမှာ 0:25 မှာ ရှေ့ကလျှောက်နေတဲ့ အတွဲပေါ့) အဲမိန်းမရဲ့ မောင်ကတော့ ဟိုဘက်တန်းမှာ အီရန် ၃ကောင်ထဲက တစ်ကောင်နဲ့ ထိုင်တယ်... သူတို့နဲ့ ပါလာတဲ့ သူတို့မောင်ကိုကျတော့ ပျင်းတွဲတွဲကောင်လို့ ခေါ်ရတာ သိပ်အဆင်မပြေဘူး... ဒါပေမဲ့ သင့်တော်တဲ့ နာမည်တစ်ခု ချက်ချင်းရသွားတယ်..... ယောကျာင်္းဘသား တဲ့...



အဲဒိနာမည်ဘာကြောင့်ရလဲဆိုတာပြောရမယ်ဆိုရင်တော့ အီရန် ၃ကောင်နဲ့ ပတ်သတ်တယ်... ခရီးသွားရင်း ကျွန်မတို့ သတိထားမိလာတာက အဲဒိ ၃ယောက်က အခြောက်တွေဆိုတာပဲ... နောက်ခုံမှာ တူတူ ထိုင်တဲ့ ၂ယောက်ကလဲ သူတို့အချင်းချင်း အရမ်း ယုယကြတယ်.. (ဗလကြီးတွေမှ အားမနာ)...
ချီပြီးဓာတ်ပုံရိုက်နေကြတဲ့ အီရန် ၃ယောက်
၁ယောက်ထဲ ရှေ့မှာ တာကီအဖွဲ့က လူနဲ့ ထိုင်ရတဲ့ကောင်က လွတ်နေတော့... အဲဒိ တာကီ ငပျင်းပုံနဲ့ ကောင်ကို ပဲတွေ လွှတ်ပေးနေတာ ကျွန်မတို့က ဘေးကနေ မြင်နေရတယ်... ဥပမာ ဘုတ်က ရေပတ်လိုက်ရင်... "အား" ဆိုပြီး ရေစိုနေတဲ့ ပုံနဲ့ ဘေးက ကောင်ကို သမုဒယအကြည့်တွေနဲ့ ကြည့်ကြည့်နေတာ အဲဒိ ငပျင်းလဲ သိပုံရတယ်... မျက်နှာက ထန်နေတာပဲ... လုံးဝ အဲဒိ ဗလကောင်းကောင်းနဲ့ စွပ်ကျယ် အနက်ဝတ်ထားတဲ့ အခြောက်လို့ထင်ရတဲ့လူကို မလှည့်ဘူး... ခေါင်းကြီးတောင် စောင်းသွားမှာ စိုးရတယ်... အစက သူတို့ ဇာတ်လမ်းကို ဘာဖြစ်မလဲလို့ စောင့်ကြည့်နေတာ... ဒါပေမဲ့ အဲဒိ Turkey ကလူက ယောကျာင်္းပီသစွာပဲ ဟိုလူ့ ခံစားမှုတွေကို လက်မခံလို့... သူ့နာမည်က ယောကျာင်္းဘသား လို့ ကျွန်မတို့က နောက်ခေါ်တာ... အဟိ.... အခြောက် ၃ယောက်အဖွဲ့ကလဲ Maya Bay မှာ တစ်ယောက်နဲ့ တစ်ယောက် ချီပြီးတောင် ဓာတ်ပုံရိုက်နေသေးတယ်... သူတို့ ကမ္ဘာလေးနဲ့ သူတို့တော့ ပျော်လို့...

Gua Jui (with towel) / သူ့သူငယ်ချင်း / ဒေါ်အိုစာ (black)
ကျွန်မဘေးမှာထိုင်နေတဲ့ ကောင်လေးနဲ့ ရှေ့ခုံမှာထိုင်တဲ့ တရုတ်မကို အစက အတွဲလို့ထင်တာ... နောက်တော့မှ မဟုတ်ဘူး... အဲဒိကောင်လေးပုံစံက ရိုးရိုးလေးပင်မဲ့ မိန်းကလေးတွေ လာကပ်လဲ အကုန်လုံးကို ကြည်ဖြူစွာလက်ခံမဲ့ပုံ... သူ့ရဲ့ Character က ကျွန်မတို့ ကြည့်ဖူးတဲ့ "Tomorrow" ဆိုတဲ့ တရုတ်ကားဇာတ်လမ်းတွဲထဲက မင်းသားလိုပုံမျိုး... အဲဒါကြောင့်သူ့ကို အဲဒိကားထဲက မင်းသားရဲ့နာမည် Gua Jui (ကွားကျွီး) လို့ ကျွန်မတို့က နာမည်ပေးထားတယ်... ရှေ့တန်းမှာ ထိုင်တဲ့ သူတို့အဖွဲ့ထဲက တရုတ်မက လူမှုရေးသိပ်နားမလည်တာလား အင်္ဂလိပ်လို မတတ်တာလားတော့ မသိဘူး... လှေစထွက်လို့ ရှုခင်းလေးတွေ နည်းနည်းမြင်ရတာနဲ့ သူ့ဗွီဒီယို ကင်မရာကြီးထုတ်ပြီး မတ်တပ်ရပ်တာ... ဂိုက်က မတ်တပ်ရပ်ရင် လှေလူးပါတယ်လို့ ပြောထားတဲ့ဟာကို... ဒါတောင် အားမရသေးဘူး... သူက လှေနောက်ဘက်ကို လျှောက်လာပြီး အပြင်ကို ရိုက်ချင်တာ... သူလျှောက်တော့ လှေက လူးတယ်... ဒီတော့ သူ့ကိုယ်ကို မထိမ်းနိုင်ပဲ နောက်ဆုံးတန်းရှေ့တစ်တန်းမှာထိုင်နေတဲ့ ဂျာမန် မိန်းမ ပေါ်ကို ပြုတ်ကျတယ်... ပြီးတော့ အဲဒိဂျာမန်မဘေးမှာကုတ်ကပ်ပြီးထိုင်တယ်.. ဂျာမန်မက ဘာမှမပြောပင်မဲ့ မျက်မှောင်ကျုံ့ပြီး တော်တော်လေး အမြင်ကပ်နေတဲ့ပုံ... အဲဒိ တရုတ်မက နေကာမျက်မှန်တပ်ထားတုန်းက လှသလိုလိုနဲ့ မျက်မှန်ချွတ်လိုက်တော့ အသက်အတော်ကြီးတဲ့ပုံပေါက်တာရော အလိုက်ကမ်းဆိုးမသိတာရော ကြည့်မရတာပေါင်းပြီး ဒေါ်အိုစာ လို့ခေါ်တယ်... ဂျာမန်မကတော့ ဘုတ်ပေါ်စတက်လာတည်းက ကျွန်မတို့အဖွဲ့ကို ဘာလူမျိုးတွေလဲဆိုပြီး အလွန်တရာမှ အဖြေရှာမရလို့ စိတ်ဝင်စားစွာ အကဲခပ်နေတာကို သတိထားမိတယ်...

နောက်ပြီး ၁ယောက်တည်းပါလာတဲ့ ဘိုမ (England ကထင်တယ်) သူကျတော့ မိန်းမဆန်ဆန် ဂါဝန်လေးနဲ့ အနေအထိုင် နူးနူးညံ့ညံ့ နဲ့ Princess လိုမျိုးလေးမို့ (အဲနေ့မတိုင်ခင် ညကမှ Princess Diary ယိုးဒယား တီဗွီမှာကြည့်ထားတော့) သူ့ကို Princess Diary လို့ ခေါ်တယ်... နောက်ပြီး စလုံးအတွဲ ၁တွဲ နဲ့ မလေးရှား တရုတ်အတွဲတစ်တွဲလဲပါတယ်... ဘုတ် ရှေ့အပြင်မှာထိုင်တဲ့သူတွေကတော့ မမြင်ရဘူး... ဒါပေမဲ့ မိုးရွာတော့ အပြန်မှာ အထဲဝင်လာတော့ သူတို့တွေက အမေရိကန်တွေပဲ... ထွေထွေထူးထူးနာမည်တော့ မပေးဖြစ်ဘူး... လူမျိုးပေါင်းစုံ စရိုက်ပေါင်းစုံနဲ့သွားရတယ်ဆိုပင်မဲ့ အားလုံးက ကိုယ့်နိုင်ငံဂုဏ်ကိုယ်ထိန်းပြီး ဆင်ဆင်ခြင်ခြင်နဲ့ နားလည်မှုရှိကြတယ်.. (တရုတ်မ ဒေါ်အိုစာ တစ်ယောက်ပဲ အလိုက်ကမ်းဆိုးမသိတာလွဲလို့)...

Phi Phi Island ရှုခင်း
Phi Phi Island Maya Bay ဆိုတာ Hollywood မင်းသား Leonardo DiCaprio ရဲ့ "The Beach" ရုပ်ရှင်ကားရိုက်ခဲ့တဲ့ ကျွန်းပေါ့... အဲဒိကို ရောက်ဖို့ speed boat နဲ့တောင် ၁နာရီလောက်စီးရတယ်... လမ်းမှာရေတွေစိုတော့ အစက မော်တော်ဘုတ်က ပက်တယ်ထင်တာ.. နောက်ပိုပိုဆိုးလာတော့မှ မိုးရွာတာမှန်းသိတယ်... ပါလာသမျှလူတွေအကုန် တောက်တောက်ရွှဲတာပဲ... အဲဒိမိုးကြောင့်ပဲ မဗေဒါလဲ ရိုက်ချင်သလောက် ဗွီဒီယို မရိုက်ဖြစ်လိုက်ဘူး... ယူလာတဲ့ ဗွီဒီယို ကင်မရာ ၂လုံးနဲ့ ကန်နွန်းကင်မရာကို အသင့်ယူလာတဲ့ ကြွတ်ကြွတ်အိတ်ကြီးထဲထည့်ပြီး စည်းထားရတယ်... (ဒါတောင်မှ ညနေ ဟိုတယ်ပြန်ရောက်တော့ အိတ်တွေက အစိုတွေပြန်နေတယ်)... ဒါပေမဲ့ ကံကောင်းစွာပဲ Phi Phi Leh Island "Maya" Bay ကိုရောက်တော့ မိုးမရွာတော့ဘူး... ဓာတ်ပုံရိုက် ရေကူးချင်ရေကူး ကျွန်းပေါ်လမ်းလျှောက်ချင်လျှောက်ဖို့ နာရီဝက်ပဲ အချိန်ပေးတယ်... လူများတယ်ပြောရမယ်... ရှုပ်ရှက်ခက်နေတာပဲ... ၃ခုလုံးလုပ်ဖို့တော့ အချိန်မရဘူး... ဒီတော့ ဓာတ်ပုံအမြန်ရိုက်ကြတယ်.. ကိုယ့်ပုံကိုယ်ရိုက်ဖို့က အရင်ဖြစ်နေတော့ ရှုခင်းချည်းပဲတောင် သိပ်မရိုက်ဖြစ်လိုက်ဘူး... မိုးပေါက်ဖွဲဖွဲလေးတွေကလဲ တစ်ချက်တစ်ချက်ကျသေးတယ်လေ... ဒီလိုနဲ့ပဲ ဖေဖေနဲ့ ကျွန်မကတော့ ရေဆင်းကူးလိုက်သေးတယ်.. ရေက ကြည်လင်နေတာပဲ... တောင်ကြီးတွေ ခြံရံထားတဲ့ကြားမှာဆိုတော့ ခံစားချက်ကတစ်မျိုးပဲ... အိပ်မက်ထဲရောက်နေတဲ့အတိုင်းပဲ... ကျွန်မ မျက်မှန် ရေထဲကျသွားသေးလို့ သားအဖနှစ်ယောက် မနည်းပြန်လိုက်ရှာရတယ်... တော်သေးတယ် ပြန်တွေ့လို့... (ကြုံတုန်းကြွားလိုက်အုံးမယ်... ဒီခရီးသွားမှာမို့ အသစ်ဆက်ဆက်ဝယ်ထားတာ.. ဟိဟိ...)
Krabi, Maya Bay Thailand အမှတ်တရ...

Maya Bay ရှုခင်းနှင့်အတူ...

Maya Bay တောင်ခြေရင်းမှာ...
အဲဒါပြီးတော့ ဗွီဒီယိုထဲက 0:11 မှာ မြင်ရမဲ့ ဇီဝဇိုးငှက်တွေရဲ့ အသိုက်ရှိတဲ့ ပင်လယ်ကျောက်ဆောင်ထဲက ဂူတွေဘက်ကို လိုက်ပြတယ်... လူတွေ အားဆေးအဖြစ်စားတဲ့ ဈေးအလွန်ကြီးတဲ့ ငှက်သိုက်တွေရှိတဲ့နေရာပေါ့... မိုးပေါက်လေးတွေကျနေတဲ့ ကြားက ဖေဖေ့ကို ဗွီဒီယိုထုတ်ပေးပြီးရိုက်ခိုင်းလိုက်တယ်... 

အဲဒါပြီးတော့ နောက်ထပ် ခပ်ကြာကြာလေး ၄၅မိနစ်လောက်ထင်တယ်.. ထပ်စီးပြီးတော့ ကျွန်မတို့ နေ့လည်စာစားမဲ့ Phi Phi Don Island ကို ရောက်တယ်... အဲဒိမှာ တောင်ကြီးတွေအောက်မှာ လက်ဆောင်ပစ္စည်းဆိုင်တစ်ချို့နဲ့ ထမင်းစားဖို့ ဟောတွေရှိတယ်...
PhiPhi Don Island ပေါ်က လက်ဆောင်ပစ္စည်းဆိုင် နှင့် ထမင်းစားဟော... 

အဆင်သင့်ပဲ ပြင်ဆင်ချထားတဲ့ ဘူဖေး lunch ကိုစားဖို့ ၁နာရီခွဲလောက် အချိန်ပေးတယ်... ယိုးဒယား Tom Yam ဟင်းချိုကို အရောင်ဖြူဖြူလေးနဲ့ ချက်ထားပင်မဲ့ စပ်စပ်လေး သောက်လို့အရမ်းကောင်းတယ်... ဟင်းတွေကလဲ အကုန်စားကောင်းတယ်... ကော်ဖီ တီးက Free တိုက်တယ်... အအေးသောက်ချင်ရင်တော့ ၀ယ်သောက်ရတယ်... စားပြီးတော့ အပြင်က လက်ဆောင်ပစ္စည်းဆိုင်လေးတွေကို ကြည့်ဖြစ်တယ်... မဗေဒါက အကျီ်အပိုထည့်မလာမိဘူး... မဗေဒါ အစ်မ အပါအ၀င်တော်တော်များများကတော့ အဲဒိမှာ အကျီင်္လဲကြတယ်... တချို့ကလဲ ၀ယ်ဝတ်လိုက်ကြတယ်... မိုးကတော့ တိတ်လိုက် ဖွဲဖွဲလေးရွာလိုက်ပဲ... (အပေါ်က ပုံမှာ ကျောပိုးအိတ်လေးနဲ့ ကျစ်ဆံမီးလေးနဲ့က Princess Diary ပေါ့)...
Phi Phi Don က တောင်ကြီးနှင့် အတူ...

Phi Phi Don မှာ ဘုတ်အပြင် ရှေ့မှာ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်...

Phi Phi Don ပင်လယ် တောင် နဲ့ မဗေဒါ....
အားလုံးစားသောက်ပြီးတော့ ဘုတ်ဆက်စီးပြီး Monkey Island ကို သွားကြတယ်... Jo Jo က အစထည်းကပြောတယ်... မျောက်က သိပ်မရှိလှပါဘူးတဲ့ ကံကောင်းရင်တော့ တွေ့မယ်တဲ့... တကယ်လို့ မျောက်မတွေ့ ခဲ့ရင် သူ့ကို အပြစ်မတင်ကြပါနဲ့တဲ့... တိရိစ္ဆာန်တွေကို သူတို့ ထိန်းချုပ်လို့မရလို့ အာမ မခံပါဘူးတဲ့... တစ်ခါတစ်လေ မျောက် ၁ကောင်ထဲက Tourist တွေကြားမှာ Superstar လိုပဲ ဓာတ်ပုံတွေ အရိုက်ခံ ၀ိုင်းအုံကြည့်ခံရတယ်တဲ့...
အဲဒိမှာတော့ မဗေဒါ ဘုတ်ပေါ်ကပဲ ကြည့်လိုက်တယ်... ဒိထက်များတဲ့ မျောက်တွေ ပုပ္ပါးမှာလဲ ကိုယ်တွေက မြင်နေကျပဲ... ပြီးတော့ မျောက်ဆိုတာ စိတ်မှန်တာမဟုတ်ဘူး... လူတွေကြည့်တာကို စိတ်ရှုပ်ပြီး ကုတ်လိုက်မှ ဒုက္ခ... ကျွန်မတို့ ဘုတ်ပေါ်က ကလေးလေးကိုတောင် မျောက်က လှမ်းပုတ်လိုက်လို့ ကလေး ငိုပြီးတက်လာတယ်... ဖေဖေကတော့ အောက်ဆင်းပြီး လမ်းလျှောက်တယ်... အဲဒိနေရာမှာ သိပ်မကြာလိုက်ပါဘူး... ၁၅ မိနစ်၊ မိနစ် ၂၀လောက်ပဲထင်တယ်...

My father and Me, while we were snorkeling...
Monkey Island ပြီးတော့ ဂိုက်က မိုးလေး ဖွဲဖွဲကျနေတော့ snorkeling လုပ်ချင်သေးရဲ့လားတဲ့... မလုပ်ချင်တော့ရင်တော့ Kaya Island ကို ပို့ပေးပြီးရင် ပြီးပြီတဲ့... တစ်လှေလုံးက လူမျိုးပေါင်းစုံက ဒါကျတော့ အသံညီတယ်... မပြန်ချင်သေးဘူး... လုပ်မယ်တဲ့... ဒါနဲ့ Monkey Island ကနေ သိပ်မဝေးတဲ့ နေရာလေးပဲ ... အဲဒိမှာ Snorkeling လုပ်ဖို့ ချပေးတယ်... ကျွန်မတို့လဲရေမကူးတတ်ပင်မဲ့ အသက်ကယ်အကျီင်္ဝတ်ပြီးဆင်းတယ်... မေမေကတော့ မဆင်းဘူး... တချို့လဲ မဆင်းကြဘူး... တော်တော်ဝေးဝေးလေးသွားမှ ငါးများများမြင်ရမယ်ထင်တယ်... ရေက မလေးရှားက ကမ်းခြေ Redang လောက်တော့ မကြည်ဘူး.. မိုးရွာနေလို့ပဲလားမသိဘူး ရေက နည်းနည်းနောက်ပြီး ငါး အ၀ါလေးတွေနဲနဲပဲ တွေ့တယ်... ငါးတွေလာအောင် ဂိုက်ကတောင် သဘောင်္ပေါ်ကနေ ပေါင်မုန့်တွေပစ်ပြီး ခေါ်နေတယ်... ဖေဖေကရေနက်ထဲတောင်မရောက်သေးဘူး သူ့လက်ကို စပ်ကနဲဖြစ်သွားတာနဲ့ ကြည့်လိုက်တော့ လက်က နီလာပြီး ဘုလေးတွေထလာတယ်... စပ်ဖျင်းဖျင်းလဲ ဖြစ်တယ်လို့ပြောတယ်... အဆိပ်ရှိတဲ့ သတ္တ၀ါ တစ်ကောင်ကောင်ဖြစ်မှာစိုးလို့ ဂိုက် Jo Jo ကို အကြောင်းကြားလိုက်တယ်... သူက ဘာမှမဖြစ်ဘူးတဲ့ Jelly Fish နဲ့ ထိသွားတာဖြစ်မယ် ခဏတဲ့... လှေပေါ်ပြန်ရောက်တော့ Pepsi ပုလင်းလေးတွေတိုက်တယ်... ဖေဖေ့ကို Jo Jo က ဆေးလာထည့်ပေးတယ်... သူ့ဆေးလိမ်းလိုက်တော့ နီနေတာ သက်သာသွားတယ်... ဘုတ်ပေါ်ကလူတွေကတော့ စိတ်ဝင်တစားနဲ့ ဘာဖြစ်တာလဲဆိုတဲ့ပုံစံမျိုး ကြည့်နေကြတယ်...

အဲဒိမှာပြီးတော့ Kaya Island ကို သွားကြတယ်... Kaya Island ကိုရောက်တဲ့အချိန်မှာ ဘုတ်ပေါ်မှာလဲ မိုးစွေ့စွေ့လေးရွာတာရော လေရောခံရတော့ ချမ်းနေပြီ... ကျွန်မတို့လဲရောက်ရော ကံဆိုးစွာပဲ မိုးရွာချရော... မဟုတ်ရင် အဲဒိ ကျွန်းက ဓာတ်ပုံ အတော်ရိုက်လို့လှမဲ့ကျွန်း... ရောင်စုံထီးလေးတွေနဲ့... ဒါနဲ့ လူတွေလဲ ရှိတဲ့ ဆိုင်တွေထဲဝင်ကြတယ်... ဂိုက်ပြောတဲ့ အဆောင်အောက်မှာဆိုရင်တော့ ပိုက်ဆံပေးစရာမလိုပဲထိုင်လို့ရတယ်... ဒါပေမဲ့ ကျွန်မတို့လဲ ဘေးက သဘောင်္သီးထောင်းရောင်းတဲ့ ဆိုင်လိုလေးတွေ့တော့ စားချင်လာတာနဲ့ အဲဒိဆိုင်မှာပဲ ထိုင်ဖြစ်တယ်... သဘောင်္သီးထောင်း ၂ပွဲရယ် နို့ဆီဆမ်း ပလာတာ ၂ချပ်ရယ်ဝယ်စားတယ်.. ပြီးတော့ ပြောင်းဖူးဖုတ် ၂ဖူး လဲဝယ်စားတယ်... အဲဒိကျွန်းပေါ်က ပြောင်းဖူးဖုတ်အရမ်းစားကောင်းတယ်... အကြီးကြီးတွေနဲ့ ချိုလဲချိုတယ်... မိုးအေးအေးမှာမို့ထင်တယ်... ပူပူလေးစားလို့ကောင်းတယ်... သဘောင်္သီးထောင်းက Phuket မှာဆို တစ်ပွဲ ဘတ် ၄၀... Kaya Island ပေါ်မှာကျတော့ တစ်ပွဲ ဘတ် ၈၀ ပေါ့... ဂွင်လေ... ပလာတာက ဘတ် ၅၀ ... ပြောင်းဖူးဖုတ်က ၁ဖူး ဘတ် ၆၀... တဖြည်းဖြည်းနဲ့တော့ မိုးက ပြန်ဖွဲသွားတယ်... ဒါပေမဲ့လဲ ရေထဲလဲ မဆင်းချင်တော့ဘူး... ပြီးတော့ Jo Jo ပြောခဲ့သလို Kaya Island က အဆိပ်ရှိတဲ့ အကောင်တွေနဲ့ ကျောက်ခက်တွေက စူးတတ်တယ်ဆိုတော့ မဆင်းရဲဘူး... ဓာတ်ပုံ ၁ပုံ ၂ပုံရိုက်ခဲ့ပင်မဲ့ လူလဲ ကြွက်စုတ်ရုပ်ဖြစ်နေလို့ စိတ်တိုင်းမကျဘူး... ကင်မရာစမ်းရင်းနဲ့ ရိုက်ခဲ့တဲ့ ရှုခင်း ပုံလေးတွေသာ ကြည့်လိုက်တော့နော်... အဲဒိမှာလဲ ၁နာရီခွဲလောက်တောင် အချိန်ပေးတယ်...
Kaya Island beach

Kaya Island Sea

Yammy and cozy food stall at Kaya Island...

ဒါပေမဲ့ ဘယ်သူမှလဲ ရေကူးတဲ့ပုံမပေါက်တော့ Jo Jo က အားလုံးကို ပြန်လိုက်ခေါ်ပြီး ပြန်ဖို့ပြင်ကြတယ်.... သဘောင်္ပေါ်ကို အကုန်ရောက်ပြီး ကျွန်မဘေးမှာထိုင်တဲ့ Gua Jui တို့ အဖွဲ့မပါလာဘူး... လူတွေကလဲ မတ်တပ်တွေရပ်နေတော့ Jo Jo လူတွေမစစ်နိုင်သေးဘူး... ပြီးတော့ အားလုံးစားဖို့ နာနတ်သီးတွေ ဖရဲသီးတွေလိုက်ကျွေးတယ်... အဲဒိအချိန်မှာပဲ ဘုတ်ထွက်သွားတယ်.... ကျွန်မတို့နဲ့ အင်္ဂလန်က ကလေးအဖွဲ့က ဦးလေးက သိတယ်... ထိုင်ဝမ်အဖွဲ့ကျန်ခဲ့ပြီဆိုတာ... ဒါပေမဲ့ သူတို့အဖွဲ့ သဘောင်္အပြင်ထိပ်မှာထိုင်ရင်လဲ ထိုင်နေမှာပေါ့ဆိုပြီးပဲ မပြောဖြစ်ဘူး... နောက် Jo Jo လူရေတော့မှ ၄ယောက်မပါလာတာသိတယ်... အစတည်းက Jo Jo ပြောပြီးသား အချိန်မှီပြန်မရောက်ရင် ထားခဲ့မယ်ဆိုတာလေ... ဒါပေမဲ့လဲ သူကိုယ်တိုင်လဲ အချိန်နည်းနည်းစောထွက်လို့လားတော့မသိဘူး... speed Boat ကို ပြန်လှည့်ပြီး ခေါ်တယ်... Speed Boat ကြီးကို လှည့်လိုက်တော့ အားလုံး စောင်းသွားတာ စီးလို့ကောင်းတယ်... တစီးလုံးကလူတွေက "woooooooo"... ဆိုပြီးအော်ကြတယ်... တစ်နေကုန်လျှောက်သွားထားတော့လဲ တစ်ယောက်နဲ့တစ်ယောက်က ရင်းနှီးစပြုနေပြီလေ... အသံလေးတွေက ထွက်လာပြီ... ပြန်သွားတော့မှ ထိုင်ဝမ်အုပ်စုထဲက နောက်တစ်ကောင်က သောင်ပြင်မှာ သနားစရာလေး ပြေးပြီးလက်ပြတယ်... သူတို့အဖွဲ့က မိန်းကလေးတွေက ကျန်နေသေးလို့ သွားခေါ်တယ်... Gua Jui ဘုတ်ပေါ်အရင်တက်လာတော့ တစ်ဘုတ်လုံးက လက်ခုပ်ဝိုင်းတီးကြတယ်... (အမှန်တော့ မင်းတို့ကြောင့် အားလုံးပြန်လာရတယ်ဆိုတာကို သိအောင် ပြတာ)... အဲလို တီးခံရရင် ရှက်လဲရှက် အားလဲနားသလို ခံစားရတယ်... (မဗေဒါ ဂျပန်က ဖူဂျီတောင်သွားတုန်းက အဲလိုပဲ နောက်ကျလို့ တစ်ကားလုံးလက်ခုပ်တီးပြီး အရှက်ကွဲခဲ့ဖူးတော့ ခံစားချက်ကို သိတယ်... ) နောက်မှ ဒေါ်အိုစာတို့တက်လာတော့လဲ အင်္ဂလိပ်တွေက "wooooooo...." ဆိုပြီး လက်ခုပ်တီးကြပြန်ရော... သူတို့တီးတော့လဲ အားလုံးကတီးကြတာပေါ့... အဲဒိတော့မှ ဒေါ်အိုစာလဲ ဆော်ရီး.. ဆော်ရီးဆိုပြီး တောင်းပန်တယ်... ဘယ်ရောက်နေတာလဲမေးတော့.. သူတို့ ကျွန်းနောက်မှာ ရေကူးနေတာတဲ့... သူတို့တွေ ထိုင်စရာမရှိတော့လို့ မတ်တပ်ရပ်ပဲ စီးလိုက်ရတယ်... ကလေးတွေ ဦးလေးလဲ မတ်တပ်ရပ်ပဲ စီးတာပါ... ဒေါ်အိုစာကတော့ သူ့ကို စိတ်ထဲက မကြည်ဖြူတဲ့ ဂျာမန်မနား အမှတ်မရှိ ထပ်တိုးထိုင်ပြန်တယ်... ဒီလိုနဲ့ ကျွန်မတို့ မနက်က ထွက်ခဲ့တဲ့ မော်တော်ဆိပ်လေးကို ညနေမှာ ပြန်ရောက်တယ်... မိုးကလဲ ရွာနေတုန်းပဲ... အားလုံးလဲ ခိုက်ခိုက်တုန်ချမ်းနေကြတယ်...

ပြန်ရောက်တာနဲ့ သိပ်တောင်မစောင့်လိုက်ရပါဘူး... အသင့်စောင့်နေတဲ့ ကားတွေဆီတက်ပြီ ဟိုတယ်တွေကို လိုက်ပို့ပေးတယ်... ဒီလိုနဲ့ပဲ တစ်နေတာ ခရီးသွားဖော်တွေနဲ့ လမ်းခွဲခဲ့ရတယ်... အော်... လောကကြီးမှ တွေ့ဆုံကြုံကွဲဆိုတာ သဘာဝပါပဲ.... သူတို့တွေအားလုံးနဲ့ အချိန်ကြာကြာမသိခဲ့ပဲ တနေ့တာသာတွေ့ခဲ့ပင်မဲ့ ကျွန်မရဲ့ ခရီးစဉ် Memory ထဲမှာတော့ အတူတူဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို အမှတ်ရနေမှာပါ...

ဟိုတယ်ပြန်ရောက်တော့ ရေမိုးချိုးပြီးပြီးချင်းပဲ ကျွန်မနဲ့ ကျွန်မမေမေက တော်တော်ပင်ပန်းနေပြီ... မေမေက ညစာတောင်ထွက်မစားချင်တော့ဘူး... အိပ်ချင်နေတာ... ဒါနဲ့ပဲ ဖေဖေနဲ့ အစ်မက ညစာထွက်ဝယ်တယ်... ကျွန်မကလဲ မေမေနဲ့ အဖော်လုပ်ရမှာကော.. ကိုယ်ကိုတိုင်လဲ ပင်ပန်းနေတာရောကြောင့် မေမေနဲ့ အခန်းထဲမှာနေခဲ့တယ်... ဖေဖေနဲ့ အစ်မ ၀ယ်လာလိုက်တာ အများကြီးပဲ... ထမင်းတွေရော ခေါက်ဆွဲတွေရော... ၀က်နံရိုးကင်ကတော့ ချိုချိုလေးနဲ့ မဗေဒါ အကြိုက်ဆုံးပဲ... Green Curry Chicken ဟင်း... သဘောင်္သီထောင်းစပ်စပ်လေး... ကြက်အသဲအမြစ်ဟင်း... အဲဒါတွေအားလုံးပေါင်းမှ ဘတ် ၅၀၀ မကျော်ဘူးတဲ့... Restaurant ကြီးတွေက ၀ယ်တာမဟုတ်ပဲ ရိုးရိုး သူတို့ Local တွေစားတဲ့ ဆိုင်ကပဲ ၀ယ်လာတာ... အဲဒိဆိုင်မှာ မြန်မာ အလုပ်သမားမလေးနဲ့တွေ့ခဲ့တယ်တဲ့... ဖော်ရွေတယ်တဲ့... သူနဲ့တွေ့လို့ ပြောရဆိုရ မေးရပြုရ အဆင်ပြေသွားတယ်တဲ့... သူတို့ Local တွေစားတဲ့ ထမင်းဆိုင်ရိုးရိုးလေးက ၀ယ်တော့လဲ ဟိုနေ့ညက 9 မှာ စားတုန်းကနဲ့ ဈေးက ကွာပါ့... စားလို့ကတော့ ကောင်းမြဲ... ပြီးတော့ ဒေသစာ စစ်စစ်စားရတယ်လို့ ခံစားရတယ်... အဲဒိညကတော့ ကျွန်မတို့မိသားစု အခန်း ၀ရံတာလေးမှာ ပင်လယ်လေညင်းလေးရယ်... လှိုင်းသံလေးတွေရယ်ခံစား စကားစမြည်ပြောရင်း မိသားစုထမင်းဝိုင်းလေးကို သက်တောင့်သက်သာ စားဖြစ်ခဲ့တယ်... စားရင်းနဲ့လဲ ထိုင်းက တီဗွီလိုင်းတွေကို လျှောက်မွှေဖြစ်တယ်... သရဲကားပြနေတဲ့လိုင်းတော့ စိတ်မပျက်စွာနဲ့ပဲ မကြည့်တော့ဘူး... အဲဒါကြည့်ပြီး ကြောက်နေရင် ဘာမှ အလုပ်ပြီးမှာ မဟုတ်ဘူး... နောက်တစ်လိုင်းကတော့ ယိုးဒယားဇာတ်လမ်းတွဲထင်တယ်... ဘာမှလဲ နားမလည်ပင်မဲ့ ထိုင်း မင်းသမီးတွေ မင်းသားတွေကြည့်လို့ကောင်းလို့ ကြည့်လိုက်တယ်... မဗေဒါ သတိထားမိတော့ ဘေးက ၃ယောက်လုံး အိပ်ပျော်နေကြပြီ... တစ်ယောက်တည်းနိုးနေတော့ ကြောက်လာပြန်ရော.. မနက်ကျရင်လဲ James Bond Island သွားဖို့ ထရအုံးမယ်... ဒီတော့ တီဗွီလေးပိတ်ပြီး မျက်လုံးမှိတ် အိပ်လိုက်တော့တယ်................ Zzzzzzz


ဗွီဒီယိုနှင့်ပတ်သတ်၍....

အစကတော့ Day 2 ဗွီဒိယို အပြည့်လုပ်မလို့ပဲ... အစီအစဉ်အစအနေနဲ့ စာတမ်းထိုး သဘောမျိုး တီးလုံးနဲ့ intro လုပ်မလို့... နောက်တော့ တီးလုံးက ဖြတ်လို့ မကောင်းတာရော... ပြီးတော့ တစ်နေ့လုံးသွားထားတာကို အသေးစိပ်လုပ်ရင် ဒီနေ့ ဒီပိုစ့်တက်လာမှာ မဟုတ်တော့ဘူးလေ... ပိုစ့်တင်ချင်တာကြောင့်ရော... အမြည်းအနေနဲ့ trailer ပုံစံမျိုး စက္ကန့် ၄၀ စာပဲ လုပ်လိုက်တော့တယ်.... မဗေဒါပုံတော့ သိပ်မပါဘူး... မိုးကရွာနေတော့ ဓာတ်ပုံလဲရိုက်ရဆိုတော့ ကိုယ့်ကိုကိုယ် ဗွီဒီယိုပြန်ရိုက်ဖို့တော့ သိပ်အဆင်မပြေလှဘူး.. ကင်မရာ ၂လုံးပါသွားပင်မဲ့လဲ မိုးရွာတော့ မလိုအပ်ပဲ ၂လုံးစလုံး မထုတ်ဖြစ်ခဲ့ဘူး... ဗွီဒီယိုနဲ့ ပိုစ့်လေးကို အားပေး ဝေဖန် အကြံပြုသွားကြပါအုံး...

P.S ဓာတ်ပုံတွေက ဆိုဒ်ချုံ့လိုက်တာ လက်လွန်ပြီး ၀ါးသွားတယ်... ပြန်ပြင်ရင် ကြာနေမှာ စိုးတာနဲ့ ဒီအတိုင်းပဲ ကြည့်လိုက်တော့နော်... :)

10 comments :

Anonymous said...

mabaydar, pls upload more videos. Not enough with this 40 seconds only. Waiting for so long to watch yr videos. Any plan to upload more??

mabaydar said...

Yes... I will try to edit later for full version of my trip... This is just a trailer coz I want to write post first... If I wait until I done video, it will be a very long wait. That's why... Thanks for watching my video and comment.

Anonymous said...

hi hi, i think the package price is expensive. last year my family went there only 1800 baht for 2 persons (the package include phiphi and jamesbond island, phuket downtown and return to air port). But they bought ticket at the hotel. Most of taxi drivers are doing this way because they got the commission.

mabaydar said...

I see... Thanks for your info. So that we can get cheaper next time we go. Noted.

Taungoo said...

video က နမူနာနဲ့ မရဘူးနော့
ထပ်တင်ဦး
မဗေဒါ အမည်ပေးခန်း အရေးအသားကတော့ လန်းတယ် ဘာတဲ့.. သမုဒယအကြည့်တွေ ဆိုပဲ :P

မိသားစုထမင်းဝိုင်းလေးကလဲ ဖတ်ရတဲ့သူတောင် မြင်ယောင်ပြီး စားချင်လာတယ် ဆက်ရေးဦး

shin said...

video နောက်ခံတီးလုံးက SKKS drama ကတီးလုံးနဲ့တူသလိုပဲ။ ယောကျာင်္းဘသား နဲ့အခြောက်တွေ အကြောင်းဖတ်နေရင်းနဲ့ ခွိကနဲရီမိသွားသေးတယ်။ ဓတ်ပုံကရှုခင်းလှလှလေးတွေကို သရေယိုသွားတယ်။

mabaydar said...

shin တူတာမဟုတ်ဘူး... SKKS drama ထဲက တီးလုံးပဲ... သဘောကျလို့ ယူသုံးထားတာ... ဟီး... ဟီး...

သစ်သစ် said...

ငါးသလဲထိုး... ပိန်သွားသလိုပဲ ထိုင်းခရီးစဉ်မှား)

မိုးခါး said...

ဟုတ်တယ် ပုံတွေ ၀ါးတယ် .. ဗီဒီယိုတော့ မကြည့်ရသေးဘူး .. :D
ပုံတွေကြည့်ပြီး ခရီးထွက်ချင်စိတ်တွေ ပြင်းထန်လာဘီ :P

AMK said...

အစ်မရဲ့  ခ၇ီးသွား မှတ်တမ်းလေးဖတ်ရတာ ကြိုက်တယ် နာမယ်ပြောင်လေးတွေ နဲ့ ပြန်ပြောပြတာ ရီရတယ် ကျေးဇူးပါဗျာ