Tuesday, October 21, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၃) (သို့) ဗရုတ်သုတ်ခနေ့

အဟမ်း... အဟမ်း.. ကျန်းမာတော်မူကြပါစရှင်... အလွဲများနှင့်အမြဲတစေမိတ်ဖွဲ့နေခဲ့သူ မဗေဒါကိုမှ.. ကိုပုလုကွေးက ဗရုတ်သုတ်ခနဲ့ပါ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ... တကယ်တမ်းစဉ်းစားကြည့်တော့လဲ ဗရုတ်သုတ်ခတွေကျနေလို့.. အလွဲတွေဖြစ်နေရတာပါ... ဗရုတ်သုတ်ခတွေဖြစ်နေကျမို့ ဘယ်ဗရုတ်သုတ်ခကိုပြောပြရမလဲလို့ စဉ်းစားနေတာနဲ့ tag ကြွေးတောင်တော်တော်ကြာသွားတယ်.. အတိုးတွေတက်နေပြီလားသိဘူး.. ဘော်ဒါအချင်းချင်းမို့လား.. မဗေဒါရဲ့ဘလော့ကိုပဲ လာမလည်လို့လားတော့မသိဘူး.. ဘာမှလာအော်သံတော့မကြားဘူး.. ကိုင်း...ကိုင်း... (ခါးမဟုတ်ဘူး.. ဘုရင်ကြီးလေသံနဲ့ပြောတာ).. မဗေဒါလဲ နောက်ရက်အနည်းငယ်ဆိုရင် ဂျပန်ပြည်တော်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာစားဖို့သွားရအုံးမယ်ဆိုတော့.. ဒီ အကြွေးတွေကိုရှင်းလိုက်အုံးမှ.. (စကာင်္ပူမှာဖြစ်တဲ့ ဗရုတ်သုတ်ခမို့ မဗေဒါရဲ့ စကာင်္ပူရောက်အလွဲများ အောက်မှာလဲ အကြုံးဝင်မယ်ထင်ပါတယ်) ဖြစ်ပုံကဒီလို...................... 

~~~~~~~~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~~~~~~~~~~ 

ဗရုတ်သုတ်ခနေ့ 

တီ...တီ.. တီ.. တီ... သံပတ်သံမြည်ပြီဆိုရင် ပြန်ပိတ်ပြီး ၅မိနစ်လောက် ထပ်နှပ်တပ်တဲ့အထဲမှာ ကျမလဲအပါအဝင်ပါ.. အဲဒါကြောင့်လဲ သံပတ်ကို တကယ်ထရမဲ့အချိန်ထက် ၁ဝမိနစ်လောက်စောပြီးပေးထားတတ်ပါတယ်.. (အလုပ်မဟုတ်တာအဲလိုလုပ်တာ.. ဟတ်..) ခုလဲ.. မဗေဒါ အတန်း ၈နာရီရှိလို့.. ရနာရီ၄ဝမိနစ်လောက်သံပတ်က ထမြည်နေတာပေါ့... အဲဒါကို ထုံးစံအတိုင်း ပြန်ပိတ်ပြီးအိပ်လိုက်တာပေါ့... ဒီလိုနဲ့ ပြန်နိုးလာတော့ နာရီကြည့်လိုက်တာပေါ့.. မိနစ်လက်တံက ၁၂ကိုရောက်နေပြီ.. မိနစ်၂ဝလောက်ပိုအိပ်လိုက်ရတာ ခါတိုင်း၅မိနစ်လောက်အိပ်ရတာနဲ့များကွာပါ့.. တော်တော်လေးလန်းလန်းဆန်းဆန်းရှိနေတာပေါ့.. ဒါပေမဲ့... အတန်းတက်ဖို့ ခေါင်းထဲရောက်လာတော့........ 

  "သေပြီ... ငါအတန်းနောက်ကျပြန်ပြီ".. အင်္ကျီကမန်းကတန်းလဲ.. ကျောင်းသွားတဲ့လွယ်အိတ်ကောက်ဆွဲပြီး.. ပြေးလာလိုက်တာပေါ့.. ကျောင်းနဲ့အိမ်က မျက်နှာချင်းဆိုင်ပဲလေ.. နောက်တော့ အတန်းက ၇ထပ်မှာဆိုတော့ ဓာတ်လှေကားစောင့်ပြီး.. ဓာတ်လှေကားနဲ့တတ်လာလိုက်တာပေါ့.. နာရီမိနစ်လက်တံကိုလှမ်းကြည့်လိုက်တော့.. ၁ဝမိနစ်.. 


"ဟူး.. တော်ပါသေးရဲ့.. ပျက်ကွက်မဖြစ်သေးဘူး..." (၁ဝမိနစ်ထက်ကျော်ရင် ပျက်ကွက်လို့သတ်မှတ်ပြီး.. အတန်းစပြီး ၁ဝမိနစ်အတွင်းရောက်ရင် နောက်ကျလို့ပဲမှတ်ပါတယ်.. ၃ခါနောက်ကျက ၁ခါပျက်ကွက်နဲ့ညီမျှပါတယ်.. မှတ်ချက်.. မဗေဒါက ၃ခါနောက်ကျမိရင် ဆရာမကို အတင်းလိုက်တောင်းပန်ပြီ ညီးပြလိုက်ရင် ရပါတယ်) ဒါနဲ့ ဓာတ်လှေကား တံခါးလဲဖွင့်ရော.. ထွက်မယ်ကြည့်လိုက်တော့.. ဓာတ်လှေကားကို ဝင်ဖို့လုပ်နေတာက ကျမခုလာတက်တဲ့ အချိန်ကို သင်ရမဲ့ ဆရာမပါ... ဒါနဲ့ ဆရာမကိုတွေ့တော့.. ကျမတော်တော်စိတ်အေးသွားရတာပေါ့.. တီချယ်လဲ နောက်ကျတယ်ပေါ့.. နောက်စဉ်းစားမိတာက.. ဆရာမက အတန်းဘက်မသွားပဲ.. ဘာလို့ အောက်ပြန်ဆင်းသွားတာလဲမသိဘူးပေါ့.. သူပစ္စည်းတစ်ခုခုကျန်ခဲ့လို့သွားယူမလို့ဖြစ်မယ်ဆိုပြီးတွေးလိုက်တယ်.. ငါတော့ ဒီနေ့အေးဆေးပဲလို့ ကျိတ်ပြီး ဟင်းလုံးချနေတာပေါ့.. ဆရာမကိုတောင် နှုတ်ဆက်တဲ့အနေနဲ့.. 

"Teacher, Where are you going?" လို့လှမ်းမေးလိုက်တော့.. 
ဆရာမက... "Class is over, Why don't u come today?" လို့ ပြုံးပြီးလှမ်းမေးလိုက်ပါတယ်... 
သူက ပြုံးနေတော့ ကျမလဲ.. ဆရာမဒီနေ စိတ်ကြည်နေတယ်ပေါ့.. ငါ့ကိုတောင်လာနောက်နေတယ်ဆိုပြီး.. ပြုံးပြီး.. 
" I'm sorry i'm late, I am going to class now" လို့ပြောအပြီးမှာပဲ ဓာတ်လှေကားတံခါးက ပိတ်သွားပါတော့တယ်.. ဒါနဲ့ ကျမလဲ.. ဆရာမဒီနေ့ တော်တော်ပျော်နေပုံရတယ်.. ငါ့ကိုလဲ ရီကျဲရီကျဲနဲ့.. ပြီးတော့ အတန်းပြီးသွားပြီလေးဘာလေးနဲ့ နောက်နေတယ်ဆိုပြီး... အတန်းဘက်လျှောက်လာခဲ့ပါတယ်.. အတန်းရှေ့လဲရောက်ရော.. အတန်းတံခါးကြီးကပိတ်.. မီးတွေလဲမှောင်လို့.. ဘယ်လိုဖြစ်တာလဲဟ... ဒီနေ့အတန်းနေရာများပြောင်းသင်လားမသိဘူး ဆိုပြီး... သူငယ်ချင်းတရုတ်မဆီကို ဖုန်းလှမ်းဆက်ပြီးမေးတော့..

 ငါတို့ ____ ဘာသာအတန်းကိုရောက်နေပြီ.. မနက်ကနင်ဘာလို့မလာတာလဲ.. ခုဒီအတန်းကိုရောလာမှာလားတဲ့.. ကျမစဉ်းစားရတော်တော်ကျပ်သွားတယ်.. ဘာလို့လူတိုင်းက ငါ့ကို အတန်းလာမတက်ဘူးပဲပြောနေကျတာလဲ.. ငါ၁ဝမိနစ်လောက်လေးနောက်ကျတာနဲ့ဘာတွေဖြစ်ကုန်ကြပြီလဲ.. ဆရာမနဲ့သူငယ်ချင်းပေါင်းနောက်နေရအောင်လဲ.. ငါဒီလောက်အရေးပါဘူး.. ငါနာရီသေချာကြည့်ခဲ့တာ ၈နာရီ ထိုးပဲရှိသေးတာပါ... ရုပ်ရှင်တွေထဲကလို့... ကျမတစ်ယောက်ထဲကိုပဲ အလင်းတန်းရိုက်ပြီး အချိန် ၁နာရီနောက်ကျသွားသလိုခံစားနေရပြီး ခေါင်းတွေလဲတော်တော်ရှုပ်လာပါတယ်.. ဘာပဲဖြစ်ဖြစ် နောက်အတန်းကို ကျမသွားတက်ခဲ့ပါတယ်.. ပြီးတော့ သူငယ်ချင်းကို ဘာတွေဖြစ်နေတာလဲ.. မနက်ကအတန်းအစား ဒီအတန်းဘာလို့ဖြစ်သွားတာလဲ ဘာညာမေးတော့.. အားလုံးကနားမလည်သလိုလို ကျမကိုပြန်ကြည့်ပါတယ်.. နောက်ဆုံး ကျမက.. နာရီကိုထုတ်.. ဒီမှာ ၈နာရီ၁၅မိနစ်.. ဘာလို့ ဒီအတန်းကိုလာတက်နေတာလဲလို့ပြောတော့မှ... သူတို့က နင်နေကောင်းရဲ့လား.. ခု ကိုးနာရီ ၁၅မိနစ်လေလို့ပြောလိုက်တော့... ကျမနာရီကိုပြန်ကြည့်လိုက်တော့လဲ.. ၉နာရီ ၁၅မိနစ်ဟုတ်နေပါတယ်....

 အဲဒိတော့မှ ကျမ အိမ်မှာ ၁၅မိနစ်ပိုအိပ်လိုက်တာမဟုတ်ပဲ ၁နာရီ ၁၅မိနစ်ပိုအိပ်လိုက်မိတယ်ဆိုတာ သဘောပေါက်သွားပါတော့တယ်.. 

နိုးလာတော့လဲ ခါတိုင်းလိုပဲ မိနစ်လက်တံကိုပဲ ကြည့်ပြီး နာရီလက်တံကိုမကြည့်ပဲ ထွက်လာခဲ့လို့.. ခုလို အလင်းတန်းရိုက်ခံရတဲ့ ဘဝရောက်သွားခဲ့ရတာပါပဲ.. ခုတော့လဲ သတိမေ့နေတဲ့သူကို ရေနဲ့ပတ်ပြီး နှိုးလိုက်သလို ကောင်းကောင်းကြီး ဇာတ်ရည်လည်သွားပါတော့တယ်.. ဆရာမက ကျမအချိန်မှားကြည့်မှန်း အစထဲကသိလို့ ပြုံးတုန်းတုန်းလုပ်သွားတယ်ဆိုတာလဲ သဘောပေါက်သွားပါတော့တယ်... ဒီလိုနဲ့ သက်ဆိုင်ရာအတန်းတက်ပြီး ကျောင်းဆင်းချိန်ရောက်တော့ မဗေဒါက ပိုက်ဆံချွေတာတာရော.. အိမ်ထမင်းအိမ်ဟင်းပိုကြိုက်တာရော.. အိမ်နီးတာရောကြောင့်.. အိမ်မှာပဲထမင်းပြန်ချက်စားတတ်ပါတယ်.. 

ရန်ကုန်မှာနေတုန်းက ဟင်းမချက်ဖူးတဲ့ ကျမ စကာင်္ပူရောက်တော့ အနည်းအကျဉ်းစမ်းချက်ရင်း သာမန် ဆီပြန်ဟင်းတချို့နဲ့ သာမန် အကြော်အလှော်လောက်တော့ ချက်တက်ပါတယ်.. အဲဒိနေ့မတိုင်ခင်က အစ်မက နောက်နေ့ ပဲကြီးနှပ်ချက်စားမယ်လို့ပြောထားတာကြားတော့.. စေတနာနဲ့.. ငါချက်ထားလိုက်မယ်ပေါ့ဆိုပြီး.. ဒါနဲ့ သူ့ဆီကို ဖုန်းဆက်ပြီး ပဲကြီးနှပ်ဟင်းဘယ်လိုချက်ရလဲလို့မေးလိုက်တာပေါ့.. ဒီတော့ သူက ဖုန်းထဲကနေ ပဲကြီးနှပ်နည်းကိုပြောပြပါတယ်.... ပြောတဲ့အထဲမှာပါတာကတော့ ဒီလိုပါ... ".... ထည့်စရာရှိတာတွေ ထည့်ပြီးရင်.. ပဲကြီးမျက်နှာပြင်ကို ရေမြုပ်ရုံထည့်ပြီး မီးဖိုပေါ်တင်ထားလိုက် ........ " လို့ဆိုပါတယ်.. 

ဒါနဲ့ မဗေဒါလဲ... ဒီလောက်ကတော့ လွယ်လွယ်လေးပါ.. ဆီပြန်ဟင်းလောက်တောင်မခက်ပါဘူးဆိုပြီး.. သူပြောတဲ့အတိုင်း စိတ်ရှည်လက်ရှည်လိုက်လုပ်ပါတယ်.. ပြင်ဆင်စရာရှိတာပြင်ဆင်.. ထည့်စရာရှိတဲ့တန်ဆာပလာတွေ ထည့်.. ပြီးတော့ ရေထည့်ပါတယ်.. အဲဒိမှာ.. ရေက တော်တော်ကြာကြာလေးထည့်တဲ့ အထိတောင် ပဲကြီးမျက်နှာပြင်ကို မမြုပ်သေးပါဘူး.. ကျမလဲ ပဲမနူးမှာစိုးလို့ နဲနဲ... နဲနဲ ဆိုပြီး ထည့်လိုက်မိတာ.. နောက်ဆုံး မသင်ကာလို့.. ပဲကြီးကို လက်နဲ့ထိုးပြီးကြည့်လိုက်တော့မှ.. ရေပေါ်မှာပေါလောပေါ်နေတာသိပါတော့တယ်.. ရေပြန်သွန်ဖို့ကလဲ.. ဆီတွေ ဆားတွေ အားလုံးထည့်ပြီးသားဖြစ်နေလို့.. သွန်လိုက်ရင် အရသာအားလုံးပျောက်သွားမှာပါ.. ဒီတိုင်းချက်ရင်လဲ ပဲကြီးနှပ်ကနေ ပဲကြီးဟင်းခါးဖြစ်သွားမှာပါ.. ကျမလဲဘာလုပ်ရမှန်းမသိတော့ပါဘူး.. ဒါနဲ့ အကြံလေးဘာလေးရမလားဆိုပြီး.. ရန်ကုန်ကနေ ကျောင်းလျှောက်ဖို့ရောက်နေတဲ့ သူငယ်ချင်းကို ဖုန်းဆက်မေးပါတယ်.. သူလဲ နဲနဲပါးပါးချက်တတ်ပါတယ်.. 

သူကဟိုလိုလုပ်ကြည့် ဒီလိုလုပ်ကြည့်.. ဘယ်လိုပြောပြော ဒီပဲကြီးအိုးကို ကယ်လို့မရတော့ပါဘူး.. ဒါနဲ့ နောက်ဆုံးသူက.. အရသာမပျက်အောင်တော့ ငံပြာရည်.. အချိုမှုန့်.. ဆား.. ဘာညာသာရကာပေါ့နော်.. ထပ်ထည့်ပြိး ပုံမှန်အတိုင်းချက်လိုက်.. ကျက်တော့မှ ပဲကြီးရည်တွေကို တက်နိုင်သလောက်ပြန်သောက်ထားလိုက်တဲ့.. ကျမက ကပ်စေးနဲတော့ သွန်လဲမပြစ်ချင်ဘူးလေ.. ဒီတော့ သောက်မှရမှာပဲ.. ဒီလိုလုပ်မယ်ဆို အဆူခံရတာနဲနဲသက်သာမယ်ပေါ့.. သူ့ကိုလဲ လာကူသောက်ပေးဖို့ပြောတော့.. သောက်ပေးမယ်တဲ့.. သူ့အိမ်ကနီးတော့ လာလို့ရပါတယ်.. ဒီလိုနဲ့ ၂ယောက်သား ထမင်းကိုလဲ ပဲကြီးဟင်းခါးပေါလောနဲ့ လွေးလိုက်ကြပါတယ်.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပဲကြီးဟင်းခါး က ဘယ်လိုမှ ပဲကြီးနှပ်အရသာတော့ ပြန်မရနိုင်ပါဘူး.. ဒီလောက်သောက်တာတောင်.. အိုးတစ်ဝက်လောက်ထိရေတွေကျန်နေပါသေးတယ်.. 

ညနေ အစ်မပြန်ရောက်လာတော့.. ဒီလိုပဲလို့ပြောတော့.. သူသေချာပြောရဲ့သားနဲ့ ကျမက တမင်းများရွဲ့ ပြီးလုပ်သလားဆိုပြီးတောင်ပြောခံရပါတယ်.. ကျမလဲ.. သူပြောတဲ့အတိုင်း ပဲကြီးမျက်နှာပြင်ရေအမြုပ်ကိုစောင့်နေမိခဲ့တာကိုး... သူက မှတ်ချက်.. ပဲကြီးသည် ရေပေါ်တွင်ဘောလောပေါ်တတ်သည် ဆိုရင်တော့ ကျမက သတိထားမှာပေါ့.. ဒီတော့ ကျမလဲ သူက သေချာမှမပြောတာဆိုတဲ့ အချက်လေးနဲ့ပဲကိုင်ပေါက်တာပေါ့နော်.. ရန်ကုန်မှာ ကိုယ့်ညီမဟင်းမချက်ဖူးတာလဲ သိသားနဲ့ သေချာပြောပါလားနော်... ဟီး.. ဟီး.. သူကတော့ ဒီလို အခြေခံအချက်က လူတိုင်းသိထားတာပဲတဲ့.. ပြောစရာကို မလိုဘူးတဲ့.. ကဲ ခုပဲ ကျမ မသိလို့.. သူပဲကြီး ဟင်းခါးနဲ့ ၂ပါးသွားရပြီ.. ဟတ်.. ဟတ်... တစ်ခါမှားတိုင်း တစ်ခါအသိဉာဏ်တိုးတယ်.. တစ်ခါမှတ်တယ်ဆိုတဲ့အတိုင်း.. ကျမလဲ အမှားတွေကနေပဲ အတွေ့အကြုံတွေ.. ရီစရာ memory လေးတွေရခဲ့ပါတယ်.. ကဲ... ဒီလိုနဲ့ပဲ.. ကိုယ်ပေါင်းကိုယ်လှန်ထောင်းရင်း ဗရုတ်သုတ်ခနေ့ကို မချွင်းမချန် ရေးလိုက်ပါပြီ.. ကိုပုလုကွေးရေ... ပဲကြီးဟင်းခါးစားချင်ကြရင်တော့.. ပြောနော်.. ဟဲ.. ဟဲ...

6 comments :

puluque said...

ပဲကြီးဟင်းခါးလာစားသွားတယ်။ ဟားဟား။ နာရီမှားပုံက ကျွန်တောနဲ့တူတယ်။ ကျတော်က ဖုန်း ဓါတ်ခဲ ကို နာရီ ၀က်လောက်ဖြုတ်ထားမိပြီး ပြန်မတိုက်မိတော့ အလုပ်သွားနောက်ကျကောဗျ။

Anonymous said...

အိပ်ယာ ထချိန်ကတော့ တူနေပြီး ကြိုပေးထားရတယ် နှိုးစက် ၁၅ မိနစ်လောက် ပြန်မှိန်းတက်လို့  အဲ့လိုမှိန်းတဲ့ အချိန် ဘာနဲ့ မှကို မလဲနိုင် ချစ်သူကိုတောင်မေ့း) မဗေဒါကော အဲ့လိုပဲလားးးးးး

လင်း said...

ပဲကြီးဟင်းခါးတဲ့ ဟိဟိ စံပါဘဲ။ အလွဲတွေ ဆက်ရေးပါအုန်း။ လင်းလဲ လွဲတတ်လွန်းလို့ ။ သူများလွဲတာဖတ်ရတော့ အားရှိတယ် ၊ အဖော်ရပြိဆိုပြီး

Anonymous said...

ကျောင်းသွားတာ ရေလည်းမချိုးဘူး။ အရမ်းညစ်ပတ်တာပဲ..

Unknown said...

ဟဲ့.... နင်နဲ့ငါနဲ့က အမျိုးတွေထင်တယ်...
ဒီလို တလွဲလုပ်တဲ့နေရာတော့
ဟီ..ဟိ... တူပါ့ဟာ....

Anonymous said...

သူငယ်ချင်း ဘိုဘိုရေ.... မဗေဒါကျောင်းသူဘဝတုန်းက တခြားကျောင်းသူတွေလို လှလှပပနဲ့ ပဲပေးပြီး မတက်ခဲ့ရပါဘူး.. အလုပ်တဖက် ကျောင်းတဖက်နဲ့ အိပ်ချိန်တောင် မနဲလုအိပ်နေရတာပါ.. ညအလုပ်က ၁နာရီလောက်မှအိမ်ပြန်ရောက်ရင် အဲဒိအချိန်ရေချိုးပြီးအိပ်ပါတယ်... မနက်ကျရင်တော့ မျက်နှာသစ်သန့်စင်ပြီး ကျောင်းကိုပြေးရပါတယ်.. ကျောင်းနဲ့အိမ်နီးတယ်ဆိုတဲ့ အချက်ကို သတိထားစေချင်ပါတယ်.. အဲဒိအတွက် မဗေဒါ ဘယ်အချိန်အိမ်ပြန်ရေချိုးချိုးရပါတယ်.. စင်္ကာပူမှာနေတဲ့ သူတစ်ယောက်အနေနဲ့ အချိန်ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုသိမှာပါ.. အလုပ်တစ်ဖက် ကျောင်းတစ်ဖက်သူအတွက် အချိန်ကပိုအရေးကြီးပါတယ်.. တစ်ရက်မှာ ရေ ၁ကြိမ်ကနေ ၂ကြိမ်အပြင် ဘယ်သူပိုချိုးပါသလဲ.. နင့်အနေနဲ့လဲ အလုပ်ကို အချိန်မမှီလို့ တခါတလေရေမချိုးပဲသွားတဲ့ရက်တွေလဲရှိမှာပါ.. ခုလိုနောက်ကျနေတဲ့ နေ့မျိုးမှာ သွားဖို့ကအဓိကလား.. ရေချိုးဖို့ကအဓိကလားဆိုတာကတော့ ကာယကံရှင်ရဲ့ဆုံးဖြတ်ချက်ပေါ်ပဲမူတည်မှာပါ... အပျော်သဘောစနောက်ပြီးပေးတဲ့ ကွန်မန့်ပဲဖြစ်စေ.. အတည်ပေးတဲ့ကွန်မန့်ပဲဖြစ်စေ.. ပြန်ရှင်းပြသင့်တယ်ထင်လို့ရေးလိုက်တာပါ... ကွန်မန့်အတွက်ကျေးဇူးတင်ပါတယ်..