Monday, April 27, 2009

ကိုရီးယား နှင့် ရှန်ဟိုင်း ဗီဇာ လျှောက်ခြင်း...

မတ်လ ၄ရက်နေ့က စကာင်္ပူ အခြေစိုက် တရုတ်သံရုံးမှာ ဗီဇာသွားလျှောက်ဖြစ်တယ်.. တရုတ်သံရုံးကို အရင်သွားဖြစ်တာကတော့ ကိုရီးယားသံရုံးက အလုပ်ထောက်ခံစာတွေဘာတွေ လိုတယ်ဆိုတော့ မစုံသေးလို့ သွားလို့ရသေးဘူး..

တရုတ်ပြည် ဗီဇာ..

တရုတ်သံရုံးက အော့ချက်အနီး တန်းကလင်းမောနားမှာ ရှိတယ်.. မြန်မာသံရုံးနဲ့လဲ နီးတယ်..
လိပ်စာက..

Embassy Address:

Embassy of P R China in Singapore
150 Tanglin Road
Singapore 247969


ဂိတ်ဝရောက်တော့ လူအတော်များတယ်.. အဆောက်အုံးက အတော်ကြီးပါတယ်.. ခြံဝန်းနဲ့ အပြည့်ဆောက်ထားတယ်.. ခြံထဲဝင်ပြီးတော့ အဆောက်အဦးထဲဝင်ဖို့တောင် တန်းစီရတယ်.. ကိုယ့်အလှည့်ရောက်တော့ ဗီဇာလျှောက်ဖို့လို့ပြောလိုက်တော့ ကောင်တာက မိန်းမက အပေါ်ထပ်ဘယ်ကောင်တာကို သွားလို့ပြောလိုက်တယ်.. ကိုယ်က ၀က်ဆိုဒ်ကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေကြည့်ပြီး ယူလာပြီးသားဆိုတော့ အားလုံး အဆင်ပြေတယ်..

တရုတ်ပြည်ကို အလည်သွားဖို့ ဗီဇာအတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့..

၁) ဗီဇာ လျှောက်လွှာဖောင်
၂) လတ်တလောရိုက်ထားတဲ့ ပတ်စပို့ ဓာတ်ပုံ
၃) IC (မိတ္တူ မူရင်း)
၎) လေယာဉ်လက်မှတ် နဲ့ ဟိုတယ် ဘွတ်ကင်း မိတ္တူ
၅) တရုတ်ပြည်က မိသားစုကို သွားလည်ချင်သူများအတွက်ကတော့ မိသားစုဖြစ်ကြောင်း စာရွက်စာတမ်းတစ်ခုခုပြရမယ်.. ဟိုတယ်ဘွတ်ကင်းတို့ဘာတို့ မလိုဘူး
၆) ပတ်စပို့ အသစ်ကိုင်ထားတဲ့သူက အဟောင်းကိုပါ တင်ရမယ်တဲ့.. (အဲဒါတော့ နားမလည်ဘူး.. ပတ်စပို့စာအုပ်ကုန်ရင် မြန်မာသံရုံးက ပြန်သိမ်းတယ်မှတ်လား.. သေချာသိဘူး)

အတိအကျ သိချင်သူများရှိရင်တော့ ဒီနေရာမှာ ဘာတွေလိုလဲ.. ကိုယ်က ဘာအတွက် သွားမှာလဲပေါ်မူတည်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေလေ့လာနိုင်တယ်..

သံရုံးပေါ်တက်တက်ချင်းပဲ ပိုက်ဆံ ကြွေစေ့ထည်း မိတ္တူစက်သုံးစက်နဲ့ တူလို့ ပေါက်ဖော်ကြီးရဲ့ ဘော်ဘော်တယောက်ကို သွားသတိရမိတယ်.. ကိုယ်သွားလေ့ရှိတဲ့နေရာနဲ့ ခပ်ဆင်ဆင်တူလို့.. ဟတ်.. ဟတ်.. ဘာလို့လဲဆိုတော့ တွေ့ဖူးတဲ့ သွားဖူးတဲ့ ရုံးတွေပဲ ဖြစ်ဖြစ် ကျောင်းတွေပဲ ဖြစ်ဖြစ် သံရုံးတွေပဲဖြစ်ဖြစ် မိတ္တူလိုတယ်ဆိုရင် သူ့ဟာသူကူးပေးကြတာပဲ.. ခု တရုတ်သံရုံးရယ် အဲဒိနောက်တစ်နေရာရယ်မှာပဲ ဈေးကွက်စီးပွားရေနဲ့ အကြွေစေ့ထည့်မိတ္တူစက်ကို တွေ့ဖူးတယ်..
နောက်ပြီး သူကလဲ မတ်တပ်ရပ်ပြီး ကျူတမ်းမှာ ၀င်စီရတယ်.. ဒစ်ဂျစ်တယ်နံပါတ်လေးတွေနဲ့ ကျူစီတဲ့ စစ်စတန်မရှိဘူး.. ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး မိုးတိုးမတ်တပ်စီရတာပဲ.. ဒါလဲ သူ့ ဘော်ဒါကြီး နဲ့ အတော်တူတာနော်..

ကောင်တာရောက်တော့ စာရွက်စာတမ်းကြည့်ပြီး လက်ခံတယ်.. စလစ်ပေးတယ်... နောက် လေးရက်ကြာပြန်လာယူရမယ်တဲ့.. နောက်လေးရက်နေတော့ သွားရွေးတော့ ရှိတဲ့ စလစ်နဲ့ ပိုက်ဆံရှင်းတဲ့ ကောင်တာမှာ သွားပေးရတယ်.. အဲဒိကောင်တာက သံရုံးရဲ့ ဘယ်ဝန်ဆောင်မှုပဲဖြစ်ဖြစ် အဲမှာပဲ ရှင်းရတာ.. တစ်ယောက်ကို စကာင်္ပူ ဒေါ်လာ ၅၀ နဲ့ ၂ယောက် ၁၀၀ အတော်ထိတာပဲ.. နေမှာက ၂ညအိပ်.. ဒါတောင် အေးဂျင့်က လက်ဆောင်ပေးလို့ သွားရမှာ.. လက်ဆောင်ယူဖို့တောင် ကိုယ့်မှာ အဲလို ဒုက္ခများတာ.. နောက်တော့ ပတ်စပို့ထုတ်တဲ့ကောင်တာမှာ သွားထုတ်ပြီး ကြည့်လိုက်တော့.. Single Entry ကို ၃လ ဗီဇာ ရတယ်.. ပေါက်ဖော်ကြီးကလဲ သူ့ဘော်ဒါကြီးကို အတော်လေးမှ အကျိုးပြုတယ်.. ဗီဇာကို ပတ်စပို့ စာမျက်နှာ ၂ မျက်နှာကျော်ပြီး ကပ်ပေးလိုက်တယ်.. ကြားက ၂မျက်နှာက အလကားဖြစ်သွားပြီ.. မြန်မာ ပတ်စပို့ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မသိဘူးလားသိဘူး.. ဟင်းးးးးး.. (သက်ပြင်းချသံ)..

ကိုရီးယား ဗီဇာ...


နောက် တစ်ပတ်လောက်နေတော့ ကိုရီးယားသံရုံးကို သွားဖြစ်တယ်.. ကိုရီးယားသံရုံး ၀က်ဆိုဒ်ကို ရှာမတွေ့လို့.. တခြား တွေ့တဲ့ ၀က်ဆိုဒ်က ကိုရီးယားသံရုံးအီးမေးလ်လိပ်စာကိုယူပြီး မေးလ်ပို့ပြီးမေးတော့ ချက်ချင်း အကြောင်းပြန်တယ်.. ကျမအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေရယ်.. ကျမစပွန်ဆာပေးတဲ့ မေမေ့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေရယ်ကို အပြည့်အစုံ ပြန်တဲ့အပြင် သူတို့ သံရုံးလိပ်စာရော ၀က်ဆိုဒ်ရောပါ ပေးတယ်..

လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့...

၁) အနည်းဆုံး ၆ လသက်တမ်းရှိတဲ့ ပတ်စပို့စ် (ဒါကတော့ နိုင်ငံတိုင်းလိုလို ဗီဇာလျှောက်ရင် အနည်းဆုံး၆ လရှိရပါတယ်)
၂) လတ်တလောရိုက်ထားတဲ့ ပတ်စပို့ဓာတ်ပုံနဲ့ ဗီဇာ လျှောက်လွှာဖောင်
၃) ကုပ္ပဏီ ထောက်ခံစာ (ရာထူး၊ လစာ နှင့် အလုပ် စတင်လုပ်ကိုင်သောနေ့ ပါဝင်ရမည်)
၎) လွန်ခဲ့သော ၃လအတွင်းပြုလုပ်ထားသော ဘဏ် transaction (လစာဝင်သော ဘဏ်အကောင့် ဖြစ်ရမည်)
၅) IC မိတ္တူ မူရင်း

ကျမအမေအတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့..

၁) ပတ်စပို့ (အနည်းဆုံး ၆လ သက်တမ်း)
၂) ဓာတ်ပုံနဲ့ လျှောက်လွှာ
၃) IC မူရင်း မိတ္တူ
၎) ကျမ မွေးစာရင်း (ဒါမှမဟုတ်) သန်းခေါင်စာရင်း နိုတြီ မူရင်း မိတ္တူ (ကျမတို့ ၂ယောက်ပတ်သတ်မှုအတွက် သက်သေ).

ဗီဇာ ၀န်ဆောင်မှုများကို တနလာင်္နေ့ကနေ သောင်္ကြာနေ့ မနက် ၉နာရီမှ ၁၂ နာရီအထိဆောင်ရွက်ပေးပါတယ်.. သံရုံးဝက်ဆိုဒ်ကတော့ ဒီမှာပါ..

သံရုံးလိပ်စာနဲ့ ဖုန်းနံပါတ်က..
Embassy of the Republic of Korea

47 Scotts Road #05-01
Goldbell Towers
Singapore 228233

Tel: 6256-1188

ဟိုရောက်တော့ သူက ဟိုတယ်လိုလို အဆောက်အုံထဲမှာ အခန်းတစ်ခန်း ငှားပြီး ဖွင့်ထားတာ ကိုယ်တောင် မှားများနေလားလို့.. အဲဒိ တာဝါရဲ့ ၅ထပ်မှာရှိတာ.. လူနည်းနည်းပါပဲ.. တိတ်တိတ်ဆိတ်ဆိတ်ပဲ.. ချိတ်ထားတဲ့ plasma တီဗွီမှာတော့ ကိုရီးယား ဇာတ်လမ်းကြော်ငြာတွေ ပြနေတယ်.. သူတို့နိုင်ငံရဲ့ tourist attraction က အဲဒိ ရုပ်ရှင်ကားတွေကြောင့် အများဆုံးဖြစ်မယ်ထင်တယ်.. အစိုးရကတော့ အဲဒါကို အတော်လေး အရေးတယူရှိတယ်..

သံရုံးအခန်းထဲဝင်ပြီး ကျူနံပါတ်ယူတဲ့ စက်ကနေ နံပါတ်ယူပြီး ကိုယ့်နံပါတ်ကို ပေါ်မဲ့ အချိန်ကို ထိုင်စောင့်နေယုံပဲ.. ကိုယ့်အလှည့်ရောက်တော့ သူတောင်းတဲ့ စာရွက်စာတမ်းတွေပေးတော့.. သူကဖောင်ထဲကနဲ့ ကျမရဲ့ မူရင်းစာရွက်တွေနဲ့ အသေအချာတိုက်ပြီး အမှတ်လေးတွေခြစ်တယ်.. ကျမ မဖြည့်တတ်လို့ ထားခဲ့တဲ့ ကွက်လပ်လေးတွေလဲ သူ့ဟာသူဖြည့်ပေးတယ်.. အဲဒိမှာပဲ ကျမရဲ့ IC ကိုမိတ္တူကူးဖို့ မေ့လာပါလေရော.. ဒါပေမဲ့ မပူပါနဲ့.. ကောင်တာထဲက ကိုရီးယားအရာရှိကြီးက သူ့ ရုံးခန်းထဲကို ခရီးတစ်ခေါက်နှင်ပြီး ကူးပေးတယ်ရှင့်.. အားနားစရာ.. ကောင်းလိုက်တာပေါ့နော်.. ဟဲ.. ဟဲ.. တချို့ တချို့တွေနဲ့ ကွာတာ.. သံရုံးတစ်ရုံးဆိုတာ အဲဒိနိုင်ငံရဲ့ အများအမြင်မှာ မျက်နှာစာပဲလေ.. ဒါကြောင့်မို့လဲ သူတို့နိုင်ငံတွေ တိုးတက်နေတာ.. သူက ဗီဇာလက်ခံပြီးတာနဲ့ ပိုက်ဆံရှင်းခဲ့ရတယ်.. တစ်ယောက်ကို စကာင်္ပူ ဒေါ်လာ ၄၈ ဒေါ်လာကျတယ်.. ၂ယောက်ဆိုတော့ ၉၆ကျပ်..

နောက်၎ရက်နေပြီး ဗီဇာသွားရွေးတဲ့အခါ အေးဆေးပဲ ရတယ်.. အားလုံးအဆင်ပြေတယ်.. Single Entry ၃လ ရတယ်.. ဒန်တန်တန်... ကျမရဲ့ ခရီးစဉ်အတွက် ဗီဇာရပါ့မလားလို့ ပူခဲ့ရတဲ့ စိတ်တွေ အတော်လျော့သွားပြီး ရောက်လာမဲ့ ဧပြီ၂၇ရက်နေ့ကို စောင့်ရုံပဲကျန်တော့တယ်..


1 comment :

htanaungyeik said...

ကိုးရီးယား သွားဖို့ ဗီဇာလျှောက်ဖို့ လိုက်ကြည့်ရင်း ဖတ်ဖြစ်သွားတာပါ thanks