Wednesday, March 16, 2016

Honeymoon to New Zealand Day9: On the way to Christchurch (South Island)

စောင့်နေရတာ ကြာနေပြီဆိုတာ သိပါတယ်။ ဟန်းနီးမွန်းနှစ်ပတ်လည် မေလကျရင် ဘယ်သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားနေမိလို့ ပိုစ့်မရေးဖြစ်တာကို သတိရပြီး ရှက်မိပါတယ်။ ကဲ စလိုက်ကြရအောင်




၁၀ရက် မေလ ၂၀၁၅ (တနင်္ဂနွေနေ့) 

နယူးဇီလန်ကိုလာလည်ချင်တယ် အချိန်သိပ်မရလို့ တောင်ပိုင်းကျွန်းလည်ရမလား၊ မြောက်ပိုင်းကျွန်းလည်ရမလား မသိတဲ့သူတွေအတွက် တောင်ပိုင်းကျွန်း South Island ကို အရင်လည်ဖို့ ပြောချင်ပါတယ်။ မြောက်ပိုင်းကျွန်းမှာ အရှေ့ပိုစ့်တွေမှာ မြင်ခဲ့တဲ့အတိုင်း Rotoua မြို့ကလို ရေနွေးငွေ့ကန်တွေကြိုက်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ overall ရှုခင်းလှတာကတော့ တောင်ပိုင်းကျွန်းက ပိုလှတယ်လို အများကလဲ လက်ခံထားကြပါတယ်။ ခုပိုစ့်မှာတော့ တစ်နေကုန် အဝေးပြေးကားပေါ်မှာဆိုတော့ အဝေးပြေးလမ်းပေါ်က ပုံလေးတွေ အများကြီးတွေ့ရပါမယ်။


Wine Plantation
အမှန်တော့ အစက kiwirail scenic train ၃ခုရှိတဲ့ထဲက တစ်ခုခုကို စီးချင်ခဲ့တာ။ တောင်ပိုင်းကျွန်းအတွက်ဆိုရင်တော့ Picton ကနေ Christchurch ကိုအသွားအပြန်ဆွဲတဲ့ Coastal pacific  ရထားကို စီးလို့ရပေမဲ့ ရထားချိန်နဲ့ ကိုယ်ရောက်ချိန်က မကိုက်တော့ မစီးဖြစ်တော့ဘူး။ အဲ့ဒိရထားရဲ့ မှန်တွေက ဓာတ်ပုံရိုက်လို့ကောင်းအောင် Reflection မဖြစ်တဲ့ မှန်မျိုးတွေနဲ့တဲ့။ ရှုခင်းလဲ လှတယ်လို့ ကြော်ငြာထားတာပဲလေ။ ဒါပေမဲ့ အဝေပြေးကားနဲ့ သွားလိုက်တာလဲ မှားတဲ ရွေးချယ်မှုမဟုတ်ဘူးဆိုတာ ပြောရဲတယ်။ ရထားက တစ်ယောက်ကို NZD 200 ဝန်းကျင်ကျမယ်။ ကားနဲ့သွားတာ တစ်ယောက်ကို NZD 60 ဝန်းကျင်ပဲ ကျတယ်။ ဒါပေမဲ့ တကယ်တန်း ကားလဲစီးကြည့်ရော ကားလမ်းကလဲ ရထားလမ်းနဲ့ အပြိုင် ကမ်းရိုးတန်းတစ်လျှောက်ဖောက်ထားတာပါပဲ။ ဒီတော့ ရှုခင်းကတော့ အနည်းနဲ့ အများ တူမယ်ထင်တာပါပဲ။ ရထားကတော့ အလင်းမပြန်တဲ့ ပြတင်းပေါက်ကြီးတွေပါတော့ ဓာတ်ပုံရိုက်ရတာ ပိုလွယ်ကူမယ်ထင်ပါတယ်။ ရထားမစီးခဲ့တော့ ဘာတွေ ပိုကောင်းလဲ ဆိုတာ အသေအချာမသိပေမဲ့ ပေးရတဲ့ ပိုက်ဆံကတော့ အတော်လေးကွာပြီး သွားတဲ့လမ်းတော်တော်များများကလဲ ရှူခင်းတူတယ်လို့ ထင်တာပါပဲ။






အမှန်တော့ ကျွန်မတို့ Wellington ကနေ Queenstown ကို အချိန်ကုန် သက်သာအောင် လေယာဉ်စီးပြီး တန်းသွားဖို့ စိတ်ကူးခဲ့သေးတာပါ။ နောက်တော့ လေယာဉ်လက်မှတ်တွေက ဈေးကြီးတာနဲ့ လက်လျော့လိုက်တာပါ။ ဒါပေမဲ့ အဲ့ဒိ ဆုံးဖြတ်ချက်က မှန်သွားပါတယ်။ “It’s not about the Destination. It’s about the Journey” တဲ့။ ခရီးသွားရင် ပန်းတိုင်ကို ရောက်ဖို့စိတ်စောနေတာထက်၊ လမ်းတစ်လျှောက်ကြုံတွေ့ခံစားရတာက ပိုပြီး အဓိပ္ပါယ်ရှိတယ် မဟုတ်ပါလား။ အဲ့ဒိ အင်္ဂလိပ် စကားစုလေးနဲ့ ကိုယ့်ကိုကိုယ် အမြဲ သတိပေးဖြစ်တယ်။ မြောက်ပိုင်းကျွန်းနဲ့ တောင်ပိုင်းကျွန်းက ရှုခင်းတွေက မတူဘူး။ ၂ခုလုံးသူ့ဟာနဲ့သူပဲ။ ဒါပေမဲ့ တောင်ပိုင်းကျွန်းက ပင်လယ်ကမ်းရိုးတန်းဘေး ကားလမ်းဖောက်ထားတာရော၊ နှင်းတောင်တွေရှိတာရောကြောင့် ပိုလှတယ်လို့ ထင်ရတယ်။







Picton ကနေ Christchurch ကားက ၅နာရီခွဲလောက်စီးရမယ်လေ။ မဗေဒါတို့က နေ့လည် ၁၂နာရီ ၄၅ ထွက်တဲ့ကားစီးတာဆိုတော့ Christchurch ကို ညနေ ၆နာရီ ၁၀မိနစ်လောက်ရောက်မှာပေါ့။ ကားဂိတ်မှာတုန်းက စားသောက်ဆိုင်မတွေ့တာရော၊ ကိုယ်လဲ ဗိုက်သိပ်မဆာသေးတာနဲ့ နေ့လည်စာမစားပဲ ခဏနေရင်တော့ လမ်းမှာ ရပ်အုံးမယ်ပဲထင်နေတာပေါ့။ တောင်ပိုင်းလယ်ခင်းတွေမှာကျတော့ မြက်ခင်းတွေက ဝါပြီး ခြောက်နေတယ်။ မြောက်ပိုင်းကျွန်းက မြက်ခင်းတွေလောက် မစိမ်းဘူး။ လယ်တောထဲမှာ မြက်ပုံတွေ (Haystack) အများကြီး ထပ်ထားတာ သိသိသာသာ သတိထားမိတယ်။ ကိုယ်သတိထားမိနေတုန်းမှာပဲ ကားမောင်းတဲ့ လူကြီးက ရှင်းပြပါတယ်။ တောင်ပိုင်းကျွန်းမှာကျတော့ မြက်တွေက နည်းတယ်တဲ့။ ပိုလဲ အေးတော့ တောင်ကတုန်းလိုတွေက များတယ်။ အဲ့ဒါကြောင့် မြက်မလောက်မှာစိုးလို့ ခုလို ဆောင်းဦးပိုင်း မေလလောက်ဆိုရင် ခုလို မြက်တွေကို ဝယ်ပြီး စုထားရတယ်တဲ့။ ဆောင်းတွင်း တိရိစ္ဆာန်တွေအတွက် ရိက္ခာတဲ့။








 ခဏလောက် စီးပြီး ပင်ပန်းတာနဲ့ ခဏ အိပ်ပျော်သွားတယ်။ နိုးလာတဲ့အချိန်မှာ ကားပြတင်းပေါက်တွေကနေ တွေ့လိုက်ရတဲ့ ရှုခင်းတွေကြောင့် ဟာ ငါတော့ လွတ်ကုန်တော့မှာပဲ ဆိုပြီး ချက်ချင်းကို နိုးသွားတယ်။ နိုးတဲ့အချိန်မှာ ကမ်းရိုးတန်းကြီးဘေးကနေ ကားလမ်းအတိုင်းမောင်းနေတာ အရမ်းရှုခင်းလှတယ်။ အဲ့လိုနဲ့ပဲ အမြန် ကင်မရာထုတ်ပြီး မှီရာ ကောက်ရိုက်တာပေါ့။ ကိုယ်အိပ်တုန်းကတော့ Mr.Right မအိပ်သေးဘူး။ ခု ကိုယ်နိုးတော့ သူလဲ အိပ်ပျော်နေတယ်။ ကိုယ်လှုပ်လှုပ် ရွရွဖြစ်တော့မှ သူလဲ နိုးလာပြီး ၂ယောက်သား ရှုခင်းတွေတဝကြည့်ကြတယ်။ ကားလမ်းက ကမ်းခြေနဲ့ မီးရထားလမ်းကြားမှာရှိတာ။ လမ်းမှာ ကိုယ်ပိုင်ကားတွေနဲ့ အပျော်ငါးမျှားလာကြတဲ့ မိသားစုလေးတွေတွေ့တယ်။ တစ်ခါတစ်လေ ကျောက်ဆောင်တွေပေါ်မှာ သဘာဝအတိုင်းနေနေတဲ့ ပင်လယ်ဖျံလေးတွေကို တွေ့တယ်။ စိတ်ကို အရမ်းကြည်နူးဖို့ကောင်းတာပဲ။ တစ်ခါတစ်လေ တောင်ကို ဖောက်ဆောက်ထားတဲ့ ကားလမ်း လှိုင်ဂူကြီးတွေ ဖြတ်ရတယ်။ လေယာဉ်နဲ့ မသွားလိုက်တာ တော်ပါသေးရဲ့ဆိုပြီး ကျေနပ်မိတယ်။







ရှုခင်းတွေကြည့် ဓာတ်ပုံတွေရိုက်ပြီး အတန်ကြာလာတော့ ရိုက်ချင်ဇောလဲ နည်းလာပြီဆိုတော့မှ ရုတ်တရက် ခေါင်းတွေ မူးတက်လာတယ်။ ဗိုက်ဆာတာလေ။ မနက်ကတည်းက ဘာမှလဲ မယ်မယ်ရရ စားထားတာမဟုတ်ဘူး။ သင်္ဘောပေါ်က မနက်စာ ပေါင်မုန့်ကင်တစ်ချက်နဲ့ ဂျင်သုတ် ကော်ဖီတစ်ခွက်ပဲ သောက်ထားတာ။ ရှေ့နေ့ကစားတာတွေကို စဉ်းစားမယ်ဆိုရင်လဲ မနက်စာက ခေါက်ဆွဲပြုတ် ၁ဗူးနဲ့ ညစာက Subway လေ။ ထမင်းမစားဖြစ်တာ အတော်ကြာပြီ။ ကိုယ်က မြန်မာပီသစွာပဲ ထမင်းအလွန်ကြိုက်တာ။ ဒါတောင် ဒီမှာနေတာကြာလို့ ခုဆို ထမင်းအစားထိုး ခေါက်ဆွဲစားနိုင်လာတာ။ အရမ်းခေါင်းမူးလို့ ငြိမ်ငြိမ်လေးပဲနေရတယ်။ ကားကလဲ တကယ်ကို တောက်လျှောက်မောင်းတာ။ ကားပေါ်က တစ်ယောက်မှ ကားဆရာအပါအဝင် အပေါ့အပါးတောင် မသွားချင်ကြဘူးလားမသိဘူး။ Mr.Right ကို လှည့်ပြောရတယ်။ ဒီတစ်ခါတော့ ငါထမင်းစားမှဖြစ်မယ်။ ကားရပ်မယ်ကြားရင် ယိုးဒယားဆိုင်ဖြစ်ဖြစ် ကိုရီးယားဆိုင်ဖြစ်ဖြစ်၊ အာရှစားသောက်ဆိုင်ကို ရှာမှလို့ မဟုတ်ရင် တင်းတိမ်မှာ မဟုတ်ဘူးလေ။






ညနေ ၃နာရီခွဲကျတော့မှ Picton နဲ့ Christchurch ကြားက တံငါမြို့လေးဖြစ်တဲ့ Kaikoura ကို ဝင်တယ်။ ကားမရပ်ခင်ကတည်းက မြို့ဝင်တာနဲ့ ယိုးဒယားထမင်းဆိုင်လိုက်ကြည့်နေတာ။ တည့်တည့်မတ်မတ်ပဲ တစ်ဆိုင်တွေ့လို့ ကားကို ဒီနားမှာရပ်ပါစေ ဆုတောင်းနေတာ။ သူက ၃ဆိုင်ကျော်လောက်မှာ သွားရပ်တယ်။ မုန့်စား အိမ်သာသွား နာရီဝက်ပဲ အချိန်ပေးတယ်။ ဒါနဲ့ ကားရပ်တာနဲ့ အဲ့ယိုးဒယားဆိုင်ကို အမြန်ပြေးတော့ ညနေ ၅နာရီမှ ပြန်ဖွင့်မယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ့ပြီး နည်းနည်းလေသွားတယ်။ ဒါပေမဲ့ ဆိုင်ထဲမှာ စားနေတဲ့ တစ်စားပွဲလောက်တော့ရှိတော့ ကောင်တာထဲက Maori အမျိုးသမီးလိုပုံစံပဲ ဆိုင်ရှင်ထင်တယ် သူ့ကို ရအုံးမလားမေးတော့ ဖော့ဘူးနဲ့ Take away ပဲ ရမယ်တဲ့။ ဒီလိုနဲ့ ကိုယ်လဲ ကိစ္စမရှိဘူးဆိုပြီး မှာလိုက်တယ်။ တစ်ပွဲ NZD 12 နဲ့ ၂ပွဲဆိုတော့ NZD 24 ကျတယ်။ ဆိုင်ထဲမှာ လူမရှိတာတောင် အတော်လေး စောင့်ရတယ်။ အလုပ်လုပ်တာ နှေးတယ်ပြောရမလား၊ Relax ဖြစ်တယ်ပြောရမလားပဲ။ စလုံးဆိုရင် အားလုံး မြန်မှမြန်။ အချိန်မလောက်မှာ ကြောက်ရသေးတယ်။









နောက် ဖော့ဘူးနဲ့ရတော့မှ ဆိုင်ပြင်က စားပွဲလေးမှာပဲ အမြန်ထိုင်စားပြီး ကားဆီ ပြန်ပြေးရတယ်။ ထမင်းဝင်သွားတာနဲ့ လူက ရေလောင်းလိုက်တဲ့ ပန်းပင်လေးလို ချက်ချင်းကို လန်းဆန်းသွားတာပဲ။ စောစောကဆို ပျော့ခွေနေပြီ။ အဲ့ Kaikoura က Seafood crayfish နာမည်ကြီးတယ်တဲ့။ ဒါပေမဲ့ ဈေးလဲကြီးတယ်လို့ ကြားထားပါတယ်။ တချို့က Christchurch ကနေ နေ့ချင်းပြန်ခရီးလာလည်ကြတယ်တဲ့။ ခရီးသွား မစစ်ဘူးဆိုချင်ဆို Crayfish ကလဲ Tourist attraction ဆိုတော့ ဈေးက သေးမှာမဟုတ်ဘူး။ ဒီအချိန်မှာ “ကိုယ်လိုနေတာ ထမင်းပါပဲ အိုး ဝိုး ရေ။ ထမင်းပဲ ကောင်းတယ်။ ထမင်းပဲ ကောင်းခဲ့တယ်။ ထမင်းသာ အကောင်းဆုံးပဲ။ တကယ်ပဲ ထမင်းအကောင်းဆုံး” (ဟီး သျှီရဲ့ “မင်းပဲ ကောင်းတယ်” သီချင်းသံစဉ်လေးနဲ့ ဖတ်နော်)


iSite in Kaikoura




ထမင်းစားနားပြီးတော့ တောက်လျှောက် Christchurch ရောက်တဲ့အထိ ဆက်မောင်းတာ လမ်းမှ မရပ်တော့ဘူး။ လမ်းက ရှုခင်းတွေကတော့ ကမ်းရိုးတမ်းတစ်လျှောက် ကြည့်လို့ကောင်းပါ့။ ၆နာရီ ၂၀ လောက်မှာ Christchurch ကိုရောက်တယ်။ သူတို့ရောက်မဲ့ ပြောမဲ့ အချိန်လောက်ပဲ။ Christchurch က မဗေဒါတို့ လည်တဲအချိန်မတိုင်မီလေးကမှ ငလျင်ဒဏ်ခံထားရတော့ မြို့ထဲက အဆောက်အဦးတော်တော်များများက ဆောက်လုပ်ရေးတွေဖြစ်နေတယ်။ ငလျင်ကတော်တော်ကြီးပြီး အပျက်အစီးများပုံရတယ်။ ကားနဲ့ မြို့ထဲဝင်လာတဲ့အချိန်မှာ မှောင်နေပြီဆိုတော့ မြို့လည်ခေါင်နား နည်းနည်း စည်စည်ကားကားနေရာတွေမှာ ကိုယ်စားချင်မဲ့ စားသောက်ဆိုင်မျိုးကို ကြည့်နေရတယ်။ စောစောပိတ်မှာလဲ ကြောက်ရသေးတယ်လေ။ ဒါပေမဲ့ မြို့လည်ခေါင်မှာ ကားဂိတ်က မဟုတ်ဘူး။ ဒါပေမဲ့ ကားဂိတ်နဲ့ ကျွန်မတို့ နေမဲ့ Breakfree on Cashel ဟော်တယ် နဲ့က နီးနီးလေး။ တမင်နီးတဲ့ ဟော်တယ်ကိုရွေးဘွတ်ထားတာ။ ရောက်မဲ့အချိန်က နောက်ကျတာရော။ Christchurch မှာက တညဝင်အိပ်ရုံသက်သက်ပဲဆိုတော့ ဘယ်မှလဲ သွားဖြစ်မှာ မဟုတ်ဘူးလေ။




အဲ့ဒိ ဟော်တယ်လေးအကြောင်းပြောပြရအုံးမယ်။ နယူးဇီလန်မှာ တည်းခဲ့သမျှဟော်တယ်လေးထဲမှာ အဲ့ဒိဟော်တယ်လေးက အကျဉ်းဆုံးပေမဲ့ ပေးရတဲ့ ဈေးအရရော၊ နေရတဲ့အခန်းကိုရော အကြိုက်ဆုံးဟော်တယ်လို့ပြောချင်တယ်။ သူက တစ်ညကို NZD 90 ကျော်လောက်ပဲ ပေးရပေမဲ့ အခန်းလေးက ခေတ်မှီဒီဇိုင်းလေး။ လိုအပ်တဲ့ ဟော်တယ်သုံးပစ္စည်းအကုန်ရှိတယ်။ အခန်းလေးက smart interior design လို့ပြောရမယ်။ နေရာ ကျဉ်းကျဉ်းလေးကို အားလုံးဝင်ဆန့်အောင် သူ့ဟာနဲ့သူ အံဝင်ဂွင်ကျပဲ။ ရေချိုးခန်းဆိုလဲ ကျဉ်းကျဉ်းလေးပေမဲ့ ခေတ်မှီတဲ့ ပုံစံမျိုးလေးဆိုတော့ အဲ့ဒိမှာ ချိုးရတာပျော်နေတယ်။ လော်ဘီမှာတော့ သူတို့ချထားတဲ့ ကွန်ပြူတာနဲ့ အင်တာနက်ဆင်းသုံးလို့ရတယ်။ စားသောက်ဆိုင်နဲ့ ဘားလေးလဲ ရှိတယ်။ ဟော်တယ် ပတ်ဝန်းကျင်ကတော့ မဗေဒါတို့သွားတဲ့အချိန်မှာ ကွင်းပြင်တွေကို ဆောက်လုပ်ရေးတွေရှိတယ်။ ငလျင်လှုပ်တုန်းက ပါသွားလားတော့ မသိ။ အဲ့ဟော်တယ် ထီးထီးပဲရှိတယ်။ Christchurch မှာ အဲ့ဟော်တယ်လေးကြိုက်လို့ နောက်တစ်ညတောင် အိပ်ချင်မိတယ်။ အခန်းပုံနဲ့ ဟော်တယ်ပုံကြည့်ကြည့်လိုက်နော်။






မဗေဒါ ဘလော့ကို စာတွေ အမှန် မမြင်ရဘူးလို့ စာဖတ်သူတွေပြောလို့ ဟော်တယ်က ကွန်ပြူတာနဲ့ စမ်းကြည့်တာ မြန်မာဖောင့်မရှိတဲ့ စက်တောင် ဖတ်လို့ရတာ တွေ့ရလို့ ဘယ်လိုတောင် ဖြေရှင်းပေးရမှန်း မသိတော့ဘူး။



ညစာစားဖို့ ထွက်လာတော့ လမ်းမှာ ကားနဲ့လာတုန်းက တွေ့လိုက်တဲ့ တရုတ်စားသောက်ဆိုင်ကို ပြန်သွားကြတယ်။ အချိန်က ည၇နာရီခွဲ လောက်ရှိပြီဆိုတော့ ဆိုင်တွေပိတ်နေလောက်ပြီဆိုပြီး ညစာငတ်ရင်တော့ ဟော်တယ် လော်ဘီက ဘားမှာပဲ ရှိတာလေး စားပြီး အိပ်ဖို့ စိတ်ကို ပြင်ဆင်ထားတယ်။ ဒါပေမဲ့ တောင်ပိုင်းကျွန်းရဲ့ ကောင်းကွက်တွေက မြောက်ပိုင်းကျွန်းလိုမဟုတ်ဘူး ဆိုင်ကဖွင့်သေးသလို၊ ဆိုင်ထဲမှာ စားသောက်နေကြတဲ့ သူတို့နိုင်ငံသားတွေလဲ ရှိတယ်။ ဆိုင်ထဲမှာ လူသံတွေကြားတော့ စိတ်ကို အတော်ချမ်းသာသွားတာပဲ။ ငါတို့ချည်းပဲ မဟုတ်ဘူးဆိုပြီးတော့။ ကုမ္ဗဏီကလူတွေလား၊ သူငယ်ချင်းအုပ်လိုက်လားတော့ မသိဘူး အုပ်စုအတော်တောင့်တောင့်နဲ့ လာစားနေကြတဲ့ ကီဝီတွေကို တွေ့တယ်။ အတော်လေး သောက်စားပြီး မူးနေကြပုံလဲရတယ်။ စလုံးတွေနဲ့ မတူတာက အော်ဟစ်ဆူညံနေတာပဲ။ နိုင်ငံတော်တော်များများက လူငယ်တွေ အရက်မူးရင်တော့ အဲ့လိုပဲအော်ဟစ်ရယ်မောနေကြတာပါပဲ။ စလုံးက လူတွေကသာ ပတ်ဝန်းကျင်ကွန်ပလိန်းမှာ ကြောက်လို့ ထိန်းကြတာ။

ဆိုင်ထဲဝင်ထိုင်တော့ လာမေးတဲ့ စားပွဲထိုးလေးကလဲ အင်္ဂလိပ်လိုတောင် မတောက်တခေါက်ပဲတတ်တယ်။ တော်တော်ကို မတတ်တာ။ နယူးဇီလန်မှာ ဘယ်လိုနေနေလဲတော့ မသိဘူး။ ဒီလိုပဲ လက်ထောက်ပြီး မှာရတယ်။ ပြောင်းဖူးဟင်းချိုပူပူလေးကို မထင်ထားပေမဲ့ သောက်လို့ကောင်းလိုက်တာ မပြောနဲ့။ ရာသီဥတုအေးအေးလေးဆိုတော့ လိုက်ဖက်တယ်။ ဒီလိုရာသီဥတုနဲ့ ဒီလိုအစားအစာမျိုး စားချင်နေချိန် ကွက်တိပဲ။ သီဟိုဠ်စေ့နဲ့ ဝက်သားချိုချဉ်တစ်ပွဲ နဲ့စားကြတယ်။ အားလုံးပေါင်း NZD 26 ကျတယ်။ စားကောင်းလို့ ကျေနပ်တယ်။ 







ကျွန်မတို့ မပြီးခင်လေး ဆိုင်ထဲက သောက်နေတဲ့ အဖွဲ့တွေပြီးလို့ ဆိုင်ပြင်မှာ အုပ်စုလိုက်ရပ်ပြီး အော်ဟစ်စကားပြောနေကြသေးတယ်။ ကျွန်မတို့က ဆိုင်အထွက် အဝနားမှာထိုင်နေတော့ သူတို့က ထွက်ရင်း သိနေတဲ့သူတွေလို နှုတ်ဆက်သွားသေးတယ်။ သူတို့ အနောက်တိုင်းစတိုင်က မသိတဲ့သူလဲ အဲ့လိုပဲ နှုတ်ဆက်တာလား၊ မူးနေလို့ပဲ အူမြူးနေသလားတော့ မသိဘူး။ ဒါပေမဲ့ သူတို့က အပြင်ပန်းသာ အရမ်းဖော်ရွေတာ စိတ်ထဲကျ ဘာမှရှိတာမဟုတ်ဘူးလို့ ခံစားရတယ်။ ကိုယ်တွေ အာရှက လာတဲ့သူတွေကျတော့ မသိတဲ့သူနဲ့ အဲ့လို အရမ်းမဖော်ရွေတတ်ကြဘူးလေး။ ဒါပေမဲ့ အနည်းဆုံး သူတို့စိတ်ထဲ ဘယ်လိုဆိုတာ ခန့်မှန်းလို့ရသေးတယ်။ မသိပါဘူး Culture difference ပဲပေါ့။ ခရီးသွားပြီး အဲ့လို ကွဲတာလေးတွေခံစားရတာ တစ်ခါတစ်လေ ကြောင်အမ်းအမ်းဖြစ်ပေမဲ့ ကြိုက်တယ်။ ဟော်တယ်ပြန်ရောက်တော့ နောက်နေ့အတွက် ခရီးဆက်ဖို့ အင်တာစီးတီး ဘတ်စ်ကားလက်မှတ်ဝယ်တာက ၂ယောက်စာ NZD 113.99။ ဟိုမှာ ရောက်ရောက်ချင်းတည်းဖို့ မြို့ထဲက ဟိုတယ်ခပ်ကောင်းကောင်းဖြစ်တဲ့ Heartland Hotel ကို ပထမတစ်ညအတွက် ဘွတ်တာက NZD 125 ကျပါတယ်။ ဟိုရောက်မှ ကိုယ်ကြိုက်မဲ့ ဟော်တယ် ဈေးလဲ ချိုမဲ့နေရာကို walk in လုပ်ကြည့်ဖို့စိတ်ကူးထားလို့ပါ။ တစ်ခါမှ walk in လုပ်ပြီး မတည်းဖူးတော့ Backpacker ခံစားချက်မျိုး လုပ်ကြည့်ချင်မိတာကြောင့်ပါ။ နောက်နေ့ Queenstown ကို ခရီးတူတူဆက်ကြတာပေါ့နော်



4 comments :

ငြိမ်းမိန်းကလေး said...

ရှုခင်းတွေက လှလိုက်တာ.. လှလိုက်တာ.. လှလိုက်တာ.. လှလိုက်တာ.. လို့ တဖွဖွရွတ်ရင်း ဖတ်သွားပါတယ်။
အစားအသောက်ဈေးလေးတွေ ထည့်ထားတော့ သွားလည်မယ့်သူတွေအတွက် အညွှန်းကောင်းလေး တစ်ခု ဖြစ်သွားတယ်။

mabaydar said...

ဟုတ်တယ်.... တော်တော်လှတာ။ ဒါတောင် ကားပေါ်ကနေ မှီသလောက် လှမ်းရိုက်ထားလို့။ ပြတင်ပေါက်တွေရယ် ကားမှန်က အညစ်အကြေးတွေရယ် သေချာကြည့်ရင် ပါနေလို့ ဓာတ်ပုံတွေက သိပ်မကြည်ဘူး။ ကားမှန်ဘောင်တွေကို ပြန် crop ထားရတယ်။ ဈေးတွေကိုတော့ မှတ်မိသလို ထည့်ပေးထားတယ်။ နောက်မှ ကုန်ကျစရိတ်ပိုစ့် သက်သက်ရေးမလားလို့

Chan Nyein Aung said...

I always read your posts.It's all good and interesting.I also love travelling.Keep writing sis.

mabaydar said...

Thank you so much Chan Nyein Aung. I know you have been my travel post reader for very long. ခုလို အမြဲမပြတ် ခရီးသွားပိုစ့်တွေကို အားပေးနေလို့ သေသေချာချာကို မှတ်မိပြီး နာမည်နဲ့ ရင်းနှီးနေတာကြာပါပြီ။ ခုမှ ဘလော့ပေါ် ပထမဆုံး ကွန်မန့်ရေးတယ်ထင်တယ်။ ဖေ့ဘွတ်ပေါ်တော့ အမြဲတွေ့ပါတယ်။ ကျေးဇူးပါ။