Friday, July 17, 2009
Tokyo Disney Sea 2 (သို့) ဂျပန်ခရီးစဉ် Day 4
မေဖလားဝါးရဲ့ သတိပေး တောင်းဆိုချက်အရ ဇန်န၀ါရီလကတည်းက မရေးဖြစ်ပဲ တန်းလန်းဖြစ်နေသည့် ဂျပန်ခရီးစဉ် တိုကျို ဒစ်စနေစီး အပိုင်း (၂)ကို ဆက်လက် ရေးသားမှတ်တမ်းတင်ပါမည်… အပိုင်း(၁)ကို ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်… အပိုင်း(၁)တွင် ထိုနေ့အတွက် ဗွီဒီယိုကိုလဲ အတိုချုံး ဖော်ပြပေးခဲ့ဖူးပါသည်...
Mermaid lagoon က ထွက်ခွာပြီး ၄င်းနှင့် မျက်နှာချင်းဆိုင်မှာမြင်နေရသော ဗလီလိုလိုပုံစံမျိုး အဆောက်အအုံတွေဘက်ကို ဦးတည်ခဲ့ကြသည်… မြေပုံပါအရ Arabian Coast လို့ ခေါ်သည်… ထိုနေရာတွင်လဲ Fast Pass သုံးလို့ရသော Theater တစ်ခုရှိသည်… အပိုင်း(၁)တွင် ဖော်ပြခဲ့သည့်အတိုင်း Fast Pass သုံးရခြင်းမှာ လူကြိုက်များသော… လူကျပ်သော နေရာများဖြစ်သဖြင့် ကျူတန်းရှည်တတ်ခြင်းဖြစ်သည်… Theater ဆိုတော့ သည်းထိတ်ရင်ဖို စီးစရာမဟုတ်သော်ညား Mermaid Lagoon Theater တုန်းက အလွန်မှ စိတ်ကျေနပ်ခဲ့ရသောကြောင့် စဉ်းစားမနေတော့ပဲ ကြည့်မည်ဟုဆုံးဖြတ်ခဲ့သည်… Theater နာမည်ကတော့ Magic Lamp Theater ဖြစ်သည်… အာလာဒင်ရဲ့ တိုင်းပြည်ပုံစံမျိုးဆောက်ထားခြင်းဖြစ်သည်…
ထို အဆောက်အအုံများ ရှိသည့် ၀န်းထဲဝင်လိုက်သည်နှင့် Mermaid Lagoon မှာ ကားခဲ့သော ရေသူမကာတွန်းကားသီချင်းများ… ရေသံလေးများ မကြားရတော့ပဲ… ပုလွေလိုလို… ဘာလိုလိုနဲ့ အာလာဒင်ကာတွန်းကားထဲက သီချင်းသံမျိုးတွေကို ကြားရကာ ခံစားမှုက တကယ်ကို ပြောင်းလဲသွားသည်… အကြားအာရုံ… အမြင်အာရုံ… ဂီတနှင့် လူတွေရဲ့ စိတ်ကို ပြောင်းလဲအောင် ဖန်စားနိုင်လို့ Disney Land ဆိုတာ ကမ္ဘာမှာ နာမည်ကျော်ခြင်းဖြစ်မည်… ၀န်ထမ်းများ၏ ၀တ်စုံတွေကလဲ Mermaid Lagoon ကဲ့သို့ ရေသတ္တ၀ါများမဟုတ်တော့ပဲ အာရပ်နိုင်ငံသားများလို ၀တ်ဆင်ထားကြသည်…
ဝင်ပေါက်လက်ဝဲဘက်တွင် ရေသန့် အအေး ရေခဲမုန့် လှည်းနှင့်ရောင်းသော ဆိုင်လေးရှိပြီး.. အဲဒိနောက်က အဆောက်အအုံထဲမှာတော့ စားသောက်ဆိုင်ရှိသည်… မြေပုံထဲတွင်တော့ Sindbad’s Storybook Voyage လို့ ရေးသားထာပြီး အဆောက်အအုံထဲ အစပိုင်းလောက် အနည်းငယ်ဝင်ကြည့်တော့လဲ ဘာမှ သိပ်စိတ်ဝင်စားစရာမတွေ့…
လက်ယာဘက်အဆောက်အအုံတွင် ၂ထပ်ကွမ်း Ferry Wheel အဆောက်အအုံ ရှိသည်… မြေပုံထဲမှာတော့ Caravan Carousel ဆိုပြီးရေးထားလို့ အစကဘာများလဲလို့တောင်ထင်မိသည်… နောက်မှ Ferry Wheel ကို မြင်းပုံလေးတွေအစား ဂန္တာရတိရိစ္ဆာန်တွေပုံမျိုး အပြင်အဆင်ပြောင်းထားခြင်းသားဖြစ်သည်… Ferry Wheel ကတော့ ကလေးတွေစီးတာဖြစ်ပြီး သိပ်စိတ်လှုပ်ရှာဖို့ မကောင်းတာတစ်ကြောင်း မနေ့က Disney Land မှာလဲ စီးခဲ့ပြီးတာတစ်ကြောင်းတို့ကြောင့် ထပ်မစီးချင်တော့ပါ…
ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်တွင်ပင် Magic Lamp Theater ဆိုသည့် ဆိုင်းဘုတ်တပ်ထားသည့် အတော်လေး ကြီးမား ခန့်ညားသည့်အဆောက်အအုံးကြီးကို တန်းတန်းမတ်မတ်တွေ့ပါသည်… ကြည့်လိုက်တော့ တန်းစီနေသောသူများကလည်းအတော်များသည်… ကံကောင်းချင်တော့ ကျမတို့ မနက်က သရဲအိမ်အတွက် Fast Pass ယူထားခဲ့သော အချိန်မှာ မနက် ၁၀နာရီခန့်ကဖြစ်ပြီး ယခု အချိန် နေ့လည် ၁နာရီခွဲလောက်ရှိပြီဖြစ်သဖြင့် ကျမတို့အတွက် Fast Pass နောက်တစ်ခု ယူမည်ဆိုလျှင် လည်းကောင်း … Magic Lamp အတွက် Fast Pass Available လဲ ဖြစ်သေး
သည်ဆိုလျှင်လည်းကောင်း ယူလို့ရသေးသောအခွင့်အရေးကို သွားသတိရမိကြသည် (Fast Pass rule ကို နားလည်စေရန် အပိုင်း (၁) တွင် ရှင်းပြပြီးဖြစ်သည်)… ထို့ကြောင့် သူငယ်ချင်း ၂ယောက် Fast Pass စက်တွင် အရင်ဦးဆုံးသွား ကြိုးစားကြည့်ကြသည်… ကံကောင်းထောက်မစွာပင် ကျမတို့ ၂ဦးအတွက် ပွဲချိန်၂နာရီ ၁၅မိနစ်အတွက် Fast Pass ရခဲ့သည်… ထိုအခါ ကျမတို့အတွက် အခက်တွေ့ရသည်မှာ ကြားတွင် ၄၅ မိနစ်ပိုနေပြီး… မနက်က ယူထားသော သရဲအိမ်အတွက် အချိန်မှာ ညနေ ၃နာရီမှ ၃နာရီခွဲကြား ဖြစ်သည်… Magic Lamp ပြပွဲက မည်မျှကြာမြင့်မည်ကို ကျမတို့ ၂ဦးမသိ… ထို့အပြင် Magic Lamp ရှိသောနေရာနှင့် Terror House (သရဲအိမ်) ရှိသောနေရာမှာ အတော်လေးဝေးသည်… သရဲအိမ်က ပန်းခြံဝင်ပေါက်အနားတွင်ဖြစ်သည်… လမ်းလျှောက်သွားလျှင် မိနစ် ၂၀မျှကြာမည်… Disney Land ဆိုတဲ့ကစားကွင်းကလည်း အတော်မှ ကျယ်သကိုး… (ပိုမို ပေါ်လွင်နားလည်စေရန်သော်လည်းကောင်း… ဂျပန်တိုကျို ဒစ်စနေစီးကို သွားမယ်သူများအတွက် အသုံးဝင်စေရန်လည်းကောင်း တိုကျိုဒစ်စနေစီးမြေပုံကို ဒီမှာ ဒေါင်းလုပ်ယူနိုင်ပါတယ်…)
လက်ယာဘက် မျှားအသေးပြထားသောနေရာမှ လက်ဝဲအောက်ထောင့်ရှိ သရဲအိမ်သို့ သွားရမှာဖြစ်ပါတယ်...
အချိန်က ကွက်တိဖြစ်ပြီး အမြန်ပြေးနိုင်မှရမည်ဖြစ်သည်… သရဲအိမ် Fast Pass က ၃နာရီခွဲနောက်ဆုံးထားကာ သွားလို့ရသေးသည်… ထို့ကြောင့် ကသုတ်ကရိုက်အ
နည်းငယ်ဖြစ်ရုံကလွဲ၍ သိပ်စိတ်ပူစရာတော့ မလိုလှပေ…
Ariel’s Greeting Grotto
ပြပွဲမစမှီ ၄၅ မိနစ်လိုနေသေး၍ အနီးအနား ဓာတ်ပုံရိုက်ရင
်း လျှောက်ကြည့်ရာ Ariel’s Greeting Grotto ဆိုတဲ့ နေရာလေးတစ်ခုကို အမှတ်မထင်ရောက်သွားပါတယ်… တန်းစီနေတဲ့သူလဲ သိပ်မရှိတာရော… ဘယ်လောက်ကြာစောင့်ရမလဲလို့ ၀န်ထမ်းမိန်းမကိုမေးကြည့်တော့ ၂၅ မိနစ်ပဲတဲ့… ဒီလိုနဲ့ပဲ ကျမတို့လဲ အတော်ပဲဆိုပြီး ဘာမှန်းမသိပင်မဲ့ ၀င်တန်းစီလိုက်ပါတယ်… နောက်တော့ ရှေ့မှာတန်းစီနေတဲ့သူတွေနဲ့ နောက်မှာ လာတန်းစီတဲ့သူတွေကို အကဲခတ်လိုက်တော့ ၄ ၅ နှစ်အရွယ်ကလေးတွေနဲ့ သူတို့ မိဘတွေများသည်… သေချာတာတော့ ကလေးကြိုက်တစ်ခုခုဖြစ်မည်ဟု ယူဆမိသည်… မိနစ် ၂၅ ကြာမည်သာပြောသော်လည်း တကယ်တန်းတော့ ၃၅မိနစ် လောက် စောင့်လိုက်ရသည်… ကိုယ်ကလဲ တန်းစီနေတာ အတော်လေး ရှေ့ရောက်နေပြီဆိုတော့ စိတ်ထဲမှာ လောနေပင်မဲ့ ဆက်စောင့်လိုက်သည်… နောက်မှ သိသည်… Ariel’s Greeting Grotto ဆိုတာ ရေသူမ ကာတွန်းကားထဲက မင်းသမီး ရေသူမလေးပုံမျိုး ၀တ်ထားသော အနောက်တိုင်း အမျိုးသမီးတစ်ဦးနှင့် ဓာတ်ပုံတွဲရိုက်ခြင်းဖြစ်သည်… ကိုယ်ပိုင် ကင်မရာဖြင့် ၁ပုံရိုက်ခွင့်ရှိပြီး… သူတို့ ကင်မရာဖြင့်ရိုက်ကာ ပိုက်ဆံပေးရွေးနိုင်သည်… ထို့ကြောင့် ကျမသူငယ်ချင်း ကင်မရာဖြင့်သာ ကျမတို့ ၂ယောက်တူတူ ရိုက်ခဲ့သည်… (ယခုထက်ထိ အဲဒိ ဓာတ်ပုံကို ကျမဆီ သူ မပို့သေးပါ… ဟွန်း) ဘိုမက အတော်ချောသည်… စောစောက ကြည့်ခဲ့သော Mermaid Lagoon Theater က ဘိုမနဲ့ တစ်ယောက်ထဲလားထင်ရလောက်အောင် ဆင်တူသည်… ၁ယောက်ထဲတော့မဖြစ်နိုင်… တစ်ချိန်တည်းမှာ ဓာတ်ပုံလဲ အရိုက်ခံ ဂျွန်ဘားလဲ ပြနိုင်မည်တော့ မဟုတ်ချေ… ဆင်တူချင်းသာဖြစ်မည်… ချောလိုက်တာတော့ မှုန်နေအောင်ပင်ဖြစ်သည်… အဆင်ပြေသည်က သူနှင့် အင်္ဂလိပ်လို ပြောလို့ရသဖြင့် ကိုယ်နဲ့ ကောင်းကောင်း Communicate လုပ်လို့ရသူရှိလို့ အားတက်မိသည်… နောက်မို့ဆို “ဟိုင်း” နဲ့ “အီရဲ့” ၂ခုနဲ့တင် ရွာလည်နေသည်… ဒါပေမဲ့လဲ ကြာကြာ လေမရှည်ဖြစ်ခဲ့ပါ… ဓာတ်ပုံရိုက်ပြီးသည်နှင့် ကျမတို့ ၂ယောက်လဲ အမြန် Magic Lamp Theater ဘက်ကို ပြေးကြတော့သည်…
Magic Lamp Theater
Magic Lamp Theater ရှေ့ တန်းစီနေသောသူများနှင့်အတူ...
ဟိုရောက်တော့ လူတွေ ၀င်နေကြပြီ… ကျမတို့က အတော်ပင်… တန်းစီစရာမလိုပဲ ဘေးမှနေ၍ Fast Pass ပြကာ တန်းဝင်သွားလို့ရသည်… (အရသာရှိလိုက်လေခြင်း)… အထဲရောက်တော့ ပွဲဈေးတန်းက မျက်မှန်ပုံမျိုး ကော်မျက်မှန်တွေကန်းသည်… ဘာရယ်မှန်းတော့ မသိ… ပေးတော့လဲ ယူပြီး ကောက်တတ်ကြည့်လိုက်သည်… ဘာမှလဲ ထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိ… အတွင်းပိုင်း အပြင်အဆင်ကတော့ ရတနာ ဗုံးတွေလိုလိုဘာလိုလိုပုံထားပြီး အပုံရဲ့ အလယ်ထိပ်နားမှာ မြွေထည့်ထားတဲ့ အိုးလိုလို ပလိုင်းလိုလိုပုံလေးရှိသည်… ခဏနေ ရုံပိတ်ပြီးတော့ အဲဒိထဲက မြွေရုပ်ထွက်လာပြီး ပုံပြင်စပြောသည်… ဘာမှ သိပ်ထူးထူးခြားခြားမရှိလှ… မတ်တပ်ရပ်ပြီးကြည့်ရသေးသည်… ကိုယ့်ရှေ့က အရပ်ရှည်တဲ့သူလာပိတ်ရင် မမြင်ရသေး… မြွေကလဲ ဂျပန်စကားပြောနေတာဖြစ်သည်… တစ်လုံးမှ နားမလည်… တစ်ခါတစ်လေတော့ နံရံတွေပေါ်မှာ ပရိုဂျက်တာနဲ့ အာရပ်လူမျိုးကောင်လေးပုံစံနှင့် ကာတွန်းလေးတွေပြသည်… အဲဒိမြွေက အဲဒိ ကောင်လေးအကြောင်း ပြောနေပုံရသည်… သူတို့ကမ်းတဲ့ မျက်မှန်တပ်ကြည့်ရင်များထူးခြားမလားလို့ တပ်ကြည့်တော့လဲ ဘာမှ မထူးခြား… ပြေးလာရကျိုး မနပ်လေခြင်းဆိုပြီး နဲနဲလေးတော့ စိတ်ပျက်သွားသည်…
ဒါပေမဲ့ ၁၅ မိနစ်လောက်နေပြီးတော့ ပြီးသွားပြီထင်ထားပင်မဲ့… မထင်မှတ်ပဲ အတွင်းဘက်က နံရံကြီးက ပွင့်သွားကာ နောက်ထပ် ဇာတ်ရုံတစ်ရုံထဲကို ၀န်ထမ်းတွေက ဦးဆောင်ခေါ်သွားသည်… အတွင်းပိုင်း ဇာတ်ရုံက အတော်သားနားသည်… ငယ်ငယ်က မြန်မာပြည်မှာ အမျိုးသားဇာတ်ရုံသွားတုန်းက ခံစားချက်မျိုးဖြစ်သည်… အမျိုးသားဇာတ်ရုံလို ထိုင်ခုံနေရာချထားခြင်းဖြစ်သည်… ပြီးတော့ လူတွေကို စနစ်တကျ အတန်းအလိုက် ထိုင်စေသည်… ဘယ်သူမဆိုတော့ စင်နဲ့တည့်တည့်အလယ်မှာ ထိုင်ချင်မည်ဖြစ်သည်… ထိုအထဲတွင် ကျမတို့ သူငယ်ချင်း ၂ယောက်လဲပါသည်… ထို့ကြောင့် အတန်းတစ်တန်းအစတွင် အရင်ဆုံးဖြစ်ရန် ချိန်လျှောက်ပြီး ၀င်လိုက်သည်… သို့သော် ဒီမှာလဲ အထာမသိ၍ ထပ်ခံလိုက်ရပြန်သည်… ခုံတန်းစစချင်း ၀င်လိုက်သောကြောင့် ဟိုးဘက် အတွင်းဘက်အထိကိုယ်က ၀င်ပေးရသည်… သို့မှသာ နောက်လူများကလဲ လမ်းကိုပိတ်မိခြင်းမရှိပဲ ကိုယ့်နောက်ကနေ အစဉ်လိုက်နေရာယူနိုင်မည်ဖြစ်သည်… ကျမတို့ အနေနှင့် ကိုယ်က ရှေ့ကလူပဲ ငါကြိုက်တဲ့ အလယ်ခုံမှာပဲ ထိုင်လိုက်မှာပေါ့ဟု တယူသန် အတ္တကြီးလိုက်လို့ရပေမဲ့… တခြားမည်သူမှ အဲလိုလုပ်သည်ကိုမတွေ့သည့်အပြင်… အားလုံးက နိုင်ငံကြီးသားပီသစွာ အစဉ်လိုက်အတိုင်းသာ အေးဆေးထိုင်ကြသည်… ကျမတို့လဲ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာကျမည်စိုးသဖြင့် နိုင်ငံကြီးသား ပီသစွာ ဟိုးဘက် အတွင်းဘက် ထောင့်ခုံမှာ အောင့်သက်သက်နှင့် ထိုင်လိုက်ကြပါသည်… (အောင့်သက်သက်ဖြစ်ရခြင်းမှာ ကျမတို့ အတွက် အဲဒိနေရာကို နောက်ထပ်ရောက်ဖို့ ဆိုသည်မှာ မသေချာ… အသေချာဆုံးအချိန်တွင် ရသမျှကို ဖြစ်နိုင်လျှင် အကောင်းဆုံးလိုချင်သည်… သူတို့ ဂျပန်တွေအတွက်က ဘယ်အချိန်လာလာ လာလို့ရနေသောနေရာမဟုတ်ပါလား…)
တော်ကြာ ဒီလောက်နေရာလေးကိုတောင် အဆင့်မရှိလိုက်လုနေတယ်ဆိုလျှင် ဂျပန်လိုလဲ မပြောတတ်… မျက်နှာကလဲ ဘိုမ မဟုတ်တော့ ဘယ်နိုင်ငံကလဲဆိုရင် မြန်မာပြည် ကိုယ့်ကြောင့် သိက္ခာထပ်ကျနေမှာစိုးသဖြင့် ဘယ်သူမှ မပေးပေမဲ့ ကိုယ့်ကိုကိုယ် နိုင်ငံ့ဂုဏ်ဆောင်ဘွဲ့ပေးကာ စိတ်ဖြေသိမ့် ဂုဏ်ယူနိုင်ခဲ့သည်…
သို့သော်ပွဲစပြတော့ အရာရာမေ့ကာ ပွဲထဲမှာ မျောပါသွားသည်… စစချင်း အာလာဒင်မီးခွက်ပိုင်ရှင် မင်းသားလေးပုံ ၀တ်ထားတဲ့ ဂျပန်ကောင်လေးတစ်ယောက်စင်ပေါ်ကိုထွက်လာပြီး ဂျပန်လိုတွေ ဇာတ်ခင်းသည်… နောက်လူဆိုးတစ်ယောက်လဲပါသည်… နောက်ပြီး အပေါ်က ပိတ်ကားပေါ်က အာလာဒင်ကြီးပါသည်… ထူးခြားသည်က သူတို့ အ၀င်ဝမှာ ကမ်းသည့် မျက်မှန်ကို တပ်ကြည့်လျှင် တကယ်ပင် ပိတ်ကားပေါ်က အာလာဒင်က ကြွတက်နေသည်… အဲဒိအာလာဒင်ကြီး လက်ညှိုးထိုးလိုက်လျှင် တကယ်ပင် သူ့လက်ညှိုးကြီးက ကိုယ့်ရှေ့လာထိုးနေသလိုပင်… အာလာဒင်ကြီးက ပိုက်ဆံတွေ ကျဲလျှင် တကယ်ပင် ကိုယ့်ရှေ့မှာ ဒေါ်လာတွေ လွင့်နေသလိုပင်… ကျမတောင် မရနိုင်မှန်းသိပေမဲ့ ကြိုးစားပြီး ဖမ်းဆုတ်ကြည့်သေးသည်… မျက်မှန်ချွတ်ပြီး ဘေးကလူတွေကိုကြည့်တော့ သူတို့လဲ ပိုက်ဆံတွေကို မရမှန်းသိပင်မဲ့ လိုက်ဖမ်းနေကြသည်… အတော်ကြည့်ကောင်းသည်…
ကျမဟာ တော်ရုံတန်ရုံ 3D ပုံတွေ မကြည့်တတ်ပါ… မလေးရှားတို့ မြန်မာပြည်တို့မှာ 3D ရှိုးပွဲ တွေ ကျမ၀င်ကြည့်ခဲ့ဖူးသည်… ကျမအတွက် ဘာမှ ထူးထူးခြားခြားမမြင်ရသည့်အပြင် ခေါင်းမူးပြီးသာ ပြန်ထွက်လာရတတ်သည်… ဒီဂျပန် အာလာဒင်က 3D ဟုတ်မဟုတ်တော့ ကျမ မသေချာပါ… ဒါပေမဲ့ မျက်မှန်တပ်ထားလျှင်တော့ ကားချပ်ပေါ်က အာလာဒင်က အမှန်ပင် ကြွတက်နေပြီး ကိုယ့်ရှေ့မှာ စကားလာပြောနေသယောင်ပင်ရှိသည်… ကားချပ်ထဲက အာလာဒင်က အပြင်က မီးခွက်ပိုင်ရှင်ကောင်လေးကို ခေါင်းခေါက်လိုက်လို့ အပြင်က ကောင်လေးကနာသွားတဲ့ ပုံစံလုပ်တာမျိုး… အပြင်ကကောင်လေးက ကားချပ်ကို ကျောပေးထားရက်နဲ့တောင် အနောက်က Virtual world ကားချပ်ထဲက အာလာဒင်နဲ့ အချိတ်ဆက်ရှိရှိ သရုပ်ဆောင်နိုင်သည်… အတော်ပင်လေ့ကျင့်ထားပုံလဲရသည်… မျက်မှန်တပ်ကြည့်လျှင်တော့ တကယ် ခေါင်းခေါက်လိုက်သည်ထင်ရပင်မဲ့ မျက်မှန်ချွတ်ကြည့်လျှင်တော့ သိပ်သရုပ်မပေါ်သည့်အပြင် ကောင်လေးသရုပ်ဆောင်နေတာ ကြောင်တောင်တောင်နိုင်လှသည်… ကျမတို့ ပရိတ်သတ်တွေအတွက် သတိမထားလိုက်မိကြပေမဲ့… Performance ကောင်းကောင်းတစ်ခုရဖို့အတွက် အသေးစိတ်လေးက အစပိုင်နိုင်မှ လူ့စိတ်ကို ညှို့ယူနိုင်မည်ဖြစ်သည်လို့ ကျမစိတ်ထဲ စဉ်းစားမိသည်… ထိုသို့ အချိတ်အဆက် ကောင်းနေအောင် သူ အကြိမ်ပေါင်း ရာထောင်မက လေ့ကျင့်ထားရမည်ထင်သည်… ထို့အတွက် ကျမတို့လို ဂျပန်လို နားမလည်သောပရိတ်သတ်များတောင် သူတို့ရဲ့ ဖျော်ဖြေမှုမှာ မျောပါသွားရသဖြင့် သူတို့ကို အတော်လေး လေးစားမိသည်… ပြပွဲက ၁၅ မိနစ် လောက်သာ ကြာမြင့်သည်… ပြီးဆုံးတော့ ဖော်ရွေသော ၀န်ထမ်းများ၏ နှုတ်ဆက်သံနှင့်အတူ ရုံထဲမှ အမြန်ထွက်ခဲ့ကြပြီး… Terror House (သရဲအိမ်) သို့ သူငယ်ချင်း ၂ယောက် သုတ်ခြေတင်ပြေးခဲ့ကြသည်…
သွားရင်းလမ်းတွင် ရေသူမကာတွန်းကားထဲက မင်းသားလေးလိုဝတ်ထားသော ၀န်ထမ်း ဘိုတစ်ယောက်နှင့် ထိုကားတွန်းကားထဲမှ စားဖိုမှူးပုံ အရုပ်ကြီးစွတ်ထားသော သူများကို တွေ့သဖြင့် ဓာတ်ပုံတူတူ ၀င်ရိုက်ဖြစ်ခဲ့သေးသည်… မင်းသားလိုဝတ်ထားသောဘိုက အလှပြနေတုန်း သူ့ကို သီးသန့်ရိုက်ဖြစ်သေးသည်… ဂျပန်မတွေကလဲ တစ်ယောက်မှ မပြောရဲ သဖြင့် (မပြောတတ်တာလဲ ဖြစ်နိုင်သည်) သူ့တစ်ယောက်တည်းကိုပဲ ဓာတ်ပုံတွေဝိုင်းရိုက်နေသည်… စားဖိုမှူးပုံ အရုပ်ကြီးကတော့ မအား… လူတွေက ဓာတ်ပုံတွဲရိုက်နေသည်… ဒါနဲ့ ကျမလဲ မင်းသားလေးနားသွားပြီး ဓာတ်ပုံတူတူရိုက်လို့ရမလားလို့ မေးတော့ ဟိုက အားရ၀မ်းသာပြုံးရွှင်လျက် ရပါတယ်ဆိုလို့ သူငယ်ချင်း ၂ယောက်တူတူတွဲရိုက်ဖြစ်ခဲ့ကြသေးသည်… ပန်းခြံဝန်းထမ်းမိန်းမတစ်ယောက်က ရိုက်ပေးသည်… စေတနာနဲ့ အကူအညီပေးမှုကို အသိအမှတ်ပြုပေမဲ့… သူရိုက်ပေးသည့်ပုံကို သိပ်စိတ်တိုင်းမကျလှပါ… သူက ကိုယ်တစ်ပိုင်းပဲရိုက်ပေးသည်… ကိုယ်တစ်ပိုင်းပဲ မင်းသားလေးရဲ့ ၀တ်စုံပြည့်မပါတော့ တခြားလူတွေကိုပြလျှင် ဒစ်စနေစီးက ရေသူမကားတွန်းကားထဲက မင်းသားလေးဆိုတာ ဘယ်သူမှ မမှတ်မိနိုင်ပေ… အဓိကက လူထက် ၀တ်စုံကိုပိုဦးစားပေးရိုက်သင့်သည်ဟုထင်သည်…
သို့သော် ရိုက်ပြီးတာနှင့် မင်းသားလေးရော စားဖိုမှူးအရုပ်ပါ အတွင်းဘက်သို့ ပြန်ဝင်သွားကြသည်… မင်းသားလေး လုပ်တဲ့ ဘိုကတော့ ညနေ ဘယ်နှစ်နာရီမှာ သူပြန်ထွက်လာပါမယ်ဆိုတာကို အင်္ဂလိပ်လိုပြောသွားသည်… သို့သော် ကျမတို့မှာ ပြန်လာဖို့ အချိန်မရဘူးဆိုတာတော့ သူမသိရှာလေရော့သလား…
Terror House (သရဲအိမ်)
သူတို့တွေ ဘယ်လို Technology တွေ သုံးထားသလဲတော့မသိ… ကျမစိတ်ထင်တော့ လူတွေရဲ့ အမြင်ကို လှည့်စားခြင်းဖြစ်မည်… အစထဲက ထိုလူရိုင်းရုပ်သည် မီးစလိုက်နှင့်သာ အမြင်အာရုံအရသာ ရှိခြင်းဖြစ်မည်… တကယ်ရုပ်ထုကြိး ရှိနေခြင်းမဖြစ်နိုင်… ကျမအထင်ပြောခြင်းဖြစ်သည်… ဟုတ်မဟုတ်မသိပါ… တကယ်ဖြစ်နေတာမဟုတ်ဘူး… တမင် အသံတွေ မီးတွေနဲ့ လူ့စိတ်ကို ဖမ်းစားနေတာမှန်းသိပင်မဲ့ ဘာမဆိုင်ညာမဆိုင် နဲနဲတော့ ကြောက်သည်… ကျမတွေ့ဖူးသည့် Genting (Malaysia), Happy world (Myanmar) သရဲအိမ်တော်တော်များများက အဲလို ခြောက်ခြင်းမဟုတ်… သူက လူတွေ အများကြီးရှိရက်နှင့်ပင် ဖြစ်ရပ်မှန်ဆန်လွန်းသည်က တစ်ကြောင်း… သူတို့သုံးသော Effect တွေက ကောင်းသည်ကတစ်ကြောင်းကြောင့် ထိုသို့ ခံစားရခြင်းဖြစ်မည်…
အရုပ်ကြီးရီသံနက်နက်ကြီးနဲ့အတူ အရုပ်ကြီး ပျောက်သွားပြီးနောက် အတွင်းဘက်ဧည့်ခန်း တံခါးကြီး ပွင့်လာကာ နောက်ထပ်ဝန်ထမ်းတစ်ယောက်၏ လမ်းညွှန်ရာကို ဆက်လိုက်သွားရသည်… အိမ်ကြီးအတွင်း၌ ရှေးဟောင်းပစ္စည်းပုံစံများ စုံလှသည်… အီဂျစ်က ရုပ်ထုကြီးတွေလဲရှိသည်… ကျမ ဗွီဒီယိုတောင်ရိုက်လိုက်သေးသည်… နောက်တော့ ၀န်ထမ်းက မရိုက်ရဟုလာပြောသောကြောင့် ပြန်သိမ်းလိုက်သည်… အထဲမှာလဲ ထပ်ပြီး တန်းစီနေသောသူတွေတော်တော်များသည်… သရဲအိမ်အပြင်မှာတုန်းကတော့ လူတွေ ငယ်သံပါအောင်အော်နေကြသည်ကို ကြားနေရသည်… ယခုထက်ထိတော့ ငယ်သံပါအောင် အော်စရာ ကျမတို့မတွေ့သေး… လူတွေ တန်းစီနေတာသာတွေ့သည်…
မိနစ် ၂၀ လောက် တန်းစီပြီးနောက် ကျမတို့ကို အပေါ်ထပ်များကို ဆက်သွားရန် ဓာတ်လှေကားကို လိုက်ပို့ပေးသည်… ဓာတ်လှေကားကြီးက Cargo Lift ပုံစံမျိုး အကြီးကြီး… ထိုင်ခုံတွေနှင့် ခါးပတ်တွေပါသည်… ဓာတ်လှေခါးတစ်စီးကို အယောက် ၂၀ ခန့် ဆန့်မည်ထင်သည်… ၀န်ထမ်းများက ခါးပတ်တွေ သေချာစွာပတ်ရန် လိုက်စစ်ဆေးသည်… ထို့နောက် ၀န်ထမ်းများက မလိုက်တော့… ဓာတ်လှေကားတံခါးကြီး ဖြေးညှင်းစွာပိတ်သွားတော့ ပြုံးပြုံးလေးလက်ပြနေတဲ့ ၀န်ထမ်းမပါတော့ နည်းနည်းတော့ အားငယ်သွားသည်… တစ်ခုခုတော့ ဖြစ်တော့မည်ဆိုတာ သိလိုက်သည်… တံခါးကြီးပိတ်သွားသည်နှင့် အရာရာ ပိန်းပိတ်အောင် မှောင်သွားသည်… တော်ရုံတန်ရုံ မြန်မာပြည်က မီးပျက်ထဲမှာ နေဖူးသော အတွေ့အကြုံရှိသည့် ကျမနှင့် ကျမသူငယ်ချင်းတောင် အနဲငယ် တုန်လှုပ်မိလို့ တစ်ယောက်နဲ့တစ်ယောက်လက်ကိုင်ထားရသည်… (မြန်မာပြည်မှာ လရောင်ရှိသေးသည်မဟုတ်ပါလား…)
ထို့နောက် အမှောင်ထဲမှာပင် ဓာတ်လှေကားကြီး ဖြေးညှင်းစွာတက်သွားသည်… ကျမစိတ်ထင် ၃ ၄ ထပ်လောက်ရောက်တော့ ဓာတ်လှေကားကြီးရပ်သွားသည်… ကျမတို့ရှေ့က Screen မှာ ဟောခန်းကြီးလိုလို အခန်းကြီးထဲတွင် စောစောက အင်္ဂလိပ် သူဋ္ဌေးကြီးနှင့် လူရိုင်းရုပ်ကြီး စကားတွေပြောပြီး အင်္ဂလိပ်ကြီးက အတော်လေးကို စိတ်ဆိုးနေတဲ့ပုံတွေမြင်ရသည်… ထို့နောက် အရုပ်ကြီးမျက်လုံးက အစိမ်းရောင် မီးများထွက်လာပြီး အဖိုးကြီးကို ထိကာ အဖိုးကြီးသေဆုံးသွားသည်… ကြည့်နေရင် တဖြည်းဖြည်းနှင့် လူရိုင်းရုပ်ကြီးက ကျမတို့ဘက်လှည့်ကာ သူ့မျက်လုံး စိမ်းစိမ်းကြီးတွေနှင့်ကြည့်ကာ ဂျပန်လိုတွေပြောပြီး ရီသံနက်နက်ကြီးနှင့်ရီသည်… ကျမကိုယ်ဘာသာကိုယ်ဘာသာပြန်လိုက်တာတော့ “မင်းတို့ကိုလဲ ငါကြိမ်စာတိုက်လိုက်ပြီ… ငါ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီ… တိုက်ပေါ်က ပြုတ်ကျပြီးသေတော့မယ်” လို့ ပြောလိုက်တာဖြစ်မည်…ပြောရင်း ပျောက်သွားသည်… ပြီးတော့ Screen ထဲမှာ ကျမတို့ အားလုံးပုံတွေ reflect ဖြစ်ပြီးပေါ်သည်… ကိုယ့်ပုံကိုယ်ကြည့်ကောင်းရင်း နောက်ဘာဖြစ်အုံးမလဲတွေးနေတဲ့ အချိန်မှာပင်… ကျမတို့ ဓာတ်လှေကားကြီးက အရှိန်နဲ့ အပေါ်ကို ထိုးတက်သွားသည်… စပါပြီ…
ဒါပေမဲ့ အဲဒိထိလဲ သိပ်တော့ ကြောက်ဖို့မကောင်းသေးပါ… ဘာဆက်ဖြစ်မလဲဆိုတာတော့ ခန့်မှန်းလို့ရနေပါပြီ… အပေါ်ဆုံးထပ်ရောက်တော့ ပြတင်ပေါက်မှန်အကွဲကြီးကနေ အပြင် Disney Sea ကြီးကို လှမ်းမြင်နေရသည်… အတော်လေး ရှူခင်းလှသည်… အပြင်ရာသီဥတု လေအေးအေးလေးကလဲ တိုက်နေသည်… စောစောက မှောင်မှောင်ထဲမှာ နေခဲ့ရသဖြင့်… ခုတော့ စိတ်က အနည်းငယ် Fresh ဖြစ်သွားသည်… နောက်ထပ်ဖြစ်မှာကိုလဲ သတိနဲ့ နေရသည်… ၁၅ စက္ကန့်လောက် ပြတင်းပေါက်မှာပြပြီးတော့ ဓာတ်လှေကားကြီး ရုတ်တရက် နည်းနည်းပြန်ကျသည်… တော်တော်လေး ကျပြီထင်ပင်မဲ့ အရမ်းတော့ မဟုတ်… အနည်းငယ် တုန့်သွားခြင်းသာဖြစ်သည်… (နောက်တော့မှသိသည်… အဲဒိနေရာမှာ ဓာတ်ပုံလှမ်းရိုက်ခြင်းဖြစ်သည်)…
အဲဒိအချိန်တုန်းကတော့ ဓာတ်ပုံလှမ်းရိုက်လိုက်မှန်း မသိလိုက်ဘူး...
ထို့နောက်တော့ ငရဲခန်းစပါပြီ… ၀ှီးကနဲ ဓာတ်လှေကားကြီးက အရှိန်နှင့် ကျသွားလိုက်တာ… ထိုင်ခုံနှင့် တင်ပါး မထိ… ခါးပတ်နှင့်သာ ထိန်းထားရသည်… အမှောင်ထုထဲကို ကျသွားသဖြင့် ဘေးကလူများကိုလဲ မမြင်ရ… အဲဒိအချိန်မှာတော့ တကယ်ကို ကိုယ်တစ်ယောက်ထဲလိုခံစားရသည်… ဘာမှလဲမမြင်ရ… ကိုယ်ဘယ်အမြင့်ကိုရောက်နေသည်ဆိုတာလဲ ခန့်မှန်းလို့မရ… အမှန်တော့ ကျန်တဲ့သူတွေလဲ ကျမလို ခံစားနေရမည်ပင်… အနည်းဆုံး ကျမ သူငယ်ချင်းလဲ ကျမနဲ့ ထပ်တူခံစားနေရမည်ဖြစ်သည်… ဓာတ်လှေကားကြီးက ပြန်တက်သွားလိုက်… ၀ှီးခနဲ ပြန်ကျလိုက်နှင့်… စိတ်ထဲတွင် အကယ်၍များ ရုပ်ရှင်တွေထဲကလို အဲဒိ အရုပ်ကြီးက တကယ့် ကျိန်စာသင့်တဲ့ အရုပ်ကြီးဖြစ်ပြီ ဒါစီးရင်းနဲ့ ငါတကယ်သေသွားမှ ဒုက္ခဆိုပြီး အဓိပ္ပါယ်မရှိ တွေးကြောက်လိုက်သေးသည်… တစ်ချက် တစ်ချက် ဟိုးအပေါ်ဆုံးက ပြတင်ပေါက်အထိ ခဏလေးတက်သွားသည်… အဲလိုဆိုလျှင် ကျမတို့ အမြင့်ဆုံးအထပ်ကိုရောက်နေတာ ခန့်မှန်းနိုင်သည်… ထို့နောက်ပြန်ကျသွားပြန်သည်… ကျမကတော့ အဲဒါတွေစီးရင် မအော်ပဲ မနေနိုင်… အသံကုန်ကို အော်ပြစ်လိုက်သည်… ၄ ၅ ခါလောက် အတက်အကျဖြစ်ပြီးတော့ ဓာတ်လှေကားရပ်သွားပြီး… တံခါးပွင့်လာကာ ၀န်ထမ်းများ၏ အပြုံးမျက်နှာများကို ပြန်မြင်ရသည်… ထို့နောက် ကျမလဲ အမှတ်တရ ဓာတ်ပုံကို ယမ်း ၂၀၀၀ နှင့် ရွေးကာ နောက်တစ်နေရာသို့ ဆက်ခဲ့ကြသည်…
နောက်ထပ်ဘယ်နေရာသွားရင်ကောင်းမလဲ ကြည့်လိုက်တော့ Fast pass လိုသော နေရာတွေထဲတွင် ၄ နေရာသာ ကျန်တော့သည်… အချိန်က ညနေ ၃နာရီ ၄၅ မိနစ် ခန့်သာရှိသေး၍ ပထမနေ့ တိုကျိုဒစ်စနေလမ်းတုန်းကထက်စာလျှင် ကိုယ့်ကိုကိုယ် အချိန် စီမံခန့်ခွဲမှု တိုးတက်လာတယ်လို့ သူငယ်ချင်း ၂ယောက် အပြိုင်အဆိုင် တစ်ယောက်ကို တစ်ယောက် ချီးကျူးကျေနပ်မိကြသေးသည်…
နေလေး မ၀င်ခင် လမ်းမှာ ကြုံတဲ့နေရာလေးတွေ ဓာတ်ပုံရိုက်ကြသည်… မြေပုံထဲက Columbia သဘောင်္ကြီးရှိရာဘက်အခြမ်းက လျှောက်ရင် သူငယ်ချင်း ၂ယောက် ဓာတ်ပုံတွေ တ၀ကြီးရိုက်ဖြစ်ကြသည်… စောစောက ဟိုပြေးဒီပြေးလိုက်စီးထားရသဖြင့် အနည်းငယ် အင်ဂျင်ကို အရှိန်သတ်ထားခြင်းဖြစ်သည်… ထို့နောက် ဖြေးဖြေးချင်း မီးတောင်ကြီးရှိရာ Mysterious Island ဘက်ကို ချီတက်ခဲ့ကြသည်…
ဓာတ်ပုံရိုက်ရန် photospot ဟုပြထားသော နေရာများမှ ရိုက်လျှင် အကွက်အကွင်းကောင်းသော ရှုခင်းများကိုရနိုင်သည်... သရဲအိမ်နှင့် Columbia သဘောင်္
Journey to the Center of the Earth
အပိုင်း (၁)မှာ ရေးခဲ့သည့်အတိုင်း ကျမတို့ ၂ယောက် အစီးချင်ဆုံးဖြစ်သော မီးတောင်တွင်းရှိ Journey to the Center of the Earth ဆိုတာကို စက်ချို့ယွင်းမှုကြောင့် မစီးခဲ့ရသေးသဖြင့် … ယခုအခါတွင် စက်ပြန်ကောင်း၍ လူများ စီးနေသည်ကို သိသဖြင့် ထပ်မံသွားရောက်ခဲ့ကြသည်…
ကံအားလျော်စွာ ၄၅ မိနစ်သာစောင့်ရမည်ဟု ပြောသဖြင့် ၀မ်းသာအားရ ၀င်တန်းစီဖြစ်ကြသည်… တန်းစီသော တန်းများကပင် မီးတောင် ဂူကြီး အတွင်းပိုင်းပုံစံမျိုးဆောက်ထားခြင်းဖြစ်ပြီး သတိပေးကြေညာချက်များကိုလဲ တွေ့နိုင်သည်… ၄၅ မိနစ်ကြာ စောင့်ဆိုင်း တန်းစီပြီးနောက် ကျမတို့ မျှော်လင့်ခဲ့ရသော ယာဉ်ကြီးကိုရှေ့ဆုံးကနေ စီးခွင့်ရပါသည်… ၂ယောက်တစ်တွဲထိုင်ရခြင်းဖြစ်ပြီး ယာဉ်တစ်စီးတွင် ၈ ယောက် (သို့) ၁၀ ယောက်ခန့်ပါမည်ထင်သည်… (သိပ်မမှတ်မိတော့ပါ)… ရထားတွဲ အသေးစားပုံစံမျိုးလေးဆိုပေမဲ့ ဘေးမှာ တံခါးမပါပါ… ရှေ့မှာလဲ မှန်မပါပါ… ခါးပတ်သာ ပတ်ထားရပါသည်… ရှေ့ဆုံးကထိုင်ချင်လို့ တကူးတက တောင်းဆိုခဲ့သော်လည်း တကယ်တမ်းစီးကြည့်တော့ ဘယ်နေရာထိုင်ထိုင် တူတူပဲပင်ဖြစ်သည်ကို တွေ့ရှိရသည်… ဘာလို့လဲဆိုတော့ ယာဉ်စထွက်တာနှင့် ပိန်းပိတ်အောင် မှောင်နေသော လှိုင်ဂူကြီးအတွင်းသို့ ၀င်သွားသောကြောင့်ဖြစ်သည်… ဘေးပတ်ဝန်းကျင်ကိုဘာမှ မမြင်ရ… သို့သော် ခံစားကြည့်လို့ရသည်… ဂူထဲဝင်သွားသည်နှင့် အနည်းငယ်ပူလာသည်… လုံးဝမှောင်ကျမသွားခင်ကတော့ မီးတောင် ချော်ရည်လိုလိုတွေကို မြင်ခဲ့ရသည်… ထို့နောက်တော့ ပူတာမှ လွဲ၍ ဘာမှ မခံစားရ… အသံတွေကလဲ မီးတောင်အတွင်းပိုင်းက အသံမျိုးတွေ… (ကျမလဲ မပြောပြတတ်… ဒါပေမဲ့ ခံစားနေရတာတော့ ကျမတကယ်ကို မီးတောင်ထဲရောက်နေသလိုပင်)… နောက်တော့ ရေငွေ့တွေကိုလဲ ခံစားရသေးသည်…
နောက်တော့ တစ်ဟုန်ထိုး အတက်တွေ အကျတွေဖြစ်သည်… အားလုံးက ပိန်းပိတ်အောင် မှောင်နေသဖြင့်… ရှေ့တွင် အတက်လား… အကျလားခန့်မှန်းလို့မရ… ဤအခါကျမှ အမှောင်ထုထဲမှာ ယာဉ်စီးရခြင်းသည်… ယခင်ကလို outdoor အလင်းထဲမှာ စီးရခြင်းထက်ပိုကြောက်ဖို့ကောင်းသည်ဆိုသည်ကို သိရှိသွားသည်… အရင်က Roller coaster စီးလျှင် အရှေ့ကို မြင်နေရသဖြင့် အောက်နိမ့်တော့မည်ဆိုလျှင် ကြိုတင် စိတ်ပြင်ဆင်ကာ ကိုင်ထားလို့ရသည်… ယခုအခါမှာတော့ လုံးဝ လက်ကို မလျှော့လိုက်ရဲ… လုံးဝ စိတ်ကို မလျှော့လိုက်ရဲ… ဘယ်အချိန် ၀ှီးခနဲ အောက်ပြုတ်ကျသွားမည်.. ဘယ်အချိန် အင့်ခနဲ အပေါ်တက်သွားမည်ကို ဘာမှ ကြိုမသိနိုင်သောကြောင့်… လက်ကို ကြပ်ကြပ်ကိုင်ကာ ခေါင်းကို ငုံ့၍ စီးနေရသည်… လှိုင်ခေါင်းအတွင်းမှာလဲ ပူလိုက် အေးလိုက်နှင့်… တစ်ခါတစ်လေတော့ ဟိုးအပေါ်နားလောက်ကျမှ လှိုင်ခေါင်းကို ခဏဟထားသော နေရာကို ယာဉ်က ဖြတ်သွားမှ ကျမတို့ အတော်လေး မြင့်တဲ့နေရာကို ရောက်နေမှန်းခန့်မှန်းလို့ရသည်… တစ်ခဏလေး အပြင်လောကကို မြင်ခွင့်ရတတ်သည်… အမှောင်ထုရဲ့ မွန်းကြပ်မှုနဲ့ မခန့်မှန်းနိုင်မှုကို အဲဒါစီးအပြီးမှာ အတော်လေး နားလည်သွားသည်… ဘာပဲပြောပြော အခွင့်အရေးရမည်ဆိုလျှင် နောက်တစ်ခေါက်တော့ ထပ်စီးကြည့်ချင်သေးသည်…
(အမှန်တော့ ဒစ်စနေစီး အကြောင်းကို အပိုင်း ၂ နှင့် အပြီးရေးမည် စိတ်ကူးထားသော်လည်း… အကျွန်ုပ်၏ လေရှည်မှုများကြောင့် အပိုင်း ၃ဆက် ရပါမည်… ယခုတော့ ပိုစ့်လဲ အလွန်ရှည်နေပြီဖြစ်သဖြင့်… နားမယ်ကွယ်…)
8 comments :
ရွက်လွင့်ခြင်း said...
မဗေဒါရေ
အသေးစိတ် ရေးထားတော့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အပိုင်း၃လည်း မျှော်နေပါမယ်။
လင်ခ့်ထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ခွင့်မတောင်းဘဲ လင်ခ့်ထားတဲ့အတွက်လည်း တောင်းပန်ချင်ပါတယ်
Anonymous said...
is this disney promotion ?
မဆုမွန် said...
မဗေဒါလေးရေ လာလာဖတ်နေတယ်နော် စာရေးတော်တော်ကောင်းတယ် မြင်ကွင်းတွေ ကို တစ်ခုချင်း မြင်နေရတယ် စာဖတ်ကတည်းက စာဖတ်သူကို စေတနာထားတာ တော်တော်သိသာတယ် ကိုယ်တိုင် ရောက်သွားသလိုမျိုး သေသေချာချာ ပြောပြပေးတာ တကယ်ကျေးဇူးတင်တယ်နော်
ကျွန်မလဲ သရဲအိမ်ထဲရောက်ရင် အသားကုန် အာခေါင်ခြစ် အော်တာပဲ သရဲတောင် လန့်တယ် ဘေးက တစ်ယောက်လဲ နားအူသွားတယ် ပြောတယ်
mabaydar said...
ရွက်လွင့်ခြင်း - လင့်ခ်ထားတဲ့အတွက် တောင်းပန်စရာမလိုပါဘူး... ကျေးဇူးတင်ပါတယ်..
Anonymous - u think so?? Do u think that i need to especially promote Disney? Disney itself is already so crowded and have to Queue so long. I wish less people go there.
မဆုမွန် - ကျေးဇူးတင်ပါတယ်...
311219799 said...
တကယ်ရောက်လိုက်ရသလိုပါပဲ..မဗေဒါစီးခဲ့တဲ့ မီးတောင်ထဲက ရထားနဲ့ ဆင်တူတာ ကျွန်မတစ်ခါစီးဖူးတယ်..မဗေဒါရေးထားတာလေးအသက်ဝင်လွန်းလို့ အဲဒီတုန်းကကျွန်မ ရဲ့အဖြစ်ကို ပြန်သတိရတယ်..အဲဒီရထားလေးစီးနေတုန်း မှာ ကျွန်မ လွင့်ထွက် ပြီးသေသွားမလား ဆိုပြီး ကြောက်လိုက်တာ..သူများတွေ အော်နေကြတာ နာတောင်အူတယ်..ကျွန်မကတော့ ဘုရားကိုပဲတနေတယ်..ဘုရားသခင် သမီးနဲ့အတူရှိနေပေးပါ..သမီးမသိလို့ စီးမိတာပါ..ဒီလိုအရာမျိုး သမီးတစ်သက်လုံးမစီးတော့ပါဘူး ဆိုပြီးအကြိမ်ကြိမ် ဆုတောင်းနေမိတယ်..အပြင်ရောက်တော့ ကိုယ့်ခြေထောက်တောင်မသယ်နိုင်သလောက်ပဲ..ကျွန်မကကြောက်တတ်လို့ပါ..
Anonymous said...
ညလေးက blog post ရေးတာလားကြွားနေတာလား
mabaydar said...
အဲဒါကတော့ စာဖတ်တဲ့သူရဲ့ ခံယူချက်ပေါ်မူတည်ပါမယ်... သူများခရီးသွားပိုစ့်ကို အကြွားခံနေရတယ်ထင်ရင်လဲ အကြွားခံလိုက်ပေါ့ကွယ်... အကြွားခံနေရတယ်လို့ မမြင်တဲ့သူတွေကတော့ အေးအေချမ်းချမ်းပဲ နေနိုင်တာပေါ့ကွယ်... ဒီလောက် လွယ်တဲ့အဖြေကို မေးနေစရာလိုသေးလားဟင်...
Anonymous said...
a ma,
Thank for ur post,I also want to go there.:)