Thursday, June 03, 2010

Taiwan ရောက် မြန်မာပြည်က ကြယ်တစ်ပွင့်

လွန်ခဲ့တဲ့ ၂ရက်လောက်ကမှ ဂျန်ဂမ်ဆပ်ရဲ့နောက်ဆုံးဗွီဒီယိုကို Youtube မှာ upload လုပ်ရင်း မတော်တဆတွေ့လိုက်တဲ့ ထိုင်ဝမ် စူပါအိုင်ဒိုးပြိုင်ပွဲက မြန်မာ အဆိုတော်ကို အတော်လေး ကျွန်မသဘောကျနေပါတယ်... အစကတော့ ဒီအကြောင်းကို ဘလော့ပေါ်မရေးတော့ပါဘူးလို့ စိတ်ကူးမိပင်မဲ့... တခြားနိုင်ငံက မင်းသားတွေကို ကိုယ်ကြိုက်ရင် ဝေငှနေသေးတာ... ခုလို ကိုယ့်လူမျိုး အရည်အချင်းရှိ talent ရှိတဲ့သူကိုလဲ လူသိအောင် ဝေမျှ အသိပေးသင့်တယ်လို့ထင်တယ်လေ... တွေ့တွေ့ချင်းကတော့ facebook မှာ လင့်ခ်တင်လိုက်သေးတယ်... ကျွန်မ facebook ထဲမှာ ရှိတဲ့သူတွေတော့ သိပြီးဖြစ်မှာပါ...

သူက ထိုင်ဝမ် စူပါအိုင်ဒိုးကို ၀င်ပြိုင်တာမှာ ထိပ်ဆုံး အဆင့် ၉ယောက်အထိ အောင်မြင်ခဲ့ပါတယ်... ပထမဆုံး audition ၀င်တဲ့ နေ့ကတည်းကလဲ သူဟာ မြန်မာပြည်ကလာတဲ့ မြန်မာလူမျိုးဖြစ်ကြောင်းကို ပြောခဲ့တာ တွေ့ရပါတယ်... မြန်မာသီချင်း "မင်းနဲ့မှ ချစ်တတ်ပြီပေါ့" ကိုတောင် ပထမဆုံး Audition မှာ ဆိုပြခဲ့တာ တွေ့ရပါတယ်... သူတို့ ထိုင်ဝမ် အိုင်ဒိုးက အမေရိကန်အိုင်ဒိုးလို နောက်ပိုင်းမှာ ပရိတ်သတ်မဲနဲ့သွားလား ဒိုင်ဆုံးဖြတ်ချက်နဲ့ပဲ သွားလားတော့ ကျွန်မလဲ သေချာမသိပါဘူး... ဒါပေမဲ့ မြန်မာလူမျိုးဆိုတာနဲ့တင် ထိုင်ဝမ်အိုင်ဒိုး နံပါတ်တစ်ဖြစ်ဖို့ကတော့ သိပ်မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်... ဒါက ကျွန်မရဲ့ အထင်ကို အရိုးသားဆုံး ပြောကြည့်တာပါ... ဒါတောင် သူက Top 9 အထိပါခဲ့တယ်ဆိုတာ သူ့ရဲ့ အရည်အချင်းက အတော်လေး မသေးလို့ပါ...

ကဲဒါဆို သူ့ performance တွေကို ကျွန်မ စိတ်ဝင်စားလာတာနဲ့ ကြည့်လိုက်ပါတယ်... နံပါတ်၉ အထိရောက်တာလဲ ရောက်လောက်ပါတယ်... အတော်လေး အသံကောင်းပါတယ်... ဒါတောင် ကျွန်မနားမလည်တဲ့ တရုတ်သီချင်းဆိုနေတာနော်... သီချင်းဆိုနေတုန်းလုပ်တဲ့ ဟန်ပန် အမူအရာနဲ့ ၀တ်ပုံစားပုံ အပြင်အဆင်လဲ ဘာမှ သိပ်ပြောစရာမရှိပါဘူး... ရုပ်ရည်လဲ မဆိုးပါဘူး ခန္ဓာကိုယ် အရပ်အမောင်းကအစတော့ အာရှက တခြားနိုင်ငံက Celeb တွေနဲ့ အတန်းမှီပါတယ်... ဒါတင်မကပါဘူး သူက တစ်ချို့သီချင်းတွေမှာ က တာလဲ တွေ့ရပါတယ်... က တာလဲ မဆိုးပါဘူး... Moon Walk လျှောက်တာဆိုရင် နောက်က Dancers တွေထက်တောင် သူလျှောက်တာက ပိုလှပါသေးတယ်... ဒါတော့ တကယ်ချီးကျူးပါတယ်...





ကျွန်မရဲ့ Personal Taste အရတော့ တစ်ချို့သီချင်းတွေမှာလုပ်ထားတဲ့ သူ့ ဆံပင်ပုံစံကို သိပ်မကြိုက်ပါဘူး... သူ့ကိုကြည့်ရတာ ဆံပင်ပါးပုံရပါတယ်... သူပထမဆုံး Audit ၀င်တုန်းကပုံမှာ တွေ့နိုင်ပါတယ်... ဒီတော့ ဆံပင်ပုံက ရွေးမှာပါ... အောက်က ဗွီဒီယိုထဲက 0:53 ဂျာ့ကင်အဖြူလေးနဲ့ ဆံပင်အလန်လေးလဲ မဆိုးပါဘူး... အဲဒိဆံပင်နဲ့ သဘောကျတယ်... ငယ်တယ်လဲထင်ရတယ်... (အသက်တော့ ဘယ်လောက်ရှိပြီလဲ မသိပါ)... ဒါကလဲ ဒီလို အနုပညာလိုင်းထဲဝင်ရင် စတိုင်တစ်မျိုးတည်းနေတာထကစာရင် အမျိုးမျိုးပြောင်းနေနိုင်ရမယ်ဆိုတော့ လက်ခံလို့ရပါတယ်... အောက်က ဗွီဒီယိုကတော့ သူ eliminate လုပ်ခံရတဲ့ နေ့မှာ ပြတဲ့ ဗွီဒီယို ဖြစ်မယ်ထင်ပါတယ်...

ဒီမှာ မိတ်ကပ်ဟာ ခုလို show bis က လူတွေအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကိုလဲ တွေ့နိုင်ပါတယ်... သူ ပထမဆုံး Audit ၀င်တဲ့ ပုံနဲ့ နောက်ပိုင်း စင်ပေါ်မှာ ဆိုတဲ့ ပုံက အကွာကြီးပါ... စင်ပေါ်မှာ သူ့ပုံက တကယ့်ကို star တစ်ယောက်နဲ့ တူပါတယ်... အသားအရေ ဆံပင် မျက်နှာ အနေအထား အားလုံးက နာမည်ကျော်တစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်နေပါတယ်... သူ့ကို ကြည့်လိုက်တာနဲ့ Smart ကျပြီး Cool ဖြစ်နေတယ်လို့ ခံစားရပါတယ်... အဲဒါဟာ မိတ်ကပ် ၀တ်စားပြင်ဆင်ပုံ အားကောင်းလာလို့ပါ... ယောင်္ကျားမို့ မိတ်ကပ်လိမ်းစရာမလိုပါဘူး အခြောက်မှ မဟုတ်တာ ဆိုတဲ့ ခေတ်က ကျန်ခဲ့ပါပြီ... ကျွန်မပြောတာ Show Bis ကို ပြောတာနော်.. အပြင်က သာမာန်လူတွေကို ပြောတာမဟုတ်ဘူး... show bis ထဲ ၀င်ချင်တဲ့ ယောကျာင်္းကိုပြောတာ... ခုအခါမှာ မိတ်ကပ်နည်းပညာတွေ အဆင့်အတန်း အရမ်းမြင့်မားလာတဲ့အတွက်အကြောင့် ယောကျာင်္းလဲ ယောကျာင်္းအလျောက် သင့်တော်တဲ့ မိတ်ကပ်တွေရှိနေပါပြီ....




သူ့ကို တစ်ချို့တွေက မြန်မာသီချင်းဆိုတာ ကြားချင်တယ်... မြန်မာစကားရော ပြောတတ်ရဲ့လားလို့ မေးသူတွေအတွက်ကတော့ ၂၀၁၀ ထိုင်ဝမ်မှာ ကျင်းပတဲ့ မြန်မာ သင်္ကြန်မှာ နွေမ သီချင်းနဲ့ ပါဝင်ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်...




ကျွန်မအနေနဲ့ ပြောရရင်တော့ သူ့အသံက နဂိုကောင်းပါ... ဘာဆိုဆိုကောင်းတယ်ဆိုပေမဲ့ မြန်မာသီချင်းထက် တရုတ်သီချင်းဆိုတာ ပိုကောင်းတယ်လို့ ထင်ပါတယ်... သူ့အသံနဲ့လဲ ပိုလိုက်တယ်လို့ထင်ပါတယ်... သူ့အသံနဲ့လိုက်တဲ့ မြန်မာသီချင်းတွေလဲ ရှိမှာပါ... မြန်မာပြည်မှာ စီးရီး ၂ခွေထုတ်ပြီးပြီလို့ အဲဒိဗွီဒီယိုကို Youtube မှာတင်ထားတဲ့သူက ပြောပါတယ်... ဒါဆိုရင် ဘာနာမည်နဲ့လဲ စီးရီးနာမည်ကရောဘာလဲ... ကျွန်မ မူရင်းကို တန်ရာတန်ကြေးပေးပြီး ၀ယ်ယူအားပေးချင်ပါတယ်...

တကယ်လို့များ ကျွန်မဘလော့ကို ထိုင်ဝမ်က သူနဲ့ သိတဲ့သူတစ်ယောက်ယောက်ပဲ လာဖတ်သည်ဖြစ်စေ... သူကိုယ်တိုင်ပဲ မျက်စိလည်လမ်းမှားပြီးဖတ်မိသည်ဖြစ်စေ ဖတ်ခဲ့မယ်ဆိုရင်တော့ သူ့ကို အကြံပေးလိုတာလေး တစ်ခုရှိပါတယ်... မြန်မာပြည်ရဲ့ ယခုလို အနုပညာ အဆင့်အတန်း တစ်ဖြည်းဖြည်းယုတ်လျော့လာနေတဲ့ နိုင်ငံမှာ အရင်ခြေလှမ်းစမဲ့အစား... ခု ထိုင်ဝမ်မှာ အဆင့်အတန်းနေရာ တစ်နေရာရနေပြီဖြစ်တဲ့အတွက် အဲဒိမှာပဲ တေးရေးကောင်းကောင်းနဲ့ ကိုယ်ပိုင်တရုတ်သီချင်းခွေထုတ်ပြီး အဲဒိက ဈေးကွက်ကို အရင်တိုးစေချင်တယ်... အဲဒိမှာ နာမည်ကြီးရင် အလိုလိုနေရင်း Asia က တရုတ်စကားပြောနိုင်ငံတော်တော်များများမှာ နာမည်ကြီးတာနဲ့ အတူတူပဲဖြစ်မှာပါ... ဥပမာ စကာင်္ပူက Stephine Sun တို့ဘာတို့ဆို စကာင်္ပူလို အနုပညာ သိပ်မထွန်းပေါက်တဲ့ နိုင်ငံကမတိုးပဲ ထိုင်ဝမ်တို့ ဟောင်ကောင်တို့ ဈေးကွက်ကို တိုးပေါက်သွားတဲ့အတွက် စကာင်္ပူရဲ့ ဖူးဖူးမှုတ် celebrities တစ်ယောက်ဖြစ်နေတာပါပဲ... နောက်တစ်ယောက်က မလေးရှားက Michelle Yeoh (Crouching Tiger hidden dragon, Geisha) ဆိုရင်လဲ သူ့နိုင်ငံ မလေးရှားကနေ စမဖောက်ပဲ ဟောင်ကောင်ဈေးကွက်မှာ နာမည်ကျော်ပြီး ခုဆို ကမ္ဘာကျော် အက်ရှင် အမျိုးသမီး သရုပ်ဆောင် တစ်ယောက်တောင် ဖြစ်နေပါပြီ... ကျွန်မအခုလို အကြံပေးတာတောင် နောက်ကျရင် နောက်ကျနေမှာပါ... ခုလောက်ဆိုရင်တောင် လုပ်ရင်လုပ်နေလောက်ပါပြီ... တကယ်လို့ ခွေထွက်လာခဲ့မယ်ဆိုရင်လဲ အားပေးဖို့အဆင်သင့်ပါပဲ... အင်ဖိုလေးသာ သိရဖို့ မျှော်လင့်ပါတယ်... လောလောဆယ်ထိတော့ ဂူဂဲလ်မှာ Tai-Shan Zhoug လို့ ရှာရှာ ကျော်ထိုက်စံလိုရှာရှာ ဘာ အင်ဖိုမှ ဖြစ်ဖြစ်မြောက်မြောက် မတွေ့သေးပါဘူး... facebook မှာလဲ မတွေ့ပါဘူး... အဲဒိအတွက် စိတ်မကောင်းဖြစ်ရပါတယ်... အဲဒါကြောင့်လဲ ဒီပိုစ့်ကို ရေးဖို့ ဆုံးဖြတ်လိုက်တာပါ...

မြန်မာလို့ပြောလိုက်ရင် တချို့က သနားတဲ့ အကြည့်တွေနဲ့ တချို့က ကြောက်တဲ့ အကြည့်တွေနဲ့ တချို့က နှိမ်ချင်တဲ့ လေသံတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြတဲ့ တခြားနိုင်ငံသားတွေ အလယ်မှာ သူမြန်မာပြည်ကလာတယ်ဆိုတာကို ဂုဏ်ယူစွာပြောခဲ့တဲ့ ကျော်ထိုက်စံဆိုတဲ့ ကြယ်တစ်ပွင့်ကတော့ ထိုင်ဝမ်မှာ လင်းလက်ခဲ့ပါပြီ... ဒီတော့ ကျွန်မတို့ အနေနဲ့ကလဲ အရည်အချင်းရှိတဲ့ မြန်မာပြည်က ဒီကြယ်ပွင့်လေး ဆက်လက် တောက်ပနိုင်အောင် ၀ိုင်းဝန်းကူလို့ အားပေးသင့်တယ်လို့ထင်ပါတယ်... ဘယ်သူ အားပေးပေး မပေးပေး ကျွန်မကတော့ သူ့ကို စတွေ့တဲ့နေကစပြီး အားပေးဖို့ဆုံးဖြတ်ထားပါတယ်...

(တကယ်လို့များ သူသိနိုင်မယ်ဆိုရင် သူ့ ဓာတ်ပုံနဲ့ သူ့ Autograph ကိုယ်တိုင်ထိုးထားတဲ့ သူ့ CD ကို သူ့ဆီကနေ တိုက်ရိုက် Purchase လုပ်ချင်ပါတယ်)

P.S ကျွန်မရဲ့ ဘာမှ မရှိတဲ့ အတွေ့အကြုံနဲ့ ထင်ရာများကိုသာ သုံးသပ်အကြံပေးထားတဲ့အတွက် ကြိုက်သလို သဘောထားကွဲလွဲနိုင်ကြပါတယ်....

14 comments :

SHWE ZIN U said...

ကျနော်တို့ ကတော့ ဘာမှ မသိတဲ့ အတွက်မပြောတတ်ပါ ဒါပေမဲ့ မြန်မာ တွေ အောင်မြင်တယ် တော်တယ် ဆိုရင်တော့ ဂုဏ်ယူပါတယ်ဗျာ

Unknown said...

zawzaw.tw@gmail.com
http://www.facebook.com/profile.php?id=100000587710592

မြန်မာနိုင်ငံသား said...

ကျော်ထိုက်စံကို လေးစားအားပေးပါ၏။ ဆက်ကြိုးစားပါလို့ ဒီနေရာက ပြေားချင်ပါတယ်။

Unknown said...

အမအဲဒါသူ့  email နဲ့  facebook ပါ။ တရုတ်နာမည်နဲ့ မလို့ ရှာမတွေ့ တာပါ။

mabaydar said...

ကျေးဇူးတင်ပါတယ် william ရေ... မြန်မာ ပရိတ်သတ်တွေရှာရ ဖွေရလွယ်အောင် အင်္ဂလိပ်လိုဖြစ်ဖြစ် မြန်မာလိုဖြစ်ဖြစ် အကောင့်လေး ထပ်ဖွင့်ပေးရင်ကောင်းမယ်နော်... ခုတော့ မသိတဲ့သူက ရှာရမလွယ်ဘူး.. ပြီးတော့ အားလုံး တရုတ်လိုတွေချည်းပဲ... ဘာမှ နားမလည်ဘူး.. ဟီး.. ဟီး... အက်လိုက်ပြီ...

စန္ဒကူး said...

မဖတ်ရင်သိမှာမဟုတ်..
မမဗေဒါကို ကျေးဇူးတင်တယ်။ နံပတ် (၁)
ဘာ idol မှ မကြည့်တော့..မသိလိုက်ဘူးး
ကိုယ်မြန်မာတစ်ယောက် ပါလို့ကတော့ လွတ်မယ် မထင်ဘူးရယ်.. ကျေးဇူး.. သွားရှာဖွေလိုက်အုံးမယ်။
ခွေထွက်ရင် ကူးလဲဝယ်မယ်..

Anonymous said...

သူ့ကို သင်္ကြန်သီချင်းဆိုတုန်းက ကြည့်ဖူးတယ် ... အခု မဗေဒါ ရေးထားတာတွေ ဖတ်ပြီးတာရယ် သီချင်းတွေထပ်ကြည့် လိုက်ရလို့ရယ် ကြောင့် သူ့သီချင်းဆိုတာကို ပို ပြီး ကြိုက်သွားမိပြီ ... သူ့ကိုယ်စားလည်း ဂုဏ်ယူပီတိ ဖြစ်မိပါတယ် ... မဗေဒါရဲ့  အကြံပေးချက်ကိုလည်း ထပ်ဆင့် သဘောတူပါတယ် ... ထိုင်ဝမ် က မိတ်ဆွေတွေကို သူ့အကြောင်းလေး သိရအောင် မေးကြည့်ဦးမယ် ...
အခုခေတ်က H D တွေနဲ့ ရိုက်ထားတာ ဆိုတော့ မျက်နှာမှာရှိသမျှအထင်းသား အကုန်ပေါ်တာမို့ ဘာဘဲ ဖြစ်ဖြစ် မိတ်ကပ်လိမ်းမှ ကြည့်ကောင်းတာ ပါ ...

ကျော်ထိုက်စံ က သူ့ကိုယ်သူ မြန်မာနိုင်ငံသားဖြစ်တယ်လို့ ပြောလို့လည်း ပိုသဘောကျမိပါတယ်... ကျမ သိတဲ့ ဒီက မြန်မာစစ်စစ် တယောက်ကတော့ သူ့ကို ကျမမိတ်ဆွေ ရဲ့ သမီးတယောက် ( သူက ၃ နှစ်သမီး ကတည်းက ဒီရောက်နေတာ ဒီမှာကြီးတာပေါ့ .. ဒါပေမယ့် ဗမာလိုကောင်းကောင်း ပြောတယ် ..ငပိရည် တို့စရာ စားတဲ့ ဗမာပေါက် တရုတ်မ လေး ) က သူအလုပ်လုပ်နေတဲ့ ရှောပန်းမောလ် ထဲ တွေ့တော့ သူ့ရဲ့ ဗမာသံနဲ့ဘိုလို ပြောတဲ့ စကားကို နားထောင်ပြီး ဘယ်က လာတာလဲလို့ မေးတော့ သူ့အသားအရည်နဲ့ ရုပ်မှ အားမနာ ဂျပန်က လာတယ် လို့ ပြောတယ်လေ ..( အမှန်တကယ်တော့ အဲ မိတ်ဆွေတရုတ်မလေးက သူ့ကို ဗမာပြည်က လာမှန်း ရိပ်မိပြီးသားပါ ) .. နောက်တော့ အဲ တရုတ်မလေး က သူ့ အမေ နဲ့ စကားစပ်မိကြတော့ ရယ် သူ့ကိုယ်သူ ဂျပန်က လာပါတယ်ပြောတဲ့သူက သူ့အမေနဲ့ ရင်းနှီးတဲ့ ဗမာမိတ်ဆွေ တယောက်ဖြစ်နေပါရော လေ.. ကျမ တွေ့ဖူးတဲ့ တချို့ ဗမာပေါက် တရုတ် တွေက မြန်မာ ဆန်ပြီး ဗမာပေါက် မြန်မာ စစ်စစ်တွေက ဘိုဆန်နေတာ တွေတွေ့မိတော့ စိတ်ပျက်မိတယ် ...

မဗေဒါ မျှဝေ ပေးတဲ့ သီချင်း တွေ အတွက်လည်း ကျေးဇူးတင်ပါတယ်နော် ... သူ ဆိုထားတာတွေ အကုန်ကြည့်လိုက်ဦးမယ် .... ကြိုက် လို့ ...း))

mie nge

Aye Thet said...

မြန်မာပါလို့ ထုတ်ဖော်မိတ်ဆက်တဲ့အချက်တချက်ထဲနဲ့ တင်သူကိုအားပေးလို့ ရနေပါပြီ

Anonymous said...

မဗေဒါနဲ့ထပ်တူ အရမ်းအားပေးပါတယ်။ သူ့ပြိုင်ပွဲဝင်သမျှ အကုန်ကြည့်ပြီးသွားပြီ။ :)
#3 က 12345678 သီချင်းကိုကြိုက်တယ်။

mabaydar said...

တူတူပဲ.. မဗေဒါလဲ အဲဒိမှာ ကြိုက်တယ်... အဲဒိမှာ ၀တ်ထားတာလဲ လှတယ်... သူလဲ ကြည့်ကောင်းတယ်... ပြီးတော့ သီချင်းက မြူးပြီး ပရိတ်သတ်ကိုလဲ ထိန်းနိုင်တယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး
ကိုယ့်လူမျိုးလို့ကြွေးကြော်ပြီး တစ်ခြားနိုင်ငံမှာ ပြိုင်ပွဲဝင်ရဲတာကို လေးစားချီးကျူးရမှာပါ..
ခုလောက်အထိ တက်လာတာကိုဘဲ တော်လွန်းလှပြီလို့ပြောရမယ်..
ကိုယ့်လူမျိုးတွေ နိုင်ငံခြားရောက်ရင် မြန်မာပါလို့ ရဲရဲဝံ့ဝံ့ မပြောရဲ၊ မပြောချင်ကြတဲ့ ခေတ်မှာ ခုလိုအမှန်အတိုင်း ထုတ်ဖော်သွားတဲ့ သူကို လှိုက်လှဲစွာ ချီးကျူးလိုက်ပါတယ်..
ဒီထက်အောင်မြင်ပါစေ..

sonata-cantata said...

အမလည်း မနေ့ကပဲ သူ့ကို youtube မှာ အမှတ်မထင်တွေ့လိုက်ရပါတယ်။
အားပေးလျက်ပါ...

သူကြီးမင်း (တုံးဖလား) said...

အားပေးသင့်တာပေါ့ဗျာ။ ကိုယ့်လူမျိုးဘဲ။

Yaminnie’s Daydream said...

ရေလည်မိုက်တယ်... :)