Monday, November 09, 2009

Tokyo Disney Sea 3 (သို့) ဂျပန်ခရီးစဉ် Day 4

ဂျပန်သွားခဲ့တာလဲ ခုဆို တစ်နှစ်ကျော်နေပြီ ခုထက်ထိ ဒီ ဒုတိယမြောက်နေ့ ဒစ်စနေစီးက မတက်သေးဘူး... အရင်ပိုစ့်မှာတုန်းက အရမ်းကို သတိရစရာတွေများပြီး ရေးလိုက်တာ အသေးစိတ်ဖြစ်ပြီး လက်လွန်သွားတယ်... ခု ဒီပိုစ့်မှာတော့ အမြန်ရေးလိုက်ပြီး ဒစ်စနေစီးကို အပြီးသတ်ချင်နေပြီ... ဒါမှ နောက်ရက်တွေ အကြောင်းကို မြန်မြန်ရေးလို့ရမည်...

ဒစ်စနေစီး အကြောင်း အပိုင်း ၁ (ဗွီဒီယိုနှင့်တကွ) နှင့် အပိုင်း ၂ ကို စိတ်ဝင်စားလျှင် ကလစ်နှိပ်ပြီး သွားဖတ်ကြည့်နိုင်သည်...

Journey to the center of the Earth ကို စီးအပြီး ကျမတို့ သူငယ်ချင်း ၂ယောက် ဒစ်စနေစီး အနောက်ဘက်ပိုင်းရှိ Indiana Jone နဲ့ Lost River delta ဆိုတဲ့ ရှေးခေတ် ပစ်ရမစ်ပုံဆောက်ထားတဲ့နေရာကို ဆက်သွားစီးကြတယ်... Indiana Jone မှာ တန်းစီလိုက်ရတာနဲ့ စီးပြီး အပြင်ပြန်ထွက်လာတော့ ညမှောင်နေပြီ... ဂျပန်က မိုးချုပ်တာ အရမ်းမြန်တာပဲ... မဗေဒါသွားတဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလောက်က ညနေ ၅နာရီခွဲလောက်ဆို စကာင်္ပူရဲ့ ၇နာရီလောက်ရှိတယ် မှောင်တာ... Indiana Jone က ရုပ်ရှင်ထဲက ကားပုံစံကြီးအတိုင်းစီးရတယ်... အထဲမှာ ပြင်ထားတာတွေရော စီးရင်းနဲ့ ရတဲ့ ခံစားမှုရော... တီးလုံးတွေရောကတော့ ဘေးမှာ ဟယ်ရစင် ဖို့စ် ရောက်နေတဲ့အတိုင်းပဲ.. ဟဲ.. ဟဲ...




အပြင်ပြန်ထွက်လာတော့ သူများတွေစားတဲ့ ဘာမုန့်မှန်းတော့မသိဘူး.. လှည်းလေးနဲ့ရောင်းတယ်... စားကောင်းမဲ့ပုံပဲ ဗိုက်လဲဆာနေတာနဲ့ ၀ယ်စားလိုက်တယ်.. hot dog လိုပုံမျိုးကို အပြင်က ပေါင်မုန့်မဟုတ်ပဲ မုန့်နှစ်တစ်မျိုးနဲ့ လိပ်ထားတာ... အဲဒါကလဲ ဈေးအတော်ကြီးသဗျိုး... ဘယ်လောက်လဲတော့ မမှတ်မိတော့ဘူး... ဈေးကြီးတာပဲ မှတ်မိတယ်.... နောက်ပြီး ဘေးက ပစ်ရမစ်ပုံဟောင်းကြီးလိုမျိုး ဆောက်ထားတဲ့ နေရာ လူရိုင်းတွေ ကျေးရွာလိုပဲ မီးတွေလဲတောက်နေတယ်... အဲဒိမှာ ဘာမှန်းမသိပင်မဲ့ သွားတန်းစီလိုက်တယ်... အဲဒါကတော့ ရိုးရိုး roller coaster ပါပဲ... အရမ်းတော့ မထူးဆန်းဘူး... ဒါပေမဲ့ စိတ်လှုပ်ရှားဖို့တော့ ကောင်းပါတယ်...

ဒီလိုနဲ့ လာလမ်းအတိုင်း ဖြည်းဖြည်းချင်းပြန်လျှောက်ပြီး လမ်းမှာ လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေကို ဟိုငေးဒီငေးပေါ့... ဈေးတွေကတော့ လန်ထွက်နေတယ်... ဟန်းဖုန်းချိတ်တာမျိုးလေးကိုတောင် ဂျပန် ယန်း ၃၀၀၀ လောက်ရှိတယ်... စကာင်္ပူ ၄၅ ဒေါ်လာလောက်သွားကျတယ်... သူငယ်ချင်း ၂ယောက်လုံးကလဲ ကပ်စေးနဲဆိုတော့ ဘာမှကို မ၀ယ်ဘူး... ဒီလိုနဲ့ မစီးဖြစ်ခဲ့လိုက်တဲ့... Port discovery ဆိုတဲ့ နေရာ သိပ္ပံစခန်းလိုဆောက်ထားတဲ့ နေရာကို ပြန်သွားပြီး တန်းစီလိုက်တယ်... အဲဒါ စီးဖို့ကံမပါတော့ တန်းစီနေတုန်းပဲ ရှိသေးတယ် မိုးကရွာပါလေရော... အစကတော့ ဖွဲဖွဲလေးမို့လို့ ၂ယောက်သား ပေပြီး ရပ်နေသေးတယ်... နောက်တော့ နဲနဲသဲလာတော့ ပလပ်စတစ်တွေ ခေါင်းစွတ်ပြီးရပ်တယ်... ဒါပေမဲ့ ရာသီဥတုကအေးပြီး မိုးက ပိုသဲလာတော့ မနေနိုင်တော့ပဲ တန်းစီရာက ထွက်ပြီး အမိုးအောက်မှာ ဖုန်းရုံလေးနားမှာ မိုးသွားခိုရင် စကားအေးဆေးထိုင်ပြောဖြစ်ကြတယ်... မိုးကတော်တော်နဲ့ တိတ်မဲ့ပုံမပေါက်တာနဲ့ နဲနဲ စဲလာတော့... အနားမှာရှိတဲ့ လက်ဆောင်ပစ္စည်းဆိုင်ကို ပြေးပြီး ထီးဝယ်ဖြစ်ခဲ့တယ်... လက်ဆောင်ပစ္စည်း ၀ယ်ဖို့ကံပါချင်တော့ အဲလိုဖန်လာတာ... ထီးကို ရိုးရိုး ခေါက်ထီးလှလှလေးတွေမ၀ယ်ပဲ အမှတ်တရအနေနဲ့ ဒစ်စနေလမ်း တံဆိပ်ပါတဲ့ ထီးခေါက်ကြီးတွေပဲ ၀ယ်လိုက်တယ်... အဲဒါက ယမ်း ၁၀၀၀ လား ၁၅၀၀ လားမသိဘူး ကျတယ်... စကာင်္ပူ ဒေါ်လာ ၁၅ကျပ်လောက်ရှိတယ်... ထီးခေါက်ကို အဲလောက်ပေးရတာတော့ ဈေးကြီးတယ်ထင်တာပဲ... ဒါပေမဲ့လဲ ဒစ်စနေလမ်းတံဆိပ်ဆိုတော့ အမှတ်တရပေါ့လေဆိုပြီး ကပ်စီးနဲသူငယ်ချင်း ၂ယောက် ၁ယောက်တစ်ချောင်း လက်ဆောင်ပစ္စည်းဝယ်ရင်း ဆိုင်ထဲမှာ ဟိုကြည့်ဒီကြည့်လုပ်ပြီး အားရတော့ ဆိုင်ပြင်လဲထွက်လိုက်ရော မိုးကတိတ်နေပြီ... စီးတဲ့ စက်တွေကလဲ ရပ်နေပြီ... ဒီလိုနဲ့ ပန်းခြံအ၀င်ဝဘက်ကိုပဲ ပြန်လျှောက်လာကြတယ်...

ဘာမှ စီးစရာမကျန်တော့ပင်မဲ့ ပန်းခြံထဲက မြစ်ကိုပတ်တဲ့ လှေရှိသေးတာနဲ့ ၀င်စီးပြီး ပန်းခြံတစ်ပတ်ပတ်လိုက်သေးတယ်... ဟဲ... ဟဲ... ပြီးတော့ Columbia သဘောင်္ကြီးပေါ်တက်ကြည့်ပြီး ဓာတ်ပုံရိုက် ဟိုကြည့်ဒီကြည့်ပေါ့... အဲပေါ်မှာတော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး.. တကယ့်သဘောင်္ပုံစံအတိုင်းဆောက်ထားပြီးတော့ နေ့ဘက်ဆိုရင်တော့ ဓာတ်ပုံရိုက်ကောင်းမယ်ထင်တယ်... နောက်ပြီး စားသောက်ဆိုင်တွေများတယ်...

အဲဒိ သဘောင်္ပေါ်က ပြန်ဆင်းလာတော့ မထင်မှတ်ထားပဲ... မီးရှူးမီးပန်းတွေဖောက်တာကို သူငယ်ချင်း ၂ယောက် အတူတူ ခံစားခဲ့သေးတယ်... ကောင်းကင်ပေါ်မှာ လှသလားမမေးနဲ့ လူကလဲ ရှင်းစပြုနေပြီလေ... အကြာကြီးပဲ... နောက်ပြီး ပြန်ခါနီးလေးမှာမှ သရဲအိမ်က ဖွင့်သေးတယ်ဆိုလို့ နောက်တစ်ကြိမ်ထပ်စီးလိုက်သေးတယ်... ဟဲ... ဟဲ...

ဘယ်လိုပဲဖြစ်ဖြစ် အဲဒိ နေ့လေးဟာ ကျမနဲ့ သူမ သူငယ်ချင်းသက်တမ်းတစ်လျှောက် ရှိခဲ့ဖူးသမျှ အမှတ်တရတွေထဲမှာ လွတ်လပ်မှု စည်းလုံးမှု စိတ်တူကိုယ်တူရှိခဲ့တဲ့ အထင်ကရ နေ့လေး အနေနဲ့ ကျမရော သူမပါ အမှတ်ရနေမှာ အမှန်ပါပဲ...

7 comments :

ဒဏ္ဍာရီ said...

ဂျပန် ခရီးသွား မှတ်တမ်းလေးကို နောက်ပြန် လှန်ကြည့် သွားတယ်နော်။ ပျော်စရာကောင်းလိုက်တာ။ အခုလို ခရီးသွား မှတ်တမ်းလေးတွေ မျှဝေပေးတာ ကျေးဇူးပါ။ ကိုးရီးယားသွားတုန်းက youtube လေးကိုလည်း ကြည့်လိုက်ရတယ်။း)

ခင်မင်လေးစားလျှက်

Unknown said...

ဒါ့ပုံလည်းမပါဘူး
သရဲအိမ် ၂ ခါစီးတာ သရဲတွေတောင် လန့် သွားတယ်မလား အဟိ
ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးပဲ တူ၂လိုက်ပါသလို ခံစားရတယ်
ကျေးဇူး

ရှေးစာဆို said...

ဒေါ်ဗေဒါရေ ဗီဒီယို/ဓာတ်ပုံ မှတ်တမ်းလေးများ ရှိဦးမယ်ဆိုရင် စောင့်နေပါတယ်။

mabaydar said...

မေရေ... အပေါ်မှာတင်ထားတဲ့ ပုံက မဗေဒါပါတယ်လေ... ပန်းရောင်မျှားလေးနဲ့တောင် ထိုးပြထားသေးတယ်...

Anonymous said...

ညီမ မဗေဒါရေ ဂျပန်ခရီးသွားပို့စ်လေးတွေကနေ ဗဟုသုတ လာယူပါတယ်..
တခုလောက် မေးချင်လို့ပါ...
စင်္ကာပူကနေ ညီမ ဂျပန်ကို လာမယ်ဆိုတော့ ဂျပန်က သူငယ်ချင်းဆီကနေ Invitation Letter တို့ လိုသေးလား သိချင်လို့ပါနော်...
ညီမရေးထားတဲ့ အချက်တွေ ယူသွားရင် ဗီဇာဝင်ဖို့ စုံပီပေါ့နော်...
ကျေးဇူးတင်ပါတယ် ညီမရေ

mabaydar said...

မလိုပါဘူး... ဘဏ်အကောင့်ပြနိုင်ရင်ရပါတယ်... ဒါပေမဲ့ form ထဲမှာတော့ ဘယ်မှာတည်းမလဲတော့ ရေးရပါတယ်.. ဟိုတယ်ဆိုလဲ ဘယ်ဟိုတယ်လဲပေါ့...

Anonymous said...

ကျေးဇူးတင်တယ်နော် ညီမရေ....
ကွန်းမန့်ပြန်ပေးတာလည်း ကျေးဇူးပဲနော်