Monday, September 22, 2008

မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၂)

အင်တာနက်နှင့်မိတ်ဆက်ခြင်း.... 


စကာင်္ပူမှာကျောင်းတက်ပြီဆိုတော့ ရှောင်လွှဲလို့မရတာ ကွန်ပြူတာနဲ့ အင်တာနက်ပေါ့... သူတို့တွေနဲ့ မရင်းနှီးခဲ့ခင် သူတို့ကို အသုံးချရာမှာ မဗေဒါတွေ့ခဲ့ရတဲ့ ဒုက္ခတွေ.. မလိုအပ်ပဲ ဖြစ်ခဲ့ရတဲ့ ရန်ပွဲလေးတွေကို ဒီတစ်ခါပြောပြချင်တယ်.. ခုပြန်ပြောပြရင်တောင် အဲဒိတုန်းက တက်ကနော်လောဂျီနဲ့ပတ်သတ်ပြီး အသိနည်းပါးခဲ့တဲ့ မဗေဒါ့အဖြစ်က တော်တော်ရီစရာကောင်းမယ်ထင်ပါတယ်... မဗေဒါ၁ဝတန်းအောင်ပြီးတော့ ကွန်ပြူတာသင်တန်း ဝင်းဒိုးလေး.. ဘာလေး.. စီပရိုဂန်းမင်း(တစ်လုံးမှမသိခဲ့ပါ).. အဲဒိသင်တန်းလေးတွေတော့ တက်ဖြစ်လိုက်ပါသေးတယ်.. တက်ပြီးတော့လဲ အလေ့အကျင့်မရှိတော့ ကြက်ပျောက်ငှက်ပျောက်ပါပဲ... အဲဒိတုန်းက အင်တာနက်ဆိုတာမြန်မာပြည်မှာ တွင်တွင်ကျယ်ကျယ်သိပ်မရှိသေးဘူး ထင်ပါတယ်... အင်တာနက်ကဖေးဆိုလုံးဝမရှိသလောက်ပဲထင်ပါတယ် (နည်းနည်းပါပါးရှိရင်တော့လဲရှိမယ်... စိတ်မဝင်စားလို့ သတိမထားမိတာလဲဖြစ်နိုင်ပါတယ်).. ရှောင်နေလို့လဲရတာကိုး.... 

မဗေဒါ စကာင်္ပူရောက်စက ကွန်ပြူတာ အင်တာနက် အသိဉာဏ်ဘယ်လောက်နည်းလဲဆိုရင်.. ကွန်ပြူတာအသိကိုပြောရရင်.. Hardware နဲ့ Software ဘာကွာမှန်းမသိ... အင်တာနက်ဆိုတာ "အင်တာနက်စက်ကြီး" သက်သက်တလုံးရှိတယ်လို့တောင်ထင်ထားတာပါ... ကွန်ပြူတာကနေသုံးရမှန်းမသိပါဘူး.. Uploading ဆိုတာဘာမှန်းမသိ.. Downloading ဆိုတာ အဘိဓာန်လှန်ရှာရမလောက်ထိပါပဲ.. 

ဒီလိုနဲ့ မဗေဒါရဲ့ ရွှေမဟာ ပိုလီကျောင်းကြီးနဲ့ မိတ်ဆက်ပြီးသကာလ.. စတင်ပြီး ဦးနှောက်မှာ မှတ်စရာတွေ တမဟုတ်ချင်းတိုးလာတာကတော့... Password လို့ခေါ်တဲ့ လျှို့ဝှက်စာလေးတွေပါ.. ဒါတောင် မဗေဒါ အစ်မကသူကျွန်မအတွက်လုပ်ပေးပြီးသားလေးတွေကို မှတ်ခိုင်းတာပါ.. စာကြည့်တိုက်မှာသုံးဖို့အတွက် User name and password, ကျောင်း facility မှာသုံးဖို့ User name and password, နောက်ပြီး Yahoo Mail account တစ်ခုလဲဖွင့်ပေးပါတယ်.. User name and password ဆိုတာဘာအတွက် သုံးရမှန်းတောင် ကျွန်မ မသိပေမဲ့ မှတ်ဆိုတော့လဲ မှတ်ထားလိုက်တာပေါ့နော်... 

ကျောင်းတက်ပြီး ၁ပတ်လောက်ထိတော့ ရှောင်လို့ရပါသေးတယ်.. နဲနဲပါးပါးဆို ကိုယ့်အစ်မကို လုပ်ခိုင်းလိုက်လို့ရသေးတယ်.. ဒါပေမဲ့ နောက်ပိုင်းသူလဲ သူ့ ပရောဂျက်နဲ့သူဖြစ်တာရော.. ကျမရဲ့ ကွန်ပြူတာနဲ့မထိတွေ့မနေရကိစ္စတွေကလဲ များသထက်များလာပါတယ်.. ကျောင်းမှာ ပရောဂျက်တွေလုပ်လို့ မသိတာရှိရင် Yahoo နဲ့Google ကိုရှာလိုက်လို့ပြောတော့... မဗေဒါအတွက်တော့ Yahoo နဲဲ့ Google ဆိုတဲ့ ဆရာတရုတ်ကြီး ၂ယောက်ကို လိုက်ရှာမေးရမယ်ထင်နေတာပေါ့.. Lecture note တွေကို Ole မှာသွားထုတ်(Download)ရမယ်ဆိုလဲ.. Ole ဆိုတဲ့ Department ကဘယ်နားမှာလဲလို့ ပြန်မေးမိမှာပါ.. ဒီလိုနဲ့ပဲ Lecture note ကို သူများဆီကပဲ ကော်ပီအမြဲစွဲပြီးယူခဲ့ရတယ်.. အတန်းသားတွေကတော့ ကိုယ့်အကောင့်နဲ့ကိုယ်ကြိုက်သလောက်ထုတ်လို့ရနေတာ.. ဘာလို့သူတို့ဆီကယူပြီး ကော်ပီလဲဆိုတာနားမလည်တဲ့ပုံစံနဲ့ကြည့်ကြတာပေါ့နော်... ကိုယ်ကလဲ ကိုယ့်ဒုက္ခနဲ့ကိုယ်လေ... 

အဲ..ဒီလိုနဲ့ မဗေဒါလဲ User name and password ဆိုတာဘာမှန်းသိလာတဲ့အချိန်.. ကွန်ပြူတာမှာလဲ Microsoftword မှာ စာရိုက်တတ်လာတဲ့အချိန်ပေါ့နော် (မရိုက်တတ်လို့လဲမရဘူးလေ.. ပရောဂျက်အကုန်လုံးက လက်ရေးနဲ့မှတင်လို့မရတာ).. Group Project တစ်ခုတင်ခါနီးအချိန်မှာ.. သိတဲ့အတိုင်း မဗေဒါအခန်းထဲမှာ မြန်မာ မဗေဒါတစ်ယောက်ထဲဆိုတော့ Project ကိုလဲ စလုံးတွေ ပြည်ကြီးတရုတ်တွေနဲ့ပဲတွဲရတော့တာပေါ့.. အဲဒိမှာ Project Dead line နီးနေတဲ့တနေ့မှာ.. မဗေဒါကတော့ ကိုယ့်အပိုင်းကိုယ်ပြီးပါပြီ.. Print ထုတ်ဖို့ကို နောက်မှ ကိုယ့်အစ်မကို ခိုင်းမယ်ပေါ့... အုပ်စုထဲက ပြည်ကြီးတရုတ်မဆီက သူ့အပိုင်းကို တောင်းတော့ သူက ချက်ချင်းပဲဖြစ်သလိုရေးပြီး.. သူသွားစရာရှိလို့ နင် Print ထုတ်လိုက်တဲ့.. ဒစ်ကပ် (disk)ကိုလာပေးပါတယ်.. ကျွန်မပြန်ငြင်းလို့မရလိုက်ခင်မှာပဲ.. သူမထွက်သွားပါတယ်.. ကျွန်မလဲ ဟိုကြည့်ဒီကြည့်သူများတွေလုပ်တာ မြင်ဘူးသလောက် Print ဆိုတဲ့ ခလုတ်လေးကို နှိပ်တာတွေ့တော့ လိုက်လုပ်ကြည့်ပါတယ်.. သိတဲ့အတိုင်းပဲ Print ပြီးရင် Print Option တို့ Printer selection တို့ (Printer တွေက အများကြီးရှိလို့ရွေးရတာပါ)... အဲဒိ Box တွေပေါ်လာတော့ ကျွန်မဆက်မလုပ်တက်တော့ပါဘူး.. ဒါနဲ့ အစ်မကိုပဲ ထုတ်ခိုင်းတော့မယ်ဆိုပြီး.. အိမ်ယူလာလိုက်ပါတယ်.. 

အိမ်ရောက်တော့ အစ်မကကျွန်မအပိုင်းကို Print ထုတ်ပြီးပါပြီ.. သူ့အပိုင်းပါထုတ်ပေးပါဆိုတော့.. ကျွန်မအစ်မက သူ့အပိုင်းကိုသူအပြီးထိတာဝန်မယူပဲ ထွက်သွားတာ နင့်ကို အနိုင်ကျင့်တာတဲ့.. မလုပ်ပေးနို်င်ဘူးပြောလိုက်တဲ့.. ဒီလိုနဲ့ပဲ.. ကျွန်မလဲ ပရောဂျက် ရေးတုန်းကတောင် ဒီလောက် စိတ်မဖိစီးခဲ့ပဲ Print ထုတ်ဖို့ကျမှ တော်တော်လေးစိတ်ဖိစီးခဲ့ရတယ်.. တရုတ်မကို နင့်ဘာနင် Print ထုတ်လို့ဖုန်းဆက်ပြီးပြောတော့ သူကလဲ ကျွန်မကို တွက်ကပ်လိုက်တာပေါ့.. ကျွန်မဖက်က အခက်အခဲကို သူကမှနားမလည်ပေးနိုင်တာ.. ဒါနဲ့ မဗေဒါလဲ စိတ်ထဲ မွန်းကြပ်လာပြီး.. ဒေါသကလဲ စကားပြောရင်းထွက်လာပါတယ်.. ဖုန်းထဲကဆိုတော့.. သူကလဲ အင်္ဂလိပ်လိုကောင်းကောင်းမပြောတတ်လေတော့.. စကားပြောရတာ လက်ပေါက်ကပ်လာပါတယ်.. ဒါနဲ့ စိတ်တိုပြီး.. ကျွန်မလဲ.. အင်္ဂလိပ်လို ရွှတ်ရွှတ်ရွှွှတ် မှုတ်ပြီး သူ့ကို ကောထဲ့လိုက်ပါတယ်.. ဖုန်းချပြီးတော့ ကျွန်မအစ်မက "ငါ့ညီမ အင်္ဂလိပ်စာကောင်းသားပဲ"လို့ မဆူတဲ့အပြင်အားတောင်ပေးလိုက်ပါသေးတယ်.. (အဲလို ချစ်ဖို့ကောင်းတာပါ)... 

ဒါက တော့ မဗေဒါရဲ့ ကျောင်းသူဘဝ ပထမဆုံး ပရောဂျက်ရန်ပွဲပါ... အဲဒိ ရန်ပွဲလေးပြီးတော့ မဗေဒါ မှတ်မှတ်ရရ သူငယ်ချင်းကောင်း ၂ ယောက်ရလိုက်ပါတယ်.. တစ်ယောက်က မဗေဒါကို တော်တော်လေးနားလည်ပါတယ်.. မဗေဒါ ခုလို မသုံးတတ်မစွဲတတ်ဖြစ်နေလို့ ဒုက္ခရောက်တယ်ဆိုတာ သူမသိပါတယ်.. မဗေဒါ မျက်ရည်တရွှဲရွှဲနဲ့ ညည်းတိုင်းသူမနားထောင်ခဲ့တာကိုး... သူမကလဲ ပြည်ကြီးတရုတ်မပါပဲ.. အသက်က ၃ဝ လောက်ဆိုတော့ မဗေဒါထက် ၁ဝနှစ်ကျော်ကြီးပါတယ်.. သူမလဲ မဗေဒါကို နားလည်တော့ ဟိုပရောဂျက်လုပ်တဲ့ တရုတ်မကို တရုတ်မချင်း တရုတ်လိုသွားပြောပါတယ်.. ကိုယ့်တာဝန်ကိုယ်ယူသင့်ကြောင်း.. အငယ်ကို အနို်င်မကျင့်သင့်ကြောင်း.. (အဲဒိတုန်းက တစ်တန်းလုံးမှာ ကျွန်မအငယ်ဆုံးပါ.. သက်တူရွယ်တူတော့ ၃ယောက်လောက်ရှိပါတယ်) သွားပြောတော့.. ဟို ပရောဂျက်တရုတ်မကလဲ.. Print လေးထုတ်ခိုင်းတာ သူ့ကို လူဆိုးမကြီးလိုဖြစ်အောင်လာပြောနေတယ်ဆိုပြီး ၂ယောက်စကားများကြတာ ပိုလီသုံးနှစ်လုံး တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြတော့ပါဘူး... ကျွန်မလဲ ပရောဂျက်တရုတ်မနဲ့ ပထမနှစ်တစ်နှစ်လုံး စကားမပြောပဲနေခဲ့ပါတယ်.. 

အဲ.. ဒုတိယနှစ်ရောက်တော့ ကိုယ်ကြိုက်တဲ့ specialization လိုင်းရွေးတော့ ကျွန်မသူငယ်ချင်းတရုတ်မနဲ့ ကျွန်မနဲ့ ယူတဲ့လိုင်းမတူပါဘူး.. ကျွန်မယူတဲ့လိုင်းကို အတန်းထဲက မိန်းကလေး ၂ယောက်ပဲရွေးပါတယ်.. အဲဒါက ကျွန်မနဲ့ ပရောဂျက်တရုတ်မပါ.. ဒုတိယနှစ်စစချင်း အခန်းထဲမှာ အသိဆိုလို့ ကျွန်မတို့၂ယောက်ပဲရှိတော့ သူနဲ့ သည်းခံပြီးပေါင်းခဲ့ပါတယ်.. သူကလဲ အဲဒိအချိန်မှာ ကျွန်မကို တော်တော်လေးနားလည်နေပါပြီ... ကျွန်မကလဲ ရောက်စကလို ငတုံးတော့မဟုတ်တော့ပါဘူး.. သူ့အကြောင်းကိုလဲ ကျွန်မတဖြည်းဖြည်းသိလာပါတယ်.. 

ကျွန်မအပေါ်အမြဲကောင်းတဲ့ တရုတ်မနဲ့ သူနဲ့ကလုံးဝ စရိုက် (Type)မတူပါဘူး.. ကျွန်မကလဲ ကိုယ့်ပုံစံနဲ့ကိုယ်နေတတ်တဲ့သူ.. ဒါပေမဲ့ သူများပုံစံကိုလဲ ငါနဲ့တူရမယ်ဆိုပြီး မလုပ်တတ်တော့.. ၂ယောက်လုံးနဲ့အဆင်ပြေပါတယ်.. Final Year Project ကိုလဲ အဲဒိ ပရောဂျက်တရုတ်မနဲ့ပဲ လုပ်ဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ ဒီတစ်ခါတော့ agreement လေးနဲ့ပါ.. "ပရောဂျက်ကိစ္စနဲ့ ရန်ဖြစ်ပြီးတိုင်း ပြန်ခေါ်ဖို့ဝန်မလေးရဘူး.. တစ်ယောက်ကပြန်ခေါ်ရင်လဲ နောက်တစ်ယောက်က စကားပြန်ပြောရမယ်" ဆိုပြီး စည်းကမ်းထုတ်ထားခဲ့လို့ အားလုံးအဆင်ပြေခဲ့ပါတယ်.. ရန်ပွဲတွေက တော့ မနဲပဲပေါ့.. ဟား.. ဟား... 

နောက်အင်တာနက်နဲ့ ပတ်သတ်ပြီး မဗေဒါအရှက်ကွဲခဲ့တာလေးကို ပြောပြချင်ပါတယ်.. အရမ်းတော့မရီကျပါနဲ့နော်.. ရှက်လို့ပါ... ပထမနှစ် ဒုတိယနှစ်ဝက်( 1st year, 2nd sem) မှာ.. Elective subject ရွေးရတော့ ကျွန်မနဲ့ ကျွန်မအပေါ်ကောင်းတဲ့ တရုတ်မနဲ့ တူတူ ဂျပန်ဘာသာစကားကို ရွေးခဲ့ပါတယ်.. ဒီလိုနဲ့ ဂျပန်အတန်းကလဲ ပရောဂျက်ခေါင်းစဉ်တွေရွေးရပါတယ်.. Individual project ပါ.. ကျွန်မကလဲ အချက်အလက်ရှာရလွယ်ကူမဲ့ ထင်တဲ့ "Japanese student lifestyle" ဆိုတာကို ရွေးလိုက်ပါတယ်.. အဲဒိအချိန်ထိ မဗေဒါ internet နဲ့ research ရှာတာကို နဲနဲပါးပါးပဲလုပ်ဖူးပါသေးတယ်.. email လေး Print out လေးတော့ လုပ်တတ်နေပါပြီ.. ဒါနဲ့ ကိုယ်ကလဲ အဲလို Language တွေ Culture တွေစိတ်ဝင်စားတဲ့သူဆိုတော့ ကိုယ်တိုင် research ရှာမယ်ပေါ့.. အစ်မကို အားကိုးရတာလဲ အားနာလှပြီလေ.. ဒါလဲ မဖြစ်သင့်တော့ဘူးထင်တာပေါ့...

 ဒါနဲ့.. ကျောင်းက ကျောင်းသားတွေ computer သုံးတဲ့ Lab ကို သွား... အကျအနထိုင်.. ငါက စာလုပ်မှာပေါ့.. သူများတွေလို Lab လာပြီး Game ဆော့မှာမဟုတ်ဘူးပေါ့.. ကိုယ့်ကိုကိုယ်တောင် ပြန်မြှောက်လိုက်ပါသေးတယ်.. ပြီးတော့ အင်တာနက်ကိုဖွင့်.. Google ကိုသွား... "Japanese student lifestyle" လို့ရိုက်ထည့်လိုက်ပါတယ်.. ပြီးတော့ ပထမဆုံးတွေ့တဲ့လင့်ခ်လေးကို နှိပ်လိုက်ပါတယ်... အဲဒိမှာပြဿနာစပါတော့တယ်.... ဘယ်က Porn တွေတက်လာလဲမသိပါဘူး...အင်တာနက်မှာအဲဒါမျိုးတွေရှိလိမ့်မယ်လို့ မဗေဒါ သိတောင်မသိပါဘူး.. ဘာတွေမှန်းတောင်သေချာမသိပါဘူး.. လူလဲ ထူပူပြီး ဘာလုပ်ရမှန်းကိုမသိပါဘူး.. 

အင်တာနက် Page ကို လှမ်းပိတ်ပါတယ်.. ဒါပေမဲ့ သိတဲ့အတို်င်းပဲ.. တစ်ခုပိတ်ရင် နောက်ထပ် ၃ခုလောက်က pop up တွေထပ်တက်လာပါတယ်.. 

အဲဒါဘာလို့ဖြစ်မှန်းလဲ မဗေဒါမသိခဲ့ပါဘူး... 

ဘယ်လိုမှပိတ်လို့မရတဲ့အဆုံး.. ကွန်ပြူတာ မော်နီတာကြီးကို လက်နဲ့ပြေးကာပါတော့တယ်... သူများတွေမမြင်အောင် ကိုယ်နဲ့ပါကာပြီး ဖက်ထားလိုက်ပါတယ်.. ဘေးဘီကိုလဲ ရှက်လဲရှက်.. ဘယ်သူများမြင်သွားသေးလဲဆိုပြီး.. လှည့်ကြည့်ရပါတယ်.. တစ်ယောက်ထဲ ဝုန်းဆိုမတ်တပ်ထရပ်ပြီး.. မော်နီတာကို ပြေးဖတ်တာဆိုတော့.. လူတွေကလှည့်တော့ကြည့်ကျပါတယ်.. နောက်တော့လဲ သူတို့အလုပ်သူတို့ဆက်လုပ်ကြပါတယ်.. မဗေဒါလဲ အရူးလို့ထင်ချင်ထင်.. အဲဒိမော်နီတာပေါ်ကဟာတွေကို မမြင်ဖို့အရေးကြီးတော့.. မော်နီတာကြီးကို ကျစ်ကျစ်ပါအောင်ဖက်ထားပါတယ်.. ဘာဆက်လုပ်ရမှန်းလဲမသိပါဘူး.. ဘေးကလူတွေမြင်ရင် ဒီကောင်မလေးကျောင်းလာပြီး ဘာတွေကြည့်နေလဲလို့ထင်မှာပေါ့... လက်တွေလဲ တုန် ဒူးတွေလဲတုန်.. ဇောချွေးတွေတောင်ပြန်ပါတယ်... နောက်ဆုံးအောက်က ပါဝါကို ခြေထောက်နဲ့ လှမ်းပိတ်လိုက်ရပါတယ်.. ပြီးတော့ မဗေဒါလဲ ကိုယ့်လွယ်အိတ်ယူပြီး lab ထဲကပြေးပါတော့တယ်.. ပထမဆုံး အင်တာနက်မှာ research ရှာပြီး တွေ့ကြုံခဲ့ရတဲ့ အတွေ့ကြုံက ခါးသီးလွန်းလို့.. မဗေဒါ အင်တာနက်ကို အဲဒီ တစ် semester လုံး မထိရဲတော့ပါဘူး.. နောက်ဆုံး ကျွန်မအစ်မကိုပဲ အကူအညီတောင်းပြီ အဲဒိပရောဂျက်ကို ပြီးအောင်လုပ်ခဲ့ရပါတယ်... အဲလိုဖြစ်ပြီး.. ၁ပတ်လောက် ကျောင်းကများ warning letter လာမလား.. ကျောင်းများအထုတ်ခံရတော့မလား.. ခေါ်မေးရင်ဘယ်လိုဖြေရမလဲ.. ငါ့ကို ယုံပါ့မလား.. ဆိုပြီး.. မဆိုင်တာတွေကို အကြောက်ပိုခဲ့ရတဲ့ဘဝလေးကို လဲ ခုပြန်စဉ်းစားတိုင်း အားမလိုအားမရဖြစ်ရပါတော့တယ်... အော်.. နည်းပညာမှာ ခေတ်နောက်ကျခဲ့တော့ အပိုတွေ စိတ်ဖိစီးရပြီပေါ့.. တွေးမိတိုင်း အပြစ်တင်ချင်တာ ၁ဦးပဲရှိပါတယ်.. ကျွန်မတို့နိုင်ငံကို နည်းပညာနောက်ကျပြီး.. မျက်စိပိတ်နားပိတ်လုပ်ထားတဲ့သူပေါ့...

10 comments :

RePublic said...

ကိုယ်မသိသေးတဲ့ အရာ ဆိုတော့ အစပိုင်းတော့ အခက်အခဲတွေရှိတာပေါ့ဗျာ ၊၊ အားလုံး..ဒီလိုပါပဲ ၊၊ အခုတော့ မဗေဒါ ကျွမ်းကျင် အဆင့်ကိုရောက် နေ ပြီပဲ ၊၊ ဟုတ် တယ် ဟုတ် ၊၊

Anonymous said...

ဟိဟိ..
မဗေဒါကတော်တယ်နော်. Japanese student lifestyleကို Googleမှာ Typeတော့ ပေါ်လာချိန်မှာ မဗေဒါ ကျွန်ပျူတာကြီးကို ဖက်ထားတဲ့ပုံကို မျက်စိထဲမှာ မြင်ယောင်လာအောင် ရေးတတ်တယ်နော်.. ဟီးဟီး

Anonymous said...

ဟားဟား .. မဗေဒါ တို့ ကတော့ဖြစ်ရမယ် … မျက်လုံးထဲမှာမော်နီတာကြီးဖက်ထားတဲ့ပုံကိုကွက်ကွက်ကွင်းကွင်းကိုပေါ်လာတယ် . . ။ ဟီး ဟီး

puluque said...

အင်တာနက်ကြီး ကျကွဲသွားလို့ အိမ်ကို ပိုက်ပိုက်လှမ်းမတောင်းဘူးလားဗျ. ဟား ဟား နောက်တာနော်. ဒီလိုပါပဲ. ကျတော်တို့လဲ စသုံးတုန်းက ကြောင်တက်တက်နဲ့ ပေါ့.နောက်တောလည်း.. အဆင်ပြေသွားတာပါပဲ

mw said...

kon ban wa. ogenki desu ka? =D

MrDBA said...

ဟုတ်ပဗျာ ကျွန်တော်လဲ ရန်ကုန်မှာနေတုန်းက တစ်ခါပေါ့ software တစ်ခုရဲ့ serial key လေးလိုချင်လို့ Keygen site တစ်ခုမှာ ရှာလိုက်တာ မဗေဒါလိုဘဲ တန်းစီပြီး တက်လာလို့ ဆိုင်မှာဆိုတော့ ခက်တယ်မဟုတ်လား မနဲကို လိုက်မှီအောင် ပိတ်ယူရတယ် .. တော်တော် ချွေးပြန်သွားတယ်ဗျ။

Unknown said...

ဖြစ်ရလေ တယ်ရင်းရယ်...။ ကြွက်...ကြွက်...ကြွက်။ :P

Unknown said...

ငါသာlabထဲမှာ ရှိလို့ကတော့ ဘာဖြစ်တာလဲ ဘာကူပေးရမလဲ ဆိုပြီး ဇွတ်လိုက်မေးမယ်...ဟီ....ဟိ

Unknown said...

Ha Ha Ha Ha Ha Ha ........ Ha Ha Ha Ha ...... Sometimes I find that you are really cute.....

လငျးထကျ said...

ရယ်သွားတယ် မဗေဒါရေ ကျွန်တော် တို့ မြန်မာ လူမျိုးတွေ သနားဖို့ကောင်းတယ် ဗျာ ကွန်ပြူတာ ဆိုတာ လက်နှိပ်စက်နဲ့ တီဗွီ ပေါင်းထားတာ လို့ ပဲ ထင်တဲ့လူတွေက အများကြီး ရှိနေကြသေးတယ် ဗျ အုပ်ချုပ်သူ တွေ အသုံးမကျခဲ့ ကြလို့ပေါ့ ဗျာ..။