Thursday, April 28, 2016

Honeymoon to New Zealand Day10: To Queenstown

၁၁ရက် မေလ ၂၀၁၅ (တနင်္လာနေ့)


ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တာတွေကို ပြင်နေကြလို့ ဆောက်လုပ်ရေးတွေ နေရာတကာမှာ တွေ့နေရတယ်


အားလုံးကို Day 9 မှာပြောခဲ့တဲ့အတိုင်းပဲ Christchurch က ငလျင်ဒဏ်ခံထားရတော့ အဲ့ဒိမြို့မှာ ခရီးတစ်ထောက်နားဖို့ ၁ညပဲ အိပ်ပြီး နောက်နေ့ မနက်စောစော Queenstown မြို့ ကို ခရီးဆက်ဖို့ မနက် ၆နာရီခွဲကတည်းက ၂ယောက်သားအိပ်ယာထခဲ့ပါတယ်။ ထဆို ကားက မနက် ၈နာရီခွဲထွက်မှာလေ။ ကားဂိတ်က Christchurch botanical garden နားက isite နားမှာစီးရမှာ ကျွန်မတို့ ဟော်တယ်နဲ့ သိပ်မဝေးလှပေမဲ့ ၂ ဘလောက်လောက် အပေါ်ပြန်တက်ရတာပေါ့။ မနက်စာကို လမ်းမှာတွေ့တဲ့ အိမ်ကော်ဖီဆိုင် “Robert Harris” မှာပဲ ကော်ဖီနဲ့ အသားညှပ် Pie လိုမျိုး စား ၊ Mr.Right ကတော့ ရိုးရိုးပေါင်မုန့် ဂျင်သုတ်ပဲ စားတယ်။ ကော်ဖီ ၁ ခွက်နဲ့ မုန့် ၂ခု စားတာ NZD 18.70 ကျတယ်။ Pie က ပူလို့ မနည်း မှုတ်ပြီး အမြန်စားရတယ်။ ကားဂိတ်ရောက်တာ နောက်ကျမှာစိုးလို့။ တကယ်တော့ နောက်မကျပါဘူး။ စောတောင် စောနေပါသေးတယ်။ ကားဂိတ်ရောက်တော့ ခရီးသွားကားတစ်စီးရပ်ထားတာတွေ့လို့ ကိုယ့်ကားမှတ်လို့ အူးယားဖားယားသွားမေးရသေးတယ်။ မဟုတ်ဘူးဆိုမှ သက်ပြင်းချနိုင်တယ်။ ဒါတောင် ကားသမားကြီးက နောက် နေလို့ ဇဝေဇဝါဖြစ်ရသေးတယ်။ သိတဲ့အတိုင်းပဲ မဗေဒါရဲ့ ပြဿနာက အဲ့ဒိ အနောက်တိုင်းသားတွေနောက်တာကို သဘောမပေါက်တာ။ သူတို့က ရုပ်တည်ကြီးတွေနဲ့ကိုး။


Mr.Right က ရှေ့ကလျှောက် ကိုယ်က နောက်ကနေ အမိအရ selfie ဆွဲနေတာ နံရံပေါ်က ပုံတွေကို

ဒီမှာလဲ Construction တွေ

ကိုယ်တို့ စားခဲ့တဲ့ မနက်စာ

Mr.Right စားတဲ့ မနက်စာ

ကားဂိတ်ရောက်တော့မယ်... သူရှေ့ကလျှောက်နေတုန်း ကိုယ်ကလဲ နောက်က ရိုက်

အဲ့ဒိနေ့မှာ တစ်နေ့လုံးနီးပါးက ကားစီးလိုက် ရှုခင်းတွေကြည့်လိုက်နဲ့ပဲ အချိန်ကုန်သွားတာ။ Christchurch ကနေ Queenstown မြို့ကို ၈နာရီကြာ ကားမောင်းရတယ်လေ။ မနက် ၈ခွဲကားက ကွင်းစတောင်းမြို့ကို ညနေ ၄နာရီခွဲရောက်တယ်။ ကားပေါ်မှာပေမဲ့ မပျင်းရပါဘူး။ ကားမောင်းတဲ့ လူကြီးနဲ့ သူ့ခုံနောက်တစ်ဖက်တစ်ချက်စီမှာ တစ်ယောက်တည်းထိုင်နေတဲ့ အဖွားကြီး ၂ယောက်လေပေါလိုက် အဖွားကြီး ၂ယောက်ရဲ့ အဖိုးကြီး attention အပြိုင်အဆိုင်ယူ စကားပြောနေကြတာနဲ့ ဖျော်ဖြေရေးဖြစ်နေတယ်။ ဒါပေမဲ့ အဖွားကြီးတွေကလဲ သူတို့ ရည်ရွယ်ချက်နဲ့ သူတို့ရှိတယ်။ ကားသမား အိပ်ငိုက်မှာစိုးလို့ ပြောနေကြတာ။ 


ဒုတိယလိုင်းခုံမှာ ထိုင်တယ်။ သူ့မေ့စေ့က ဒဏ်ရာလဲ တော်တော် သက်သာလာပြီ

ရှုမငြီးစရာ သဘာဝအလှ



ကားသမားအဖိုးကြီးကလဲ သူတစ်ယောက်ထဲဆိုရင် အရင် ကားသမားတွေလိုပဲ လမ်းတစ်လျှောက်ကအကြောင်းတွေကို မိုက်ကြီးနဲ့ရှင်းပြနေတတ်ပါတယ်။ သူပြောတဲ့အထဲမှာ မှတ်မိနေတာလေးတွေကတော့ နယူးဇီလန် အစိုးရက ခုလို အဝေးပြေးလမ်းတွေကောင်းနေအောင် ရတဲ့ အခွန်ငွေထဲက ဒေါ်လာ ၅သန်းလား (၅သိန်းလားတော့ မသေချာဘူး) သီးသန့်ထားပြီး လမ်းကို ထိန်းသိမ်းထားတယ်ဆိုတာ။ သူအဲ့လိုပြောတော့ ကိုယ့်မြန်မာပြည်က ပေးနေရတဲ့ ဝင်ငွေခွန်တွေအပြင်၊ လမ်းတစ်လျှောက် ပေးလိုက်ရတဲ့ တံတားကြေး၊ လမ်းကြေး၊ ဘီးခွန်၊ မြို့ဝင်ကြေး၊ မြို့ထွက်ကြေး ဝါးလုံးကြီးတွေ တားတောင်းနေကြပြီး စုတ်ပြတ်သတ်နေတဲ့ လမ်းတွေကို ပြေးသတိရမိတယ်။ (ခု ပြည်သူ့ အစိုးရသစ်က အဲ့ဒါတွေကို အနည်းနဲ့အများရှင်းထုတ်လိုက်တယ်ဆိုတာ သိရတော့ ဝမ်းသာတယ်။ ဒါက ပို့စ်ရေးတဲ့အချိန် ပြောင်းလဲနေလို့ ထည့်တဲ့ စာကြွင်း)


နှင်းတောင်ကြီးတွေကို သတိထားမိလား

နေ့လည် ၁၂နာရီမှာ ထမင်းစားဖို့ Lake Tekapo မှာ ၃၅ မိနစ် break ပေးတယ်။ အဲ့ဒိနေရာလေးက အရမ်းသာယာတာပဲ ဘယ်မြို့နဲ့မှ မနီးပေမဲ့ သူက မြို့ငယ်လေးတစ်ခုလို ဆိုင်လေးတွေရှိတယ်။ Resort Hotel တစ်ခုတော့ တွေ့ခဲ့တယ်။ အဲ့ဒိ ရေကန်က tourist attraction လားတော့မသိဘူး အရမ်းတော့ လှတယ်။ အနောက်ဘက်က တောင်တန်းကြီးတွေ ခြံရံပြီး မြက်ခင်းစိမ်းကြီးတွေနဲ့ ကန်ရေပြင် ပြာလဲ့လဲ့က အရမ်း ပနာရနေတယ်။ ကားပေါ်ကဆင်းလိုက်တာနဲ့ ရေကန်ဘက်ကနေ အဆောက်အဦးတွေကြားဖြတ်တိုက်လာတဲ့ လေအေးကြောင့် ချမ်းစိမ့်တက်သွားလို့ ခုန်နေရတယ်။ ကားသမားဝင်တဲ့ ဆိုင်လေးထဲပဲ ဝင်လိုက်ပြီး ဘာစားရမှန်းမသိဖြစ်နေတယ်။ နောက်တော့ Mr.Right က Double Beef Burger နဲ့ အာလူးကြော်မှာလိုက်တယ်။ တစ်ပွဲကို NZD 20.50 ကျတယ်။ စိတ်ထဲမှာ အနောက်တိုင်းက သူတို့ စားနေကျ ခပ်အီအီ ဘာဂါပုံစံမျိုးပဲ မှန်းထားတော့ ၁ပွဲပဲ မှာလိုက်တယ်။ ပြီးတော့ သူတို့က ပေးတာလဲ များတော့ ၂ယောက် တစ်ပွဲ လောက်လောက်တယ်လို့ ယူဆပြီး ၁ပွဲပဲ မှာလိုက်တယ်။ စားသောက်ဆိုင်ကနေ ရေကန်ဘက်ကို ထွက်လို့ရတယ်။ ရာသီဥတုက အေးအေးနဲ့ လေကလဲ တအားကောင်းတယ်။ နေရောင်လေး ပြပြထိုးနေတဲ့ တည့်တည့်မှာ ထိုင်နေမှပဲ အချမ်းနည်းနည်းသက်သာတယ်။ အရင်က အရှေ့တောင်အာရှနိုင်ငံနဲ့ ကိုယ်နေတဲ့ နိုင်ငံတွေမှာဆို နေပူလို့ နေကို ကွယ်အောင် လိုက်ပုန်းနေတဲ့သူ။ ခုတော့ အနောက်တိုင်းသားတွေ နေပူစာလှုံ နေကြိုက်ရခြင်းအကြောင်းရင်းကို နည်းနည်း နားလည်လာတယ်။ ဒါပေမဲ့ ကိုယ်တွေကတော့ ရာသီဥတု အေးလို့ နေပူစာလှုံတာ။ သူတို့ကတော့ ဒီလောက်ပူတဲ့ ဖူးခက်တို့ ဘာလီတို့မှာလဲ ကမ်းစပ် နေပူခံပြီး ဘာကောင်းလဲ တော့ မသိ။

သဘာဝအတိုင်း ပြာလဲနေတဲ့ Lake Tekapo ကို စမြင်ရပြီ

Car Park ထဲမှာ ကားထဲက ဆင်းဆင်းချင်း ရိုက်ဖြစ်တာ

အပြင်မှာ အေးလို့ ဆိုင်ထဲကနေ လှမလားလို့ စမ်းကြည့်တာ မလှပါဘူး...

ကားဆရာကြီးနဲ့ အဖွားကြီး ထဲက တစ်ယောက်

အဲ့ ရှုခင်းတွေ အဲ့အရောင်တွေက မသိ လူလုပ်ထားတာ ထင်မယ် Perfect ဖြစ်လွန်းလို့

ပြန်သွားချင်တယ်

ဆိုင်ထဲမှာလဲ စားပွဲ ၃ဝိုင်းလောက်ပဲ ရှိပေမဲ့ မှာထားတဲ့ ဘာဂါကလဲ အတော်လေးကို စောင့်လိုက်ရတယ်။ ဒါပေမဲ့ ဘာဂါလာတော့ ပူပူလေးနဲ့ အတော်လေးကို စားကောင်းတယ်။ ဆိုဒ်ကလဲ အကြီးကြီးမဟုတ်ဘူး။ နောက်တစ်ပွဲမှာချင်ပေမဲ့ သူတို့လုပ်တာ နှေးတော့ အချိန်မလောက်မှာစိုးလို့ မမှာခဲ့တော့ဘူး။ ဒီလိုနဲ့ ၂ယောက်သား စားကောင်းတဲ့ ဘာဂါတစ်လုံးကို မဝတဝ မျှစားခဲ့ရတယ်။ (စာကြွင်း Queenstown မှာ အရမ်းနာမည်ကြီးတဲ့ FergBurger ဆိုတာရှိတယ်။ ဒါပေမဲ့ ခုစားခဲ့တဲ့ Lake Tekapo က ဘာဂါလဲ သူ့ဟာလေးနဲ့ သူကောင်းတယ်။)

ဆိုင်ထဲက မြင်ကွင်း

စားကောင်းတဲ့ ဘာဂါပူပူလေး လာပြီ

ထပ်စားချင်သေးတယ်။

၁၂နာရီ၃၅အတိမှာ အဲ့ဒိ ရေကန်နားက စားသောက်ဆိုင်ကနေ ထွက်တယ်။ Mr.Right ကတော့ ခုထက်ထိ အဲ့နေရာလေးကို ကြိုက်လို့ နောက်တစ်ခေါက်လာဖြစ်ရင် ဒီမှာ ညအိပ်မယ်ဆိုပြီး တဖွဖွပြောနေလေရဲ့။

ဒီလိုနဲ့ လမ်းတစ်လျှောက်မောင်းလာလိုက်၊ ရှုခင်းတွေတဝကြီး ကြည့်လိုက်၊ အိပ်ငိုက်လိုက်နဲ့ပေါ့။ တောင်ထိပ်တွေမှာ ရေခဲ့ဖုံးနေတဲ့ ရေခဲတောင်တွေကို စတွေ့လာရတယ်။ ရာသီဥတုကလဲ တဖြည်းဖြည်းပိုအေးလာမှာပေါ့။ ကိုယ်က ကားထဲဆိုတော့ သိပ်သတိမထားမိဘူး။ အဲ့ဒိဘက်ပိုင်းလမ်းတွေကတော့ ထိမ်းတော့ မောင်းရမယ်။ စလစ်ဖြစ်တတ်ပုံတော့ ရတယ်။ ပြီးတော့ တချို့နေရာတွေမှာ ဘေးနံရံတောင်ပေါ်ကနေ ကျောက်တုံးကျတတ်တယ်ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေလဲ မကြာခဏတွေ့ရတယ်။ နှင်းတောင်အရည်ပျော်ပြီး စီးဆင်းနေတဲ့ တောင်ကျရေတွေကြောင့် တောင်ကြားက ချောင်းလေးတွေကိုလဲ ကားလမ်းနဲ့ အပြိုင်တွေ့လာရတယ်။ ရှုခင်းက အရင်ရက်တွေကနဲ့ မတူတော့ပြန်တော့ ကိုယ့်အတွက် မရိုးရဘူးဖြစ်နေတာ။

ကိုယ့်အတွက် ပထမဆုံး ရေခဲတောင် အစစ်ကို မြင်ဖူးတာပဲ

မောင်းနေရင်း တောင်ကြီးတွေက တဖြည်းဖြည်း နီးလာလိုက် ပျောက်သွားလိုက်

ဒါပေမဲ့ အဲ့ဒိ တောင်ကြီးတွေ ဘက်ကို ဦးတည်မောင်းနေတာတော့ သေချာတယ်။

တဖြည်းဖြည်း ရေခဲတွေ ပိုများလာတဲ့ တောင်တွေ တွေ့ရတယ်

ညနေ ၃နာရီခွဲလောက်မှာ တစ်ခါ အိမ်သာအတွက်ရပ်ပေးရင်း အဲ့ဒိက မိသားစု သစ်သီးခြံထိပ်က သစ်သီးအရောင်းဆိုင်လေးကို ဝင်ကြည့်လို့ရပြန်ရော… ပေးတဲ့ အချိန်ကလဲ ၁၀မိနစ် ၁၅ မိနစ်လောက်ပဲ အိမ်သာလဲပြေးရ၊ အသီးဆိုင်လဲ ပြေးကြည့်ရနဲ့ပေါ့။ မဗေဒါလဲ ဟိုအသီးလိုချင် ဒီအသီးလိုချင်ပေါ့။ အမှန်တော့ အိမ်ပြန်လက်ဆောင်ဝယ်ချင်တာ အသီးဆိုတော့ လေးလဲလေးတယ် မခံလဲ မခံဘူးလေ။ အသီးတွေအလိုက်လဲ သူတို့က လှီးထားပြီး အမြီးတွေကျွေးတယ်။ ဒါပေမဲ့ တစ်ခြားကားပေါ်က ပြည်ကြီးတရုတ် တစ်သိုက်ပါလာတော့ အမြည်းကို လှီးပြီး ပန်းကန်ထဲရောက်တာနဲ့ အလုအယက်စားနေကြလို့ ဆိုင်သမားက အော်ထုတ်ပြီး ထပ်မလှီးတော့ဘူး။ (သူတို့ ရောက်လာတာနဲ့ ဘာမှကို မအေးချမ်းတော့တာ)။ အဲ့ တရုတ်တွေ အဲ့လိုတွေကျပ်ကျပ်လုပ် အနောက်တိုင်းကလူတွေက အမြင်ကပ်တော့ အာရှသားတွေဆိုပြီး သိမ်းကြုံးပြောခံရတာ။

နယူးဇီလန်လို English စကားပြောနိုင်ငံမှာ အိမ်သာထဲက ဆိုင်းဘုတ်က တရုတ်လိုရေးထားတာ ဘာလို့လဲ စဉ်းစားသာကြည့်တော့

ဝယ်ချင်စရာ မိသားစု အသီးဆိုင်လေး


သူတို့လုပ်တာနဲ့ ကိုယ်တောင် Golden Kiwi ဆိုတာ တစ်ခုတည်းကိုပဲ မြည်းကြည့်ပြီး အဲ့ဒါပဲ ဝယ်ခဲ့လိုက်တယ်။ NZD 7.45 ကျတယ်။ ကောင်းမှကောင်း ချိုမှချို။ အဲ့ဒိ ဆိုင်ကနေ အထွက်ပြီးတော့ ကားပေါ်မှာ ပရုတ်ဆီနံ့တွေ ထောင်းထောင်းထလာတယ်။ အဲ့ဒိမှာပဲ ရှေ့က အလွန်မှ စကားများတဲ့ အဖွားကြီး ၂ယောက်က ထပြီး ကွန်ပလိန်းပါလေရော။ တော်တော်လေးလဲ စိတ်ဆိုးကြပုံရတယ်။ အများသုံး အဝေးပြေးကားပေါ်မှာ ခုလို လူတိုင်းမခံနိုင်တဲ့ အနံ့ပြင်းလိမ်းဆေးမျိုးလိမ်းရလားဆိုပြီးတော့။ ကားဆရာကိုလဲ မိုက်ကြီးနဲ့ အော်ခိုင်းတာပေါ့။ အနံ့ကလဲ ကျွန်မတို့ ကားအရှေ့ပိုင်းမှာ ပိုပြင်းနေတယ်။ အဲ့ဒိအဖွားကြီးတွေက ကားဆရာပြီးနောက်ခုံဆိုရင် ကျွန်မတို့က ဒုတိယလိုင်းမှာထိုင်တာပေါ့။ ပြီးတော့ အဲ့လို ပုဆိမ်တံဆိပ် လိမ်းဆေးနံ့ကလဲ ကြည့်ရတာ သူတို့ အဖြူတွေ မသုံးဘူးထင်တယ်။ အာရှသားတွ ပဲ သုံးတယ်ထင်ပါတယ်။ အဖွားကြီးက ကျွန်မတို့ကို ဂျိုကြည့်နဲ့ လှည့်ကြည့်ပါလေရော။ ကျွန်မတို့လဲ ကျွန်မတို့ မဟုတ်ကြောင်း ချက်ချင်းတော့ ရှင်းပြရတာပေါ့။ တရားခံက ကျွန်မတို့ နောက်ခုံ တတိယလိုင်းက မလေးရှားက မလေး အဖွားကြီး ၂ယောက်။ အဲ့ဒါမျိုးက အာရှမှာပဲ တစ်ဦးနဲ့တစ်ဦးနားလည်ပေးထားလို့ လုပ်လို့ရချင်ရမယ်။ အမှန်တော့ အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အရမ်းသတိထားသင့်တယ်။ ကားပေါ်မှာ မုန့်အစိုတောင် စားခွင့်မပေးဘူး၊ အာလူးကျော်တို့ ဘာလို့ လောက်ပဲ စားခွင့်ပေးထားတာ။ ကိုယ်တွေ အာရှသားတွေကလဲ သိတဲ့အတိုင်း တစ်ခုမဟုတ် တစ်ခု လုပ်လိုက်ရမှ။ ကိုယ်တွေကတော့ အဲ့ ပရုတ်ဆီနံ့ကို ခံနိုင်ပေမဲ့ ဘိုမကြီးတွေကတော့ မျက်စိ မျက်လုံးတွေတောင် အတော်စပ်သွားပုံရတယ်။ ဒါတောင် သူတို့က တစ်ခုံကျော်မှာ ထိုင်နေပေလို့။ တကယ်လုပ်တဲ့ မလေးရှားက မလေးမိန်းမကြီး ၂ယောက်ကတော့ ငြိမ်နေလေရဲ့။ သူတို့လဲ ပြောခံရတော့ ဆက်မလိမ်းတော့ပါဘူး။ အနံ့လဲ ခဏနေတော့ လျော့သွားတယ်။

ကားဓာတ်ဆီထည့်နေတုန်း အညောင်းပြေ ဓာတ်ပုံ ဆင်းရိုက်တာပဲ... စိတ်ကြီးတယ်။

နောက်ကျတော့ လမ်းတွေနဲ့ ဘေးက တောင်ကျချောင်းလိုတွေက လှလို့ ကိုယ်တွေက ဝယ်လာတဲ့ Samsung camera အသစ်ဆက်ဆက်လေးနဲ့ ဓာတ်ပုံရိုက်တော့ သူတို့က နောက်ကနေ screen ကို မြင်ရတယ်လေ။ အဲ့ဒါနဲ့ နောက်ကနေ သူတို့ရဲ့ ဖုန်းအဟောင်းလေး (smart phone မဟုတ်ဘူး) ထုတ်ပေးပြီး Mr.Right ကို ရှေ့ကလမ်းတွေကို ရိုက်ပေးဖို့ ပြောပါလေရော။ Mr.Right လဲ ကြိုးစားပြီး ရိုက်ပေးတာပါပဲ။ ဒါပေမဲ့ သူတို့ ဖုန်းနဲ့ ကိုယ့် ကင်မရာရဲ့ ရလဒ်ချင်းတော့ ဘယ်တူမလဲနော်။ ရိုက်ပေးပြီး သူတို့ကို ပြန်ပေးပြီး ရှင်းပြရသေးတယ်။ ဒါပေမဲ့ ရပါတယ်တဲ့။

တောင်ကျချောင်းလေးတွေ

ရေစီး သန်ပုံရတယ်။

ဒီကျောက်တုန်းကြီး က အရင်က မရှိဘူး။ နောက်မှ တောင်ပေါ်ကနေ ပြုတ်ကျလာတာတဲ့

Queenstown နား နီးလာလေး အဲ့ စမ်းချောင်းလေးတွေ တွေ့လာလေ။

ဒီလိုနဲ့ ညနေ ၄နာရီခွဲမှာ Queenstown မြို့ထဲကို ရောက်ပါတယ်။ ကျွန်မတို့ရောက်တော့ မိုးတွေဖွဲဖွဲရွာနေလို့ နည်းနည်းတော့ ဒုက္ခရောက်တယ်။ ဆင်းဆင်းချင်း စိုရွဲမသွားပေမဲ့ ၅မိနစ်လောက်နေတာနဲ့ ရွဲဖို့ရာ မြင်တယ်။ ကားသမားက ကျွန်မတို့တည်းမဲ့ ဟော်တယ် Heartland ကို ဆင်းမဲ့သူရှိလား မေးပြီးသား။ Heartland က Tripadvisor မှာကြည့်တုန်းကတော့ အတော်လေး အကောင်းရေးကြသလို၊ တခြားနဲ့ယှဉ်ရင် ဈေးလဲကြီးပါတယ်။ ပြီးတော့ သူက နာမည်လဲရထားတဲ့ ဟော်တယ်ထင်ပါတယ်။ ကျွန်မတို့ ၂ယောက်အပြင် အနောက်က မလေးရှား အဖွားကြီး ၂ယောက်လဲ ဆင်းတယ်။ သူတို့က လူကြီးဆိုတော့ ကြောက်တယ်။ ကျွန်မတို့ကို အကူအညီတောင်းတာပေါ့။ ပျောက်သွားမှာစိုးလို့။ တူတူပဲ ကျွန်မတို့လဲ Heartland hotel သွားမှာ လိုက်ခဲ့ဆိုပြီး ပြောလိုက်တယ်။ ကားဆရာက ဟော်တယ်နောက်ပေါက်ကို ချပေးသွားတာ။ ဟော်တယ်ထဲရောက်တော့ ကျွန်မတို့ ချက်အင်ဝင် အခန်းရတော့ မြေညီထပ်မှာပဲ ဘာရှုခင်းမှ မမြင်ရဘူး။ ရှုခင်းမြင်ရတဲ့ အခန်းတွေကျတော့ တော်တော်လေး ဈေးကြီးပုံရတယ်။ အခန်းတွင်း အပြင်အဆင်ကလဲ ကျွန်မတို့ကို ဒီလောက်ကြီး အထင်မကြီးစေခဲ့ဘူး။ ပြောရမယ်ဆိုရင် နာမည်ကြီးဟော်တယ်ဖြစ်ပြီး Christchurch မှာ တည်းခဲ့တဲ့ ဟော်တယ်လေးလောက်တောင် အတွင်းပိုင်းက မသားနားဘူး။ ကျွန်မတို့ရတဲ့အခန်းကလဲ ဟိုဘက်အခန်းနဲ့ တံခါးပေါက်တစ်ခု အတွင်းဘက်မှာ ဆက်နေတယ်။ Mr.Right ကတော့ အဲ့ဒါကို စိတ်မလုံလို့ ခုံတွေနဲ့ကာထားလိုက်တယ်။ အပြင်ဘက်မှာလဲ ဝရံတာလိုလေးရှိတယ်။ မြေညီထပ်တင်ဆိုတော့ အရှေ့ကလေ လူခုံဝင်လာမှာစိုးရသေးတယ်။ မဖြစ်တော့ မဖြစ်ပေမဲ့ သတိဆိုတာ ပိုတယ်မရှိလေ။ အဲ့ဒါနဲ့ အစကတည်းက အဲ့ဒိ ဟော်တယ်ကို ပထမတစ်ရက် Book မယ်။ Queenstown ရောက်မှ ဆက်ရှာမယ်ဆိုတဲ့ အတွေးက ပိုခိုင်လာတယ်။ နောက်ရက်ဆက်မနေချင်တော့ဘူး။ ဈေးဒီလောက်ပေးထားပြီး မတန်ဘူးထင်လို့။

Hotel Reception Entrance

ဗိုလ်လုပ်ချင်တဲ့ ကောင်းဆိုတာ ခုလို ပေါရဲရတယ်

ဒီလိုနဲ့ ညနေ ၆ နာရီလောက်ကျတော့ မြို့ထဲဘက် ညစာစားဖို့ရယ်၊ နောက်နေ့ Milford Sound သွားဖို့ အစီအစဉ်အတွက် စုံစမ်းဖို့ရယ်နဲ့ တခြားနေလို့ကောင်းမဲ့ ဈေးချိုချို Backpacker နေရာလေးတွေရှာဖို့ ထွက်ခဲ့ကြတယ်။ ဟော်တယ်ကနေ မြို့ထဲကို လမ်းလျှောက်သွားလို့ရတယ်။ မြို့ထဲမှာ တိုးရစ်တွေကို ကူညီတဲ့ isite က အလွယ်တကူရှာလို့ရပါတယ်။ isite ထဲဝင်ပြီးတော့ပဲ သူတို့ကို Milford sound နဲ့ နောက်နေ့ Gondola မှာ zipline စီးဖို့ တစ်ခါတည်း စုံစမ်းလိုက်တယ်။ သူတို့ဆီကဝယ်တာ ဈေးလဲ စိတ်ချရသလို Service လဲ မစိုးရိမ်ရဘူး။ သူတို့က အစိုးရအဖွဲ့လေ၊ တိုးအေဂျင့်တွေက သူတို့ဆီလာပြီး စာရင်းပေးထားရတာ။ လိမ်လို့မရဘူး။ အချဉ်မဖမ်းဘူးကိုး။ ပြီးတော့ ကိုယ့်အတွက် ဈေးအချိုဆုံးရှာပေးတယ်။

မဗေဒါတို့က zipline လုပ်မယ်ဆိုတာရော၊ Cable car နဲ့ Gondola ပေါ်အတက်အဆင်းလုပ်ဖို့ လက်မှတ်ဝယ်တဲ့အတွက် အဲ့ဒိတောင်ပေါ်က အင်တာနေရှင်နယ် ဘူဖေးကို နောက်ထပ် NZD ၂၆ ထပ်ထည့်ရင် စားလို့ရတယ်ပြောလို့ အဲ့ဒိ ဘူဖေးပါ ဝယ်လိုက်တယ်။ ခရီးစဉ်ရဲ့ နောက်ဆုံးမြို့လဲရောက်နေပြီ၊ ပြီးတော့ အဆင်မပြေမှုတွေ၊ ထိခိုက်ဒဏ်ရာတွေနဲ့ စခဲ့တဲ့ ပျားရည်ဆန်းခရီးလေးကို Luxury romantic scenic Lunch လေးနဲ့ အဆုံးမှာ ခံစားသင့်တယ်ထင်တယ်လေ။

Milford Sound အသွားအပြန်ကားနဲ့ ကြို၊ သင်္ဘောစားရိတ်ရောအပါအဝင်၊ Gondola Cable Car နဲ့ အတက်အဆင်း၊ Ziplining 4 routes နဲ့ တောင်ပေါ် နေ့လည်စာ ဘူဖေးစုစုပေါင်း အားလုံး NZD 598 ကျတယ်။ တစ်ယောက်ကို အနီးစပ်ဆုံးယူရင် NZD 300 လောက်သွားကျတာပေါ့။

အဲ့ဒါဝယ်ပြီးတော့မှ အနားက Mall တစ်ခုရဲ့ Food court မှာ အာရှဆိုင်တွေ အများကြီးတွေ့တာနဲ့ ပျော်ပျော်ကြီး သွားစားကြတယ်။ ကိုရီးယား၊ တရုတ်၊ ဂျပန်စာတွေ ရိုးလာတော့ ဒီတစ်ခါတော့ အိန္ဒိယစာလေး စားဖြစ်တယ်။ ဆိတ်သားဟင်းနဲ့ ထမင်း ပါပရာကြော်လေးတစ်ချပ်ပါတဲ့ Set ကို NZD 10.5 စီပေးရတယ်။ Mr.Right က ထမင်းလေး ပိုထည့်ဖို့တောင်လိုက်တာ NZD 10.5 အပြင် အပိုထမင်းခ NZD 3.5 ပေးလိုက်ရတယ်။ ဘုရား… ဘုရား ထမင်းလေး တစ်ကော်ကို ဒေါ်လာ ၃ကျပ်ခွဲ ပေးလိုက်ရတော့ မဗေဒါကတော့ Mr.Right ကို သိပ်မကြည်ချင်တော့ဘူပေါ့။ ဒါပေမဲ့ သူလဲ မသိလို့ပဲလေဆိုပြီး မပြောသေးဘူးပေါ့နော်။

(မဗေဒါတို့ ၂ယောက် ခရီးသွားရင် သိပ်တည့်တာပဲလို့ လာဖတ်နေကျ Wine က ရှေ့ပိုစ့် ကွန်မန့်မှာ ပြောလို့… Queenstown မှာ သဘောထားကွဲလွဲမှုတွေ အတော်များတာ လာမယ်။ ခိခိ…)

Asia food court က Indian ဆိုင်မှာ ထမင်းမှာနေတာ

ဟင်းကတော့ များပါတယ်။ ထမင်းပေးတာတော နည်းတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ လောက်ပါတယ်။

ထမင်းစားပြီးထွက်လာတော့ ကားပေါ်က အဖွားကြီး ၂ယောက်နဲ့ လမ်းပေါ်မှာတွေ့တယ်။ အဲ့ဒိကျမှ သူတို့ ဘယ်နိုင်ငံကလဲ သိတာ။ ကိုယ်တွေကို ဘယ်နိုင်ငံကလဲဆိုတော့ စင်္ကာပူကလို့ ပြောလိုက်တာ။ Mr. Right ကို မလေးလူမျိုးထင်ပြီး အဖွားကြီးတွေက အားပါးတရ မလေးရှားစကားတွေပြောပါလေရော။ နောက်မှ မဟုတ်ဘူး ငါတို့က စလုံးမှာနေတဲ့ မြန်မာတွေလို့ ပြန်ရှင်းရတယ်။ အဖွားကြီးတွေကလဲ ဒီလာပြီး သူတို့နဲ့ နိုင်ငံနီးတဲ့ အာရှသားတွေ တွေ့တော့ အားကိုးသလို ပျော်တဲ့ပုံပေါ့။ ဒါနဲ့ သနားလို့ နင်တို့ချည်းပဲ လာတာလား။ ထမင်းစားချင်ရင် ရှေ့က Mall ထဲမှာ အာရှအစားအစာတွေရှိတယ်လို့ပြောလိုက်တယ်။ သူတို့က တိုးဂရုနဲ့ လာတာတဲ့။ ကျန်တဲ့အဖွဲ့တွေက ရောက်နေပြီတဲ့။ သူတို့က နောက်ကျနေလို့တဲ့။ မနက်ဖြန်ကစပြီး တိုးအဖွဲ့နဲ့ပဲ သွားတော့မှာတဲ့။ သူတို့ ပရုတ်ဆီလိမ်းလို့ ကိုယ့်အထင်လွဲခံရပေမဲ့လဲ ကိုယ့်အာရှသားချင်းတွေ့ရတာ ဝမ်းသာတဲ့သူဆိုတော့ ပစ်မထားရက်တော့လဲ မေးရတာပေါ့။ ခုတော့ အဖွဲ့လိုက်လာတာဆိုတော့ စိတ်ပူစရာမလိုတော့ပါဘူးလေ။

သူတို့ကို နှုတ်ဆက်ပြီးတော့ isite က ယူလာတဲ့ ကြော်ငြာစာရွက်လေးတွေထဲက ကိုယ်စိတ်ဝင်စားတဲ့ တည်းခိုခန်းအသေးလေးတွေကို လိုက်စုံစမ်းတာပေါ့။ အဲ့ဒိထဲမှာ ကျွန်မစိတ်အဝင်စားဆုံးက Blacksheep Backpaker ဆိုတာလေးကိုပေါ့။ သူ့ထဲမှာ ရေးထားတာရော၊ ဓာတ်ပုံအရရောက ရှုခင်းလဲ ကောင်းတယ်၊ ဈေးကလဲ တန်တယ်လေ။ တစ်ညမှ NZD 50 ပဲ ဆိုလား။ Mr.Right ကတော့ သွေးကြီးတဲ့သူလို့ပဲ ပြောရမလား။ သိပ် အပေါစားတွေဆိုပြီး နှာခေါင်းရှုံ့ချင်တာ။ ကိုယ်ကတော့ နေဖူးတယ်ရှိအောင် နေကြည့်ချင်တယ်။ သူကတော့ ဟိုဟာဖြစ်သလေး ဒီဟာဖြစ်သလေး ပွစိပွစိလုပ်နေလို့၊ ဒါဆို နင်နေချင်တဲ့ နေရာရှိလား၊ရှိရင်ပြောဆိုတော့ သူက မပြောနိုင်ဘူးလေ။ ကိုယ်က ရှေ့ကိုကြိုမြင်လို့ isite မှာ ကတည်းက အဲ့ဒိ တည်းခိုခန်းအတွက်ပါ ကြိုကြည့်လာတာ။ အဓိက အဆွဲဆောင်ဆုံး အချက်ကတော့ Free wifi ရှိတာပဲ။ နယူးဇီလန်က ဟော်တယ်ကြီးတွေက အင်တာနက် အလွန်ကပ်စေးနဲတာလေ၊ အင်တာနက်သုံးချင် သက်သက်ဝယ်ရပြီး ဈေးကကြီးသေးတယ်။

နောက်ဆုံးတော့ Blacksheep ကိုရောက်သွားရော။ မနက်ဖြန် Check in ကို နောက်ကျမှ ဝင်မယ်ရလားဆိုတော့ ရတယ်တဲ့။ NZD 50 တန်းအခန်းက သူများတွေနဲ့ ရောနေရမှာမို့ Upgrade လုပ်လိုက်ပြီး သူတို့ဆီမှာ ရှိတဲ့ အကောင်းဆုံ အခန်း ကိုယ်ချည်းပဲ သီးသန့်နဲ့ အကျယ်ဆုံးအခန်းကို ယူလိုက်တယ်။ အခန်းကိုတော့ တက်မစစ်ဖြစ်လိုက်ဘူး။ တစ်ညကို NZD 80 ကျတယ်။ ခုနေနေတဲ့ Heartland hotel ထက် တစ်ညကို NZD 50 လောက် သက်သာသွားတယ်။ ရှုခင်းကြည့်လို့ရမယ်။ ၄ညအိပ်ရင် ဒေါ်လာ ၂၀၀ သက်သာမယ်။ ဒါဆို တခြားနေရာတွေမှာ သုံးဖို့ ထွက်လာမယ်။ မကောင်းဘူးလား။ ကိုယ်ကတော့ ဒီလိုပဲ တွေးပြီး ပျော်နေပေမဲ့ Mr. Right ကတော့ အောက်သက်သက်ကြီးနဲ့ ဘာကို စိတ်တိုင်းမကျမှန်းမသိ မှုံကုတ်နေတော့ ကိုယ်လဲ ဘယ်စိတ်ထဲ ကောင်းမလဲ။ ဒါပေမဲ့ မပြောသေးဘူး ကြည့်နေတယ်ပေါ့လေ။

Queenstown

Queenstown from Bob's Peak (photo from wiki)

ဒီနေ့မှာ ဘာမှ သိပ်မလုပ်ဖြစ်လိုက်ဘူးဆိုတော့ Queenstown မြို့အကြောင်းလေး အကျဉ်းချုပ်နဲ့ ကိုယ့်ခံစားချက်လေးကို ပြောပြမယ်နော်။

Queenstown မြို့က နယူးဇီလန်ရဲ့ တောင်ဘက်ကျတဲ့ မြို့တစ်မြို့ဖြစ်တယ်။ သူက Wakatipu ရေကန်ကို ဝန်းရံထားတဲ့ တောင်တွေရဲ့ ခြေရင်းမှာ ရှိတဲ့ မြို့လေးဆိုတော့။ ရှုခင်းက ရေကန်ရယ် တောင်တန်းတွေရယ်နဲ့ အရမ်းလှတယ်။ နယူးဇီလန်ကို လာလည်ချင်တယ် ဒါပေမဲ့ အချိန်သိပ်မရလို့ ဘယ်မြို့ကို လည်ရမလဲဆိုရင် တော်တော်များများက Queenstown ကို လည်ဖို့ အကြံပေးကြလိမ့်မယ်။ အဲ့လိုအကြံပေးတာလဲ ပေးချင်စရာပဲလေ။ Queenstown မြို့လေးက ခရီးသွားတွေ လိုချင်တဲ့ အချက်တွေအကုန်လုံးနဲ့ ပြည့်စုံနေတာကိုး။

လှပတဲ့ မြို့လေးထဲမှာပဲ အပန်းဖြေခရီးထွက်ချင်လား၊ ဒါမှ မဟုတ် စွန့်စွန့်စားစား တွေ လုပ်ချင်ရင်လဲ ဖြစ်တယ်။ ကမ္ဘာ့အဆင့်မှီ စိတ်လှုပ်ရှားဖွယ် ကစားနည်း အစီအစဉ်တွေလဲ အပြည့်ပဲ။ Shopping ထွက်ချင်တဲ့သူတွေအတွက်လဲ Shopping ထွက်လို့ရမဲ့ ဆိုင်လေးတွေရှိတယ်။ bar တွေ၊ မုန့်ဆိုင်လေးတွေကလဲ တခြား နယူးဇီလန်မြို့တွေလို အစောကြီးမပိတ်ပဲ ညထိဖွင့်တယ်။ ည ၉နာရီခွဲလောက်အထိ Starbuck ဖွင့်နေတာတွေ့ခဲ့တယ်။

လုပ်လို့ရတဲ့ Activities တွေများလွန်းလို့ ဘာလုပ်ရမှန်းမသိဖြစ်သွားမယ်။\

ဥပမာ White water rafting (တောင်ကျချောင်းတစ်လျှောက် ရေစီးသန်သန်မှာ လှေလှော်တာ), ziplining (ကြိုးလေးနဲ့ ချိတ်ပြီး ဟိုဘက်ဒီဘက် ခြေလွတ်လက်လွတ်လိုက်စီးတာ), 4x4 off-roading, snowsports, paragliding and skydiving.

အပေါ်ကလို ရင်ထိပ်စရာတွေ သိပ်မကြိုက်ဘူးဆိုရင်လဲ တောင်တက်မလား။ တောလမ်း စက်ဘီးစီးမလား။ မိသားစုလိုက် ဂိုက်နဲ့ တောလမ်းလျှောက်ချင်လား၊ ဇိမ်ခံ မော်တော်ဘုတ် လိုက်စီးချင်လား၊ ရှုခင်းတွေကြည့်ဖို့ လေယဉ်လေးတွေစီးမလား၊ ဟတ်လီကော်ပတာစီးပြီး နှင်းတောင်ပေါ် တက်ချင်လား၊ spa မှာပဲ ဇိမ်ခံချင်သလား ရသေးတယ်။

အပေါ်က ပြောခဲ့တာအပြင် အနီးအနား နေ့ချင်းပြန်ခရီးစဉ် Milford Sound တောင်ကျရေတွေနဲ့ စီးဆင်းနေတဲ့ အရမ်းလှတဲ့ ပင်လယ်ဝဆီသွားမလား။ စမ်းချောင်းလေးဘေးမှာ မေပါယ်ပင်တွေ ထင်းရှုးပင်တွေအများကြီးနဲ့ အေးချမ်းပြီး အရောင်သွေးစုံလှတဲ့ Arrow Town ကို နေ့ဝက်ခရီးသွားမလား ရသေးတယ်လေ။

ပြီးတော့ မြို့တွင်းနဲ့ အနီးတဝိုက်ကို ဆွဲတဲ့ ဘတ်စ်ကားလေးတွေကလဲ သူ့ဟာနဲ့သူ အချိန်မှန် Reliable ဖြစ်တယ်။ Arrow Town ကိုဆိုရင် မြို့ချင်းဆွဲ ဘတ်စ်ကားလေးနဲ့ပဲ သွားလိုက်တာ။ အပြန်လဲ ဘတ်စ်ကားစီးပြန်လာလို့ရတယ်။ (နောက်မှ Arrow town သွားလည်တာကို ရေးပေးမယ်နော်)။

ပြီးတော့ Queenstown မှာပဲ ရှိတဲ့ နာမည်ကြီး ဘာဂါဆိုင် FergBurger ကိုလဲ စားဖြစ်အောင် စားခဲ့ဖို့ မမေ့ကြနဲ့အုံး။ အစားအသောက်၊ အသွားအလာ၊ ဆိုင်ဖွင့်ချိန်နဲ့ ပိုက်ဆံသာ အကုန်ခံနိုင်ရင် လုပ်စရာတွေ အများကြီးရှိတဲ့ Queenstown မြို့လေးဟာ နယူးဇီလန်မှာ ဦးစားပေးသွားသင့်တဲ့ မြို့လေးဆိုတာကို မဗေဒါလဲ လက်ခံပါတယ်။

Other Related Posts
New Zealand Visa Application for Myanmar passport holder
Honeymoon to New Zealand: Day1
Honeymoon to New Zealand: Day2
Honeymoon to New Zealand: Day3
Honeymoon to New Zealand: Day4
Honeymoon to New Zealand: Day5
Honeymoon to New Zealand: Day6 (Part 1)
Honeymoon to New Zealand: Day7
Honeymoon to New Zealand: Day8
Honeymoon to New Zealand Day9 (Part -1): Experiencing Bluebridge Ferry
Honeymoon to New Zealand Day9 (Part -2): To Christchruch

4 comments :

Anonymous said...

ရှေ့ပိုင်းမြို့ကရှူခင်းတွေထက် ဒီမြို့က ရှူခင်းလေးတွေ ပိုလှတယ်

mabaydar said...

ဟုတ်တယ်။ အဲ့ဒါကြောင့်လဲ တော်တော်များများက Queenstown ကို သွားလည်ဖို့ ပြောကြတာ။ သူက ပိုလဲ အေးတယ်။

ဆုမြတ်မိုး said...

လာဖတ်သွားတယ်အမ..ကျန်တဲ့အပိုင်းတွေလည်းမျှော်နေတယ်နော်း)
Arrow Town ဆိုတာလေးသွားချင်တယ်..။ နယူးဇီလန်က လှလိုက်တာနော်...။ ညီမက အဲလို စမ်းချောင်းလေးတွေ အိမ်သေးသေးလေးတွေ မေပယ်ရွက်လေးတွေဆိုတအားသဘောကျတာ..အနောက်ကလူတွေကတော့ အာရှရဲ့ လေပူပူကိုကြိုက်ကြတယ်တဲ့ ။ သူတို့ဒေသရဲ့အလှအပတွေကိုရင်မခုန်ဘဲ ပူပူလောင်လောင်ကမ်းခြေတွေကိုဈေးကြီးပေးပြီးလာကြတာ ။


ဆုမြတ်

နှင်းမိုးမိုး said...

မိန်းမ ပီပီ ဟိုတယ်ခ တွက်တာလေးကို သဘောကျတယ်…
ကိုယ်တွေဆိုလဲ အဲလို တွက်ချက်နေမိမှာပဲ…
ယောက်ကျားလေးတွေကတော့ ကောင်းပေ့ဆိုတာပဲ နေချင် သုံးချင်တာ… :P