Monday, February 18, 2008

သူငယ်ချင်းသို့… ကျေးဇူးတင်လွှာ..

ဒီနှစ်မွေးနေ့မှာ ကျမတခါမှ မရဘူးတဲ့ ထူးခြားတဲ့ လက်ဆောင်တခုကို မမျှော်လင့်ပဲ ခင်ခဲ့တဲ့ သူငယ်ချင်းတယောက်ဆီက မမျှော်လင့်ပဲ ရခဲ့တယ်..
တကယ်တော့ ဒီနှစ်မွေးနေ့ မှာ ကျမ ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတယ်.. ယုံကြည်မှုတွေ အရည်ပျော်ခဲ့တယ်… ခွန်အားတွေ အငွေ့ပြန်ခဲ့တယ်… အိမ်မက်တွေ ပျက်စီးခဲ့ရတယ်.. တသက်လုံး ယုံကြည်အားကိုးချင်ခဲ့တဲ့ သူတယောက်လက်အောက်မှာ ကျမရဲ့မျှော်လင့်ချက်တွေဖျက်စီးခံခဲ့ရတယ်…
အသဲကွဲလို့ မျက်ရည်တရွှဲရွှဲဖြစ်နေ ရမယ့်အရွယ်လဲ မဟုတ်တော့ပါဘူး.. ပြီးသွားရင် ဘာမှမဟုတ်တော့ဘူးဆိုတာကိုလဲ နားလည်ပါတယ်.. ဒါပေမဲ့ ခံစားရတာတော့ ရင်နဲ့အမျှပါ..
ဒါပေမဲ့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံးပျော်အောင်နေတယ်.. ကျမကို ဂရုစိုက်တဲ့… ကျမကို ချစ်တဲ့ မိသားစုကို ကျမကိုယ့်ဘာသာကိုယ် ရှာလာတဲ့အပူမပေးချင်ဘူး..
အဲဒီအချိန်မှာပဲ ကျမ ဘလော့ရေးရင်း မထင်မှတ်ပဲ ခင်စရာကောင်းတဲ့ သူငယ်ချင်းတယောက်ရလာတယ်..
သူက ကျမ ဘလော့ရေးချင်စိတ်မရှိတာကို ပြန်ရေးချင်အောင်တိုက်တွန်းပေးခဲ့တယ်..
သူက ကျမ စကားပြောဖော်လိုနေတဲ့ အချိန် အဖော်လုပ်ပေးခဲ့တယ်..
သူက new year ညမှာ ကျမကို အားပေးခဲ့တယ်…
သူက ကျမ အထီးကျန်နေချိန်မှာ ကျမ တယောက်ထဲ မဟုတ်ဘူးဆိုတာကို အလင်းပြခဲ့တယ်..
ခုလဲ သူက ကျမ အတွက် အရမ်းကို အမှတ်တရဖြစ်စေမဲ့ မွေးနေ့လက်ဆောင် ပေးပြန်ပြီ…
သူက ကျမ နဲ့ ရွယ်တူ ...
သူက ကျမ နဲ့ ပြိုင်ဘက်အထက်ကျောင်းက….
သူက တော့ အားလုံးသိတဲ့ ဘလော့ဂါ Blackdream ပေါ့…
သူပေးတဲ့ လက်ဆောင် လေးကို သူ့ရဲ့ ခွင့်ပြုတောင်းဆိုမှုအရ ကျမရဲ့ဘလော့မှာ ဖော်ပြလိုက်ပါတယ်….
ဒီပိုစ့်လေးဟာ ကျမ ဘ၀အတွက် ဘာအခက်ခဲတွေရှိရှိ ရှေ့ဆက်ဖို့အတွက် အားဆေးတစ်ခွက်ပါပဲ…
တကယ်ကို တန်ဖိုးကြီးပြီး အမှတ်တရ နဲ့ တဘ၀လုံးအတွက် ဖူလုံစေတဲ့ လက်ဆောင်ကောင်းလေးပါ….
သူငယ်ချင်းရေ … နင်နဲ့ခင်ရတာ ငါဝမ်းသာတယ်ဟာ..

--------------------------------။-----------------------------------

သို့….

သူငယ်ချင်း

မနေ့က ငါတို့ စိုက်ပျိုးခဲ့တဲ့ အိပ်မက်တစ်ခုဟာ ဒီနေ့မှာ ငါတို့ ဘ၀တွေ အဖြစ်ရှင်သန်လာခဲ့ပြီ…။ တစ်ချို့က ပြောတယ် အိပ်မက်ဆိုတာ အိပ်ယာကနိုးရင် ပျက်ဆီးသွား ကြတယ်တဲ့…။ မဟုတ်ဘူး….။ အဲဒီ့စကားကို ငါငြင်းတယ်…။ တကယ်တော့ အိပ်မက်ဆိုတာ မျှော်လင့် ချက်တစ်ခုရဲ့ ရေသောက်မြစ်ပဲ…။ အိပ်မက်ဆိုတာ ခံစားချက်တစ်ခုရဲ့ မှန်တစ်ချပ်ပဲ…။ အိပ်မက်ဆိုးတွေ အ ကြောင်းတော့မပြောပါနဲ့ ငါတို့ ညတွေ ခါးကုန်လိမ့်မယ်…။ အမှန်တော့ အိပ်မက်တွေဆိုးတာဟာ ငါတို့ရဲ့ ခံစားချက်တွေ ကိုယ်တိုင်က ဆိုးနေကြလို့ပါ…။

လူတစ်ယောက်ရဲ့ ဘ၀မှာ အခက်အခဲဆုံး အချိန်ကိုပြပါဆိုရင်…။ ငါကတော့ ဖြစ်သင့်တာ နဲ့ ဖြစ်ခြင်တာ စစ်ခင်းတဲ့ အချိန်ကိုပဲ ပြရလိမ့်မယ်…။ ဦးနှောက်နဲ့ နှလုံးသား စစ်တုရင် ကစားရင် ဘယ်သူနိုင်မယ် ထင်လဲ? ငါကတော့ ဦးနှောက်ဘက်က ငါ့ဘ၀ကို ထပ်တယ်..။ အပ်ကြောင်းထပ်နေတဲ့ ဘ၀ရဲ့ အစီအစဉ် မကျနမှုတွေနဲ့ အဆင်မပြေမှုတွေဟာ တကယ်တော့ စိတ်ဓာတ်ရင့်ကျက်သူ တွေ အတွက် အကောင်းဆုံး ဟာသတွေပါပဲ…။ တကယ်တမ်းက လူတွေရူးနေကြတာပါ…။ နှလုံးသားဆိုတာ အစကတည်းက စဉ်းစားဖို့မှ မဟုတ်ဘဲ…။ ခံစားတတ်ရင် လုံလောက်ပြီ…။ သူ့တာဝန်ကျေပြီ....။

မသေချာမှုတွေ ခြေချင်းလိမ်နေကြတဲ့ ဒီလောကကြီးထဲမှာ တစ်ခုခုကို သေချာဖို့ကြိုးစား မိတဲ့ ငါတို့ကိုယ်တိုင်ကသာ အဓိက တရားခံတွေပါ…။ မပူပါနဲ့…။ ကံကြမ္မာ တရားသူကြီးက ဘ၀ခုံရုံးမှာ ငါတို့ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုကို သတ်မှတ်ပေးပါလိမ့်မယ်…။ ငါတို့ဘက်က ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ပဲ လိုအပ်တာပါ…။ ကောင်းတာဘဲ ဖြစ်ဖြစ်…။ ဆိုးတာဘဲ ဖြစ်ဖြစ် ငါတို့ လက်တော့ခံကြရ လိမ့်မယ်…။ ဘာလို့လဲဆိုတော့ သူရဲ့ဆုံးဖြတ်ချက်ဟာ ငါတို့လုပ်ရပ်တွေရဲ့ အရိပ် တစ်ခုဖြစ်နေလို့ပဲ သူငယ်ချင်း.....။ ငါတို့သတ္တိ ရှိဖို့တော့လိုမယ်နော်…..။

လိုအပ်တာနဲ့ လိုချင်တာ ဆိုပြီးနှစ်မျိုးသာ ရှိတဲ့ ငါတို့ဘတွေတွေထဲမှာ ဦးစားပေးတော့ မှန်ဖို့ လိုတယ်…။ လိုချင်တာတွေနောက်ကိုချည်း လိုက်နေကြမယ်ဆိုရင်တော့ ငါတို့ဘ၀တွေ အတွက် တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေကနေ ပိုပြီးဝေးသွားနိုင်တယ်…။ လိုချင်တာတွေရရင် ပျော်ရွှင် ပြုံးပျော်တတ်ကြတဲ့ ငါတို့တွေ… အရာရာကို ဆုံးရှုံးလိုက်ရပြီဆိုရင်လည်း အဓိပ္ပါယ်ရှိရှိ မျက်ရည်ကျတတ် ကြရမယ်လေ…။ ဘ၀တွေ အထပ်ထပ်ဖူးပွင့်နေတဲ့ လောကသစ်ပင်ကြီးထဲမှာ ငါတို့ဟာလဲ ဝေချိန် တန်ဝေပြီး ကြွေချိန်တန် ကြွေရမယ့် ပန်းတစ်ပွင့်ပါဘဲ…။

နောက်ဆုံးအနေနဲ့ ငါလက်ဆောင်တစ်ခုလောက် ပေးခဲ့ချင်တယ်…။ ဒီလက်ဆောင်ဟာ ငါတို့ရဲ့ ဒီလောကမှာ အမြင့်မြတ်ဆုံး လူသားတစ်ယောက်က ပထမဆုံး စပြီးပေးခဲ့တဲ့ လက်ဆောင်ပေါ့…။ အချိန်တွေ ဘယ်လိုဘဲ ပြောင်းပြောင်း…။ နေရာတွေ ဘယ်လိုပဲ ပြောင်းပြောင်း…။ အမြဲတန်း တန်ဖိုးရှိ ပြီး ထာဝရလှပနေ..တန်ဖိုးရှိနေမယ့် လက်ဆောင်တစ်ခုပေါ့…။ ဖြစ်နိုင်ရင် တခြားသူငယ်ချင်းတွေကိုလည်း ဒီလက်ဆောင်လေးကို အလျင်းသင့်ရင် သင့်သလို ပေးလိုက်ပါ…။ သူတို့အတွက်လည်း အဖိုးတန်ပါလိမ့်မယ်...။

ငါပေးမယ့်လက်ဆောင်က တစ်ခြားမဟုတ်ပါဘူး…။ စကားလုံးလေး တစ်လုံးပါဘဲ…။ ဥာဏ်ရှိသလို အသုံးတည့်ရင် တည့်သလို သုံးလို့ရပါတယ်…။ ဒီလောကကြီးကနေ ငါတို့ အပြီးအပိုင် မထွက်ခွာသ၍ပေါ့….။

“ ယောနိသော မနသိကာရ”…… သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းနိုင်ပါစေ။


Type the rest of your post here.

3 comments :

HEARTMUSEUM said...

မဗေဒါရေ...ဒီ essay လေးတောင် ဒီလောက်ကောင်းတာ
ကျန်တဲ့ အရေးအသားလည်း ကောင်းမှာ အသေအချာပဲ။
ကျွန်တော် သူ့Blogကို သွားမွှေအုံးမယ်ဗျာ။

BLACK DREAM said...

အားလုံးတော့ မသိဘူးထင်ပါတယ်ဟာ...နင်စွတ်မမြှောက်နဲ့ ....တော်ကြာ ငါဟိုအကောင်ကျ သလိုကျနေမှဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့... :)

summer snow said...

အဟီး.. ဖတ်ကောင်းအောင်လို့ ပိုရေးလိုက်တာ နဲနဲလွန်သွားတယ် blackdream... ဟဲ ဟဲ...