ကုသိုလ်တူတူပြုဖူးရင်..
ရေစက်ဆုံတယ်တဲ့...
ဒါဆို အတူပြုဖူးတဲ့ ကုသိုလ်တွေအားလုံး..
နင်ယူသွားပါ..
ဘ၀ဆက်တိုင်းပြန်မဆုံပါရစေနဲ့...
ပြုသူအသစ်..
ဖြစ်သူအဟောင်းလို့ ကြားဖူးတယ်..
နင်ပြုခဲ့သမျှကို ငါကျေအေးတယ်..
နောက်ထပ်မဆုံတွေ့ပါရစေနဲ့...
ဒီလောက်တောင်မုန်းလားတဲ့...
လူတွေကမေးတယ်...
မမုန်းပါဘူး..
မုန်းရလောက်အောင်တောင်...
စိတ်ထဲမှာ မထားချင်တော့ဘူး..
ငါ့ဘ၀ထဲက အပြီးတိုင်ထွက်သွားပေးပါတော့.....
ငါ့ဆုတောင်းတွေပြည့်တဲ့တနေ့...
အချစ်ဆိုတာကို ငါထပ်ယုံချင်သေးတယ်...
Sunday, November 30, 2008
Wednesday, November 26, 2008
ဗေဒါနဲ့ Expired (သို့) စကာင်္ပူရောက်အလွဲများ (၄)
"မဗေဒါရေ.. အလွဲတွေရေးပါအုံး".. "အလွဲတွေကရီရတယ်" လို့..
ဂျီတော့ကတစ်မျိုး လူချင်းတစ်ဖုံနဲ့တောင်းဆိုတဲ့ သူငယ်ချင်းတွေအတွက်ရော.. ကွန်မန့်နဲ့တစ်မျိုး.. ဆီပုံးမှာတစ်ခါ.. အော်ပြီး.. စောင့်မျှော်နေကြတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ဒီတစ်ခါတော့ ဝမ်နည်းစရာ အလွဲလေးကိုပြောပြချင်ပါတယ်.. အဲဒိတုန်းကတော့ တော်တော်ဝမ်းနည်းခဲ့ရတာပါ... ဒါပေမဲ့ နောက်ပိုင်းဘဝကသင်သွားတာတယ်ပဲပြောရမလား.. ခံနိုင်ရည်ရှိသွားတယ်ပဲပြောရမလား.. အရေထူသွားတယ်ပဲပြောရမလား.. စလုံးရဲ့lifestyle ကို သဘောပေါက်သွားတယ်ပဲပြောရမလား... ခုစဉ်းစားတော့လဲ ဘာမှရေးကြီးခွင်ကျယ်မဟုတ်တော့ပါဘူး....
အလုပ်ဝင်ခါစ အဖြစ်အပျက်အသေးလေးတွေပေါ့.. ဒီလိုပါ.. မဗေဒါစကာင်္ပူကိုရောက်တော့ ၁၈နှစ်မပြည့်သေးပါဘူး.. ၃လလောက်လိုပါသေးတယ်.. ဒီတော့ တရားဝင်အလုပ်လုပ်လို့ရတဲ့ အသက်မဟုတ်သေးတော့ အိမ်ထဲမှာပဲ အောင်းနေခဲ့ပါတယ်.. အပြင်သွားချင်လဲ ကိုယ့်အစ်မလိုက်ပို့မှထွက်ပါတယ်.. စလုံးတွေပြောတဲ့ တရုတ်သံရောရော Singlish ဆိုတာကြီးကိုလဲ ပြည့်ပြည့်ဝဝနားမလည်သလို.. ကိုယ်တိုင်လဲလိုက်မပြောတတ်ပါဘူး... ဒီလိုနဲ့ ၁၈နှစ်ပြည့်ပြီး ၁ပတ်နေတာနဲ့ ချစ်လှစွာသောမမက ညီမလေးကို 7-11 စတိုးဆိုင်မှာ အလုပ်သွင်းပေးပါလေရော.. အလုပ်ရှင်က ကျမမွေးနေ့ကို တွေ့တော့ ၁၈နှစ်ပြည့်ပြီးတာနဲ့ အလုပ်လာလုပ်လို့ အံ့တောင်သြနေသေးတယ်.. အဲဒီလို အလုပ်လုပ်ဖို့စောင့်နေတာ... အလုပ်ဝင်ခါစမှာတော့ ဘယ်လိုပစ္စည်းကို scan ဖတ်တယ်.. ပိုက်ဆုံဘယ်လိုအမ်းတယ်.. အဲဒါကိုပဲ မြန်မြန်နဲ့မှန်မှန်ဖြစ်အောင် လေ့ကျင့်ရတာပေါ့.. မြန်မာပြည်မှာလဲ အကြွေကိုင်လေ့မရှိတော့ အဲဒိအကြွေတွက်ရတာကို တော်တော်ကျင့်ယူခဲ့ရတယ်.. နောက်ပြီး ဆေးလိပ်ပေါင်းမျိုးစုံနဲ့ ဆေးလိပ်အရသာပေါင်းမျိုးစုံကိုလဲ တော်တော်ကျွမ်းကျင်သွားတယ်.. ပြီးတော့ ဖုန်ကဒ်ပေါင်းမျိုးစုံနဲ့ မိတ်ဆက်ရတယ်.. အဲ.. ပြီးတော့ ဝယ်သူက ဟိုပစ္စည်းဘယ်နားထားလဲ.. ဒီပစ္စည်းဘယ်နားထားလဲကလဲ.. အင်္ဂလိပ်လိုတစ်မျိုး.. တရုတ်လိုတစ်ဖုံ.. လာမေးခံရပါတယ်.. များသောအားဖြင့်.. "Where is the eight (အိတ်ခ်)" လို့လာလာမေးကြပါတယ်.. ကျမလဲ အဲဒါဘာကိုမေးမှန်းမသိပါဘူး.. ဘေးကလူကိုပဲ လက်တို့တို့ပြီးခေါ်ပေးလိုက်ပါတယ်.. နောက်ပိုင်း စျေးရောင်းတာနဲနဲနပ်လာတော့.. ကျမ မသိတဲ့ ပစ္စည်းလာမေးရင်.. မရှိတော့ဘူး.. ကုန်သွားပြီလို့ပဲပြောလွှတ်လိုက်ပါတယ်.. အဲလိုတော်တာ.. သဠေးသိရင်တော့.. မလွယ်ဘူး.. တစ်နေ့ ကျမတစ်ယောက်ထဲရှိတုံး မိန်းမကြီးတစ်ယောက်က အဲဒိ.. (အိတ်ခ်) ဆိုတာကြီးကိုထပ်လာမေးပါတယ်.. ကျမလဲ ထုံးစံအတိုင်း.. ကုန်သွားပြီ.. ရှိတော့ဘူးလို့ပြောလိုက်ပါတယ်.. ဒါနဲ့ အဲမိန်းမကြီးက တခြားပစ္စည်းရှာရင်းနဲ့ အဲဒိသူလိုချင်တဲ့ (အိတ်ခ်)ဆိုတာကြီးကိုတွေ့တော့.. ကျမဆီယူလာပြီး ပြပါတယ် ဒီမှာ.. ဒါ အိတ်ခ်မဟုတ်လို့ဘာရမှာလဲ.. နင်နေရာထားမှားတာလား"တဲ့..
သူပြောတဲ့ ပစ္စည်းကိုကြည့်လိုက်တော့... ကြက်ဥတွေဖြစ်နေတယ်.. ကျမငယ်ငယ်ကသင်ဖူးခဲ့တာ..
"egg = အက်ခ်" ပါ... သူတို့စလုံးတွေက အိတ်ခ်လို့ခေါ်ကြသတဲ့.. ခုထိဘာက အမှန်မှန်းတောင်မသိတော့ပါဘူး.. ဒါပေမဲ့ ဒီမှာ အက်ခ်လို့ပြောရင်နားမလည်ကျတဲ့ အတွက်.. ကျမလဲ လိုက် အိတ်ခ်လိုက်ရပါပြီ... အက်ခ်လို့ပြောရင်ပဲ ကျမတို့မြန်မာတွေက ငါးပိသံနဲ့ ပြောတယ်.. သူတို့ပြောတာမှ အမှန်လို့ပြောခံရပါတယ်..
ပြောချင်တဲ့ ဝမ်းနည်းအလွဲက ဒါမဟုတ်ပါဘူး.. ခုမှလာမှာပါ...
မဗေဒါရဲ့ ဖြစ်သလိုစားစရာဆိုတဲ့ ပိုစ့်မှာရေးခဲ့တဲ့အတိုင်း.. အဲဒိအချိန်တုန်းက ကပ်စေးနဲတာရော.. အိမ်လဲပိုက်ဆံမတောင်းချင်တော့ ပျက်တုန်း လက်တုန်း ၂၃လောက်ဆိုရင် ဘေးဆိုင်က ပေါင်မုန့်လောက်နဲ့ပဲ ၂ပါးသွားခဲ့ပါတယ်.. တစ်နေ့မန်နေဂျာက ကျမကို နင်စားချင်ရင် ရေခဲသေတ္တာထဲက expired fast food တွေစားလို့ရတယ်တဲ့.. ဒီနေ့ပဲ expire ဖြစ်သွားတာတဲ့.. အဲဒိမုန့်တွေက expired ဖြစ်ပြီး ၂ရက်အတွင်းထိ စားလို့ရသေးတယ်တဲ့.. အဲလိုပြောတော့ ကျမက အမှန်တော့ မစားချင်ပါဘူး.. ဒါပေမဲ့ မန်နေဂျာက ကျွေးနေတော့ မစားဖူးလဲ မပြောရဲပါဘူး.. ဆိုင်က တခြားလူတွေအကုန်လဲ အဲဒါပဲ စားကြတယ်.. ဒါနဲ့ ကျမဘရိတ်ချိန်မှာ အဲဒိထဲက Pasta ထုတ်လေးကိုယူပြီး ရုံးခန်းထဲမှာ သွားစားတာပေါ့...
Pasta က ခရမ်းချဉ်သီးနဲ့ ချက်ထားတာပါ.. ချဉ်စုတ်စုတ်အရသာလေးပေါ့... ပြီတော့ အဲဒိ Fast food ဆိုတာမျိုးက ပေါ့ရွှတ်ရွှတ် ဖွယ်တယ်တယ် အရသာတွေလေ... တစ်ခါမှလဲ မစားဖူးတော့.. အဲလို အရသာမှန်းဘယ်သိမလဲ... သိတာတစ်ခုပဲရှိတယ်.. ဒီမုန့်တွေက expired တွေဆိုတာပဲ.... ဒီလိုနဲ့ အဲဒိ ချဉ်စုပ်စုပ်ခရမ်းချဉ်သီး Pasta ကို တစ်လုတ်စားကြည့်တော့ မဗေဒါ ဘယ်လိုမှမကြိုက်ပါဘူး.. စိတ်ကဖြစ်နေလို့လဲ ပါမှာပါ... အဲဒိတစ်လုတ်ကို သွင်းလိုက်တိုင်း.. မြန်မာပြည်မှာ ထမင်းပွဲရှေ့ရောက်စားခဲ့ရတဲ့ဘဝလေး.. ကိုယ်မကြိုက်ရင်တောင် ဂျီးများပြီး.. မစားဘူး.. ဘာညာနဲ့ ဗိုလ်ကျခဲ့တဲ့ဘဝလေးကို သွားသတိရမိတယ်.. အဲလိုသတိရမိတော့ မဗေဒါလဲ တလုတ်သွင်းလိုက်တိုင်း.. မျက်ရည်ပေါက်ပေါက်ကျမိတယ်.. မြန်မာပြည်မှာ မိဘက ကိုယ့်အတွက် ဆီဦးထောပတ်ပဲ ကျွေးတာ.. ဒီနိုင်ငံရောက်မှ expire မုန့်ကိုစားနေရပါလားဆိုပြီး.. ရင်ထဲမှာစို့နင့်နေမိတယ်... ပါးစပ်မှာ ခေါက်ဆွဲတန်းလန်းနဲ့ကို ဆက်မမြိုချနိုင်တော့ဘူး.. လောကမှာ ကိုယ့်လောက်သနားစရာကောင်းတာ ဘယ်သူမှမရှိဘူးလို့ အဲဒိအချိန်မှာထင်မိတယ်... ဟဲ.. ဟဲ.. သနားသွားကြပြီလား.. အဲဒိ ပထမဆုံးအချိန်ကတော့ အဲလိုတကယ်ကို ဖြစ်ခဲ့တာ.. နောက်ပိုင်းကျတော့.. expire မုန့်တွေက Pasta.. Burger.. Pizza အဲလိုမျိုးတွေကျန်တာလေ.. Pasta ကတော့ မိတ်ဆက်မှာတင် အဝင်မကောင်းခဲ့တော့ ဘယ်လိုမှမကြိုက်ခဲ့ဘူး.. Burger တို့.. Pizza တို့တော့ ကြိုက်တယ်.. မုန့်တွေများ expire ရက်နီးလာပြီဆို ရေခဲသေတ္တာနားသွားပြီး မုန့်တွေစီရင် အဲဒိမုန့်လေးတွေကို နောက်နားလေးမှာ ဖွက်ထားတာပေါ့... ဒါမှ ဝယ်သူက မမြင်လို့ expire ဖြစ်ရင် အီဖေကိုတို့ အတွက် ကျန်မှာလေ... လုပ်ဖော်ကိုင်ဖက် စလုံးတွေလဲ ဒီအတိုင်းပဲ.. expire မုန့်က နေ့လည် ၁၂နာရီကျော်တာနဲ့ သိမ်းလိုက်လို့ရပြီလေ.. ၁မိနစ်ကျော်တာနဲ့ သိမ်းဖို့ အိတ်နဲ့ကိုစောင့်နေတာ.. ကျမကြိုက်တဲ့ burger များ နောက်ဆုံးအချိန်မှ ဝယ်ခံလိုက်ရရင်.. ဝယ်သူကို စေတနာထားလွန်းလို့.. ဒါက expire ဖြစ်ခါနီးပြီနော်... အိုကေရဲ့လားလို့ သေချာပြောပြီးမှကိုရောင်းတာ.. သူတို့ က ပိုက်ဆံပေးဝယ်ရတာလေ.. အသစ်ပဲ စားသင့်တာပေါ့.. ကိုယ်တို့ကတော့ အလကားစားရတာဆိုတော့.. ဒါမျိုးစားနိုင်တာပေါ့.. ဟဲ.. ဟဲ.. ဘဝက သင်ပေးလိုက်တာတွေလေ.. မိဘမေတ္တာတွေ အိမ်ထမင်း အိမ်ဟင်းတွေကို တန်ဖိုးထားရကောင်းမှန်း ကောင်းကောင်းသဘောပေါက်သွားလေရဲ့.....................
Sunday, November 23, 2008
ဂျပန်ခရီးစဉ် Day 2
စကားပြောသံတွေကြားတော့ မျက်လုံးမပွင့်တပွင့်နဲ့ ကျမဖွင့်ကြည့်လိုက်မိတယ်.. ဝေဝေဝါးဝါး အမြင်အာရုံကြားမှာ.. သူမဟိုသွားလိုက် ဒီသွားလိုက်လုပ်နေတယ်.. သူမအဒေါ်ကတော့ မှန်တင်ခုံရှေ့မှာ လိမ်းခြယ်နေတယ်.. မီးဖိုချောင်နဲ့ ဧည့်ခန်းကတွဲရက်ဆိုတော့.. အဲဒိကနေ သူမအမေရဲ့ ချက်ပြုတ်သံနဲ့အတူ.. သူမကို စကားလှမ်းပြောနေတဲ့အသံကြားနေရတယ်.. သူတို့ တစ်အိမ်လုံးနိုးနေပြီ.. ဂျပန်နိုင်ငံဆိုတော့ အိမ်တွေက ကျင်းတယ်လေ.. ကျမလဲ အားနာနာနဲ့ပဲထလိုက်မိတယ်.. ဧည့်သည်က နောက်ဆုံးမှနိုးတော့ ကျမနည်းနည်းအားနာမိတယ်.. သူမနဲ့ခင်မင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကနေ ၂ဝဝ၈ရောက်မှ သူမမေမေကို ကျမပထမဆုံးတွေ့ဖူးမှာဖြစ်လို့ ကျမစိတ်တွေလှုပ်ရှားနေမိခဲ့တာ ဒီခရီးကို စတင်စီစဉ်ကတည်းကပါ.. ကျမအတွေးထဲမှာ သူမမေမေက ကျမကိုသူ့သမီးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့ နှစ်သက်ပါ့မလား.. ကျမအနေအထိုင်ကိုသဘောကျပါ့မလား.. သူမဖေဖေက ကျမနဲ့ဆို သူမကိုစိတ်ချသလို သူမမေမေကရော ကျမနဲ့ စိတ်ချပါ့မလား.. အတွေးပေါင်းစုံနဲ့အတူ.. ကျမ ဧည့်ခန်းထဲထွက်လိုက်တယ်.. သူမမေမေက အပြုံးနဲ့ဆီးကြိုနှုတ်ဆက်တယ်.. ကျမတို့စားဖို့မနက်စာပြင်ဆင်နေတယ်... ကျမလဲရီပြနှုတ်ဆက်.. မျက်နှာသစ်သန့်စင်ပြီး.. စလုံးကပါလာတဲ့လက်ဆောင်တွေ.. ထုတ်ပေးလိုက်တယ်... သူမမေမေလဲ သူမဖေဖေလိုပဲ သဘောကောင်းတဲ့ သူတစ်ယောက်ပါ.. စီစဉ်ထားတဲ့မုန့်တွေများမှများ.. အတင်းစားခိုင်းတာ.. အားနာနာနဲ့ အကုန်စားပြစ်ခဲ့ပါတယ်.. မစားရင် စေတနာစော်ကားသလိုဖြစ်မှာစိုးလို့.. နောက်.. သူမက အလုပ်မသွားခင်.. နင်ဒီနေ့ ငါ့အမေနဲ့ သွားတဲ့.. ကမကုရာ ဘုရားကိုလိုက်ပို့ပေးလိမ့်မယ်တဲ့.. ငါ့အမေဒီနေ့ အလုပ်နေ့ဝက်နားတယ်တဲ့.. ကြောက်လဲကြောက်အားလဲနာမိတယ်... ကျမရှိနေလို့ သူတို့မိသားစုရဲ့ အချိန်ဇယားတွေကို နေရာဝင်ယူပြီး မနှောင့်ယှက်ချင်ဘူး.. ဒါပေမဲ့ သူ့အမေက တကယ်အားတယ်.. လိုက်ပို့ပေးမယ်ဆိုတော့လဲ ကျမသိပ်မငြင်းတော့ဘူး.. ပထမဆုံးအကြိမ်ဆိုတော့လဲ ကျမ မသွားတတ်ခင်အဖော်လိုတာအမှန်ပင်....
မနက်စာစားပြီးတော့ ကျမသူငယ်ချင်းနဲ့ သူ့အဒေါ် အလုပ်ထွက်သွားကြပြီး.. ကျမလဲ ရေမိုးချိုး ပြင်ဆင်ပြီး အန်တီနဲ့အတူ "တဘတ" (TABATA) ဘူတာကိုလျှောက်ပြီးရထားစီးဖို့ထွက်ခဲ့တယ်.. အိမ်အောက်ဆင်းလိုက်တာနဲ့ မျက်လုံးထဲ တစ်ခုခုရှုတ်နေသလိုခံစားလိုက်ရတယ်.. မနေ့ညက ဘူတာက အိမ်ကို အထုတ်တွေနဲ့လမ်းလျှောက်ထဲက စိတ်ထဲမှာ တစ်ခုခုရှုတ်နေတာ.. ဒါပေမဲ့ ခုမနက်ကျမှ ကျမအဖြေကိုသိတော့တယ်... လျှပ်စစ်ဓာတ်ကြိုးတွေ.. ဓာတ်တိုင်တစ်တိုင်နဲ့တစ်တိုင် မြန်မာပြည်ကလို ဓာတ်ကြိုးဓာတ်တိုင်တွေရှိတယ်.. စကာင်္ပူမှာအနေများပြီး ဓာတ်ကြိုးတွေကို မြင်လေ့မရှိတဲ့ ကျမအတွက် နဲနဲတော့ မျက်စိရှုတ်တာအမှန်. ဒါပေမဲ့ အဖြေသိသွားတော့လဲ မရှုတ်တော့...
ကမကုရာ ဘုရားသို့....
သူမမေမေက ဘူတာကနေ ရထားကဒ် ဂျပန်လို "suica" (ဆူရိက) ကဒ်ဝယ်ပေးသည်... ယမ်း ၂၅ဝဝ ပေးရသည်... ၂ဝဝဝ က ကဒ်ထဲမှတန်ဖိုး.. ၅ဝဝ က ကဒ် ဒီပိုးဇစ်.. ကဒ်ပြန်အပ်လျှင်ပြန်ရမည်.. နောက်ရထား ဟိုပြောင်းဒီပြောင်းလုပ်ပြီး တော်တော်လေးသွားရသည်.. ကမကုရာ ဘူတာမှာဆင်းပြီး.. ဘတ်စ်ကားထပ်စီးသည်.. ကျမအင်တာနက်မှာ ရှာခဲ့သည့် သွားပုံမျိုးနှင့်တော့ သိပ်မတူ.. ဒါပေမဲ့ အန်တီနောက်ကိုပဲ တိတ်တိတ်လိုက်ခဲ့သည်.. အဲဒိဘက်က တိုက်အိမ်လေးတွေက လုံးချင်းအိမ်ပုလေးတွေ.. အိမ်လေးတွေ အောက်ခန်းလေးတွေက ရုပ်ရှင်ထဲကလို ဆိုင်လေးတွေတည်ထားသည်.. ဘတ်စ်ကားပေါ်ကို အထက်တန်းကျောင်းဝတ်စုံလေးတွေနဲ့ကောင်လေး ကောင်မလေးတွေတက်လာတော့ ငါကြည့်နေကျရုပ်ရှင်တွေထဲက ဝတ်စုံတွေအတိုင်းပါလားလို့တွေးပြီး စိတ်ထဲကသဘောကျမိသည်.. ဒါပေမဲ့ သူတို့အရွယ်လေးတွေက တကယ့်ကို ကလေးတွေ ၁၅နှစ် ၁၆ နှစ်အရွယ်လေးတွေ.. ရုပ်ရှင်ထဲကမင်းသားတွေ အဲလိုဝတ်စုံလေးနဲ့ဆိုရင် စိတ်ထဲက ရင်ခုန်မိပင်မဲ့.. အပြင်မှာ ဒီဝတ်စုံဝတ်တဲ့ အရွယ်ဆိုတာ ဒီအရွယ်လေးတွေပါလားဆိုတာတွေးမိတော့.. ဂျပန်ကျောင်းသားရုပ်ရှင်ကားလေးတွေ ကြည့်ပြီး ရင်ခုန်မိတာကိုပင်ရှက်မိသည်.. ဇယာက စကားပြောတာရယ်လေ... ဟဲ.. ဟဲ...
သူတို့ရဲ့ တိုက်ပုံစံတွေ... ဈေးတန်းလေးတွေ... သစ်ပင်တွေ... တောင်တန်းတွေ.. အားလုံးကို တွေ့ရတာ.. အိပ်မက်ထဲရောက်နေတဲ့အတိုင်းပင်.. အော်.. စကာင်္ပူနဲ့မတူတာတစ်ခုရှိသေးတယ်.. စကာင်္ပူမှာ ဘတ်စ်ကားစီးရင် ရှေ့ပေါက်ကတက်တာနဲ့ ပိုက်ဆံပေး.. ကဒ်နဲ့စီးရင် ကဒ်ကို စက်မှာ ကပ်.. ပိုက်ဆံသမားက အဆင်းမှာ ဒီတိုင်းဆင်းသွားယုံပဲ.. ကဒ်နဲ့ဆို အဆင်းမှာတစ်ခါထပ်ကတ်ရတယ်.. ဂျပန်မှာကျတော့ အနောက်ပေါက်ကနေတက်ရတယ်.. တက်ပြီးဘာမှမပေးရဘူး.. အဆင်းကျမှ အရှေ့ပေါက်မှာသွားပေးရတယ်... ဒါပေမဲ့ အရှေ့ပေါက်ကတက်ပြီး အရင်ပေးရတဲ့ ဘတ်စ်ကားတွေလဲရှိတယ်လို့ပြောတယ်.. ဘယ်လိုကြည့်ရလဲတော့ ကျမလဲမသိ...
ဘုရားရောက်တော့ ဝင်ကြေး ယမ်း ၂ဝဝ ပေးရသည်.. ဘုရားက တော်တော်သပ္ပါယ်သည်.. အမိုးအကားမရှိတဲ့ ရင်ပြင်တော်ပေါ်မှာ မားမားထီးထီးကြီး တင်ပလ္လင်ခွေထိုင်လျက်ပုံ..ဘုရားကြောင်းထဲမဝင်ခင် အုတ်ရေကန်လေးလိုနေရာမှာ သူတို့ ဂျပန်တွေက လက်ဆေး မျက်နှာသစ် ရေသောက်တွေလုပ်ကြသည်... ကျမလဲ ဘာမှန်းတော့ မသိ.. လိုက်လုပ်သည်.. မြန်မာတွေနဲ့လဲတွေ့သည်.. ဒီဘုရားကို မြန်မာတော်တော်များများလာသည်ဟု အန်တီကပြောသည်.. မယ်ဂုမီရေးပေးတဲ့ ပိုစ့်မှာလဲ ဖတ်ရတော့ ကျမ နဲနဲတော့ သိသည်.. လူလဲအတော်များသည်.. တိုးဂိုက်နဲ့လာတဲ့ ဂျပန်တွေလဲရှိသည်.. ဂျပန်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်းကို တိုးဂိုက်နှင့်လာတဲ့သူကရှိသေးသည်... တခြားနယ်ကဖြစ်မည်ထင်သည်.. ဒါမှမဟုတ်.. သူတို့နိုင်ငံရဲ့ ပုံစံကအဲအတိုင်းပဲလားတော့မသိ... ဘုရားဖူး... အမွှေးတိုင်ပူဇော်.. ပြီးတော့ ဘုရားကြီး ခန္ဓာကိုယ် အတွင်းပိုင်းကို ဝင်ကြည့်လို့ရသည်.. တစ်ယောက် ယမ်း ၂ဝ ပေးရသည်.. အန်တီကတော့ မဝင်တော့.. ကျမပဲ ရောက်ဖူးတယ်ရှိအောင်ဝင်လိုက်သည်.. အထဲမှာ ထွေထွေထူးထူးတော့ဘာမှမရှိ.. အနည်းငယ်မှောင်သည်.. ဘုရားကြီး တည်ဆောက်ပုံ တည်ဆောက်နည်းကို ဘာသာ ၄မျိုးလောက်နှင့်ရေးထားသော ခေတ်သစ်ကျောက်စာပုံမျိုးတွေ့သည်... ဖတ်ပြီး ပြန်ထွက်လာသည်..
ဓာတ်ပုံ အနည်းငယ်ရိုက်သည်.. ဘုရားကြီးဘေးက ဗုဒ္ဓညှပ်ဖိနပ်ဆိုသည့် ဖိနပ်အကြီးကြီးနှင့်လဲ ဓာတ်ပုံရိုက်သည်.. အန်တီကိုအားနာလို့ တနေရာမှာထိုင်ခိုင်းပြီး ကျမတစ်ယောက်ထဲ တွေ့တဲ့သူခေါ်ရိုက်ခိုင်းရသည်.. အင်္ဂလိပ်လိုနားမလည်ပင်မဲ့ ဟန်ပန်နဲ့ ကင်မရာပြပြီးပြောတော့ အားလုံးက လှိုက်လှိုက်လှဲလှဲရိုက်ပေးကြသည်... ဂျပန်တွေက သူတို့နိုင်ငံကို အရမ်းဂုဏ်ယူတော့ သူတို့နိင်ငံအလည်လာတဲ့သူတွေကိုလဲ နိုင်ငံအလှကိုကြွားချင်တော့ အားလုံးက စိတ်လိုလက်ရသေချာရိုက်ပေးသည်.. တချို့ရိုက်တာလဲ ကြိုက်သည်.. တချို့တော့သိပ်စိတ်တိုင်းမကျ.. ဒါပေမဲ့ ကွန်ပလိန်းများလို့မရ.. ရိုက်ပေးလို့ ကျေးဇူးတောင်တင်ရအုံးမည်... ဘုရားရှေ့မှာ အန်တီနှင့် ၂ယောက်ရိုက်တော့ မြန်မာလူကြီးတစ်ယောက်တွေ့လို့ အကူညီတောင်းရိုက်ခိုင်းသည်.. ကျေးဇူးတော့ တင်လိုက်ရသည်.. ဒါပေမဲ့ စိတ်တိုင်းမကျ.. ဖြစ်သလိုရိုက်ပေးသည့်ပုံမျိုး.. ခြေထောက်ကမပါ.. ဘုရားဦးခေါင်းတော်က ပျက်နေသည်.. ရိုက်ပြီး ကောင်မလေးတစ်ယောက်က " ဆရာ.. ဆရာ.. ဓာတ်ပုံရိုက်မယ်..ဟိုဘက်ကိုလာပါ" လို့လာခေါ်လို့ ထိုလူလိုက်သွားသည်.. အန်တီက "ဆရာတဲ့ ဘာဆရာလဲတော့ မသိဘူး" .. ဟုပြောသည်.. ကျမလဲ စိတ်ပေါက်ပေါက်နှင့်.. "အင်း.. ဓာတ်ပုံဆရာမဟုတ်တာတော့ သေချာတယ်" လို့ပြောပြီး ၂ယောက်သား ရယ်ဖြစ်ကြသေးသည်.. နောက်မှ ဂျပန်မလေးတစ်ယောက်ကို အကူညီတောင်းထပ်ရိုက်ခိုင်းတော့ သေသေချာချာ ၂ပုံတောင်ရိုက်ပေးသည်.. အဲဒိကောင်မလေးကတော့ အတော်ချောသည်... ဂျပန်မလေးတွေက မိတ်ကပ်အရမ်းလိမ်းပြီး.. အတုတပ်ထားတာတွေများသည်.. အဝတ်အစားတွေကလဲ လှတော့ မည်သူမဆိုလှနေသည်ဟုထင်ရသည်... အဲဒိဓာတ်ပုံရိုက်ပေးသည့် ကောင်မလေးကတော့ ထုံးစံအတိုင်းမိတ်ကပ်လိမ်းအလှပြင် အတုတပ်ထားပေမဲ့ ပင်ကိုယ်လဲလှသည်.. ကျမဂျပန်မှာတွေ့ခဲ့သမျှထဲမှာ သူမအလှဆုံးပင်..(ပလပ်စတိတ် ဆာဂျူရီလုပ်ထားရင်တော့ မသိပါ)..
Tsurugaoka Hachimangu ဘုရားကျောင်း
နောက်ပြီး ကျမ အင်တာနက်မှာရှာလာသည့် ကမကုရာဘုရားနှင့်နီးသည့် ဘုရားကျောင်းအကြောင်းကိုပြောတော့.. အန်တီကမသိ.. ဒါပေမဲ့ သူလိုက်ပို့ပေးသည်.. ဟိုမေးဒီစမ်းနှင့်... ကျမကတော့ တစ်နေရာရောက်လို့သူမေးလျှင် စာအုပ်ထုပ်ထုပ်ပြီး အဲဒိဘုရားနာမည် Tsurugaoka Hachimangu ဆိုတာကို ဖတ်ပြရသည်..အဲဒိဘုရားက ကမကုရာဘူတာကနေ အလွန်လူရှုပ်သော ဈေးတန်းလမ်း (the busy Komachi-dori shopping street) ကိုဖြတ်သွားရသည်.. အဲဒိလမ်းဆုံးလျှင် အဲဒိဘုရားကျောင်းကို ရောက်သည်.. လမ်းကရှည်ပြီး တောက်လျှောက်တစ်ဖက်တစ်ချက် ဈေးတန်းတွေချည်း.. လူလဲတော်တော်ရှုပ်သည်.. မဗေဒါကလဲ အကျင့်အတိုင်း ဘယ်လောက်လူရှုပ်ရှုပ်.. ဗွီဒီယိုလေးတော့ ရိုက်ဖြစ်အောင်ရိုက်သည်.. မိမိကိုယ်ကိုပြန်ရိုက်ရတော့.. လက်ကိုဆန့်ပြီးကင်မရာကိုင်လျှောက်ရတော့ ဘေးလူတွေကို သွားသွားရိုက်မိသည်... မဗေဒါလဲ "ဆူမီမာစံ" နဲ့ "ဂိုမေ့နာဆိုဒ်" နှစ်လုံးနှင့်လုပ်စားလာသည်.. "excuse me".. "I'm sorry".. ဟုတ်မဟုတ်မသိ.. မရလျှင် အင်္ဂလိပ်လိုပြောလိုက်သည်.. အင်္ဂလိပ်လိုပြောလျှင်တော့ သူတို့တွေ လာလည်သူမှန်းသိ၍ ဘာမှမပြော... အိုကေ နဲ့ပြီးသည်..
ဒီလိုနှင့် ဟိုငေးဒီငေး.. အမြည်းပေးတာလေးတွေလိုက်မြည်း... ဒီလိုနဲ့ လမ်းတောင်ဘယ်လိုဆုံးသွားမှန်းမသိ..
ဘုရားကျောင်းက အဝင်ဝကနေ မြေကြီးလမ်းလေးကို ထပ်လျှောက်ရသေးသည်.. အနီရောင် မုန့်ဦးတွေကတော့ ဘုရားကျောင်းတိုင်း ပုံစံတူသည်.. အဲဒိဘုရားကျောင်းမှာ ကီမိုနိုဝတ်ထားသည့် ကလေးလေးတွေ.. ဂျပန်မကလေးလေးအမေတွေတော်တော်များသည်.. ကီမိုနိုနဲ့ ဂျပန်မတွေလဲ သူ့ယဉ်ကျေးမှုနဲ့သူ ကျက်သရေရှိရှိလှကြသည်.. ကလေးလေးတွေကိုတော့ အသည်းယားသည်.. ကီမိုနိုနှင့် ယိုင်တိုင်ယိုင်တိုင်လမ်းလျှောက်နေကြသည်.. ဘုရားကျောင်းလမ်းဆုံးတော့ အဓိက အဆောက်အအုံပေါ်ကိုတက်သည့် လှေကားထစ်တွေတွေ့သည်.. ကျမအတွက်ကတော့ စိတ်အတော်ကြည်လင်သည်.. စကာင်္ပူလို သဘာဝရှုခင်းနဲ့ဝေးပြီး.. ပူအိုက်နေတဲ့ရာသီဥတုနိုင်ငံမှာနေပြီး.. ခုလို သဘာဝအရသာပြန်ခံစားရတော့ တော်တော်လေး စိတ်အပန်းပြေသည်.. မြန်မာပြည်မှာတုန်းကလဲ ခရီးခဏခဏထွက်တတ်တဲ့ ကျမတို့မိသားစု စကာင်္ပူမှာတော့ သဘာဝရှုခင်းကို လွမ်းတိုင်း မလေးရှားကိုသာ အလွမ်းပြေသွားနေရသည်... ခုလို ကျမတစ်ယောက်ထဲ ဒီရှုခင်းတွေ ဒီရာသီဥတုတွေခံစားရတော့.. အိမ်က မိသားစုကိုအတော်သတိရမိသည်..
ဓာတ်ပုံတောင် ကောင်းကောင်းရိုက်ချိန်မရလိုက်.. အန်တီက ညနေအလုပ်ရှိ၍ တစ်ယောက်တည်းလဲ မပြန်တတ်သေးတော့ ကမန်းကတန်းပြန်လာရသည်.. .. ဒါနဲ့ အဆင်းကျတော့မှ.. တွေ့တဲ့ ဂျပန်မိန်းမတစ်ယောက်ကို မှတ်တမ်းတင်ရုံသဘော အမြန်ရိုက်ခိုင်းရသည်.. လှ မလှလဲ ဂရုမစိုက်နိုင်တော့.. တနေကုန်လျှောက်သွားထားတဲ့ပုံ.. ပိုက်ဆံအိပ်အကြီးကြီးနှင့်.. လည်ပင်းမှာလဲ ဗွီဒီယိုကင်မရာဆွဲရက်သား.. ဗွီဒီယိုအိပ်ကလဲ စလွယ်သိုင်းလွယ်ထားသေးသည်.. တစ်ယောက်ထဲတော်တော်ရှုတ်ရှပ်ခက်နေသည်.. အောက်ကပင့်ရိုက်တော့ လူကတော့ နဲနဲကြီးနေသည်.. (အဲဒါကြောင့် အောက်က စလိုက်ရှိုးမှာ မထည့်တော့ဘူးနော်.. ဟီး.. ဟီး) ဒေါက်မြင့် လည်ရှည်ဖိနပ်ကို စီးချင်ခဲ့သမျှ ဂျပန်ရောက်မှပဲ စီးလို့ရခဲ့သည်.. တစ်နေ့လုံး ဒီဖိနပ်နဲ့လမ်းလျှောက်ထားရတော့ ခြေထောက်ကလဲ နာလာသည်.. ဒါပေမဲ့ နေလို့တော့မဝသေး.. အဲဒိအနီးတဝိုက်မှာ ဥယျာဉ်နဲ့ ရေကန်လေးရှိသည်ဟု ဖတ်ခဲ့ရသည်.. ဒါပေမဲ့ အန်တီကလဲ အလုပ်ရှိတော့ အားနာနာနှင့် ရတယ်ဟုပြောပြီးပြန်ခဲ့သည်... ကျမသွားချင်သည်ဆို၍ မသိသည့်ကြားက တကူးတကလိုက်ပို့ပေးသည်ကိုပင် ကျမအတော် ကျေးဇူးတင်လှပြီ...
အန်တီ အလုပ်က "YAMANOTE LINE" ပေါ်မှာ.. ဒါနဲ့ ကျမလဲ အန်တီနောက်ကျနေမှာစိုး၍ အိမ်ပြန်လိုက်ပို့စရာမလိုကြောင်း ကျမဘာသာပြန်တတ်ကြောင်းပြောလိုက်သည်.. အန်တီက ကျမကို ပထမဆုံးရက်ဖြင့် အိမ်ကိုယ့်ဘာကိုယ်ပြန်တတ်သည်ဟုပြောခြင်းကို စိတ်ချပုံမရ.. ပြန်တတ်ရဲ့လားဟု ထပ်ခါထပ်ခါမေးသည်... ကျမကလဲ သေချာသည်.. ကိုယ့်ဘာသာကိုယ်လဲ တစ်ယောက်ထဲ စွန့်စားချင်သည်... ကျမထွက်လာထဲက တစ်ယောက်ထဲလျှောက်သွားချင်၍ ထွက်လာခြင်းပင်. လမ်းပျောက်လျှင် တိုက်စီငှားပြန်လို့ရသေးသည်.. သိပ်တော့ မကြောက်ပါ.. အထူးသဖြင့် ရာမနိုတယ် လိုင်းပေါ်ရောက်လျှင် ကျမသူတို့အိမ်ကို ကောင်းကောင်းပြန်တတ်သည်.. အဲဒိလိုင်းက ဂျပန်ရဲ့ မြို့ထဲ အထင်ကရနေရာတွေကို ပတ်ပြီးမောင်းနေသော ရထားဖြစ်သည်.. သူတို့အိမ်ရှိသော နေရာကိုလဲရောက်သည်.. ဒါဆို မပြန်တတ်စရာအကြောင်းမရှိ.. နောက်ရက်တွေ ကျမတစ်ယောက်ထဲ သွားရဲဖို့ ဒီနေ့ထဲက အကျင့်လုပ်ယူထားမှရမည်..
အိမ်ပြန်ရောက်တော့ ကျမတစ်ယောက်ထဲ... ကျမလဲ အိမ်မှာ ၁ယောက်ထဲမနေချင်တာနဲ့... မျက်နှာသစ်.. ဖိနပ်လဲပြီး သူတို့အိမ်နားတစ်ဝိုက် လျှောက်ကြည့်သည်.. ပြီးတော့ ဆီတစ်ပုံး ဆန်တစ်အိတ်ဝယ်ပြီး ပြန်လာလိုက်သည်.. (အဲဒိမှာလဲ လွဲသေးသည်.. ဆီမှတ်ပြီးဝယ်လာတာ ရှာလကာရည်ဖြစ်နေသည်.. အားလုံး ဂျပန်လိုရေးထားတော့ ကျမလဲ မသိ.. စကာင်္ပူမှာတော့ ရှာလကာရည်နဲ့ ဆီအရောင်လဲကွာသည်.. ပုံးပုံစံလဲကွာသည်.. ဂျပန်မှာတော့ တကယ်မှားလောက်သည်.. နောက်နေ့မှ ဖြတ်ပိုင်းပြန်ပြပြီးလဲရသည်).. ဘယ်လိုပဲ ဖြစ်ဖြစ် ကျမပြောသမျှရော သူတို့ပြောသမျှရော တစ်လုံးမှနားမလည်တဲ့နိုင်ငံမှာ ၁ယောက်ထဲလျှောက်သွားရတာလဲ အရသာတစ်မျိုးကောင်းသည်... ကိုယ်ကြိုးစားပမ်းစား အမူအရာလုပ်ပြီးပြောလိုက်တာကို တစ်ဖက်လူနားလည်သွားလျှင် တော်တော်ပျော်သည်... သူပြောချင်တာကို နားလည်အောင် အားစိုက်ထုတ်ရတာလဲ စိတ်ဝင်စားဖို့ကောင်းသည်.. ကျမအတွက်တော့ တကယ့်အတွေ့အကြုံသစ်တစ်ခုပင်...
Ikebukuro shopping district (အီကဲဘူကူရို)
ပစ္စည်းတွေဝယ်ပြီး အိမ်ပြန်ရောက်တော့ ကျမသူငယ်ချင်းနဲ့သူ့အဒေါ် အလုပ်ကပြန်ရောက်နေပြီ.. ဒီလိုနဲ့ ထမင်းစား.. ညဘက်ဘယ်ထွက်မလဲတိုင်ပင်တော့.. ဂျပန်ရဲ့ အကြီးဆုံး Shopping district တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Ikebukuro ကိုသွားမယ်ဆုံးဖြတ်လိုက်တယ်.. သူတို့လဲ သူတို့ရောက်ဖူးပြီးသားနေရာပဲ ကျမကို လိုက်ပို့တတ်တယ်.. ဒီလိုနဲ့ ကျမတို့တွေ ညစာစားပြီး အီကဲဘူကူရို ကို ထွက်လာကြတယ်.. သူတို့ပထမရောက်တဲ့ အခေါက်က ထွက်ပေါက်ကို မမှတ်မိတော့လို့.. တွေ့တဲ့ ထွက်ပေါက်တစ်ခုကပဲ ထွက်လိုက်ဖို့ ကျမအကြံပေးလိုက်တယ်.. ကျမလို စကာင်္ပူကလာတဲ့ သူအတွက်ကတော့ ရှော့ပင်းမောဆိုတာ သိပ်တော့ မထူးဆန်းပါဘူး.. တစ်ခုပဲရှိတယ်.. သူတို့ ရှော့ပင်းမောက ဖက်ရှင်တွေကတော့ လှတယ်.. ဆောင်းရာသီဝတ်တွေရောင်းနေပြီ.. အနွေးထည်တွေကလဲ လှမှလှ.. အရုပ်မတွေကို ဆင်ပေးထားတာ.. တော်တော်လှတယ်.. ကြည့်လိုက်ရင် ယမ်း ၁၃ဝဝဝဝ ၁၄ဝဝဝဝ နဲနဲနောနောမဟုတ်ဘူး... ကျမပါတာအကုန်လောက်ရှိတယ်.. ဒါနဲ့ပဲ ဟိုကိုင်ဒီကိုင် ဝင်းဒိုးရှော့ပင်းထွက်ခဲ့တယ်.. မနက်က ဟာချီမန်းကူ ဘုရားကျောင်းသွားတဲ့လမ်းမှာလဲ အင်္ကျီလှလှလေးတွေရှိတယ်.. ဒီရှော့ပင်းမောလောက်ကြီးဘူး... ဘရမ်း.. ဘရမ်း.. ဘရမ်းလေးကွာတာနဲ့.. ဒီတော့မှ လေဆိပ်ကတောင်းလာတဲ့ ဂျပန်ဂိုက်စာအုပ်မှာဖတ်ရတာလေး သွားသတိရတယ်.. ဂျပန်မိန်းကလေးတွေက နေအိမ်ကသာစုတ်ရင်စုတ်မယ်.. သူတို့ အကျီင်္ဘီရိုကတော့ ဘရမ်းဒက် အင်္ကျီတွေနဲ့ပြည့်နေတယ်ဆိုတာလေ...
သူတို့ဆီမှာ နာမည်ကြီးကုန်တိုက် 01city (မာရုရိ ကုန်တိုက်) ကိုရောက်တော့ ည ၈:၁၅မိနစ် ၈:၃ဝပိတ်မယ်ဆိုတော့ အမြန်ဝင်ခဲ့သေးတယ်.. နောက်တော့ ကုန်တိုက်ပိတ်တော့ ပြန်ထွက်လာပြီး ကြည့်တော့.. အားလုံးနီးပါးပိတ်ကုန်ပြီ.. သူငယ်ချင်းက ဘယ်သွားချင်သေးလဲတဲ့.. ဒါပေမဲ့ တော်တော်များများကလဲ ပိတ်နေပြီ.. ကျမလဲ မနက်က ပင်ပန်းထားတာရော.. ဂျပန်ရဲ့ညကို အထင်သေးပြီး အနွေးထည်ကောင်းကောင်းမဝတ်ခဲ့ပဲ.. ပဝါလောက်နဲ့ထွက်လာတာရောဆိုတော့.. ညကိုးနာရီလောက်ကျတော့ တပ်ခေါက်ဖို့ပြောလိုက်တယ်.. သူတို့က ကျမကို စောစောစီးစီးတပ်ခေါက်လို့ အန့်အောနေတယ်.. ကျမ မနက်က သွားထားတာတွေ သူတို့မသိပဲနဲ့.. အိမ်ပြန်ရောက်တော့ ဗွီဒီယိုချိန်ပြီး.. ကျမတို့ ၂ယောက် ဂျပန်ပိုက်ဆံနဲ့ စကာင်္ပူ ပိုက်ဆံအကြောင်းပြောပြီး ရယ်နေရသေးတယ်... ဘယ်လိုပဲ ဖြစ်ဖြစ်.. ဒီညနေပိုင်းလေး ဘယ်မှာပဲဖြစ်ဖြစ်.. ဘယ်နေရာပဲ သွားသွား... ကျမသူငယ်ချင်းနဲ့ တူတူ ရယ်မောပျော်ရွှင်ခွင့်ရတဲ့အတွက်.. ကျမပျော်မိတာအမှန်ပါပဲ... သူမက ကျမရဲ့ ပျော်ရွှင်ဖွယ်ကလေးဘဝ အတိတ်တွေကို တူတူဖြတ်သန်းခဲ့သူလေ......
မနက်ဖြန်သူမအလုပ်အားတယ်.. ဒစ်စနေလမ်းသွားမယ်လို့ပြောတယ်.. ကျမလဲ ဝမ်းသာပြီး.. မနက်ဖြန် ဆော့ဖို့ အားမွေးပြီး အိပ်လိုက်တာ... ချက်ချင်းကို အိပ်ပျော်သွားတော့တယ်.... ZZzz.....
ဆက်ရန်/

၂၅.၁ဝ.၂ဝဝ၈ အမှတ်တရများ....
မနက်ဖြန်သူမအလုပ်အားတယ်.. ဒစ်စနေလမ်းသွားမယ်လို့ပြောတယ်.. ကျမလဲ ဝမ်းသာပြီး.. မနက်ဖြန် ဆော့ဖို့ အားမွေးပြီး အိပ်လိုက်တာ... ချက်ချင်းကို အိပ်ပျော်သွားတော့တယ်.... ZZzz.....
ဆက်ရန်/
Friday, November 21, 2008
I Am Not Cool BUT...
Yes! I know...............
I am not cool
For not being able to smile at someone who back stabbed me.
I am not cool
For not being able to pretend i don't know about the lies.
I am not cool
For not being able to pretend back like friend to who-always-pretend-to-my-friend.
I am not cool
For not being able to drive him out of my dream while I am asleep.
I am not cool
For not being able to control my diet when I am hungry.
I am not cool
For being easy to get angry when I am hungry.
I am not cool
For not being able to control my anger immediately.
I am not cool
For making noise when I am angry but after that forget about it and never keep in my mind.
I am not cool
For not being able to know what I want to be.
I am not cool
For not being able to realize what I am good at.
I am not cool
For not being able to have enough confidence to achieve my dream and keep saying "I don't know what i want to be".
I am not cool
For not being able to soft and gentle as a girl.
I am not cool
For not being able to wear make up the whole day and maintain the look as a lady.
But....................... At Least,
I am COOL
For being able to realize and accept the facts that I AM NOT COOL for above things.

Sunday, November 16, 2008
ဂျပန်ခရီးစဉ် စတင်ခြင်း...
လွန်ခဲ့သော ၁လကျော်ခန့်...
အဲဒိတစ်လောက ကျမ.. သူမကိုတော်တော်လေးသတိရနေမိတယ်.. မတွေ့တာလဲ ၁နှစ်ကျော်ပြီကိုး.. ကျမက ကပ်စီးနည်းတော့ ရန်ကုန်ကသူငယ်ချင်းတွေကို ဘယ်တော့မှဖုန်းမခေါ်ဖြစ်ဘူး.. ခုတော့ တော်တော်လေးသတိရတာနဲ့ သူမကိုဖုန်းခေါ်တော့.. သူမဂျပန်က သူ့အမေဆီကို အလည်သွားတယ်တဲ့.. ၁ပတ်လောက်ရှိပြီတဲ့.. ဒါနဲ့ ၀မ်းသာသွားတာပေါ့.. မြန်မာပြည်ကိုခေါ်တာထက်စာရင် ဂျပန်ခေါ်ရတာဖုန်းခပိုသက်သာတယ်လေ.. ဟီး... ဒါနဲ့ ဖုန်းနံပါတ်တောင်းပြီးခေါ်တော့ သူမနဲ့တွေ့တယ်.. သူငယ်ချင်း၂ယောက် စကားတွေပြောရင်း သူမကို ကျမတွေ့ချင်ကြောင်း.. "ငါဂျပန်လာလည်လို့ရလား" ဆိုပြီး ပြောလိုက်တော့.. သူမက "ရတယ်.. လာလည်"တဲ့..
ဒါပေမဲ့ အရမ်းအချိန်ကပ်သွားတာရော.. ကျမအလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အဲဒိနေ့တည့်တည့်ကို ခွင့်ယူထားတော့ ကျမလဲခွင့်မယူတော့ဘူး.. နောက်တလမှပဲသွားမယ်လို့ဆုံးဖြတ်လိုက်တယ်.. သူကလဲရောက်စဆိုတော့ ဘာမှမကျွမ်းကျင်သေးတော့ သူ့ကို ၁လအချိန်ပေးလိုက်တယ်..
ဂျပန်ဗီဇာ..
ကျမသူငယ်ချင်းက လေယာဉ်လက်မှတ်မ၀ယ်ခင် ဗီဇာအရင်လျှောက်ဖို့ တိုက်တွန်းပါတယ်.. ဗီဇာက တစ်ခါတစ်လေ reject ထိတတ်ပါတယ်.. ဒါနဲ့ပဲ ဂျပန်သံရုံးဆိုဒ်ကနေ လိုအပ်တာတွေဖတ်ပြီး.. အလုပ်ကို ဆေးခွင့်တင်ပြီး သွားလိုက်ပါတယ်... စကာင်္ပူမှာရှိတဲ့ ဂျပန်သံရုံးက အော့ချက်လမ်းဘက်ကလာရင် မြန်မာသံရုံးလမ်းမရောက်ခင်လမ်းလေးပါ.. ဘေးချင်းကပ်လမ်းပေါ့.. အထဲတော်တော်ဝင်ရပါတယ်..
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့..
၁) အလုပ်ကထောက်ခံစာ (လစာနှင့်တကွ)
၂) IC မိတ္တူ
၃) ဘဏ်စာအုပ် နောက်ဆုံးတစ်လအတွင်း (အနည်းဆုံး S$၃၀၀၀)
၎) ဗီဇာလျှောက်လွှာ (သံရုံးဆိုဒ်က ဒေါင်းလုပ်လုပ်နိုင်သည်)
၅) ပတ်စပို့ ဓာတ်ပုံ တစ်ပုံ
၆) တစ်ခါပြည်ဝင်ခွင့်အတွက် S$ ၃၈ (multiple entry ဆိုရင် ၁၀၀ကျော်တယ်ထင်ပါတယ်)
စာရွက်အပြည့်အစုံပါတော့ ချက်ချင်းလက်ခံပါတယ်.. ဗီဇာကြာမြင့်ချိန်ကတော့ 3 working days ပါ.. တစ်ချို့ကိစ္စတွေအတွက် လူပေါ်မူတည်ပြီး ၃လကြာတာတွေလဲဖြစ်တတ်ပါတယ်.. အဲဒါတော့ သူတို့ဘာကိုကြည့်လဲကျမသေချာမသိပါ.. ကျမကိုတော့ ၃ရက်ပဲကြာပါတယ်.. နောက် ၃ရက်ကြာ သူချိန်းတဲ့ရက်သွားယူတော့ ၃၈ ကျပ်ပေးလိုက်တော့ ၁၅ရက်ဗီဇာရပါတယ်..
ဗီဇာသေချာတော့မှ လေယာဉ်ရုံးကို ပိုက်ဆံချေပါတယ်.. လက်မှတ်ကို ChanBrother agent က၀ယ်ပါတယ်..
ငွေလဲနှုန်း (ကျမသွားသောအချိန်)
ပြီးတော့ ပိုက်ဆံလဲတယ်.. ဗီဇာမလျှောက်ခင် ၁ပတ်လောက်က ဂျပန်ယမ်း၁၀၀၀ = စကာင်္ပူ around ၁၃ဒေါ်လာပဲရှိပါတယ်.. ကျမလဲဗီဇာလျှောက်ပြီးရော.. US ကဘဏ်ပြဿနာတတ်တာနဲ့ ဒေါ်လာဈေးတွေထိုးကျသွားပါတယ်.. စစချင်း ဂျပန်ယမ်း၁၀၀၀ = စကာင်္ပူ ၁၅ဒေါ်လာဖြစ်သွားပါတယ်.. နဲနဲစောင့်လိုက်ပြီး သွားမဲ့နေ့မတိုင်ခင် ၂ရက်လောက်ကျမှကောက်ဝယ်တော့ ဂျပန်ယမ်း ၁၀၀၀ = စကာင်္ပူ ၁၄.၆ ဒေါ်လာက အသက်သာဆုံးဈေးပါပဲ.. ၁ပတ်လောက်လဲ ဟိုဟာဝယ်.. ဒီဟာဝယ်နဲ့ ပိုက်ဆံလဲတော်တော်ကုန်ပါတယ်.. ဒါတောင်ကျမက တော်တော်ကပ်စေးနဲလို့ သိပ်မကုန်တာ..
ဒီလိုနဲ့ မဗေဒါရဲ့ အိပ်မက်လေးပြည့်ဝတော့မှာပေါ့.. သူငယ်ချင်းနဲ့လဲတွေ့ရ.. ကျမ ဘယ်တုန်းကမှ ရောက်မယ်လို့ မမျှော်လင့်ထားတဲ့.. ကျမကြည့်နေကျရုပ်ရှင်ကားထဲက နိုင်ငံကိုရောက်မှာမို့လဲ စိတ်တွေအရမ်းလှုပ်ရှားခဲ့ပါတယ်.. ၁ချက်ခုတ် ၃ ၄ ၅ ချက်ပြက်ပါပဲ.. သူမက ကျမအတွက် ကံကောင်းခြင်းတွေကို အမြဲယူဆောင်ပေးတယ်လို့ ကျမထင်မိတယ်.. သူမက ကျမရဲ့ ဟိုးငယ်ငယ်ထဲက အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါ.. သူမနဲ့ ကျမက သူငယ်ချင်းဆိုပေမဲ့ ပုံစံမတူဘူး.. ကျမက စကားများသလောက်.. သူမက စကားနဲတယ်.. ကျမက အားတိုင်း ကစားလိုက် စကားများလိုက်ဆိုပေမဲ့.. သူမက အားတိုင်း စာကျက်နေတတ်တဲ့သူ.. ဒါပေမဲ့ သူမနဲ့ အတူရှိတဲ့အချိန်မှာ ကျမဟာ.. ကျမအတိုင်းပဲရှိနေတယ်.. ဟန်ဆောင်စရာမလိုဘူး.. အားနာမှုလဲမရှိဘူး.. စိတ်ထဲရှိတာပြောလို့ရတယ်.. ရန်ဖြစ်လဲ စိတ်ထဲမှာမှတ်ထားတာမရှိဘူး.. ကျမပုံစံကိုသူမနားလည်သလို.. သူမပုံစံကိုလဲ ကျမနားလည်တယ်..
သူမက ကျမ မလာခင်မှာ ပွင့်ပွင့်လင်းလင်းပြောတယ်.. သူလဲရောက်တာ ၁လပဲရှိသေးလို့ ကောင်းကောင်းမကျွမ်းကျင်ကြောင်း.. သူခုအလုပ်ဝင်လုပ်နေလို့ ခွင့်နေ့တိုင်းရမည်မဟုတ်ကြောင်း.. ပြောတယ်..
ကျမကလဲ ရတယ်.. ကိစ္စမရှိ ကျမဘာသာကျမလျှောက်သွားမယ်.. ငါရှိနေလို့ နင်ဘာမှ စိတ်ဖိစီးစရာမလိုဘူးလို့.. သူမဂျပန်မှာ နေသားမကျလောက်သေးဘူးဆိုတာ ကျမခန့်မှန်းပြီးသားပါ.. ဒါနဲ့.. ကျမလဲ ဂျပန်အကြောင်းတွေ အင်တာနက်မှာရှာ.. စာအုပ်တစ်ခုနဲ့ ကိုယ်သွားချင်တဲ့နေရာတွေကို စာရင်းလုပ်.. ဘယ်လိုသွားရလဲဆိုတာပါ ချရေးထားလိုက်တယ်.. ပြီးတော့ မယ်ဂုမိဆီမှာလဲ ဂျပန်နဲ့ပတ်သတ်တဲ့ ပိုစ့်လေးတွေတင်ပေးပါလို့သွား တောင်းဆိုမိတယ်.. သူကလဲ တင်ပေးတယ်.. နောက်တော့ သိချင်တာရှိရင် မယ်ဂုမိကိုမေးတယ်.. မသွားခင်တစ်လလုံးလုံး ကျမအလုပ်သွားလို့ အားတိုင်း အဲဒိဂျပန်အကြောင်းရှာရင်းပဲ အချိန်ကုန်ခဲ့တယ်..
ကျမရဲ့မသွားမဖြစ်သွားမယ်ဆိုတဲ့ စာရင်းထဲမှာ..
၁) ဒစ်စနေလမ်း
၂) ဖူဂျီတောင်
၃) ကမကုရာဘုရား
၎) တိုကျို နန်းတော် ... အဲဒါတွေကထိပ်ဆုံးကပဲ.. ဒါပေမဲ့ ကျန်တဲ့နေရာတွေကိုလဲ ရှာထားတယ်.. သူမအိမ်ရှိတဲ့ ရထားလိုင်း (Yamanote line) တစ်လျှောက်က ဘူတာတွေမှာ လည်စရာ အထင်ကရရှိမဲ့နေရာတွေကိုလဲ မှတ်စုထုတ်ထားတယ်.. ရထားလိုင်းကိုလဲ အင်တာနက်ကရှာပြီး ပရင့်ထုတ်ပြီး ကြည့်တတ်အောင်လုပ်တယ်.. ဒါပေမဲ့ သိပ်တော့မကြည့်တတ်ဘူး.. တော်တော်ရှုတ်တယ်.. စကာင်္ပူမှာက အနီ၊အစိမ်း၊ခရမ်း သုံးလိုင်းပဲ..
Finally, The day came...
ဒီလိုနဲ့ပဲ သွားမယ့်နေ့ကိုရောက်လာခဲ့တယ်.. ညသွားမယ်ဆိုရင် အဲဒိနေ့မနက်ထိအလုပ်ကလုပ်ရတုန်း.. အလုပ်ထဲမှာလဲ ကောင်းကောင်းစိတ်မပါနိုင်ဘူး.. တစ်နေ့လုံး ဂျပန်အကြောင်းပဲရှာနေတယ်.. အလုပ်ကလူတွေလဲ ကျမကိုလွှတ်ထားပုံရတယ်.. အလုပ်တောင်ကောင်းကောင်းလာမခိုင်းဘူး.. ဟီး.. ဟီး..
အဲဒိနေ့မှ ရှာရင်းနဲ့ ဂျပန် nation wide (ရိုးရိုးရထားရော.. ကျည်ဆန်ရထားရော) အကန့်အသတ်မရှိစီးလို့ရတဲ့ ရထားလက်မှတ်ကို ဂျပန် ရမ်း၂၈၀၀၀ နဲ့ဝယ်လို့ရကြောင်းသိရတယ်.. japan visitor တွေအတွက် သီးသန့်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်းမှာဝယ်လို့မရကြောင်းသိရတော့.. စကာင်္ပူက agent ကိုဖုန်းဆက်မေးတော့ ပတ်စပိုစ့်ပြရမယ်.. စကာင်္ပူ ၄၆၀ ကျော်လောက်ကျမယ်တဲ့.. ကျမသိသလောက် ဂျပန်ကရထားတွေက ဈေးကြီးတယ်ဆိုတာတော့သိတယ်.. ၀ယ်လဲဝယ်ချင်တယ်.. အလုပ်ကလုပ်ဖော်ကိုင်ဖက် တရုတ်ကလဲ သဘောကောင်းတယ်.. သူ့ဆိုင်ကယ်နဲ့ ထမင်းစားချိန်မှာ လိုက်ပို့ပေးမယ်တဲ့.. ဒါပေမဲ့ ပတ်စပိုစ့်ကလဲအလုပ်ကိုပါမလာ.. ဒါနဲ့လက်လျော့လိုက်ရတယ် (အဲဒါကံကောင်းသွားတယ်.. အဲဒိpass က တိုကျိုကနေ တခြားမြို့တွေကိုသွားနိုင်မှတန်တာ.. ဝေးဝေးနဲ့များများစီးနိုင်မှတန်တာ.. ကျမလို တိုကျိုမြို့တွင်းလောက်လည်မှာဆိုတော့ မလိုအပ်ဘူး..)
ဒီလိုနဲ့ ညအိမ်ပြန်ရောက်တော့ ဘလော့မှာ ကမန်းကတန်း ဂျပန်သွားမဲ့အကြောင်းပိုစ့်ရေးပြီး ဖေဖေမေမေထည့်ပေးထားတဲ့ ပစ္စည်းတွေဘာလိုလဲဘယ်နားမှာ ဘာထည့်ထားတယ်ဆိုတာမေးမြန်းပြီး ၁၂နာရီလောက်အိပ်လိုက်တယ်.. ၂နာရီခွဲလောက်ပြန်ထပြီး.. ပြင်ဆင်တယ်.. ဒါမျိုးဆိုမဗေဒါက ဇွဲကောင်းတယ်..
At SG Airport..
လေယာဉ်က မနက်၆နာရီထွက်မယ်ဆိုတော့ ၄နာရီချက်အင်(check in) ၀င်လို့ရပြီ.. ဒီလိုနဲ့ လေဆိပ်ရောက်ပြီး.. မေးမြန်းကြည့်တော့ ချက်အင်ကရနေပြီ.. ချက်အင် ၀င်ဖို့တန်းစီ.. ကောင်တာမရောက်ခင် ရဲကအရင်စစ်သေးတယ်.. ရဲကရှင်းပြတယ် ဒီလေယာဉ်လိုင်းက US လေယာဉ်လိုင်းမို့ terrorist ပါမှာစိုးလို့ လုံခြုံရေးကို အထူးဂရုစိုက်ကြောင်းပြောပြီး.. မေးခွန်းတွေမေးပါတယ်.. အထုပ်ကိုဘယ်အချိန်.. ဘယ်သူကထုတ်လဲ.. လူကြုံပစ္စည်းပါလား.. ထုတ်ပြီးတော့ ဘယ်သူ့ကိုပေးလိုက်သေးလဲ.. ဘာညာပေါ့နော်.. hand carry စလင်းဘက်ကိုလဲစစ်တယ်.. အဲဒိထဲက နှုတ်ခမ်းနီတွေ ကရင်ဖက် wet tissue တွေကို သူပေးတဲ့ပလက်စတစ်အိပ်နဲ့ ထုပ်ရတယ်.. နောက်မှချက်အင်ဝင်ရတယ်..
အားလုံးပြီးတော့ ကျမအင်မီဂရေးရှင်းဖြတ်ဖို့.. ဖေဖေမေမေနဲ့ အစ်မအလတ်ကိုလက်ပြနှုတ်ဆက်ပြီးထွက်လာလိုက်တယ်.. ပထမဆုံး ကျမတစ်ယောက်ထဲ အင်္ဂလိပ်စကားမပြောတဲ့ နိုင်ငံရပ်ခြားကိုသွားရမှာမို့ အစကတော်တော်လေးစိတ်လှုပ်ရှားပြီးကြောက်မိတယ်.. ဒါပေမဲ့ တကယ်ထွက်လာလိုက်တော့လဲ ဗွီဒီယိုရိုက်လိုက် ကင်မရာရိုက်လိုက်နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေတာနဲ့ပဲ ကြောက်ချိန်မရှိတော့ဘူး.. borading လုပ်ခါနီးဝင်တော့ တစ်ခါစစ်ခံရသေးတယ်.. အဲဒိတစ်ခါက ဖိနပ်တောင်ချွတ်ပြရတယ်.. လူက terrorist ရုပ်များပေါက်နေလို့လားမသိဘူး.. တော်တော်စိတ်ကုန်သွားတယ်.. အမြင်ကပ်ကပ်နဲ့ ဘာထပ်စစ်ချင်သေးလဲလို့မေးလိုက်တော့.. "ရပါပြီ... ကျေးဇူးပါ" တဲ့...
လေယာဉ်ပေါ်မှာလဲ အဖြူကောင်တွေတော်တော်များတယ် (လေယာဉ်က ဂျပန် transit ၀င်ပြီး US ဆက်ထွက်မှာ).. ပြီးတော့စလုံးတွေလဲပါတယ်.. အရင်က မြန်မာပြည်နဲ့ စကာင်္ပူကိုပဲ လေယာဉ်စီးဖူးတာဆိုတော့ လေယာဉ်ပေါ်မှာလဲ မြန်မာတွေတော်တော်များတာကိုး.. ခုလိုမျိုးဆိုတော့ အားငယ်တာပေါ့နော်.. ဒါပေမဲ့ လေယာဉ်ပေါ်တက်ခါနီးကျတော့ မြန်မာအစ်ကိုကြီးနဲ့ အစ်မကြီးတစ်ယောက်အတွဲကိုတွေ့တော့မှ နဲနဲပျော်သွားတယ်.. တစ်စီးလုံးမှာ မြန်မာ၃ယောက်ပဲပါတယ်.. သူတို့က ရှေ့နဲနဲကျတယ်.. ကျမကတော့ သူတို့နဲ့ ၄ ၅တန်းလောက်ကွာတယ်.. လေယာဉ်က ၆နာရီထွက်မယ်ဆိုပြီး passenger တွေအားလုံး လေယာဉ်ပေါ်ရောက်မှ navigation system ကဘာကြောင်နေမှန်းမသိလို့ဆိုပြီး ပြင်နေတာ.. နောက်ဆုံး ၁၀နာရီမှထွက်ဖြစ်တယ်.. လေယာဉ်ပေါ်မှာ ၄နာရီလောက်ဒီတိုင်းထိုင်လိုက်ရတယ်.. စိတ်တွေလဲတို.. ခါးတွေလဲညောင်းပဲ.. အရေးထဲ ဘေးကမိန်းမက အိမ်သာခဏခဏသွားလို့တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အထဲ.. အရှေ့ခုံက ကလေးကလဲ ငိုသလားမမေးနဲ့.. လေယာဉ်ပေါ်မှာ ကလေးပါရင် ကျမစိတ်အညစ်ဆုံးပဲ.. လူကြီးတောင် မသက်သာတာ.. ဒီကလေး ငိုတာလဲ အပြစ်ပြောလို့မရ..
စုစုပေါင်း ခရီးကြာမြင့်ချိန်က ၇နာရီ ၁၅မိနစ်.. ပျက်နေတာနဲ့ပေါင်းတော့ ၁၁နာရီကျော်ကျော်လေယာဉ်စီးလိုက်ရတယ်.. ညောင်းချိနေတာပဲ.. individual TV လေးတွေပါတော့ ကြိုက်တဲ့ ရုပ်ရှင်တော့ကြည့်လို့ရတယ်.. များများလဲ မကြည့်နိုင်ပါဘူး.. မဗေဒါက လေယာဉ်စီးရင် အိပ်တာနဲ့ စားတာပဲလုပ်တာများတယ်..
At Japan Airport
ဒီလိုနဲ့ ဂျပန်လေဆိပ်ကိုရောက်ပါရော... မြန်မာအတွဲနောက်လိုက်ရင်း အင်မီဂရေးရှင်းဖြတ်.. custom ဖြတ်တော့ စာရွက်တစ်ရွက်ဖြည့်ဖို့ကျန်တာနဲ့ သွားယူပြီးဖြည့်ရသေးတယ်.. လေယာဉ်ပေါ်ပေးတယ်ပြောတာပဲ.. ကျမ မရလိုက်ဘူး.. ဒါနဲ့ ဟို အတွဲလဲ ထွက်သွားတယ်.. ကျမပဲကျန်တာပေါ့.. မြန်မာပတ်စပိုစ့်ဆိုတော့ နဲနဲကြာကြာတော့ ကြည့်ခံရတာပေါ့နော်.. ဒါကလဲ ရိုးနေပါပြီ.. မြန်မာဖြစ်ရခြင်းရဲ့ အထူးအခွင့်အရေးတွေလေ.. သူများထက်စစ်ခံရတာ.. ဒါတောင် စကာင်္ပူကလာပြီး... အဲဒိရဲကိုလဲ ဗိုလ်လိုကောင်းကောင်းမှုတ်နိုင်လို့.. ဟဲ..ဟဲ...
သူက မတောက်တခေါက်တစ်လုံးပြောရင်.. ကိုယ်က ၁၀လုံးလောက် ပြန်မှုတ်တာပေါ့.. နောက်တော့ အေးဆေးပါပဲ.. " ကျေးဇူးတင်ပါတယ်.. ပျော်ရွှင်သောခရီးပါ" ပြောပြီး အိပ်ရွေး.. ပြီးတော့ သူငယ်ချင်းကိုဖုန်းခေါ်တာပေါ့.. စကာင်္ပူကနေ ကျမက roaming လုပ်သွားတယ်လေ..
အားလဲနာတာပေါ့.. လေယာဉ်က ၄နာရီတောင်နောက်ကျပြီးရောက်တော့ သူ့အမေလဲ ကျမကိုလာကြိုလို့ အလုပ်နောက်ကျရတယ်.. ပြီးတော့ ကျမက အချိန်မှီရောက်မလာနိုင်ဘူးလေ..
သူကတော့ အလုပ်ပြီးလို့ ခုလာနေပြီ.. ရထားပေါ်မှာတဲ့.. ဒါနဲ့ လေဆိပ်မှာ ၄၅မိနစ်လောက်စောင့်လိုက်ရတယ်..
မယ်ဂုမိပြောသလို.. လေဆိပ်မှာ ဂျပန်အကြောင်း guide book ကို Information counter ကနေ အလကားသွားတောင်းတာပေါ့.. မြေပုံလဲရတယ်.. အားလုံ အစုံပဲ.. ပြီးတော့ လေဆိပ်ကို လျှောက်ကြည့်တာပေါ့.. ဖုန်းတောင် roaming လုပ်စရာမလိုဘူး.. အဲဒိမှာ ဖုန်းငှားတဲ့ ဆိုင်တွေရှိတယ်.. လိုင်စင်ရှိရင် ကားလဲငှားလို့ရတယ်..
သူရောက်လာတော့ ရထားမှားစီးလို့ ပိုနောက်ကျသွားတာတဲ့.. ဖြစ်ရလေးသယ်ရင်းရယ်.. ဘာပဲပြောပြော သူတတ်နိုင်သလောက်တော့ ကျမကို အစွမ်းကုန်လုပ်ပေးတဲ့အတွက် ကျမအရမ်းကို ကျေးဇူးတင်မိတာပါ..
အဲဒိမှာ ညနေ၆နာရီလောက်က ညတော်တော်မိုးချုပ်နေပြီ.. ကျမအတွက်တော့ တော်တော်ထူးဆန်းနေတယ်.. ၅နာရီလောက်ဆိုစပြီး မိုးချုပ်တာ.. စလုံး မှာ ၇နာရီလောက်မှ မှောင်တာလေ.. သယ်ရင်းနဲ့တွေ့ပြီး သူတို့အိမ်ရောက်တော့ ည၈နာရီ.. လေယာဉ်နောက်ကျတဲ့ ကောင်းမှုကြောင့် အဲဒိနေ့ ညနေဘယ်မှထွက်ချိန်မရှိလိုက်ရဘူး.. အိပ်လိုက်ရတယ်... ရာသီဥတုကအေး.. ခရီးက ပန်းလာတော့အိပ်ကောင်းလိုက်တာ.. အိမ်မက်တောင်မမက်ဘူး.... ZZzzz....
ဆက်ရန်.... /

Labels:
ခရီးသွားမှတ်တမ်း
,
ဂျပန်ခရီးစဉ်
,
သူငယ်ချင်းများ
Thursday, November 13, 2008
လျှို့ဝှက်မှု နောက်ကွယ်...
ကျမရဲ့ ပြောင်းဖို့တော်တော်ခက်တဲ့ အကျင့်ထဲမှာ လျှို့ဝှက်လို့မရတဲ့ အကျင့်တစ်ခုပါပါတယ်.. အထူးသဖြင့် ကျမချစ်ခင်ရင်းနှီးသူတွေကို ပွင့်လင်းမှုဆိုတာနဲ့ ကျမရဲ့ခင်မင်မှုကိုပြတတ်ပါတယ်.. ကျမအတွေးထဲမှာ ကျမနဲ့ပတ်သတ်တဲ့ ကျမအကြောင်းတွေကို လျှို့ဝှက်နေပြီးတော့ရော ဘာထူးခြားမှာလဲ.. အဖြစ်မှန်တစ်ခုကို ဘယ်လောက်ကြာကြာရော လျှို့ဝှက်လို့ရမှာလဲ.. လျှို့ဝှက်တယ်ဆိုတဲ့အရာကလဲ ကျမအတွက်အလွန်စိတ်မောလွန်းတဲ့ အလုပ်တစ်ခုပဲ..
ခုလိုပြောလို့ ကျမက အကြောင်းမဲ့သက်သက် ကျမအကြောင်းတွေကိုလိုက်ပြောနေတာမဟုတ်ဘူးနော်.. ဆိုလိုတာက ကျမရင်းနှီးတဲ့သူတွေကိုဆိုရင် ကျမဖေဖေမေမေအကြောင်းတွေ.. အစ်မတွေအကြောင်းတွေ စကားပြောရင်းနဲ့ပါပါသွားတတ်တာပဲ.. ကျမလက်ရှိဘာတွေလုပ်နေတယ်ဆိုတာတွေ.. ကျမအတွေးတွေ စသည်ဖြင့် စပ်ဆက်မိသလိုပြောတတ်ပါတယ်.. ကျမစိတ်ထဲကအရမ်းခင်တဲ့ သူတွေရဲ့အကြောင်းကိုလဲ ကျမအရမ်းစိတ်ဝင်စားပါတယ်.. သိချင်ပါတယ်.. မကောင်းတဲ့ အကြံအစည်နဲ့သိချင်တာလဲမဟုတ်ပါဘူး.. ဒီလိုပဲ သိချင်ယုံသက်သက်ပါ.. ဒါမှလဲ စိတ်ရောလူရောနှစ်ပြီး ပေါင်းနိုင်မယ်.. ဟန်ဆောင်မှုတွေကင်းပြီး တစ်ယောက်နဲ့တစ်ယောက်ပိုနားလည်ပေးနိုင်မယ်ထင်လို့ပါ.. ကျမခင်မင်တဲ့သူတွေရဲ့အကြောင်းကို သူများပြောမှသိတာထက်စာရင် သူတို့ကိုယ်တိုင်ပြောပြတာကိုပဲ ကျမလက်ခံချင်ပါတယ်.. ကျမခင်တဲ့သူတွေအကြောင်းကိုလဲ လိုက်ပြီးစုံစမ်းနေခြင်းဘာခြင်းလဲ ၀ါသနာမပါပါဘူး.. သူတို့က အရင်မပြောပဲ သူများကအရင်ပြောလို့သိရင်.. ကျမစိတ်ဆိုးတတ်ပါတယ်.. အဲဒိလိုဆိုလဲ ပေါ်တင်ပဲသွားမေးတတ်ပါတယ်.. ပြီးရင်လဲ ပြီးသွားတာပါပဲ.. ခုအသက်ကလေးနဲနဲရလာပြီဆိုတော့.. အဲဒိအကျင့်လေးကိုတော့ တတ်နိုင်သမျှတော့ ကွန်ထရိုးလုပ်နေပါတယ်..
ကျမစိတ်ထဲမှာ အဲဒိလူဟာ အရေးမပါတဲ့သူတစ်ယောက် ကျမ သိပ်မခင်မင်တဲ့သူဆိုရင်တော့ စိတ်ကိုမ၀င်စားတာပါ.. လျှို့ဝှက်ချင်သလောက် လျှို့ဝှက်စမ်းပါ.. ဂရုကိုမစိုက်တတ်ပါဘူး..
ဒါပေမဲ့ ကျမနဲ့ ၁၄နှစ်လုံးလုံး(ကျမ နဲ့သူမ ၂တန်းထဲက) ပေါင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်းမှာ လျှို့ဝှက်ချက်တွေရှိနေခဲ့ပါတယ်.. ကျမဂျပန်ကို အလည်မသွားခင်အထိ သူမရဲ့ ဘ၀တစ်ခြမ်းကိုပဲ သိခွင့်ရခဲ့ပါတယ်.. တစ်ခါတစ်လေ ကျမသူမကိုနားမလည်ပါဘူး.. သူမ မပြောချင်မှန်းသိတဲ့ အကြောင်းအရာတွေကိုလဲ ၁၄ နှစ်လုံးလုံး ကျမ မမေးခဲ့ဖူးပါဘူး.. သူမအကြောင်းတစ်ချို့တွေကို ကျမကိုမပြောပြခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့မိတာတော့အမှန်ပါ.. ဒါပေမဲ့ တခြားနေရာတွေမှာ သူမ ကျမကိုနားလည်ပေးတာ.. ကျမပြောတာတွေကိုနားထောင်ပေးတာ.. ဘာပဲဖြစ်ဖြစ်ကျမအတွက်ရှိနေပေးခဲ့တာတွေ.. နောက်ပိုင်း ကျမမြန်မာပြည်ပြန်တိုင်း ကျမလုပ်ချင်တယ် ဖြစ်ချင်တယ်ပြောတာတွေအားလုံးကို သူမပဲ ဖြည့်စည်းပေးခဲ့တာ.. ဒါနဲ့ပဲ ကျမရောင့်ရဲခဲ့ပါတယ်.. ကျမခင်နေရရင်ပြီးတာပဲလို့ပဲ စိတ်ထဲမှာ သတ်မှတ်ခဲ့တယ်...
သူမကို နိုင်ငံခြားမှာ ကျမနဲ့တူတူကျောင်းသွားတက်ဖို့ ကျမကခေါ်တိုင်း သူမငြင်းခဲ့ပါတယ်.. ကျမက အားလုံး အပြီးအစီးစုံစမ်းပေး ကုန်ကျစရိတ်နေရေးထိုင်ရေးကအစ ကျမစုံစမ်းပေးပြီးတာတောင် သူမက မြန်မာပြည်မှာပဲ ဆရာဝန်လုပ်ချင်ပါတယ်တဲ့.. သူမနိုင်ငံခြားမှာ ဆရာဝန်ဘွဲ့ကိုယူဖို့.. ကျမလိုင်းမဟုတ်တာတောင် ကျမစုံစမ်းပေးခဲ့ပါတယ်.. ဒါပေမဲ့ သူမကတော့ မသွားချင်ပါဘူးတဲ့.. ကျမနားမလည်ခဲ့ဘူး...
ခုဂျပန်ခရီးစဉ်မှာတော့ သူမဘ၀နောက်တစ်ခြမ်းကို ကျမသိခွင့်ရပါပြီ.. ကျမနဲ့သူမ ၁၄နှစ်သူငယ်ချင်းကာလမှာ ကျမ မသိခဲ့တဲ့ သူမရဲ့ နောက်တစ်ခြမ်းကို ကျမသိလိုက်ရတော့.. သူမကို ကျမပိုနားလည်သွားတယ်.. အရင်က သူမကို မြန်မာပြည်ကဆရာဝန်ဝင်ငွေနဲ့ နိုင်ငံခြားဆရာဝန်ဝင်ငွေ.. တိုးတက်မှု စတာတွေကို ယှဉ်ယှဉ်ပြီး ကျမအမုန်းခံပြီးတော့ကို တိုက်တွန်းခဲ့ပါတယ်.. ကျမအတွက်တော့ သူငယ်ချင်းကောင်းဆိုတာ အကြိုက်လိုက်ပြောနေတာထက်စာရင် မှန်တာကိုတိုက်တွန်းတာနဲ့ပဲ တိုင်းတာပါတယ်.. သူမကလဲ ဒါကိုနားလည်ပုံတော့ရပါတယ်.. ကျမကို အမုန်းမပွားခဲ့ပါဘူး.. ခုတော့ သူမအတွက် နိုင်ငံခြားမှာ ကျမနဲ့အတူ ဆရာဝန်ဘွဲ့ကိုလိုက်ယူခြင်းသည် ကောင်းတယ်ဆိုပေမဲ့.. သူမရဲ့ခံစားချက်တွေကို ထောက်ထားပြီး ကျမတစ်ခုပဲ သူမကိုပြောခဲ့တယ်.. " နင်ဘယ်လမ်းကိုပဲ ရွေးချယ် ရွေးချယ် .. နင့်မိဘကိုထည့်စဉ်းစားပါ."
ပြီးတော့ လျှို့ဝှက်တတ်တဲ့သူတွေကိုလဲ နည်းနည်းနားလည်သွားတယ်..
ကျမအမြင်မှာတော့ လျှို့ဝှက်တတ်သူအများစုဟာ.. သူတို့ရဲ့အားနည်းချက်တွေကို တစ်ဖက်လူမသိအောင် ကြိုးစားဖုံးကွယ်နေကြတဲ့ အတွက် ကျမစိတ်မဆိုးသင့်ပါဘူး.. ဂရုဏာတော့ သက်မိတယ်.. ထိုသူတွေဟာ ကျမတို့ မသိနိုင်တဲ့ တစ်ဖက်ခြမ်းမှာ အခက်အခဲဆိုတာတွေ.. အဆင်မပြေမှုဆိုတာတွေရှိနေခဲ့လို့.. တချို့ကလဲ သူများကို ယုံရမှာကြောက်လာတယ်.. တချို့ကလဲ အဲဒိအားနည်းချက်ကို ထုတ်ပြောဖို့အားမရှိကြဘူး ဖြစ်ကြပုံရပါတယ်..
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျမအတွက်တော့ လျှို့ဝှက်တတ်တဲ့ သူတွေနဲ့ အပေါင်းအသင်းလုပ်ရတာ နဲနဲတော့ စိတ်ကသိကအောက်ဖြစ်ပါတယ်.. ကျမစိတ်ထဲကခင်တဲ့ ကျမရဲ့ငယ်သူငယ်ချင်းတွေ ဆိုရင်တော့ ကျမနားလည်ပေးနိုင်ပေမဲ့... ခင်မင်မှုသက်တန်းသိပ်မကြာသေးတဲ့ အပေါင်းအသင်းတွေကျတော့ ကျမအတွက် စိတ်ပင်ပန်းရပါတယ်.. ဘာလို့လဲဆိုတော့ သူတို့ရှေ့မှာ ဘယ်လိုစကားမျိုးပြောသင့်တယ် မပြောသင့်ဘူးကအစ ကျမဆင်ခြင်နေရပါတယ်.. ဥပမာ.. ပိုက်ဆံမရှိပေမဲ့ သူဠေးကိုက်ဖမ်းနေတဲ့သူငယ်ချင်းကို ကျမကမသိပဲ အထည်ကြီးပျက်ဆိုတာဘယ်လောက်ဆိုးကြောင်းသွားပြောမိတာမျိုး.. (ဥပမာသက်သက်သာ..တကယ်ကြုံဖူးတာတွေမပြောချင်လို့ပါ)..
ကျမသူငယ်ချင်းတစ်ယောက်ဟာ.. ကျမကို လျှို့ဝှက်တယ်ဆိုတာ..
၁ အချက် အပေါ်ကပြောခဲ့သလို သူ၏အားနည်းချက်ဖြစ်၍သော်လည်းကောင်း ..
၂ အချက် ကျမကို မယုံကြည်သင့်ဟုထင်၍သော်လည်းကောင်း..
၃ အချက် သူ့စိတ်နှင့်နှိုင်း၍ ကျမသည် သူ့ကို မကောင်းကြံမည်စိုး၍သော်လည်းကောင်း လို့ထင်မိပါတယ်..
အဲဒိအပေါ်က အချက်သုံးချက်ကို ကျမဆုံးဖြတ်ပုံကတော့..
ထိုသူနဲ့ ကျမမိတ်ဆွေသက်တမ်းတစ်လျှောက် ထိုသူရဲ့ အမူအကျင့်.. ဘယ်လိုကိစ္စတွေကိုလျှို့ဝှက်သလဲ... လျှို့ဝှက်သောကိစ္စအပေါ် ကျမရဲ့ထင်မြင်ချက်.. ကျမရဲ့ထိုသူအပေါ်ခင်မင်မှု.. ထိုသူရဲ့ ကျမအပေါ်ခင်မင်မှု.. အပေါ်မူတည်ပြီး ဆုံးဖြတ်မှာပါ..
ကျမစိတ်ထဲကအရမ်းလဲခင်တယ်... ထိုသူ ကျမကိုခင်တယ်ဆိုတာလဲ ခံစားလို့ရမယ်ဆိုရင်တော့.. ၂ အချက်နဲ့ ၃အချက်က မဖြစ်နိုင်ပါဘူး.. အဲဒိအတွက် ကျမနားလည်ပေးလိုက်မယ်.. ထိုသူနဲ့ခင်နေရခြင်းသာ အဓိကကျတယ်.. အထူးသဖြင့် ကျမနားလည်ပေးနိုင်ဆုံးကတော့ ဥပမာ.. မိသားစုအိမ်တွင်းရေးကို လျှို့ဝှက်တာ.. ပိုက်ဆုံအခြေအနေကိုလျှို့ဝှက်တာ.. ဒါတွေက ခင်မင်မှုအတိုင်းတာပေါ်မူတည်ပြီး လျှို့ဝှက်သင့်တဲ့ ကိစ္စတွေမို့ လျှို့ဝှက်ချင်တယ်ဆိုလဲရပါတယ်.. အရေးကြီးတဲ့ သူတို့ personal သူတို့လျှို့ဝှက်တာ ကျမနဲ့လဲဘာမှမဆိုင်ပါဘူး..
အဲ တချို့ကျတော့ ပါးစပ်ကတော့ ခင်ပါတယ်ပြောနေတယ်.. အပြင်ပန်းတော့ လှိုက်လှိုက်လှဲလှဲလဲရှိတယ်.. ဒါပေမဲ့ သူတို့ရဲ့ တထောင့်တနေရာမှာ ကျမကိုခင်တယ်ဆိုတာ ခံစားလို့မရဘူးဆိုရင်တော့.. ဥပမာ.. သေးသေးကွေးကွေးကိစ္စကအစလိုက် လိမ်ပြော.. မလိုအပ်ပဲ လျှို့ဝှက်နေတာမျိုးတွေ ရှိလာမယ်ဆိုရင်တော့.. အဲဒိလူဟာ ၂အချက်နဲ့ ၃အချက်မှာ အကျုံးဝင်တယ်လို့ယူဆပါတယ်..
အဲဒိအတွက် ကျမအရင်ကလို ဒေါသလဲ ထွက်တော့မှာမဟုတ်ပါဘူး.. စိတ်မကောင်းလဲဖြစ်မှာမဟုတ်ပါဘူး.. ကျမထိုသူနဲ့ စကားပြောနဲသွားမှာတော့ အမှန်ပါပဲ.. စိတ်ဆိုးလို့လဲ မဟုတ်ပါဘူး.. မခင်တော့လို့လဲမဟုတ်ပါဘူး.. ခင်ပြီးသားလူတစ်ယောက်ကို မုန်းဖို့က ကျမအတွက်တော်တော်ခက်တဲ့ ကိစ္စပါ..
သူတို့ရဲ့အားနည်းချက်လေးတွေကို ကျမ မသိလိုက်ပဲ သွားထိခိုက်မိမှာစိုးလို့ပါ..
ဘယ်လိုပဲ ဖြစ်ဖြစ် ... လျှို့ဝှက်မှုတွေရဲ့ နောက်ကွယ်မှာ..............................................
(မှတ်ချက်။ ။ဤပိုစ့်ကို ကျမတစ်ဦးတစ်ယောက်ထဲ၏ ထင်မြင်ချက်ဖြင့် ရေးသားခြင်းဖြစ်၍ ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်)
Disclaimer: First photo get from Flickr uploaded by Ahmed
The rest get from Google photos
Tuesday, November 11, 2008
ဂျပန်ပြန်လက်ဆောင်
ပြန်ရောက်ပြီး အရင်ဆုံးတွေ့ချင်ခဲ့တာ ဒီဘလော့လေးပဲ.. ရောက်တာနဲ့ ဘလော့လေးကိုဖွင့်ပြီး ဘယ်သူတွေများအားဆေးတိုက်ထားသေးလဲလို့ အားရပါးရပြေးကြည့်မိခဲ့တာပဲ...
ဒါပေမဲ့ ရိုက်လာတဲ့ ဗွီဒီယိုကိုနဲ့ ဓာတ်ပုံတွေပြန်ကြည့်တာရော.. လေယာဉ် ၇နာရီကျော်စီးခဲ့ရတာရော.. ဂျပန်မှာနေခဲ့တဲ့ ၁၁ရက်လုံးလုံးလဲ တစ်ရက်မှမနားပဲ အပြင်လျှောက်သွားနေတာရော.. ဂျပန်မှာအေးပြီး စကာင်္ပူမှာပူနေတဲ့ ရာသီဥတု အပြောင်းအလဲကြောင့်ရော.. မဗေဒါ နုံးချိပြီး တစ်ကိုယ်လုံကိုက်ခဲ မကြည်မလင်ဖြစ်နေလေတော့.. ဘလော့လေးကို ရေးဖို့ အားကမရှိဖြစ်နေတယ်.. ဂျပန်သွားခဲ့တဲ့ ခရီးသွားမှတ်တမ်းကိုတော့ နောက်မှအချိန်ရရင်ရသလို မျှဝေပေးမယ်နော်.. ရေးချင်တာများလွန်းလို့ ဘာမှမရေးဖြစ် ဖြစ်နေတာ... ရိုက်လာတဲ့ ဗွီဒီယိုကလဲ အက်ဒစ်လုပ်ဖို့ရှိသေးတယ်..
ခုတော့ ဘလော့လေးရေးချင်လွန်းလို့ နေမကောင်းတာကိုလဲ အေးဆေးနားမှဖြစ်မယ်ဆိုပြီး အလုပ်ပါဆေးခွင့်ယူထားလိုက်ပြီ...
အဓိကကတော့ လာလည်တဲ့သူငယ်ချင်းတွေကို လက်ဆောင်ပေးမယ်ပြောခဲ့ပါရောလား....
အဟဲ.. ဘာပေးရမှန်းမသိဘူး.. ဒါပေမဲ့ ပြန်မဲ့မနက် တိရိစ္ဆာန်ရုံသွားရင်း အဲဒိနားက ဘုရားကျောင်းက ကံကောင်းခြင်းလက်ဆောင်လေးတွေပဲ အားလုံးအတွက် ယူလာလိုက်တယ်..
ရင်ဂိုသီချင်းတော့ ဟုတ်ဘူး...
စောင့်ရှောက်ထားကြတဲ့သူတွေက များတော့ လက်ဆောင်တောင်ဘယ်လိုပေးရမှန်းမသိတော့ဘူး..
လာရောက်ပြီး ကွန်မန့်မှာအားဆေးတိုက်သွားတဲ့ အထူးမိတ်ဆွေ ၁၀ရောက်ဖြစ်တဲ့ ဟန်လင်းထွန်း၊ ဘိုဘို၊ ကိုမိုးမောင်(Happycloud)၊ တောင်ပေါ်သား၊ ကိုဟတ်၊ MrDBA၊ Missthonnthonn၊ မောင်မျိုး၊ မခင်ဦးမေ နဲ့ Blackdream တို့ကို အရင်ဆုံးပေးရမှာပေါ့..
ပြီးရင် ဆီဗုံးမှာ လာနှုတ်ဆက်သွားတဲ့သူငယ်ချင်းတွေကိုပေးမယ်..
ပြောနေကြာပါတယ်.. အားလုံးကိုပေးမယ်.. စပြီ...
ပျော်ရွှင်မှုတွေရအောင်ပဲ ဖြစ်ဖြစ်.. ပိုက်ဆံနဲ့ပတ်သတ်ပြီကံကောင်းချင်သူတွေအတွက်ပဲ ဖြစ်ဖြစ်..
အောက်က ပုံထဲက အဆောင်လေးတွေကို ယူနိုင်ပါတယ်..
ပညာရေးနဲ့ပတ်သတ်ပြီး ကံကောင်းချင်သူတွေအတွက်တော့...
နေမကောင်း ထိုင်မကောင်းဖြစ်နေတဲ့သူတွေပဲ ဖြစ်ဖြစ်.. ကျန်းမာရေး ကံကောင်းဖို့အတွက်ပဲဖြစ်ဖြစ် သူတွေအတွက်တော့.. ဟောဒီအဆောင်လေးကိုယူ.. ကျန်းမာရေးဆိုတာလဲ အဓိကကျတာပဲလေ..(လောလောဆယ်တော့ မဗေဒါယူရမယ်..)
မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုပေမဲ့... ယာဉ်ကားမောင်းရင် မလိုအပ်တဲ့ဒုက္ခတွေ မရှိရလေအောင်.. ကားမောင်းတဲ့ သူတွေအတွက်..
အားလုံးအတွက် အထွေထွေကံကောင်းဖို့အတွက်ကတော့.. ဟောဒီမှာ.. ကံကောင်းခြင်းလက်ဆောင်..
ဒီဟာကတော့ ကိုယ့်မွေးလပေါ်မူတည်ပြီး ကိုယ်က ဘယ်ပန်းကို ကိုယ်စားပြုတယ်ဆိုတာရယ်.. ကိုယ့် personality ရယ်ကိုပြောပြထားတယ်.. ကိုယ့်မွေးလပေါ်မူတည်ပြီး တစ်ယောက်တစ်ခုသာယူကြပေတော့.. ဖုန်းမှာချိတ်ထားလို့ရတယ်.
ဟောဘေးမှာ Pray for Health and long life ဆိုတာလေးပါပါတယ်... အဲဒါလဲယူလို့ရတယ်နော်..
Personality chart လေးကဓာတ်ပုံရိုက်ထားတာနဲနဲဝါးသွားတယ်.. ဆော်ရီး.. ဟီး.. ဟီး..
ဖတ်လို့ရမယ်တော့ထင်ပါတယ်.. မဗေဒါလဲကိုယ့်အတွက်ဝယ်လာတယ်.. ဖေဖော်ဝါရီမွေးတဲ့သူက မက်မွန်ပန်းတဲ့ "iljimae" ရုပ်ရှင်ထဲက မင်းသားရဲ့အမှတ်အသားနဲ့တူလို့ သဘောကျပြီးဝယ်လာတာ.. ဖုန်းမှာချိတ်ထားတယ်..
အော်... ကွန်မန့်မှာ ဘာလိုချင်တယ်ဆိုပြီးတော့ကို သေသေချာချာပူဆာသွားတဲ့သူတွေအတွက်ကတော့ မဗေဒါပါတာလေးတွေပေးမယ်နော်.. ကွန်မန့်တွေက မဗေဒါပြန်ရောက်ပြီးမှဖတ်ရတာဆိုတော့ ဘာတွေမှာကြမှန်းမဗေဒါကြိုမသိရဘူးလေ.. တော်သေးတယ်ပါလာလို့...
ဂျပန်မလေးလိုချင်တယ်လို့မှာလိုက်တဲ့.. ဘိုဘို နဲ့ မောင်မျိုး အတွက်.. ဂျပန်မစစ်စစ်နဲ့ ဘုရားပွဲဈေးမှာတွေ့တာနဲ့ ကမန်းကတန်း ဓာတ်ပုံတွဲရိုက်ပြီး ဘလော့ပေါ်ခေါ်လာလိုက်တယ်.. ကြိုက်မယ်ထင်တယ်.. လှမှလှ.. ငှဲ.. ငှဲ...
ကိုမိုးမောင်နဲ့ တောင်ပေါ်သားက မုန့်ဝယ်ခဲ့ပါတဲ့.. ၀ယ်လာတဲ့မုန့်တွေတော့ရှိတယ်.. ဓာတ်ပုံမရိုက်လိုက်ခင်မှာပဲ ကုန်သွားလို့..
တော်သေးတယ်.. ဖူဂျီတောင်သွားတုန်းက လမ်းကဟော်တယ်မှာကျွေးတဲ့ ဘန်တိုထမင်းဘူးလေးတော့ ဘလော့ဂါသူငယ်ချင်းတွေအတွက် တိတ်တိတ်လေးယူလာတယ်..ကိုမိုးမောင် ကြိုက်လားတော့မသိ...
အော်.. သားသားတောင်ပေါ်သားအတွက်တော့ မမကြီးဗေဒါရယ်.. မမကြီးမယ်ဂုမိရယ်တိုင်ပင်ပြီး သားသား ၂၄နှစ်ပြည့်မွေးနေ့အတွက် ချိုလိမ်လေးရယ်.. သွားရည်ခံလေးရယ်ဝယ်လာတယ်.. သတိတရကိုဝယ်လာတာနော်.. ကြိုက်မယ်ထင်ပါတယ်..
မဗေဒါခုလို ဘလော့လေးနဲ့ဝေးကွာပြီး အသစ်တွေမတင်နိုင်တာတောင် အမြဲမှန်မှန်လာရောက်ဖတ်ရှုအားပေးနေတဲ့.. ဘလော့ဂါသူငယ်ချင်းတွေအားလည်းကောင်း.. ဘလော့ဂါမဟုတ်သောသူငယ်ချင်းများအားလည်းကောင်း.. မဗေဒါအပြင်သူငယ်ချင်းများအားလည်းကောင်း.. အထူးသဖြင့် မဗေဒါရဲ့မိသားစုအားလည်းကောင်း.. ခုလိုကြည့်ရှုစောင့်ရှောက်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါကြောင်း....

Subscribe to:
Posts
(
Atom
)